အပိုင်း(၈)
လဘေးဝါးပြောသည့်အတိုင်းပင် လချေရှီး ကျင်းနက်ကြီးအောက်သို့ ရောက်သွားသည့်အခါ ဘီလူးများမှာ သူ့ကို အနံ့ခံမရပေ။ ကဖောလည်း သူ့အနားတွင်နေသဖြင့် အနံ့ခံမရတော့ပေ။ သူထင်ထားသည့်အတိုင်းပင် တွင်းနက်ထဲတွင် အဆင်ပြေနေခဲ့သည်။ လီဝါးတို့၏ ရွာကိုလည်းကောင်း တက်ဒွန်း၏ အဆောင်ခန်းကလေးကိုလည်းကောင်းတွေ့ခဲ့ကြရသည်။ ကဖောလည်း သူ့ကို အားကိုးသည်ထက် ပိုအားကိုးခဲ့သည်ကို ခံစားမိရတော့သည်။ အထူးသဖြင့်ရွာကလေးတွင် ကဖောနှင့်သူ နှစ်ယောက်တည်းရှိနေချိန်များတွင် သူ့နှလုံးသားများက ကဖောအား အလွန်ချစ်ခင်တွယ်တာနေမိသော်လည်း သူ့ဦးနှောက်အတွင်းတွင်တော့ ကဖောအား ရန်သူတစ်ဦးအဖြစ် မနည်းရိုက်သွင်းနေရတော့သည်။
လီဝါးတို့၏ ကျေးရွာကလေးတွင် အလွန်ချွန်ထက်နေသော ဓါးကလေးတစ်ချောင်းကိုတွေ့ခဲ့ရပြီး ကဖောကို လုပ်ကြံရန်အတွက် ထိုဓါးကလေးကို သိမ်းထားလိုက်တော့သည်။ နောက်ဆုံး အားလုံးဖြတ်ကျော်ပြီး၍ တွင်းနက်ကြီးအတွင်းမှ လွတ်ကာနီးမှ ထိုဓါးကလေးဖြင့် ကဖော၏ နောက်ကျောကို ရင်နာနာနှင့်ပင် ထိုးချခဲ့ရတော့သည်။
ကဖောက လိပ်ဘိုးဘိုးပြောသည့်စကားများအား မယုံနိုင်လွန်းသဖြင့် ခေါင်းသာ တွင်တွင်ခါနေမိတော့သည်။
“မဖြစ်နိုင်ဘူး . . မဖြစ်နိုင်ဘူး၊ ဒါတွေက ဘိုးဘိုးလိမ်ပြီးပြောနေတာဖြစ်ရမယ်၊ ဒီအကြောင်းတွေအကုန်လုံးကို ဘယ်သူက သိနေသလဲ”
“ငါက သိနေခဲ့တာပေါ့”
အသံသြသြကြီးတစ်ခုက အခန်းထောင့်မှထွက်လာာသဖြင့် ကဖောလည်း ထိုနေရာသို့ လှည့်ကြည့်လိုက်တော့သည်။
အရပ်ရှည်ရှည် ပိန်ပိန်နှင့် နားရွက်ချွန်ချွန်လူတစ်ယောက်၊ သူ့ဆံပင်များက ရွှေအိုရောင်ဝင်းလက်နေပြီး ကျောလယ်ခန့်ရှည်လျားသည့် ဆံပင်အရှည်ကြီးများကို ဖားလျားချထားတော့သည်။ အထူးခြားဆုံးမှာ သူ၏ မျက်လုံးဖြစ်ကာ မျက်လုံးထဲတွင် မျက်သားဖြူဖြူများကိုသာမြင်ရပြီး မျက်ဆန်ကိုမတွေ့ရပေ။ ထိုလူကြီး၏ အနီးတစ်ဝိုက်တွင် နေအလင်းရောင်ကဲ့သို့ ထူးခြားသည့်အလင်းတန်းများက ရစ်ဝဲနေကြသည်။
“ရှင် . . ရှင်ကဘယ်သူလဲ”
“ငါက ကဲရိသ”
ကဖောလည်း အလွန်အံ့သြသွားတော့သည်။
“ကဲရိသဆိုတော့ ရှင်. .ရှင်ဘယ်လိုလုပ်ပြီး တွင်းနက်ကြီးထဲကလွတ်ခဲ့တာလဲ”
“မင်းရဲ့ကျေးဇူးတွေပေါ့ကဖော”
“ကျွန်မရဲ့ ကျေးဇူးတွေ . . ဟုတ်လား”
“ငါနဲ့ကျန်တဲ့လီဝါးတွေအကုန်လုံး ဗာဂိုကိုတိုက်ခိုက်ကြပေမယ့် လုံးဝတိုက်ခိုက်လို့မရခဲ့ဘူး၊ ဒါနဲ့ ငါတို့အရေးနိမ့်ပြီးဆုတ်ခွာခဲ့ရတယ်၊ အခုဆိုရင် နှစ်ပေါင်းငါးရာကျော်ကြာခဲ့ပြီကဖော၊ လီဝါးတွေက အသက်အဲဒီလောက်မရှည်တဲ့အတွက် အားလုံး သေဆုံးကုန်ကြတော့တယ်။ ငါတို့မှာ မျိုးဆက်ပွားစရာလည်း မိန်းမမှ မရှိတာကိုး၊ ဒီတော့ ငါတစ်ယောက်သာ ဟောဒီသရဖူကျေးဇူးနဲ့ အသက်မသေဘဲ နှစ်ပေါင်းငါးရာလုံးလုံး တွင်းနက်ထဲမှာ ရှင်သန်နေထိုင်ခဲ့တယ်”
“မဖြစ်နိုင်ဘူးထင်တယ်၊ လီဝါးမျိုးနွယ်စုတွေကို ဝါးမြိုလိုက်တာက ကျွန်မတစ်သက်ပဲရှိသေးတာမဟုတ်လား”
ကဲရိသက ခေါင်းခါလိုက်ပြီးနောက်
“မျိုးနွယ်စုတွေအချင်းချင်း ဝါးမြိုကြပေမယ့် ပြေးလွတ်သွားတဲ့လူတွေရှိခဲ့တယ်၊ အဲဒီလူတွေက မျိုးနွယ်စုတွေပြန်လည်တည်ထောင်ပြီးတော့ နေထိုင်ခဲ့ကြတယ်ကွ၊ တကယ်တော့ မင်းအဖေနဲ့စစ်ဖြစ်ခဲ့တဲ့လီဝါးတွေက လီဝါးအစစ်တွေမဟုတ်ကြဘူး၊ သူတို့ကထွက်ပြေးလွတ်မြောက်ပြီး ကျန်နေခဲ့တဲ့ အသက်ရှင်ကျန်သူတွေပဲ၊ တကယ့်လီဝါးမျိုးနွယ်စုတွေ ဝါးမြိုခံခဲ့ရတာက နှစ်ပေါင်းခြောက်ရာနီးပါးရှိပြီ၊ မင်းတို့ရဲ့ ဘိုးအေကြီးတွေအဆက်ဆက် လီဝါးတွေနဲ့ တိုက်ခိုက်ဝါးမြိုခဲ့တာပဲ”
ကဖောက ထိုတော့မှ ခေါင်းညိတ်လိုက်တော့သည်။
“ဒါဆိုရင် ကျွန်မတစ်ခုမေးစရာရှိတယ်၊ ရှင်တို့ကျတော့ ဗာဂိုကိုတိုက်ခိုက်တာမနိုင်ဘဲနဲ့ ကျွန်မကျတော့ ဘာဖြစ်လို့ ဗာဂိုကို အနိုင်ရခဲ့တာလဲ”
ကဲရိသက ပြုံးလိုက်တော့သည်။
“ဘာလို့လဲဆိုတော့ မင်းပဲသူ့ကိုနိုင်မှာလေ၊ ဗာဂိုက သူလွတ်မြောက်ဖို့အတွက် မင်းကိုစောင့်နေတာ”
“ကျွန်မဘာမှ နားမလည်တော့ဘူး”
“မင်းက ထူးခြားတဲ့လူတစ်ယောက်ပဲ ကဖော၊ မင်းနဲ့ပက်သက်ပြီး ရှေ့ဖြစ်ဟောထားတာတွေက အလကားမဟုတ်ဘူး၊ အဲဒီအတိုင်းပဲ အစီအစဉ်တကျဆက်ဖြစ်နေတာ၊ နှစ်ပေါင်းထောင်ချီကြာတဲ့အခါမှာ ဗာဂိုကို မိန်းကလေးတစ်ယောက်က အနိုင်ယူပြီး ဗာဂိုလွတ်မြောက်သွားလိမ့်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောကိန်းတစ်ခုကလည်း အခုဖြစ်လာခဲ့ပြီမဟုတ်လား”
“ဒါဆို ကျွန်မရှေ့ဆက်ပြီးဘာဖြစ်မလဲဆိုတာ ဟောထားတဲ့ ဟောကိန်းရှိသလား”
ကဲရိသက လိပ်ဘိုးဘိုးကို လှမ်းကြည့်လိုက်ပြီး
“ရှိတော့ရှိတယ်၊ ဒါပေမယ့် မင်းကိုပြောလို့မရဘူး”
“ဘာဖြစ်လို့လဲ”
“ရှေ့ဆက်ပြီး ဘာဆက်ဖြစ်မယ်ဆိုတာကို သိသိကြီးနဲ့ အသက်ရှင်ရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ပျော်စရာကောင်းတော့မှာလဲကွ ဟား . . ဟား”
ကဲရိသက ထိုသို့ပြောလိုက်ကာ သူ့လက်နှစ်ဖက်ကိုဆန့်တန်းလိုက်တော့သည်။ ထိုအခါ သူ့၏ ခြုံထည်ဝတ်ရုံကြီးသည် ကောင်းကင်မှ ပျံဝဲလာပြီး သူ့ကျောကုန်းတွင် လာရောက်တပ်ဆင်ပြီးသားဖြစ်သွားတော့၏။ အဖြူရောင်တွင် ရွှေရောင်အနားကွပ်ထားသည့် ခြုံထည်ကြီးမှာ နေရောင်ခြည်တွင် တလက်လက်တောက်ပနေတော့သည်။
“ဒါဆို ရှင်အခုဘာဆက်လုပ်မလဲ”
“ကျောက်တုံးမြို့တော်မှာ ကျန်နေခဲ့တဲ့ ငါ့စာအုပ်ကို ငါသွားပြန်ယူမယ်”
“ဒါဆို ကျွန်မရော ဘာဆက်လုပ်ရမလဲ”
ကဲရိသက ခပ်ယဲ့ယဲ့ကလေးပြုံးပြလိုက်တော့သည်။
“မင်းလုပ်ချင်တာကိုသာလုပ်၊ မင်းရဲ့ ကံကြမ္မာက မင်းကိုမောင်းနှင်နေမှာပဲ”
ကဲရိသက ထိုသို့ပြောလိုက်ပြီးနောက် မြေပေါ်မှ ကြွသွားတော့ကာ မိုးပေါ်ပျံထွက်သွားလေတော့သည်။ ကဖောလည်း ထူးဆန်းစွာဖြင့် ကြည့်နေလေသည်။
“လိပ်ဘိုးဘိုး ကျွန်မကိုရှေ့ဖြစ်ဟောခဲ့တာဘယ်သူလဲ”
“ပုရောဟိတ်တွေပေါ့ကွာ မင်းကို လွန်ခဲ့တဲ့နှစ်ထောင်ချီကတည်းက ရှေ့ဖြစ်ဟောခဲ့ပြီးသားပဲလေ၊ ဒါနဲ့ ငါဘာလို့ လချေရှီးကို စာလိပ်ကလေးယူခိုင်းလိုက်သလဲ အဲဒီစာလိပ်ကလေးထဲမှာ ဘာပါလဲဆိုတာမင်းသိလား”
ကဖောခေါင်းခါပြသည်။
“ဆေးနည်းတစ်မျိုးပဲကွ အရေးပေါ် အသက်ကယ်ဆေးဆိုတဲ့ဆေးနည်းပဲ၊ ငါလည်းအဲဒီဆေးနည်းကိုရတော့ ဟောဒီတောင်ပေါ်ကိုလာပြီး အဲဒီဆေးကို ကျိုချက်နေရတာပဲ၊ နောက်ပြီးတော့ ဒီဆေးက ဘယ်သူ့အတွက်လို့ မင်းထင်သလဲ”
ကဖောနုတ်ဆိတ်နေသည်။
“မင်းကိုကယ်ဖို့ပေါ့ကွ၊ ရှင်းရှင်းလေးပဲ၊ ဒါကြောင့် ကံကြမ္မာဆိုတာ ဆန်းကြယ်တာပေါ့၊ အဖြစ်အပျက်တွေအားလုံးဟာလေ သူ့နေရာနဲ့သူ ချိတ်ဆက်ပြီး အစီအစဉ်တကျဖြစ်နေကြတာကလား”
“မှတ်ထားကဖော၊ အချိန်ဆိုတာက ရထားတစ်စင်းဆိုရင် ကံကြမ္မာဆိုတာက မောင်းနှင်သူပဲ၊ ဒါကြောင့် ကဲရိသက မင်းလုပ်ချင်တာလုပ်ဆိုပြီးပြောသွားတာ၊ တကယ်တမ်းတော့ မင်းဘဝမှာဖြစ်ပျက်နေတာတွေက အကြောင်းမဲ့မဟုတ်ဘူးကဖော”
လိပ်ဘိုးဘိုးက ဆေးခွက်တစ်ခုယူလာပြီး ကဖောကိုတိုက်လိုက်တော့သည်။ ကဖောလည်း ဆေးသောက်ပြီးမကြာခင် အိပ်ပျော်သွားတော့သည်။ ကဖောတစ်ယောက် ထိုတောင်ပေါ်တွင် စားလိုက်၊ အိပ်လိုက် ဆေးသောက်လိုက်နှင့် ခုနစ်ရက်ပင်ပြည့်ခဲ့ပြီဖြစ်သည်။
မနက်အိပ်ရာထ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အခန်းအတွင်းဘာမှမတွေ့ရတော့ပေ။ လိပ်ဘိုးဘိုးနှင့် သူ့အသုံးအဆောင်တွေလည်း ဘာမှမရှိတော့။ သို့သော် တက်ဒွန်းဝတ်ဆင်ခဲ့သည့် သံချပ်ကာနှင့် လှံံရှည်ကြီးမှာကျန်ရစ်နေသေးသည်။ ကဖောလည်း ထိုချပ်ဝတ်များကိုဝတ်ဆင်လိုက်ကာ လှံရှည်ကိုလက်တစ်ဖက်တွင်စွဲကိုင်လိုက်သည်။
“ငါသွားဖို့ အချိန်တန်ပြီထင်တယ်”
ကဖောက ရေရွတ်လိုက်ကာ ထိုကျောက်တောင်ကမ်းပါးရှိ အခန်းကလေးမှထွက်လာခဲ့သည်။ တောင်ကမ်းပါးယံံတွင် ထွင်းထုတည်ဆောက်ထားသည့် ကျောက်သားလှေကားထစ်ကလေးများအတိုင်း တောင်ခြေသို့ဆင်းလာခဲ့တော့သည်။ ထိုတောင်ကြီးမှာ ထိုဒေသတစ်ဝိုက်တွင် အမြင့်ဆုံးတောင်ကြီးဖြစ်ကာ တောင်ကြီး၏ အမည်မှာလည်း ရသေ့တောင်ဟူ၍ဖြစ်သည်။ ယခင်က တောင်ပေါ်တွင် ရသေ့ကြီးများနေထိုင်ပြီးကျင့်စဉ်များကျင့်ကြံကြသဖြင့် ထိုအမည်သာတွင်နေတော့သည်။ ကဖောလည်း တောင်ပေါ်မှ လေးရက်ခန့်ဆင်းသောအခါ တောင်အောက်သို့ရောက်လာတော့သည်။ ကဖောခြေလှမ်းများက ကျောက်တုံးမြို့တော်ဆီသို့ ဦးမတည်တော့ဘဲ မခူးတောင်တန်းကြီးဆီသို့သာ ဦးတည်နေတော့သည်။
(၂၈)
ယခုဆိုလျှင် လဘေးဝါးက လူမျိုးစုများကို အုပ်ချုပ်ရသည့် အမတ်တစ်ယောက်ဖြစ်နေသကဲ့သို့ ကျောက်တုံးမြို့တော် ဘုရင်ကြီး၏ အကြံပေးအမတ်တစ်ဦးလည်းဖြစ်လာခဲ့သည်။ သုံးဆယ့်နှစ်စုသော မျိုးနွယ်စုများ၏ ကျေးရွာများသို့ အခွန်ကောက်သည်ဟုဆိုကာ အဘိုးတန်ပစ္စည်းများအားလုံးကို သိမ်းယူခဲ့သည်မို့ အတော်ပင် ကြွယ်ဝချမ်းသာနေပြီဖြစ်သည်။ လချေရှီးနှင့် သူ့အမေမှာ လဘေးဝါးကျေးဇူးနှင့် ကျေးကျွန် ခြွေရံသင်းပင်းများစွာနှင့် ကျောက်တုံးမြို့တော်ရှိ ကြီးမားသည့်အိမ်ကြီးတစ်လုံးတွင် စည်းစိမ်အပြည့်နှင့်နေရတော့သည်။
သို့သော် လဘေးဝါး၏လောဘက မျိုးနွယ်စုများသာ အုပ်ချုပ်ရုံမျှမကသေးပေ။ ကျောက်တုံးမြို့တော်ကြီးနှင့် အနီးအပါးဒေသများအားလုံးကို သူ့အာဏာဖြန့်ကျက်ထားချင်သည်။ ထို့အတွက်ကြောင့်လည်း အကွက်ကျကျစီစဉ်ခဲ့လေသည်။
“အဖေ သားတို့ဘာဆက်လုပ်မလဲ”
“မပူနဲ့ငါ့သား၊ ကျောက်တုံးမြို့တော်ဘုရင်ကြီးကို မဟုတ်တဲ့အကြံေတွေပေးပြီး အုပ်ချုပ်စေခိုင်းထားတာမို့လို့ မြို့သူမြို့သားတွေအားလုံးက ဘုရင်ကြီးကို မုန်းတီးနေကြပြီ၊ ဘုရင်ကြီးနောက်ထပ် ဆက်ခံမယ့် မိသားစုတွေအားလုံးကိုလည်း အပြတ်ရှင်းထားပြီမို့လို့ ဒီဘုရင်ကြီးကို အပြတ်ရှင်းပြီးရင်တော့ သူ့အာဏာတွေအကုန်လုံးက အဖေတို့လက်ထဲကို အလိုလိုရောက်လာကြမှာပဲ”
“ဒါဖြင့် ဘယ်တော့လုပ်ငန်းစမလဲ”
“လုပ်ငန်းက စနေပြီးသားပဲ၊ ဒါပေမယ့် အဖေတို့ တစ်ခုကို စောင့်နေတာ”
“ဘာလဲအဖေ”
“သားက ဒီကျောက်တုံးမြို့တော်ကြီးကို အုပ်ချုပ်မယ့်လူဆိုတော့ နာမည်ကြီးဖို့လိုတယ်၊ ဒီဘုရင်ကြီးမရှိရင် သားက ဒီမြို့ကြီးကို ကယ်တင်ရမယ့် ကယ်တင်သူအဖြစ် မြို့သားတွေက ထင်မြင်နေမှသာ သားကို ယုံကြည်ကြမယ်၊ သားအုပ်ချုပ်တာကို လိုက်နာပြီး ကျေကျေနပ်နပ်ကြီးအုပ်ချုပ်ခံကြလိမ့်မယ် ငါ့သားရဲ့”
“ဒါဖြင့် ဘယ်လိုကြံထားသလဲ”
“သားမကြာခင် သိရမှာပါကွာ၊ အခုတော့ အေးအေးဆေးဆေးစားလိုက်သောက်လိုက်နဲ့ လုပ်နေဦး ဟုတ်လား၊ မင်းအတွက် လုံမပျိုလေး သံုံးဆယ် အဖေစီစဉ်ပေးထားတယ်၊ သူတို့နဲ့ပျော်ပါးနေဦးပေါ့ကွာ”
လချေရှီးက လဘေးဝါးကို အရိုအသေပေးလိုက်ပြီးနောက် အခန်းအတွင်းမှထွက်သွားတော့သည်။ ရွှေရောင်ပိုးဖဲစများဝတ်ဆင်ထားသည့် လချေရှီးမှာ ယခင်နှင့်မတူဘဲ မင်းညီမင်းသားတစ်ပါးမျှ လှပနေတော့သည်။ ကြီးမားလှသည့်အိမ်ကြီး၏ အပေါ်ထပ်တွင် လချေရှီးက နေထိုင်တော့သည်။ အလုပ်အကျွေးပြုရန် ကျွန်များနှင့် လုံမပျိုလေးများက လချေရှီးအား ပြုစုကြတော့သည်။ လချေရှီးလည်း သူတို့၏ အပြုအစုအယုအယများတွင် သာယာနေကာ လူ့စည်းစိမ်ကိုခံစားနေတော့သည်။
“အင်း ငါတောင် ဒီဘာမှမဟုတ်တာလေးနဲ့ စည်းစိမ်ခံစားနေရတယ်ဆိုရင်၊ ငါသာဘုရင်ဖြစ်ရင် ဘယ်လောက်များ စည်းစိမ်တွေ ပြည့်နှက်နေမလဲ”
လချေရှီးကတွေးလိုက်ပြီး လက်ထဲက ကစော်ရည်တစ်ခွက်ကိုမော့သောက်လိုက်တော့သည်။ လုံမပျိုကလေးတစ်ဦးက လချေရှီးကိုယ်လုံးပေါ်သို့ မှီချလိုက်ပြီး အနမ်းပေးလိုက်တော့ လချေရှီးက ထိုလုံမပျိုကလေးကို ဆွဲပွေ့ကာဖက်ထားလိုက်တော့သည်။
သုံးရက်ခန့်ကြာခဲ့ပြီ။
လမ်းတွင် ခရီးသွားတစ်စုနှင့်တွေ့ခဲ့သဖြင့် ကဖောက အဖော်ရသွားတော့သည်။ ထိုခရီးသွားများမှာ ရသေ့တောင်ကြီးပေါ်ရှိ နတ်ဘုရားကျောင်းတွင် နတ်ဘုရားများကို နှစ်စဉ်ပူဇော်ပွဲပေးပြီး ပြန်ဆင်းလာကြသည့်သူများဖြစ်သည်။ ကဖောလည်း အစာမစားသောက်ရသည်မှာကြာပြီဖြစ်သဖြင့် ထိုခရီးသွားများက သူ့အားကျွေးမွေးကြတော့သည်။ ကဖောက ပျစ်ချွဲနေသည့် ဆန်ပြုတ်တစ်ခွက်နှင့် အသားခြောက်များကို အငမ်းမရစားသောက်နေတော့သည်။ ခရီးသွားများက ကဖော အားရပါးရ စားသောက်နေသည်ကို ကြည့်နေကြတော့သည်။
“ဒါနဲ့ မိန်းကလေး မင်းကဘယ်သူလဲ၊ ငါ့စိတ်ထဲ မင်းကို ငါမြင်ဖူးနေတယ်လို့ ထင်နေတယ်”
ခရီးသွားတစ်ယောက်က ပြောလိုက်သည့်အခါ နောက်ခရီးသွားတစ်ယောက်ကလည်း မှတ်ချက်ပေးလေသည်။
“မင်းက ကြေးရောင်သံချပ်ကာကိုဝတ်ထားပြီး လှံရှည်ကိုင်ထားတယ်ဆိုတော့၊ မင်းဟာ သူရဲကောင်းတစ်ယောက်ဖြစ်ရမယ်”
ကဖောက စားလက်စဆန်ပြုတ်များကို မြိုချလိုက်ပြီး
“ရှင်တို့ ကျွန်မရုပ်ကို မမှတ်မိကြတော့ဘူးလား၊ ရှင်တို့သာကျောက်တုံးမြို့တော်က လူတွေဆိုရင် ကျွန်မကို မသိတဲ့လူမရှိဘူး”
ခရီးသွားများ အံ့အားသင့်သွားကြတော့သည်။
“ကျုပ်တို့က ကျောက်တုံးမြို့တော်ကပါပဲ၊ ဒီကမိန်းကလေး နာမည်ကလေး သိပါရစေ”
“ကျွန်မနာမည် ကဖော”
ထိုအသံကိုကြားလိုက်သည့်အခါ ခရီးသွားများအားလုံး လန့်သွားကြတော့သည်။
“ကဖော . . . ကဖော . . ဒါဆို မျိုးနွယ်စုတွေရဲ့ အနိုင်ရသူ၊ ကျောက်တုံးမြို့တော်ရဲ့ သူရဲကောင်း ကဖောပေါ့”
ခရီးသွားများအားလုံးက ကဖောအား အထူးအဆန်းဖြင့်ကြည့်ကြတော့သည်။
“ဒါကြောင့် မင်းကို ငါတော့ မြင်ဖူးတယ်လို့ ထင်နေတာကိုး၊ ဒါနဲ့ မင်းကို ဘုရင်ကြီးက တွင်းနက်ကြီးထဲပစ်ချလိုက်ပြီလေ၊ မင်းဘယ်လိုဖြစ်လို့ အပြင်ကိုပြန်ရောက်လာတာလဲ”
ကဖောက ရယ်မောလိုက်တော့သည်။
“ကျွန်မကို ကောက်ကျစ်တဲ့ဘုရင်ကြီးက တွင်းနက်ထဲကို ပစ်ချလိုက်ပေမယ့် နတ်ဘုရားတွေက ကျွန်မကိုကယ်တင်ခဲ့တယ်၊ နောက်ပြီး ကျွန်မကို ဟောဒီလက်နက်တွေပေးခဲ့တယ်၊ ကျွန်မမှာ တာဝန်တစ်ခုရှိသေးတယ်။ အဲဒါကဘာလဲဆိုတော့ ကျောက်တုံးမြို့တော်က ယုတ်မာတဲ့ဘုရင်ကြီးကို သူလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြစ်ဒဏ်ပြန်ပေးဖို့ဖြစ်တယ်”
ခရီးသွားများက မျှော်လင့်ချက်ပါသော အကြည့်များဖြင့်ကြည့်ကာ ကဖောပြောသည့်စကားကို လက်ခုပ်တီးပြီး အားပေးလိုက်တော့သည်။
“ဟုတ်တယ်၊ ဘုရင်ကြီးက အရမ်းကောက်ကျစ်ယုတ်မာတယ်၊ အခုဆို မင်းအကြောင်းပြောတဲ့သူတွေအကုန် အဖမ်းခံရတယ်၊ အသတ်ခံရတယ်၊ ဒါတင်မကဘဲ ကျောက်တုံးမြို့တော်ကို တည်ထောင်ခဲ့တဲ့ မိသားစုတွေကိုလည်း ရက်ရက်စက်စက်သတ်ပစ်ခဲ့ကြတယ်၊ အခုဆိုရင် ကျောက်တုံးမြို့တော်ထဲက မြို့သားတွေအားလုံး အကြောက်တရားတွေနဲ့နေထိုင်ကြရတယ်”
“ဒါတင်ဘယ်ကမလဲ၊ မျိုးနွယ်စုတွေကိုလည်း အခွန်ကောက်တယ်ဆိုပြီး ရှိသမျှ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ဓါးပြတိုက်သလို ရှာဖွေပြီး အကုန်သိမ်းပစ်ကြတယ်”
ထိုစကားကို ကြားတော့ ကဖောက တောက်တစ်ချက်ခေါက်လိုက်တော့သည်။
“ဒါနဲ့ မျိုးနွယ်စုတွေက ငြိမ်ခံနေသလား”
“ငြိမ်မခံလို့ ဘယ်ရမလဲ ကဖောရဲ့၊ ကျောက်တုံးမြို့တော်က ဘုရင်ကြီးရဲ့ စစ်အင်အားကို ခုခံနိုင်တဲ့ မျိုးနွယ်စုမှ မရှိတာ၊ နောက်ပြီး သူတို့က မင်းတို့ လရှီး မျိုးနွယ်စုလိုဖြစ်အောင်လုပ်ပြစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ ဘယ်မျိုးနွယ်စုက အာခံရဲမလဲ”
ကဖောဒေါသများ ထိန်းချုပ်မရတော့ပေ။ မျိုးနွယ်စုများနှင့် လရှီးများအကြောင်း ကြားသိလိုက်ရသည့်အခါ သူထိန်းချုပ်ထားသည့် အတိတ်မှ ဒေါသများက တစ်ဖန်ပေါက်ကွဲထွက်လာတော့သည်။ ထိုအခါ လှံတံကိုကောက်လိုက်ပြီး အနားတွင်ရှိသော သစ်ပင်ကြီးကို ပစ်ပေါက်ထည့်လိုက်တော့သည်။ လူတစ်ဖက်ခန့်ရှိသည့် သစ်ပင်ကြီး၏ပင်စည်ကို လှံတံက ထုတ်ချင်းပေါက် ပေါက်ဝင်သွားသည်ကို ခရီးသွားများတွေ့ပြီး အံ့သြမဆုံးဖြစ်နေကြသည်။
“ဒါဆိုရင် ရှင်တို့မြို့တော်ကို ပြန်ရောက်တဲ့အခါ သတင်းစကားပါးလိုက်ပါ၊ ကဖောမသေဘူး။ နတ်ဘုရားတွေရဲ့ ကယ်တင်မှုနဲ့ ပြန်လွတ်မြောက်လာပြီ၊ မကြာခင် ကျောက်တုံးမြို့တော်ကို လာလိမ့်မယ်၊ ဘုရင်ကြီးကျူးလွန်ခဲ့တဲ့ အပြစ်တွေအကုန် ပြန်ပေးဆပ်ရတော့မယ်လို့ ပြောလိုက်ကြပါ”
ခရီးသွားများနှင့် အတူသွားရင်း နေ့တစ်ဝက်ခန့်ကြာသည့်အခါ မခူးတောင်တန်းပေါ်သို့ တက်သည့်လမ်းခွဲရောက်တော့သည်။ ကဖောတစ်ယောက် ခရီးသွားများကို နှုတ်ဆက်ပြီး မခူးတောင်တန်းကြီးပေါ်သို့ တက်လာခဲ့တော့လေသည်။
လဘေးဝါးတို့၏ စံအိမ်တော်ကြီးတွင်ဖြစ်သည်။
ကြီးမားလှသော ကျောက်စားပွဲကြီးပေါ်တွင် အသား၊ ငါးများ အသီးအနှံများကို ပြတ်သိပ်နေအောင်တင်ထားကြသည်။ ကစော်ရည်များကို အလွန်ကြီးမားသည့် အိုးကြီးများနှင့် ထည့်ထားကြတော့သည်။ စားပွဲဝိုင်းထိပ်တွင် လဘေးဝါးကထိုင်နေပြီး ညာဖက်တွင်တော့ လချေရှီးက ထိုင်နေကာ ဘယ်ဖက်တွင်တော့ ယုဝါက ထိုင်နေတော့သည်။ သုံးဦးသာစားသောက်သည့်ပွဲဖြစ်သော်လည်း စားစရာတွေက အလျှံပယ်ဖြစ်နေတော့သည်။
“ကဲ သားရေ စိတ်ကြိုက်သာစားစမ်းကွာ၊ ဟောဒီမှာကြည့်စမ်း ဝက်ပေါင်ကြီးကို ပျားရည်နဲ့လူးပြီးကင်ထားတာ အရမ်းချိုတယ်”
လဘေးဝါးက ပြောလိုက်ကာ ဝက်ပေါင်ကြီးကို တစ်ကိုက်ကိုက်လိုက်တော့သည်။ ဝက်ပေါင်ကင်မှ အရည်များက စီးကျလာစားပွဲပေါ်တွင် အိုင်နေတော့သည်။ လဘေးဝါးက အရသာခံကာ တဖြည်းဖြည်းချင်းဝါးနေတော့သည်။
“အရင်ကဆိုကြည့်စမ်း ငါတို့ လရှီးတွေဆီမှာနေတုန်းကဆို အသားဆိုတာ တစ်နှစ်တစ်ခါတောင် စားရခဲတာ၊ အခုတော့ကြည့် စားရတာမှ အလျှံပယ်ပဲ၊ ငါတစ်ခါတစ်လေတော့လဲ စဉ်းစားမိတယ်၊ မျိုးနွယ်စုတွေဟာ ဘာလို့ ခဲရာခဲဆစ်တောင်ပေါ်မှာ သွားနေကြသလဲလို့ . . ဟား . . ဟား”
လဘေးဝါးက ရယ်မောနေသော်လည်း လချေရှီးကမရယ်နိုင်ပေ။ သူ့အနားတွင်ရှိသော အမဲသားကင်ချပ်ကြီးကို ကြည့်ရင်း တစ်ချိန်က ကဖောက သူ့ကို အမြဲတမ်း အသားတွေယူလာပြီး ခိုးကျွေးခဲ့သည်ကို သတိရကာ ငိုချင်သလိုဖြစ်လာတော့သည်။ လချေရှီးအမေက သူ့သားမျက်နှာကိုရိပ်စားမိလိုက်သည်။
“သား ဘာတွေတွေးနေတာလဲ စားလေ”
လချေရှီးရုတ်တရက်မို့ ဘာပြောရမှန်းမသိ။
“ဟို မဟုတ်ပါဘူး . . မိန်းကလေးတွေအကြောင်းတွေးနေတာပါ”
ထိုအခါ လဘေးဝါးက ရယ်မောလိုက်တော့သည်။
“ဟား . . ဟား ငါ့သားကတော့ မစားဖူးတဲ့အစာတွေစားမိပြီး အကြိုက်တွေ့နေပြီထင့်ပါ့၊ မပူနဲ့သား မင်းဘုရင်ဖြစ်ရင် ဒီထက်ကောင်းတာတွေ အများကြီးခံစားရဦးမှာ”
လဘေးဝါးက ကစော်ရည်တစ်ခွက်ကို မော့သောက်လိုက်တော့သည်။ ထိုအခါတွင် ညစာစားသည့်အခန်းတံခါးကြီးသည် ဝုန်းခနဲပွင့်သွားပြီးနောက် အစေခံတစ်ယောက်က ပြေးဝင်လာလေသည်။ ထိုလူမှာ လဘေးဝါး၏ ကျွန်ယုံတစ်ယောက်ဖြစ်သည်။
“ဆရာကြီး အရေးတော့ပေါ်နေပြီ”
“ဘာအရေးလဲကွာ၊ ဒီမှာ ငါတို့စားသောက်နေတာမတွေ့ဘူးလား။ အရေးမကြီးရင် ပြီးမှပြောကွာ”
“အရေးကြီးတယ် . . ဟို . . ဟို ကဖောပြန်လာပြီတဲ့”
“ဘာ . . .”
လဘေးဝါး အံ့သြသွားပြီး လက်ထဲမှ ဝက်ပေါင်ကြီးပါ ပြုတ်ကျသွားတော့သည်။
“ဟုတ်ပါ့မလားကွာ၊ ကောလာဟလတွေနေမှာပါ”
“မဟုတ်ဘူးဆရာကြီး၊ ညနေက မြို့ထဲဝင်လာတဲ့ ခရီးသွားအဖွဲ့ကပြောခဲ့တာပဲ၊ ကဖောကို သူတို့တွေ့ခဲ့တယ်တဲ့”
ထိုအခါ လဘေးဝါးက လချေရှီးကို လှည့်ကြည့်လိုက်တော့သည်။
“မဖြစ်နိုင်ပါဘူးအဖေရာ ကျွန်တော်ကိုယ်တိုင် သူ့နောက်ကျောကို ဓါးတစ်ချက်၊ သူ့နှလုံးသားကို ဓါးတစ်ချက် ထိုးခဲ့လိုက်တာ၊ သူလည်း သွေးအိုင်ထဲလဲပြီး ကျန်နေခဲ့တာပါ၊ ကောလာဟလတွေဖြစ်မှာပါဗျ”
“အေး ငါ့သားကိုငါယုံတယ်၊ ဒါနဲ့ မင်းကြားခဲ့ရတာကို အသေးစိတ်ပြန်ပြောပြစမ်း”
“မိန်းကလေးကဖောကို နတ်ဘုရားတွေက ကယ်တင်ခဲ့တယ်၊ ပြီးတော့ ရွှေရောင်လက်နေတဲ့ သံချပ်ကာနဲ့ နတ်လှံကြီးတစ်ခုကို ပေးလိုက်တယ်တဲ့။ ကျောကုန်းမှာလည်း အနီရောင်ဝတ်ရုံကြီးတစ်ခုကို ဝတ်ထားသေးတယ်၊ နောက်ပြီး ကဖောက ပြောသေးတယ်တဲ့”
“ဘာပြောလဲ”
“နတ်ဘုရားတွေရဲ့ အမိန့်အရ ကောက်ကျစ်ယုတ်မာတဲ့ ဘုရင်ကြီးကို အပြစ်ပေးဖို့ သူပြန်လာပြီတဲ့”
“အို နတ်ဘုရားအပေါင်း ကယ်တော်မူပါ . .”
လဘေးဝါးက သူ့နှဖူးကို သူရိုက်ပြီးတော့ ရေရွတ်လိုက်သည်။
“မဖြစ်ဘူး၊ မြင်းလှည်းအသင့်ပြင်စမ်းကွာ၊ ငါနန်းတွင်းကို အခုချက်ချင်းဝင်ရမယ်”
လဘေးဝါးက ကပိုကယိုနှင့် အခန်းထဲမှပြေးထွက်သွားတော့သည်။ ညစာစားပွဲတွင် ထိုင်နေသည့် လချေရှီးကတော့ စဉ်းစားနေတော့သည်။
“သူပြောပုံအရဆို ရွှေရောင်သံချပ်ကာနဲ့ လှံနဲ့ဆိုတော့ ကဖောဆိုတာသေချာတယ်၊ ဒါဆို ကဖောမသေဘူးပေါ့၊ ကဖောအသက်ရှင်နေသေးတယ်ပေါ့”
ထိုသို့တွေးမိပြီး လချေရှီး စိတ်ထဲပျော်မိသလိုဖြစ်သွားတော့သည်။ ကဖောကို သူသတ်လိုက်ပြီးကတည်းက နေ့တိုင်း ညတိုင်း နေမိထိုင်မသာဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် အရက်နှင့် မိန်းမလှလေးများဘက်သို့ အာရုံပြောင်းကာ နေနေရသော်လည်း ကဖောကို သတိရသည့်အခါတိုင်း နှလုံးသားကနာကျင်လာလေသည်။
“ကဖော မသေသေးဘူး၊ ကဖောမသေသေးဘူး”
ပျော်ရွှင်နေသဖြင့် စိတ်ထဲရေရွတ်နေရင်း နှုတ်ကပါ ထွက်သွားတော့သည်။ လချေရှီးအမေက မျက်နှာကြီး ခက်ထန်သွားတော့သည်။
“ဟဲ့သား၊ နင်ဘာလို့ပျော်နေတာလဲ။ ကဖောဆိုတာနင့်ရန်သူ၊ နင်သွားမယ့်လမ်းက အတားအဆီးကြီးတစ်ခု၊ ဒါကို နင်ဘာလို့ပျော်နေတာလဲ၊ အမေဖြင့် စိတ်မအေးလိုက်တာ”
ထိုသို့ပြောပြီးနောက် လချေရှီးအမေက စားပွဲဝိုင်းမှ ထထွက်သွားတော့သည်။ လချေရှီးလည်း သူ့အဆောင်သို့ ပြန်လာခဲ့တော့သည်။ အဆောင်ရောက်သည်နှင့် မိန်းကလေးများက လချေရှီးကို ဝိုင်းပြီးပွတ်သပ်ကာကြိုဆိုကြတော့သည်။ လချေရှီးက ထိုမိန်းကလေးများအားလုံးကို တွန်းထုတ်လိုက်တော့သည်။
“သွားကြ . . သွားကြ ငါတစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တယ်”
လချေရှီးကပြောလိုက်ပြီးနောက် သားမွှေးများဖြင့်ခင်းထားသည့် မွေ့ရာကြီးပေါ်သို့ လှဲချလိုက်တော့သည်။
“ကဖော နင်ဟာရန်သူ၊ ငါ့ရဲ့ အချစ်ရဆုံးရန်သူကြီးပဲ”
ဟုရေရွတ်လိုက်တော့သည်။
လဘေးဝါး နန်းတွင်းသို့ ဝင်လိုက်ပြီး ဘုရင်ကြီးနေသည့် အခန်းသို့ ဦးတည်လိုက်တော့သည်။ သို့သော်ဘုရင်ကြီးက ပုလ္လင်ခန်းတွင်ပင် ရောက်နေပြီဖြစ်သည်။ လဘေးဝါးက ဘုရင်ကြီးဆီ အပြေးသွားလိုက်တော့သည်။
“အတော်ပဲ ငါလည်း မောင်မင်းကို ခေါ်ခိုင်းတော့မလို့”
“ဒါဆို ဒီသတင်းကို ဘုရင်ကြီး ကြားပြီးပြီပေါ့”
“ဟ . . လဘေးဝါးရ၊ အခု တစ်မြို့လုံးက ဒီသတင်းကို ပြောနေပြီ။ ပြောတဲ့လူတိုင်းကို ဖမ်းရအောင်ကလည်း၊ ကလေးကအစ ဒီအကြောင်းပဲပြောနေတော့ဆိုတော့ ငါဘယ်လိုလုပ်ရမလဲ”
“ဒီသတင်းမဖြစ်နိုင်ပါ ဘုရင်ကြီး၊ ဘာလို့လဲဆိုတော့ ကဖောကို တွင်းနက်ထဲလည်း ပစ်ချခဲ့ပြီ၊ နောက်ပြီး ကဖောကို တွင်းနက်ထဲမှာသတ်ပစ်ခဲ့ပြီလို့ ခိုင်မာတဲ့ သတင်းတွေရထားပါတယ်”
“ဟုတ်ရဲ့လား လဘေးဝါး၊ ဒီတစ်ခါ မင်းမှားရင်တော့ မင်းကို ဘန်ဝါးက ချမ်းသာပေးပေမယ့် ငါကချမ်းသာပေးမှာ မဟုတ်ဘူးနော်”
လဘေးဝါး ဇက်ကို ပုလိုက်တော့သည်။
“ကဖော မသေဘဲ ပြန်လာတာတော့ လုံးဝမဖြစ်နိုင်ပါဘူး၊ ကောလာဟလဖြစ်မှာပါ”
ဘုရင်ကြီးက အလွန်စိတ်ဆိုးနေတော့လေသည်။
“အေး ပြီးရော၊ တကယ်လို့ ကဖောမသေသေးဘူးဆိုတာကို ငါသိလို့ကတော့ မင်းရော၊ မင်းမိသားစုတွေပါ အကုန်လုံး ကျောက်တုံးနဲ့တွေ့ပြီသာမှတ်လိုက်တော့”
“ဟုတ် . .ဟုတ်ကဲ့ပါဘုရင်ကြီး၊ ဒီကိစ္စကို ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်”
လဘေးဝါးလည်း နန်းဆောင်အတွင်းမှ ပြန်ထွက်လာခဲ့တော့သည်။ ထို့နောက် သူ့နှဖူးပြောင်ပြောင်တွင် စို့နေသည့် ချွေးများကို လက်နှင့်သပ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်တော့၏။
“ဟူး . . ဘာတွေဖြစ်ကုန်တာလဲကွာ”
(၂၉)
ကျားလူမျိုးခေါင်းဆောင် ဘန်ဝါးမှာ သူ့အိမ်တွင် ထိုင်နေတော့သည်။ ဖခင်သေဆုံးပြီးကတည်းက အဖော်ဖြစ်ခဲ့သည့် ပြောင်းဖြင့်လုပ်ထားသည့် ခေါင်ရည်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်ရင်း မူးယစ်နေတော့သည်။
“ခေါင်းဆောင်ကြီး . . ကဖော . . ကဖောဆိုတဲ့မိန်းကလေးရောက်လာပြီ အခုရွာတံခါးမှာ ရပ်နေပါတယ်”
ဘန်ဝါးမျက်လုံးများပြူးကျယ်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီးနောက်
“ဟုတ်ပါ့မလားကွ၊ ကဖောက သေသွားပြီမဟုတ်လား”
“ဒါတော့ ကျွန်တော်မသိဘူးခေါင်းဆောင်၊ အခု သူ့ကိုယ်သူ ကဖောလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က လှံတစ်ချောင်းနဲ့ ရွာတံခါးမှာ ရပ်နေပါတယ်”
ဘန်ဝါးက လက်ထဲက ခေါင်ရည်ကို အပြီးသတ်မော့ချလိုက်ပြီးနောက် သူ့လက်စွဲတော် တင်းပုတ်ကြီးကို ကိုင်ဆွဲကာ အပြင်သို့ထွက်ခဲ့တော့သည်။ ရွာတံခါးအရောက်တွင် ရွာသားသုံးဆယ်ခန့်က ဝိုင်းထားသည့် လူတစ်ယောက်ကိုတွေ့ရသည်။ အနီးရောက်တော့မှ ဘန်ဝါးက လန့်သွားတော့သည်။
“ဟင် . . က . . ကဖော”
“ဘယ်လိုလည်း ဘန်ဝါး လန့်သွားပြီလား၊ မင်းတို့ဆီလာတဲ့ ဧည့်သည်ကို မင်းတို့ အဲဒီလိုပဲ ဧည့်ခံရသလား”
“ဟား . . ဟား . . ဟား”
ဘန်ဝါးက အားရပါးရ ရယ်မောလိုက်တော့သည်။
“ဒီမယ်ကဖော မင်းက ငါတို့ရွာအတွက်တော့ ဧည့်သည်မဟုတ်ဘူးကွ၊ ငါတို့အတွက် ရန်သူပဲ”
“ရပါတယ်ဘန်ဝါး၊ ရန်သူဆိုရင်လည်း တစ်ပွဲတစ်လမ်းလောက်စမ်းရအောင် လာခဲ့လေ၊ ကဖောဆိုတဲ့ကျွန်မက အချိန်မရွေးဘူး”
ဘန်ဝါးက ပြေးဝင်လာတော့သည်။ တင်းပုတ်ကြီးကို အားဖြင့်မြှောက်လိုက်ပြီး ကဖောကို မိုးပြီး ရိုက်ထည့်လိုက်တော့သည်။ ကဖောကလည်း လှံတံဖြင့် တင်းပုတ်ကြီးကို ပြန်ပြီးခံလိုက်တော့သည်။
“ဝုန်း”
ပြင်းထန်သည့်အားကို ခုခံနိုင်လိုက်သည့်အတွက် ဘန်ဝါးသာ အားလွန်ပြီး အနောက်သို့လန်သွားတော့သည်။ ထိုအခါ ကဖောက ဘန်ဝါး၏တင်းပုတ်ကြီးကို သူ့လှံသွားနှင့်ခုတ်ဖြတ်လိုက်လေရာ တင်းပုတ်ကြီးမှာ နှစ်ပိုင်းပြတ်ကျသွားတော့သည်။
“ကဖော . . မင်း . . မင်း ပိုပြီးသန်မာလာတယ်၊ မင်း . . မင်းက ငါသိခဲ့တဲ့ ကဖောအစစ်ပဲ”
“ဘယ်လိုလည်း ဘန်ဝါး ရှင်ကျွန်မကို ဘယ်အချိန်ပြိုင်ပြိုင် မနိုင်ပါဘူး”
ထိုအခါ ဘန်ဝါးက ပြုံးလိုက်တော့သည်။
“ငါရှုံးပါတယ်ကဖောရယ်၊ လာပါ မိတ်ဆွေကြီး ရွာထဲကို ဝင်လှည့်ပါ”
ဘန်ဝါးက ကဖောကို ရွာအတွင်းသို့ ခေါ်သွင်းလိုက်သော်လည်း ရွာသားများကတော့ အလွန်ကြောက်ရွံ့နေကြသည်။ ကဖောကို ကြောက်ရွံ့နေခြင်းတော့မဟုတ်။ ကဖောနှင့်ဆက်ဆံသူများကို ကျောက်တုံးမြို့တော်ဘုရင်ကြီးက အပြစ်ပေးသည့်အတွက်ကြောင့် ဘုရင်ကြီး၏ အာဏာကို ကြောက်လန့်ကြခြင်းဖြစ်သည်။
ကျားလူမျိုးစုခေါင်းဆောင်၏ ဧည့်ခန်းတဲကြီးအတွင်းသို့ ကဖောကို ခေါ်လာခဲ့သည်။ ထို့နောက် စားပွဲပေါ်တွင် မြေပဲများနှင့် ပြောင်းဖူးခေါင်ရည်တို့ကို ချပေးလိုက်တော့သည်။
“ကဖော မင်းလာတာကို ရွာကလူတွေကတော့ မကြိုက်ကြဘူး၊ ဆိုစမ်းပါဦး မင်းဘာကိစ္စနဲ့လာတာလဲ”
ဘန်ဝါးက ကဖောရှေ့ရှိခွက်ထဲသို့ ပြောင်းဖူးခေါင်ရည်တစ်ခွက်ကို ငှဲ့ထည့်ပေးလိုက်သည့်အခါ ကဖောက အားရပါးရ ကောက်သောက်လိုက်တော့သည်။
“ကျွန်မ ဒီတစ်ခါလာရတာကတော့ ကျောက်တုံးမြို့တော် ဘုရင်ကြီးကို တော်လှန်ရအောင်လို့ လူလာစုတာပဲ”
ဘန်ဝါးက ပြုံးလိုက်တော့သည်။
“မင်းမိသားစုအတွက် သွေးကြွေးကို ငါတို့ ကျားလူမျိုးတွေက အသက်တွေပေးရလောက်အောင်လို့ ငါတို့ မတုံးအဘူး ကဖောရဲ့”
“ကျွန်မလာတာ ကျွန်မတို့ မျိုးနွယ်စုတွေရဲ့ သွေးကြွေးအတွက်မဟုတ်ဘူး ဘန်ဝါး၊ ဒီမခူးတောင်ပေါ်က မျိုးနွယ်စုတွေ အားလုံးရဲ့ ရှေ့ရေးအတွက်လာခဲ့တာ”
ဘန်ဝါးက မျက်မှောင်ကြုတ်လိုက်တော့သည်။
“ဆိုစမ်းပါဦး”
“ကျွန်မတို့ မျိုးနွယ်စုတွေကို ကျောက်တုံးမြို့တော်က ဘုရင်ကြီးက အမြဲတမ်း တိရစ္ဆာန်တွေလို ဆက်ဆံခဲ့တယ်၊ မျိုးနွယ်စုတွေကို နှိမ်ချခဲ့တယ်။ မျိုးနွယ်စုတွေအချင်းချင်း သွေးချောင်းစီး တိုက်ခိုက်နေတာကို မျက်နှာလွှဲပြီး မသိသလိုနေနေခဲ့တယ်၊ နောက်ပြီး အခုတော့ မျိုးနွယ်စုတွေကို အင်အားပြပြီး ဓါးပြတိုက်လာခဲ့တယ်မဟုတ်လား၊ ရှင်တို့တွေတောင် ခေါင်းငုံ့ပြီး ငြိမ်ခံခဲ့ရတယ်မဟုတ်လား”
ဘန်ဝါးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။
“ဒါပေမယ့်် ငါတို့ဘာမှလုပ်လို့မရဘူး ကဖောရဲ့၊ ငါတို့ရဲ့ အင်အားနဲ့ ကျောက်တုံးမြို့တော်က စစ်တပ်ကြီးကို ဘယ်လိုမှအနိင်မတိုက်နိုင်ဘူး၊ ငါတို့ ခုခံရင် ငါတို့ပဲ မိုက်မဲရာကျမယ်လေ”
“ဒါနဲ့ပဲ ငြိမ်ခံနေလိုက်တယ်ပေါ့”
ဘန်ဝါးက ဒေါသထွက်ကာ ဝါးဖြင့်လုပ်ထားသည့် စားပွဲခုံကြီးကို လက်နှင့်ထုလိုက်တော့သည်။
“ကဖော မင်းငါ့ဒေါသကို ဆွပေးလို့လည်း ငါက ဦးနှောက်မရှိတဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူး၊ မင်းက တော်လှန်မယ်ဆိုပေမယ့် မင်းမှာ လူအင်အားရှိတာမဟုတ်ဘူး၊ ငါတို့ မိုက်မဲရင် ငါတို့ရဲ့ မျိုးနွယ်စုတွေ၊ ကလေးတွေ၊ မိန်းမတွေ အကုန်လုံး အသက်ပေးကြရမှာ”
“ဒါဖြင့်ရင်လည်း ဆက်ပြီးငြိမ်ခံနေလိုက်ပေါ့ ဘန်ဝါး၊ ရှင်တို့ရဲ့ မိန်းမတွေ၊ ကလေးတွေကို ဘုရင်ကြီးက ဖမ်းယူတဲ့အချိန်အထိ၊ ရှင်တို့ရဲ့ ခြေတွေ လက်တွေကို လှီးဖြတ်ပြီး ယူနေတဲ့အထိ ခေါင်းငုံ့ပြီးဆက်ခံနေလိုက်ပေါ့ ဘန်ဝါးရယ်”
ကဖောက ပြောပြီးနောက် ထိုင်နေရာမှ ထပြီးလှည့်ထွက်ရန်ပြင်လိုက်တော့သည်။
“ဒါပေမယ့် ဘယ်လိုလုပ်မလဲကဖော၊ ငါတို့မှာရှိတဲ့အားနဲ့ဆို ဘုရင်ကြီးကိုတော်လှန်ဖို့အတွက်က ကျောက်တုံးကြီးကို မြေကြီးခဲနဲ့ ထုသလိုမျိုးဖြစ်နေမှာပေါ့၊ ဒီလောက်ကြီးမားတဲ့တပ်ကြီးကို လက်တစ်ဆုပ်စာလောက်ရှိတဲ့ ငါတို့မျိုးနွယ်စုနဲ့တိုက်ခိုက်ရင် ငါတို့ပဲရှုံးမှာပေါ့ကွ၊ ကဲပြောစမ်းပါအုံးကဖော မင်းမှာ ဘယ်လိုနည်းလမ်းရှိလို့လဲ”
ကဖောက ဘန်ဝါးဖက်သို့လှည့်လိုက်ပြီးနောက် လက်ညိုးတစ်ချောင်းထောင်ပြလိုက်သည်။
“လက်တစ်ချောင်းထောင်တာ . . ဘာအဓိပ္ပါယ်လည်းကဖော”
“ကျွန်မတို့တွေက တစ်ယောက်ထဲပဲ”
“ဘယ်လို”
“ကျွန်မတို့တွေက တစ်ယောက်ထဲပဲ၊ ကျွန်မတို့ မျိုးနွယ်စုတွေအကုန်လုံးက ဒီမခူးတောင်တန်းကြီးပေါ်မှ နေထိုင်ကြတဲ့သူတွေပဲ၊ ကျွန်မတို့တစ်တွေက အသားအရောင်တွေ၊ ဓလေ့ထုံးတမ်းတွေသာ ကွာရင်ကွာသွားလိမ့်မယ်၊ ဒါပေမယ့် ကျွန်မတို့အားလုံးဟာ မျိုးနွယ်စုဆိုတဲ့ အမည်နာမအောက်ကလူတွေပဲ”
ဘန်ဝါးက ခေါင်းကုတ်လိုက်သည်။
“မင်းပြောတာငါမရှင်းဘူး”
“ကျွန်မတို့ မျိုးနွယ်စုတွေအချင်းချင်းတိုက်ခိုက်နေတာတွေ၊ အမုန်းတရား၊ အာဃာတတွေကို ရပ်တန့်လိုက်ကြရမယ်။ ပြီးတော့ ဒီမခူးတောင်တန်းကြီးပေါ်က မျိုးနွယ်စုတွေအကုန်လုံး စုစည်းကြရမယ်။ ကျွန်မတို့က ဘာလူမျိုး ဘာမျိုးနွယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာမနေကြဘဲ ကျွန်မတို့အကုန် အတူ စည်းစည်းလုံးလုံးနဲ့အတူပူးပေါင်းလိုက်ရင် ဒီဘုရင်ကြီးကို တော်လှန်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုမဟုတ်တော့ပါဘူးဘန်ဝါး”
ဘန်ဝါးက တစ်ချက်တွေဝေသွားကာ ခေါင်းညိတ်လိုက်တော့သည်။
“မင်းပြောတာကို ငါလက်ခံပါတယ်၊ ဒါပေမယ့် မျိုးနွယ်စုတွေကို စည်းရုံးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား”
“ဖြစ်နိုင်တာပေါ့ဘန်ဝါး၊ ရှင်ရှိရင် ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ကျွန်မရှင့်ဆီ အရင်ဆုံးလာခဲ့တာပေါ့”
“ငါချက်ချင်းတော့ မပြောနိုင်သေးဘူး၊ ငါစဉ်းစားဖို့လိုသေးတယ်၊ ဒီကိစ္စက ငါ့လူမျိုးတွေ၊ ငါ့ရွာသားတွေရဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စမို့လို့ပဲ”
“ကောင်းပြီဘန်ဝါး၊ ရှင်သေချာစဉ်းစားပါ၊ နောက်ပြီး ရွာကလူတွေက ကျွန်မရောက်တာမကြိုက်ဘူးဆိုတော့ ကျွန်မ ဒီရွာကနေထွက်သွားပေးပါ့မယ်”
“ဒါ . ဒါဆို မင်းကိုငါတို့ ဘယ်လိုရှာရမလဲ”
“ကျွန်မတို့ရွာကိုလာခဲ့၊ ကျွန်မအဲဒီမှာ ရှိနေမယ်”
ကဖောက ပြောပြီးနောက် ပြန်ထွက်သွားတော့သည်။ ဘန်ဝါး၏ ခေါင်းထဲတွင် အတွေးပေါင်းစုံတို့က တိုးဝင်လျှက်ရှိသည်။
“ငါတို့မနိုင်ရင်ဘာဖြစ်မလဲ . . ငါတို့မနိုင်ရင် ငါတို့တွေ အကုန်လုံး သေကြရမယ်”
“ငါတို့ ကဖောနဲ့မပေါင်းဘဲ ဒီအတိုင်းဆက်နေရင်ကော . . သေချာတာကတော့ ကဖောပြောသလို ငါတို့အပေါ် အနိုင်ကျင့် ဗိုလ်ကျတာကို ငါတို့သားစဉ်မြေးဆက် ဆက်ပြီးခံကြရဦးမယ်”
“ငါဘာဆက်လုပ်ရမလဲ . . .”
ဘန်ဝါးကတွေးရင်း စိတ်ရှုပ်လာသဖြင့် အပြင်ဘက်သို့ထွက်ခဲ့တော့သည်။ ကျားလူမျိုးတို့ ကျေးရွာကြီးကို ထိုနေရာမှနေ၍ မြင်နေရလေသည်။ ရွာလယ်ရှိကွင်းပြင်ကျယ်ကြီးတွင် ပြေးလွှားဆော့ကစားနေကြသော ကလေးငယ်များကို တွေ့လိုက်ရသလို အလုပ်များနေကြသည့် မိန်းမများကိုလည်း တွေ့လိုက်ရတော့သည်။
“ငါတို့သေရင် တစ်ခါပဲသေမယ်၊ မဟုတ်ရင်တော့ ငါတို့မျိုးနွယ်စုက သားတွေ မြေးတွေ အားလုံး ဘုရင်ကြီးရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို တစ်သက်လုံးခံနေရတော့မယ်၊ အို . . ငါရှိလျက်နဲ့ ဒီလိုမဖြစ်စေရဘူး”
ဘန်ဝါးက ခန်းမဆောင်ကြီးအတွင်းသို့ပြန်ဝင်လိုက်ပြီးနောက် စင်တစ်ခုပေါ်တွင် တင်ထားသည့် ကျွဲချိုများကို ယူလိုက်တော့သည်။ ထို့နောက် မြေဖြူကိုရေဖြင့်ဖျော်ပြီးနောက် သူ့လက်ချောင်းများကို ထိုမြေဖြူဖျော်ရည်တွင် နှစ်လိုက်ကာ ကျွဲချိုများပေါ်တွင် လက်ချောင်းရာသုံးချောင်းကို ချလိုက်တော့သည်။ ထိုသို့ဖြင့် ကျွဲချို အချောင်း သုံးဆယ်လုံးလုံးကို ပြုလုပ်လိုက်တော့သည်။ ထို့နောက်ရွာသားတစ်ယောက်ကိုခေါ်လိုက်တော့သည်။
“ရော့ ဒီကျွဲချိုတွေကိုယူသွားပြီးတော့ မျိုးနွယ်စုခေါင်းဆောင်တွေအကုန်လုံးစီကို ပေးလိုက်”
ထိုသို့ပြောရင်း ဘန်ဝါးက အတန်ငယ်မျှ စဉ်းစားလိုက်တော့သည်။
“မဟုတ်ဘူး၊ ဒီကိစ္စက ငါကိုယ်တိုင်သွားမှကောင်းမယ်၊ ကဲ ငါ့အတွက် ကျွဲပြင်ထား ငါသွားမယ်”
“ခေါင်း . . ခေါင်းဆောင်ဘယ်သွားမလို့လဲ”
“အရေးကြီးကိစ္စဟေ့”
ထို့နောက် ဘန်ဝါးတစ်ယောက် ကျွဲချိုများကိုလွယ်ပြီး ကျွဲမည်းကြီးတစ်ကောင်ကိုစီးကာ ရွာမှ ခပ်သုတ်သုတ်ထွက်သွားတော့သည်။
လရှီးရွာကလေးက ဘာမှမကျန်တော့ပေ။ သို့သော် ရွာနေရာကလေးနှင့် ပြာမကျသေးသည့် အိမ်တိုင်များတစ်ဝက်တစ်ပျက်ကိုမြင်နေရသည်။ ရွာပတ်ဝန်းကျင်ရှိ ရွာသားများစိုက်ပျိုးထားသည့် ပြောင်းခင်းများ၊ စိုက်ခင်းများတွင်တော့ အသီးအနှံများက ကျိုးတိုကျဲတဲပေါက်နေကာ ပွင့်လန်းနေလေသည်။ ကဖောက သူငယ်စဉ်ကတည်းက ကြီးပြင်းခဲ့သည့် ရွာကလေး အခုတော့ ပြာပုံထဲတွင် ပြာကျနေသည်ကို တွေ့လိုက်ရ၍ မျက်ရည်ကျနေမိသည်။ တစ်ဝက်တစ်ပျက်မီးလောင်ကာ ပြိုပျက်နေသည့် ရွာတံတိုင်းကြီးအတွင်းသို့ ဝင်လာခဲ့လေသည်။ ရွာလယ်ကွင်းပြင်ကြီးကတော့ ပြန့်ပြူးနေဆဲဖြစ်သည်။ ထိုကွင်းပြင်ကြီးအနားတွင် မီးလောင်ထား၍ ပြာကျနေသော လူရိုးများနှင့် အချို့လူရိုးများကတော့ မီးမသင့်ထားသော်လည်း တိရစ္ဆာန်များစားသောက်ထား၍ ပြန့်ကျဲနေလေသည်။ တံစို့များတွင်တော့ ခြောက်ကပ်နေသည့် လူခေါင်းများရှိနေသေးသည်။
“အမေ . . အမေကတော့ အဖေနဲ့တွေ့ပြီး ကောင်းကင်ပေါ်မှာ ပျော်ပျော်နေထိုင်နေပါတော့”
ကဖောက သူ့အမေခေါင်းကို အသာကလေးပွတ်လိုက်တော့သည်။ ထို့နောက် မီးပုံကြီးတစ်ခုလုပ်လိုက်ကာ ထိုခေါင်းများနှင့် ကြွင်းကျန်ရစ်နေသည့် ရုပ်အလောင်းများကို စုပုံကာ မီးရှို့ပေးလိုက်တော့သည်။ လက်မောင်းလုံးခန့်ရှိသည့် ဖြောင့်တန်းနေသည့် သစ်လုံးကြီးတစ်လုံးကို ခုတ်လိုက်ပြီး ရွာလယ်တွင် ထူလိုက်တော့သည်။ ထို့နောက် ထိုတိုင်ထိပ်တွင် သူ့နောက်ကျောတွင် ဝတ်ထားသည့် လရှီးမျိုးနွယ်စု အလံကြီးကိုလွှင့်တင်လိုက်တော့သည်။
ရွာနားတွင်ကျန်နေသည့် ပြောင်းဖူးများ၊ ဟင်းသီးဟင်းရွက်များကိုခူးစားပြီး ကဖောက ထိုနေရာတွင် နေထိုင်လိုက်တော့သည်။ ထိုညက လပြည့်ညဖြစ်သည်။ လုံးဝန်းနေသည့်လမင်းကြီးက အစွမ်းရှိသရွေ့ လောကကြီးကို အလင်းရောင်ပေးနေတော့သည်။ မီးလှုံနေသည့်ကဖောလည်း တိတ်ဆိတ်ငြိမ်သက်နေသည့် မီးလောင်ပြင်ကြီးကိုကြည့်ကာ တစ်ချိန်က စည်ကားခဲ့ဖူးသည့် သူတို့ရွာကလေးကို ပြန်တမ်းတနေမိသည်။
“ဒါက ငါတို့တဲကြီး၊ ဒါကတော့ ရွာရဲ့ခန်းမဆောင်ကြီး”
တစ်ယောက်တည်းပျင်းပျင်းနှင့် ယခင်က တည်ရှိခဲ့သည့် အရာများကို လက်ညိုးထိုးပြီး မျက်လုံးထဲ ပြန်မြင်ယောင်နေမိသည်။ ထိုစဉ် လရောင်အောက်၍ ရွာစွန်ရှိ သစ်ခြောက်ပင်ကြီးတစ်ပင်ကို ခပ်ရေးရေးကလေးတွေ့လိုက်ရတော့သည်။
သစ်ခြောက်ပင်ကြီးမှာ လူနေအိမ်များနှင့် အတန်ငယ်လှမ်းသဖြင့် မီးလောင်သည့်အထဲမပါသွားသည့် တစ်ခုတည်းသော အရာဖြစ်သည်။ ကဖောလည်း သစ်ပင်ကြီးဆီသို့ လမ်းလျှောက်သွားပြီး သစ်ပင်ခွကြားကို ကုပ်ဖက်တက်လိုက်တော့သည်။ ထိုနေရာတွင် လချေရှီးနှင့် သူ အမြဲတမ်းတွေ့နေကြနေရာကလေးဖြစ်သည့်အတွက် လချေရှီးကိုတော့ သတိရလိုက်မိတော့သည်။
“လချေရှီးရေ . . နင်ဘာတွေလုပ်နေသလဲ”
ကဖောနည်းတူ လချေရှီးမှာလည်း လရောင်အောက်တွင် လမင်းကြီးကိုငေးကြည့်နေမိသည်။ သူတို့စံအိမ်ကြီး၏ အပေါ်ထပ် ဝရံတာနေရာတွင် လရောင်ကအလွန်လင်းထိန်နေတော့သည်။ ကဖော မသေသေးကြောင်းသိလိုက်ရကတည်းက လချေရှီး၏ စိတ်ထဲ၊ အတွေးထဲတွင် ကဖောသာ နေရာယူထားလေတော့သည်။
“ကဖော နင်ဘယ်ရောက်နေလဲ . . နင်ဘာတွေလုပ်နေသလဲ”
လချေရှီးတွေးနေစဉ်ပင် မိန်းကလေး သံုံးယောက်က ဝရံတာသို့ ထွက်လာတော့သည်။
“သခင်လေး ဘာတွေစိတ်မပျော်ဘူးဖြစ်နေသလဲ၊ အခုတစ်လော သခင်လေးကို ကြည့်ရတာ တစ်မျိုးပဲ”
“ငါစိတ်မပျော်ဘူးဖြစ်နေတယ်၊ မင်းတို့သွားကြကွာ”
“ဟက် . .ဟက် ငါတို့သခင်လေးကို ဘယ်အရာကများ စိတ်မပျော်ဖြစ်နေစေသလဲ၊ လာပါ ကျွန်မ သီချင်းဆိုပြမယ်လေ သခင်လေးစိတ်ပျော်သွားမှာပါ”
ထိုသို့ပြောရင်း ထိုမိန်းကလေးက လချေရှီးလက်ကို ဆွဲလိုက်တော့သည်။
“လာပါသခင်လေးရဲ့ ကျွန်မက သခင်လေးကို အညောင်းပြေအောင် ပြုစုပေးမှာပေါ့”
မိန်းကလေးသုံးယောက်က လချေရှီးအား ပွတ်သပ်နေကြတော့သည်။
“တိတ်စမ်း”
လချေရှီးက အော်ဟစ်လိုက်ပြီးနောက် ထိုမိန်းကလေးများကို တွန်းထုတ်လိုက်တော့သည်။
“ငါအေးအေးဆေးဆေးနေချင်တယ်၊ ကျေးဇူးပြုပြီး ငါ့ကိုမနှောင့်ယှက်ကြပါနဲ့”
လချေရှီးအော်လိုက်သဖြင့် မိန်းကလေးသုံးယောက်လည်း ခေါင်းငုံ့ကာအိမ်ထဲပြန်ဝင်သွားကြတော့သည်။ လချေရှီးကတော့ အရင်တုန်းက ကဖောနှင့်အကြောင်းများကို ပြန်တွေးရင်း မျက်ရည်များကျနေမိတော့သည်။
(၃၀)
အချိန်အားဖြင့် တစ်ပတ်မျှကြာခဲ့လေပြီ၊ ကဖောလည်း လရှီးရွာပျက်ကြီးတွင် တစ်ယောက်တည်းနေထိုင်ရင်း စိတ်ပူပန်နေရတော့သည်။
“ဘန်ဝါးက ငါနဲ့မပူးပေါင်းတော့ဘူးထင်တယ်၊ ခုနစ်ရက်ကြာတာတောင်မှ အခုထိမလာသေးတာကိုကြည့်ရင် သူတခြားဆုံးဖြတ်ချက်ကို ချလိုက်လို့ဖြစ်နိုင်တယ်”
ကဖောကတွေးလိုက်ပြီးနောက် သက်ပြင်းချလိုက်တော့သည်။
“အင်းလေ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ ဘန်ဝါးမလာတော့လဲ ငါကိုယ်တိုင် တခြားမျိုးနွယ်စုတွေဆီကိုသွားပြီးတော့ လိုက်စည်းရုံးရတာပေါ့”
ကဖောက သူတို့ရွာအနီးဖြတ်သန်းစီးဆင်းသွားသည့် စမ်းချောင်းကလေးထဲတွင် ရေချိုးလိုက်ပြီးနောက် သံချပ်ကာကို သေချာပြန်ဝတ်ဆင်လိုက်ပြီး လှံရှည်ကိုကောက်ကိုင်လိုက်တော့သည်။ ထို့နောက် ကွင်းပြင်ထဲတွင် ထီးတည်းကြီး တည်ရှိနေသော အလံတိုင်ကြီးနှင့် တိုင်ပေါ်တွင်လွင့်နေသော အလံကြီးကို မော့ကြည့်လိုက်တော့သည်။
ထိုစဉ်တွင် ရွာအပြင်အဝင်လမ်းတွင် ဖုန်များထနေသည်ကိုလှမ်းတွေ့လိုက်တော့သည်။ ကဖောက ရွာအပြင်သို့ ပြေးထွက်လာခဲ့ရင်း ရွာတံခါးဝအနီးတွင် မတ်တပ်ရပ်နေလိုက်တော့သည်။ သိမ်းငှက်တစ်ကောင်က လေပေါ်ပျံဝဲနေပြီးနောက် ကဖောအနားတွင် လှည့်ပတ်ပျံသန်းနေလေသည်။
“ဟင် မျိုးနွယ်စုတွေလာပြီ”
ထင်သည့်အတိုင်းပင် ကျွဲစီးထားသည့် ဘန်ဝါးနှင့် အခြားမျိုးနွယ်စု သုံးဆယ်တို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက အတူတကွချီတက်လာကြလေသည်။ မကြာမီ သူတို့လရှီးရွာကလေးရှေ့သို့ရောက်လာကြတော့သည်။
“မျိုးနွယ်စုခေါင်းဆောင်များ အားလုံးကို ဖိတ်ခေါ်ပါတယ်၊ အထဲဝင်ကြပါဦး”
ကဖောက ပြောလိုက်သည့်အခါ ထိုသူများအားလုံးမှာ ရွာအတွင်းသို့ဝင်သွားကြပြီးနောက် ပြာပုံများပြန့်ကျဲနေသည့် မြေပြန့်ပြန့်ပေါ်တွင် စုဝေးလိုက်ကြတော့သည်။ ဘန်ဝါးက ကဖောအနားသို့ ကပ်လာလေသည်။
“ငါတော့ သူတို့ကို တစ်ခါပြောပြီးပြီ၊ ဒါပေမယ့် အချို့မျိုးနွယ်စုခေါင်းဆောင်တွေက မဆုံးဖြတ်ရသေးဘူး၊ သူတို့ကို မင်းပြောမှရမယ်”
ကဖောက ခေါင်းညိတ်လိုက်ပြီးနောက် အားလုံးရှေ့သို့ထွက်ခဲ့တော့သည်။
“မျိုးနွယ်စုခေါင်းဆောင်များ အားလုံးကို ဆင့်ခေါ်လိုက်ရတဲ့အကြောင်းကတော့ ကျွန်မတို့တစ်တွေ အားလုံးစုပေါင်းပြီး ကျောက်တုံးမြို့တော်ကိုတိုက်ခိုက်ဖို့ အကျင့်မကောင်းတဲ့ဘုရင်ကြီးကို ဖြုတ်ချပြစ်ဖို့အတွက် ဒီကိုခေါ်ပြီး စုစည်းလိုက်ရတာပါပဲ”
ထိုအခါ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က
“ကဖော . . ဘုရင်ကြီးအကျင့်မကောင်းဘူးဆိုတာ မင်းတို့မျိုးနွယ်စုအပေါ်မကောင်းတာဖြစ်မယ်၊ ဒါပေမယ့် ငါတို့ကို မကောင်းတာမဟုတ်ဘူးလေ”
“သူပြောတာမှန်တယ်ကဖော . . မင်းတို့မျိုးနွယ်စုအပေါ် လက်တုံ့ပြန်ချင်တာနဲ့ ငါတို့မျိုးနွယ်စုတွေကိုပါ ဆွဲထည့်ချင်လို့မရဘူးနော်”
ကဖောက လက်နှစ်ဖက်ကို ကာပြလိုက်တော့သည်။
“ဟုတ်ပါတယ်၊ ဘုရင်ကြီးက ရှင်တို့အပေါ်ကောင်းပါတယ်၊ ဒါနဲ့မကြာသေးခင်က မျိုးနွယ်စုတွေအကုန်လုံးကို အခွန်ကောက်တယ်ဆိုပြီး ဓါးပြတိုက်သလို ကောင်းတာတွေချည်းရွေးပြီး လုယက်သွားကြတယ်ဆို၊ ရှင်တို့ ဘာမှပြန်မလုပ်နိုင်ကြဘူးဆို”
ကဖောအမေးကိုကြားလိုက်တော့ မျိုးနွယ်စုခေါင်းဆောင်များက မျက်နှာပျက်သွားကြတော့သည်။
“ဒါက အစပဲရှိပါသေးတယ်၊ သူတို့တိုက်တိုင်း သူတို့လိုချင်တိုင်းရနေတယ်ဆိုရင် နောင်ဆို ရှင်တို့ရဲ့ ပစ္စည်းတွေသာမက၊ ရှင်တို့ရဲ့ မိန်းမတွေ၊ ကလေးတွေကိုပါ တဖြည်းဖြည်းလုယူလာမယ်ဆိုရင်ကော ရှင်တို့ငြိမ်ခံနေမှာလား”
“အို . . ဒါတော့ ကဖောရယ်၊ ငြိမ်ခံမနေရင် ငါတို့လည်း မင်းတို့ရွာလို ပျက်စီးသွားမှာပေါ့ကွ”
“ကောင်းပါပြီ၊ ဒါဆို ငြိမ်ခံနေတော့ရော၊ ဘုရင်ကြီး စိတ်အလိုမကျတဲ့တစ်ရက်မှာ ရှင်တို့ရွာ၊ ရှင်တို့မျိုးနွယ်စုတွေ ကျွန်မတို့ရွာလို နေ့ချင်းညချင်း ဖျက်ဆီးမခံရဘူးလို့ ဘယ်သူအာမခံရဲသလဲ”
ခေါင်းဆောင်များ နုတ်ဆိတ်နေကြတော့သည်။
“ကျောက်တုံးမြို့တော်က ဘုရင်ကြီးဟာ ကျွန်မတို့ မျိုးနွယ်စုတွေကို နှိမ်တယ်၊ တိရစ္ဆာန်တွေလိုပဲ ဆက်ဆံတယ်၊ မျိုးနွယ်စုတွေအချင်းချင်း အစားအသောက်အတွက်နဲ့ တိုက်ခိုက်သတ်ဖြတ်နေတာကို သူမသိသလိုပဲနေတယ်၊ သူ့အကျိုးရှိမှသာ ကျွန်မတို့ကို ဆက်ဆံတယ်၊ ဒါကိုကြည့်လိုက်ရင် ဘုရင်ကြီးဟာ မျိုးနွယ်စုတွေကို လူလို့တောင်မသတ်မှတ်ဘူး၊ တိရစ္ဆာန်တစ်ကောင်လို ငါခိုင်းတာလုပ်၊ ငါသတ်ချင်ရင်သတ်မယ်ဆိုတဲ့ စိတ်ပဲထားတယ်”
“တကယ်တော့ မျိုးနွယ်စုတွေဆိုတာက ဒီမခူးတောင်တန်းကြီးပေါ်မှာ အရင်နေထိုင်လာခဲ့တဲ့သူတွေ၊ ကျောက်တုံးမြို့တော်ကြီးမဖြစ်ခင်ကတည်းက နှစ်ပေါင်းထောင်သောင်းချီနေထိုင်လာခဲ့တဲ့သူတွေဖြစ်တယ်၊ ဒီမြေဟာ ကျွန်မတို့ဘိုးဘွားတွေပိုင်တဲ့မြေ၊ ဒီတောင်တန်းကြီးဆိုတာလည်း ကျွန်မတို့ရဲ့ အမိမြေ၊ ကျွန်မတို့အပေါ် စိတ်ထင်တိုင်း ဗိုလ်ကျ အနိုင်ကျင့်လို့မရဘူးဆိုတာကို ကျွန်မတို့တတွေ ပြသရမယ့်အချိန်ဖြစ်တယ်၊ ကျွန်မတို့တွေ ငြိမ်ခံနေရင် ကျွန်မတို့တွေရဲ့ သားသမီးတွေ၊ မြေးမြစ်တွေဟာ သူတို့တွေရဲ့ ကျွန်တွေ၊ တိရစ္ဆာန်တွေလို အမြဲသတ်မှတ်ခံနေရပြီး သူတို့ထင်သမျှ လုပ်ခံနေကြရလိမ့်မယ်”
မျိုးနွယ်စုခေါင်းဆောင်ကြီးများစဉ်းစားနေကြကာ တစ်ယောက်တစ်ပေါက်နှင့်ပြောနေတော့သည်။
“ဒါတော့ဟုတ်ပါပြီကဖောရဲ့၊ ကျောက်တုံးမြို့တော်မှာ ရဲမက် တစ်သိန်းရှိတယ်၊ ငါတို့ မျိုးနွယ်စုတွေက သူတို့တွေနဲ့ တိုက်ခိုက်ဖို့ ဘယ်ဖြစ်နိုင်မှာလဲ”
ကဖောက လက်ညိုးတစ်ချောင်းထောင်လိုက်သည်။
“ကျွန်မတို့တစ်တွေဟာ တစ်ယောက်ထဲပဲဖြစ်တယ်၊ ကျွန်မတို့ မျိုးနွယ်စုတွေဟာ ဘာမျိုးနွယ်စု ညာမျိုးနွယ်စုဆိုပြီး အချင်းချင်းခွဲခြားနေမယ့်အစား မျိုးနွယ်စုဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အတူတူပူးပေါင်းပြီး တိုက်ခိုက်ကြမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ မျိုးနွယ်စုလေးတွေ တစ်စုခြင်းဆိုရင် ကျောက်တုံးမြို့တော်ကို ယှဉ်တိုက်ဖို့ အားနည်းတယ်လို့ထင်ရပေမယ့် ကျွန်မတို့မျိုးနွယ်စုတွေ အားလုံးစုပေါင်းလိုက်တဲ့အခါမှာ ကျောက်တုံးမြို့တော်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး”
“ကောင်းပြီကဖော ငါတို့ထောက်ခံတယ်”
ခေါင်းဆောင်တစ်ချို့ ထောက်ခံကြသည်။ နောက်ဆုံးတော့ လူမျိုးစုခေါင်းဆောင်များအားလုံးထောက်ခံသွားကြတော့သည်။
“ကောင်းပြီ မိန်းကလေးကဖော မင်းဘယ်လိုစီစဉ်ထားတယ်ဆိုတာ ငါသိချင်တယ်၊ ငါတို့လူမျိုးစုတွေ ကျောက်တုံးမြို့တော်ကို ရောက်ပြီဆိုပါတော့။ ကျောက်တုံးမြို့တော်ကို မြစ်ကြီးကခွေပြီးစီးဆင်းနေတယ်။ နောက်ပြီး ဝင်လမ်းထွက်လမ်းကလဲ တစ်လမ်းထဲရှိတယ်။ မြင့်မားတဲ့ ကျောက်တုံးတံတိုင်းကြီးလည်း ကာထားသေးတယ်ဆိုတော့ ငါတို့ဝင်ဖို့လွယ်မှာမဟုတ်ဘူး”
“ဒီအတွက် ကျွန်မစဉ်းစားပြီးသားပါ”
အားလုံးက ကဖောစကားကို နားစွင့်နေကြသည်။
“ဘန်ဝါးက မျိုးနွယ်စု စစ်သည်တွေကို များနိုင်သမျှ များများဦးဆောင်ပြီးတော့ လကွယ်နေ့အရောက် ကျောက်တုံးမြို့တော်ဆီကို ချီတက်လာခဲ့ပါ”
“ဒါဆို မင်းက ဘယ်လိုလုပ်မလဲကဖော”
“ကျွန်မက အခုကျောက်တုံးမြို့တော်ကိုသွားမယ်၊ ကျောက်တုံးမြို့တော်အထဲမှာလည်း ဘုရင်ကြီးကို မကျေနပ်တဲ့သူတွေ အများကြီးရှိတယ်၊ ဒီတော့ ကျွန်မသူတို့ကို စည်းရုံးပြီး မြို့ထဲမှာ ပုန်ကန်ဖို့လုပ်မယ်၊ ဒီလ လကွယ်နေ့ညမှာ ကျွန်မတို့ ကျောက်တုံးမြို့တော် တံခါးကြီးကို ဖွင့်ပေးလိုက်တာနဲ့ ရှင်တို့ မျိုးနွယ်စုတွေအားလုံး မြို့ထဲကို ဝင်လာကြပါ”
“ကောင်းပြီကဖော မင်းအကြံမဆိုးဘူး၊ ဒါပေမယ့် ငါတို့ တိုက်ပွဲပြီးသွားရင် ငါတို့က ဘာရမှာလဲ”
ခေါင်းဆောင်များအားလုံးက ထိုမေးခွန်းကိုသိချင်ကြသည်။
“လွတ်လပ်မှု”
ကဖောက တစ်ခွန်းထဲ ပြန်ဖြေလိုက်ပြီးနောက် လက်ညိုးတစ်ချောင်းကို မိုးပေါ်သို့ထောင်လိုက်တော့သည်။
“ငါတို့တွေအားလုံးက တစ်ယောက်တည်းပဲ”
ထိုအခါ မျိုးနွယ်စုခေါင်းဆောင်များနှင့် နောက်လိုက်များအားလုံးတို့သည် လက်ညိုးတစ်ချောင်းကို မိုးပေါ်လိုက်ထောင်ကြပြီးနောက် အော်ဟစ်လိုက်ကြတော့သည်။
“ငါတို့တွေ အားလုံးက တစ်ယောက်တည်းပဲ”
ကဖောလည်း အားလုံးကို နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်ခွာသွားရန်ပြင်တော့သည်။
“ကဖော မင်းအလံကို ယူသွားဦးလေ၊ မင်းတို့ မျိုးနွယ်စုမှာ မင်းတစ်ယောက်တည်းပဲ ကျန်တော့တာမဟုတ်လား”
ကဖော ခေါင်းညိတ်လိုက်ပြီး တိုင်ပေါ်သို့ခုန်တက်သွားကာ အလံကိုဖြုတ်ယူလိုက်တော့သည်။ ထို့နောက် ကျောတွင်ပတ်ချည်လိုက်တော့သည်။
“မင်း ငါ့ရဲ့ပြောင်ကြီးကို ယူသွား ကဖော၊ သူက မြန်တယ်”
လူမျိုးစုခေါင်းဆောင်တစ်ယောက်က သူစီးသည့် ပြောင်ကြီးတစ်ကောင်ကို ကဖောအားပေးတော့သည်။ ကဖောက ပြောင်ပေါ်သို့ခုန်တက်လိုက်ပြီးနောက် ဘန်ဝါးကိုကြည့်လိုက်တော့သည်။
“ဘန်ဝါး ကျွန်မရှင့်ကိုယုံတယ်”
“စိတ်ချပါကဖော၊ ငါအကောင်းဆုံးကြိုးစားပါ့မယ်”
ဘန်ဝါးကပြောလိုက်သည်နှင့် ကဖောက အားလုံးကိုလက်ပြပြီးနောက် ပြောင်ကြီးစီးကာ လက်တစ်ဖက်က လှံကိုဆွဲပြီး ကျောက်တုံးမြို့တော်ဆီသို့ ဦးတည်ထွက်ခဲ့တော့သည်။
ကျောက်တုံးမြို့တော်ဘုရင်ကြီးက သူ့ပလ္လင်ပေါ်တွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေလေသည်။ သူ့မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုအရိပ်အယောင်များကို မြင်တွေ့ရပြီး မျက်ကွင်းတွေမှာ ညိုနေတော့သည်။ မကြာခင် လဘေးဝါးမှာ ဘုရင်ကြီးရှေ့သို့ရောက်လာခဲ့တော့သည်။
“ဘုရင်ကြီး စိတ်ပူပန်မနေပါနဲ့ ဒီသတင်းဟာ ကောလာဟလဆိုတာကို ကျွန်တော်အတည်ပြုလိုက်ပါပြီ”
“ဆိုစမ်းပါဦး လဘေးဝါး မင်းက ငါစိတ်ချမ်းသာအောင်လို့ တမင်ပြောနေတာများလား”
“မဟုတ်ပါဘူး ဘုရင်ကြီး ၊ ကျွန်တော် အဲ့ဒီသတင်းကြားကတည်းက မြို့အဝင်အထွက်နဲ့ မြို့ထဲမှာ စစ်ဆေးရေးတွေလုပ်ပြီး အပြင်းအထန်ရှာဖွေနေပေမယ့် အခု ခုနစ်ရက်တောင်ကျော်နေသော်လည်း ကဖောရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရကြောင်းပါ၊ တကယ်သာ သူလာမယ်ဆို စောစောရောက်လာမှာပါဘုရင်ကြီး”
“အေး မင်းပြောတာလဲဖြစ်နိုင်တယ်၊ ဒါနဲ့ ဒီသတင်းကရော အခုဘယ်လိုဖြစ်သွားပြီလဲ”
“ကဖောကိစ္စနဲ့ပက်သက်ပြီး ဘုရင်ကြီးကို မကျေနပ်တဲ့သူတွေ များတယ်မဟုတ်လား၊ ဒီတော့ ဒီလူတွေက တမင်သက်သက်လီဆယ်ပြီးတော့ မဟုတ်တဲ့သတင်းတုတွေလွှတ်ပြီး မြို့သူမြို့သားတွေနဲ့ ဘုရင်ကြီးကို ခြိမ်းခြောက်ချင်တဲ့ သဘောဖြစ်ပါလိမ့်မယ်၊ အဲဒီသတင်းကို စပြောခဲ့တဲ့ ခရီးသွားတွေကိုလည်း ဖမ်းဆီးပြီး လျှာဖြတ်လိုက်ပါပြီ၊ နောက်ထပ် အဲဒီသတင်းထပ်ပြောတဲ့လူတွေကိုလဲ လျှာဖြတ်မယ်လို့ ကြေငြာလိုက်တဲ့အတွက်ကြောင့် အခုဆို ဘယ်သူမှ အဲဒီအကြောင်းမပြောရဲတော့ပါ ဘုရင်ကြီး”
“ဟား . . ဟား တော်ပါပေတယ် လဘေးဝါးရယ်၊ ငါ့မှာ မင်းတစ်ယောက်ရှိတာ တော်တော်အဆင်ပြေတာပဲ၊ ကဲမင်းကို ရွှေပြား တစ်ရာဆုချမယ်”
“ကျေးဇူးကြီးမြတ်လှပါတယ် မင်းကြီး”
လဘေးဝါးက မင်းကြီးဆုချသည့် ရွှေပြားများကိုယူလာပြီးနောက် နန်းတွင်းမှထွက်ခဲ့တော့သည်။
“ဟင်း တော်တော်လည်း ကပ်စေးနှဲတဲ့ဘုရင်ကြီးပါလား၊ သူ့ဆီမှာ ရွှေပြားတွေမရေမတွက်နိုင်အောင် ရှိတာတောင်မှ ငါ့ကိုရွှေပြားတစ်ရာ ပဲပေးရသလား”
ထိုသို့ စိတ်ထဲတွင်တွေးမိလိုက်တော့သည်။
“အင်း ဒါလည်းကောင်းတာပါပဲ၊ မကြာခင် ငါ့အကြံအစည်အောင်မြင်တော့မယ်၊ အောင်မြင်ရင် ဒီရွှေပြားတွေအားလုံးဟာ ငါ့ရဲ့ရွှေပြားတွေ ဖြစ်လာမှာပဲ”
လဘေးဝါးက တွေးလိုက်ပြီးနောက် ပြုံးလိုက်ကာ အိမ်သို့ပြန်လာခဲ့တော့သည်။
ပြောင်ကြီးနှင့် ခရီးထွက်လာသည်မို့ တောင်ပေါ်မှ သုံးရက်အကြာတွင် ကဖော ကျောက်တုံးမြို့တော်သို့ရောက်သည်။ မြို့တော်အဝင်ဝအနီးတွင်ပြောင်ကြီးကို တောထဲပြန်လွှတ်ပေးလိုက်ပြီးနောက် ကဖောက မြို့အတွင်းသို့ဝင်ရန်ကြံစည်နေလေသည်။ မြို့အဝင်တံတားပေါ်တွင် ရဲမက်များက တစ်ယောက်ချင်းစီသေချာလှန်လှောကာ ရှာဖွေနေသဖြင့် ဝင်ရခက်နေသည်။ ကဖောလည်း မြို့တံခါးကို လှမ်းမြင်သာသည့် တောင်ကုန်းလေးတစ်ခုပေါ်တွင် ထိုင်နေလိုက်ပြီး အကြံထုတ်နေတော့သည်။
“ကောင်မလေး လှည်းကြုံလိုက်ဦးမလား”
တောင်ကုန်းအောက်မှ အသံကြားသဖြင့် ငုံ့ကြည့်လိုက်တော့သည်။
“ဟင် လိပ်ဘိုးဘိုး”
“အေးဟုတ်တယ် မင်းလှည်းကြုံလိုနေတယ်မဟုတ်လား”
လိပ်ဘိုးဘိုးက မြင်းတစ်ကောင်ဆွဲသည့် လှည်းကလေးကို မောင်းနှင်လာလေသည်။ လှည်းနောက်ဖက်တွင်တော့ ဆီးသီးလုံးခန့် အနီရောင် အသီးလုံးကလေးတွေကို လှည်းတစ်ခုအတွင်းထည့်ကာ မောင်းနှင်လာလေသည်။
“လိပ်ဘိုးဘိုးက ဘယ်လိုလုပ်ကျွန်မရောက်နေတယ်ဆိုတာကို သိတာလဲ”
“ငါပြောတဲ့ ကံကြမ္မာပေါ့ကွာ၊ ကဲ လာ . . မှောင်နေပြီ မြို့ထဲဝင်ရအောင် လှည်းထဲကို ဝင်လိုက်”
ကဖောက လှည်းထဲဝင်ပြီးလှဲအိပ်လိုက်တော့သည်။ ထိုအသီးသေးသေးလေးများမှာ ချေးနံ့ကဲ့သို့ အလွန်နံစော်နေသည့် ရနံ့နံနေလေတော့သည်။
“နံလိုက်တာ လိပ်ဘိုးဘိုးရယ် ဘာသီးတွေလဲ”
“အပိုတွေမေးမနေနဲ့တော့ အသက်ကို ၀၀ရှူထား၊ ငါမင်းအပေါ်ကနေ အသီးတွေကို ဖုံးလိုက်တော့မယ်”
လိပ်ဘိုးဘိုးက အသီးများကို ကဖောကိုယ်လုံးပေါ်သို့ ပုံတင်လိုက်ပြီးနောက် ကဖောကိုဖုံးထားလိုက်တော့သည်။ ထို့နောက် မြို့ထဲသို့ လှည်းကိုမောင်းပြီး ဝင်လာခဲ့သည်။ အစောင့်ရဲမက်များက လိပ်ဘိုးဘိုးကိုတွေ့သွားကြတော့သည်။
“ဘယ်သူများလဲလို့ လိပ်ဘိုးဘိုးပါလား၊ ဒါနဲ့ ဟိုတစ်လောက ပျောက်သွားသေးတယ်နော်”
“ပျောက်ဆို ဆေးဖော်ဖို့ ထွက်သွားတာဟေ့၊ နေပါဦး မင်းတို့ကိုကြည့်ရတာ တစ်ခုခုရှာနေသလိုပဲ ဘာရှာနေတာလဲ”
“အရေးကြီးတဲ့ ရာဇဝတ်သားတစ်ယောက်ကို ရှာနေတာဗျ၊ ဒါနဲ့ ဒီအသီးတွေက ဘာသီးတွေလဲ”
ရဲမက်များက လှည်းအနီးသို့ကပ်သွားကြတော့သည်။ သို့သော် အလွန်ပြင်းထန်သည့်ရနံ့ကြောင့် နာခေါင်းများကို ပိတ်ထားကြတော့သည်။
“လိပ်ဖိုးဘိုး ဒါတွေက ဘာအသီးတွေလဲ၊ ဘာလုပ်ဖို့လဲဗျ”
“ရေမွှေးဖော်မလို့ဟေ့ ငါကိုယ်တိုင်ခူးလာရတာ”
“ဗျာ၊ ရေမွှေးဖော်ဖို့ကလည်းဗျာ၊ ဒီအသီးက အရမ်းနံတာကို”
“ဟဲ့ . . နံတယ်ဆိုတာမွှေးတာ၊ မွှေးတယ်ဆိုတာက နံတာကွ၊ မင်းတို့မှ မသိဘဲ”
ရဲမက်များက လက်ကာပြလိုက်သည်။
“ကဲ ဒါဆိုလဲ မြန်မြန်သွားတော့၊ ဒီအသီးနံ့ရှူရတာ အန်ချင်စရာကောင်းတယ်”
လိပ်ဘိုးဘိုးလဲ လှည်းကို ဟန်မပျက်ဆက်လက်မောင်းနှင်ကာ မြို့ထဲသို့ဝင်ခဲ့တော့သည်။ သို့ရာတွင် သိပ်ကြာကြာမမောင်းရသေး ရဲမက်ခေါင်းဆောင်တစ်ယောက်က လိပ်ဘိုးဘိုးကို အနောက်မှလှမ်းအော်လိုက်သည်။
“ရပ်လိုက်”
ထို့နောက် ရဲမက်များနှင့်အတူ လှည်းဆီပြေးလာတော့သည်။
“ဒီလှည်းကို မင်းတို့ စစ်ဆေးပြီးပြီလား”
“စစ်ပြီးပါပြီ ခေါင်းဆောင် ဒါပေမယ့် ဒီအသီးတွေက နံ့လို့ သေချာတော့ မစစ်ရသေးဘူး”
ထိုအခါ ရဲမက်ခေါင်းဆောင်က လိပ်ဘိုးဘိုးနားရောက်လာတော့သည်။
“လိပ်ဘိုးဘိုး အဘိုးရဲ့ အသီးတွေထည့်ထားတဲ့ လှည်းထဲကို ကျုပ်တို့ လှံတွေနဲ့ထိုးပြီး စစ်ဆေးမယ်ဆိုရင် အဘိုးစိတ်မဆိုးပါဘူးနော်”
လိပ်ဘိုးဘိုးက ပြုံးလိုက်တော့သည်။
“အေးအေး လုပ်ကြပါကွာ ၊ ငါစိတ်မဆိုးပါဘူး”
ထိုအခါရဲမက်နှစ်ယောက်က လှံများဖြင့် ပြေးလာကြတော့သည်။
အပိုင်း (၉) တွင် ဆက်လက်ဖတ်ရှုပါ။