(၁)
မိုးရာသီကုန်လုပြီဖြစ်သော်လည်း ရိုးမပေါ်တွင်တော့ မိုးက အုံ့ဆိုင်းလျှက်ရှိသည်။ ဥတုရာသီ တောကိုမှီ၏ ဆိုသည့် စကားပုံအတိုင်း နက်ရှိုင်းထူထဲလှသော ရိုးမတောကြီးအနီး ဒေသများတွင်တော့ ရာသီဥတုလည်း မိုးဆိုလည်းမိုးအလျှောက်၊ ဆောင်းဆိုပြန်လျှင်လည်း ဆောင်းအရသာကို ပီပီသသခံစားရလေသည်။ ယခုလည်း သီတင်းကျွတ်ခဲ့ပြီးဆိုသော်လည်း မိုးသားတိမ်လိပ်တစ်ချို့က ရိုးမတောင်တန်းကြီးအပေါ်တွင်လွှမ်းခြုံထားလေသည်။
ဦးတောကျော်တစ်ယောက် မိုးပေါ်ကိုတစ်ချက်မော့ကြည့်လိုက်ပြီး တောအုပ်အတွင်းခပ်မြန်မြန်လှမ်းသွားလိုက်သည်။ မကြာခင် ဝါးရုံတစ်ခုအနီးတွင် လှုပ်ရှားသံများကြားရသည်။ တစီစီ၊ တအိအိ အော်သံများကိုလည်း ကြားလိုက်ရသည်မို့ တောဝက်များပင်ဖြစ်လိမ့်မည်ဟု တွေးလိုက်ပြီး ဦးတောကျော်လည်း တောဝက်သာပစ်ခတ်တော့မည်ဟု တွေးလိုက်ကာ ထိုနေရာသို့အသာချဉ်းကပ်ခဲ့သည်။
ယခုရာသီဥတုအခြေအနေအရ မကြာခင်ပင် မိုးရွာသွန်းတော့မည်မို့ ဦးတောကျော်တစ်ယောက် တွေ့သည့်သားကောင်ကိုသာ ပစ်ခတ်ပြီး ရွာထဲပြန်ရန်အတွက် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မိုးရွာသည့်အခါ ဦးတောကျော်တို့လို မုဆိုးများအဖို့ အလွန်အခက်တွေ့လှသည်။ သွားရလာရ၊ ခက်ခဲသည်ကတစ်ကြောင်း၊ မိုးရွာလျှင် အချို့သားကောင်များမှာ သူတို့နေထိုင်ရာ ကျင်း၊ အသိုက်တွင် ပုန်းအောင်းနေတတ်ကြသည်က တစ်ကြောင်းဖြစ်သည်။ ထိုထက်ပိုဆိုးသည်မှာတော့ ယမ်းမှုန့်များရေစိုကာ သေနတ်မီးမပေါက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဦးတောကျော်က မိုးရာသီတွင် တောလယ်လေ့သိပ်မရှိ၊ မိုးများလျှင် အိမ်မှာသာ ငြိမ်ကုပ်နေလျှက် ရှိသည့်ဟင်းလျာ၊ အခြောက်အခြမ်းဖြင့်သာ ဝမ်းဖြည့်ရတော့သည်။
ပြီးခဲ့သည့် ရက်များအတွင်း ရိုးမပေါ်တွင် မိုးများစွေလျှက် တစ်ပတ်ခန့်ကြာအောင် ရွာသွန်းခဲ့သည်မို့ ဦးတောကျော်တောမလယ်ဖြစ်၊ အိမ်တွင်ရှိသည့် အသားခြောက်များနှင့်သာ ဝမ်းဖြည့်နေခဲ့ရသည်။ ယနေ့တော့ မနက်ပိုင်းတွင် ထူးထူးဆန်းဆန်း နေပူနေသည်မို့ အသားစိမ်း မစားရသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် သေနတ်ထမ်းကာ တောလယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကံမကောင်းပေ၊ နေပင်မွန်းမတည့်သေး မိုးရိပ်က သန်းလာပြီဖြစ်သည်။
တောဝက်အုပ်မှာ ဝါးရုံတောအနီးတွင် ပြေးလွှားနေကြလေသည်။ ထိုဝါးရုံမှာ ထီးဝါးရုံဟုခေါ်သည့် ဝါးရုံတစ်မျိုးဖြစ်သည်။ ထိုဝါးမျိုးမှာ အခြားဝါးများကဲ့သို့ မိုးဦး၊ မိုးလယ်တွင် မျှစ်အစို့မထွက်ဘဲ မိုးနှောင်းကာလမှသာ မျှစ်အစို့များထွက်တတ်သည်။ ထွက်သည့်မျှစ်အစို့များမှာလည်း အလွန်သေးငယ်ကာ ရှည်မြောမြောရှိသည်။ သို့သော် ထိုဝါး၏ မျှစ်စို့မှာ အခြားဝါးများထက် ပိုချိုကာ၊ အဆိမ့်အရသာပိုလေးသည်။ ထိုကဲ့သို့ မျှစ်မျိုးကို တောဝက်များပင်မက လူပါကြိုက်နှစ်သက်သည်။ ယခုဝါးရုံသည်ပင် တောနက်အတွင်းရှိနေသည်မို့သာ လူအရောက်အပေါက်နည်းနေသောကြောင့် မျှစ်စို့များ ကျန်နေခဲ့ခြင်းဖြစ်နိုင်သည်။
တောဝက်များမှာ များသောအားဖြင့် အုပ်ဖွဲ့နေကြလေ့ရှိသည်။ တောဝက်အုပ်အား အစွယ်ကောင်းကောင်းရှိသည့် ဝက်ထီးတစ်ကောင်က ဦးဆောင်သည်။ ဝက်အုပ်ထဲတွင် အခြားဝက်ထီးများနည်းပါးပြီး အများစုမှာ ဝက်မများနှင့် ဝက်သားပေါက်ကလေးများဖြစ်ကြသည်။ တောဝက်တစ်အုပ်လုံးမှာ ထိုဝက်ထီး၏ ဦးဆောင်မှုအနောက်တွင်နေထိုင်ကြလေသည်။ ထိုဝက်ထီးက ပြေးလျှင် တစ်အုပ်လုံးလိုက်ပြေးတတ်သလို၊ ထိုဝက်ထီးက ရန်ပြုသူအား ပြေးထိုးသည့်အခါ အခြားဝက်များပါ လိုက်ပြီးပြေးထိုးတတ်ကြသည်။
တောဝက်အုပ်တစ်အုပ်တွင် ငါးကောင်၊ ဆယ်ကောင်မှစ၍ အကောင်နှစ်ဆယ်၊ သုံးဆယ်ခန့်ရှိသည်။ တောဝက်များအတွက် အစာရေစာပေါများပြီး နေထိုင်ကျက်စားသည့် သဘာဝကောင်းလျှင် တောဝက်အုပ်တွင် ကောင်ရေရာချီရှိနိုင်သည်။ သို့သော် တောဝက်ဆိုသည့်အတိုင်း အလွန်ရိုင်းစိုင်းကြမ်းကြုတ်သည်။ တောဝက်အုပ်သည် သားကောင်ဖြစ်စေ၊ ရန်ပြုသူဖြစ်စေ တွေ့လျှင် ထွက်ပြေးသည်ထက် အုပ်စုလိုက် ပြေးလာကာ တိုက်ခိုက်တတ်ကြသည်။ ထို့ကြောင့် တောတက်သည့်လူများမှာ တောဝက်များကို အထူးသတိထားရသည်။ တောဝက်အုပ်နှင့််တွေ့လျှင် ဝေးဝေးကရှောင်ကွင်းကာ သွားကြရသည်။ တောဝက်အုပ်နှင့် ပက်ပင်းတိုးသည့်အခါ အပြေးမြန်မှလွတ်သည်။ တောဝက်ကြောင့်် အသက်သေဆုံးသွားသူများလည်း တပုံတပင်ရှိသည်။
တောဝက်သည် သာမန်အားဖြင့် လူတစ်ယောက်ထက် အရပ်ပုသည့်အတွက် လူတစ်ဦးအား အစွယ်ဖြင့်ပက်လျှင်ပင် ပေါင်နှင့် ခြေထောက်အောက်ပိုင်းသို့သာ ထိတတ်ကြသည်။ သို့သော် လူတစ်ယောက်လဲကျသွားသည့်အခါမှသာ မြေတွင်လှိမ့်၍ ထိုးပက်တတ်သည်။ ဝက်မများထံတွင် အစွယ်များမရှိတတ်ကြသော်လည်း ဦးခေါင်းချွန်ချွန်နှင့် ဝှေ့သည့််ဒဏ်က သစ်တုံးသစ်ချောင်းများနှင့်် ရိုက်နှက်တတ်သကဲ့သို့ နာကျင်တတ်သည်။ အချို့ဝက်များမှာ ကိုယ်လုံးနှင့််တွန်းတိုက်ကြပြီး တက်ဖိတတ်သေးသည်။
ဦးတောကျော်တို့လို မုဆိုးများကတော့ တောဝက်တွေ့လျှင် ပျော်ကြသည်။ သေနတ်ကိုအသင့်ပြင်ပြီး ဝါးရုံအနီးသို့ကပ်ခဲ့သည့်အခါ တောဝက်များက မျှစ်စို့များကိုစားသောက်နေကြသည်။ မျှစ်စို့များမှာ စားသောက်၍ကုန်သလောက်ဖြစ်နေသည့်အခါ ဝါးပင်အနုများကိုက်ဖြတ်စားသောက်ကြသည်။ တောဝက်အုပ် ရှိနေသဖြင့် ဝါးရုံတစ်ဝိုက်တွင် ဗွက်ပေါက်နေလေသည်။ အချို့ဝက်ထီးများက ဝါးရုံအနီးရှိ သစ်ပင်များကို အစွယ်နှင့်ထိုးသည်။ လူကြီးပေါင်လုံး၊ လက်မောင်းလုံးခန့်ရှိသည့် အပင်များတွင် ဝက်ထိုးရာများမှာ ပွထနေသည်။ တောဝက်များထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ အစွယ်သွေးခြင်းသဘောဖြစ်သည်။ သစ်ပင်စည်နှင့်် ပွတ်တိုက်ရာမှ အစွယ်များချွန်ထက်နေစေရန်အတွက် ပြုလုပ်ကြခြင်းဖြစ်သည်။
ဦးတောကျော်မှာ ပစ်ကွင်းမသာပေ၊ ဝါးရုံပင်အောက်တွင် တောဝက်များက ပြန့်ကျဲနေသောကြောင့်ဖြစ်သည်။ သို့နှင့်် ကုန်းမြင့်တစ်ခုအပေါ်သို့တက်ခဲ့ပြီး မုဆိုးထိုင် ထိုင်ချလိုက်ကာ သေနတ်ကိုအသင့်ချိန်ရွယ်ထားလိုက်လေသည်။
“ဟေး၊ ကလူ . . ကလူ . . . ကလူ”
ဦးတောကျော်အသံပေးလိုက်သည့်အခါ တောဝက်အုပ်မှ ဝက်များမှာ ခေါင်းထောင်ကြည့်ကြသည်။ ပြီးနောက် အတန်ကြာမျှ ငြိမ်သက်နေလေသည်။ ထိုသည်မှာ တောဝက်အုပ်အား ဦးဆောင်သည့် ဝက်ထီး၏လှုပ်ရှားမှုကိုစောင့်နေကြခြင်းဖြစ်သည်။ ထို့နောက် ဝါးရုံအနောက်ကွယ်မှ တောဝက်ထီးတစ်ကောင်က အပြေးထွက်လာလေသည်။ ကုန်းမြင့်ပေါ်တွင်ထိုင်နေသည့် ဦးတောကျော်အား မော့ကြည့်ပြီးနောက် ဝက်ထီးမှာ နောက်ခြေများကို မြေကြီးပေါ်တွင် ယက်လိုက်လေသည်။
“လာစမ်းပါကွ၊ လာစမ်းပါ”
ဝက်ထီးကြီး၏ အစွယ်မှာ လက်ငါးသစ်ခန့်ရှိမည်ထင်ရပြီး အပေါ်သို့ချွန်ကာ ကော့လန်နေသည်။ သစ်ပင်စည်များကို ထိုးထားသည်မို့ ဝက်စွယ်မှာ ပြောင်လက်နေကာ ချွန်မြနေသည်။ ဝက်ထီးကြီးက အသံတစ်ခုပေးလိုက်ပြီးနောက် တောင်ကုန်းအပေါ်သို့ပြေးတက်လာလေသည်။။ ထိုအသံမှာ တောဝက်အုပ်အား ရန်သူကိုတိုက်ခိုက်ရန်အမိန့်ပေးသည့်အသံဖြစ်သည်။ ဝက်ခေါင်းဆောင်၏ အမိန့်သံကိုကြားလိုက်ရသည်မို့ ဝက်အုပ်အတွင်းမှ ဝက်ထီး၊ ဝက်မများက ခေါင်းဆောင်အနောက်သို့ ပြေးလိုက်လာကြသည်။
ဝက်ငါးကောင်ခန့်ရှိသည့် ဝက်များကို ဦးဆောင်လျှက် တောဝက်ထီးကြီးက အရှေ့ဆုံးမှပြေးတက်လာလေသည်။ ဦးတောကျော်လည်း ထိုဝက်ထီးကြီး၏ ဦးခေါင်းကို အသေအချာချိန်ထားမိသည်။ ကုန်းမြင့်ပေါ်သို့ ပြေးတက်နေရခြင်းဖြစ်သဖြင့် တောဝက်မှာ ထင်သလောက်မမြန်ပေ၊ ထို့အပြင် ဦးတောကျော်ထံသို့ တန်းတန်းမတ်မတ်ပြေးလာသဖြင့် ပစ်ကွင်းရှင်းလင်းနေသည်။
“လာကြပါကွ၊ ထပ်တိုးလာခဲ့ကြ”
ဦးတောကျော်က ရေရွတ်လိုက်သည်။ မကြာခင် တောဝက်အုပ်မှာ ဦးတောကျော်နှင့်် ခြေလှမ်းနှစ်ဆယ်ခန့်အကွာသို့ရောက်လာလေရာ ထိုတော့မှ ဦးတောကျော်လည်း သေနတ်မောင်းခလုပ်ကိုဖြုတ်ချလိုက်လေသည်။
“ဒိန်း”
ဦးတောကျော်ထံသို့ ပြေးလာသည့်် တောဝက်ထီးကြီးမှာ ကျည်ဆန်ကန်အားကြောင့် အနောက်သို့ကျွမ်းပစ်ကာ မြောက်တက်သွားပြီး ကုန်းစောင်းအတိုင်း လိမ့်ဆင်းကာ လျှောကျသွားလေသည်။ ထိုအခါ အနောက်မှလိုက်လာသည့် တောဝက်များမှာ ရပ်တန့်သွားတော့သည်။ ဦးတောကျော်က မတ်တပ်ရပ်လိုက်ပြီး ကြောက်မက်ဖွယ်အသံကြီးနှင့် အော်ဟစ်လိုက်သည့်အခါ ကျန်သည့််တောဝက်များမှာ ကြောက်လန့်ပြီးထွက်ပြေးကုန်ကြသည်။ ဦးတောကျော်အော်သံကို ကြောက်လန့်သည်ထက် သူတို့ဝက်အုပ်ခေါင်းဆောင် အသက်ပျောက်သွားသည်ကို ပိုမိုကြောက်လန့်သွားခြင်းဖြစ်သည်။ ဝါးရုံပင်အနီးရှိ တောဝက်အုပ်မှာလည်း ကစဉ့််ကလျားဖြင့်ပြေးတော့သည်။
ဦးတောကျော်လည်း တစ်ချက်ပြုံးလိုက်ကာ တောင်စောင်းအတိုင်းဆင်းလာခဲ့သည်။ တောင်စောင်းအောက်ခြေတွင် တောဝက်ထီးကြီးမှာ ဆန့်ဆန့်ကြီးလဲကျနေပြီဖြစ်သည်။ ဦးတောကျော်က ဝက်ထီးကြီးကိုကြည့်ကာ မှန်းကြည့်သည်။
“အကောင်ကတော့ နည်းနည်းသေးတယ်၊ အလွန်ဆုံးရှိ ပိဿာခြောက်ဆယ်ပေါ့”
ဦးတောကျော်လည်း ထိုတောဝက်ကြီးကို ဖက်ရွက်များဖြင့် ဖုံးအုပ်၍ နေရာမှတ်သားခဲ့ကာ ရွာသို့ပြန်လာခဲ့သည်။ ရွာရောက်မှ ရွာသားများကိုခေါ်ဆောင်ကာ ဝက်ထမ်းသယ်ကြရန်ဖြစ်သည်။
(၂)
သို့သော် ရွာသို့မရောက်ခင်မှာပင် ဖိုးရှမ်းနှင့်် လူတစ်စုက ဝက်မတစ်ကောင်ကို ဆွဲလျှက် တောင်ပေါ်တက်လာသည်ကိုမြင်တွေ့လိုက်ရလေသည်။
“ဟာ၊ ဟန်ကျတာပဲဟေ့၊ ဖိုးရှမ်း၊ မင်းတို့ဘာလာလုပ်တာလဲ”
“ကျုပ်တို့တောဝက်စပ်ဖောက်မလို့၊ ဝက်တောင်းမြှူဖို့လာခဲ့တာပဲဗျ”
ဦးတောကျော်က ဖိုးရှမ်းဆွဲလာသည့် ဝက်မကြိးကိုကြည့်လိုက်ရင်း
“ဒါနဲ့ မင်းဝက်မကရော ဆင်းပြီလားကွာ”
“ဆင်းနေတာ နှစ်ရက်၊ သုံးရက်လောက်ရှိပြီး ဦးတောကျော်ရေ”
ဝက်မများမှာ မိတ်လိုက်ချိန်နီးလျှင် သွေးများဆင်းတတ်လေရာ ဦးတောကျော်က မေးမြန်းမိလိုက်ခြင်းဖြစ်သည်။ ဖိုးရှမ်းကပင်
“ဒါနဲ့ဦးတောကျော်၊ တောဝက်တွေ ဘယ်နားရှိမလဲဗျ”
“ရှိပါ့ကွာ၊ ပေါလို့၊ ခုနကတောင်မှ ငါတောဝက်တစ်အုပ်နဲ့တွေ့ပြီးတော့ ဝက်ထီးတစ်ကောင်ရခဲ့သေးတယ်ကွ”
“ဟန်ကျတာပေါ့ဗျာ၊ ဒါဆိုကျုပ်တို့ အဲဒီဘက်ကိုလိုက်ခဲ့မယ်”
“အေးအေး၊ ငါလည်းဟန်ကျသွားတာပေါ့၊ မင်းတို့ပြန်တဲ့အခါ ငါ့ဝက်ကို ဝိုင်းထမ်းပေးကြကွာ၊ ငါ မင်းတို့ကို တောဝက်သားကျွေးပါ့မယ်”
သို့နှင့် ဖိုးရှမ်းတို့လူတစ်စုမှာ ဝက်မကြီးဆွဲကာ တောင်ပေါ်သို့ဆက်တက်လာခဲ့လေသည်။ ဝါးရုံတစ်ခုအနီးတွင် ဝက်မကြီးကို လည်ပင်းတွင် ကြိုးခိုင်ခိုင်ချည်ကာ ခိုင်မာသည့် ဝါးပင်များဖြင့် ချည်နှောင်ထားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကို သူတို့အရပ်တွင် ဝက်မြှူသည်၊ တောဝက်မြှူသည်ဟုခေါ်သည်။ မိတ်လိုက်ချင်နေသော ရိုးရိုးအိမ်မွှေးဝက်မအား၊ တောတွင်းထားခဲ့သည့်အခါ တောဝက်ထီးများနှင့််တွေ့ဆုံကြပြီး မိတ်လိုက်ကြလေတော့သည်။ ထို့နောက် ဝက်မကိုသွားပြန်ခေါ်လာပြီး အိမ်တွင်ဆက်မွေးသည်၊ ထိုဝက်မမှ ပေါက်လာသော ဝက်ကလေးများမှာ တောဝက်နှင့်အိမ်မွေးဝက် ပေါင်းစပ်ထားသဖြင့် အသားဆူဖြိုးကာ တစ်မျိုးစားကောင်းသည်။ အိမ်မွေးဝက်ကဲ့သို့ အဆီမများ၊ အခေါက်မထူ၊ အသားမပျော့ဘဲ၊ တောဝက်ကဲ့သို့လည်း အသားမာမာ၊ အရေထူထူမဟုတ်ပေ၊ ထိုဝက်မျိုးကို စပ်မျိုးဟုခေါ်ကြသည်။ အထူးသဖြင့်် တောနှင့််ဝေးသည့် မြို့နေလူတန်းစားတို့မှာ ထိုဝက်ကိုပင် တောဝက်ဟုပြောလျှင် ယုံကြည်ကာ စားသောက်တတ်ကြသည်။
ဖိုးရှမ်းက ထိုကဲ့သို့ တောဝက်မြှူကာ မွေးဖွားလာသည့်ဝက်ပေါက်များကို လှည်းနှင့်တင်ကာ မြို့နှင့််နီးသည့် ကျေးရွာများသို့ သွားရောက်ရောင်းချကာ ဝင်ငွေဖြောင့်နေသူဖြစ်သည်။ ဝက်မြှူရန်မှာလည်း သိပ်တော့မလွယ်လှပေ၊ အရေးအကြီးဆုံးမှာ ကိုယ့်ဝက်မ၏ အခြေအနေကိုသိရမည်၊ တောလည်း လုံရမည်ဖြစ်သည်။ တောလုံသည်ဆိုသည်မှာ တောအတွင်း ကျား၊ ကျားသစ်ကဲ့သို့ အသားစားတိရစ္ဆာန် ကြီးကြီးမားမားမရှိမှရသည်။ မဟုတ်လျှင် ကိုယ်ထားခဲ့သည့်ဝက်မမှာ သူများအစာဖြစ်သွားခဲ့သည်။ သို့သော် ဖိုးရှမ်းက သုံးလေးခါခန့် တောဝက်မြှူဖူးသူမို့ အခြေအနေကိုနားလည်နေပြီဖြစ်သည်။
ဝက်မကိုဝါးရုံတစ်ခုတွင်ချည်ထားပြီးနောက် ဝါးတစ်လုံးကိုခုတ်ဖြတ်လိုက်ကာ ဦးတောကျော်ပစ်ခတ်ခဲ့သည့် တောဝက်ထီးကြီးကို ထမ်းပိုးလျှက် တောအတွင်းမှဆင်းလာခဲ့ကြသည်။
(၃)
တောဝက်ရထားသဖြင့် ဦးတောကျော်တစ်ယောက် သုံးလေးရက်ခန့် ခြေငြိမ်နေသည်။ တောဝက်ကောင်ကိုဖျက်ပြီး အသားစားချင်ကြသော ရွာသားများကို ဝေခြမ်းရောင်းချလိုက်ပြီး သူကိုယ်တိုင်စားသောက်ရရန်အတွက်လည်း ဝက်သားချဉ်တစ်အိုးတည်ထားလိုက်ကာ၊ ကျန်သည့်အသားများကို မီးဖိုပေါ်ရှိ ကျပ်စင်တွင်ကျပ်တင်ထားလိုက်သည်။ နေကောင်းကောင်းပူသည့် ရာသီဥတုတွင် အခြောက်လှမ်းနိုင်သော်လည်း ယခုက မိုးကျန်သေးသည်မို့ ကျပ်သာတင်ရသည်။ ကျပ်တင်ထားသည့်အသားနှင့် အခြောက်လှမ်းထားသည့်အသားမှာလည်း အရသာကွဲပြားသည်။ ကျပ်တင်ထားသည့်အသားမှာ ချက်ချင်းခြောက်သွားသည်မဟုတ်ဘဲ၊ ခြောက်သွေ့ရန်အတွက် တစ်ပတ်ခန့်ကြာသဖြင့် အနည်းငယ်ပုပ်လှောင်သည့်အနံ့ရှိသည်။ နွေရာသီ နေအပူရှိန်ပြင်းပြင်းနှင့်် အခြောက်လှမ်းထားသည့် အသားများမှာတော့ အသားအချိုဓါတ်အနည်းငယ်ပေါ့သွားသော်လည်း စားကောင်းလှပြန်သည်။ သို့သော် ကျပ်တင်သည်ဖြစ်စေ၊ အခြောက်ခံသည်ဖြစ်စော ဦးတောကျော်အဖို့တော့ ထူးခြားမနေတော့ပေ၊ မုဆိုးပါးစပ်ဖြစ်သဖြင့်် အသားဖြစ်လျှင် မည်သည့်အသားမဆို စားရန်အဆင်သင့််။
နောက်ရက်နေ့လည်ခင်းတွင် ထမင်းစားသောက်ပြီးနောက် အိမ်ရှေ့တွင် ဆေးတစ်ဆုံဖွာနေလိုက်သည်။ ထိုအချိ်န်တွင် ဖိုးရှမ်းတစ်ယောက် ထော့ကျိုးထော့ကျိုးနှင့် ရွာလယ်လမ်းမပေါ်တွင် လမ်းလျှောက်သွားသည်ကိုမြင်တွေ့လိုက်ရသည်။ ဦးတောကျော်လည်း ထူးဆန်းသွားသဖြင့်် ဖိုးရှမ်းကို အသံပြုလိုက်လေသည်။
“ဟေ့၊ ဖိုးရှမ်း၊ ဘာဖြစ်တာတုန်းကွ”
ဖိုးရှမ်းက ဦးတောကျော်၏ ခြံတံခါးကိုတွန်းဖွင့်လိုက်ပြီးနောက် ခြံအတွင်းသို့ဝင်လာခဲ့သည်။ ဖိုးရှမ်း၏ ခြေထောက်ကြီးမှာ ယောင်ကိုင်းနေလေသည်။
“မပြောချင်တော့ပါဘူး ဦးလေးရာ”
ဖိုးရှမ်းက ဦးတောကျော်အနီးတွင်ထိုင်လိုက်ကာ တစ်ချက်ညည်းညူလိုက်သေးသည်။
“ငါထင်တာကတော့ မင်းတောထဲသွားရင်း တစ်ခုခုဖြစ်ခဲ့ပြီထင်တယ်”
“ဟုတ်တာပေါ့ဗျာ၊ တောဝက်မြှူသွားရင်း ဖြစ်တာဗျ”
“ပြောစမ်းပါအုံးကွာ”
“ကျုပ်တို့ဟိုတစ်နေ့က ထောင်ထားခဲ့တဲ့ ဝက်မကြီးကို နှစ်ရက်နေတော့ သွားခေါ်ကြတယ်ဗျ၊ ဝက်မကြီးက ကျုပ်တို့ကိုမြင်တော့ စူးစူးဝါးဝါးနဲ့ကိုအော်တော့တာ၊ ကျုပ်တို့လည်း သူ့ကိုကြိုးသွားဖြုတ်တာပေါ့၊ ဒီအချိန်မှာပဲ ဝက်ထီးကြီးတစ်ကောင် ရောက်လာတာပဲဗျာ၊ ဝက်ထီးက အတော်ကိုကြီးတာဗျ၊ ကျုပ်တို့လည်းရုတ်တရက်မို့ အံ့သြပြီးငေးကြည့်နေတာဗျ၊ အဲဒီဝက်ထီးကြီးက ကျုပ်ကိုပြေးပက်တာပဲဗျာ၊ ကျုပ်လည်း အရှောင်ကောင်းလို့ အပက်မခံရတာဗျို့၊ ကျုပ်ကိုပက်တာမထိတော့ သူ့ဗိုက်ကြီးနဲ့ ကျုပ်ပေါင်ကိုဆောင့််ထည့်လိုက်တာ အခုမြင်တဲ့အတိုင်းပါပဲဗျာ၊ အတူတူပါလာတဲ့လူတွေက လှံနဲ့ထိုးကြ၊ တုတ်နဲ့ပစ်ကြတော့မှ တောထဲပြန်ဝင်သွားတာ”
ဦးတောကျော်က ဖိုးရှမ်းပြောဆိုသည်ကိုနားထောင်နေရင်း
“ဟုတ်ပြီကွ၊ မင်းတို့ ဝက်တောင်းကြီးနဲ့တွေ့ခဲ့တာဖြစ်မယ်”
ဖိုးရှမ်းက ခေါင်းညိတ်ရင်း
“ဖြစ်နိုင်တယ်ဗျ၊ ဒါနဲ့ ဝက်တောင်းဆိုတာ ဝက်ထီးကိုခေါ်တာပဲမဟုတ်လား”
“ဝက်ထီးတော့ ဝက်ထီးပဲကွ၊ ဒါပေမယ့် သင်းကွဲဝက်ပေါ့ကွာ”
ဦးတောကျော်စကားကြားသည့်အခါ ဖိုးရှမ်းမှာ အံ့သြသွားလေသည်။
“သင်းကွဲဝက်တဲ့လား”
“ဒီလိုကွ၊ တောဝက်တွေအုပ်ဖွဲ့နေတတ်တာကို မင်းတို့လည်းသိမှာပဲ၊ တောဝက်အုပ်ကို ဝက်ထီးကြီးတွေက ဦးဆောင်တယ်ကွ၊ အဲဒီဦးဆောင်တဲ့ဝက်နေရာကိုလည်း တောဝက်ထီးတွေအချင်းချင်း တိုက်ခိုက်ပြီး အနိုင်ရတဲ့ဝက်က ခေါင်းဆောင်လုပ်ရတာပေါ့ကွာ”
“သြော်၊ ကျုပ်တို့လူတွေ လိုပဲပေါ့ဗျာ”
“အေးပေါ့၊ တိရိစ္ဆာန်ကျတော့လည်း အားကြီးတဲ့လူက ဗိုလ်ဖြစ်တာပေါ့ကွာ၊ အဲဒီမှာ အရင်တုနု်းက တောဝက်အုပ်ကိုခေါင်းဆောင်ခဲ့တဲ့ တောဝက်ကြီးတွေက ရှုံးနိမ့်သွားတဲ့အခါ ဝက်အုပ်ကိုဦးမဆောင်တော့ဘဲ ဝက်အုပ်ကနေထွက်ပေးလိုက်ရသတဲ့၊ ဒီလိုဝက်မျိုးကို ဝက်တောင်းခေါ်တာဟေ့”
“ခုမှပဲ ကျုပ်တို့လည်းရှင်းသွားတော့တယ်”
“တစ်ချို့ဝက်တောင်းကြီးတွေဆိုရင် အသက်တွေကြီးလွန်းလို့ အစွယ်တွေတောင်လိပ်နေတာတဲ့ကွ၊ မွေးတဲ့ဝက်နဲ့မတူတာက တောဝက်တွေက တစ်နှစ်ပတ်လုံးမျိုးပွားနိုင်တယ်၊ ပိုဆိုးတာက ဝက်တောင်းကြီးတွေဆိုတာ သင်းကွဲနေတာဆိုတော့ ဝက်မတွေ့ရင် မနေနိုင်ဘူးပေါ့ကွာ၊ ဟား၊ ဟား၊ အဲဒီမှာ မင်းရဲ့ဝက်မနဲ့ တွေ့တာဖြစ်မယ်”
“ဟုတ်မယ်ဗျ၊ ကျုပ်တို့လည်းအရင်အခေါက်တွေက ဒါမျိုးမကြုံဖူးဘူး”
“မင်းတွေ့တဲ့ ဝက်တောင်းကြီးပုံစံကိုပြောစမ်းပါအုံးကွာ”
“အဲဒါကတော့ ဦးတောကျော်ပြောသလိုပဲ၊ ဝက်စွယ်ကြီးတွေက ကော့ပြီးတော့ ပြန်ပြီးခွေနေတာဗျ၊ အကောင်ကတော့ ခပ်ကြီးကြီးပဲ၊ ပြီးတော့ ခေါင်းနဲ့ကျောကုန်းတစ်လျှောက်မှာလည်း ဝက်မွှေးကြမ်းကြမ်းကြီးတွေက ထောင်ထနေတာပဲဗျာ၊ လှံနဲ့ပစ်၊ တုတ်နဲ့ပေါက်တာတောင်မှ ဘာမှဖြစ်ပုံမရဘူး”
ဦးတောကျော်တစ်ယောက် ဖိုးရှမ်းပြောသည့်စကားများကို နားထောင်လျှက်
“ဖိုးရှမ်း၊ မင်းဆီမှာ ဝက်မရှိသေးလားကွ”
“ကျုပ်ဝက်မကိုတော့ ပြန်မလွှတ်တော့ဘူး၊ အဲဒီနေ့က ဖြုတ်လာခဲ့ပြီးပြီ၊ ဒါနဲ့ ဦးတောကျော်က ဝက်မကိုဘာလုပ်မလို့လဲဗျ”
“ဘာလုပ်ရမှာလဲကွာ၊ ငါလည်းမင်းလို တောဝက်မြှူမလို့ပေါ့၊ ပြီးရင် မင်းတွေ့ခဲ့တဲ့ ဝက်တောင်းကြီးကိုလည်း ပစ်ချင်သကွ”
ထိုတော့မှ ဖိုးရှမ်းမျက်လုံးများမှာ အရောင်လက်သွားလေသည်။
“ဒါဆိုရင် ကျုပ်ဆီမှာတော့ ဝက်မမရှိတော့ဘူး၊ ရွှေကျီးနားရွာဘက်မှာတော့ ကျုပ်သူငယ်ချင်းရဲ့ ဝက်မရှိလောက်သေးတယ်၊ ကျုပ်ရအောင် သွားတောင်းပေးမယ်ဗျာ”
“အေး၊ ဒါနဲ့ မင်းက ခြေထောက်နာနေတာဆိုတော့ ဖြစ်ပါ့မလားကွ”
“ဖြစ်ပါတယ်ဗျာ၊ ကျုပ်ညီကို သွားတောင်းခိုင်းလိုက်မယ်”
ဖိုးရှမ်းပြောထားသည့်အတိုင်း ထိုနေ့ညနေမှာပင် ဖိုးရှမ်းညီက ဝက်မကြီးတစ်ကောင်အား ယူဆောင်လာလေသည်။ ဦးတောကျော်လည်း နောက်တစ်နေ့တွင် တောတက်ရန်ပြင်ဆင်ရတော့သည်။ သေနတ်ကိုအသင့်ပြင်ဆင်ပြီးနောက် ဝက်မကြီးဆွဲကာ တောထဲဝင်ခဲ့သည်။ ဖိုးရှမ်းကလည်း လှံတစ်ချောင်းကို တောင်ဝှေးကဲ့သို့ထောက်ကာ လိုက်လာလေသည်။
“ဖိုးရှမ်းရာ၊ မင်းက ခြေထောက်က ထော့ကျိုးကြီးနဲ့၊ နေခဲ့စမ်းပါကွ”
“မဟုတ်တာပဲ ဦးတောကျော်ရာ၊ ကျုပ်လည်း ဦးတောကျော်ဆီက ပညာတွေလိုချင်လို့ပါဗျ”
“အေးကွာ၊ ဒါဆိုရင်လည်း လိုက်ခဲ့တော့၊ မင်းငါ့စကားကိုတော့ နားထောင်ရမယ်နော်”
ဖိုးရှမ်းက ခေါင်းညိတ်သဖြင့် သူတို့နှစ်ဦးနှင့် ရွာသားသုံးလေးယောက်တို့မှာ ရိုးမအတွင်းသို့တက်ခဲ့ကြတော့သည်။
(၄)
“ဟောဒီမှာ အဲဒါဝက်ခြေရာတွေပဲ၊ ခြေရာတွေက နက်နက်နဲ့ဆိုတော့ တော်တော်ကြီးတဲ့အကောင်ကြီးဖြစ်မှာကွ၊ အနည်းဆုံးတော့ အချိန်ရှစ်ဆယ်လောက် အသာကလေးပဲဟေ့”
“ဒါ ကျုပ်နဲ့တွေ့ခဲ့တဲ့ ဝက်တောင်းကြီးနေမှာဗျ”
“အေးပေါ့ကွ၊ ရော့၊မင်းရဲ့ဝက်မကို ဟောဟိုက ဝါးရုံမှာချည်ထားလိုက်စမ်းကွာ၊ ငါတို့ကတော့ ဟိုးဘက်က ကြခတ်ဝါးရုံနားမှာ စောင့်ကြမယ်”
ရွာသားတစ်ဦးက ဝက်မကြိးကို ကြိုးနှင့်ချည်ဆွဲကာ ဝါးရုံတွင်ချည်နှောင်ထားလိုက်လေသည်။ ထို့နောက် ကြခတ်ဝါးရုံအောက်တွင် နှစ်ဦးသားထိုင်လိုက်ကြသည်။ ဦးတောကျော်က ကျန်သည့်ရွာသားများကိုကြည့်လိုက်ပြီးနောက်
“ထမင်းထုပ်တွေထားခဲ့ကွာ၊ မင်းတို့တွေပြန်ကြတော့၊ မနက်ဖြန်မှ လူများများခေါ်ပြီး ပြန်ခဲ့ကွာ၊ တောဝက်ထမ်းရအောင်”
“အောင်မယ်၊ ဦးတောကျော်က ပိုင်လှချည်လားဗျ”
“ဟား ဟား တောကျော်ပါကွ၊ ငါပြောရင် ဘယ်တော့မှ မမှားဘူး၊ သွားတော့”
ကြခတ်ဝါးရုံမှာ အုပ်အုပ်ဆိုင်းဆိုင်းကလေးဖြစ်ပြီး မြေနှင့်အလွန်နိမ့်စွာကပ်ပေါက်သည်ဖြစ်ရာ ဦးတောကျော်တို့မှာ မတ်တပ်မရပ်ဘဲ လေးဖက်ကုန်းလိုက်၊ လှဲအိပ်လိုက်နှင့်သာနေရသည်။ ဝါးရုံက အုပ်ဆိုင်းနေသဖြင့်် သူတို့နှစ်ယောက်အား တောဝက်မြင်တွေ့နိုင်မည့်ပုံမရပေ။ သို့နှင့် မကြာခင် ညနေစောင်းလာခဲ့သည်။ သူတို့ချည်ထားခဲ့သည့် ဝက်မကြီးမှာ မှောင်လာသည်နှင့် တစာစာအော်လေသည်။
“ဦးတောကျော်၊ ဝက်တောင်းကြီးလည်း မလာသေးဘူးနော်”
“စိတ်ချပါကွာ၊ သူလာမှာပါ၊ တောဝက်တွေက တခြားသားကောင်တွေလို ညဘက်အစာမရှာဘူးကွ၊ ညဘက်ကျတော့ အိပ်ဖို့ရှာတာ၊ ဟား၊ ဟား”
မကြာခင် တောအုပ်အတွင်းမှ ဝက်အော်သံကိုကြားရသည်။ အော်သံက ထွေးထွေးလုံးလုံးကြီးဖြစ်သည်။ ဝက်မကလည်း ပြန်အော်သည်။ ဝက်အချင်းချင်းစကားပြောဆိုနေပုံရသည်။ ခဏကြာသည့်အချိန်မှ ဝက်တောင်းကြီးမှာ ဝါးရုံအောက်သို့ထွက်လာတော့သည်။ တောကပိန်းပိတ်အောင်မှောင်နေသောလည်း ဦးတောကျော်က ဝက်တောင်းကြီးကိုမြင်တွေ့နေရသည်။
တစ်ကိုယ်လုံးမည်းနက်နေပြီး အစွယ်ကောက်ကောက်ကြီးတစ်ဖက်ရှိကာ ကျန်သည့်တစ်ဖက်မှာတော့ အစွယ်ကကျိုးနေသည်ထင်ရပြီး ငုတ်တိုအသေးကလေးသာရှိသည်။ ဦးခေါင်းငယ်ထိပ်မှ စတင်၍ ကျောရိုးတစ်လျှောက်လုံးတွင် တစ်မိုက်ခန့်ထောင်ထနေသည့် ဝက်မွှေးကြမ်းကြီးများရှိလေသည်။
“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွာ၊ အချိန်ရှစ်ဆယ်အသာကလေးပဲဟေ့”
“ဦးတောကျော်၊ ကျုပ်တော့ ဘာမှမမြင်ရဘူးဗျ”
“မင်းက မုဆိုးမှ မဟုတ်တာကွ၊ တို့မုဆိုးတွေက အမှောင်ထဲလည်း မီးရောင်မပါဘဲ မြင်အောင်လေ့ကျင့်ထားတာကိုး”
လရောင်မှာ သစ်ပင်များကိုဖြတ်သန်းကာ ထိုးကျနေသော်လည်း ခပ်မှိန်မှိန်သာဖြစ်ကာ ဟိုတစ်ပျောက်၊ ဒီတစ်ပျောက်ကျနေခြင်းဖြစ်သည်။ မကြာခင် တောဝက်ကြီးနှင့် ဝက်မမှာ ထူးဆန်းသောအသံများဖြင့်အော်ဟစ်နေကြလေသည်။ ဦးတောကျော်က ပြုံးလျှက်
“ဟား၊ ဟား၊ သူတို့ပျော်နေကြပြီကွ၊ နေအုံး၊ သူတို့ကိစ္စပြီးတာကိုစောင့်လိုက်အုံးမယ်၊ ဒါမှ တောဝက်မြှူတာလည်းအောင်မယ်၊ ငါလည်း ဝက်တောင်းကြီးရမယ်မဟုတ်လား”
်တောဝက်ကြီးမှာ တစ်ညလုံးနီးပါး ဝါးရုံအောက်တွင် ဆူညံနေလေသည်။ ထို့နောက် သန်းခေါင်ကျော်သွားသည့်အချိန်မှ ငြိမ်သက်သွားသည်။ ဦးတောကျော်နှင့် ဖိုးရှမ်းတို့မှာ တစ်ညလုံးမအိပ်ဘဲ စောင့်နေလေသည်။ အတန်ကြာတော့မှ ဦးတောကျော်က ဖိုးရှမ်းဘက်သို့ကြည့်လိုက်ပြီး
“မင်းမှာ လှံပါတယ်မဟုတ်လား”
ဖိုးရှမ်းက ခေါင်းညိတ်ပြသည်။
“မင်းလှံကို ငါ့ကိုပေးထား၊ ငါအချက်ပေးလိုက်တာနဲ့ မင်းက ဟောဒီဝါးရုံကြားထဲကနေထွက်ပြီးတော့ ဝက်တောင်းကြီးကြားအောင် အော်တော့ကွာ။
“ဗျာ၊ ဖြစ် . . . ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်၊ မင်းဆီကို အဲဒီဝက်တောင်းကြီးပြေးလာလိမ့်မယ်၊ ငါက သူ့ကိုလမ်းခုလတ်ကနေ ဆီးပစ်မယ်ကွာ”
ဖိုးရှမ်းမှာ အလွန်ကြောက်လန့်နေလေသည်။
“ဟာဗျာ၊ မတော်လို့ ဦးတောကျော်ပစ်တာ တောဝက်ကြီးကိုမထိရင်ဘယ်လိုလုပ်မလဲ”
“မထိဘူးဆိုတာ မရှိပါဘူးကွာ၊ လုပ်စမ်းပါကွ၊ မင်းကလည်း”
“ဒါနဲ့ လှံကရော ဘာလုပ်တာလဲ”
“မင်းလက်ထဲမှာ လှံကိုင်ထားမှတော့ ဝက်တောင်းကြီးက မင်းဆီကိုပြေးလာပါ့မလားကွ၊ လုပ်စမ်းပါဖိုးရှမ်းရာ၊ မင်းပြောတော့ ငါ့စကားနားထောင်မယ်ဆိုကွ”
ဖိုးရှမ်းမှာ ခြေထော့ကျိုးကြီးနှင့် ဝါးရုံပင်အောက်မှ လေးဖက်ထောက်ထွက်ခဲ့သည်။ ဦးတောကျော်မှာ သေနတ်နှင့်လှံကိုကိုင်ဆွဲလျှက် ထွက်လာခဲ့သည်။
“ဖိုးရှမ်း၊ မင်းက ဟိုနားက ကုန်းလေးအနားကိုသွားကွာ၊ ငါဒီမှာစောင့်နေမယ်”
ဖိုးရှမ်းက ထော့ကျိုးထော့ကျိုးနှင့်် ကုန်းကလေးအနီးသို့သွားသည်။ တောဝက်နှင့် ဝက်မကြီးမှာ မောမောပန်းပန်းနှင့် အိပ်ပျော်နေပုံရသည်။ သို့နှင့် ဖိုးရှမ်းက ကုန်းကလေးအပေါ်သို့ရောက်ခဲ့သည်။ ထိုကုန်းကလေးမှာ ဦးတောကျော်နှင့် ကိုယ်နှစ်ဆယ်ခန့်ကွာဝေးလေသည်။ ဦးတောကျော်က ဖိုးရှမ်းကို အော်ဟစ်ရန်အတွက်အချက်ပြလိုက်လေရာ ဖိုးရှမ်းက အသံပြဲကြီးဖြင့် အော်တော့သည်။
“ဟေး၊ ဟေး”
ထိုအခါ ဝါးရုံအောက်မှ ဝက်တောင်းကြီးမှာ လူးလဲထလာပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်။
“အော်လေ၊ ဆက်အော်”
ဦးတောကျော်က အသံခပ်အုပ်အုပ်နှင့်ပြောလိုက်သည့်အခါ ဖိုးရှမ်းက လက်နှစ်ဘက်ကို လေပေါ်ဆန့်တန်းဝှေ့ယမ်းရင်း
“ဟေး၊ လာခဲ့၊ ငါဒီမှာဟေ့”
ထိုအခါ ဝက်တောင်းကြီးမှာ အခြေအနေကြည့်နေပုံရသည်။ လူတစ်ဦးဖြစ်မှန်းသိလိုက်ရသည့်အတွက် တောင်ကုန်းပေါ်သို့ ပြေးတက်လာပြန်သည်။ ဦးတောကျော်လည်း သေနတ်ဖြင့်ထိုးချိန်ထားလိုက်သည်။ ဝက်တောင်းကြီးမှာ တလုံးလုံးဖြင့်ပြေးတက်လာလေရာ ဦးတောကျော်က ဦးခေါင်းကိုချိန်ရွယ်လျှက် သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်သည်။
“ဒိန်း”
ကျည်ဆန်မှာ ဝက်တောင်းကြီး၏ လက်ပြင်ကိုဖောက်ကာ ဝင်ရောက်သွားသည်။ သို့သော် ဝက်တောင်းကြီးမှာ အပြေးမရပ်ဘဲ ဆက်ပြေးလာလေသည်။ ဦးတောကျော်လည်း လက်အတွင်းမှ သေနတ်ကိုပစ်ချလိုက်ပြီးနောက် လှံကိုဆွဲလိုက်ကာ တောဝက်ကြီးထံသို့ ပြေးလာခဲ့တော့သည်။
ဖိုးရှမ်းတစ်ယောက်လည်း အလွန်ထိတ်လန့်နေပြီး အသံကုန်ဟစ်အော်နေမိသည်။ ဦးတောကျော်ပစ်ချက်ထိမှန်သွားသော်လည်း ဝက်တောင်းကြီးက မသေသည့်အပြင် သူ့ထံသို့အရှိန်နှင့််ပြေးလာနေပြီဖြစ်သည်။ ဖိုးရှမ်းခြေထောက်ကလည်း ထော့ကျိုးဖြစ်နေသည်မို့ ရှောင်တိမ်းရမလွယ်ပေ။ ဦးတောကျော်က ဝက်ကြီးထံသို့ ဘေးမှပြေးတက်လာပြီးနောက် လက်ထဲတွင်ကိုင်ထားသည့် လှံသွားနှင့် အားကုန်ထိုးစိုက်ချလိုက်လေသည်။ လှံနှင့်ထိုးစိုက်ပြီးသည့်အခါ သူ့ကိုယ်လုံးအားနှင့်ပါ ဝက်ကြီးအားတွန်းထည့်လိုက်ရာ အရှိန်နှင့်ပြေးတက်လာသည့်ဝက်ကြီးမှာ ဖိုးရှမ်းနှင့် သုံးတောင်အကွာခန့်မှ ဖြတ်သန်းသွားပြီးနောက် နံဘေးသို့စောင်းကာ လဲကျသွားတော့သည်။ ဦးတောကျော်လည်း အလွန်မောပန်းစွာဖြင့် ထိုင်နေမိသည်။ ဖိုးရှမ်းမှာ တောင့်တောင့်ကြီးရပ်နေသေးသည်။
“ဖိုးရှမ်း၊ ဟေ့ကောင်ဖိုးရှမ်း”
ဦးတောကျော်ခေါ်လိုက်တော့မှ ဖိုးရှမ်းမှာ သတိပြန်ဝင်လာသည်။ ထို့နောက်သူနှင့် မလှမ်းမကမ်းတွင် လဲကျနေသည့် တောဝက်ကြီးကိုကြည့်ပြီး
“သေ၊ သေပြီလား”
“သေပြီကွ”
“ဒါနဲ့ ကျည်ထိတာတောင်မှ ဒီကောင်ကြီးက ဘာမှမဖြစ်ဘူးနော်”
“အေးပေါ့ကွ၊ ဒါကြောင့်ငါက မင်းဆီကလှံတောင်းထာားတာ၊ သားကောင်အရမ်းကြီးတဲ့အခါ ကျည်ကန်အားကို ခံနိုင်တယ်ကွ၊ ကျည်ကန်အားလောက်နဲ့ သူတို့က မလဲကျဘူးပေါ့၊ တကယ်တော့ သူ့နှလုံးသားကို ကျည်ကဖောက်ဝင်သွားပြီပြီ၊ ကျန်နေတဲ့အသက်နဲ့ဆက်ပြေးနေတာပဲ၊ ဒီတော့ သူလဲကျသွားအောင်လို့ ငါကလှံနဲ့ပြေးထိုးရတာပေါ့ကွာ”
ဖိုးရှမ်းတစ်ယောက်သက်ပြင်းချလိုက်ပြီး ထိုင်ချလိုက်တော့သည်။
မိုးလင်းပြီ။
ဦးတောကျော်တစ်ယောက် ဝက်တောင်းကြီး၏ အစွယ်ကိုဖြတ်ယူလိုက်သည့်အခါ အစွယ်ကြီးမှာ လိမ်ကောက်နေပြီး ကွင်းသဏ္ဍာန်ပင်ဖြစ်နေသည်။ ဦးတောကျော်မှန်းထားသည့်အတိုင်း ဝက်တောင်းကြီးမှာ အချိန်ကိုးဆယ်နီးပါးရှိသည်။ နေမမြင့်ခင်တွင် ရွာသားငါးဦးယောက်လာကြသည်။ ထိုဝက်တောင်းကြီးကိုမြင်သည့်အခါ အလွန်မျက်လုံးပြူးသွားကြသည်။
“ဟာ၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူး”
“နည်းတာတွေ၊ များတာတွေလုပ်မနေနဲ့၊ လောလောဆယ်တော့ ဝက်ကိုဖျက်ရအောင်ဟေ့၊ ဒီအတိုင်းသယ်ရင် လွယ်မှာမဟုတ်ဘူး”
ဦးတောကျော်က ဝက်ကြီး၏ ပေါင်များ၊ ခြေလက်များကို ဖြတ်တောက်လိုက်ပြီး ကျန်သည့်ဝက်ကိုယ်လုံးကြီးကို ဝါးလုံးနှင့်လျှိုကာထမ်းခဲ့ကြရသည်။ ဖိုးရှမ်းတစ်ယောက်ကတော့ ဝက်မကြီးကိုဆွဲကာ ခြေထော့ကျိုးဖြင့် လှမ်းလာခဲ့တော့သည်။
“ရွာရောက်ရင် ကျုပ်တို့ကို တောဝက်သားအလကားကျွေးမှာလား ဦးတောကျော်”
“ဟား၊ ဟား စိတ်သာချဟေ့၊ ငါတို့ ဆင်သတ်အရပ်ဝေတာမဟုတ်ဘူး၊ အခုတော့ ဝက်တောင်းသားကို အရပ်ကိုဝေမယ်ဟေ့”
အိမ်ခြေငါးဆယ်ခန့်သာရှိသည့် ရွှေကျီးမြင်ရွာ ကလေးမှာ ထိုတစ်နေ့တွင်တော့ ဝက်တောင်းအသားအဝစားကြရတော့မည်ဖြစ်သည်။
ပြီးပါပြီ။