စာစဉ် (၁)
(၁)
ကျုပ်တို့နေတဲ့ဒေသက ယောမြို့တော် ဂန့်ဂေါလို့အမည်ရတဲ့ ဂန့်ဂေါမြို့ရဲ့ မြောက်ဘက်နားက ရွာကြီးတစ်ရွာပါ၊ ရွာနာမည်ကတော့ မြင်းဇာရွာလို့ခေါ်တယ်ဗျ၊ ကျုပ်တို့အရပ်ကိုတော့ အများက စုန်းတွေ၊ ကဝေတွေ၊ ပညာသည်တွေပေါတယ်ဆိုပြီးတော့ သိကြတယ်ဗျ၊ အဲဒီစကားဟုတ်မဟုတ်တော့ ကျုပ်လည်းမငြင်းလိုပါဘူးဗျာ၊ ဒါပေမယ့် ကျုပ်တို့ငယ်ငယ်ကတော့ ရွာမှာ စုန်းလင်မယားတစ်ယောက်နေကြတယ်၊ အဲဒီစုန်းလင်မယားကို တစ်ရွာလုံးက ကြောက်ကြရတယ်ဗျ။
ကျုပ်အဖေနဲ့အမေကတော့ တောင်သူယာလုပ်ကြတာပေါ့ဗျာ၊ ကျုပ်တို့ရွာထိပ်ကနေ ပြောင်းပြန်စီးနေတဲ့ မြစ်သာမြစ်ကြီးက ဖြတ်သန်းစီးဆင်းနေတာဆိုတော့ စိုက်ဖို့ပျိုးဖို့အတွက် ရေကလည်းမပူရဘူးပေါ့၊ ဒီတော့ မြစ်ကမ်းခြေဘေးနားတစ်လျှောက်က ယာခင်းတွေချည်းပဲပေါ့ဗျာ၊ အဓိကကတော့ မိုးရာသီဆိုရင် ပဲတွေစိုက်တယ်၊ ဆောင်းနဲ့ နွေမှာတော့ နှမ်းလိုမျိုး ဆီထွက်သီးနှံတွေ စိုက်ပျိုးကြတာပေါ့ဗျာ၊
သြော်၊ မေ့လို့ဗျ၊ ခင်ဗျားတို့သိအောင် ကျုပ်ကိုယ်ကျုပ်မိတ်ဆက်ပေးရအုံးမယ်၊ ကျုပ်နာမည်က အောင်ရှိန်လို့ခေါ်တယ်၊ ကျုပ်အဖေက ဦးဘရှိန်တဲ့၊ ကျုပ်အမေကတော့ ဒေါ်လုံးလို့ ခေါ်ကြသဗျ၊ ကျုပ်အဖေက အရပ်အတော်ပုသဗျ၊ ငါးပေမပြည့်တဲ့အရပ်နဲ့ ပုကွကွ၊ ဂင်တိုတို အသားမဲမဲပေါ့ဗျာ၊ ကျုပ်အမေကတော့ ဒေါ်လုံးလို့ခေါ်တဲ့အတိုင်း လုံးကြီးပေါက်လှ ထွားထွားကျိုင်းကျိုင်းပေါ့ဗျာ၊ အဖေနဲ့အမေ အပြင်သွားတယ်ဆိုရင် အရပ်က ဘာပြောသလဲဆိုတော့ နှစ်ဆယ်ဝင်ပုတ်ကို တောက်တဲ့ကပ်သလိုပဲလို့ ပြောကြတယ်၊ ပြောလည်းပြောချင်စရာဗျ၊ အမေက လူကောင်ထွားထွားကြီး၊ အဖေက ပုပုကွကွဆိုတော့ သူတို့ပြောတာလည်းမမှားဘူးပေါ့ဗျာ။ ဒါပေမယ့် အဖေနဲ့အမေ့မှာ သားတစ်ယောက်ပဲထွန်းကားတယ်ဗျ၊ အဲဒါကတော့ ကျုပ်ပေါ့ဗျာ။
ကျုပ်ငယ်ငယ်ကဆိုရင် ညီတွေညီမတွေ သိပ်လိုချင်တာဗျ၊ ကျုပ်တို့ခေတ်က ကလေးမွေးတဲ့ခေတ်ကိုး၊ တားစရာဆီးစရာဆေးပစ္စည်းဆိုတာကလည်း ခုခေတ်လိုမရှိဘူးဆိုတော့ သဘာဝရှိသမျှ ကလေးရကြတာပေါ့ဗျာ၊ ကျုပ်တို့အဖေဘက်က ဆွေမျိုးတွေဆိုရင်လည်း တစ်အိမ်ထောင်ကို ဆယ်ယောက်၊ ကိုးယောက်၊ မွေးလိုက်ကြတာဗျ၊ အမေ့အမျိုးတွေကြည့်ပြန်တော့လည်း အဲဒီအတိုင်းပဲ၊ ဒီတော့ ရွာမှာ ထူးထူးခြားခြားကလေးနည်းတဲ့အိမ်ဆိုတော့ ကျုပ်တို့အိမ်ပဲရှိတောပေါ့။
မောင်နှမနည်းတာ တစ်ခုတော့မကောင်းဘူးဗျ၊ အဲဒါက ဘာလဲဆိုတော့ ရန်ဖြစ်ရင် အဖော်မရှိတာပဲ၊ ကလေးအချင်းချင်းစကားများလို့ရန်ဖြစ်ကြပြီဟေ့ဆိုရင် သူများတွေက သူတို့အမတွေ၊ အကိုတွေ၊ မွေးချင်းမောင်နှမတွေကို သွားပြီးစစ်ကူခေါ်တတ်ပေမယ့် ကျုပ်ကတော့ ခေါ်စရာလူမှမရှိတာဗျ၊ ဒီတော့ အမေတို့၊ အဖေတို့ကိုပဲ တိုင်ရတောရတာပေါ့ဗျာ၊ ကလေးအချင်းချင်းကျတော့လည်း အဲဒီလိုလူကြိးကိုသွားတိုင်တာကို မကြိုက်ကြဘူးဗျ၊ ဒါကြောင့် ကျုပ်နဲ့ဆိုရင် ရွာက ကလေးတွေက သိပ်ဆော့ချင်တာမဟုတ်ဘူး။
တစ်ရက်တော့ ကျုပ်လည်း ထုံးစံအတိုင်း အသံပြဲကြီးနဲ့ ငိုပြီးပြန်လာတာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်အသက်က ခြောက်နှစ်လောက်ပေါ့၊ ရွာလယ်လမ်းအတိုင်း ငိုကြီးချက်မနဲ့ပြန်လာပြီးတော့ ခြံဝိုင်းထဲဝင်လာခဲ့ပြီး အိမ်ခြေရင်းနားက ရက်ကန်းစင်မှာ ရက်ကန်းခတ်နေတဲ့အမေ့ဆီတန်းပြီးပြေးသွားတော့တာပဲ၊ အမေ့ကိုမြင်တော့ အမေ့ဗိုက်ပူပူကြီးကို ဖက်လိုက်တာပေါ့ဗျာ။
“ဟော၊ သားလေး၊ ဘာဖြစ်လာရပြန်ပြီလဲ”
“ဘာဖြစ်ရမလဲ အမေရ၊ အောင်ပုတို့ပေါ့ဗျာ၊ သားကိုအနိုင်ကျင့်တယ်၊ သားနဲ့ဂုံညင်းဒိုးခင်းပြီးတော့ သူ့ညီမက ညစ်ပတ်တာကို သူတို့မောင်နှမခြောက်ယောက်က သားကိုဝိုင်းပြီးတော့ ရန်တွေ့ကြတယ်အမေ၊ အီး . . .ဟီး”
အမေက ကျုပ်ခေါင်းကိုပွတ်ပေးနေတယ်။
“ငိုမနေပါနဲ့သားရယ်”
“သားကတော့ မကျေနပ်ဘူးအမေရာ”
ဒီတော့ အမေ့ဘေးနားက ရက်ကန်းခုံမှာထိုင်နေတဲ့ ဧည့််သည်အဒေါ်ကြီးက ကျုပ်ကိုကြည့်ပြီးတော့
“အောင်မယ်၊ လူကငယ်ငယ်နဲ့၊ နင်ကမကျေနပ်တော့ ဘာလုပ်ချင်လို့တုန်း”
ကျုပ်လည်း အမေ့မျက်နှာကိုမော့ကြည့်ပြီး
“အမေလည်း သားကို ညီလေး၊ ညီမလေးတွေ မွေးပေးစမ်းပါဗျာ”
ပြုံးနေတဲ့အမေ့ရဲ့မျက်နှာက တစ်ချက်တည်သွားတယ်ဗျ၊ ဧည့်သည်အဒေါ်ကြီးက ကျုပ်ပြောတာကိုကြားတော့ ပြုံးရယ်ရင်း အမေ့ကိုကြည့်ပြီး
“ဟုတ်သားပဲ မလုံးရယ်၊ အရွယ်လည်းကောင်းသေးတာပဲ ထပ်မွေးပေးလိုက်စမ်းပါ”
အဲဒီအဒေါ်ကြီးပြောလိုက်တော့ အမေ့ပါးပေါ်ကို မျက်ရည်တစ်စက်က ပေါက်ခနဲစီးကျလာတာဗျ၊ အမေက လက်နဲ့ကပြာကယာသုတ်ရင်း
“မွေးပေးချင်တာပေါ့ အမကြီးရယ်၊ ဒါပေမယ့် မဖြစ်နိုင်တော့ဘူး”
ဧည့်သည်အဒေါ်ကြီးက အမေ့အကြောင်းမသိတဲ့ပုံပဲဗျ။
“ဟဲ့မလုံး၊ ဘာဖြစ်လို့လဲဟဲ့၊ နင်တို့လင်မယားမှာ တစ်ယောက်ယောက်ကများ ချွတ်ယွင်းချက်ရှိနေလို့လား”
အမေက သက်ပြင်းချလိုက်ပြီးတော့
“ကျွန်မက သားထပ်မလွယ်နိုင်တော့ဘူး အမကြီးရဲ့”
“ဟဲ့၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုဖြစ်တာလဲ၊ နင်ဓမ္မတာမလာတော့ဘူးလားဟဲ့”
“ဓမ္မတာကတော့ ပုံမှန်လာပါတယ်၊ ဒါပေမယ့် ကလေးမတင်တော့တာပါ”
“ထူးဆန်းပါ့ဟယ်၊ ဆရာတွေဘာတွေနဲ့ပြပြီးပြီလား”
“ပြပြီးပါပြီ၊ ကလေးထပ်မလွယ်နိုင်တာက တခြားကြောင့်မဟုတ်ဘူး အမကြီးရဲ့၊ ကျွန်မကိုစုန်းလုပ်လို့”
“အလိုတော်၊ အံ့သြပါရဲ့၊ စုန်းက နင့်ကိုဘာလို့လုပ်တာလဲဟ”
အမေက သက်ပြင်းတစ်ချက်အရှည်ကြီးချလိုက်ပြီးတော့
“ဒီလိုပဲ အညှိုးအတေးတွေပေါ့ အမကြီးရယ်၊ ကျွန်မက သားလေးကိုမွေးပြီးတော့ သားလေးအခါလယ်ကျော်ပြီးတဲ့အခါမှာ ကိုယ်ဝန်ထပ်ရခဲ့တယ် အမကြီးရဲ့၊ တစ်နေ့တော့ ကျွန်မလည်း ယာခင်းထဲက ယောက်ျားဖို့ ထမင်းသွားပို့ပြီးအပြန်မှာ ရွာပြင်ကနေဖြတ်လျှောက်လာရင်းနဲ့ သူများဇီးသီးလှမ်းထားတာကိုတွေ့လိုက်တယ်၊ ကျွန်မစိတ်ထဲလည်း အဲဒီဇီးသီးတွေကိုတွေ့ပြီးတော့ စားချင်လိုက်တာပြောမနေပါနဲ့အမကြီးရယ်၊ ထိန်းမရအောင်ပါပဲ”
“အေးပေါ့ဟဲ့၊ အဲဒါ ချဉ်ခြင်းတက်တယ်ခေါ်တာပေါ့”
“ဒါနဲ့ ဇီးသီးကို လက်တစ်ဆုပ်လောက်တော့ နှိုက်စားမယ်ဆိုပြီး အကြံရတာပေါ့ရှင်၊ ဇီးသီးလက်တစ်ဆုပ်လောက်နဲ့တော့ ဘယ်သူမှ ရန်မပြုဘူးလို့ထင်လို့ပေါ့”
“အေးပေါ့၊ ဇီးသီးဆိုတာ ပေါသောနေတာမဟုတ်လား၊ ဒါနဲ့ ညည်းက ယူစားလိုက်တယ်ပေါ့”
အမေက ခေါင်းညိတ်ရင်း
“ဇီးသီးလက်တစ်ဆုပ်နှိုက်ပြီးတော့ စားနေတုန်း အနောက်ကနေ အသံကြားလို့လှည့်ကြည့်လိုက်တော့ ဒေါ်ထွေးရင်ကြီးဖြစ်နေတယ်”
“ဒေါ်ထွေးရင်က ဘယ်သူလဲ”
အမေက ဘေးဘီတစ်ချက်ကြည့်လိုက်ပြီးတော့ အသံနှိမ့်လိုက်ရင်း
“အမကြီးက ကျွန်မတို့ရွာက မဟုတ်တော့ဘယ်သိပါ့မလဲ၊ ဒေါ်ထွေးရင်ဆိုတာ စုန်းမကြီးရှင့်၊ သူက ကျွန်မကိုသူ့ဇီးသီးတွေခိုးစားလို့ဆိုပြီး ပြောဆိုနေတာပေါ့ရှင်၊ ကျွန်မလည်း အရမ်းစားချင်လို့ စားလိုက်မိတာပါ၊ ငွေလျော်ဆိုရင်လည်း လျော်ပါ့မယ်လို့ တောင်းတောင်းပန်ပန်ပြောတာတောင်မှ သူက မကျေနပ်ဘူးတဲ့အမကြီးရယ်၊ အဲဒါနဲ့ ကျွန်မကို ကျိန်စာတိုက်ပါရော”
“ဘယ်လိုကျိန်စာတိုက်တာလဲ”
“ငါ့ဇီးသီးကိုခိုးစားတဲ့ကောင်မ၊ တစ်သက်လုံး ဗိုက်ကအပုတ်ဖြစ်ပါစေတဲ့ အမကြီးရယ်”
အဲဒီ ဧည့်သည်အဒေါ်ကြီးလည်း တော်တော်ဒေါသထွက်သွားပုံရတယ်ဗျ။
“ဟယ်၊ တော်တော်တရားလွန်တာပဲ၊ ဇီးသီးတစ်ဆုပ်လောက် နှိုက်စားတာဘာဖြစ်တာလိုက်လို့”
“အဲဒီညမှာပဲ ကျွန်မဗိုက်ထဲက မရိုးမရွဖြစ်လာပြီးတော့ သားလျောသွားတာပါပဲအမကြီးရယ်၊ နောက်ထပ်လည်း ဘယ်တော့မှ သားမတင်တော့ဘူး”
ဒီတော့မှ ဧည့််သည်အဒေါ်ကြီးက သက်ပြင်းချတယ်ဗျ။
“နင့်အဖြစ်ကလည်း မလွယ်ပါလားဟာ”
ဒီအချိန်မှာပဲ ခြံရှေ့လမ်းကနေ ချောင်းဟန့်သံတစ်ချက်ပေးပြီးတော့ ဒေါ်ထွေးရင်ကြီးက ဖြတ်လျှောက်သွားတာပါပဲ၊ အမေဆို ကြောက်လိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ၊ ခေါင်းကိုငုံ့ပြီး ရက်ကန်းခတ်သလိုလုပ်နေလိုက်တယ်၊ ဒေါ်ထွေးရင်ဖြတ်လျှောက်ပြီးသွားတော့မှ အမေက ခေါင်းပြန်ထောင်တယ်။
“ခုနက ဖြတ်သွားတဲ့မိန်းမကြီးက အဲဒီဒေါ်ထွေးရင်ကြီးပေါ့”
ဒီတော့ ဧည့်သည်အဒေါ်ကြီးကလည်း ကြောက်လန့်သွားတာပေါ့ဗျာ၊ အဲဒီအဒေါ်ကြီးက ဂန့်ဂေါကလာတာဗျ၊ ကျုပ်တို့အိမ်မှာ ချည်ထည်၊ ပိုးထည်တွေကို အမေက အားရင်အားသလို ရက်တာကိုး၊ သူတို့က အဲဒီချည်ထည်တွေကို လိုက်ဝယ်တဲ့အဝယ်တော်ပေါ့ဗျာ၊ အမေက ပုဆိုးရက်တာများတယ်ဗျ၊ ခေတ်ကလည်း အင်္ဂလိပ်ခေတ်ဆိုတော့ အဝတ်အစားကလည်းရှားတော့ ဈေးကောင်းတယ်ဆိုပဲဗျ၊ အမေက အားရင်အားသလို ရက်ကန်းခတ်ပြီးတော့ ပုဆိုးတွေစုထားတယ်၊ သုံးလ၊ လေးလလောက်ကြာတဲ့အခါ အဲဒီလိုကုန်သည်တွေက ရွာတွေဆီဆင်းပြီးတော့ ရက်ပြီးသားအထည်တွေ ဆင်းကောက်တာပေါ့ဗျာ။
(၂)
အမေက ပုဆိုးတွေကို တစ်ထည်ချင်းစီကျစ်ကျစ်ခေါက်ပြီးတော့ အင်္ဂလိပ်သတင်းစာစက္ကူတွေနဲ့ ပတ်တယ်ဗျ၊ ပြီးတာနဲ့ လျှော်ကြိုးနဲ့အထုပ်ကြီးစည်းပေးလိုက်တာပေါ့၊ အဒေါ်ကြီးက အမေ့အပြင် အနားကအိမ်တွေက ပုဆိုးတွေပါ ယူတာဆိုတော့ အထည်တွေ တစ်ပွေ့ကြီးနဲ့ ပြန်သွားရတာပေါ့ဗျာ၊ ပုဆိုးအုပ်တွေကို စုပြီးကြိုးနဲ့ချည်ပြီးတော့ ခေါင်းပေါ်မှာရွက်သွားတယ်၊ အမေက ကျုပ်ဘက်ကိုကြည့်လိုက်ပြီးတော့
“သားရေ၊ ဒီက ကြီးကြီးကို ရွာထိပ်အထိ လိုက်ပို့ပေးလိုက်စမ်းပါကွယ်”
ကျုပ်လည်း ဧည့်သည်အဒေါ်ကြီးရဲ့ လက်ဆွဲခြင်းကို ကိုင်ပြီးတော့ ရွာထိပ်အထိလိုက်ပို့ပေးလိုက်တာပေါ့ဗျာ၊ ရွာတွေအချင်းချင်းချိတ်ဆက်ထားတဲ့ လှည်းလမ်းမကြီးက မြစ်ဘေးမှာရှိတာဗျ၊ ကျုပ်လည်း အဒေါ်ကြီးကိုပို့ပေးပြီး အိမ်ကိုလှည့်ပြန်တော့ ရွာထိပ်မှာ စုန်းမကြီး ဒေါ်ထွေးရင်နဲ့ ဆုံပါလေရောဗျာ၊ ဒေါ်ထွေးရင်က ထင်းစည်းကြိးကိုထမ်းလာတယ်ဗျ၊ ကျုပ်ကိုတွေ့တော့ လှမ်းကြည့်ပြီး
“ဟဲ့ကောင်လေး၊ ဒီထင်းစည်းရွက်ပြီး ငါ့အိမ်ကိုပို့ပေးစမ်း”
ကျုပ်လည်းကြောက်တာနဲ့ မလုပ်ပေးတော့ဘဲ ခေါင်းခါပြီးလှည့်ပြေးတာပေါ့ဗျာ၊ ဒေါ်ထွေးရင်ကြီးက ကျုပ်ကိုကြည့်ရင်း
“ဒီကောင်လေးတော့ ပြောမကောင်းဆိုမကောင်းနဲ့ နာတော့မယ်”
အဲဒီလိုကြိမ်းလိုက်သေးတာဗျ၊ ကျုပ်လည်း အိမ်ပြန်ရောက်တော့ မောနေတာပေါ့ဗျာ၊ မောမောနဲ့အိမ်က သောက်ရေအိုးထဲက သောက်ရေခပ်သောက်ဖို့လုပ်တယ်ဆိုရင်ပဲ ကျုပ်ဗိုက်တွေ ထိုးထိုးပြီးအောင့်တက်လာတာပဲဗျာ၊ ခေါင်းတွေလဲမူးတက်လာပြီးတော့ ဗီုက်ကအောင့်တာများ သေပြီလို့တောင်ထင်တယ်ဗျ၊ အူတွေအသည်းတွေများ တလိပ်လိပ်ခေါက်တက်လာသလားပဲဗျာ၊ ကျုပ်ရေတောင် မသောက်လိုက်ရပါဘူးဗျာ၊ ရေခွက်ကိုပစ်ချပြီးတော့ မြေပြင်မှာပဲ လဲကျသွားတယ်။
“ဟဲ့သား၊ သား ဘာဖြစ်တာလဲ”
“ဗိုက်အောင့်လို့ အမေရ”
“ဟောတော်၊ သားဘာတွေ စားမိလို့လဲ”
ကျုပ်လည်း ဘာမှပြန်မပြောနိုင်တော့ဘူးဗျ၊ ဗိုက်ကိုလက်နဲ့နှိပ်ရင်းနဲ့ ညည်းညူနေတော့တာပေါ့ဗျာ၊ အမေဆိုရင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဖြစ်ကုန်ရော၊ ဒါနဲ့ အိမ်နီးနားချင်းတွေကလည်း ဝိုင်းအုံလာတာပေါ့ဗျာ၊ ကျုပ်ကိုကွပ်ပျစ်မှာတင်ပြီးတော့ ကြံရာမရဖြစ်နေုတုန်း ဒေါ်ထွေးရင်ကြီးက ထင်းစည်းကြီးခေါင်းပေါ်ရွက်ပြီးတော့ အိမ်ရှေ့ကနေဖြတ်လျှောက်တယ်။
“ဟား၊ ဟား မလုံးရေ၊ ကြက်တစ်ကောင်နဲ့ ဆန်တစ်စိတ်၊ ငါ့အိမ်ကိုပို့လိုက်စမ်းဟဲ့၊ မဟုတ်ရင်တော့ ညည်းရဲ့သား ဒီညမကူးစေရဘူးဟဲ့”
စုန်းမကြီးက ဒေါနဲ့မောနဲ့ ကြိမ်းမောင်းပြောသွားတာဗျာ၊ ဒီတော့မှ အမေကလည်း ကျုပ်ကိုစုန်းကိုင်မှန်းသိတာဗျ၊ ဆန်တစ်စိတ်ဆိုတာ လေးပြည်ပေါ့ဗျာ၊ အဲဒီခေတ်က အစစအရာရာရှားပါးတဲ့ခေတ်ဆိုတော့ ဆန်ဆိုတာလည်းရှားတာပေါ့ဗျာ၊ စပါးကို အိမ်က မောင်းစင်မှာ ဖွပ်ပြီးတော့ ဖွဲတွေ၊ စပါးခွံတွေပြာပြီးတော့မှ ဆန်ကရတာကိုးဗျ။
အိမ်မှာလည်း ဆန်တစ်စိတ်ပြည့်အောင်မရှိဘူးဆိုတော့ အမေက လိုက်ပြီးချေးငှားရတာပေါ့ဗျာ၊ ဆန်တော့ဘယ်ရမလဲ၊ စပါးတွေဘဲရတာပေါ့ဗျ၊ အဲဒီစပါးတွေကို ဆွေမျိုးတွေက မောင်းစင်မှာ ဝိုင်းဖွပ်ပေးကြတယ်၊ ပြီးတော့ ဆန်ပြာ၊ ဖွဲပြာလိုက်တော့ တစ်စိတ်ပြည့်သွားတာပေါ့၊ အိမ်မှာမွေးထားတဲ့ ကြက်တစ်ကောင်ကိုအရှင်ယူပြီးတော့ အမေက အရှေ့ကသွားပါရောလား၊ အနောက်ကနေ ဘကြီးတစ်ယောက်က ကျုပ်ကိုချီပွေ့ပြီးတော့ ကျုပ်တို့အမျိုးတစ်သိုက် လိုက်ခဲ့ကြတာပေါ့ဗျာ၊
ဒေါ်ထွေးရင်အိမ်က ရွာနဲ့တော်တော်လှမ်းလှမ်း တောစပ်မှာဗျ၊ ကျုပ်တို့လည်း သူ့အိမ်ရှေ့သွားရတယ်၊ အမေက မြေပြင်ပေါ်မှာပဲ ဒူးထောက်ထိုင်ချပြီးတော့
“ဆရာမကြီးရယ်၊ ကျွန်မသားလေးကို ဗွေမယူပါနဲ့ ဆရာမကြီးလိုချင်တဲ့ ဆန်တစ်စိတ်နဲ့ကြက်တစ်ကောင်ရပါပြီ၊ သားလေးကို ခွင့်လွှတ်ပေးပါ”
ဒေါ်ထွေးရင်မျက်နှာကတော့ ခပ်တင်းတင်းပဲဗျ၊ သူ့အိမ်ပေါက်ဝမှာ ခြေထောက်တစ်ချောင်းတွဲလောင်းချပြီးတော့ ကျန်တဲ့ခြေထောက်ကိုတော့ ဒူးတစ်ဖက်ထောင်ထားပြီး ဒူးပေါ်လက်တစ်ဖက်တင်လို့ ဟန်ပါပါနဲ့ထိုင်နေသေးတယ်။
“နောက်ဆို ညည်းသားကို အချိုးပြေအောင်သင်ပေးထား မလုံးရေ၊ ပြစမ်း ညည်းရဲ့ဆန်”
အမေက ဆန်တောင်းကိုပြလိုက်တော့ ဒေါ်ထွေးရင်က မျက်နှာကြီးရှုဲ့မဲ့ပြီးဆန်တွေကိုကြည့်တယ်။
“ညည်းဆန်တွေက စင်အောင်လည်း ဖွပ်မထားပါလား၊ ဒီလိုဆန်ကို ငါကစားရမှာလားဟဲ့”
အမေက လက်အုပ်ချီပြီးတော့
“မလုပ်ပါနဲ့ ဆရာမကြီးရယ်၊ ကျွန်မပေးတာကိုလက်ခံပြီး သားလေးကို ခွင့်လွှတ်ပေးပါ”
ဒါတောင်မှ စုန်းမကြီးက မယူချင်ယူချင်နဲ့ရယ်ဗျ။
“အေးလေ၊ ထားပါတော့၊ ငါ့လင်ကလည်း ဆန်ဆိုရင်စင်အောင်ဖွပ်မထားတဲ့ ဘေးကြားလေးမှ ကြိုက်တာဆိုတော့ ငါလက်ခံလိုက်ပါ့မယ်၊ လာ၊ နင့်သားကိုဒီကိုခေါ်လာခဲ့”
ဘကြီးက ကျုပ်ကိုပွေ့ပြီးခေါ်သွားတော့ စုန်းမက ဘာလုပ်တယ်ထင်သလဲဗျ၊ သူ့ရဲ့တွဲလောင်းချထားတဲ့ ခြေထောက်ကြီးနဲ့ ကျုပ်နဖူးကို လှမ်းထိပြီးတော့ သပ်ချတယ်။
“ကဲ၊ ကောင်းသွားပြီ၊ ဟဲ့ကောင်လေး၊ နောက်ဆိုရင်မှတ်ထားနော်၊ ငါက ခိုင်းရင်လုပ်မှကြိုက်တယ်၊ မလုပ်လို့ကတော့ နောက်ဆို မင်းဒီထက်နာမယ်”
ကျုပ်အသက်ငယ်ပေမယ့် တော်တော်ကိုမခံံံချိမခံံသာဖြစ်သွားတာဗျ၊ ဒါနဲ့ ကျုပ်ဆုံးဖြတ်ချက်ချလိုက်တယ်၊ တစ်နေ့တော့ ဒီစုန်းမကြီးကို ကျုပ်အနိုင်ယူပြမယ်ဆိုပြီးတော့ပေါ့ဗျာ။
ခင်ဗျားတို့အနေနဲ့ကတော့ ထူးဆန်းနေလိမ့်မယ်ဗျ၊ ကျုပ်တို့အရပ်မှာတော့ အဲဒီတုန်းက အဲဒါထုံးစံလိုပဲ၊ ရွာတစ်ရွာမှာ စုန်းတွေအများကြီးရှိကြတယ်ဗျ၊ ပညာငယ်တဲ့စုန်းတွေကျတော့ သူတို့ကိုယ်သူတို့ စုန်းပါလို့ မကြေငြာပဲ နေထိုင်တယ်ဆိုပေမယ့် တကယ်တမ်းပညာမြင့်တဲ့ စုန်းတွေကျတော့ သူတို့ကိုယ်သူတို့ စုန်းတွေဆိုပြီးတော့ ဝါဝါကြွားကြွားနဲ့ နေကြတာ။ ပြီးတော့ စုန်းပညာနဲ့ ရွာကိုနိုင်စားနေကြတာပေါ့ဗျာ။
(၃)
အဲဒီစုန်းလင်မယားက ကျုပ်တို့ရွာကို အပိုင်စားတယ်ပေါ့ဗျာ၊ သူ့ယောက်ျားနာမည်က ဦးနှောတဲ့၊ သူလည်း စုန်းကြီးပဲဗျ၊ သူ့မိန်းမကတော့ ခုနက ဒေါ်ထွေးရင်ကြီးပေါ့၊ လင်မယားနှစ်ယောက်စလုံးက အသက်ခြောက်ဆယ်ဝန်းကျင်ပဲဗျ၊ သူတို့က ကျုပ်တို့ရွာကို ပညာနဲ့နှိပ်စက်ပြီးးတော့ ခြောက်လှန့်ခိုင်းစားနေတာပဲ၊ လင်မယားနှစ်ယောက်ထဲမှာမှ ဒေါ်ထွေးရင်က ပညာနိမ့်တယ်၊ ဒါကြောင့် ဒေါ်ထွေးရင်က ပြုစားရင် သေအောင်မပြုစားတတ်ဘူးဗျ၊ ဦးနှောကြီးကတော့ သုံးခါပဲအမှားခံတယ်တဲ့ဗျာ၊ သုံးခါပြည့်တာနဲ့ နောက်တစ်နေ့သေတာပဲတဲ့။
သူတို့လင်မယားက ရွာကိုလည်းသိပ်နှိပ်စက်တာဗျ၊ သူတို့ခြေတွေလက်တွေနဲ့ လုပ်စားကိုင်မစားဘူး၊ အားအားရှိ ရွာရိုးကိုးပေါက်လျှောက်သွားနေရင်း တွေ့တဲ့လူဆီက တွေ့တာကို တောင်းတာပဲ၊ တောင်းတယ်ဆိုတာ ယဉ်ကျေးအောင်ပြောတာပါဗျာ၊ တကယ်တမ်းကတော့ ဓါးပြတိုက်တာပေါ့။
အဲဒါနဲ့ပတ်သက်လို့လဲ ပြောရအုံးမယ်ဗျ၊ တစ်နှစ်က နှမ်းတွေပေါ်တဲ့အချိန်ပေါ့ဗျာ၊ အဖေက ခြံဝန်းထဲမှာ နှမ်းတွေကို တင်းတောင်းနဲ့ချိန်နေတုန်း ခြံဝရှေ့မှာ ဦးနှောက လာရပ်တယ်ဗျ၊ ကျုပ်တို့ရွာမှာတော့ ကံဆိုးတဲ့သူက ဦးနှောတို့၊ ဒေါ်ထွေးရင်တို့နဲ့ တွေ့ပြီလို့သာမှတ်ပေါ့ဗျာ၊ ဒီစုန်းလင်မယားနဲ့တွေ့ရင် ကံဆိုးတော့တာပေါ့။ အခုလည်း ဦးနှောက ခါးကြီးထောက်လို့ဗျ။
“ဟေ့ ဘရှိန်၊ နှမ်းတွေကောင်းလှချည်လားကွ”
အဖေလည်း ကြောက်ကြောက်လန့်လန့်နဲ့ပြန်ဖြေရတာပေါ့ဗျာ။
“ဟုတ်၊ ဟုတ်ကဲ့ ဦးလေးနှော”
“အေးအေး၊ ငါလည်း နှမ်းဆီလိုချင်သကွ၊ နှမ်းဆီငါးပိဿကို ဒီညနေ ငါ့အိမ်ကိုလာပို့စမ်းကွာ”
“ဟာဗျာ၊ ဦးလေးနှောကလည်း၊ အခုမှ နှမ်းပဲဖြစ်သေးတာဗျ၊ ဆီမဖြစ်သေးပါဘူးဗျာ၊ ဆီကြိတ်ဖြစ်တော့ ကျုပ်လာပို့ပါ့မယ်”
ဦးနှောက အဖေ့ကိုလက်ညှိုးထိုးပြီးတော့
“အောင်မာ ဘရှိန်၊ မင်းကများငါ့ကို ဆီမဖြစ်ဘူးလေး၊ ဘာလေးပြောတယ်ပေါ့ဟုတ်လား၊ မင်း တယ်သတ္တိကောင်းနေပါ့လားကွ”
သူလည်းစကားပြောပြီးတော့ အဖေက လည်ပင်းကိုလက်နဲ့အုပ်ပြီးတော့ တအစ်အစ်၊ တအုအုနဲ့ဖြစ်နေတယ်ဗျ၊ နှမ်းချိန်တဲ့လူတွေလည်း အကုန်ထိတ်လန့်ကုန်တာပေါ့ဗျာ၊ အဖေက ချက်ချင်းမျက်နှာကြီးက ပြာနှမ်းပြီးတက်လာတယ်၊ နောက်ဆုံးတော့ အမေက အိမ်ထဲကပြေးထွက်လာပြီးတော့ ဦးနှောကြိးကို ကန်တော့ရတော့တာပါပဲ။
“ကြောက်ပါတယ်ဆရာကြီးရယ်၊ ကိုဘရှိန်ကို အဲဒီလိုမလုပ်ပါနဲ့၊ ကျွန်မတောင်းပန်ပါတယ်”
ဦးနှောက အမေ့ကိုတစ်ချက်ကြည့်ပြီးတော့
“အောင်မာ၊ မလုံး၊ တောင်းပန်တယ်ဆိုတာ ရှိခိုးရုံနဲ့ရရိုးလားဟဲ့၊ နင့်ယောက်ျားကို ချမ်းသာပေးမပေးက နင်တောင်းပန်တဲ့အပေါ်ကို မူတည်ပြီး ငါကဆုံးဖြတ်ရမှာ”
ဒီတော့ အမေက ဦးနှောကြီးကို ခြေသလုံးဖက်ပြီးတောင်းပန်ရတာပေါ့ဗျာ၊ ငိုယိုပြီး သူများခြေသလုံးဖက်နေတဲ့အမေ့ကိုကြည့်ရင်း ကျုပ်တောက်တစ်ချက်ခေါက်ပြီးတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်ဗျ၊ နောက်တော့ ဦးနှောကြီးအရှေ့ကိုသွားပြီးတော့ သူ့မျက်နှာကိုလက်ညှိုးနဲ့ထိုးလိုက်ပြီး
“ဒီမယ်စုန်းကြီး၊ ခင်ဗျား ကျုပ်အဖေနဲ့အမေကိုနှိပ်စက်နေတာကို ရပ်တန်းကရပ်နော်၊ မဟုတ်ရင် ခင်ဗျားကြီး ကျုပ်အကြောင်းသိသွားမယ်”
ကျုပ်ပြောတော့ ဦးနှောမျက်နှာကြီးက တင်းသွားတာပဲဗျာ၊
“အောင်မာ၊ မင်းတို့တစ်မိသားစုလုံးက ငါ့ကိုအာခံံချင်ကြတာပဲကိုး”
ဦးနှောက လက်ဝါးကိုဖြန့်လိုက်တယ်ဗျ၊ နောက်တော့ ကျုပ်ကိုတစ်ခုခုလုပ်တော့မလိုလိုနဲ့ ပြင်တယ်၊ အမေကလည်း ကြားထဲကနေတောင်းပန်တာပေါ့ဗျာ၊ နောက်တော့ ဘာမှမလုပ်တော့ဘဲ။
“ဒီတစ်ခါတော့ရှိစေတော့၊ မလံုံး၊ နင်တောင်းပန်ကောင်းလွန်းလို့သာ သူတို့နှစ်ယောက် သက်သာသွားတယ်မှတ်ပါ၊ နောက်ဆိုရင် နင့်သားကိုရော၊ နင့်လင်ကိုရော ငါ့ကိုဘယ်လိုဆက်ဆံရမလဲဆိုတာ နင်သင်ထား၊ ဟုတ်ပြီလား”
ဦးနှောကထွက်သွားတော့တယ်ဗျ၊ အဖေ့ကိုလူတွေက ဝိုင်းပြီးတော့ နှာနှပ်ယူရတာပေါ့ဗျာ။ အဖေက သတိရရခြင်း
“ဆီ၊ ဆီငါးပိဿလောက် အရပ်ထဲလှည့်ချေးစမ်းပါအုံး မလုံးရာ၊ တို့တွေဆီကြိတ်ပြီးမှ ပြန်ဆပ်မယ်လို့”
အဖေ့စကားကြားတော့ ကျုပ်တောင်ငိုချင်တယ်ဗျ၊ အမေကလည်း ဆီလိုက်ချေးရှာတယ်၊ ပြီးတော့ ငါးပိဿဝင်အိုးထဲထည့်ပြီး ဦးနှောတို့အိမ်ကိုပို့ပေးလိုက်ရတယ်ဆိုပါတော့ဗျာ၊ ညရောက်တော့ အမေက ကျုပ်ကိုဆူပါရော။
“ဟဲ့ကောင်လေး၊ နင်ဘာလို့ စုန်းကိုသွားပြောရတာလဲဟဲ့”
“အမေအဲဒီလူကြီးကို တောင်းပန်နေတာကို မကြည့်ရက်လို့ပေါ့ဗျာ”
“အံမယ်၊ နင်က ဘာပညာတတ်လို့လဲဟဲ့၊ ဦးနှောဆိုတာ တော်ရုံဗိန္နောဆရာတွေ၊ အထက်လမ်းဆရာတွေတောင် မနိုင်လို့ လက်မြှောက်အရှုံးပေးထားရတာဟဲ့၊ နင်က ဘာတတ်လို့လဲ”
“မသိဘူးဗျာ၊ ကျုပ်တော့ ဆုံးဖြတ်လိုက်ပြီ၊ ကျုပ်တစ်နေ့ ဒီလူကြီးကိုသတ်မယ်၊ ဒီလူကြီးတို့လင်မယားကို သတ်ပစ်မယ်”
အမေက ကျုုပ်ပါးစပ်ကိုပြေးပိတ်တယ်။ ပြီးတော့ အဖေ့ကိုကြည့်ရင်း
“ကိုဘရှိန်၊ တစ်ခုခုလုပ်ပါအုံးတော်၊ ကျုပ်သားလေးကို ဦးနှောကြီးက ညှိုးသွားမှဖြင့် ကျုပ်တို့ကိုယ်ကျိုးနည်းရချည်ရဲ့တော့”
အဖေက စဉ်းစားနေတယ်ဗျ။
“မလုံးရေ၊ ဒီလိုဆိုရင် တို့သားကိုရွာမှာ ဆက်မထားသင့်ဘူးကွ၊ ဦးနှောတို့လင်မယားက တွေ့နေရင် တစ်ခုခုလုပ်နိုင်တယ်၊ သားလေးကို စိတ်ချသွားရအောင်လို့ ဂန့်ဂေါက တို့ဘကြီးဘုန်းကြီးဆီ ခဏပို့ထားရင်မကောင်းဘူးလားကွ”
အမေက ခေါင်းကိုဆတ်ခနဲညိတ်တယ်။
“ကောင်းတာပေါ့၊ ဘကြီးမှာနေတော့ အန္တရာယ်ကင်းတာပေါ့၊ နောက်ပြီး သားလေးလည်း စာတတ်တာပေါ့တော်”
ကျုပ်ကိုပို့မယ်ဆိုတော့ ကျုပ်လည်း အမေနဲ့ဘယ်ခွဲချင်မှာလဲဗျာ။
“မသွားချင်ဘူးအမေ၊ ကျုပ်မသွားချင်ဘူး၊ ကျုပ်အမေတို့နဲ့မခွဲချင်ဘူး”
“ဟဲ့သား၊ အဲဒါနင့်ကြောင့််ဟဲ့၊ နင်သာ စုန်းထီးကြီးကို သွားစိန်မခေါ်ရင် ပို့စရာမလိုဘူး”
ကျုပ်လည်း ငိုပဲငိုနေမိတော့တာဗျ၊ ကျုပ်က ငိုချင်ရင် အိမ်ဘေးက ကျီကြိုကျီကြားမှာ သွားပြီးတိတ်တိတ်လေးငိုတော့တာ၊ အမေကတော့ ကျုပ်အတွက် အထုပ်အပိုးတွေ ပြင်နေလေရဲ့ဗျာ၊ ညနေစောင်းတော့မှ အမေက ကျုပ်ဆီကိုလိုက်လာတယ်ဗျ၊ ကျုပ်ကိုလာချော့တယ်။
“သားရယ်၊ အမေတို့က ငါ့သားလေးကောင်းဖို့အတွက် စီစဉ်ရတာပါ၊ ဒီရွာမှာ ကျောင်းမရှိဘာမရှိနဲ့ဆိုတော့ ငါ့သားစာဘယ်တတ်ပါ့မလဲ၊ ဦးဇင်းကြီးဆီမှာနေရင်း စာလည်းသင်ပေါ့သား”
“စာမသင်ချင်ဘူးအမေရာ”
“စာသင်ရမယ်သားရဲ့၊ သားဖေဖေဆိုရင် စာတစ်လုံးမှတတ်တာမဟုတ်ဘူး၊ မေမေဆိုရင်လည်း စာဆိုတာဘာမှန်းသိတာမဟုတ်ဘူး၊ ဒါကြောင့် သားလေးစာသင်ပါ၊ သားဒီလိုရွာမှာမနေဘဲ မြို့ကြီးပြကြီးတွေမှာသွားပြီး အမြင်ကျယ်ကျယ်နဲ့ နေလိုက်စမ်းပါသားရယ်”
ကျုပ်လည်း အဲဒီတုန်းက စာဆိုတာဘာမှန်းမသိဘူးဗျ၊ ကျုပ်တို့ရွာမှာလည်း ဘုန်းကြီးကျောင်းမှ မရှိပဲကိုး၊
“စာတတ်ရင်၊ အဲဒီစာတတ်ရင် ဘာဖြစ်မှာလဲအမေ”
“အိုသားရယ်၊ စာတတ်တဲ့လူက အမြင်ကျယ်တယ်၊ စာတတ်သွားရင် သားဖြစ်ချင်တာ ဘာမဆိုဖြစ်နိုင်တယ်တဲ့၊ ယောက်ျားလေးက စာမတတ်ရင်အကန်းနဲ့တူသတဲ့”
“ဒါဆိုရင် စာတတ်ရင် စုန်းကိုရော နိုင်နိုင်မလားဟင်အမေ”
ကျုပ်လည်း ကလေးအတွေးနဲ့ တွေးပြီးပြောလိုက်တာပေါ့ဗျာ၊ အမေကတော့ ခေါင်းညိတ်တယ်ဗျ၊ တကယ်တော့ အမေက အဲဒီတုန်းက ကျုပ်စာသင်ရင်ပြီးရောဆိုပြီး တမင်ခေါင်းညိတ်တာနေမယ်၊ ကျုပ်ကတော့ စာတတ်ရင် စုန်းကိုနိုင်တယ်ဆိုလို့ ပျော်သွားတာပေါ့ဗျာ။
“ဒါဆိုသွားမယ်အမေ၊ သားဘကြီးဆီသွားမယ်၊ စာသွားသင်မယ်၊ ပြီးတော့ ဒီရွာက စုန်းလင်မယားကို ပညာလာပေးမယ်”
အမေက ဘာမှမပြောဘူးဗျ၊ သက်ပြင်းတစ်ချက်ချပြီးတော့ ကျုပ်ခေါင်းကိုပဲ ပွတ်ပေးနေတော့တာပဲဗျာ။
နောက်နေ့မနက် စားသောက်ပြီးတော့ အဖေက လှည်းကောက်ပြီး အထုပ်အပိုးတွေတင်တယ်ဗျ၊ ဘကြီးဘုန်းကြီးကို ကန်တော့ဖို့ ပစ္စည်းတွေက တစ်ခြင်းရယ်၊ ကျုပ်အဝတ်အစားတွေကို ပုဆိုးကြမ်းကြီးနဲ့ ထုတ်ထားတဲ့အထုတ်တစ်ထုတ်ရယ်၊ ပြီးတော့ လွယ်အိတ်တစ်လုံးကို ကျုပ်ကလွယ်လို့ပေါ့ဗျာ။
လှည်းပေါ်တက်လိုက်တော့လည်း စိတ်ထဲတစ်မျိုးပဲဗျ၊ ကျုပ်က အမေနဲ့တစ်ခါမှ ခွဲအိပ်ဖူးတာမှမဟုတ်တာ၊ အခု အမေနဲ့ခွဲရမယ်ဆိုတာ သိတော့လည်း စိတ်ထဲမကောာင်းဘူးပေါ့ဗျာ၊ ဒါပေမယ့် တစ်ဖက်မှာကလည်း စာသင်ဖို့တာဝန်ဆိုတာ ရှိသေးတယ်ဗျ၊ ကျုပ်စာသင်ရမယ်၊ စာသင်ပြီးတော့ ပညာတွေတတ်ရင် ဒီရွာကို နှိပ်စက်နေတဲ့စုန်းလင်မယားကို အနိုင်ယူပြမယ်၊ အမေက စုန်းကြီးကို ခြေသလုံးဖက်ပြီး တောင်းပန်သလိုမျိုး၊ အမေ့ကို သူတို့လင်မယား ပြန်တောင်းပန်ရအောင်လုပ်မယ်ဆိုပြီးတော့ ကျုပ်စိတ်တွေကိုတင်းထားလိုက်တာပေါ့ဗျာ။
အဖေ့လှည်းအသင့်ဖြစ်တာနဲ့ ကျုပ်လည်း လှည်းပေါ်တက်ပြီးတော့ ထွက်လာခဲ့တာပေါ့၊ အမေက မျက်ရည်စမ်းစမ်းနဲ့ လှည်းနောက်က လိုက်လာတယ်ဗျ၊ အဖေက အမေ့ကိုတစ်ချက်လှည့်ကြည့်ပြီး
“မလုံး၊ မင်းကတော့ကွာ”
လို့တစ်ချက်လှည့်ငေါက်တယ်ဗျ၊ အမေက မျက်ရည်တွေသုတ်ပြီးတော့ အိမ်ထဲကိုပြေးဝင်သွားပါရော၊ အဖေရယ်၊ ကျုပ်ရယ်၊ ရွာထဲကနေ ဂန့်ဂေါကိုလမ်းကြုံလိုက်ချင်တဲ့ လူသုံးလေးယောက်ရယ် လှည်းနဲ့ထွက်ခဲ့တာပေါ့ဗျာ၊ အဖေက အမေ့ကိုငေါက်လိုက်တာကလည်း ကျုပ်စိတ်မပြတ်မသားဖြစ်နေမှာကို စိုးရိမ်တာလည်း ပါတယ်ဗျ။ အသက်ရှစ်နှစ်သားလောက်မှာ အိမ်ကနေထွက်ပြီး သူများတွေနဲ့ သွားနေရတော့မယ်ဆိုတဲ့အသိက ကျုပ်ခေါင်းထဲဝင်လာတိုင်း ငိုချင်ခဲ့တာပေါ့ဗျာ။
ဂန့်ဂေါက စည်တော့အတော်စည်တာဗျ၊ မြို့ကနှစ်ခြမ်းကွဲနေတယ်၊ မြစ်သာမြစ်ရဲ့ ဟိုဖက်မှာတစ်ခြမ်း၊ ဒီဖက်မှာတစ်ခြမ်းပေါ့ဗျာ၊ မြစ်ကိုတော့ လူဖြတ်ရုံဝါးတံံံံတားအရှည်ကြီး ထိုးထားတယ်ဗျ၊ ကုန်စည်တွေကိုတော့ လှေနဲ့သယ်ကြတာများတယ်၊ အဲဒီဝါးတံတားကလည်း နွေဘက်ဆောင်းဘက်ပဲ သံုံးလို့ရတယ်၊ မိုးတွင်းရေများချိန်ဆိုရင်တော့ တံတားပျက်သွားတယ်တဲ့ဗျာ။
ရွှေညောင်ပင်ကျောင်းတိုက်ဆိုတာက မြို့အရှေ့ပိုင်းမှာ ရှိတာဗျ၊ အဲဒီတုန်းက ဂန့်ဂေါမှာ ဗုဒ္ဓဘာသာက သိပ်မထွန်းကားသေးဘူးထင်ပါ့၊ ဘုန်းကြီးကျောင်းတိုက်တွေ နည်းသေးတယ်၊ ရွှေညောင်ပင်ကျောင်းတိုက်က ကျောင်းတိုက်ကြီးလို့ မြို့ခံတွေက တိုက်ကြီးလို့ခေါ်တယ်ဗျ၊ ကျောင်းတိုက်ငယ်တွေကိုတော့ တိုက်ငယ်လို့ခေါ်တယ်၊ နာမည်တွေတပ်ခေါ်တယ်ပေါ့ဗျာ၊ ဘယ်ကျောင်းကလည်းလို့မေးရင် ကျောင်းတိုက်ကြီးလို့ ဖြေလိုက်တာနဲ့ ရွှေညောင်ပင်ကျောင်းမှန်း တန်းသိကြတာပေါ့။
ကျောင်းတိုက်က အကျယ်ကြီးဗျ၊ ကျောင်းဝန်းထဲကို လှည်းဝင်ခဲ့တော့ ကျောင်းတိုက်ဘေးနားမှာ ညောင်ပင်အကြီးကြီးတစ်ပင်ရှိတယ်ဗျာ၊ ညောင်ပင်ကြီးက ညောင်ကိုင်းတွေတောင် မြေမှာထောက်ပြီး သက်တမ်းတော်တော်ကြီးနေတဲ့ပုံပဲဗျ၊ ညောင်ပင်ကြီးရဲ့ ပင်စည်နေရာတစ်ချို့ကိုတော့ ရွှေဆိုင်းတွေကပ်ထားတယ်ဗျ၊ ဒါကြောင့်လည်း ရွှေညောင်ပင်ကျောင်းတိုက်ဆိုပြီးတော့ နာမည်တွင်နေတာနေမှာပေါ့ဗျာ။
ကျောင်းပံုံစံံကတော့ ရှေးမြန်မာကျောင်းတိုက်တွေပံုံစံံံပါပဲဗျာ၊ တိုင်လုံးကြီးတွေအများကြီးနဲ့ ဆောက်ထားတဲ့ကျောင်းကြီးဗျ၊ ကျောင်းပေါ်ကို အုတ်စီထားတဲ့ သရက်ထောင်လှေကားနဲ့တက်ရတယ်၊ ကျောင်းအောက်က တိုင်လုံးတွေကြားမှာတော့ ကျောင်းသားလေးတွေကို ဦးဇင်းတစ်ပါးက စာချပေးနေတာကိုတွေ့တယ်ဗျ၊ အဖေက အထုပ်အပိုးတွေယူပြီး ကျောင်းပေါ်ကိုတက်ခဲ့တော့ ကျုပ်လည်း အနောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်သွားရတာပေါ့ဗျာ။
ဘုရားဆင်းတုအကြီးကြီးတစ်ဆူနဲ့ ဘုရားကျောင်းဆောင်ကြီးရှိတယ်ဗျ၊ အဲဒီအရှေ့နားမှာတော့ ဆရာတော်ကြီးတစ်ပါးက ထိုင်နေတယ်၊ အဖေက ဝတ်ပြုလိုက်တော့ ဆရာတော်နောက်တစ်ပါးက တက်လာတယ်ဗျ။ နောက်ထပ် တက်လာတဲ့ဆရာတော်ကတော့ အဖေ့ရဲ့အကိုအကြီးဆုံးတော်တဲ့ ကျုပ်တို့ဘကြီးပေါ့ဗျာ၊ ဘွဲ့နာမည်က ရှင်ရေဝတတဲ့။
“ဘုန်းဘုန်းဘုရား၊ ဒါကတော့ တပည့်တော်ရဲ့ညီတော်စပ်ပါတယ်ဘုရား၊ နာမည်ကတော့ ဦးဘရှိန်လို့ခေါ်ပါတယ်”
ဆရာတော်ကြီးက အဖေ့ကိုကြည့်ပြီးတော့
“ဦးရေဝတနဲ့ ညီအကိုသာတော်တယ်ပြောတယ်၊ ရုပ်ကတော့ မတူပါလားကွ”
“တင်ပါ့၊ ဟောဒါကတော့ တပည့်တော်ရဲ့သားကလေးဖြစ်ပါတယ်၊ သူ့နာမည်ကတော့ အောင်ရှိန်ပါဘုရား”
ကျောင်းထိုင်ဆရာတော်ကြီးက ကျုပ်ကိုသေသေချာချာအကဲခတ်ပြီးတော့
“မောင်ကျောင်းသား၊ ဒီကိုလာစမ်းပါအုံး”
ကျုပ်လည်း လက်အုပ်ချီပြီးတော့ ထသွားရတာပေါ့ဗျာ၊ ဆရာတော်က ကျုပ်ခေါင်းကိုပွတ်ကြည့်တယ်၊ နောက်ပြီးတော့ ကျုပ်မေးစေ့ကိုကိုင်ပြီးတော့ ခေါင်းကိုဘယ်ညာလှည့်ကြည့်သေးတယ်ဗျ။
“နာမည်ကလည်းကောင်းတယ်၊ အောင်ရှိန်ဆိုတော့ ရန်ဟူသမျှကိုလည်း အောင်မြင်မယ်၊ အရှိန်အဝါနဲ့ ကျော်ကြားမယ့်ကလေးပဲ၊ လက္ခဏာရေးတွေလည်း ကောင်းတယ်ကွ၊ ငါအတတ်ပြောရဲတာကတော့ ဒီကလေးက သူတော်ကောင်းဖြစ်မယ့်ကလေးကွ”
အဖေက လက်အုပ်ချီပြီးတော့
“တင်ပါ့၊ တပည့်တော်သားလေးကို အရှင်ဘုရားဆီမှာအပ်ပါတယ်ဘုရား၊ သူ့ကိုစာပေကျမ်းဂန်တွေ တတ်မြောက်အောင် သင်ကြားပေးပါဘုရား”
ဆရာတော်ကြီးက ခေါင်းညိတ်တယ်။
“ကောင်းပါပြီဒကာကြီး၊ ဒကာကြီးစိတ်ချပါ၊ ဘုန်းကြီး ဒီကလေးကို လူကောင်းသူကောင်းတစ်ယောက်ဖြစ်အောင် မွေးမြူလေ့ကျင့်ပေးမှာပါ”
ဆရာတော်ကြီးက ကျုပ်ဘကြီး ဦးဇင်းရေဝတကိုကြည့်ပြီးတော့
“ဦးရေဝတ၊ မောင်ကျောင်းသားကို လေသာကျောင်းမှာ နေရာချထားပေးလိုက်ပါကွာ၊ ဒကာကြီးလည်း စိတ်ချ၊ ဘာမှမပူပါနဲ့၊ ဟုတ်ပြီလား”
“တင်ပါ့ဘုရား”
ဦးဇင်းရေဝတ မတ်တပ်ထသွားတော့ ကျုပ်လည်းအထုပ်အပိုးတွေသယ်ပြီးတော့ အနောက်ကလိုက်ဖို့ပြင်တာပေါ့ဗျာ၊ ဒါပေမယ့် အဖေ့ကို သတိရတယ်ဗျ၊ ကျုပ်လည်း အဖေ့ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်၊ အဖေကလည်း မျက်လုံးရွှဲကြီးတွေနဲ့ ကျုပ်ကိုကြည့်တယ်။
“သား၊ ဆရာတော်ကြီးကိုပြောတာကိုလည်းနားထောင်၊ တခြားဦးဇင်းတွေ သွန်သင်ဆုံးမတာကိုလည်း လိုက်နာစမ်းကွနော်”
ကျုပ်လည်း ခေါင်းညိတ်ပြလိုက်တာပေါ့ဗျာ၊ အဖေက ဆရာတော်ကြီးကိုဝတ်ဖြည့်ပြီးတော့ လှူဖွယ်ပစ္စည်းတွေလှူပြီး ထပြန်သွားတော့တာပါပဲဗျာ၊ ကျုပ်လည်း ဘကြီးဘုန်းကြီးနောက်ကို ကုပ်ချောင်းချောင်းလိုက်ခဲ့တယ်၊ ကျောင်းတိုက်ထဲမှာ အဆောင်တွေအများကြီးရှိတယ်ဗျ၊ မူလကကျောင်းဆောင်ကြီးကိုတော့ မှန်ကူကျောင်းလို့ခေါ်သဗျ၊ မှန်ကူကျောင်းရဲ့အနောက်ဘက် ခပ်လှမ်းလှမ်းက သစ်သားနဲ့ဆောက်ထားတဲ့ တစ်ထပ်ခြေတံရှည်ကျောင်းကိုတော့ လေသာကျောင်းဆောင်လို့ခေါ်တယ်၊ အဲဒီကျောင်းမှာတော့ ကိုရင်ငယ်တွေနဲ့ စာသင်သားကျောင်းသားလေးတွေ နေကြတဲ့နေရာပေါ့ဗျာ။
ဘကြီးဘုန်းကြီးက ဦးဇင်းတစ်ပါးနဲ့မိတ်ဆက်ပေးပြီးတော့ ကျုပ်နေရမယ့်နေရာကိုညွှန်ပြတယ်ဗျ၊ နေရာဆိုတာလည်း သပ်သပ်မှတ်မှတ်မရှိပါဘူးဗျာ၊ အခန်းကြီးတစ်ခန်းထဲမှာ အထုပ်အပိုးတွေထားလိုက်ရတာပဲ၊ ဒါပေမယ့် ညနေစောင်းလာတော့ ကျုပ်ရင်ထဲဝမ်းနည်းလာတယ်ဗျ၊ ဦးဇင်းကျောင်းမှာ ကပ္ပိယကြီးက ဦးဆောင်ပြီးတော့ လူကျောင်းသားတွေ၊ ဖိုးသူတော်တွေအတွက် ညစာချက်ပြုတ်ပေးတယ်ဗျ၊ ညစာကလည်း ထွေထွေထူးထူးမဟုတ်ပါဘူးဗျာ၊ ပြောင်းဆန်ကြမ်းကြမ်းကို ဆီဆမ်းပြီးတော့ ပဲပြုတ်နဲ့စားရတာပါ၊ ကျုပ်ဖြင့် စားလို့ကိုမဝင်ပါဘူးဗျာ၊ အိမ်က အမေချက်ကျွေးတဲ့ထမင်းပျော့ပျော့နဲ့၊ ဟင်းသံုံးလေးမျိုးကိုလွှမ်းတယ်ဗျာ။
ထမင်းစားသောက်ပြီးတော့ ဝတ်တက်ကြရတယ်ဗျ၊ ကျုပ်မိဘတွေက ဘာသာတရားအားနည်းခဲ့တော့ ကျုပ်မှာ ဘုရားစာတောင်မှ ကောင်းကောင်းမရသေးဘူးဗျ၊ သူများကျောင်းသားတွေ ဆိုနေတာကို အနောက်ကနေလိုက်ပြီးတော့ ဝါးချရတာပေါ့ဗျာ၊ ဝတ်တက်တော့ ကျောင်းထိုင်ဆရာတော်ကြီးက ဘေးကနေထိုင်ကြည့်နေတယ်၊ အားလုံးဝတ်တက်တာ တစ်နာရီလောက်ကြာတယ်၊ ပြီးစီးပြီး ကျောင်းသားတွေပြန်ဆင်းတော့ ကျုပ်လည်း ဆရာတော်ကြီးအရှေ့ကို လာခဲ့တာပေါ့။
“အလို၊ မောင်အောင် မင်းဘာပြောချင်လို့လဲကွ”
“တင်ပါ့ဘုရား၊ တပည့်တော် မေးစရာတစ်ခုရှိလို့ပါ”
ဆရာတော်ကြီးက ခေါင်းညိတ်ပြတယ်။
“စာတွေသင်တဲ့အခါ စုန်းတွေကိုနိုင်တဲ့ ပညာတွေကိုရော သင်ပေးသလားဘုရား”
ကျုပ်မေးလိုက်တော့ ဆရာတော်ကြီးက အံ့သြသွားတဲ့ပုံပဲဗျ၊ နောက်တော့ ပြံုံးစိစိနဲ့ ခေါင်းညိတ်တယ်။ ပြီးတော့ ဘေးနားမှာရှိနေတဲ့ ကျုပ်ဘကြီးဘုန်းကြီးကိုလှမ်းကြည့်ပြီး
“ရေဝတရေ၊ မောင်အောင်ကတော့ တကယ့်ကောင်လေးပဲကွ ဟား၊ ဟား”
ဘကြီးဘုန်းကြီးက ဆရာတော်ကြီးအနားကပ်ပြီးတော့ တိုးတိုးတိုးတိုးနဲ့ ပြောတော့ပြောတယ်ဗျ၊၊ ဆရာတော်ကြီးက နားထောင်ပြီးခေါင်းညိတ်တယ်။
“တတ်မှာပေါ့ မောင်အောင်ရာ၊ ကျောင်းမှာနေပြီး စာတွေသာသေချာလိုက်မှတ်စမ်းပါ၊ တစ်နေ့တော့ မင်းစုန်းကိုနိုင်တဲ့ပညာ တတ်မှာပေါ့”
ကျုပ်လည်း အဲဒီတော့မှ ပျော်ရွှင်သွားတာဗျ၊ သေချာပြန်စဉ်းစားကြည့်တော့ ကျုပ်အဲဒီတုန်းကတည်းက စိတ်အားထက်သန်နေတာကိုက ထူးဆန်းတာဗျ၊ ကျုပ်စာသင်တဲ့ရည်ရွယ်ချက်ကလည်း ရိုးရိုးကလေးပဲကိုး၊ ပြီးတော့ မှန်ကူကျောင်းကနေဆင်းလာပြီး လေသာကျောင်းပေါ်တက်ခဲ့တာပေါ့ဗျာ၊ ကိုရင်တွေ၊ ကျောင်းသားတွေ တရုံးရုံးနဲ့ပေါ့၊ ပြီးတော့ ဖျာခင်းပြီး တန်းစီအိပ်ကြတာပဲဗျာ၊ ကျုပ်တော့ စိတ်ထဲမှာတွေးပြီး ပျော်နေမိတယ်ဗျ။
“ငါဒီမှာနေပြီး စာသင်မယ်၊ စာသင်ရင်း ပညာတွေတတ်မယ်၊ ပညာတွေတတ်ရင် ဟိုစုန်းတွေ၊ ပညာသည်တွေကို သွားပြီးအနိုင်ယူမယ်”
လို့တွေးပြီး ပျော်နေတာပဲ၊ ကလေးဆိုတော့လည်း စာသင်ရင်း တတ်တဲ့ပညာကို အမေတို့အဖေတို့ ပြောပြောနေတဲ့ ပညာသည်တွေဆိုတဲ့စကားနဲ့ရောပြီး အဲဒီစုန်းကဝေပညာတွေလို့ပဲ ထင်နေတာကိုးဗျ။
ဆက်ရန်။