အပိုင်း (၄)
ကျောက်တုံးမြို့တော်သို့ ခြေချလိုက်သည်နှင့် ကဖောတစ်ယောက် အံ့သြလွန်းပြီး ပါးစပ်ပင် မပိတ်နိုင်တော့ပေ။ ဤမျှလောက်စည်ကားပြီး ကြီးမားသည့်မြို့ကြီးကို ကဖော တစ်သက်တွင်တစ်ခါမှပင် မမြင်ဖူးချေ။ ကဖောတို့လရှီးမျိုးနွယ်စုများ မြို့အတွင်းသို့ ဝင်လာသည့်အခါ မြို့မှလူတွေက သူတို့အားဝိုင်းကြည့်နေကြပြီး တစ်ယောက်တစ်ပေါက်နှင့် တီးတိုးရေရွတ်နေကြလေသည်။ သူတို့အုပ်စု မြို့လယ်လမ်းမကြီးအတိုင်း ဖြတ်သန်းလျှောက်သွားကြကာ နောက်ဆုံးတွင်တော့ ကျောက်တုံးမြို့တော်၏ နန်းတော်ပေါက်သို့ရောက်သွားကြလေသည်။ နန်းတွင်းမှ ရဲမက်များထွက်လာသည်မို့ လငေါရှီးက သူကိုင်ဆောင်ထားသည့် ကျွဲချိုကိုပေးလိုက်တော့သည်။ ထိုအခါတွင် ရဲမက်များက သူတို့ကို ဦးဆောင်ကာ ကျောက်တုံးများဖြင့်တည်ဆောက်ထားသည့် အဆောက်အဦးကြီးတစ်ခုထံသို့ခေါ်သွားကြီးပြီး ထိုအဆောက်အဦးအတွင်းရှိ အခန်းကြီးများအတွင်းမှ အခန်းတစ်ခန်းတွင် နေရာချပေးလေသည်။ အခန်းကျယ်ကြီးဖြစ်သဖြင့် သူတို့ ကိုးယောက် နေထိုင်ရန်အတွက် လုံလောက်ပေသည်။ အခန်းကြမ်းပြင်ကို ကောက်ရိုးများဖြင့် ခင်းကျင်းထားပြီး ထိုကောက်ရိုးများအပေါ်တွင် မြက်ဖျာကြမ်းများကို ခင်းထားလေသည်။ ကဖောတို့လည်း ပင်ပန်းလာသဖြင့် ထိုကြမ်းပြင်ပေါ်တွင်ပင် လဲလျှောင်းလိုက်ကြတော့သည်။
သူတို့အခန်းကဲ့သို့ အခြားအခန်းများတွင်လည်း မျိုးနွယ်စုများကိုနေရာချထားပေးပြီး သူ့အစုနှင့်သူ နေထိုင်ကြလေသည်။ ကဖောတို့လည်း သယ်ဆောင်လာခဲ့သည့် ဝန်စည်စလွယ်နှင့်ပစ္စည်းများကို နေရာချလိုက်ကြတော့သည်။ မကြာခင်မှာပင် အခန်းအတွင်းသို့ ရဲမက်တစ်ဦး ဝင်လာတော့သည်။
“ဘုရင်ကြီးက မျိုးနွယ်စုတွေအတွက် ဧည့်ခံပွဲ ကျင်းပပေးမှာမို့လို့ ကျွန်ုပ်နဲ့အတူတူ လိုက်ခဲ့ပေးကြပါ”
မျိုးနွယ်စုများအားလုံးကို ရဲမက်များက သူ့အစုနှင့်သူ ဦးဆောင်ကာ ခေါ်သွားကြလေသည်။ ထို့နောက် အလွန်ကြီးမားသည့် ခန်းမကြီးတစ်ခုအတွင်းသို့ရောက်သွားကြတော့သည်။ ထိုခန်းမကြီးအလယ်တွင် ကျောက်ဖြူချပ်များဖြင့် ပြုလုပ်ထားသည့် စားပွဲကြီးတစ်ခုရှိပြီး ထိုစားပွဲကြီးအနောက်တွင်တော့ သစ်သားများဖြင့်ပြုလုပ်ထားသည့် စားပွဲရှည်ကြီးတစ်ခုရှိသည်။
“မျိုးနွယ်စုခေါင်းဆောင်တွေက ကျောက်စားပွဲဝိုင်းမှာ ထိုင်ကြပါ၊ ကျန်တဲ့ပါလာတဲ့သူတွေကတော့ သစ်သားစားပွဲမှာပဲ ထိုင်ကြပါ”
မူးမတ်တစ်ဦးက ထိုသို့ပြောလိုက်သဖြင့် လငေါရှီးက ကျောက်စားပွဲတွင် ထိုင်လိုက်ကာ ကျန်သည့် ကဖောနှင့် သူ့အစ်ကိုများမှာတော့ သစ်သားစားပွဲတွင်သာ ထိုင်လိုက်ကြတော့သည်။ မျိုးနွယ်စုအဖွဲ့များ တစ်ဖွဲပြီးတစ်ဖွဲရောက်လာကြသဖြင့် ခန်းမကြီးက စကားပြောသံများဖြင့် ဆူညံနေလေသည်။ မျိုးနွယ်စုများစုံသည့်အခါတွင် ရွှေပြားများဖြင့်ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူကြီးတစ်ဦးက တံခါးမကြီးတစ်ခုမှ ထွက်လာပြီး ကျောက်စားပွဲရှေ့တွင် မတ်တပ်ရပ်လိုက်တော့သည်။
“ဘုရင်ကြီး ကျန်းမာပါစေ”
မျိုးနွယ်စုခေါင်းဆောင်များအားလုံးက မတ်တပ်ရပ်ပြီး ခါးကိုကွေးညွှတ်ကာ ထိုလူကြီးကို အရိုအသေပေးလိုက်ကြတော့သည်။ ထိုလူကြီးမှာ ကျောက်တုံးမြို့တော် ဘုရင်ကြီး မာရ ပင်ဖြစ်သည်။ ဘုရင်ကြီးမှာ လူကောင်ထွားထွားကြီးဖြစ်ကာ ရွှေရောင်အဆင်းရှိသည့် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး ထူထူနှင့် အလွန်ခန့်ညားသောသူတစ်ဦးဖြစ်သည်။ ဘုရင်ကြီးက လက်တစ်ဖက်ကို လေပေါ်သို့ထောင်ပြလိုက်ပြီးနောက် အားလုံး ကိုထိုင်ခိုင်းလိုက်တော့သည်။
“ကျုပ်အသက် သုံးရာပြည့်တဲ့မွေးနေ့ပွဲက မကြာခင်ကျင်းပတော့မှာဖြစ်တယ်၊ ဒီတော့ ထုံးစံအတိုင်း မျိုးနွယ်စုခေါင်းဆောင်တွေထဲက ယှဉ်ပြိုင်မဲ့သူတွေရွေးချယ်ပြီးတော့ စီးချင်းတိုက်ပွဲအဖြစ် ယှဉ်ပြိုင်ကြမယ်၊ အနိုင်ရတဲ့မျိုးနွယ်စုကတော့ ထိုက်ထိုက်တန်တန်ချီးမြှင့်ခံရမယ်”
ထိုအခါ မျိုးနွယ်စုခေါင်းဆောင်များက ပြိုင်မည့်သူများ၏ အမည်များကို မိတ်ဆက်ပေးတော့သည်။
“ကျုပ်ကတော့ ဘန်ဝါး၊ ကျားမျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်ပဲ၊ ဒီပွဲမှာ ကျုပ်ကိုယ်တိုင်ဝင်ပြိုင်မယ်”
အများအားဖြင့် မျိုးနွယ်စုခေါင်းဆောင်များကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ကြသော်လည်း အချို့မျိုးနွယ်စုများမှာတော့ အခြားယှဉ်ပြိုင်မည့်သူများကို အမည်စာရင်းသွင်းကြသည်။ ပြီးနောက် ပါဝင်ယှဉ်ပြိုင်ရန်စာရင်းပေးထားသည့်လူများကို ဘုရင်ကြီးနှင့် မိတ်ဆက်ပေးရလေသည်။ မခူးတောင်တန်းကြီးပေါ်တွင် ယခင်က မျိုးနွယ်စုပေါင်း တစ်ရာခန့်ရှိသော်လည်း မျိုးနွယ်စုများအချင်းချင်းဖြစ်ပွားသည့်တိုက်ပွဲများ၊ မျိုးနွယ်စု ဝါးမြိုခြင်းများတို့ကြောင့် ယခုအခါ မျိုးနွယ်စု သုံးဆယ့်နှစ်ဆုသာလျှင် ကြီးကြီးမားမားကျန်ရစ်ခဲ့လေသည်။ သို့နှင့် ထိုမျိုးနွယ်စု သံုံးဆယ့်နှစ်စုမှ ရွှေးချယ်ထားသည့်ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးကြရင်း နောက်ဆုံး လရှီးမျိုးနွယ်စုများအလှည့်ရောက်လာသည်။
“ကျုပ်ကတော့ လငေါရှီး၊ လရှီးမျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်ပဲ၊ အဲ . . ပြိုင်ပွဲဝင်မည့်သူကတော့ ဟောဟိုအနောက်မှာထိုင်နေတဲ့ ကျုပ်သမီး ကဖော”
ထိုသို့ပြောလိုက်သည့်အခါ ဘုရင်ကြီးရော အခြားမျိုးနွယ်စုများပါ လငေါရှီးအားကြည့်ကာ ဝိုင်းရယ်ကြတော့သည်။
“မိန်းကလေး . . ဟုတ်လား၊ လငေါရှီးရဲ့ မင်းတို့မျိုးနွယ်စုမှာ ယောက်ျားလေးတွေအကုန်သေကုန်ပြီလားကွ၊ ဟား၊ ဟား”
“ဟုတ်သားပဲ လငေါရှီးရယ်၊ ဘာလဲ လွန်ခဲ့တဲ့ဆယ်နှစ်က တစ်ခါပြိုင်တုန်းက မင်းရှုံးထားတော့ မင်းထပ်မပြိုင်ရဲတော့ဘူးလား၊ မင်းတို့ရွာက ယောက်ျားတွေအကုန် စီးချင်းထိုးဖို့ ကြောက်ကုန်ပြီလားကွ ဟား . . ဟား”
ဘုရင်ကြီးကလည်း ရယ်မောလိုက်ပြီးနောက် လငေါရှီးကို ကြည့်လိုက်လေသည်။ လငေါရှီးလည်း ဘာမှမပြောတော့ဘဲ ကဖောကို လှည့်ကြည့်လိုက်သည်။ ကဖောလည်း ဖခင်ကို ခေါင်းညိတ်ပြပြီးနောက် အရှေ့သို့ခုန်ထွက်လာပြီး ကျောက်တုံးစားပွဲကြီး၏ အလယ်ရှိ နေရာလွတ်သို့ ခုန်ဝင်လိုက်တော့သည်။
“ကျွန်မနာမည် ကဖော လို့ခေါ်ပါတယ်၊ လရှီးမျိုးနွယ်စုတွေကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မည့်သူပါ”
ကဖောပြောလိုက်တော့ မျိုးနွယ်စုတွေအကုန်လုံး ဟားတိုက်ရယ်မောကြတော့သည်။ မရယ်မောဘဲ ဒေါသအလိပ်လိပ်ဖြင့် ကြည့်နေသူက ဘန်ဝါးဖြစ်သည်။
“နေပါဦး ကလေးမလေးရဲ့ စီးချင်းတိုက်ပွဲဆိုတာက ပြင်းထန်တဲ့တိုက်ပွဲနော်၊ ဘာလဲ မင်းတို့မျိုးနွယ်စုထဲမှာ ဒီမိန်းကလေးကို နိုင်တဲ့သူမရှိတော့ဘူးလားကွ”
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ထိုသို့မှတ်ချက်ပေးပြီး ရယ်မောလိုက်ပြန်သည်။
“ဒီမယ် မိန်းကလေး မင်းကဘယ်လောက်စွမ်းလို့လဲ၊ နောက်ပြီး ဒီပြိုင်ပွဲက မျိုးနွယ်စုတွေထဲက အတော်ဆုံးဆိုတဲ့ ခေါင်းဆောင်တွေ၊ တိုက်ခိုက်ရေးသမားတွေသာ ပါဝင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲနော်၊ မင်းတို့ရွာမှာလို အပျော်တမ်းတိုက်တဲ့ တိုက်ပွဲတစ်ခုမဟုတ်ဘူး”
ထိုစကားများကို ကြားလိုက်ရသည့်အခါ ကဖောဒေါသတွေ ထိမ်းမနိုင်ဖြစ်သွားခဲ့လေသည်။
“ဒီမှာ အားလုံးနားထောင်ပါ၊ ကျွန်မဘယ်လောက်စွမ်းသလဲ မစွမ်းသလဲသိချင်ရင်ဟောဒီက ကျားလူမျိုးခေါင်းဆောင် ဘန်ဝါးကိုမေးကြည့်ပါ၊ ကျွန်မက ဘန်ဝါးရဲ့အဖေ အရင်ကကျားလူမျိုးခေါင်းဆောင်ကြီးရဲ့ ဦးခေါင်းကို စစ်ပွဲထဲမှာဖြတ်ခဲ့တဲ့သူပဲ၊ နောက်ပြီးတော့ နှစ်ယောက်ချင်း စီးချင်းတိုက်ပွဲမှာ ဘန်ဝါးရဲ့ မျက်နှာတစ်ခြမ်းကို ဟောဒီလိုမျိုးစုတ်ပြတ်သတ်သွားအောင် လုပ်ခဲ့တဲ့သူပဲ”
ကဖောပြောလိုက်သည့်အခါမှ မျိုးနွယ်စုခေါင်းဆောင်များရော ဘုရင်ကြီးပါ အံံံ့အားသင့်သွားလေသည်။ ကဖောက သူ့လည်ပင်းတွင်ချိတ်ဆွဲထားသည့် ဆံပင်များအနက်မှ ဆံပင်တစ်စုကိုကိုင်လိုက်ပြီးနောက်
“ဟောဒီမှာကြည့်၊ ဒီဆံပင်တွေက ဘန်ဝါးအဖေရဲ့ ဦးခေါင်းကဆံပင်တွေပဲ”
ကဖောက ပြောလိုက်ပြီးနောက် သူ့လည်ပင်းတွင် ချိတ်ဆွဲထားသည့် ဘန်ဝါးအဖေ၏ ဆံပင်များကို မြှောက်ပြလိုက်တော့သည်။ ကဖော ထိုသို့ပြောလိုက်တော့မှ ထမင်းစားသည့် ခန်းမကြီးတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားတော့လေသည်။ ထိုအခါ ဘန်ဝါးသည် ကျောက်စားပွဲခုံကြီးကို လက်သီးနှင့်ထုလိုက်ကာ မတ်တပ်ထရပ်လိုက်တော့သည်။
“ကဖော . . မင်းနဲ့ငါ ဒီပြိုင်ပွဲမှာ ဆုံတွေ့ရတာ ငါ့အတွက်တော့ မင်းကိုလက်စားချေဖို့ အခွင့်အရေးပဲ၊ ငါ သုံးလလုံးလုံး အချိန်ရှိသရွေ့ လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ့်ကိုကိုယ်ပြင်ဆင်နေတယ်ဆိုတာ မင်းနဲ့နောက်တစ်ခါ စီးချင်းထိုးရဖို့အတွက်ပဲ၊ အခုတော့ ငါမျှော်လင့်နေတဲ့ အခွင့်အရေးကို ငါရပြီ၊ ငါ့အဖေအတွက် မင်းကိုလက်စားပြန်ချေမယ်”
ခန်းမဆောင်အတွင်း အခြေအနေတွေတင်းမာကုန်သည်မို့ ဘုရင်ကြီးက လက်ခုပ်တီးပြီး မတ်တပ်ရပ်လိုက်တော့သည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ဒီလိုဆိုတော့ ဒီကလေးမကလည်း နှယ်နှယ်ရရဘယ်ဟုတ်မလဲ၊ လွန်ခဲ့တဲ့ဆယ်နှစ်က ဒီပြိုင်ပွဲမှာ အနိုင်ရသွားတဲ့သူကို သတ်ခဲ့တဲ့သူတစ်ယောက်ပဲ၊ နောက်ပြီး အတိုက်အခိုက်ကျွမ်းကျင်တဲ့ လငေါရှီးလိုလူတောင်မှ သူကိုယတိုင်မတိုက်ဘဲ ဒီကလေးမကို တိုက်ခိုင်းတယ်ဆိုတော့ ဟား . .ဟား ဒီနှစ်ပြိုင်ပွဲကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပြီဆိုတာ ငါတော့ယုံကြည်တယ်”
“နောက်ပြီးတော့ ဘန်ဝါး၊ မင်းအဖေအတွက်လက်စားချေချင်တယ်ဆိုပေမယ့် ဒီပြိုင်ပွဲက ချစ်ကြည်ရေးအတွက်လုပ်တဲ့ပွဲမို့ မင်းလူသတ်ခွင့်မရှိဘူး၊ ရှုံးရုံဆိုရင်တော်ပြီ၊ ငါ့ပြိုင်ပွဲမှာ သွေးမြေမကျစေချင်ဘူး၊ ဒီတော့ မင်းဒေါသတွေကို ထိန်းထားစမ်းပါ”
“ဟုတ်ကဲ့ပါ ဘုရင်ကြီး”
“ကဲ ဒီတော့ ပြိုင်ပွဲဝင်တွေနဲ့လည်း အကုန်မိတ်ဆက်ပြီးပြီဆိုတော့ ခေါင်းဆောင်တွေရော၊ ပြိုင်ပွဲဝင်တွေနဲ့ ဧည့််သည်တွေပါ စိတ်ကြိုက် စားကြသောက်ကြပါ၊ အားမွေးထားကြပါ၊ သန်ဘက်ခါဆိုရင်တော့ ပြိုင်ပွဲစကြတာပေါ့”
ဘုရင်ကြီးက ထိုသို့ပြောလိုက်သည်နှင့် နန်းတွင်းအစေခံ မိန်းမလေးများက စားသောက်ဖွယ်အမျိုးမျိုးကို ကိုင်ဆောင်လာပြီး စားပွဲများတွင် ချပေးလိုက်တော့သည်။ မျိုးနွယ်စုများတွင် စားရခဲသည့် အမဲသားကင်များ၊ ဝက်ပေါင်ကြီးများနှင့် အသားအမျိုးမျိုး၊ အသီးအနှံနှင့် မုန့်အမျိုးမျိုး အဖျော်ယမကာ အမျိုးမျိုးတို့ကို စားပွဲများတွင် လျှံနေအောင်ဧည့်ခံလေရာ ကဖောတို့မှာ တနင့်တပိုး စားသောက်ကြတော့သည်။
(၁၄)
“ပိန်သေး ဒီနေ့ဘာသတင်းထူးလဲ”
ပိန်သေးဆိုသည်မှာ လိပ်ဘိုးဘိုးထံတွင် ဝင်ထွက်သွားလာနေသည့် လူတစ်ဦးဖြစ်သည်။ လူကောင်က ပိန်ပိန်သေးသေးမို့ ပိန်သေးဟုသာ လိပ်ဘိုးဘိုးကခေါ်သည်။ သူက ဈေးအတွင်းလှည့်လည်သွားလာနေသူဖြစ်ပြီး အပေါင်းအသင်းလည်း ဆံ့သဖြင့် သတင်းစုံလေရာ လိပ်ဘိုးဘိုးအတွက် သတင်းစာကြီးတစ်စောင် ကဲ့သို့ဖြစ်နေတော့သည်။
“ဒီကနေ့အတွက် အထူးဆန်းဆုံးသတင်းကတော့ မကြာခင်ကျင်းပမည့် မျိုးနွယ်စုတွေပြိုင်ပွဲမှာ မိန်းကလေးတစ်ယောက်ပါလာတာပဲ”
လိပ်ဘိုးဘိုးက ထူးဆန်းစွာဖြင့်ကြည့်လိုက်ရင်း
“ဒီကောင်မလေးက ဘာမို့ ဝင်ပြိုင်မှာတုန်းကွ”
“အထင်မသေးနဲ့အဘိုးရဲ့၊ ဒီကောင်မလေးက ဟိုတစ်ခေါက်ကကျင်းပတဲ့ ပြိုင်ပွဲမှာ အနိုင်ရသရဖူဆောင်းသွားတဲ့ ကျားလူမျိုးစုခေါင်းဆောင်ကြိးကို ခေါင်းဖြတ်သတ်ခဲ့တဲ့သူတဲ့၊ နောက်ပြီး သူ့ရဲ့သား သူရဲကောင်းဘန်ဝါးကိုလည်း မျက်နှာတစ်ခြမ်းစုတ်ပြတ်သတ်သွားအောင် လုပ်ခဲ့တာဆိုပဲ၊ နေပါဦး အဲ့ကောင်မလေးနာမည်က ဘာပါလိမ့် . . က . . က ဘာဆိုလား”
“ကဖော . . သူ့နာမည်က ကဖော”
လချေရှီးက ပိန်သေးပြောသည်ကိုနားစွင့်ေ့ထာင်နေရင်း ဝင်ပြောလိုက်လေသည်။ ထိုအခါ ပိန်သေးက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ကဖော . . ဒါနဲ့ မင်းကသူ့ကိုသိလို့လား”
“သိရုံတင်ဘယ်ကမလဲ . . .”
လချေရှီးက ဆက်ပြောချင်သော်လည်း စကားကို ထိန်းထားလိုက်တော့သည်။ ထို့နောက် လိပ်ဘိုးဘိုးဘက်သို့ လှည့်လိုက်တော့သည်။
“လိပ်ဘိုးဘိုး ကျွန်တော် ပြိုင်ပွဲသွားကြည့်ချင်တယ် သွားကြည့်ချင်တယ်”
လိပ်ဘိုးဘိုးက အစပထမတွင် ခေါင်းညိတ်ပြသည် ထို့နောက် ခေါင်းခါပြလေသည်။
“ဘာဖြစ်လို့လဲ”
“ခေါင်းညိတ်တာက မင်းအစပိုင်းနေ့ရက်တွေတော့ သွားကြည့်လို့ရတယ်၊ ခေါင်းခါတာက နောက်ပိုင်း ဗိုလ်လုပွဲလို နေ့တွေတော့ မင်းသွားကြည့်လို့မရဘူး”
“ဘာဖြစ်လို့လဲ”
“ဘာလို့လဲဆိုတော့ မင်းအလိုချင်ဆုံး အဖြစ်ချင်ဆုံးအရာတစ်ခုကို အဲဒီနေ့မှာ လုပ်ရမှာမို့လို့ပဲ”
လချေရှီးလည်း သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း အစပိုင်းနေ့လောက်ကြည့်ရရင် အဆင်ပြေပါတယ်”
လိပ်ဘိုးဘိုးနှင့် လချေရှီးဘာတွေပြောနေမှန်းကို ပိန်သေးကမသိသော်လည်း နားထောင်နေလေသည်။
လချေရှီးတစ်ယောက် လိပ်ဘိုးဘိုးထံတွင် ရောက်နေသည်မှာ သုံးလခန့်ရှိပြီဖြစ်သည်။ စင်စစ်အားဖြင့် လိပ်ဘိုးဘိုးမှာ လီဝါးတစ်ဦး ဖြစ်နေလေသည်။ သို့သော် သူက အများမသိအောင် သိုသိုသိပ်သိပ်နေတတ်သူဖြစ်သည့်အတွက် လိပ်ဘိုးဘိုးမှာ လီဝါးမှန်း မည်သူမျှမသိပေ။ လိပ်ဘိုးဘိုးဟု ခေါ်ရခြင်းမှာလည်း သူ၏အသက်မှာ အနှစ် ရှစ်ရာကျော် နေခဲ့ပြီး ကျောကုန်းတွင်လည်း အသားပိုဖုကြီးတစ်ခုရှိကာ ခါးမှာလည်း ကိုင်းနေသဖြင့် လိပ်ကြီးတစ်ကောင်နှင့် တူသောကြောင့်ဖြစ်သည်။ ကျောက်တုံးမြို့တော် တစ်မြို့လုံးက လိပ်ဘိုးဘိုးအား လုပ်ချင်ရာလုပ်နေသည့် လူထူးဆန်းကြီးတစ်ယောက်ဟု ထင်မှတ်ထားကြတော့သည်။
လိပ်ဘိုးဘိုးထံတွင်နေထိုင်ရင်း လချေရှီးက လီဝါးများတတ်အပ်သည့် ပညာများကို သင်ကြားရသည်။ လီဝါးများအတွက် အဓိကအကျဆုံးအချက်မှာ စာရေး စာဖတ်ခြင်းဖြစ်သည်။ လိပ်ဘိုးဘိုး၏ အိမ်ထဲတွင် အလွန်ထူထဲလှသည့် စာအုပ်ပေါင်းများစွာရှိလေသည်။ စာအုပ်ဆိုသော်လည်း စက္ကူမဟုတ်ပေ။ နွားသားရေ၊ ဆိတ်သားရေများကို ပါးပါးကလေးဖြစ်အောင် ဆွဲပြီး ဓါးနှင့်ချောနေအောင်ခြစ်ရသည်။ ထို့နောက် ထိုသားရေကို အခြောက်ခံပြီး စာရွက်ပုံစံ အရွက်ကလေးများအဖြစ် ပြန်ဖြတ်ရသည်။ ထိုစာရွက်ပေါ်တွင် ကညစ်(သံချောင်း) ဖြင့် ရေးသားလိုသမျှကို ရေးသားပြီးနောက် အိုးမဲကိုဆီလူး၍ ထိုစာရွက်မျက်နှာပြင်များကို နှံ့စပ်အောင် လိုက်ပြီးပွတ်တိုက်ပေးရသည်။ ထို့နောက် စာရွက်မျက်နှာပြင်ကို အဝတ်စတစ်ခုဖြင့် သုတ်ကာသန့်စင်လိုက်သည့်အခါ ရေးထားသည့် စာလုံးလမ်းကြောင်းကလေးများထဲကို အိုးမဲနှင့်ဆီရောထားသည့် အနက်ရောင်အရည်များမှာ ဝင်သွားပြီး စာလုံးများကို အနက်ရောင်အဖြစ် ထင်ရှားစွာ မြင်နိုင်လေသည်။
“တို့ဆီမှာ အဓိကအားဖြင့် ဘာသာစကား လေးမျိုးရှိတယ်ကွ၊ ပထမဆုံးတစ်မျိုးကတော့ အရိုင်းဘာသာ လို့ခေါ်ကြတယ်၊ မျိုးနွယ်စုတွေကြားထဲမှာပြောတဲ့စကားပေါ့၊ အဲဒီစကားက အပြောပဲရှိတယ်၊ ရေးသားဖို့ အက္ခရာမရှိဘူး၊ ဒီကျောက်တုံးမြို့တော်ကလူတွေက မျိုးနွယ်စုတွေနဲ့ တော်တော်နီးစပ်ကြတာမို့ အဲဒီအရိုင်းဘာသာကို လူတော်တော်များများပြောတတ်ကြတယ်”
“နောက်တစ်မျိုးကတော့ လုဝီး လို့ခေါ်တဲ့ ဘာသာစကားပဲ၊ သူက အရေးလည်းရှိတယ်၊ အပြောလည်းရှိတယ်၊ ဒီမြို့တော်မှာ တရားဝင်သုံးတဲ့ ဘာသာစကားပေါ့ကွာ၊ မျိုးနွယ်စုစကားနဲ့ တချို့နေရာတွေမှာ သွားတူတယ်ကွ၊ တတိယဘာသာစကားကတော့ သျှတ္တဆိုတဲ့ ဘာသာစကားပဲ သူက လူသုံးမများဘူး လီဝါးတွေပဲ ရေးကြဖတ်ကြတယ်၊ များသောအားဖြင့် ပညာရပ်နဲ့ဆိုင်တဲ့ အရာတွေကို သျှတ္တ စကားသုံးပြီး ရေးကြတယ်၊ နောက်ဆုံးကတော့ ဆကစ် ဆိုတဲ့စကားပဲ၊ သူက နတ်ဘုရားနဲ့ ဘာသာရေးနဲ့ဆိုင်တဲ့နေရာမှာ သုံးကြတာ၊ တတ်တဲ့လူနည်းတယ်”
“ရှုပ်နေတာပဲနော်၊ ကျွန်တော်က ဘာဆက်လုပ်ရမှာလဲ”
“အရင်ဆုံး အဲဒီ ဘာသာစကားလေးမျိုးစလုံး တတ်အောင် မင်းသင်ရမယ်၊ ရေးတတ်ရမယ်၊ ဖတ်တတ်ရမယ်”
“ဟာဗျာ အဲဒါတွေ တတ်တာနဲ့ ကျုပ်လီဝါးတွေအကြောင်းသိချင်တာနဲ့ ဘာဆိုင်လို့လဲ”
“ဒီလိုကွာ ကျောက်တုံးမြို့တော်ရဲ့ နန်းတွင်းထဲမှာ မျှော်စင်ကြီးတစ်ခုရှိတယ်၊ အဲဒီမျှော်စင်ကြီးက တကယ်တော့ တော်ဝင်စာကြည့်တိုက်ပဲ၊ အဲဒီမှာ စာအုပ်တွေအကုန်သိမ်းဆည်းထားတယ်၊ မင်းသိချင်တဲ့ လီဝါးတွေရဲ့ မှတ်တမ်းတွေ၊ ကဲရိသ ရေးထားခဲ့တဲ့ စာအုပ်တွေက အဲဒီထဲမှာရှိတယ်၊ ဒီတော့ လီဝါးတွေအကြောင်းသိချင်ရင် အဲဒီစာအုပ်တွေကို မင်းသွားဖတ်ရမယ်လေ၊ စာဖတ်ဖို့ဆိုရင် မင်းက စာတတ်မှရမှာပေါ့ကွ”
ထိုအချိန်မှစ၍ သုံးလလုံးလုံး လချေရှီးမှာ စာရေးစာဖတ်သာ သင်ယူရတော့သည်။ သျှတ္တ ဘာသာကို အဓိကထားပြီး သင်ကြားရခြင်းဖြစ်သည်။ သုံးလခန့်ကြာသည့်အခါ လချေရှီးတစ်ယောက် လုဝီးစာများကို အတော်စကားပြောတတ်၊ ရေးတတ်၊ ဖတ်တတ်နေပြီဖြစ်သည်။ သျှတ္တဘာသာစကားများကိုလည်း အတော်အတန်နားလည်တတ်ကျွမ်းလာပြီဖြစ်သည်း
တစ်ညတွင် ဆရာတပည့်နှစ်ယောက် ခေါင်းချင်းဆိုင်ကြသည်။
“အဲဒီတော့ ဘယ်လိုလုပ်ရမလဲ လိပ်ဘိုးဘိုး၊ တော်ဝင်စာကြည့်တိုက်ကိုရောက်အောင် ဘယ်လိုလုပ်ရမလဲ”
“ဒီပြိုင်ပွဲကျင်းပနေတဲ့အချိန်ဟာ စာကြည့်တိုက်ထဲ ခိုးဝင်ဖို့အကောင်းဆုံးအချိန်ပဲ၊ ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ကျရင် တစ်မြို့လုံးကလူတွေက ပြိုင်ပွဲကို အာရုံစိုက်နေမှာပဲ၊ ဒီတော့ အဲဒီရက်မှာ မင်းစာကြည့်တိုက်ထဲ ခိုးဝင်လို့ရတာပေါ့”
“ဟုတ်တယ်၊ အဲဒီအကြံကောင်းတယ်၊ ဒါနဲ့ လိပ်ဘိုးဘိုးရယ် ကျွန်တော် ပြိုင်ပွဲကိုတော့ တစ်ရက် နှစ်ရက်လောက်တော့ သွားကြည့်ချင်တယ်”
“ဘာလဲ မင်းကောင်မလေး ကဖောကို မင်းသတိရသွားပြီလား”
“ဟင် ဘိုးဘိုးက ဘယ်လိုသိသလဲ”
“ဗဟုသုတနဲ့ ဉာဏ်ပညာပေါင်းစပ်လိုက်တာပေါ့ကွာ၊ မင်း အဲဒီကောင်မလေး နာမည်ကို ကြိုသိနေတာရယ်၊ နောက်ပြီး သူ့အကြောင်းပြောတဲ့အခါမှာ မင်းမျက်လုံးမှာ အပျော်ရိပ်တွေသန်းလာတာကို ကြည့်ချင်းအားဖြင့် မင်းတို့ အရင်က သိခဲ့ဖူးမယ်၊ သိဖူးရုံမက ချစ်လည်းချစ်ခဲ့ဖူးမယ်ဆိုတာကို ငါရိပ်စားမိလိုက်တယ်လေ”
“ဒါဖြင့်ရင်လည်း ဘိုးဘိုးရယ် ကျုပ် ကဖောဆီ သွားလိုက်ဦးမယ်”
“အေး သွားသွား၊ ဒါနဲ့ မင်းကိုငါတစ်ခုတော့မှချင်တယ် လချေရှီးရ၊ လူတစ်ယောက်အပေါ်မှာ သိပ်လည်းမချစ်မိစေနဲ့ကွ၊ အရမ်းချစ်မိတဲ့အခါ အရမ်းနာကျင်ရလိမ့်မယ်”
လိပ်ဘိုးဘိုးပြောသည့်စကားကို လချေရှီးက သေချာနားမထောင်အားတော့ဘဲ မြို့ထဲသို့သာ ပြေးထွက်လာခဲ့တော့သည်။
ပြေးရင်း ကဖောတို့ တည်းခိုသည့် ကျောက်တုံးအဆောင်ကြီးနားရောက်လာသည်။ ရဲမက်များက တားဆီးထားသဖြင့် လချေရှီးအထဲဝင်မရပေ။ ထိုအခါ ကွင်းပြင်အလယ်တွင် လေ့ကျင့်နေသည့် ကဖောကို တွေ့လိုက်ရတော့သည်။
“ကဖော . . ကဖော”
ကဖောလှည့်ကြည့်လိုက်တော့ လချေရှီးကိုတွေ့လိုက်တော့သည်။ ကဖောလည်း ချက်ချင်းပင် ပြေးထွက်လာပြိးနောက် လချေရှီးအား ဖက်ထားလိုက်တော့သည်။ လေ့ကျင့်ခန်းလုပ်နေသဖြင့် ကဖော၏ ခန္ဓာကိုယ်သည် ချွေးစက်များဖြင့် စိုရွှဲနေတော့သည်။
“လွှတ်ပါဦး ကဖောရဲ့၊ နင်ဖက်ထားတာ ငါ အသက်ရှုကြပ်လာပြီ”
“လချေရှီး၊ နင် . . . နင့်ကို ငါထပ်မတွေ့ရတော့ဘူးထင်နေတာ”
ကဖောက ပြောလိုက်ပြီး လချေရှီးကို လွတ်ပေးလိုက်တော့သည်။
“နင်ငါ့ဆီပြန်လာပြီလား၊ နင်ငါတို့နဲ့ ပြန်လိုက်ခဲ့မှာလား လချေရှီး”
လချေရှီးက လေးဖင့်စွာဖြင့် ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်သေးဘူးကဖောရယ်၊ ငါအခုလာတာ နင့်ကိုငါအားပေးဖို့လာတာ၊ ဒါပေမယ့်စိတ်ချပါ၊ ငါမကြာခင် ငါ့လုပ်စရာရှိတာတွေ ပြီးတော့မှာပါ၊ အဲဒီအခါကျရင် နင့်ဆီငါပြန်လာခဲ့မယ်”
ကဖောက အစပိုင်းက ပျော်မိသော်လည်း ထိုစကားကြားလိုက်ရသည့်အခါတွင်တော့ မျက်နှာလေး ညိုးကျသွားလေတော့သည်။
“စိတ်မပူပါနဲ့ ကဖောရယ်၊ နင့်ကျန်းမာရေးကိုသာ ဂရုစိုက်၊ ပြိုင်ပွဲမှာ နိုင်အောင်လုပ်နော်”
“ဒါနဲ့ လချေရှီး နင်အခုဘယ်မှာနေသလဲ”
“ငါလား . . ငါကျောက်တုံးမြို့တော်မှာပဲနေတယ်၊ လိပ်ဘိုးဘိုးရဲ့ အိမ်လို့ပြောလိုက်ရင် အားလုံးသိကြပါတယ်”
“အေးပြီးရော၊ ပြိုင်ပွဲနားတဲ့တစ်နေ့တော့ နင့်ဆီငါလာခဲ့မယ်”
“အေးပါကဖောရယ်၊ ငါလည်း နင့်ကို အမြဲတမ်း အားပေးနေမှာပါ”
ထိုသို့ပြောပြီးနောက် လချေရှီးက ကဖောလက်မောင်းတွင်ပတ်ထားသည့် သူပေးခဲ့သည့်အဆောင်ကလေးကို ကြည့်လိုက်ရင်း ထိုအဆောင်ကလေးကို ပွတ်သပ်လိုက်ကာ ပါးစပ်မှလည်း တစ်ခုခုကို ရွတ်ဆိုနေလေသည်။ ထိုစကားမျိုးကို ကဖောတစ်ခါမှ မကြားဖူးပေ။
“နင်ဘာတွေရွတ်နေတာလဲ လချေရှီး”
“အဲဒါ ဆကစ်လို့ခေါ်တဲ့ နတ်ဘုရားတွေ သုံးတဲ့စကားတစ်မျိုးပဲ၊ နင်ကံကောင်းစေဖို့ ငါရွတ်ဖတ်ပေးလိုက်တာ”
ထိုသို့ပြောပြီးနောက် လချေရှီးလဲ ပြန်သွားတော့သည်။ ကဖောလဲ လချေရှီးနှင့် အကြာကြီးနေချင်သော်လည်း ပြိုင်ပွဲက ရှိသေးသည်မို့ ကျန်နေခဲ့ရတော့သည်။ ဘာပဲဖြစ်ဖြစ် လချေရှီးနှင့် ပြန်တွေ့တာ ကဖောအတွက် အားဖြစ်စေသည်။ ပြိုင်ပွဲကို လချေရှီးအားပေးမည်ဆိုသောကြောင့် ပိုပြီး အားတွေတက်လာကာ အစွမ်းကုန်လေ့ကျင့်နေတော့သည်။
(၁၅)
အလွန်ကျယ်ဝန်းလှသည့် ကွင်းကြီးတစ်ခုကို ကျောက်တုံးကြီးများနှင့် လှေကားထစ်သဖွယ်နိမ့်ရာမှ မြင့်ရာသို့ တည်ဆောက်ထားလေသည်။ ထိုလှေကားထစ်များ အပေါ်တွင် လူများထိုင်နေကြကာ တစ်ကွင်းလုံးနီးပါးပြည့်လျှံနေလေသည်။ ထိုကွင်းကြီးအလယ်တွင် အလွန်ရှည်လျားပြီး ကောက်ကွေးနေသည့် ဆင်စွယ်ကြီးများနှင့် ကာရံထားသည့် စည်းဝိုင်းကြီးတစ်ခုရှိသည်။ ထိုစည်းဝိုင်းကြီးအတွင်းတွင် အရောင်အသွေးစုံစွာ ဝတ်ဆင်ခြယ်သထားကြသည့် မိန်းကလေးများက အကအလှများဖြင့် ဖျော်ဖြေနေကြသည်။ ထို့နောက် ပြိုင်ပွဲဝင်မည့် ယှဉ်ပြိုင်သူများအားလုံးဝင်ရောက်လာကြပြီးနောက် ထိုသူများဝင်လာသည်နှင့် ပရိသတ်များက ဝိုင်းဝန်းကာ အားပေးကြတော့သည်။ ပြိုင်ပွဲကြည့်ရန်အတွက် အခကြေးငွေပေးရန်မလိုပေ၊ ပြိုင်ပွဲကွင်းအတွင်း အနိမ့်ဆုံးနှင့် အနီးဆုံးနေရာတွင်တော့ အထူးတန်းပွဲကြည့်စင်ရှိပြီး ဘုရင်ကြီးနှင့် မင်းဆွေမင်းမျိုးများက ထိုင်နေကြလေသည်။ ပြိုင်ပွဲကွင်းအပေါ်ဆုံးနှင့် အဝေးဆုံးနေရာတွင်တော့ အောက်ခြေလူတန်းစားများက တိုးကြိတ်ကာ ကြည့်နေကြသည်။ မျိုးနွယ်စုများပြိုင်ပွဲမှာ ဆယ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပကြသည်မို့ မြို့သားများအားလုံး ထိုနေရာသို့ ရောက်နေကြလေသည်။
လချေရှီးနှင့် လိပ်ဘိုးဘိုးလည်း ထိုလူအုပ်ကြားထဲ တိုးဝှေ့ပြီး မတ်တပ်ရပ်ကြည့်နေမိသည်။ မျိုးနွယ်စု သုံးဆယ့်နှစ်ဖွဲ့မို့ တစ်ခါပြိုင်လျှင် နှစ်ယောက်နှုန်းဖြင့် ဆယ့်ခြောက်ပွဲ ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ ပြိုင်ဆိုင်ရမည့်သူများကို မဲနှိုက်ကာ ရွေးချယ်ရခြင်းဖြစ်သည်။ ငါးပွဲမြောက်ပြီးသွားသောအခါ ကဖောအလှည့်ရောက်လာလေသည်။ ကဖောက အခြားမျိုးနွယ်စုမှ ခေါင်းဆောင်တစ်ယောက်နှင့် ယှဉ်ပြိုင်ရသည်။ (သိပ်အရေးမကြီးသည်မို့ အသေးစိတ်မရေးသားတော့ပါ) ထိုပွဲ၏ နှစ်ချီမြောက်တွင်ပင် ကဖောအနိုင်ရရှိလေသည်။ မြို့သားများအားလုံးက မျှော်လင့်ထားသည့်အတိုင်း ကဖောက မျိုးနွယ်စုခေါင်းဆောင်ကို လွယ်လွယ်ကလေးနှင့် အနိုင်ရသည်မို့ မြို့သားများက မိုးလုံးခြိမ်းမျှ အားပေးကြတော့သည်။
ထိုညတော့ အနိုင်ရသူု ဆယ့်ခြောက်ယောက်ကို ဘုရင်ကြီးက ဂုဏ်ပြုညစာ ချီးမြှင့်လေသည်။ ကဖောနှင့်အတူ ဘန်ဝါးအပါအဝင် မျိုးနွယ်စုဆယ့်ခြောက်စုမှ ခေါင်းဆောင်များ၊ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
“သူရဲကောင်း အားလုံးကို ဂုဏ်ပြုပါတယ်၊ ဒီနှစ်ပွဲကတော့ ထင်ထားတဲ့အတိုင်း စိတ်ကျေနပ်စရာကောင်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မိန်းကလေး ကဖောဟာ ကျောက်တုံးမြို့သားတွေအားလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့တယ်”
ဘုရင်ကြီးက ကဖောကို ချီးကျူးပြီးနောက် ငွေပြား နှစ်ရာကိုဆုချလေသည်။ ကြေးပြား တစ်ရာတွင် ငွေပြား တစ်ပြားတန်သည်မို့ ထိုငွေက နည်းသည်ဟု ပြောမရပေ။ လချေရှီးပင် ကြေးပြားဆယ်ပြားနှင့် ဖမ်းချုပ်ခံခဲ့ရသည်မဟုတ်ပါလား။
“ကဲ ရှေ့ဆက်ပွဲစဉ်တွေမှာလည်း သူရဲကောင်းတွေ အကုန်လုံး ဆက်လက်ပြီး ရင်သပ်ရှုမောစရာတွေ ဖြစ်အောင် ထပ်ပြိုင်ကြပါဦးလို့ တိုက်တွန်းပါတယ်”
ဘုရင်ကြီးက ပြောလိုက်ပြီးနောက် အရက်ခွက်ကို မြှောက်ပြလိုက်တော့သည်။ ကဖောတို့လည်း ငွေခွက်ဖြင့်ထည့်ထားသည့် အရက်များကို မူးနေအောင် သောက်ပစ်လိုက်ကြတော့သည်။ ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဘန်ဝါးက သူ့ကို တိုင်တစ်လုံးအကွယ်မှစောင့်နေလေသည်။
“ကဖော . . မင်းသာ ဆက်ပြီးကျန်နေမယ်ဆိုရင်တော့ မင်းနဲ့ငါ ပြိုင်ရဖို့ မျှော်လင့်ပါတယ်”
“စိတ်မပူစမ်းပါနဲ့ ဘန်ဝါးရယ်၊ ကျွန်မကလည်း ရှင့်ကိုနောက်တစ်ခါ အနိုင်ယူဖို့ အသင့်ရှိနေပါတယ်”
ဘန်ဝါးက ဒေါသထွက်သွားပြီး ကျောက်တုံးတိုင်ကြီးကို လက်သီးနှင့်ဆောင့်ထိုးပြီးနောက် ထွက်သွားလေတော့သည်။
နောက်တစ်နေ့ မိုးသောက်သည်နှင့် ဒုတိယအဆင့် ပြိုင်ပွဲဝင်ရန် စတင်ပြင်ဆင်ရတော့သည်။ ပရိတ်သတ်မှာ မနေ့ကထက်ပိုများလှပြီး လူများမှာ ထိုင်ဖို့ပင်နေရာမရှိတော့ပဲ မတ်တပ်ရပ်ပြီး ဝင်ကြည့်ကြတော့သည်။ ပြိုင်ပွဲကျင်းပနေသည့် အချိန်တွင် ကျောက်တုံးမြို့တော်ကြီးမှာ လူသူမရှိတော့သကဲ့သို့ တိတ်ဆိတ်နေလေသည်။
ယနေ့တွင်တော့ ပြိုင်ပွဲဝင် ဆယ့်ခြောက်ယောက်အား နှစ်ယောက်တစ်ပွဲယှဉ်ပြိုင်စေကာ အနိုင်ရသူ ရှစ်ယောက်ကိုရွေးချယ်မည်ဖြစ်သည်။ ထုံးစံအတိုင်း စီးချင်းထိုးရန် မဲနှိုက်သော်လည်း ဘန်ဝါးနှင့် ကဖောမှာ မတွေ့သေးပေ။ ထိုနေ့တွင်လည်း ကဖောက အခြားမျိုးနွယ်စုတစ်ခုမှ ပြိုင်ပွဲဝင်သူကို သုံးချီမြောက်တွင် အနိုင်ရလိုက်သည်။ အခြားပြိုင်ပွဲဝင်သူများမှာ ငါးချီ၊ ဆယ့်တစ်ချီ စသည့်အချိန်မှ အနိုင်ရသော်လည်း ကဖောမှာ စောစောစီးစီးပင် နိုင်နေသဖြင့် ပရိတ်သတ်များအကြားရေပန်းစားနေလေသည်။ ဘန်ဝါးသည်ပင် သူ၏ပြိုင်ဖက်အား အနိုင်ရရန်အတွက် လေးငါးချီ တိုက်ခိုက်ရလေသည်။
ထိုနေ့ပြီးတော့ နောက်တစ်နေ့တွင်လည်း ကျန်ရှိနေသည့်ပြိုင်ပွဲဝင် ရှစ်ယောက်မှ လေးယောက်စီ အလှည့်ကျတိုက်ခိုက်ရပြီးနောက် အနိုင်ရသူ လေးယောက်သာ ကျန်နေခဲ့တော့သည်။ ကဖောတို့အနိုင်ရရှိပြီးသောအခါတွင် ဘုရင်ကြီးက ပရိသတ်ကိုကြေငြာလေသည်။
“မနက်ဖြန်ကျရင် ကျန်တဲ့ အနိုင်ရသူ လေးယောက်က နှစ်ယောက်တစ်ဖွဲ့စီဖွဲ့ပြီး ယှဉ်ပြိုင်ရမှာဖြစ်တယ်၊ အနိင်ရရှိသူများ အနေနဲ့ ယနေ့မှာ မဲနှိုက်ပြီး အဖွဲ့ခွဲမှာဖြစ်တယ်”
မဲနှိုက်သောအခါ ဘန်ဝါးနှင့် ကဖောမှာ တစ်ဖွဲ့တည်း သွားကျလေသည်။
“အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တွေဖြစ်မှာပါ”
ဘုရင်ကြီးက ကြေငြာပြီးသည်နှင့် ပွဲသိမ်းလိုက်တော့သည်။ သို့သော်လည်း ကဖောတို့ တည်းခိုသည့်အဆောင်ရှေ့တွင်တော့ မြို့မှာ မြို့သူ မြို့သားများက တန်းစီနေလေသည်။ ကလေးငယ်များလည်း အပါအဝင်ဖြစ်သည်။ သူတို့က ကဖောကိုတွေ့ချင်၍ စောင့်နေကြခြင်းဖြစ်သည်။
“ဟာ ငါ့ညီမကတော့ နာမည်ကြီးဖြစ်ပြီဟေ့၊ ဟိုမှာ အပြင်က တန်းစီနေတဲ့လူတွေဟာ နင့်ကိုတွေ့ချင်လို့တဲ့ ကဖော”
“ဒါဆို ကဖောထွက်တွေ့ရမှာပေါ့”
ကဖောအပြင်ထွက်လိုက်သည်နှင့် အားလုံးက ဝိုင်းပြီးအော်ကြတော့သည်။
“ကဖော . . ကဖော သရဖူဆောင်းမည့် ကဖော”
ထို့နောက် ကဖောကို ပွေ့ဖက်ကြသည်။ ကဖောအားလည်း လက်ဆောင်ပစ္စည်းများ ပေးလိုက်ကြသည်မှာ တစ်ပုံတစ်ပင်ကြီးပင်ဖြစ်နေတော့သည်။ ထိုလူအုပ်ကြီးထဲတွင် ကဖောက တစ်စုံတစ်ယောက်ကိုရှာဖွေနေမိသည်။ သူရှာနေသည့်သူကတော့ အခြားသူမဟုတ်။ လချေရှီးပင်ဖြစ်သည်။
သို့သော် လူများအကုန်လုံး ပြန်သွားသည်အထိ လချေရှီးကိုမတွေ့ရသဖြင့် ကဖောလည်း စိတ်ဓါတ်ကျသွားလေသည်။
ညစာစားသောက်ပြီးသောအခါတွင် ကဖောက အခန်းသို့ပြန်လာခဲ့သည်။ လပြည့်နီးပြီဖြစ်သဖြင့် လမင်းကြီးက ဝိုင်းစက်နေတော့သည်။ လရောင်အောက်တွင် သစ်ပင်ကလေးတစ်ပင်အနီးမှာ အစိမ်းရောင်မီးတောက်ကလေးများကို မြင်လိုက်ရ၍ ကဖော လန့်သွားတော့သည်။ စိတ်ထဲတွင်လည်း သိချင်လာသဖြင့် ထိုသစ်ပင်အောက်သို့ ထွက်လာခဲ့တော့သည်။
“ဟင် လချေရှီး”
“ဟုတ်တယ်၊ ငါ့မှာ နင်ထွက်လာမလားဆိုပြီး စောင့်နေလိုက်ရတာ”
“ဘာထူးလဲ ငါလည်းပဲ နင်ငါ့ကိုလာတွေ့မလားဆိုပြီး စောင့်နေရတာ၊ ဒါနဲ့ နင်ကဘာလို့ အခုမှပေါ်လာတာလဲ”
“နင်က နာမည်ကြီးတဲ့သူဖြစ်သွားပြီလေကဖောရဲ့၊ ကျောက်တုံးမြို့တော်မှာ နင့်သတင်းတွေချည်းပဲဟ၊ ဒီတော့ နင်က ငါ့ကိုတွေ့ချင်ပါ့မလားလို့”
“နင်ဘာပြောလိုက်တာလဲ လချေရှီး . . နင်နဲ့ငါက အဲဒီလိုဖြစ်စရာ လူတွေလား”
ထိုအခါ လချေရှီးက ရယ်မောလိုက်တော့သည်။
“ငါက အလကား စတာပါဟ၊ ငါဒီအချိန်မှလာတယ်ဆိုတာလဲ နင်နဲ့အေးအေးဆေးဆေးတွေ့ချင်လို့”
ကဖော ခေါင်းညိတ်လိုက်သည်။ ယခုလို လူခြေတိတ်နေသည့်အချိန်မျိုးတွင်သာ လချေရှီးနှင့် အေးအေးလူလူတွေ့ရခြင်းဖြစ်သည်။ ကဖောတို့အဆောင်ကို စောင့်နေသည့် စစ်သည်များမှာလည်း ပွဲတော်ရက်မို့ အရက်သောက်ပြီး မှောက်နေကြလေသည်။
“ဒါနဲ့ နင်ခုနက မီးလုံးလေးကို ဘယ်လိုလုပ်လိုက်တာလဲ”
“ဒီမှာကြည့်”
လချေရှီးက လက်ဝါးနှစ်ဖက်ကို မျက်နှာချင်းဆိုင်ထားလိုက်ပြီးနောက် ပါးစပ်မှ တစ်စုံတစ်ခုကို ရွတ်လိုက်တော့သည်။ ထိုအခါတွင် သူ့လက်နှစ်ဖက်အလယ်တွင် အစိမ်းရောင်မီးတောက်ကလေးတစ်ခုတောက်လာပြီးနောက် ထိန်လင်းလာလေသည်။ လချေရှီးက ထိုမီးတောက်ကလေးကို လက်ဝါးထဲထည့်ပြီးကိုင်ထားလေသည်။ ကဖောကြည့်ရင်း ထူးဆန်းနေတော့သည်။
“မပူဘူးလား”
“မပူဘူး . . နင်ကိုင်ကြည့်မလား”
ကဖောကိုလက်ဝါးဖြန့်ခိုင်းလိုက်ပြီးနောက် ထိုမီးတောက်ကလေးကို ကဖောလက်ထဲသို့ ထည့်ပေးလိုက်တော့သည်။ ထိုအခါ မီးတောက်ကလေးမှာ မငြိမ်းဘဲ ကဖောလက်ထဲတွင် လောင်မြိုက်နေလေသည်။
“နင်တော်တော်စွမ်းနေပါလား လချေရှီး”
“အေး၊ အဲဒီလောက်လဲ မဟုတ်သေးပါဘူးဟာ။ ဒီပညာကို အသေးစား မှော်ပညာလို့တော့ ခေါ်နိုင်တယ်၊ ငါနဲ့အတူတူနေတဲ့ လိပ်ဘိုးဘိုးက ဒီလိုအသေးစားမှော်ပညာလေးတွေတတ်တယ်လေ၊ ဒါနဲ့ ငါ့ကို သင်ပေးထားတာ အများကြီးပဲ”
ထိုသို့ပြောနေစဉ်ပင် ကဖောလက်ထဲမှ မီးတောက်အစိမ်းလေးမှာ အနီရောင်ဖြစ်လာပြီးနောက် မီးတောက်ကလေးမှနေ၍ မီးလျှံကြီးအဖြစ် ဖြစ်လာပြီး တရှဲရှဲနှင့် တောက်လောင်နေတော့သည်။ လချေရှီးလဲ ထိုသို့မဖြစ်ဖူးသဖြင့် လန့်ဖျပ်သွားတော့သည်။ ထို့နောက် မီးလျှံကြီးက တဖြည်းဖြည်းပိုကြီးလာသဖြင့် ထိုမီးလျှံကြီးကို လက်ညိုးထိုးပြီး မန္တန်တစ်ခုရွတ်ဆိုလိုက်သည်နှင့် မီးတောက်ကြီးမှာ ပေါက်ကွဲသွားပြီး လိပ်ပြာကလေးများအဖြစ် ပျံသန်းကာ ပျောက်ကွယ်သွားကြတော့သည်။
“အရမ်းလှတာပဲ လချေရှီးရယ်၊ ငါတော့ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး”
ထို့နောက် လချေရှီးကော ကဖောပါ ခေါင်းလောင်းထိုးသံတစ်ချက်ကြားလိုက်ရသည်။
“မဖြစ်ဖူးကဖော၊ ဒီအချိန်က လိပ်ဘိုးဘိုး ကို နှိပ်ပေးရမယ့်အချိန်၊ ငါပြန်မှဖြစ်မယ်”
ကဖော စိတ်ဓါတ်ကျသွားလေသည်။
“ဘယ်တော့မှ နင်နဲ့အေးအေးဆေးဆေးတွေ့ရမှာလဲ”
“မနက်ဖြန်ပြိုင်ပွဲပြီးရင် တစ်ရက်နားမယ်လေ အဲဒီနေ့ကျ နင့်ကို ကျောက်တုံးမြို့တော်အနှံ့ငါခေါ်သွားပြမယ်”
ကဖောလည်း ခေါင်းညိတ်လိုက်တော့သည်။ လချေရှီးမှာ ကဖောအားနှုတ်ဆက်ပြီးနောက် အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ ကဖောတစ်ယောက် အခန်းအတွင်းသို့ဝင်လာခဲ့ပြီး ထိုညတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်တော့သည်။
နောက်တစ်နေ့။
ကဖောတို့ ပြိုင်ပွဲကွင်းအတွင်းဝင်လာတော့ ပရိတ်သတ်တွေက မိုးလုံးညံအောင် အားပေးကြတော့သည်။ ဘန်ဝါးက သစ်သားတင်းပုတ်ကြီးကိုင်ထားပြီးနောက် ကဖောကတော့ သစ်သားတုတ်ရှည်တစ်ချောင်းကိုင်ထားသည်။ ပွဲမစခင် ဘန်ဝါးက ကဖောအနားသို့ ကပ်လာလေသည်။
“ဒီနေ့ တိုက်ပွဲမှာ ငါတို့နိုင်မှဖြစ်မယ်”
“ဘာဖြစ်လို့လဲ”
“ငါတို့နိုင်မှ မင်းနဲ့ငါနဲ့ ဗိုလ်လုပွဲမှာ တွေ့ရမှာပေါ့ကွာ”
ထိုသို့ပြောပြီးသည်နှင့် အတူတူစတင်တိုက်ခိုက်တော့သည်။ တစ်ဖက်မှ ယှဉ်ပြိုင်သူများကလည်း လေးယောက်အဆင့်ထိပါလာသူများမို့ ခေသူများတော့မဟုတ်ပေ။ ဘန်ဝါးနှင့် ကဖောတို့ တွဲဖက်ညီစွာဖြင့် အတူတူတိုက်ခိုက်နေကြသည်မှာ အံ့အားသင့်ဖွယ်ဖြစ်သည်။ ကြည့်နေကြသည့် ပရိသတ်များမှာလည်း ဟာခနဲ ဟင်ခနဲ နေအောင် အလွန်စိတ်လှုပ်ရှားနေလေသည်။ သို့သော် ခုနစ်ချီရောက်လာသည်အထိ အနိုင်အရှုံးက မသဲကွဲသေးပေ။ တစ်ချီနားသည့်အခါ ဘန်ဝါးနှင့် ကဖော စကားပြောမိသည်။
“ဒီမှာ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ချင်းတိုက်နေလို့ကတော့ အနိုင်အရှုံးက ပြောဖို့ခက်တယ်”
“ဒါဆို မင်းကဘယ်လိုစဉ်းစားထားလို့လဲ”
“သူတို့အဖွဲ့ထဲက တစ်ယောက်ကိုပဲ ကျွန်မတို့နှစ်ယောက်လုံး မဲပြီးတိုက်ကြမယ်၊ တစ်ယောက်ကျသွားရင် နောက်တစ်ယောက်ဆိုတာကလဲ အလွယ်ကလေးပါ”
ကဖောပြောစကားများကို ဘန်ဝါးက ခေါင်းညိတ်လက်ခံလိုက်သည်။ နောက်တစ်ချီအစတွင် တစ်ဖက်ပြိုင်ဘက်အဖွဲ့မှာ အားနည်းသည့်သူကိုသာ နှစ်ယောက်အပြင်းအထန်ဝိုင်းတိုက်ခိုက်ကြပြီး ကျန်သည့်တစ်ယောက်ကိုတော့ ကာကွယ်ရုံသာ ကာကွယ်ကြသည်။ ကဖောထင်သည့်အတိုင်းပင် ထိုသူမှာ ကြာကြာမခုခံနိုင်တော့ဘဲ ခြေထောက်ကို ဘန်ဝါးက တင်းပုတ်နှင့်ရိုက်ထည့်လိုက်ရာ ခြေထောက်ကျိုးပြီး ရှုံးနိမ့်သွားတော့သည်။ ထိုအခါ ကျန်သည့်ပြိုင်ပွဲဝင်ကိုလည်း နှစ်ယောက် အပြင်းအထန်တိုက်ခိုက်ကြပြီးနောက် ကဖောက သစ်သားတုတ်ဖြင့် ခေါင်းကိုရိုက်လိုက်ပြီး ထိုသူအား အဆုံးသတ်ပေးလိုက်သည်။
ပရိတ်သတ်က သောင်းသောင်းဖျဖျအားပေးကြတော့သည်။ ကဖောရော ဘန်ဝါးပါ မောပန်းနေကြသည်။ ထို့နောက် မတိုင်ပင်ထားဘဲ တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတော့သည်။
“ရှင် အရမ်းတော်ပါတယ်ဘန်ဝါး”
“မင်းလည်း တော်ပါပေတယ်ကဖော၊ မင်းဆက်တော်ထားရမယ် ဘာလို့လဲဆိုတော့ သန်ဘက်ခါကျရင် မင်းကိုငါ အနိုင်ယူပြမှာမို့လို့ပဲ”
ထိုနေ့ပြီးတော့ တစ်ရက်နားသည်။ နောက်တစ်နေ့တွင် ကဖောနှင့် ဘန်ဝါးတို့နှစ်ယောက် ယှဉ်ပြိုင်ရမည့် ဗိုလ်လုပွဲဖြစ်သည်။ နားသည့်နေ့တွင် ကဖောက ဈေးထဲထွက်ခဲ့ပြီးနောက် လိပ်ဘိုးဘိုးအိမ်ကို စုံစမ်းပြီး လိုက်သွားတော့သည်။ ကဖောနှင့်အတူ လူတွေကလည်း သူ့နောက်က တအုပ်ကြီးလိုက်လာတော့သည်။ လိပ်ဘိုးဘိုးအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လတော့ လချေရှီးက မီးဖိုချောင်ထဲမှ ထွက်လာတော့သည်။
“ကဖော မင်းလာမယ်မှန်းသိလို့ ငါ ဟင်းတွေ ပြင်ဆင် ထား . . ထား”
လချေရှီးက ကဖောအနောက်မှ လူအုပ်ကိုကြည့်ပြီး စကားများတွန့်ဆုတ်သွားတော့သည်။
“ဒီ . . ဒီလူတွေအားလုံးကိုတော့ ငါမကျွေးနိုင်ဘူးနော်”
ကဖောက ရယ်မောလိုက်ပြီးနောက် လူများဘက်သို့လှည့်လိုက်တော့သည်။
“အဟမ်း . . . ရှင်တို့တွေ ဆက်မလိုက်ကြပါနဲ့တော့ရှင်၊ ဒီမှာ ကျွန်မရဲ့ ယောက်ျားလောင်းနဲ့ ကျွန်မ အေးအေးဆေးဆေးစကားပြောချင်လို့ပါ”
ထိုအခါ လူအုပ်ကြီးက ကဖောလက်ဆွဲထားသည့် လချေရှီးကို ဝိုင်းကြည့်ပြီးနောက် အော်ဟစ်နှုတ်ဆက်ကြပြီးနောက် ထွက်သွားကြတော့သည်။
“ကဖောရာ နင်ဘယ်လိုပြောလိုက်တာလဲဟ၊ ရှက်စရာကြီး”
“ဘာရှက်ဖို့လိုလို့လဲ လချေရှီးရဲ့ နင်က ငါယူမည့်သူဘဲမဟုတ်လား”
ထိုနေ့တော့ ကဖောနှင့် လချေရှီးတို့ အတူတူစားသောက်ကြပြီးနောက် ကျောက်တုံးမြို့တော်ကြီးကို ပတ်ကြည့်ကြသည်။ မြင့်မားလှသည့် ကျောက်တုံးနံရံကြီးကို တက်လိုက်ကြပြီးနောက် ဘေးပတ်ဝန်းကျင် ရှုခင်းများကို ငေးကြည့်နေတော့လေသည်။
“ဟိုးက ငါတို့ရွာရှိတဲ့ မခူးတောင်တန်းကြီး၊ ဟိုဖက်ကတော့ မြက်ခင်းပြင်တွေ၊ ဟိုးမှာ မြင်နေရတဲ့ ရေတွေအများကြီးက ပင်လယ်ကြီးပေါ့၊ ဒီဖက်ကိုကြည့်လိုက်ရင်တော့ တော်တော်မြင့်တဲ့တောင်ကြီးကိုတွေ့ရမယ်၊ နောက်ပြီး မတ်စောက်နေတဲ့ ကမ်းပါးကြီးကတော့ တားမြစ်ထားတဲ့ကမ်းပါးကြီးပေါ့၊ အဲဒီကမ်းပါးပေါ်ကနေ စီးကျလာတဲ့မြစ်ကြီးကတော့ ကလီ မြစ်ကြီးပေါ့ဟာ”
လချေရှီးက ကဖောကို လက်ညိုးထိုးရင်း သူသိသလောက်ပြောပြနေလေသည်။ ကဖောကလည်း လချေရှီး ပုခုံးကလေးကို မှီခိုရင်း လချေရှီးပြောသမျှကို ခေါင်းလေးညိတ်ပြီးနားထောင်နေလေတော့သည်။
တစ်ဖက်တွင်တော့ ကျားလူမျိုးများ၏ ယှဉ်ပြိုင်သူများတည်းခိုကြသည့် ခန်းမကြီးထဲတွင်ဖြစ်သည်။ ဘန်ဝါးအနားသို့ လဘေးဝါးက တိုးလာလေသည်။
“ခေါင်းဆောင်ကြီးအတွက် ကျွန်တော် စီမံထားတာရှိပါတယ်”
“ဘာလဲ လဘေးဝါးရဲ့”
“ဟောဒီဆေးအစီအရင်ကလေးကို ကဖောရဲ့ ခြေရာမှာ သွားပြီး ထားထားရုံနဲ့ ကဖောမှာ ရှိတဲ့ခွန်အားတွေ ယုတ်လျော့လာပြီးတော့ အင်အားနည်းလာပါလိမ့်မယ်”
လဘေးဝါးက ငှက်အရိုးခေါင်း၊ ငှက်မွှေးများနှင့် ဆံပင်မွှေးများရောစပ်ပြုလုပ်ထားသည့် အနက်ရောင်အဆောင်ကလေးတစ်ခုကို ထုတ်ပြလေရာ ဘန်ဝါးမှာ မျက်ခုံးပင့်ပြီးကြည့်နေလေသည်။
“ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ”
“သေချာပါတယ်ဗျ၊ ကဖောရဲ့ ခြေရာမှာ ဒီငှက်နှုတ်သီးကလေးကို သွားစိုက်ထားလိုက်ရုံပါပဲ”
“ဒါနဲ့ သူတို့တည်းခိုဆောင်နားမှာ ခြေရာတွေက အများကြီးပဲ၊ ကဖောခြေရာမှန်း ဘယ်လိုလုပ်ပြီးသိမလဲ”
“ဟား . . ဟား လွယ်ပါတယ်ခေါင်းဆောင်၊ ကဖောမွေးတုန်းက ကဖောက နတ်ဘုရားတွေကို စိန်ခေါ်မယ့်သူဆိုပြီး အယူရှိလို့ မွေးကတည်းက ကဖောညာဖက်ခြေထောက်ရဲ့ ခြေသန်းကလေးကို ဖြတ်ပစ်ခဲ့ကြတယ်၊ ဒီတော့ ကဖောခြေရာဟာ ညာဖက်ခြေရာမှာ ခြေသန်းမပါတဲ့ ခြေရာကလေးဖြစ်မှာပါ”
“ဟား . . ဟား အကြံပိုင်ပါပေတယ် လဘေးဝါးရယ်”
ဘန်ဝါးက ထိုသို့ပြောလိုက်ပြီးနောက် သူတို့နှစ်ယောက် အတူတူရယ်မောလိုက်ကြတော့သည်။
လချေရှီးနှင့် ကဖောမှာ ကျောက်တုံးမြို့ရိုးကြီးပေါ်တွင် အတူတူလမ်းလျှောက်နေကြတော့သည်။ နေက တဖြည်းဖြည်းနှင့်နိမ့်ဆင်းလာကာ မခူးတောင်တန်းကြီးကို အကာအကွယ်ယူပြီး နေဝင်ရန်ပြင်ဆင်နေပြီဖြစ်သည်။
“ဒါနဲ့ လချေရှီး နက်ဖြန်ကျရင် လာကြည့်ဖို့ ဒီသစ်သားပြားကလေး ယူထားပါလား”
ကဖောက ပြောပြီး သစ်သားပြားကလေးတစ်ခုကိုပေးသည်။ သစ်သားပြားပေါ်တွင် လုဝီး ဘာသာဖြင့် အထူးတန်း ဟု ရေးသားထားလေသည်။
“ဒါ . . ဒါက ဘာလုပ်တဲ့ဟာလဲ”
“ဒီသစ်ပြားလေးက အထူးတန်းမှာ ကြည့်ဖို့အတွက် ဝင်ခွင့်ပဲ၊ ပြိုင်ပွဲထုံးစံအရ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူတွေက သူတို့ရဲ့ မိတ်ဆွေတွေကို အထူးတန်းမှာ လာကြည့်ဖို့ ဖိတ်ကြားနိုင်တယ်လေ၊ ဒီတော့ မနက်ဖြန်ပြိုင်ပွဲမှာ နင်အထူးတန်းက လာကြည့်ပေးရမယ်နော်”
လချေရှီးတွေဝေသွားသော်လည်း ခေါင်းကိုညိတ်လိုက်တော့သည်။ ထို့နောက် သစ်သားပြားကလေးကို သိမ်းထားလိုက်တော့သည်။
ထိုနေ့ည မိုးတော်တော်ချုပ်မှ ကဖောနှင့် လချေရှီးတို့ အတူတူပြန်လာကြသည်။ ကဖောကတော့ သူတို့တည်းခိုသည့်အဆောင်အတွင်းသို့ ဝင်သွားတော့သည်။ အဆောင်ရှေ့အဝင်လမ်းတွင် မိုးမရွာထားသော်လည်း ရေများလောင်းထားသဖြင့် လမ်းက ရွံ့ဗွက်တွေ ထနေလေသည်။ ကဖောအဆောင်အတွင်းဝင်သွားပြီးနောက် လချေရှီးလည်း လှည့်ပြန်လာခဲ့တော့သည်။ ထိုအချိန် မှောင်ရိပ်ထဲမှ လူနှစ်ဦးထွက်လာသည်ကိုတော့ လချေရှီးက မမြင်လိုက်။ ထိုလူနှစ်ဦးမှာ ကျားမျိုးနွယ်မှ လူနှစ်ဦးဖြစ်သည်။
“ငါတို့ နတ်ဆရာပြောထားတဲ့အတိုင်း ခြေရာရှာရအောင်ကွာ”
“ခုနက ဒီနားလေးက ဝင်သွားတာကွ”
သူတို့သိပ်မရှာလိုက်ရ ကဖောခြေရာကိုတွေ့သွားကြသည်။
“ဟုတ်ပြီကွ၊ ဒီဟာပဲ ငါတို့ ညနေကတည်းက မြေပြင်ကိုရေလောင်းပြီး ရွံ့ဗွက်တွေထအောင်လုပ်ထားတာဆိုတော့ ခြေရာက ထင်းနေတာပဲ၊ ဟောဒီမှာကြည့် ညာဖက်က ခြေရာမှာ ခြေသန်းမပါဘူးကွ”
“ဒါဖြင့်ရင်လည်း အမြန်လုပ်ကွာ”
ကျားလူမျိုးတစ်ယောက်က ငှက်ခေါင်းရိုးဖြင့်ပြုလုပ်ထားသည့်အဆောင်ကလေးကို ထုတ်လိုက်ပြီးနောက် ကဖော၏ ခြေရာတွင် နှုတ်သီးကို ထိုးစိုက်လိုက်လေသည်။
“ရပြီလား”
“အေးရပြီ၊ နတ်ဆရာက ဒီအတိုင်း စိုက်ခဲ့လို့ပဲ မှာလိုက်တာကွ”
ထိုနှစ်ယောက်က ခြေရာတွင် စိုက်ခဲ့ပြီးနောက် ပြန်သွားကြလေတော့သည်။ ကဖောလည်း အခန်းအတွင်းရောက်သည်နှင့် ဗိုက်ဆာနေတော့သည်။ ပါလာသည့် ရိက္ခာခြောက်များကို ထုတ်ပြီးစားသောက်လိုက်သော်လည်း စားမကောင်းသဖြင့် သိပ်မစားနိုင်ပေ။ ထို့ကြောင့် မစားတော့ဘဲ လှဲအိပ်လိုက်တော့သည်။ မနက်က လချေရှီးနှင့်တွေ့ခဲ့သည့်အကြောင်းများကို ပြန်စဉ်းစားရင်း အိပ်မောကျသွားတော့သည်။
(၁၆)
ညည့်နက်နေပြီဖြစ်သည်။ ထိုအချိန်တွင် ဘန်ဝါးက ဘုရင်ကြီး၏ အတွင်းခန်းအတွင်းသို့ရောက်ရှိနေလေသည်။
“ညည့်နက်နေပြီ ဘုရင်ကြီး ဘာကိစ္စနဲ့တွေ့ချင်တာလဲ”
“ဘာလို့လဲဆိုတော့၊ မနက်ဖြန် ပြိုင်ပွဲမှာ မင်းအနိုင်ရမလားဆိုတာ သေချာမေးချင်လို့ပါ”
“စိတ်ချပါ ဘုရင်ကြီးရယ်၊ မနက်ဖြန်ပြိုင်ပွဲမှာ ကဖောကို ကျုပ်သေချာပေါက် အနိုင်ယူပြမှာပါ”
ဘုရင်ကြီးက ခေါင်းညိတ်လိုက်တော့သည်။
“မင်းနိုင်မှဖြစ်မယ် ဘန်ဝါး”
“ဘာဖြစ်လို့ဘုရင်ကြီး”
“ဘာလို့လဲဆိုတော့ ကဖောကို ငါမနိုင်စေချင်ဘူး၊ ကဖောက မိန်းကလေးတစ်ယောက်မဟုတ်လား၊ မိန်းကလေးဆိုတာ ငါတို့ထုံးတမ်းစဉ်လာမှာ ယောက်ျားတွေကိုဆက်ဆံဖို့၊ ကလေးမွေးဖို့နဲ့ ဝေယျာဝစ္စတွေ ခိုင်းစေဖို့အတွက်ပဲ သုံးခဲ့ကြတာမဟုတ်လား၊ ဒီပွဲမှာ ကဖောနိုင်သွားရင် ဒီမြို့တော်ကြီးမှာနေကြတဲ့ မိန်းမတွေရဲ့ အတွေးက တစ်မျိုးပြောင်းလဲ သွားနိုင်တယ်မဟုတ်လား”
“ဘုရင်ကြီးက အမျှော်အမြင်ကြီးပါပေတယ်၊ စိတ်ချပါ ကျွန်တော်နိုင်အောင်လို့ တိုက်ခိုက်ပါ့မယ်”
“ကောင်းပြီဘန်ဝါး၊ မင်းကို အားကိုးလိုက်မယ်၊ မင်းနိုင်အောင် တိုက်ခိုက်ပါ၊ တကယ်လို့ မင်းမနိုင်ခဲ့ရင်လည်း ငါ့မှာ စီစဉ်ထားတာလေးတွေ ရှိပါသေးတယ်”
ဘန်ဝါးက ဘုရင်ကြီးကို အရိုအသေပေးလိုက်ပြီးနောက် ထွက်သွားတော့သည်။
လချေရှီးမှာ ကဖောကိုပြန်ပို့ပြီးနောက် လေကလေးတချွန်ချွန်နှင့်ပြန်လာလေသည်။ အိမ်တံခါးကို ဖွင့်လိုက်တော့ လိပ်ဘိုးဘိုးက မအိပ်သေးဘဲ သူ့ကိုစောင့်နေလေသည်။
“လိပ်ဘိုးဘိုး မအိပ်သေးဘူးလား”
“အိပ်လို့ဘယ်ဖြစ်မလဲ မင်းကိုစောင့်နေတာကွ၊ မနက်ဖြန်ကျရင် မင်းဘဝအတွက် အရေးအကြီးဆုံးအလုပ်တစ်ခုကို လုပ်ရတော့မှာ မို့လို့ပဲ”
လိပ်ဘိုးဘိုးက ပြောလိုက်ပြီးနောက် စားပွဲပေါ်တွင် သားရေပြားတစ်ချပ်ကို ဖြန့်ခင်းလိုက်သည်။ ထိုသားရေပြားတွင် ပုံများရေးဆွဲထားလေသည်။
“ဒီဟာက တော်ဝင်စာကြည့်တိုက်ရဲ့ မြေပုံပဲ၊ ဒီအောက်ဆုံးအပေါက်ကနေ မင်းဝင်ရမယ်၊ ပုံမှန်ဆိုရင် အဲဒီမှာ ရဲမက်ဆယ့်ငါးယောက်စောင့်တယ်၊ ဒါပေမယ့် ငါ့အထင် မနက်ဖြန်တော့ တော်ဝင်စာကြည့်တိုက် ပိတ်လိမ့်မယ်ကွ၊ သူတို့ သော့ပဲခတ်ခဲ့လိမ့်မယ်၊ အဲဒီသော့ကို မင်း ဒီဆေးရည်သုံးပြီး ဖွင့်ရမယ်”
လိပ်ဘိုးဘိုးကပြောလိုက်ပြီး ဆေးရည်ထည့်ထားသည့် ဝါးဆစ်ဗူးကလေးတစ်ခုကို သူ့အားပေးလိုက်တော့သည်။
“မျှော်စင်ရဲ့ အောက်အထပ်တွေက အရေးမပါတဲ့စာအုပ်တွေပဲ၊ နေ့စဉ်မှတ်တမ်းတွေ၊ ဘုရင်တွေရဲ့ အမိန့်ထုတ်ပြန်ချက်တွေပဲ၊ ဒီတော့ မင်းလုပ်ရမှာက မျှော်စင်ရဲ့ ဟိုးအပေါ်ဆုံးထပ်ကို သွားရမယ်၊ သွားပြီးရင် အဲဒီက ညာဘက်အစွန်ဆုံးက စာအုပ်စင်မှာ ထူးခြားတဲ့ စာအုပ်တစ်အုပ်ကို ရှာရမယ်”
“ထူးခြားတဲ့ စာအုပ် . . ဟုတ်လား ဘယ်လိုထူးခြားတာလဲ”
“ဒါတော့ငါလဲမသိဘူး၊ ငါလည်း တော်ဝင်စာကြည့်တိုက်ထဲကို တစ်ခါမှရောက်ဖူးတာမဟုတ်ဘူး၊ ဒီတော့ မင်းပဲ ဉာဏ်သုံးပြီး ဆုံးဖြတ်ပေတော့”
“အဲဒီစာအုပ်တွေ့ရင် ဘာဖြစ်မလဲ”
“စာအုပ်ကိုရရင် မျှော်စင်အောက်ဆုံးကို ပြန်ဆင်းရလိမ့်မယ်၊ မျှော်စင်အောက်ဆုံးထပ်ရဲ့ ကြမ်းပြင်မှာ စကားဝှက်တစ်ခုရှိတယ်၊ မင်းက အဲဒီစာအုပ်ကိုဖတ်ပြီးတော့ စကားဝှက်ကို ဖြေရမယ်၊ ဖြေနိုင်ရင် မြေအောက်ခန်းတံခါးပွင့်သွားလိမ့်မယ်”
“ခက်တော့ ခက်သားဗျ”
“မြေအောက်ခန်းက လီဝါးတွေ လုပ်ခဲ့တဲ့ မြေအောက်ခန်းပဲ တခြားသူတွေ ဘယ်သူမှ မသိကြဘူး၊ အဲဒီထဲမှာ လီဝါးတွေရဲ့ မှတ်တမ်းတွေနဲ့ စာအုပ်တွေရှိတယ်၊ မင်းလိုချင်တဲ့စာအုပ်ကို ရှာပြီး ယူခဲ့ပေတော့၊ ဒါပေမယ့် မင်းငါ့ကို တစ်ခုကူညီရမယ်”
“ဘာကူညီရမလဲ”
“မြေအောက်ခန်းရဲ့ အလယ်မှာ စင်ကလေးတစ်ခုနဲ့ သပ်သပ်တင်ထားတဲ့ စာရွက်လိပ်ကလေးတစ်ခုရှိတယ်၊ အဲဒီဟာကို ငါ့ဆီယူလာပေးပါ”
လချေရှီးလည်း ခေါင်းညိတ်လိုက်တော့သည်။
“ကောင်းပြီလေ ကျုပ်လုပ်ပေးပါ့မယ်၊ ဒါနဲ့ ကျွန်တော် တစ်ခုမေးစရာရှိသေးတယ်”
“ဘာလဲပြောလေ”
“ကဖော မနက်ဖြန် နိုင်ပါ့မလား”
လိပ်ဘိုးဘိုးက မတ်တပ်ရပ်လိုက်ပြီးနောက် ပြတင်းပေါက်ဆီသို့ လျှောက်သွားတော့သည်။ ထို့နောက် ကောင်းကင်ကိုမော့ကြည့်ရင်း ဖြူဖွေးဆွတ်နေသည့် မုတ်ဆိတ်မွှေးများကို လက်နှင့်သပ်နေတော့သည်။
“နိုင်ဖို့ကတော့ . . . အင်း . .”
“ဒါဆို မနိုင်လောက်ဘူးလား”
လချေရှီးက သိချင်စိတ်ပြင်းပြနေသည်။ လိပ်ဘိုးဘိုးက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်
“နိုင်မှာပါကွာ၊ မင်းနောက်ဆံတင်းမနေပါနဲ့၊ မင်းလုပ်စရာရှိတာသာ ပြီးမြောက်အောင်လုပ်ပါ”
ထိုသို့ပြောပြီးနောက် လိပ်ဘိုးဘိုးနှင့် လချေရှီးတို့မှာ အသီးသီး အိပ်ရာဝင်လိုက်ကြတော့သည်။
“အောက် အီး အီး အွတ်”
လင်းကြက်တစ်ကောင်က ကျယ်လောင်စွာ တွန်မြည်နေလေသည်။ လငေါရှီးက ကဖောကို လှုပ်လိုက်သည်။
“သမီးရေ ထတော့ မကြာခင် ပြိုင်ပွဲစတော့မယ်”
ကဖောက ထူးဆန်းနေသည်။ သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေလေသည်။ ခြေတွေလက်တွေကလဲ မသယ်ချင်သလိုဖြစ်နေပြီး အားအင်လဲကုန်ခမ်းနေသလို ခံစားလိုက်ရသည်။ သို့သော်လည်း ပြိုင်ပွဲက ရှိသည်မို့ အားတင်းပြီး အိပ်ယာမှ ထလာတော့သည်။
ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်သဖြင့် အထူးပြင်ဆင်ထားသည့် ဝတ်စုံနှင့် တန်ဆာများကို ဝတ်ဆင်လိုက်ပြီးနောက် ပြိုင်ပွဲကွင်းကြီးထဲသို့ ဝင်လာခဲ့တော့သည်။ ကဖောဝင်လာသည်နှင့် ပရိတ်သတ်များက အော်ဟစ်ကြလေတော့သည်။ ကဖောက ခြေထောက်များကိုပင် မနည်းသယ်နေရလေသည်။ ထို့နောက် သတိရသွားပြီး အထူးတန်းပွဲကြည့်စင်ကို လှမ်းကြည့်လိုက်တော့သည်။ အထူးတန်းမှာ ယှဉ်ပြိုင်သူများနှင့် အနီးကပ်ဆုံးဖြစ်ပြီး အောက်မှလှမ်းကြည့်လျှင် သဲသဲကွဲကွဲမြင်နေရသည်။ ကဖောမျှော်လင့်ထားသလို လချေရှီးကို မတွေ့ရပေ။
“ကဲ ကဖောရေ၊ မင်းနဲ့ ငါတွေ့ကြပြီပေါ့ကွာ၊ ဒီတစ်ခါတော့ မင်းကိုငါ အလျော့ပေးမှာ မဟုတ်တော့ဘူး”
ထို့နောက် ဘန်ဝါးက သစ်သားတင်းပုတ်ကြီးတစ်ခုကို ယူလိုက်တော့သည်။ ကဖောကတော့ လှံတစ်ချောင်းကို ယူလိုက်တော့သည်။
“ပြိုင်ပွဲ စပြီ . .”
အချက်ပေးလိုက်သည်နှင့် ဘန်ဝါးမှာ ကဖောအား ပြေးဝင်ပြီးတိုက်ခိုက်တော့သည်။ ကဖောမှာ အားမရှိသလိုဖြစ်နေ၍ ဘန်ဝါး၏ တိုက်ကွက်များကို လှည့်ပတ်ရှောင်တိမ်းနေရလေသည်။ ပွဲကြည့်သူများအားလုံး ကဖောအခြေအနေမကောင်းမှန်းကို ရိပ်စားမိကြလေသည်။
“ချပါဟ . . ကဖောရ . . ပြေးမနေနဲ့”
ပရိတ်သတ်များက အော်ဟစ်အားပေးသော်လည်း ကဖောမှာတော့ ဘန်ဝါး၏ တင်းပုတ်စာမမိအောင်ကိုပင် သတိကြီးကြီးထားကာ မနည်းရှောင်ရှားနေရတော့သည်။ တင်းပုတ်ကြီးက ခေါင်းပေါ်မှ ဝှီးကနဲ ဖြတ်သွားလိုက်၊ ကိုယ်လုံးဘေးမှ ပွတ်ကာသီကာလေး ဖြတ်သွားလိုက်နှင့် မို့ အားလုံးက မှင်တက်ကာ ကြည့်ရှုနေတော့လေသည်။
“ဒူ . . .”
မောင်းတစ်ချက်တီးလိုက်သည့်အခါတွင် တစ်ချီပြီးပြီဖြစ်သည်။ ကဖောက လငေါရှီးတို့ထံသို့ လမ်းလျှောက်လာလေသည်။
“သမီး ဘာဖြစ်နေတာလဲ”
“မသိဘူးအဖေ လက်တွေ ခြေတွေ လေးလံနေပြီးတော့ လှုပ်ရှားရတာကလည်း လေးလေးပင်ပင်ကြီးဖြစ်နေတယ်”
“ဒီအတိုင်းဆို သမီးတော့မလွယ်ဘူး၊ ဘန်ဝါးတိုက်ကွက်တွေက အားပါသလို ပြင်းလည်းပြင်းထန်တယ်၊ သမီးကြာကြာ ရှောင်နိုင်မှာမဟုတ်ဘူး”
“ထားလိုက်ပါအဖေ၊ ဒါနဲ့ တစ်ခုခုထူးခြားတာတွေ့လား”
“ဘန်ဝါးတိုက်ကွက်တွေက အားပြင်းတဲ့အတွက်ကြောင့် တိုက်ကွက်တစ်ခုနဲ့ တစ်ခုကြားမှာ အနည်းငယ်လေး နှေးနေတယ်၊ ဒီတော့ သမီးက ဒါကိုအခွင့်ကောင်းယူပြီးတော့ သူတိုက်ကွက်တစ်ခုနဲ့ တစ်ခုကြားမှာ မြန်ဆန်တဲ့လက်နက်တစ်ခုခုနဲ့ မြန်မြန်ဆန်ဆန်တိုက်ခိုက်ရလိမ့်မယ်”
ကဖောက ခေါင်းညိတ်လိုက်ပြီးတော့ ရေတစ်ခွက် ခပ်သောက်လိုက်တော့သည်။ တစ်ဖက်တွင်လည်း ဘန်ဝါးနှင့် လဘေးဝါးတိုက့ ပျော်ရွှင်နေကြလေသည်။
“လဘေးဝါးရဲ့ မင်းအစီအစဉ်က အလုပ်ဖြစ်တဲ့ပုံပဲ၊ ဘာလို့လဲဆိုတော့ ကဖောတိုက်ခိုက်နေတာကိုကြည့်ရင် အားမပါသလို ပြန်ပြီးတော့လည်းမတိုက်နိုင်ဘူးဖြစ်နေတယ်၊ ဒီတော့ ဒီတစ်ခါတော့ သူ့ကို အလွယ်ကလေး အနိုင်ရမှာပါ၊ ဒါပေမယ့် ပရိတ်သတ်တွေကလည်း ရှိသေးတယ်ဆိုတော့ ကဖောကို ချက်ချင်းအနိုင်မယူပြပဲနဲ့ တဖြေးဖြေးချင်းဆော့ကစားပြီးမှ အနိုင်ယူလိုက်မယ်လေ”
“ကျုပ်ကတော့ တာဝန်ကျေပြီနော်၊ ကျန်တာတော့ ခေါင်းဆောင်ကြီးစိတ်တိုင်းကျစီစဉ်ပါ”
လဘေးဝါးက ပြောလိုက်ပြီးနောက် ရယ်မောလိုက်တော့သည်။ မကြာခင် ကဖော ကွင်းထဲသို့ ပြန်ဝင်လာသဖြင့် ဘန်ဝါးလည်း ကွင်းထဲပြန်ဆင်းခဲ့သည်။
ပရိတ်သတ်များ၏ အားပေးသံများရော ဗုံတီးသံများကြောင့်ရော ကွင်းကြီးတစ်ခုလုံးက ဆူညံနေလေသည်။ ဘန်ဝါးက တင်းပုတ်ကြီးကို ကောက်လိုက်သည့်အခါတွင် ကဖောကတော့ လှံတိုကလေးနှစ်လက်ကို ဘယ်တစ်ဖက်ညာတစ်ဖက်ကိုင်ထားလိုက်တော့သည်။
ဒုတိယအချီစတင်ပြီဖြစ်သည်။ ဘန်ဝါးက ထပ်မံ၍ အပြေးဝင်လာပြီးတိုက်ခိုက်ရာ ကဖောမှာ ရှောင်ချည်း ရှောင်နေရတော့သည်။ သို့သော် တစ်ခါတွင် ဘန်ဝါး၏တိုက်ကွက်ကို ရှောင်လိုက်ရာမှ ဘန်ဝါးက နောက်လက်တစ်ဖက်ဖြင့် ကဖောခြေထောက်ကို ဆုပ်ကိုင်ပြီးနောက် ကဖောကို လွှင့်ပစ်လိုက်တော့သည်။ အားနည်းနေသည့်ကဖောမှာ ဆယ်ပေခန့်မျှ လွင့်ထွက်သွားပြီးနောက် မြေတွင်ကျလေတော့သည်။
“ကဖော . . နင် ဒုတိယအချီမှာပဲ ငါ့ကိုရှုံးပြီလား”
ဘန်ဝါးက အော်ဟစ်ရင်း ကဖောအနားသို့တစ်လှမ်းချင်းလျှောက်လာလေသည်။ ကဖောလည်း ရှိသမျှအားကိုစုစည်းပြီးနောက် မတ်တပ်ပြန်ရပ်လိုက်တော့သည်။
ဘန်ဝါးက ထပ်မံတိုက်ခိုက်ပြန်သည်။ ယခုတစ်ခါတွင်လည်း ရှောင်ရင်းတိမ်းရင်း အရှောင်မှားပြီးနောက် ဘန်ဝါးက ကဖောဝမ်းဗိုက်ကို ခြေဖြင့်ကန်ထည့်လိုက်ရာ အနောက်သို့လွင့်ထွက်သွားပြန်သည်။
“ကဖော နင်ဒီလောက်ပဲတတ်တာလား၊ နင့်အစွမ်းက ဒါအကုန်ပဲလား”
ဘန်ဝါးကပြောဆိုအော်ဟစ်လိုက်သည်။ ပရိတ်သတ်များမှာလည်း ကဖောအားကြည့်ကာ အားမလိုအားမရနှင့် အော်ဟစ်ကြတော့သည်။ ကဖောလည်း အားယူပြီး ပြန်ကုန်းထလိုက်တော့သည်။ လငေါရှီးက ခေါင်းကို တဆတ်ဆတ်ခါနေသည်။
“တစ်ခုခုတော့ မှားနေပြီကွ၊ ကဖော ဘာဖြစ်နေတာလဲ”
(၁၇)
ကျောက်တုံးမြို့တော်ကြီးက လူသူရှင်းနေလေသည်။ လိပ်ဘိုးဘိုး တစ်ယောက်တည်းလမ်းလျှောက်လာရင်း ကဖောတို့တည်းခိုသည့်အဆောင်နားသို့ရောက်လာခဲ့သည်။ ထို့နောက် ထိုနေရာကိုလှည့်ပတ်ကြည့်ရှုလိုက်ရာ ကဖောခြေရာတွင် စိုက်နေသည့် အစီအရင်တစ်ခုကိုတွေ့လိုက်ရတော့သည်။ လိပ်ဘိုးဘိုးက ဘေးဘီကိုတစ်ချက်ကြည့်ပြီးနောက် လူရှင်းသဖြင့် ထိုအစီအရင်ကို လက်ညှိုးထိုးလိုက်ရာ သူ့လက်ညှိုးမှ ပြင်းထန်သည့် မီးလုံးတစ်ခုထွက်လာကာ အစီအရင်ကိုထိသွားပြီးနောက် အစီအရင်ကလေးမှာ အစိတ်စိတ်အမွှာမွှာကွဲသွားကာ မီးလောင်ပျက်စီးသွားတော့လေသည်။
“အင်း . . တော်တော် ယုတ်မာတဲ့လူတွေပါလား”
လိပ်ဘိုးဘိုးက ထိုသို့ရေရွတ်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားတော့သည်။ ထို့နောက် ကျောက်တုံးမြို့တော်၏ နန်းတော်ကြီးမှ မျှော်စင်ကြီးတစ်ခုကို ငေးကြည့်ရင်း ရေရွတ်လိုက်တော့သည်။
“နေုာက်ဆံမတင်းနဲ့တော့ လချေရှီးရေ၊ မင်းကောင်မလေးကို ငါနိုင်အောင်လုပ်ပေးခဲ့ပြီ၊ မင်းသာ မင်းအလုပ်ကို သေချာလုပ်”
လချေရှီးလည်း နန်းတွင်းထဲသို့ လိပ်ဘိုးဘိုးပြလိုက်သည့်အပေါက်မှ ဝင်ခဲ့တော့သည်။ နန်းတော်ထဲတွင် အစောင့်အင်အား အလွန်နည်းပါးနေလေသည်။ အစောင့်ရဲမက်များအားလုံးလိုလို ပြိုင်ပွဲကွင်းအတွင်းသို့ ရောက်နေလောက်ကြပြီဖြစ်သည်။ လချေရှီး လျှင်မြန်စွာဖြင့် မျှော်စင်ဆီသို့ပြေးလာခဲ့တော့သည်။ အဘိုးအို ခန့်မှန်းထားသည့်အတိုင်း မျှော်စင်တွင် အစောင့်အကြပ်မရှိဘဲ သော့သာခတ်ထားလေသည်။ လချေရှီးက လွယ်အိတ်ထဲမှ ဝါးဆစ်ဗူးကလေးကို ထုတ်လိုက်ပြီးနောက် သော့ပေါက်ထဲလောင်းထည့်လိုက်တော့သည်။ မကြာခင်တွင် တရှဲရှဲအသံမြည်ပြီးနောက် သော့မှာပွင့်သွားတော့သည်။ လချေရှီးက တံခါးကိုအသာတွန်းဖွင့်လိုက်ကာ မျှော်စင်ထဲသို့ ဝင်ခဲ့တော့သည်။
မျှော်စင်ထဲတွင်တော့ စာအုပ်များအပြည့်နှင့်ဖြစ်သည်။ စာအုပ်စင်တွေနှင့် စာအုပ်တွေကို အပြည့်ထည့်သိပ်ထားသည်။ မျှော်စင်အလယ်တွင် ကြောင်လိမ်လှေကားတစ်ခုရှိပြီး ထိုကြောင်လိမ်လှေကားအတိုင်းအပေါ်သို့ပြေးတက်ရတော့သည်။ မျှော်စင်ကြီးမှာ အတော်မြင့်မားသဖြင့် ထိပ်ဆုံးရောက်ရန် မနည်းတက်ရတော့သည်။ အထပ်တိုင်းတွင် စာအုပ်များက ပြည့်လျှံနေလေသည်။ တက်ရင်းနောက်ဆုံးတော့ အပေါ်ဆုံးထပ်ရောက်သွားတော့သည်။ စာအုပ်စင် ဆယ်ခုခန့်ရှိပြီး စာအုပ်အထူကြီးတွေက အပြည့်ဖြစ်သည်။
“ထူးဆန်းတာကိုရှာ . . . ထူးဆန်းတဲ့ စာအုပ်ကိုရှာ”
လချေရှီးကပြောလိုက်ပြီးနောက် ညာဖက်အစွန်ဆုံး စာအုပ်စင်မှ စာအုပ်များကို သေချာကြည့်ရှုနေတော့သည်။ စာအုပ်များအားလုံးမှာ အထူကြီးများဖြစ်ကြပြီး စာအုပ်တွေကိုလှန်လှောကြည့်သော်လည်း ဘာမှမထူးခြားပေ၊ လချေရှီးက စိုက်ကြည့်နေရင်း တစ်နေရာတွင် အလွန်ပါးလွှာသော စာအုပ်ကလေးကို တွေ့လိုက်ရတော့သည်။
“အင်း . . . အရမ်းထူတဲ့ စာအုပ်ကြီးတွေထဲမှာ ဒီစာအုပ်ကတော့ ပါးပါးလေးဆိုတော့ ဒီစာအုပ်က ထူးခြားတဲ့စာအုပ်များလား”
လချေရှီးက ထိုစာအုပ်ကို ယူပြီးလှန်လိုက်သည်။ ထင်သည့်အတိုင်းပင် အတွင်းတွင် စာရွက် ငါးရွက်သာပါသည်။ ပထမဆုံးစာရွက်တွင် နေပုံဆွဲထားလေသည်။ နောက်တစ်ရွက်ကိုလှန်ကြည့်သောအခါ လခြမ်းကွေးကွေးလေးကို ဆွဲထားပြီး နောက်တစ်ရွက်တွင်တော့ ကြယ်ပုံဖြစ်သည်။ အရှေ့ဆုံးနှင့် နောက်ဆုံးစာရွက်ကတော့ အလွတ်ကြီးဖြစ်နေသည်။
“ဟုတ်ပြီ ဒီစာအုပ်က ထူးတော့ထူးနေပြီ”
ထို့နောက် အောက်ထပ်သို့ပြန်ဆင်းရန် လှေကားကိုသွားလိုက်တော့သည်။ ထိုအခါ အမှတ်မထင်ပဲ ကြောင်လိမ်လှေကားကြီးအလယ်မှနေ၍ အောက်သို့ ငုံ့ကြည့်မိလိုက်တော့သည်။ ထိုအခါ မျှော်စင်၏ အောက်ဆုံးထပ်ကြမ်းပြင်တွင် ပုံများစွာရေးဆွဲထားသည်ကိုတွေ့ရတော့သည်။ လချေရှီးလည်း အလျှင်အမြန်ပင် အောက်သို့ပြေးဆင်းလာခဲ့သည်။ ပုံတွေက အစုံပင်ဖြစ်သော်လည်း နေပုံ လပုံနှင့် ကြယ်ပုံကို လချေရှီးကရှာဖွေလိုက်သည်။
“နေကအရင်လာတာဆိုတော့ နေပုံကို မတ်တပ်ရပ်ကြည့်မယ်”
သို့သော် ဘာမှမဖြစ်ပေ။
“ပြီးရင် လပုံပေါ်တက်ကြည့်မယ်”
ထိုအခါတွင် လပုံဖော်ထားသောကြမ်းနင်းပြားလေးသည် အနည်းငယ်ချိုင့်ဝင်သွားတော့သည်။
“ဟုတ်ပြီ၊ ထူးတော့ထူးနေပြီ၊ နောက်ဆုံးကတော့ ကြယ်ပုံပဲ”
ကြယ်ပုံဖော်ထားသည့် ကြမ်းပြားကိုနင်းလိုက်သည့်အခါတွင် ကြမ်းပြားမှာ ခြေတစ်ဖဝါးစာလောက်ချိုင့်ဝင်သွားပြီးနောက် ချောက်ခနဲ မြည်သံကို ကြားလိုက်ရတော့သည်။ ထို့နောက် ငလျင်တုန်လှုပ်သလို တုန်လှုပ်လာကာ ကြမ်းနင်းပြားများမှာ တဖြည်းဖြည်းနိမ့်ဆင်းသွားပြီး နောက်ဆုံးတော့ ကျောက်လှေကားကြီးတစ်ခုအသွင်ဖြစ်သွားတော့သည်။
“ရပြီကွ . . . ရပြီ”
လချေရှီးတစ်ယောက် ပျော်ရွှင်သွားပြီးနောက် မီးတုတ်တစ်ခုကို မီးညှိုလိုက်ပြီး မှောင်မည်းနေသည့် မြေအောက်ခန်းထဲသို့ ဆင်းခဲ့တော့သည်။ မီးတုတ်အလင်းရောင်ကြောင့် မြေအောက်ခန်းက လင်းနေသည်။ မြေအောက်ခန်းတွင် စာကြည့်စားပွဲတစ်ခုရှိပြီး စာအုပ်များကို စင်များနှင့် တင်ထားကြလေသည်။ လချေရှီးလဲ စာအုပ်စင်များဆီသို့ ပြေးပြီးစာအုပ်များကို ရှာနေတော့သည်။
စာအုပ်စင်တစ်ခုတွင် လီဝါးတို့၏ မှတ်တမ်းများဟု ရေးသားထားသည်ကိုတွေ့သဖြင့် ထိုစာအုပ်ကြီးကို ယူခဲ့တော့သည်။ စာအုပ်ကြီးမှာ အထူကြီးနှင့် အလေးကြီးဖြစ်ရာ လချေရှီးမှာ ကြိုးများနှင့်ချည်ပြီး ကျောကုန်းတွင်ထမ်းပိုးခဲ့ရတော့သည်။ မြေအောက်ခန်းမှ ပြန်အတက်တွင် လိပ်ဘိုးဘိုးမှာလိုက်သည်ကို သတိရသွားတော့သည်။
မြေအောက်ခန်းအလယ်တွင် စာကြည့်စားပွဲတစ်ခုရှိပြီး ထိုစာကြည့်စားပွဲပေါ်တွင် သစ်သားနှင့်စင်ကလေးတစ်ခုလုပ်ထားရာ ထိုစင်ကလေးပေါ်တွင် စာလိပ်ကလေးတစ်ခုကို ကြိုးဖြင့်ချည်ပြီး သေချာတင်ထားလေသည်။ လချေရှီးလည်း ထိုစာလိပ်မှာ လိပ်ဘိုးဘိုးမှာလိုက်သည့် စာလိပ်ဖြစ်မည်ဟု ယူဆပြီးနောက် ထိုစာလိပ်ကလေးကိုပါယူပြီး ထိုနေရာမှလှည့်ထွက်ခဲ့တော့သည်။
“ဟေ့ကောင်လေး . . လာဦး”
အမှောင်ထဲမှ ခေါ်သံကိုကြားလိုက်ရသည်။ လချေရှီးတစ်ယောက် တုန်လှုပ်သွားတော့သည်။ ထိုနေရာမှ အပြင်အမြန်ထွက်ဖို့ရာအတွက် ခြေလှမ်းလှမ်းလိုက်တော့သည်။
“ဟေ့ကောင်လေး . . လာပါဦးဆိုနေမှပဲ”
“ဘယ် . .ဘယ်သူလဲ သရဲလား”
“လာမှာသာလာစမ်းပါကွာ”
ခေါ်သံကြားသည့်နေရာသို့ မီးတုတ်ဖြင့်လိုက်သွားလိုက်ရာ အခန်းထောင့်တွင် ချိတ်တစ်ခုနှင့်ချိတ်ထားသည့် အဝတ်စတစ်ခုမှလွဲ၍ ဘာမှမရှိပေ။
“ယူလိုက် . . ငါ့ကိုယူလိုက်”
“ဟင် . . အဝတ်စက စကားပြောနေတယ် . . ဟုတ်လား”
“ငါက ရိုးရိုးအဝတ်စမဟုတ်ဘူးကွ ကဲရိသရဲ့ ခြုံထည်ပဲ၊ လုပ်စမ်းပါ ငါ့ကိုယူလိုက်”
လချေရှီးလည်း မဝံ့မရဲနှင့် ခြုံထည်ကို ကိုင်ကြည့်လိုက်သည်။ ခြုံထည်မှာ အလွန်ပျော့ပြောင်းသည့် အဝတ်စတစ်မျိုးဖြစ်ပြီး ချောမွေ့နေလေသည်။ မီးရောင်အောက်တွင် ခြံထည်အနားတွင် ရွှေရောင်များက တလက်လက်ဖြစ်နေလေသည်။
“ဂျိန်း . . .”
မျှော်စင်တံခါးဖွင့်သံကိုကြားလိုက်ရသည်။ လချေရှီးလဲ လန့်သွားတော့သည်။
“ဘယ်သူလဲကွ . . ကြမ်း . .ကြမ်းပြင်ကြီးက ဘာဖြစ်နေတာလဲ”
အစောင့်စစ်သားများ ပြန်လာကြပြီထင်သည်။ ထိုအခါ အစောင့်စစ်သားများ၏ ဓါးထုတ်သံတချွင်ချွင်ကိုကြားလိုက်ရပြီးနောက် အစောင့်စစ်သားများ မြေအောက်ခန်းသို့ ဆင်းလာကြတော့သည်။
“မီးကိုမှုတ်ပြီးတော့ ငါ့ကို မြန်မြန်ခြုံလိုက်စမ်း”
ခြုံထည်ကြီးက စကားပြောနေသည်မို့ လချေရှီးလဲ မီးတုတ်ကို ငြိမ်းသတ်လိုက်ကာ ပစ်ချလိုက်ပြီးနောက် ခြံထည်ကို လည်ပင်းတွင် ပတ်လိုက်တော့သည်။ အလွန်နွေးထွေးပြီး ထူးဆန်းသည့် ခံစားမှုမျိုးကိုရခဲ့တော့သည်။ ထိုအခိုက်ပင် အစောင့်များက မီးတုတ်များကိုင်ကာ မြေအောက်ခန်းထဲသို့ ဝင်လာတော့သည်။ လချေရှီးလည်း ကြောက်လန့်ပြီး တုတ်တုတ်မျှမလှုပ်ဘဲ မတ်တပ်ရပ်နေသည်။ သို့သော် အစောင့်များက သူ့ကိုမမြင်ရသလိုဖြစ်နေကာ လှည့်ပတ်ရှာနေကြသည်။ လချေရှီးင အစောင့်စစ်သားများအလစ်တွင် အသာကလေး အပေါ်တက်ခဲ့တော့သည်။ နန်းတွင်းထဲတွင် စစ်သားများပြန်ရောက်နေသော်လည်း လချေရှီးကို မည်သူမျှမမြင်ရပေ။ ထို့ကြောင့် အေးအေးလူလူနှင့် နန်းတော်ရှေ့တံခါးပေါက်မှပင် အသာကလေးထွက်လာတော့သည်။ မြို့တော်အတွင်း လူခြေပြတ်သည့်နေရာသို့ရောက်တော့မှ ခြုံထည်ကိုချွတ်လိုက်တော့သည်။
“ဟေး လွတ်ပြီဟေ့”
ခြံထည်ကြီးက အော်ဟစ်လိုက်ပြီးနောက် မိုးပေါ်သို့ ပျံတက်သွားတော့သည်။ လချေရှီးလည်း အံ့သြပြီးကြည့်နေရာမှ အသိစိတ်ပြန်ဝင်လာပြီးနောက် လိပ်ဘိုးဘိုးဆီသို့ပြေးခဲ့တော့သည်။ သို့သော်လမ်းခုလတ်တွင် အကြံတစ်ခုရသွားသည်။ ပြိုင်ပွဲက ပြီးသေးမည်မဟုတ်သေး။ ထို့ကြောင့် ပြိုင်ပွဲကွင်းဆီသို့ပြေးလာပြီး အထူးတန်းလတ်မှတ်ဖြင့် ဝင်ကြည့်လိုက်တော့သည်။
(၁၈)
ကဖောတစ်ယောက် တိုက်ခိုက်နေရာမှ ရုတ်တရက်အားအင်များ ပြန်ရလာသည်ကို သတိထားမိလိုက်တော့သည်။ သို့သော် ဘန်ဝါးကတော့ ထိုအဖြစ်ကို မရိပ်မိသေးပေ။ ကဖောကို သူကြိုက်သလိုဆော့ကစားနေလေသည်။ ကဖောလည်း အသာကလေး ရေလိုက်ငါးလိုက်လုပ်နေလိုက်သည်။ ပရိတ်သတ်၏ မကျေမနပ်နှင့် ဆဲဆိုသံများ အော်ဟစ်သံများကိုကြားနေရလေသည်။ ကဖောက ပရိတ်သတ်ကိုလှမ်းကြည့်လိုက်ရာ အထူးတန်းပွဲကြည့်စင်တွင် လချေရှီးကို မြင်တွေ့လိုက်ရတော့သည်။
“လုပ်စမ်းပါ ကဖောရယ်၊ နင်လုပ်နိုင်ပါတယ်”
အပိုင်း (၅) တွင်ဆက်လက်ဖတ်ရှုပါ။