(ဖြစ်ရပ်မှန်)
(၁)
ကျွန်မနာမည်က ခိုင်ရွှေဝါပါ၊ လူအများကတော့ မရွှေဝါလို့ ခေါ်တတ်ကြတယ်၊ ဒီအဖြစ်အပျက်က ကျွန်မဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ၊
၂၀၁၁ ခုနှစ်တုန်းက ကျွန်မအိမ်ထောင်ကျရာ အမျိုးသားနောက်လိုက်ခဲ့ရင်း ကချင်ပြည်နယ်မှာရှိတဲ့ မဟာဗျူဟာလမ်းမကြီးဖော်ဆောင်တဲ့ လုပ်ငန်းတစ်ခုကိုလိုက်ပါခဲ့ရပါတယ်၊ အဲဒီအချိန်က ကျွန်မအိမ်ထောင်ကျခါစပဲရှိပါသေးတယ်၊ အဲဒီနေရာက တောင်တန်းကြီးတွေအထပ်ထပ်ရှိနေတဲ့နေရာပါ။
စစ်တပ်တွေနဲ့တပ်စခန်းတွေကို တောင်ပေါ်မှာအခြေစိုက်ပြီးတည်ထားကြပါတယ်၊ ပြီးတော့ တခြား ဆောက်လုပ်ရေးဌာန၊ ဆက်သွယ်ရေးဌာန၊ ရဲစခန်းနဲ့ အခြားအစိုးရုံးအဖွဲ့အစည်းတွေလည်း တော်တော်များများအခြေစိုက်ကြပါတယ်၊ မဟာဗျူဟာလမ်းမကြီးကို ဖောက်လုပ်ရင်း တခြားအဆောက်အအုံတွေဖြစ်တဲ့ ဆက်သွယ်ရေးစခန်း၊ တာဝါတိုင်တွေ၊ အစိုးရရုံးတွေ တည်ဆောက်နေတဲ့ကာလပေါ့ရှင်။
ကျွန်မယောက်ျားက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းဖြစ်လေတော့ ကျွန်မတို့လည်း ဆက်သွယ်ရေးဝန်ထမ်းတွေအတွက် ယာယီဆောက်ပေးထားတဲ့ လိုင်းခန်း တန်းလျားတွေမှာနေထိုင်ရပါတယ်၊ ရှေ့တန်းစခန်းဆိုတော့ တန်းလျားကိုသစ်သားလေးတွေနဲ့ ဖြစ်သလိုဆောက်ထားကြတာပါ၊ အခန်းလေးတွေကလည်း ကျဉ်းကျဉ်းကလေးတွေပါ၊ ဒါပေမယ့် ကျွန်မယောက်ျားနဲ့ ကျွန်မနဲ့ အတူနေရတဲ့အချိန်က ရှားပါတယ်၊ တောင်ပေါ်က ဆက်သွယ်ရေးတာဝါတိုင်တပ်ဆင်တဲ့လုပ်ငန်းတွေမှာ ယောက်ျားက တာဝန်ကျတာဆိုတော့ သူက တောင်ပေါ်မှာပဲအနေများပါတယ်၊ အစိုးရဝန်ထမ်းတန်းလျားတွေကတော့ တောင်ခြေမှာရှိတာပါ၊ တောင်ကြီးက အကြီးကြီးဆိုတော့ တောင်ပေါ်တောင်အောက်ဆင်းရတာမလွယ်ပါဘူး၊ ဒါကြောင့် ကျွန်မယောက်ျားနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ တောင်ပေါ်မှာ တစ်ပတ်ဆယ်ရက်ကြာအောင်အလုပ်လုပ်ပြီး တစ်ရက်နှစ်ရက်မှ ပြန်လာနားပါတယ်၊ ပြီးရင် တောင်ပေါ်ပြန်တက်ကြပါတယ်။
ကျွန်မကလည်း လူတစ်မျိုးရှင့်၊ ယောက်ျားရပေမယ့် ယောက်ျားလုပ်စာကိုထိုင်မစားချင်ပါဘူး၊ ကျွန်မခံယူထားတာက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကိုယ်ပိုင်ဝင်ငွေရှိရမယ်၊ ကိုယ်အစွမ်းအစနဲ့ငွေရှာရမယ်လို့ တွေးမိပါတယ်၊ ဒါနဲ့ ယောက်ျားမရှိတဲ့အခိုက် ဝင်ငွေရတဲ့နည်းလမ်းတွေကို ကြံပါတော့တယ်။
အဲဒီလိုင်းခန်းထဲမှာနေရင်း သူငယ်ချင်းတစ်ယောက်နဲ့ ခင်မင်သွားမိပါတယ်၊ သူ့နာမည်ကတော့ အေးသူဇာလို့ခေါ်ပါတယ်၊ ဒါပေမယ့် နာမည်ပြောင်ကတော့ အိပုံ့လို့ခေါ်ကြပါတယ်၊ လူက ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ၊ ခပ်၀၀ဖိုင့်ဖိုင့်နဲ့ပါ၊ သူ့ယောက်ျားကလည်း ကျွန်မယောက်ျားလိုပဲ တောင်ပေါ်မှာ တာဝန်ကျနေတာဆိုတော့ သူနဲ့ကျွန်မနဲ့ တွဲမိပါတယ်။
တောင်ကြီးတွေ၊ တောကြီးတွေကိုရှင်းပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ရတာဆိုတော့ အဲဒီမှာ သစ်တွေ တော်တော်ထွက်ပါတယ်၊ တောင်ပေါ်ကနေထွက်တဲ့သစ်တွေကို ကျွန်မတို့သူငယ်ချင်းနှစ်ယောက်က ဝယ်လက်တွေနဲ့စပ်ပေးရပါတယ်၊ အလွယ်ခေါ်ရင်တော့ သစ်ကုန်ကူးတယ်ခေါ်မှာပါ၊ အဲဒီလိုစပ်ပေးပြီးလို့ သစ်တွေပို့ရတဲ့အခါ ကျွန်မတို့သူငယ်ချင်းအတွက် တော်တော်ကျန်ပါတယ်။ သစ်တစ်ခါပို့ပြီးရင် လက်ထဲငွေကလုံးခနဲရပါတယ်၊ ကျွန်မယောက်ျားလစာထက် အဆပေါင်းများစွာ ပိုပါတယ်၊ ဒါပေမယ့် သစ်ပို့တာက အမြဲတမ်းပို့လို့မရပါဘူး၊ လမ်းခရီးအခြေအနေ၊ သစ်ရတဲ့အခြေအနေအပေါ်မူတည်တာမို့လို့ သုံးလေးလေလောက်ကြာတော့မှ တစ်ခါတစ်ခါပို့ရပါတယ်။
သစ်ပို့ပြီးကျန်တဲ့အချိန်ဆိုရင် ကျောက်သွင်းတဲ့လုပ်ငန်းလုပ်ပါသေးတယ်၊ ကျောက်သွင်းတဲ့လုပ်ငန်းက သစ်ပို့တဲ့လုပ်ငန်းလောက်ဝင်ငွေမကောင်းပေမယ့် သူကနေ့စဉ်လည်ပတ်နေရတာဖြစ်လို့ အတော်အဆင်ပြေပါတယ်၊ လမ်းလုပ်ငန်းတွေအများကြီးရှိတဲ့အတွက် တောင်ကြီးတွေကနေ ကျောက်ခွဲစက်တွေကခွဲတဲ့ ကျောက်တွေကိုလုပ်ငန်းထဲအထိရောက်အောင် သွင်းပေးရတာပါ။
ကျောက်ရော၊ သစ်ရော နားတဲ့အခါကျတော့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် ဖဲလိုက်ရိုက်ပါတယ်၊ အစိုးရဝန်ထမ်းတွေ၊ ပွဲစားတွေ၊ ဈေးသည်တွေရှိပြီး လူစုံတဲ့အရပ်မို့ ဖဲဝိုင်းတွေလည်းရှိပါတယ်၊ ကျွန်မတို့က ငွေတော်တော်တန်တန်ကိုင်နိုင်တာမို့လို့ အရပ်ခေါ် အောက်ဝိုင်းလို့ခေါ်တဲ့ ကြေးနည်းတဲ့ ဝိုင်းတွေလိုက်မရိုက်ပါဘူး၊ အရာရှိတွေနဲ့ ကုန်သည်တွေရိုက်တတ်တဲ့ ကြေးများတဲ့ဝိုင်းတွေ ချိန်းဝိုင်းတွေပဲ လိုက်ရိုက်ပါတယ်။ နိုင်တဲ့အခါနိုင်သလို၊ ရှုံးတဲ့အခါလည်းအတော်ရှုံးပါတယ်၊ ဒါပေမယ့် ကျောက်လုပ်ငန်းရယ်၊ တစ်ခါတစ်ခါ သစ်ပို့တာရယ်ကနေ ငွေကအလုံးလိုက်ပြန်ရတာမို့လို့ ကျွန်မတို့ကတော့ သိပ်ပြီးတန်ဖိုးမထားပါဘူး။
(၂)
“အမရွှေဝါ၊ ခြောက်ခန်းတွဲဘက်မှာ ညနေချိန်းဝိုင်းရှိတယ်တဲ့”
တစ်ရက်တော့ အိပုံ့က ကျွန်မကိုလာပြောပါတယ်၊ ချိန်းဝိုင်းကောင်းရင် ပိုက်ဆံများများရတာမို့လို့ ကျွန်မလည်း ရေမိုးချိုးပြီး သေချာဖြီးလိမ်းပြင်ဆင်ပါတယ်၊ ပြီးတော့ ပိုက်ဆံအိတ်ထဲ ပိုက်ဆံသုံးသိန်းထည့်ပြီး ညနေစောင်းတာနဲ့ ခြောက်ခန်းတွဲဘက်ကိုကူးခဲ့ကြပါတယ်၊ ခြောက်ခန်းတွဲဆိုတာ အရာရှိတွေနေတဲ့ အုတ်နဲ့ဆောက်ထားတဲ့ အိမ်ရာပါ၊ အရာရှိတွေ လစာထုတ်ရက်ဆိုရင် အခုလိုဝိုင်းကောင်းတတ်ပါတယ်၊၊ ဝိုင်းဖြစ်တဲ့အချိန်တွေကတော့ အများအားဖြင့် ညနေပိုင်း၊ ညပိုင်းတွေဖြစ်ပါတယ်၊ ဝိုင်းကောင်းပြီးလူစည်ရင် ညလုံးပေါက်ဖဲရိုက်ကြပါတယ်။
ခြောက်ခန်းတွဲမှာ ဖဲရိုက်တော့ ကံမကောင်းပါဘူး၊ ည ခုနစ်နာရီလောက်မှာပဲ တစ်သိန်းခွဲလောက်ကုန်သွားပါပြီ၊ အဲဒီခေတ်က တစ်သိန်းခွဲဆိုတာ အတော်တန်ဖိုးရှိပါတယ်။ အစိုးရဝန်ထမ်းတောင် တစ်လတစ်သိန်းခွဲ မရကြသေးပါဘူး၊ ကျွန်မရှုံးသလို အိပုံ့လည်း ရှုံးပါတယ်၊ ကျွန်မတို့နှစ်ယောက် စိတ်ညစ်ညစ်နဲ့ ဖဲဆက်မရိုက်ချင်ဘဲ ပြန်တော့မဲ့ ဆဲဆဲမှာ ခြောက်ခန်းတွဲဘက်ကို လူတွေပြေးလာပါတယ်။
“ကားမှောက်တယ် . . . ကားမှောက်တယ်ဟေ့”
ခြောက်ခန်းတွဲကလူတွေလည်း ပြေးဆင်းပြီး ကားမှောက်တဲ့နေရာကိုသွားကြည့်ကြပါတယ်၊ ကျွန်မလည်း အိမ်ပြန်ဖို့လုပ်နေရင်း လမ်းရောက်တော့ အိပုံ့က ကျွန်မကိုလက်တို့ပါတယ်။
“အမရွှေဝါ၊ ကားမှောက်တယ်တဲ့၊ သွားကြည့်ရအောင်”
“ဟာ၊ သူ့ဖာသာကားမှောက်တာ၊ ငါတို့နဲ့ဘာဆိုင်လို့လဲ”
“လိုက်ခဲ့စမ်းပါ အမရွှေဝါရာ၊ ဒီတစ်ခါကားမှောက်ရင်း ဂွင်တစ်ခုစဉ်းစားမိလို့ပါ”
အိပုံ့က ဂွင်ဖန်တာ အတော်တော်ပါတယ်၊ ဒီတစ်ခါလည်း ကားမှောက်တာကိုအသုံးချပြီး ငွေရဖို့ ဘယ်လိုဂွင်ဖန်မလဲဆိုတာ မသိတာကြောင့် ကျွန်မလည်း အနောက်ကနေလိုက်သွားခဲ့ပါတယ်။ ကျွန်မတို့နေတဲ့တောင်ကနေ ဟိုးအောက်ဘက်ကိုဆင်းတဲ့လမ်းတစ်ခုက အတော်ကြမ်းပါတယ်၊ ဖောက်လက်စလမ်းဆိုတော့ မြေသားလမ်းကြီးပါ၊ အဲဒီလမ်းကြီးရဲ့ လမ်းကွေ့တစ်ခုမှာ ကားကချောက်ထဲကိုကျသွားတာပါ၊ လူတွေလည်း ကားသမားတွေကို ကယ်မယ်ဆိုပြီး ချောက်ထဲဆင်းကြည့်တာနဲ့ ကျွန်မတို့လည်းချောက်ထဲဆင်းခဲ့ပါတယ်။
ကားကတော့ ကျောက်သယ်တဲ့ကားအသေးပါ၊ ဦးခေါင်းနဲ့ဇောက်ထိုးကြီးကျထားလို့ ကားခေါင်းပိုင်းက ပြားချပ်ပြီးကြေမွနေပါတယ်၊ သွေးတွေကလည်း ကားအောက်ကိုစီးကျနေတာကြောင့် ကျွန်မလည်းဆက်ကြည့်ရင်း အန်ချင်သလိုလိုကြီးဖြစ်လာပါတယ်။
“သွားပြီဟေ့၊ နှစ်ယောက်စလုံးပွဲချင်းပြီးပဲ”
“အလောင်းတွေက ညပ်နေတာပဲ၊ ဘယ်လိုဆွဲထုတ်ရပါ့မလဲ”
ကယ်ကြတဲ့သူတွေက တစ်ယောက်တစ်ခွန်းနဲ့ပြောဆိုနေပါတယ်၊ ဒီအချိန်မှာပဲ အိပုံ့က ကျွန်မကိုလက်တို့ပြီး
“အမရွှေဝါ၊ အခုသေသွားတဲ့နှစ်ယောက်ရဲ့ နာမည်တွေကိုခေါ်ပြီးတော့ သူတို့ကိုခေါ်လာခဲ့စမ်းပါ”
အိပုံ့စကားကြားတော့ ကျွန်မရင်တွေထိတ်သွားပါတယ်။
“ဟဲ့၊ သူတို့ကိုခေါ်ပြီး ဘာလုပ်ရမလဲ”
“အဲဒီလိုသေပြီးသားလူကို ခေါ်ရိုက်ရင် ဖဲနိုင်တယ်တဲ့ အမရွှေဝါရဲ့”
“ဟာ၊ နင့်ဟာကဖြစ်ပါ့မလား”
“ဘာလဲ အမရွှေဝါက ကြောက်လို့လား”
ကျွန်မက ငယ်ငယ်ကတည်းက သရဲတွေဘာတွေကို မကြောက်တတ်ပါဘူး၊ အပျိုပေါက်အရွယ်ကတည်းက အင်းထဲမှာ သရဲခြောက်လှပါတယ်ဆိုတဲ့ နေရာတွေကိုလိုက်ပတ်ပြီး ငါးဖမ်းလာခဲ့တဲ့သူပါ၊ သရဲတွေလည်း တွေ့ဖူးပေမယ့် သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲဆိုပြီး ဒီအတိုင်း မသိလိုက်မသိဘာသာ နေခဲ့တာမျိုးပါ။
“မကြောက်ပါဘူး အိပုံ့ရဲ့၊ ဒါပေမယ့် ငါတို့ခေါ်တိုင်းလိုက်ပါ့မလား”
“ဒါကတော့စမ်းကြည့်ရတာပေါ့၊ ဟိုးတစ်ခါတုန်းက အရက်ရောင်းတဲ့ ဘဒွေးကပြောဖူးတယ်၊ သူတို့ငယ်ငယ်တုန်းက ရထားကြိတ်ပြီးသေသွားတဲ့ကောင်လေးကို သစ်ခက်နဲ့ရိုက်ပြီးခေါ်ဖူးတယ်တဲ့၊ ပြီးတော့ ဖဲရိုက်တဲ့အခါမှာ ကူညီခိုင်းတာ တအားနိုင်တာပဲတဲ့၊ အခုလည်း စမ်းကြည့်ရအောင် အမရွှေဝါရာ”
“အေးပါ၊ ဘယ်လိုလုပ်ရမလဲ”
အိပုံ့က အနားက သစ်ခက်ကလေးတစ်ခက်ကို ချိုးယူလိုက်တယ်၊ ပြီးတော့ ကျွန်မကိုထိုးပေးတယ်။
“သေသွားတဲ့လူက ကားဆရာကိုညိုကြီးနဲ့ ကိုဖိုးလုံးပဲ၊ ကိုညိုကြီးက ကျောက်ကားမောင်းတယ်၊ ဖိုးလုံးကတော့ စပယ်ယာလိုလိုလုပ်တယ်၊ အခုလည်း ဖိုးလုံးကားမောင်းရင်း ကားကချောက်ထဲကိုကျသွားတာပဲ အမရွှေဝါရဲ့၊ ဒီတော့ ကိုညိုကြီးနဲ့ ဖိုးလုံးရဲ့နာမည်တွေကိုခေါ်ပြီးတော့ ဒီသစ်ခက်ကလေးနဲ့ ရိုက်ပြီးခေါ်လာခဲ့”
ကျွန်မလည်း အိပုံ့ပေးတဲ့ သစ်ခက်ကလေးကိုကိုင်ရင်း ကျောက်သယ်တဲ့ကားအနားကို မသိမသာကလေးကပ်ခဲ့တယ်၊ ကားအနားမှာလည်း ယောက်ျားသားတွေက အလုပ်ရှုပ်နေတာပေါ့၊ ကားထဲက အလောင်းတွေကိုထုတ်ဖို့လုပ်နေကြတဲ့အချိန်မှာ ကျွန်မလည်းမယောင်မလည်နဲ့ ကားအနားကိုကပ်သွားပြီးတော့
“ကိုညိုကြီးနဲ့ ကိုဖိုးလုံး၊ ဒီမှာမနေနဲ့၊ ကျွန်မအနောက်ကိုလိုက်ခဲ့နော်”
အဲဒီလိုပြောရင်း သစ်ခက်ကလေးနဲ့ သုံးလေးချက်လောက်ရိုက်ထည့်လိုက်ပါတယ်၊ ပြီးတော့ သစ်ခက်ကလေးကိုပြန်ယူလာပါတယ်။ အိပုံ့က ကျွန်မကိုကြည့်ရင်း
“အမရွှေဝါ၊ ပါရောပါလာသလား”
“မသိဘူးလေ၊ ငါလည်း ရိုက်ဆိုလို့ ရိုက်လိုက်တာ”
“ဒါဆိုရင်စမ်းကြည့်ရအောင်”
“ဘယ်လိုစမ်းရမလဲ”
အိပုံ့က သစ်ခက်ကလေးအနားကို ကပ်လိုက်ပြီး
“ကိုညိုကြီးနဲ့ ကိုဖိုးလုံး၊ ဒီသစ်ခက်မှာ ပါလာတယ်ဆိုရင် ကျွန်မတို့ကို သိသာအောင်ပြပါ”
အဲဒီလိုပြောလိုက်တာ့ သစ်ခက်ကလေးက လှုပ်လာတယ်။ ပြီးတော့ ကိုင်ရတာလည်း လေးလာတယ်၊ အရွက်သုံးလေးရွက်လောက်ပဲပါတဲ့ သစ်ခက်တစ်ခုက ဘယ်လောက်မှ မလေးပေမယ့် အခုတော့ နှင်းဆီပန်းသုံးလေးပွင့်လောက်အထိ လေးလာတယ်၊ ကျွန်မလည်းခေါင်းနားပန်းတွေကို ထောင်သွားတာပဲ။
“ဟဲ့ သစ်ခက်က လေးတယ်၊ လေးလာတယ်ဟ”
ကျွန်မအလန့်တကြားအော်တော့ အိပုံ့က ကျွန်မလက်ကိုအသာဆွဲပါတယ်။
“အမရွှေဝါကလည်း တိုးတိုးသက်သာလုပ်စမ်းပါ၊ တော်ကြာ လူတွေကြားနေလို့ ကျွန်မတို့ပြသနာတက်နေအုံးမယ်၊ ပါလာပြီဆိုတော့ လိုင်းခန်းပြန်ရအောင်”
ကျွန်မလည်း အဲဒီသစ်ခက်ကလေးကိုလက်ကနေ ကိုင်ရင်း လိုင်းခန်းကိုပြန်လာခဲ့ပါတယ်၊ လိုင်းခန်းထဲရောက်တော့ သူတို့ကိုဘယ်မှာထားရမလဲမသိပါဘူး၊ ဖြစ်ချင်တော့ ကျွန်မတို့နေတဲ့အခန်းရဲ့အနောက်ဘက်မှာ မာလကာပင်လေးတစ်ပင်ရှိပါတယ်၊ ကျွန်မလည်း အဲဒီမာလကာပင်ကလေးကို သစ်ခက်နဲ့ရိုက်လိုက်ပြီးတော့
“နင်တို့နှစ်ယောက် ဒီမှာနေ၊ ငါခိုင်းတာကိုလုပ်၊ ငါပြောတာကိုနားထောင်၊ ဘယ်သူ့ကိုမှလည်း စတာနောက်တာမလုပ်နဲ့နော်၊ နင်တို့ပြောစကားနားထောင်ရင် ငါနင်တို့ကို ထမင်းကျွေးမယ်”
ကျွန်မပြောလိုက်တော့ မာလကာပင်က တသိမ့်သိမ့်နဲ့လှုပ်သွားတာပါပဲရှင်။ ကျွန်မလည်း ကြောက်ကြောက်နဲ့အိမ်ပေါ်ပြန်ပြေးတက်ခဲ့တာပေါ့။ အိပုံ့အိမ်နဲ့ ကျွန်မအိမ်နဲ့က အတော်ကလေးလှမ်းပါတယ်။ မာလကာပင်ကတော့ ကျွန်မအိမ်ရဲ့ အနောက်ဘက်တည့်တည့်လောက်မှာရှိတာပါ၊
တခြားအပင်ကြီးတွေလည်း ရှိပါသေးတယ်၊ ဒါနဲ့ ကျွန်မညနေစာစားပြီးတော့ သူတို့အတွက် ထမင်းနဲ့ဟင်းကို ဇလုံတစ်လုံးထဲမှာ နယ်ဖတ်လိုက်တယ်။ ပြီးတော့ သတင်းစာအဟောင်းတစ်ရွက်ရှာပြီးတော့ အိမ်နောက်ဖေးကို မယောင်မလည်နဲ့ဆင်းခဲ့တာပါပဲ။
လိုင်းခန်းထဲဆိုတော့ တခြားလူတွေလည်းရှိသေးရဲ့မဟုတ်လား၊ သူတို့လည်း ချက်ပြုတ်တဲ့သူနဲ့၊ လိုင်းခန်းအနောက်ဘက်မှာ ရေချိုးတဲ့သူနဲ့စုံနေတာပါပဲ၊ ကျွန်မလည်း ပန်းကန်ကလေးကိုင်ပြီးထွက်လာရော ခြေရင်းခန်းက မစပ်စုလို့ခေါ်တဲ့ အဒေါ်ကြီးကမေးတယ်။
“ဟဲ့ ရွှေဝါ၊ ပန်းကန်ကြီးနဲ့ ဘယ်သွားမလို့လဲ”
“ဟို . . .ဟိုလေ ထမင်းတွေလောဘကြီးပြီးထည့်လိုက်တာ၊ စားမကုန်တော့လို့၊ ခွေးလေးဘာလေးကျွေးမလားဆိုပြီး သစ်ပင်အောက်မှာပုံထားမလို့ပါ”
ကျွန်မလုပ်တာကို အဲဒီမစပ်စုက မျက်စေ့ဒေါက်ထောက်လိုက်ကြည့်နေတယ်၊ ကျွန်မလည်း မာလကာပင်ခြေရင်းနားက မြေပြောင်ပြောင်ကလေးကိုရှင်းလင်းပြီးတော့ သတင်းစာကလေးခင်းပြီး ထမင်းတွေကိုပုံပေးလိုက်တာပေါ့။
“ကိုညိုကြီးနဲ့ ကိုဖိုးလုံး၊ ရှင်တို့အတွက်လာကျွေးတာပဲ၊ စားကြ၊ စားကြ”
အဲဒီလိုတိုးတိုးကလေးပြောပြီးတော့ အိမ်ပေါ်ပြန်တက်လာခဲ့တာပေါ့ရှင်၊ ကျွန်မယောက်ျားလည်း မရှိဘူးဆိုတော့ ကျွန်မလည်း တံခါးပိတ်ပြီးစောစောအိပ်တာပေါ့၊ ကျွန်မတို့လိုင်းခန်းတွေက မီးရပေမယ့် တီဗွီတို့ဘာတို့လည်း လိုင်းမမိဘူးဆိုတော့ ညနက်တာနဲ့ အိပ်ကြရတာပဲပေါ့၊ မနက်လင်းတော့ ကျွန်မလည်း အိမ်နောက်ဖေးဘက်ထွက်လိုက်တော့ သတင်းစာစာရွက်ကလေးက ပြောင်သလင်းနေတာပဲ၊ ခွေးပဲစားသလား၊ ကိုညိုကြီးနဲ့ ကိုဖိုးလုံးပဲ စားသလားတော့ မသိပါဘူးရှင်။
(၃)
နောက်သုံးရက်လောက်ကြာတော့ အိပုံ့ရောက်လာတယ်။
“အေးပေါ့ဟ၊ တစ်နေ့တစ်နပ်တော့ကျွေးရတာပေါ့၊ ဒါတောင် မစပ်စုက ငါလုပ်တာကိုလိုက်ကြည့်နေသေးတာ”
“ဒီည ချိန်းဝိုင်းရှိတယ် အမရွှေဝါ၊ ရိပ်သာထဲမှာ ရိုက်ကြမှာ၊ ညခုနစ်နာရီစမယ်တဲ့၊ ဝိုင်းကတော့ ကောင်းတယ်၊ လကလည်းကုန်ပြီးသားမဟုတ်လား”
“အေးကောင်းတယ်”
“ကောင်းတာကိုပြောချင်တာမဟုတ်ဘူး၊ ဒီညဝိုင်းမှာ ကျွန်မတို့မွေးထားတဲ့ ဟိုနှစ်ကောင်ကို ထုတ်သုံးမယ်လေ”
“ဟဲ့၊ ရပါ့မလား”
“ဖြစ်ပါတယ် အမရွှေဝါ၊ ညနေကျရင် ကျွန်မလာခေါ်မယ်၊ ပြီးရင် သူတို့နှစ်ယောက်ကိုလည်း ခေါ်သွားကြမယ်၊ သုံးမရဘူးဆိုရင်တော့ သူတို့ကိုပြန်လွှတ်ပေးလိုက်ကြတာပေါ့”
“အေး . . . အေးပါ အိပုံ့ရာ”
ညနေငါးနာရီခွဲလောက်ရောက်တော့ အိပုံ့ကရေမိုးချိုးပြီးတော့ ရောက်လာတယ်၊ ကျွန်မလည်း ရေမိုးချိုး၊ ဖြီးလိမ်းပြီး အဆင်သင့်ပဲပေါ့၊ ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီးတော့ ကျွန်မတို့နှစ်ယောက် မာလကာပင်ခြေရင်းကိုလာခဲ့ကြတယ်၊ အိပုံ့က ကျွန်မကိုကြည့်ရင်း
“အမရွှေဝါ၊ ခေါ်ခဲ့လေ”
ကျွန်မလည်း မာလကာပင်အနားကိုတိုးပြီးတော့ အပင်ကိုလက်နဲ့ပုတ်ရတာပေါ့။
“ကိုညိုကြီးနဲ့ ကိုဖိုးလုံးတို့ ကျွန်မနဲ့လိုက်ခဲ့၊ အခုဖဲသွားရိုက်မလို့ အဲဒီမှာ ကျွန်မတို့နိုင်အောင် ကူညီပေးနော်၊ နိုင်ရင် ဟင်းကောင်းနဲ့ကျွေးမယ်”
မာလကာပင်ကနေ ဖြတ်ခနဲခုန်ချလာတာကို မျက်လုံးထောင့်မှာမြင်လိုက်ရတယ်၊ ကျွန်မသေချာကြည့်တော့ ဘာမှမရှိဘူး၊ သူတို့ပါလာတယ်ဆိုတာကို ပြချင်တာဖြစ်မယ်၊ ဒီလိုနဲ့ အိပုံ့နဲ့ကျွန်မနဲ့ အရာရှိရိပ်သာဘက်ကို လမ်းလျှောက်ခဲ့ကြတာပေါ့၊ အရာရှိရိပ်သာက ကျွန်မတို့တန်းလျားနဲ့ဆို ဆယ့်ငါးမိနစ်သာသာလောက်လျှောက်ရတယ်f၊ ဒီအချိန်မှာ ဘာထူးခြားသလဲဆိုတော့ ကျွန်မတို့နှစ်ယောက် ခါတိုင်းသွားနေကြအကောင်းပါ၊ ဒီနေ့ကျမှ အဲဒီနားမှာ မွေးထားတဲ့ခွေးတွေက ကျွန်မတို့ကိုကြည့်ရင်း ထိုးထိုးဟောင်တာပါပဲရှင်၊ ကျွန်မတို့လည်း သိလိုက်ကြတယ်လေ၊ ကျွန်မတို့အနောက်မှာ သရဲနှစ်ကောင်ပါလာတယ်မဟုတ်လား။
ဖဲရိုက်ရင်း နိုင်တစ်လှည့်၊ ရှုံးတစ်လှည့်ပါပဲရှင်၊ ဒီလိုနဲ့ ညရှစ်နာရီကျော်တော့ ဝိုင်းထောင်တဲ့အရာရှိက ကိုးနာရီထိုးရင် ဝိုင်းသိမ်းမယ်လို့ပြောပါရော၊ ဒီဒေသက တောကြီးထဲလည်းဖြစ်ပြန်၊ နယ်မြေလည်း မငြိမ်းချမ်းဘူးဆိုတော့ ညကိုးနာရီနောက်ပိုင်းဆို အသွားအလာ သိပ်မလုပ်ကြတာ့ဘူးပေါ့၊ ဒါနဲ့ ကျွန်မတို့လည်းတော်တော်ကိုရှုံးနေပြီ၊ အိပုံ့ဆို ဆော့စရာငွေမရှိတော့လို့ ကျွန်မဘေးမှာ ကပ်ထိုင်နေပြီလေ၊ ကျွန်မလည်း ရှိတဲ့ငွေလေးနဲ့ ကြံဖန်ဆော့နေရတာ၊ ဒါနဲ့ ဖဲထုပ်ကလေးကို ပုတ်ပုတ်ပြီးတော့
“ကိုညိုကြီးနဲ့ ကိုဖိုးလုံးတို့ လုပ်အုံးနော်၊ လူကမွဲတော့မယ်၊ နိုင်အောင်လုပ်ပေးပါအုံး”
အဲဒီလို လေသံလေးပစ်ပြီး ဖဲဆက်ရိုက်တာ၊ တိုက်ဆိုင်တာလား၊ သူတို့နှစ်ယောက် တကယ်လုပ်တာလားတော့ မသိပါဘူးရှင်၊ ကိုးနာရီမထိုးခင်မှာပဲ ကျွန်မက တစ်ဝိုင်းလုံးကို နိုင်လိုက်ပြီ၊ တစ်ညတည်း ဆယ်သိန်းနီးပါးလောက်ကိုနိုင်လိုက်တာ၊ ဒါနဲ့ပဲ ဝိုင်းသိမ်းပြီးတော့ ပြန်ခဲ့တာပေါ့၊၊ အတူတူရိုက်တဲ့လူတွေကိုလည်း ပိုက်ဆံတွေဘာတွေပြန်ပေးပြီးတော့၊ အိမ်ရာထိပ်နားက စားသောက်ဆိုင်မှာ စားကြသောက်ကြပေါ့၊ ပြီးတော့ အဲဒီဆိုင်ကနေ အမဲသားဟင်းဝယ်လာပြီးတော့ ပြန်လာခဲ့တာပေါ့ရှင်။
အိမ်ရောက်တော့မှ မာလကာပင်အနားကိုကပ်သွားပြီးတော့
“ကိုညိုကြီးနဲ့ ကိုဖိုးလုံးတို့လုပ်ပေးလို့ ဒီနေ့တော်တော်နိုင်တယ်၊ ဟောဒီမှာ အမဲသားဟင်းချိတ်ခဲ့တယ်၊ နောက်လည်း ဖဲဝိုင်းရှိရင် လိုက်လုပ်ပေးအုံး၊ ဟုတ်ပြီလား”
ကျွန်မက ခပ်တိုးတိုးပြောပြီးတော့ အမဲသားဟင်းထုပ်ကလေးကို မာလကာကိုင်း ခပ်မြင့်မြင့်ကလေးတစ်ခုမှာ ချိတ်ထားခဲ့လိုက်တယ်၊ ညည့်လည်းနက်နေပြီဆိုတော့ အိမ်ထဲဝင်ပြီး ပြန်အိပ်တာပေါ့။ မနက်ရောက်တော့ ထုံးစံအတိုင်းပဲ အိတ်ခွံချည်းဘဲ ကျန်တယ်ရှင်၊ အထဲက ဟင်းအနှစ်တွေကိုတောင် ပြောင်နေအောင်လျှက်ထားသလားမှတ်ရတယ်၊ အိတ်က ကျွန်မချိတ်ခဲ့တဲ့နေရာမှာပဲရှိနေတာဆိုတော့ ခွေးစားသွားတာလည်းမဖြစ်နိုင်ဘူး၊ ကြောင်ဆိုရင်လည်း အိတ်ကိုချီပြီးစားမှရမှာမဟုတ်လား၊ ဒီတော့ သေချာပေါက် ကိုညိုကြီးတို့လက်ချက်ပေါ့။
ဒီလိုနဲ့ ဝိုင်းကောင်းရင် သွားသွားရိုက်ကြတာ၊ နောက်ဆို ကျွန်မပါရင် ဖဲရိုက်ရမှာခပ်လန့်လန့်ဖြစ်နေကြတယ်၊ တစ်ချို့ဆိုရင် ကျွန်မမသိအောင်ခိုးချိန်းပြီး ရိုက်ကြတယ်ဆိုပဲ၊ တစ်ခါတော့ ဖဲလိမ်ရိုက်တဲ့နေရာမှာ နာမည်ကြီးတယ်ဆိုတဲ့လူနဲ့ ကျွန်မတို့ချိန်းရိုက်ကြတယ်၊ အဲဒီလူက ဖဲကိုလူမသိအောင်လိမ်ရိုက်ပြီး ရိုက်တိုင်းနိုင်တဲ့လူတဲ့၊ ဒါပေမယ့် ကိုညိုကြီးတို့နဲ့တွေ့တော့ သူလည်းမခံနိုင်ပါဘူး၊ အဲဒီလူအချီကြီးရှုံးပြီး တစ်ခါတည်း ပြန်ထွက်ပြေးရတာပဲ၊ ဖဲသမားတွေတောင် မရွှေဝါက ဖဲမှော်အောင်ထားတယ်ဆိုပြီး တီးတိုးတီးတိုးပြောနေကြပါရော။
နောက်ပိုင်း ဖဲတော့သိပ်မရိုက်တော့ပေမယ့် ကိုညိုကြီးတို့ကိုတော့ နေ့တိုင်းမဟုတ်ရင်တောင် သုံးလေးရက်ခြားတစ်ခါလောက် ထမင်းကျွေးဖြစ်ပါတယ်၊ ကိုညိုကြီးနဲ့ ကိုဖိုးလုံးကလည်း ကျွန်မကိုသိပ်ခင်ပုံရတယ်၊ တစ်ခါတစ်ခါဆိုရင် အိပ်မက်လာလာပေးတယ်၊ ကျွန်လည်းအဲဒီတော့မှ သူတို့ရုပ်တွေကိုမြင်ဖူးတာပါ၊ ကိုညိုကြီးဆိုတာ အရပ်ထောင်ထောင်မောင်းမောင်း အသားညိုညိုနဲ့ပေါ့၊ ကိုဖိုးလုံးကတော့ ပုပု၀၀နဲ့မို့ ဖိုးလုံးလို့ခေါ်တာဖြစ်မယ်ထင်ပါရဲ့။
တစ်ခါတစ်လေ သူတို့က စတယ်နောက်တယ်၊ ခြောက်တယ်လှန့်တယ်ဆိုပေမယ့် ကျွန်မစကားတော့ နားထောင်ကြပါတယ်၊ ကျွန်မက မလုပ်နဲ့ဆိုရင် ဆက်မလုပ်ကြတော့ပါဘူး။
ဒါပေမယ့် မကြာခင်ပဲ ပြသနာတစ်ခုဖြစ်ပါရော။ ဖြစ်ပုံကတော့ ဒီလိုပါ။
(၄)
သစ်ပို့တဲ့လုပ်ငန်းပြန်ပေါ်လာတာနဲ့ ကျွန်မလည်း တောထဲဆင်းရတာပေါ့၊ တောထဲမှာ သစ်ခွဲတဲ့လူတွေဆီကနေ သစ်တွေသယ်ပြီး ပြန်ယူမယ့်လူနဲ့ ညှိရတာပေါ့၊ ကျွန်မသွားတဲ့အနောက်ကို ကိုညိုကြီးတို့နှစ်ယောက်လည်း အမြဲလိုက်လာလေ့ရှိတာ ကျွန်မသတိထားမိတယ်၊ ဖြစ်ချင်တော့ အဲဒီနေ့က သစ်ဝယ်မယ့်fကောင်လေးနဲ့ စကားပြောကြတယ်၊ အဲဒီကောင်လေးနဲ့ ကျွန်မနဲ့ မျက်မှန်းတမ်းမိတာ ကြာပါပြီ၊ အဲဒီကောင်လေးက အရင်ကလည်း ကျွန်မကိုအီစီကလီလုပ်ဖူးတယ်၊ ကျွန်မယောက်ျားရှိတာကိုလည်း သိပုံမရပါဘူး။
“အမရွှေဝါကို ကျွန်တော်သိပ်ချစ်တယ်ဗျာ”
ကျွန်မလည်းစိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွားတယ်။
“ဟဲ့ ရေချမ်း၊ နင်ငါ့ကိုဘာတွေလာပြောနေတာလဲ”
အဲဒီကောင်လေးကို အများက ရေချမ်းလို့ခေါ်ကြတယ်။
“ဟုတ်တယ်၊ အမကိုကျွန်တော်ချစ်နေခဲ့တာကြာပြီ အမသာခေါင်းညိတ်မယ်ဆိုရင် ကျွန်တော်အမကို မိသားဖသားပီပီတင်တောင်းမယ်”
“တော်စမ်းပါရေချမ်းရာ”
“အမသာခေါင်းညိတ်လိုက်ပါ၊ ကျွန်တော်က အမလိုချင်တာကို အကုန်ဖြည့်ဆည်းပေးမယ်၊ အပျိုကြီးဘဝနဲ့နေရာတာပျင်းစရာမကောင်းဘူးလားအမရာ၊ ကျွန်တော်က အမကို အပျော်လေးတွေဖန်တီးပေးမယ်”
“တိတ်စမ်းရေချမ်း၊ ဘာလဲ နင်က ငါ့ကိုယောက်ျားတွေနဲ့ ဒိုးတူဘောင်ဘက်လုပ်နေတယ်ဆိုပြီးတော့ ငါ့ကိုလွယ်လွယ်နှိုက်လို့ရမယ်လို့ ကြံနေတာလား”
ကျွန်မအော်ငေါက်လိုက်တော့ ရေချမ်းက အတော်လန့်သွားတယ်။
“မဟုတ်ပါဘူးအမရာ၊ ကျွန်တော်အမိကို တကယ်ချစ်တာ . . .”
“တော်စမ်းရေချမ်း၊ ငါကတော့ နင်နဲ့ပတ်သက်နေတာ စီးပွားရေးအရပတ်သက်နေတာ၊ ဒါကိုနင်က အခွင့်ကောင်းမယူနဲ့၊ ငါ့မှာ ယောက်ျားရှိတယ်ဟဲ့”
ရေချမ်းက အံကြိတ်လိုက်ပြီးတော့
“ယောက်ျားရှိလည်း ကျွန်တော်က ဂရုမစိုက်ဘူး၊ အမကို ကျွန်တော်ပိုင်ဆိုင်ချင်တယ်၊ အမကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော်fပိုင်ရအောင် ကြိုးစားမယ်”
ရေချမ်းက ကျွန်မလက်ကိုအတင်းဆွဲတယ်ရှင့်၊ အနားမှာလည်း တခြားလူတွေရှိတော့ ကျွန်မလည်းသိပ်ရှက်တာပေါ့၊ နဂိုကတည်းကမှ လူတွေက မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တွဲသွား၊ တွဲလာလုပ်ရင်ဘဲ လင်မယားလိုလိုသမုတ်ချင်တာမဟုတ်လား၊ ပြိးတော့ သစ်ထုတ်တဲ့နေရာဆိုတာက လူစုံတယ်လေ၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ လူတွေပြောကြတဲ့ပါးစပ်ဖျားက အကြောင်းတွေ ကျွန်မယောက်ျားရဲ့ နားကိုပြန်ပေါက်ရင် ကျွန်မတို့အိမ်ထောင်ရေးမှာ အဖုအထစ်တွေဖြစ်လာနိုင်တယ်မဟုတ်လား။
ဒါနဲ့ကျွန်မလည်း ရေချမ်းရဲ့လက်ကိုအတင်းဆွဲဖယ်ပြီးတော့ သူ့ပါးကို ရိုက်ချထည့်လိုက်တယ်၊ ပြီးတော့ ရေချမ်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့
“နင်ဟာ တော်တော် အကျင့််မကောင်းတဲ့အကောင်ပဲ၊ နင်တွေ့မယ်၊ မကောင်းတဲ့နင့်စိတ်ကြောင့်် နင်တို့တစ်ဆွေလုံးတစ်မျိုးလုံး ဒုက္ခရောက်အုံးမှာ”
ကျွန်မလည်း စိတ်တိုတိုနဲ့ပြောလိုက်မိတာပေါ့ရှင်၊ ကျွန်မအသံက အကျယ်ကြီးဖြစ်သွားတော့ ရေချမ်းလည်း တော်တော်ရှက်သွားပုံရတယ်၊ ခေါင်းငုံ့ပြီးတော့ ကျွန်မအနားကနေထွက်ပြေးသွားတယ်၊ ကျွန်မလည်း စိတ်တိုတိုနဲ့ ပြန်ခဲ့တာပေါ့ရှင်။
ဒီလိုနဲ့ နောက်ရက်တွေကျတော့ သစ်ပို့တဲ့ဆီကို ကျွန်မမသွားတော့ဘူး၊ အိပုံ့ကိုပဲလွတ်ပြီးတော့ သွားခိုင်းလိုက်တယ်၊ သစ်ပို့ပြီးရင် သုံးလေးလလောက်နားရတာဆိုတော့ ကျွန်မလည်း အေးအေးလူလူပဲပေါ့၊ ရတဲ့ပိုက်ဆံတွေနဲ့ ဖဲရိုက်လိုက်၊ ရွှေလုပ်ဝတ်လိုက်ပေါ့ရှင်။
ဒါပေမယ့် တစ်နေ့မှာတော့ သတင်းတစ်ခုကြားတယ်၊ ရေချမ်းတို့အိမ်မှာ အမျိုးစုံဖြစ်နေသတဲ့၊ ရောဂါတွေဖြစ်လို့ ဆေးရုံတင်လည်း ဆေးရုံရောက်ရင် ဘာရောဂါမှမတွေ့ဘူးတဲ့၊ ရေချမ်းလည်း သေကောင်ပေါင်းလဲဖြစ်ပြီးတော့ လူလည်းအရိုးပဲကျန်တော့တဲ့အကြောင်းကို ခေါင်းရင်းခန်းက မစပ်စုပြောပြလို့သိရတယ်၊ ကျွန်မလည်းထူးဆန်းနေတာပေါ့ရှင်၊
တစ်ရက်တော့ ရေချမ်းတို့သားမိတွေ ကန်တော့ပွဲကြီးခေါင်းပေါ်ရွက်ပြီးတော့ ရောက်လာကြတယ်။ ကျွန်မအခန်းကို တစ်ပြုံ့တစ်မကြီးရောက်လာတာဆိုတော့ ကျွန်မလည်းဘာလုပ်ရမှန်းမသိပါဘူးရှင်၊ ရေချမ်းတို့သားအမိက ကျွန်မကိုခုံပေါ်ထိုင်ခိုင်းပြီး ထိုင်ကန်တော့ကြတယ်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင်ကြီးဖြစ်နေတာပေါ့ရှင်။
“အဒေါ်တို့ ဘာလုပ်ကြတာလဲ”
“ငါ့တူမကို အဒေါ့်သားလေး ပြောမှားဆိုမှားရှိရင်ခွင့်လွှတ်ပါကွယ်”
“အဲဒီတုန်းက ကျွန်မလည်းစိတ်တိုတိုနဲ့မို့လို့ ပြောလိုက်မိတာပါ၊ ရေချမ်းကို ကျွန်မခွင့်လွှတ်ပါတယ်”
“ဒါဆိုရင်လည်း ငါ့တူမကြီး အဒေါ်တို့ကိုစိတ်မဆိုးဘူးဆိုရင် အဒေါ်တို့အပေါ်လုပ်ထားတာတွေကို ဖြေပေးပါကွယ်”
“ရှင် . . . ကျွန်မက ဘာလုပ်ထားလို့လဲ”
“ငါ့တူမကြီးလုပ်ရပ်ကို ငါ့တူမကြီးသိမှာပါ၊ အဒေါ့်ကိုခွင့်လွှတ်ပါကွယ်”
တောင်းပန်ပြီးတော့ ပြန်သွားကြတော့တယ်၊ ကျွန်မလည်းပွဲကြီးတစ်ပွဲနဲ့ ဘုမသိဘမသိ ငုတ်တုတ်ကြီးကျန်ခဲ့တယ်၊ နောက်တော့ အိပုံ့ရောက်လာလို့ ကျွန်မသေချာမေးကြည့်တော့မှ အိပုံ့ကပြောပြတယ်။
“လိုင်းခန်းထဲမှာ နင်ကစုန်းမဆိုပြီး သတင်းတွေထွက်နေတာဟ၊ နင်က ရေချမ်းကို လူကြားထဲမှာ ကျိန်စာတိုက်ခဲ့တယ်ဆို၊ အဲဒီအတွက်ကြောင့် သူတို့တစ်မိသားစုလုံး အမျိုးစုံတွေဖြစ်နေကြတာတဲ့၊ ရေချမ်းကိုလည်း သရဲပူးသလိုလို ဘာလိုလိုအမြဲဖြစ်တယ်တဲ့”
အိပုံ့ပြောမှ ကျွန်မလည်းသတိထားမိသွားတယ်၊ နောက်တော့မှ ကိုညိုကြီးတို့လက်ချက်ဖြစ်လောက်တယ်လို့ တွေးလိုက်မိတယ်၊ ကိုညိုကြီးတို့က ကျွန်မသွားတဲ့အနောက်ကို တကောက်ကောက်လိုက်နေတာဆိုတော့ ကျွန်မရေချမ်းကိုပြောလိုက်တာကို တကယ်မှတ်ပြီးတော့ သူတို့က သွားသွားပြီး ဒုက္ခပေးနေကြတယ်ထင်ပါရဲ့။ ညရောက်တော့ ကျွန်မထင်ထားတဲ့အတိုင်းပဲ ကိုညိုကြီးတို့နှစ်ယောက် အိပ်မက်ထဲကိုရောက်လာတယ်။
“နင့်ကို ဒီကောင်က ထိကပါးရိကပါးလုပ်တာကို ငါတို့မကြိုက်ဘူး”
“မလုပ်ပါနဲ့ကိုညိုကြီးတို့ရယ်၊ သူကလည်းမသိလို့ လုပ်ခဲ့တာပဲ၊ နောက်ပြီး သူ့ကိုဒုက္ခဖြစ်ပါစေဆိုတဲ့ သဘောနဲ့ပြောခဲ့တာမဟုတ်ဘူး၊ နောက်ဆို ကိုညိုကြီးတို့ သူ့ကိုသွားမလုပ်ကြပါနဲ့”
နောက်ရက်သတင်းပြန်ကြားတော့ ရေချမ်းတို့အိမ်မှာ ဖြစ်နေတဲ့ ပြဿနာတွေအကုန်ရှင်းသွားပြီဆိုတာပါပဲ၊ အဲဒီမှာ ကျွန်မက နာမည်ပိုကြီးသွားပါရော၊ ကျွန်မက စုန်းမ၊ ကဝေမဆိုပြီး အရပ်ထဲသတင်းတွေပြန့်လာတယ်၊ တကယ်လည်းထင်ချင် ထင်စရာပါပဲ၊ ကျွန်မကိုတောင်းပန်ပြီးတာနဲ့ အားလုံးယူပစ်သလိုပျောက်သွားတော့တာကိုး။
(၅)
နောက်ပြဿနာတစ်ခုက သုံးလေးလအကြာမှာ ထပ်ဖြစ်ပြန်တယ်၊ သင်္ကြန်ရောက်ရင် အဲဒီနားက လူတွေအကုန်လုံး စုပေါင်းပြီးရေဆော့ကြတာပေါ့ရှင်၊ တပ်တွေအရှေ့မှာလည်း ရေကစားမဏ္ဍပ်ကလေးတွေဆောက်ထားတာပေါ့၊ ကျွန်မတို့လိုင်းခန်းထိပ်ဆိုလည်း ရေကစားမဏ္ဍပ်တွေနဲ့ ကလေးတွေဆော့တာပါပဲ၊ ကျွန်မလည်း သင်္ကြန်မှာ ပျော်ကြတာပေါ့၊ အရာရှိလိုင်းခန်းဘက်မှာတော့ ဆောင်းဘောက်တွေနဲ့ သီချင်းတွေဆိုတယ်၊ ရေပိုက်တွေနဲ့ပက်ကြတယ်ဆိုတော့ ပိုစည်ကားတာပေါ့၊ ကျွန်မနဲ့အိပုံ့လည်း အဲဒီမဏ္ဍပ်ဆီကိုသွားပြိး သောက်ကြစားကြနဲ့ ပျော်ကြတာပေါ့။
ကျွန်မယောက်ျားက အနေအေးလို့ သင်္ကြန်ထွက်မဆော့ပေမယ့် ကျွန်မနဲ့အိပုံ့ကတော့ ဆိုင်ကယ်နဲ့လျှောက်လည်ကြတာပေါ့၊ ဒါနဲ့ တောင်ကုန်းအောက်ဘက်က လမ်းလုပ်သားတွေရှိတဲ့ ဆောက်လုပ်ရေးမဏ္ဍပ်ကိုရောက်ခဲ့ကြပါရော၊ ဆိုင်ကယ်ကိုတားပြီးတော့ ရေလောင်းကြတယ်၊ ယောက်ျားလေးတွေလည်းများတယ်ဆိုတော့ မူးရူးနေကြတာပေါ့ရှင်၊ မှတ်မှတ်ရရ အဲဒီနေ့က အကြပ်နေ့ပေါ့။
ကျွန်မနဲ့အိပုံ့လည်း ရေလောင်းခံရအောင် ဆိုင်ကယ်ရပ်ပေးလိုက်တော့ ယောက်ျားလေးတွေက ကျွန်မတို့ကို ရိသဲ့သဲ့လုပ်ပါရော၊ ဆောက်လုပ်ရေးဘက်မှာလည်း ကျွန်မကိုလူသိများတယ်၊ အရင်က ကျောက်ပို့တော့ အဲဒိဘက်ကလူတွေနဲ့ခင်နေတာပေါ့ရှင်၊ အဲဒီမှာ အလုပ်သမားခေါင်း ကိုမြကြီးဆိုတဲ့လူက ကျွန်မကိုဆွဲလားရမ်းလားလုပ်ပါရော။
“မရွှေဝါကို ရေချမ်းက ရအောင်မယူနိုင်ပေမယ့် ကျုပ်ကတော့ အရယူပြမယ်ဗျ”
ကိုမြကြိးက အရက်မူးမူးနဲ့ကျွန်မလက်ကိုလာဆွဲတယ်၊ သူတို့လည်း ကျွန်မယောက်ျားရှိတာ သိပုံမရဘူး၊ လိုင်းခန်းမှာနေတယ်ဆိုပေမယ့် သူများအိမ်မှာ ကပ်နေတယ်လို့ပဲ ထင်ကြတာကိုး၊ ကျွန်မလည်း လက်ကိုပြန်ရုန်းပေမယ့် သူကအတင်းဆွဲထားတာဆိုတော့ လုံးဝရုန်းလို့မရခဲ့ဘူး”
“ကိုမြကြီး၊ ရှင်ကျွန်မလက်ကိုလွှတ်နော်”
“မလွှတ်ဘူးရွှေဝါ၊ ရွှေဝါအာဘွားပေးမှလွတ်မယ်”
သူ့ပါးကြိးကို ကျွန်မမျက်နှာအနားကိုထိုးပေးတယ်ရှင်၊ ကျွန်မလည်းဒေါသတွေ ငယ်ထိပ်ဆောင့်တက်လာတယ်၊ ဒါနဲ့ သူ့ပါးကိုလက်နဲ့ရိုက်ရင်း
“ငမူးကောင်၊ နင်ကများငါ့ကို ရာရာစစ၊ နင့်ကိုသူများသတ်လို့ သေပါစေ”
ကျွန်မလည်းအဲဒီလိုပြောရင်းနဲ့ အိပုံ့ဆိုင်ကယ်အနောက်ကိုလိုက်ခဲ့တာပေါ့ရှင်၊ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး အဝတ်အစားလဲနေတုန်းရှိသေးတယ်၊ အိပုံ့က အိမ်ပေါ်ကိုပြေးတက်လာတယ်။
“အမရွှေဝါ၊ အမရွှေဝါ”
“ဟဲ့ ဘာဖြစ်လာပြန်တာတုန်း အိပုံ့ရဲ့”
“ဟို . . ဟိုလေ ကိုမြကြီးဆုံးပြီတဲ့”
ကျွန်မမျက်လုံးတွေ ပြူးကြောင်သွားမိတယ်။
“ဟုတ်ရဲ့လား အိပုံ့ရယ်၊ ငါတို့နဲ့ ခုနကတွေ့ခဲ့တဲ့ ကိုမြကြီးလား”
“တကယ်ပါဆို အမရွှေဝါရယ်၊ အရက်မူးမူးနဲ့ သူများတွေနဲ့ရန်ဖြစ်ပြီးတော့ ကောင်လေးတစ်ယောက်က လည်ပင်းကိုခုတ်ဖြတ်လိုက်လို့ ခေါင်းပြတ်ပြီးသေပြီတဲ့”
“ဟယ်၊ ဖြစ်ရလေ”
ကျွန်မလည်းရင်ထိတ်သွားတယ်၊ ကိုညိုကြီးတို့လက်ချက်မှန်း ကျွန်မသိလိုက်တယ်လေ၊ ဒါတွေကို အိပုံ့လည်းသိပုံမရဘူး၊ ကျွန်မကလည်း တမင်သက်သက်မပြောဘူးလေ၊ ဒါနဲ့ ကျွန်မယောက်ျားနဲ့အတူတူ သေသွားတဲ့နေရာကိုလိုက်ကြည့်တော့ သွေးတွေမှအိုင်ထွန်းနေတာပဲ၊၊ ကိုမြကြီးက ခေါင်းပြတ်ပြီးတော့ လည်ပင်းကလည်း တဲတဲကလေးပဲကျန်တော့တယ်၊ ခုတ်တဲ့ကောင်လေးကို အလုပ်သမားတွေက ဖမ်းချုပ်ပြီးအတင်းမေးတော့ သူလည်းအရက်မူးနေလို့ ဘာလုပ်လိုက်မိမှန်းကို မသိဘူးတဲ့ရှင်၊
ဒီလိုအဖြစ်အပျက်တွေဖြစ်ပြီးတော့ ကျွန်မတို့လည်း ဖဲမရိုက်ဖြစ်တော့ဘူးပေါ့၊ ဒါနဲ့ အိပုံ့နဲ့တိုင်ပင်ပြီးတော့ ကိုညိုကြီးနဲ့ကိုဖိုးလုံးကို သူတို့ကားတိုက်တဲ့နေရာမှာ သွားပြန်ထားဖို့ ဆုံးဖြတ်လိုက်တော့တယ်၊ ထုံးစံအတိုင်း သစ်ခက်ကလေးနဲ့ရိုက်ပြီးတော့ သူတို့ကိုခေါ်ခဲ့တာပေါ့ရှင်၊ သူတို့ကားမှောက်တဲ့အနားရောက်တော့ သစ်ပင်တစ်ပင်ကို သစ်ခက်နဲ့ပုတ်ပြီးတော့ဒီမှာနေခဲ့ဖို့ပြောရတယ်၊ ပြီးတော့မှ ကျွန်မတို့လည်းပြန်လာခဲ့ရတယ်။
ကိုညိုကြီးတို့နှစ်ယောက်က ထွက်မသွားပါဘူး၊ သူတို့ကိုအသစ်ထားခဲ့တဲ့၊ ကျွန်မတို့အိမ်နောက်က မာလကာပင်နဲ့ကို ကူးခြည်သန်းခြည် သွားလာနေပုံရတယ်၊ နောက်တော့ အလုပ်သမားတန်းလျားထဲမှာလည်း ရိုးခနဲရိပ်ခနဲတွေ့ရတယ်ဆိုပြီး အသံတွေထွက်လာတယ်၊ အဆိုးဆုံးကတော့ မစပ်စုပါပဲ၊ မစပ်စုက ခွေးစာကျွေးမယ်ဆိုပြီးတော့ ညဘက်ကြီး အိမ်ထဲကဆင်းလာပြီး ကျွန်မခွေးစာတွေပုံနေကျ မာလကာပင်ကြီးအောက်မှာ ထမင်းပုံတော့၊ အပင်ပေါ်ကနေ အကောင်ကြီးနှစ်ကောင် ဘုတ်ခနဲခုန်ချပြီး သူ့အရှေ့မှာရပ်နေတာနဲ့ ကြောက်လန့်ပြီးတော့ ထွက်ပြေးတော့တာပဲ။
ဒီလိုနဲ့ ခွဲခွာဖို့အချိန်ရောက်လာခဲ့ပြီပေါ့၊ အဲဒီမှာ သုံးနှစ်လောက်ကြာပြီးတော့ ကျွန်မယောက်ျားက တစ်ခြားတစ်နေရာကို တာဝန်ကျတာနဲ့ ကျွန်မတို့လည်းပြောင်းခဲ့ကြတယ်ဈ ကျွန်မပြောင်းခဲ့တဲ့အထိ အဲဒီသစ်ပင်မှာ ကိုညိုကြီးနဲ့ ကိုဖိုးလုံးက ကျန်နေခဲ့ပါသေးတယ်။
ဘာလိုလို့ ကျွန်မအခု အဲဒီကနေထွက်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ၊ အဲဒီကိုလည်း တစ်ခေါက်မှ ပြန်မရောက်တော့ဘူး၊ အိပုံ့ကလည်း တစ်နယ်တစ်ကျေးကိုပြောင်းသွားလို့ ကျွန်မတို့အဆက်အသွယ်ပြတ်သွားခဲ့တယ်၊ တစ်ခါတစ်လေတော့ အခွင့်ကြုံတိုင်း ကျွန်မသူတို့နှစ်ယောက်အကြောင်းကိုပြန်သတိရတယ်။ သူတို့နှစ်ယောက် အဲဒီမှာပဲ ဆက်ရှိနေသေးတာလား၊ ဒါမှမဟုတ် ကျွတ်လွှတ်သွားပြီလားဆိုတာကို တွေးရင်းဝမ်းနည်းမိတယ်၊ ကျွန်မအခုနောက်ပိုင်းတော့ ဘုရားတရားတွေလုပ်ဖြစ်ပြီ၊ ဒီတော့ သူတို့နှစ်ယောက်ကို အာရုံခံပြီးတော့ အမြဲပဲ အမျှအတန်းပေးဝေပြီး မေတ္တာလဲပို့ပေးဖြစ်ပါတယ်။
ကျွန်မအသက်ကြီးလာတော့မှ ငယ်ငယ်က ဆတ်ဆော့ပြီးတော့ သရဲမွေးသလိုဖြစ်ခဲ့တာကို တွေးရင်း နောင်တတွေရမိတယ်၊ ကျွန်မကို အတော်ချစ်ခင်ပြီးတော့ ဂရုစိုက်ပေးကြတဲ့ သူတို့နှစ်ယောက်ကိုလည်း ကျွန်မအရမ်းသနားမိတယ်၊ သူတို့သာ ဆက်ရှိနေအုံးမယ်ဆိုရင်တော့ အဲဒီတန်းလျားအနောက်က မာလကာပင်ကလေးပေါ်မှာ ဆက်ပြီးနေကြအုံးမယ်ထင်တာပါပဲရှင်။
ပြီးပါပြီ။
(ဇတ်လမ်းအကြောင်းအရာများကို ပြောပြပေးပါသော အမခိုင်ရွှေဝါအား အထူးကျေးဇူးတင်လျှက်)