အပိုင်း (၃)
“မင်းလားကွ ကဖောဆိုတာ”
ကဖောက ကျားလူမျိုးခေါင်းဆောင်မေးသည့်စကားကို ခပ်ဆတ်ဆတ်ဖြေရင်း ခေါင်ရည်ကို တစ်ကျိုက်မော့သောက်လိုက်သည်။
“ဘယ်မှာလဲ မင်းတို့ရွာကလူတွေ”
“မရှိတော့ဘူး ကျွန်မတစ်ယောက်ထဲပဲ ကျန်တယ်”
“ဟား . . .ဟား . . . မင်းတစ်ယောက်တည်းနဲ့ တို့တစ်တပ်လုံးကို ခုခံနိုင်မယ်ထင်လို့လား”
“လာပါ ၊သိချင်ရင် စမ်းကြည့်ပေါ့”
“ဟား . . ဟား၊ ကဲ ငါ့စစ်သည်တွေ တိုက်ကြတော့၊ ဒီကောင်မလေးကို အသေရရ အရှင်ရရ ငါလိုချင်တယ်”
လူမျိုးစုခေါင်းဆောင် အမိန့်ပေးလိုက်သည်နှင့် ကျားလူမျိုးများက ကဖောဆီသို့ ညာသံပေးပြီး ပြေးတက်လာကြတော့သည်။
ကဖောက အရှေ့ဆုံးမှ ပြေးဝင်လာသူကျားလူမျိုးစစ်သည်နှစ်ဦးအား အနားတွင်ထိုးစိုက်ထားသည့် လှံတံကိုကောက်ကာ လှံတံဖြင့်ရိုက်ထည့်လိုက်ပြီးနောက် အနောက်သို့ ခုန်ပြီးဆုတ်လိုက်လေသည်။ ထိုစဉ် ကျန်သည့် ကျားလူမျိုးစစ်သည်များထံသို့ ကျောက်တုံးများက ပျံသန်းကာ ဝင်လာလေသည်။ ကျောက်တုံးများမှာ ရွီးခနဲ ရွီးခနဲနှင့် ပျံသန်းလာကြပြီး ကျားလူမျိုးများကို ထိမှန်ကုန်ကာ ကျားလူမျိုးစစ်သည်များ လဲပြိုကုန်လေသည်။ ကဖောလည်း အံ့အားသင့်သွားပြီး အနောက်သို့လှည့်ကြည့်လိုက်သည်။ ထိုအခါ တစ်ဖက် တောင်ကြောပေါ်မှ လရှီးမျိုးနွယ်စုများက ညာသံပေးပြီး ပြေးဆင်းလာကြသည်။ ကျောက်တုံးများနှင့်ပစ်ပေါက်ပြီးနောက် လက်နက်များကိုကိုင်စွဲကာ တစ်ဟုန်ထိုး ပြေးဆင်းလာကြလေသည်။ လငေါရှီးက လရှီးလူမျိုးစုများကို ရှေ့ဆုံးမှ ဦးဆောင်၍ ဆင်းလာလေသည်။
“သမီး . . ကဖော ပြန်ဆုတ် ရွာထဲကို ပြန်ဝင်”
ကဖောလည်း ဖခင်ဖြစ်သူ၏အမိန့်သံကြားသည်နှင့် ပြန်လှည့်ပြေးကာ ရွာအတွင်းသို့ ပြန်ဝင်ပြေးတော့သည်။ ကျားလူမျိုးများသည်လည်း ကဖောအနောက်သို့ ပြေးလိုက်သွားကြသည်။ အလွန်ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခုမှာ ရွာပြင်တွင် ဖြစ်ပျက်နေပြီဖြစ်သည်။ ကျားလူမျိုးများနှင့် လရှီးမျိုးနွယ်စုများမှာ အပြင်းအထန်တိုက်ခိုက်နေကြတော့သည်။
ကျားလူမျိုးခေါင်းဆောင်နှင့် ဘန်ဝါးမှာလည်း ကဖောအနောက်သို့ ပြေးလိုက်ကြတော့သည်။ ကဖောက ခြေကုန်ပြေးရင်း ရွာလယ်ကွင်းပြင်ကြီးဆီသို့ ရောက်လာလေသည်။ သူ့အနောက်မှ လိုက်လာသည့် ကျားလူမျိုးများကို လှံဖြင့်ထိုးနှက်ကာ တိုက်ခိုက်နေတော့သည်။
“ကဖော . . . နင့်ကိုငါအထင်သေးခဲ့မိတယ်၊ ငါ စီးချင်းတိုက်ပွဲမှာ နင်ကိုရှုံးနိမ့်ခဲ့ပေမယ့် ဒီစစ်ပွဲမှာတော့ နင့်ကို အနိုင်ယူပြမယ်”
ဘန်ဝါးက ကြွေးကျော်လိုက်ပြီးနောက် ကဖောထံသို့ပြေးဝင်လာလေသည်။ ဘန်ဝါးမှာ ကျောက်သားဖြင့်ပြုလုပ်ထားသည့် တင်းပုတ်ကြီးကို ကိုင်ဆွဲထားပြီးနောက် ကဖောကို တအားလွှဲရိုက်တော့သည်။ ကဖောကလည်း ထိုကျောက်တင်းပုတ်ရိုက်ချက်ကို မြေတွင် လှိမ့်ပြီးရှောင်လိုက်လေရာ အနောက်ရှိ သစ်သားတိုင်ကြီးတစ်တိုင်အား ရိုက်မိပြီး တိုင်ကြီးမှာ အစိတ်အပိုင်းများအဖြစ်ကွဲကြေလျှက် လဲပြိုသွားတော့သည်။
“ပြင်းလိုက်တဲ့ တင်းပုတ်ရိုက်ချက် ငါ မထိအောင်ရှောင်မှဖြစ်မယ်”
ဘန်ဝါး၏ ပြင်းထန်သောရိုက်ချက်များကို ကဖောက အထိမခံဘဲ ရှောင်တိမ်းနေရသည်။ တစ်ခါတွင်တော့ ကဖောက ဘန်ဝါးရိုက်ချက်ကိုမေ့ပြီး လှံရိုးဖြင့်ကာလိုက်မိရာတွင် လှံရိုးမှာ အစိတ်စိတ်အမွှာမွှာကွဲကြေပြီးနောက် ကဖောလက်ကိုလည်း တင်းပုတ်နှင့်် ထိမိသွားတော့သည်။ လက်ကိုတိုက်ရိုက်မထိသော်လည်း လှံရိုးကိုထိသည့်အားမှာ များသဖြင့် ကဖောလက်တစ်ဖက် အလွန်နာကျင်သွားတော့သည်။ ထိုစဉ် ဘန်ဝါးက ကဖောအား တင်းပုတ်ကြီးကို ရွယ်ကာပြေးဝင်လာတော့သည်။ သို့သော် ဘန်ဝါးထံသို့ လှံတံတစ်ချောင်းက ပျံသန်းကာဝင်ရောက်လာသဖြင့် ဘန်ဝါးလည်း အလျှင်အမြန်အနောက်သို့ခုန်ဆုတ်ပြီး သူ့ထံပျံဝင်လာသည့် လှံချောင်းကို ရှောင်လိုက်ရတော့သည်။
“ဟင် အကိုတို့”
ကဖော အံံံ့သြစွာကြည့်လိုက်မိသည့်အချိန် သူ၏အကို ငါးယောက်က ဘန်ဝါးကို ဝိုင်းလိုက်ကြတော့သည်။
“ကဖော နင်ငါတို့တဲဆီပြေးတော့၊ ငါတို့ ဒီကောင်ကြီးကို ထိန်းထားလိုက်မယ်”
ကဖောလည်း ခေါင်းညိတ်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခဲ့တော့သည်။ ဘန်ဝါးမှာ ကဖောနောက်ဆက်လိုက်ရန် ကြိုးစားသော်လည်း ကဖောအကိုများက ဘန်ဝါးကို တားဆီးပိတ်ပင်ထားသဖြင့် မလိုက်သာတော့ပေ။
သို့သော် ကဖောထွက်ပြေးသွားသည်ကို ကျားလူမျိုးခေါင်းဆောင်က မြင်လိုက်ပြီးနောက် ကျွဲကြီးကို ဒုန်းစိုင်းစီး၍ ကဖောနောက်သို့ လိုက်တော့သည်။ ကဖောလည်း ပြေးရင်းနောက်သို့လှည့်ကြည့်လိုက်သည့်အခါ ကျွဲနက်ကြီးစီးလာပြီး လက်ထဲတွင်တစ်လံံခန့်ရှည်သည့် ဓါးမကြီးကို အသင့်ကိုင်ဆွဲလာသည့် ကျားလူမျိုးခေါင်းဆောင်ကို မြင်တွေ့လိုက်ရတော့သည်။ ထိုအဖြစ်ကို လငေါရှီးလည်းတွေ့သွားသည်။ လငေါရှီးက အသံကုန်ဟစ်ကာ အော်ဟစ်လိုက်ပြီးနောက် ဒုန်းစိုင်းပြေးဝင်လာပြီး ကျွဲကြီးကို နံကြားသို့ ပုခုံးဖြင့်တွန်းထည့်လိုက်ရာ အားပြင်းလွန်းလှသဖြင့်် ကျွဲကြီးမှာ လဲသွားပြီးနောက် ကျွဲပေါ်မှ ကျားလူမျိုးခေါင်းဆောင်ကလဲ ပြုတ်ကျကာ လိမ့်သွားတော့သည်။ သို့သော်လည်း အလျှင် အမြန်ပင် ပြန်ထလိုက်ကာ ဓါးမကြီးကိုပြေးးကောက်ကိုင်လိုက်သည်။
“ကဖောဆိုတဲ့ကောင်မလေး နင့်လည်ချောင်းသွေးကို ငါဖောက်သောက်ပစ်မယ်”
“နေပါဦး ကျုပ်ရှိပါသေးတယ်ဗျ”
လငေါရှီးက ပြောလိုက်ပြီး ဓါးရှည်ကြီး ကိုင်ဆွဲကာ တစ်လှမ်းချင်းလျှောက်လာလေသည်။
“ကဖောအသက်ကိုလိုချင်ရင်တော့ ကျုပ်နဲ့အရင်တိုက်ပြီးမှပဲ ရမယ်”
ထိုသို့ပြောလိုက်ကာ ကျားလူမျိုးစုခေါင်းဆောင်ကြီးကို ဝင်တိုက်ခိုက်တော့သည်။ နှစ်ဦးသား ဓါးများဖြင့် အပြန်အလှန် အပြင်းအထန်တိုက်ခိုက်နေကြသည်ကို ကဖောက နံံဘေးမှ ငေးကြည့်နေမိသည်။ ကဖောလည်း ဒီအတိုင်းရပ်မနေချင်သဖြင့် အနားတွင်ကျနေသည့် အဲမောင်းလှံရှည်ကြီးတစ်ခုကို ကောက်ယူလိုက်တော့သည်။ အဲမောင်းလှံမှာ အသွားရှည်ပြီး လှံသွားမှာ တစ်တောင်ခန့်ရှိကာ ချွန်မြနေလေသည်။ ထိုးစိုက်ရန်အတွက်ရော၊ လှီးဖြတ်ရန်အတွက်ပါ အသုံးပြုနိုင်သည့်လှံဖြစ်သည်။
ကဖော၏ညာဖက်လက်မှာ ဘန်ဝါးတင်းပုတ်ချက်ထိထားသဖြင့် ကိုက်ခဲပြီးနာကျင်နေလေသည်။ လှံတံကို ဆုပ်ကိုင်လိုက်သည့်အခါတွင် ကဖောလက်တွေက တုန်ယင်နေလေသည်။ ထို့ကြောင့် လှံတံကို ဘယ်ဖက်လက်ဖြင့် အားပြုပြီး ကိုင်တွယ်လိုက်သည်။ အစပထမပိုင်းက ဝင်ရောက်တိုက်ခိုက်ရန် ကြံစည်ထားသော်လည်း သူ့အဖေနှင့် ကျားလူမျိုးစုခေါင်းဆောင်ကြီးမှာ အလွန်ပြင်းထန်စွာတိုက်ခိုက်နေပြီး လုံးထွေးနေသဖြင့် ကဖောက အခွင့်ကောင်းကို စောင့်နေလိုက်သည်။
တစ်ချီတွင် လငေါရှီးက ကျားလူမျိုးစုခေါင်းဆောင်ကြီး၏ ဓါးမကြီးကို လက်တစ်ဖက်နှင့် ဖမ်းဆုပ်ပြီး လွင့်ပစ်လိုက်တော့သည်။ ကျားလူမျိုးစုခေါင်းဆောင်ကြီးကလည်း ခေသူမဟုတ်၊ လငေါရှီး၏ ဓါးရှည်ကို ပြန်ဖမ်းယူလိုက်ပြီး လွင့်ပစ်ထုတ်လိုက်ပြန်သည်။ ထို့နောက် သူတို့နှစ်ဦးသည် လက်ဖြင့်တိုက်ကြလေသည်။ သို့သော် ကျားလူမျိုးစုခေါင်းဆောင်ကြီးက ပို၍ အားကြီးသည်မို့ လငေါရှီးကို ဖမ်းချုပ်မိလိုက်ပြီးနောက် လငေါရှီး၏ လည်ပင်းကို လက်မောင်းဖြင့် ညှပ်ထားပြီးနောက် ညှစ်နေတော့သည်။ လငေါရှီး ဘာမှ မတတ်နိုင်တော့။
“ပစ် . . ကဖော ပစ်လိုက်တော့”
လငေါရှီးကအော်ဟစ်လိုက်သည်။ သို့သော်လည်း သူတို့နှစ်ဦးမှာ လုံးထွေးနေသောကြောင့် ကဖော ပစ်ကွင်းမသာပေ၊ ကဖောက လှံတံကို ဘယ်လက်နှင့်မတင်လိုက်ပြီး ထိုးချိန်လိုက်သည်။ ဘယ်လက်မှာ ကဖောသန်သည့်လက်မဟုတ်သဖြင့်လည်း လှံတံက ယိမ်းထိုးနေလေသည်။
“မရဘူးအဖေ”
“ပစ် . . ပစ်စမ်းပါကဖောရယ်၊ အဖေ့ကိုယ်လုံးကိုဖောက်ပြီး သူ့ကိုထိအောင်ပစ်လိုက်တော့”
ကဖော ရွေးချယ်စရာမရှိတော့။ လငေါရှီးမှာ မကြာခင် အသက်ရှုရပ်ပြီး သေသွားနိုင်သည်။ ကျားလူမျိုးစုခေါင်းဆောင်ကြီးကလည်း လငေါရှီးကို မလွှတ်သည့်အပြင် ကဖောလှံတံဖြင့် ပစ်မည်စိုး၍ လငေါရှီးကိုယ်လုံးနှင့် ကွယ်ထားလေသည်။
“ပစ်လေကောင်မလေး၊ နင်ပစ်ရင် ငါရော၊ နင့်အဖေရော အတူတူသေကြတာပေါ့”
ကဖောက အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်ပြီးနောက် လှံကို ပစ်တင်ရန်အတွက် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ ထိုအချိန်တွင်ပင် ပစ်ခတ်ရမည့် ပစ်မှတ်ကို ရှာနေလေသည်။ အဖေပြောသည့်အတိုင်း အဖေ့ရင်ဘတ်ကို ပစ်လွှတ်လိုက်ပြန်လျှင်လည်း ကဖောအားနှင့်် နှစ်ယောက်စလုံးအား ဖောက်ဖို့ဆိုတာမဖြစ်နိုင်ပေ။ ကဖော သေချာစူးစိုက်ကြည့်သည့်အခါ ကျားလူမျိုးစုခေါင်းဆောင်ကြီး၏ ပေါင်တစ်ဖက်သည် မသိမသာကလေး အပြင်သို့တိုးထွက်နေလေသည်။
ကဖောလည်း အသက်အောင့်ပြီးလှံကို ပစ်သွင်းလိုက်တော့သည်။ အဲမောင်းလှံကြီးက လေပေါ်တွင်အရှိန်ဖြင့် ပျံသန်းသွားရင်း ကျားလူမျိုးစုခေါင်းဆောင်ကြီး၏ ပေါင်ကို တည့်တည့်ထိမှန်သွားတော့သည်။ သို့သော် ပေါင်မှ ကြွက်သားများကြောင့် ထုတ်ချင်းပေါက်မဝင်ဘဲ စိုက်ရုံသာစိုက်သည်။ ကျားလူမျိုးစုခေါင်းဆောင်ကြီးလည်း လငေါရှီးကို လွှတ်လိုက်ပြီး လှံတံကို လက်ဖျံနှင့်ရိုက်ချိုးလိုက်ပြီးနောက် လှံတံကိုဆွဲထုတ်ကာ လွှင့်ပစ်လိုက်တော့သည်။ ကဖောလည်း လှံပစ်ပြီးသည်နှင့် တစ်ပြိုင်နက် ကျားလူမျိုးစုခေါင်းဆောင်ကြီးဆီသို့ ပြေးလိုက်သွားတော့သည်။
ကျားလူမျိုးစုခေါင်းဆောင်ကြီးက လှံကိုနှုတ်ပြီးသည့်အချိန်မှာပင် ကဖောက ဒူးဖြင့် ကျားလူမျိုးစုခေါင်းဆောင်ကြီး၏ မျက်နှာကို ပြေးတိုက်လိုက်တော့သည်။ ကဖော၏ဒူးမှာ ကျားလူမျိုးစုခေါင်းဆောင်ကြီး၏ နှာခေါင်းတည့်တည့်ကိုထိမှန်သွားသဖြင့် အနည်းငယ်မူးဝေနေစဉ်မှာပင် ကဖောက ကျိုးသွားသည့် အဲမောင်းလှံ၏ လှံသွားကို ကောက်ယူလိုက်ပြီးနောက် ကျားလူမျိုးစုခေါင်းဆောင်ကြီး၏ လည်မြိုကို ထိုးစိုက်ချလိုက်တော့သည်။
ရွာအတွင်းတွင် တိုက်ပွဲက ပြင်းထန်နေလေသည်။ ထိုအချိန်တွင် ရွာလယ်ကွင်းပြင်ကြီးရှိ အလံတိုင်ကြီးပေါ်သို့ ကဖောက တက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
“ဝူး . . . ဝါး”
တိုက်ခိုက်နေသည့်လူများအားလုံး ကဖောကို လှည့်ကြည့်လိုက်ကြသည်။ ကဖောလက်ထဲတွင်တော့ ကျားလူမျိုးစုခေါင်းဆောင်ကြီး၏ ခေါင်းပြတ်ကြီး ကိုကိုင်ဆောင်ထားသည်။ ကဖောက ခေါင်းပြတ်ကြီးကို အများမြင်သာအောင် မြှောက်ပြလိုက်ရင်း အော်ဟစ်လိုက်တော့သည်။
လူမျိုးစုများ၏ ထုံးစံအရ စစ်တိုက်သည့်အခါ ခေါင်းဆောင်သေလျှင် စစ်ရှုံးပြီဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ကျားလူမျိုးများအကုန် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီးနောက် မြေတွင် ဒူးထောက်ပြီးထိုင်ချလိုက်တော့သည်။ ဘန်ဝါးမှာ မကျေမနပ်နှင့် သူ့အဖေခေါင်းကြီးကို ကြည့်ကာ အော်ဟစ်ငိုကြွေးတော့သည်။ လငေါရှီးမှာ ကျားလူမျိုးစုခေါင်းဆောင်၏ ကိုယ်ခန္ဓာကြီးကို ထမ်းပိုးထားရာမှ ဘန်ဝါးအရှေ့သို့ပစ်ချပေးလိုက်သည်။
ထို့နောက် ဘန်ဝါးမှာ သူ့အဖေ၏ ခေါင်းမပါသည့် အလောင်းကြီးကိုထမ်းပြီးနောက် ကျားလူမျိုးများအားလုံး ဆုတ်ခွာထွက်ပြေးသွားကြတော့သည်။
လရှီးလူမျိုးများက ထိုတော့မှ တစ်ခဲနက် အော်ဟစ်လိုက်ကြပြီးနောက် ကဖောအား ဂုဏ်ပြုလိုက်ကြတော့သည်။ ကဖောကတော့ အသက်ကို ပြင်းပြင်းရှုရင်း အလံတိုင်ထိပ်ပေါ်မှ ခုန်ဆင်းလာခဲ့တော့သည်။
ဝါးဖြင့်ပြုလုပ်ထားသည့် ယဇ်ပူဇော်သည့်စင်ကြီးကို ရွာလည်တွင် တည်ဆောက်ထားသည်။ သေဆုံးနေသည့် ကျားလူမျိုးများ၏ အလောင်းများမှ ကိုယ်သတ်ထားသည့်သူများ၏ ဦးခေါင်းများကို ဖြတ်လာကြပြီးနောက် ယဇ်စင်ကြီးပေါ်တွင် တင်ထားလိုက်တော့သည်။ ယဇ်စင်ကြီးပေါ်တွင် လူခေါင်းများနှင့် ပြည့်နှက်နေလေသည်။
“အို . . ကောင်းကင်ပေါ်မှ နတ်ဘုရားအပေါင်းတို့ သင်တို့အား ကျွနု်ပ်တို့သတ်ဖြတ်ခဲ့သည့် ရန်သူများ၏ ဦးခောင်းများနှင့် ပူဇော်ပါသည်။ ကျွနု်ပ်တို့အား ရဲစွမ်းသတ္တိနှင့် ကောင်းချီးပေးသနားတော်မူပါ”
လငေါရှီးက ရေရွတ်လိုက်ပြီေးနာက် ထိုလူများအားသတ်ထားသည့် လရှီးမျိုးနွယ်စု စစ်သည်များအား သေဆုံးနေသည့်လူများ၏ ဆံပင်များကို အရင်းမှဖြတ်တောက်ပြီးနောက် ထိုသူများ၏ လည်ပင်းတွင် ဆံပင်များကို ချိတ်ဆွဲပေးနေလေသည်။
“မျိုးနွယ်စစ်သည်အပေါင်းတို့ ဒီစစ်ပွဲမှာတော့ ကဖောကြောင့် ကျုပ်တို့အောင်နိုင်ခဲ့တာဖြစ်တယ်၊ ဒီတော့ ကဖောကို ကျုပ်တို့ ဂုဏ်ပြုရမယ်၊ လေးစားရမယ်”
ထိုသို့ပြောလိုက်ပြီးနောက် ကဖောအား စာဝါငှက်၏အမွှေးအတောင်များဖြင့်ပြုလုပ်ထားသည့် ခေါင်းဆောင်းတစ်ခုကို ပန်ဆင်ပေးလိုက်တော့သည်။ ကဖောသတ်ထားသည့်လူများ၏ ဆံပင်များကိုလည်း လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်တော့သည်။
ပြန့်ကျဲနေသည့်ရွာကို ရွာသားများက ပြန်လည်သန့်ရှင်းနေကြတော့သည်။ တောင်ကြားထဲတွင် ပုန်းအောင်းနေသည့် မိန်းမများမှာလည်း ပြန်ရောက်လာကြသည်။ ကဖောနှင့် သူ့အဖေကတော့ ပြာကျနေသည့် သူတို့နေသည့် တဲကြီးကိုကြည့်ကာ ထိုင်နေလိုက်ကြတော့သည်။
“ဒါနဲ့ သမီးမေးစရာရှိတယ်၊ အဖေတို့ ဘာလို့ စစ်ချီတက်ရာကနေ လှည့်ပြန်လာရတာလဲ”
“လူတစ်ယောက်က လာသတင်းပေးလို့ပေါ့သမီးရယ်”
“ဟင် . . ဘယ်သူလဲ အဖေ”
“လချေရှီး”
ကဖောအံ့အားသင့်သွားတော့သည်။ ထိုအခါ ဖြစ်ကြောင်းကုန်စင်ကို လငေါရှီးက ပြန်ပြောပြတော့သည်။
(၁၁)
လဘေးဝါးမှာ လရှီးရွာမှထွက်သွားပြီးနောက် လူမျိုးစုတွေအကြားတွင် လှည့်လည်သွားလာနေရာမှ ကျားလူမျိုးများနှင့်တွေ့ဆုံပြီး ထိုရွာတွင်အခြေချနေထိုင်ဖြစ်တော့သည်။ ကျားလူမျိုးစုခေါင်းဆောင်ကြီးကလည်း လဘေးဝါးတို့ သားအဖကို သေသေချာချာလေးလေးစားစား ဆက်ဆံပါသည်။ ကျားလူမျိုးများက နတ်ဆရာများကို လေးစားသည်မို့ နေရထိုင်ရသည်မှာ လရှီးရွာကဲ့သို့မဟုတ်ဘဲ ကောင်းကောင်းနေ ကောင်းကောင်းစားရတော့သည်။ ထိုကျေးဇူးများကို ပြန်ဆပ်ရန်အတွက်လည်းကောင်း၊ လရှီးမျိုးနွယ်များအပေါ်မုန်းတီး၍လည်းကောင်း လဘေးဝါးက ကျားလူမျိုးများကို လရှီးရွာကိုတိုက်ခိုက်ရန် အကြံပေးလေတော့သည်။
“ဖြစ်ပါ့မလား လဘေးဝါးရဲ့”
“ဖြစ်ပါတယ် ခေါင်းဆောင်ကြီး၊ သူတို့က ဒီနှစ်စစ်တိုက်ချိန်ဆိုရင် ကွင်းပြင်ဖက်က လမူးမျိုးနွယ်စုတွေနေတဲ့ရွာကို တိုက်မယ်လို့ ကြံစည်ထားတာကြာပြီ၊ အဲဒီရွာကိုတိုက်ဖို့ဆိုရင် အနည်းဆုံးတစ်ပတ်လောက်တော့ စစ်ချီတက်ရမှာပဲ၊ သူတို့စစ်ချီတက်သွားပြီး လမ်းခုလတ်လောက်ရောက်တဲ့အချိန်မှာ ကျုပ်တို့ဝင်တိုက်ရင် သူတို့ရွာကို အသာကလေးရမှာပဲ”
“နေပါဦး ရွာကိုဝင်တိုက်ဖို့ဆိုတော့ ရွာမှာ အစောင့်အကြပ်တွေ ကျန်ခဲ့မှာပေါ့”
“ခေါင်းဆောင်ကြီးရယ်၊ တစ်ချိန်က ကျုပ်က အဲဒီရွာမှာနေခဲ့တာပါဗျ၊ ရွာကို ညဘက်ဝင်နိုင်အောင်လို့ စည်းရိုးအားနည်းတဲ့နေရာတွေမှာ ခိုးပြီးကျင်းတွေတူးထားမယ်၊ သူတို့မထင်တဲ့အချိန်ရွာထဲကို ကြိုဝင်ပြီး တိုက်ခိုက်ရုံပေါ့”
“ကောင်းပြီလေ၊ ခင်ဗျားပြောတာလဲ ဟုတ်တာပဲ၊ ဒါနဲ့ သူတို့ဘယ်အချိန်စစ်ချီမလဲဆိုတာ ကျုပ်တို့မှ မသိတာ”
“ဒါကတော့မပူနဲ့ဗျာ၊ ရွာထဲမှာ ကျုပ်ရဲ့အတွင်းလူရှိပြီးသား သူ့ဆီက သတင်းတွေကြားရဖို့ရှိတယ်”
လဘေးဝါးစကားကို ကြားသည့်အခါ ကျားလူမျိုးစုခေါင်းဆောင်ကြီးက သူ့သားဘက်သို့လှည့်လိုက်ပြီး
“ဒါဆို သားတော် ဘန်ဝါး လူအင်အားကို ကြိုပြီးစုစည်းထား၊ ငါတို့ လရှီးရွာကို စစ်ချီတက်ဖို့အတွက် အခုကတည်းက လေ့ကျင့်ထားကြတော့”
လချေရှီးက ဘာမှမသိသေးပေ။ သူက ကဖောကို သတိရနေမိသည်။ ကျားလူမျိုးများ၏ ရွာမှာ လရှီးရွာထက် သွားလာရေးဆက်သွယ်ရေးကောင်းပြီး အတော်အတန်စည်ကားသည်။ ကျောက်တုံးမြို့တော်နှင့် လူသွားလမ်းပေါက်သည်မို့ မြို့မှ ကုန်သည်များကလည်း ကျားလူမျိုးရွာသို့ လာရောက်ကာ ရောင်းဝယ်ဖောက်ကားကြသည်။
ထိုစဉ် ဘန်ဝါးက ရွာလယ်ကွင်းပြင်ကြီးကိုရောက်လာပြီး အော်ဟစ်တော့သည်။
“ကျားလူမျိုးတွေ အသင့်ပြင်ထားကြတော့ နောက်နှစ်လလောက်ဆို ငါတို့ လရှီးတွေကို တိုက်ခိုက်တော့မယ်၊ မင်းတို့ အသင့်ပြင်ထားကြတော့”
“လရှီးတွေကို တိုက်ခိုက်မယ်ဆိုပါလား”
လချေရှီးလည်း ဘန်ဝါးစကားကိုကြားသည့်အခါ လန့်သွားတော့သည်။ အိမ်ရောက်တော့ ဖခင်ဖြစ်သူ လဘေးဝါးကို ထိုအကြောင်းများမပြောဖြစ်ပေ။ လဘေးဝါးမှာ ထိုအကြောင်းများကို မသိသလိုလိုလုပ်နေလေသည်။ လဘေးဝါးက သူ့အား တမင်မပြောချင်သဖြင့် မပြောပြချင်းဖြစ်နိုင်သည်ဟု လချေရှီးက ယူဆလိုက်ပြီးနောက် ထိုအကြောင်းကိုမမေးတော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်ရတော့သည်။
“လီဝါး မျိုးနွယ်တွေအကြောင်း အဖေဘယ်လောက်သိသလဲ”
“လီဝါးတွေက ကွယ်ပျောက်သွားခဲ့ပြီ၊ သူတို့ကို လရှီးတွေက သိမ်းသွင်းလိုက်ခဲ့ကြပြီလေ။ ဒါနဲ့ သားက ဘာလို့ လီဝါးတွေအကြောင်းသိချင်တာလဲ”
လချေရှီးဖြေရခက်နေသည်။ ထိုအခါ လဘေးဝါးက ပြုံးရယ်လိုက်တော့သည်။
“သားဟာ လီဝါးတစ်ယောက်ဆိုတာ အဖေသိပါတယ်သားရယ်၊ သားရဲ့ဆံပင်နဲ့ အသားအရည်ကိုကြည့်ကတည်းက သားဟာ ဘယ်နည်းနဲ့မှ လချေရှီးနဲ့ရတဲ့ ကလေးမဟုတ်ဘူးဆိုတာသိပြီးသားပါ၊ ဒါကို လချေရှီးလည်း သိတယ်၊ သို့ပေမယ့် လူမျိုးစုကြားမှာ အရှုပ်အရှင်းတွေ မဖြစ်စေလိုတာရယ်၊ ပြီးတော့ မင်းကိုငါကမွေးထားတော့ ငါ့မျက်နှာကိုထောက်နေရတာရယ်ကြောင့် သူက ဘာမှမသိသလိုနေနေတာပါ”
“ဒါဆိုလည်း အဖေရာ သားကို လီဝါးတွေအကြောင်း အဖေသိသလောက် ပြောပြပါလား”
“ဒါတော့အဖေလည်း အသေးစိတ်မသိဘူး၊ လငေါရှီးက လီဝါးမျိုးနွယ်စုတွေ အားနည်းနေတဲ့အချိန်ကို ရွေးပြီးတိုက်ခိုက်ခဲ့တာပဲ၊ လီဝါးတွေက တိုက်ခိုက်ရေးမှာ မစွမ်းပေမယ့် သူတို့ဟာ အသိဉာဏ်အရာမှာတော့ အခြားမျိုးနွယ်တွေထက် ပိုရှေ့ပြေးကြတယ်၊ ဒါကြောင့် ကျောက်တုံးမြို့တော်မှာ ဘုရင်ကြီးရဲ့အနားမှာ လီဝါးမျိုးနွယ်တွေက မင်းမှုထမ်းတွေ ပညာရှိတွေအဖြစ် ခစားကြရတာပေါ့”
“ဒါဆို ကျောက်တုံးမြို့တော်မှာ လီဝါးတွေ ကျန်နေသေးတယ်ဆိုတဲ့သဘောလား”
“ဟုတ်တယ်သား၊ လီဝါးတွေ ကျန်နေသေးတယ်၊ လရှီးတွေက လီဝါးတွေကို တိုက်ခိုက်တဲ့ကိစ္စအပေါ် ကျောက်တုံးမြို့တော်ဘုရင်ကြီးက နှုတ်ဆိတ်နေတဲ့အတွက် လီဝါးတွေက ဘုရင်ကြီးကို မကျေမနပ်ဖြစ်နေကြတယ်”
“ဒါဆို သားကျောက်တုံးမြို့တော်ကို သွားချင်တယ်အဖေ”
“ငါ့သား မင်းက ငယ်သေးတယ်၊ တစ်နေ့အချိန်တန်ရင် အဖေ မင်းကိုခေါ်သွားမှာပါ”
လချေရှီးအိပ်မပျော်တော့။ ညတိုင်း လီဝါးတွေအကြောင်းကိုသာ စဉ်းစားနေမိသည်။ သူ့ဘဝအကြောင်းကိုလည်း စဉ်းစားနေမိသည်။ တစ်ခါတစ်ခါလည်း ကဖောအကြောင်းတွေက ခေါင်းထဲနေရာယူလာတတ်သေးသည်။
နှစ်လခန့်ကြာသည့်အခါ လဘေးဝါးက ပစ္စည်းများကို ထုပ်ပိုးနေလေသည်။ လချေရှီးလည်း မသိသလိုနှင့် မေးလိုက်သည်။
“အဖေ ဘယ်သွားမလို့လဲ”
“အဖေ အရေးကြီးတဲ့အလုပ်တစ်ခု လုပ်စရာရှိလို့ အခုသွားရတော့မယ်၊ သားဒီမှာပဲ အေးအေးဆေးဆေးနေခဲ့နော်။ အဖေပြန်လာရင် သားအတွက် လက်ဆောင်တွေ ယူလာခဲ့မယ်”
ထိုသို့ပြောပြီး ထွက်သွားရုံသာမက နောက်တစ်နေ့တွင် ကျားလူမျိုးရွာတွင် လူနည်းနေသည်ကို သိလိုက်ရသဖြင့် စစ်ချီတက်သွားပြီဖြစ်ကြောင်းကို လချေရှီးက ရိပ်မိလိုက်တော့သည်။ ထို့ကြောင့် အထုတ်အပိုးများပြင်ဆင်ပြီး ကျားလူမျိုးရွာမှ တိတ်တိတ်ကလေး ထွက်လာခဲ့တော့သည်။
လချေရှီး တစ်ယောက်တည်း တောတောင် လျှိုမြောင်များကို ဖြတ်သန်းခဲ့ပြီးနောက် ခရီးနှင်ခဲ့သည်။ အခြားလူမျိုးနွယ်စုများနှင့်လည်း တွေ့ဆုံမိပြီး သူတို့လမ်းညျွန်ပြသည့်အတိုင်း လိုက်ခဲ့တော့သည်။ နတ်ဆရာတစ်ယောက်အသွင် ဝတ်ဆင်ထားသဖြင့် အခြားမည်သည့်လူမျိုးများကမှ သူ့အား ရန်မပြုပေ။ ကျားလူမျိုးများချီတက်ရာအတိုင်းမလိုက်တော့ဘည်း လရှီးလူမျိုးများချီတက်နိုင်မည့်လမ်းအတိုင်း လိုက်လာခဲ့တော့သည်။ သုံးရက်ခန့်အကြာတွင်တော့ စစ်ချီတက်လာသည့် လရှီးများနှင့် တွေ့တော့သည်။
“ခေါင်းဆောင်ကြီး လူတစ်ယောက်တွေ့ခွင့်တောင်းနေပါတယ်”
“ဘယ်သူလဲ”
“လချေရှီးပါ”
လငေါရှီးလည်း အံ့သြသွားပြီး လချေရှီးနှင့်တွေ့တော့သည်။ လချေရှီးက နတ်ဆရာလိုဝတ်စားထားပြီး ဆံပင်များမှာလည်း ကြေးညိုရောင်သန်းနေလေသည်။
“လချေရှီး မင်းဘာလာလုပ်တာလဲ”
“ခေါင်းဆောင်ကြီး လရှီးရွာ အန္တရာယ်ကျနေပါပြီ”
“ဘာလို့လဲ”
“ကျားလူမျိုးတွေက လရှီးရွာကို တိုက်ဖို့ထွက်သွားကြပြီ”
လချေရှီးက အကျိုးအကြောင်းကို ဖွင့်ပြောပြလိုက်တော့သည်။ သို့သော် အခြားရွာသားများက လချေရှီးစကားကို မယုံပေ။
“ခေါင်းဆောင်ကြီး ဒီကောင်လေးက ရွာကထွက်ပြေးသွားတဲ့ကောင်လေးဆိုတော့ သူ့စကားကို ယုံရပါ့မလား”
လငေါရှီးတွေးရခက်နေသည်။ ယုံသင့် မယုံသင့်ဖြစ်နေလေသည်။ သို့သော် မသိစိတ်က သူ့အား လချေရှီးစကားကို ယုံရန် အသိပေးနေသည်။
“ကဲ အားလုံးပဲ တို့ရွာ ဒုက္ခရောက်နေပြီ၊ ငါတို့ အမြန်ပြန်လှည့်ကြမယ်”
လငေါရှီးနှင့် စစ်သည်များအားလုံးတို့သည် လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့ကြတော့သည်။ ကဖောမှာ ဖခင်ဖြစ်သူပြောဆိုသည့် စကားများကိုနားထောင်ရင်း အလွန်အံ့သြနေလေသည်။
“ဒါ . . ဒါဆို သမီးတို့ကို လချေရှီးကယ်လိုက်တာပေါ့ ဒီလိုလား”
“ဟုတ်တယ်သမီး”
“ဒါ . . ဒါဆို သူဘယ်မှာလဲဟင်”
“အဖေတို့နဲ့အတူတူပါလာတာပဲ . . . ဟုတ်ပါ့၊ ခုမှသတိထားမိတယ် သူဘယ်ရောက်သွားသလဲမသိဘူး”
ထိုသို့ပြောလိုက်သည်နှင့် ကဖောလည်း ချက်ချင်းထပြေးထွက်ခဲ့ပြီး ရွာမှလူများကို လိုက်မေးကြည့်တော့သည်။ သို့သော် မည်သူ့ထံမှ ရေရေရာရာ အဖြေမျိုးမရခဲ့ပေ။ သို့သော် ရွာအဝင်နားရှိ ရွာသားတစ်ဦးထံမှ သတင်းစကားတစ်ခုကို ရခဲ့သည်။
“လချေရှီးက သိပ်မကြာသေးခင်ကမှ ရွာထဲကထွက်သွားတာ”
ထိုစကားကြားသည်နှင့် ကဖောတစ်ယောက် ရွာအပြင်ဘက်လမ်းမကြီးကို ပြေးထွက်ခဲ့တော့သည်။ စိတ်က ဦးဆောင်နေသည်မို့ ကဖောခြေလှမ်းတွေက အလွန်လျှင်မြန်နေလေသည်။ အတန်ကြာပြေးပြီးနောက် လမ်းမကြီးပေါ်တွင် နတ်ဆရာဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် လမ်းလျှောက်နေသည်ကိုတွေ့လိုက်ရတော့သည်။
“လချေရှီး . . .”
ကဖောက အသံကုန်ဟစ်ပြီးနောက် လချေရှီးထံသို့ ပြေးသွားတော့သည်။ လချေရှီးကလည်း ကဖောအားလှည့်ကြည့်ပြီး အံ့အားသင့်နေလေသည်။ ကဖောလည်း ပြေးသွားပြီး လချေရှီးအနားရောက်သည့်အခါတွင် လချေရှီးအား တင်းကြပ်စွာ ပွေ့ဖက်လိုက်တော့သည်။ အတန်ကြာပွေ့ဖက်ထားပြီးတော့မှ လချေရှီးက စကားပြောလေသည်။
“လွတ်စမ်းပါဦး ကဖောရယ် နင်ဖက်ထားတာ ငါ အသက်ရှုတောင်ကြပ်တယ်”
“လချေရှီး နင့်ကိုပြန်တွေ့ရပြီ၊ ငါနင့်ကို သတိရလိုက်တာဟာ”
“ငါလည်း နင့်ကိုသတိရပါတယ်”
လချေရှီးက ကဖော ခေါင်းတွင် ဝတ်ဆင်ထားသည့် ငှက်မွှေးခေါင်းဆောင်းကိုမော့ကြည့်လိုက်သည်။
“နောက်ပြီးတော့ နင့်အတွက်လည်း ငါဂုဏ်ယူပါတယ်”
“လချေရှီး နင်မသွားနဲ့တော့၊ ငါနင့်ကို ထပ်ပြီးအဆုံးရှုံးမခံချင်တော့ဘူး၊ ငါတို့အဖေ့ကို ဖွင့်ပြောပြီး ငါတို့ အတူတူနေကြရအောင်လေ”
လချေရှီးက ခေါင်းခါလိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။
“မရသေးဘူးကဖော၊ ငါ့မှာ လုပ်စရာတွေအများကြီးကျန်သေးတယ်၊ ငါဟာ လီဝါးတစ်ယောက်ဆိုတာ ငါသိလိုက်ရပြီ၊ နောက်ပြီး ငါ့ရဲ့ ပျောက်ဆုံးသွားတဲ့ မျိုးနွယ်တွေကို ပြန်ရှာရမယ်၊ ငါဘယ်သူလဲ၊ ငါဘာလဲဆိုတဲ့မွေးခွန်းရဲ့အဖြေကို ငါရှာဖို့ လမ်းစတွေ့ထားပြီ ကဖော”
“ဒါဆို နင်ဘယ်တော့ ပြန်လာမှာလဲ”
“ဒါတော့ငါလည်း မပြောတတ်သေးဘူး”
ကဖောမျက်နှာကလေး မှိုင်ကျသွားလေသည်။
“ဒါဆိုရင် နင်ငါ့ကို ကတိတစ်ခုပေးဟာ၊ နင်ပြန်လာမယ့်ဆိုတဲ့ ကတိငါလိုချင်တယ်”
“စိတ်ချပါကဖောရယ်၊ ငါ့ကိစ္စတွေပြီးရင် ငါပြန်လာမယ်၊ ပြီးတော့ နင့်အဖေကိုခွင့်တောင်းပြီး ငါတို့အတူတူနေကြမယ်၊ ငါတို့ တစ်သက်လုံး ဘယ်တော့မှ မခွဲတော့ဘူး”
ထိုသို့ပြောလိုက်ရင်း ကဖောဘက်သို့လှည့်လိုက်တော့သည်။ ထို့နောက် လချေရှီးက ကဖောလက်ကလေးကို ဆွဲကိုင်လိုက်တော့သည်။ ကဖောလက်တစ်ဖက်က ညိုမည်းစွဲနေလေသည်။ ထို့နောက် ကဖောမျက်နှာကိုကြည့်လိုက်တော့ မျက်ရည်တွေက ကဖောမျက်လုံးမှ စီးကျပြီး ပါးပြင်တွင် စိုနေလေသည်။ လချေရှီးက ကဖောမျက်နှာတွင်ရှိသည့် မျက်ရည်များကိုသုတ်ပေးရင်း ကဖောမျက်နှာမှ ဒဏ်ရာဒဏ်ချက်များကိုလည်း တွေ့လိုက်ရတော့သည်။ ထို့ကြောင့် သူ့လွယ်အိတ်ကိုဖွင့်လိုက်တော့သည်။
“ရော့ ကဖော ဒီဆေးမြစ်ကိုသွေးလူး၊ ဒဏ်ကြေတယ်၊ ဒီသစ်ခေါက်ကတော့ ထိခိုက်ရှာနာတွေအတွက်ကောင်းတယ်”
ကဖောက သည်းထန်စွာ ငိုချလိုက်တော့သည်။
“မငိုပါနဲ့တော့ ကဖောရယ်၊ ငါတစ်နေ့ပြန်လာမယ်လို့ နင့်ကို ကတိပေးထားပြီးသားပဲ”
ထိုသို့ပြောလိုက်ပြီး ကဖော၏ ကျစ်လစ်နေသည့် ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီးနောက် လချေရှီး တစ်ဖက်သို့လှည့်ထွက်သွားတော့သည်။ လချေရှီးတစ်ယောက် တစ်လှမ်းချင်းလှမ်းနေရင်း သူ့မျက်လုံးထဲမှ ကျလာသည့် မျက်ရည်များကိုတော့ ကဖောတစ်ယောက် မြင်နိုင်မည်မဟုတ်ပေ။
(၁၂)
လူတစ်စုက ဝန်တင်လားများတွင် ကုန်များတင်ဆောင်ကာ သွားနေကြသည်ကို လချေရှီးကတွေ့လိုက်တော့သည်။ ထို့နောက် ထိုသူတို့အနီးသို့ကပ်သွားသည်။
“ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ”
“ငါတို့က ကုန်သည်တွေ၊ လူမျိုးစုတွေဆီက ကုန်တွေယူဆောင်ပြီးတော့ ကျောက်တုံးမြို့တော်ကို ပြန်ကြတော့မှာ”
“ဒါဖြင့် ကျုပ်လည်း လိုက်လို့ရမလား”
ကုန်သည်များက လချေရှီးကို ကြည့်ကာ အကဲခတ်လိုက်တော့သည်။ လချေရှီးမှာ နတ်ဆရာတစ်ဦးကဲ့သို့ ဝတ်စားထားသည်မို့ လိုက်ခွင့်ပေးလိုက်တော့သည်။ လိုက်ရသည်ဆိုသော်လည်း လားစီးပြီးလိုက်ရသည်မဟုတ်။ ကုန်အဖွဲ့က ကုန်ပစ္စည်းများကိုသာ လားများပေါ်တင်ပြီးသွားကြခြင်းဖြစ်ကာ လူများကတော့ လမ်းလျှောက်လိုက်ရသည်။ လမ်းခရီးတွင် မမြင်ဖူးသည့် ပန်းပွင့်တွေ၊ ဆေးပင်တွေနှင့် သားရဲကောင်တွေ အကုန် လချေရှီးမြင်ရသည်။ ယခုလိုဆိုတော့လဲ သူတို့က မခူးတောင်တန်းကြီးနှင့် တဖြည်းဖြည်းဝေးကွာလာပြီဖြစ်ရာ လချေရှီးတစ်ယောက် စိတ်ထဲလွမ်းသလိုလို ဆွေးသလိုလိုဖြစ်လာမိသည်။
ကုန်အဖွဲ့မှာ ကျောက်တုံးမြို့တော်ကြီးဆီသို့ ဖြောင့်ဖြောင့်တန်းတန်းသွားသည်မဟုတ်ဘဲ လမ်းတွင်ရှိနေသည့် အခြားလူမျိုးစုများ၏ ရွာများသို့ ဝင်ပြီး သူတို့တွင်ပါလာသည့် ကုန်ပစ္စည်းများနှင့် လူမျိုးစုများထံမှ ကုန်ပစ္စည်းများကို လဲလှယ်ကြသည်။ လူမျိုးစုထွက်ပစ္စည်းများမှာ များသောအားဖြင့် သားရေများ၊ သားမွှေးများ နှင့် တိရစ္ဆာန်အရိုးများ၊ ကျောက်မျက်ရတနာ အရိုင်းတုံးများဖြစ်ကြသည်။ ထိုပစ္စည်းများကို ကုန်သည်များက ပြန်လည်သယ်ယူပြီးနောက် ကျောက်တုံးမြို့တော်တွင် ပြန်လည်ရောင်းချရန်ဖြစ်သည်။ သို့နှင့် ကျောက်တုံးမြို့တော်ကို ရောက်ရန်ပုံမှန်အားဖြင့် တစ်ပါတ်မျှခရီးဆက်ရသော်လည်း တစ်ရွာဝင် တစ်ရွာထွက်နှင့်မို့ တစ်လနီးပါးကြာမြင့်ခဲ့လေသည်။ လချေရှီးကလည်း ရောက်သည့်လူမျိုးစုနေရာတွင် လီဝါး လူမျိုးများအကြောင်းကို မေးမြန်းပြီး စုံစမ်းရလေသည်။ သို့သော် မည်သူမှ လီဝါးများအကြောင်း ရေရေရာရာမသိကြ။
တစ်ညတော့ လူမျိုးစုရွာတစ်ခုတွင် ကုန်သည်အဖွဲ့ အချေခြနေကြသည်။ မီးပုံတစ်ခုကို ဖိုထားပြီးနောက် လားများနှင့်အတူ မီးပုံနံဘေးတွင် အိပ်စက်ကြရသည်။ စကားစပ်မိရင်း ကုန်အဖွဲ့ခေါင်းဆောင်နှင့် စကားပြောမိကြသည်။
“ဒါနဲ့နေပါဦး မင်းက လီဝါးတွေအကြောင်း ဘာလို့လိုက်စုံစမ်းနေရတာလဲ”
“ကျုပ်က လီဝါးတစ်ယောက်ပဲ၊ နောက်ပြီး လီဝါးမျိုးနွယ်တစ်ယောက်ဖြစ်ပေမယ့် လီဝါးတွေနဲ့အတူတူမနေခဲ့ရတော့ သူတို့အကြောင်းကို ကျုပ်သိချင်တယ်”
ကုန်အဖွဲ့ခေါင်းဆောင်က လချေရှီးကို ကြည့်လိုက်သည်။ ဆံပင်နီကြောင်ကြောင်နှင့် အသားက ဖြူဆွတ်ဆွတ်မို့ သူနဂိုထင်ထားသည့်အတိုင်း မှန်နေသည်ကို ရိပ်စားမိလိုက်သည်။
“ငါလည်း သိပြီးသားပါကွာ၊ မင်းအဖွဲ့ထဲ စပါလာကတည်းက လီဝါးလားလို့ ငါသံသယတော့ဖြစ်မိပါတယ်”
“ဒါဆို ခေါင်းဆောင်က လီဝါးတွေအကြောင်းကို သိသလား”
“ငါသိတာကတော့ ကျောက်တုံးမြို့တော်က လီဝါးတွေအကြောင်းပဲ သိတယ်”
“ဒါဆိုရင်လည်း သိသလောက် ပြောပြစမ်းပါဗျာ”
“ဒီလိုကွ၊ လီဝါးတွေက ဉာဏ်ပညာထက်မြက်တဲ့လူတွေဖြစ်တယ်၊ ဒီတော့ လီဝါးတွေက ကျောက်တုံးမြို့တော် ဘုရင်ကြီးဆီမှာ အမှုထမ်းအဖြစ်ခစားကြရတယ်၊ တစ်နေ့တော့ လီဝါးမျိုးနွယ်စုတွေအကုန်လုံး ဘုရင်ကြီးရဲ့ အခမ်းအနားတစ်ခုတက်ဖို့ သွားတဲ့အချိန်မှာ တခြားမျိုးနွယ်စုတစ်ခုက တိုက်ခိုက်တာကိုခံလိုက်ရသတဲ့”
“အဲ့ဒါ လရှီးတွေ ဖြစ်မယ်”
“အေးဟုတ်မှာပေါ့ကွာ၊ ဒါနဲ့ ဘုရင်ကြီးကို တိုင်တာပေါ့၊ ဒါပေမယ့် ဘုရင်ကြီးက မျိုးနွယ်စုတွေကြားက ကိစ္စတွေကို ဝင်မပါချင်တာမို့လို့ မသိချင်ယောင်ဆောင်နေသတဲ့၊ ဒါကို လီဝါးတစ်ယောက်ဖြစ်ပြီး ဘုရင်ကြီးရဲ့ အကြံပေးဖြစ်တဲ့ ကဲရိသ ကမကျေနပ်ဘူးတဲ့၊ ဒီတော့သူက ဒီဘုရင်ကြီးကို နန်းချပြီး တခြားဘုရင်တစ်ယောက်ကို တင်ဖို့ကြိုးစားတယ်၊ ကျောက်တုံးမြို့တော်ရဲ့ ထုံးစံက ဘုရင်တစ်ယောက်တည်း တစ်မိသားစုတည်းက တစ်သက်လုံး ဘုရင်လုပ်ခွင့်မရှိဘူး”
“ထူးတော့ ထူးဆန်းတယ်”
“ကျောက်တုံးမြို့တော်ကို တည်ထောင်တော့ မိသားစုငါးစုက စပြီးတည်ထောင်ကြသတဲ့။ အဲဒီမိသားစု ငါးစုကနေ ဘုရင်ဖြစ်နိုင်မည့်သူကို ရွေးချယ်ကြတယ်၊ မိသားစုတစ်စုက ဘုရင်ဖြစ်ပြီး အဲဒီဘုရင်သေရင် တခြားမိသားစုက တစ်ယောက်က ဘုရင်အဖြစ်ဆက်ခံရသတဲ့၊ ဒီလိုနဲ့ မိသားစုငါးစုက အလှည့်ကျဘုရင်လုပ်ကြရတာပေါ့လေ”
“ဆက်ပြောပါဦးဗျာ အဲဒီ ကဲရိသ ဆိုလား”
“ကောင်လေး မင်းကိုအကြံပေးမယ် ကျောက်တုံးမြို့တော်ရောက်ရင် အဲဒီ ကဲရိသ နာမည်ကို မပြောမိစေနဲ့”
“ဘာလို့လဲဗျ၊ သူက ဘာဖြစ်နေလို့လဲ”
“ငါပြောတဲ့ ဇတ်လမ်းကို ဆုံးအောင် နားထောင်ပါဦးကွာ”
ကုန်အဖွဲ့ခေါင်းဆောင်က ပြောင်းဖူးဖြင့်ဖောက်ထားသည့် ခေါင်ရည်တစ်ခွက်ကို မော့သောက်လိုက်တော့သည်။
“အဲဒီကဲရိသက တခြားတော်ဝင်မိသားစုက စစ်သူကြီးဖြစ်နေတဲ့ တက်ဒွန်းကို ဘုရင်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းလိုက်တယ်။ တက်ဒွန်းက လက်ရှိဘုရင့်ထံမှာ စစ်သူကြီးလုပ်နေတဲ့သူ၊ သူကလည်း ကျောက်တုံးမြို့တော်မှာ နာမည်ကြီးတဲ့လူတစ်ယောက်ပေါ့။ ဒီလိုနဲ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး နန်းသိမ်းဖို့ကို တက်ဒွန်းနဲ့ ကဲရိသတို့ ကြိုးစားတော့တာပေါ့။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး”
“ဘာလို့တုန်းဗျ”
“လက်ရှိတက်နေတဲ့ ဘုရင်ကြီးက တက်ဒွန်းရဲ့ ဦးလေးတော်တယ်၊ ဒီတော့ တက်ဒွန်းက အကြံအစည်အောင်မြင်ခါနီးမှာ ဦးလေးကို သစ္စာမဖောက်ချင်လို့ အကြံအစည်တွေကို ဖွင့်ချပြလိုက်တော့သတဲ့၊ အဲဒီတော့ ဘုရင်ကြီးက ကဲရိသနဲ့ ကျန်တဲ့လီဝါးတွေအကုန်လုံးကို ဖမ်းဆီးလိုက်ပြီးတော့ သေဒဏ်ပေးလိုက်တယ်။ ကဲရိသကိုတော့ မသတ်ဘဲနဲ့ အမှောင်တွင်းနက်ထဲကို ပစ်ချလိုက်ကြတော့တယ်၊ အဲ သူ့တူ တက်ဒွန်းကိုလည်း သူ့ကိုဒီလိုမျိုး ကြံစည်ရကောင်းလားဆိုပြီး ဖမ်းချုပ်ပြီး သူ့ကိုပါ အမှောင်တွင်းနက်ထဲ ပစ်ချလိုက်တော့တာပေါ့ကွာ”
“အမှောင်တွင်းနက်ဟုတ်လား”
“ဟုတ်တယ်၊ အဲဒီ ပြစ်ဒဏ်က သေသွားတာထက်ကြောက်ဖို့ပိုကောင်းတယ်၊ အမှောင်တွင်းနက်ထဲမှာ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ နေထိုင်ကြသတဲ့။ အဲဒီတွင်းထဲ ပြုတ်ကျတဲ့သူဟာ သေဆုံးတာထက်ဆိုးတဲ့ အဖြစ်ကို ခံကြရသတဲ့ကွာ”
“ဒါဆို ကဲရိသ နဲ့ လီဝါးတွေအကုန်သေကုန်တယ်ဆိုတော့ လီဝါးမျိုးဆက် ပြတ်ပြီပေါ့”
“မဟုတ်သေးဘူးကွ၊ လီဝါးတွေ ကျောက်တုံးမြို့တော်ထဲမှာပဲ ရှိနေသေးတယ်၊ အခုထိကို ဘုရင်ကြီးရဲ့ စစ်သားတွေက ကျောက်တုံးမြို့တော်ထဲမှာ လီဝါးတွေကို လိုက်ရှာပြီး သတ်ဖြတ်နေကြတုန်းပဲ၊ ဒီတော့ မင်းဒီအတိုင်းဆို ကျောက်တုံးမြို့တော်ကို မသွားတာကောင်းမယ်”
“မပူပါနဲ့ဗျာ၊ ကျုပ်မှာ ဆံပင်နက်အောင်လုပ်တဲ့ဆေးရှိပါတယ်”
ခေါင်းဆောင်က ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်တော့သည်။
“ဒါဖြင့် ကျောက်တုံးမြို့တော်ထဲမှာ ကျုပ်ဘယ်လိုလိုက်ရှာရမလဲ”
“ငါလည်း အသေးစိတ်တော့မသိဘူး၊ ဒါပေမယ့် မြို့တော်ထဲမှာ လိပ်ကြီးလို့ခေါ်တဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်၊ သူက ဗဟုသုတနဲ့ပြည့်စုံတယ်၊ သူ့ဆီသွားရင်တော့ တစ်ခုခုထူးခြားမှာ အသေအချာပဲ”
“လိပ်ကြီး ဟုတ်လား”
လချေရှီးက ရေရွတ်လိုက်သည်။ ခေါင်းဆောင်လည်း ခေါင်ရည်များကို တစ်ခွက်ပြီးတစ်ခွက် သောက်နေသဖြင့် ရေချိန်ကိုက်လာကာ အိပ်မောကျသွားတော့သည်။ လချေရှီးလည်း ကျောက်တုံးမြို့တော်တွင် သဲလွန်စရပြီမို့ အလွန်စိတ်အားထက်သန်နေလေသည်။
ကျောက်တုံးမြို့တော်။
မြို့ပတ်လည်ကို ကျောက်တုံးကြီးများဖြင့် စီထားသည့် မြို့ရိုးကြီးဖြင့်တည်ဆောက်ထားသည်။ မခူးတောင်တန်းပေါ်တွင်နေထိုင်ကြသည့် လူမျိုးစုများမှာ အဆောက်အဦးမများကို သစ်နှင့် ဝါးများကိုသာ အသုံးပြုပြီး တည်ဆောက်ကြသော်လည်း ကျောက်တုံးမြို့တော်တွင်တော့ အဆောက်အဦးများကို ကျောက်တုံးများဖြင့် စီပြီးတည်ဆောက်ထားသည်မို့ ထိုအမည်နာမသာ လူမျိုးစုများကြားတွင် တွင်နေတော့သည်။ မြစ်တစ်စင်းက မြို့တော်အခြေတွင် ဖြတ်သန်းကာ ကွေ့ကောက်စီးဆင်းနေသဖြင့် သဘာဝရေကျုံးကြီးလိုဖြစ်နေသည်။ မြို့တော် အဝင်တံခါးတွင် ကျုံးကိုကျော်သည့် ကြီးမားသည့် သစ်သားတံတားကြီးတစ်ခုရှိသည်။ ကျောက်တုံးမြို့ရိုးကြီးက ဝါးနှစ်ပြန်ခန့်မြင့်မားလှသဖြင့် မော့ကြည့်ရလေသည်။ မြို့ရိုးတွင် စီထားသည့် ကျောက်တုံးများမှာ ညီညာချောမွတ်နေပြီး ရေညှိများကပ်ပေါက်ကာ စိမ်းစိုနေလေသည်။
မြို့ထဲသို့ဝင်လိုက်သည်နှင့် လချေရှီးတစ်ယောက် အလွန် ထူးဆန်းအံ့သြနေလေသည်။ မြို့တော်တွင်နေထိုင်ကြသည့်လူများမှာ ပျားပန်းခပ်မျှ စည်ကားနေကြသည်။ မြို့တွင်းရှိ အိမ်များမှာလည်း ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားကြပြီး နှစ်ထပ်၊ သုံးထပ် တည်ဆောက်ထားသေးသည်။ လူများဖြင့်စည်ကားနေသည့် လမ်းမကြီးကိုကြည့်ရင်း သူတို့ လရှီးရွာကလေးနှင့် ယှဉ်လိုက်လျှင် အဆတစ်သောင်းမက ကျောက်တုံးမြို့တော်ကြီးမှာ ကြီးမားကျယ်ပြန့်စည်ကားလှသည်။
“ကဲ ကောင်လေးရေ ငါတို့ကတော့ အခွန်ကောက်တဲ့ဌာနကို ဝင်ရဦးမှာမို့ မင်းနဲ့ဒီနေရာမှာပဲ နှုတ်ဆက်ပါရစေ”
ကုန်သည်ခေါင်းဆောင်က ပြောလိုက်ပြီးနောက် ကုန်အဖွဲ့မှာ ထွက်ခွာသွားကြတော့သည်။ လချေရှီးလည်း ယောင်လည်လည်နှင့် မြို့ထဲကို လျှောက်ပတ်ကြည့်နေမိသည်။ ကျောက်တုံးမြို့တော်တွင် လူမျိုးအစုံရှိသည်။ လူထွားထွားကြီးများရှိသလို လူပုပုညှက်ညှက် ကလေးများကိုလဲတွေ့ရသည်။ လမ်းလျှောက်နေရင်း လိပ်ကြီး ဆိုသည့်အရာကို သတိရသွားတော့သည်။ ထို့ကြောင့်လမ်းမဘေးတွင် ထိုင်နေသူတစ်ယောက်ကို မေးကြည့်ရတော့သည်။
“ဒီမှာခင်ဗျ၊ လိပ်ကြီးဆိုတဲ့သူကိုသိသလား”
“လိပ်ကြီး ဟုတ်လား”
ထိုသူက ခေါင်းကုတ်ပြီး စဉ်းစားနေလေသည်။
“ဟိုဟာဗျာ . . ဒီမြို့မှာ ဗဟုသုတအရှိဆုံးဆိုတဲ့ လိပ်ကြီးကိုပြောတာ၊ အဖိုးကြီးဆိုလားပဲ”
“သြော် သိပြီ၊ မင်းက လိပ်ဖိုးဖိုးကို ပြောတာထင်တယ်”
“ဟုတ် . . ဟုတ်တယ် သူပဲဖြစ်မယ်”
“ဒါဆိုရင်တော့ ဒီဈေးအတိုင်းလျှောက်သွား မကြာခင် လမ်းလေးခွဆုံတွေ့လိမ့်မယ်၊ အဲဒီမှာ လိပ်ဖိုးဖိုးဒီအချိန်ဆို ရှိမယ်ထင်တယ်”
လချေရှီးလည်း ခေါင်းညိတ်ပြီးနောက် ထိုသူပြောသည့်အတိုင်းထွက်လာခဲ့တော့သည်။ သူ့ဗိုက်က တဂွီဂွီနှင့် ဆာလောင်နေသည်မို့ လမ်းဘေးတွင် မုန့်လုံးကလေးများပြုလုပ်ပြီး ခုံပေါ်တင်ထားသည့်အထဲမှ တစ်လုံးကိုကောက်ပြီး ကိုက်စားလိုက်တော့သည်။ ထိုအခါ အဒေါ်ကြီးတစ်ယောက်က သူ့အနားရောက်လာလေသည်။
“တစ်လုံးထဲလား ထပ်စားပါဦးလား”
လချေရှီးလည်း ပြုံးပြလိုက်ပြီးနောက် နောက်ထပ် နှစ်လုံး သုံးလုံးလောက် ကောက်စားလိုက်သည်။ မုန့်လုံးများမှာ ကောက်ညှင်းဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အထဲတွင်တော့ ပဲထည့်ထားလေသည်။ လချေရှီးလည်း စားကောင်းကောင်းနှင့်လေးငါးလုံးထပ်စားလိုက်တော့သည်။ စားပြီးဗိုက်ဝတော့မှ ထွက်သွားရန်ပြင်လိုက်သည့်အခါ ထိုအဒေါ်ကြီးက သူ့လွယ်အိတ်ကိုဆွဲထားလေသည်။
“ဟေ့ကောင်လေး ကြေး ပေးသွားဦးလေ”
“ကြေး ဟုတ်လား . . . ဘာကြေးလဲ”
“ဘာကြေးရမှာလဲ နင်စားထားတဲ့ မုန့်အတွက် ကြေးပေါ့”
“ဗျာ . . အဲဒါ ကျွန်တော့်ကို အလကားကျွေးတာမဟုတ်ဘူးလား”
“တယ် . . ဒီကောင်လေးတော့ နာတော့မယ်၊ နင်ပေးမလားမပေးဘူးလား၊ မပေးရင် နင့်ကို ဖမ်းခိုင်းမယ်”
လချေရှီးလည်း လွယ်အိတ်ထဲမှ ဆေးရွက်ခြောက်များ၊ သစ်ခေါက်၊ သစ်မြစ်များနှင့် အရိုးများကို ထုတ်လိုက်ကာ ထိုမိန်းမကြီးထံသို့ပြသလိုက်သည်။
“ဘာတွေလဲဟာ တစ်ခုမှ သုံးစားလို့ရတာမပါဘူး၊ နင့်ကိုတော့ ဖမ်းချုပ်ခိုင်းတော့မယ်”
ထိုသို့ပြောပြီး လချေရှီးကို ဂုတ်ကဆွဲကာ အော်ဟစ်လိုက်တော့သည်။ မကြာခင်တွင် အနီရောင်အမွှေးများပါသည့် ဦးထုပ်များကိုဆောင်းထားသည့်စစ်သားများရောက်လာလေသည်။
“ဒီကောင်လေး ကျွန်မမုန့်တွေကို စားပြီး ကြေးမပေးလို့ သူ့ကိုဖမ်းချုပ်လိုက်ကြပါ”
ထိုအခါ စစ်သားများက လချေရှီးလက်ကို ကြိုးဖြင့်တုပ်လိုက်ကြပြီးနောက် ဆွဲခေါ်သွားကြတော့သည်။ အတန်ကြာသွားလာပြီးနောက် မျှော်စင်ကြီးတစ်ခုကိုရောက်လာကြပြီး သူ့အား မျှော်စင်ထဲသို့ခေါ်သွားကာ အောက်ဖက်သို့ လှေကားများဖြင့် ဆင်းသွားလေသည်။ မျှော်စင်အောက်တွင် သစ်သားလုံးများဖြင့် ပြုလုပ်ထားသည့် အချုပ်ခန်းများရှိကာ လူများပြည့်ကျပ်နေလေသည်။ လချေရှီးကို အချုပ်ခန်းတစ်ခုအတွင်းသို့ တွန်းထည့်လိုက်တော့သည်။
အချုပ်ခန်းထဲတွင် အချုပ်သားများက သူ့အစုနှင့်သူ စကားပြောဆိုနေကြရာ လချေရှီးက အချုပ်ခန်းထောင့်တစ်နေရာသို့သွားလိုက်ပြီး ထိုင်ချလိုက်သည်။ သူ့အနားတွင် အဘိုးကြီးတစ်ယောက် ထိုင်နေလေသည်။
“မင်းဘယ်လိုလုပ်ပြီး အထဲရောက်လာတာလဲကောင်လေး၊ မင်းကြည့်ရတာ ဒီက မဟုတ်ဘူးနဲ့တူတယ်”
“ကျုပ်က မခူးတောင်တန်းပေါ်က မျိုးနွယ်စုတွေဆီက လာတာပါ၊ ဒီရောက်တော့ မုန့်ကို အလကားကျွေးတယ်ထင်ပြီး စားမိပြီး ကြေးဆိုလား မပေးနိုင်လို့ သူတို့ကဖမ်းခဲ့တာ”
အဘိုးအိုက ရယ်မောလေသည်။
“ဒါဆို မင်းဘဝတော့ နာပြီ”
“ဘာလို့လဲ”
“ကြေးမပေးနိုင်တဲ့သူတွေကို သူတို့မိတ်ဆွေကတွေက ကြေးပေးပြီး မထုတ်ပေးရင် ရဲမက်တွေက ကျွန်ဈေးကွက်မှာ အဲဒီလူကို ပြန်ရောင်းချလိုက်ကြတယ်၊ ဒီတော့ မင်း ကျွန်ဖြစ်ပြီ”
လချေရှီးလည်း ကြောက်လန့်သွားတော့သည်။
“မင်းရွာမှာ မနေဘဲ ဘာလို့ဒီကို တစ်ယောက်တည်းလာရတာလဲ”
“ကိစ္စတစ်ခုရှိလို့ဗျ”
အဖိုးအိုက လချေရှီး၏ မျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်သည်။
“မင်းဘာကိစ္စနဲ့လာတယ်ဆိုတာ ငါမှန်းကြည့်ရမလား”
“ဟင် အဘိုးက နတ်ဆရာလား”
“နတ်ဆရာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ငါက လူတွေရဲ့စိတ်ကို ဖတ်တတ်ပါတယ်”
လချေရှီးလည်း စမ်းကြည့်ချင်သွားသည်။
“မင်းက တစ်ခုခုကိုလိုက်ရှာနေတာ၊ မင်းမှာ အလွန်ကြီးလေးတဲ့ တာဝန်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်၊ အင်း . . ပြီးတော့ . . မင်း မင်းက”
“ပြောစမ်းပါဗျ . . ကျုပ်ကဘာဖြစ်လဲ”
“မင်းရှာနေတာ ကဲရိသပဲ”
အဘိုးအိုက အသံကို နှိမ့်ချပြီးတော့ ပြောလိုက်တော့သည်။
“ဟင်”
“ဟုတ်တယ်၊ မင်းသူနဲ့တွေ့မလားဆိုတော့ . . .တွေ့တော့ တွေ့မှာပါ၊ နောက် . . နောက်ပြီး မင်းက လီဝါးတစ်ယောက်ပဲ”
“မှန်လိုက်တာ အဖိုးရယ်”
“ဒီကိုမင်းရောက်လာတာ လူတစ်ယောက်ကို ရှာဖို့မဟုတ်လား . . နောက်ပြီး အဲဒီလူဟာ ငါပဲ”
“ဟင် ငါပဲဆိုတော့ အဘိုးက”
“အေး ငါကတော့ လူတွေက လိပ်ဘိုးဘိုးလို့ခေါ်ကြတဲ့သူပဲ”
အဖိုးအိုက ငွေရောင်ဖြူလွှလွှဆံပင်ရှည်တွေရှိပြီး အဖြူရောင်အကျီပါးကိုဝတ်ဆင်ထားသည်။ သူ့ကျောကုန်းတွင် ဘုတစ်ခုရှိပြီး ကိုယ်က အရှေ့ကို အနည်းငယ်ကိုင်းနေလေသည်။ လက်ချောင်းများက ရှည်လျားပြီး လက်သည်းတွေက ချွန်ထွက်နေကြလေသည်။
“ဒါဆိုရင် ကျွန်တော် လီဝါးတွေကို ဘယ်လိုရှာရမလဲ”
“ရှူး . . . တိုး . . တိုးပြော၊ ငါတို့ ဒီအကြောင်း ဒီမှာမပြောသင့်ဘူး”
“ဒါဆိုဘယ်မှာပြောရမှာလဲ၊ ကျုပ်တို့ဒီအခန်းထဲက ထွက်လို့မှမရတာ”
“ငါနဲ့လိုက်ခဲ့၊ ငါ့အိမ်ကိုသွားကြမယ်”
ထို့နောက် အဖိုးအိုက အချုပ်ခန်းအတွင်း မတ်တပ်ရပ်လိုက်ပြီး အချုပ်ခန်းအရှေ့သို့ လမ်းလျှောက်သွားလေသည်။ ထို့နောက် အစောင့်စစ်သားများကို ခေါ်လိုက်တော့သည်။
“ဟေ့ . . ဟေ့ ငါအပြင်ထွက်မယ် ငါ့ကိုပြန်ထုတ်ပေးကြ”
အစောင့်စစ်သားများက အဖိုးကြီးကို မျက်စောင်းတစ်ချက်ထိုးပြီးနောက် တံခါးဖွင့်ပေးလိုက်တော့သည်။ ထိုအခါ အဘိုးအိုက အချုပ်ခန်းအပြင်သို့ထွက်သွားတော့သည်။
“နေဦး ဒီကောင်လေးကိုလည်း ငါခေါ်သွားမယ်”
“လိပ်ဘိုးဘိုးရဲ့ ဒီကောင်လေးက ကြေး ငါးပြား မပေးနိုင်လို့ အချုပ်ကျနေတဲ့သူပါ”
လိပ်ဖိုးဖိုးက အကျီအတွင်းနှိုက်လိုက်ပြီးနောက် ကြေးပြားဆယ်ပြားကို ထုတ်ပေးလိုက်သည်။
“ရပြီမဟုတ်လား၊ ငါခေါ်သွားတော့မယ်”
အစောင့်များလည်း ကြေးပြားများကိုပွတ်ကြည့်ပြီးနောက် လချေရှီး ကိုထုတ်ပေးလိုက်တော့သည်။ လချေရှီးလည်း အဘိုးအိုအနောက်သို့ ကုပ်ချောင်းချောင်းနှင့် လိုက်သွားတော့သည်။
“မင်းအတွက် ငွေပေးပြီး ငါထုတ်ပေးပြီးပြီ၊ အခုတော့ မင်းကငါ့ကျွန်ဖြစ်ပြီ”
“ဒါနဲ့နေပါဦးအဖိုး အဘိုးက အချုပ်ထဲ ဘယ်လိုလုပ်ပြီးရောက်နေတာလဲ”
“ငါက ပျင်းရင် အချုပ်ခန်းထဲငါ့ဖာသာ ဝင်ထိုင်နေကြကွ၊ မင်းငါနဲ့တွေ့တာ ကံကောင်းတာပဲ၊ နို့မို့ဆီ သူများကျွန်ဖြစ်မှာ”
အဘိုးအိုက ကျောက်တုံးမြို့ရိုးကြီးအတွင်းရှိ ရပ်ကွက်တစ်ခုသို့ခေါ်ဆောင်သွားသည်။ အဘိုးအိုကို ရပ်ကွက်အတွင်းမှ လူများအားလုံးက နှုတ်ဆက်ကြသည်။
“လိပ်ဘိုးဘိုး ဒီကောင်လေးက ဘယ်သူလဲ”
“ဈေးအပေါဆုံးကျွန်ပေါ့ကွာ၊ ကြေး ဆယ်ပြားတည်းနဲ့ ငါဝယ်လာခဲ့တာပေါ့”
ထိုအခါ ရပ်ကွက်အတွင်းမှ လူများက ပြုံးကုန်ကြတော့သည်။
“ကြေး ဆယ်ပြားနဲ့ ကျွန်ဖြစ်တယ်တဲ့ကွာ ဟား .. . ဟား”
(၁၃)
နှစ်လခန့်ကြာမြင့်ခဲ့ပြီ၊ ကဖောတို့ရွာကလေးက ပြန်လည်တည်ထောင်ပြီးဖြစ်သည်။ ကဖောကတော့ လှံသိုင်းကိုသာ အားအားရှိ လေ့ကျင့်နေလေတော့သည်။ ထိုစဉ် သူ့အစ်ကိုတစ်ယောက်က အိမ်ရှေ့သို့ပြေးဝင်လာလေသည်။
“အဖေ ကျောက်တုံးမြို့တော်က လွှတ်လိုက်တဲ့ လူတစ်ယောက် ရောက်လာတယ်”
လငေါရှီးလည်း ချက်ချင်းထပြီး လိုက်သွားသည်။ ကဖောမှာလည်း သိချင်လွန်းသဖြင့် အနောက်က လိုက်သွားတော့သည်။ ရွာအဝင် တံခါးတွင် လူတစ်ယောက် မြည်းတစ်ကောင်စီးပြီး ရပ်နေလေသည်။ သူတို့ထွက်သွားသည့်အခါတွင်တော့ ထိုလူက လငေါရှီးကို အရိုအသေပေးလိုက်တော့သည်။
“မင်းဘယ်သူလဲ ဘာကိစ္စနဲ့လာတယ်ဆိုတာပြောပါ”
“ကျုပ်က ကျောက်တုံးမြို့တော်က ဘုရင်ကြီးလွှတ်လိုက်တဲ့ လူပဲဖြစ်တယ်၊ ဘုရင်ကြီးက သတင်းစကားပါးခိုင်းလိုက်တယ်”
“ပြောပါဦး”
“နောက်တစ်လကြာတဲ့အခါမှာ ဘုရင်ကြီးရဲ့ အသက် သုံးရာပြည့်မွေးနေ့ကျင်းပမှာဖြစ်တယ်၊ ဒီတော့ မျိုးနွယ်စုတွေအားလုံးက ခေါင်းဆောင်နဲ့ နောက်လိုက်တွေ ကျောက်တုံးမြို့တော်ကို လာကြရလိမ့်မယ်၊ ပြီးရင် မြို့တော်မှာ မျိုးနွယ်စုတွေအချင်းချင်းကျင်းပမည့် စီးချင်းတိုက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရမယ်၊ ဒီတော့ နောက်လ မကုန်ခင် ကျောက်တုံးမြို့တော်ကို အရောက်လာကြပါ၊ ဟောဒီ ဖိတ်ခေါ်ကျွဲချိုကို ယူခဲ့ရမယ်၊ မလာတဲ့မျိုးနွယ်စုကို ဘုရင်ကြီးက ချေမှုန်းပစ်မယ်လို့ အမိန့်ထုတ်ထားတယ်၊ ဒီကာလအတွင်းမှာလည်း မျိုးနွယ်စုတစ်စုနှင့်တစ်စု စစ်မက် မဖြစ်ပွားရဘူး”
ထိုသို့ပြောပြီး ကျွဲချိုကို လငေါရှီးထံပေးလိုက်လေသည်။ ကျွဲချိုတွင် အဖြူရောင်ဖြင့် စာသားများကို ထွင်းထုထားလေသည်။ လငေါရှီးက ထိုကျွဲချိုကို လက်နှစ်ဖက်ဖြင့် သေသေချာချာယူလိုက်သည့်အခါ ထိုသူမှ မြည်းစီးကာ ပြန်သွားတော့လေသည်။
“အဖေ စီးချင်းတိုက်ပွဲဆိုပါလား”
“ဟုတ်တယ်၊ ကျောက်တုံးမြို့တော်က ဘုရင်ကြီးက အသက်ဆယ်နှစ်ပြည့်တိုင်း တစ်ခါကျင်းပတဲ့ပွဲပေါ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကလည်း အဖေက လရှီးမျိုးနွယ်စု ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ခဲ့သေးတယ်”
“နိုင်ရင်ဘာရမှာလဲ”
“နိုင်တဲ့မျိုးနွယ်စုတွေကို စားနပ်ရိက္ခာာတွေပေးတယ်၊ နောက်ပြီး အနိုင်ရသူအဖြစ် သရဖူတစ်လုံးကိုလည်း ပေးအပ်သေးတယ်”
“ဒါဆို အဖေက အဲဒီတုန်းက မနိုင်ခဲ့ဘူးလား”
“မနိုင်ခဲ့ဘူး အဲဒီတုန်းက နိုင်ခဲ့တဲ့သူက သမီးသတ်လိုက်တဲ့ ကျားလူမျိုးစုခေါင်းဆောင်ပေါ့သမီးရယ်”
“ဒါဆို အခု ဘယ်သူက အဲဒီပြိုင်ပွဲမှာ ဝင်ပြိုင်မလဲ”
“ကဲ သားတို့ ရွာကလူတွေကို ကွင်းပြင်မှာ စုခိုင်းလိုက်တော့ ယှဉ်ပြိုင်ဖို့လူကို ရွာကလူတွေကို ရွေးချယ်ခိုင်းရမယ်”
ရွာသားများအားလုံး ရွာလယ်တွင်စုရုံးလိုက်ကြတော့သည်။ လငေါရှီးက အကျိုးအကြောင်းကုန်စင်ကို ရွာသားများကိုပြောပြလိုက်တော့သည်။
“ဒီတော့ ရွာသားများအနေနဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူ့ကို ပြိုင်စေချင်လဲဆိုတာကို ရွေးချယ်ပေးရမှာဖြစ်တယ်”
ထိုအခါ ရွာသားများအားလုံးက တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြတော့သည်။
“ကဖော . . .”
လငေါရှီးက ကဖောကို လှည့်ကြည့်ပြီး ပြုံးပြလိုက်တော့သည်။ ကဖောက အရှေ့သို့ထွက်လာပြီး လက်သီးကိုဆန့်တန်းလိုက်ကာ အော်ဟစ်လိုက်တော့သည်။
“ကျွန်မ ဒီပြိုင်ပွဲကို နိုင်အောင်ယှဉ်ပြိုင်မယ်၊ အနိင်ရသူတို့ရဲ့ သရဖူကို ဒီရွာကို သယ်ဆောင်လာခဲ့မယ်”
“ဟေး . . . ကဖောကွ”
ရွာသားများအားလုံး ကဖောကို ဂုဏ်ပြုအားပေးလိုက်ကြတော့သည်။
များမကြာမီ ခရီးထွက်ရန် ပြင်ဆင်ရတော့သည်။ လငေါရှီးနှင့် သူ့သား ၇ ယောက်နှင့် ကဖောတို့ အတူတူသွားကြမည်ဖြစ်သည်။ ဘုရင်ကြီးကို ဆက်သရန်အတွက် သားရေများ၊ သားမွှေးများကို ပြင်ဆင်ကြရသည်။ ထို့နောက် လမ်းခရီးတွင် စားသောက်မည့် စားနပ်ရိက္ခာများကို စီစဉ်ရသလို၊ ကဖောအမေကလည်း သူတို့ဝတ်ဆင်ရန်အတွက် သားရည်နှင့် သားမွှေးကို ရောစပ်ချုပ်လုပ်ထားသည့် အဝတ်အစားသစ်များကို ချုပ်လုပ်ပေးနေလေသည်။
ထို့နောက် လမကုန်ခင် ကျောက်တုံးမြို့တော်သို့ ချီတက်ခဲ့ကြတော့သည်။ လရှီးရွာနှင့် ကျောက်တုံးမြို့တော်မှာ တစ်ပတ်ခန့်သာ သွားလာရခြင်းဖြစ်သည့်အတွက် အေးအေးလူလူပင် သွားလာခဲ့ကြတော့သည်။ လရှီးမျိုးနွယ်စုများသာမက အခြားမျိုးနွယ်စုများပါ ကျောက်တုံးမြို့တော်သို့ ကိုယ့်အစုနှင့်ကိုယ် ချီတက်ခဲ့ကြတော့သည်။
အပိုင်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။