အတွဲ(၃) အပိုင်း (၁၀)
(၁)
ငခမ်းအရှေ့ရှိ ကျယ်ပြောလှသည့် ကွင်းပြင်ကြီးတွင် တစ်ကိုယ်လုံးအနက်ရောင်အကြေးခွံကဲ့သို့ ချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထားသည့် အာလစ်ခန်းက ပေါ်လာခဲ့လေသည်။
“ခင်ဗျား၊ ခင်ဗျား ဘယ်လိုလုပ်ပြီးတော့ ပေါ်လာရတာလဲ”
“မင်းဒီကိုရောက်လာခဲ့တာ၊ ကောင်းတာတွေဖြစ်ဖို့ ရောက်လာခဲ့တာပါကွ၊ ဟား၊ ဟား”
“မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး”
ငခမ်းက အော်ဟစ်လိုက်ကာ မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ သူအခန်းတစ်ခုအတွင်းသို့ ရောက်နေခြင်းဖြစ်သည်။ သူလဲလျောင်းနေသည့် ကျောက်ဖျာကြီးအပေါ်မှ ဆင်းသက်လိုက်သော်လည်း သူ့ခေါင်းတွေက ချာချာလည်အောင်မူးယစ်နေလေသည်။
“ငါ . . ငါဘယ်ရောက်နေတာလဲ”
“ရှင်ရောက်နေတာ မိုးဗြဲဆမန်းအိမ်တော်ပဲ”
ထိုအခါ အခန်းအတွင်းသို့ မိန်းကလေးတစ်ဦးက ဝင်လာလေသည်။ ထိုမိန်းကလေး၏ အသားအရည်များမှာ ရွှေရောင်အဆင်းဖြင့်ဝင်းဝင်းတောက်ပနေလေသည်။ ယုတ်စွအဆုံး ဆံနွယ်များပင်လျှင် ရွှေရောင်ဆံနွယ်များဖြစ်နေသည်။
“မင်းလား ရွှေဝတ်ရည်ဆိုတာ”
“အမှန်ပဲပေါ့”
“မင်းငါ့ကို ဘာလို့ခေါ်ထားတာလဲ”
ရွှေဝတ်ရည်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရင်း
“ကျွန်မရဲ့တာဝန်ကို အပြည့်အဝထမ်းဆောင်ဖို့အတွက်ပေါ့”
ငခမ်းက မတ်တပ်ရပ်လိုက်ပြီးနောက် မူးဝေနေသဖြင့် ကျောက်နံရံကြီးကိုလက်ဖြင့်ထောက်ထားလိုက်သည်။
“မင်းရဲ့တာဝန်တွေ ဘာတွေကို ငါမသိချင်ဘူး၊ ငါ့ကိုဒီကထွက်ခွင့်ပေးပါ”
“စိတ်မလောပါနဲ့၊ တစ်ချိန်ကျရင် ရှင်ဒီကနေထွက်ရမှာပါ”
“ငါ့မှာအချိန်မရှိဘူး၊ ငါ့မိတ်ဆွေတွေကို ကယ်တင်ရအုံးမယ်”
ရွှေဝတ်ရည်က ငခမ်းအနားသို့လျှောက်လှမ်းလာကာ ငခမ်းပုခုံးအားကိုင်တွယ်ပွတ်သပ်လိုက်သည်။
“မပူပါနဲ့၊ ရှင်ကျွန်မနဲ့သာ ပူးပေါင်းမယ်ဆိုရင်၊ ရှင့်သူငယ်ချင်းတွေကို ပြန်ပြီးကယ်တင်နိုင်မှာပါ”
“လုပ်ပြန်ပြီ၊ မင်းတို့ရဲ့ ဇာတ်ရှုပ်တွေထဲကို ငါမပါချင်တော့ဘူး”
ထိုအခါ ရွှေဝတ်ရည်က စားပွဲခုံတွင်တင်ထားသည့် စာရွက်ကလေးတစ်ခုကိုယူလိုက်လေသည်။ ထိုစာရွက်ကလေးကို ငခမ်းအားပေးလိုက်ရာ ငခမ်းက ကောက်ယူကြည့်လိုက်သည်။ စာရွက်နောက်ကျောတွင် မျက်လုံးပုံကိုရေးဆွဲထားသည်ကိုတွေ့လိုက်ရသည်။
“နေပါအုံး ဒီမျက်လုံးပုံကို ငါတွေ့ဖူးပါတယ်၊ ဟုတ်ပြီ၊ ဒါဆိုရင် မင်း . . မင်းကလည်း”
“ဒါပေါ့ရှင့်၊ ကျွန်မက တတိယမျက်လုံးအဖွဲ့ဝင်ပဲ”
“ဒါဆိုရင် မင်းဘာဖြစ်လို့ ဘတိုးကိုဖမ်းတာလည်း၊ သူလည်း တတိယမျက်လုံးအဖွဲ့ဝင် တစ်ယောက်ပဲမဟုတ်လား”
“ဒါတော့ဒါပေါ့ရှင်၊ ခပ်လွယ်လွယ်နဲ့ ရတယ်ဆိုရင် ဒီလင်းဆွဲတွေက ကျုပ်ကိုယုံပါ့မလား”
ငခမ်း ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် လက်ထဲမှစာရွက်ကို လှန်ကာကြည့်လိုက်မိသည်။
“ဟာ၊ ရွှေရောင်အိပ်ခန်းထဲကို ထိုးဖောက်ဝင်ရောက်ကြမယ်ဆိုပါလား”
ငခမ်းက ရွှေဝတ်ရည်ကိုကြည့်လိုက်သည့်အခါ ရွှေဝတ်ရည်က ခပ်ထေ့ထေ့ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့၊ ကျွန်မတို့ရဲ့ပန်းတိုင်က ရွှေရောင်အိပ်ခန်းထဲကို ဝင်ရောက်ဖို့ပဲ”
“အဲဒါက ဘယ်နေရာမှာရှိတာလဲ”
ထိုအခါ ရွှေဝတ်ရည်က ခေါင်းခါလိုက်လေသည်။
“ဒါတော့ ကျွန်မလည်းမသိဘူး”
“မင်းတောင်ဒီမှာနေပြီး မသိတဲ့နေရာကို ငါတို့ဘယ်လိုသွားမလဲကွ”
“မလိုတော့ပါဘူး၊ အခု ဘတိုးရောက်လာပြီလေ”
ငခမ်းလည်း ခေါင်းညိတ်လိုက်လေသည်။ ထိုအခါ ရွှေဝတ်ရည်တို့ပြောဆိုနေသည့် ကျောက်ဂူအခန်းကြီး၏ ထောင့်တစ်နေရာတွင် လင်းဆွဲကလေးတစ်ကောင်ကပ်နေသည်ကို သူတို့နှစ်ဦး မမြင်တွေ့လိုက်ပေ။
(၂)
“ဘတိုး . . .”
ကျယ်လောင်လှသည့် အသံကြီးကြောင့် ဘတိုးမှာလန့်နိုးလာလေသည်။ သူ့အရှေ့တွင်တော့ လင်းဆွဲတစ်သောင်းသခင်ကြီးက မတ်တပ်ရပ်နေလေသည်။ ဘတိုးက တစ်ချက်ပြုံးရယ်လိုက်ပြီး သမ်းဝေလိုက်သည်။
“အိပ်လို့ကောင်းလိုက်တာ”
“အဲဒါတွေ ငါမသိချင်ဘူးဘတိုး၊ ငါသိချင်တာက တစ်ခုပဲရှိတယ်၊ ငါတို့စံအိမ်အထဲက တတိယမျက်လုံးအဖွဲ့ဝင်တွေက ဘယ်သူလဲဆိုတာ ငါသိချင်တယ်”
“ကျုပ်က ဘာဖြစ်လို့ပြောရမှာလဲဗျ”
လင်းဆွဲတစ်သောင်းသခင်ကြီးက ဘတိုးအား စိတ်ရိုလက်ရှိ ရိုက်နှက်လိုက်တော့သည်။ သို့သော် ဘတိုးကလည်း ခပ်မာမာပင်။
“ခင်ဗျားရိုက်ရုံမကလို့ ကျုပ်ကိုသတ်ချင်ရင်သတ်ပစ်လိုက်၊ ကျုပ်ကတော့ လုံး၀ မပြောဘူး၊ ဒါပေမယ့် . . .”
“ဒါပေမယ့် ဘာဖြစ်လဲ”
“ကျုပ်လိုချင်တာကို ပေးမယ်ဆိုရင်တော့ ကျုပ်ပြောပြမယ်”
လင်းဆွဲတစ်သောင်းသခင်ကြီးက မျက်လုံးများကို မှေးစင်းလိုက်လေသည်။
“မင်းလိုချင်တာက ဘာလဲ”
“ဆမန်းဓါတ်လုံး”
လင်းဆွဲတစ်သောင်းသခင်ကြီးက ခေါင်းခါလိုက်လေသည်။
“မင်းစိတ်ကူးမယဉ်နဲ့”
“လုပ်စမ်းပါဗျာ၊ ဆမန်းကောင်သခင်ကြီးတွေ သေဆုံးရင် သူတို့ရဲ့အစွမ်းတွေက ဓါတ်လုံးအဖြစ်နဲ့ ကျန်ခဲ့တာကိုကျုပ်သိပါတယ်၊ ခင်ဗျားက မိုးမိတ်၊ မိုးနဲ နှစ်ကောင်စလုံးကို သတ်ထားတာဆိုတော့ ခင်ဗျားဆီမှာ ဓါတ်လုံးရှိမှာ အသေအချာပဲ”
“မင်းရူးနေသလားကွ၊ ငါကဘာလို့ မင်းကိုအဲဒီဓါတ်လုံးပေးရမှာလဲ”
“ခင်ဗျားလည်း သုံးလို့မှ မရပဲဗျာ၊ နောက်ပြီး ဓါတ်လုံးပေးလိုက်ရင် ကျုပ်ခင်ဗျားကို ကူညီနိုင်ပါတယ်”
“ဘယ်လိုကူညီမှာလည်း”
“ကျုပ်က ကျားမုဆိုးတစ်ယောက်ပါဗျ၊ ကျားကောင်တွေ ဘယ်လောက်အန္တရာယ်ကြိးတယ်ပြောပြော၊ ဘယ်လောက်ဆိုးသွမ်းတယ်ပြောပြော ကျုပ်ရအောင် ထိန်းထားနိုင်တယ်မဟုတ်လား”
လင်းဆွဲတစ်သောင်းသခင်ကြီးက အနည်းငယ်တွေဝေသွားသည်။ ဘတိုးကဆက်လက်၍
“ကျုပ်ပြောပြမယ်၊ ကျားဖြူစံအိမ်ဆိုတာ ဆမန်းစံအိမ်တွေထဲမှာ အင်အားအတောင့်တင်းဆုံးပဲမဟုတ်လား၊ ကျုပ်သာ ကျားဖြူစံအိမ်ကိုရှင်းလင်းပေးနိုင်ရင် လင်းဆွဲတွေပဲဆမန်းကောင်တွေကို စိုးမိုးနိုင်တော့မယ်မဟုတ်လား၊ ဒီအတွက် ခင်ဗျားပြန်ပေးရမှာက ဘာမှမဟုတ်တဲ့ ဓါတ်လုံးကလေးနှစ်လုံးပဲ”
“ကောင်းပြီ၊ ငါလက်ခံတယ်၊ ဒါပေမယ့် မင်းအရင်ဆုံး တတိယမျက်လုံးအဖွဲ့ဝင်တစ်ယောက်ကို ဖော်ထုတ်ပေးရမယ်”
ထိုအခါ ဘတိုးက ရယ်မောလိုက်လေသည်။
“ခင်ဗျားရဲ့အနီးဆုံးလူက ရန်သူပဲတဲ့”
“အနီးဆုံးလူဆိုတာက . . .”
ထိုအခါ ဘတိုးအနီးသို့ လင်းဆွဲတစ်သောင်းသခင်ကြီးက တိုးကပ်လာခဲ့ရာ ဘတိုးက တစ်စုံတစ်ခုကို ခပ်တိုးတိုးကလေးပြောလိုက်လေသည်။ ဘတိုးစကားနားထောင်ပြီးသည့်အခါ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ မျက်လုံးပြူးသွားလေသည်။
“ဟုတ်ပါ့မလား”
“ဟား၊ ဟား မယုံရင်စစ်ဆေးကြည့်ပေါ့ဗျာ”
ထိုအခါလင်းဆွဲတစ်သောင်းသခင်ကြီးမှာ ခေါင်းညိတ်လိုက်လေသည်။
(၃)
ငခမ်းနှင့်် ရွှေဝတ်ရည်တို့ စကားပြောနေစဉ်မှာပင် အခန်းတံခါးက ဝုန်းခနဲပွင့်ထွက်သွားလေသည်။ အခန်းအရှေ့တွင်ရပ်နေသူကတော့လင်းဆွဲတစ်ထောင် သခင်မဖြစ်သည်။
“မိပြီကွ၊ အခုတော့လက်ပူးလက်ကြပ်ကိုမိပြီ”
ရွှေဝတ်ရည်မှာ အလွန်အံ့သြသွားလေသည်။ ထိုစဉ် လင်းဆွဲတစ်ထောင်သခင်မက ငခမ်းလက်အတွင်းမှ စာရွက်ကလေးကို လင်းဆွဲတစ်ကောင်အားစေလွှတ်ပြီး ကိုက်ချီကာ ယူစေလိုက်သည်။ ငခမ်းလည်း ရုတ်တရက်မို့ လက်အတွင်းမှ စာရွက်ခေါက်ကလေးမှာ လင်းဆွဲတစ်ထောင်သခင်မထံသို့ပါသွားသည်။ လင်းဆွဲတစ်ထောင်သခင်မက ထိုစာရွက်ခေါက်ကလေးကိုကြည့်လိုက်ရင်း
“မျက်လုံးပုံကလေးနဲ့ဆိုတော့ မင်းက သေချာပေါက် တတိယမျက်လုံးအဖွဲ့ဝင်ပဲ၊ ရွှေဝတ်ရည်”
“မ . . မဟုတ်ပါဘူး”
“ဟား၊ ဟား နောက်ဆုံးအချိန်အထိ မင်းက လိမ်ပြောနေသေးတယ်ပေါ့၊ မင်းတို့နှစ်ယောက် ခုနက ဘာတွေပြောနေသလဲဆိုတာကို ငါကြားပြီးပြီ”
လင်းဆွဲတစ်ထောင်သခင်မက ရွှေဝတ်ရည်ထံသို့ လင်းဆွဲကောင်များစေလွှတ်လိုက်လေသည်။ သို့သော်လည်း ငခမ်းက ကြားဖြတ်ဝင်ရောက်လိုက်ပြီး ပင့်ကူဖြူသံဓါးကြီးဖြင့် လင်းဆွဲကောင်များကိုပိုင်းချလိုက်လေရာ လင်းဆွဲကောင်များမှာ ခန္ဓာကိုယ်ထက်ပိုင်းပြတ်သွားကာ သေဆုံးသွားကြလေသည်။ လင်းဆွဲတစ်ထောင်သခင်မမှာ မျက်လုံးများကိုမှေးစင်းလိုက်သည်။
“မင်းတို့ဒီအတိုင်းအဖမ်းခံရင် သက်သာမယ်နော်၊ ခုခံရင်တော့ ငါ့အဆိုးမဆိုနဲ့”
လင်းဆွဲတစ်ထောင်သခင်မက အနီရောင်လင်းဆွဲများဖြင့် ထပ်မံပစ်ခတ်စေလွှတ်လိုက်ပြန်သည်။ ထိုလင်းဆွဲများကိုတော့ ငခမ်းကခုန်ရှောင်လိုက်လေရာ လင်းဆွဲများက ရွှေဝတ်ရည်ထံသို့ ပြေးလွှားသွားလေသည်။ ရွှေဝတ်ရည်ကလည်း ချက်ချင်းပင် ရွှေရည်များအဖြစ်သို့ ပြောင်းလဲလိုက်ကာ ငခမ်းကိုယ်ပေါ်သို့ စီးတက်လိုက်သည်။
ငခမ်းက လင်းဆွဲတစ်ထောင်သခင်မထံသို့ အားကုန်ပြေးဝင်လိုက်ကာ ဓါးဖြင့်် နှစ်ပိုင်း၊ ပိုင်းချလိုက်သည်။ လင်းဆွဲတစ်ထောင်သခင်မကိုယ်မှ လင်းဆွဲတစ်ချို့က နှစ်ပိုင်းပြတ်ကာ ပြုတ်ကျလာလေသည်။
“ဟောဒီမှာ သွေးလင်းဆွဲတဲ့ဟေ့”
လင်းဆွဲများကို ထပ်မံစေလွှတ်လိုက်ပြန်သည်။ ငခမ်းက ထိုလင်းဆွဲများကို လင်းနို့တောင်ပံထုတ်ကာ ရိုက်နှက်လိုက်လေရာ ထိုလင်းဆွဲများမှာ လင်းဆွဲတစ်ထောင်သခင်မထံသို့ ပြန်လည်ကန်ထွက်ကာ ထိမှန်ပေါက်ကွဲသွားလေသည်။
လင်းဆွဲတစ်ထောင်သခင်မက အနောက်သို့ ခြေသုံးလှမ်းခန့်ဆုတ်လိုက်ပြီး
“ကောင်လေးတွေ၊ လာကြစမ်း”
ထိုအခါ လင်းဆွဲဆမန်းကောင်များက အရှေ့သို့တိုးလာကြလေသည်။ ရွှေဝတ်ရည်တို့ အခန်းအတွင်း ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်သွားလေသည်။
“အားလုံးရပ်လိုက်ကြစမ်း”
အသံနက်ကြီးကိုကြားလိုက်သဖြင့် တိုက်ခိုက်နေသူများ ရပ်တန့်သွားကြသည်။ ထိုအခါ လင်းဆွဲတစ်သောင်းသခင်ကြီးက တစ်လှမ်းချင်း လှမ်းလျှောက်လာလေသည်။ သူ့အနောက်တွင် ဘတိုးလည်းပါလာခဲ့သည်။ ရွှေဝတ်ရည်က ငခမ်းကိုယ်မှပြန်ထွက်ကာ လူပုံဖန်တီးလျှက် ပြန်လည်ရပ်တန်ၤ့နေလိုက်သည်။
“ခမည်းတော်”
လင်းဆွဲတစ်ထောင်သခင်မက
“သခင်ကြီး၊ ရွှေဝတ်ရည်က တတိယမျက်လုံးအဖွဲ့ဝင်ပါ”
လင်းဆွဲတစ်သောင်းသခင်ကြီးက ဒေါသထွက်လျျက်
“တော်စမ်း၊ မဟုတ်တမ်းတရားတွေ မပြောနဲ့၊ နန်းမွန်”
“ဟုတ်ပါတယ်သခင်ကြီး၊ ဒီစာရွက်က သူ့ဆီက ရှာတွေ့တဲ့စာရွက်ပါ”
လင်းဆွဲတစ်သောင်းသခင်ကြီးက လင်းဆွဲတစ်ကောင်ကိုစေလွှတ်လိုက်ကာ လင်းဆွဲတစ်ထောင်သခင်မလက်အတွင်းမှ စာရွက်ခေါက်ကလေးကို ကိုက်ချီကာ ယူလိုက်သည်။ ထို့နောက် စာရွက်ခေါက်ကလေးကို ဖြန့်ကြည့်သည်။ စာကိုသေချာဖတ်ကြည့်ပြီးသည့်အခါ လင်းဆွဲတစ်သောင်းသခင်ကြီး၏ မျက်လုံးများမှာ မှေးစင်းသွားလေသည်။
“မင်းပြောတာမှန်တယ်ဘတိုး”
လင်းဆွဲတစ်သောင်းသခင်ကြီးက စာရွက်ကိုဖြန့်လိုက်ပြီး
“နန်းမွန်၊ မင်းက သူများကိုတော့ အကွက်ချချင်ပေမယ့် မင်းကိုယ်တိုင်တော့ မလည်သေးဘူးကိုးကွ”
လင်းဆွဲတစ်ထောင်သခင်မ နန်းမွန်မှာ မျက်လုံးအပြူူးသားနှင့်ဖြစ်သွားသည်။
“မင်းပေးတဲ့စာကို ရေးထားတာ မင်းလက်ရေးမဟုတ်လား”
လင်းဆွဲတစ်ထောင်သခင်မက ခေါင်းကိုသွက်သွက်ခါအောင် ခါရမ်းလိုက်သည်။ တကယ်လမ်း စာရွက်တွင်ရေးထားသည့် စာသားမှာ သူ့လက်ရေးများဖြစ်နေလေသည်။ ငခမ်းနှင့် ရွှေဝတ်ရည်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးလိုက်လေသည်။ ထိုအခါ လင်းဆွဲဆမန်းတစ်ကောင်မှာ လင်းဆွဲတစ်သောင်းသခင်ကြီးစိုင်းနော် အနီးသို့ ပြေးလာခဲ့သည်။
“သခင်ကြီး၊ သခင်မ အခန်းကို နှံစပ်အောင်ရှာပြီးပါပြီ၊ ဟောဒီစာရွက်တွေ တွေ့ပါတယ်”
လင်းဆွဲတစ်သောင်းသခင်ကြီးက ထိုစာရွက်စာတမ်းများကိုကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
“အနီးဆုံးလူက ရန်သူဆိုတာ သိပ်မှန်တာပဲ”
“မဟုတ်ပါဘူး”
“ဘာမဟုတ်တာလဲနန်းမွန်၊ မင်းက ငါ့သမီးတော်အပေါ်ကိုအမြဲတမ်းအပြစ်ပုံချနေကတည်းက ငါမင်းကိုထူးခြားနေတယ်လို့ ထင်နေခဲ့မိတာကြာပြီ၊ အခုတော့မှ လက်ပူးလက်ကြပ်မိတော့တယ်၊ မင်းက တတိယမျက်လုံးအဖွဲ့ဝင်ဖြစ်နေပြီးတော့ ငါနဲ့ ငါ့သမီးတော်နဲ့ကို ရန်တိုက်ပေးဖို့ပဲ၊ ငါတို့တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတာကိုကြည့်ပြီးတော့ မင်းက ရယ်မောချင်နေတာမဟုတ်လား”
“မဟုတ်ပါဘူးသခင်ကြီး၊ ကျွန်မလုပ်တာမဟုတ်ပါဘူး”
“မင်းဘာမှ ငြင်းမနေနဲ့တော့ နန်းမွန်၊ မင်းကိုငါစိတ်ကုန်သွားပြီ”
လင်းဆွဲတစ်သောင်းသခင်ကြီးက စိုင်းနော်က သူ့ရင်ဘတ်ကို လှန်တင်လိုက်ပြီးနောက် ရင်ဘတ်တွင်ဆွဲထားသည့် လည်ဆွဲဝိုင်းကလေးအား လက်ဖြင့််ပွတ်သပ်လိုက်လေသည်။ ထိုအခါ လည်ဆွဲဝိုင်းကလေးအလယ်ရှိ အဖြူရောင်ကျောက်ကလေးမှာ အဝါရောင်ဖန့်ဖန့်ကြီး ဝင်းလက်သွားပြီး လေဟာနယ်ကြီးတစ်ခုပေါ်ပေါက်လာလေသည်။ စိုင်းနော်က ထိုလေဟာနယ်အတွင်းသို့ လက်ကိုနှိုက်လိုက်သည့်အခါ လင်းဆွဲကလေးတစ်ကောင် ထွက်ပေါ်လာလေသည်။
“မင်းကို ရွှေရောင်အိပ်ခန်းကနေ ထုတ်ပယ်လိုက်ပြီ နန်းမွန်”
လင်းဆွဲတစ်ထောင်သခင်မက အလွန်ထိတ်လန့်သွားသည်။
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့သခင်ကြီး”
ငခမ်းလည်း အံ့သြစွာဖြင့်ကြည့်နေမိစဉ်
“ရွှေရောင်အိပ်ခန်းဆိုတာ တကယ်တော့ အဲဒီလည်ဆွဲကလေးကို ပြောတာကိုး”
ရွှေဝတ်ရည်က ရေရွတ်လိုက်လေသည်။ ထို့နောက်ရွှေဝတ်ရည်က ငခမ်း၏လက်အားဆွဲကိုင်လိုက်ကာ လင်းဆွဲတစ်သောင်းသခင်ကြီးဆီသို့ ပြေးဝင်သွားလေသည်။ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ အံ့သြနေစဉ်မှာပင် ဘတိုးက လင်းဆွဲတစ်သောင်းသခင်ကြီး၏ နောက်ကျောကိုအားဖြင့်တွန်းထုတ်လိုက်ရာ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ အရှေ့သို့ယိုင်လဲသွားတော့သည်။ တစ်ဟုန်ထိုးပြေးလာသည့် ငခမ်းနှင့် ရွှေဝတ်ရည်တို့မှာ ရွှေရောင်လည်ဆွဲပြားကလေးကို လက်နှင့်ထိလိုက်ပြီးနောက် နှစ်ဦးစလုံးပျောက်ကွယ်သွားတော့သည်။
လင်းဆွဲတစ်သောင်းသခင်ကြီးမှာ ဘတိုးအား အလွန်အံ့သြသည့်မျက်နှာဖြင့် လှည့်ကြည့်လိုက်လေသည်။
“ဘတိုး၊ မင်းဘာလုပ်တာလဲ”
ဘတိုးက ဘာမှမပြောတော့ဘဲ တဟားဟားနှင့် ရယ်မောနေလေသည်။ လင်းဆွဲတစ်ထောင်သခင်မက ဘတိုးဆီသို့ ပျံသန်းသွားလိုက်ကာ ဘတိုးလည်ပင်းအားဖမ်းချုပ်ထားလိုက်သည်။
“ဘတိုး၊ မင်းဘာလုပ်တာလဲ”
ဘတိုးက ရယ်မောလျှက်
“ခင်ဗျားကို တော်တော်လည်တဲ့လူလို့ကျုပ်ကထင်ခဲ့တာဗျ၊ မထင်မှတ်ဘဲ ခင်ဗျားက ငတုံးကြီးတစ်ယောက်ဖြစ်နေတယ်၊ တကယ်တော့ ခင်ဗျားရဲ့ရှင်မ နန်းမွန်က တတိယမျက်လုံးအဖွဲ့ဝင်မဟုတ်ဘူးဗျ၊ ခင်ဗျားရဲ့ သမီးတော်ကသာ တတိယမျက်လုံးအဖွဲ့ဝင်ပဲ”
ထိုအခါ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ အလွန်ဒေါသထွက်သွားပြီးနောက် ဘတိုးအားလက်ဝါးဖြင့် ရိုက်ပုတ်ထည့်လိုက်လေရာ ဘတိုးမှာ လွင့်စင်ထွက်သွားလေသည်။ လင်းဆွဲတစ်ထောင်သခင်မက
“သခင်ကြီးက ကျွန်မပြောတာကိုမှ မယုံခဲ့တာကိုး၊ သခင်ကြီးနဲ့ သွေးမတော် သားမစပ်တဲ့သူတစ်ယောက်ကို ယုံကြည်လို့မဖြစ်ပါဘူးဆို”
လင်းဆွဲတစ်သောင်းသခင်ကြီးက မျက်မှောင်ကြုတ်လျှက်
“မင်းလိုက်သွား၊ မင်းတို့တွေအကုန်လုံး ရွှေရောင်အိပ်ခန်းထဲကိုလိုက်သွားကြ၊ ဒီနှစ်ကောင်ကို အပိုင်းပိုင်းအစစဖြစ်အောင်လုပ်ခဲ့ကြ”
လင်းဆွဲတစ်သောင်းသခင်ကြီးမှာ ရင်ဘတ်ရှိ လည်ဆွဲကလေးကိုပွတ်သပ်လိုက်ရာ စက်ဝိုင်းပုံစံ လေဟာနယ်ကြီးတစ်ခု ပေါ်ပေါက်လာလေသည်။ ထိုအတွင်းသို့ ဆမန်းလင်းဆွဲများနှင့်အတူ လင်းဆွဲတစ်ထောင်သခင်မပါ ခုန်ဝင်သွားကြလေသည်။
(၄)
ငခမ်းတို့နှစ်ဦးသား ရွှေရောင်အဆင်းများဖြင့် ဝင်းလက်နေသည့်် လောကကြီးတစ်ခုအတွင်းသို့ရောက်ရှိသွားကြသည်။ မြင်မြင်ရာပတ်ဝန်းကျင်တစ်ခွင်တွင် ရွှေရောင်အဆင်းသဏ္ဍာန်များသာရှိနေလေသည်။ ကောင်းကင်ပြင်ကြီးတွင်တော့ မရေမတွက်နိုင်သည့် လင်းဆွဲများက ပျံသန်းနေကြသည်။ ထိုကွင်းပြင်ကြီးအလယ်တွင်တော့ တိုင်လုံးကြီးတစ်လုံးထောင်လျှက်သား တည်ရှိနေလေသည်။
သူတို့နှစ်ဦးသား အံ့သြစွာနှင့်ကြည့်နေမိစဉ် လင်းဆွဲတစ်ထောင်သခင်မနှင့် အခြားလင်းဆွဲ ဆမန်းကောင်များမှာ လိုက်လံဝင်ရောက်လာကြလေသည်။
“ဟား၊ ဟား မင်းတို့ငါ့လက်ကပြေးလို့လွတ်မယ်လို့ထင်နေတာလား”
လင်းဆွဲတစ်ထောင်သခင်မက အပြေးအလွှားနှင့် တိုက်ခိုက်လေသည်။ ထိုအခါ ရွှေဝတ်ရည်က ငခမ်းအားတွန်းလွှတ်လိုက်ပြီး
“သွားတော့၊ သူတို့ကို ကျွန်မထိန်းထားမယ်၊ ရှင်လုပ်ရမှာက အဲဒီတိုင်ကြီးဆီကို အရောက်သွားဖို့ပဲ”
ငခမ်းက လင်းနို့တောင်ပံကြီး ထုတ်လိုက်သော်လည်း တောင်ပံကထွက်မလာပေ၊ ဖြစ်နိုင်သည်မှာ ထိုအထဲတွင် လင်းဆွဲများမှလွဲ၍ အခြားသူများမှာ အစွမ်းမထုတ်နိုင်စေရန် စီမံထားပုံရသည်။ ငခမ်းလည်း ထိုတိုင်ကြီးဆီသို့ တစ်ဟုန်ထိုးပြေးလာခဲ့သည်။ ရွှေဝတ်ရည်က သူ့ခန္ဓာကိုယ်အား ပုံပြောင်းရန်ကြိုးစားသော်လည်း အချည်းနှီးပင်ဖြစ်သည်။ ထိုအခါ လင်းဆွဲတစ်ထောင်သခင်မက ရွှေဝတ်ရည်၏ လည်တိုင်ကို လက်ဖြင့်ဆွဲကာ မြှောက်လိုက်လေသည်။ ရွှေဝတ်ရည်မှာ လင်းဆွဲတစ်ထောင်သခင်မ၏ လက်ထဲတွင်လူးလွန့်နေလေသည်။
“ကျန်တဲ့ကောင်တွေ၊ ဟိုတစ်ယောက်ကို တားကြစမ်း”
လင်းဆွဲကောင်များမှာ ပျံသန်းသွားကြလေသည်။ ငခမ်းလည်း ကွင်းပြင်ကြီးကိုဖြတ်သန်းပြေးလွှားနေရင်း လင်းဆွဲကောင်များက ငခမ်းအရှေ့တွင် ပေါ်လာခဲ့လေရာ ပြေးလွှားရင်း ဓါးဖြင့်ခုတ်ပိုင်းတော့သည်။ သို့သော် လင်းဆွဲကောင်များမှာ ဓါးချက်ထိမှန်သည့်အချိန်တွင် လင်းဆွဲများအဖြစ်ပြောင်းလဲသွားကြကာ ဓါးချက်ဖြတ်သန်းပြီးသည့်အခါ ထိုလင်းဆွဲများမှာ အချင်းချင်းပြန်လည်ချိတ်ဆက်ပြီး လူတစ်ဦးအသွင် ပြန်လည်ပြောင်းလဲသွားပြန်သည်။
သို့နှင့် ငခမ်းက ပြေးရင်းလွှားရင်း ကျောက်တိုင်ကြီးအနီးသို့ရောက်လာသည်။ ကျောက်တိုင်လုံးကြီးမှာ ပြောင်ချောနေသည့် ကျောက်သားကြီးဖြစ်ပြီး အခြားမည်သည့်အရာမှ ရှိမနေပေ၊ ငခမ်းလည်း အံ့သြစွာနှင့်ကြည့်နေမိစဉ် လင်းဆွဲကောင်များက ငခမ်းအား တွန်းထုတ်လိုက်တော့သည်။ ငခမ်းလွင့်ထွက်သွားပြီး ကျောက်တိုင်ကြီးနှင့် ဆောင့်မိသွားလေသည်၊ ထို့နောက် ငခမ်းတစ်ယောက် ကျောက်တိုင်ကြီး၏ ကျောက်သားများအတွင်းသို့ နစ်မြုပ်ကာဝင်ရောက်သွားလေတော့သည်။
“ဟား၊ ဟား”
ရွှေဝတ်ရည်က ရယ်မောလိုက်သည်။ ပြီးနောက်
“ကျွန်မတာဝန်ကျေပြီ”
လင်းဆွဲတစ်ထောင်သခင်မက
“ဘာတာဝန်လဲ”
“အဖေ၊ ကျွန်မတာဝန်ကျေပြီ”
ထိုအခါ လင်းဆွဲတစ်ထောင်သခင်မက ရွှေဝတ်ရည်လည်ပင်းအား အားကုန်ညှစ်ထည့်လိုက်လေသည်။ ရွှေဝတ်ရည်မှာ တစ်ချက်နှစ်ချက်ခန့် ရုန်းကန်ပြီးသော် မကြာခင်မှာပင် ရွှေမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာလေတွင်လွင့်ပျံသွားလေသည်။ လင်းဆွဲတစ်ထောင်သခင်မလည်း ကျောက်တိုင်ကြီးအနီးသို့ ပျံသန်းလာခဲ့သည်။
“ဟဲ့ကောင်တွေ၊ ဟိုလင်းနို့ကောင် ဘယ်ရောက်သွားတာလဲ”
လင်းဆွဲဆမန်းများက ခေါင်းခါကြသည်။
“ဟောဒီ ကျောက်တိုင်ကြီးအထဲကို နစ်ဝင်သွားတာပဲ”
ထိုအခါ လင်းဆွဲတစ်ထောင်သခင်မက ကျောက်တိုင်ကြီးကို လက်ဝါးနှင့်ပွတ်သပ်ကြည့်သည်။
“မဖြစ်နိုင်တာ၊ ဒီကျောက်သားကြီးထဲကို သူကဘယ်လိုလုပ်ပြီး ဝင်သွားနိုင်တာလဲ”
(၅)
အလွန်မှောင်မိုက်နေသည့် နယ်မြေတစ်ခုအတွင်းသို့ ငခမ်းရောက်သွားပြန်သည်။
“ငခမ်း၊ ဒီကိုလာခဲ့”
သူ့ကိုခေါ်သံကြားရပြန်သည်။
“ကျုပ်ကို ဘယ်သူခေါ်နေတာလဲ”
“ငါခေါ်နေတာ၊ ငါ့ဆီကိုလာခဲ့”
ငခမ်းလည်း အသံကြားရာ အမှောင်တောကြီးအတွင်းသို့ စမ်းတဝါးဝါးနှင့် လျှောက်လှမ်းသွားလိုက်သည်။ မကြာခင်အချိန်တွင် သူ့အရှေ့တွင် အနီရောင်တောက်ပနေသည့် ခပ်ချွန်ချွန်အရာကလေးတစ်ခုကိုတွေ့လိုက်ရသည်။
“ထိလိုက်၊ ငါ့ကို ကိုင်လိုက်”
အမှောင်ထုကြီးအတွင်း ထိုအရာကလေးကသာ မီးတောက်များဖြင့် ရဲရဲနီတောက်နေပြီး လေပေါ်တွင်မြောလွင့်နေလေသည်။
“ကျုပ်က ဘာလို့ကိုင်ရမှာလဲ”
“မင်းကိုင်လိုက်စမ်းပါ၊ မင်းကိုင်လိုက်မှရမယ်”
အသံသေးသေးကလေးထွက်လာပြီးနောက် ငခမ်း၏ ညာဖက်လက်ဝါးတွင် ပါးစပ်ကြီးတစ်ခုပေါ်ပေါက်လာသည်။
“ဟင်၊ အသေးလေး၊ မင်း . . . မင်းကဘယ်လိုလုပ်ပြီးတော့ ပြန်ပေါ်လာတာလဲ”
“ဟား၊ ဟား၊ ငါကပုန်းနေတာကွ”
အသေးလေးက ပြောဆိုပြီးသည့်အခါ ငခမ်းလက်ကိုဆွဲမြှောက်လိုက်လေသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ချွန်ချွန်အရာကလေးဆီသို့ လက်လှမ်းနေလေသည်။ ငခမ်းက တတ်နိုင်သမျှ ပြန်လည်တင်းခံထားသည်။
“တောင့်ခံမနေနဲ့ငခမ်း၊ ဒါတွေအားလုံးဖြစ်လာအောင်လို့ ငါစီစဉ်ခဲ့တာ”
အသေးလေးပါးစပ်အတွင်းမှ လျှာအရှည်ကြီးက ထိုးထွက်လာကာ ထိုအရာကလေးကို လျှာနှင့်ပတ်ယူလိုက်ပြီး ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်တော့သည်။ ငခမ်းမတ်တပ်ရပ်နေသည့်အနားတစ်ခွင်တွင် ဟုန်းခနဲမီးတောက်ကြီးများ တောက်လောင်လာပြီးနောက် ငခမ်းတစ်ယောက်ခွေကျသွားတော့သည်။
“ငခမ်း၊ ထစမ်းပါ၊ မင်းပျော့ညံ့မနေစမ်းပါနဲ့”
ခေါ်သံကြားသဖြင့် ငခမ်းမျက်လုံးများကိုဖွင့်ကြည့်လိုက်မိသည်။ သူရောက်နေသည့်နေရာမှာ ရွှေရောင်အဆင်းရှိသည့် ကမ္ဘာကြီးတစ်ခုအတွင်းဖြစ်သည်။ ထိုစဉ် သူ့ထံသို့ မိန်းကလေးတစ်ဦးက လှမ်းလျှောက်လာလေသည်။
“ရွှေဝတ်ရည်”
ငခမ်းက ရေရွတ်လိုက်သည့်အခါ ရွှေဝတ်ရည်မှာ ငခမ်းအား နှစ်နှစ်ကာကာနှင့် ပြုံးပြလေသည်။
“ကျွန်မတာဝန်ကျေပွန်ခဲ့ပြီ”
“ငါဘာတွေဖြစ်နေသလဲဆိုတာကို နားမလည်နိုင်တော့ဘူး”
“မင်းအားလုံးကို မကြာခင် သဘောပေါက်သွားမှာပါ ငါ့သား”
အာလစ်ခန်းက ထွက်ပေါ်လာလေသည်။ ရွှေဝတ်ရည်က အာလစ်ခန်းအရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည့်အခါ အာလစ်ခန်းက ရွှေဝတ်ရည်၏ ဦးခေါင်းကိုပွတ်သပ်လိုက်သည်။
“ငါ့သမီး တာဝန်ကျေပါပြီ”
ထိုအခါ ရွှေဝတ်ရည်မှာ ရွှေရောင်ရေစက်ကလေးတစ်ခုအသွင်ဖြစ်ပေါ်သွားပြီး အာလစ်ခန်း၏ လက်အတွင်းသို့စီးဝင်သွားသည်။ အာလစ်ခန်းက ငခမ်းကိုကြည့်ရင်း
“မင်းရဲ့လက်ကိုကြည့်လိုက်စမ်း”
ငခမ်းလည်းသူ့ညာဖက်လက်ကိုကြည့်လိုက်သည့်အခါ သူ၏ ညာဖက်လက်မောင်းတစ်လျှောက် အာလစ်ခန်းကိုယ်တွင်ဖုံးအုပ်နေသကဲ့သို့ အနက်ရောင်အကြွေးခွံများက ဖုံးအုပ်နေပြီး လက်သည်းကြီးများမှာလည်း ရှည်လျားစွာဖြင့် ထွက်ပေါ်နေလေသည်။
“ကျုပ်၊ ကျုပ်ဘာဖြစ်သွားတာလဲ”
“ဒုတိယ နတ်ဆိုးအစိတ်အပိုင်းကို မင်းရသွားပြီငခမ်း၊ မင်းခုနက ယူလိုက်တာက ငါ့ရဲ့လက်သည်းခွံတစ်ခုပဲ၊ ငါ့ကို သတ်ပြီးတဲ့အခါ နတ်ကောင်းတွေက ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်၊ ဒါပေမယ့် ငါ့ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်း ခုနစ်ခုကိုတော့ ဖျက်ဆီးလို့မရခဲ့ဘူး၊ ဒီအစိတ်ပိုင်း ခုနစ်ခုကို တောင်ကြီးခုနစ်တောင်ရဲ့ အတွင်းထဲမှာ အမျိုးမျိုးသော ကာကွယ်မှုတွေနဲ့ မြှုပ်နှံထားခဲ့တယ်”
“ဒါဆို ဒီတောင်ကြီးကလည်း တစ်ခုအပါအဝင်ပေါ့”
“မှန်တာပေါ့ငခမ်းရာ၊ ဒါကြောင့်မို့လို့ ငါကမင်းကို ဒီကိုတမင်သက်သက်ရောက်အောင်လို့ ခေါ်ဆောင်ခဲ့ရတာပဲ”
“ဒါဆိုရင် ရွှေဝတ်ရည်ကရော”
“တောင်မြင့်တောင်ကြိးပေါ်မှာရှိတဲ့ ငါ့သမီးကိုးယောက်က ငါနိုးထလာမယ့်အချိန်ကို စောင့်မျှော်နေကြတဲ့သူတွေပဲ၊ ရွှေဝတ်ရည်ကလည်း ငါ့ခန္ဓာကိုယ်က ကျခဲ့တဲ့ သွေးစက်တစ်စက်ပဲ၊ သူက ဒီမှာနေရင်းနဲ့ ငါ့ကိုပြန်လည်ခေါ်ဆောင် နိုးထနိုင်မယ့်လူကို စောင့်နေခဲ့တာပေါ့”
“ကျုပ် . . . ကျုပ်ဆက်ပြီးမလုပ်နိုင်တော့ဘူး”
ထိုအခါ အာလစ်ခန်းက အသံနက်ကြီးနှင့််ရယ်မောလိုက်သည်။
“မင်းလုပ်မယ်မလုပ်ဘူးဆိုတာကို ရွေးချယ်လို့မရတော့ဘူးငခမ်း၊ ရှေ့ဆက်ပြီးတော့ မင်းဘာလုပ်ရမလဲဆိုတာကို ငါရွေးချယ်ပေးမယ်”
ရွှေရောင်ကောင်းကင်ကြီးမှာ ရုတ်ခြည်းကွယ်ပျောက်သွားသည်။ ငခမ်းအား စွမ်းအင်တစ်ခုက တွန်းထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး လေပေါ်သို့မြောက်တက်သွားလေသည်။
ကျောက်တိုင်ကြီးမှာ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီးနောက် ငခမ်းက ကျောက်တိုင်အပေါ်မှထိုးဆင်းလာလေသည်။
“ဟား၊ ဟား လက်စသတ်တော့ မင်းက ဒီအထဲကိုဝင်ပုန်းနေတာကိုး၊ ကောင်လေးတွေ တိုက်ကြစမ်း”
ငခမ်းထံသို့ လင်းဆွဲဆမန်းကောင်များက ပြေးဝင်လာလေသည်။ ငခမ်းလည်း ပင့်ကူဖြူသံဓါးကြီးကို ညာလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ထိုအခါ သံဓါးကြီးအတွင်းသို့ ထူးဆန်းသည့်အစွမ်းများဝင်ရောက်လာသလို ခံစားလိုက်ရပြီး သံဓါးကြီးမှာ ရဲရဲနီတောက်သွားလေသည်။
“ယား”
ငခမ်းက အော်ဟစ်လိုက်ပြီး သူ့ထံပြေးဝင်လာသည့် ဆမန်းကောင်နှစ်ကောင်အား ဓါးဖြင့်ခုတ်ဖြတ်ထည့်လိုက်သည်။ ဓါးသွားမှာ ဆမန်းကောင်များအား ဖြတ်သန်းသွားပြီးနောက် ဆမန်းကောင်နှစ်ကောင်မှာ တစ်ကိုယ်လုံးတုန်ယင်လာကာ မီးလောင်ကျွမ်းကာ ပြာအဖြစ်ပြောင်းလဲသွားလေသည်။
“ဟာ၊ ဘယ်လိုဖြစ်တာလဲ”
လင်းဆွဲတစ်ထောင်သခင်မမှာ အလွန်ထူးဆန်းနေမိသည်။ အခြားကျန်သည့် ဆမန်းကောင်များမှာ ငခမ်းထံသို့ ပြေးခုန်ဝင်လာကြပြန်သည်။ ငခမ်း၏ ခြေလက်များကို ဖမ်းဆီးချုပ်နှောင်ထားကြလေသည်။ ဆမန်းကောင် အကောင်နှစ်ဆယ်ခန့်မှာ ငခမ်းအားချုပ်ထားကြသဖြင့်် ငခမ်းတစ်ယောက် လှုပ်ရှားမရတော့ပေ။
“ငါ့ကိုယ်လုံးကို မထိနဲ့”
ငခမ်းက အသံကုန်ဟစ်အော်လိုက်သည့်အခါ ငခမ်းတစ်ကိုယ်လုံးတွင် မီးတောက်မီးလျှံကြီးများထွက်ပေါ်လာပြီး သူ့ကိုဖမ်းချုပ်ထားသည့် ဆမန်းကောင်များအား စွဲလောင်လေတော့သည်။ ဆမန်းကောင်များမှာ မကြာခင်မှာပင် မီးလောင်ကာ ပြာဖြစ်သွားတော့သည်။ နောက်ဆုံးတော့ လင်းဆွဲတစ်ထောင်သခင်မသာ ကျန်နေခဲ့တော့သည်။
“သွေးလင်းဆွဲတွေ ထွက်စမ်း”
လင်းဆွဲတစ်ထောင်သခင်မလက်အတွင်းမှ လင်းဆွဲများကိုစေလွှတ်လိုက်သည်။ သို့သော်လည်း ငခမ်းက ထိုလင်းဆွဲများကို လက်ဖြင့်ပုတ်ထည့်လိုက်ရာ လင်းဆွဲများမှာ ပြာဖြစ်သွားပြန်သည်။ နောက်ဆုံးတော့ လင်းဆွဲတစ်ထောင်သခင်မက သူ့ထမီကို ဖြန့်လိုက်လေသည်။ ထမီကို အထပ်ထပ်လိပ်ဝတ်ထားရာ ထမီဖြန့်လိုက်သည့်အခါ အရှည်ကြီးဖြစ်သွားတော့သည်။
“သွေးစုပ်ထမီတဲ့ဟေ့”
ငခမ်းတစ်ကိုယ်လုံးကို ထမီနှင့်ရစ်ပတ်လိုက်သည်။ သို့သော်လည်း ငခမ်းက ဖြုံပင်မဖြုံပေ၊ လက်တစ်ဖက်ကို ထမီခေါက်အတွင်းမှ ထိုးထုတ်လိုက်ပြီးနောက် ထမီစကိုဆောင့်ဆွဲထည့်လိုက်ရာ ထမီစတစ်ဖက်ကို ကိုင်စွဲထားသည့် လင်းဆွဲတစ်ထောင်သခင်မမှာ ငခမ်းဆွဲရာအနောက်သို့ ပါလာလေသည်။ ငခမ်းက လင်းဆွဲတစ်ထောင်သခင်မ၏ လည်ပင်းအား ဘက်ဖက်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
“နင်ငါ့ကိုသတ်လို့မရဘူး”
ထိုသို့ပြောဆိုပြီး သူ့ခန္ဓာကိုယ်အား လင်းဆွဲများအဖြစ်သို့ပြောင်းလဲလိုက်ကာ မိုးပေါ်သို့ပျံတက်သွားသည်။ ငခမ်းလည်း ကောင်းကင်ပေါ်သို့မော့ကြည့်လျှက် တစ်ချက်ပြုံးလိုက်ရင်း
“ခင်ဗျားကိုမသတ်ပါဘူး၊ ကျုပ်က ခင်ဗျားကိုစားမှာ”
ငခမ်းက ပါးစပ်ကိုဖြဲလိုက်ပြီး ဝမ်းခေါင်းသံကြီးဖြင့် တစ်ချက်အော်ဟစ်လိုက်လေရာ အသံမှာ အလွန်ကျယ်လောင်ပြီး မိုးခြိမ်းသံကြီးပမာ ထွက်ပေါ်လာလေသည်။ ထိုအသံလှိုင်းများနှင့် ထိတွေ့သွားသည့် လင်းဆွဲကောင်များမှာ ပျံသန်းနေရင်းပင် ငြိမ်သက်သွားကြလေသည်။ ထိုအခါ ငခမ်းက သူကိုင်ထားသည့် ဓါးကို မြေကြီးတွင်စိုက်ချလိုက်ပြီး ညာဖက်လက်ဝါးကိုဖြန့်လိုက်သည်။
“အသေးလေး၊ မင်းအကုန်စားတော့”
ညာဖက်လက်ဝါးရှိ ပါးစပ်ကြီးမှာ ပြဲထွက်သွားကာ ဆွဲငင်အားပြင်းပြင်းနှင့် လေများကိုစုပ်ယူလိုက်လေသည်။ ထိုအခါ ပျံသန်းနေသည့် လင်းဆွဲများထံမှ မိစ္ဆာစွမ်းအင်လုံးများ ထွက်လာကြာကာ ထောင်နှင့်သောင်းနှင့်ချီသည့် မိစ္ဆာစွမ်းအင်လုံးများမှာ ငခမ်း၏လက်အတွင်းသို့ စီးဝင်ကြလေသည်။ မိစ္ဆာစွမ်းအင်လုံးများကို အသေးလေးက အားရပါးရစားသောက်ပြီးသောအခါ
“ဟား၊ ဟား၊ ကောင်းတယ်၊ ကောင်းတယ်၊ စွမ်းအားတွေကို ငါခံစားမိပြီ”
(၆)
အပြင်တွင်လည်း တိုက်ပွဲကပြင်းထန်နေသည်။ ဘတိုးနှင့် လင်းဆွဲတစ်သောင်းသခင်ကြီးတို့မှာ တစ်ယောက်နှင့်တစ်ယောက် အသည်းအသန်တိုက်ခိုက်နေကြသည်။ သို့သော်လည်း ဘတိုးခံရသည်ကများသည်။ လင်းဆွဲတစ်သောင်းသခင်ကြီးက ဘတိုးအား မြေတွင်လှိမ့်ကာ လှိမ့်ကာဖြင့် ကန်ကြောက်နေတော့သည်။
“မင်းလိုကောင်ကများ ငါ့ကိုနိုင်မယ်လို့ထင်နေတာလားကွ”
ထိုစဉ်မှာပင် လင်းဆွဲတစ်သောင်းသခင်ကြီး ဆွဲထားသည့် လည်ဆွဲကလေးမှာ တုန်လှုပ်လာပြီးနောက် လေဟာနယ်ကြီးတစ်ခုဖြစ်ပေါ်သွားကာ ငခမ်းတစ်ယောက်ခုန်ထွက်လာလေသည်။ ငခမ်းခုန်ထွက်လာပြီးသည်နှင့် လည်ဆွဲကလေးမှာ အစိတ်စိတ်အပိုင်းပိုင်း ကွဲကျေသွားလေသည်။
“ဘတိုးက ခင်ဗျားကို မနိုင်ပေမယ့်၊ ကျုပ်က ခင်ဗျားကိုနိုင်တယ်”
ငခမ်းက ပြင်းထန်လှသည့်ဓါးချက်များဖြင့် တိုက်ခိုက်လေတော့သည်။ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ ထိုဓါးချက်မထိအောင်ပင် အတော်ကျိုးစားကာ ရှောင်ရှားနေရလေသည်။ ထို့နောက် ခပ်လှမ်းလှမ်းသို့ ပျံထွက်သွားလိုက်ပြီး ကျောက်ဂူကြီးအတွင်းတွင် ချွန်ထွက်နေသည့် ကျောက်တုံးကြီးတစ်ခုအား ခြေထောက်နှင့်ကန်ထည့်လိုက်ရာ ထိုကျောက်တုံးကြီးမှာ ငခမ်းထံသို့ တည့်တည့်ပျံလာကာ ငခမ်းအားထိမှန်သွားလေတော့သည်။
“ဟား၊ ဟား မင်းတို့ငါ့ကိုယှဉ်လို့မရပါဘူးကွ”
ကျောက်တုံးကြီးမှာ ငခမ်းအားထိမှန်ပြီးနောက် ကျောက်ကူနံရံကြီးနှင့်ဆောင့်မိသွားလေသည်။ ထိုအခါ ကျောက်ဂူကြီးအတွင်း ငလျင်လှုပ်သည့်နှယ် တစ်ချက်တုန်ခါသွားလေသည်။
သို့သော် လင်းဆွဲတစ်သောင်းသခင်ကြီးကြည့်နေစဉ်မှာပင် ကျောက်တုံးကြီးမှာ လှှုပ်ရှားလာပြန်သည်။ ငခမ်းက အလွန်ကြီးမားသည့် ကျောက်တုံးကြီးအောက်မှ ထွက်ပေါ်လာကာ ကျောက်တုံးကြီးအား လက်တစ်ဖက်ဖြင့် မတင်လိုက်သည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ငခမ်းက ထိုကျောက်တုံးကြီးဖြင့် လင်းဆွဲတစ်သောင်းသခင်ကြီးအား ပစ်လွတ်လိုက်ပြန်ရာ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ လင်းဆွဲများအဖြစ်ပြောင်းလဲလိုက်ကာ အလျှင်အမြန်ရှောင်ရှားလိုက်ရတော့သည်။
လင်းဆွဲတစ်သောင်းသခင်ကြီးမှာ လင်းဆွဲများကိုပြန်လည်စုစည်းကာ လူအဖြစ်ပြန်လည်ပြောင်းလဲလိုက်စဉ်မှာပင် ငခမ်းက သူ့ထံသို့ပြေးဝင်လာပြီး သူ့အား ညာလက်သီးဖြင့် လွှဲကာပိတ်ထိုးထည့်လိုက်သည်။ လင်းဆွဲတစ်သောင်းသခင်ကြီးလည်း လက်သီးချက်ထိမှန်သွားကာ အနောက်သို့အရှိန်ဖြင့် လွင့်ထွက်သွားပြီး ကျောက်ဂူနံရံကြီးနှင့်ထိကာ ဂူနံရံကြီးပင်ပေါက်ထွက်သွားပြီး တောင်အပြင်ဘက်သို့လွင့်စင်ထွက်သွားတော့သည်။
ငခမ်းလည်း တောင်ကြီးအပြင်ဘက်သို့ ဆက်လက်ထွက်လိုက်လာခဲ့ရာ လင်းဆွဲတစ်သောင်းသခင်ကြီးမှာ အသက်လုကာထွက်ပြေးသွားပြီဖြစ်သည်။ ထိုတော့မှ ငခမ်းလည်း ဘတိုးထံသို့ပြန်လာခဲ့သည်။
“ခင်ဗျားအဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်”
“ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”
“သူကျိန်းသေပေါက် ဆမန်းကောင်တွေစုဝေးတဲ့ နတ်နန်းဆောင်ကိုပြေးမှာပဲ၊ အဲဒီမှာ ဆမန်းစံအိမ်က သခင်ကြီးတွေဆုံကြလိမ့်မယ်၊ ငါတို့အဲဒီကို လိုက်သွားမှဖြစ်မယ်”
ငခမ်းက ခေါင်းညိတ်လိုက်ကာ ဘတိုးကို ချီပိုးလိုက်သည်၊ ထို့နောက် မိုးပေါ်သို့အတောင်ပံဖြန့်ကာ ပျံတက်လိုက်လေသည်။
ပြီးပါပြီ။
နတ်မိစ္ဆာဖမ်းဆရာခမ်းနှင့် ဆမန်းညီနောင် တွင် ဆက်လက်ဖတ်ရှုပါ။