(၁)
တစ်နေ့လုံးမိုးသားတိမ်လိပ်များ ထူထပ်နေသည့်ကောင်းကင်ကြီးမှာ ညနေရောက်ခါနီးအချိန်မှ တိမ်သားအချို့ကင်းရှင်းသွားလေသည်။ တိမ်သားများကင်းရှင်းသွားခါမှ သူရိန်နေမင်းကြီးသည့် နောက်ဆုံးကျန်သည့် လက်ကျန်အလင်းရောင်များကို တောင်ကြောကြီးပေါ်သို့ ဖြန့်ကျက်ခင်းကျင်းလိုက်လေရာ တောင်ကြောကြီးပေါ်တွင် လင်းထိန်သွားတော့သည်။ ဦးဘိုးလူက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး တောင်ကြောကြီးပေါ်ကိုကြည့်နေလိုက်သည်။
ကောင်းကင်တစ်ခွင်တွင် တိမ်များထူထပ်နေသော်လည်း တောင်ကြောကြီးပေါ်မှာတော့ ရွှေရည်များလောင်းချထားသည့်နှယ် ဝင်းလက်ကာ ထိန်လင်းနေလေသည်။
“မလှဘူးလားဗျာ”
ဦးတောကျော်က ပြောလိုက်ရာ ဦးဘိုးလူက ခေါင်းညိတ်လိုက်သည်။
“ထူးဆန်းလိုက်တာဗျာ၊ ကောင်းကင်က တိမ်တွေအုပ်ဆိုင်းနေပေမယ့် အဲဒီတောင်ကြောကြီးပေါ်ကတော့ လင်းထိန်နေပါသကော”
“ဘာမှမထူးဆန်းပါဘူးဗျာ၊ ဒီအချိန်ဆို နေရောင်က စောင်းသွားပြီမဟုတ်လား၊ အောက်ဘက်ပိုင်းက တိမ်ထူတွေကို စောင်းနေတဲ့နေရောင်ခြည်က ဖောက်ထွက်ပြီးတော့ တောင်ကြောပေါ်မှာ ပေါ်လာတာပါဗျာ၊ ကျုပ်တို့အခေါ်တော့ နေဖင်ဖြဲတယ်လို့ခေါ်တယ်”
ဦးတောကျော်ပြောလိုက်တော့ ဦးဘိုးလူက ရယ်မောလိုက်ပြီး
“နေဖင်ဖြဲတယ်တဲ့လားဗျာ၊ ဟား . . ဟား”
“အဲဒါတွေအသာထားလိုက်စမ်းပါဗျာ၊ ညမိုးချုပ်တော့မယ်၊ ကျုပ်တို့ဆေးတောင်ကြီးဆီကို မြန်မြန်သွားနိုင်မှရမယ်ဗျ”
ဦးတောကျော်က ခြေလှမ်းကျဲကြီးဖြင့်ဆက်လှမ်းသော်လည်း တောတိုးနေကျမဟုတ်သည့် ဦးဘိုးလူမှာ ဦးတောကျော်ခြေလှမ်းကို မလိုက်နိုင်ဘဲ ပြတ်ပြီးကျန်ခဲ့သဖြင့် ခရီးကသိပ်မတွင်ပေ။
“လိုသေးလားဗျ”
ဦးဘိုးလူက အတော်မောပန်းနေပုံရသည်။ ဦးတောကျော်က ခေါင်းညိတ်လိုက်ပြီး
“ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့ဒီညနေ ဆေးတောင်ကြီးဆီရောက်မှာမဟုတ်တော့ဘူးဗျ၊ ဒီတော့ တောထဲမှာပဲ တစ်နေရာရှာပြီး စခန်းချမှဖြစ်မယ်”
ဦးဘိုးလူက ခေါင်းညိတ်လိုက်ပြီး
“ကောင်းတာပေါ့ဗျာ၊ ကျုပ်လည်းနားချင်နေတာနဲ့အတော်ပဲ”
တောနက်အတွင်း စခန်းချရန်ကလည်း လွယ်သည့်အရေးတော့မဟုတ်ပေ၊ တောနက်အတွင်းကျက်စားတတ်သည့် သားကောင်များ၊ ညအချိန်တွင် ထွက်လာတတ်သည့် သားကောင်များရန်စွယ်ကရှိသေးသည်၊ ထိုသားကောင်များနှင့်တွေ့လျှင် ခရီးလမ်းနှောင့်နှေးနိုင်မည်။ ဦးတောကျော်တစ်ယောက်တည်းဆိုလျှင်တော့ တွေ့သည့်သစ်ပင်ကြီးပေါ်တက်အိပ်လိုက်နိုင်သော်လည်း၊ ယခုမှာ တောတက်လေ့မရှိသည့် ဦးဘိုးလူပါ ပါနေသဖြင့် စခန်းချရန်နေရာရွေးရတော့သည်။
“နည်းနည်းတော့အပင်ပန်းခံအုံးဗျာ၊ ဒီနေရာမှာတော့ နားလို့မဖြစ်ဘူးဗျ၊ ဟိုးမှာမြင်နေရတဲ့ တောင်ပူစာကလေးနားမှာ သွားနားရအောင်”
ဦးဘိုးလူလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝါးတောင်ဝှေးကို အားပြုကာ ဦးတောကျော်သွားသည့်အနောက်သို့ တဖြည်းဖြည်းနှင့်လိုက်လာခဲ့လေသည်။ တောင်ပူစာကလေးနားရောက်သည့်အခါ အချိန်ကအတော်လင့်နေပြီဖြစ်သည်။ အိပ်တန်းတက်သည့်ငှက်များမှာ သစ်ပင်များထက်တွင် ခုန်ပေါက်ပြေးလွှားကာ အော်ဟစ်နေလေသည်။ နေဝင်သွားပြီဖြစ်သော်လည်း ကောင်းကင်ကြီးက နီနီကြီးဖြစ်နေလေသည်။ ဦးတောကျော်က ထိုကောင်းကင်ကြီးကိုမော့ကြည့်ပြီး
“သတိတော့ထားဗျ”
သူတို့စခန်းချရန်အတွက် သစ်ပင်ကြီးသုံးပင်ဖိုခုံလောက်ဆိုင်ပေါက်နေသည့် နေရာတွင်ရွေးချယ်လိုက်လေသည်။ ထို့နောက် ဦးတောကျော်က ကိုင်းခက်များဖြာထွက်နေသည့် မနိမ့်မမြင့်သစ်ပင်ကြီးကိုရွေးချယ်လိုက်သည်။
“ခင်ဗျား သစ်ပင်တော့ တက်တက်ပါတယ်နော် ဦးဘိုးလူ”
“ဗျာ၊ ဒီသစ်ပင်ပေါ်ကိုတက်ရမှလား၊ မတက်ဘဲနေလို့မရဘူးလားဗျာ”
“မရဘူးဗျ၊ ဒီနေရာမှာ မြေပေါ်မှာစခန်းချလို့ လုံး၀မဖြစ်နိုင်ဘူး၊ ဒီတော့ သစ်ပင်ခွကြားပေါ်တက်မှပဲရမယ်”
“ဖြစ်ပါ့မလားဗျာ၊ ကျုပ်ကအမြင့်ကြောက်တယ်၊ ပြုတ်ကျနေပါအုံးမယ်”
“ရပါတယ်၊ လင့်တစ်စင်လောက်ထိုးလိုက်ရင် အဆင်ပြေပါတယ်”
ဦးတောကျော်က မြေပြင်တွင်း မီးပုံတစ်ပုံကိုဖိုလိုက်သည်။ မိုးတွင်းမို့ ထင်းစများက စိုနေသဖြင့် မီးဖိုရန်ခက်ခဲလေသည်။ မီးဖိုပြီးတော့လည်း ထင်းအစိုများကြောင့် မီးခိုးဖြူဖြူကြီးတွေက အူနေလေသည်။ ဦးတောကျော်က မီးဖိုနံဘေးတွင် သစ်ကိုင်းနှင့်တန်းကလေးလုပ်လိုက်ပြီး ရေစိုနေသည့် သူ့အင်္ကျီစကိုလှမ်းတင်လိုက်လေသည်။ ထို့နောက် သေနတ်လွယ်လိုက်ပြီး
“ခင်ဗျား ဒီမှာခဏစောင့်နေခဲ့ ဦးဘိုးလူ”
ဦးဘိုးလူမှာ အလွန်ထိတ်လန့်သွားသည်။
“ခင် . . . ခင်ဗျား ဘယ်သွားမလို့လဲ ဦးတောကျော်”
“ကျုပ် လင့်စင်ထိုးဖို့အတွက် ဝါးလုံးနည်းနည်းသွားခုတ်မလို့၊ ခင်ဗျားစိတ်မပူပါနဲ့ဗျာ၊ မိုးလည်းသေချာချုပ်သေးတာမဟုတ်ဘူး၊ ပြီးတော့ သားကောင်တွေလည်း မီးပုံရှိရင် မလာဝံ့ကြပါဘူးဗျ”
ဦးဘိုးလူက ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ်ကြောက်လန့်နေသေးသည်။ ဦးတောကျော်က ဦးဘိုးလူကို ကျောခိုင်းကာ တောထဲထွက်လာခဲ့လိုက်သည်။
(၂)
ရိုးမတောကြီးအတွင်းတွင် ဝါးပင်ရှာရသည်မှာ သိပ်မခက်ပေ၊ သစ်ပင်များနည်းတူ ကြီးမားလှသည့် ဝါးရုံကြီးများကလည်း တောအုပ်အတွင်း မင်းမူနေလေသည်။ သို့သော်လင့်ထိုးရန်အတွက် သာမန်ဝါးလောက်နှင့်အဆင်မပြေ၊ ဝါးအလုံးကြီးသည့် ဝါးပိုး၊ ဝါးနက်လောက်မှသာအဆင်ပြေသည်။ ဦးတောကျော်က မကြာခင် ဝါးပိုးဝါးရုံကြီးတစ်ခုအနီးသို့ရောက်လာသည်။ ခါးမှ ဓါးကိုဖြုတ်လိုက်ပြီး ခပ်သေးသေးဝါးလုံးသုံးလုံးခန့်ကို ခုတ်ဖြတ်လိုက်သည်။ ဝါးပိုးဝါးကို တစ်ယောက်တည်းခုတ်ဖြတ်ရသည်မှာကလည်း လွယ်ကူလွန်းသည့်အလုပ်တော့မဟုတ်ပေ၊ တောတွင်းမို့ ဝါးပင်ကြီးများက ရှစ်လံ၊ ကိုးလံခန့် ရှည်လျားသည်။ ဝါးခုတ်ပြီးသည့်အခါ ဝါးလုံးများကိုတိုင်းထွာပြီးဖြတ်တောက်ကာ ဝါးသုံးလုံးကိုထမ်းယူလာခဲ့သည်။
ချုံပင်များ၊ သစ်ပင်များအပေါ်တွင် ရစ်ပတ်နွယ်တက်နေသည့် နွယ်ပင်များကို လမ်းတစ်လျှောက်ချိုးခုတ်ရင်းယူလာခဲ့လေသည်။ ကောင်းကင်ကြိးကိုမော့ကြည့်လိုက်တော့ နီသထက်ပိုပြီးနီမြန်းလာသည်။
“မကောင်းဘူး၊ ဒီရာသီဥတုက လုံး၀မကောင်းဘူး”
ဦးတောကျော်မှာ တီးတိုးရေရွတ်လျှက် ဦးဘိုးလူစောင့်နေသည့်နေရာသို့ အမြန်ပြန်လာခဲ့လေသည်။
ဦးဘိုးလူကတော့ သူငယ်ချင်းဖြစ်သူ ဦးဘဖေသေဆုံးသွားသဖြင့် စိတ်မကောင်းဖြစ်နေမိသည်။ ရေစိုနေသည့် ခေါင်းပေါင်းစကိုဖြေလိုက်ပြီး ဦးတောကျော်လုပ်သွားသည့် သစ်ကိုင်းတန်းကလေးတွင် တင်ထားလိုက်သည်။ ထင်းစိုများဆိုသော်လည်း မီးက အရှိန်ရလာသည့်အခါ အားကောင်းလာသည်။ တစ်နေ့လုံး မိုးရေထဲတွင် သွားလာရထားသဖြင့် ဦးဘိုးလူခြေထောက်တွေက အေးစက်နေပြီး ပဲကြီးရေတွန့်တွေက အကြောင်းအကြောင်းတွေပင်ဖြစ်နေချေပြီ၊ ဦးဘိုးလူလည်း အပေါ်ထပ်အဝတ်အစားများကိုချွတ်လိုက်ပြီး မီးပြထားလိုက်သည်။ မီးပုံနားထိုင်လိုက်တော့မှ တစ်ကိုယ်လုံးနွေးလာပြီး နေရထိုင်ရကောင်းလာသည်။
“ဒီအတိုင်းဆိုဖျားတော့မှာပဲ မဖြစ်ဘူး၊ ဆေးသောက်မှပဲ”
ဆေးသောက်ရန်အတွက် လွယ်အိတ်အတွင်းနှိုက်လိုက်သော်လည်း စာရွက်ဖြင့်အထပ်ထပ်ထုတ်ပိုးထားသည့် ဆေးများမှာ ရေစိုကုန်ပြီး အရည်ပျော်ကျနေလေသည်။ ဦးဘဖေလွယ်အိတ်ထဲတွင် စားစရာသောက်စရာများသယ်ဆောင်လာသဖြင့် အခုတော့ စားစရာစိုးစဉ်းမျှ မကျန်တော့ပေ၊ ဦးဘိုးလူလည်း တစ်ယောက်တည်းငြီးငြူနေလေသည်။
“အင်း၊ လွယ်လွယ်နဲ့တော့ မရဘူးပေါ့၊ တစ်ခုခုအောင်မြင်အောင်လုပ်မယ်ဆိုရင် အခက်အခဲရှိတာ ထုံးစံပဲမဟုတ်လား”
ဦးဘိုးလူက ထိုသို့ပြောရင်း စိတ်ဖြေလိုက်သည်။ ထိုစဉ် လေအေးများက ဝေ့ဝဲကာတိုက်ခတ်လာသည်။ မိုးရာသီတိုက်ခတ်သည့်လေများထဲတွင် ရေမှုန်ရေမွှားများ၊ ရေခိုးရေငွေ့များ ပါဝင်နေသဖြင့် အလွန်ချမ်းအေးလှသည်။ မကြာခင် အမှောင်ထုက ကောင်းကင်နီနီကြီးကိုလွှမ်းခြုံသွားပြီး ကျေးငှက်သံများနှင့် ဆူညံနေသည့် တောအုပ်ကြီးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
မီးဖိုအလင်းရောင်ကြောင့် ပတ်ဝန်းကျင်တွင် ထိန်လင်းနေသည်။ ဦးဘိုးလူလည်း တစ်နေ့လုံးပင်ပန်းလာသဖြင့် ငိုက်မြည်းလာလေသည်။ ထိုစဉ် တောတိုးသံတစ်ခုကိုကြားလိုက်ရသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ခြေသံတစ်ခုကိုလည်း ကြားလိုက်ရပြန်သည်။ ဦးဘိုးလူက ခြေသံကြားရာသို့လှမ်းကြည့်လိုက်သော်လည်း အမှောင်တောကြီးဖြစ်နေသည်။
“မု . . . မုဆိုးကြီးလား”
တစ်ဖက်မှ ပြန်ဖြေသံမကြားဘဲ ခြေလှမ်းမှန်မှန်သာ ဆက်လှမ်းလာနေသည်။ ဦးဘိုးလူလည်း သူ့လွယ်အိတ်အတွင်းမှ ဆောင်ဓါးလေးကိုထုတ်လိုက်သည်။ ဆောင်ဓါးမှာ ကိုးလက်မခန့်ရှိသည့် ဓါးမြှောင်ကလေးတစ်ချောင်းဖြစ်သည်။ ဓါးမြှောင်ကိုထုတ်လိုက်ပြီး ဦးဘိုးလူက လက်တွင်အသင့်ကိုင်ထားသည်။
“ဘယ်သူလဲ . . . ဘယ်သူလာနေတာလဲ”
အသံပြုသော်လည်း တစ်ဖက်မှအသံကိုမကြားရပေ၊ နောက်တော့ အလင်းရောင်အတွင်းသို့ လူတစ်ဦးက တိုးထွက်လာလေသည်။ ဦးဘိုးလူလည်း ထိုလူကိုကြည့်ရင်း
“ဟင် . . . ကိုဘဖေ”
ဦးဘိုးလူမှာ အတော်ပင်အံ့အားသင့်နေလေသည်။ ကိုဘဖေက သူတို့အလာတုန်းက ဝတ်ဆင်ထားသည့်အတိုင်း ဝတ်ဆင်ထားကာ လွယ်အိတ်ကြီးကိုလည်း လွယ်ထားသေးသည်။ ဦးဘိုးလူကိုတွေ့သည့်အခါ ပြုံးရယ်ပြလေသည်။
“ခင် . . . ခင်ဗျား မသေဘူးလား”
“မသေလို့ ခင်ဗျားရှေ့မှာရောက်နေပြီပါကော”
ဦးဘိုးလူက မတ်တပ်ထရပ်လိုက်သည်။
“လာလေဗျာ၊ ကိုဘဖေ “
ဦးဘဖေက မတ်တပ်ရပ်လျှက်ဆက်ကြည့်နေရာ ဦးဘိုးလူက ကိုဘဖေထံသို့ လမ်းလျှောက်သွားလေသည်။
(၃)
ဝါးလုံးကြီးသုံးလုံးထမ်းပြီးလာရသည့် ဦးတောကျော်မှာ အတော်ပင်ပန်းနေပြီဖြစ်သည်။ ထိုစဉ် အရှေ့တွင် မီးဖိုအလင်းရောင်ကိုလှမ်းမြင်နေရသည်။ ဦးတောကျော်လည်း ဆက်လာနေရင်း စကားပြောသံများကိုကြားနေရသည်။
“ခင် . . . ခင်ဗျားမသေဘူးနော်၊ ကိုဘဖေ”
ထိုအသံကိုကြားလိုက်သည့်အခါ ဦးတောကျော်တစ်ယောက် မျက်ခုံးများကိုပင့်လိုက်သည်။ ဦးဘိုးလူတော့ တစ်ခုခုဖြစ်တော့မည်ဟု သိလိုက်ပြီး လက်ထဲမှဝါးလုံးကြီးကို ပစ်ချလိုက်လေသည်။ ထို့နောက် လွယ်ထားသည့် မီးပေါက်တူမီးသေနတ်ကိုဖြုတ်လိုက်သည်။ ခြေထောက်များကလည်း မီးပုံဆီသို့ပြေးလွှားနေမိသည်။ ပြေးနေရင်း တူမီးသေနတ်ကိုလည်း ကျည်ဆန်ဖြည့်ရသည်။
တူမီးသေနတ် ကျည်ဖြည့်ရသည်မှာလည်း သိပ်တော့မလွယ်ကူပေ၊ ယမ်းများထည့်ထားသည့် ကျွဲချိုကိုဖွင့်လိုက်ကာ အတွင်းမှယမ်းမှုန့်အနည်းငယ်ကို သေနတ်ပြောင်းထဲသို့ ထိုးထည့်ရသည်။ ထို့နောက် ကျည်ဆန်ခဲသီးကလေးများထည့်ထားသည့် သားရေအိတ်ကလေးကို ပါးစပ်တွင်တေ့ပြီး မော့ချလိုက်ကာ ခဲသီးကလေးတစ်လုံးကို ပါးစပ်နှင့်စုပ်ယူလိုက်သည်။ ထို့နောက် လက်အတွင်းပြန်ထည့်လိုက်ပြီး သေနတ်ပြောင်း၀တွင် တစ်ဖန်ထည့်လိုက်ရပြန်သည်။
သေနတ်ပြောင်းအောက်တွင် တပ်ဆင်ထားသည့် ယမ်းထောင်းသည့်အတံကိုဖြုတ်ယူလိုက်ကာ သေနတ်ပြောင်းအတွင်းသို့ ထိုးထည့်ပြီး ငရုတ်သီးထောင်းသလို လေးငါးချက်ခန့် အားယူကာထောင်းလိုက်သည်။ ပြီးနောက် ယမ်းထောင်းတံကို သေနတ်ပြောင်းအောက်ရှိ အပေါက်တွင်ပြန်ထိုးထည့်ရသည်။
ယမ်းမှုန့်အနည်းငယ်ကို သေနတ်ပစ်ရမည့် နားခွက်တွင် ဖြူးထည့်ပြီး နားခွက်ကိုပြန်ပိတ်လိုက်ရသည်။ သို့မှသာ မီးခတ်ကျောက်က ထိုယမ်းမှုန့်နှစ်ခြစ်မိပြီး သေနတ်ပြောင်းအတွင်းမှ ယမ်းများကို ကူးစက်ပေါက်ကွဲမည်ဖြစ်သည်။ သေနတ်ကျည်ဆန်ထည့်သည့်အလုပ်က သာမန်လူအတွက် ခက်ခဲမည်ဖြစ်သော်လည်း ထိုသေနတ်ကို နှစ်ပေါင်းများစွာ အသုံးပြုလာသည့် ဦးတောကျော်အတွက်တော့ အမှောင်ထဲမှာ ပြေးရင်းလွှားရင်း လုပ်ကိုင်နေသည်မှာပင် အဆင်ချောနေလေသည်။
ချုံအကွယ်မှ တိုးထွက်လိုက်သည့်အခါ သစ်ပင်ကြီးအောက် မီးပုံနားသို့ရောက်လာသည်။ ထိုအခါ ဦးဘိုးလူနှင့် ဦးဘဖေတို့မှာ တစ်ဦးနှင့်တစ်ဦး လက်တစ်ကမ်းအကွာခန့်သာ ကွာဝေးတော့သည်။ ဦးဘဖေကို ဦးတောကျော်က သေနတ်နှင့်ထိုးချိန်လိုက်ပြီး
“ဦးဘိုးလူ၊ ခင်ဗျားနောက်ဆုတ်စမ်း”
“ဟေ့လူ၊ မုဆိုးကြီး ခင်ဗျားကိုဘဖေကို သေနတ်နဲ့မချိန်နဲ့လေ”
“အဲဒါ ခင်ဗျားသိတဲ့လူမဟုတ်ဘူး”
ဦးဘိုးလူက ပြာပြာသလဲဖြင့်
“မုဆိုးကြီး၊ ခင်ဗျား ကိုဘဖေကိုတောင် မမှတ်မိတော့ဘူးလား”
“ကျုပ်ပြောတာက အဲဒီလူက ဦးဘဖေအစစ်မဟုတ်ဘူးဗျ”
ဦးဘိုးလူမှာ အလွန်အံ့ဩသွားသည်။
“ဒါ . . . ဒါဆိုရင်”
ဦးဘိုးလူမှာ ဦးဘဖေကိုစိုက်ကြည့်နေရင်း တဖြည်းဖြည်းနှင့် ဦးဘဖေမှာ ပျောက်ကွယ်သွားပြီး ကြီးမားလှသည့် မြွေကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ အလွန်ကြီးမားသည့် စပါးကြီးမြွေကြီးက ဦးဘိုးလူအနီးတွင် ရောက်နေလေသည်။ ဦးဘိုးလူလည်း အတော်ထိတ်လန့်သွားပြီး အနောက်သို့ခုန်ဆုတ်လိုက်သည်။ စပါးကြီးမြွေကြီး၏ အလုံးအထည်မှာပင် လူကြီးပေါင်လုံးခန့်ရှိသည်။
ဦးတောကျော်က စပါးကြီးမြွေကြီး၏ ဦးခေါင်းကို သေနတ်နှင့်အသေအချာချိန်ရွယ်လိုက်ပြီးနောက် သေနတ်မောင်းကို လက်မနှင့် ဆွဲတင်လိုက်ပြီးနောက် သေနတ်ခလုပ်ကို လက်ညှိုးဖြင့်ညှစ်ချလိုက်လေသည်။
သေနတ်မောင်းတံက အရှိန်ဖြင့်ပြုတ်ပြီး နားခွက်ဟုခေါ်သည့် သံဖြင့်ပြုလုပ်ထားသည့် ခွက်ထံသို့ပြေးရိုက်လေသည်။ သေနတ်မောင်း၏ထိပ်တွင် တပ်ဆင်ထားသည့် မီးခတ်ကျောက်မှာ နားခွက်ရှိ သံပြားနှင့်ခြစ်မိပွတ်တိုက်ပြီးနောက် မီးစကလေးပွင့်သွားသည်။ ထိုမီးစကလေးမှာ နားခွက်အတွင်းထည့်ထားသည့် ယမ်းမှုန့်များကို မီးစွဲလောင်သည့်အခါ ထိုယမ်းများမှာ သေနတ်ပြောင်းအတွင်းထည့်ကာ ထောင်းသိပ်ထားသည့် ယမ်းများကိုပါ မီးကူးလေသည်။ သေနတ်ပြောင်းအတွင်းထည့်သိပ်ထားသည့် ယမ်းများမှာ တစ်မဟုတ်ချင်း မီးကူးစွဲပြီး ပေါက်ကွဲသွားရာ ကျယ်လောင်သည့်ပေါက်ကွဲသံကြီးက ထွက်ပေါ်လာလေသည်။
“ဒိန်း”
မီးခိုးများ၊ ယမ်းငွေ့များနှင့်အတူ သေနတ်ပြောင်းအတွင်းထည့်ထားသည့် ကျည်ဆန်ခဲသီးကလေးက လျှင်မြန်စွာပျံထွက်သွားသည်။ ထိုအဖြစ်အပျက်များမှာ မျက်စိတစ်မှိတ်ခန့်ပင် မကြာမြင့်ပေ။
ခဲသီးကပျံသန်းသွားပြီး စပါးကြီးမြွေကြီး၏ ဦးခေါင်းအနီးမှ ပွတ်ကာသီကာဖြတ်သွားလေရာ မြွေကြီးမှာ ထိတ်လန့်ပြီး အနောက်သို့ပြန်လှည့်သွားလေသည်။ တရွေ့ရွေ့နှင့် တောအုပ်ကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။
“ခင်ဗျားပစ်တာ လွဲသွားတာ မုဆိုးကြီး”
ဦးတောကျော်လည်း မီးပုံနံဘေးတွင် ထိုင်ချလိုက်ပြီး
“တမင်လွဲအောင်ပစ်လိုက်တာ”
“ဘာဖြစ်လို့လဲဗျ၊ ဒီကောင်ကြီးကို ထိသွားတယ်ဆိုရင် အနည်းဆုံးတော့ ကျုပ်တို့မြွေသားစားရမယ်မဟုတ်လား”
ဦးတောကျော်က ခေါင်းခါလိုက်ပြီး
“ကျုပ်တို့လာတာ အမဲလိုက်ဖို့လာတာမဟုတ်ဘူး၊ ပြီးတော့ ဒီလို့ မြွေကြီးကိုလည်း ကျုပ်မသတ်ချင်ဘူး”
ဦးဘိုးလူက ခေါင်းညိတ်လိုက်ပြီး
“မြွေကလူယောင်ဆောင်တယ်တဲ့ဗျာ၊ ကျုပ်ဖြင့်အံ့ပါရဲ့”
ဦးတောကျော်က တူမီးသေနတ်ကို ပြန်လွယ်လိုက်ရင်း
“ဒီဟာက တောနက်ဗျ၊ အပြင်မှာ မဖြစ်ဘူးတာတွေ၊ မတွေ့ကြုံဖူးတာတွေ အကုန်လုံးက ဒီတောနက်ကြီးထဲမှာ ဖြစ်တတ်တယ်၊ ဒါကြောင့် အမြဲသတိထားနေရတယ်ဗျ”
“နေစမ်းပါအုံး မုဆိုးကြီးရယ်၊ မုဆိုးကြီးက ဦးဘဖေကိုကြည့်ရုံနဲ့၊ ဘာလို့သူမဟုတ်ဘူးဆိုတာကိုတန်းသိတာလဲဗျ၊ သူနဲ့ဆယ်နှစ်ကျော်လောက်အတူပေါင်းလာတဲ့ကျုပ်တောင်မှ သူ့ကိုကြည့်ရင်း သူပဲလို့ထင်နေတာ”
“ဒါကတော့ ခင်ဗျားကအညှို့ခံထားရတာကိုးဗျ”
ဦးဘိုးလူလည်း အလွန်ထူးဆန်းသွားသည်။
“ဒါဆိုနေစမ်းပါအုံး၊ ကျုပ်က ကိုဘဖေကိုမြင်နေပေမယ့် မုဆိုးကြီးက သူ့ကိုမမြင်ရဘူးလား”
ဦးတောကျော်က ခေါင်းညိတ်လိုက်ပြီး
“ဒါပေါ့ဗျာ၊ ခင်ဗျားက အညှို့ခံထားရတော့ မြွေကြီးကို ဦးဘဖေလို့ထင်နေပေမယ့် ကျုပ်က အညှို့မခံထားရတော့ သူ့နဂိုရုပ်ကိုမြင်တွေ့ရတာပေါ့ဗျာ”
ဦးဘိုးလူက ခေါင်းကုပ်ရင်း
“ထူးဆန်းပါ့ဗျာ”
“ခင်ဗျားနားလည်အောင်ပြောပြရမယ်ဆိုရင်တော့ တကယ်တော့ စပါးကြီးမြွေကြီးက လူယောင်ဆောင်ထားတာမဟုတ်ဘူးဗျ၊ ခင်ဗျားကို ညှို့ထားတာ၊ အဲဒီလိုညှို့လိုက်တော့ ခင်ဗျားက စပါးကြီးမြွေကြီးကိုမြင်ပေမယ့် ခင်ဗျားစိတ်ထဲကရှိတဲ့လူတစ်ယောက်ယောက်ကို မြင်သွားတာ၊ ခင်ဗျားစိတ်ထဲက ရှိတဲ့အတိုင်းကိုမြင်နေတာဆိုတော့ အဲဒီလူနဲ့တစ်ထေရာတည်းပေါ့ဗျာ”
“ဒီနေရာမှာ ခင်ဗျားက အိမ်မှာကျန်ခဲ့တဲ့ ခင်ဗျားမိန်းမကိုစိတ်ရောက်နေမယ်ဆိုရင် ဒီမြွေကြီးကို ဦးဘဖေမဟုတ်ဘဲ ခင်ဗျားမိန်းမအဖြစ်မြင်တွေ့ရင်လည်း မြင်တွေ့ရလိမ့်မယ်ဗျ၊ ဒါပေမယ့် သေချာသတိထားကြည့်ရင် သိသာပါတယ်၊ ခင်ဗျားရဲ့အမြင်တွေက လက်တွေ့နဲ့မတူဘူးဆိုတာ သတိထားမိရင် သိနိုင်တယ်”
“ဘယ်လိုမျိုးလက်တွေ့နဲ့ မတူတာလဲဗျ”
“ပြောရရင်တော့ဗျာ၊ ဥပမာ ခင်ဗျားမိန်းမကိုစိတ်ရောက်နေတယ်ဆိုပါစို့။ ဒီအချိန်မှာ ခင်ဗျားစိတ်ကူးထဲကအတိုင်း ခင်ဗျားမိန်းမက ဝတ်စားလာလိမ့်မယ်ဗျ၊ လေးတောင်နံ ဆေးဆိုးပန်းရိုက်အထည်ကြီးဝတ်ရင်ဝတ်ထားလိမ့်မယ်၊ သနပ်ခါးတွေဖုံနေအောင်လိမ်းပြီး ပန်းတွေပန်ထားတာလည်းဖြစ်နိုင်တယ်၊ တကယ်က တောကြီးထဲမှာ အဲဒီလိုမျိုး အဝတ်အစားသစ်ဝတ်၊ သနပ်ခါးတွေလိမ်း၊ ပန်းတွေပန်ပြီး သွားလို့မှမဖြစ်တာ”
ဦးဘိုးလူလည်း တစ်ချက်ခေါင်းညိတ်ပြီး
“ဟုတ်တယ်ဗျ၊ ဒါတော့ဟုတ်တယ်၊ ကျုပ်ကြည့်လိုက်တုန်းကလည်း ကိုဘဖေက တိုက်ပုံကြီးနဲ့ ပုဆိုးတောင်ဖြန့်ဝတ်လို့ဗျ၊ လွယ်အိတ်ကြီးလည်းလွယ်ထားသေးတယ်၊ တစ်ကိုယ်လုံး ရေတွေစိုထားတာလဲမတွေ့ရဘူး၊ ရွံ့တွေ သဲတွေနဲ့ ညစ်ပတ်နေတဲ့ရုပ်မျိုးမဟုတ်ဘူး၊ တော်သေးတာပေါ့ဗျာ၊ ကျုပ်ကံကောင်းသွားတယ်လို့ ပြောရမယ်၊ ကျုပ်သာ ကိုဘဖေထင်ပြီး သူ့အနားရောက်သွားလို့ကတော့ မတွေးဝံ့စရာပဲဗျို့”
“ကဲပါ၊ အဲဒါတွေထားလိုက်ပါတော့၊ လင့်ဆောက်ရမယ်ဗျ၊ ဒီအတိုင်းမြေမှာနေရင် ကျုပ်တို့ နောက်နေ့မနက် နေထွက်တာတောင်မြင်ရမှာမဟုတ်ဘူး၊ ညဆိုရင် သားကောင်တွေထွက်လာတတ်တယ်၊ အခုပဲကြည့်ပါလား”
ထို့နောက် ဦးတောကျော်က ဝါးလုံးများကိုပစ်ချခဲ့သည့်နေရာသို့ထွက်သွားလေသည်။ ဦးဘိုးလူလည်း တစ်ယောက်တည်းမနေဝံ့တော့သဖြင့် ဦးတောကျော်နှင့်အတူ လိုက်လာခဲ့သည်။
သစ်ပင်ခွကြားကို ဝါးလုံးကြီးသုံးလုံးထိုးတင်ပြီး နွယ်ကြိုးများနှင့် ချည်နှောင်လိုက်သည့်အခါ ကျောတစ်ခင်းစာ ကျယ်ဝန်းသွားလေသည်။ ဦးတောကျော်က သစ်ပင်ပေါ်ကုတ်ဖက်တက်ပြီး လင့်စင်ပေါ်တက်သွားသဖြင့် ဦးဘိုးလူလည်း လိုက်တက်ရတော့သည်။ ဦးဘိုးလူက အောက်ကိုကြည့်ပြီး ကြောက်လန့်နေသော်လည်း ဦးတောကျော်ကတော့ အေးအေးလူလူပင်၊ ထိုလင့်စင်ကြီးတွင် လှဲအိပ်ချလိုက်လေသည်။
“ကဲ ကျုပ်အိပ်တော့မယ်၊ ခင်ဗျားလည်း အိပ်တော့”
“ဘာဗျ၊ ဒီလိုတောထဲမှာ ကျုပ်အိပ်နေနိုင်မယ်လို့ ခင်ဗျားထင်လို့လား”
“အခုက ဘာမှ အန္တရာယ်မရှိတော့ပါဘူး၊ ဦးဘိုးလူရာ၊ ညနေက ကျုပ်တို့သစ်ပင်အောက်မှာ မီးဖိုပြီးတော့ မီးခိုးမှိုင်းတိုက်သလိုဖြစ်ခဲ့လို့ သစ်ပင်အပေါ်မှာနေတဲ့အကောင်တွေလည်း ထွက်ပြေးလောက်ပြီဗျ၊ ခြင်တို့ မှတ်တို့လည်း တော်တော်သက်သာသွားပြီ၊ ပြီးတော့ တစ်နေ့လုံးလည်း သွားရလာရနဲ့၊ အခုညလည်းမအိပ်ဘူးဆိုရင် နောက်နေ့တွေဘယ်ခံနိုင်မလဲ ကိုဘိုးလူရာ”
သို့သော် ဦးဘိုးလူက ဝါးလုံးသုံးလုံးခင်းထားသည့် လင့်စင်ပေါ်တွင် အိပ်ရမည်ကိုကြောက်လန့်နေမိသည်။ အိပ်ဖို့မပြောနှင့် ထိုင်နေရင်းတောင်မှ ပြုတ်ကျမလားဟူသည့်အတွေးဖြင့် အိပ်မပျော်နိုင်ပေ။
ခဏအကြာတွင် ဦးတောကျော်တစ်ယောက် အိပ်စက်သွားလေရာ တခူးခူးပင်ဟောက်သံပေးနေသည်။ ဦးတောကျော်က ကျောတစ်ခင်းစာ ဝါးသုံးလုံးပေါ်တွင် ပက်လက်အိပ်ပြီး လက်ကိုရင်ဘတ်ပေါ်တွင်ယှက်တင်ထားကာ သေနတ်ကိုလည်း ရင်မှာပိုက်ကာ ငြိမ်သက်စွာအိပ်စက်နေသည်ကိုကြည့်ရင်း ဦးဘိုးလူတစ်ယောက် လက်ဖျားခါမိသည်။
(၄)
“ကယ် . . .”
“ကယ်ကြပါ . . .”
အသံတိုးတိုးကြားလိုက်သဖြင့် ဦးဘိုးလူလည်း မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ လင့်စင်ပေါ်တွင် သစ်ကိုင်းတစ်ကိုင်းကိုအမှီပြုရင်း ငုတ်တုတ်ကြီးအိပ်ပျော်သွားသည့် သူ့ကိုယ်သူပင် အံ့ဩနေမိသည်။
“ကယ် . . . ကယ် . .ကြပါ”
အသံသဲ့သဲ့ကထွက်ပေါ်နေလေသည်။ ဦးဘိုးလူက မြေပြင်သို့ငုံ့ကြည့်လိုက်သည့်အခါ မီးပုံမှာလည်း မီးသေသွားပြီဖြစ်ပြီး မိုးကောင်းကင်က ရောင်နီလာနေပြီဖြစ်သဖြင့် အနည်းငယ်လင်းလက်နေပြီဖြစ်သည်။ ဦးဘိုးလူက ဦးတောကျော်ကိုကြည့်လိုက်သည့်အခါ ဦးတောကျော်က သူ့တူမီးသေနတ်ကို ကျည်ဆန်ထိုးနေလေသည်။
“လူသံပဲဗျ”
ဦးဘိုးလူက ခပ်အုပ်အုပ်ပြောလိုက်ရာ ဦးတောကျော်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သေနတ်ကိုအသင့်ပြင်ထားပြီးနားထောင်နေသည်။ ချုံတိုးသံက တဖြည်းဖြည်းနီးကပ်လာသည်။ ဦးဘိုးလူလည်း သစ်ပင်ပေါ်မှ အသာကလေးငြိမ်နေပြီးစောင့်ကြည့်နေလေသည်။ နောက်ဆုံးတော့ ချုံပုတ်ကြီးတစ်ခုက လှုပ်ခတ်သွားပြီး လူတစ်ဦးတိုးထွက်လာပြန်သည်။
“ဟင် . . . ကိုဘဖေ”
ကိုဘဖေက မီးသေနေသည့် မီးပုံအနီးသို့တိုးကပ်လာလေသည်။ မီးပုံကိုကြည့်ပြီးနောက် အနီးပတ်ဝန်းကျင်သို့ ဝေ့ဝိုက်ငေးကြည့်လေသည်။ ထို့နောက်
“ကယ်ကြပါ . . . ကယ်ကြပါအုံး”
အသံက ခပ်တိုးတိုးသာထွက်သည်။ ဦးဘဖေမှာ သစ်ပင်ပေါ်တွင် သူတို့ရှိနေသည်ကို သတိမထားမိပုံမပေါ်ပေ၊ နောက်တော့ မီးပုံအနီးမြေပြင်တွဲ လှဲချလိုက်လေသည်။
“မုဆိုးကြီး၊ ကိုဘဖေယောင်ဆောင်ပြီး ပြန်လာပြီထင်ပါ့”
ဦးတောကျော်လည်း ဦးဘဖေကို အသေအချာစိုက်ကြည့်နေလေသည်။ ဦးဘိုးလူက စိတ်မရှည်တော့ပေ။
“မုဆိုးကြီး၊ ဘာကောင်ဖြစ်ဖြစ် ပစ်ထည့်လိုက်စမ်းပါဗျာ”
ဦးတောကျော်က ဦးဘဖေကို သေနတ်ဖြင့်ထိုးချိန်လိုက်သည်။ မောင်းခလုပ်အပေါ် လက်မတင်ပြီးနောက် မောင်းကိုဆွဲရန်ပြင်ဆင်လိုက်သည်။ သို့သော် မပစ်ခတ်တော့ဘဲ သေနတ်ကိုပြန်ထောင်လိုက်သည်။
“ဘာဖြစ်လို့လဲဗျ”
“ကျုပ်ကတော့ ဒီတစ်ယောက်က တကယ်ပဲ ဦးဘဖေဖြစ်မယ်လို့ထင်တယ်ဗျ”
“ခင်ဗျားဘာလို့ဒီလိုပြောတာလည်း၊ တစ်ကောင်ကောင်က ကိုဘဖေ ယောင်ဆောင်လာတာရော မဖြစ်နိုင်ဘူးလား”
“ခင်ဗျားသေချာကြည့် ဦးဘိုးလူ၊ ပုဆိုးကြီးကလည်း အောက်ပိုင်းက စုတ်ပြဲနေတယ်၊ ဝတ်ထားတဲ့အင်္ကျီမှာလည်း ရွံ့တွေဗွက်တွေပေပြီး တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ဗျ၊ ပြီးတော့ ကျုပ်မြင်ရသလို ခင်ဗျားလည်း မြင်ရတယ်မို့လား”
ဦးဘိုးလူလည်းခေါင်းညိတ်လိုက်သည်။
“ဒီတော့ ကျုပ်အရင်ဆင်းမယ်ဗျာ၊ ဦးဘဖေအစစ်ဆိုရင်တော့ ကျုပ်ကိုမှတ်မိမှာပဲ၊ သေချာမှ ခင်ဗျားဆင်းလာခဲ့ပေါ့”
ဦးတောကျော်က ပြောဆိုလိုက်ပြီး သေနတ်ကိုလွယ်လိုက်ကာ သစ်ပင်ပေါ်မှလျှင်မြန်စွာဆင်းလိုက်သည်။ ဦးဘဖေက အလွန်မောပန်းနေပုံရပြီး ပါးစပ်ကိုဟကာ အသက်ရှူနေလေသည်။ ဦးတောကျော်က သေနတ်ကိုအသင့်ထိုးချိန်ပြီး ဦးဘဖေအနားသို့တိုးကပ်သွားလိုက်ကာ
“ဟေ့လူ . . . ဟေ့လူ”
ဦးဘဖေကို ခေါ်လိုက်ရာ ဦးဘဖေက လှည့်ကြည့်ပြီး
“ဟာ . . . မုဆိုးကြီး”
ဦးဘဖေ၏ မျက်နှာမှာ အလွန်ပျော်ရွှင်သွားပုံရသည်။ ဦးတောကျော်လည်း ဦးဘဖေကို အကဲခတ်နေသည်။
“ကျုပ်ကိုသေနတ်ကြီးနဲ့ မချိန်ထားပါနဲ့ မုဆိုးကြီးရာ၊ ကျုပ် ကိုဘဖေလေ၊ မမှတ်မိတော့ဘူးလား”
“မင်းက တကယ်ပဲ ကိုဘဖေအစစ်လား”
ထိုအခါ သစ်ပင်ပေါ်မှ ဦးဘိုးလူက ပြောဆိုလေရာ ဦးဘဖေက သစ်ပင်ပေါ်ကိုမော့ကြည့်လိုက်သည်။
“ဟာ ကိုဘိုးလူ၊ ခင်ဗျားလည်းရှိတာကိုး၊ ခင်ဗျားအပေါ်မှာ ဘာတက်လုပ်နေတာလဲ”
“ကျုပ်မေးတာသာ ဖြေစမ်းပါ၊ ခင်ဗျားရဲ့နာမည်၊ ခင်ဗျားရဲ့မိန်းမနာမည်၊ အဖေအမေနာမည်၊ အိမ်လိပ်စာ အတိအကျကို ကျုပ်ကိုပြောစမ်းဗျာ”
ဦးဘဖေက ထူးဆန်းလျှက်
“ဘာလဲ ကိုဘိုးလူ၊ ခင်ဗျားက ပုလိပ်လုပ်တော့မလို့ ကျုပ်ကို စစ်ဆေးနေတာလားဗျ”
“ငါမေးတာသာဖြေစမ်းပါကွာ၊ အဲဒါတွေမဖြေနိုင်ဘူးဆိုရင်တော့ မင်းကိုငါတို့သတ်ရလိမ့်မယ်”
ဦးဘဖေလည်း ထိုတော့မှ ကြောက်ကြောက်နှင့်
“ဖြေပါ့မယ်ကွာ၊ မင်းတို့မေးတာ အားလုံးဖြေပါ့မယ်”
ဦးဘဖေက တစ်ခုချင်းစီရွတ်ဖတ်ပြနေလေသည်။ အကုန်လုံးရွတ်ပြပြီးတော့မှ ဦးဘိုးလူက ယုံသွားပြီး သစ်ပင်ပေါ်မှ ဆင်းလာလေတော့သည်။
“ကိုဘိုးလူရာ အချင်းချင်းတွေကို ခင်ဗျားစိမ်းကားလှချည်လား”
“တစ်မျိုးမထင်ပါနဲ့ ကိုဘဖေရာ၊ ငါတို့လည်း လှည့်စားမခံရအောင်လို့ သေချာမေးတာပါကွ”
“စားစရာတစ်ခုခုရှိလားဗျာ၊ ကျုပ်ဆာတယ်ဗျ”
“ငါတို့လည်း စားစရာတွေ မရှိတော့လို့ ညက အငတ်ခံရတယ်ကွ၊ ဒါနဲ့ ကိုဘဖေ၊၊ ခင်ဗျားဘယ်လိုလုပ်ပြီး လွတ်လာတာလဲ”
ဦးဘဖေက သက်ပြင်းချလိုက်ပြီး
“ကျုပ် တောင်ကျရေတွေနဲ့မြောသွားပြီးတော့ မကြာပါဘူး ချောင်းကွေ့တစ်ခုကိုရောက်တယ်၊ အဲဒီချောင်းကွေ့မှာ ရေက အရှိန်ကျသွားတာနဲ့ ကျုပ်လည်း ချောင်းကမ်းပါးကို ကုပ်ဖက်တက်ခဲ့တာ၊ ကျုပ်တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေရခဲ့တာပေါ့ဗျာ၊ ဒါနဲ့ ကျုပ်လည်း တောင်ကြားထဲကနေ ခေါ်သံတွေ၊ အော်သံတွေကြားလို့ ခင်ဗျားတို့ဖြစ်ရမယ်ဆိုပြီး လာခဲ့တာပဲဗျာ”
ခင်ဗျားတို့ကိုမတွေ့တော့လို့ ကျုပ်စိတ်ဓါတ်အရမ်းကျနေတဲ့အချိန်မှာ မီးခိုးဖြူဖြူတွေတက်လာတာကိုမြင်လိုက်တယ်ဗျ၊ မီးခိုးရှိရင် လူရှိရမယ်လို့တွေးပြီးတော့ လိုက်လာခဲ့ရင်း ညမှောင်တော့ တောင်ပူစာကလေးတစ်ခုပေါ်မှာ မီးအလင်းရောင်မြင်တာနဲ့ အဲဒီတောင်ကလေးဆီကို မှန်းပြီးတော့ လျှောက်လာခဲ့တာပဲဗျာ၊ တစ်ညလုံး စမ်းတဝါးဝါးနဲ့ တောတိုးခဲ့ရတာပဲ”
ဦးဘိုးလူက ဦးဘဖေပုခုံးကိုဖက်လိုက်သည်။ ထိုစဉ် ဦးတောကျော်က အလွန်မြင့်မားသည့် သစ်ပင်ကြီးတစ်ပင်ကိုဖက်တက်နေပြီးနောက် သစ်ပင်ကိုင်းခွကြားတွင်ရှိနေသည့် ငှက်သိုက်ကို တက်နှိုက်နေလေသည်။ ထို့နောက်သစ်ပင်ပေါ်မှ လျှင်မြန်စွာပြန်လည်ဆင်းသက်လာပြီး ခါးပုံစအတွင်းထည့်လာသည့် ငှက်ဥကလေးများကိုထုတ်ပြသည်။
“ငှက်ဥငါးလုံးရှိတာဆိုတော့ ခင်ဗျားတို့ တစ်ယောက်နှစ်လုံးစီစားလိုက်”
ဦးဘိုးလူနှင့် ဦးဘဖေတို့လည်း ဦးတောကျော်လှမ်းပေးသည့် ငှက်ဥကိုယူလိုက်သည်။ ဦးတောကျော်က ငှက်ဥကိုအခွံခွာလိုက်ရာ အခွံအတွင်းမှ အရည်တစ်ချို့ကျဆင်းလာပြီး အတွင်းတွင် ငှက်အကောင်ပေါက်ကလေးပင် ဖြစ်နေပြီဖြစ်သည်။ ဦးတောကျော်က ထိုငှက်အကောင်ပေါက်ကလေးကို ပါးစပ်အတွင်းပစ်ထည့်လိုက်ပြီး ကြိတ်ဝါးလိုက်သည်။
“စားလေ၊ ခင်ဗျားတို့မစားဘူးလား”
ဦးဘိုးလူလည်း လက်ထဲက ဥကိုအခွံခွာလိုက်သည်၊ ငှက်အကောင်ပေါက်ကလေးက လုံးလုံးကလေးနှင့် ဥခွံအတွင်းတွင်ရှိနေသည်။ ဦးဘိုးလူလက်နှင့်ထိကြည့်သည့်အခါ ငှက်အကောင်ပေါက်ကလေးမှာ လှုပ်နေသေးသည်။
“စားကြဗျ၊ စားကောင်းတယ်”
ဦးဘိုးလူနှင့် ဦးဘဖေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ဗိုက်ကလည်းအတော်ဆာနေပြီမို့ မျက်စိကိုစုံမှိတ်ပြီး ငှက်အကောင်ပေါက်ကလေးကို ပါးစပ်အတွင်းပစ်သွင်းလိုက်ကြသည်။ တစ်ချက်နှစ်ချက်ဝါးကြည့်တော့မှ အလွန်ဆိမ့်ကာ စားကောင်းလှသည်။ ငှက်ဥနှစ်ဥမှာ သူတို့အတွက် နံကြားပင်မကပ်ပေ။
“ကဲ ဒါပဲစားထားနှင့်အုံး၊ နေ့လည်ရောက်တော့ ခင်ဗျားတို့အသားစားရအောင် ကျုပ်ဖန်တီးပေးမယ်”
“ဒါနဲ့ ဆေးတောင်ကြီးက ဝေးသေးလား”
“ဒီကနေဆို သိပ်မဝေးတော့ပါဘူးဗျာ၊ နေ့တစ်ဝက်တောင် မရှိတော့ဘူး၊ အခုအချိန်ထွက်ရင် နေမမြင့်ခင် ရောက်လောက်တယ်”
ဦးဘိုးလူက ဦးဘဖေကိုကြည့်လိုက်သည်။
“ရောက်လာမှတော့မထူးတော့ပါဘူးကွာ၊ ကောင်းတဲ့အလုပ်တွေလုပ်ပြီဆိုရင် ဒီလိုပဲ အနှောက်အယှက်တွေ ဝင်တာ သဘာ၀ပဲမဟုတ်လား၊ ငါတို့ဆက်သွားရအောင် ကိုဘဖေ၊ ဒီအထိရောက်ပြီးတော့မှတော့ အိမ်ကိုလက်ဗလာနဲ့ မပြန်ချင်ဘူးကွာ”
ဦးဘဖေလည်း ခေါင်းညိတ်လိုက်ပြီး သူတို့အတူတူဆက်ထွက်လာခဲ့သည်။ နံနက်ခင်းနေရောင်ခြည်များက တောအုပ်အတွင်းဖြန့်ကျက်လာခဲ့ပြီဖြစ်သည်။
ထိုတောင်ပူစာကလေးကို ကျော်လိုက်သည့်အခါ တောင်ကြီးတစ်တောင်ကို ဘွားခနဲမြင်တွေ့လိုက်ရသည်။ ဦးတောကျော်က ထိုတောင်ကြီးကို လက်ညှိုးထိုးပြလိုက်ပြီး
“အဲဒါ ခင်ဗျားတို့သွားမယ့် ဆေးတောင်ကြီးပေါ့ဗျာ”
ဦးဘိုးလူနှင့် ဦးဘဖေတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အလွန်ပျော်ရွှင်သွားကြလေသည်။ ခက်ခက်ခဲခဲသွားလာရသည့် ခရီးမို့ ခရီးပန်းတိုင်ကို လှမ်းမြင်လိုက်ရသည့်အခါ စိတ်အားတက်ကြွသွားကြပြီး ဆေးတောင်ကြီးဆီသို့ ခပ်မြန်မြန်လျှောက်လှမ်းသွားကြတော့သည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။