အတွဲ(၃) အပိုင်း(၈)
(၁)
ငခမ်းနှင့် လုံဒီတို့စကားပြောဆိုပြီး မကြာခင်အချိန်မှာပင် ဘတိုးက ပြန်ရောက်လာလေသည်။ သို့နှင့် ဘတိုးနှင့်စကားပြောဖြစ်ကြသည်။
“ဒါနဲ့ အကိုဘတိုးက ဒီရွာမှာနေခဲ့တယ်ဆိုတော့ ဒီရွာနဲ့ပတ်သက်ပြီးတော့ တော်တော်သိနေမှာပေါ့နော်”
ငခမ်းမေးလိုက်သည့်အခါ ဘတိုးက ခေါင်းညိတ်လိုက်လေသည်။
“နေခဲ့ယုံတင်ဘယ်ကမလဲကွာ၊ ငါ့ကို ဒီရွာမှာပဲမွေးတာ၊ ဒီရွာမှာပဲ ကြီးပြင်းခဲ့ပြီးတော့ ဒီရွာမှာပဲ အိမ်ထောင်ကျခဲ့တာပေါ့ကွာ”
ဘတိုးက ထိုသို့ပြောရင်း အတိတ်အကြောင်းအရာများကို ပြန်ပြောင်းပြောပြလေတော့သည်။
မုန်လိုင်ရွာ။
ရွာကလေးမှာ တောင်ကြားကလေးထဲတွင် တည်ရှိနေသဖြင့် အလွန်အေးချမ်းသည့်ရွာကလေးဖြစ်သည်။ ရွာသူရွာသားများမှာ တောင်ကြောကြီးပေါ်တွင် တောင်ယာလုပ်ငန်းနှင့် လှေကားထစ်စိုက်ခင်းများကို စိုက်ပျိုးကြကာ အသက်မွေးမြူကြလေသည်။ အနီးအနားတွင် တောနက်ကြီးများရှိသည့်အတွက် အချို့မှာ အမဲလိုက်ခြင်းဖြင့် ဝမ်းစာရှာအသက်မွေးကြသည်။ ထိုသူများအနက် ဘစိုးနှင့် ဘတိုးတို့ ညီကိုလည်းပါဝင်လေသည်။
ထိုရွာကလေးသည် တောင်ပေါ်ဒေသတွင်ရှိသော်ငြားလည်း လူမျိုးများစွာရောစပ်ယှက်ထွေး နေထိုင်ကြလေရာ ဘစိုးနှင့် ဘတိုးတို့မှာ သွေးသောက်ကြီး ဘစံ၏ သားနှစ်ဦးဖြစ်ကြသည်။ သွေးသောက်ကြီးဘစံမှာ ဗမာဘုရင့်တပ်မတော်သားတစ်ဦးဖြစ်ပြီး ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရာတွင် စစ်နိုင်၍ပြန်လာသည့်အခါ ရှမ်းပြည်နယ်ရှိ အရပ်သူတစ်ဦးနှင့်အိမ်ထောင်ကျပြီးနောက် မုန်လိုင်ရွာတွင်အခြေချနေထိုင်ခြင်းဖြစ်သည်။
ဘစံမှာ စစ်ပြီးသည့်အခါ မုန်လိုင်ရွာတွင် မုဆိုးအတတ်ဖြင့်အသက်မွေးလေရာ သူ့သားကြီး ဘစိုးနှင့် သားငယ်ဘတိုးတို့မှာလည်း မုဆိုးအတတ်ပညာများကို လက်ဆင့်ကမ်းသင်ယူရင်း မုဆိုးဖြစ်လာခဲ့ကြသည်။ အကိုကြီးဘစိုးမှာ အိမ်ထောင်ရက်သားမပြုဘဲ လူပျိုကြီးအဖြစ်နေထိုင်သော်လည်း ညီငယ်ဘတိုးမှာတော့ ချစ်ကြိုက်သူတစ်ဦးနှင့် လက်ထပ်ကာ အိမ်ထောင်ပြုခဲ့လေရာ ယခုပင် အိမ်သူသက်ထားဇနီးမယားမှာ ဘတိုးနှင့်ရသည့် ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်သည်။
သို့သော် တစ်ခုသော ဆောင်းတွင်းတွင် မုန်လိုင်ရွာကလေးတွင် ကံကြမ္မာဆိုးတစ်ခုက ဝင်ရောက်လာလေသည်။ ထိုသည်ကတော့ အခြားမဟုတ်၊ ကျားဆိုးကြီးတစ်ကောင်သောင်းကျန်းလာခြင်းဖြစ်သည်။
“ကျားဗျို့၊ ကျား”
ကျားဆိုးအသံကြားသည်နှင့် ဘစိုးနှင့်ဘတိုးတို့ ညီအကိုနှစ်ယောက် လှံရှည်များစွဲကိုင်လျှက် အိမ်ပေါ်မှခုန်ဆင်းကာ လာခဲ့ကြသည်။ ရွာသူရွာသားများအော်နေသည့်အတိုင်းပင်၊ ရွာစွန်တစ်နေရာတွင်နေထိုင်သည့် မုဆိုးမသားအမိကို ကျားဝင်ဆွဲလေသည်။ ကျားကြီးမှာ အတော်ကြီးမားသည့် ကိုးတောင်ကျားကြီးဖြစ်ကာ မုဆိုးမအမေကြီးကို လည်ပင်းတွင်အသေကိုက်သတ်ပြီး သမီးဖြစ်သူမိန်းမပျိုကလေးကိုပါးစပ်တွင်ကိုက်ကာ အရှင်ဖမ်းယူနေရန်ကြိုးစားနေသည်။
လုံမပျိုကလေးမှာ အိမ်ပေါ်မှဆင်းပြေးလာရင်း အိမ်အောက်အရောက်တွင် ကျားကြီးက လုံမပျိုကလေး၏ ထမိစကိုလက်နှင့်နင်းထားလိုက်သဖြင့် လုံမပျိုကလေး ချော်လဲကျသွားသည်။ ထိုအခါ ကျားကြီးက လုံမပျိုကလေး၏ ဂုတ်ကိုသွားနှင့်ခပ်ဖွဖွကိုက်ခဲလိုက်လေသည်။ ဘစိုးလည်း ကျားကြီးကိုမြင်သည့်အခါ လှံနှင့်ထိုးထည့်လိုက်သည်။ သို့သော် လျှင်မြန်လှသည့် ကျားကြီးမှာ ဘစိုး၏ လှံချက်ကို လက်နှင့်ပုတ်ထုတ်လိုက်ရာ အလွန်ခိုင်မာလှသည့် လှံရိုးကြီးပင် ထက်ပိုင်းကျိုးကျသွားလေသည်။ ကျားကြီးက ဘစိုးအနီးသို့တိုးကပ်ပြီး ဘစိုးအားတိုက်ခိုက်မည်ပြုလိုက်သော်လည်း ဘစိုးအနားရောက်သည့်အခါ ဘစိုးအား နမ်းရုံသာနမ်းကြည့်ပြီး ဆက်လက်မတိုက်ခိုက်ပေ။
ထိုစဉ် ဘတိုးမှာ ပစ်ကွင်းကောင်းစေရန်အတွက် အိမ်တစ်လုံးပေါ်သို့တက်လိုက်ပြီးနောက် လက်အတွင်းမှ လှံရှည်ကြီးကို အားကုန်စိုက်လွှဲလိုက်ကာ ကျားကြီး၏ နံံစောင်းသို့ ပစ်လွှတ်လိုက်တော့သည်။ ကျားကြီးမှာ အလစ်အငိုက်ခံရသည်မို့ လှံရှည်ကြီးမှာ ကျားကြီး၏ နံစောင်းသို့ ထုတ်ချင်းခတ်ဝင်ရောက်သွားပြီး ကျားကြီး၏ ကလီစာများကို ဖြတ်ဖောက်ကာ တစ်ဖက်သို့ပင်ပေါက်ထွက်သွားလေသည်။ ဘတိုးလည်း ကျေနပ်စွာဖြင့်ပြုံးလိုက်ရင်း ကျားကြီးဆီသို့ခုန်ဆင်းလာခဲ့သည်။
ထိုအခါ ကျားကြီးမှာ ဘတိုးအား လက်သည်းဖြင့်ကုပ်ထည့်လိုက်ရာ ဘတိုး၏ ရင်ဘတ်မှာ ကျားလက်သည်းဖြင့်ခတ်မိပြိး ပွင့်ထွက်သွားတော့သည်။ ဘတိုးလည်း မိမိအဖြစ်ကိုပင် မိမိမယုံချင်တော့ပေ၊ ထိုမျှ လှံသွားထိနေသည့် ကျားကြီးမှာ တစ်ချက်ကလေးမှ ထိခိုက်သည့်ပုံမပေါ်ပေ၊ ကျားကြီးမှာ ဘတိုအားကိုက်ရန်အတွက် နီးကပ်လာစဉ် သူ့ကိုဘစိုးက ကျားကြီးထံသို့ပြေးလာသဖြင့် ကျားကြီးက ဆက်လက်မတိုက်ခိုက်တော့ဘဲ လှံတန်းလန်းကြီးဖြင့် တောအုပ်အတွင်းသို့ ခုန်ပေါက်ကာ ဝင်ရောက်သွားလေသည်။
“ညီလေး၊ ညီလေး ဘတိုး”
ကျားကြီး၏ ကုပ်ချက်ကြောင့် ဘတိုး၏ ရင်လတ်ကြွက်သားများမှာ ဓါးနှင့်ခွဲလှန်ထားသကဲ့သို့ လန်ထွက်သွားသည်။ ဘတိုးလည်း အလွန်နာကျင်သည့်် ဝေဒနာကို ခံစားရပြီးနောက် မေ့လဲကျသွားတော့သည်။
(၂)
ဘတိုး အိပ်မက်ထဲတွင် ကျားကြီးတစ်ကောင်နှင့်ဆုံတွေ့သည်။ ကိုးတောင်ကျားကြီးမှာ အတော်အင်အားကြီးမားပြီး ဘတိုးအားလှည့်ပတ်ကာ ချောင်းနေလေသည်။ ဘတိုးကလည်း လှံရှည်တစ်လက်ကိုင်ဆောင်လျှက် ကျားကြီး၏ အခြေအနေကိုပြန်ကြည့်နေမိသည်။ အမှောင်ထုဖုံးနေသည့် ပတ်ဝန်းကျင်ပတ်ပတ်လည်တွင် ကျားမျက်လုံးဝါဝါကြီးတစ်စုံက ပေါ်လာလိုက် ပျောက်သွားလိုက်နှင့်ဖြစ်နေတော့သည်။ ထို့နောက် ကျားကြီးက ဘတိုး၏ အနောက်မှပေါ်ထွက်လာခဲ့လေသည်။ ဘတိုးလည်း ကျားကြီးခုန်အုပ်သည်ကို ကျွမ်းထိုးရှောင်တိမ်းလိုက်ပြီး ကျားကြီး၏ မျက်စေ့နှစ်လုံးတည့်တည့်ထံသို့ လှံသွားကို ထိုးစိုက်ချလိုက်လေသည်။ ကျားကြီးမှာဦးခေါင်းကြီးပွင့်ထွက်သွားသော်လည်း မသေသေးပေ၊ ဘတိုးအား လက်သည်းဖြင့်ပုတ်လိုက်သဖြင့် ဘတိုးလည်း လန့်ပြီး ရှောင်ရှားလိုက်ရသည်။
“ကျား . . . ကျား”
ဘတိုးတစ်ယောက် အိပ်စက်နေရင်း လန့်ကာအော်မိသည်။ သူ့အနားတွင် သူ့အကိုဘစိုးနှင့် သူ့မိန်းမတို့က ထိုင်နေလေသည်။ သူ့အဖေဘစံမှာ ခပ်လှမ်းလှမ်းတွင် ထိုင်ကာ ဆေးတံသောက်နေလေသည်။
“ညီလေး ဘတိုး၊ သက်သာပြီလား”
ဘတိုးလည်း အိပ်ရာမှကုန်းထိလိုက်သည်။ သူ့ရင်ဘတ်တစ်ခုလုံး မီးစနှင့် ထိုးထားသကဲ့သို့ ပူလောင်နာကျင်နေလေသည်။
“ကျုပ်၊ ကျုပ် အဲဒီကျားကိုလက်တုံ့ပြန်မယ်”
“ညီလေးရာ မင်းလည်းအခု နေကောင်းသေးတာမှမဟုတ်ဘဲ၊ စိတ်လျော့လိုက်စမ်းပါ၊ အကို အဲဒီကျားကြီးကို ရအောင်ရှာပြီးဖမ်းပါ့မယ်”
“ဒါနဲ့ အဲဒီကျားကြီးက လှံတစ်ချောင်းလုံးစိုက်တာတောင်မှ ဘာလို့မသေတာလဲ”
ထိုအခါ ဘစိုးက
“ငါ့ညီအမြင်မှားတာနေမှာပါကွာ၊ အကိုသေချာကြည့်တော့ ကျားကြီးကိုလှံက မစိုက်ပါဘူး၊ ရှပ်ထိပြီးတော့ မြေပေါ်ကိုကျသွားတာပါ”
ဘတိုးက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး အကိုကြီး၊ ကျုပ်လက်ဆကိုကျုပ်သိတယ်၊ နောက်ပြီး ကျားကြီးကိုလှံသွားက ဖောက်ဝင်သွားတာကို ကျုပ်မျက်လုံးနဲ့မြင်လိုက်ရတာ”
“အေးပါညီလေးရာ၊ အခုလောလောဆယ်တော့ နားလိုက်ပါအုံး၊ ကဲ ငါ့ညီမလေးလည်း ပင်ပန်းနေရော့မယ်၊ သွားအနားယူတော့”
ဘတိုးကို အိမ်ရှေ့ခန်းတွင်ထားခဲ့ပြီး ဘစိုးက ရေပုံးတစ်ချို့ကိုယူကာ အိမ်မှထွက်သွားလေသည်။ ဘတိုးရှိစဉ်က အိမ်ရှိသုံးရေများကို ဘတိုးသာ ထမ်းလေရာယခု ဘတိုးနေမကောင်းသည့်အတွက် အကိုကြီးက ရေထမ်းနေပုံရသည်။ ဘတိုး၏ မိန်းမမှာလည်း အိမ်အောက်ထပ်သို့ဆင်းကာ ထမင်းဟင်းချက်ပြုတ်နေလေသည်။
“ညီမရယ်၊ ပင်ပန်းနေပါအုံးမယ်၊ နားနားနေနေ နေစမ်းပါ”
“မဟုတ်တာပဲ အကိုဘတိုးရယ်၊ ဗိုက်က အခုမှ သုံးလပဲရှိသေးတာပါ၊ ညီမ ထမင်းချက်တာလောက်တော့ လုပ်ပေးနိုင်ပါတယ်”
ဘတိုးလည်း အိမ်ရှေ့ခန်းတွင်သာ ဆန့်ဆန့်ကြီးနေထိုင်ရလေသည်။ ရင်ဘတ်အသားများမှာ ပြတ်တောက်ထွက်ကုန်ပြီး ကံကောင်းသဖြင့် နံရိုးများကိုမထိမိသောကြောင့် ဘတိုးတစ်ယောက်အသက်ရှင်နေရခြင်းဖြစ်သည်။
ထိုည။
ဘတိုးအိပ်နေစဉ်မှာ ဝုန်းခနဲအသံကြီးကိုကျားလိုက်ရသဖြင့် ဘတိုးက မျက်လုံးများဖွင့်ကြည့်လိုက်လေသည်။ ထိုအခါ သူတို့အိမ်ခေါင်မိုးကြီးပွင့်ထွက်နေပြီး လရောင်က အိမ်အတွင်းသို့ကျဆင်းနေလေသည်။ အိမ်ထောင့်တစ်နေရာမှ မျက်လုံးဝါဝါကြီးတစ်စုံက တဖြည်းဖြည်းနီးကပ်လာလေသည်။
“ဟာ၊ ကျား . . . ကျား”
ထိုစဉ် ဘတိုးတို့အဖေ ဦးဘစံမှာ ဓါးမကြီးတစ်လက်နှင့်ထွက်လာပြီး ကျားကြီး၏မျက်နှာကို အားကုန်လွှဲခုတ်ချသည်။ သို့သော် ကျားကြီးကို ဓါးက မတိုးဘဲ ပြန်ကန်ထွက်လာလေသည်။ ကျားကြီးက ဘစံ၏ ဝမ်းဗိုက်ကို လက်သည်းကြီးဖြင့် ခြစ်ထည့်လိုက်လေရာ ဘစံမှာ မတ်တပ်ရပ်လျှက်သားနှင့်ပင် ဝမ်းဗိုက်ပွင့်သွားကာ အငွေ့တထောင်းထောင်းနေသည့် အူများ၊ ကလီစာများက ကြမ်းပြင်ပေါ်သို့ ပုံကျလာလေသည်။
ကျားကြီးမှာ ဘစံ၏ ဦးခေါင်းကိုကိုက်ရင်း ဘစံကိုယ်လုံးကို မြေတွင်လှိမ့်ကာ ဆွဲလိုက်သည့်အခါ ဘစံ၏ ဦးခေါင်းကြီးမှာ ကျားကြီး၏ပါးစပ်အတွင်းသို့ ပါသွားလေတော့သည်။
“အဖေ . . . အဖေ”
ဘတိုးက အသံကုန်ဟစ်ကာအော်ဟစ်လိုက်သည်။
“အကိုကြီး ကျားဗျ”
ဘတိုးအော်ခေါ်နေသော်လည်း အိမ်ထဲမှ မည်သူမှထွက်မလာခဲ့ပေ၊ ဘတိုးလည်း အားယူကာ ကုန်းထလိုက်ပြီး အခန်းနံရံတွင်ထောင်ထားသည့် လှံတံကြီးကို ဆွဲယူကာ အားပြုလျှက် ထလိုက်လေသည်။ ကျားကြီးက ဘတိုးအဖေ၏ ဦးခေါင်းကြီးကို ကိုက်ဝါးလိုက်ပြီးနောက် ဘတိုးအဖေ၏ ကိုယ်လုံးကို ပါးစပ်နှင့်ကိုက်ချီလိုက်သည်။ ထို့နောက် အိမ်ခေါင်မိုးအပေါက်ကြီးမှ ပေါ့ပါးစွာဖြင့် ပြန်လည်ခုန်ထွက်သွားတော့သည်။
ဘတိုးလည်း အိမ်ပေါ်မှ ဒယိမ်းဒယိုင်ဖြင့်ခုန်ဆင်းခဲ့သည်။ ရွာကလေးမှာ တစ်ရွာလုံးတိတ်ဆိတ်နေကြသည်။ ကျားကြီးလာသည်ကို ကြောက်လန့်သဖြင့် တိတ်ဆိတ်ပုန်းအောင်းနေကြခြင်းလား မပြောတတ်ပေ၊ ဘတိုးလည်း ကျားကြီးထွက်ပြေးသွားသည့် အိမ်နောက်ဖေးတောစပ်သို့လိုက်ဝင်ခဲ့သည်။
ကျားကြိးကို ခြေရာခံရသည်မှာ သိပ်မခက်ခဲလှပေ၊ ကျားကြီးမှာ ဘတိုးဆက်လိုက်လာ်မည်ဟု မထင်သဖြင့် အေးအေးလူလူသွားနေပုံရသည်၊ မကြာခင် လရောင်ထိုးကျနေသည့် မြေပြန့်ပြန့်တစ်ခုပေါ်တွင် ကျားကြီးမှာ ဘတိုးအဖေ ဘစံ၏အလောင်းအား လက်များခြေများကိုဆွဲဖြုတ်လျှက် အားရပါးရစားသောက်နေတော့သည်။ ဘတိုးလည်း လှံတံကိုင်ပြီး အခွင့်ကောင်းကိုရှာနေလေသည်။ ဘတိုးကို ကျောခိုင်းကာ အေးအေးလူလူစားသောက်နေသည့်် ကျားကြီးအားကွေ့ပတ်ကာ ကုန်းမြင့်တစ်ခုအပေါ်သို့တက်လိုက်သည်။ ထို့နောက် ဘတိုးက ညာသံပေးကာ အော်ဟစ်လျှက် ကုန်းမြင့်ပေါ်မှ လှံရှည်ကြီးဖြင့် ကျားကြီးအား ထိုးစိုက်ချထည့်လိုက်သည်။ လှံရှည်က ကျားကြီး၏ လည်ပင်းအတွင်းသို့ စိုက်ဝင်သွားကာ ဘတိုးလည်း ကျားကြီး၏ ကျောကုန်းအပေါ်တွင် ခွလျှက်သားကြီးဖြစ်နေလေသည်။ ကျားကြီးမှာ အလစ်တိုက်ခိုက်ခံရသည်မို့ ဘတိုးအား လက်ဖြင့်ပုတ်သော်လည်း၊ ကျားကြီး၏ကျောကုန်းပေါ်ရောက်နေသဖြင့် လက်ဖြင့်မပုတ်သာပေ။
“သေစမ်း၊ ငါ့အဖေကိုသတ်တဲ့ကောင်ကြီး၊ မင်းသေစမ်း”
ဘတိုးက အော်ဟစ်လျှက် လှံတံကိုကျား၏လည်ပင်းအတွင်းသို့ အားကုန်ထိုးစိုက်ချသည်။ သို့သော်ကျားကြီးမှာ ဘာမှမဖြစ်သည့်အပြင် ကျားကြီးက မြေကြီးတွင်လူးလိမ့်လိုက်သဖြင့် ဘတိုးလည်း မြေပေါ်သို့ကျဆင်းကာ ကျားကြီးက ဘတိုးကိုယ်ပေါ်တွင်အုပ်မိုးလိုက်လေသည်။
ပြဲကားနေသည့် ပါးစပ်ကြီးအတွင်းတွင် အစွယ်ကြီးများက လရောင်နှင့်ဖွေးဖွေးဖြူနေသည်။ ကျားကြီးက ဘတိုးမျက်နှာအားတစ်ချက်ကြည့်ရင်း
“မင်းပဲကိုး၊ မင်းက တော်တော်ကိုဇွဲကောင်းတဲ့ကောင်ပဲ၊ ဟိုတစ်ခါ ငါလုပ်ခဲ့တာကို မမှတ်သေးဘဲ ငါ့အနောက်ကိုဆက်လိုက်နေသေးတာကိုး”
ဘတိုး အတော်အံ့သြသွားမိသည်။
“ကျား . . . ကျားက လူစကားပြောတယ်လား၊ ငါ . . ငါရူးသွားတာလား”
“မင်းမရူးပါဘူးကွ၊ ကျားက လူစကားပြောတယ်ဆိုတာ တကယ်ပါ၊ တကယ်တော့ ငါက ဆမန်းစံအိမ်တော်က ဆမန်းကျားတစ်ကောင်ပဲ”
“ဆမန်းစံအိမ်ဆိုတာဘာလည်း . . . ဆမန်းကျားဆိုတာကရော . . .”
ထိုအခါ ကျားကြီးက ပြုံးရယ်လိုက်ရင်း
“ဒါကတော့ မင်းအကိုအသိဆုံးဖြစ်မှာပေါ့ကွ”
ဘတိုးက သူ့ခေါင်းကိုသူလက်နှင့်အုပ်ရင်း
“ဘာတွေလည်း၊ အကိုဘစိုးက ဘာတွေသိထားတာလဲ”
ကျားကြီးက ဘတိုးအားငုံ့ကြည့်ရင်း
“ရှင်းရှင်းပြောရရင်တော့ မင်းအကိုက ဆမန်းတစ်ကောင်ပဲ၊ ဆမန်းကျားစံအိမ်မှာ ဆမန်းတစ်ကောင်ဖြစ်ဖို့အတွက် စာရင်းပေးထားခဲ့တာပဲ၊ အခုတော့ သူက ဆမန်းကောင်ဖြစ်နေပြီ၊ ဒါပေမယ့် လူသားကမွေးတဲ့အတွက် လူတစ်ဝက် ဆမန်းတစ်ဝက်အဆင့်ပဲရှိသေးတယ်”
“ခင်ဗျားပြောတာတွေ ကျုပ်မယုံဘူး၊ ခင်ဗျားပြောတာတွေ တစ်ခုမှမယုံဘူး”
“ဟား၊ ဟား ယုံတာမယုံတာကတော့ မင်းကိစ္စပဲလေ၊ အခုမင်းရဲ့ကလေးတောင်မှ မင်းနဲ့ရတာဟုတ်ချင်မှဟုတ်မှာ”
“ခင်ဗျားဘာပြောတာလဲ”
“မင်းမသိဘူးလား ငတုံးရ၊ မင်းရဲ့မိန်းမက အရင်တုန်းက ဘယ်သူနဲ့ချစ်ကြိုက်ခဲ့တယ်ဆိုတာကို မင်းမသိဘူးလား”
ဘတိုးက ဘာမှမပြောချင်တော့ဘဲ ခါးကြားတွင်ထိုးထားသည့် ဓါးမြှောင်ကိုဆွဲဖြုတ်လိုက်ကာ ကျားကြီး၏ လည်ပင်းကို ခုတ်ပိုင်းထည့်လိုက်သည်။ ကျားကြီး၏ လည်ပင်းပြတ်ထွက်သွားပြီး သွေးများက ပန်းထွက်လာလေသည်။ ကျားကြီးမှာ နာကျင်သဖြင့်အော်ဟစ်နေပုံရသည်။ ထို့နောက် ဘတိုး၏လက်ကိုပုတ်ထုတ်လိုက်ရာ ဘတိုး၏ ဓါးမြှောင်မှာ လွတ်ထွက်သွားလေသည်။ ထိုအခါ ကျားကြီးက ဘတိုးမျက်နှာအနီးသို့တိုးကပ်ပြီး
“အရူး . . . မင်းက အရူးပဲ၊ မင်းရဲ့ဓါးအစုတ်အပဲ့လောက်နဲ့ ငါ့ကိုသတ်လို့ရမယ်လို့ ထင်နေတာလား၊ ငါတို့ဆမန်းတွေက ဘယ်လောက်သတ်သတ်မသေဘူးကွ၊ သတ်ချင်တယ်ဆိုရင်လည်း တစ်ပိုင်းတစ်စစီဖြစ်အောင်လုပ်မှရမှာ”
ဘတိုးလည်း ကျားကြီးမျက်နှာကိုကြည့်ရင်း ကျားကြီး၏ လည်ပင်းကို ပါးစပ်ဖြင့်ကုန်းကိုက်ထည့်လိုက်သည်။ ဒဏ်ရာကို အကိုက်ခံရသဖြင့် ကျားကြီးမှာ အတော်ပင်လူးလိမ့်နေရှာသည်။ ထို့နောက် ဘတိုးကို လက်ဖြင့်ပုတ်ထုတ်လိုက်သည်။
“ဆမန်းကောင်ရဲ့သွေးကိုသောက်ရင် ဆမန်းကောင်ရဲ့ ကျိန်စာကို မျှဝေခံစားရလိမ့်မယ်”
ဘတိုးပါးစပ်တွင် ကျားကြီး၏ လည်ချောင်းသွေးများက စီးကျနေလေသည်။ ပါးစပ်အတွင်းသို့လည်း မရေမတွက်နိုင်သော သွေးများက ဝင်ရောက်ခဲ့ကာ မြိုချပြီးဖြစ်သည်။ ဘတိုးလည်း ရုတ်တရက်အားအင်ရှိလာသလို ခံစားလိုက်ရသည်။ ထိုစဉ်မှာပင် ခုနက ကျားကြီးနှင့်လုံးထွေးသတ်ပုတ်ရင်း ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်များပင် အကောင်းပကတိအတိုင်းပြန်ဖြစ်သွားလေသည်။
“ဘာဖြစ်တာလဲ၊ ကျုပ်ဘာဖြစ်တာလဲ”
“ကောင်လေး၊ မင်းကတော့ အခုဆမန်းကောင်ဖြစ်သွားခဲ့ပြီ”
“လာစမ်းပါ၊ ခင်ဗျားနဲ့ကျုပ်နဲ့ ရှင်းလို့မပြီးသေးဘူး”
ထိုအခါ ကျားကြီးက ခေါင်းခါပြသည်။ လည်ပင်းကြီးပွင့်ကာ သွေးများဒရဟောစီးကျနေသည့်် ကျားကြီး၏ ဒဏ်ရာကြီးမှာလည်း အံ့သြဖို့ကောင်းစွာပင် ပျောက်ကင်းသွားလေသည်။
“မင်းငါနဲ့မရှင်းနဲ့၊ မင်းတို့ညီအကိုချင်းအရင်ရှင်းပါ၊ ပြီးလို့ မင်းတကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ ညောင်ရွှေမြို့က ဆမန်းအိမ်တော်ကို လိုက်လာခဲ့”
ကျားကြီးမှာ ထိုသို့ပြောကာ တောအုပ်အတွင်းသို့ ခုန်ဝင်ကာပျောက်ကွယ်သွားသည်။ ဘတိုးခေါင်းတွေကိုက်ခဲလာသည်။ သွေးခုန်နှုန်းများ မြန်ဆန်လာပြီး ပြောပြ၍မတတ်သည့် ခံစားမှုတစ်မျိုးကို ခံစားနေရသည်။ ထို့နောက် သူ့ရင်ဘတ်ကြီးကို သူပြန်ကြည့်လိုက်သည့်အခါ ကျားကြီးပုတ်ခဲ့သဖြင့် ရရှိခဲ့သည့် ဒဏ်ရာကြီးမှာ လုံးဝပျောက်ကင်းနေပြီဖြစ်သည်။
“ငါဘာဖြစ်တာလဲ”
ဘတိုးလည်း ထိုသို့ရေရွတ်ရင်း အိမ်သို့ပြန်လာခဲ့တော့သည်။
(၃)
ဘတိုးတို့အိမ်မှာ နှစ်ထပ်အိမ်ကြီးတစ်အိမ်ဖြစ်ပြီး အိမ်အောက်ထပ်တွင် ဘတိုးတို့လင်မယားနေထိုင်ကာ အိမ်အပေါ်ထပ်တွင်တော့ ဘတိုးအဖေ ဘစံနှင့် အကိုကြီး ဘစိုးတို့ နေထိုင်ကြခြင်းဖြစ်သည်။ ဘတိုးလည်း အိမ်သို့အသာကလေးပြေးလာရင်း အိပ်ခန်းအတွင်းသို့ ဝင်ရန်ကြံရွယ်လိုက်သည့်အခါ မီးဖိုချောင်အတွင်းမှ ညည်းညူသံများကိုကြားလိုက်ရလေသည်။
“ဘာဖြစ်တာလဲ”
ဘတိုးလည်း မီးဖိုချောင်အနီးသို့ ကပ်လာခဲ့ပြီး မီးဖိုချောင်အား ကာရံထားသည့် သစ်သားပြားအကြားမှ ချောင်းကြည့်လိုက်လေသည်။ မီးဖိုချောင်အတွင်း ဆီမီးထွန်းထားပြီးးနောက် ကြမ်းပြင်ပေါ်တွင် လူနှစ်ဦးမှ အချင်းချင်းပွေ့ဖက်လျှက် လူးလိမ့်နေကြသည်။ ထိုလူနှစ်ဦးကိုကြည့်ရင်း ဘတိုးမျက်လုံးများပြူးကျယ်သွားသည်။
“မိန်း . . . မိန်းမ”
ဘတိုးက တိုးတိုးကလေးရေရွတ်လိုက်သည်။ သူ့မိန်းမဖြစ်သူနှင့် သူ့အကိုဘစိုးတို့မှာ မီးဖိုခန်းအတွင်း ဖောက်ပြားနေကြလေသည်။ ဘစိုးက တစ်ချက်ရပ်တန့်လိုက်ပြီး
“နေအုံး၊ လူသံကြားသလိုပဲ”
“မဟုတ်တာတွေ ဂရုစိုက်မနေပါနဲ့ ကိုဘစိုးရယ်၊ ကျွန်မကိုသာ ချစ်ပေးပါရှင့်”
“ဖြစ်ပါ့မလား၊ ကလေးက တဖြည်းဖြည်းကြီးလာပြီနော်”
ထိုအခါ ဘတိုးမိန်းမက ဘစိုးအား ပွေ့ဖက်ကာ နမ်းရှုံ့လိုက်ပြီး
“လုပ်စမ်းပါ ကိုဘစိုးရဲ့၊ ကျွန်မကိုညလုံးပေါက် အကို့ရဲ့ခွန်အားတွေကို ပေးစမ်းပါ၊ အကို့ရဲ့ညီက ယောက်ျားဆိုပေမယ့် အကို့လောက်ယောက်ျားမပီသဘူး၊ ညီမကတော့လေ အိမ်မှာ အကိုရှိနေတာနဲ့တင် ဘာမှမလိုအပ်တော့ဘူး”
ဘစိုးကလည်း ပြုံးလိုက်ပြီးနောက် သူတို့နှစ်ဦးသား ချစ်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းကြနေလေသည်။ ဘတိုးလည်း အသံမထွက်အောင် ခြေကိုဖွဖွကလေးနင်းပြီး အိမ်ပေါ်သို့တက်ခဲ့သည်။ အိမ်ပေါ်ထပ်တွင် ခေါင်မိုးကြီး ဟောင်းလောင်းပေါက်ဖြစ်သွားသည်ပင် မသိအောင် ထိုနှစ်ဦးမှာ တဏှာရဂမီးများတောက်လောင်နေကြလေသည်။ ဘတိုးက အိမ်နံရံတွင်ချိတ်ထားသည့် သူ့အဖေ၏ ငှက်ကြီးတောင်ဓါးကြီးကို ဖြုတ်ယူလိုက်ပြီးနောက် မီးဖိုခန်းအတွင်းသို့ တစ်လှမ်းချင်းလျှောက်လာလေသည်။
မီးဖိုခန်းအဝင်တွင် ကာရံထားသည့် ယင်းလိပ်ကိုဖယ်ကာ ဘတိုးအထဲသို့ဝင်ခဲ့သည်ကိုပင် ထိုနှစ်ဦးက သတိမမူမိကြပေ၊ ဘတိုးလည်း ဘာမှမပြောတော့ဘဲ သူ့မိန်းမ၏ လည်ပင်းအား ဓါးဖြင့်ခုတ်ပိုင်းချထည့်လိုက်သည်။ သူ့မိန်းမမှာ ဘာမှမသိလိုက်သေးခင်မှာပင် ခေါင်းက ကြမ်းပြင်ပေါ်သို့ ပြတ်ကျသွားလေသည်။ သူ့အကို ဘစိုးကတော့ ဘတိုးအား ကြောက်လန့်တကြားဖြင့်ကြည့်သည်။
“ဟာ၊ ညီလေး၊ မှားမယ်၊ မှားမယ်”
“ဘာမှားတာလဲအကိုကြီးရ၊ ကျုပ်က လူသတ်တော့မှားတာတဲ့လား၊ အကိုကြီးနဲ့ ကျုပ်မိန်းမတို့ ဖောက်ပြားနေကြတာကရော အမှားမဟုတ်ဘူးလား”
ဘတိုးက ထိုသို့ပြောလိုက်ရင်း ဘစိုးအား ဓါးဖြင့်ခုတ်လိုက်လေသည်။ သို့သော် ဘစိုးက ဓါးချက်ကိုငုံ့ရှောင်လိုက်ကာ ဘတိုး၏ ရင်ဝအား ခြေထောက်ဖြင့်ကန်လိုက်သဖြင့် ဘတိုးတစ်ယောက်လွင့်ထွက်သွားကာ မီးဖိုချောင်နံရံကြီးပင် ပွင့်ထွက်သွားလေသည်။
“ညီလေး၊ ငါ့ညီနဲ့ငါနဲ့ ပြဿနာမဖြစ်ချင်ဘူးကွာ”
ဘတိုးက အတင်းခုန်ထပြီးနောက် ဘစိုးရင်ဝကို ဒူးနှင့်တိုက်ချလိုက်ပြန်သည်။ ဘစိုးမှာလည်း ဘတိုး၏တိုက်ချက်ကိုခံလိုက်ရပြီးနောက် အနောက်သို့လွင့်ထွက်သွားကာ မီးဖိုချောင်အခန်းနံရံကြီး ပေါက်ထွက်သွားပြန်သည်။ ဘစိုးက အံ့သြစွာဖြင့် ဘတိုးအားကြည့်ရင်း
“ညီလေး၊ မင်း . . မင်းလည်း”
“ဟား၊ ဟား၊ ဟုတ်တယ်၊ ကျုပ်လည်း ဆမန်းကောင်ပဲ၊ ဘာလဲ အကိုကြီးက ကိုယ်တစ်ယောက်ပဲ ဆမန်းကောင်ဖြစ်ချင်နေတာလား”
သို့နှင့် ဘတိုးတို့ညီအကိုနှစ်ဦးမှာ အချင်းချင်းတိုက်ခိုက်ကြတော့သည်။ ဘစိုးက မီးဖိုချောင်အတွင်းရှိ ထွာဆိုင်ခန့်ရှိသည့် တိုင်လုံးကြီးတစ်လုံးကိုဖြုတ်လိုက်ပြီးနောက် ဘတိုးအား ဘယ်ပြန်ညာပြန်လှည့်ရိုက်ပြန်သည်။ ဘတိုးလည်း တိုင်ရိုက်ချက်များကို အလူးအလဲခံရသည်။ သို့သော် ထူးဆန်းသည်မှာ နာကျင်မှုကိုသာခံစားရပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများမှာ မကျိုးပဲ့၊ မပျက်စီးခြင်းပင်ဖြစ်သည်။
ဘတိုးလည်း ကုန်းထလိုက်ကာ အိမ်တိုင်ကြီးကို လက်နှစ်ဖက်ဖြင့်ဖြုတ်ယူလိုက်သည်။ ထို့ောနက် ထိုအိမ်တိုင်ကြီးဖြင့် သူ့ကိုဖြစ်သူကို ရိုက်နှက်ပြန်သည်။ ဘစိုးလည်း အိမ်တိုင်တစ်တိုင်ကို ပြေးဖြုတ်သည့်အခါ သူတို့နှစ်ထပ်အိမ်ကြီးမှာ တစ်ဖက်သို့စောင်းနင်းကာ ပြိုကျလေတော့သည်။ ရွာသူရွာသားများမှာ ပြေးလာရင်း ဘတိုးတို့ကိုလာကြည့်ကြသည်။ အိမ်တိုင်ကြီးများဖြုတ်ကာ တစ်ယောက်နှင့်တစ်ယောက် ရိုက်နှက်နေရင်း မျက်လုံးများမှာလည်း အလင်းရောင်များ ဝင်းဝင်းလက်နေသည့် သူတို့အားကြည့်လျှက်
“ဟာ၊ ဘတိုးတို့ညီအကိုက မကောင်းဆိုးဝါးကြီးတွေပဲ”
“ဟုတ်တယ်၊ ကြာရင်ငါတို့ဖက်ကို လှည့််လာနိုင်တယ်၊ ပြေးကြဟေ့”
ရွာသူရွာသားများမှာ အားလုံးထွက်ပြေးကုန်ကြလေသည်။ အိမ်တိုင်နှင့် တော်ရုံရိုက်၍ အနိင်မရမှန်း ဘတိုးသိလိုက်သည်မို့ အနောက်သို့ကျွမ်းပစ်ကာ ခုန်ဆု်တ်လိုက်သည်။ ထိုအခါ သူ့အသွေးအသားများထဲတွင် စွမ်းအားတစ်ခုက ပြေးလွှားလှုပ်ရှားနေသည့်အတွက် ဘတိုးလည်း ကောင်းကင်ကိုမော့ကြည့်ကာ ပါးစပ်ကိုဖြဲလျှက် အော်ဟစ်လိုက်လေသည်။
“ဝေါင်း . . .”
ိသို့သော် အော်သံက လူသံထွက်မလာဘဲ ကျားသံကြီးသာထွက်လာသည်။ ထို့နောက် ဘတိုးမှာ ကျားတစ်ပိုင်း လူတစ်ပိုင်းအဖြစ်သို့ အလျှင်အမြန်ပြောင်းလဲသွားသည်။ သူ့ကို ဘစိုးမှာ ဘတိုးကိုကြည့်လျှက် အလွန်အံ့သြနေလေသည်။ မကြာခင်မှာပင် ဘတိုးမှာ ကျားကြီးတစ်ကောင်ဖြစ်သွားတော့သည်။
ဘတိုးက ဘစိုးအားခုန်အုပ်ကာ တိုက်ခိုက်တော့သည်။ နားထဲတွင်လည်း ကျားကြီးပြောခဲ့သည့်် စကားများကို ပြန်လည်ကြားယောင်နေမိသည်။
“သတ်ချင်ရင်၊ အပိုင်းပိုင်းအစိတ်စိတ်ဖြစ်အောင်သတ်ကွ”
ထိုတော့မှ ဘတိုးလည်း အကိုဖြစ်သူ၏ လက်များခြေများကို ကိုက်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်လိုက်တော့သည်။ မနက်မိုးလင်းသည့်အခါ ရွာကလေးတွင် သူများရှင်းလင်းသွားပြီဖြစ်သည်။ ဘတိုးတစ်ယောက်သာ အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသည့် အကိုဖြစ်သူ၏ ရုပ်အလောင်းနှင့် ခေါင်းပြတ်နေသည့် မိန်းမဖြစ်သူ၏ ရုပ်အလောင်းအလယ်တွင် ငုတ်တုတ်ထိုင်လျှက်ကျန်နေခဲ့သည်။
“မင်းသွားစရာမရှိရင် ညောင်ရွှေဆမန်းစံအိမ်တော်ကိုလာခဲ့”
ထိုစကားကို ပြန်လည်ကြားယောင်ပြီးနောက် ညောင်ရွှေသို့ဆင်းခဲ့တော့သည်။
(၅)
ညောင်ရွှေကျားဖြူစံအိမ်ကြီး၏ မုခ်ဦးကြီးမှာပင် အလွန်ခန့်ညားလှလေသည်။ ဘတိုး စံအိမ်အရှေ့သို့ရောက်သည့်အခါ စံအိမ်တံခါးကိုဖွင့်ခိုင်းသော်လည်း သူ့အားမည်သူမှ ဝင်ခွင့်မပေးပေ၊ သို့နှင့် တံခါးရွက်ကိုအတင်းဆောင့်ကန်ဖွင့်ပြီး ဝင်လာခဲ့ရသည်။ အတွင်းရောက်သည့်အခါ လူကြီးတစ်ဦးက ပြုံးလျှက် ဘတိုးအနီးသို့ တိုးကပ်လာခဲ့သည်။
“သြော်၊ မင်းတောင်ရောက်လာပြီကိုး”
ဘတိုးက ထိုလူကြီးအား မျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်း
“ကျုပ်နဲ့ခင်ဗျားနဲ့သိလို့လား”
“မင်းက ငါဒီပုံစံဖြစ်နေလို့ မမှတ်မိတာနေမှာပါကွ”
ထိုလူကြီးကပြောလိုက်ရင်း လေးဘက်ထောက်လိုက်လေရာ မကြာခင် ကိုးတောင်ရှည်သည့် ကျားကြီးတစ်ကောင်ဖြစ်သွားလေသည်။ ထိုတော့မှ ဘတိုးလည်း ထိုကျားကြီးမှာ သူနှင့်တိုက်ခိုက်ခဲ့သည့် ကျားကြီးဖြစ်နေမှန်းသိလိုက်ရသည်။ ထိုကျားကြီးက မကြာခင်လူအဖြစ်သို့ပြန်လည်ပြောင်းလဲသွားပြီး
“မင်းက ကံကောင်းတာလား၊ ကံဆိုးတာလားတော့မသိဘူး၊ မမျှော်လင့်ဘဲ ဆမန်းကောင်ဖြစ်ခဲ့ရတယ်မဟုတ်လား၊ ကဲပါ မထူးပါဘူး၊ မင်းလည်းဒီရောက်တော့ တခြားဆမန်းကောင်တွေလို စံအိမ်မှ ခစားနေပေါ့”
ဘတိုးလည်း ဘာမှန်းမသိဘဲ ခေါင်းညိတ်လိုက်မိသည်။
“ဒါနဲ့ ခင်ဗျားနာမည်ဘယ်သူလဲ”
“ငါ့နာမည်ခွန်သိုက်၊ ငါက ဒီစံအိမ်ကြီးရဲ့ အိမ်တော်ထိန်းကြီးပေါ့”
“ခင်ဗျားဘာလို့ လူတွေကိုသတ်ရတာလဲ”
“ဆမန်းကျင့်စဉ်ရဲ့ အဆင့်ငါးက အသက်အရွယ်ခုနစ်မျိုးရှိတဲ့ လူခုနစ်ယောက်ကို စားသောက်ရတာမျိုးပဲ”
“အသက်အရွယ်ခုနစ်မျိုးဆိုတာက”
“အသက်အကြီးအငယ် မတူတာကိုပြောတာပါ၊ မင်းအဖေကို စားခဲ့မိတဲ့အတွက် ငါစိတ်မကောင်းပါဘူးကွာ၊ ဒါနဲ့ မင်းနာမည်ရော ဘယ်လိုခေါ်သလဲ”
“ကျုပ်နာမည်ဘတိုး”
ဦးခွန်သိုက်က ခေါင်းညိတ်လျှက်
“ကောင်းပြီလေ၊ မင်းငါ့အနားမှာပဲနေပါ၊ မင်းငါ့ကိုတစ်ခုကူညီပေါ့”
“ကျုပ်က ဘာကူညီရမှာလဲ”
ထိုအခါ ဦးခွန်သိုက်က ဘတိုးကိုခေါ်ဆောင်သွားသည်။ ထိုစံအိမ်ကြီးအတွင်း ရှိသမျှလူအားလုံးမှာ ဘတိုးကဲ့သို့ဆမန်းကောင်များဖြစ်ကြောင်းသိရသည်။ ဦးခွန်သိုက်က ဘတိုးကို ကျားဖြူသခင်ကြီးနှင့်မိတ်ဆက်ပေးပြီးနောက် ဘတိုးအားညောင်ရွှေကျားဖြူစံအိမ်တွင် အဖွဲ့သွင်းပေးလိုက်တော့သည်။
သုံးရက်ခန့်ကြာသည့်အခါ ဘတိုးအား ဦးခွန်သိုက်က မိုင်းသောက်မြို့သို့ လှည်းတစ်စီးဖြင့််ခေါ်ဆောင်သွားလေသည်။ မိုင်းသောက်မြို့အပြင်ဘက်ရှိ တောင်ကုန်းကလေးတစ်ခုအပေါ်တွင် ခြံနှင့်အိမ်ကလေးတစ်လုံးရှိသည်။ ထိုခြံကလေးအတွင်းတွင် မြင်းလှည်းအားရပ်နားပြီးသည့်အခါ ဦးခွန်သိုက်နှင့် ဘတိုးတို့မှာ အိမ်အတွင်းသို့ဝင်လာခဲ့ကြသည်။ ထိုအခါ အိမ်ထဲမှ အသက်ကြီးကြီး ခေါင်းတုံးပြောင်ပြောင်နှင့်် အနက်ရောငအဝတ်အစားများကို ဝတ်ထားသည့် လူကြီးတစ်ဦးထွက်လာခဲ့သည်။ ထိုလူကြီးက ဘတိုးအားလက်ညှိုးထိုးလိုက်ကာ
“ဒီကောင်လေးက စိတ်ချရရဲ့လား”
“စိတ်ချရပါတယ်၊ တစ်အချက်ကတော့ ဒီကောင်လေးက စံအိမ်ကလူမဟုတ်ဘူး၊ အခုမှစံအိမ်ကိုရောက်လာတာဆိုတော့ ဒီကောင်လေးဘယ်သူမှန်း ကျန်တဲ့သူတွေက မသိကြဘူး၊ သူကလည်း ဘယ်သူနဲ့မှအဆက်မသွယ်မရှိသေးဘူးဆိုတော့ ကျုပ်တို့လုပ်ငန်းအတွက် စိတ်ချရလောက်မှာပါ”
ဦးခွန်သိုက်က ပြောလိုက်သည့်အခါ ထိုလူကြီးက အနားသို့တိုးကပ်လာပြီး ရေနွေးကြမ်းတစ်ခွက်ကိုချပေးသည်။ ရေနွေးကြမ်းအထဲတွင်လည်း လက်ဖက်ရိုးကလေးက ထောင်နေသေးသည်။ ဘတိုးလည်း ရေနွေးခွက်အား ကောက်သောက်ပစ်ချလိုက်သည်။ သို့သော် လက်ဖက်ရိုးကလေးမှာ ဘတိုးပါးစပ်တွင်းရောက်သည့်အခါ အသက်ရှင်နေသကဲ့သို့ လှုပ်ရှားသွားပြီး ဘတိုး၏လည်ချောင်းအတွင်းသို့ ဆင်းသွားလေရာ ဘတိုးမှာ အံ့သြသွားသဖြင့် လည်ပင်းကိုလက်နှင့်ဖိထားလိုက်သည်။
ထိုအခါ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူကြီးက တစ်ချက်ပြုံးလိုက်ရင်း
“ဟား၊ ဟား မင်းဗိုက်ထဲကို ဆေးပိုးနွယ်ဝင်သွားခဲ့ပြီ၊ တကယ်လို့ မင်းသာ ငါတို့ကိုသစ္စာဖောက်မယ်ဆိုရင် ငါက အဲဒီဆေးပိုးနွယ်ကိုအသက်ရှင်ခိုင်းလိုက်မယ်၊ ဒါဆိုရင် မင်းက လူစင်စစ်ကနေ သစ်ပင်ကြီးတစ်ပင်ဖြစ်သွားလိမ့်မယ်”
ထိုလူကြီးပြောသည့်အခါ ဘတိုးလည်းအလွန်တုန်လှုပ်သွားလေသည်။
“ကဲ ဘတိုး၊ ဟောဒါကတော့ မောက်မောက်ကြီးလို့ခေါ်တယ်၊ ငါတို့နဲ့အတူတူ လှို့ဝှက်အစီအစဉ်လုပ်မယ့်သူပေါ့”
ဦးခွန်သိုက်ပြောတော့မှ ဘတိုးက
“ဘာ အစီအစဉ်လဲ”
“ဆမန်းကောင်အချင်းချင်း မျိုးဖောက်တဲ့အစီအစဉ်ပေါ့ကွာ”
မောက်မောက်ကြီးက သူတို့နှစ်ဦးအား အခန်းတစ်ခုအတွင်းသို့ ခေါ်သွားလေသည်။ ထိုအခန်းထဲတွင် ကြေးဖြင့်ပြုလုပ်ထားသည့် ဘဲဥပုံအလုံးကြီးတစ်ခုရှိသည်။ ထိုအလုံးကြီးအောက်တွင်လည်း ဘတိုးမသိရှိသည့် စက်ကိရိယာများကိုတပ်ဆင်ထားသေးသည်။ ဦးခွန်သိုက်က ဘတိုးအား ခုံတစ်ခုတွင် ထိုင်စေလျှက်
“ဆမန်းကောင်တွေအကြောင်းပြောမယ်ဆိုရင် ဆမန်းကောင်တွေက မျိုးမပွားနိုင်ဘူး၊ ဒါပေမယ့် ဆမန်းကောင်ရဲ့သွေးကိုသောက်မိရင် အဲဒီဆမန်းကောင်ရရှိလက်ခံထားတဲ့ ကျိန်စာကိုသွေးသောက်တဲ့လူက လက်ခံရရှိပြီးတော့ သူလည်းဆမန်းကောင်ဖြစ်သွားတတ်တယ်၊ မင်းလိုပေါ့”
ဦးခွန်သိုက်က ဘတိုးအားလက်ညှိုးထိုးလိုက်သည့်အခါ ဘတိုးလည်းခေါင်းညိတ်လိုက်သည်။
“တကယ်လို့ ဆမန်းကောင်တွေသာ အချင်းချင်းမျိုးပွားနိုင်မယ်ဆိုရင် ပိုမိုအဆင့်အတန်းမြင့်ပြီး သန့်စင်တဲ့ဆမန်းကောင်တွေ ထွက်လာလိမ့်မယ်လို့ ကျားဖြူသခင်ကြီးက ယူဆထားတယ်၊ ဒါကြောင့်မို့ သူတို့က ဟောဒီက မောက်မောက်ကြီးရဲ့ ဆေးပညာအကူအညီနဲ့ ဆမန်းကောင်အချင်းချင်းမျိုးပွားဖန်တီးဖို့ စမ်းသပ်ကြလိမ့်မယ်”
“ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ”
“မင်းလုပ်ရမှာကတော့ ဟောဒီကြေးဘဲဥကြီးကို စောင့်ကြည့်ပေးဖို့ပဲ”
ဦးခွန်သိုက်ပြောလိုက်သည့်အချိန်တွင် မောက်မောက်ကြီးက ကြေးဘဲဥကြီး၏ အဖုံးကို ဖွင့်လိုက်သည့်အခါ အတွင်းမှ အခိုးအငွေ့များထွက်ပေါ်လာပြီးနောက် ဖန်ဖြင့်ပြုလုပ်ထားသည့် အချောင်းကလေးတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ထိုအချောင်းကလေးထဲတွင်တော့ ကြွက်သားပေါက်ကလေးသဖွယ် တစ်ကိုယ်လုံးကိုဖောက်ထွင်းမြင်နေရသည့်် အကောင်ကလေးတစ်ကောင်က တွယ်ကပ်နေလေသည်။
“အဲ . . . အဲဒါဘာလဲ”
“ငါတို့စမ်းသပ်မှုရဲ့ရလဒ်ပေါ့ကွာ၊ ဒီတော့ မင်းက အခုအချိန်ကစပြီး ဒီအကောင်လေးကို စောင့်ရှောက်ပေးရလိမ့်မယ်၊ တစ်နေ့ကို ဆယ့်ငါးခါ ဟောဒီကြေးဘဲဥကို ဟိုဖက်ဒီဖက်လှည့်ပေးရမယ်၊ ပြီးတော့ အထဲကို ဟောဒီဆေးရည်ကလေးတွေ တစ်စက် တစ်စက်ထည့်ပေးရလိမ့်မယ်”
“ကျုပ်အတွက်တော့ ဘာမှမခက်ပါဘူး”
ဦးခွန်သိုက်က ဘတိုးအနီးသို့တိုးကပ်လိုက်ပြီး
“ဒီဟာက ဘာမှမခက်ပေမယ့် တကယ်ခက်တဲ့အပိုင်းကတော့ မင်းနှုတ်လုံဖို့ပဲ၊ ဒီအကြောင်းတွေကို မင်းဘယ်သူ့ကိုမှမပြောရဘူး၊ ယုတ်စွအဆုံး ကျားဖြူသခင်ကြီးကိုတောင်မှ မပြောရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဆမန်းကောင်မျိုးပွားလို့ရတဲ့ ကိစ္စက အရေးကြီးပြီး အရမ်းလည်း အန္တာရာယ်များတဲ့ ကိစ္စမို့လို့ပဲ”
“ကျုပ်နားလည်ပါပြီ”
သို့နှင့် ဘတိုးတစ်ယောက် မောက်မောက်ကြီးအိမ်တွင်သာ နေထိုင်ရင်း ကြေးဘဲဥကြိးကို အဖော်ပြုရတော့သည်။ မောက်မောက်ကြီးမှာ တစ်နေ့လုံး အလုပ်ရှုပ်နေလေရာ ဘတိုးက မောက်မောက်ကြီးစီစဉ်ပေးထားသည့် ရေနာရီကိုကြည့်ရင်း အချိန်ကျသည်နှင့် ကြေးဘဲဥကြီးကိုလှည့်ပေးရလေတော့သည်။ သို့သော် ထိုကြေးဘဲဥကြီးကို မောက်မောက်ကြီးမှလွဲပြီး အခြားသူများဖွင့်ကြည့်ခွင့်မရှိပေ။
ဦးခွန်သိုက်မှာလည်း မကြာမကြာလာကြည့်လေသည်။ သုံးလခန့်ကြာသည့်အခါ ဦးခွန်သိုက်နှင့်် မောက်မောက်ကြီးတို့မှာ ခေါင်းချင်းဆိုင်လျှက် တစ်ခုခုကိုစိုးရိမ်တကြီးဖြစ်နေကြလေရာ ဘတိုးပင်အံ့သြနေမိသည်။
“ဘာတွေများဖြစ်နေလို့လဲ”
“ငါတို့ စမ်းသပ်မှုမအောင်မြင်ခဲ့ဘူး၊ အခု ကျားဖြူသခင်ကြီးက ဒီစမ်းသပ်မှုကို ဖျက်သိမ်းချင်နေပြီ”
“ဘာ . . . ဘာများဖြစ်လို့လဲ”
ထိုအခါ မောက်မောက်ကြီးမှာ ကြေးဘဲဥကြီးကို လှန်လိုက်လေသည်။ ကြေးဘဲဥကြီးအထဲတွင် ကြောင်ပေါက်အရွယ်သာရှိသည့် ကျားကလေးကိုတွေ့ရသည်။ သို့သော် ကျားကလေး၏ ဦးခေါင်းမှာ နှစ်ခုဖြစ်နေလေသည်။
“ဒီကလေးတွေကို စွန့်ပစ်မယ်တဲ့လား”
“ခေါင်းနှစ်လုံးနဲ့ကျားဟာ ကျားဖြူစံအိမ်တော်ကို အရှက်ရစေမယ်လို့ ကျားဖြူသခင်ကြီးက ယူဆတယ်၊ ကဲပါလေ ငါတို့ဘာလုပ်ကြမလဲဆိုတာကို မပြောတော့ပါဘူး၊ အခုပဲ ကျားဖြူသခင်ကြီးဆီကို အခစားဝင်ကြတာပေါ့”
မောက်မောက်ကြီးနှင့် ဦးခွန်သိုက်တို့လည်း ကြေးဘဲဥကြီးကို ဘတိုးအား ပိုက်ခိုင်းလျှက် မြင်းလှည်းတစ်စီးဖြင့် ညောင်ရွှေသို့ ပြန်လာခဲ့ကြသည်။ လူခြေတိတ်သည့် ညည့်သန်းခောင်ယံအချိန်မှာသာ ကျားဖြူသခင်ကြီးူနှင့် တွေ့ဆုံရသည်။ ကျားဖြူသခင်ကြီးူမှာ ကြေးဘဲဥအတွင်းမှ ခေါင်းနှစ်လုံးနှင့်ကျားကလေးအားတွေ့သည့်အခါ အလွန်ဒေါသထွက်လျှက် ကလေးငယ်ကိုကောက်ယူလိုက်ကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်လေသည်။ ကျားကလေးမှာ အသားကုန်အော်ဟစ်တော့သည်။ ဘတိုးလည်း ကျားကလေးအား ကြေးဘဲဥကြီးအတွင်း ပြန်ကောက်ယူကာ ထည့်ထားလိုက်သည်။
“ဒါငါ့ကိုသက်သက်အရှက်ခွဲသလိုဖြစ်နေပြီမောက်မောက်ကြီး၊ ဒီကလေးကိုငါမယူဘူး၊ ဆမန်းကောင်တွေက မျိုးပွားလို့မရဘူးဆိုတာကို မင်းသိရက်နဲ့ လုပ်ခဲ့မိတာ မင်းအပြစ်ပဲ”
မောက်မောက်ကြီးလည်း ဘာမှမပြောနိုင်တော့ပေ၊ ကျားဖြူသခင်ကြီးက ဦးခွန်သိုက်ဘက်သို့လှည့်လိုက်ပြီး
“ကဲခွန်သိုက်၊ ဒီကလေးကို မင်းရှင်းလိုက်တော့”
ထိုအခါ ဦးခွန်သိုက်က ဘတိုးကိုလှည့်ကြည့်ပြီး
“ဘတိုး၊ ဒီကလေးကိုခေါ်သွားပြီး တစ်နေရာမှာသုတ်သင်လိုက်”
ထိုအခါ ကျားဖြူသခင်ကြီးက
“နေအုံး၊ ကျားက ကျားကိုပြန်မသတ်ရဘူးဆိုတာ သဘာဝစည်းမျဉ်းတစ်ခုပဲ၊ ဘတိုးက ကျားဆိုတော့ ကျားကိုပြန်သတ်လို့မရဘူး”
ဦးခွန်သိုက်က စဉ်းစားရင်း
“ဒါဆိုရင် မပူပါနဲ့၊ ဘတိုးကို သင်းခွဲလိုက်မယ်”
ဘတိုးလည်း မျက်လုံးပြူးသွားသည်။
“ဘာ၊ သင်းခွဲမယ်ဟုတ်လား”
ဦးခွန်သိုက်က ဘတိုးကိုဖမ်းချုပ်လိုက်သည့်အခါ ကျားဖြူသခင်ကြီးက ဘတိုး၏အနီးသို့တိုးကပ်လာခဲ့သည်။ ထို့နောက် ဘတိုး၏ ညာဖက်လက်အား လက်ဖြင့်ဆွဲကိုင်လိုက်ရင်း
“မင်းကို ဒီနေ့ကစပြီးငါတို့အသင်းကနေ သင်းခွဲလိုက်ပြီ၊ မင်းဟာ ဆမန်းတစ်ကောင်ဖြစ်နေဆဲပဲဆိုပေမယ့် မင်းရဲ့အစွမ်းတွေအကုန်လုံးကို ငါပိတ်ပင်လိုက်ပြီ”
ကျားဖြူသခင်ကြီးက ထိုသို့ပြောပြီးနောက် သူ့လက်တွင်ဝတ်ဆင်ထားသည့် လက်စွပ်တစ်ခုအား ဆီမီးအလင်းတိုင်ထဲသီု့ထည့်လိုက်ကာ မီးကင်လိုက်သည်။ ရွှေဖြင့်ပြုလုပ်ထားသည့် လက်စွပ်မှာ မကြာခင် မီးများစွဲလောင်ကာ နီမြန်းလာလေရာ ဘတိုး၏ လက်ဖျံကို ထိုလပ်စွပ်ထိပ်စနှင့် ဆောင့်ထိုးလိုက်လေသည်။ ဘတိုးလည်း နာကျင်စွာနှင့် အော်ဟစ်နေမိသည်။ ထို့နောက် ညောင်ရွှေစံအိမ်မှ ဘတိုးကို နှင်လွှတ်လိုက်ကြသည်။ ဘတိုးလည်း ကျားကလေးကိုခေါ်ဆောင်ရင်း တောအုပ်အတွင်းသို့ရောက်လာခဲ့သည်။ ထိုကျားကလေးကို သတ်ဖြတ်ချင်သော်လည်း သနားသဖြင့် မသတ်ဖြတ်တော့ဘဲ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ထားခဲ့လေသည်။
ဘတိုးလည်း စိတ်နာသွားသဖြင့် ကျားများကိုသတ်ဖြတ်ရန်အတွက် ကျားဖမ်းသည့် ကျားမုဆိုးအဖွဲ့အတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ ကျားမုဆိုးဘတိုးဟု အမည်တွင်သွားလေသည်။
(၆)
“လက်စသတ်တော့ ဒီလိုကိုး၊ ကျုပ်ကတော့ ခင်ဗျားကို .. .”
ငခမ်းက စကားပြောလိုက်သည့်အခါ ဘတိုးက ငခမ်း၏ ပါးစပ်ကိုလက်ဖြင့်ပိတ်လိုက်လေသည်။
“သေချာနားထောင်စမ်း”
ငခမ်းလည်း နားကိုစွင့်လျှက် သေချာနားထောင်လိုက်သည်။ ပတ်ဝန်းကျင်တွင် လေတိုက်ခတ်သဖြင့် သစ်ပင်များတရှဲရှဲမြည်နေသည့်အသံမှအပ အခြားအသံများကိုမကြားရပေ။ သို့သော် နားထောင်နေရင်း မိုးရွာတော့မည့်နှယ် မိုးအော်သံများကို အဝေးမှ ကြားရလေသည်။
“မိုးရွာတော့မယ်ထင်တယ်၊ မိုးတွေအော်လာတယ်”
ထိုအခါ ဘတိုးက ခေါင်းခါလိုက်ပြီး အိပ်ပျော်နေသည့် ကလေးနှစ်ယောက်ကိုလှုပ်နှိုးကာ ထမ်းလိုက်လေသည်။ ထို့နောက် သူတို့ထိုင်နေသည့် အိမ်ကြမ်းပြင်ကို ခြေဖြင့်ဆောင့်လိုက်ရာ အိမ်ကြမ်းပြင်ကြီးူမှာ အပေါက်ကြီးဖြစ်သွားပြီး ဘတိုးမှာ အိမ်အောက်သို့ခုန်ဆင်းသွားတော့သည်။
“ကိုဘတိုးဘာဖြစ်တာလဲ”
“အဲဒါမိုးတွေလာနေတာမဟုတ်ဘူး၊ မြှားတံတွေလာနေတာကွ”
လုံဒီကလည်း ဘတိုးအနောက်သို့ခုန်ဆင်းလိုက်သည်။ ငခမ်းကတော့ မယုံပေ။
“ဟုတ်ပါ့မလား ကိုဘတိုးရဲ့၊ မြားတံတွေက မိုးတွေရွာသလို လာပါ့မလား”
ငခမ်းက အိမ်အရှေ့သို့ထွက်လိုက်ပြီး မိုးကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ထိုအခါ ဘတိုးပြောသည့်အတိုင်း မိုးကောင်းကင်ပေါ်မှ မြောက်များလှစွာသော မြှားတံများမှာ မိုးလုံးပြည့်မျှ ဆင်းသက်လာတော့လေသည်။
ငခမ်းလည်း ကြောက်ရွံ့သွားပြီး လင်းနို့တောင်ပံကြီးကိုထုတ်လိုက်ကာ ကိုယ့်ကိုယ်ကိုယ်လွှမ်းခြုံလျှက် ကာကွယ်ထားရတော့သည်။ ကောင်းကင်ပေါ်မှ မြှားတံများက မိုးရွာသည့်နှယ် အများအပြားကျဆင်းလာလေသည်။ သံသားကဲ့သို့ မာကျောလှသည့် ငခမ်း၏ လင်းနို့တောင်ပံများကိုပင် မြားတံများက ဖောက်ထွင်းနိုင်စွမ်းရှိလေသည်။ အချိန်ခဏကြာသည့်အခါ သဲသဲမဲမဲကျဆင်းနေသည့် မြှားတံများမှာ ကုန်ဆုံးသွားလေသည်။ သူတို့နေထိုင်ခဲ့သည့် အိမ်ကလေးပေါ်တွင်လည်း မြားတံများက စိုက်ဝင်နေသလို မြေပြင်တွင်လည်း မြှားတံများက မြက်ပင်များနှယ် ထိုးထိုးထောင်ထောင်နှင့် စိုက်နေကြလေသည်။ ထိုစဉ် မိုးကောင်းကင်ပေါ်မှ လူတစ်ဦးက ခုန်ဆင်းလာလေသည်။ ထိုသူမှာ လေးနှင့်မြှားကို ကိုင်စွဲထားပြီးနောက် ငခမ်းအရှေ့ခပ်လှမ်းလှမ်းတွင် ကျဆင်းသွားလေသည်။
“ဟင်၊ မုန်တိုင်းပါလား”
ခေါင်းငုံ့နေသည့်မုန်တိုင်းက မျက်နှာကိုမော့လိုက်သည်။ ထိုအခါ မုန်တိုင်း၏ မျက်လုံးများမှာ ဝါရွှေရောင်အဆင်းဖြင့် ဝင်းလက်နေလေသည်။ ငခမ်းက အံ့သြစွာဖြင့်ကြည့်နေချိန်မှာပင် မုန်တိုင်းပစ်လွှတ်လိုက်သည့်မြှားတံသုံးစင်းက ငခမ်းရင်ဝကိုလာရောက်စိုက်မှန်သွားလေသည်။
“မုန်တိုင်း မင်းဘာလုပ်တာလဲ”
“ဘယ်ကမုန်တိုင်းလဲ”
မုန်တိုင်းမှာ ငခမ်းကိုပင် မှတ်မိပုံမရဘဲ ငခမ်းအား လေးနှင့်ထိုးချိန်လိုက်တော့သည်။
ပြီးပါပြီ၊
နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ရွှေရောင်ဝတ်ရည် တွင် ဆက်လက်ဖတ်ရှုပါ။