စုန်းထီးကြီး ဦးဘသာနှင့် အမေ့ပါးက သနပ်ခါး
အတွဲ(၃) စာစဉ် (၁၃) (၁) အညာဒေသရဲ့ထွက်ကုန်ဆိုရင် သနပ်ခါးဆိုတာကလည်း မပါမဖြစ်ပဲဗျ၊ သနပ်ခါးဆိုတာက မြန်မာ့ရိုးရာ လိမ်းကျံစရာအလှကုန်လည်းဖြစ်၊ ဆေးဘက်လည်းဝင်တယ်ဆိုတော့ အထက်အညာသူပဲဖြစ်ဖြစ်၊ အောက်အကြေသူသာမက၊ ဟိုးတောင်တန်းပေါ်က ရှမ်းမတွေတောင်မှ သနပ်ခါးဆို လူတိုင်းကြိုက်တယ်မဟုတ်လားဗျာ။ ကျုပ်တို့ငယ်ငယ်တုန်းကဆို မွေးကတည်းက သနပ်ခါးလိမ်းပြီးကြီးလာကြတာပဲ၊ နွေရာသီလိုမျိုးဆို ကလေးကို ဖင်ကြားပါမကျန် သနပ်ခါးပွတ်ထားတတ်တာ၊ ဟော နည်းနည်းလည်းကြီးလာပြီဆိုပြန်တော့ သနပ်ခါးကိုသွေးသွေးပြီး ခွံ့တတ်ကြသေးတာပဲ၊ ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့အရသာက ဖန်ခါးခါးဆိုတော့ ကလေးတွေကတော့ ဘယ်ကြိုက်ပါ့မလဲဗျာ၊ ဒါပေမယ့် ပါးစပ်ထဲအတင်းခွံ့တယ်ဆိုတော့ ကြောက်ကြောက်နဲ့မြိုချရတာပေါ့။ အရွယ်ရောက်လာပြီး ကျောင်းတက်တဲ့အရွယ်ရောက်ပြီဆိုရင်လည်း သနပ်ခါးဟာ မပါမဖြစ်ဗျ၊ ကျုပ်တို့ကတော့ ဘုန်းကြီးကျောင်းတက်တာပေါ့၊ ဘုန်းကြီးကျောင်းတက်လို့ မျက်နှာမှာ သနပ်ခါးမပါဘူးဆိုလို့ကတော့ ဆရာတော်က ကြိမ်လုံးနဲ့ရိုက်ပါလေရောဗျာ၊ သနပ်ခါးမပါတဲ့မျက်နှာက ကျက်သရေမရှိဘူးတဲ့၊ ယောက်ျားလေးတွေဖြစ်ပေမယ့် မနက်မိုးလင်းရင် သနပ်ခါးခြေဆုံးခေါင်းဆုံးလူးပြီးမှ ဘုန်းကြီးကျောင်းတက်ရတာဗျ။ အသက်နည်းနည်းကြီးလာတော့လည်း သနပ်ခါးပဲ၊…