အပိုင်း(၁၀) ဇာတ်သိမ်းပိုင်း
ကျားလူမျိုးစုရွာကလေးအနီးမှ တောင်ကျချောင်းလေးတစ်ခုက တောအုပ်အတွင်းဖြတ်သန်းကာ တသွင်သွင်စီးဆင်းနေလေသည်။ ထိုတောင်ကျချောင်းကလေးတွင် ဘန်ဝါး၏ ရုပ်အလောင်းကို ဝါးဖောင်တစ်ခုပေါ်တွင် တင်ထားကာ အနီရောင်၊ အပြာရောင်၊ အရောင်အသွေးစံုံလှစွာ ဖူးပွင့်နေကြသည့် တောပန်းကလေးများနှင့် အလှဆင်ထားတော့သည်။ ဘန်ဝါးမှာ ထိုပန်းကလေးများအလယ်တွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာနှင့် လဲလျောင်းနေလေသည်။ ကဖောမှာ ဘန်ဝါး၏ရုပ်အလောင်းပေါ်သို့ ပန်းတစ်ပွင့်ကိုတင်လိုက်ပြီးနောက်
“သွားပေတော့ ဘန်ဝါးရေ၊ နတ်ဘုရားတွေဆီသွားပြီးတော့ ရှင့်အဖေနဲ့ပြန်ပြီး ဆုံစည်းကြပါတော့။ ဒီမှာကျန်ခဲ့တဲ့ တာဝန်တွေကို ကျွန်မသေချာထမ်းဆောင်ပါ့မယ်၊ ရှင့်လိုလူကို ဆုံးရှုံးရတဲ့အတွက် ကျွန်မအလွန်ဝမ်းနည်းရပါတယ်”
ကဖောက ပြောရင်း မျက်ရည်တွေ ကျလာတော့သည်။ လချေရှီးက ကဖောပုခုံးကို ဖက်ပေးထားလိုက်သည်။ ဘန်ဝါး၏ မိန်းမများနှင့် သားသမီးများအားလုံး ငိုကြွေးပြီးသည့်အခါတွင် ကျားလူမျိုးများက ဝါးဖောင်ကလေးကို ရေတွင်မျှောချလိုက်ရာ တောင်ကျချောင်းကလေးအတိုင်း တဖြည်းဖြည်း မျောပါစီးဆင်းသွားလေတော့သည်။
“မျိုးနွယ်စုတွေအားလုံုံးကို ချက်ချင်းသတင်းပို့လိုက်ကြ၊ ငါတို့တပ်တွေအကုန်လုံး ဒီရွာမှာစုကြမယ်၊ ဒီကနေ နောက်ထပ်ငါးရက်ကြာတဲ့အခါ စစ်ချီတက်ကြမယ်၊ လကွယ်ညအမီ ကျောက်တုံးမြို့တော်ကို ချီတက်ကြမယ်”
ကဖောက ပြောဆိုလိုက်သည့်နောက် မျိုးနွယ်စုလူမျိုးများအကုန်လုံး သတင်းပေးရန်အတွက် ထွက်ခွာသွားကြတော့သည်။ ထိုအခါ ဗိုလ်မှူးက ကဖောရှေ့တွင် ဒူးထောက်လိုက်တော့သည်။
“ကျုပ်တို့အားလုံး အညံ့ခံပါတယ်ကဖော၊ ကျုပ်တို့ကလည်း ဘုရင်ကြီးကို မကျေနပ်တာကြာပြီ၊ ဘုရင်ကြီးထင်ရာစိုင်းနေတာကို မကျေနပ်တာကြာပါပြီ၊ ဒါပေမယ့် ဘုရင်ကြီးရဲ့ အာဏာစက်အောက်ကနေ ရုန်းမထွက်နိုင်သေးလို့ ကျုပ်တို့သူခိုင်းတဲ့အတိုင်း မလုပ်ချင်ဘဲ လုပ်နေရတာပါ”
“ရပါတယ် ဗိုလ်မှူး၊ အခုမြင်းတပ်နဲ့ ကျန်တဲ့မြင်းစစ်သည်တွေကို ဗိုလ်မှူးပဲ ဦးဆောင်လိုက်ပါ။ ကျောက်တုံးမြို့တော်ကို ချီတက်တဲ့အခါ မြင်းတပ်က ဦးစီးပြီးအရင်ချီတက်ကြမယ်”
ဗိုလ်မှူးနှင့် မြင်းတပ်သားများမှ အတန်ငယ်ကျယ်ပြန့်သည့် မြေပြင်တွင် စခန်းချထားလိုက်ကြတော့သည်။ ထိုအခါ ဘန်ဝါး၏ ဇနီးအကြီးဆုံးမှာ ကဖောထံသို့ အဝါရောင်ငှက်မွှေးများဖြင့် ပြုလုပ်ထားသည့် ခေါင်းဆောင်းကိုယူလာပေးလေသည်။
“မိန်းကလေးကဖော၊ ဒီခေါင်းဆောင်းကတော့ ဆုံးသွားတဲ့ ခေါင်းဆောင်ဘန်ဝါးက မိန်းကလေးနဲ့တွေ့ရင် ပေးဖို့ဆိုပြီး သူကိုယ်တိုင်ပြုလုပ်ထားတဲ့ စာဝါငှက်ရဲ့ အမွှေးအတောင်နဲ့ပြုလုပ်ထားတဲ့ ခေါင်းဆောင်းပါ”
ကဖောက အလွန်လှပသည့် ခေါင်းဆောင်းကို ကိုင်ကြည့်လိုက်ပြီးနောက်ခေါင်းတွင် တပ်ဆင်လိုက်တော့သည်။
(၃၆)
“လကွယ်နေ့ကရောက်တော့မယ် မင်းရဲ့သားအကြောင်း အဆက်အသွယ်မရသေးဘူးလား”
လဘေးဝါးမှာ ပြောဆိုရင်း ဒေါသထွက်နေလေသည်။ ယုဝါမှာ ငိုကြွေးနေတော့သည်။
“ကျွန်မရှင့်ကို မကွယ်ဝှက်ထားတော့ဘူး၊ အမှန်အတိုင်းပဲပြောတော့မယ်၊ သားက ဒီအတိုင်းထွက်သွားတာမဟုတ်ဘူး”
“ဒါဆို . . ဒါဆိုဘာဖြစ်လို့လဲ”
“ကဖောနောက်ကို လိုက်သွားတာ”
“ဘာကွ . . .”
လဘေးဝါးမှာ အလွန်ထိတ်လန့်သွားတော့သည်။
“တောက် . . . ငါက ငါ့သားအရင်းမဟုတ်ပေမယ့် စေတနာနဲ့ ဒီကောင့်ကို ဘုရင်တင်ပေးဖို့လုပ်ပေးတာကို၊ ငါလက်နဲ့ရေးတာကို မင်းရဲ့သားက ခြေထောက်နဲ့ဖျက်တာပေါ့ ဟုတ်လား”
“ဒီလိုတော့ မဟုတ်လောက်ပါဘူး”
“တော်စမ်းယုဝါ၊ ငါမကြားချင်တော့ဘူး အခုလို ငါစီစဉ်သမျှ ကိစ္စတွေ တလွဲတွေဖြစ်နေတာ မင်းရဲ့သားကြောင့်ဆိုတာ မင်းသိရဲ့လား”
လဘေးဝါးက အလွန်ဒေါသထွက်နေလေသည်။
“မင်းတို့သားအမိကို ငါတော်တော်စိတ်ပျက်တယ် ယုဝါ၊ ငါရှေ့လျှောက် မင်းရဲ့သားရော၊ မင်းရဲ့မျက်နှာကိုရော မမြင်ချင်တော့ဘူး၊ မင်းတို့ ငါ့ဆီကနေထွက်သွားကြတော့”
ယုဝါက ငိုနေရင်း ခေါင်းညိတ်လိုက်ပြီးနောက် စံအိမ်အတွင်းမှ ထွက်ခွာသွားတော့သည်။
“ဟား . . ဟား ကောင်းတယ်၊ ဘယ်သူမှ ဘုရင်မလုပ်ကြနဲ့၊ ငါပဲ ဘုရင်လုပ်မယ်၊ ငါပဲဘုရင်လုပ်မယ်”
ထိုသို့ပြောဆိုပြီးနောက် အနီရောင်လင်းလက်နေသည့် ဝတ်ရုံရှည်ကြီးနှင့် ရွှေရောင်ခေါင်းဆောင်းကြီးကို ဝတ်ဆင်လိုက်တော့သည်။
“ငါပဲဘုရင်၊ ငါပဲ ကျောက်တုံးမြို့တော်ရဲ့ သူရဲကောင်း၊ ငါပဲ ဒီမြို့သားတွေအားလုံးရဲ့ ကယ်တင်ရှင် . . ဟား . . ဟား”
လဘေးဝါး တစ်ယောက်တည်း ရယ်မောနေတော့သည်။ ထိုစဉ် သူ့လူတစ်ယောက် ပြေးဝင်လာလေသည်။
“ဆရာကြီးကို ဘုရင်ကြီးက အခေါ်လွှတ်လိုက်ပါတယ်”
လဘေးဝါးလည်း ချက်ချင်းပင် နန်းတွင်းသို့ထွက်ခဲ့တော့သည်။
ပုလ္လင်ကြီးပေါ်တွင် ဘုရင်ကြီးက ထိုင်နေကာ ဒေါသထွက်နေတော့သည်။ ပုလ္လင်အောက်တွင် မူးမတ်များက ထိုင်နေကြပြီး အားလုံးက မျက်နှာမသာမယာနှင့် တိတ်ဆိတ်နေကြတော့သည်။ လဘေးဝါးက ဝတ်ရုံကြီးတကားကားနှင့် ပြေးဝင်လာတော့သည်။
“ဘုရင်ကြီး ကျွန်တော့်ကို ခေါ်တယ်ဆို”
“လဘေးဝါး မင်းကတော့ ဝတ်ကောင်းစားလှတွေဝတ်ပြီး စိတ်ချမ်းသာနေတယ်ထင်ပါ့”
“ဘာများဖြစ်လို့ပါလဲ အရှင်မင်းကြီး”
“အေး . . ကျားလူမျိုးစုတွေကို မြင်းတပ်နဲ့သွားတိုက်တာ မြင်းတပ်ပျက်သတဲ့၊ ကြားလို့မှကောင်းသေးရဲ့လား”
လဘေးဝါးအံ့သြသွားတော့သည်။
“မဖြစ်နိုင်ပါ၊ ကျားလူမျိုးစုက အလွန်ဆုံးရှိလှ အင်အားငါးရာပါ”
“အခုက သူတို့တစ်စုထဲမဟုတ်ဘူးတဲ့ မျိုးနွယ်စုသုံးလေးစုက ပေါင်းပြီးတိုက်ခိုက်ကြတာတဲ့ လဘေးဝါး မင်းဒီကိစ္စကို ဘယ်လိုတာဝန်ယူမလဲ”
“မျိုးနွယ်စုတွေ စုပေါင်းမိပြီဆိုတော့ ဒါ . . ဒါပြဿနာကြီးတစ်ခုပါ ဘုရင်ကြီး”
“ဒါတင်ဘယ်ကဦးမလဲ အခုကြားရတဲ့သတင်းအရဆိုရင် မျိုးနွယ်စုတွေက လူတွေစုနေပြီး ငါတို့ဆီချီတက်လာလိမ့်မယ်တဲ့”
“အို နတ်ဘုရားအပေါင်းတို့”
လဘေးဝါးက ရေရွတ်လိုြက်ပီးနောက် ထိုင်ကျသွားတော့သည်။
“လဘေးဝါး မင်းသတင်းတွေ ငါကြားပြီးသားနော်၊ မင်းကို မြှောက်စားလိုက်တဲ့သူတိုင်း မင်းအကြံအစည်ကိုလက်ခံလိုက်တဲ့လူတိုင်း ပျက်စီးကြရသတဲ့၊ ငါရော မင်းကိုယုံခဲ့မိလို့ မှားပြီထင်တယ်”
“ဘုရင်ကြီး ကျွန် . . ကျွန်တော့်ကို ချမ်းသာပေးပါ”
“မလိုချင်ဘူး လဘေးဝါး မင်းကိုငါတစ်ခါခွင့်လွှတ်ပြီးပြီ၊ ရဲမက်တွေ လာကြစမ်း လဘေးဝါးကို ဖမ်းချုပ်လိုက်ကြ၊ နောက်နေ့မနက် နန်းရှေ့မှာ ကျောက်တုံးနဲ့ထုသတ်စေ”
“မဖြစ်ဘူး . . မလုပ်ရဘူး၊ နတ်ဆရာကိုသတ်ရင် သတ်တဲ့မိသားစု ဆွေမျိုးခုနစ်ဆက် ဒုက္ခရောက်ကြရသတဲ့နော်”
“ဟား . . ဟား၊ ဒါဆိုရင်လည်း အများကိုယ်စား ငါတို့ပဲအနစ်နာခံပေးလိုက်ပါ့မယ်၊ အဓိကက မင်းမျက်နှာကို ငါမမြင်ချင်တော့တာပဲ၊ မင်းကိုအရင်ဆံံုံးသတ်မယ်၊ နတ်ဘုရားတွေပေးတဲ့အပြစ်ကိုခံတာက နောက်ပေါ့”
ရဲမက်များက ခန်းမအတွင်းသို့ပြေးဝင်လာကြသည်။ လဘေးဝါးလည်း အမြန်ထပြီးပြေးတော့သည်။ ရဲမက်များက လဘေးဝါးအား ဝန်းရံံကာ ခွေးရူးတစ်ကောင်ကိုဖမ်းသည့််နှယ် လိုက်လံဖမ်းချုပ်ကြလေသည်။ ထိုအဖြစ်ကို ဘုရင်ကြီးမာရနှင့် မူးမတ်များက ကြည့်ကာ ရယ်မောနေကြလေသည်။ နောက်ဆံုံးတော့ ရဲမက်တစ်ဦးက လဘေးဝါးဝတ်ဆင်ထားသည့် ဝတ်ရံုံကြီးကိုခြေထောက်နှင့် နင်းလိုက်သဖြင့် လဘေးဝါးမှာ ကြမ်းပြင်ပေါ်သို့ မှောက်ခံုံကြီးကျသွားလေရာ ရဲမက်များက ရုန်းကန်နေသည့် လဘေးဝါးကို ဆွဲခေါ်သွားကြတော့သည်။
“ဟား၊ ဟား မင်းကိုဖမ်းတာကြည့်ပြီး ရယ်လိုက်ရတာလဘေးဝါးရာ၊ ငါ့ရဲ့စိတ်တွေတောင်မှ ပေါ့ပါးသွားသလိုပဲ ဟား၊ ဟား”
လဘေးဝါးမှာ ဘုရင်ကြီးအားကြည့်လိုက်ပြီးနောက်
“ခင်ဗျား၊ ခင်ဗျားရယ်ထားအံုံးပေါ့၊ တစ်နေ့တော့ ခင်ဗျားဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်”
“အေးပါလဘေးဝါးရာ၊ မနက်ဖြန်တော့ မင်းအရင်ခေါင်းပြားပြီပေါ့ကွ”
ရဲမက်များက လဘေးဝါးအား တရွတ်တိုက်ဆွဲကာ ခန်းမအတွင်းမှထုတ်သွားကြလေသည်။ ဘုရင်ကြီးက မူးမတ်များဘက်သို့လှည့်လိုက်ပြီးနောက်
“ကဲ မူးမတ်များ၊ ဒီမျိုးနွယ်စုတပ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ”
“ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့တပ်တွေက မျိုးနွယ်စုတပ်တွေထက် အင်အားသာလွန်ပါတယ်၊ ဒါကြောင့် မြို့ထဲကနေခုခံရင် မြို့ပျက်စီးနိုင်ပါတယ်။ တပ်အင်အားအလုံးအရင်းနဲ့ မခူးတောင်ခြေမှာသွားပြီး စောင့်နေကာ စစ်ရင်ဆိုင်သင့်ပါတယ် ဘုရင်ကြီး”
မူးမတ်တစ်ယောက်က အကြံပေးလေသည်။
“အင်း . . မင်းပြောတာလည်းဟုတ်တယ်၊ ဒီတော့ တို့ဆီမှာကျန်နေတဲ့ ခြေလျှင် စစ်သည် ကိုးသောင်းကို မခူးတောင်ခြေကိုလွှတ်စေ၊ ကျန်တဲ့စစ်သည်တွေကတော့ မြို့တော်မှာ ဆက်ပြီးနေကြရလိမ့်မယ်။ ခြေလျှင်စစ်သည်တွေကိုတော့ ငါ့သားတော်ကိုယ်တိုင် ဦးဆောင်လိမ့်မယ်”
“သင့်မြတ်လှကြောင်းပါ ဘုရင်ကြီး”
ကျောက်တုံးမြို့တော်ရှိ စစ်တပ်များမှာ စစ်တိုက်ရန်အတွက် လှုပ်ရှားပြင်ဆင်နေကြပြီဖြစ်သည်။ ပြင်ဆင်ပြီးသည့်အခါ ခြေလျင်စစ်သည် ကိုးသောင်းအား ဘုရင့်သားက ဦးဆောင်လျှက် မြို့တော်အတွင်းမှ ညီညီညာညာနှင့် ချီတက်ထွက်ခွာသွားကြလေသည်။ လဘေးဝါးကိုတော့ ကဖောတို့အားချုပ်နှောင်ခဲ့သည့် အကျဉ်းခန်းအတွင်းမှာပင် ချုပ်နှောင်ထားသည်။ လရောင်အနည်းငယ်ကျနေသည့် အကျဉ်းခန်းအတွင်း လဘေးဝါးတစ်ယောက် လဲလျောင်းနေလေသည်။
“အို ဆိုးလိုက်တဲ့ငါ့ကံပါလား၊ နတ်ဘုရားတွေက ငါ့ကိုမျက်နှာသာမပေးကြဘူး”
ထိုကဲ့သို့ ရေရွတ်နေတော့သည်။ ထို့နောက်တွင်မူ လဘေးဝါးက ရယ်မောနေတော့သည်။
“ဟား . . ဟား ငါမရှိရင်၊ ငါမရှိရင် ကျောက်တုံးမြို့တော်ပျက်စီးပြီ၊ ဟား ဟား ငါ့မျက်စိတွေနဲ့ မမြင်နိုင်ပေမယ့် ငါ နတ်ဘုရားတွေခြေရင်းကနေပြီး ကျောက်တုံးမြို့တော်ကြီး ပျက်စီးတာကို အားရပါးရကြီး ထိုင်ကြည့်နေမယ်ဟေ့”
တစ်ညလုံး ငိုလိုက်ရယ်လိုက် ဆူပူကျိန်ဆဲလိုက်နှင့် မိုးလင်းသွားတော့သည်။ နေထွက်သည်နှင့်် ရဲမက်နှစ်ယောက်က လဘေးဝါးကို အကျဉ်းခန်းအတွင်းမှ ဆွဲထုတ်သွားကြတော့သည်။ နန်းတော်ရှေ့တွင် ကျောက်တုံးကြီးချထားပြီး အာဏာပါးကွက်သားများက လဘေးဝါးကို ကြိုဆိုနေကြတော့သည်။ ထို့နောက် လဘေးဝါး၏ ဦးခောင်းကို ကျောက်တုံးပေါ်တွင် တင်လိုက်ပြီးနောက် ပါးကွက်သားက ကျောက်တုံးကြီးတစ်ခုကို ကိုင်ထားလိုက်တော့သည်။
“မဖြစ်နိုင်ဘူး . . မဖြစ်နိုင်ဘူး၊ ငါဒီလိုမဖြစ်ရဘူး”
ထိုသို့ရေရွတ်နေစဉ်မှာပင် လဘေးဝါးခေါင်းပေါ်သို့ ပါးကွက်သားက ကျောက်တုံးကြီးကို ပစ်ချလိုက်တော့သည်။ ကျောက်တုံးနစ်ခုကြားတွင် ညှပ်ပြီး ပြားကပ်နေသော ဦးခေါင်းမှ မျက်လုံးများ၊ ဦးနှောက်များနှင့် သွေးစက်များက လွင့်စင်ထွက်သွားတော့သည်။
(၃၇)
“ဒူ . . ဝူး . . ဝူး”
ကဖောက သူ့တစ်ကိုယ်လုံးကို မြေဝါတွေနှင့် ပွတ်သပ်နေတော့သည်။ ထို့နောက် အနက်ရောင်အစင်းကြောင်းတွေကို ရေးဆွဲနေတော့၏။ ထိုအခါ လချေရှီးက ကဖောအား ချပ်ဝတ်တန်ဆာများ ယူလာပေးတော့သည်။ ကဖောက ခေါင်းကိုခါလိုက်သည်။
“ငါချပ်ဝတ်တွေ မဝတ်တော့ဘူး လချေရှီး၊ ငါကမျိုးနွယ်စုပဲ၊ တခြားမျိုးနွယ်စုတွေဝတ်သလိုပဲ ငါဝတ်မယ်”
ထို့နောက် ဘန်ဝါးပေးခဲ့သည့် ကျားစွယ် လည်ဆွဲကို ဝတ်ဆင်လိုက်ပြီးနောက် ဘန်ဝါး၏ ကျားသားရေကြီးကို ခြုံလိုက်တော့သည်။ ခေါင်းတွင်တော့ အဝါရောင် စာဝါငှက်မွှေးခေါင်းဆောင်းကို ဆောင်းထားလိုက်တော့သည်။
“ကဲ ငါတို့တွေ သွားကြစို့”
ကဖောက ခန်းမဆောင်ကြီးအတွင်းမှ ထွက်လိုက်သည်နှင့် အပြင်ဘက်တွင် လူမျိုးစုပေါင်းစုံတို့မှ ခေါင်းဆောင်များနှင့် စစ်သည်များက ကဖောအား စောင့်ကြိုနေလေတော့သည်။
“ကဲ မျိုးနွယ်စုအပေါင်းတို့ ဒီတိုက်ပွဲဟာ ငါတို့မျိုးနွယ်စုတွေရဲ့ ဖြစ်တည်မှု၊ ငါတို့တွေရဲ့ ဂုဏ်သိက္ခာအတွက် တိုက်တဲ့တိုက်ပွဲပဲဖြစ်တယ်၊ ဒီတော့ ငါတို့ဒီတိုက်ပွဲမှာ အနိုင်ပဲရှိရမယ်၊ ဒီတိုက်ပွဲမှာ ရှုံးရင် ငါတို့ မျိုးနွယ်စုတွေအားလုံး ပျက်စီးကြရမှာအမှန်ပဲ၊ ဒီတော့ ငါတို့နိုင်အောင်တိုက်ကြမယ်”
မျိုးနွယ်စုများက အော်ဟစ်လိုက်ကြပြီးနောက် ကဖောနောက်မှလိုက်ခဲ့တော့သည်။ ကဖောက မြင်းတပ်ထိပ်ဆုံးရှိ မြင်းဖြူကြီးတစ်ကောင်ပေါ်သို့ လွှားခနဲ ခုန်တက်လိုက်တော့သည်။ ထို့နောက် လှံရှည်ကြီးကို ဝင့်လိုက်ပြီးနောက်
“အားလုံးပဲ ချီတက် . . .”
ကျောက်တုံးမြို့တော်မှ တပ်များသည် မခူးတောင်ခြေနှင့် ကျောက်တုံးမြို့တော်အကြား လွင်ပြင်ကြီးတွင် ခံံတပ် အခြေစိုက်စခန်းတစ်ခုဆောက်ပြီးတပ်စွဲနေကြသည်။ မခူးတောင်တန်းပေါ်မှ ဆင်းလာသည့် မျိုးနွယ်စုများနှင့် တွေ့သောအခါ ထိုနေရာတွင် စစ်ဆင်ရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ မူးမတ်များနှင့် တပ်မှူးများက တပ်များကိုဦးစီးကာ သူတို့၏ စစ်သူကြီးမှာတော့ ဘုရင်ကြီး၏ သားတော်ဖြစ်သည်။
ယနေ့မှာ လကွယ်နေ့ဖြစ်သည်။ မျိုးနွယ်စုများအားလုံးတို့က စစ်ချီတက်လာရင်း မခူးတောင်ခြေသို့ ရောက်ရှိလာကြသည်။ ကွင်းပြင်ကြီးတွင် စခန်းချထားသည့် ကျောက်တုံးမြို့တော်ကြီးမှ တပ်များကိုတွေ့သဖြင့် ထိုတပ်သားများနှင့်် မလှမ်းမကမ်း တစ်ဖက်တွင် နေရာယူလိုက်ကြတော့သည်။
“မျိုးနွယ်စုတွေ အခုဘဲ ကွင်းပြင်တစ်ဖက်မှာ တပ်စွဲထားကြပါတယ် အရှင့်သား”
“ကောင်းတယ်၊ ဒါနဲ့ ငါတို့ ဘယ်လိုလုပ်ကြမလဲ”
“မျိုးနွယ်စုတွေက များသောအားဖြင့် စစ်တိုက်ရင် ညဘက်တိုက်ကြတာဆိုတော့ ဒီည သူတို့စစ်တိုက်လောက်တယ်”
“ကောင်းပြီ၊ ငါတို့တပ်တွေကိုလည်း မှာထား၊ သေသေချာချာ အားမွေးထားခိုင်း၊ ညဘက်ကျရင် ငါတို့တွေ တိုက်ခိုက်ကြမယ်”
ညနေရောက်လာခဲ့ပြီ။ ကျောက်တုံးမြို့တော်တပ်ဖွဲ့များ ခန့်မှန်းထားသည့်အတိုင်း ကဖောတို့က စစ်တိုက်ရန် နေရာယူနေပြီဖြစ်သည်။
“မြင်းတပ်ကို ကျွန်မကဦးဆောင်ပြီး အရှေ့က အရင်ဝင်တိုက်မယ်၊ ကျန်တဲ့လူတွေက အနောက်ကနေလိုက်ခဲ့ကြပါ”
အားလုံး သဘောတူလိုက်ကြတော့သည်။ ထို့နောက် မျိုးနွယ်စုခေါင်းဆောင်များက မြေဖြူဖျော်ရည်များကို လက်နှင့်တို့ပြီး ကဖော၏ ကိုယ်လုံးတွင် လက်ရာများပေးကြတော့သည်။
“နတ်ဘုရားတွေ ခေါင်းဆောင်ကို စောင့်ရှောက်ကြပါစေ”
ထိုသို့ ဝိုင်းပြီးဆုတောင်းလိုက်ကြတော့သည်။ မခူးတောင်ခြေ တောင်ကုန်းလေးပေါ်မှ လှမ်းကြည့်လိုက်လျှင် ကျယ်ပြန့်သော လွင်ပြင်ကြီးနှင့် ကျောက်တုံးမြို့တော်ကြီးကို အဝေးမှ လှမ်းမြင်တွေ့ရလေသည်။ ကျောက်တုံးမြို့တော်ကြီးပေါ်တွင် တိမ်စိုင် တိမ်လိပ်များအုပ်ဆိုင်းနေပြီး တိမ်မည်းကြီးတွေက ဝေ့ဝိုက်ကာ ပျံသန်းနေကြတော့သည်။ ထိုကြားထဲ ကောင်းကင်ကြီးက နီရဲပြီးတောက်နေတော့သည်။
“အဲဒါဘာဖြစ်တာလဲ”
ကဖောက မျိုးနွယ်စုခေါင်းဆောင်တစ်ဦးအား မေးမြန်းလိုက်တော့သည်။
“ကျောက်တုံးမြို့တော်အပေါ် မုန်တိုင်းတစ်ခု ကျတော့မယ်ထင်တယ်”
“ဘာပဲဖြစ်ဖြစ် ဒီအခြေအနေကို ကျွန်မမကြိုက်ဘူး၊ မကောင်းတာတစ်ခုခုဖြစ်တော့မယ်ထင်တယ်”
“လာပါခေါင်းဆောင်ရယ်၊ အခုတိုက်ပွဲကိုပဲ အာရုံစိုက်ထားစမ်းပါ”
ကဖောလည်း ခေါင်းညိတ်လိုက်ပြီး တောင်ကုန်းပေါ်မှဆင်းလိုက်ကာ တပ်ဦးတွင်နေရာယူလိုက်တော့သည်။
ကျောက်တံံုံးမြို့တော် ဘုရင်ကြီးမာရက နန်းဆောင်အတွင်းမှနေ၍ ကောင်းကင်ကြီးကိုမော့ကြည့်နေလေသည်။ ကောင်းကင်ကြီးက သူတစ်ခါမှ မတွေ့မြင်ဖူးသည့် ပုံစံကြီးဖြစ်နေတော့သည်။ နီရဲနေသော ကောင်းကင်ကြီးထက်တွင် တိမ်စိုင်တိမ်လိပ်များက ရစ်ဖွဲ့ပျံသန်းနေကြကာ ဝဲကတော့ကြီးတစ်ခုအသွင်ဖြစ်နေတော့သည်။
“ထူးဆန်းလိုက်တာ”
ထိုသို့ ကြည့်နေစဉ်မှာပင် ကောင်းကင်ပေါ်မှ မီးလုံးကြီးများသည် မြို့တော်အတွင်းသို့ ထိုးကျလာကုန်တော့သည်။ မြို့တော်အတွင်းမှ လူများအားလုံးထိတ်လန့်တုန်လပ်သွားကြတော့သည်။ မီးလုံးကြီးများမှာမြေပြင်နှင့်ထိမိသောအခါ ပြင်းထန်စွာပေါက်ကွဲပြီးနောက် အတွင်းမှ ဘီလူးကြီးများက ခုန်ထွက်လာကြတော့သည်။ ဘီလူးများမှာ လူသားများထက် အရပ်ပိုမြင့်ပြီး အလွန်ထွားကျိုင်းလှပေသည်။
“ဟေ့ကောင်တွေကြည့်စမ်း၊ လူသားတွေကွ ဟား . . ဟား”
ထိုသို့ကြွေးကျော်ပြီးနောက် ဘီလူးကြီးများက အနီးအနားတွင်တွေ့သည့် လူသားများအားဖမ်းဆီးကာ ကိုက်ဖြတ်စားသောက်ကြတော့သည်။ ထိုဘီလူးများသည် ကျောက်တုံးမြို့တော်အတွင်းသို့ တဖွဲဖွဲ ပြုတ်ကျလာကြရင်း တပ်ကြီးတစ်ခုသမျှဖြစ်သွားတော့သည်။ ဘီလူးတပ်ကြီးကို ဦးဆောင်လာသည်ကတော့ အခြားသူမဟုတ် ဘီလူးခေါင်းဆောင် ဗာဂိုပင်ဖြစ်သည်၊ ဗာဂိုက နောက်ဆုံးတွင် မုန်တိုင်းဓါးကြီးကို ကိုင်ဆောင်လျှက် ကောင်းကင်အပေါ်မှ ခုန်ဆင်းလာတော့သည်။ ထိုဘီလူးများက ဗာဂိုအနားတွင် စုဖွဲ့ကာရပ်လိုက်ကြတော့သည်။
“အင်း . . လဘေးဝါးပြောတဲ့အတိုင်းဆို၊ ငါတို့ ဒီညဆင်းလာရင် သူကလည်း တပ်ဖွဲ့တွေနဲ့စောင့်နေလိမ့်မယ်လို့ပြောတယ်။ ပြီးတော့ ငါတို့ကို သူ့သားဖြစ်တဲ့ကောင်လေးက တိုက်ခိုက်ရင်း ငါတို့ရှုံးဟန်ဆောင်ပြီး မခူးတောင်တန်းကြီးဆီ ထွက်ပြေးဆုတ်ခွာရမယ်တဲ့”
“ဒါနဲ့ခေါင်းဆောင်၊ ခေါင်းဆောင်ပြောတဲ့ လဘေးဝါးဆိုတာကိုလည်း မတွေ့၊ စစ်တပ်တွေကိုလည်း မတွေ့ပါလား”
“အေးကွာ၊ မတွေ့တော့လဲ ဘာအရေးလဲ၊ ကဲ ဒီမြို့တစ်ခုလုံးကို မုန်တိုင်းဖြစ်သွားအောင် မွှေလိုက်ကြစို့”
ဗာဂိုက ထိုသို့ပြောလိုက်ကာ မုန်တိုင်းဓါးကြီးကို ဝှေ့ယမ်းလိုက်တော့သည်။ သူဝှေ့ယမ်းလိုက်သည့်အခါတွင် မီးတောက်မီးလျှံများထွက်လာပြီးနောက် ကျောက်တုံးမြို့တော်ရှိ အဆောက်အဦများနှင့် ပရိဘောဂပစ္စည်းများကို မီးစွဲလောင်တော့သည်။ မြို့စောင့်တပ်များက ဘီလူးများကိုတိုက်ခိုက်ကြသော်လည်း အင်အားချင်းမမျှသဖြင့် မနိုင်ကြတော့ပေ။ ဘီလူးများက မြို့အတွင်း တိုက်ခိုက်ဖျက်ဆီးလျှက် လူသားများကို စားသောက်နေကြတော့သည်။ မြို့ကြီးတစ်မြို့လုံးမှာ ငရဲပြည်တစ်ခုကဲ့သို့ဖြစ်နေပြီး မီးတောက်များအကြား လူသားများ၏ အော်ဟစ်သံများ ငိုကြွေးသံများနှင့် ပွက်ပွက်ညံနေတော့သည်။
(၃၈)
စစ်တိုက်ရန်ပြင်ဆင်နေသော ကဖောတို့သည် ကျောက်တုံးမြို့တော်၏ ကောင်းကင်ကြီးနီရဲနေသည်ကို အံ့သြပြီးကြည့်နေတော့သည်။
“ခေါင်းဆောင်ဘာဖြစ်တာလဲမသိဘူး”
“တစ်ခုခုတော့ဖြစ်နေပြီ၊ ကောင်းကင်ပေါ်ကနေလည်း မီးလုံးကြီးတွေ ပြုတ်ကျလာတယ်”
နှစ်ဖက်စစ်သည်များမှာ စစ်တိုက်ရမည့်အရေးထက် ကျောက်တုံးမြို့တော်ကို ငေးကြည့်နေကြတော့သည်။ ထိုအခါ ကဖောက မြင်းတစ်စီးနှင့် ရန်သူတပ်အတွင်းသို့ ပြေးဝင်သွားတော့သည်။ ထိုအခါ ရန်သူတပ်အတွင်းမှ ဘုရင့်သားနှင့် တွေ့ဆုံတော့သည်။
“ကျောက်တုံးမြို့တော်ကြီး တစ်ခုခုဖြစ်နေပြီ၊ ငါတို့တတွေ အမြန်သွားမှဖြစ်မယ်”
ဘုရင့်သားက မဲ့ပြုံး ပြုံးလိုက်တော့သည်။
“ကဖောရယ်၊ ဒီလိုဖြစ်နေအောင်လို့ မင်းလှည့်ကွက်တွေလုပ်ထားတာလားမှမသိတာ”
“မဟုတ်ဘူးဘုရင့်သား ငါကျိန်ပြောရဲတယ်၊ ဒီကိစ္စငါလုပ်တာမဟုတ်ဘူး၊ တစ်ခုခုထူးခြားတာတော့ဖြစ်နေပြီ”
ထိုစဉ် ရဲမက်တစ်ယောက်က ပြေးဝင်လာတော့သည်။
“ဘုရင့်သား အခြေအနေမကောင်းဘူး၊ ကျောက်တုံးမြို့တော်ကြီးကို ဘီ . .ဘီလူးကြီးတွေ ဝင်ပြီးတိုက်ခိုက်နေလို့ဗျ”
“ဟင် . . .”
ဘုရင့်သားလည်း မျက်လုံးပြူးသွားတော့သည်။
“ဘုရင့်သား အခုအချိန်က ကျွန်မတို့အချင်းချင်းစစ်တိုက်နေရမယ့်အချိန်မဟုတ်ဘူး၊ ကျွန်မတို့အကုန်လုံး ကျောက်တုံးမြို့တော်ကို ချီတက်ရမယ် စစ်ကူရမယ်”
“မဟုတ်ဘူးကဖော၊ မင်းက ကျောက်တုံးမြို့တော်ကြီးပျက်စီးတာကို မြင်ချင်နေတာလေ၊ ဘာဖြစ်လို့ ကျောက်တုံးမြို့တော်ကို စစ်ကူပေးမှာတုန်း”
“ရှင်တို့သိထားတာမှားနေပြီ၊ ကျွန်မက ကျောက်တုံးမြို့တော်ကို မပျက်စီးစေချင်ဘူး၊ နောက်ပြီး ကျွန်မက ရှင့်အဖေဖြစ်သူကိုပဲ တော်လှန်တိုက်ခိုက်ဖို့ စီစဉ်ထားတာ၊ အခုက ကျောက်တုံးမြို့တော်ကြီး အန္တရာယ်ဖြစ်နေပြီ၊ ကျွန်မတို့တွေရဲ့ ရန်ကြွေးတွေထက် မြို့သူမြို့သားတွေရဲ့ အသက်တွေက ပိုပြီးအရေးကြီးနေခဲ့ပြီ”
ဘုရင့်သားက တွေဝေနေလေသည်။
“ကောင်းပြီ၊ ဒါဆိုရှင်တို့မသွားဘူးဆိုရင်၊ ကျွန်မတစ်ယောက်တည်းကို ရှင်တို့တပ်ကို ဖြတ်ခွင့်ပေး၊ ကျွန်မတစ်ယောက်တည်းသွားမယ်”
ဘုရင့်သားက အလွန်ဆုံးဖြတ်ရခက်နေလေသည်။
“အချိန်မရှိဘူးဘုရင့်သား”
“ကောင်းပြီ၊ ဒါဆို မင်းကို ဖြတ်ခွင့်ပေးလိုက်မယ်”
ကျောက်တုံးမြို့တော်ရှိ တပ်သားများက အလွန်အံ့သြသွားကြလေသည်။
“ကျုပ်ကိုပါဖြတ်ခွင့်ပေး”
လချေရှီးက မြင်းတစ်ကောင်နှင့်ရောက်လာပြီး ပြောလိုက်တော့သည်။ ဘုရင့်သားခွင့်ပြုချက်ဖြင့် လချေရှီးနှင့် ကဖောတို့လည်း မြင်းကိုဒုန်းစိုင်းစီးပြီး ကျောက်တုံးမြို့တော်သို့ ပြေးထွက်လာခဲ့ကြတော့သည်။ ကျောက်တုံးမြို့တော်တပ်သားများက ဘုရင့်သားကို ဝိုင်းပြောကြလေသည်။
“ဘုရင့်သား ဘာလို့ တပ်တွေအကုန် ကျောက်တုံးမြို့တော်ကို မပြန်တာလဲ”
“ငါသူတို့ကို မယုံဘူး၊ ဒီလိုဖြစ်အောင် သူတို့က တမင်လုပ်ထားတာဆိုရင်ရော”
“ဒီလိုလဲမဖြစ်နိုင်ပါဘူး၊ ကဖောတို့က မြို့ထဲကို ဒီလိုနည်းနဲ့တိုက်ခိုက်နိုင်ရင် ဘာလို့ ကျုပ်တို့နဲ့ မြို့ပြင်မှာစစ်ခင်းနေဦးမှာလဲ”
မူးမတ်တစ်ချို့က ဝင်ပြောလေသည်။ ဘုရင့်သားမှာ အလွန်စဉ်းစားရခက်နေတော့သည်။
ကဖောနှင့် လချေရှီးက မြင်းကိုဒုန်းစိုင်းစီးပြီး ကျောက်တုံးမြို့တော် မြို့ရိုးကြီးအနားသို့ကပ်လာကြသည်။ မြို့တံခါးက ပိတ်ထားလျှက်ရှိသဖြင့် မြို့ထဲမဝင်နိုင်ဘဲ ဖြစ်နေတော့သည်။ မြို့အတွင်းရှိ မီးတောက်ကြီးများက လင်းလက်နေတော့သည်။
“မင်းတို့ အကူအညီလိုသေးလား”
အနောက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်ကြရာ ကဲရိသနှင့် ဖရီရန်ကိုတွေ့လိုက်ရတော့သည်။
“လိုတယ်၊ ကျွန်မတို့ မြို့ထဲဝင်နိုင်အောင် ကူညီပေးပါ ကဲရိသ”
လချေရှီးလည်း အံ့သြသွားတော့သည်။
“ကဲရိသ . . ကဲရိသဆိုတာသူလား”
ကဲရိသက ခေါင်းညိတ်လိုက်တော့သည်။
“ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က အစွမ်းထက်တဲ့လူတွေဖြစ်ပြီး ဘာဖြစ်လို့ ဒီကိစ္စမှာ မသိချင်ယောင်ဆောင်နေကြတာလဲ၊ မြို့ကြီးမီးလောင်ပြီးတော့ လူသားတွေသေကြေနေတာကို ဘာဖြစ်လို့ခင်ဗျားတို့က ဒီအတိုင်းရပ်ကြည့်နေကြတာလဲ”
ကဲရိသက ရယ်မောလိုက်တော့သည်။
“ကျုပ်တို့က ပွဲကြည့်နေတာ၊ ဒီကိစ္စက ကျုပ်တို့နဲ့ ဘာမှမသက်ဆိုင်ဘူးလေ၊ လီဝါး တွေအကုန်လုံး သေကြေကုန်တုန်းကလည်း ကျောက်တုံးမြို့တော်ကလူတွေအားလုံး ထိုင်ကြည့်နေခဲ့ကြတာပဲမဟုတ်လား”
“ဒါဆို ဖရီရန် ခင်ဗျားကကော”
“ကျုပ်က ပုရောဟိတ်၊ အနာဂါတ်အကြောင်းကိုပဲ ဟောပေးတယ်၊ ကျုပ်ရဲ့အလုပ်က နတ်ဘုရားတွေနဲ့ဆက်သွယ်ပေးဖို့ပဲ တိုက်ခိုက်ဖို့မဟုတ်ဘူး”
“ခင်ဗျားတို့ဗျာ၊ နေနိုင်လွန်းတယ်”
လချေရှီးကပြောလိုက်ပြီးနောက် ဒေါသထွက်သွားတော့သည်။
“ဒီမှာ မိန်းကလေးကဖော၊ ဒီကိစ္စက မင်းစလို့ဖြစ်လာတဲ့ကိစ္စပဲ ဒါကြောင့် မင်းမှာ တာဝန်ရှိတယ်”
ဖရီရန်ပြောလိုက်သည်အခါ ကဖောက အံ့သြသွားတော့သည်။
“မင်းမမွေးခင်ကတည်းက ငါ အနာဂတ်အတွက် ကြိုဟောခဲ့ပြီးသား၊ မင်းက ဓါးကိုင်လို့မရဘူး၊ မင်းဓါးကိုင်လိုက်တာနဲ့ ကျောက်တုံးမြို့တော်ကြီး မီးဟုန်းဟုန်းတောက်မယ်လို့လေ”
“ကျွန်မသိတော့သိတယ်၊ ဒါပေမယ့် ဒီလိုဖြစ်လာမယ်မှန်း မထင်လိုက်မိဘူး”
“ကံကြမ္မာပေါ့ကွာ၊ ကံကြမ္မာရဲ့ ဆန်းကြယ်မှုတွေပေါ့၊ မင်း မုန်တိုင်းဓါးကြီးကို ကိုင်လိုက်ကတည်းက ကျောက်တုံးမြို့တော်က မီးလောင်ဖို့ အကြောင်းဖြစ်လာခဲ့ပြီလေ”
“ဒါနဲ့ ဒီဘီလူးတွေက ဘယ်ကလဲ ဘာလို့ ဒီကိုရောက်လာတာလဲ”
လချေရှီး ထမေးလိုက်တော့သည်။
“မင်းအဖေ ခင်းခဲ့တဲ့ဇတ်လမ်းတွေပေါ့ကွာ”
“ဗျာ . . ကျုပ်အဖေ”
“ဟုတ်တယ်၊ လဘေးဝါးက ဗာဂိုကိုနည်းလမ်းတစ်မျိုးနဲ့ဆက်သွယ်ခဲ့တယ်၊ လကွယ်နေ့ညမှာ ဗာဂိုက ဘီလူးတွေကို ခေါင်းဆောင်ပြီး မြို့တော်ကိုလာခဲ့ဖို့၊ သူတို့လာရင် မင်းက လူသားတွေကိုဦးဆောင်ပြီးတော့ တိုက်ခိုက်ဖို့အတွက်ပဲ၊ ကြိုတင်သဘောတူထားတဲ့အတိုင်းပဲ ဗာဂိုက မင်းကို အရှုံးပေးပြီး ဘီလူးတွေအားလုံး မခူးတောင်တန်းကြီးပေါ်ကို ဆုတ်ခွာပြေးကြလိမ့်မယ်၊ ဒီအခါ မင်းက ကျောက်တုံးမြို့တော်ရဲ့ ကယ်တင်ရှင်ဖြစ်လာမယ်၊ လဘေးဝါးက ဘုရင်ကြီးကို သတ်ပြီးတော့ မင်းကို ကျောက်တုံးမြို့တော်ရဲ့ ဘုရင်အဖြစ် တင်မြှောက်လိမ့်မယ်”
“ဒါ . .ဒါဆို ဘီလူးတွေက မခူးတောင်တန်းပေါ်ရောက်သွားရင် ဘာဖြစ်မှာလဲ”
“လဘေးဝါးက တောင်တန်းကြီးကို ဘီလူးကြီးတွေကို အပိုင်ပေးပြီးတော့ တောင်တန်းပေါ်က ရှိသမျှ သက်ရှိတွေကို အကုန်စားသောက်ပစ်လိမ့်မယ်”
“တောက် . . .”
လချေရှီးက တောက်ခေါက်လိုက်တော့သည်။
“တော်တော်အကြံပက်စက် ယုတ်မာလိုက်တာဗျာ . . . ကျုပ်အဖေဆိုပေမယ့် ဒီလူကြီးဒီလောက်ကောက်ကျစ်လိမ့်မယ်လို့ မတွေးထားဘူး”
ကဖောက လှံကို အသင့်ပြင်လိုက်တော့သည်။
“ပြီးခဲ့တာတွေလည်း ပြီးပြီ၊ အခု ကျွန်မ စခဲ့တဲ့ ပြသနာကို ကျွန်မဖြေရှင်းတော့မယ်၊ ကျွန်မတို့ကို အထဲကိုပို့ပေး”
“ကောင်းပြီလေ၊ ဒီသစ်ကိုင်းခြောက်ကလေးကို ကိုင်ထားလိုက်ကြ”
ဖရီရန်ကပြောပြီးနောက် သစ်ကိုင်းခြောက်ကလေး တစ်ကိုင်းကို လှမ်းပေးလိုက်သည်။ လချေရှီးနှင့် ကဖောလည်း သစ်ကိုင်းခြောက်ကလေးကို ကိုင်ထားလိုက်တော့သည်။
“မင်းတို့ကို အကြံတစ်ခုပေးလိုက်ချင်တယ်၊ ဗာဂိုက မုန်တိုင်းဓါးသခင်ပဲ၊ မုန်တိုင်းဓါးသခင်ကို ဘယ်လက်နက်နဲ့မှ သတ်လို့မရဘူး၊ မုန်တိုင်းဓါးသခင်ကို မုန်တိုင်းဓါးနဲ့ပဲ ပြန်သတ်လို့ရတယ်”
ကဲရိသက ထိုသို့ပြောလိုက်ပြီး ဖရီရန်က မန္တန်တစ်ခုကို ရွတ်ဖတ်လိုက်ရာ ကဖောတို့နစ်ယောက်မှာ ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက် မြို့အတွင်းရှိ သစ်ပင်ကြီးတစ်ပင်အနားတွင် သွားပေါ်တော့သည်။
မြို့အတွင်း မီးတောက်မီးလျှံများကိုသာ တွေ့နေရတော့သည်။ မကြာမီ ဘီလူးနှစ်ကောင်က သူတို့နားသို့ရောက်လာတော့သည်။ ကဖောလည်း ဘီလူးတစ်ကောင်ကို တိုက်ခိုက်လိုက်တော့သည်။ ထိုစဉ်ဘီလူးတစ်ကောင်က လချေရှီးကို တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ လချေရှီးခါးတွင်ချိတ်ဆွဲထားသည့် အနီရောင်ပုလင်းလေးကို တွေ့သည့်အခါ ထိုဘီလူးက ကြောက်ရွံ့သွားပြီး မတိုက်ခိုက်ရဲတော့ဘဲ ထွက်ပြေးသွားတော့သည်။
“အင်း . . လိပ်ဘိုးဘိုးပေးလိုက်တဲ့ ပုလင်းလေးက တစ်ခုခုတော့ တစ်ခုခုပဲ၊ ဘီလူးတွေက ဒီပုလင်းကိုကြောက်တာလား”
ကဖောက ဘီလူးတစ်ကောင်ကို နှိမ်နင်းနိုင်ခဲ့ပြီဖြစ်သည်။
“ကဖော ငါတို့အချိန်ဖြုန်းနေလို့မဖြစ်ဘူး၊ ဒီတော့ ဗာဂိုဘယ်နားရှိသလဲဆိုတာကို ရှာရမယ်”
“ဗာဂိုက ကြိမ်းသေ နန်းတော်ဆီကို သွားမှာပဲ”
ကဖောက ပြောလိုက်ပြီး သူတို့နှစ်ယောက် နန်းတော်သို့ ရှေးရှုပြီး ပြေးလိုက်ကြတော့လေသည်။
“မြို့စောင့်တပ်တွေအကုန်လုံး ပြန်ဆုတ်ကြ၊ နန်းတော်ကို ကာကွယ်ကြ”
ကျောက်တုံးများဖြင့်ပြုလုပ်ထားသည့် မြို့ရိုးကြီးအတွင်းရှိ နန်းတော်ထဲသို့ လက်ကျန်ရဲမက်များအားလုံး ပြေးဝင်လိုက်ကြပြီး၊ နန်းတော်ပေါက်ကိုလဲ ပိတ်ထားလိုက်တော့သည်။ ဘုရင်ကြီးက နန်းတော်အတွင်း အလွန်တုန်လှုပ်နေတော့သည်။ ထိုစဉ် နန်းတော်တံခါးကြီးမှာ တုန်လှုပ်လာတော့သည်။ ဗာဂိုက မုန်တိုင်းဓါးကြီးဖြင့် ထူထဲလှသည့် နန်းတော်တံခါးပေါက်ကြီးကို ထိုးခွဲကာ ဝင်လာတော့သည်။ ရဲမက်များက အပြင်းအထန်ခုခံကြသော်လည်း ဗာဂိုအားမယှဉ်နိုင်ပေ။ ဗာဂိုမှာ နန်းတော်အတွင်းသို့ တစ်လှမ်းချင်း ဝင်လာလေတော့သည်။
“ကဲ ဘယ်မှာလဲ ဘုရင်ကြီး၊ ထွက်လာခဲ့ပါ၊ ဘုရင်အသားစားဖူးတယ်ရှိအောင်လို့”
ဘုရင်ကြီးမှာ ထွက်ပြေးရင်း ပုလ္လင်ခန်းမကြီးဆီ ရောက်လာတော့သည်။ သူ့အနားတွင်လည်း ရဲမက်တစ်ယောက်မျှ မရှိတော့။ ဘုရင်ကြီး၏ ဒူးခေါင်းများ တဆတ်ဆတ်တုန်ခါနေပြီး ဆက်မပြေးနိုင်တော့ပေ။
“ဘီ . . ဘီလူးမင်း ငါ့ . . ငါ့ကိုချမ်းသာပေးပါ”
ဗာဂိုက ရယ်မောလိုက်ရင်း ဘုရင်ကြီးအနားသို့ တဖြေးဖြေးလျှောက်လာလေသည်။
“ငါ့ကိုချမ်းသာပေးမယ်ဆိုရင် မင်းလိုချင်တာတွေအကုန် ငါပေးနိုင်ပါတယ်”
“ခင်ဗျားက ကျုပ်ဘာလိုချင်သလဲဆိုတာသိရဲ့လား”
“မင်းလိုချင်တာမှန်သမျှပြောပါ၊ ရွှေတွေ၊ ငွေတွေ၊ စည်းစိမ်ဥစ္စာတွေ၊ စားကောင်းသောက်ဖွယ်တွေ၊ ဘာမဆိုပြောပါ ငါတာဝန်ယူပြီးဖြည့်ဆည်းပေးမယ်”
ဗာဂိုက အစွယ်ကြီးများတဖွေးဖွေးပေါ်အောင် ပြုံးလိုက်ရင်း
“ဟား၊ ဟား ကျုပ်လိုချင်တာ ခင်ဗျားကိုပဲ၊ ခင်ဗျားလိုဆူဆူဖြိုးဖြိုး ဘုရင်ကြီးရဲ့အသားကို စားဖူးတယ်ရှိအောင်လို့ စားကြည့်အံုံးမယ်”
ဘုရင်ကြီးမှာ အလွန်ထိတ်လန့်ပြီးနောက် အခန်းတစ်ခုအတွင်းသို့ ဝင်ပြေးလေသည်။ ဗာဂိုလည်း လိုက်ရန်ပြင်ဆင်လိုက်စဉ်
“ဗာဂို”
အနောက်မှ အော်သံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ကဖောနှင့် လချေရှီးကို တွေ့လိုက်တော့သည်။
“သြော် . . ဘယ်သူများလဲလို့ မိတ်ဆွေဟောင်းလေးတွေပဲ”
“ဒီတစ်ခါလည်း ရှင်ကျွန်မကို ရှုံးဖို့သာပြင်ထားပေတော့”
“ဟား . . ဟား . . ဟား၊ လာစမ်းပါကွာ၊ ဟိုတစ်ခါက မင်းကိုတမင်သက်သက်အလျှော့ပေးလိုက်တာကို အဟုတ်ထင်မနေနဲ့”
“ဟင် . . တမင်သက်သက်အလျှော့ပေးလိုက်တယ် ဟုတ်လား”
“မင်းဟာ ရိုးသားတာလား တုံးအတာလားပဲ၊ နတ်ဘုရားတွေက ငါ့ခန္ဓာကိုယ်ထဲမှာ ငါ့အစွမ်းတွေကို ပိတ်ပင်ထားတဲ့ အစီအရင်တွေ ထည့်ထားခဲ့တယ်၊ ငါ့ကိုနိုင်တဲ့သူမှသာ၊ ငါ့ကို သတ်နိုင်တဲ့သူရှိမှသာ အဲဒီအစီအရင်တွေ ပျက်ပြယ်သွားပြီး ငါ့အစွမ်းတွေ ပြန်ရမှာပဲကွ၊ ဒါကြောင့် ကဲရိသတောင် ငါ့ကို နိုင်နေပါလျှက်နဲ့ သူက ဆက်မတိုက်တော့တာပေါ့”
“ငါနှစ်ပေါင်းများစွာ အရှုံးပေးဖို့ လူကို စောင့်နေခဲ့ရတယ်၊ ဒါပေမယ့် ကဲရိသက လွဲလို့ ဘယ်လူသားမှ ငါနေထိုင်တဲ့ခန်းမထဲကို မရောက်ခဲ့ကြဘူး၊ ကံကောင်းထောက်မလို့ မင်းတို့နှစ်ယောက် ရောက်လာတဲ့အခါမှာ ငါလွတ်မြောက်ခဲ့ရတယ်၊ မင်း ငါ့ကိုလွှတ်ပေးတဲ့အတွက် မင်းကို ငါကျေးဇူးတင်တယ်၊ မင်းကို ငါမသတ်ချင်ဘူး”
“တော်စမ်း ဗာဂို၊ ရှင့်ကို အခုသတ်ဖို့ ကျွန်မလာပြီ”
ကဖောက အော်ဟစ်လိုက်ပြီးနောက် ဗာဂိုဆီသို့ ပြေးဝင်လိုက်တော့သည်။
(၃၉)
“ဘုရင့်သား တွေးတောနေရတာ ကြာလှပါပြီ၊ အလွန်အေးမြတဲ့ စမ်းရေလေး သောက်သုံးလိုက်ပါဦး”
တပ်မှူးများက ဘုရင့်သားအား ရေအေးတစ်ခွက်ပေးလိုက်ရာ ဘုရင့်သားက သောက်ချလိုက်တော့သည်။ စမ်းရေဖြစ်သဖြင့် ပူလောင်နေသည့် ရင်ကို အေးမြသွားစေတော့သည်။ ရေသောက်ပြီးခဏကြာသည့်အခါ ဘုရင့်သားခေါင်းတွေ ထွေလာတော့သည်။
“ငါ . . ငါဘာဖြစ်တာလဲ”
ထိုအခါ တပ်မှူးများက ရယ်မောလိုက်တော့သည်။
“ဘုရင့်သား ခဏအနားယူနေလိုက်ပါ”
ထိုသို့ပြောပြီး ဘုရင့်သားကို ခုံနင့်တွဲကာ ကြိုးဖြင့်ချည်ထားလိုက်တော့သည်။ ဘုရင့်သားလည်း တပ်မှူးများခပ်ထားသည့် အိပ်ဆေးအစွမ်းကြောင့် အိပ်ပျော်သွားတော့သည်။ ထိုအခါ မူးမတ်များနှင့် တပ်မှူးများက ခေါင်းချင်းဆိုင်လိုက်ကြတော့သည်။
“ကဲ ငါတို့အားလုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း အခုငါတို့တပ်တွေကို ကျောက်တုံးမြို့တော်ဆီပြန်ပြီး စစ်ကူရမယ်”
ထိုသို့ပြောပြီးနောက် ရှေ့တန်းမှတပ်များကို ပြန်ခေါ်လိုက်ကြပြီး တပ်တွေကို ကျောက်တုံးမြို့တော်ဆီသို့ ပြန်ချီတက်ခဲ့ကြတော့သည်။ မျိုးနွယ်စုခေါင်းဆောင်များလည်း ကျောက်တုံးမြို့တော်တပ်များပြန်သွားသည်ကိုတွေ့သည့်အခါ အနောက်က လိုက်ပြီးမေးတော့သည်။
“ငါတို့မြို့အတိုက်ခံရလို့ ပြန်ကာကွယ်ရမယ်”
“ဒါဆို ငါတို့ခေါင်းဆောင်ကဖောရော”
“သူက ကျောက်တုံးမြို့တော်ဆီ ထွက်သွားတာကြာလှပြီ”
“ဟေ . . ငါတို့ခေါင်းဆောင်နောက် ငါတို့လိုက်မှရမယ်”
သို့နှင့် ကျောက်တုံးမြို့တော်မှ တပ်များရော၊ မျိုးနွယ်စုပေါင်းစုံတို့၏ တပ်များပါ ကျောက်တုံးမြို့တော်ဆီသို့ ချီတက်သွားကြတော့သည်။ တပ်များချီတက်လာသည်ကို မြင်သည်နှင့် ကျောက်တုံးမြို့တော်အတွင်းမှ မြို့သူမြို့သားအချို့က ကဖောလာပြီအထင်နှင့် မြို့တံခါးကို ဖွင့်ပေးလိုက်ကြတော့သည်။ ထိုအခါတွင် နှစ်ဖက်စစ်တပ်များ မြို့အတွင်းသို့ ဝင်လာခဲ့ကြသည်။
အင်အားသိန်းနှင့်ချီသော ကျောက်တုံးမြို့တော်တပ်များနှင့် မျိုးနွယ်စုတပ်များတို့သည် ကျောက်တုံးမြို့တော်အတွင်းရှိ ဘီလူးများနှင့် တိုက်ခိုက်ကြတော့လေသည်။ လူသားများမှာ ဘီလူးများထက် အင်အားသာလွန်နေသဖြင့် ဘီလူးများမှာ ကျဆုံးကုန်တော့သည်။ နှစ်ဖက်စစ်တပ်များ ဘီလူးများကို အတူတကွ တိုက်ခိုက်ကြရင်း နောက်ဆုံး နန်းတော်ဆီသို့ ဖြန့်ကျက်ကာ ချီတက်ခဲ့ကြတော့သည်။
နန်းတော်အတွင်းတွင် ဗာဂိုနှင့် ကဖောတို့၏ တိုက်ပွဲက ပြင်းထန်နေတော့သည်။ လချေရှီးကလည်း အနားမှနေ၍ မှော်ပညာနှင့် တိုက်ခိုက်ပေးလေသည်။ ဗာဂိုမှာ လက်လေးဖက်ပါသဖြင့် ကဖောအနေနှင့် တိုက်ခိုက်ရသိပ်မလွယ်ပေ။ ကဖောအထိနာသည့်အခါတွင် လချေရှီးက မှော်ပညာဖြင့် ဝင်ရောက်တိုက်ခိုက်တော့သည်။ သို့သော် ဗာဂိုမှာ မှော်ပညာကို ခံနိုင်ရည်ရှိသဖြင့် နှောင့်ယှက်ရုံလောက်သာ လုပ်နိုင်လေသည်။ တိုက်ရင်း တိုက်ရင်း ကဖောမှာ အရေးနိမ့်လာလေသည်။ ကဖောက အခွင့်သာသည့်အချိန်တွင် ဗာဂိုအားတိုက်ခိုက်သော်လည်း ဗာဂို၏ အသားများမှာ ကျောက်တုံးများကဲ့သို့ မာကြောနေပြီးနောက် လှံလည်းမတိုးသဖြင့် တိုက်ခိုက်၍မရနိုင်ပေ။
တစ်ချီတွင် ကဖော၏ ဟာကွက်ကို ဗာဂိုက လက်သီးနှင့်ထိုးလိုက်ရာ ကဖောမှာ လွင့်ထွက်သွားတော့သည်။ ဗာဂိုကလည်း ချက်ချင်းပင် ကဖောအား ဓါးဖြင့်ပြေးထိုးတော့သည်။ လချေရှီးကလည်း အလျှင်အမြန်ခုန်လိုက်ပြီး ကဖောအရှေ့တွင် ဝင်ရပ်လိုက်ရာ မုန်တိုင်းဓါးကြီးမှာ လချေရှီး၏ ရင်ဘတ်အတွင်းသို့ဝင်ရောက်ပြီး နောက်ကျောကုန်းမှ ထုတ်ချင်းပေါက်ထွက်သွားတော့သည်။
“လချေရှီး . . .”
ကဖောက အော်ဟစ်လိုက်တော့သည်။ လချေရှီးက ချက်ချင်းပင် သူ့ခါးမှ ပုလင်းလေးကို ဆွဲယူလိုက်ပြီး ဓါးကိုင်ထားသည့် ဗာဂို၏လက်ကို ပစ်ပေါက်လိုက်တော့သည်။ ပုလင်းလေးမှာ ဗာဂိုလက်ကို ထိမှန်ကွဲထွက်သွားလေရာ ပုလင်းအတွင်းမှ အရည်များက ဗာဂိုလက်ပေါ်သို့ ထိမှန်သွားလေသည်။ ထိုအခါ ဗာဂိုမှာ ပြင်းထန်စွာ အော်ဟစ်လိုက်ပြီးနောက် သူကိုင်ဆောင်ထားသည့် မုန်တိုင်းဓါးကြီးကို လွှတ်ချလိုက်တော့သည်။ လချေရှီးလည်း ချက်ချင်းပင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည့်အခါ မုန်တိုင်းဓါးကြီး၏ လက်ကိုင်ဖက်မှာ ကဖောဘက်သို့ ရောက်သွားတော့သည်။
“ကဖော အချိန်မရှိဘူး . . မြန်မြန်လုပ်လိုက်တော့”
ကဖောက လချေရှီးဆီသို့ ပြေးသွားလိုက်ပြီးနောက် မုန်တိုင်းဓါးကြီးကို ကိုင်ကာ ဆွဲထုတ်လိုက်တော့သည်။ ထို့နောက် လက်မှအရည်များကို ခါထုတ်နေသည့် ဗာဂိုဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားတော့သည်။ ဗာဂိုကလည်း အမှုမဲ့အမှတ်မဲ့ဖြစ်နေသည့်အချိန်မို့ကာကွယ်ချိန်မရလိုက်ပေ။ ထိုအရည်များမှာ လိပ်ဘိုးဘိုးဖော်စပ်ထားခဲ့သည့် ဘီလူးကြောက်သည့် ဆေးရေမွှေးဖြစ်နေလေသည်။ ကဖောကလျှင်မြန်စွာခုန်ဝင်လိုက်ပြီးနောက် ဗာဂို၏ လည်ပင်းတည့်တည့်အား ဓါးကြီးဖြင့်ထိုးခွဲချလိုက်တော့သည်။
ဗာဂို၏ လည်ပင်းအား မုန်တိုင်းဓါးသွားက ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ဗာဂိုတစ်ယောက် ဒူးထောက်လျှက်သား လဲကျသွားသည့်အခါ ကဖောက မုန်တိုင်းဓါးကို ပြန်ဆွဲနှုတ်လိုက်ပြီး အားကုန်လွှဲယမ်းလိုက်ကာ ဗာဂို၏ လည်ပင်းကို ပိုင်းဖြတ်လိုက်တော့သည်။ ဗာဂို၏ ဦးခေါင်းကြီးမှာ အနောက်သို့ ပြတ်ထွက်ကျသွားပြီးနောက် လိမ့်ကာလိမ့်ကာဖြင့် ဘုရင်ကြီး၏ ခြေရင်းတွင်ကျသွားလေတော့သည်။ ထိုအချိန်မှာပင် ကဖောလက်ထဲတွင် ကိုင်ထားသည့် မုန်တိုင်းဓါးကြီးမှာ မီးခိုးများထွက်လာပြီးနောက် မှန်တစ်ချပ်ပမာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့လေသည်။
ဗာဂိုလဲကျသွားသည်နှင့် ကဖောက လချေရှီးဆီသို့ ပြေးသွားလိုက်တော့သည်။ လချေရှီး၏ ဝမ်းဗိုက်အတွင်းမှ ကလီစာများက မြင်မကောင်းအောင် ထွက်ကျနေလေတော့သည်။ လချေရှီးက ပက်လက်ကလေးလန်နေပြီး အသက်ကို မနည်းရှုနေရလေသည်။
“လချေရှီး နင်မသေပါနဲ့”
ကဖောက ထိုသို့ပြောလိုက်ပြီး လချေရှီးလက်ကို ဆွဲလိုက်တော့သည်။ လချေရှီးလက်ဖျားထိပ်တွေ အေးစက်နေတော့သည်။
“ငါ . . ငါမရတော့ဘူးကဖော”
လချေရှီးပြောရင်း သူ့ပါးစပ်မှ သွေးတွေအန်ထွက်လာတော့သည်။ လချေရှီးက ပြင်းထန်သည့် ဝေဒနာကို အံကြိတ်ခံနေပြီး ကဖောကို ပြုံးပြနေတော့သည်။
“ငါ . . ငါဘာမှမမျှော်လင့်တော့ပါဘူး ကဖောရယ်၊ နင့်ကိုငါတောင်းပန်ချင်ပါတယ်၊ ငါနင့်အပေါ်လုပ်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်၊ နင်ငါ့ကိုခွင့်လွှတ်တယ်မဟုတ်လား”
ကဖောက ငိုလျက်ခေါင်းညိတ်လိုက်တော့သည်။
“ငါ နင့်ကို ချစ် . .ချစ်”
လချေရှီး စကားကိုပင် ဆုံးအောင်မပြောနိုင်တော့ဘဲ သေဆုံးသွားပြီဖြစ်သည်။ ကဖောလည်း အသံနက်ကြီးဖြင့် အော်ဟစ်ကာ ငိုကြွေးလိုက်တော့သည်။ လချေရှီး၏ အသက်မဲ့ခန္ဓာကိုယ်ကြီးကို ထွေးပွေ့လျှက် ငိုနေမိသည်။ ထိုအချိန်တွင်ပင် ကောင်းကင်တွင် မိုးသားတိမ်လိပ်မည်းမည်းများက ရစ်ဖွဲ့အုပ်ဆိုင်းလာပြီး မိုးရေစက်များကို ရွာသွန်းချလိုက်တော့သည်။ သည်းထန်စွာရွာချလိုက်သော်မိုးရေများကြားတွင် မီးလောင်နေသည့် ကျောက်တုံးမြို့တော်ကြီးက တဖြည်းဖြည်းငြိမ်သက်သွားတော့သည်။
ဘုရင်ကြီးက ကဖောရှေ့တွင် ဒူးထောက်လိုက်တော့သည်။
“မင်းနိုင်ပါတယ်ကဖော၊ မင်းဟာ အောင်နိုင်သူအစစ်ပါ၊ ငါရှုံးသွားပါပြီ၊ ဒီတော့မင်းပဲ ကျောက်တုံးမြို့တော်ကြီးကို အုပ်ချုပ်ပါတော့”
ထိုအခါ ကဖောက မဲ့ပြုံးပြုံးလိုက်တော့သည်။
“နိုင်တယ်၊ ရှုံးတယ် ဟုတ်လား။ ဒါတွေက ဘာမှတန်ဖိုးမရှိတဲ့စကားလုံးတွေပါပဲ၊ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ ကျွန်မက အောင်နိုင်သူဖြစ်မလား”
ကဖောက လချေရှီးအလောင်းကို ပွေ့ချီလျှက် မတ်တပ်ရပ်လိုက်တော့သည်။ မျိုးနွယ်စုတပ်များနှင့် ကျောက်တုံးမြို့တော်မှ တပ်များလည်း နန်းတွင်းထဲသို့ ရောက်လာကြပြီဖြစ်သည်။
“ကျောက်တုံးမြို့တော်ကို ဘယ်သူအုပ်ချုပ်မလဲဆိုတာတော့ ကျွန်မနဲ့မဆိုင်တော့ဘူး၊ ဒီကိစ္စက ဒီမြို့ခံလူတွေအားလုံးရဲ့ ကိစ္စဖြစ်သွားပြီ”
ထိုသို့ပြောပြီးသည့်နောက် ကဖောက လချေရှီးအလောင်းကို ပွေ့ချီကာ ကျောက်တုံးမြို့တော်ကြီးမှ တရွေ့ရွေ့နှင့် ထွက်ခွာသွားတော့သည်။
(၄၀)
ရာသီတွေ အလီလီပြောင်းခဲ့ပြီး နှစ်တွေကြာညောင်းခဲ့ပြီဖြစ်သည်။
ကျောက်တုံးမြို့တော်ကြီး၏ ဘုရင်အသစ်ကိုမူ မြို့သားများမှ သင့်တော်သည့်သူကို ရွေးချယ်ခန့်ထားလိုက်ကြတော့သည်။ အလားတူ ဘုရင်အသစ်ခန့်အပ်ရေးကိုလည်း မြို့သူမြို့သားများကိုယ်တိုင် ရွေးချယ်မဲခွဲနိုင်သည့် စနစ်မျိုးကို ကျင့်သုံးကြလေသည်။ မျိုးနွယ်စုများအကြား စစ်မက်မဖြစ်ပွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ မျိုးနွယ်စုများ အချင်းချင်း သင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံးနှင့် နေထိုင်နိုင်ခဲ့ကြသောကြောင့် ယခင်အတိတ်ဟောင်းကနည်းလမ်းများနှင့် လူမျိုးစုဝါးမြိုခြင်းများလည်း မဖြစ်ပွားတော့ပေ။ လူမျိုးစုများအချင်းချင်း ဆက်ဆံရေးကောင်းမွန်လာခဲ့ပြီး ကုန်သွယ်ကူးလူးမှုပြုလုပ်နိုင်ခဲ့သဖြင့် ယခင်ကဲ့သို့ စားနပ်ရိက္ခာအတွက် မျိုးနွယ်စုအချင်းချင်း တိုက်ခိုက်ကြရန်မလိုအပ်တော့ပေ၊ အလားတူ ကျောက်တုံးမြို့တော်ဘုရင်ကြီးမှလည်း မျိုးနွယ်စုများအား ထောက်ပံ့ပေးခြင်းနှင့် ကုန်သွယ်လမ်းကြောင်း ဖောက်လုပ်လာနိုင်ခဲ့သဖြင့် မျိုးနွယ်စုများမှာ ခေတ်မီယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများဖြစ်လာခဲ့ကြလေသည်။
ကဖောတို့ လရှီး ရွာနေရာကလေးပင် တောရိုင်းမြေကဲ့သို့ဖြစ်နေပြီဖြစ်သည်။ သို့သော် ထိုမြေနေရာ အလယ်လောက်တွင် တဲအိမ်ကလေးတစ်အိမ်ရှိနေလေသည်။ ထိုတဲအိမ်ကလေးအနီးတွင် တန်းစီးစိုက်ပျိုးထားသည့် ပြောင်းပင်များနှင့် သီးပင်စားပင်များက ပွင့်မှည့်နေကြပြီး တောပန်းပွင့်ကလေးများကလည်း အိမ်ရှေ့တွင် ရောင်စုံဖူးပွင့်နေကြတော့သည်။ ထိုအိမ်ကလေးကတော့ ကဖော၏နေအိမ်ကလေးဖြစ်သည်။
ကဖောက တဲအတွင်း ဝါးဖြင့်ပြုလုပ်ထားသော စားပွဲခုံကလေးပေါ်သို့ မြေခွက်များနှင့်ထည့်ထားသည့် ပြောင်းဆန်များဖြင့် ချက်ထားသော ဆန်ပြုတ်နှင့် ဟင်းများကို တည်ခင်းနေတော့သည်။
“သမီးရေ လာဟေ့ ထမင်းစားရအောင်”
ထိုအခါ တဲအပြင်မှနေ၍ ဆံပင်အဝါနင့် ကောင်မလေးတစ်ယောက်က ပြေးဝင်လာပြီးနောက် ထမင်းဝိုင်းတွင် ထိုင်လိုက်တော့သည်။ သားအမိနှစ်ယောက်ဆုံပြီဖြစ်သဖြင့် ထမင်းလက်စုံစားလိုက်ကြတော့သည်။
“ဒါနဲ့ မေမေ သမီးတို့ကဘာမျိုးနွယ်စုလဲ”
“သမီးအဖေက လီဝါး၊ အမေက လရှီးဆိုတော့၊ သမီးကလေးက လီရှီးမျိုးနွယ်စုပေါ့သမီးရယ်”
“ဒါဆို ဖေဖေ့အကြောင်းကို မေမေသိသလောက်ပြောပြပါလား”
ကဖော၏ မျက်လုံးတွင် မျက်ရည်စများ စို့နင့်လာတော့သည်။
“သမီးဖေဖေက အရမ်းတော်တဲ့သူတစ်ယောက်ပေါ့”
“ဒါဆို သမီးမှာ ဘိုးဘိုးတွေ၊ ဘွားဘွားတွေရော ရှိတာပေါ့နော်”
“ရှိတာပေါ့သမီးရဲ့၊ သမီးရဲ့ ဘိုးဘိုးက အရမ်းတော်တဲ့ ခေါင်းဆောင်ကြီးပဲပေါ့၊ နောက်တော့မှ သမီးကို ဘိုးဘိုးကြီး လငေါရှီးရဲ့အကြောင်းတွေ စွန့်စားခန်းတွေ အများကြီးပြောပြမယ်နော်၊ အခုတော့ ထမင်းကို ဝအောင်စား ဟုတ်ပြီလား”
ကဖော၏သမီးကလေးက ထိုစကားကြားသည့်အခါ ဆန်ပြုတ်များကို ခပ်သွက်သွက် ခပ်သောက်နေတော့သည်။ ကဖောကတော့ ဆန်ပြုတ်ခပ်သောက်နေသည့် သမီးဖြစ်သူ၏ ပန်းကန်အတွင်းသို့ အသားခြောက်များနှင့် ဟင်းသီးဟင်းရွက်ပြုတ်များကို ခပ်ထည့်ပေးနေလေသည်။ ထိုစဉ်မှာပင် အိမ်ပေါက်ဝတွင် လူကြီးတစ်ဦးမတ်တပ်လာရပ်လေသည်။ မုတ်ဆိတ်ဖြူဖြူ၊ မျက်ခုံးမွှေးဖြူဖြူရှိကာ ခါးကိုင်းနေသည့် လူကြီးတစ်ဦးဖြစ်သည်။ ကဖောသမီးက ထိုလူကြီးကိုကြည့်လျှက်
“မေမေ၊ ဟိုမှာ ဧည့်သည်လာတယ်ထင်တယ်”
ကဖောက ထိုလူကြီးအားကြည့်ရင်း ပြုံးပြလျှက်
“အဲဒါ ဧည့်သည်မဟုတ်ပါဘူး၊ သမီးလေးကို စာသင်ပေးမယ့်ဆရာပါ”
“ဆရာတဲ့လား၊ သူ့ပုံစံကလည်း တစ်မျိုးကြီးနော်၊ ကုန်းကုန်းကြီးသွားနေတာဆိုတော့ လိပ်ကြီးနဲ့တောင်တူတယ်”
“ဟား၊ ဟားး၊ ဒါကြောင့်လည်း ငါ့ကို လိပ်ဘိုးဘိုးလို့ ခေါ်တာပေါ့ကွ”
လိပ်ဘိုးဘိုးက ရယ်ပြုံးလျှက်အိမ်အတွင်းသို့ ဝင်သွားလေသည်။ ကဖောတို့အိမ်အနီးတွင် တိုင်ကြီးတစ်တိုင်ကို စိုက်ထူထားပြီး ထိုတိုင်ကြီးထိပ်တွင် အနီရောင်အလံကြီးကတစ်ခုက လေတိုက်တိုင်း ဟန်ပါပါနှင့် လွင့်မြောနေပါတော့သည်။ ထိုအလံံကြီးမှာတော့ ကဖောတို့လရှီးမျိုးနွယ်စုများ တန်ဖိုးထားသည့် အလံံနီကြီးပင်ဖြစ်ပါတော့သည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
(၁၀၊ ၉၊ ၂၂)
(၂၇၊ ၁၊ ၂၄ တွင် ပြန်လည်ပြင်ဆင်ပြီး)