(၁)
အိမ်မီးလောင်ပြီးဖြစ်သဖြင့် ဦးတောကျော်တစ်ယောက် ရွာတွင်မနေချင်တော့ပေ၊ စိတ်ပျက်လက်ပျက်ဖြစ်နေသဖြင့် အမဲလိုက်ချင်စိတ်လည်းမရှိတော့၊ သို့နှင့် စိတ်ပြေလက်ပျောက်ဖြစ်စေရန် ခရီးထွက်ရန်အတွက် စိတ်ကူးမိသည်။ ခရီးထွက်ရန်စဉ်းစားသည့်အခါတွင်လည်း မည်သည့်နေရာသို့ သွားလာရမည်မှန်းမသိပေ၊ နောက်ဆုံး စဉ်းစားနေရင်း မုဆိုးခွန်နောင်အား သတိရသွားမိသည်။ မုဆိုးခွန်နောင်မှာ ကြောင်မင်းရပြီးကတည်းက သူနေထိုင်ရာ ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယအနီးသို့ ပြန်သွားခဲ့ပြီဖြစ်လေသည်။ သို့နှင့်် ခွန်နောင်ထသို့ လိုက်သွားရန်စိတ်ကူးမိသည်။
မင်းကြီးတောင်ရတနာသိုက်မှ ရရှိခဲ့သည့် ရွှေပြားကလေးအား ထုခွဲရောင်းချပြီးနောက် ခရီးသွားရန်ပြင်ဆင်ရသည်။ အိမ်ရှိ ပစ္စည်းများကို ပြန်လည်စုဆောင်းသည့်အခါ သစ်ထုတ်စခန်းတွင် သုံးချောင်းထောက်ကျားရဲကြီးအား ပစ်ခတ်စဉ်က သစ်တောဝန်ထောက်မင်းချီးမြှင့်ခဲ့သည့် ဆုတံဆိပ်ကလေးမှာ ကျန်နေသေးသည်။ ဦးတောကျော်၏ အိမ်မှာ သစ်များဝါးများဖြင့် ပြုလုပ်ထားသဖြင့် မီးစွဲလောင်၍ပြာဖြစ်မြန်လေရာ ထိုကဲ့သို့ ငွေထည်ပစ္စည်းတစ်ခုမှာ အကောင်းအတိုင်းကျန်ရှိနေသေးသည်ကပင် အံ့သြဖွယ်ပင်ဖြစ်သည်။
သို့နှင့် အရေးပိုင်မင်းထံသို့သွားကာ ခရီးသွားခွင့်ပြုမိန့်ယူရလေသည်။ အရေးပိုင်မင်း၏ စာရေး မောင်အေးကလည်း ဦးတောကျော်အတွက် ခရီးသွားခွင့်ပြုမိန့်တစ်စောင်ကိုရေးသားပေးလိုက်လေသည်။ သို့နှင့် ဦးတောကျော်တစ်ယောက် ခွန်နောင်တို့နေထိုင်သည့်ရွာကလေးဆီသို့ ထွက်လာခဲ့လေသည်။
ခွန်နောင်မှာ ပအို့ဝ်တစ်ဦးဖြစ်ကာ ပင်းတယနယ်ရှိ နောင်သခေါဟုခေါ်သည့် ကျေးရွာကလေးတွင်နေထိုင်သည်။ ရိုးသားဖော်ရွှေသည့် ရှမ်းလူမျိုးများ၏ ကူညီမှုကြောင့် ဦးတောကျော်တစ်ယောက် ကမ္ဗောဇတိုင်းသို့ ခြေချခွင့်ရခဲ့လေသည်။ သေနတ်ကြီးတကားကားဖြင့် ခရီးသွားသည်မို့ လမ်းတစ်လျှောက်တွေ့သည့် ပုလိပ်များနှင့် စော်ဘွားများ၏ ရဲမက်တော်များမှာ ဦးတောကျော်အား ကွက်ကြည့်ကွက်ကြည့်နှင့်ကြည့်သြသည်။ ခရီးသွားလာခွင့်စာရွက်စာတမ်းနှင့် မုဆိုးဆုတံံဆိပ်ပါ၍သာ ပြဿနာတစ်စုံတစ်ရာမဖြစ်ခြင်းဖြစ်သည်။
သို့နှင့်မကြာခင်အချိန်မှာပင် နောင်သခေါရွာကလေးထံသို့ရောက်လာခဲ့လေသည်။ ခွန်နောင်တို့အိမ်အား စုံစမ်းလိုက်သည့်အခါတွင် သိပ်ကြာကြာမစုံစမ်းလိုက်ရပေ။ နောင်သခေါရွာကလေးမှာ ရွာငယ်ကလေးတစ်ရွာဖြစ်ပြီး အိမ်ခြေငါးဆယ်ပင် ပြည့်မည်မထင်ပေ၊ ခွန်နောင်၏ အိမ်သို့ရောက်သည့်အခါ ခွန်နောင်နှင့်မတွေ့ရဘဲ ခွန်နောင်၏ ဇနီးဖြစ်သူနှင့်သာတွေ့ရလေသည်။
“အို ဧည့်သည်ရောက်လာပါလား”
ခွန်နောင်၏ ဇနီးက စကားဝဲတဲတဲဖြင့် ပြောဆိုလေသည်။
“ကလေးမ မုဆိုးခွန်နောင်ရှိသလား”
“ကျွန်မယောက်ျားမရှိဘူးရှင့်် အင်းယားကန်ဘက်ကိုသွားတယ်၊ ဒါနဲ့ အကိုကြီးကဘယ်သူများလဲ”
“ကျုပ်နာမည်ကတော့ ဦးတောကျော်လို့ခေါ်ပါတယ်၊ ဗမာပြည်အလယ်ပိုင်းကနေ လာခဲ့တာပါ”
ထိုအခါ ခွန်နောင်၏ ဇနီးမှာအလွန်အံံံ့သြသွားလေသည်။
“အို၊ မုဆိုးကြီးဦးတောကျော်ဆိုတာ အကိုကြီးကိုး၊ ကျွန်မယောက်ျားပြောပြောနေတာတော့ကြာပြီ အခုမှဘဲ တွေ့ဖူးတော့တယ်၊ ထိုင်ပါအုံးရှင့်”
ခွန်နောင်၏ ဇနီးမှာ ဖျာချောတစ်ချပ်ခင်းပေးသော်လည်း ဦးတောကျော်က မထိုင်တော့ပေ။
“ဒါနဲ့ကလေးမ၊ ခွန်နောင်သွားတဲ့နေရာက ဝေးသလား”
“သိပ်တော့မဝေးပါဘူးရှင်၊ အိုက်စံ . . .ဟဲ့ အိုက်စံ”
ခွန်နောင်ဇနီးက အိမ်ပေါ်မှခေါ်လိုက်သည့်အခါ အိမ်အနောက်ဘက်မှ အသက်ဆယ်နှစ်ကျော်ခန့်ရှိမည့် ကောင်ကလေးတစ်ယောက် ပြေးထွက်လာလေသည်။
“မော့ ဘာဖြစ်လို့လဲ”
“ဟောဒီက မုဆိုးကြီးက နင့်အပေါ့ဆီကိုလိုက်သွားချင်လို့တဲ့၊ အဲဒါ နင်လိုက်ပို့လိုက်စမ်း”
ခေါင်းတုံးပြောင်ပြောင်နှင့် ကလေးလေးက ခေါင်းညိတ်လိုက်ကာ အိမ်ပေါ်မှပြေးဆင်းသွားသဖြင့် ဦးတောကျော်လည်း အနောက်မှလိုက်သွားရတော့သည်။ အင်းယားကန်ဟုခေါ်သည့် ကန်ကြီးက နောင်သခေါရွာကလေး၏ အနောက်ဘက်တွင်တည်ရှိပြီး အတော်ကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခုဖြစ်သည်။ ရေကန်ပေါင်သို့ရောက်သည့်အခါ ရေကန်အတွင်းတွင် ကြာပင်မျိုးစပေါက်ရောက်နေပြီး အလွန်လှပလေသည်။ တစ်နေရာအရောက်တွင် လှေတစ်စင်းဖြင့််သွားလာနေသည့် ခွန်နောင်အားမြင်တွေ့လိုက်ရသည်။
ခွန်နောင်မှာ အိုက်စံံကိုမြင်သည့်အခါ အလွန်အံံံ့သြသွားသကဲ့သို့ အိုက်စံအနောက်တွင် လိုက်ပါလာသည့် ဦးတောကျော်ကိုမြင်သည့်အခါတွင်တော့ တစ္ဆေသရဲတစ်ကောင်ကိုမြင်ရသည့်နှယ် အလွန်ထိတ်လန့်သွားလေသည်။
“ဘုရား၊ ကျုပ်မြင်နေတာ ဦးတောကျော်အစစ်ဟုတ်ပါတယ်နော်”
ခွန်နောင်မှာ လှေငယ်ကလေးကို ကန်ပေါင်အနီးသို့ကပ်လာလေသည်။ ဦးတောကျော်ကလည်း ပြးလိုက်ရင်း
“ဦးတောကျော်အစစ်ပါကွ”
“ဒါနဲ့ ဦးတောကျော် ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲဗျ”
“မင်းဆီကို တမင်ထွက်လာခဲ့တာပဲဟေ့၊ ဒါနဲ့ ခွန်နောင် မင်းက လှေတစ်စီးနဲ့ဆိုတော့ မုဆိုးမလုပ်တော့ဘဲ တံံံံငါလုပ်တော့မလို့လားကွ”
ဦးတောကျော်စကားကိုကြားသည့်အခါ ခွန်နောင်ကပြံံုံးလျှက်
“မဟုတ်ပါဘူးဗျာ၊ ဟိုးတောင်ဘက်နားက ပိတ်စွယ်ချုံတွေမှာ ကြိုးကြာတွေ၊ ဗျိုင်းအောက်တွေရှိတယ်ဗျ၊ ချံုံတောထူတော့ ငှက်လည်းသိပ်ပေါတာပေါ့ဗျာ၊ ဒီနေ့ကတော့ ငှက်သားစားမလားလို့ တွေးမိတာနဲ့ ကန်ဘက်ကိုထွက်လာတာပဲဗျ”
ဦးတောကျော်က ရေပြင်ကျယ်ကြီးကိုတစ်ချက်ကြည့်လိုက်ရင်း
“ကန်ကြီးတော့ အင်းတဲ့ကွ၊ အမှန်တော့ မင်းတို့ဟာက အင်းယားအင်းလို့ ဖြစ်ရမှာကွ”
“မသိပါဘူးဗျာ၊ ကျုပ်တို့ဘက်တော့ အင်းလို့မခေါ်ဘဲ ရေမြင်တာနဲ့ ကန်ပဲခေါ်ကြတာ၊ ကဲလာဗျာ၊ ဦးတောကျော်လှေပေါ်တက်၊ သား အိုက်စံံံံလည်းတက်လာခဲ့”
ခွန်နောင်လှော်နေသည့် ဆယ့်နှစ်တောင်လှေကလေးအပေါ်သို့ သူတို့နှစ်ယောက်တက်လိုက်သည့်အခါ လှေကလေးမှာ အိကျသွားပြီး လှေဝမ်းမှာ ရေမျက်နှာပြင်နှင့််ပင် ထိလုနီးနီးဖြစ်သွားလေသည်။ သို့နှင့်ခွန်နောင်က ပဲ့နေရာမှ လှော်ခတ်ခဲ့သလို ခွန်နောင်၏သား အိုက်စံံံမှာလည်း လှေဦးပိုင်းမှ လှော်တက်အတိုကလေးတစ်ချောင်းနှင့်် လှော်ခတ်ခဲ့ကြလေသည်။ ဦးတောကျော်မှာ လှေစီးနေရင်းဖြင့့််ပင် သူ၏ သေနတ်အတွင်း စရိတ်ကျည်များကိုဖြည့်သွင်းလိုက်ကာ အသင့်ပြင်ထားလိုက်တော့သည်။
ကျယ်ပြောလှသည့်် ရေပြင်ကြီးကိုဖြတ်သန်းလှော်ခတ်နေသည့်အချိန်တွင် တံငါလုပ်ငန်း လုပ်ကိုင်နေကြသည့် တံငါများကိုလည်း အများအပြားတွေ့ရသည်။ ခွန်နောင်အားတွေ့သည့်အခါ အားလံုံးက နှုတ်ဆက်ကြသည်။
“ဟာ၊ မုဆိုးခွန်နောင် ရေထဲဆင်းလာပုံထောက်ရင် ငါတို့တော့ စိးပွားပျက်တော့မယ်ဟေ့”
“မဟုတ်ပါဘူးဗျာ၊ ကျုပ်က ငှက်ပစ်မလို့ဗျာ၊ ငှက်ကြီးကြီး ငှက်ကောင်းကောင်း ဘယ်နားမှာတွေ့သလဲဗျ”
“ငှက်တွေကတော့ ဟိုးတောင်ဘက်နားက ပိတ်စွယ်တောမှာရှိလောက်တယ်၊ ဒါနဲ့ ဒီလူကြီးကို အရင်က မမြင်ဖူးပါလား”
“ဒီလူကတော့ ဦးတောကျော်လို့ခေါ်တယ်ဗျ၊ ဗမာပြည်အလယ်ပိုင်းက နာမည်ကြီးတဲ့ မုဆိုးကြီးတစ်ယောက်ပေါ့”
ထိုအခါ တံငါများမှာ ဦးတောကျော်ကိုကြည့်ရင်း အလွန်အံ့အားသင့်သွားပံုံရသည်။
“မုဆိုးခွန်နောင်တစ်ခါပြောဖူးတဲ့ လူသားစားကျားကြိးကို ပစ်တယ်ဆိုတဲ့ ဦးတောကျော်လား”
“ဒါပေါ့ကွ၊ နောက်တော့ အိမ်လာခဲ့အုံးဟေ့၊ ငါတို့တော့ ငှက်ပစ်သွားလိုက်အုံးမယ်”
ခွန်နောင်က လှေကလေးကိုဆက်လက်လှော်ခတ်လာလေသည်။
(၂)
“ဂွီး . . . ဂွီး၊ ဂတ် . . . ဂတ်”
ပိတ်စွယ်တောအနီး လှေကိုအသာကလေး ကြိတ်လှော်လာခဲ့ရာ ပိတ်စွယ်တောတစ်ဖက်မှာ အသံများကိုကြားလိုက်ရသဖြင့် ဦးတောကျော်ခေါင်းကိုပုထားကာ အသေအချာနားစွင့်နေလေသည်။
“ငန်းသံတွေကွ”
“ဟာ၊ ဟန်ကျတာပဲဗျာ၊ ဒါဆို ငန်းရိုင်းတွေဖြစ်မယ်ဗျ”
“ငန်းသားတော့ စားရချည်သေးကွာ၊ တို့ဘက်တော့ ငန်းတွေရှားတယ်ကွ”
ခွန်နောင်က အိုက်စံံအားကြည့်လိုက်ပြီး
“သား၊ အိုက်စံ၊ အဖေတို့ ဒီနားက ကုန်းမှာနေခဲ့မယ်၊ ငါ့သားက လှေကိုဆက်လှော်သွားပြီးတော့ ပိတ်စွယ်တောဟိုဘက်ကနေ ငန်းသွားချောက်ပေးး၊ ဟုတ်ပြီလား”
ပိတ်စွယ်တောအနီးရှိ ကုန်းတန်းကမူကလေးတစ်ခုပေါ်တွင် ဦးတောကျော်နှင့် ခွန်နောင်မှာ ဆင်းနေခဲ့လိုက်ပြီး သေနတ်များကို ကိုယ်စီကိုင်စွဲထားကြသည်။ အိုက်စံမှာ လှေကလေးအား ဆက်လက်လှော်ခတ်သွားပြီးနောက် ပိတ်စွယ်တောတစ်ဖက်သို့ လှော်ခတ်ဝင်သွားလေသည်။ ခွန်နောင်က ဦးတောကျော်အား ကြည့်လိုက်ရင်း
“ဘယ်ကနေ ဘယ်လိုလုပ်ပြီးတော့ ကျုပ်ဆီကိုလာခဲ့တာလဲဗျ”
“အိုကွာ၊ လောဘသားတစ်သိုက်ကြောင့်် ငါ့အိမ်ပြာကျသွားပြီကွ၊ ငါလည်း တစ်ယောက်တည်း အိမ်ဆက်မဆောက်ချင်တော့တာနဲ့ မင်းဆီကိုလာခဲ့တာပဲ”
“ဟား၊ ဟား ကောင်းတာပေါ့ဗျာ၊ ကျုပ်လည်း ဦးတောကျော်ကို ဧည့်ခံရသေးတာပေါ့၊ ဒီမှာပျော်သလောက်နေသွားဗျာ၊ ဦိးတောကျော်ဆီကနေလည်း ပညာတွေအများကြီးယူရအုံးမယ်”
စကားပြောနေစဉ်မှာပင် ပိတ်စွယ်တောတစ်ဖက်မှာ တဖြန်းဖြန်းအသံများနှင့် အော်ဟစ်သံများကိုကြားရသည်။။ အိုက်စံက လှေတက်ဖြင့် ပိတ်စွယ်ပင်များကို ရိုက်ပုတ်နေရင်း အော်ဟစ်ကာခြောက်လှန့်နေခြင်းဖြစ်မည်။ ထိုအချိန်မှာပင် အတောင်ပံခတ်သံများကိုကြားလိုက်ရပြီးနောက် ငန်းရိုင်းများက ပိတ်စွယ်တောအတွင်းမှ ပျံသန်းတက်လာလေသည်။ အညိုရောင်၊ ခဲပုပ်ရောင်ရှိသည့် ငန်းရိုင်းများကိုတွေ့သည့်အခါ ခွန်နောင်က ဆူဆူထွားထွားငန်းရိုင်းကြီးတစ်ကောင်အား သေနတ်နှင့်ထိုးချိန်လိုက်ပြီးနောက် သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်လေသည်။
“ဒိန်း”
ငန်းရိုင်းတစ်ကောင်မှာ ပျံသန်းနေရာမှာ လွင့်စင်ကာပြုတ်ကျသွားလေသည်။ ဦးတောကျော်မှာတော့ ငန်းရိုင်းများကိုသေနတ်နှင့်ထိုးချိန်ကာ မပစ်ခတ်သေးဘဲ ချိန်နေလေသည်။
“ဦးတောကျော်၊ ပစ်တော့ဗျ၊ ငန်းတွေက ပျံတာသိပ်မြန်တာနော်”
ဦးတောကျော်မှာ ခဏကြာသည့်အချိန်မှ ပျံသန်းရန်တက်လာသည့် ငန်းဖိုကြီးအားပစ်ခတ်လိုက်လေသည်။ ငန်းဖိုကြီးအား သေနတ်ကျည်ဆန်က ထိမှန်ပြီး ငန်းဖိုကြီးအနောက်နားမှ ပျံတက်လာသည့် ငန်းမတစ်ကောင်အား စရိတ်ကျည်များက ထိမှန်သွားကာ ငန်းနှစ်ကောင်စလုံး ရေပြင်ပေါ်သို့ ပြုတ်ကျလေသည်။ ခွန်နောင်မှာ အတော်အံ့သြသွားသည်။
“ဟာဗျာ၊ ကျည်တစ်ချက်နဲ့ နှစ်ကောင်ရအောင်ပစ်နိုင်တယ်ဗျာ၊ အံ့ပါရဲ့”
ဦးတောကျော်က သေနတ်ကိုပြန်သိမ်းလိုက်ရင်း
“တို့ပစ်တဲ့ကျည်က စရိတ်ကျည်ကွ၊ စရိတ်ကျည်ဆိုတာ အဲဒီကျည်ချက်နားတစ်ဝိုက်ကို ခဲနဲ့ကောက်ပက်သလို လေးငါးလံုံးထွက်တယ်မဟုတ်လားကွာ၊ ဒီတော့ ပစ်မယ့်ပစ် နှစ်ကောင်ပူးတဲ့အချိန်ကိုစောင့်ပြီး ပစ်တာပေါ့ကွ”
ခွန်နောင်မှာ ခေါင်းတညိတ်ညိတ်ဖြင့်
“ဟုတ်ပါပြီဗျာ၊ ဦးတောကျော်ကတော့ ရောက်ရောက်ချင်းကိုပဲ အစွမ်းတွေပြလိုက်ပါပြီ၊ ကဲ အိုက်စံံရေ၊ ငန်းတွေကောက်ခဲ့ကွာ”
အိုက်စံမှာ လှေတစ်စီးဖြင့် ပိတ်စွယ်တောအတွင်းသို့ လှော်ခတ်သွားကာ ရေပြင်တွင်ကျနေသည့်ငန်းကောင်များကို ကောက်ယူခဲ့လေသည်။ ငန်းကြီးသံုံးကောင်အနက် ခွန်နောင်ပစ်သည့်ငန်းနှင့် ဦးတောကျော်ပစ်ခတ်သည့် ငန်းဖိုကြီးမှာ အလွန်ထွားကျိုင်းလှကာ၊ ကျန်သည့်် ငန်းမမှာတော့ သာမန်ဘဲတစ်ကောင်သာသာရှိလေသည်။ ငန်းသုံးကောင်ရပြီမို့ ဦးတောကျော်တို့လည်း လှေဖြင့်ပြန်လာခဲ့ကြသည်။ ဆက်ပစ်ရန်လည်း ငန်းများမရှိတော့ပေ၊ သေနတ်သံံံကြားသဖြင့် ငန်းများအားလုံး ပျံပြေးသွားကြပြီဖြစ်သည်။
(၃)
ဦးတောကျော်တို့ အိမ်ပြန်မျက်နှာပမ်းလှခဲ့သည်။ ငန်းကြီးများကို ခွန်နောင်၏ဇနီးက သန့်စင်ဆေးကြောပေးလေသည်။ ငန်း၏ အသည်းများကို မီးနှင့်ကင်ကာ ဆားအနည်းဖြူးပြီး လာချပေးသည်။ ခွန်နောင်က ဦးတောကျော်အား ခေါင်ရည်ဖြင့်ဧည့်ခံသည်။
“ငါက အရက်မသောက်လို့ မသောက်ပါရစေနဲ့ကွာ”
“ဟာဗျာ၊ ဦးတောကျော်ကလည်း ခေါင်ဆိုတာ ကျုပ်တို့ဆီမှာတော့ ကလေးကအစ လူတိုင်းသောက်နေတာပါဗျ၊ ဒီခေါင်ရည်ကလည်း ခေါင်ချိုပါ၊ သိပ်မမူးပါဘူးဗျာ၊ လုပ်စမ်းပါဗျာ”
“ကဲ၊ အဲဒါဆိုရင်လည်းထည့်ကွာ”
ခွန်နောင်က ဝါးဆစ်ပိုင်းကိုချွန်ထားသည့် ခွက်ကလေးတစ်ခုဖြင့် ဦးတောကျော်အား ခေါင်ရည်တစ်ခွက်ထည့်ပေးလိုက်သဖြင့် ဦးတောကျော်လည်း ခေါင်ရည်ကိုမော့ချလိုက်သည်။ ခေါင်ရည်မှာ အတော်ချဉ်သော်လည်း အချိုဓါတ်ကလေးတစ်ခုရှိပြီး ချိုချိုချဉ်ချဉ်ကလေးဖြစ်နေသည်။ ခွန်နောင်လည်း ခေါင်ရည်တစ်ခွက်မော့လိုက်ပြီးနောက် ငန်းအသည်းဖတ်တစ်ဖတ်ကို ကောက်ယူကာဝါးလိုက်ရင်း
“ငန်းအသည်းဆိုတာ သိပ်ဆိမ့်တာဗျ၊ ပံုံမှန်ဆိုရင် တရုတ်တွေသွားရောင်းရင် သိပ်ဈေးကောင်းရတာဗျ၊ အခုတော့ ရောက်တုန်းရောက်ခိုက် ဦးတောကျော်စားဖူးအောင်လို့ မရောင်းဘဲချက်ကျွေးတာ၊ စားကြည့်စမ်းပါဗျာ”
ဦးတောကျော်လည်း ခွန်နောင်ပြောသည့်အတိုင်း ငန်းအသည်းဖတ်တစ်ဖတ်ကို ကောက်ယူကာဝါးလိုက်သည်။ ငန်းအသည်းမှာ ပူပူနွေးနွေးကလေးပင်ရှိသေးသည်။ အပြင်အသားများမှာ မီးကင်ထားသဖြင့် ကြွပ်ရွနေသော်လည်း အတွင်းပိုင်းမှာတော့ ခပ်ပျော့ပျော့ပင်ရှိသေးသည်။ ပါးစပ်အတွင်းထည့်လိုက်သည့်အခါ ခွန်နောင်ပြောသည့်အတိုင်း အလွန်ဆိမ့်သက်ကာ လျှာပေါ်မှာပင် အရည်ပျော်သွားအောင် နူးညံံ့သည်။
“ကောင်းလိုက်တာကွာ၊ ငါစားဖူးသမျှထဲမှာ အဆိမ့်ဆးပဲဟေ့၊ တန်တော့ စာဆိုတွေက ငန်းအသည်းကို မစားဖူးလို့ဖြစ်မယ်ကွ၊ ဖွတ်ဥ၊ လိပ်သဲ၊ ကျွဲနို့ခဲဆိုတဲ့ အဆိမ့်ဆုံး အစားအစာတွေထဲမှာ ငန်းသည်းလို့လည်း ထပ်ထည့်ရမယ်ဟေ့”
ဦးတောကျော်နှင့် ခွန်နောင်တို့မှာ ငန်းသည်းနှင့် ခေါင်ရည်ကိုသောက်နေကြရင်း စကားစမြည်ပြောဆိုနေကြသည်။ ထိုစဉ် ခွန်နောင်က အိမ်ခန်းအတွင်းသို့ဝင်သွားပြီးနောက် ငွေဒင်္ဂါးပြားတစ်ချို့ကို ကိုင်ဆောင်ကာ ထွက်လာလေသည်။
“ဦးတောကျော်အတွက် ကြောင်မင်းပစ်လို့ရတုန်းက ဝေစုပါဗျ”
ဦးတောကျော်က လက်ကာပြလိုက်ပြီးတော့
“နေပါစေခွန်နောင်ရာ၊ မင်းတို့ပဲသုံးလိုက်ကြပါ၊ ဒါနဲ့ မင်းမျက်လုံးကရော သွားပြီလား”
“သွားပြီပေါ့ဗျာ၊ အခုက ကျောက်မျက်လုံးတစ်လုံးထည့်ထားတာ၊ ဟိုးကလောဖက်မှာ ဆရာတစ်ယောက်လုပ်ပေးတယ်ဗျ၊ ကြည့်ပါအုံး မျက်လုံးအစစ်နဲ့တူရဲ့လား”
“တူပါတယ်ကွ၊ တော်တော်တူပါတယ်”
ခွန်နောင်မှာ မည်ကဲ့သို့မျှမဖြစ်သော်လည်း ဦးတောကျော်မှာတော့ စိတ်ထဲမကောင်းပေ၊ ထိုစဉ်မှာပင် ရွာသားတစ်ချို့မှာ အိမ်ပေါ်သို့တက်လာကြသည်။ ဦးတောကျော်အား လာကြည့်ကြခြင်းဖြစ်သည်။ မကြာခင်မှာပင် ရွာသားအယောက်နှစ်ဆယ်ခန့်ဖြစ်သွားသည်။ အချို့မှာ ဗမာစကားပင် ရေရေလည်လည်မပြောတတ်ကြပေ။
“ဟဲ၊ ဟဲ၊ ဦးတောကျော်ရေ သူတို့က ကျုပ်ပြောထားတာကို မယုံဘုးဖြစ်နေတယ်ဗျာ၊ ဦးတောကျော်ရဲ့ ဆုတံဆိပ်ကို ထုတ်ပြလိုက်စမ်းပါ”
ိသို့နှင့် ဦးတောကျော်က သူ့လွယ်အိတ်အတွင်းမှ ဆုတံံံဆိပ်ပြားကိုထုတ်လိုက်သည်။ သံုံးချောင်းထောက်ကျားကြိး ဘဒင်အား ပစ်ခတ်နိုင်ခဲ့စဉ်က အင်္ဂလိပ်အစိုးရမှ ချီးမြှင့်ထားသည့် တံဆိပ်ဖြစ်သည်။ ရွာသားများမှာ ထိုတံဆိပ်အား မမြင်ဖူးသဖြင့် ကိုင်ကြည့်နေကြသလို ဦးတောကျော်အားလည်း အလွန်လေးစားနေကြလေသည်။ မကြာခင် ရွာသားများမှာ ဦးတောကျော်စားရန်အတွက် ဟင်းလျာများလာပို့ကြလေသည်။ ဟင်းလျာများမှာ အများအားဖြင့် ကန်ကြီးအတွင်းမှ ဖမ်းဆီးရမိသည့် ငါးဟင်းလျာများဖြစ်သည်။ ဦးတောတစ်ယောက် ရွာသားများ၏ ဧည့်ဝတ်ကျေပွန်မှုကို အလွန်ပင်အားနာနေရသည်။ ထိုတစ်နေ့တော့ ဦးတောကျော်၏ စွန့်စားခန်းများကို ရွာသားများက နားထောင်ကြပြီးနောက် ညအတော်နက်မှပင် ဦးတောကျော်အိပ်ချင်ပြီဟုဆိုကာ အိမ်မှ မောင်းထုတ်ကြရသည်အထိပင်ဖြစ်သည်။
နောက်တစ်နေ့မနက် အိပ်ရာထပြီးနောက် ဦးတောကျော်မျက်နှာသစ်နေစဉ်မှာပင် နွားလှည်းတစ်စီးက အိမ်ရှေ့တွင်ထိုးရပ်သွားသည်။ အိမ်ပေါ်သို့ ရွာသားအချို့က ပြေးးတက်လာကြလေသည်။
“ခွန်နောင် . . . ခွန်နောင်၊ မုဆိုးကြီး”
ခွန်နောင်မှာ အိပ်ခန်းအတွင်းမှထွက်လာကာ
“အေးပြော၊ ဘာဖြစ်လာကြတာလဲ”
“ကြံံခင်းမြောင်ဘက်မှာ ကျားဆွဲလို့တဲ့ဟ”
ဦးတောကျော်ပင် မျက်လုံးပြူးသွားသည်။
“ဟုတ်လား၊ ကျားက ဘယ်သူ့ကိုဆွဲသွားတာလဲ”
“လူတော့မဟုတ်ဘူး၊ အဲဒီမှာမွေးထားတဲ့ နွားတစ်ကောင်ကိုဆွဲသွားတာပဲတဲ့၊ အခု ကြံခင်းမြောင်ဘက်က ရွာသားတွေ အတော်ထိတ်လန့်နေကြတယ်”
ခွန်နောင်မှာပြုံးလိုက်ပြီး
“ကြံခင်းမြောင်ဘက်မှာ အရင်က ကျားအသံမကြားမိပါဘူးဗျ”
“ဟုတ်တယ်ဗျ၊ ကျားက တောပြောင်းလာတာဖြစ်မယ်၊ လုပ်ပါအုံးခွန်နောင်ရာ၊ မုဆိုးကြီးရှိနေတာနဲ့အတော်ပဲ၊ ကျားကို မုဆိုးကြီးတို့ ရှင်းလင်းပေးကြပါ”
“ဟား၊ ဟား ကောင်းတာပေါ့ဗျာ၊ သေချင်တဲ့ကျား တောပြောင်းလာတယ်ဆိုတာ ဒါမျိုးဖြစ်မှာ၊ ကဲ ဦးတောကျော် ဘယ်လိုလည်း စိတ်ဝင်စားသလားဗျ”
ဦးတောကျော်လည်း ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီဗျာ၊ ခင်ဗျားတို့ဘာမှမပူနဲ့၊ ကျုပ်တို့အခုပဲ ကြံခင်းမြောင်ဘက်သွားကြတာပေါ့၊ ကျုပ်လည်းရှိတယ်၊ နောက်ပြီး တကယ့်လူသားစားကျားကြီးကို ပစ်ဖူးတဲ့ မုဆိုးကြီးဦးတောကျော်ဆိုတာလည်း ပါတယ်ဗျို့”
ရွာသားများနှင့် ကြံခင်းမြောင်ဘက်မှ လိုက်လာကြသူများပါ ဦးတောကျော်ကိုကြည့်ကာ အထင်ကြီးလေးစားသွားကြသည်။ သို့နှင့်် ခွန်နောင်၏ ဇနီးစီစဉ်ပေးသည့် မနက်စာခေါပုတ်နှင့် ဆတ်သားခြောက်ထောင်းကို စားသောက်ပြီးစီးသည့်အခါ ဦးတောကျော်နှင့်ခွန်နောင်လည်း ထိုလူများ၏ လှည်းဖြင့််ပင် ကြံခင်းမြောင်ဆိုသည့် နေရာသို့ လိုက်လာခဲ့ကြသည်။ အိမ်ပေါ်မှဆင်းသည့်အခါ အိုက်စံက လှည်းအနီးတွင် ရစ်သီရစ်သီလုပ်နေသည်။
“ပေါ့၊ သားလည်းလိုက်ချင်တယ်”
ခွန်နောင်က ခေါ်ချင်သော်လည်း သူ့ဇနီးမှာ ခွန်နောင်အား ပြောဆိုနေလေသည်။
“ဟာ၊ ဒီမိန်းမကတော့ကွာ မုဆိုးရဲ့သား မုဆိုးဖြစ်တာ ဘာဆန်းလို့လဲကွ၊ ကဲ သား၊ လှည်းပေါ်တက်”
အိုက်စံမှာပျော်ရွှင်စွာဖြင့် လှည်းပေါ်ခုန်တက်လိုက်လေသည်။ ဦးတောကျော်က ခွန်နောင်အားတစ်ချက်ကြည့်လိုက်ရင်း
“ဖြစ်ပါ့မလားခွန်နောင်ရ”
“ဖြစ်ပါတယ်၊ ကျုပ်သားက ကျုပ်နောက်လိုက်နေကျဗျ၊ တောကောင်တွေအကြောင်း၊ တောအကြောင်းတွေကို သူတော်တော်လေး ကျက်မိနေပါပြီ”
သို့နှင့် လှည်းကလေးမှာ နောင်သခေါရွာကလေးမှာ မောင်းနှင်ထွက်လာခဲ့တော့သည်။
(၄)
ကြံခင်းမြောင်ဆိုသည့်နေရာမှာ နောင်သခေါရွာနှင့် အတော်လှမ်းပြီး မြင့်မားလှသည့်တောင်တန်းကြီးတစ်ခု၏ အခြေတွင်တည်ရှိသည့်ရွာငယ်ကလေးဖြစ်သည်။ အိမ်ခြေမှာလည်း နှစ်ဆယ်ပင်ပြည့်ပုံမရပေ၊ တောင်ကုန်းကြီးတစ်အပေါ်တွင် လှေကားထစ်ပုံစံရှင်းလင်းထားကာ တောင်ယာစိုက်ပျိုးထားကြသည်ကိုတွေ့ရသည်။ အများအားဖြင့် ပြောင်းဖူးများ၊ မုန်ညင်းများနှင့် ဟင်းသီးဟင်းရွက်များ၊ ဖရုံ၊ သခွားတို့ဖြစ်ကြသည်။
“မုဆိုးကြီးတွေ ပါလာပြီဟေ့”
ရွာအဝင်မှ အော်ဟစ်လိုက်သည့်အခါ ရွာသူရွာသားများမှာ ပြေးထွက်လာကြသည်။ ခွန်နောင်ကလည်း လှည်းပေါ်မှဆင်းလိုက်ရင်း
“ဟောဒါကတော့ ကျားဆိုးကို ပစ်သတ်ဖူးတဲ့ မုဆိုးကြီးဦးတောကျော်ဆိုတာပဲ”
“အားကိုးပါတယ်၊ အားကိုးပါတယ်ရှင်”
ရွာသားများမှာ အလွန်ထိတ်လန့်နေပုံရသည်။ ခွန်နောင်က ရှမ်းစကားဖြင့်မေးမြန်းကြည့်သည့်အခါ မိန်းမကြီးတစ်ဦးက သူ့ခြံအနောက်ဘက်သို့ခေါ်သွားသည်။ ခြံနောက်ဘက်ရှိ ဝါးခြမ်းများနှင့်ကာထားသည့် ခြံစည်းရိုးမှာ ပေါက်ပြဲနေပြီး နွားတင်းကုပ်နေရာတွင်လည်း ရုန်းကန်ထားပုံတွေ့ရသည်။ ထိုနေရာတွင် မြေသားမာသဖြင့် ကျားခြေရာကိုမတွေ့ရပေ။
“ခွန်နောင်ရေ၊ ကျားလို့ သူကဘာလို့ တစ်ထစ်ချပြောနိုင်တာလဲကွ”
ခွန်နောင်က ထိုမိန်းမကြိးကိုမေးလိုက်ပြန်သည်။ ထိုမိန်းမကြိးပြောစကားကို ဘာသာပြန်ပေးသည်။
“ဒီလိုဦးတောကျော်ရ၊ မနေ့ညက လကလည်းသာတယ် ညကလည်း ညသိပ်မနက်သေးဘူးတဲ့၊ ဒီမိန်းမကြီးကလည်း အိမ်ပေါ်မှာယက်ကန်းယက်ဖို့ ချည်တွေငင်နေတယ်ဆိုပဲ၊ အဲဒီအချိန်မှာ နွားအော်သံတွေ နှာမှုတ်သံတွေကြားလို့ ဆင်းကြည့်တော့ အနက်နဲ့အဝါစင်းကြားရှိတဲ့ ကျားကြီးကိုတွေ့လိုက်ရတယ်ဆိုပဲ”
“ကျားက ဘယ်လောက်ကြီးသလဲကွ”
“သူလည်းမပြောတတ်ဘူးတဲ့၊ ကြီးတာတော့ အခုဆွဲသွားတဲ့ နွားထက်ကြီးတယ်ပြောတယ်”
“ဒါဆိုရင်တော့ ဟုတ်လောက်ပါတယ်ကွာ၊ ကျားဆိုရင်တော့ ကျားတွေရဲ့ထုံးစံကို မင်းလည်းသိတယ်မဟုတ်လားခွန်နောင်”
“သိပါ့ဗျာ၊ သူတို့က သားကောင်ကို တောထဲကိုဆွဲသွားမယ်၊ သားပေါက်တွေမရှိတဲ့ကျားဆိုရင်တော့ ရေနဲ့နီးတဲ့နေရာကိုခေါ်သွားပြီးတော့ သားကောင်ကိုချပြီးစားမယ်၊ ပြီးရင်ရေသောက်ပြီး အသေကောင်ကိုထားခဲ့မယ်”
“အေးအေး၊ ငါတို့ကလည်း အသေကောင်အနားမှာစောင့်ပြီးတော့ ကျားကိုချောင်းပစ်တာပေါ့ကွာ”
ဦးတောကျော်နှင့် ခွန်နောင်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် ပြုံးလိုက်ကြလေသည်။ နေ့လည်ချိန်နီးနေပြီဖြစ်သဖြင့် ကြံခင်းမြောင်ရွာမှ ရွာသားများက ဦးတောကျော်တို့အား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြလေသည်။ ဦးတောကျော်တို့စားသောက်နေသည့်အချိန်တွင် ခွန်နောင်က ပဲပုပ်ထောင်းထည့်ထားသည့်ခွက်ကို ဘေးသို့ဖယ်လိုက်သည်။
“ကျုပ်တို့ဆီမှာတော့ ကျားပစ်မယ်ဆိုရင် ပဲပုပ်မစားရဘူးဆိုတဲ့အယူရှိတယ်ဗျ”
“ဘာဖြစ်လို့လဲကွ”
“ပဲပုပ်ဆိုတာ နာမည်ကတည်းကိုက ပုပ်နေတာကိုးဗျ၊ ပုပ်တယ်ဆိုတော့ မကောင်းတဲ့အငွေ့အသက်ရှိတယ်၊ ဒီတော့ ကျားနဲ့တွေ့ရင် မကောင်းတဲ့ဓါတ်က ကိုယ့်အပေါ်စီးဝင်နေတယ်လို့ အယူအဆရှိသဗျ”
“တစ်ရွာတစ်ပုဒ်ဆန်းတယ်ဆိုသလိုပေါ့ကွာ”
“နောက်ပြီးတော့ ကျားကိုမနက်ပိုင်းမှာ မလိုက်ရဘူးတဲ့ဗျ၊ ကျားဆိုတဲ့အကောင်မှာ စွမ်းအားတွေရှိတယ်လို့ ယူဆကြတယ်၊ အဲဒီစွမ်းအားတွေက မနက်ပိုင်းဆိုရင် လူထက်စွမ်းအားမြင့်နေသတဲ့ဗျာ၊ ဒီတော့ မွန်းလွဲတစ်နာရီကျော်တော့မှ ကျားကိုလိုက်ရတယ်၊ အဲဒီအချိန်ဆိုရင်တော့ မကောင်းတဲ့စွမ်းအားတွေ ကျသွားတဲ့အချိန်ပဲတဲ့”
“တို့တွေထမင်းစားသောက်ပြီးတာနဲ့တော့ အတော်ပဲပေါ့”
စားသောက်ပြီးစီးသည့်အခါ ချက်ချင်းမထကြသေးဘဲ ဦးတောကျော်မှာ ဆေးတံကိုအရသာခံကာ ဖွာသောက်နေလေတော့သည်။
“ဒါနဲ့ခွန်နောင်ရေ၊ ဒီကျားက ဘာလို့ရွာထဲကိုဝင်တယ်လို့ မင်းထင်သလဲ”
ခွန်နောင်က ခေါင်းခါလျှက်
“မသိဘူးဗျ၊ ဗိုက်ဆာလို့များလား”
“ဟား၊ ဟား ကျားဆိုတာ လူမွေးထားတဲ့အကောင်ကို စားခဲတယ်ကွ၊ သူတို့ကိုယ်တိုင်က အမဲလိုက်ကျွမ်းကျင်တဲ့မုဆိုးတွေဆိုတော့ ကိုယ်တိုင်အမဲလိုက်ပြီး သတ်ဖြတ်စားသောက်မှ ကျေနပ်တဲ့ကောင်တွေကွ၊ အခုလို လူတွေအနားကိုကပ်လာတယ်ဆိုတာ အကြောင်းနှစ်ခုပဲရှိတယ်”
“ပြောပါအုံးဗျာ”
“တစ်အချက်ကတော့ ကျားက နာနေလို့၊ နှစ်အချက်ကတော့ ကျားက အိုနေလို့ကွ၊ ကျားက နာတဲ့အခါ သာမန်တောကောင်တွေကို ဖမ်းစားမရတော့ဘူး၊ ဒီတော့ လူတွေမွေးထားတဲ့အကောင်တွေက ဖမ်းရလွယ်တယ်ဆိုတော့ လူတွေဆီကိုဆင်းလာတာပေါ့ကွာ၊ နောက် ကျားတွေအိုသွားတဲ့အခါလည်း အရင်လို ဖြတ်ဖြတ်လတ်လတ်ရှာဖွေမစားသောက်နိုင်တော့ဘူးကွ၊ ဒီတော့ အလွယ်တကူဖမ်းဆီးရမယ့် လူတွေမွေးထားတဲ့အနားကို ရောက်လာတာပေါ့”
“ဒါဆို ဦးတောကျော်အတွေ့အကြုံအရ ဒီကျားက နာနေတဲ့ကျားလား၊ အိုနေတဲ့ကျားလား”
ဦးတောကျော်က ဆေးတံတစ်ချက်ဖွာလိုက်ပြီး
“ဒါတော့ ငါလည်းမတွေ့ရသေးတော့ မမှန်းတတ်ဘူးကွ၊ ဒါပေမယ့် ငါကတော့ အိုနေတဲ့ကျားလို့ထင်တယ်၊ ခြံအနောက်ဘက်က ခြံစည်းရိုးက လူတစ်ရပ်တောင်မရှိပါဘူးကွာ၊ ကျားတစ်ကောင်အတွက်တော့ ဒီအမြင့်ဟာ အသာကလေးခုန်ကျော်နိုင်တဲ့အနေအထားပဲ၊ ဒါပေမယ့် အခုက ခြံစည်းရိုးဖြဲပြီး တိုးတဲ့ပုံထောက်တော့ ကျားက သိပ်ပြီးလှုပ်လှုပ်ရှားရှား မလုပ်နိင်တဲ့ ကျားအိုကြီးဖြစ်မယ်ကွ”
“မကြာခင် သိရမှာပေါ့ဗျာ၊ ကဲ ဦးတောကျော်၊ သွားစို့ဗျာ”
ရွာမှလူများက ညစာစားသောက်ရန်အတွက် ဝါးဆစ်ဘူးတစ်ခုဖြင့် ရေထည့်ပေးလိုက်ပြီး ခေါပုတ်မီးကင်များကို ဖက်နှင့်ထုတ်ပိုးကာ ထည့်ပေးလိုက်ပြန်သည်။ ဦးတောကျော်နှင့် ခွန်နောင်တို့နှစ်ယောက် အရှေ့မှထွက်ခဲ့ကြပြီး အနောက်မှ အိုက်စံက ဓါးတစ်လက်ကို ထမ်းလာခဲ့လေသည်။ တောအတွင်းသိပ်မသွားရခင်မှာပင် သွေးအိုင်ကြီးတစ်ခုကိုတွေ့ရသည်။
“အလို၊ သွေးအိုင်ပါလား”
“ငါထင်တာမှန်နေပြီ ခွန်နောင်၊ ကျားအိုကြီးက နွားကိုကိုက်ချီသွားရတာ မောလို့ ခဏချနားခဲ့တဲ့ပုံပဲကွ”
ခွန်နောင်က ထိုနေရာသို့လှည့်ပတ်ကြည့်ရင်း
“ဟုတ်မယ်ဦးတောကျော်၊ ဟိုအရှေ့မှာတော့ စွပ်ကြောင်းရာကြီးတစ်ခုကို တွေ့တယ်ဗျ၊ ဒီအတိုင်းဆိုရင် ကျားကြီးက နွားကိုမနိုင်တော့လို့ တရွတ်ဆွဲသွားတာများလား”
“သေချာတာပေါ့ကွာ၊ ကဲ ဆက်လိုက်ကြစို့ဟေ့”
ဆက်လိုက်ခဲ့ရင်း မကြာမီမှာပင် မြောင်ကြားကလေးတစ်ခုအတွင်းသို့ဆင်းသက်လာခဲ့ကြသည်။ အောက်ခြေတွင် စမ်းရေစိးသံကိုကြားရသဖြင့် ကျားကြီးမှာ ထိုနေရာအနီးမှာပင် နွားကိုစားသောက်ခဲ့မည်ဟုထင်ကာ ဆက်ဆင်းလာခဲ့ကြသည်။ ထင်သည့်အတိုင်းပင် စမ်းချောင်းနှင့် မနီးမဝေးနေရာတစ်ခုတွင် နွားသေကောင်ကြိးကိုတွေ့ရသည်။ နွားသေကြီး၏ ဖင်ကိုဖွင့်ကာ စားသောက်ထားပုံရပြီး ပေါင်နှစ်ချောင်းမှာလည်းမရှိတော့ပေ။ နွားကြီးအနီးတစ်ဝိုက်တွင် ယင်စိမ်းကြီးများ ဝဲပျံနေကြသည်။ ခွန်နောင်က အပေါ်သို့မော့ကြည့်ရင်း
“သစ်ပင်ရှာရမယ်ဗျ”
ခွန်နောင်က သစ်ပင်ရှာနေစဉ်
“လင့်ဆောက်မယ့်သစ်ပင်က သစ်ရွက်သစ်ကိုင်းတွေရဲ့ အကာအကွယ်ရှိရမယ်ကွ၊ အခက်အလက်ဖြာရမယ်၊ အောက်ကိုပစ်ဖို့လည်း မြင်ကွင်းရှင်းရမယ်၊ နောက်ပြီး ကျားတစ်ခုန်မက မြင့်တဲ့အမြင့်ရှိရမယ်၊ တွန်းလှဲလို့ မရအောင်လည်း ခိုင်မာတောင့်တင်းရမယ်မဟုတ်လား”
“ဦးတောကျော်ပြောတဲ့အတိုင်းဆိုရင် ဟိုအပင်ကြီးက ကွက်တိပဲဗျာ”
ခွန်နောင်ပြသည့်အပင်အား မော့ကြည့်လိုက်ရာ အပင်ကြီးမှာ နွားသေကောင်နှင့်လည်း မလှမ်းမကမ်းဖြစ်သည့်အပြင် ပင်စည်မှာလည်း ချောမွေ့နေပြီး အတော်မြင့်မားကာ ထိပ်တွင်အခက်အလက်ဝေဆာလှသည်။ သစ်ပင်ကြီး၏ အကိုင်းအခက်များတွင် သစ်ရွက်များနည်းပါးသော်လည်း ပင့်ကူမျှင်များ ဖံုံးအုပ်နေလေသည်။
“ခွန်နောင်တက်ကြည့်စမ်းကွာ၊ တောကြီးပင့်ကူတွေဘာတွေရှိနေမလား”
ခွန်နောင်က တက်သွားကာစူးစမ်းလိုက်ပြီးနောက်
“ပင့်ကူတော့မတွေ့ဘူး ဦးတောကျော်”
“အေးကွာ၊ ဒါဆိုရင်လည်း ဒီအပေါ်မှာ လင့်ထိုးကြတာပေါ့”
သစ်တောကြီးမှာ သစ်များအလွန်ပေါများသည်ဖြစ်ရာ ခဏတာအတွင်းပင် အိုက်စံမှာ လက်မောင်းလုံး၊ လက်ကောက်ဝတ်လုံးခန့်ရှိသည့်် သစ်သားချောင်းများကို ရှာဖွေတွေ့ရှိလေသည်။ ခွန်နောင်မှာလည်း တောအတွင်းပေါက်ရောက်နေသည့် နွယ်ကြိုးများကိုဖြတ်ကာ လိမ်ကျစ်လိုက်ပြီးနောက် လင့်စင်ထိုးကြတော့သည်။ သစ်သားချောင်းများဖြင့် ထိုးထားသည့်လင့်စင်မှာ လူသုံးဦးတစ်ထိုင်စာမက ကျယ်ဝန်းနေလေသည်။
“ခွန်နောင်ကတော့ မုဆိုးလို့မပြောရဘူး လုပ်လိုက်ရင်တော့ သေသေသပ်သပ်ပဲဟေ့၊ ငါတောင်မှ မင်းလောက် လင့်စင်ကောင်းကောင်းမထိုးတတ်ဘူး”
ဦးတောကျော်မှာချီးကျူးလိုက်ပြီးနောက် သူတို့သုံးဦးလင့်စင်ပေါ်တွင်ထိုင်လိုက်ကြသည်။
“ကဲ အိပ်ချင်ရင် အိပ်ကြအုံး”
အိုက်စံမှာ ခေါင်းခါသည်။
“ဒီအချိန် ကျားကြီးလာရင် ဘယ့်နှယ့်လုပ်မလဲဗျ”
ဦးတောကျော်က ရယ်မောလိုက်ရင်း
“မှတ်ထားကောင်လေးရ၊ ကျားဆိုတာ ညနက်မှာအမဲလိုက်ထွက်ကြတာ၊ သူတို့က ကြောင်မျိုးဆိုတော့ အမှောင်ထဲမှာကောင်းကောင်းမြင်ရတယ်လေကွာ၊ ကျားတစ်ကောင်က အကြောင်းမရှိဘဲ နေ့ခင်းမထွက်ဘူးကွ၊ ငါ့အထင် ဒီကျားကြီးလည်း တစ်ဝတစ်ပြဲစားသောက်ပြီးတော့ တစ်နေရာရာမှာဖြဲကားပြီးအိပ်နေတော့မှာ၊ မိုးချုပ်မှောင်မှ သူထွက်လာမှာပဲ”
ဦးတောကျော်ကတော့ သေနတ်ပိုက်လျှက် သစ်ကိုင်းတစ်ခုကိုကျောမှီချလိုက်ကာ အိပ်စက်ရန်ပြင်ဆင်လိုက်သည်။ မုဆိုးတစ်ဦးအတွက် အိပ်စက်ခြင်းမှာ အလွန်အရေးပါသောကြောင့် ဦးတောကျော်မှာ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်နိုင်ရန် အလေ့အကျင့်ပြင်ထားလေရာ ခဏအကြာမှာပင် အိပ်ပျော်သွားလေသည်။ အိုက်စံံနှင့်ခွန်နောင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း လင့်စင်ပေါ်တွင် အိပ်စက်လိုက်တော့သည်။
“ချွှတ်၊ ဂျွတ်”
အသံကြားသဖြင့် ဦးတောကျော်က မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ အိုက်စံံံမှာ အိပ်လျှက်သားဖြင်ပင် လှိမ့်လိုက်လေရာ လင့်စင်အစွန်းတွင် ပြုတ်ကျလုဆဲဆဲဖြစ်နေသဖြင့် ဦးတောကျော်က အလျှင်အမြန်ထလိုက်ပြီး အိုက်စံ၏ အကျီလည်ကုပ်ကိုဆွဲလိုက်လေရာ အိုက်စံံမှာလန့်နိုးလာသည်။
“အား”
“မအော်နဲ့ ဘာမှမဖြစ်ဘူး”
အိုက်စံံမှာ ကလေးပီပီ အအိပ်ကြမ်းသည်မို့ လင့်ပေါ်မှပြုတ်ကျမလိုဖြစ်ချင်းဖြစ်သည်။ မုဆိုးတစ်ယောက်၏ အသိစိတ်မှာ အိပ်စက်နေသည့်အချိန်မှာပင် သတိကပ်ထားရလေသည်။ မျက်လုံးများမှိတ်ထားသော်လည်း နားကိုအမြဲစွင့်ထားရကာ အသံတစ်ခုခုကြားလျှင်ပင် နိုးနိုင်အောင်လေ့ကျင့်ထားရသည်။ မကြာမီ ခွန်နောင်လည်းနိုးလာသည် ပတ်ဝန်းကျင်တစ်ခုလံုံးကို အမှောင်ထုက ဖုံးလွှမ်းထားပြီဖြစ်သည်။
“ဒီကောင်ကြီးလာမယ်ထင်တယ်”
“ဒီလောက်စောစောမလာဘူးကွ၊ ကျားဆိုတာ လှုပ်ရှားနေတဲ့အကောင်ကိုမှ အမဲလိုက်ချင်တာဆိုတော့ တခြားသားကောင်လိုက်ရှာအုံးမှာပဲ၊ နောက်ဆံုံး ရှာမတွေ့တော့မှ မနေ့က သူစားထားတဲ့ အကျွင်းအကျန်ကို လာစားလိမ့်မယ်”
ညဦးပိုင်းတွင် သူတို့သုံးဦး အေးအေးလူလူပင် လင့်စင်စောင့်ကြလေသည်။ အိုက်စံလက်ထဲတွင် ကျားကြီးအားမီးဖြင့်ထိုးရန်အတွက် မီးပုံးကိုင်ထားသည်။ မီးပုံးဆိုသည်မှာ သာမန်မီးပုံးနှင့်မတူဘဲ မျက်နှာစာသံံုံးခုကို အလင်းပိတ်အောင်လုပ်ထားပြီး မျက်နှာစာတစ်ခုကိုသာ ဖွင့်ထားသည် မီးပံုံးတစ်ခုဖြစ်သည်။ ထိုဖွင့်ထားသည့်မျက်နှာစာမှ ထွက်သည့်အလင်းရောင်များဖြင့် ဓါတ်မီးတစ်လက်ကဲ့သို့ ကိုယ်လိုချင်သည့်နေရာသို့ ထိုးနိုင်လေသည်။
အေးချမ်းသည့်ရာသီဖြစ်သဖြင့် ခြင်သိပ်မရှိသော်လည်း မှတ်ကောင်များမှာ ပေါများလှသည်ဖြစ်ရာ ကိုယ်တွင်လာရောက်တွယ်ကပ်သည့်မှတ်များကို လက်နှင့်အသာပွတ်ချရသည်။ ပင့်ကူအိမ်များလည်းရှိသဖြင့်် အချို့မှတ်ကောင်များမှာ ပင့်ကူအိမ်တွင် ကပ်ညိကုန်သည်။ ညသန်းခေါင်အချိန်တွင်တော့ ခြေသံများကို ကြားရလေသည်။
“လာပြီ”
ဦးတောကျော်က လေသံလေးဖြင့်ပြောလိုက်သဖြင့်် သုံးသီးသား နွားသေကောင်ထံသို့ လှမ်းကြည့်နေမိသည်။ ထိုအခါ မြင်ကွင်းထဲသို့ အနက်နှင့်အဝါ စင်းကြား ကျားကြီးတစ်ကောင်မှာ အေးအေးလူလူပင် လမ်းလျှောက်လာလေသည်။ အရွယ်အစားမှာ ခုနစ်တောင်ခန့်ရှိသော်လည်း ပိန်လှီနေလေသည်။ ဦးတောကျော်မှာ သေနတ်ကိုအသင့်ပြင်လိုက်သည်။ အိုက်စံမှာ မီးပုံးထွန်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ခွန်နောင်က အိုက်စံ၏ ပုခုံးကိုပုတ်လိုက်သည့်အခါ အိုက်စံံံက မီးပုံးကိုမီးညှိလိုက်ပြီးနောက် ကျားကြီးဆီသို့လှမ်းထိုးလိုက်သည်။
မီးရောင်အောက်တွင် ကျားကြီး၏ မျက်လုံးများက ဝင်းလက်နေလေသည်။ ကျားကြီးမှာ သူတို့အားမော့ကြည့်နေသည်။ ဦးတောကျော်လည်း သေနတ်ကိုချိန်ရွယ်ထားရင်း သူတို့အပေါ်ဘက် သစ်ပင်တွင် လှှုပ်ရှားမှုတစ်ခုကိုခံစားလိုက်ရသည်။ သစ်ပိုင်းများပေါ်တွင် တစ်ခုခုက ပြေးလွှားနေလေသည်။
“အိုက်စံံ အပေါ်ကိုမီးထိုးလိုက်”
“ဗျာ”
“အပေါ်ကို အမြန်မီးထိုးစမ်း”
ဦးတောကျော်ပြောလိုက်သည့်အခါ အိုက်စံမှာ သစ်ပင်အပေါ်ဘက်သို့ မီးလှည့်ထိုးလိုက်သည်။ ထိုအခါ မီးရောင်အောက်တွင် မိန်းမတစ်ယောက်၏ ဦးခေါင်းနှင့်် ပင့်ကူတစ်ကောင်၏ ခြေလက်များရှိသည့် အကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။
“ဟာ၊ ဘာကြီးလည်း”
မိန်းမဦးခေါင်းမှာ ဆံပင်များရှည်လျားနေပြီး မျက်လံုံးများကလည်း အများအပြားပါဝင်သည်။ ပင့်ကူခြေထောက်ကြီးများမှာတော့ နက်မှောင်နေကာ အမွှေးကြမ်းကြိးများဖြင့် ဖံုံးလွှမ်းထားသည်။ ဦးတောကျော်လည်း ဘာမှမစဉ်းစားတော့ဘဲ ချက်ချက်း ပက်လက်လှန်လိုက်ကာ လက်အတွင်းမှ သေနတ်နှင့် ထိုပင့်ကူကြီးအားပစ်ခတ်ထည့်လိုက်သည်။
ဒိုင်းခနဲသေနတ်သံထွက်သွားပြီးနောက် ဦးတောကျော်မှာ ယမ်းကန်အားကြောင့် လင့်စင်ပေါ်မှ တွဲလောင်းကျသွားပြီး သစ်ကိုင်းတစ်ခုကို ဖမ်းဆုပ်ကိုင်ထားရသည်။ ပင့်ကူကြီးမှာ ကျယ်လောင်သည့်အသံံံကြီးနှင့် အော်ဟစ်ပြီးနောက် ဦးတောကျော်ထံသို့ ပြေးလာပြန်သည်။ ဦးတောကျော်လည်း လင့်စင်အောက်သို့ အပြေးဆင်းရတော့သည်။
လင့်စင်အောက်ရောက်သည့်အခါ ကျားကြီးမှာ ဦးတောကျော်အရှေ့တွင်ရောက်နေပြီဖြစ်သည်။ ဦးတောကျော်မှာ ကျားရှေ့တွင် ငူငူငိုင်ငိုင်ကြီးရပ်နေမိသည်။ ကျားကြီးမှာ ဦးတောကျော်အား ရန်ပြုရန်အတွက် အရှေ့သို့တိုးလာခဲ့သည်။ သို့သော် ကျားကြီးမှာ ခေါင်းကိုပုသွားပြီး တစ်ခုခုကိုကြောက်လန့််သည့်အသွင်ဖြင့် ကြည့်ကာ လှည့်ထွက်ပြေးတော့သည်။ ဦးတောကျော်လည်း အနောက်သို့လှည့်ကြည်လိုက်သည်အခါ ပင့်ကူမိစ္ဆာကြီးမှာ ဦးတောကျော်အနောက်တွင်ရပ်နေပြန်သည်။
“ဒိုင်း”
သေနတ်သံတစ်ချက် ထွက်လာပြီးနောက် ပင့်ကူမိစ္ဆာမှာ အနောက်သို့ခုန်ဆုတ်သွားလေသည်။ ထိုအချိန်မှာပင် ခွန်နောင်နှင် အိုက်စံတို့မှာ သစ်ပင်ပေါ်မှပြေးဆင်းလာကြသည်။
“ဦးတောကျော်၊ ပြေး၊ ပြေးတော့ဗျို့”
ဦးတောကျော်လည်း ခွန်နောင်နှင့် အိုက်စံတို့ထွက်ပြေးသည့်အနောက်သို့ အပြေးလိုက်ခဲ့သည်။ အနောက်ဘက်မှ ပင့်ကူမိစ္ဆာကြီးက သစ်ပင်တစ်ခုပေါ်မှ တစ်ခုဆီသို့ ခုန်ကူးလျှက် အပြေးလိုက်လာပြန်သည်။ မြောင်ကြောအပေါ်သို့ တက်လာခဲ့သည့်အချိန်မှသာ ပင့်ကူမိစ္ဆာမှာဆက်မလိုက်တော့ပေ၊ သို့သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အသံံံကြီးနှင့် အော်ဟစ်နေသေးသည်မို့ ဦးတောကျော်တို့ ဆက်လက်ပြေးလွှားလာခဲ့ရာ ကြံံခင်းမြောင်ရွာသို့ မည်သို့ရောက်မှန်းပင်မသိခဲ့ပေ။
မုဆိုးနှစ်ယောက် အသက်လုပြေးလာသည်မို့ ရွာသားများပင် ကြောက်လန့်နေကြလေသည်။ ဦးတောကျော်တို့မှာ အမောဆို့နေသဖြင့် စကားပြန်မပြောနိုင်သေးပေ၊ ရွာသားများမှာ ကျားလိုက်၍ပြေးလာကြသည်ဟုထင်ကြသည်။
“ကျားမဟုတ်ဘူးဗျ၊ လူတစ်ပိုင်း ပင့်ကူတစ်ပိုင်းကြီးဗျ”
ထိုအခါ ရွာသားများမှာ အံ့အားသင့်တုန်လှုပ်သွားကြသည်။
“ဖြစ်မှာဖြစ်ရလေမုဆိုးကြီးတို့ရယ်၊ မုဆိုးကြီးတို့က ပင့်ကူမိစ္ဆာကြီးနဲ့ တွေ့ခဲ့တာပဲ”
“ဘာဗျ၊ ပင့်ကူမိစ္ဆာတဲ့လား”
“အဲဒီမြောင်ကလေးကို ကျုပ်တို့ကတော့ ပင့်ကူမြောင်လို့ခေါ်တယ်ဗျ၊ ကျုပ်တို့ရွာသားတွေတော့ ဘယ်သူမှ အဲဒီအနားကို မသွားကြဘူးဗျာ။ အဲဒီမှာ လူတွေကိုလိုက်စားတဲ့ ပင့်ကူသရဲကြီးတစ်ကောင်ရှိတယ်လို့ ပြောကြတယ်၊ ကျုပ်တို့တော့ ဒီမှာသာ တစ်သက်လုံးနေလာတာ အဲဒီအကောင်ကြီးကို မတွေ့ဖူးပါဘူးဗျာ၊ မုဆိုးကြီးတို့ကတော့ ဆံုံမှဆံုံတတ်ပလေ”
ရွာသားများမှာ ဦးတောကျော်တို့၏ အဖြစ်ကိုကြည့်ရင်း ရယ်မောကြလေသည်။
“ဘယ့်နှယ့် ကျားလိုက်တဲ့မုဆိုးတွေဖြစ်ပြီး သရဲနဲ့တွေ့တော့ ပြန်ပြေးလာခဲ့ရတယ်တဲ့လား”
သူတို့ဘယ်လိုပြောပြော ဦးတောကျော်နှင့်ခွန်နောင်တို့မှာ ဂရုမစိုက်နိုင်တော့ပေ၊ သို့သော်လည်း ရွာသားများအထင်ကြီးသွားစေရန်အတွက် ထိုကျားကောင်ကို လက်စတုံးပေးမည်ဟု ဦးတောကျော်တစ်ယောက် စိတ်ထဲမှ ကြိမ်းဝါးလိုက်တော့သည်။
ပြီးပါပြီ။