“အဲ့ဒီအကျင့်မကောင်းတဲ့ မိန်းမကို မပေးနဲ့”
ရဲဝင်းထိုင်နေသည့်ဘေးမှ အသံကြားလိုက်ရသဖြင့် လန့်သွားပြီး လှည့်ကြည့်လိုက်မိရာ ပင်ကီက ကုတင်ပေါ်သိုက ရောက်နေလေသည်။
“မဟုတ်ဘူး ပင်ကီရဲ့ နန်းက သနားစရာကောင်းပါတယ်”
“မသိဘူး၊ အဲဒီမိန်းမက ဖေဖေ့ကို စိတ်ညစ်အောင်လုပ်တယ်၊ သူ့ကို ပင်ကီမကြိုက်ဘူး၊ ပင်ကီအရမ်းမုန်းတယ်”
“ဒီမယ် ပင်ကီ သမီးဖေဖေ့ကို ကတိတစ်ခုပေး”
ပင်ကီက မျက်လုံးအဝိုင်းသားလေးနှင့် ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“သမီးဒီကိစ္စကို မေမေ့ကို မပြောပါနဲ့၊ မေမေသိသွားရင် စိတ်ညစ်လိမ့်မယ်၊ စိတ်မကောင်းဖြစ်ရမယ်၊ အဲဒီအခါကျရင် မေမေလည်းစိတ်ညစ်ရလိမ့်မယ်၊ ပင်ကီကရော မေမေစိတ်ညစ်တာကိုမြင်ချင်သလား”
ပင်ကီက တစ်ချက်စဉ်းစားနေပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်လေသည်။
ညသန်းခေါင်အချိန်သို့ရောက်ခဲ့ပြီ၊ ရဲဝင်းတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေသဖြင့် ပင်ကီက လှုပ်နှိုးလိုက်တော့မှ ယောင်ယမ်းကာ ထလိုက်သည်။ အချိန်က ည ဆယ့်နှစ်နာရီခွဲနေပြီဖြစ်သည်။ ပင်ကီက ရဲဝင်းအား အိမ်ပေါ်ထပ်သို့လက်ညှိုးထိုးပြလိုက်သဖြင့် ရဲဝင်းလည်း ကြောက်ကြောက်လန့်လန့်နှင့် အိပ်ယာမှ ထလိုက်သည်။ ထို့နောက် အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့ပြီး လှေကားကြီးမှတဆင့် အိမ်အပေါ်ထပ်သို့တက်သွားလိုက်သည်။ ပင်ကီကလည်း ရဲဝင်း အနောက်မှ ကုပ်ချောင်းချောင်းနှင့် လိုက်လာလေသည်။ လှေကားတက်နေရင်း မော့ကြည့်လိုက်ရာ လှေကားထိပ်တွင်ပိတ်ရပ်နေသော သရဲကြီးကို ရုတ်တရက် တွေ့လိုက်ရသဖြင့် ရဲဝင်း လိပ်ပြာလွင့်စင်မတတ် လန့်သွားလေသည်။
“လာ ဒီကိုလာခဲ့”
သရဲကြီးက ယိုးဒယားစကားနှင့် မပီမသပြောလိုက်ကာ ရဲဝင်းကိုလက်ယပ် ခေါ်လိုက်ရာ ရဲဝင်းနှင့် ပင်ကီ နှစ်ယောက်သား သရဲကြီးခေါ်ဆောင်ရာအတိုင်း လိုက်တက်သွားသည်။
“ကောင်မလေး နင့်ကို ငါကိုက်စားပစ်ရမလား ဟား ဟား”
သရဲကြီးကရယ်မောလိုက်ပြီး မျက်လုံးစိမ်းစိမ်းကြီးများနှင့် ပင်ကီကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် ပင်ကီကို မခေါ်ခဲ့ရန်အတွက် ရဲဝင်းကို လက်ဟန်ခြေဟန်ဖြင့် လုပ်ပြသည်။ ရဲဝင်းလည်း တစ်ကိုယ်လုံးမည်းနက်နေပြီး မျက်လုံးစိမ်းစိမ်းကြီးများ အစွယ်ငေါငေါကြီးများရှိသည့် သရဲကြီးကို ကြောက်တော့ကြောက်မိသည်။ သို့သော် သရဲကြီးက သူ့အား ဒုက္ခမပေးပါဟု ပြောထားသဖြင့် ပင်ကီဖက်သို့ လှည့်လိုက်သည်။
“သမီး ဒီမှာ ခဏနေခဲ့”
ထို့နောက် ရဲဝင်းအပေါ်သို့ ဆက်တက်သွားလိုက်သည်။ ပင်ကီကတော့ လှေကားခွင်အနီးတွင်ပင် ရပ်ပြီးကျန်နေခဲ့သည်။ အိမ်ပေါ်ရောက်သည့်အခါ သရဲကြီးက ရှေးဟောင်းဘီရိုကြီးရှိသည့် အခန်း၏တံခါးကို မဖွင့်ပဲ ဖောက်ထွင်းကာဖြတ်သန်းဝင်ရောက်သွားလေသည်။ ရဲဝင်းလည်း ထူးဆန်းစွာဖြင့်ကြည့်နေလိုက်ပြီးနောက် ထိုအခန်းတံခါးကိုဖွင့်လိုက်ပြီး အခန်းအတွင်းသို့ လိုက်ဝင်သွားလိုက်သည်။ အခန်းအတွင်း ရှေးဟောင်းဘီရိုကြီးက ပွင့်နေလေသည်။ သရဲကြီးက ရဲဝင်းကိုကျောပေးလျှက်ရပ်နေလေသည်။
“ကောင်လေး ငါက အခု သခင်မဲ့နေတဲ့ သရဲဖြစ်နေပြီ”
“ခင်ဗျားသခင်က ဘယ်သူလဲ”
“နွတ်ရဲ့ အဖိုးက ငါ့ကိုမွေးထားတာပဲ”
ရဲဝင်းအလွန်အံ့ဩသွားသည်။ ဧည့်ခန်းတွင်ချိတ်ဆွဲထားသည့် နွတ်အဖိုး၏ဓါတ်ပုံကိုမျက်လုံးထဲပြေးမြင်လိုက်မိသည်။
“သူက ခင်ဗျားကို ဘာဖြစ်လို့ မွေးထားတာလဲ”
“ဒီမှာက တစ်ချို့လူတွေက သရဲကို အဖော်အဖြစ်နဲ့ မွေးထားတတ်ကြတယ်၊ နွတ်အဘိုးက ငါ့ကိုမွေးထားခဲ့တာကြာပြီ၊ သူက ရုတ်တရက်ဆုံးသွားတော့ ငါ့ကို ဘယ်သူမှမသိကြတော့ဘူး၊ ငါလည်း ဒီရေကရားအိုးထဲမှာ ပိတ်မိနေခဲ့တယ်”
“ဒါဆို၊ အခု ကျွန်တော် ဘာလုပ်ပေးရမလဲ”
“ငါဒီအိမ်မှာမနေချင်တော့ဘူး၊ ဒါကြောင့် ဒီရေခရားအိုးလေးကို ဖရာတက်ဆီ ဘုန်းကြီးကျောင်းကို ပို့ပေးပါ”
“ဟုတ်ကဲ့ ဒါပဲမဟုတ်လား၊ ကျွန်တော် နောက်နေ့ပို့ပေးပါ့မယ်”
သရဲကြီးက ရဲဝင်းဘက်သို့လှည့်လိုက်ပြီး ပြုံးပြလေသည်။ အစွယ်ငေါငေါကြီးများထွက်နေသည့် နှုတ်ခမ်းကြီးက နားရွက်သို့တက်ချိတ်သွားသည့်နှယ် ပြဲလန်သွားလေသည်။ သရဲကြီးက ပြုံးပြသော်လည်း သူ၏ ကြောက်စရာကောင်းသည့် အပြုံးကြီးကိုကြည့်ပြီး ရဲဝင်းက ကြောက်နေမိသည်။
“မင်းကိုကျေးဇူးတင်ပါတယ်”
သရဲကြီးက ထိုသို့ပြောဆိုပြီးနောက် ရေကရားအိုးကလေး အနီးတွင်ရပ်လိုက်လေရာ မကြာခင်မှာပင် ရေကရားအိုးအတွင်းသို့ အငွေ့အဖြစ်ဝင်ရောက်သွားသည်။ ဖန်ဖြင့်ပြုလုပ်ထားပြီး ငွေဖြင့်ကွပ်ထားသော ရေကရားအိုးကလေးမှာ အလွန်လှပလျက်ရှိရာ ရဲဝင်းက လှမ်းယူလိုက်သည်။ သရဲကြီးလည်း မရှိတော့သည်မို့ အိမ်အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။
“ဖေဖေ ဘာမှမဖြစ်ဘူးနော်”
လှေကားရင်းအနီးတွင် ဆောင့်နေသည့် ပင်ကီက ရဲဝင်းကိုတွေ့သည့်အခါ ဆီးပြီးမေးလိုက်သည်။ ရဲဝင်းက ပင်ကီးအား အဖြစ်မှန်များကိုပြောပြလိုက်သည်။ ထို့နောက် ထိုရေကရားလေးကို အိမ်ရှေ့တစ်နေရာတွင် တင်ထားလိုက်သည်။ ရဲဝင်းလည်း အိပ်ရေးမ၀သေးသဖြင့် ပင်ကီကိုခေါ်ကာ အိပ်ခန်းအတွင်းသို့ပြန်ဝင်လာခဲ့သည်။ ရဲဝင်းက ကုတင်ပေါ်တွင်လှဲချလိုက်သည့်အခါ ပင်ကီကလည်း ရဲဝင်းနံဘေးတွင် ဝင်လှဲလိုက်ပြီး သူ့လက်များကို ရဲဝင်းရင်ဘတ်ပေါ်သို့ပစ်တင်လိုက်ကာ ရဲဝင်းကိုဖက်ထားလိုက်သည်။ ရဲဝင်းလည်း အလွန်ထူးဆန်းသွားပြီး ပင်ကီအား စိုက်ကြည့်လိုက်လေသည်။ ပင်ကီက ရဲဝင်းစိတ်ဆိုးသွားသည်ထင်သဖြင့် လက်များကိုပြန်ရုတ်သိမ်းလိုက်ပြီး စိုးထိတ်သွားလေသည်။
-ရပါတယ်သမီး၊ သမီးဖက်ချင်ရင် ဖေဖေ့ကိုဖက်ပါ-
ရဲဝင်းက ပြောလိုက်တော့မှ ပင်ကီမျက်နှာကလေးပြုံးသွားသည်။ ထို့နောက် ပက်လက်အိပ်နေသည့် ရဲဝင်း၏ ရင်ဘတ်ပေါ်သို့ ပင်ကီကလက်ကလေးတင်လိုက်ပြီး ရဲဝင်းပေါင်ပေါ်သို့လည်း သူ့ခြေထောက်တစ်ချောင်းကိုပစ်တင်လိုက်သည်။ ပင်ကီမှာ သရဲဖြစ်သဖြင့် ရဲဝင်းအနေဖြင့် ငှက်မွှေးတစ်မွှေးမျှခန့်ပင် မလေးပေ၊ ရဲဝင်းမျက်လုံးများ မှေးစင်းလာချိန်တွင် ပင်ကီက ရဲဝင်း၏ ပါးပြင်ကို ရွှတ်ခနဲနမ်းလိုက်လေသည်။
ရဲဝင်းနားအတွင်း အလွန်ဆူညံသည့် တေးဂီတသံများကို ကြားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မီးရောင်စုံများထိန်လင်းနေသည့် ကစားကွင်းတစ်ခုသို့ ရောက်နေကြခြင်းဖြစ်သည်။ မြင့်မားလှသည့် ရဟတ်အဝိုင်းကြီးများရှိသလို၊ ရထားသံလမ်းများပေါ်တွင် အရှိန်ဖြင့် ပြေးလွှားနေသည့် မိုးပျံရထားကြီးလည်းရှိသည်။ မြင်းရုပ်များက အဝိုင်းပုံစံအတိုင်း လည်ပတ်နေသေးသည်။ ကစားကွင်းတစ်ခုလုံးတွင် ကလေးငယ်များသာဖြစ်ပြီး ရဲဝင်းတစ်ယောက်သာ လူကြီးဖြစ်နေသည်။ ကလေးငယ်များမှာ ယောက်ျားလေး၊ မိန်းကလေးများအစုံရှိသည်။
ပင်ကီက ရဲဝင်းလက်ကိုဆွဲထားလေသည်။
-ဖေဖေ၊ သွားဆော့ကြရအောင်-
-ဒါ . . ဒါက ဘယ်နေရာလဲသမီး-
-သမီးတို့လို ကလေးတွေဆော့ကစားကြတဲ့နေရာတစ်ခုပေါ့-
ကလေးများက အမျိုးစုံသည့်ကစားစရာများကို ဆော့ကစားနေကြသည်။ အချို့ကလည်း ကလေးကြိုက် ရေခဲမုန့်များ၊ ပေါက်ပေါက်ဆုပ်များကို စိတ်ကြိုက်စားသောက်နေကြလေသည်။ ရဲဝင်းလည်း ပင်ကီလေးအနောက်သို့လိုက်သွားပြီး ပင်ကီကလေးကို အဖော်ကာ ဆော့ကစားပေးနေသည်။ ထိုအရာက အိပ်မက်တစ်ခုဖြစ်မှန်း ရဲဝင်းသိစိတ်က ကြိုသိနေမိသည်။
ဆော့ကစားပြီးသဖြင့် မောပန်းသွားသည့်အခါ ထိုင်ခုံတန်းကလေးတစ်ခုတွင် အတူတူထိုင်လိုက်ကြသည်။ ထိုအခါ ရဲဝင်းက ပင်ကီကလေးကိုကြည့်လိုက်ပြီး
-သမီးအခုလိုနေတော့ အရင်တုန်းက မေမေ့ကိုသတိမရဘူးလား-
ရဲဝင်းမေးလိုက်သည့်အခါ ပင်ကီကလေးမျက်နှာမှာ ငိုမဲ့မဲ့ဖြစ်သွားလေသည်။ ထိုအချိန်မှာပင် ကောင်းကင်မှ မိုးစက်မိုးပေါက်များက ကျဆင်းလာသည်။ ပင်ကီကလည်း မိုးစက်များနှင့်အတူ ငိုယိုနေလေသည်။
-ဘာဖြစ်လို့ငိုတာလဲသမီးရဲ့-
-မေမေက သမီးကိုမချစ်တော့ဘူး-
ထိုစဉ် ပတ်ဝန်းကျင်မှ အရာအားလုံးက လျှင်မြန်စွာပြောင်းလဲသွားသည်။ သူတို့ရောက်နေသည်မှာ အိမ်ခန်းကလေးတစ်ခုအတွင်းဖြစ်နေသည်။ ပင်ကီ၏ အမေအရင်းမှာ နှစ်နှစ်အရွယ်ခန့်ရှိသည့် ကလေးတစ်ဦးကို ထွေးပွေ့ဖက်ထားရင်း အိပ်မောကျနေလေသည်။
-မေမေ့ကိုမုန်းတယ်၊ မေမေက ပင်ကီကိုမချစ်တော့ဘူး-
ပင်ကီကလေးက ဒေါသထွက်နေပုံရသဖြင့် ရဲဝင်းက ပင်ကီကလေးကိုဖက်လိုက်လေသည်။
-ပင်ကီ ဒီကိုလာကြည့်တိုင်း မေမေက ဒီကောင်လေးကိုပဲ ချစ်နေတာ၊ ပင်ကီ့ကို သတိတောင်မရတော့ဘူး၊ ပင်ကီ ဒီကောင်လေးကိုအရမ်းမုန်းတယ်၊ သူ့ကိုသတ်ပစ်ချင်တယ်-
ထိုအခါ ရဲဝင်းက ပင်ကီအားပွေ့ဖက်ပြီး ရင်ခွင်ထဲဆွဲထည့်လိုက်လေသည်။
-မလုပ်ရဘူးပင်ကီ၊ ပင်ကီ မဟုတ်တာတွေမလုပ်ရတော့ဘူး၊ ပင်ကီ့မှာ အခု မေမေအသစ်၊ ဖေဖေအသစ်ရှိနေပြီသမီး၊ သမီးကို ဖေဖေနဲ့မေမေက အရမ်းချစ်တာ သမီးသိတယ်မဟုတ်လား-
ပင်ကီက မျက်ရည်စများကြားမှခေါင်းညိတ်သည်။
-နောက်ဆို မဟုတ်တာတွေမလုပ်ရတော့ဘူးပင်ကီ၊ ဖေဖေပြောတဲ့စကားကို သမီးနားထောင်ရမယ်၊ မဟုတ်ရင် သမီးကိုဖေဖေမချစ်တော့ပဲနေမှာ-
(ဆ)
မနက်မိုးလင်းသည့်အခါ မနက်စာ စားသောက်ပြီးတော့ ရဲဝင်းက အိမ်အပြင်ထွက်ရန် ကြံဖန်ရတော့သည်။ နွတ်ကလည်း ယခုနောက်ပိုင်း အိမ်ကပ်နေသည်၊ ရဲဝင်းကလည်း ညက သရဲကြီးကို ကတိပေးထားခဲ့သည့်အတိုင်း ရေကရားအိုးကလေးကို ဘုန်းကြီးကျောင်းတွင် သွားထားပေးရမည် မဟုတ်ပါလား။
“နွတ်၊ ဖက်လေ ဒီနေ့ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတယ်”
“ဘယ်က သူငယ်ချင်းလဲ ဖက်”
“အရင် ချင်းမိုင်မှာ အလုပ်လုပ်ခဲ့တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းပါ၊ သူနဲ့ပြန်တွေ့တော့ စကားလေးဘာလေးပြောပြီး ဘီယာလေးဘာလေးသောက်ချင်လို့”
“သွားလေဖက်၊ ဖက်ဘယ်အချိန်သွားမလဲ”
“ဒီနေ့ နေ့လည်သွားမယ်”
-ဘီယာသောက်တာ နေ့ခင်းဘက်ကြီးလားဖက်ရယ်-
ရဲဝင်းက နွတ်အမေးကိုမဖြေတော့ဘဲ အိပ်ခန်းထဲသို့ပြေးဝင်လိုက်ကာ ကျောပိုးအိတ်ကိုယူလိုက်ပြီး ထွက်ခဲ့သည်။ အိမ်ရှေ့ခန်းတွင် နွတ်က ထိုင်နေသော်လည်း တက်ဘလက်တစ်လုံးဖြင့် အလုပ်များနေသည်မို့ ရဲဝင်းကို ဂရုမစိုက်အားပေ၊ ရဲဝင်းက အိမ်အပြင်ထွက်ခါနီးတွင် အိမ်ရှေ့ခန်း ဘီရိုပုလေးပေါ်တွင် တင်ထားသော ရေကရားအိုးကလေးကို အမြန်ယူလိုက်ပြီးနောက် ကျောပိုးအိတ်ထဲ ထိုးထည့်လိုက်သည်။
“နွတ်၊ ဖက်သွားတော့မယ်”
နွတ်က သူ့ကိုမကြည့်ဘဲ ခေါင်းညိတ်ပြလေသည်။ ရဲဝင်းလည်း ခြံရှေ့တွင်ရပ်လိုက်ကာ တက္ကစီတစ်စီးကို ခေါ်ဆောင်ပြီး ဖရာတက်ဆီ ဘုန်းကြီးကျောင်းသို့ ငှားလိုက်သည်။ သူတို့ရပ်ကွက်နှင့် အနည်းငယ်လှမ်းသည့် တောင်ကုန်းကလေးတစ်ခုကို ကားဖြင့်တက်သွားလိုက်ပြီး အပေါ်ရောက်သည့်အခါ ဘုန်းကြီးကျောင်းနှင့် ဘုရားကိုတွေ့ရသည်။ ဘုန်းကြီးကျောင်း၏ လက်ရမ်းများကို နဂါးရုပ်များဖြင့် အလှဆင်ပြုလုပ်ထားပြီး ထိုင်းရိုးရာ ပုံစံအတိုင်း ကော့လန်ချွန်တက်နေသည့် ကနုတ်ပန်းဆွဲများဖြင့် ဆောက်လုပ်ထားသည်။ ရဲဝင်းငှားလာသည့်ကားက ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်လိုက်ကာ ကျောင်းဝန်းတစ်နေရာတွင် ထိုးရပ်လိုက်လေသည်။
ကျောင်းဝန်းထဲတွင် ထိုင်းရိုးရာ နဂါးများ၊ ဘီလူးများဖြင့် ဘုန်းကြီးကျောင်းကြီးကိုအလှဆင်ထားသည်။ ရဲဝင်းက မဝံ့မရဲနှင့် ကျောင်းအတွင်းသို့ဝင်လာခဲ့သည်။ အဝါရောင်ထိန်ထိန်တောက်နေသည့် သင်္ကန်းကိုဝတ်ဆင်ထားသော ဘုန်းကြီးတစ်ပါးက ခုံတစ်လုံးပေါ်တွင်ထိုင်နေသည်။ သူ့အနီး h ကြမ်းပြင်တွင် လူဆယ်ဦးခန့် ထိုင်နေပြီး ထိုဘုန်းကြီးကို လက်အုပ်ချီကာ ရှိခိုးနေကြသည်။ ထိုဘုန်းကြီးက အုန်းတံမြက်စည်း အတိုလေးဖြင့် ထိုလူများ၏ ဦးခေါင်းကို တဘုန်းဘုန်းနှင့် ရိုက်လေသည်။ ဖလားတစ်ခုအတွင်းမှ ရေများကိုလည်း လက်နှင့်ခံယူပြီး ပက်ပြန်သည်။ ထို့နောက် အဝါရောင်ပိုးကြိုးများ၊ အနီရောင်ပိုးကြိုးများကိုလည်း ထိုလူများအား ပေးနေသည်ကိုတွေ့လိုက်ရသည်။
ရဲဝင်းလည်း ထိုလုပ်ရပ်များကို ထူးဆန်းစွာဖြင့်ကြည့်နေရင်း ထိုဘုန်းကြီးဆီသို့ လှမ်းလျှောက်လာခဲ့ပြီးနောက် ကြမ်းပြင်တွင် ထိုင်နေသည့် လူများ၏ အနောက်တွင် ဝင်ထိုင်လိုက်သည်။ ဘာလုပ်ရမှန်းမသိသဖြင့် ထိုလူများလုပ်သည့်အတိုင်း လက်အုပ်ချီထားလိုက်လေသည်။ သူ့အရှေ့မှ လူများမှာ ထိုကဲ့သို့ လက်ဖွဲ့ကြိုးများရရှိပြီးနောက် ထွက်သွားကြရာ ထိုလူများကုန်သွားတော့မှ ရဲဝင်းအလှည့်သို့ ရောက်လာခဲ့သည်။
“ဒကာလေး ဘာလုပ်ဖို့လာတာလဲ”
“ဟို . . ဒီကရားအိုးလေး လာပေးတာပါ”
ရဲဝင်းက ပြောဆိုလိုက်ပြီး ကျောပိုးအိတ်ကိုဖွင့်လိုက်ကာ အတွင်းမှ ရေကရားအိုးလေးကို ထုတ်ယူလိုက်ပြီး ဘုန်းကြီးအား ထုတ်ပေးလိုက်သည်။ ဘုန်းကြီးက ထိုကရားအိုးကလေးကို ဘက်ဖက်လက်နှင့် အသေအချာကိုင်တွယ်ပြီး တစ်ချက်ကြည့်နေလေသည်။ ထို့နောက် ကရားအိုးကလေး၏ အဖုံးကို ညာဖက်လက်နှင့် ထိထားလိုက်ကာ မျက်စိမှိတ်ပြီး ပါးစပ်မှ ပွစိပွစိဖြင့်လည်း ရွတ်ဖတ်နေသေးသည်။
“ရပြီ ဒကာလေး တောင်ပေါ်ကို ဆက်ပြီးတက်သွားရင် ဘုရားတစ်ဆူတွေ့လိမ့်မယ်၊ အဲဒီဘုရားအနားက သစ်ပင်ကြီးရဲ့ ခြေရင်းမှာ ဒီလိုကရားအိုးလေးတွေ တန်းစီထားတာတွေ့လိမ့်မယ်၊ အဲဒီမှာ ကရားအိုးကလေးကို ထားခဲ့လိုက်ပါ”
“ဟုတ်ကဲ့ပါ ဘုန်းဘုန်း”
“လာလက်စနဲ့ ဒကာလေးကို အန္တရာယ်ကင်းပြီး ဘေးရန်ရှင်းသွားအောင်လို့ ဘုန်းဘုန်း အဆောင် လုပ်ပေးလိုက်မယ်”
ဘုန်းကြီးက ထိုသို့ပြောကာ ပါးစပ်မှ ရွတ်ဖတ်နေသည်။ ထို့နောက် အုန်းတံမြက်စည်းကလေးကို ရေမွှေးထည့်ထားသည့် ငွေဖလားကြီးထဲကို နှစ်လိုက်ပြီး ရဲဝင်းခေါင်းကို ရိုက်ဖို့ရွယ်လိုက်သည်။ သို့သော် ဘုန်းကြီးက မရိုက်သေးဘဲ အုန်းတံမြက်စည်းကို ပြန်ချထားလိုက်သည်။
“ဒကာလေးတို့အိမ်မှာ လုထာပ် ရှိသလား”
“ရှိပါတယ် ဘုန်းဘုန်း၊ ကျွန်တော့် ယောက္ခမမွေးခဲ့တာပါ”
“ဒါဆိုရင်တော့ ဘုန်းဘုန်းမလုပ်ပေးတော့ဘူး လုထာပ်ကလေးတွေက ဒီလိုအစီအရင်တွေ မခံနိုင်လို့ကွဲ့”
ရဲဝင်းလည်း သိချင်စိတ်များဖြစ်လာလေသည်။
“ဘုန်းဘုန်းကို လုထာပ်နဲ့ ပက်သက်ပြီး မေးစရာရှိလို့”
“မေးလေ ဒကာလေး”
“လုထာပ်အကြောင်း ကျွန်တော် သေသေချာချာမသိလို့ပါ”
“ဒီလို ဒကာလေးရဲ့၊ လမ်းတွေ ရပ်ကွက်တွေမှာ လေလွင့်နေတဲ့ ကလေးဝိညာဉ်လေးတွေရှိတယ်၊ တစ်ချို့ဝိညာဉ်လေးတွေက သေပြီးတော့ ဘ၀ကူးသွားပေမယ့် တစ်ချို့ဝိညာဉ်ကလေးတွေက လေလွှင့်နေတယ်၊ ဘုန်းဘုန်းတို့က အဲဒီလေလွင့်နေတဲ့ ဝိညာဉ်ကလေးတွေကို ဘုန်းကြီးကျောင်းကိုခေါ်လာတယ်၊ အဲဒီမှာ လုထာပ်အဖြစ်နဲ့ မွေးစားချင်တဲ့ လူတွေရှိရင် ဘုန်းဘုန်းတို့က လောကီ အစီအရင်တွေနဲ့ အရုပ်ကလေးတွေထဲကို ကလေးဝိညာဉ်လေးတွေ ထည့်ပေးလိုက်တာပေါ့”
“လုထာပ် ကလေးတွေက အန္တရာယ်ပေးနိုင်လား ဘုန်းဘုန်း”
“ပေးနိုင်တာပေါ့။ ဒါပေမယ့် ကိုယ်ထိလက်ရောက်ထက်စာရင် အိပ်မက်ဆိုးတွေပေးတာ၊ အထင်မှား အမြင်မှားတွေ ဖြစ်အောင်လုပ်ကြတာပေါ့။ ဒါပေမယ့် လုထာပ်ကလေးတွေ တော်တော်များများက အန္တရာယ်မပေးကြပါဘူး၊ သူတို့ကို တကယ်ချစ်၊ တကယ်ဂရုစိုက်တဲ့သူဆိုရင်တော့ သူတို့က စောင့်ရှောက်တယ်၊ အိမ်မွေး ခွေးလေးတွေ ကြောင်လေးတွေလိုပေါ့။ တစ်ချို့တကယ်ဂရုမစိုက်တဲ့သူနဲ့တွေ့တော့လည်း သူတို့လေးတွေက စိတ်ညစ်နေတတ်တယ်။ သူတို့စိတ်တိုတဲ့ အချိန်မှသာ အန္တရာယ်ပြုကြတာပါ”
“ဟုတ်ကဲ့။ ဒါဆို အဲဒီလုထာပ်ကလေးတွေက မသေကြဘူးပေါ့နော်”
“အဲဒီလိုလဲ မဟုတ်ဘူး ဒကာလေး၊ လုထာပ်ကလေးတွေက ဘ၀ကူးချင်တဲ့အချိန်ရောက်ရင် အိပ်မက်ပေးပြီး ထွက်ခွာသွားကြတယ်၊ လုထာပ်ထွက်သွားရင် အဲဒီအရုပ်က ဘာမှမထူးခြားတော့ဘူး၊ ပြီးတော့ လုထာပ် မွေးထားတဲ့သူ သေဆုံးသွားတဲ့အခါကျရင် လုထာပ်ကလေးတွေကို စွန့်ပစ်ကြရတယ်။ တစ်ချို့ကလည်း ဆက်ပြီးမွေးကြတယ်။ ဒါပေမယ့် စွန့်ပစ်ကြတဲ့သူများပါတယ်။”
“ဘယ်လိုစွန့်ရလဲ ဘုန်းဘုန်း၊ ဘုန်းကြီးကျောင်းကိုပဲ လာပို့ရတာလား”
“လုထာပ် ကလေးတွေက အစီအရင်တွေနဲ့ လွယ်လွယ်နဲ့မထွက်အောင်လုပ်ထားလို့ ပြန်ထုတ်ချင်ရင် လုထာပ်ကိုယ်တိုင်ကလည်း ထွက်ချင်စိတ်ရှိမှ ရတယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ လုထာပ်ကို ခွေးငို တောင်ကြားမှာ သွားစွန့်ပစ်ရတယ်”
“ခွေးငို တောင်ကြား ဟုတ်လား”
“လုထာပ်ကို သူတို့မသိအောင်လို့ ခေါ်သွားရတယ်၊ ပြီးတော့ ခွေးငို တောင်ကြားလို့ခေါ်တဲ့ နေရာကို သွားရတယ်၊ ခွေးငို ရေတံခွန်ဆို လူသိများတယ်၊ အဲဒီရေတံခွန်ကနေ ချောင်းအတိုင်း အပေါ်ကိုဆန်တက်သွားရင် ချောင်းကလေးက နှစ်ခြမ်းကွဲသွားပြီးတော့ အလယ်မှာ တောအုပ်ကလေးတစ်ခုဖြစ်နေတယ်။ အဲဒီတောအုပ်ထဲက သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ ချည်ခဲ့ရတယ်။ ကြိုးနဲ့ချည်ပြီးရင်တော့ နောက်လှည့်မကြည့်ဘဲ အိမ်ပြန်ရတယ်၊ ဒါဆိုရင်ရပါပြီ”
“အဲဒီနေရာမှာပဲ စွန့်ပစ်ရတာလား၊ တခြားနေရာကို စွန့်ပစ်လို့မရဘူးလား”
ဘုန်းကြီးက ခေါင်းခါပြသည်။
“မရဘူး အဲ့ဒီနေရာမှာ ဘီလူးတွေရှိတယ်။ သူတို့က လုထာပ်ကလေးတွေကို အဲဒီနေရာမှာ ထိန်းသိမ်းထားကြတယ်၊ အဲဒီနေရာ မဟုတ်ဘဲ လွှင့်ပစ်လိုက်ရင် အရမ်းအန္တရာယ်ရှိတယ်။ လုထာပ်က လိုက်ရှာပြီး ဒုက္ခပေးလိမ့်မယ်”
-ဒါနဲ့ ဒီရေကရားကလေးကရော ဘာအတွက်သုံးတာလဲ ဘုန်းဘုန်း-
-သေဆုံးသွားပြီးတဲ့ ဆွေမျိုးသားချင်းတွေကို မခွဲနိုင်တဲ့လူတွေက ဟောဒီလိုရေကရားကလေးတွေ၊ ပန်းအိုးကလေးတွေထဲမှာ ဆွေမျိုးတွေကို မွေးထားတတ်ကြတယ်၊ ဆွေမျိုးတွေက ပရလောကထဲကိုရောက်သွားရင် လေလွင့်သွားတတ်ကြတယ်၊ စားစရာမရှိ၊ နေစရာမရှိ ဖြစ်သွားတတ်ကြတယ်၊ ဒီတော့ အဲဒီလိုမဖြစ်ရအောင်ဆိုပြီး သေဆုံးပြီးတဲ့ဆွေမျိုးတွေကို မွေးထားကြတာပဲ၊ တစ်နှစ်နှစ်ခါ သရဲကြီးပွဲလို့ခေါ်တဲ့ လမိုက်ညရောက်ရင် ဆွေမျိုးတွေကို အစာထုတ်ကျွေးရတယ်-
ထိုစဉ် ဘတ်စ်ကားတစ်စီးက ကျောင်းဝန်းအတွင်းသို့ ဝင်လာပြီး ထိုကားပေါ်မှ ဘုရားဖူး အယောက်နှစ်ဆယ်ခန့် ဆင်းလာလေရာ ရဲဝင်းလည်း စကားလက်စဖြတ်လိုက်သည်။
“နေဦး ဒကာလေး ဒီကြိုးကလေးယူသွား”
ဘုန်းဘုန်းက ပြောလိုက်ကာ အနီရောင် ပိုးကြိုးကလေးကို ပေးလိုက်သည်။ ကြိုးကလေးမှာလည်း အထုံးလေးတွေ ကိုးထုံးပါပြီး အလယ်တွင် ကျောက်ပုတီးလေး တစ်လုံးလည်း ပါသေးသည်။ ရဲဝင်းလည်း ထိုကြိုးကလေးကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
ပြီးနောက် တောင်တက်လမ်းကလေးအတိုင်း ခြေလျင် ဆက်တက်လာခဲ့သည်။ တောင်ပေါ်တွင် ထိုင်းရိုးရာပုံစံ စေတီတစ်ဆူရှိသည်။ စေတီခြေရင်းတွင် နဂါးတွေက ခွေပတ်ထားသည်။ စေတီလေးမှာ တောင်ထိပ်တွင်ရှိသဖြင့် တစ်မြို့လုံးကို အပေါ်စီးမှနေ၍ မြင်နေရလေသည်။ လေနုအေးများက တိုက်ခတ်နေသဖြင့် ရဲဝင်းက ထိုတောင်ပေါ်တွင် လေညှင်းခံနေလိုက်သည်။ ဘုရားဖူးများလည်း အနည်းအကျဉ်း ရှိသည်။ ထို့နောက် ဘုရားကို ပတ်ပြီးလမ်းလျှောက်လိုက်သည်။ ဘုရားလေးဘေးတစ်နေရာတွင် လမ်းညွန်ဆိုင်းဘုတ်ကလေးရှိပြီးတော့ တောင်အောက် လျှိုထဲကို ကျောက်တုံးများဖြင့် လမ်းခင်းထားသည်။
ရဲဝင်းက ထိုလမ်းကလေးအတိုင်း လိုက်ဆင်းလာခဲ့သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်ကြီးများရှိသည်မို့ လမ်းကလေးက အရိပ်ရပြီး အေးမြနေလေသည်။ သိပ်ကြာကြာ မလျှောက်လိုက်ရခင်မှာပင် အလွန်ကြီးမားသည့် သစ်ပင်ကြီးကို တွေ့လိုက်ရသည်။ မည်သည့်သစ်ပင်အမျိုးအစားမှန်းတော့ ရဲဝင်းမသိပေ။ ထိုအပင်ကြီး၏ လုံးပတ်မှာ လူငါးယောက် ဖက်စာခန့် ကြီးမားလေသည်။ အပင်ကြီးကိုလည်း အဝါရောင်၊အနီရောင် အဝတ်များဖြင့် ပင်စည်ကိုပတ်ထားသည်။ အပင် ပတ်ပတ်လည်တွင်တော့ လူကြီးခါးလယ်ခန့်ရှိမည့် အုတ်ခုံအဝိုင်းပတ်ကလေးတစ်ခုရှိပြီး ထိုအုတ်ခုံကလေးပေါ်တွင် ရေကရားအိုးကလေးများကို အရွယ်စုံ ဆိုဒ်စုံတင်ထားလေသည်။ ရဲဝင်းမှာ ထိုရေကရားအိုးကလေးများကိုကြည့်ရင်း ကျောချမ်းသွားမိသည်။ ထိုနေရာတွင် သူတစ်ယောက်မှလွဲ၍ ဘယ်သူမှမရှိ။
ရဲဝင်းက အပင်ကြီးဆီသို့ ခပ်မြန်မြန်လျှောက်သွားလိုက်ပြီး ရေကရားအိုးကလေးကို အဝိုင်းခုံပတ်ကလေး လွတ်နေသည့် နေရာတစ်နေရာတွင် တင်လိုက်သည်။ ထိုစဉ်လေအေးတစ်ချက်က တိုက်ခတ်လိုက်သဖြင့် ရဲဝင်းတစ်ကိုယ်လုံး အေးစိမ့်တက်သွားသည်မို့ ကြောက်ကြောက်နှင့် အမြန်လှည့်ထွက်လိုက်သည်။
“ကျေးဇူးတင်ပါတယ်ရှင့်”
အနောက်မှ အသံတစ်သံကြားသဖြင့် ရဲဝင်း အမှတ်မထင် လှည့်ကြည့်မိသည်။ အောက်က ပြောင်ပြောင်လက်လက်နှင့် ဒူးဖုံးရုံ ထမီတစ်ထည်ကို ဝတ်ဆင်ထားပြီး အပေါ်က ရင်ဘတ်ကို ပိတ်စတစ်ခုနှင့် စည်းထားကာ ဆံထုံးထုံးထားပြီး ပန်းပွင့်တစ်ပွင့်ပန်ထားသည့် အလွန်လှပသော ထိုင်းအမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
ရဲဝင်းက ထိုအမျိုးသမီးအား အံ့ဩပြီးကြည့်နေမိသည်။ ထိုအမျိုးသမီး လှပပုံသည် နွတ်လှသည်ထက် ဆယ်ဆမက ပိုပြီးလှပလေသည်။ ထိုအမျိုးသမီးသည် ရဲဝင်းကို လက်အုပ်ချီပြီး နှုတ်ဆက်လိုက်သည်။ ရဲဝင်းလည်း အယောင်ယောင်အမှားမှားနှင့် လိုက်ပြီးလက်အုပ်ချီလိုက်လေသည်။ အမျိုးသမီးက သစ်ပင်နောက်သို့လမ်းလျှောက်သွားပြီး ပျောက်ကွယ်သွားလေသည်။
ရဲဝင်း ထိုနေရာမှ သုတ်ခြေတင်ပြီး တောင်ပေါ်ပြန်တက်ခဲ့သည်။ တောင်ပေါ်မှဆင်းပြီးနောက် မြို့ထဲတစ်နေရာသို့ သွားလိုက်သည်။ လူစည်ကားသည့် ဈေးဝယ်စင်တာကြီးတစ်ခုရှေ့တွင် ဘာရယ်မဟုတ်ဘဲ ထိုင်နေမိသည်။ ထိုနေရာတွင် ရေပန်းကြီးရှိပြီး ဈေးဝယ်လာသည့်လူများကလည်း ရဲဝင်းကဲ့သို့ စုဝေးထိုင်နေကြသည်။ ရဲဝင်းက အရောင်အသွေးစုံစွာဖြင့် စည်ကားနေသော စင်တာကြီးကိုကြည့်နေလိုက်မိသည်။
“နန်း”
ရဲဝင်းက ထိုစင်တာထဲမှ ထွက်လာသော ကောင်မလေးတစ်ယောက်ကို သေချာကြည့်လိုက်မိသည်။ နန်း ဖြစ်နေသည်။ ရဲဝင်းက နန်းဆီပြေးသွားလိုက်သည်။
“နန်း”
“ဟင် ကိုရဲ”
နန်းက အလန့်တကြားနှင့် အော်လိုက်ပြီး ခေါင်းငုံ့သွားလိုက်သည်။ နန်းက ကြိုးတစ်ချောင်းအကျီအပြာရောင်လေးကို ရင်သားများပေါ်အောင် တမင်ဝတ်ထားပြီး ဘောင်းဘီပေါင်တိုလေးကိုလည်း ဝတ်ဆင်ထားသည်။
“ကိုရဲကို နန်းတောင်းပန်ပါတယ်”
“မဟုတ်တာဘဲ နန်းရယ်၊ အခု နန်းဘယ်မှာနေလဲ၊ ဘာတွေလုပ်နေသလဲ”
နန်းက ဘာမှမပြောတော့ဘဲ ရပ်နေသည်။ နန်း၏မျက်ဝန်းထဲတွင်တော့ မျက်ရည်တွေစို့နေလေသည်။
“နန်းလိုတဲ့ ငါးသိန်း အကိုပေးမယ်”
“တော်ပါပြီ ကိုရဲ နန်းမလိုချင်တော့ပါဘူး”
“မဟုတ်ဘူးနန်း၊ ဒီပိုက်ဆံက ဟိုကိစ္စအတွက်မဟုတ်ဘူး၊ အခုက နန်းငွေလိုနေလို့ အကိုက ကူညီတာ၊ နန်းကို အကိုက ငွေချေးလိုက်တယ်လို့ သဘောထား”
နန်းခေါင်းကလေးညိတ်သွားသည်။
“ဒါဆိုလည်း နန်းယူလိုက်မယ်၊ နန်းကိုရဲကို အဲဒီငွေကို မရရတဲ့နည်းနဲ့ ပြန်ဆပ်ပါ့မယ်”
“အေးပါ၊ အတိုးမယူပါဘူး ဖြည်းဖြည်းချင်းပြန်ဆပ်ပေါ့၊ ဒါပေမယ့် နန်းရယ်”
နန်းက ရဲဝင်းကို မော့ကြည့်လိုက်သည်။ နန်းမျက်လုံးမှ မျက်ရည်တွေ စီးကျလာသည်။ ဝမ်းနည်းနေတာလား၊ ဝမ်းသာနေတာလား မပြောတတ်။
“နန်း နောက်ဆိုရင် ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်ပါကွာ”
နန်းက ခေါင်းကိုဖြည်းဖြည်းလေး ညိတ်လိုက်သည်။ ရဲဝင်းက နန်းကို သူ့ဘဏ်အကောင့်မှ ဘတ်ငါးသိန်းလွဲပေးလိုက်သည်။
“ကိုရဲ နန်းသွားတော့မယ်နော်၊ ကိုရဲ ပိုက်ဆံကို နန်းပြန်ဆပ်ပါ့မယ်”
နန်းက ထိုသို့ပြောပြီးနောက် လူအများစည်ကားနေသည့် ဈေးဝယ်စင်တာထဲသို့ ပြေးဝင်သွားပြီး ပျောက်ကွယ်သွားလေသည်။ ရဲဝင်းလည်း ဈေးဝယ်စင်တာအနီးတွင် အချိန်ဖြုန်းနေလိုက်ကာ ညနေစောင်းသည်နှင့် အိမ်သို့ပြန်လာခဲ့သည်။
(ဇ)
ရဲဝင်းအိမ်ပြန်ရောက်တော့ နွတ်က အိပ်ခန်းထဲတွင် ရောက်နေပြီဖြစ်သည်။
“ပင်ကီကလည်းကွာ၊ မေမေ မချစ်တော့ဘဲ နေမှာနော်”
နွတ်က ပင်ကီကို အကျီလဲပေးနေရင်း ပြောနေလေသည်။
“ဘာဖြစ်လို့လဲ နွတ်”
“နွတ် ဒီတစ်ချီ ရှယ်ယာတော်တော်ရှုံးသွားတယ်”
“ဪ နွတ်ရယ်၊ ပင်ကီလည်း အမြဲလုပ်ပေးနေတာပဲ၊ အချိန်တိုင်းမှန်နေလို့ကတော့ နွတ် ထိုင်းမှာ အချမ်းသာဆုံးသူဌေးဖြစ်နေမှာပေါ့”
“အင်းပါ၊ ဖက် ပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမယ့် ဆုံးရှုံးသွားတာက ငွေတွေမဟုတ်လား၊ နွတ်လည်း နှမြောတာပေါ့”
နွတ်က ပင်ကီကို ခေါင်းဖြီးပေးနေရင်းပြောလိုက်သည်။
“ပင်ကီရေ သမီးလေး ဒီတစ်ချီပဲ မေမေ့ကို ရအောင်လုပ်ပေး၊ သမီးသွားချင်တဲ့ ကမ်းခြေကို လိုက်ပို့ပေးမယ်”
ရဲဝင်းက ကြည့်လိုက်တော့ ပင်ကီက နွတ်အရှေ့ ကုတင်ပေါ်ထိုင်နေသည်။ ဝိညာဉ် ပင်ကီကို နွတ်က မြင်ရ မမြင်ရတော့မသိ။ ရဲဝင်းကတော့ ပင်ကီ၏အရုပ်ကို မဟုတ်ပဲ၊ ပင်ကီ၏ ဝိညာဉ်ကို မြင်နေရလေသည်။
“ဖက် ထမင်းဆာပြီလား နွတ်ညစာပြင်လိုက်တော့မယ်လေ”
“ကောင်းသားပဲ”
နွတ်က အခန်းထဲမှ ထွက်သွားလေသည်။ ရဲဝင်းက အဝတ်လဲရန်လုပ်လိုက်သည်။
“အဲဒီအိတ်ကြီးဒီမှာမထားနဲ့၊ အဲဒီအိတ်ကြီးမထားနဲ့”
ပင်ကီက အော်နေသည်။ ရဲဝင်းက အဝတ်လဲရင်း။
“ဘာဖြစ်လို့လဲ ပင်ကီရဲ့”
“မသိဘူး ဖေဖေ အဲဒီအိတ်ကြီးကိုမြင်ရင် ပင်ကီကြောက်တယ်”
ရဲဝင်းက စဉ်းစားမိလိုက်သည်။ ဘုန်းဘုန်းပေးခဲ့တဲ့ကြိုးကို ပင်ကီက ကြောက်နေခြင်းဖြစ်မည်။ ရဲဝင်းကလည်း ထိုကြိုးကို အိတ်ထဲမှထုတ်ပြီး ဘီရိုထောင့်တွင် ထည့်ကာ သိမ်းဆည်းလိုက်သည်။
-ရပြီလား-
ပင်ကီက ရဲဝင်းကို ခေါင်းညိတ်ပြသည်။
အပိုင်း(၆)တွင် ဆက်လက်ဖတ်ရှုပါ