အတွဲ(၃) အပိုင်း (၁၁)
(၁)
မြင့်မားလှသည့် တောင်တန်းကြီးများအလယ်ရှိ ကွင်းပြင်ကျယ်ကြီးအတွင်းတွင် ထီးတည်းကြီး ချွန်ထွက်နေသည့် တောင်ကြီးတစ်တောင်ရှိသည်။ လင်းဆွဲများက ထိုတောင်ပေါ်သို့ပျံသန်းကာ တက်လာကြပြီးသည့်နောက် တောင်ထိပ်ရှိ နတ်ကျောင်းဆောင်အပျက်ကြီးထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။ နတ်ကျောင်းဆောင်ပျက်ကြီးအတွင်းသို့ လရောင်က ထိုးကျနေလေသည်။ နတ်ကျောင်းဆောင်ကြီး၏ တစ်ဖက်စွန်းတွင်တော့ ကျောက်သားကိုထွင်းထုထားသည့် အမျိုးသမီးပုံစံရုပ်တုကြီးရှိသည်။ သို့သော်လည်း ထိုရုပ်တုကြီးမှာ နှစ်ကာလကြာမြင့်စွာတည်ရှိနေခဲ့သဖြင့် ပျက်စီးယိုယွင်းကာ ခေါင်းများ၊ ခြေလက်များမှာ ပဲ့ကျနေပြီဖြစ်သည်။
ထိုရုပ်တုကြီး၏ တစ်ဖက်စွန်းတွင်တော့ ကျောက်သားဖြင့်ပြုလုပ်ထားသည့် စားပွဲဝိုင်းကြီးတစ်ခုရှိပြီး ထိုစားပွဲဝိုင်းကြီးနှင့် မလှမ်းမကမ်း တောင်စွန်းပေါ်တွင်တော့ ကျောက်သားဖြင့်ပြုလုပ်ထားသည့် ကျောက်မောင်းကြီးလည်းရှိသေးသည်။ လင်းဆွဲတစ်သောင်းသခင်ကြီး စိုင်းနော်က ထိုကျောက်မောင်းကြီးအနီးသို့သွားကာ မန္တန်တစ်ပုဒ်ကို ရွတ်ဖတ်လိုက်ပြီး ကျောက်မောင်းကြီးကို လက်နှင့်ပွတ်သပ်လိုက်လေရာ ကျောက်မောင်းကြီးမှာ အစိမ်းရောင်အလင်းတန်းများဖြင့် လင်းလက်လာတော့သည်။ စိုင်းနော်က တစ်ဖန် ကျောက်မောင်းကြီးကို လက်သီးဖြင့်သုံးချက်ထုခတ်လိုက်လေရာ ကျောက်မောင်းကြီးမှာ ထူးဆန်းသည့်အသံတစ်မျိုးထွက်သွားပြီးနောက် မြေငလျင်တစ်ချက်လည်း ဝုန်းခနဲလှုပ်ခတ်သွားတော့သည်။ ထိုအသံမှာ ဆမန်းကောင်များသာ ကြားနိုင်သည့်အသံမို့ အခြားလူများအနေနှင့် မကြားနိုင်စွမ်းပေ။
ထိုစဉ်မှာပင် ငခမ်းနှင့် ဘတိုးတို့မှာ ထိုတောင်္ကြီးအပေါ်သို့ဆင်းသက်လာခဲ့တော့သည်။
“ခင်ဗျားပြေးလို့မလွတ်တော့ဘူး၊ စိုင်းနော်”
လင်းဆွဲတစ်သောင်းသခင်ကြီးက ငခမ်းအားလှည့်ကြည့်ပြီး အလွန်ထိတ်လန့်သွားသည်။
“မင်း၊ မင်းက ဘာကောင်မို့လို့ ငါတို့တွေကို သတ်ဖြတ်နိုင်တာလဲ”
“ကျုပ်ကနတ်ဆိုးပဲ”
လင်းဆွဲတစ်သောင်းသခင်ကြီးက လင်းဆွဲကောင်များကိုအသုံးပြုကာ ဓါးနှစ်လက်ကိုဖန်တီးလိုက်လေသည်။ ငခမ်းကလည်း ပင့်ကူဖြူသံဓါးကို လက်တွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထည့်လိုက်သည်။ လင်းဆွဲတစ်သောင်းသခင်ကြီး စိုင်းနော်က ငခမ်းအား အတင်းဝင်ရောက်ထိုးခုတ်တော့သည်။ ငခမ်းကလည်း ပြန်လည်ခုခံနေမိသည်။ သို့တိုင်အောင် စိုင်းနော်၏ ဓါးနှစ်လက်မှာ အလွန်လျှင်မြန်လွန်းလှသည့်အတွက် ငခမ်းတစ်ယောက်ရှောင်တိမ်းနိုင်ရန်ခက်ခဲလေသည်။
တစ်ချီတွင်တော့ စိုင်းနော်က ငခမ်း၏ ရင်ဝတည့်တည့်သို့ ဓါးနှစ်လက်ကို ထိုးစိုက်ချလိုက်လေသည်။ ငခမ်းကလည်း မရှောင်တိမ်းဘဲ ဓါးချက်ကိုခံလိုက်ရာ ဓါးနှစ်လက်မှာ ငခမ်းရင်ဝတွင်ထိုးစိုက်သွားသည်။ စိုင်းနော်က ငခမ်းအား အံ့ဩစွာဖြင့်ကြည့်နေလိုက်သည်။
“မင်း၊ မင်းက မသေနိုင်ဘူးလား”
ငခမ်းက ပင့်ကူသံဖြူဓါးဖြင့် တစ်ချက်မိုးကာ ခုတ်ထည့်လိုက်ရာ စိုင်းနော်က ဓါးနှစ်ဖက်ဖြင့် ပင့်ကာခံထည့်လိုက်သည်။ သို့သော်လည်း စိုင်းနော်၏ ဓါးနှစ်လက်စလုံးမှာ တိခနဲပြတ်ထွက်သွားပြီး စိုင်းနော်ပင် အနောက်သို့အလျှင်အမြန်ပျံသန်းကာ ရှောင်ရှားလိုက်သဖြင့်သာ မခုတ်မိခြင်းဖြစ်သည်။
“ဟား၊ ဟား၊ ဒီဓါးက မဖြတ်နိုင်တဲ့အရာ မရှိဘူးဗျ”
ထိုအချိန်မှာပင် ကျားဟိန်းသံကြီးများကိုကြားရသည်။ ကျားကြီးခုနှစ်ကောင်က တောင်ပေါ်သို့လွှားခနဲခုန်ပျံတက်လာပြီး လက်တစ်ဖက်ပြတ်ထွက်နေသည့် ကျားဖြူကြီးတစ်ကောင်က ငခမ်းနံဘေးတွင် ဝင်ကာ မတ်တပ်ရပ်လိုက်ပြီး ငခမ်းအားတွန်းထုတ်လိုက်တော့သည်။ ထို့နောက် ထိုလူမှာ ကျားဖြူသခင်ကြီး ခွန်ဆေအဖြစ်ပြောင်းလဲသွားလေသည်။ ကျန်သည့် ကျားကြီးခြောက်ကောင်မှာတော့ ငခမ်းအား ဝန်းရံထားလိုက်ကြသည်။
ထိုအခါ ဘတိုးက တောက်တစ်ချောင်းကို ကောက်ယူလိုက်ကာ လက်တွင်ဝှေ့ယမ်းလိုက်သည်။ ပြီးနောက် ထူးခြားသည့်အသံများကို ပြုလုပ်လေသည်။
“ကဲ၊ ဖေ့သားကြီးတို့၊ဒီကိုကြည့်၊ ဒီကိုကြည့်ကြဟေ့”
ကျားကြီးခြောက်ကောင်မှာ ဘတိုးထံသို့စိုက်ကြည့်လိုက်သည်။ ဘတိုးက လက်အတွင်းမှတုတ်တံကိုဝှေ့ယမ်းနေရင်း
“ဒီကိုကြည့်ကြစမ်း၊ ပြီးတော့ ငါ့ဆီကိုလာကြစမ်း”
ထိုအခါ ကျားကြီးများမှာ ရုပ်သေးရုပ်ကြီးများအလား ဖြစ်သွားကာ ဘတိုးပြောသည့်အတိုင်း လိုက်လံလုပ်ဆောင်လေသည်။
“သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်၊ လာကြစမ်း၊ ငါ့အနားကိုကပ်လာကြ”
ကျားကြီးခြောက်ကောင်စလုံးမှာ ဘတိုးနှင့် လက်တစ်ကမ်းအကွာသို့ရောက်လာကြသည့်အခါ ဘတိုးက
“ကဲ သားကြီးတို့ ငါ့မျက်လုံးကိုကြည့်စမ်း”
ဘတိုးမျက်လုံးများမှာ ဝါဖန့်ဖန့်ကြီးလင်းသွားလေသည်။ ဘတိုးက ကျားဖမ်းသည့် မန္တန်တစ်ခုကို ရွတ်ဖတ်နေလေသည်။ ထိုအခါ ကျားကြီးများမှာ ဘတိုးမျက်လုံးကို စိုက်ကြည့်ပြီးနောက် သူတို့မျက်လုံးများသည်လည်း ဝါဖန့်ဖန့်အဖြစ်ပြောင်းလဲသွားသည်။ ဘတိုးက
“ကဲ၊ သားကြီးတို့ ဒီကနေဝေးအောင်သွား၊ ဝေးနိုင်သမျှ၊ ဝေးအောင်သာ သွားကြတော့၊ ဒီကိုပြန်မလာကြနဲ့တော့”
ထိုအခါ ကျားကြီးခြောက်ကောင်မှာ တောင်ထိပ်မှပြေးဆင်းသွားလေသည်။ ဘတိုးက ကျားဖြူသခင်ကြီးအားကြည့်ပြီး
“ခင်ဗျားကျုပ်ကိုကြောက်တာ၊ ဒါကြောင့်မဟုတ်လား”
ကျားဖြူသခင်ကြီးက အံကြိတ်လျှက်
“မင်း၊ မင်း ငါ့လက်ကနေ ပြေးလို့လွတ်မယ်တဲ့လား ဘတိုး”
“ကျုပ်မပြေးပါဘူး၊ မပြေးလို့လည်း အခုဒီကိုလိုက်လာခဲ့တာပေါ့၊ ကဲ ငခမ်းရေ၊ ကျန်တာကတော့ မင်းအပိုင်းပဲ၊ မင်းလုပ်စရာရှိတာ ဆက်လုပ်တော့”
ထိုအခါ ကျားဖြူသခင်ကြီးက ငခမ်းထံသို့လျှင်မြန်စွာပြေးလာလေသည်။ ခြေထောက်ကိုလှုပ်ရှားလိုက်သည့်နှင့် ငခမ်းနံဘေးသို့ ရောက်သွားသည်။ ငခမ်းလက်ကို ခြေထောက်ဖြင့်ကန်လိုက်သောကြောင့် ငခမ်းကိုင်ထားသည့် ဓါးကြီးမှာပြုတ်ကျသွားလေသည်။ ထိုအခါ ကျားဖြူသခင်ကြီးက ပင့်ကူဖြူသံဓါးကို ကောက်ယူလိုက်သည်။
္”မင်းကို ခဏငှားထားတာ ပြန်ပေးဖို့အချိန်ရောက်ပြီ ကွမ်ခမ်း”
“ရပါတယ်၊ ကျုပ်က အဲဒီဓါးမရှိလည်းဖြစ်ပါတယ်”
ကျားဖြူသခင်ကြီးမှာ လင်းဆွဲတစ်သောင်းသခင်ကြီးကို တစ်ချက်လှည့်ကြည့်ပြီးသည့်နောက် ငခမ်းထံသို့ ပြေးဝင်ကာ ဓါးနှင့်ခုတ်ပိုင်းတော့သည်။ သို့သော် ဓါးကိုင်လက်မှာ ကျားဖြူသခင်ကြီး မသန်သည့်လက်ဖြစ်သည်မို့ ခုတ်ချက်များက အားမပါလှပေ၊ ငခမ်းက ဓါးခုတ်ချက်များကို အနောက်သို့ရှောင်တိမ်းရင်းတဖြည်းဖြည်းဆုတ်သွားသည်။ နောက်ဆုံးတော့ ငခမ်းနောက်ကျောတွင် ဆမန်းကောင်များကိုးကွယ်သည့် နတ်ရုပ်တုကြီးနှင့် တိုက်မိသွားလေသည်။
“ဘာလို့ရှောင်နေတာလဲ ကွမ်ခမ်းရ၊ ငါ့ဓါးချက်ကို မင်းကြောက်တယ်မဟုတ်လား”
ကျားဖြူသခင်ကြီးက လေထဲတွင် တစ်ချက်ဝေ့ပျံတက်လိုက်ပြီးနောက် လက်ထဲမှဓါးဖြင့် ငခမ်းအား ဝှေ့ယမ်းကာ ခုတ်ထည့်လိုက်သည်။ ငခမ်းလည်း ကိုယ်လုံးကို မြေကြီးနှင့်ထိလုနီးပါး ငုံ့ရှောင်လိုက်သည့်အခါ ဓါးသွားမှာ နတ်ရုတ်တုကြီး၏ ခြေထောက်အား ခုတ်မိသွားကာ နတ်ရုပ်တုကြီး မှာခြေထောက်မှ ပြတ်ကျသွားကာ လဲပြိုကျတော့သည်။ ကျားဖြူသခင်ကြီးလည်း အနောက်သို့ခုန်ရှောင်လိုက်သည်။ ထိုအခါ ငခမ်းက ပြုတ်ကျလာသည့် လူသုံးရပ်စာမျှရှိသည့် ကျောက်ရုပ်တုကြီးကို လက်နှစ်ဖက်နှင့် ပင့်ကိုင်လိုက်ပြီးနောက် ကျားဖြူသခင်ကြီးအား ကျောက်ရုပ်တုနှင့် လွှဲရိုက်ချထည့်လိုက်သည်။ ကျားဖြူသခင်ကြီးလည်း ကျောက်ရုပ်တုကြီးအား ပင့်ကူဖြူသံဓါးဖြင့် လွှဲခုတ်လိုက်ပြန်ရာ ကျောက်ရုပ်တုကြီးမှာ အပိုင်းပိုင်းအစစပြတ်သွားလေတော့သည်။ ကျောက်မှုန်များနှင့် ဖုန်မှုန့်များက ပတ်ဝန်းကျင်တစ်ခွင်ကို ဖုံးလွှမ်းသွားလေတော့သည်။
ကျားဖြူသခင်ကြီးက သေသေချာချာစိုက်္ကြည့်နေလေသည်။ ထိုအချိန်တွင် ကျောက်တုံးကြီးတစ်ခု ကျားဖြူသခင်ကြီးထံသို့ ပြေးဝင်လာခဲ့သည်။ ကျားဖြူသခင်ကြီးက ကျောက်တုံးကြီးအား ဓါးဖြင့်ထိုးနှက်လိုက်သည့်အခါ ကျောက်တုံးအနေုာက်တွင်ကပ်ပြိးပါလာသည့် ငခမ်းက ကျားဖြူသခင်ကြီး၏ ရင်ဝကို လက်သီးနှင့်ဆောင့်ထိုးထည့်လိုက်တော့သည်။
“ဂါး”
ကျားဖြူသခင်ကြီးမှာ တစ်ချက်အော်ဟစ်ပြီးနောက် အနောက်ရှိကျောက်နံရံကြီးနှင့် သွားဆောင့်လေသည်။ ငခမ်းက ကျားဖြူသခင်ကြီးနှင့် ကပ်လိုက်လာပြီး ကျားဖြူသခင်ကြီး၏ မျက်နှာကိုလက်သီးဖြင့်အကြိမ်ပေါင်းများစွာ ထိုးခတ်လိုက်လေရာ ကျားဖြူသခင်ကြီး၏ မျက်နှာကြီးမှာ ပုံပျက်ဆင်းပျက်ဖြစ်သွားပြီး အနောက်မှ ကျောက်သားနံရံကြီးပင် အက်ကွဲနေတော့သည်။
(၂)
“အားလုံးတော်္လောက်ပြီ”
နတ်ကျောင်းဆောင်ကြီး၏ ဝင်ပေါက်မှ အသံများကိုကြားလိုက်ရသဖြင့် ငခမ်းကလှည့်ကြည့်လိုက်သည်။ ထိုအခါ ယောက်ျားကြီးငါးယောက်မှာ မတ်တပ်ရပ်နေကြလေသည်။ ထိုလူကြီးများမှာ ငခမ်းအားလက်ညှိုးထိုးလျှက်
“တော်တော့၊ မင်းတို့နဲ့ငါတို့နဲ့ ဘာမှရန်ငြိုးရန်စမရှိဘူး၊ မင်းလုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်ပါ”
ငခမ်းက မတ်တပ်ရပ်လိုက်လေသည်။ ထိုစဉ်မှာပင် သူ့စိတ်အတွင်းမှ ဖော်မပြနိုင်သည့် ဒေါသများဖြစ်ပေါ်လာခဲ့သည်။
“အကုန်သတ်ပစ်ငခမ်း . . . သူတို့ကိုအကုန်သတ်ပစ်”
စိတ်အတွင်းမှ နှိုးဆော်ခြင်းတစ်ခုကို ခံစားလိုက်မိသည်။ ထိုလူကြီးများမှာ ငခမ်းအနားသို့လျှောက်လာကြပြီး
“ငါပြောမယ်ကောင်လေး၊ မင်း ငါတို့ဆမန်းတွေနဲ့ တိုက်ခိုက်လို့ရော ဘာအကျိုးကျေးဇူးများရှိလို့လဲကွ”
ငခမ်းသေချာစဉ်းစားနေမိသည်။ တကယ်တမ်းလည်း အကျိုးကျေးဇူးတစ်စုံတစ်ရာမရှိပေ။
“မင်းဘာလိုချင်သလဲဆိုတာသာပြောကောင်လေး၊ ငါတို့ဖြည့်ဆည်းပေးမယ်”
ငခမ်းက လင်းဆွဲတစ်သောင်းသခင်ကြီးဘက်သို့လှည့်ကာ လက်ညှိုးထိုးလိုက်ပြီး
“ခင်ဗျားဖမ်းထားတဲ့ ကျုပ်တို့မိတ်ဆွေတွေကို ပြန်လိုချင်တယ်၊ ကျုပ်တို့ကိုလွှတ်ပေးရင် ကျုပ်ရပ်တန့်လိုက်မယ်”
ဆမန်းသခင်ကြီးများက လင်းဆွဲတစ်သောင်းသခင်ကြီးကို ကြည့်လိုက်ရင်း
“သူပြောတာ ဟုတ်္ရဲ့လားစိုင်းနော်”
“ဟုတ်ပါတယ်”
“ဒါဆိုရင်လည်း ပြန်လွှတ်ပေးလိုက်ပါ၊ စိုင်းနော် မင်းကြောင့် ငါတို့ဆမန်းတစ်မျိုးလုံး အန္တရာယ်အဖြစ်မခံနိုင်ဘူး”
“ကောင်းပြီ၊ ငါကတိပေးတယ်၊ ငါမင်းလူတွေကို ပြန်လွှတ်ပေးမယ်”
စိုင်းနော်က ကတိပေးလိုက်လေရာ ငခမ်းက ကျားဖြူသခင်ကြီးဘက်သို့လှည့်လိုက်ပြီး
“ပြီးတော့ လုံဒီဆိုတဲ့မိန်းကလေးနဲ့ သူ့ဆီက သိမ်းထားတဲ့ လှံသွားတစ်ခု၊ ရွှေကြာပွင့်တစ်ခုကို ပြန်ပြီးပေးပါ”
ကျားဖြူသခင်ကြီးကလည်း ခေါင်းညိတ်ပြသည်။ ငခမ်းလည်း ထိုတော့မှ ခေါင်းညိတ်လိုက်ပြီး တစ်ဖက်သို့လှည့်လိုက်စဉ် အိပ်ချင်သလိုဖြစ်လာကာ မူးဝေလျှက် မြေပြင်တွင်ဒူးထောက်လဲကျသွားသည်။ ခေါင်းမှာ အတော်လှုပ်ရမ်းနေသည်မို့ မြေပြင်တွင် ကုန်းကုန်းကြီးဖြစ်သွားလေသည်။ ဆမန်းသခင်ကြီးများက ငခမ်းအားအသေအချာကြည့်နေသည်။ ဘတိုးက ငခမ်းထံသို့ပြေးသွားပြီး ငခမ်းအားဆွဲလိုက်သည်။
“ငခမ်း၊ မင်းဘာဖြစ်တာလဲ”
“ခင်ဗျားကျုပ်ကိုမထိနဲ့”
ငခမ်းက ဘတိုးအားပြောဆိုပြီး ဆောင့်တွန်းလိုက်ရာ ဘတိုးမှာ လွင့်ထွက်သွားတော့သည်။ ငခမ်း၏ မျက်လုံးကြီးများမှာ ရဲရဲနီအောင် တောက်လောင်နေပြီး ငခမ်းက ကုန်းထလာသည်။
“သတ်မယ်၊ ခင်ဗျားတို့အားလုံးကိုသတ်မယ်”
ထိုအခါ ကျားဖြူသခင်ကြီးက ပင့်ကူဖြူသံဓါးဖြင့် ငခမ်းအားပြေးပိုင်းထည့်လိုက်သည်။ သို့သော်္ ငခမ်းက ညာဖက်လက်ဖျံဖြင့် ကာထည့်လိုက်ရာ ဓါးသွားမှာလက်နှင့်ထိတွေ့ပြီး မီးပွားများပင် လွင့်စင်ထွက်သွားလေသည်။ ကျားဖြူသခင်ကြီးလည်း အလွန်အံ့ဩနေသည်။
“ဘယ်လို၊ ဘယ်လိုဖြစ်ရတာလဲ၊ ဒီဓါးက မဖြတ်နိုင်တဲ့အရာ မရှိဘူးမဟုတ်လား”
ထိုအခါ ငခမ်းက အသံနက်ကြီးဖြင့်ရယ်မောလိုက်ကာ ကျားဖြူသခင်ကြီးအား လည်ပင်းမှနေ၍ ဆုပ်ကိုင်လိုက်လေသည်္။ ထို့နောက် ကျောက်သားကြမ်းပြင်နှင့် တဘုန်းဘုန်းရိုက်ခတ်ပြီးတော့မှ ကျောက်နံရံကြီးဆိသို့လွှင့်ပစ်ထည့်လိုက်သည်။ ကျားဖြူသခင်ကြီးမှာ ခွေကျသွားတော့သည်။
“ညီနောင်တို့ တိုက်ကြတော့”
ဆမန်းသခင်ကြီးများမှာ ပုံစံအမျိုးမျိုးပြောင်းလဲလိုက်ကာ တိုက်ခိုက်ကြလေသည်။ မြွေကြီးအဖြစ်ပြောင်းလဲသွားသည့် ဆမန်းကောင်ကြီးက ပါးပျဉ်းကြီးကိုထောင်လိုက်ပြီး ငခမ်းအားပေါက်ထည့်လိုက်လေသည်။ ငခမ်းက ထိုပေါက်ချက်ကို ရှောင်ရှားလိုက်ပြီးနောက် ထိုမြွေကြီး၏ လည်ကုပ်ကိုလက်နှင့်ဆုပ်ကိုင်လိုက်ကာ မြွေကိုယ်လုံးကို ခြေထောက်နှင့်နှင်းလျှက် မြွေခေါင်းကြီးကို ဆွဲချွတ်တော့သည်။ ငခမ်း၏ ခွန်အားကြောင့် မြွေခေါင်းကြီးမှာ ရှည်လျားထွက်လာတော့သည်။
ထိုအခါ ဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲထားသည့် ဆမန်းသခင်ကြီးက ငခမ်းအား ဝင်ရောက်တိုက်ခိုက်ပြန်သည်။ မြွေကြီးကို ဆွဲညှစ်နေသည့် ငခမ်းအား ခုန်အုပ်ထည့်လိုက်သည့်အခါ ငခမ်းက မြေပြင်ပေါ်သို့ကျဆင်းသွားသည်။ ထိုအခါ ဝံပုလွေကြီးမှာ ငခမ်းအပေါ်သို့ ခုန်တက်လိုက်ပြီး ငခမ်းလည်ပင်းကို ကိုက်ဖြတ်ရန်အတွက် ပါးစပ်ကြီးကိုဖြဲလိုက်ပြန်သည်။ ငခမ်းက ထိုဝံပုလွေကြီး၏ အပေါ်နှုတ်ခမ်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကိုင်လိုက်ပြီး၊ အောက်နှုတ်ခမ်းကိုလည်း နောက်လက်တစ်ဖက်ဖြင့် ဖမ်းချုပ်ကိုင်လိုက်ကာ ဝံပုလွေကြီး၏ ပါးစပ်ကို အားနှင့်ဆွဲဖြဲတော့သည်။
ဝံပုလွေကြီးမှာ နာကျင်စွာနှင့်ရုန်းကန်သော်လည်း ရုန်းမထွက်နိုင်ပေ၊ ငခမ်းဆွဲဖြဲသည်မို့ ပါးစပ်ကြီးမှာ တဖြည်းဖြည်းပြဲကားထွက်လာတော့သည်။
“အာ . . .ဝူး”
ခေတ္တမျှ တိုက်ခိုက်ပြီးချိန်တွင် ဆမန်းသခင်ကြီးများမှာ ငခမ်းလက်ချက်နှင့် ဖုတ်ဖုတ်ညက်ညက်ကြေနေပြီဖြစ်သည်။ သို့သော် ဆမန်းကောင်များမှာ သေလေ့မရှိသည်မို့ မကြာခင်မှာပင် အကောင်းပကတိအတိုင်းဖြစ်သွားတော့သည်။ ကျားဖြူသခင်ကြီးက မတ်တပ်ရပ်လိုက်ပြီး
“ညီနောင်တို့ ဒီကောင်က ကျုပ်တို့ဆမန်းကောင်တွေအတွက် အကြီးမားဆုံးရန်သူကြီးဖြစ်လာခဲ့ပြီ၊ ဆမန်းကောင်တွေ အန္တရာယ်ကျပြီဆိုရင် ကျုပ်တို့နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးကြရမယ်”
ဆမန်းသခင်ကြီးများအားလုံးက ခေါင်းညိတ်လိုက်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လျှက် မတ်တပ်ရပ်လိုက်ကြလေသည်။ ထို့နောက် သူတို့၏လက်များကိုဆန့်ထုတ်လိုက်ပြီး တစ်ဦးနှင့်တစ်ဦးလက်ဖဝါးချင်းထိထားလိုက်ကြသည်။ ဆမန်းသခင်ကြီး ခုနှစ်ယောက်မှာ ထိုနည်းဖြင့် စုစည်းလိုက်ကြသည်။ ငခမ်းကတော့ ပါးစပ်ကြီးဖြဲကာ အသံနက်ကြီးနှင့်ရယ်မောနေသည်။
“စုကြ . . . စုကြ၊ ငါကလည်း မင်းတို့အားလုံးစုတဲ့အချိန်ကိုစောင့်နေတာကွ”
ဆမန်းသခင်ကြီးများ၏ ပါးစပ်အတွင်းမှ အနီရောင်အလုံးများအသီးသီးထွက်ပေါ်လာကြပြီး လေထဲတွင်စုပေါင်းသွားလေသည်။ ထိုအခါ လင်းဆွဲတစ်သောင်းသခင်ကြီးကလည်း သူ့ခါးတွင်ချိတ်ထားသည့် အနီရောင်ဖန်ဘူးကလေးအတွင်းမျ အလုံးကလေးနှစ်လုံးကို လေပေါ်သို့ပစ်တင်လိုက်သည့်အခါ ထိုအလုံးကလေးများမှာလည်း အတူတကွစုသွားကြလေသည်။ ဘတိုးက အသေအချာကြည့်လျှက်
“ဟော၊ အဲဒါ ဆမန်းဓါတ်လုံးတွေပဲ၊ ဆမန်းသခင်ကြီးသေရင် ဓါတ်လုံးကျန်ခဲ့တာပဲ၊ အခု ဆမန်းဓါတ်လုံးကိုးလုံးစုစည်းသွားပြီဆိုတော့ မကောင်းတာတစ်ခုခုတော့ဖြစ်တော့မယ်”
ဆမန်းဓါတ်လုံးများ စုပေါင်းပြီးသည့်အခါ ကြီးမားလှသည့်အနီရောင်စွမ်းအင်လုံးကြီးတစ်ခုဖြစ်ပေါ်သွားပြီး ဆမန်းသခင်ကြီးများအပေါ်သို့ ထိုးစိုက်ကျသွားတော့သည်။ ဆမန်းသခင်ကြီးများ၏ ကိုယ်ခန္ဓာများမှာလည်း အရည်ပျော်သွားသကဲ့သို့ဖြစ်ကာ ဓါတ်လုံးကြီးအတွင်းစီးဝင်ကုန်ကြသည်။ ထို့နောက် မိန်းမသားတစ်ဦးပုံစံအဖြစ်ပြောင်းလဲသွားလေသည်။
“ဆမန်းသခင်မပဲ၊ ဆမန်းကောင်တွေက ဆမန်းသခင်မကို ကိုးပိုင်းပိုင်းပြီး စားသောက်ခဲ့တာပဲ”
ထိုမိန်းမသားပုံစံမှာ တဖြည်းဖြည်းကြီးမားသွားကာ ယခင်က ပြိုလဲသည့် နတ်ရုပ်ကြီးတမျှဖြစ်သွားလေသည်။ ငခမ်းက ထိုဆမန်းသခင်မကို မော့ကြည့်နေရသည်။ ဆမန်းသခင်၏ ချိုင်းကြားမှာ လက်များကတိုးထွက်လာပြီး လက်ခြောက်ချောင်းဖြစ်သွားပြန်သည်။ ထိုလက်ခြောက်ချောင်းတွင်လည်း လက်နက်မျိုးစုံကို ကိုင်ဆွဲထားသည်။
“မင်း ငါတို့ကိုနှောင့်ယှက်တယ်၊ ဒီတော့ မင်းသေရမယ်”
ဆမန်းသခင်မက လက်အတွင်းမှ ဓါးကြီးတစ်ချောင်းဖြင့် ငခမ်းအားခုတ်ထည့်လိုက်လေသည်။ သို့သော်လည်း ငခမ်းက ထိုဓါးကြီးကို ညာဘက်လက်ဖြင့်ပုတ်ထုတ်လိုက်ပြီးနောက် ဆမန်းသခင်မဆီသို့ ပြေးဝင်ကာ တိုက်ခိုက်တော့သည်။ ငခမ်း၏ ညာဖက်လက်မှာ သံချပ်ကာအနက်များ ဝတ်ဆင်ထားသည့် လက်ကြီးဖြစ်သွားသည်။
(၃)
“ကျုပ်၊ ကျုပ်ဘယ်ရောက်နေတာလဲ”
ပတ်ဝန်းကျင်တစ်ခွင်တွင် မီးလောင်နေသော မြေကြီးနှင့် မီးတောက်မီးလျှံများကိုသာ မြင်တွေ့ရသည်။
“မင်းဘာမှမပူနဲ့၊ အရာအားလုံးကို တမန်တော်္က ဆောင်ရွက်သွားလိမ့်မယ်”
“တမန်တော်ဆိုတော့ . . .”
ငခမ်းက သူယခင်က အိပ်မက်မက်ဖူးသည့်အဖြစ်ကို သတိရသွားသည်။ အာလစ်ခန်း၏ တမန်တော်များက ငခမ်း၏ လက်အတွင်းသို့ ခုန်ပေါက်ဝင်ရောက်ခဲ့ဖူးကြသည်မဟုတ်လော။
“ဒါဆို အဲဒါတွေက အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့”
“မဟုတ်ဘူးငခမ်း၊ အဲဒါ တကယ်ဖြစ်ခဲ့တာပဲ”
“ဒါဆိုရင်လည်း ဆမန်းကောင်တွေက ကျုပ်နဲ့ရန်ငြိုးမှမရှိဘဲနဲ့၊ ဘာလို့ သူတို့ကိုတိုက်ခိုက်ရမှာလဲ”
ကောင်းကင်တစ်ခွင်တွင် ရယ်မောသံကြီးထွက်ပေါ်လာသည်။
“ဆမန်းသခင်မဆိုတာ နတ်ဘုရားတွေက ထားရှိခဲ့တဲ့အစောင့်အရှောက်ပဲ၊ သူက ငါ့ရဲ့ဆံချည်မျှင်တစ်ချောင်းကို စောင့်ရှောက်နေရတဲ့သူပဲ၊ မထင်မှတ်ဘဲနဲ့ ဆမန်းသခင်မက လူတွေနဲ့သွားပြီး ပတ်သက်မိသွားတယ်၊ လောဘကြီးတဲ့လူတွေက သူ့ကိုသတ်စားလိုက်တာကို ခံခဲ့ရတာပဲ”
“အဲဒါ ဆမန်းညီနောင်တွေမဟုတ်လား”
“သေချာတာပေါ့၊ ဒီတော့ ငါက ဆမန်းသခင်မကို အနိုင်ယူရမယ်၊ ဆမန်းသခင်မရဲ့ နတ်ကျောင်းဆောင်ကြီးရှိတဲ့ ဟောဒီနေရာမှာ ငါ့ရဲ့တတိယမြောက်အစိတ်အပိုင်း ဆံချည်မျှင်ကို သိမ်းဆည်းထားတယ်”
ထိုတော့မှ ငခမ်းအလွန်အံ့ဩသွားသည်။
“ဒါကြောင့်ခင်ဗျားပြောတာ၊ ခင်ဗျားအကုန်လုံးစီစဉ်ထားခဲ့တာလို့ ပြောခဲ့တာမဟုတ်လား”
“ဟား၊ ဟား၊ ဟုတ်တာပေါ့ငခမ်းရာ၊ မပူပါနဲ့ အခုဆိုရင် အစိတ်အပိုင်းသုံးခုကို ငါလက်ဝယ်ရရှိခဲ့ပြီ၊ ငါတို့လိုအပ်တာ နောက်ထပ်လေးခုပဲကျန်တော့တယ်၊ အဲဒါတွေရရင် ငါပြန်လည်နိုးထလာမယ်ငခမ်း၊ ငါဒီလောကကြီးကို အမှောင်ထုတွေကြားမှာ ပြန်ပြီးအုပ်စိုးနိုင်မယ်”
ဆမန်းသခင်မမှာ ငခမ်းနှင့်တိုက်ခိုက်ရင်း အခြေအနေမလှတော့ပေ၊ တစ်ချီတွင်တော့ ငခမ်း၏ ညာဖက်လက်သီးချက်ကို ခံစားလိုက်ရပြီးနောက် လဲကျသွားတော့သည်။
“မင်းလူမဟုတ်ဘူး၊ မင်းက လူတစ်ယောက်မဟုတ်ဘူး”
ဆမန်းသခင်မက ရေရွတ်လိုက်လေသည်။ ထိုအခါ ငခမ်းက လဲကျသွားသည့် ဆမန်းသခင်မ၏ ရင်ဘတ်ပေါ်သို့ခုန်တက်လိုက်ပြီးနောက် တစ်ချက်ပြုံးလိုက်ကာ
“မတွေ့တာတောင်ကြာပေါ့၊ နစ်ဆမန်းရဲ့”
ထိုအခါ ဆမန်းသခင်မမှာ မျက်လုံးပြူးသွားသည်။
“ငါ့ကို၊ နစ်ဆမန်းလို့ ခေါ်တယ်ဆိုတော့၊ မင်း၊ မင်းက . . . .”
“ဟား၊ ဟား၊ ဟား ဟုတ်တယ်၊ ငါက မင်းရဲ့အကို အာလစ်ခန်းပဲ”
“မဖြစ်နိုင်ဘူး၊ အာလစ်ခန်းက ငရဲမှာထာဝရပိတ်မိသွားပြီမဟုတ်လား”
“မပိတ်မိလို့ပဲ အခုမင်းဆီကိုပြန်လာတာပေါ့၊ ငါ့ရဲ့ပစ္စည်းကို ပြန်လာတောင်းတာပေါ့”
ငခမ်း၏ ညာဘက်လက်မှာ လက်သည်းချွန်ကြီးများအဖြစ်သို့ပြောင်းလဲသွားပြီး ဆမန်းသခင်မ၏ ရင်ဝသို့ ထိုးစိုက်ချလိုက်လေသည်။ ထိုအခါ ဆမန်းသခင်မမှာ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာလေသည်။ ငခမ်းက ရင်ဘတ်အတွင်းမှ ဖန်လုံးကဲ့သို့ အလုံးတစ်လုံးကိုထုတ်ယူလိုက်လေသည်။ ထိုအလုံးကလေးအထဲတွင်တော့ ရွှေရောင်ဆံချည်မျှင်လေး တစ်မျှင်ပါဝင်နေလေသည်။ ငခမ်းက ထိုဆံချည်မျှင်ကလေးကို အသေအချာကြည့်ရင်း
“ကဲ၊ လာပေတော့၊ ငါ့ဆီကိုပြန်လာခဲ့ပေတော့”
ထိုဖန်လုံးကလေးမှာ အပိုင်းပိုင်းအစစကွဲထွက်သွားပြီးနောက် အတွင်းမှဆံချည်မျှင်ကလေးမှာ ငခမ်းခေါင်းပေါ်သို့ ထိုးစိုက်ကျသွားလေသည်။ တစ်ချိန်တည်းမှာပင် ငခမ်း၏မျက်လုံးများတွင် ရွှေရောင်အလင်းရောင်များတောက်ပလာပြီး ငခမ်းဆံပင်များမှာလည်း လေပေါ်တွင်လူးလွန့်နေတော့သည်။ ဆမန်းသခင်မက အခြေအနေမဟန်မှန်းသိပြီမို့ တောင်ပေါ်မှခုန်ချကာထွက်ပြေးလေသည်။ ငခမ်းက ဆမန်းသခင်မကိုကြည့်ပြီး
“မင်းထွက်ပြေးလို့လွှတ်မှာတဲ့လား”
ထို့နောက်ပျံသန်းကာ ခုန်ဆင်းလိုက်တော့သည်။ ဆမန်းသခင်မ၏ ဆံနွယ်များကို လက်ဖြင့်ဆောင့်ဆွဲလိုက်သည့်အတွက် ဆမန်းသခင်မရပ်တန့်သွားသည်။
“တောင်း၊ တောင်းပန်ပါတယ်အကိုတော်္၊ ငါ့ကိုချမ်းသာပေးပါ”
ငခမ်းက ရယ်မောလိုက်သည်။
“ဘာတဲ့ ချမ်းသာပေးရမယ်ဟုတ်လား၊ မင်းငါ့ကို လုပ်သွားတုန်းကရော ငါ့ကိုချမ်းသာပေးခဲ့လို့လား”
ဆမန်းသခင်မနှုတ်ဆိတ်သွားသည်။
“မင်းက ကဖောတို့၊ ကဲရိသတို့နဲ့ပူးပေါင်းပြီး ငါ့ကိုပုန်ကန်တယ်၊ ငါ့ကို ကောက်ကျစ်ပြီးတော့ သစ္စာဖောက်ခဲ့တယ်၊ တကယ်တော့ အဲဒီစစ်ပွဲကြီးမှာ ငါရှုံးခဲ့ရတယ်ဆိုတာ မင်းကြောင့်လည်းအများကြီးပါတယ် နစ်ဆမန်း”
ဆမန်းသခင်မမှာ အလွန်တုန်လှုပ်ကြောက်ရွံ့နေလျှက်
“အဲဒါကလည်း၊ ညီမက ကဲရိသရဲ့လှည့်ကွက်ထဲကို ရောက်သွားမိလို့ပါ၊ ညီမကိုခွင့်လွှတ်ပါ၊ ညီမ အကို့ကိုသေပါစေဆိုပြီး လုပ်ခဲ့တာမဟုတ်ပါဘူး”
“တော်စမ်းနစ်ဆမန်း၊ နင်တို့ ငါ့ကို ငရဲပြည်ကိုမပို့ခင်တုန်းက ငါနင့်ကိုတောင်းပန်ခဲ့တယ်မဟုတ်လား၊ အဲဒီအချိန်ုတုန်းက နင်ဘာပြောခဲ့သလဲ”
ဆမန်းသခင်မ နှုတ်ခမ်းများက တုန်ယင်နေရင်း
“မကောင်းတဲ့လူက မကောင်းတဲ့လမ်းကိုသွားရတယ်”
“ဟား၊ ဟား ဟုတ်တယ်၊ အခု နင်ကလည်း ငါ့အတွက်မကောင်းတဲ့လူပဲ၊ ဒီတော့ နင်လည်း မကောင်းတဲ့လမ်းကို သွားရလိမ့်မပေါ့”
ငခမ်းက ပါးစပ်ကိုပြဲနေအောင်ဟလိုက်သည့်အခါ ဆမန်းသခင်မမျက်လုံးနှင့် နှာခေါင်းပေါက်များအတွင်းမှ အနီရောင်အခိုးအငွေ့များ တိုးထွက်လာပြီး ငခမ်းဆီသို့စီးဝင်လေသည်။ ဆမန်းသခင်မမှာ အော်ဟစ်နေလျှက် တဖြေးဖြေးငြိမ်သက်သွားတော့သည်။ ထို့နောက် မြေမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။ငခမ်းက ထိုတော့မှ မတ်တပ်ရပ်လိုက်ပြီး
“ငါပျော့ညံ့ခဲ့တယ်ညီမ၊ ငါက ညီအကိုမောင်နှမဆိုတဲ့ မျက်နှာကိုထောက်လိုက်လို့ ငါရှုံးနိမ့်ခဲ့တယ်၊ ဒီတစ်ခါတော့ ငါအရှုံးနိမ့်မခံတော့ဘူး၊ ငါဘယ်သူ့မျက်နှာကိုမှ မထောက်တော့ဘူး”
ငခမ်းက ကျွေးကြော်လိုက်ပြီးနောက် လဲကျသွားကာ မေ့မြောသွားတော့သည်။
(၄)
ငခမ်းလန့်နိုးလာသည့်အခါ မျက်စိတစ်ဆုံးကျယ်ပြန်သည့် မြက်ခင်းပြင်ကြီးကို မြင်တွေ့နေရပြန်သည်။ ငခမ်းက မတ်တပ်ရပ်လိုက်ပြီး
“ငါ အိပ်မက်ထဲရောက်နေပြန်တာလား”
“မဟုတ်ဘူးငခမ်း”
အနောက်သို့လှည့်ကြည့်လိုက်ရာ ဘတိုးကိုမြင်တွေ့လိုက်ရသည်။ အချိန်က မိုးသောက်တော့မည်ဖြစ်သည်။ နေမထွက်သေးသော်လည်း အလင်းတန်းများက ထွက်ပေါ်နေပြီဖြစ်ကာ ပတ်ဝန်းကျင်တစ်ခွင်တွင် မှိန်ဖျော့ဖျော့အလင်းရောင်များနှင့် လင်းလက်နေပြီဖြစ်သည်။
“ကိုဘတိုး”
“ငါမင်းကိုနှုတ်ဆက်မလို့ပါ”
“ကိုဘတိုး ဘယ်ကိုသွားတော့မလို့လဲ”
“ဆမန်းသခင်မသေတယ်၊ ဆမန်းသခင်ကြီးတွေ သေတယ်ဆိုတော့ ငါတို့လည်းသေရတော့မှာပေါ့ကွာ”
ငခမ်းက ခေါင်းခါလိုက်သည်။
“မင်းမှတ်မိသေးလားငခမ်း၊ ငါတစ်ခါပြောဖူးူတယ်၊ ဆမန်းကောင်တွေက မျိုးမပွားနိုင်ဘူးလေ၊ သူတို့ရဲ့သွေးကိုသောက်ပြီးတော့ ဆမန်းကောင်ဖြစ်ကြရတာမဟုတ်လား”
ငခမ်းခေါင်းညိတ်လိုက်သည်။
“အေး၊ အခု ဆမန်းသခင်ကြီးတွေသေဆုံးသွားခဲ့ပြီဆိုတော့ သူတို့ရဲ့သွေးစက်တွေကလည်း ဆက်ပြီးရှင်သန်မှာမဟုတ်တော့ဘူး၊ ဒီတော့ နေထွက်လာတာနဲ့ ဆမန်းကောင်တွေအကုန်လုံး ပျက်စီးသွားလိမ့်မယ်၊ သစ်ပင်ကြီးကို ပင်စည်ကနေခုတ်လှဲလိုက်ရင် သစ်ပင်အပေါ်က အကိုင်းအခက်တွေ အသက်မရှင်နိုင်တော့သလိုပေါ့ကွာ”
“ဘာပဲပြောပြောကိုဘတိုးရာ၊ ကျုပ်ကတော့ ခင်ဗျားကိုမသေစေချင်ဘူး”
“လူတိုင်းတစ်နေ့သေရမှာပဲငခမ်း၊ ဘယ်လိုနည်းနဲ့ သေသွားတယ်ဆိုတာပဲ ကွာသွားတာ၊ အခုတော့ ငါစိတ်အေးသွားပြီ၊ ဆမန်းကောင်တွေ မျိုးတုန်းသွားပြီဆိုရင် သူတို့ကြောင့်ခံစားခဲ့ရတဲ့ ငါတို့လိုလူတွေ ဆက်ရှိနိုင်မှာမဟုတ်တော့ဘူး၊ သူတို့ကြောင့် ဖြစ်လာတဲ့ အရှုပ်အထွေးတွေအကုန်လုံး ချုပ်ငြိမ်းသွားခဲ့ပြီ ငခမ်း”
ထိုစဉ် အရှေ့ဘက်တောင်တန်းများအပေါ်မှ နံနက်ခင်းနေရောင်ခြည်များက ဖြာကျလာလေသည်။ ဘတိုးက လက်နှစ်ဖက်ကိုဆန့်တန်းရင်း နေရောင်ခြည်များကို ခံစားနေလေသည်။
“နွေးလိုက်တာ၊ မနက်ခင်းနေရောင်ခြည်က နွေးလိုက်တာကွာ”
ထို့နောက် ဘတိုးတစ်ကိုယ်လုံး အခိုးအငွေ့အဖြစ်သို့ပျောက်ကွယ်သွားပြီး အဝတ်အစားများသာ မြေပေါ်တွင် ကျကျန်နေခဲ့တော့သည်။ ငခမ်းလည်း ဘတိုး၏ လည်ပင်းတွင် ဆွဲထားလေ့ရှိသည့် ကျားစွယ်တစ်ခုကိုယူဆောင်လိုက်ကာ သူ့လည်ပင်းတွင်ဆွဲထားလိုက်တော့သည်။
“ခင်ဗျားမရှိတော့ပေမယ့်၊ ခင်ဗျားကိုကျုပ် အမှတ်ရနေမှာပါ ကိုဘတိုး”
ငခမ်းက ကျယ်ပြောလှသည့် ကွင်းပြင်ကြီးကို ဖြတ်သန်းလျှောက်သွားတော့သည်။ ထိုကွင်းပြင်ကြီးအတွင်းမှ ထိုးထွက်နေသည့် ကျောက်တောင်ကြီးနှင့် ဆမန်းသခင်မနတ်ကျောင်းတော်ကြီးမှာလည်း နေ့ချင်းညချင်းပင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။
ညောင်ရွှေမြို့အထွက် ဈေးအနီးတွင် လူတစ်စုမတ်တပ်ရပ်နေကြသည်။ ထိုလူများထံသို့ ငခမ်းကလျှောက်လာခဲ့လေသည်။ ထိုလူများက ငခမ်းအားကြည့်ရင်း ပြုံးကာကြိုဆိုကြသည်။
“စည်သူ၊ ပျံလွှား၊ မုန်တိုင်း”
ငခမ်းက ရေရွတ်လိုက်ပြီး ထိုလူများအနီးသို့ တိုးကပ်သွားသည်။
“ခင်ဗျားတို့ဘာဆက်လုပ်ကြမလဲ”
“ငါတို့လား၊ ထုံးစံအတိုင်း လမ်းခွဲကြတာပေါ့ကွာ”
စည်သူက ငခမ်းအားတစ်ချက်ကြည့်ပြီး
“ငါကတော့ ယိုးဒယားဖက်ကိုဆင်းမယ်”
မုန်တိုင်းကလည်း
“ငါလည်း လွိုင်နန်းဖဆီကို ပြန်တော့မယ်ဟေ့”
ပျံလွှားတစ်ယောက်ကတော့ နှုတ်ဆိတ်နေသည်။
“ကျုပ်ကတော့ ဒီဒေသတစ်ခွင်ကို လှည့်လည်ကြည့်ရတာပေါ့ဗျာ”
ငခမ်းလည်း ခေါင်းညိတ်လိုက်သည်။
“ကျုပ် . . . ကျုပ်ကတော့ . . .”
ငခမ်းဘာပြောရမှန်းမသိပေ၊
“ကံကြမ္မာစေရာအတိုင်းပေါ့ကွာ”
စည်သူက တစ်ခွန်းပြောဆိုပြီး ငခမ်းပုခုံးကိုပုတ်ကာ လှည့်ထွက်သွားတော့သည်။ မကြာမီ မုန်တိုင်းလည်း မြင်းတစ်ကောင်ပေါ်သို့ လွှားခနဲခုန်တက်လိုက်ပြီး ဆက်လက်စီးနင်းသွားလေသည်။ ငခမ်းက ပျံလွှားကိုနှုတ်ဆက်ရန်လှည့်အကြည့်တွင် ပျံလွှားဘယ်ရောက်သွားပြီမှန်းမသိတော့ပေ၊ နောက်ဆုံးတော့ ငခမ်းလည်း သက်ပြင်းချလိုက်ပြီး ဆက်လက်ထွက်ခွာလာခဲ့သည်။
“ဟေ့လူကြီး”
ထိုအခါ မြင်းစီးထားသည့် မိန်းကလေးတစ်ဦးကိုတွေ့ရသည်။ ထိုမိန်းကလေးက လုံဒီပင်ဖြစ်သည်။ လုံဒီ၏ ခါးကြားတွင် လှံသွားကိုထိုးထားကာ ခါးတွင်လည်း ရွှေကြာပွင့်လက်နက်ကို ပတ်ထားသေးသည်။
“မင်းဘယ်သွားမှာလဲ”
“ကျွန်မကတော့ ဘိုးဘွားတွေရဲ့ သမိုင်းပေးတာဝန်အတိုင်း၊ တရုတ်ပြည်မကြီးကိုပြန်မယ်၊ တိဘက်ကိုသွားပြီး မသေနိုင်တဲ့တပ်ဖွဲ့တွေကို ပြန်လည်ခေါ်ထုတ်မယ်၊ ပြီးတော့ ချင်းမင်းဆက်ကို တော်လှန်မယ်”
ငခမ်းက ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး
“ကောင်းပြီလေ၊ မင်းရဲ့အစီအစဉ်အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”
လုံဒီက မြင်းကိုထွက်သွားရန်အတွက် ခြေဖြင့်ကန်လိုက်သည်။ ထိုစဉ်မှာပင်ငခမ်းက မြင်းကုန်းနှီးကိုလက်တစ်ဖက်ဖြင့်ကိုင်ဆွဲလိုက်ပြီး မြင်းကိုယ်လုံးပေါ်သို့ လွှားခနဲတက်လိုက်ကာ လုံဒီ၏အနောက်တွင် ထိုင်ချလိုက်လေရာ လုံဒီပင် မျက်လုံးပြူးသွားရသည်။
“ရှင်၊ ရှင် ကျွန်မနဲ့လိုက်မလို့လား”
ငခမ်းလည်း ဘာမှမပြောတော့၊ ထိုအဖြစ်က သူလုပ်ကိုင်ခြင်းမဟုတ်ဘဲ၊ သူ့အလိုလိုဖြစ်ပျက်သွားခြင်းဖြစ်သည်။ ငခမ်းလည်း ဘာမှမပြောနိုင်တော့ပေ။
“ဘာလို့လဲ”
ငခမ်းက တိုးတိုးကလေး ကိုယ့်ကိုယ်ကိုယ်ပြန်မေးလိုက်သည်။ ထိုအခါ သူ၏ နှလုံးအိမ်အတွင်းမှ စကားသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
“မင်းသူနဲ့လိုက်သွားရမယ်ငခမ်း၊ ကျန်တဲ့အစိတ်အပိုင်းတွေကို မင်းသူနဲ့အတူတူသွားရှာရမယ်”
“သူက တိဘက်ကိုသွားမှာနော်”
“တိဘက်ဆိုတာ အာလစ်ခန်းရဲ့နှလုံးမြေပဲ၊ သူသွားမယ့်နေရာဆိုတာ အာလစ်ခန်းရဲ့ သချိုင်းဂူပဲ”
ငခမ်းတစ်ယောက် ဘာမှဆက်မပြောတော့ဘဲ လုံဒီ၏ပုခုံးကိုကျော်ကာဖက်လိုက်ပြီး မြင်းဇက်ကျိုးကိုလှမ်းဆွဲလိုက်သည်။
“သွားမှာဖြင့်ရင်လည်း မြန်မြန်သွားစမ်းပါကွာ”
ငခမ်းက မြင်းနက်ကြီးကို ခြေထောက်ဖြင့် ကန်လိုက်သည့်အခါ မြင်းကြီးမှာ အရှိန်အဟုန်ဖြင့်အပြေးထွက်လာခဲ့သည်။ ညောင်ရွှေဆမန်းစံအိမ်တော်တွင် လူတစ်ဦးတစ်ယောက်မျှမရှိတော့ပေ၊ ဆမန်းကောင်များအားလုံးမှာ ဘတိုးသေဆုံးသကဲ့သို့ သေဆုံးသွားကြပြီဖြစ်သည်။ သို့သော် ထိုဆန်းအိမ်တော်အတွင်း လူတစ်ဦးက မတ်တပ်ရပ်နေလေသည်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူမှာ မောက်မောက်ကြီးဖြစ်သည်။ ထိုစဉ် မောက်မောက်ကြီး၏ နံဘေးသို့ ကလေးနှစ်ဦးက ပြေးလာကြလေသည်။
“ဟား၊ ဟား ဆမန်းကောင်တွေအဆုံးသတ်သွားပေမယ့်၊ ငါဖန်တီးထားတဲ့ ဆမန်းကောင်ကလေးကတော့ ရှင်သန်နေသေးတယ်”
ဆမန်းကောင်၏ သွေးများကိုသောက်သုံးထားခြင်းမဟုတ်ဘဲ မျိုးပွားယူထားသည်မို့ ထိုခေါင်းနှစ်လုံးနှင့် ကျားကလေးမှာ အသက်ရှင်သန်ကျန်ရစ်နေခဲ့သည်လားတော့မပြောတတ်ပေ။
အတွဲ(၃) ပြီးပါပြီ။