အတွဲ(၃) အပိုင်း (၅)
(၁)
မိုးဗြဲ လင်းဆွဲလှိုဏ်ဂူအတွင်းဖြစ်သည်။ လင်းဆွဲအကောင်ပေါင်းများစွာက လှိုဏ်ဂူကြီးအတွင်းရှိ ကျောက်သားနံရံများတွင် ဇောက်ထိုးဆွဲလျှက် အသံစူးစူးဝါးဝါးနှင့် အော်ဟစ်နေလေရာ ကျောက်ဂူကြီးတစ်ခုလုံး ဆူညံနေတော့သည်။ ထိုလင်းဆွဲများ၏ အောက်ဘက် ဂူကြမ်းပြင်တွင်တော့ မြက်ဖျာများခင်းထားပြီး ထိုဖျာများပေါ်တွင် မုန်တိုင်းနှင့် ပျံလွှားတို့က ငြိမ်သက်စွာ လဲလျောင်းနေကြသည်။ မုန်တိုင်းနှင့် ပျံလွှားတို့ နှစ်ဦး၏ ခေါင်းရင်းတွင်တော့ စည်သူက ငုတ်တုတ်ထိုင်နေလေသည်။
ထိုစဉ်မှာပင် ကျောက်ဂူနံရံရှိလင်းဆွဲများမှာ အုပ်စုဖွဲ့ကာ ပျံသန်းနေကြပြီးနောက် လင်းဆွဲတစ်သောင်း သခင်ကြီးအဖြစ်သို့ပြောင်းလဲသွားလေသည်။ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ စည်သူထံသို့ တစ်လှမ်းခြင်းလျှောက်လာခဲ့သည်။
“ခင်ဗျားပဲ သူတို့ကို ကယ်ပေးမယ်လို့ ပြောထားတယ်မဟုတ်လား”
စည်သူက အရင်ဆုံးစကားစပြောလိုက်လေသည်။ လင်းဆွဲတစ်သောင်းသခင်ကြီးက ခေါင်းညိတ်လျှက်
“ဘာမှ မပူပါနဲ့၊ သူတို့က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတာပါ”
“ဒါဆိုရင်လည်း သူတို့ကိုပြန်နှိုးပေးပါ”
လင်းဆွဲတစ်သောင်းသခင်ကြီးက ရယ်မောလိုက်ကာ
“ဒါကတော့ မင်းအပေါ်မူတည်တယ်၊ သိုင်းသမားကြီး”
“ကျုပ်နာမည်စည်သူ”
လင်းဆွဲတစ်သောင်းသခင်ကြီးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် စည်သူအားလက်ညှိုးထိုးလျှက်
“မင်းငါ့အတွက် တစ်ခုလုပ်ပေးရမယ်စည်သူ၊ အဲဒီအရာကို မင်းအောင်မြင်သွားပြီဆိုတာနဲ့ မင်းကိုရော၊ သူတို့နှစ်ယောက်ကိုပါ ငါလွှတ်ပေးမယ်”
“ကျုပ်ကို ခင်ဗျားတို့မွေးထားတဲ့ခွေးတစ်ကောင်လို ခိုင်းချင်တိုင်းခိုင်းလို့ရမယ်လို့ထင်နေတာလား”
စည်သူကပြောလိုက်သည့်အခါ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ ခပ်ထေ့ထေ့ရယ်မောလိုက်ရင်း
“ဒါဆိုရင်တော့ ခင်ဗျားလည်း ဒီလှိုဏ်ဂူကနေ အသက်ရှင်လျက်ထွက်သွားဖို့ မစဉ်းစားနဲ့၊ နောက်ပြီး ဒီနှစ်ယောက်လည်း ဘယ်တော့မှမနိုးတော့မယ့် အိပ်ခြင်းနဲ့ ဒီဂူထဲမှာ အိပ်စက်သွားရမလိမ့်မယ်”
မုန်တိုင်း၊ ပျံလွှားတို့နှင့် အကြပ်ကိုင်နေသည်မို့ စည်သူတစ်ယောက် မတတ်နိုင်တော့ပေ၊ သက်ပြင်းတစ်ချက်ကို ခပ်ရှည်ရှည်ချလိုက်ပြီး
“ပြော . . . ၊ ကျုပ်ဘာလုပ်ပေးရမှာလဲ”
“ကျုပ်တို့ဆမန်းစံအိမ်တော်က သခင်ကြီးတွေဆိုတာ အချင်းချင်းညီအကိုတော်ကြတယ်ဆိုပေမယ့် နှစ်တွေကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်စိမ်းကားလာပြီးတော့ တစ်ယောက်ရဲ့ပိုင်နက်နယ်မြေကို တစ်ယောက်က ကျူးကျော်ထိပါးဖို့ စော်ကားလာခဲ့ကြတယ်”
“မိုးမိတ်က ကျုပ်အကိုကြီးက ကျုပ်ကိုအငယ်ဆုံးပါဆိုပြီးတော့ မထီမဲ့မြင်ပြုလာခဲ့တယ်၊ ကျုပ်တို့ မိုးဗြဲစံအိမ်ကို တိုက်ခိုက်လာခဲ့တယ်၊ ဒီအတွက် ကျုပ်တို့ကလည်း တန်ပြန်ခုခံခဲ့ရတယ်၊ ဒီလိုနဲ့ ဆမန်းစံအိမ်တွေကြားမှာ အရုပ်ဆိုးအကျည်းတန်လှတဲ့ စစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့တယ်”
လင်းဆွဲတစ်သောင်းသခင်ကြီးက စည်သူ့ကိုကျောပေးကာ လှည့်လိုက်ရင်း ကျောက်နံရံကြီးတစ်ခုအရှေ့တွင်ရပ်လိုက်လေသည်။ ထို့နောက် လက်ဖျောက်တီးလိုက်သည့်အခါ မီးတောက်များက ရုတ်ခြည်းထွက်ပေါ်လာသဖြင့် နံရံကြီးမှာထိန်လင်းသွားလေသည်။ ထိုနံရံတွင်တော့ ဆမန်းကောင်များ ဖြန့်ကျက်စိုးစံလျှက်ရှိသည့် ရှမ်းပြည်တစ်ခွင်ရှိ နယ်မြေများကို ရေးဆွဲထွင်းထုထားသည့် မြေပုံကားချပ်ကြီးတစ်ခုရှိလေသည်။
“ဒါပေမယ့် ကျုပ်တို့လင်းဆွဲJဆမန်းတွေကို သူတို့တွေမယှဉ်နိုင်ခဲ့ဘူး၊ ဒီလိုနဲ့ မိုးမိတ်က အကိုကြီးတို့ရဲ့ဆမန်းကောင်တပ်ဖွဲ့တွေ အထိအခိုက် အကျအဆုံးများစွာနဲ့ ဆုတ်ခွာကြရတယ်၊ ကျုပ်လည်း မိုးမိတ်က အကိုကို စိတ်နာတာနဲ့ သူတို့အနောက်ကိုလိုက်လံတိုက်ခိုက်ရင်း မိုးမိတ်စံအိမ်တော်ကိုပါရလိုက်တယ်၊ မိုးမိတ်က ဆမန်းအိမ်တော်ကိုလည်း ဖျက်ဆီးခဲ့လိုက်တယ်၊ ဒါကို မကျေနပ်တဲ့ မိုးနဲက အကိုက ကျုပ်ကိုထပ်မံတိုက်ခိုက်ပြန်တယ်၊ ကျုပ်လည်းပြန်ခုခံရင်း မိုးနဲအကိုလည်း မိုးမိတ်က အကိုရဲ့ ခြေလှမ်းနောက်ကို လိုက်ပါသွားရတော့တယ်”
“ဒါတွေခင်ဗျားကို ပြောပြနေရတယ်ဆိုတာ၊ ကျုပ်တို့ ဆမန်းအိမ်တော်တွေကြားက အရှုပ်အထွေးကို ခင်ဗျားမြင်သာအောင်လို့ပဲ”
စည်သူက ခေါင်းညိတ်လျှက်
“ကျုပ် နည်းနည်းပါးပါးတော့ နားလည်ပါပြီ၊ ဒါဆို ကျုပ်အခုလုပ်ရမှာက ဘာလဲ”
လင်းဆွဲတစ်သောင်းသခင်ကြီးက စည်သူပိုက်ထားသည့် ဓါးကိုလက်ညှိုးနှင့်ထိုးပြလျှက်
“လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းက ဟောဒီကဓါးနဲ့ ညောင်ရွှေကျားဖြူစံအိမ်က ကျားဖြူသခင်မကို ခုနှစ်ပိုင်း ပိုင်းဖြတ်ပြီး သတ်ဖြတ်ခဲ့တယ်မဟုတ်လား”
စည်သူက အဆိပ်ဘွားဘွား၏ အိမ်တွင် ကျားဖြူသခင်မနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကိုပြန်လည်အမှတ်ရသွားသည်။ ကျားဖြူသခင်မကို အရိပ်မဲ့ဓါး၏ အပြင်းထန်ဆုံးသိုင်းကွက်ဖြစ်သည့် အရိပ်မဲ့ဓါးခုနစ်ချက်နှင့် ခုတ်ဖြတ်ခဲ့သည့်အဖြစ်ကို ပြန်တွေးကာ သတိရသွားသည်။ လင်းဆွဲတစ်သောင်းသခင်ကြီးက
“အဲဒါပဲ၊ အဲဒီကျားဖြူသခင်မကို ခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့သလို၊ လူတစ်ယောက်ကိုလည်း ခေါင်းဖြတ်ပြီး သုတ်သင်ပေးရမယ်”
“အဲဒီလူက ဘယ်သူလဲ”
“ခင်ဗျားသတ်ခဲ့တဲ့ ကျားဖြူသခင်မရဲ့ ယောက်ျား၊ ညောင်ရွှေကျားဖြူစံအိမ်က ကျားဖြူသခင်ကြီး စပ်ခွန်ဆေ ပဲ”
စည်သူက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း
“သူသေရင် အားလုံးပြီးပြီလား”
“အားလုံးပြီးပြီလို့ မဆိုသာပေမယ့် ဆမန်းစံအိမ်တော်တွေအချင်းချင်းဖြစ်ပွားမယ့် ပဋိပတ်ခ တွေတော့ ချုပ်ငြိမ်းသွားလိမ့်မယ်”
စည်သူလည်း တွေးတောနေလေရာ လင်းဆွဲတစ်သောင်းသခင်ကြီးက
“ခင်ဗျား သေသေချာချာစဉ်းစားနော်၊ ဒီလူတစ်ယောက်သေသွားတာက ဆမန်းကောင်တွေကြား စစ်မက်ဖြစ်ပွားပြီးတော့ လူပေါင်းများစွာ သေကြေပျက်စီးဖြစ်တာကို ကာကွယ်ပေးနိုင်လိမ့်မယ်၊ ပြီးတော့ ခင်ဗျားလူတွေရော၊ ခင်ဗျားရော ကျုပ်ကတိပေးထားတဲ့အတိုင်း လွတ်လပ်သွားလိမ့်မယ်”
နောက်ဆုံး စည်သူက သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းညိတ်လိုက်လေသည်။
“အဲဒီကျားဖြူသခင်ကြီး သေရင် ရပြီမဟုတ်လား”
“ဒီလောက်တော့ မလွယ်ဘူး၊ ကျားဖြူသခငင်ကြီးဆိုတာ ကျုပ်တို့ညီအကိုတွေအားလုံးထဲမှာ အကြီးဆုံးအကိုကြီးပဲ၊ ပြီးတော့ လောလောဆယ် ဆမန်းကျင့်စဉ်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ကိုးဆင့်မြောက်ကို တတ်မြောက်ထားတဲ့လူပဲ”
“ဒါဆို ကျုပ်တစ်ယောက်တည်းနဲ့ သူ့ကိုသတ်နိုင်ပါ့မလားဗျ”
လင်းဆွဲတစ်သောင်းသခင်ကြီးကပြုံးလိုက်ကာ
“မပူပါနဲ့၊ ကျုပ်မှာစီစဉ်ထားတာရှိပါတယ်၊ ကျုပ်စီစဉ်ထားတဲ့အတိုင်းသာလုပ်ရင် ခင်ဗျားအောင်မြင်မှာသေချာတယ်”
စည်သူက ခေါင်းညိတ်လိုက်လေရာ လင်းဆွဲတစ်သောင်းသခင်ကြီးက ကျေနပ်အားရစွာဖြင့် အသံနက်ကြီးနှင့် ရယ်မောလိုက်လေသည်။
(၂)
ညောင်ရွှေကျားဖြူစံအိမ်။
စံအိမ်တံခါးမကြီးကို ဖွင့်လိုက်သည်နှင့် ငခမ်းက မြင်းနက်ကြီးကိုစီးလျှက် စံအိမ်အတွင်းသို့ ခုန်ပေါက်ကာဝင်ရောက်ခဲ့လေသည်။ စံအိမ်အရှေ့တွင်ရှိသည့် မြက်ခင်းပြင်ကြီးကိုဖြတ်သန်းမောင်းနှင်လာပြီးသည့်အခါ စံအိမ်အဝင်၀ အတက်အဆင်းတံခါးနေရာတွင် ကျားဖြူသခင်ကြီးက မတ်တပ်ရပ်ကာ ငခမ်းအားစောင့်မျှော်နေလေသည်။ ငခမ်းလည်း လက်ထဲတွင်အဝတ်စဖြင့်ထုတ်ပိုးထားသည့် ကျားမုဆိုးဘတိုး၏ ဦးခေါင်းပြတ်ကြီးကို ကျားဖြူသခင်ကြီးအရှေ့သို့ပစ်ချပေးလိုက်ရာ ဦးခေါင်းပြတ်မှာ မြေကြီးပေါ်သို့ ဘောလုံးတစ်လုံးနှယ်ကျဆင်းသွားပြီး ကျားဖြူသခင်ကြီး၏ ခြေထောက်ရရင်းသို့လှိမ့်ကာ ငြိမ်သက်သွားလေသည်။ ကျားဖြူသခင်ကြီးက ထိုဦးခေါင်းပြတ်ကြီးကို ခြေထောက်ဖြင့်ခပ်ဖွဖွထောက်နင်းလျှက် အသေအချာကြည့်နေလေသည်။
“အဲဒါ ခင်ဗျားသတ်ခိုင်းတဲ့ ကျားမုဆိုးဘတိုးပဲ”
ထိုအခါ ကျားဖြူသခင်ကြီးက ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် ငခမ်းအားကြည့်လိုက်လေသည်။
“မင်းတော်တယ် ကွမ်ခမ်း၊ မင်း ဒီလောက်မြန်မြန်အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ငါထင်မှတ်မထားတာ အမှန်ပဲ”
“ခင်ဗျားလိုချင်တာ ရပြီမဟုတ်လား၊ ဒါဆိုရင် ကျုပ်လိုချင်တာကိုလည်း ခင်ဗျားပြောပြသင့်ပြီ”
“စိတ်မလောပါနဲ့အုံး ကွမ်ခမ်းရာ၊ လာပါ၊ အိမ်ထဲကိုဝင်ပါအုံး”
ငခမ်းလည်း မြင်းပေါ်မှ လွှားခနဲခုန်ဆင်းလိုက်သည့်အခါ မြင်းကြီးမှာ မိန်းကလေးနွဲ့အသွင်သို့ ပြောင်းလဲသွားလေသည်။ ကျားဖြူသခင်ကြီးမှာ ဘတိုး၏ ဦးခေါင်းပြတ်ကြီးကို ကိုင်ဆောင်ရင်းစံအိမ်အတွင်းသို့ဝင်သွားရာ သူတို့နှစ်ဦးလည်း လိုက်ပါဝင်ရောက်သွားလေသည်။
“မောက်မောက်ကြီး . . . မောက်မောက်ကြီး”
ကျားဖြူသခင်ကြီးက သလွန်တစ်လုံးတွင်ထိုင်လျှက် တစ်စုံတစ်ယောက်ကို အော်ဟစ်ကာ ခေါ်ယူလိုက်လေရာ မောက်မောက်ကြီးဆိုသည့်သူက စံအိမ်ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာလေသည်။
ထိုအခါ ကျားဖြူသခင်ကြီးက ကျားမုဆိုးဘတိုး၏ ဦးခေါင်းပြတ်ကြီးကို မောက်မောက်ကြီးထံသို့ လှမ်းပစ်ပေးလိုက်ရာ မောက်မောက်ကြီးက ဖမ်းယူလိုက်လေသည်။
“မောက်မောက်ကြီး၊ ဒါက တစ်ကယ်ပဲ ဘတိုးရဲ့ဦးခေါင်းလား၊ ပြီးတော့ သူ့လည်ပင်းကဓါးချက်က ပင့်ကူဖြူသံဓါးနဲ့ ခုတ်ထားတာအမှန်ပဲလား”
မောက်မောက်ကြီးက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ဦးထုပ်အသေးကလေးတစ်လုံးကိုလည်း ဆောင်းထားသေးသည်။ ဝိုင်းဝိုင်းစက်စက် သူ့မျက်နှာပေါ်တွင် မျက်မှန်ဝိုင်းကလေးတစ်ခုကိုလည်း တပ်ဆင်ထားပြန်သည်။ မောက်မောက်ကြီးဆိုသူက ကျားမုဆိုးဘတိုး၏ ခေါင်းပြတ်ကြီးကို အသေအချာကြည့်ကာ စမ်းသပ်စစ်ဆေးနေသည်မို့ ငခမ်းတစ်ယောက် အလိမ်ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ဇောချွေးများပင် ပြန်နေလေတော့သည်။
မောက်မောက်ကြီးက စစ်ဆေးပြီးသည့်အခါ
“မှန်ပါတယ်၊ ကျားမုဆိုးဘတိုးရဲ့ ဦးခေါင်းအစစ်ပါ၊ ပြီးတော့ လည်ပင်းက ပြတ်ရှာရာကလည်း ပင့်ကူဖြူသံဓါးနဲ့ ပိုင်းပြတ်ထားတဲ့ ဒဏ်ရာဖြစ်ကြောင်းပါ”
မောက်မောက်ကြီး ပြောဆိုလိုက်သည့်အခါမှ ငခမ်းတစ်ယောက် သက်ပြင်းကိုခိုးချလိုက်ရတော့သည်။ ကျားဖြူသခင်ကြီးကလည်း မောက်မောက်ကြီး စမ်းသပ်ပြီးတော့မှ အပြည့်အဝယုံကြည်သွားလေသည်။
“ကျုပ်တစ်ခုတောင်းဆိုပါရစေ၊ သခင်ကြီး”
မောက်မောက်ကြီးက ပြောဆိုသဖြင့် ကျားဖြူသခင်ကြီးက ခေါင်းညိတ်လိုက်လေသည်။
“ကျားမုဆိုးဘတိုးလည်း သေပြီဆိုတော့ သူ့ရဲ့ဦးခေါင်းကို ကျုပ်လေ့လာစမ်းသပ်ချင်ပါတယ်၊ ကျားဖြူသခင်ကြီး အပန်းမကြီးဘူးဆိုရင် ကျုပ်ကိုဒီဦးခေါင်းပေးပါ”
ကျားဖြူသခင်ကြီးကလည်း ခေါင်းညိတ်လိုက်လေသည်။
“မောက်မောက်ကြီးက ဆမန်းကောင်တွေအကြောင်း လေ့လာနေတာဆိုတော့ ဒီခေါင်းပြတ်က အထောက်အကူဖြစ်တယ်ဆိုရင် ယူသာသွားပါ”
ငခမ်းက အရှေ့သို့တိုးလိုက်ပြီးနောက် သူ့ကျောတွင်လွယ်ထားသည့် ပင့်ကူဖြူသံဓါးရှည်ကြီးကိုဖြုတ်လိုက်ကာ ကျားဖြူသခင်ကြီးထံသို့ လှမ်းပေးလိုက်သည်။
“ကဲ၊ ခင်ဗျားလိုချင်တာရပြီဆိုတော့ ကတိအတိုင်း၊ ကျုပ်လိုချင်တာကို ပေးဖို့ပဲကျန်တော့တယ်”
“မိုးချုပ်နေပြီကွမ်ခမ်းရဲ့၊ ဒီညတော့ မင်းကိုဧည့်ခံပါရေစေ၊ မနက်ကျတော့မှ . . .”
“တော်စမ်းဗျာ၊ ခင်ဗျားဘယ်အချိန်အထိ ကျုပ်ကိုအချိန်ဆွဲနေမှာလဲ”
ငခမ်းက ထအော်လိုက်သဖြင့် ကျားဖြူသခင်ကြီးမှာဒေါပွသွားလေသည်။
“ခင်ဗျား ကျုပ်ကိုဆက်ပြီးတော့ အသုံးချဖို့ကြံနေတယ်ဆိုရင်တော့ ခင်ဗျားအကြံအစည်တွေကို မေ့လိုက်ပါတော့၊ ကျုပ်က ခင်ဗျားနဲ့ထပ်ပြီး ဘာမှ ပတ်သက်စရာမရှိဘူး၊ မဟုတ်မှလွဲရော ခင်ဗျားရော အဲဒီလှို့ဝှက်ချက်နဲ့ပတ်သက်ပြီး တကယ်မသိထားတာများ ဖြစ်နေမလား”
“မင်းငါ့ကိုမစော်ကားနဲ့ကွမ်ခမ်း၊ ကောင်းပြီလေ၊ ဒီအပေးအယူက မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းလုပ်ထားတဲ့ အပေးအယူဆိုတော့ မင်းနဲ့ငါပဲ သိရမှာပေါ့”
ကျားဖြူသခင်ကြီးက နွဲ့နှင့် မောက်မောက်ကြီးအား အခန်းအတွင်းမှထွက်ခွာသွားရန် မျက်ရိပ်ပြလိုက်သည့်အခါ ထိုသူနှစ်ဦးမှာ ကျားဖြူသခင်ကြီးအာ နှုတ်ဆက်ပြီးနောက် အခန်းအတွင်းမှထွက်ခွာသွားလေသည်။ မောက်မောက်ကြီးဆိုသည့်လူမှာလည်း ငခမ်းအားတစ်ချက်ကြ့ည့်ပြီးနောက် တစ်ခုခုကိုသိထားနှင့်သလို ခေါင်းညိတ်ပြလိုက်သေးသည်။ ငခမ်းလည်း ဘတိုးခေါင်းပြတ်ကြီးအား ကိုင်ဆောင်သွားသည့် မောက်မောက်ကြီးကိုကြည့်ရင်း အကြံအစည်တစ်ခုခုရှိမှန်းသိလိုက်လေသည်။
အခန်းအတွင်းမှ အားလုံးထွက်ခွာသွားသည့်အခါမှ ကျားဖြူသခင်ကြီးက စကားစသည်။
“မိုးဗြဲလင်းဆွဲစံအိမ်ရဲ့ အားနည်းချက်ကိုသိရဖို့ ငါက ကိုးနှစ်တိုင်တိုင် ဆမန်းကျင့်စဉ်ကိုးဆင့်မြောက်ကို လေ့ကျင့်ခဲ့ရတယ်၊ အဲဒီအချိန်မှသာ မိုးဗြဲလင်းဆွဲတွေရဲ့ အားနည်းချက်တွေကို သိခဲ့မြင်ခဲ့ရတယ်”
“ဆိုစမ်းပါအုံးဗျာ”
“ဆမန်းစံအိမ်တိုင်းစီက ဆမန်းကောင်တွေမှာ ထူးခြားတဲ့ ဝိသေသတွေ အများကြီးရှိတယ်၊ အဲဒီထဲကမှ ဆမန်းကောင်တစ်ကောင်ကို ဘယ်လိုသတ်ရမလဲဆိုတဲ့ ကွဲပြားချက်တွေအများကြီးရှိတယ်၊ မိုးဗြဲလင်းဆွဲတွေကို တိုက်ခိုက်တဲ့အခါ သူတို့ကို တိုက်ရိုက်မထိခိုက်ပဲ လင်းဆွဲတွေကိုသာ ထိခိုက်တယ်၊ ဒါကြောင့် လင်းဆွဲတစ်ကောင်ကို ဒီအတိုင်းသတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး”
“သူတို့ရဲ့အဆင့်အတန်းအရ၊ ဆမန်းကောင်တစ်ကောင်ကို လင်းဆွဲတစ်ရာအဆင့်၊ လင်းဆွဲငါးရာအဆင့်၊ လင်းဆွဲတစ်ထောင်အဆင့်ဆိုပြီး သတ်မှတ်ထားကြတယ်၊ ဥပမာ လင်းဆွဲတစ်ရာအဆင့်ရှိတဲ့ ဆမန်းကောင်ဆိုပါစို့ကွာ၊ အဲဒီဆမန်းကောင်ကို သေဆုံးသွားစေချင်တယ်ဆိုရင် သူပိုင်ဆိုင်တဲ့ လင်းဆွဲအကောင်တစ်ရာစလုံးကို သတ်ဖြတ်သုတ်သင်နိုင်မှ အဲဒီဆမန်းကောင်က သေတယ်”
“တစ်ရာလုံးကို မသတ်မိဘူးဆိုရင်ရော”
“တစ်ကောင်ကျန်နေခဲ့တယ်ဆိုရင်တောင်မှ သေသွားတဲ့အကောင်တွေနေရာအတွက် နောက်ထပ်လင်းဆွဲတွေက အစားထိုးဝင်ရောက်ပြီးတော့ သူက အကောင်းပကတိအတိုင်းပြန်ဖြစ်သွားနိုင်တယ်”
ငခမ်းလည်း ခေါင်းညိတ်လိုက်ပြီး
“ကျုပ်နားလည်ပြီ၊ ဒါဆို သူတို့ကိုသတ်ဖို့က ရှိသမျှလင်းဆွဲတွေအကုန်လုံးကို သတ်ရမှာပေါ့”
ကျားဖြူသခင်ကြီးက ခေါင်းညိတ်ရင်း
“မှန်တယ်၊ ဒါပေမယ့် ဒီလောက်တော့မလွယ်ဘူး”
ငခမ်းက မျက်မှောင်ကြုတ်လိုက်သည်။ ကျားဖြူသခင်ကြီးက ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး
“မိုးဗြဲလင်းဆွဲလှိုဏ်ဂူရဲ့ လုံခြုံတဲ့နေရာမှာ တံခါးခုနစ်ထပ်၊ သံကွန်ချာ ခုနစ်ထပ် တပ်ဆင်ထားတဲ့ အခန်းတစ်ခန်းရှိသတဲ့၊ အဲဒီအခန်းကိုတော့ ရွှေရောင်အိပ်ခန်းလို့ ခေါ်တွငကြတယ်”
“အဲဒီအခန်းက ဘာလုပ်တာလဲ”
“မိုးဗြဲလင်းဆွဲ ဆမန်းကောင်တွေရဲ့ လင်းဆွဲတစ်ကောင်ချင်းစီတိုင်းကို အဲဒီအခန်းထဲမှာ ထည့်ထားကြတယ်တဲ့ကွာ၊ လင်းဆွဲတစ်ရာရှိတဲ့ ဆမန်းကောင်ဆိုရင် အဲဒီဆမန်းကောင်ရဲ့ တစ်ခုသော လင်းဆွဲတစ်ကောင်ကို အဲဒီအခန်းထဲထည့်ပြီး လုံခြုံအောင်သိမ်းထားကြတယ်”
“ကျုပ်နားလည်ပြီ၊ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် လင်းဆွဲဆမန်းကောင်တွေကို သတ်လို့မရအောင် ကာကွယ်ထားတာပဲမဟုတ်လား၊ ကျုပ်တို့က လင်းဆွဲတွေအကုန်သတ်လိုက်ပေမယ့် အဲဒီအခန်းထဲမှာ တစ်ကောင်ကျန်နေသမျှ အဲဒီလင်းဆွဲဆမန်းကောင်ကို သတ်ဖြတ်နိုင်မှာ မဟုတ်ဘူးပေါ့”
“မင်းပြောတာမှန်တယ်၊ ဒီတော့ လင်းဆွဲဆမန်းတွေကိုသတ်ချင်ရင် အဲဒီအခန်းထဲက အကောင်တွေကိုပါ သတ်ပစ်မှရမယ်”
“ကောင်းပါပြီ၊ ကျုပ်မှတ်ထားလိုက်ပါ့မယ်၊ အခုတော့ ကျုပ်ကိုသွားခွင့်ပြုပါအုံး”
ငခမ်းက တစ်ဖက်သို့လှည့်ထွက်လိုက်လေသည်။ ထို့နောက် သုံးလေးလှမ်းခန့်လမ်းလျှောက်ပြီးသည့်အခါ ကျားဖြူသခင်ကြီးဘက်သို့ ပြန်လှည့်လိုက်ပြီး
“ဒါနဲ့စကားမစပ်၊ ခင်ဗျားတို့မြေတိုက်ခန်းထဲက လုံဒီဆိုတဲ့မိန်းကလေးကို ဘာဖြစ်လို့ဖမ်းထားတာလဲ”
“ဒီကောင်မလေးက ဂြိုလ်ဆိုးလေးတစ်ကောင်ပါ”
“ကျုပ်သူ့ကိုလိုချင်တယ်”
ကျားဖြူသခင်ကြီးက ခေါင်းခါလိုက်ပြီး
“ခင်ဗျား ညောင်ရွှေမှာရှိတဲ့ ကြိုက်တဲ့မိန်းကလေးကို ယူလို့ရတယ်၊ ဒါပေမယ့် လုံဒီကိုတော့ ကျုပ်ဆီကနေ လုယူလို့မရဘူး ကွမ်ခမ်း”
ငခမ်းလည်း ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အခန်းအတွင်း တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ ထိုစဉ် သူ့စိတ်ထဲတွင် တစ်ခုခုကိုခံစားမိလိုက်သည်။ သူ့အာရုံထဲတွင် လူတစ်ယောက်က မိုးပေါ်မှပျံသန်းကာ ဆင်းသက်လာတော့မည်ဟု တွေးထင်လိုက်မိလေရာ ကျားဖြူသခင်ကြီးထံသို့ လှည့်ကြည့်လိုက်မိသည်။
(၃)
ထိုစဉ် ကျားဖြူစံအိမ်ကြီးခေါင်မိုးပေါ်တွင် လျှက်ပျက်သကဲ့သို့ ဝင်းခနဲလက်သွားပြီးနောက် အတွင်းသို့လူတစ်ယောက်က ခုန်ဆင်းလာခဲ့သည်။ ထိုသူက ကျားဖြူသခင်ကြီးကို ဓါးဖြင့်ခုတ်ချထည့်လိုက်ရာ ကျားဖြူသခင်ကြီးက အလျင်အမြန်ရှောင်တိမ်းလိုက်သည့်အတွက် ဓါးချက်က ကျားဖြူသခင်ကြီးကိုမထိဘဲ ကျားဖြူသခင်ကြီး၏ ညာဖက်လက်မောင်းကိုသာ ခုတ်ပိုင်းမိပြီး ကျားဖြူသခင်ကြီး၏ လက်မှာပြတ်ကျသွားလေသည်။
ထိုသူကတော့ စည်သူဖြစ်နေသည်။ စည်သူက အရိပ်မဲ့ဓါးဖြင့် ကျားဖြူသခင်ကြီးအား ထပ်မံခုတ်ပိုင်းသော်လည်း ကျားဖြူသခင်ကြီးက အလွန်မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရှောင်တိမ်းနေရလေသည်။
ငခမ်းက စည်သူကိုကြည့်လိုက်ရင်း
“စည်သူ၊ ခင်ဗျားဘာလုပ်တာလဲ”
“မင်းငါ့ကိုမတားနဲ့ငခမ်း၊ ငါဒီလိုလုပ်တာက မုန်တိုင်းနဲ့ ပျံလွှားအတွက်လုပ်ရတာပဲ”
စည်သူက အလွန်လျှင်မြန်သော ဓါးချက်များနှင့် ခုတ်ပိုင်းသော်လည်း ကျားဖြူသခင်ကြီးက ကျင်လည်စွာရှောင်တိမ်းနေလေသည်။ ကျားဖြူသခင်ကြီးက ငခမ်းအားကြည့်လိုက်ရင်း
“ကွမ်ခမ်း . . . မင်းသူ့ကိုတားစမ်း”
ငခမ်းက ခေါင်းခါလိုက်ကာ
“ကျုပ်က ခင်ဗျားရဲ့လက်အောက်ငယ်သားမှမဟုတ်တာ၊ ခင်ဗျားပြောတိုင်း လိုက်လုပ်စရာလား”
ကျားဖြူသခင်ကြီးမှာ အပြေးအလွှားရှောင်တိမ်းနေရသော်လည်း အချိန်ကြာလာသည်နှင့် အနည်းငယ်တုန့်ဆိုင်းနှေးကွေးနေလေသည်။
“လုပ်ပါကွမ်ခမ်းရာ၊ ငါတောင်းဆိုနေတာပါ”
“ခင်ဗျားနဲ့ကျုပ်နဲ့ကြားမှာ ဘာကျေးဇူးခံကျေးဇူးစမှ မရှိဘူး”
ထိုစဉ် စည်သူက သုံးချက်ဆင့်ဓါးချက်ဖြင့် ခုတ်ဖြတ်လိုက်ရာ ကျားဖြူသခင်ကြီးမှာ အလျှင်အမြန်ရှောင်တိမ်းသော်လည်း သူ၏ ဦးခေါင်းအထက်မှ ဓါးချက်ကဖြတ်သန်းသွားပြီးနောက် ဆံပင်ရှည်များမှာ ပြတ်ထွက်ကုန်လေသည်။ ကျားဖြူသခင်ကြီးက အနောက်သို့ကျွမ်းထိုးကာ ပြန်ခုန်ဆင်းလိုက်ပြီး
“မင်းပြောတဲ့ကောင်မလေး၊ ငါ့ကို ကာကွယ်ပေးရင် မင်းပြောတဲ့ကောင်မလေးကို ပေးမယ်”
ငခမ်းက ထိုတော့မျှပြုံးလိုက်ကာ
“ကောင်းပြီလေ၊ ဒါဆို ခင်ဗျားကတိ ခင်ဗျားတည်နော်”
ကျားဖြူသခင်ကြီးက ပင့်ကူဖြူသံဓါးကို ခြေထောက်ဖြင့်ခတ်ကာ ပေးလိုက်သည့်အခါ ငခမ်းက ထိုဓါးကိုလေထဲတွင်ဖမ်းဆုပ်ကိုင်လိုက်သည်။ ထိုစဉ် စည်သူမှာ ကျားဖြူသခင်ကြီးအား ဓါးဖြင့်ဝင်ပိုင်းလေသည်။ ကျားဖြူသခင်ကြီးမှာ ပင့်ကူဖြူသံဓါးကို ခြေထောက်နှင့်ခတ်ထားသည်မို့ ကိုယ်ဟန်ချက်ပျက်ကာ မရှောင်တိမ်းနိုင်ဘဲ ရှိနေလေသည်။ စည်သူ၏ အရိပ်မဲ့ဓါးက လျှင်မြန်စွာဖြင့် ကျားဖြူသခင်ကြီး၏ ငယ်ထိပ်တည့်တည့်သို့ ထိုးဆင်းလာလေသည်။
“ချွင်”
လျပ်ပြက်သည့်အရောင်တစ်ခုထွက်ပေါ်သွားပြီး ဓါးသွားချင်းထိခတ်သည့်အသံနှင့်အတူ မီးပွားအချို့မှာလည်း လွင့်စင်ထွက်သွားလေသည်။ စည်သူ၏ ဓါးမိုးခုတ်ချက်ကို ငခမ်းက ပင့်ကူဖြူသံဓါးဖြင့် ပြန်လည်ပင့်ခံလိုက်လေရာမှ ဓါးချင်းထိပြီး မီးပွင့်ထွက်သွားခြင်းဖြစ်သည်။
စည်သူက အံ့ကြိတ်လျှက်
“ငခမ်း၊ မင်းဝင်မရှုပ်နဲ့”
ငခမ်းအား ဓါးကိုလက်နှစ်ဖက်နှင့်အသေအချာကိုင်လျှက် တွန်းထုတ်လိုက်ရာ စည်သူမှာ ငခမ်းတွန်းထုတ်သည့်အားကို မခံနိုင်ဘဲ အနောက်သို့ ကျွမ်းပစ်လျှက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“ငခမ်း၊ မင်းဘယ်ဖက်က ရပ်တည်မှာလဲ”
စည်သူအမေးကို ငခမ်းက ခေါင်းခါပြလိုက်သည်။ စည်သူက ဆက်လက်ပြီး
“သူ့ကိုမသတ်နိုင်ဘူးဆိုရင် မုန်တိုင်းနဲ့ ပျံလွှား သေဆုံးရလိမ့်မယ်ငခမ်း၊ သူသေရင် အားလုံးပြီးသွားပြီ”
ငခမ်းက ခေါင်းခါလိုက်ပြန်သည်။
“သူသေရင် အားလုံးပြီးပြီလို့ ခင်ဗျားတကယ်ထင်နေတာလား စည်သူ၊ သူသေသွားတာနဲ့ ဆမန်းစံအိမ်တွေကြားမှာ ကြီးမားတဲ့စစ်ပွဲတစ်ခု အစပျိုးလိမ့်မယ်”
စည်သူက အရိပ်မဲ့ဓါးကို ဓါးအိမ်တွင်ပြန်ထည့်လိုက်ပြီး
“စစ်ပွဲက အခုကတည်းက စတင်နေပြီငခမ်း၊ ဆမန်းကောင်တွေကြားက ပြသနာက ငါတို့နဲ့မဆိုင်ဘူး၊ ငါကတော့ ဒီကောင့်ကိုသတ်မယ်၊ ဒီကောင့်ခေါင်းကိုရရင် လင်းဆွဲတစ်သောင်းသခင်ကြီးက မုန်တိုင်းနဲ့ ပျံလွှားတို့ကို ပြန်လွှတ်ပေးလိမ့်မယ်”
ထိုအခါ ကျားဖြူသခင်ကြီးက ရယ်မောကာ ငခမ်းအနီးသို့လျှောက်လာရင်း
“မင်းတော်တော်တုံးအတဲ့ကောင်ပဲ၊ မင်းငါ့ကိုသတ်လိုက်လို့ရော အရာအားလုံးက ပြီးသွားပြီလို့ မင်းထင်နေသလား၊ လင်းဆွဲတစ်သောင်းသခင်ကြီးက မင်းတို့အားလုံးကို အလွတ်ပေးမယ်လို့ရော မင်းက ထင်နေတာလားကွ”
စည်သူက ကျားဖြူသခင်ကြီးဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်ရင်း
“ကျုပ်ဒါတွေ မတွေးဘူး”
“မင်းတွေးရမယ်၊ ငါသေသွားပြီပဲထားပါတော့၊ သူက မင်းကိုအကြပ်ကိုင်ပြီးတော့ နောက်ထပ်ဆမန်းအိမ်တော်က သခင်ကြီးတွေကို မသတ်ခိုင်းတော့ဘူးလို့ မင်းထင်နေသလား”
“သူ ကျုပ်ကိုကတိပေးထားတယ်၊ ခင်ဗျားသေတာနဲ့ ကျန်တဲ့လူတွေကိုလွှတ်ပေးမယ်လို့ပြောတယ်”
“ဟား၊ ဟား ကတိမတည်တဲ့လင်းဆွဲကောင်ရဲ့စကားကို မင်းယုံမိပြီ၊ ဒီကောင် ကတိမတည်လို့ ငါတို့ ဆမန်းစံအိမ်တွေကြားမှာ စစ်ပွဲတွေဖြစ်ပွားခဲ့ရတာ”
“ခင်ဗျားမဟုတ်တာမပြောနဲ့၊ ခင်ဗျားတို့စတိုက်လို့ သူကပြန်လည်ခုခံလိုက်ရတာပါ”
စည်သူက ပြန်လည်ပြောဆိုသည့်အခါ ကျားဖြူသခင်ကြီးက တစ်ချက်ပြုံးလိုက်ပြီး
“စကားတစ်ခုရှိတယ်ကွ၊ တူညီတဲ့ရှုထောင့်တိုင်းကကြည့်ရင် အရာအားလုံးက မှန်တယ်တဲ့၊ မင်းကိုလည်း လင်းဆွဲကောင်က သူ့ဘက်ကအနေအထားကို ပြောပြလိုက်တာပဲ၊ တကယ်တော့ အဖြစ်မှန်တွေက သူပြောသလောက် မရိုးရှင်းဘူး”
“တကယ်တော့ ဆမန်းစံအိမ်တွေကြားမှာ ကတိတစ်ခုရှိတယ်၊ အဲဒါကတော့ ညီအကိုချင်း စိတ်ဝမ်းမကွဲဖို့၊ ရန်မရှာဖို့ပဲ၊ အားလုံးကလည်း ကတိတည်ခဲ့တယ်၊ ဒါပေမယ့် အဲဒီကတိကို စဖောက်တာက လင်းဆွဲတစ်သောင်းသခင်ကြီးပဲ၊ သူက မိုးမိတ်ဆမန်းစံအိမ်သခင်ကြီးကို အဆိပ်ခတ်ပြီး သတ်ဖြတ်ဖို့ကြံစည်ခဲ့တယ်၊ အခု ငါ့ကိုသတ်ဖို့ မင်းကိုလွှတ်လိုက်သလိုပေါ့ကွာ”
စည်သူ အံ့အားသင့်သွားသည်။
“ဒီတော့ မိုးမိတ်က ဆမန်းကောင်တွေက ဒီကောင့်လက်ချက်မှန်းသိတဲ့အခါ ငြိမ်ခံနေပါ့မလားကွ၊ အဲဒီကနေစပြီးတော့ ဆမန်းစံအိမ်တွေကြားမှာ စစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့တာပဲ”
စည်သူက ငြိမ်သက်သွားပြီးနောက် ကြမ်းပြင်တွင်ကျနေသည့် ကျားဖြူသခင်ကြီး၏ လက်မောင်းကို ကောက်ယူလိုက်လေသည်။
“ဒီနေ့တော့ တော်ပြီ၊ နောက်ရက်မှပဲ ခင်ဗျားဆီအလည်လာတော့မယ်”
ထို့နောက် စည်သူက ကျားဖြူစံအိမ်ကြီး၏ တိုင်လုံးကြီးတစ်ခုပေါ်သို့ပြေးခုန်တက်သွားပြီး တိုင်လုံးထိပ်နားရောက်သည့်အခါ ထုပ်တန်းတစ်တန်းပေါ်သို့ ပေါ့ပါးစွာခုန်တက်လိုက်သည်။ ပြီးနောက် ထုပ်တန်းများ တစ်ခုမှ တစ်ခုသို့ လျှင်မြန်စွာ ခုန်တက်ရင်း အိမ်ခေါင်မိုးအပေါက်မှ ပြန်လည်ထွက်ခွာသွားသည်။ ထိုတော့မှ ဦးခွန်သိုက်နှင့် ဆမန်းကောင်များက ခန်းမအတွင်းသို့ ဝင်လာကြသည်။
“လိုက်ကြဟေ့”
ဦးခွန်သိုက်အမိန့်ပေးလိုက်သည့်အတွက် နွဲ့မှာ တိုင်လုံးများပေါ်ဖက်တက်ပြီးနောက် အိမ်ခေါင်မိုးအပေါ်သို့ လျှင်မြန်စွာဖြင့် ခုန်တက်သွားလေသည်။ ခေါင်မိုးအပေါ်ရောက်သည့်အခါ စည်သူက ခေါင်မိုးစွန်းတွင်မတ်တပ်ရပ်နေလေရာ နွဲ့က သူ့ဓါးမြှောင်ဖြင့် အတင်းပြေးကာ ခုတ်ထည့်လိုက်သည်။
သို့သော် စည်သူက အလွန်မြင့်မားသည့် ခေါင်မိုးစွန်းပေါ်မှ ခုန်ချသွားလေသည်။ သို့သော် မြေပြင်ပေါ်သို့မကျဘဲ လင်းဆွဲများက စည်သူ၏အဝတ်အစားများကို ကိုက်ချီလျှက် စည်သူအား ဆွဲယူကာ မိုးပေါ်သို့ပျံတက်သွားလေသည်။
“တောက် . . .”
နွဲ့က မကျေမချမ်းနှင့် တောက်တစ်ချက်ခေါက်လိုက်ပြီးနောက် အိမ်ခေါင်မိုးပေါ်မှပြန်ခုန်ဆင်းလိုက်လေသည်။
(၄)
ငခမ်းက ကျားဖြူသခင်ကြီးအရှေ့တွင် လက်ဝါးဖြန့်လိုက်သည်။
“ခင်ဗျားကို ကျုပ်ကာကွယ်ပြီးပြီနော်၊ ဒီတော့ ခင်ဗျားပြောထားတဲ့ ကတိကို ခင်ဗျားမမေ့ပါနဲ့”
ကျားဖြူသခင်ကြီးက မျက်နှာကိုမဲ့လိုက်ပြီး
“မင်းက တစ်ချက်ပဲ ကာကွယ်ခဲ့တာလေ”
“အဲဒီတစ်ချက်ကို မကာကွယ်ခဲ့ရင် အခုလောက်ဆို ခင်ဗျားရဲ့ခေါင်းကြီး စည်သူလက်ကို ပါသွားလောက်ပြီပေါ့”
ထိုတော့မှ ကျားဖြူသခင်ကြီးက ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီ၊ အဲဒီမိန်းကလေးကို မင်းကိုပေးမယ်”
ငခမ်းက သူ့လက်အတွင်းမှ ပင့်ကူဖြူသံဓါးကြီးအား ကျားဖြူသခင်ကြီးဆီသို့ ပြန်လည်ပေးအပ်လိုက်လေသည်။ ထို့နောက်တစ်ဖက်သို့လှည့်ထွက်လိုက်သည့်အခါ ကျားဖြူသခင်ကြီးက
“မင်းဘယ်သွားမလို့လဲ”
“ကျုပ် စည်သူအနောက်ကိုလိုက်သွားမယ်၊ ကျုပ်ရဲ့လူတွေကို ကျုပ်နည်းကျုပ်ဟန်နဲ့ ကယ်တင်မယ်”
ထိုအခါ ကျားဖြူသခင်ကြီးက ပင့်ကူဖြူသံဓါးကြီးကိုငခမ်းဆီသို့ လှမ်းပစ်ပေးလိုက်လေသည်။
“မင်းကိုခဏငှားလိုက်မယ်၊ ပြီးရင် မင်းငါ့ကိုပြန်လာပေးပေါ့”
ငခမ်းလည်း တစ်ချက်ပြုံးလိုက်ကာ ဓါးကြီးကိုကျောတွင်လွယ်လျှက် ခန်းမအတွင်းမှ တစ်လှမ်းချင်းထွက်ခွာလာလေသည်။ ထိုအခါ ဆမန်းကောင်များက လုံဒီအားဖမ်းချုပ်ထားရာမှ လွှတ်ပေးလိုက်ကြသည်။ လုံဒီက မြေတိုက်ခန်းတွင် အချုပ်အနှောင်ခံထားရသည်မှာ ကြာပြီဖြစ်သောကြောင့် တစ်ကိုယ်လုံးပေကျံကာ စုတ်ပြတ်နေလေသည်။
“လာ၊ သွားကြမယ်”
“အကိုငခမ်းကို ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတွေဘာတွေ မလိုပါဘူး၊ အခု မင်းကိုငါပိုင်သွားပြီ”
ငခမ်းက ပြောဆိုလိုက်ပြီးသည့်အခါ လုံဒီလက်ကိုဆွဲရင်း ကျားဖြူစံအိမ်အတွင်းမှထွက်ခွာလာခဲ့သည်။ ညနက်နေပြီမို့ လမ်းသွားလမ်းလာများမရှိတော့ဘဲ ညောင်ရွှေမြို့ကြီးက တိတ်ဆိတ်နေလေသည်။ သူတို့နှစ်ဦး လမ်းလျှောက်လာရင်း မကြာခင်တွင် သစ်သားလှည်းအိမ်ကြီးနှင့် လှည်းတစ်စီးက သူတို့အနားမှ ဖြတ်သန်းမောင်းနှင်သွားလေသည်။ သူတို့အနီးရောက်သည့်အခါ လှည်းကြီးမှာ ရပ်တန့်သွားသည်။ လှည်းပေါ်မှလူကတော့ မောက်မောက်ကြီးပင်ဖြစ်သည်။
“ငခမ်း၊ ငါတို့နဲ့လိုက်ခဲ့”
“ခင်ဗျားတို့နဲ့ဘာဆိုင်လို့ လိုက်ရမှာလဲ”
ထိုအခါ မောက်မောက်ကြီးက ကျားမုဆိုးဘတိုး၏ ဦးခေါင်းပြတ်ကြီးကို ပြသလိုက်လေသည်။
“သူ့ခေါင်းကို ပြန်ဆက်ပေးဖို့ပေါ့ကွာ”
ငခမ်းလည်း ခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက် လှည်းပေါ်သို့တက်သွားရာ လုံဒီလည်း ငခမ်းအနောက်သို့ လိုက်ခဲ့ရသည်။ သူတို့တက်ပြီးသည့်အခါ လှည်းကြီးက ဖြေးညင်းစွာဖြင့် မောင်းထွက်သွားတော့သည်။
(၄)
မြောက်များလှစွာသော လင်းဆွဲကောင်များက ကိုက်ချီလာသည့် စည်သူတစ်ယောက် မိုးဗြဲစံအိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လှိုဏ်ဂူအဝတွင် လင်းဆွဲတစ်သောင်းသခင်ကြီးက မတ်တပ်ရပ်ကာ စောင့်ကြိုနေလေသည်။ စည်သူလည်း သူ့လက်အတွင်းကိုင်လာခဲ့သည့် ကျားဖြူသခင်ကြီး၏ လက်ပြတ်ကြီးကို လင်းဆွဲတစ်သောင်းသခင်ကြီးရှေ့သို့ ပစ်ချပေးလိုက်သည်။
“ခေါင်းရော”
“သူက ရှောင်တိမ်းတာမြန်သွားလို့ သူ့ရဲ့လက်ကိုပဲရလာခဲ့တယ်၊ ဘာပဲပြောပြော သူ့ရဲ့ညာလက်က အခုဆုံးရှုံးသွားပြီမဟုတ်လား၊ ဒါဆိုရင် ကျုပ်လူတွေကို မလွှတ်ပေးနိုင်သေးရင်တောင် သူတို့ကို ပြန်နိုးအောင် လုပ်ပေးပါတော့”
လင်းဆွဲတစ်သောင်းသခင်ကြီးက ခေါင်းခါလိုက်လေသည်။
“မရဘူး၊ ငါလိုချင်တာခေါင်း၊ လက်မဟုတ်ဘူး”
လင်းဆွဲတစ်သောင်းသခင်ကြီးက ခပ်ပြတ်ပြတ်ပြောလိုက်ကာ တစ်ဖက်သို့ပြန်လှည့်သွားသည်။ စည်သူက
“သူ့ခေါင်းကိုရရင် ခင်ဗျားဘာဆက်လုပ်မလဲ”
လင်းဆွဲတစ်သောင်းသခင်ကြီးမှာ လမ်းလျှောက်နေရာမှ ရပ်တန့်သွားလေသည်။
“ကျားဖြူသခင်ကြီးကို ကျုပ်သတ်ပြီးရင် ခင်ဗျားက ကျုပ်ကိုအကြပ်ကိုင်ပြီးတော့ တခြားစံအိမ်က သခင်ကြီးတွေကိုရော သတ်ခိုင်းအုံးမှာလား”
လင်းဆွဲတစ်သောင်းသခင်ကြီးက စည်သူဘက်သို့ပြန်လှည့်ကြည့်လိုက်ပြီး
“မဟုတ်ဘူး၊ သူသေရင်ရပြီ၊ သူတစ်ယောက်ကို မင်းသတ်ပြီးပြီဆိုရင် ငါ့ကတိအတိုင်း မင်းရော၊ မင်းရဲ့သူငယ်ချင်းတွေကိုရော အားလုံးကိုလွှတ်ပေးမယ်”
“ခင်ဗျား တကယ်ပြောတာနော်”
လင်းဆွဲတစ်သောင်းသခင်ကြီးက ခေါင်းညိတ်လိုက်လေသည်။
“ဒါဆိုရင် ကျုပ်ရဲ့ဓါးကို ကိုင်ပြီးတော့ ကျိန်ပြ”
လင်းဆွဲတစ်သောင်းသခင်ကြီး မျက်နှာမဲ့သွားကာ
“ကျုပ်တို့ဆမန်းကောင်တွေက ကျိန်ဆိုတာတို့၊ ကျိန်စာတိုက်တာတို့ကို မယုံဘူး”
ထိုသို့ပြောလိုက်ပြီးနောက် လင်းဆွဲတစ်သောင်းသခင်ကြီးမှာ မြောက်များလှစွာသော လင်းဆွဲများအဖြစ်ပြောင်းလဲကာ ပျံသန်းထွက်သွားလေသည်။ စည်သူကတော့ လင်းဆွဲတစ်သောင်းသခင်ကြီး၏ စကားကို ဘယ်နည်းနှင့်မှ မယုံနိုင်တော့ပေ၊ ထို့ကြောင့် အခွင့်ကောင်းတစ်ခုရှာကာ ယခုစံအိမ်ကြီးမှ ထွက်ပြေးရန် စဉ်းစားနေမိသည်။
(၅)
မိုင်းသောက်မြို့။
မြင်းလှည်းကို မိုင်းသောက်မြို့အပြင်ဘက် တောင်ကုန်းကလေးတစ်ခုအပေါ်သို့ ဆက်လက်မောင်းနှင်လာခဲ့ရာ မကြာမီတွင် ခြံဝန်းတစ်ခုနှင့် အိမ်ကလေးတစ်လုံးကိုတွေ့ရလေသည်။ လှည်းကို ထိုအိမ်ရှေ့တွင်ရပ်လိုက်ပြီး မောက်မောက်ကြီးဆိုသူက လှည်းပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်သွားသဖြင့် ငခမ်းနှင့် လုံဒီလည်း လိုက်လံဝင်ရောက်ခဲ့ရသည်။
အိမ်အတွင်းတစ်နေရာတွင် စားပွဲခုံကျယ်ကြီးတစ်ခုရှိပြီး ထိုစားပွဲကြီးပေါ်တွင် ကျားမုဆိုးဘတိုး၏ အသေကောင်ကြီးက ငြိမ်သက်စွာလဲလျှောင်းနေလေသည်။ မောက်မောက်ကြီးက ကျားမုဆိုးဘတိုး၏ ရင်ဘတ်နားကိုစမ်းသပ်လိုက်ပြီး သေးသွယ်သည့် ငွေအပ်ကလေးတစ်ချောင်းကို ရင်ဘတ်အတွင်းမှဆွဲထုတ်လိုက်လေသည်။ ထိုအခါ ကျားမုဆိုးဘတိုး၏ မျက်နှာကြီးမှာ ရှုံ့မဲ့လာလေရာ မောက်မောက်ကြီးက ခေါင်းပြတ်ကြီးနှင့် လည်ပင်းပြတ်ကို တွဲဆက်ပေးလိုက်ပြီး သံချောင်းများနှင့် ခွချုပ်ကာ တပ်ဆင်ပေးလိုက်လေသည်။
ကျားမုဆိုးဘတိုးမှာ ချက်ချင်းပင်ငုတ်တုတ်ထိုင်လိုက်ရင်း သူ့ခေါင်းကိုသူ ပြန်ကိုင်ကြည့်သည်။
“ခေါင်းက နည်းနည်းတော့ လှုပ်နေသလိုပဲ”
“ပြန်ဆက်ဖို့တော့ အချိန်နည်းနည်းယူရအုံးမှာပေါ့”
ထိုအခါ ဘတိုးက ငခမ်းဘက်သို့လှည့်လိုက်ပြီးနောက်
“မင်းပြန်ရောက်လာပြီဆိုတော့ ငါတို့အကြံအစည်တွေကို မင်းကိုပြောပြရတာပေါ့”
ကျားမုဆိုးဘတိုးက ထိုင်ခုံတစ်လုံးတွင်ထိုင်လိုက်လေသည်။ မောက်မောက်ကြီးကတော့ အိမ်နောက်ဖေးသို့ဝင်သွားသည်။
“ပြောပါအုံး ခင်ဗျားတို့က ဘာတွေကြံစည်နေတာလဲ”
ငခမ်းမေးလိုက်သည့်အခါ
“ငါတို့အကြံကတော့ ဆမန်းစံအိမ်တွေပျက်သိမ်းပြီးတော့ ပြိုကျသွားဖို့ပဲ”
“ခင်ဗျားလည်း ဆမန်းကောင်တစ်ကောင်ပဲမဟုတ်လား”
ထိုအခါ ဘတိုးက သူ့လက်ဖျံကိုလှန်ပြလိုက်လေရာ လက်ဖျံတွင်ဆေးမင်ကြောင်ဖြင့် တံဆိပ်တစ်ခုရေးထိုးထားသည်ကို တွေ့လိုက်ရသည်။
“ငါတို့က သင်းကွဲတွေပဲ”
ငခမ်းလည်းမျက်မှောင်ကြုတ်လိုက်ရင်း
“သင်းကွဲဆိုတာဘာလဲ”
“ဆမန်းကောင်တွေထဲမှာမှ သူတို့အသုံးမလိုတဲ့လူတွေကို နှင်ထုတ်ပြီး သင်းခွဲခဲ့တာပေါ့ကွာ”
“ဒါဆို ခင်ဗျားကိုရော ဘယ်သူတွေက ဘယ်လိုနှင်ထုတ်ခဲ့တာလဲ”
ဘတိုးက လက်ခုပ်တစ်ချက်တီးလိုက်ရင်း
“ကလေးတွေ၊ လာခဲ့ကြဟေ့”
ထိုအခါ ဘတိုးမွေးထားသည့် ကောင်လေးနှင့် ကောင်မလေးမှာ အခန်းတစ်ခုအတွင်းမှပြေးထွက်လာကြလေရာ ဘတိုးက ကလေးနှစ်ယောက်၏ ဦးခေါင်းကိုပွတ်သပ်ပေးလိုက်ရင်း
“ကဲ သားနဲ့သမီး၊ ဒီဦးဦးကို သားတို့အစွမ်းတွေ ပြလိုက်စမ်းပါကွယ်”
ထိုအခါ ကလေးနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် တင်းကျပ်စွာဖက်ထားလိုက်လေသည်။ ပြီးသည့်အခါ ထိုလေးနှစ်ယောက်၏ ကိုယ်များမှာ အချင်းချင်းပူးဆက်သွားကြပြီးနောက် ကျားတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ခေါင်းကတော့ ခေါင်းနှစ်လုံးဖြစ်နေလေသည်။ ထိုကျားကိုမြင်တော့မှ ငခမ်းလည်း ယခင်က ကျားမုဆိုးနှင့်အတူ လွတ်မြောက်သွားသည့် ခေါင်းနှစ်လုံးနှင့်ကျားကို ပြန်လည်သတိရမိသည်။
“မင်းမှတ်မိပြီမဟုတ်လား”
“ဒါဆို . . .ဒီကလေးနှစ်ယောက်ကလည်း ဆမန်းတွေပဲလား”
ဘတိုးက ခေါင်းညိတ်လျှက်
“ပြောရရင်တော့ တော်တော်ရှည်တယ်ကွ၊ ဒါပေမယ့် မပူပါနဲ့၊ အခုငါတို့လုပ်မှာက ဆမန်းကောင်တွေကို နှိမ်နင်းပြီးတော့ ဆမန်းကောင်တွေမင်းမူနေတာကို ဖျက်ဆီးပစ်ဖို့ပဲ”
“ခင်ဗျားတို့ကဘယ်လိုလုပ်မှာလဲ”
“ဆမန်းကောင်တွေဆိုတာ သာမန်လူတွေ မတိုက်ခိုက်နိုင်ဘူးမဟုတ်လား၊ ဆမန်းတစ်ကောင်ကို သာမန်လူအယောက်တစ်ရာတောင် တိုက်ခိုက်နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ငါတို့က ဆမန်းကောင်အချင်းချင်းသတ်ဖြတ်ဖို့အတွက် ရန်တိုက်ပေးကြတယ်၊ အရင်က မိုးမိတ်ဆမန်းအိမ်တော်ကို လုပ်ခဲ့သလိုမျိုးပေါ့”
ငခမ်းမျက်လုံးများပြူးကျယ်သွားသည်။
“ဒါဆို မိုးမိတ်က ဆမန်းစံအိမ်သခင်ကြီးကို လုပ်ကြံခဲ့တာ လင်းဆွဲတစ်သောင်းသခင်ကြီးမဟုတ်ဘူးပေါ့”
“ဒါပေါ့ကွာ၊ ငါတို့က လုပ်ပြီးတော့ သူတို့လုပ်တဲ့ပုံစံ လွှဲချခဲ့တာပေါ့၊ ဒါကြောင့်လည်း ဆမန်းကောင်တွေအချင်းချင်းသွေးချောင်းစီးတဲ့ တိုက်ပွဲတွေဖြစ်သွားပြီးတော့ ဆမန်းစံအိမ်နှစ်ခု ပြိုလဲသွားတယ်မဟုတ်လား”
“ခင်ဗျားတို့ ပေါင်းပြီးတော့ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ”
ထိုအခါ မောက်မောက်ကြီးက အခန်းတစ်ခုအတွင်းမှထွက်လာကာ။
“ရည်ရွယ်ချက်ကတော့ ငါတို့က ဆမန်းကောင်တွေကိုမုန်းတယ်၊ ဒီတော့ ဆမန်းကောင်တွေအားလုံးကို မျိုးသုန်းသွားအောင် သတ်ဖြတ်ပစ်ဖို့ပဲ”
“ခင်ဗျားတို့လူတစ်စုအားနဲ့ ဆမန်းကောင်တွေကို ရှင်းလင်းလို့ရနိုင်ပါ့မလား”
“မပူစမ်းပါနဲ့ကွာ၊ ငါတို့ကို တတိယမျက်လုံးအဖွဲ့လို့ခေါ်တယ်၊ နေရာတိုင်းလိုလိုမှာ ငါတို့အဖွဲ့ဝင်တွေရှီတယ်၊ ငါတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ၊ အဲဒါကတော့ ဆမန်းတွေ မျိုးသုန်းသွားဖို့ပဲ”
“ဒါဆို ကျုပ်ကဘာလုပ်ရမှာလဲ”
“မင်းသူငယ်ချင်းတွေဆီသွားရမယ်၊ ဒီအချိန်က ဆမန်းစံအိမ်တွေကြားမှာ စစ်ပွဲတစ်ခုဖန်တီးပေးဖို့ အချိန်ကောင်းပဲ”
ကျားမုဆိုး ဘတိုးက ထိုသို့ပြောလိုက်ကာ အသံနက်ကြီးဖြင့် ရယ်မောလိုက်လေသည်။
“ကောင်းပြီလေ၊ ဒါဆိုရင် ကျုပ်ကိုလည်း တတိယမျက်လုံးအဖွဲ့ထဲ ထည့်ပေးပါ”
လုံဒီကလည်း မတ်တပ်ထလိုက်ကာ
“ကျွန်မလည်း ဒီအဖွဲ့ထဲပါချင်တယ်၊ ဒီဆမန်းကောင်တွေကို ကျွန်မသိပ်မုန်းတယ်”
မောက်မောက်ကြီးနှင့် ဘတိုးတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ခေါင်းညိတ်လိုက်ကြလေသည်။
ပြီးပါပြီ။
နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် ငွေကြာပွင့်လုံဒီ တွင် ဆက်လက်ဖတ်ရှုပါ။