အပိုင်း (၉)
ရဲမက်နှစ်ယောက်မှာ လိပ်ဘိုးဘိုး၏ လှည်းအနားသို့ကပ်သွားလိုက်ပြီး လှံချွန်များကို သစ်သီးများထည့်ထားသည့် လှည်းအတွင်းသို့ ထိုးစိုက်ထည့်ကြလေတော့သည်။ သုံးလေးချက်ခန့်ထိုးပြီးသောအခါ လှံတံထိပ်တွင် အနီရောင်အရည်များက စီးကျပြီးကပ်ပါလာတော့သည်။ ရဲမက်ခေါင်းဆောင်လည်း မျက်မှောင်ကြုတ်လိုက်ကာ
“သြော်၊ အသီးမှည့်တွေက အရည်တွေထွက်တာနေမှာပါ”
လိပ်ဘိုးဘိုး ကထိုသို့ပြောလိုက်တော့မှ ရဲမက်ခေါင်းဆောင်လည်း ကျေနပ်သွားပြီးနောက် လှည်းကိုမောင်းထွက်ရန် အချက်ပြလိုက်တော့သည်။ လိပ်ဘိုဘိုးလည်း လှည်းကို ခပ်သွက်သွက်ကလေး မောင်းထွက်ခဲ့တော့သည်။ အိမ်ကိုရောက်သည့်အခါ ဘေးဘီဝဲယာကို တစ်ချက်အကဲခတ်ကြည်လိုက်ပြီး လူရှင်းသည့်အခါမှ လှည်းအနီးသို့ တိုးကပ်သွားတော့သည်။
“မိန်းကလေး ကဖော . . ထွက်လာခဲ့တော့”
ကဖောက ထိုတော့မှ အသီးများကြားမှ ကုန်းထလိုက်တော့သည်။ ကဖော၏ လက်မောင်းတွင် လှံတစ်ချက်၊ ပေါင်တွင် လှံရာတစ်ချက်စိုက်ဝင်နေပြီး သွေးတွေစီးကျနေလေသည်။
“သတ္တိကောင်းလိုက်တာ မိန်းကလေးရယ်၊ မင်းသာ လှံထိလို့ ညည်းညူလိုက်မိရင် မင်းကိုသူတို့တွေတွေ့သွားမှာ ကြိမ်းသေပဲ”
ကဖောလည်း လှည်းပေါ်မှခုန်ဆင်းပြီးနောက် မည်သူမှ မမြင်စေရန်အတွက် လိပ်ဘိုးဘိုး၏ အိမ်အတွင်းသို့ အမြန်ပြေးဝင်လိုက်တော့သည်။
အိမ်အတွင်းမှောင်အတိကျနေသည်။ အိမ်ကလေး၏အနေအထားမှာတော့ ကဖောနှင့် လချေရှီးတို့ ထွက်မသွားခင်ကအတိုင်းဖြစ်နေသေးသည်။ သို့သော် ဖုန်များကတော့ ထုနှင့်ထည်နှင့်တက်နေသည်။ လိပ်ဘိုးဘိုးက ဆီမီးခွက်ကလေးတစ်ခွက်ကို ထွန်းညှိလိုက်သည့်အခါတွင်တော့ အိမ်အတွင်းလင်းသွားတော့သည်။
“မိန်းကလေးကဖောက ကျောက်တုံးမြို့တော်ကို ဘာကိစ္စနဲ့လာခဲ့တာလဲ”
“ဒီကဘုရင်ကြီးကို တော်လှန်ဖို့အတွက် မြို့သားတွေရဲ့ အကူအညီလိုအပ်တယ်၊ ဒါကြောင့်မို့လို့ မြို့သားတွေကို စည်းရုံးရအောင် လာခဲ့တာပဲ”
“ဒါဆိုရင်တော့ နောက်နှစ်ရက်နေရင် မြို့တော်မှာ ဆုတောင်းပွဲတစ်ခုရှိတယ်၊ အဲဒီမှာပြောကြည့်ပါလား”
“ဆုတောင်းပွဲဟုတ်လား၊ တော်ကြာဘုရင်ကြီးက တက်နေမှဖြင့်”
လိပ်ဘိုးဘိုးက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး၊ ဆုတောင်းပွဲက မြို့သားတွေလုပ်တဲ့ပွဲမို့ ဘုရင်ကြီးက တက်လေ့မရှိဘူး၊ မြို့ရိုးတံတိုင်းတွေပေါ်မှာ ဆီမီးတွေထွန်းပြီးတော့ ဆုတောင်းကြမှာ၊ မြို့သူမြို့သားတွေ တော်တော်သွားကြလိမ့်မယ်”
ကဖောလည်း လိပ်ဘိုးဘိုးပြောသည့် အကြံကို ထောက်ခံကာ ခေါင်းညိတ်လိုက်တော့သည်။
“ဒါဆို ရှေ့ဖြစ်ဟောချက်တွေက တကယ်ဖြစ်လာတော့မယ်ထင်တယ်”
“ဘာဟောချက်တွေလဲ”
“မင်း ဓါးကိုင်ရင် ကျောက်တုံးမြို့တော်ကြီး မီးဟုန်းဟုန်းတောက်မယ်ဆိုတာလေ”
“ကျွန်မဘယ်ဓါးကိုမှ မကိုင်ခဲ့ . . ခဲ့”
ကဖောလည်း ငြင်းဆန်နေလိုက်ရင်း တစ်ခုခုကိုစဉ်းစားမိသွားသဖြင့် ငြိမ်သက်သွားလေရာ လိပ်ဘိုးဘိုးက ပြုံးလိုက်တော့သည်။
“မင်းသတိရပြီမဟုတ်လား”
“ဟုတ်တယ်၊ ကျွန်မ မုန်တိုင်းဓါးကြီးကို ကိုင်ခဲ့တယ်”
“ဒါဆိုရှေ့ဖြစ်ဟောကိန်းက မင်းတို့ဘုရင်ကြီးကိုတော်လှန်လို့ ကျောက်တုံးမြို့တော်ကြီး မီးဟုန်းဟုန်းတောက်မှာကို ပြောချင်တာများလားမသိဘူး”
(၃၁)
“သား မင်းတတ်ထားတဲ့ မှော်ပညာတွေကို ထုတ်ပြဖို့အချိန်ရောက်လာတော့မယ်”
လဘေးဝါးပြောသဖြင့် လချေရှီးလည်း လန့်သွားတော့သည်။
“မဟုတ်ဘူးလေ အဖေ၊ မှော်ပညာဆိုတာ ကျောက်တုံးမြို့တော်က လူတွေသိပ်ကြောက်ကြတဲ့အရာမဟုတ်လား”
“အေး၊ ဟုတ်တယ်၊ ဒါကြောင့်မို့ ငါ့သား ထုတ်ပြရမယ်လို့ပြောတာပေါ့၊ ဒီတော့မှ မြို့ခံတွေက သားကိုကြောက်ကြရမယ်။ နောက်ပြီးသားကလည်း ကျောက်တုံးမြို့တော်ကို ကာကွယ်ပေးတဲ့သူဆိုပြီး ကျေးဇူးတွေ တင်ကြမယ်လေကွာ၊ ဒါဆိုရင် သူတို့က သားကို ကြောက်လည်းကြောက် အထင်လည်းကြီးတာမို့ ငါ့သား ဘုရင်ဖြစ်တဲ့အခါ မြို့သားတွေက ရိုသေကြမှာပေါ့”
“ဒါနဲ့ နေပါဦးအဖေရဲ့၊ အဖေက ဘာတွေစီစဉ်ထားတာလဲ ဆိုတာ သားကိုပြောပါဦး”
“မကြာပါဘူး ငါ့သားရာ၊ မင်းမြင်တွေ့ရတော့မှာပါ”
လဘေးဝါးက ပြောလိုက်ပြီးနောက် လချေရှီး၏ ပုခုံးကို ပုတ်လိုက်တော့သည်။ ထိုအချိန်တွင် လဘေးဝါး၏ လူယုံတစ်ယောက် အခန်းထဲသို့ဝင်လာသည်။
“ဆရာကြီး ထူးဆန်းတာတစ်ခုဖြစ်နေတယ်”
“ဘာထူးဆန်းတာလဲ”
“မျိုးနွယ်စုခေါင်းဆောင်တွေက သူတို့မျိုးနွယ်စုတွေကို စစ်ပြင်ခိုင်းနေကြတယ်”
“အိုကွာ . . အဲဒါ ဘာဆန်းလို့လဲ၊ သူတို့တွေ အချင်းချင်းစစ်တိုက်ချင်လို့ဖြစ်မှာပေါ့”
လဘေးဝါးက ပြောလိုက်တော့မှ ထိုလူက အရိုအသေပေးပြီး ပြန်ထွက်သွားတော့သည်။
“ငါ့သား ဘာမှစိတ်မပူနဲ့ ဒီလ လကွယ်ညပြီးရင်တော့ သားဟာ ကျောက်တုံးမြို့တော်ရဲ့ သူရဲကောင်းကြီးဖြစ်တော့မှာ”
လဘေးဝါးက ရယ်မောလိုက်ပြီးနောက် အခန်းအတွင်းမှ ထွက်သွားတော့သည်။ လချေရှီးလည်း သူ့အဆောင်ကိုပြန်ခဲ့သည့်အချိန်တွင် အဆောင်ရှိ မိန်းကလေးများက ရုံးစု ရုံးစုလုပ်နေကြလေသည်။
“မင်းတို့ ဘာတွေလုပ်နေကြတာလဲ”
“ဆုတောင်းပွဲအတွက် ဆီမီးခွက်တွေ ပြင်ဆင်နေတာပါ”
“ဆုတောင်းပွဲ ဟုတ်လား”
“သခင်လေးက ဘယ်သိပါ့မလဲ၊ နှစ်စဉ် ဒီလိုအချိန်ရောက်ရင် ကျောက်တုံးမြို့တော်က တံတိုင်းတွေပေါ်မှာ ဆီမီးထွန်းပြီးဆုတစ်ခုကို တောင်းကြတယ်လေ”
“ဆုတောင်းတော့ရော ပြည့်ရဲ့လား”
“တော်တော်များများတော့ ပြည့်ကြတယ်ပြောတယ်၊ ဘာလဲ သခင်လေးရော စိတ်ဝင်စားသွားပြီလား”
“အေး . . ငါလည်းသွားရင်ကောင်းမလားလို့၊ မင်းတို့ ငါ့အတွက် ဆီမီးခွက်တစ်ခွက် ကြိုပြီးပြင်ဆင်ထားပေးပါ”
ကဖောက နှစ်ခြိုက်စွာဖြင့် အိပ်မောကျနေတော့သည်။ ထိုစဉ် အိပ်မက်ထဲတွင် ကျောက်တုံးမြို့တော်ကြီးကိုမြင်နေရသည်။ ကျောက်တုံးမြို့တော်ကြီးတစ်ခုလုံးကို မီးတောက်မီးလျှံများက ဝါးမြိုလျက်ရှိသည်။ မြို့သူ မြို့သားတို့၏ အော်ဟစ်သုံ၊ ငိုကြွေးသံများက ကောင်းကင်တစ်ခုလုံးတွင် ကျယ်လောင်နေလေသည်။ မြို့လမ်းတစ်လျှောက်တွင်လည်း ပိုးလိုးပက်လက်ဖြင့် သေဆုံးနေကြသည့်လူများမှာလည်း စုပုံနေလေသည်။ ကဖောလည်း သေဆုံးနေသည့်လူများ မီးလောင်နေသည့် အိမ်များကြားမှဖြတ်လျှောက်လာခဲ့တော့သည်။ ထိုအခါ သူ့မျက်နှာချင်းဆိုင်တွင် ဗာဂိုကို မြင်တွေ့လိုက်ရတော့သည်။
“ဟင် . . ရှင် . . ရှင်”
“အေး . . မင်းနဲ့စာရင်းရှင်းဖို့ ငါလာတာ”
ဗာဂို၏လက်ထဲတွင် မုန်တိုင်းဓါးကြီးကို ကိုင်ထားပြီးနောက် မုန်တိုင်းဓါးကြီးက မီးတောက်မီးလျှံများလည်း ဖြာထွက်နေတော့သည်။ ဗာဂိုက မုန်တိုင်းဓါးကြီးကို ဝှေ့ယမ်းကာ ပြေးဝင်လာသည့်အတွက် ကဖောတစ်ယောက် တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ သို့သော် သူ့လက်သူ့ခြေများက လှုပ်ရှား၍မရဘဲ ကျောက်သားများသဖွယ် အေးစက်တောင့်တင်းနေလေသည်။ ထို့အတွက်ကြောင့် ဗာဂို၏ မုန်တိုင်းဓါးကြီးမှာ ကဖော၏လည်ပင်းကိုဖြတ်သန်းသွားတော့သည်။
“အား . . .”
ကဖောက အိပ်မက်မှ လန့်နိုးသွားပြီးနောက် ထထိုင်လိုက်တော့သည်။ မနက်ပင်လင်းတော့မည်ဖြစ်ရာ ကဖောက ပြန်မအိပ်တော့ဘဲ ထသွားတော့သည်။ အိမ်ရှေ့ခန်းတွင် အလွန်နံ့သည့် အသီးများကို ထုထောင်းနေသည့် လိပ်ဘိုးဘိုးကိုတွေ့လိုက်ရတော့သည်။
“လိပ်ဘိုးဘိုး ဘာတွေထောင်းနေတာလဲ”
“ဟိုနေ့က ယူလာတဲ့အသီးတွေကိုပေါ့”
“ဘာလုပ်ဖို့လဲ”
“ဆေးတစ်မျိုးဖော်မလို့”
တစ်ဖက်တွင်လည်း ကျားလူမျိုးစုရွာကြီးက စည်ကားနေလေသည်။ အခြားအကြောင်းတော့မဟုတ်ပေ၊ စစ်တိုက်ထွက်ရန်အတွက် လေ့ကျင့်ပြင်ဆင်နေကြခြင်းဖြစ်သည်။
“ဓါးကိုင်နိုင်တဲ့ လှံကိုင်နိုင်တဲ့ ယောက်ျားသားတွေအားလုံး စစ်ထဲလိုက်ရမယ်”
“ဖြစ်ပါ့မလားခေါင်းဆောင်ရဲ့ တစ်ချို့လူငယ်လေးတွေက ကလေးသာသာကလေးရှိသေးတာ”
“ရတယ်၊ ငါတို့ကရှေ့တန်းကနေတိုက်ခိုက်မယ်၊ သူတို့ကိုတော့ နောက်တန်းမှာထားပြီးတော့ တိုက်ခိုင်းရမှာပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရေကုန်ရေခမ်းတိုက်ရမယ့်စစ်ပွဲတစ်ခုပဲ၊ ဒီတော့ တိုက်ခိုက်နိုင်တဲ့အရွယ်မှန်သမျှကို စုဆောင်းကွာ”
ကျားလူမျိုးစုတို့၏ ရွာလယ်ကွင်းပြင်ကြီးတွင် လက်နက်အသီးသီးကိုင်ဆောင်ထားကြသည့် ကျားလူမျိုးများက စစ်ပွဲအတွက် တိုက်ခိုက်ရန်လေ့ကျင့်နေကြတော့သည်။ မိန်းမသားများကလည်း မြားချွန်ခြင်းနှင့် မြားတံများပြုလုပ်ချင်းတို့ကို အားသွန်ခွန်စိုက်ပြုလုပ်နေကြတော့သည်။ သို့သော်လည်း အသားထဲကပင်လောက်ထွက်တတ်သည်ဖြစ်ရာ ကျားလူမျိုးများအတွင်းရှိသော လဘေးဝါး၏ တပည့်များက ဆရာဖြစ်သူထံသို့ ထိုသတင်းကို သတင်းပေးရန်အတွက် ကျားလူမျိုးစုရွာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြတော့သည်။
ဆုတောင်းပွဲည။
မြို့သူမြို့သားများအားလုံးမှာ ၎င်းတို့၏ဦးခေါင်းကိုအဝတ်စပါးများဖြင့်ဖုံးလွှမ်းထားကြပြီးနောက် မီးထွန်းထားသည့် ဆီမီးခွက်များကို လက်ထဲတွင် ကိုင်ဆောင်လာကြကာ အတန်းလိုက်စုဝေးလျှက် ဆုတောင်းစာသားများကိုရွတ်ဆို၍ ကျောက်သားမြို့ရိုးတံတိုင်းကြီးအပေါ်သို့ တက်ခဲ့ကြတော့သည်။ ထိုအထဲတွင် ကဖောလည်း ပါဝင်သည်။ ကဖောက ခေါင်းမှစပြီး ကိုယ်အောက်ပိုင်းအထိလုံခြုံစေရန်အတွက် အဝတ်စရှည်ကြီးတစ်ခုကို ခြုံထားလိုက်တော့သည်။ ထို့နောက် မြို့သူမြို့သားများနှင့်အတူ မြို့ရိုးပေါ်သို့တက်ခဲ့ကြတော့သည်။ မြို့ရိုးတွင် တန်းစီကာ လက်ထဲမှ ဆီမီးခွက်များကို ချပြီးနောက် ဝတ်ပြုဆုတောင်းနေကြတော့သည်။ လချေရှီးလည်း အပေါင်းအဖော်မိန်းကလေးများနှင့်အတူ ဆီမီးခွက်တစ်ခုကိုကိုင်ဆောင်လျှက် မြို့ရိုးပေါ်သို့ တက်ခဲ့တော့သည်။
“သခင်လေး ဆီမီးခွက်ကို ကိုယ်ကြိုက်တဲ့နေရာမှချထားလိုက်ပါ၊ ပြီးရင်တော ကိုယ်လိုတဲ့ဆုတစ်ခုကို နတ်ဘုရားတွေဆီမှာ တိုင်တည်ပြီးတော့ ဆုတောင်းလိုက်ရုံပဲ”
လချေရှီးက တံတိုင်းတစ်နေရာတွင် ဆီမီးခွက်ကလေးကို ချလိုက်တော့သည်။ ထို့နောက် စိတ်ထဲမှ သူအဖြစ်ချင်ဆုံးဆုတစ်ခုကို တောင်းလိုက်တော့သည်။
“နတ်ဘုရားများခင်ဗျာ၊ ကဖောနဲ့တစ်ခါလောက်တွေ့ခွင့်ပေးပါ”
ထိုသို့ဆုတောင်းပြီးမျက်လုံးများကိုဖွင့်ကြည့်လိုက်တော့သည်။ ထိုအခါတွင် သူ့ရှေ့တွင်လူတစ်ယောက်သွားနေလေသည်။ ခေါင်းကိုငုံ့ထားသဖြင့် ထိုသူ၏ ခြေထောက်ကိုသာ လှမ်းမြင်နေရသည်။ ထိုသူ၏ ခြေထောက်တွင်ကြိုးသိုင်းသားရေညှပ်ဖိနပ်ကိုဝတ်ဆင်ထားကာ ညာဖက်ခြေထောက်တွင် ခြေသန်းတစ်ဖက်မရှိပေ။ လချေရှီးလည်း ထိုခြေထောက်ကိုတွေ့ပြီး အတန်ကြာမှင်တက်နေမိသည်။
“ကဖော . . အဲဒါကဖောပဲဖြစ်မယ်”
လချေရှီးမတ်တပ်ထကာ ရပ်ကြည့်လိုက်သည့်အခါ ထူထပ်လှသည့်လူအုပ်ကြီးကိုသာတွေ့ရသည်။ လချေရှီးလည်း ထိုလူအုပ်ကြီးထဲသို့ဝင်လိုက်ပြီးနောက် လူများ၏ ခြုံထည်များ၊ ပုဝါများကိုလိုက်ပြီးဆွဲရင်း ကဖောကို ရှာဖွေနေမိသည်။ ထိုအခိုက်မြို့ရိုးပေါ်ရှိ ဂိတ်အဆောက်အအုံကြီး၏ ခေါင်မိုးပေါ်သို့ လူတစ်ယောက်က လွှားခနဲခုန်တက်လိုက်ကာ မတ်တပ်ရပ်လိုက်လေသည်။
“အားလုံးပဲ နားထောင်ကြပါ”
ထိုလူက အသံအကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက် သူဝတ်ဆင်ထားသည့် ဝတ်ရုံကြီးကို ဖြုတ်ချလိုက်တော့သည်။ ထိုအခါ ရွှေဝါရောင် သံချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြယ်ရောင်တမျှဝင်းလက်နေသည့် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် မိန်းကလေးတစ်ဦးကို ဆီမီးရောင်များကြားတွင် မြင်တွေ့လိုက်ရတော့သည်။ လူအုပ်ကြီးကလည်း ရပ်တန့်သွားကာ ထိုသူကိုငေးကြေည့်လိုက်ကြတော့သည်။
“ကဖော . . .”
လချေရှီးက ရေရွတ်လိုက်ပြီးနောက် ကဖောရှိရာသို့ ဦးတည်ပြီး ပြေးလွှားလိုက်တော့သည်။
“အားလုံးပဲနားထောင်ကြပါ၊ ကျွန်မဟာ ကျောက်တုံးမြို့တော်က မျိုးနွယ်စုတွေရဲ့ အနိုင်ရသူ ကဖောပဲဖြစ်ပါတယ်”
လူများအားလုံး မှင်တက်သွားကြတော့သည်။
“ဒါဆို ကဖောပြန်လာတယ်ဆိုတာ တကယ်ပေါ့၊ ကဖောက မသေဘူးပေါ့”
တစ်ယောက်တစ်ပေါက်နှင့်ပြောနေကြတော့သည်။
“ကျွန်မပြန်လာတယ်ဆိုတာက နတ်ဘုရားတွေရဲ့ အမိန့်အရ အကျင့်ပျက်ပြီး ကောက်ကျစ်ယုတ်မာတဲ့ ဘုရင်ကြီးကို အပြစ်ပေးဖို့ ပြန်လာတာပဲဖြစ်တယ်၊ ဘုရင်ကြီးက ကျွန်မတို့မျိုးနွယ်စုတွေအပေါ်ရော၊ ကျောက်တုံးမြို့တော်က လူတွေအပေါ်ရော၊ အာဏာကိုအသုံးချပြီးတော့ မဟုတ်မမှန်တာတွေလုပ်ခဲ့တယ်၊ ရက်ရက်စက်စက်အုပ်ချုပ်ခဲ့တယ်၊ ကျွန်မက ဒီအတွက် ဘုရင်ကြီးကို သူ့အပြစ်တွေအတွက် သူပြန်ခံစားရအောင်လုပ်ဖို့ လာခဲ့တာပဲ”
ကဖောစကားကိုကြားသည့်အခါ မြို့သူမြို့သားများမှာ စိုးရိမ်ပူပန်သွားကြလေသည်။
“မြို့သူမြို့သားတွေ သိပ်ပြီးမစိုးရိမ်ကြပါနဲ့၊ ဒီဘုရင်ကြီး သူ့ပြစ်ဒဏ်တွေခံရဖို့က သိပ်တော့မကြာတော့ပါဘူး၊ ဒါပေမယ့် ဘုရင်ကြီးကို တိုက်ခိုက်ဖို့အတွက်ဆိုရင် သူ့ရဲ့စစ်တပ်နဲ့ရင်ဆိုင်ရလိမ့်မယ်၊ ဒီအတွက် မြို့သူမြို့သားတွေရဲ့ အင်အားကို ကျွန်မလိုအပ်နေတယ်၊ ဒီတော့ ကျွန်မနဲ့အတူ ပူးပေါင်းပါဝင်ပြီး ဘုရင်ကြီးရဲ့အာဏာစက်ကို ရပ်တန့်ချင်တယ်ဆိုတဲ့လူတွေက လက်ညိုးထောင်ပြကြပါ”
လူအုပ်ကြီးက အတန်ငယ်တိတ်ဆိတ်နေလေသည်။ ထိုအခါ လချေရှီးက လက်ညိုးတစ်ချောင်းထောင်ပြီး လက်ကိုမိုးပေါ်ထောင်လိုက်တော့သည်။
“ကျုပ်ပါမယ်၊ ဒီဘုရင်ကြီးကို အပြစ်ပေးဖို့အတွက် ကျုပ်လည်းပါမယ်”
လချေရှီးလက်ညိုးထောင်လိုက်သည့်အခါ အနားမှလူများကလည်း လက်ညိုးများထောင်ကြရင်းဖြင့် လူအုပ်ကြီးတစ်ခုလုံးက လက်ညှိုးများအားလုံးထောင်လိုက်ကြတော့သည်။
“ကောင်းပြီ၊ ငါတို့အားလုံးက တစ်ယောက်ထဲပဲ ငါတို့အတူတူတိုက်ခိုက်ကြမယ်”
ကဖောက ထိုသို့ပြောလိုက်သည့်အခါ လူအုပ်ကြီးကလည်း ထိုသို့လိုက်ပြောကြတော့သည်။
“ငါတို့အားလုံးက တစ်ယောက်ထဲပဲ၊ ငါတို့ အတူတူတိုက်ခိုက်ကြမယ်”
အော်ဟစ်ကြွေးကြော်သံများက မြို့ရိုးတံတိုင်းတစ်ခွင် ပျံ့နှံ့သွားတော့သည်။ မကြာခင် ဘုရင်ကြီး၏ ရဲမက်များရောက်လာတော့သည်။ သို့သော်လူအုပ်ကြီးက ကာကွယ်ထားသဖြင့့်ထိုရဲမက်များမှာ တိုးမပေါက်နိုင်ပေ။ ကဖောက မြို့ရိုးပေါ်မှဆင်းကာ လူအုပ်ကြားထဲတိုးဝင်ပြီး ပျောက်ကွယ်သွားတော့သည်။ မြို့သူမြို့သားများ၏ ဟစ်ကြွေးသံများက ဆူညံစွာ ထွက်ပေါ်လာတော့သည်။
ဆုတောင်းပွဲရှိသဖြင့်် မြို့တော်ကြီးတစ်ခုလံုံးမှာ တိတ်ဆိတ်နေတော့သည်။ လဘေးဝါးက ထိုင်နေရင်း သူ့ကံကြမ္မာကို သူပြန်ဖတ်ကြည့်နေသည်။ ကျောက်တုံးများ၊ အရိုးများ၊ ငှက်မွှေးများကို လက်ထဲလုံးထွေးပြီးနောက် ကြမ်းပြင်ပေါ်သို့ ကျဲချလိုက်တော့သည်။
“အလို . . ဆိုးတယ် . . တော်တော်ဆိုးတယ်”
လဘေးဝါးက ကြည့်ပြီး အလွန်စိတ်ညစ်သွားတော့သည်။ ထိုအခါတွင် သူ့တပည့်တစ်ယောက် အခန်းထဲသို့ ပြေးဝင်လာတော့သည်။
“ဆရာကြီး အရေးကြီးတဲ့သတင်းတစ်ခုရှိပါတယ်”
“ဘာလဲကွာ မထိတ်သာမလန့်သာရှိလိုက်တာ”
“ကျားလူမျိုးတွေက စစ်ပြင်နေကြပြီတဲ့”
“အေးလေ၊ အဲ့ဒါဘာဆန်းလဲ”
“ဆန်းတာကတော့ သူတို့စစ်ပြင်တာက ကျောက်တုံးမြို့တော်ကြီးကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတဲ့”
“ဟား . . ဟား”
ထိုစကားကိုကြားသည့်အခါ လဘေးဝါးက အားရပါးရ ရယ်မောလိုက်တော့သည်။
“ဘန်ဝါးက တော်တော်ရူးတာပဲကွာ၊ သူတို့ မျိုးနွယ်စုကလေးလောက်နဲ့ ကျောက်တုံးမြို့တော်ကို တိုက်မယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား ဟား . . ဟား”
“မဟုတ်ဘူးဆရာကြီး၊ သတင်းအရဆိုရင် ကဖောက မျိုးနွယ်စု သုံးဆယ့်တစ်စုလုံးကို စည်းရုံးခဲ့ပြီတဲ့။ အခုမျိုးနွယ်စုတွေအကုန်လုံးက စုပေါင်းပြီး ကျောက်တုံးမြို့တော်ကြီးကို တိုက်ခိုက်ဖို့ မကြာခင် စစ်ချီလာတော့မယ်တဲ့”
“ဟေ . . .”
အားရပါးရရယ်မောနေသည့် လဘေးဝါးမှာ ချက်ချင်းပင် မျက်နှာကြီးက ငိုင်ကျသွားတော့သည်။
“ဒါ . ဒါဆို ဒီကိစ္စအရေးကြီးတယ်၊ မြင်းလှည်းပြင်ထားလိုက်စမ်း၊ ငါနန်းတွင်းကိုဝင်ရမယ်၊ ဘုရင်ကြီးကို ဒီသတင်းတခြားသူတွေမပြောခင် . . ငါအရင်ပြောပြမှဖြစ်မယ်”
လဘေးဝါးလည်း သားမွှေးဝတ်ရုံရှည်ကြီးကို ကမန်းကတမ်းကောက်ဝတ်လိုက်ပြီးနောက် ပြေးထွက်သွားတော့သည်။
ဘုရင်ကြီးနှင့်မူးမတ်များမှာ ခန်းမကြီးအတွင်းတွင် စားသောက်ပွဲကြီးတစ်ခုပြင်ဆင်ကာ အတူတူ စားသောက်နေကြတော့သည်။ ဘုရင်ကြီးနှင့်အတူ မင်းဆွေမင်းမျိုးများနှင့် မူးမတ်များလည်း အတူတကွ စားသောက်နေကြတော့သည်။ ထိုအခိုက် ခန်းမတံခါးကြီးပွင့်သွားပြီး လဘေးဝါးက ကမန်းကတမ်းနှင့် ပြေးဝင်လာလေသည်။
“ဘုရင်ကြီး . . အရေးကြီးပြီ”
ကြက်ပေါင်ကြီးကို ကိုင်ထားသည့် ဘုရင်ကြီးမှာ အနည်းငယ်ယစ်မူးနေလေသည်။
“ဘာဖြစ်တာတုန်း လဘေးဝါးရဲ့၊ မင်းကြည့်လိုက်ရင် အမြဲတမ်းအလန့်တကြားနဲ့”
“က . . ကဖောက မခူးတောင်တန်းကြီးပေါ်မှာရှိတဲ့ မျိုးနွယ်စု သုံးဆယ့်တစ်စုကို စည်းရုံးပြီး ကျောက်တုံးမြို့တော်ကို တိုက်ခိုက်ဖို့ကြံစည်နေပါပြီ၊ အခု မျိုးနွယ်စုတွေအကုန် စစ်ပြင်နေကြပြီးတော့ မကြာခင်မှာ ချီတက်လာပါတော့မယ်”
“ဘာ . . ကဖောဟုတ်လား၊ မင်းပြောတော့ ကဖောသေတာသေချာတယ်ဆို”
ဘုရင်ကြီး ဒေါသထွက်သွားတော့သည်။
“ဟုတ်ကဲ့ သေချာပါတယ်”
“ဒါဖြင့်ဘယ်လိုလုပ်ပြီးတော့ သူ့နာမည်ကို ပြန်ကြားရတာတုန်း”
“ဒီ . . ဒီလိုပါ၊ အခုကြားရတာတွေက သတင်းပဲရှိပါသေးတယ်၊ ကဖောသေသွားပေမယ့် တစ်ယောက်ယောက်က ကဖောနာမည်ကိုအသုံးချပြီး မျိုးနွယ်စုတွေကို မြှောက်ထိုးပင့်ကော် လုပ်နေတာဖြစ်နိုင်ပါတယ်”
ဘုရင်ကြီးက သူ့လက်ထဲတွင်ကိုင်ထားသည့် ကြက်ပေါင်ကင်ကို ပစ်ချလိုက်ပြီးနောက် အဝတ်စတစ်ခုဖြင့် သူ့လက်များကို သုတ်နေတော့သည်။ ထိုအချိန်ပင် ရဲမက်တစ်ယောက်က သုတ်သီးသုတ်ပြာဖြင့် ခန်းမဆောင်ထဲသို့ ပြေးဝင်လာလေသည်။
“ဟော၊ မင်းကရော ဘာဖြစ်ရပြန်တာတုန်း”
“မှန်လှပါဘုရင်ကြီး၊ ကဖော . . ကဖောကို မြို့ရိုးပေါ်မှာတွေ့လိုက်ပါတယ်”
“ဟေ . . လာပြန်ပြီလား ကဖော၊ မင်းတို့သေချာရဲ့လား”
“သေချာပါတယ်၊ ကဖောမှ ကဖောအစစ်ပါ၊ သူက ရွှေဝါရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီးတော့ လှံကြီးတစ်လက်ကိုလည်း ကိုင်စွဲထားပါတယ်”
“ဘာ . . ဘာကွ”
ဘုရင်ကြီးမှာ ဒေါသထွက်ထွက်နှင့် ထိုင်ခုံမှ မတ်တပ်ရပ်လိုက်တော့သည်။
“ဒါတင်မကသေးပါဘူး၊ အခု ကဖောက မြို့သားတွေကို စည်းရုံးပြီး ဘုရင်မင်းကြီးကို တော်လှန်ဖို့ လူစာရင်းကောက်တဲ့အခါ လူတိုင်းလိုလိုက ကဖောနောက်လိုက်အဖြစ်လုပ်ကြမယ်လို့ ပြောကြကြောင်းပါ”
ထိုစကားထပ်ကြားလိုက်သည့်အခါ ဘုရင်ကြီးက ရုပ်သေးတစ်ရုပ် ကြိုးပြတ်သွားသကဲ့သို့ သူ့ခုံပေါ်သို့ ပြန်ပြီးလဲကျသွားတော့သည်။ ထို့နောက်
“ကဲ ဒီသတင်းအမှန်ဆိုရင် ဘယ်လိုလုပ်ကြရမလဲ အမတ်ကြီးတို့ အကြံပေးပါ”
အမတ်ကြီးများလည်း ရုတ်တရက်မို့ စဉ်းစားနေကြတော့သည်။
“ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်ဘုရင်ကြီး”
“ဟင် လဘေးဝါး လုပ်ပြန်ပြီ၊ ပြောစမ်းပါဦး ဘာအကြံ ဘာနည်းလမ်းလဲ”
“မျိုးနွယ်စုတွေဆိုတာက တစ်သက်လုံး အမြဲတမ်းတစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြဲသတ်ဖြတ်နေကြတာဆိုတော့ သူတို့တွေအချင်းချင်းကြားမှာ မသင့်မြတ်မှုကလေးတွေရှိကြပါတယ်၊ အဲဒီမသင့်မြတ်မှုကလေးတွေကို အသုံးချပြီးတော့ သူတို့မျိုးနွယ်စုတွေ စုရုံးလို့မရအောင် ကျွန်တော်ကြံံပါ့မယ်၊ ပြီးတော့ မျိုးနွယ်စုအချင်းချင်းပြန်ပြီး တိုက်ခိုက်ကြအောင်လုပ်လိုက်မယ်ဆိုရင် သူတို့တပ်တွေ အချိန်ခဏအတွင်းမှာ ပြိုကွဲသွားမှာပါ”
ဘုရင်ကြီးလည်း လဘေးဝါး၏အကြံကို နားထောင်ပြီး အနည်းငယ်စိတ်သက်သာရာ ရသွားတော့သည်။
“ဒါနဲ့ မြို့တွင်းက ကဖောကိုရော ဘယ်လိုလုပ်မလဲ”
“လွယ်လွယ်လေးပါ ဘုရင်ကြီးရယ်၊ အိမ်တွင်းရေးကိစ္စတွေကို အိမ်တံခါးပိတ်ပြီးဖြေရှင်းရတယ်လို့ ဆိုရိုးရှိတဲ့အတိုင်း မြို့ထဲက ပြသနာတွေကိုတော့ မြို့ရိုးတံခါးကိုပိတ်ပြီး ဖြေရှင်းလို့ရနိုင်ပါတယ်”
“မင်းပြောရင် အမြဲတမ်းလွယ်နေတာပဲ လဘေးဝါးရယ်၊ ကောင်းပြီ မင်းအခုပြောတဲ့အကြံအစည်ကို မင်းလုပ်ဆောင်ဖို့ ငါအမိန့်ပေးတယ်၊ နောက်ပြီးတော့ လဘေးဝါး မင်းကတိပေးထားတဲ့အတိုင်း နောက်ထပ် ကဖောဆိုတဲ့ နာမည်ကို ငါမကြားချင်တော့ဘူး၊ ငါထပ်ကြားရတာနဲ့ မင်းတို့တစ်ဆွေလုံးတစ်မျိုးလုံးကို ကျောက်တုံးနဲ့ဖိပြီး အမှုန့်ကြိတ်ချေပစ်မယ်”
ဘုရင်ကြီးက ကြိမ်းဝါးလိုက်ပြီးနောက် ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။ လဘေးဝါးလည်း ခန်းမအတွင်းမှထွက်လာကာ အပြင်ရောက်တော့မှ မကျေမနပ်နှင့် တောက်ခေါက်လိုက်တော့သည်။
“ငါ့အကြံအစည်တွေတော့ အကုန်ပျက်တော့မှာပဲကဖော . . . နင်ဟာလေ ငါ့အပေါ် တစ်သက်လုံး ဒုက္ခပေးနိုင်လွန်းတယ်”
လဘေးဝါးက ပြောလိုက်ပြီးနောက် သုတ်သီးသုတ်ပြာဖြင့် ပြန်ထွက်သွားတော့သည်။
(၃၂)
လိပ်ဘိုးဘိုးအိမ်အတွင်းမှ လှမ်းကြည့်လိုက်လျှင် မြို့ရိုးပေါ်တွင်ကျန်နေခဲ့သည့် ဆီမီးခွက်ကလေးများက ကြယ်ကလေးများသဖွယ် မြင်တွေ့နေရသည်။ ကဖောလည်း ဆီမီးခွက်ကလေးများကို ငေးကြည့်နေစဉ် အိမ်ရှေ့တံခါးမှာ ရုတ်တရက်ပွင့်သွားပြီးနောက် လူတစ်ယောက်ဝင်လာသဖြင့် ကဖောက လှံကိုဆွဲလိုက်ပြီး ထိုလူ၏ လည်ပင်းကို လှံသွားချွန်ဖြင့် ထောက်ထားလိုက်တော့သည်။ မီးရောင်အောက်တွင် ထိုလူ၏ မျက်နှာကို သဲသဲကွဲကွဲ မြင်လိုက်ရတော့သည်။
“ဟင် လချေရှီး”
“နင်ဘယ်လိုလုပ်ပြီးလာခဲ့တာလဲ”
“ငါသိတယ်၊ ကျောက်တုံးမြို့တော်ရောက်ရင် နင်ဒီကိုလာမှာပဲဆိုတာ ငါတွေးမိလို့ လာခဲ့တာ”
“နင်ဘာလာလုပ်တာလဲ”
လချေရှီးက အိမ်အတွင်းသို့ဝင်လိုက်ပြီးနောက် တံခါးကိုပြန်ပိတ်လိုက်တော့သည်။ ထို့နောက်မှ ကဖောဘက်သို့ပြန်လှည့်လိုက်ပြီး
“နင့်ကိုတွေ့ချင်လို့ ကဖော”
“အပိုတွေမပြောနဲ့ လချေရှီး၊ နင် ငါ့ကို ဘာလုပ်ခဲ့တယ်ဆိုတာကို ငါမမေ့သေးဘူး”
“ငါပြောပြီးသားပဲ အဲဒါတွေ အားလုံးက နင့်ကိုချစ်လို့လုပ်ခဲ့တာတွေ”
“အပိုတွေပါဟာ”
ကဖောက ပြောလိုက်ပြီးနောက် လှံတံကို လချေရှီးလည်ပင်းအား တင်းတင်းထောက်ထားလိုက်တော့သည်။
“တကယ်ပါကဖော၊ နင့်ကို ကြံစည်နေတဲ့သူက ငါ့အဖေဖြစ်တဲ့ လဘေးဝါးပဲ၊ နင်မသေဘူးဆိုတာသိရင် သူကနင့်ကို အမြဲတမ်း အကြိမ်ကြိမ်မကောင်းကြံစည်နေတော့မှာ၊ ဒီတော့ ငါနင့်ကို အဲဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်ချင်တော့ဘူး ကဖော”
“ဒါနဲ့ပဲ နင်က ငါ့ကိုသတ်ပစ်ခဲ့တယ်ပေါ့၊ ငါ့ရဲ့နှလုံးသားတည့်တည့်ကို ဓါးနဲ့ထိုးခဲ့တယ်ပေါ့၊ ဟုတ်လား လချေရှီး၊ နင်က ငါ့အခုဒီစကားကို ယုံမယ်လို့ထင်နေတာလား”
“ယုံတာမယုံတာ နင့်အပိုင်းပဲကဖော၊ ဒါပေမယ့် ငါ့ရဲ့အချစ်တွေ၊ နင့်အပေါ်ထားတဲ့ ငါ့မေတ္တာတွေကတော့ စစ်မှန်တဲ့မေတ္တာတွေပါကဖောရယ်၊ ကဲထားလိုက်ပါတော့။ နင်မကျေနပ်ဘူးဆိုရင်လဲ ဘယ်တတ်နိုင်ပါ့မလဲ၊ နင်ငါ့ကိုအခုတွေ့ပြီပဲ နင်လက်စားချေချင်တယ်ဆိုရင်လည်း တစ်ခါတည်း ချေလိုက်ပါတော့”
လချေရှီးက ထိုသို့ပြောလိုက်ပြီးနောက် ကဖော၏လှံသွားကို လည်ပင်းမှနေရာရွေ့လိုက်ပြီးနောက် သူ့ရင်ဘတ်ပေါ် ထောက်ပေးလိုက်တော့သည်။
“နင်လုပ်ချင်တယ်ဆိုရင် ငါ့နှလုံးသားတည့်တည့်ကိုသာ လုပ်လိုက်စမ်းပါဟာ”
လချေရှီးက ပြောပြီးတော့ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။ လချေရှီးမျက်နှာကိုကြည့်နေရသည်မှာ တစ်ခုခုကို သေသေချာချာဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ကဖောက လချေရှီးကိုတွေ့လျှင် သတ်ပစ်မည်ဟု ကြိမ်းဝါးထားသော်လည်း တကယ်တမ်းတွေ့ပြန်တော့ ထိုစိတ်ကူးတွေဘယ်ရောက်သွားမှန်းမသိတော့။ လချေရှီးမျက်နှာကိုကြည့်ရင်း သနားနေမိတော့သည်။ စိတ်ရှိသည့်အတိုင်းသာဆိုလျှင် လချေရှီးကို ပွေ့ဖက်ထားချင်သော်လည်း သူ့စဉ်းစားဉာဏ်က ထိုသို့မလုပ်ရန်အတွက် တားဆီးထားတော့သည်။ ကဖောက လှံကို ပြန်ချလိုက်တော့သည်။
“သွားတော့ လချေရှီး၊ နင်သွားတော့”
“ငါမသွားဘူးကဖော၊ ငါဘယ်မှ မသွားတော့ဘူး”
ကဖောမျက်လုံးလေးများ ပြူးကျယ်သွားတော့သည်။
“ငါနင့်ကို တစ်ခါစွန့်ပစ်သလိုလုပ်ခဲ့ပြီးပြီ၊ အဲဒီလိုလုပ်ခဲ့တဲ့အတွက်လည်း ငါအခုထိညတိုင်း အပြစ်ရှိသလိုခံစားနေရတယ်၊ ငါနောင်တတွေရနေတယ်၊ ဒီတော့ ဒီတစ်ခါတော့ နင့်ကိုမခွဲသွားတော့ဘူး၊ နင့်အနားမှာပဲ ငါနေမယ်၊ နင့်ကိုငါ အသက်ထက်ဆုံး ကာကွယ်ပေးမယ်”
“ဒါပေမယ့် နင့်အဖေရှိသေးတယ်လေ လချေရှီး”
လချေရှီးက ခေါင်းခါလိုက်တော့သည်။
“တော်ပြီကဖော၊ ငါသူတို့စကားကို နားမထောင်တော့ဘူး၊ ငါတစ်ခါမှားခဲ့တာကို ငါဝန်ခံတယ်၊ အခုငါ အာဏာလည်းမလိုချင်ဘူး၊ ငွေတွေ၊ ရွှေတွေ၊ မိန်းကလေးတွေ ဘာဆိုဘာမှမလိုချင်တော့ဘူး”
“ဒါဆို နင်လိုချင်တာက ဘာလဲ”
“နင်ပဲ ကဖော၊ ငါလိုချင်တာက နင်ပဲ၊ ငါတစ်ရက်ပဲ တစ်ခဏပဲအသက်ရှင်ရမယ်ဆိုရင်တောင် ငါလိုချင်တာ နင်ပဲကဖော၊ နင်သေသွားပြီဆိုလို့ ငါ့ရဲ့ ကမ္ဘာကြီး အမှောင်ကျသွားခဲ့ရတယ်ကဖော၊ အခုတော့ ငါ့ဘဝမှာ အလင်းရောင်ပေါ်လာခဲ့ပြီ၊ အဲဒီအလင်းရောင်ကတော့ နင်ပဲကဖော၊ နင်က ငါ့ဘဝအတွက် နေမင်းကြီးပဲ”
ထိုစကားများကိုကြားလိုက်တော့ ကဖောက လချေရှီးကို ပြေးဖက်လိုက်တော့သည်။ ပြေးဖက်ရင်း ကဖောမျက်ရည်တွေ စီးကျနေတော့သည်။
“ငါယုံတယ် လချေရှီး နင့်ကိုငါယုံတာက နင့်မို့လို့ ယုံတာမဟုတ်ဘူး၊ ငါတို့နှစ်ယောက်ရဲ့ အချစ်ကို ငါယုံတယ်”
လချေရှီးက ကဖော၏ ဆံပင်ကြမ်းကြမ်းကလေးတွေကို ပွတ်သပ်ပေးနေမိသည်။ သူတို့နှစ်ဦး၏ ရင်ခုန်သံတွေမြန်ဆန်လာတော့သည်။ နှစ်ယောက်သားပူးကပ်ထားသဖြင့် နွေးထွေးသည့် အထိအတွေ့လေးတွေကို ခံစားမိနေသည်။ ထိုစဉ် အလွန်မွေးကြိုုင်သော ရနံ့တစ်ခုကို ခံစားမိလိုက်တော့သည်။ ထိုရနံ့မှာ လိပ်ဘိုးလိုးးသယ်ယူလာသည့် အသီးကလေးများမှ ရနံ့များဖြစ်တော့သည်။ ထိုအသီးကလေးများသည် နေ့တွင် အလွန်နံစော်သော်လည်း ညအခါတွင်မူ အလွန်မွှေးကြိုင်ချိုအီလှသည့် ရနံ့များနှင့် ထုံသင်းနေတော့သည်။ ကဖောတို့ ချစ်သူနှစ်ဦးမှာလည်း အမွှေးရနံ့များနှင့် အချစ်ရေယာဉ်ကျောထဲ အလိုက်သင့်မျောပါသွားကြတော့သည်။
မနက်နေခြည်နွေးနွေးက မျက်နှာကို ထိုးတော့မှ သူတို့လန့်နိုးသွားကြသည်။ ကဖောက လချေရှီး၏ ရင်ဘတ်ကလေးကို ပွတ်သပ်ပေးနေမိသည်။
“ကဖော ဒါဟာအိပ်မက်များလား၊ တကယ်လို့အိပ်မက်ဆိုရင်တောင်မှ ဒီအိပ်မက်က ငါတစ်သက်လုံးစိတ်ကူးခဲ့တဲ့ အိပ်မက်ပဲဖြစ်မှာ”
ထိုသို့ပြောရင်း ကဖော၏ နှုတ်ခမ်းကလေးကို နမ်းလိုက်တော့သည်။
“အိပ်မက်ဆိုရင်လည်း ဒီအိပ်မက်ကနေ ဆက်မနိုးချင်တော့ဘူးကဖောရယ်”
“အိပ်မက်မဟုတ်ဘူး လချေရှီး၊ ဒါ တကယ်ပဲ”
ကဖောက အိပ်ရာမှ ကောက်ထလိုက်တော့သည်။
“ငါတို့မှာ အချိန်မရှီတော့ဘူး၊ လုပ်သင့်တာတွေလုပ်ရတော့မယ်၊ ဒီတော့ နင်ဘာလုပ်မှာလဲ လချေရှီး”
“ငါလား၊ ငါအိမ်ပြန်မယ်၊ ငါ့အဖေရဲ့ အကြံအစည်တွေကို ငါတားရမယ်၊ သူသဘောတူတူမတူတူ ငါနင့်ဘက်ကပဲ ရပ်တည်မယ်ကဖော”
လချေရှီးလည်း အဝတ်အစားများဝတ်ဆင်ပြီးနောက် သူ၏စံအိမ်တော်သို့ ပြန်သွားလိုက်တော့သည်။ စံအိမ်တော်ရောက်သည့် အိမ်ကြီးက တိတ်ဆိတ်နေပေသည်။
“အဖေ . . အဖေ”
စံအိမ်တော်အတွင်း လှည့်ပတ်ကာ အော်ဟစ်လိုက်သော်လည်း လဘေးဝါးကို မတွေ့ရပေ။ ထိုအခါ သူ့အမေက အခန်းထဲမှ ထွက်လာလေသည်။
“သား၊ မင်းညက ဘယ်တွေသွားနေသလဲ၊ မင်းအဖေမရှိဘူးကွဲ့”
“ဘယ်သွားလဲ”
“မျိုးနွယ်စုတွေကို တားဆီးဖို့ဆိုပြီးတော့ထွက်သွားတယ်”
“မဖြစ်ဘူး၊ ဒါဆို ကျွန်တော်လိုက်သွားမှဖြစ်မယ်”
“မရတော့ဘူးသား၊ ဘုရင်ကြိးက ကျောက်တုံးမြို့တော်ကြီးရဲ့ တံခါးကိုပိတ်လိုက်ပြီ၊ ဒီနေ့ကစပြီး မြို့ထဲကနေဘယ်သူ့ကိုမှ အဝင်အထွက်လုပ်ခွင့်မပေးတော့ဘူး”
လချေရှီးအကြံအိုက်သွားတော့သည်။ ထို့နောက် ခေါင်းညိတ်ကာ သူ့အဆောင်သို့ကူးလာခဲ့တော့သည်။ အဆောင်အတွင်းတွင် သူ့ကိုအဖော်ပြုပေးကြသည့် မိန်းကလေးများက အသင့်စောင့်ကြိုနေကြတော့သည်။ ထိုအခါ လချေရှီးက သူ့အဆောင်အတွင်းရှိ ရွှေငွေများနှင့် အဖိုးတန်ပစ္စည်းများကို သိမ်းကြုံးယူဆောင်ကာ ထိုမိန်းကလေးများကို ပစ်ပေးလိုက်တော့သည်။
“သခင်လေး ဘာလုပ်တာလဲ”
“နင်တို့တွေ လွတ်လပ်သွားပြီ၊ နင်တို့ ငါ့ကိုနောက်ထပ် အဖော်ပြုပေးစရာမလို့တော့ဘူး၊ နင်တို့လိုချင်တဲ့ပစ္စည်းတွေယူပြီး ထွက်သွားကြတော့”
ထိုသို့ပြောလိုက်သည်နှင့် မိန်းကလေးများက တန်ဖိုးကြီးပစ္စည်များကို လုယက်ယူငင်နေကြတော့သည်။ ထိုအခါ သူ့အမေရောက်လာလေသည်။
“သား . . သားဘာတွေလုပ်နေတာလဲ”
“သူတို့ကို သားမလိုတော့ဘူးအမေ၊ နောက်ပြီး သား ဒီကထွက်သွားတော့မယ်”
“ဘာဖြစ်လို့လဲသား သားက ဒီကထွက်ပြီး ဘယ်ကိုသွားတော့မလို့လဲ”
“သား ကဖောဆီသွားမယ်၊ ကဖောနောက်ကို တစ်သက်လုံးလိုက်သွားတော့မယ်”
“သားရယ် မင်းရူးနေသလား၊ ကဖောက မင်းရဲ့ရန်သူ၊ မင်းရဲ့ ဘဝတက်လမ်းအတွက် အနှောင့်အယှက်ဆိုတာကို သားသိရဲ့သားနဲ့၊ သားဘုရင်မဖြစ်ချင်ဘူးလား၊ ကျောက်တုံးမြို့တော်ကြီးကို မပိုင်ဆိုင်ချင်ဘူးလား၊ နောက်ပြီး မိန်းမတစ်ယောက်အတွက်နဲ့ သားဒီလိုဖြစ်နေစရာမလိုပါဘူးသားရယ်၊ သားဘုရင်ဖြစ်ရင် ဒီမြို့ကြီးထဲက ကြိုက်သလောက် မိန်းကလေးတွေ သားယူလို့ရပါတယ်”
“မလိုဘူးအမေ၊ အမေပြောတာတွေ တစ်ခုမှ ကျွန်တော်မလိုချင်ဘူး၊ သားဘုရင်လည်း မဖြစ်ချင်ဘူး၊ ချမ်းလည်းမချမ်းသာချင်ဘူးအမေ၊ သားလိုချင်တာက အချစ်၊ သားကဖောကိုချစ်တယ်”
ယုဝါ စိတ်တော်တော်သောကရောက်ပြီးနောက် ငိုကြွေးနေတော့သည်။
“သားရယ် မိုက်လိုက်တဲ့အမေ့သား၊ ကျောက်တုံးမြို့တော်ကြီးနဲ့ ဘုရင်နေရာတောင် အဲဒီမိန်းကလေးတစ်ယောက်အတွက်နဲ့ စွန့်ရလောက်အောင်ကို မိုက်လိုက်တဲ့ငါ့သား”
“ဟုတ်တယ်အမေ။ ကိုယ်ချစ်တဲ့သူကိုတောင် ရအောင်မစွမ်းဆောင်နိုင်တဲ့သားက ဒီမြို့တော်ကြီးနဲ့ ဒီလူတွေအားလုံးကို အုပ်ချုပ်ဖို့မစွမ်းဆောင်နိုင်ပါဘူးအမေ၊ ဒီတော့ သားအခုအချိန်ကစပြီး ကိုယ်ချစ်တဲ့သူနဲ့ပဲနေတော့မယ်၊ ကိုယ်လုပ်ချင်တဲ့အရာကိုပဲ လုပ်တော့မယ်”
လချေရှီးကထိုသို့ပြောရင်း လှည့်ထွက်သွားလေသည်။
“ဒါဆိုသား . . သားအမေ့ကိုမချစ်ဘူးလား”
အမေမေးလိုက်သည့်စကားကြောင့် လချေရှီးလည်ပြန်ပြန်လှည့်ကြည့်လိုက်တော့သည်။
“အမေ့ကိုလည်း ချစ်တယ်၊ နောက်ပြီး တစ်သက်လုံး သွေးသားလို ကျွေးမွေးခဲ့တဲ့ အဖေ့ကိုလည်းချစ်တယ်၊ ဒါပေမယ့် သား အာဏာကိုမချစ်ဘူး၊ သား ရာထူးတွေကိုမချစ်ဘူး၊ သား ဂုဏ်တွေ အရှိန်အဝါတွေကို မချစ်ဘူးအမေ”
ထိုသို့ပြောပြီး လချေရှီးက စံအိမ်အတွင်းမှ ထွက်ခွာသွားတော့သည်။ ထိုအခါ သူ့အမေယုဝါတစ်ယောက် လဲကျကာ ငိုကြွေးရင်း ကျန်နေခဲ့တော့သည်။
(၃၃)
လဘေးဝါးက မြင်းလှည်းကြီးကို စီးနင်းလျှက် ကျားလူမျိုးရွာသို့ရောက်ခဲ့တော့သည်။
“တံခါးဖွင့်ကြစမ်း၊ ငါက ကျောက်တုံးမြို့တော်က လွှတ်လိုက်တဲ့ လူမျိုးစုတွေကို အုပ်ချုပ်သူ လဘေးဝါးပဲ မင်းတို့တွေ ကံမဆိုးချင်ရင် တံခါးဖွင့်ကြစမ်း”
ဘန်ဝါးက တံခါးကိုဖွင့်ခိုင်းလိုက်ပြီးနောက် လဘေးဝါးကို ဧည့်ခန်းမဆောင်ကြီးအတွင်း တွေ့ဆုံလိုက်တော့သည်။
“ဘယ်လိုလည်း လဘေးဝါးရဲ့ ခင်ဗျားကြည့်ရတာ သိပ်ပြီးတောက်ပြောင်နေပါလား၊ ထင်တော့ ကျောက်တုံးမြို့တော်မှာ နေသားကျသွားပြီနဲ့ တူပါရဲ့”
“အပိုတွေပြောမနေနဲ့ ဘန်ဝါး၊ မင်း ကဖောနဲ့ ပေါင်းနေတယ်ဆို၊ ကဖောပြောတာတွေ လိုက်လုပ်နေတယ်ဆို”
“ဒါအမှန်ပဲလေ”
“မင်းကွာ၊ ဦးနှောက်မရှိလိုက်တာ၊ ကဖောဆိုတာက မင်းအဖေကို သတ်ခဲ့တဲ့သူ၊ နောက်ပြီး မင်းရဲ့မျက်နှာကိုလည်း ဟောဒီလိုကြီးဖြစ်အောင် လုပ်ခဲ့တဲ့သူ၊ ကျောက်တုံးမြို့တော်မှာလည်း မင်းကိုအနိုင်ယူသွားတဲ့သူ၊ ဒီလူက မင်းရဲ့ရန်သူဆိုရင်လဲ မမှားဘူး၊ ဒါနဲ့များ ဘာလို့ အတူတူပေါင်းနေရသေးတာလဲ”
“ဟား . . ဟား၊ တော်တော်လည်း စကားတတ်တဲ့ လဘေးဝါးကြီး၊ ဒါကြောင့် ဘုရင်ကြီးက ခင်ဗျားကို ရာထူးကောင်းကောင်းပေးထားတာဖြစ်မယ်”
ဘန်ဝါး၏ စကားကိုကြားရတော့ လဘေးဝါး ဒေါသထွက်သွားတော့သည်။
“ဒီမှာဘန်ဝါး နားထောင်စမ်း၊ မင်း ကဖောတို့နဲ့မပူးပေါင်းနဲ့၊ ဒါဆိုရင် မင်းအတွက် ရွှေပြား တစ်တင်းနဲ့ ကျွဲတွေ၊ နွားတွေ၊ လက်နက်တွေ၊ မိန်းမတွေ မင်းလိုချင်တာ အကုန်ဖြစ်စေရမယ်ကွာ”
ဘန်ဝါးမှာ လဘေးဝါးစကားများကို အကောင်းဆုံး ပြက်လုံးတစ်ခု ကြားနေရသည့်အလား ရယ်မောဟားတိုက်နေတော့သည်။
“ခင်ဗျားရွှေပြားတွေက ကိုက်စားလို့ရတာမှမဟုတ်တာ လဘေးဝါးရယ်၊ ပြန်ယူသွားလိုက်ပါ၊ နောက်ပြီးခင်ဗျားကိုပြောရဦးမယ်ဗျ။ ကျုပ်တို့မျိုးနွယ်စုတွေက ကဖောနောက်လိုက်ကြတယ်ဆိုတာက ရလိုမှတစ်ခုကြောင့်မဟုတ်ဘူးဗျ၊ ကျုပ်တို့မျိုးနွယ်စုတွေရဲ့ ဖြစ်တည်မှုအတွက်၊ ကျုပ်တို့မျိုးနွယ်စုတွေရဲ့ ဂုဏ်သိက္ခအတွက် တိုက်ပွဲဝင်ကြမှာ၊ အင်းလေ ခင်ဗျားကို ဒါတွေပြောလည်း နားမလည်ပါဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားလိုလူက ဘာဂုဏ်သိက္ခာမှ မရှိတဲ့လူပဲ၊ တစ်နေရာမှာ မနေသာတော့ဘူးထင်ရင် သာမယ်ထင်တဲ့နေရာကို သွားသွားကပ်နေတတ်တဲ့ ကပ်ဖားကောင်ကြီးပဲလေ”
“ဘန်ဝါး . . မင်း . . မင်း”
လဘေးဝါးဘာမှမပြောနိုင်တော့။ စိတ်ဆိုးမာန်ဆိုးနှင့် ဧည့်ခန်းမဆောင်ကြီးထဲမှ ထွက်သွားရန်ပြင်လိုက်သည်။
“လဘေးဝါး ခင်ဗျားတခြားမျိုးနွယ်တွေဆီသွားလိုက်ဦးနော်၊ သူတို့လည်း ကျုပ်လိုပဲပြောတာ ခင်ဗျားကြားရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကျုပ်တို့က တစ်ယောက်ထဲပဲ”
“အေးပါ ဘန်ဝါးရယ်၊ မင်းပြောထားဦးပေါ့၊ နောက်နေ့မင်းရွာကို မြင်းတပ်တွေရောက်လာတော့မှ မင်းကိုယ်ပြောခဲ့တဲ့ စကားကိုယ် နောင်တရနေစေရမယ်ကွ”
“ဟား . . ဟား ကျုပ်တို့ကလည်း ခင်ဗျားတို့ရဲ့ မြင်းတပ်ကို အမြဲကြိုဆိုနေပါတယ်ဗျာ၊ ဒီမှာမှတ်ထား လဘေးဝါး ခင်ဗျားလရှီးတွေကို တိုက်လို့ရတယ်ဆိုတာက ရုတ်တရက်ဝင်တိုက်တာမို့လို့ပါ၊ ကျုပ်တို့က စစ်တိုက်ဖို့ပြင်ဆင်ပြီးသားဗျ၊ ခင်ဗျားလွယ်မယ်လို့တော့ မထင်နဲ့”
လဘေးဝါးလည်း ခြေလှမ်းကျဲကြီးများဖြင့် ရွာအပြင်သို့ပြန်ထွက်သွားတော့သည်။ သို့သော် ရွာအပြင်တွင် သူ့မြင်းလှည်းရော သူခေါ်လာသည့်လူများရော တစ်ယောက်မှ မရှိတော့ပေ။
“ဟင် ငါ့လူတွေ၊ ငါ့ပစ္စည်းတွေ၊ ဘယ်ရောက်သွားလဲ”
“ခင်ဗျားလူတွေလား ရော့ . . ရော့”
ကျားလူမျိုးများက လူခေါင်းပြတ်များအား ရွာစည်းရိုးပေါ်မှနေ၍ ပစ်ချပေးလိုက်တော့သည်။ လဘေးဝါးမှာ ထိုဦးခေါင်းပြတ်များကိုကြည့်ရင် အလွန်ဒေါသထွက်သွားလေသည်။
“အေး . . မင်းတို့တော့ ထမင်းဝအောင်စားထားကြ”
လဘေးဝါးက ပြောဆိုလိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးနှင့် ခြေလျင်လျှောက်ကာ ပြန်ခဲ့တော့သည်။
ဘန်ဝါးက ဧည့်ခန်းဆောင်ကြီးအတွင်း ထိုင်နေသေးသည်။ ထိုအခါ ကျားလူမျိုးတစ်ယောက်က ပြေးဝင်လာလေသည်။
“ခေါင်းဆောင်ကြီးပြောထားတဲ့အတိုင်း လဘေးဝါးနဲ့ပါလာတဲ့လူတွေကို သတ်ပြီး ပစ္စည်းတွေကိုရှာဖွေကြည့်တော့ ရွှေတစ်တင်းပြောနဲ့ ရွှေတစ်ပြားတောင်ပါမလာပါဘူး ခေါင်းဆောင်ကြီး”
“ငါထင်သားပဲ၊ ဒီ လဘေးဝါးကြီးဆိုတာ ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူမဟုတ်ဘူး၊ အမြဲကိုယ်ကျိုးရှာနေတဲ့သူပဲ”
“ဒါနဲ့ ဘာလို့ သူ့မြင်းကိုပါ သတ်ခိုင်းပြီး ခြေကျင်ပြန်ခိုင်းလိုက်တာလဲ”
“အချိန်ဆွဲချင်လို့ကွ၊ သူအမြန်ဆုံးပြန်ရင်တောင်မှ ခြေလျင်ဆိုရင် ကျောက်တုံးမြို့တော်ကိုရောက်ဖို့ နှစ်ရက်နီးပါးတော့ ကြာမှာပဲ၊ ဒီအချိန်မှာ ငါတို့တတွေလည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားမှ ရမယ်”
“ဘာကိုပြင်ဆင်ထားရမလဲ ခေါင်းဆောင်ကြီး”
“သေချာတာကတော့ ဘုရင်ကြီးက မြင်းတပ်လွှတ်လိုက်မှာပဲကွ”
“မြင်း . . မြင်းတပ်ဟုတ်လား. . ဒါ . . ဒါဆို ကျွန်တော်တို့လည်း လရှီးတွေလိုမျိုး . . .”
“တိတ်စမ်း၊ မဟုတ်တာတွေတွေးမနေနဲ့၊ ငါတို့မှာ အချိန်နှစ်ရက်ရှိသေးတယ်၊ ငါတို့ပြင်ဆင်ထားလို့ရသေးတယ်”
“ဒါပေမယ့် ခေါင်းဆောင်ကြီးရယ်၊ အင်အားထောင်ချီတဲ့ မြင်းတပ်ကြီးကို ကျွန်တော်တို့လို ရာဂဏန်းလောက်ပဲရှိတဲ့ ရွာကလေးက ပြန်ခုခံနိုင်ပါ့မလား”
“မတတ်နိုင်ဘူးကွာ၊ ငါတို့ တတ်နိုင်သလောက်တော့ ပြန်ပြီခုခံရမှာပဲ၊ သေသွားတယ်ဆိုရင်လည်း ငါတို့အားလုံး ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တိုက်ရင်း သေကြမယ်ကွာ”
လဘေးဝါးလည်း အမျိုးစုံကျိန်ဆဲရင်း လျှောက်လာခဲ့တော့သည်။ အသက်ကြီးပြီမို့ ခရီးက သိပ်မတွင်။ ဒီပုံအတိုင်းဆို သုံးရက်နှင့်ပင် ကျောက်တုံးမြို့တော်ကို ရောက်ရန်မသေချာပေ။ သို့သော် ကံကောင်းသည်က ကုန်အဖွဲ့တစ်ဖွဲ့နှင့်တွေ့ခဲ့ခြင်းဖြစ်သည်။ ကုန်အဖွဲ့ထံမှ လားတစ်ကောင်အား သူဝတ်ထားသည့် သားမွှေးဝတ်ရုံကြီးနှင့် လဲလှယ်ခဲ့ပြီးနောက် ကျောက်တုံးမြို့တော်သို့ အမြန်ပြန်လာခဲ့တော့သည်။ နောက်တစ်နေ့ နေ့လည်တွင် ကျောက်တုံးမြို့တော်သို့ ရောက်သွားတော့သည်။
လဘေးဝါးအဖြစ်အပျက်များကို ဘုရင်ကြီးက ကြားသည့်အခါ ဒေါသအလွန်ထွက်နေတော့သည်။
“ဒါဘုရင်ကြီးကို ဘန်ဝါးက သက်သက်စော်ကားလိုက်တာပါပဲဘုရင်ကြီး၊ အခုလို လူမျိုးစုရွာငယ်ကလေးတစ်ခုကစော်ကားနေတာကို ငုံ့မခံသင့်ပါဘုရင်ကြီး၊ ချက်ချင်းမြင်းတပ်လွှတ်ပြီး တစ်ရွာလုံးကို ဖျက်ဆီးခိုင်းပါ”
“ဟုတ်ပြီ၊ ဒါဆိုရင် ဒီနေ့ကတော့ ရှိစေတော့၊ မြင်းတပ်တွေ အသင့်ပြင်ထားလိုက်စမ်း၊ မနက်ဖြန်မိုးသောက်တာနဲ့ မြင်းစစ်သည် သုံးထောင်နဲ့ ကျားလူမျိုးရွာကို အမှုန့်ဖြစ်အောင်နင်းခြေခဲ့ကြစမ်း”
တပ်မှူးက ဘုရင်ကြီးပေးသည့် အမိန့်စာကိုယူပြီးတော့ ထွက်သွားတော့သည်။ လဘေးဝါးက ယဲ့ယဲ့ကလေးပြုံးပြလိုက်တော့သည်။
ကျောက်တုံးမြို့တော်ရှိ နတ်ဘုရားကျောင်းတစ်ခုတွင်ဖြစ်သည်။ မြို့ခံလူများက စုရုံးနေကြသည်။ ထိုအထဲတွင် ကဖောလည်းပါဝင်သည်။
“ကျုပ်တို့မြို့သားတွေလည်း ဘုရင်ကြီးကို မကျေနပ်တာနဲ့ အစုလေးတွေဖွဲ့ထားကြတာကြာပြီ၊ ဒါပေမယ့် မြို့တွင်းမှာ ဖိနှိပ်လွန်းတာကြောင့်မို့ ဘာမှမလှုပ်ရှားနိုင်သေးဘူး”
“အားလုံး မပူပန်ကြပါနဲ့၊ အခုရက်ပိုင်းအတွင်း နေမြဲအတိုင်း အေးအေးဆေးဆေးသာနေကြပါ၊ လကွယ်နေ့ညကျရင် ကျွန်မတို့ရဲ့ မျိုးနွယ်စုပေါင်းတပ်တွေ ကျောက်တုံးမြို့တော်ကို အလစ်ဝင်တိုက်လိမ့်မယ်၊ ဒီအခါ မြို့တွင်းက ရှင်တို့တွေက မြို့တံခါးကို ဖွင့်ပေးဖို့ကြိုးစားကြပါ၊ မျိုးနွယ်စုတပ်တွေဝင်လာရင် သူတို့နဲ့အတူတူပူးပေါင်းပြီး ကျွန်မတို့တွေ တိုက်ခိုက်ကြမယ်”
ကဖောအပြောကို အားလုံးက ခေါင်းညိတ်လိုက်ကြတော့သည်။ ကဖောလည်း အိမ်သို့ပြန်လာခဲ့တော့သည်။ အချိန်က ညနေစောင်းတော့မည်ဖြစ်သည်။ အိမ်တွင် လချေရှီးနှင့် လိပ်ဘိုးဘိုးတို့က စောင့်နေကြသည်။
“ဘာထူးသေးလဲ”
“ထူးတာတော့ ဒီညနေ မြင်းဇောင်းတွေဘက်မှာ လှုပ်ရှားတာတွေတွေ့ရတယ်၊ မြင်းသံတွေလည်း တော်တော်ဆူညံနေကြတယ်”
“ဒါဆိုဘာဖြစ်နိုင်လဲ လိပ်ဘိုးဘိုး”
“ထုံးစံအတိုင်းဆိုရင်တော့ အဲဒါ မြင်းတပ်လှုပ်ရှားတော့မယ့်သဘောပဲ”
“မြင်းတပ်လှုပ်ရှားမှာဆိုတော့ ဘာများဖြစ်မလဲ”
လချေရှီးက ထိုသို့ပြောရင်း တွေးနေတော့သည်။
“မျိုးနွယ်စု”
ကဖောက ထပြီးရေရွတ်လိုက်တော့သည်။ ထိုအခါ လိပ်ဘိုးဘိုးကလည်း သူ့မုတ်ဆိတ်မွှေးဖြူဖြူများကို လက်နှင့်သပ်ရင်း ခေါင်းညိတ်လိုက်တော့သည်။
“ဖြစ်နိုင်တယ်၊ မိန်းကလေးကဖော၊ ဘုရင်ကြီးက မျိုးနွယ်စုတစ်စုကို ဒုက္ခပေးတော့မယ်နဲ့တူတယ်”
“ဒါ . . ဒါဆိုကျွန်မတို့ သွားပြီးတားဆီးရလိမ့်မယ်”
လိပ်ဘိုးဘိုးက အခန်းထောင့်တွင် ထားထားသော အဝတ်ထုပ်ကြီးတစ်ထုပ်ကို လက်ညှိုးညွှန်ပြလိုက်တော့သည်။ ကဖောလည်း သွားပြီး ဖြေကြည့်ရာ ကျောက်တုံးမြို့တော်မှ ရဲမက်အဝတ်အစားများဖြစ်သည်။
“မနက်မိုးလင်းရင် အိမ်ရှေ့မှာ မြင်းနှစ်ကောင်ရောက်နေလိမ့်မယ်၊ မင်းတို့နှစ်ယောက် ရဲမက်ဝတ်စုံတွေဝတ်ပြီး မြင်းတပ်နောက်ကနေ အသာကလေး လိုက်သွားကြပေါ့”
ထိုညတော့ ထွက်ခွာဖို့ပြင်ရတော့သည်။ လိပ်ဘိုးဘိုးက လချေရှီးကို ပုလင်းလေးတစ်လုံးထဲတွင် သူဖော်စပ်ထားသည့် ဆေးရည်များကို ထည့်ပေးနေလေသည်။
“အဲဒါ မွှေးတယ်နော်”
“မွှေးလည်းမွှေးတယ်၊ အသုံးလည်းဝင်မှာပါ၊ လချေရှီး မင်းကို ဒီပုလင်းလေးတစ်လုံးပေးလိုက်မယ်၊ မင်းတစ်ချိန်တော့ အသုံးလိုလာမှာပါကွာ”
မနက်နေပင်မထွက်သေးပေ။ အိမ်ရှေ့တွင် နှာမှုတ်သံကြားသဖြင့် မြင်းများရောက်နေပြီကိုသိလိုက်ရတော့သည်။ ကဖောတို့လည်း ရဲမက် အဝတ်အစားများဝတ်ဆင်ပြီး မြင်းပေါ်တက်လိုက်တော့သည်။ မကြာခင် လမ်းမကြီးများကို ရဲမက်များက ရှင်းလင်းခိုင်းပြီးနောက် မြောက်များလှစွာသော မြင်းများက စစ်တပ်ထဲမှ ထွက်လာကြတော့သည်။
“အို . .များလိုက်တဲ့မြင်းတွေပါလား”
“အင်အားသုံးထောင်တော့ အနည်းဆုံးရှိမယ်ကဖောရေ”
ြုမင်းတပ်ဖြတ်ကျော်သွားသည့်အခါ သူတို့လည်း မြင်းတပ်အနောက်မှ မြင်းများဖြင့်ကပ်လိုက်သွားကြတော့သည်။ မြင်းတပ်အတွင်း ရောပြီးလိုက်ပါသွားသည်မို့ ရဲမက်များက သတိမထားမိကြပေ။ မြင်းတပ်က အလွန်လျှင်မြန်စွာနှင့် ဒုန်းစိုင်းမောင်းနှင်နေကြတော့သည်။
(၃၄)
“ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ခေါင်းဆောင်ကြီး”
ဘန်ဝါးကို ကျားလူမျိုးများက မေးလိုက်ကြတော့သည်။ ဘန်ဝါးသည် သူ့တိုက်ပွဲအတွေ့အကြုံများနှင့် သူ့ဖခင်သင်ကြားပေးထားသည့် တိုက်ပွဲအကြောင်းများကို သေချာပြန်စဉ်းစားနေရတော့သည်။
“မြင်းဆိုတဲ့ တိရစ္ဆာန်ရဲ့ သဘောကို လေ့လာပြီးပြောစမ်းပါဦး”
ထိုအခါ ကျားလူမျိုးတစ်ယောက်က ထပြောလေသည်။
“မြင်းတွေက လျှင်မြန်တယ်၊ သန်မာတယ်၊ အမောခံနိုင်တယ်၊ မြင်းတပ်ရဲ့အသုံးဝင်မှုကတော့ လျှင်လျှင်မြန်မြန်နဲ့စစ်ချီနိုင်တယ်၊ ရန်သူကိုတိုက်ခိုက်တဲ့အခါမှာ လျှင်လျှင်မြန်မြန်နဲ့တိုက်ခိုက်နိုင်ပြီး အမြန်ပြန်ဆုတ်ခွာနိုင်တယ်”
ဘန်ဝါးက ခေါင်းညိတ်လိုက်တော့သည်။
“ဒါဆို မြင်းတပ်ရဲ့ အားနည်းချက်ကိုကော သိကြသလား”
ကျားလူမျိုးများခေါင်းခါလိုက်ကြသည်။
“ဒါတော့ ကျွန်တော်တို့မသိပါဘူးခေါင်းဆောင်၊ ဘာလို့လဲဆိုတော့ကျွန်တော်တို့တတွေ တစ်သက်နဲ့တစ်ကိုယ် မြင်းတပ်နဲ့မတိုက်ခိုက်ဖူးလို့ပါ”
ဘန်ဝါးက ထိုင်နေရာမှ ထရပ်လိုက်တော့သည်။
“ငါလည်းမတိုက်ဖူးဘူး၊ ဒါပေမယ့် ငါဘိုးဘေးတွေ သင်ပေးခဲ့တဲ့စကားရှိတယ်ကွ၊ မြင်းက လျှင်မြန်တယ်ဆိုပေမယ့် ကျဉ်းကျပ်တဲ့နေရာကို ကြောက်တယ်၊ မြင်းတပ်က နှေးသွားရင် အသုံးမဝင်တော့ဘူး”
“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
“ငါတို့ မခူးတောင်တန်းပေါ်လာမယ်ဆိုရင် တောင်တက်လမ်းကလေးတွေက ကျဉ်းတယ်၊ မြင်း ဆယ်ကောင်လောက် ရင်ဘောင်တန်းပြီးလာလို့မရတော့ သူတို့က အတန်းရှည်ကြီးနဲ့လာမှာပဲ၊ ဒီတော့ သူတို့က တောင်ကြားလမ်းသုံးခုရှိတဲ့အနက် ပထမဆုံး တောင်ကြားလမ်းကို ဖြတ်ရလိမ့်မယ်၊ ငါတို့ မြင်းတပ်ကို တောင်ကြားလမ်းမှာ ချုံခိုပြီးတိုက်မယ်”
“ဒါနဲ့ခေါင်းဆောင်ကြီး၊ မြင်းတပ်လာမယ်ဆိုတာ သေချာလို့လား၊ တကယ်လို့ သူတို့လာမတိုက်ဖြစ်ခဲ့ရင် ကျုပ်တို့စောင့်နေရမှာနော်”
ကျားလူမျိုးတစ်ယောက်က သူ့ထင်မြင်ချက်ကိုပြောပြသည်။
“ဒါတော့မပူပါနဲ့၊ လဘေးဝါးရဲ့အကြောင်းကို ငါသိတယ်၊ သူက ဘာမဆိုလုပ်မယ့်သူပဲ၊ သူမြို့တော်ရောက်သွားတာနဲ့ ဘုရင်ကြီးကို ငါတို့ကိုတိုက်ဖို့ပြင်ဆင်ခိုင်းမှာပဲ”
ဘန်ဝါး၏ စကားကို အားလုံးကထောက်ခံလိုက်ကြတော့သည်။ ထို့နောက် ဘန်ဝါးက ခန်းမဆောင်ကြီးအရှေ့ရှိ ကျွဲချိုကြီးကို မှုတ်လိုက်တော့သည်။ ထိုအခါ ကျားလူမျိုးများက မြေဝါများကို ရေနှင့်ဖျော်ထားသည့် အရည်များကို ခန္ဓာကိုယ်တွင် သုတ်လိမ်းလိုက်ကြသည်။ ထို့နောက် မီးသွေးများကို ကျိတ်ချေပြီး ဖျော်ထားသည့် အနက်ရောင်အရည်များကို အစင်းကြောင်းများသဖွယ် သုတ်လိမ်းလိုက်ကြပြီးနောက် မျက်နှာများတွင်လည်း ကျားများကဲ့သို့ အစင်းကြားများကို ဆွဲလိုက်ကြတော့သည်။
အမှတ်တမဲ့ အဝေးမှလှမ်းကြည့်လျှင် ကျားတစ်ကောင်နှင့်ပင် ဆင်တူနေကြသည်။ ကျားလူမျိုးများ၏ အထိမ်းအမှတ်မှာ ကျားကောင်ဖြစ်သဖြင့် ထိုလူမျိုးများကိုလည်း ကျားလူမျိုးများဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ဘန်ဝါးကိုလည်း သူ့မိန်းမများက ကျားပုံစံအဖြစ်သုတ်လိမ်းပေးနေကြတော့သည်။
“ငါ့မိန်းမတွေနဲ့ ငါ့ကလေးတွေကို တခါတည်းမှာထားမယ်၊ တကယ်လို့ မြင်းတပ်က ငါတို့ရွာအရှေ့ကို ရောက်လာခဲ့ရင် မင်းတို့တစ်တွေအားလုံး မြင့်မြတ်သော သေခြင်းနှင့်ရင်ဆိုင်လိုက်ကြပါ”
မြင့်မြတ်သောသေခြင်းဆိုသည်မှာ တခြားလူမျိုးများ၏ အသတ်အဖြတ်ကိုမခံတော့ဘဲ ရွာလယ်ရှိမီးပုံကြီးထဲသို့ သားသမီးများ၊ ဆွေမျိုးများကို ပိုက်ပြီး ခုန်ဆင်းကာ အရှင်လတ်လတ်လောင်မြိုက်ခံကြခြင်းဖြစ်သည်။ ကျားလူမျိုးများ၏ ဓလေ့တွင် ယောက်ျားလေးများက စစ်တိုက်ရင်း သေဆုံးလျှင် မြင့်မြတ်ပြီး မိန်းကလေးများကတော့ ထိုကဲ့သို့ မီးပုံထဲခုန်ဆင်းခြင်းအားဖြင့် မြင့်မြတ်သော သေခြင်းတရားကို ရရှိကြလေသည်။ ဘန်ဝါးမှာကြားချက်များက သူ၏ တစ်ဆယ့်ငါးယောက်သော မိန်းမများက ခေါင်းညိတ်လိုက်ကြတော့သည်။
ထို့နောက် ဘန်ဝါးက ကျားတစ်ကောင်၏ သားရေကြီးကို ခြုံလိုက်ကာ ခေါင်းတွင်လည်း ကျား၏ ဦးခေါင်းရိုးကြီးကို တပ်ဆင်ပြီး ကြိုးနှင့်မေးတွင် သိုင်းပြီးချည်လိုက်တော့သည်။ ထို့နောက်လက်စွဲတော် တင်းပုတ်ကြီးကို ကိုင်ဆောင်လိုက်ပြီးနောက် ခန်းမဆောင်အတွင်းမှ ထွက်လိုက်တော့သည်။ ရွာလယ်ရှိကွင်းပြင်တွင် ဘန်ဝါးကိုစောင့်နေကြသည့် ရွာသားများက အသင့်ဖြစ်နေကြသည်။ ယခုတစ်ခါစစ်ပွဲသည် အဆုံးသတ်တိုက်ပွဲဖြစ်သဖြင့် ကျားလူမျိုးရွာမှာ ယောက်ျားသားများအားလုံး စစ်ထွက်ကြရသည်ဖြစ်ရာ အဘိုး၊ အဖေနှင့် သားများအားလုံး တန်းတူတိုက်ခိုက်ကြရမည်ဖြစ်သည်။
ဘန်ဝါးက မီးပုံကြီးဘေးတွင် မတ်တပ်ရပ်လိုက်ပြီးနောက် နတ်ဘုရားများကို ဝတ်ပြုလိုက်တော့သည်။ ထို့နောက် ရွာရှိ ကျွဲနွားများကို အကုန်သတ်ဖြတ်ပြီး ထိုမီးပုံကြီးတွင် အသားများကင်လိုက်ပြီးနောက် ရွာသားများအားလုံးနှင့် နောက်ဆုံးနေ့လည်စာကို စားသုံးလိုက်ကြတော့သည်။
“ကျားလူမျိုးများအားလုံး နားထောင်ပါ၊ ဒီစစ်ပွဲဟာ ကျုပ်တို့ ကျားလူမျိုးတွေရဲ့ ကံကြမ္မာ အဆုံးအဖြတ်ဖြစ်တယ်၊ ဒီစစ်ပွဲမှာ ကျုပ်တို့ရှုံးရင် ကျုပ်တို့ရွာနဲ့ ကျုပ်တို့လူမျိုးတွေအားလုံး လူမျိုးတုန်းသတ်ဖြတ်ခံရလိမ့်မယ်၊ ဒီတော့ ကျုပ်တို့မှာ ပြန်လမ်းမရှိဘူး၊ ဆုတ်ခွာလို့မရဘူး၊ ကျုုပ်တို့ထဲက တစ်ယောက်ပဲ ကျန်ကျန် ကျုပ်တို့ရှိတဲ့အားနဲ့ ရအောင် အနိုင်တိုက်ကြရမယ်”
“ဝူး . . ဝူး . . . ဝါး”
တစ်ရွာလုံးက အော်ဟစ်လိုက်ကြပြီးနောက် ဘန်ဝါးဦးဆောင်ကာ ကျားလူမျိုးများ ရွာအတွင်းမှ ထွက်သွားကြတော့လေသည်။ ဓါးများ၊ လှံများ၊ လေးမြှားများနှင့် ဒိုင်းကာများကို ကိုင်ဆောင်ထားကြပြီးနောက် လူမျိုးဘာသာစကားဖြင့် စစ်ချီတေးကို ညီညီသီဆိုကြရင်း မခူးတောင်တန်းကြီးပေါ်မှ ဆင်းလာကြတော့သည်။
မြင်းတပ်က မခူးတောင်တန်းတွင် တစ်ထောက်နားနေကြလေသည်။ မြင်းတပ်၏ ဗိုလ်မှူးက အတွေ့အကြုံများသဖြင့် တပ်မှူးကို အကြံပေးလေသည်။
“တပ်မှူး . . ကျုပ်တို့မြင်းတပ်နဲ့ အပြင်းချီတက်ပြီးမတိုက်ရင်ကောင်းမယ်၊ ဘာလို့လဲဆိုတော့ ကျားလူမျိုးရွာက အတော်လှမ်းသေးတယ်၊ အဲဒီကိုရောက်ရင် ကျွန်တော်တို့ မြင်းတပ် ပန်းနေတဲ့အချိန်ဖြစ်နေရင် ကျုပ်တို့ရှုံးမှာ”
သို့သော် အသက်ငယ်ရွယ်ပြီး ဘုရင်ကြီး၏ ဆွေမျိုးဖြစ်သဖြင့် တပ်မှူးဖြစ်လာသော သူက ထိုစကားကို လက်မခံပေ။
“ဗိုလ်မှူးက အစိုးရိမ်လွန်နေပြန်ပါပြီ၊ ကျုပ်တို့ချီတက်လာတာကို ကျားလူမျိုးတွေ သိချင်မှသိဦးမယ်လေ၊ နောက်ပြီး သိတယ်ဆိုဦးတော့ သူတို့ရွာကို ကျုပ်တို့ဝိုင်းလိုက်ရင် သူတို့က ပိုက်ကွန်ထဲက ငါးတွေလိုဖြစ်သွားပြီပေါ့၊ ကျုပ်တို့အင်အားနဲ့ သူတို့အင်အားနဲ့ ယှဉ်လို့ရပါ့မလား”
“ဟုတ်တော့ဟုတ်ပါတယ် တပ်မှူး၊ ဒါပေမယ့် ကျုပ်တို့ချီတက်တဲ့လမ်းမှာ သူတို့ချုံခိုတိုက်မှာ စိုးရိမ်ရတယ်”
“ဟား . . ဟား၊ ဗိုလ်မှူးက ကြောက်နေတာလား၊ ချုံခိုတိုက်တော့ရော ဘာဖြစ်လည်း၊ သူတို့လို အင်အားရာဂဏန်းလေးလောက်ကို ကျုပ်တို့ ထောင်ချီတဲ့တပ်ကြီးက ကြောက်နေရမှာလား”
ဗိုလ်မှူးထပ်ပြီးစကားမဆိုရဲတော့သဖြင့် တပ်မှူးဆီမှ ပြန်လာခဲ့လိုက်တော့သည်။ အတန်ကြာနားပြီးသည့်နောက် တောင်တန်းကြီးပေါ်သို့ မြင်းတပ်ဖြင့် ဆက်တက်လာခဲ့တော့သည်။
တောင်ကြားလမ်းဘေးရှိ သစ်တောများအတွင်းတွင် ပုန်းခိုနေသည့် ကျားလူမျိုးများသည် မြင်းတပ်ကြီးချီတက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။ လမ်းကျဉ်းသဖြင့် မြင်းတပ်က အတန်းလိုက်စီတန်းပြီး ချီတက်လာလေသည်။ တောင်ကြားလမ်းမှာ လမ်းဘေးနှစ်ဖက်လုံး တောင်နှင့် ဆင်ခြေလျောကြီးများဖြစ်ပြီး အလယ်တွင် ကျဉ်းမြောင်းသော လမ်းကလေးသာရှိသည်။
“ခေါင်းဆောင် . . ခေါင်းဆောင်ထင်တဲ့အတိုင်းပဲ၊ ကျုပ်တို့သာ တစ်ရက်လောက်နောက်ကျခဲ့ရင် မြင်းတပ်က ရွာကိုရောက်နေလောက်ပြီ”
“အေး . . အင်အားတော့များသားကွ၊ ဒါပေမယ့် ဘာမှမစိုးရိမ်ကြနဲ့၊ ငါ့အမိန့်ကိုနာခံကြ”
ဘန်ဝါးက မတ်တပ်ထရပ်လိုက်တော့သည်။
“ကျားလူမျိုးအပေါင်းတို့ ရန်သူ အင်အားကိုကြည့်ပြီး မကြောက်ကြနဲ့၊ ဘာလို့လဲဆိုတော့ ကျုပ်တို့မှာ အားသာချက်တွေအများကြီးရှိတယ် အထူးသဖြင့် ကျုပ်တို့ဟာ ကျုပ်တို့ရဲ့အိမ်လို့ခေါ်ရမယ့် မခူးတောင်ကြီးပေါ်ကနေ တိုက်ရမှာဖြစ်တဲ့အတွက် နေရာအနေအထားအရ ကျုပ်တို့က ပိုပြီးသာတယ်၊ ဒီတော့ ကျားလူမျိုးတွေအားလုံး ရွတ်ရွတ်ချွံချွံတိုက်ခိုက်ကြပါ”
မြင်းတပ်ကြီးက ခပ်မြန်မြန်ချီတက်လာကြသည်။ ဗိုလ်မှူးက တောင်ကြားအရောက် မြေနေရာကိုကြည့်ပြီး ခေါင်းခါလိုက်တော့သည်။ မြေအနေအထားရ ထိုနေရာသည် အလစ်တိုက်ခိုက်ခံရနိုင်ချေများသည်။ သို့သော်လည်း တပ်မှူးပြောသည့်အတိုင်း ကျားလူမျိုးတွေ သူတို့စစ်ချီလာတာ မသိပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။
“ဆွီ . . ဆွီ . . ဝေါ”
ထိုစဉ် ငှက်ကလေးများ၏ အော်သံကို တောင်ကြားထဲတွင်ကြားလိုက်ရတော့သည်။ မြင်းစီးနေသည့် လချေရှီးက လန့်သွားတော့သည်။
“ကဖော အဲ . . အဲဒါ မိုးစွေငှက်ကလေးတွေရဲ့ အော်သံပဲ”
“အဲဒီငှက်အော်ရင် ဘာဖြစ်လဲ”
“အဲဒီငှက်ကလေးတွေက ဒီအချိန်မထွက်တတ်ဘူး၊ ဒီအချိန်မိုးစွေငှက်အော်တယ်ဆိုတာ ကျားလူမျိုးတွေ စစ်တိုက်တဲ့အခါ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ငှက်အသံပြုပြီး လှို့ဝှက်ဆက်သွယ်နေတာပဲ”
လချေရှီးက ငှက်အော်သံကလေးများကို သေချာနားထောင်နေကြည့်သည်။
“ငါလည်း အသေးစိတ်တော့နားမလည်ပေမယ့် သူတို့က အသင့်ပြင်ခိုင်းနေတဲ့ပုံစံပဲ”
“ဟင် ဒါဆို ကျားလူမျိုးတွေ မြင်းတပ်ကို တိုက်ကြမယ်ထင်တယ်”
သူတို့အတွေးပင်မဆုံးလိုက်ပေ၊ တောင်စောင်းများပေါ်မှ အသံကြီးများထွက်ပေါ်လာလေသည်။
“ဝုန်း . . ဝရော”
တပ်မှူးလည်း မြင်းကိုရပ်တန့်လိုက်ပြီးနောက် တစ်ချက်ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေတော့သည်။
“ဗိုလ်မှူး ဘာသံတွေလဲ”
“ဗိုလ်မှူးက နားစိုက်ထောင်နေရင်း
“တောင် . . တောင်ပြိုတာလား”
ထိုစဉ် တောင်ကမ်းပါးနှစ်ဖက်ဆီမှာ ကျောက်တုံးများက လိမ့်ဆင်းလာပြီးနောက် မြင်းတပ်ပေါ်သို့ အလုံးအရင်းနှင့်ကျတော့သည်။ အရွယ်အစားမျိုးစုံရှိသည့် ကျောက်တုံးများက မြင်းများ၊ ရဲမက်များကိုထိမှန်ပြီး လဲပြိုကုန်ကြတော့သည်။
“ချုံခိုတိုက်တယ်ဟေ့ . . “
ကျောက်တုံးများပြီးသွားသောအခါ မြားတံများက တောင်စောင်းနှစ်ဖက်စီမှ မိုးရွာသကဲ့သို့ ကျဆင်းလာကြကာ မြင်းများ ရဲမက်များကို ထိမှန်ကြတော့သည်။
“မြားတွေကျလာတယ်ဟေ့ ဒိုင်းကာတွေနဲ့ ကာကွယ်ကြ”
သို့သော်လည်း မြင်းများကို မကာကွယ်နိုင်သဖြင့် မြင်းများထိမှန်ကာ သေဆုံးကုန်တော့သည်။ မြားများကုန်ပြီးသည့်အခါ တစ်ဖန် လှံတံများကျဆင်းလာပြီးနောက် ကျားလူမျိုးများက ညာသံပေး၍ ဘေးနှစ်ဖက်နှစ်ချက် တောင်စောင်းများပေါ်မှ ပြေးဆင်းလာကြကာ မြင်းတပ်ကို တိုက်ခိုက်ကြတော့သည်။
မြင်းတပ်ဦးက တိုက်ခိုက်ချေမှုန်းခံနေရပြီဖြစ်သည်။ တောင်ကြားလမ်းက ကျဉ်းသဖြင့် အနောက်ဘက်မှ မြင်းတပ်သားများမှာ အရှေ့သို့တက်မရပေ၊ မြင်းတပ်မှာ တောင်ကြားထဲတွင် ရှေ့တိုးမရ နောက်ဆုတ်မရနှင့် ပိတ်မိနေတော့သည်။
ကျားလူမျိုးများက မြင်းများအပေါ်သို့ ခုန်အုပ်ကာ ရဲမက်များကို ထိုးခုတ်ကြတော့သည်။ သို့သော်လည်း ရဲမက်များက ပြန်ပြီးခုခံတိုက်ခိုက်သဖြင့် ကျားလူမျိုးများလည်း အကျအဆုံးများလေသည်။ မြင်းတပ်ဦး အတိုက်ခိုက်ခံရသဖြင့် မြင်းတပ်သားများက ပြန်လှည့်ဆုတ်ခွာရန် စီစဉ်ကြတော့သည်။ ထိုအခါ ကဖောက သူ့ခေါင်းတွင်ဆောင်းထားသည့် ဦးထုပ်ကို ချွတ်လိုက်တော့သည်။ ထို့နောက် အဝတ်စဖြင့်ပတ်ထားသော လှံကြီးကို ဖွင့်လိုက်တော့သည်။
“ကဲ ဘယ်သူပြေးမလဲ နင်တို့တွေအကုန် ခေါင်းမပါဘဲ ကျောက်တုံးမြို့တော်ကို ပြန်ရောက်သွားကြလိမ့်မယ်”
မြင်းတပ်သားများမှာ သူတို့အနောက်တွင် ကဖောရောက်နေသဖြင့် လန့်ဖျပ်ကုန်သည်။
“မင်း၊ မင်းက ကဖောပဲ . . .”
မြင်းတပ်သားများက ကဖောဆီသို့ မြင်းဖြင့်ဒုန်းစိုင်းပြေးဝင်လာပြီးနောက် လှံဖြင့်လှမ်းထိုးကြတော့သည်။ ကဖောက မြင်းပေါ်မှနေ၍ မြင်းတပ်သားများကို ခုတ်ဖြတ်လိုက်ပြီးနောက် မြင်းတစ်ကောင်ပေါ်မှ တစ်ကောင်ပေါ်သို့ ခုန်ကူးရင်း တိုက်ခိုက်နေတော့သည်။
ုမြင်းတပ်ဦးရှိ တပ်မှူးမှာ သွေးပျက်နေပြီဖြစ်သည်။ ကျဉ်းမြောင်းသော တောင်ကြားလမ်းကလေးတွင် မြင်းနှင့်လူအလောင်းကောင်များက စုပုံနေပြီး လမ်းပိတ်နေတော့သည်။
“ဗိုလ်မှူး . . . ကျုပ်တို့၊ ဘာ . . ဘာဆက်လုပ်ကြမလဲ”
“တပ်မှူး နောက်ပြန်လှည့်လို့လည်း မဖြစ်တော့ဘူးဆိုတော့ ရှေ့ကိုဆက်တိုးပြေးကြတာပေါ့”
သို့နှင့် တပ်မှူးနှင့် ဗိုလ်မှူးအပါအဝင် မြင်းတပ်သား သုံးဆယ် ခန့်သည် အရှေ့သို့ဆက်ပြေးကြတော့သည်။ မြင်းတပ်အလောင်းကောင်များကို ခုန်ကျော်ဖြတ်ရင်း တောင်ကြားလမ်းကွေ့လေးတစ်နေရာအရောက် ဘန်ဝါးနှင့် ကျားလူမျိုး ဆယ်ဦးခန့်က အသင့်စောင့်နေတော့သည်။
“ဟား . . ဟား ခင်ဗျားက ခေါင်းဆောင်ပဲဖြစ်မယ်၊ စောင့်နေရတာ ကြာလိုက်တာဗျာ”
ထို့နောက် ဘန်ဝါးတို့နှင့် တိုက်ခိုက်ကြတော့သည်။ ဘန်ဝါးမှာ အားသန်လှသည်ဖြစ်ရာ ဘန်ဝါးတင်းပုတ်နှင့်တစ်ချက်ရိုက်လိုက်လျှင် မြင်းမှာ လွင့်ထွက်သွားတော့သည်။ တပ်မှူးနှင့် ဗိုလ်မှူး နှစ်ယောက်ပေါင်းပြီး ဘန်ဝါးကို တိုက်ခိုက်ကြတော့သည်။ နှစ်ယောက်လုံး၏ တိုက်ခိုက်ရည်မှာ မသေးလှသဖြင့် ဘန်ဝါးလည်း အပြင်းအထန်တိုက်ခိုက်နေရတော့သည်။
မြင်းတပ်နှင့် ကျားလူမျိုးများ တိုက်ပွဲပြင်းထန်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျားလူမျိုးများအထိနာနေကြပြီဖြစ်သည်။ မြေပြင်ပေါ်တွင် ကျားလူမျိုးများ၏ အလောင်းများကောင်များလည်း ပြန့်ကျဲနေတော့သည်။ ကျားလူမျိုးများမှာ တစ်ယောက်ကျန်လျှင် ကျန်သလို အားသွန်ခွန်စိုက် တိုက်ခိုက်နေကြတော့သည်။ တိုက်ပွဲအခြေအနေက ကျားလူမျိုးများဘက်မှ အရှုံးပေါ်နေပြီဖြစ်သည်။
(၃၅)
“တူ . . ဝူး . . ဝူး”
ထိုစဉ် အသံများကြားလိုက်ရပြီးနောက် တောင်စောင်းပေါ်မှ မျိုးနွယ်စုများ ထပ်မံပြီးဆင်းလာကြတော့သည်။ မျိုးနွယ်စုမှာ သုံးလေးစုခန့်ရှိသဖြင့် အင်အားအတော်များလေသည်။ မြင်းတပ်မှာ ကစဉ့်ကလျားဖြစ်နေပြီး ထွက်ပြေးဆုတ်ခွာရန်ကြံစည်သော်လည်း အနောက်တွင် ကဖောတစ်ယောက်တည်း လမ်းပိတ်ပြီး တိုက်ခိုက်နေသလို အရှေ့ဘက်တွင်လည်း ဘန်ဝါးတို့က ပိတ်ပြီးတိုက်ခိုက်နေကြသည်။ ထို့အပြင် တောင်စောင်းများပေါ်မှ မျိုးနွယ်စုများကလည်း ဖြတ်ပြီးတိုက်ခိုက်သဖြင့် အခြေအနေမဟန်တော့ပေ။
ဘန်ဝါးခြေထောက်ကို ဗိုလ်မှူးက သံကြိုးတစ်ခုဖြင့် လှမ်းချိတ်လိုက်ရာ ဘန်ဝါးမှာ လဲကျသွားတော့သည်။ ထိုအခါ တပ်မှူးက ဘန်ဝါးအား ဓါးဖြင့်အတင်းဝင်ပိုင်းတော့သည်။ ဘန်ဝါးလည်း တပ်မှူးခုတ်သည့်ဓါးကို တင်းပုတ်နှင့်ပြန်ပြီးကာလိုက်တော့သည်။ ထိုအခါ ဘန်ဝါး၏ ပေါင်ကို ဓါးမြှောင်ကလေးတစ်ချောင်းလာစိုက်တော့သည်။ တပ်မှူးက ဓါးဖြင့်ခုတ်သယောင်ပြပြီး ဓါးမြှောင်ကလေးဖြင့် ဝင်ထိုးခြင်းဖြစ်သည်။ ကံကောင်း၍သာ ချက်ကောင်းမထိဘဲ ပေါင်ကိုသာထိချင်းဖြစ်သည်။
ဘန်ဝါးက ဒေါသထွက်သွားပြီးနောက် တပ်မှူး၏ ခြေထောက်ကိုလက်ဖြင့်ကိုင်လိုက်တော့သည်။ ထို့နောက် ခြေထောက်မှကိုင်ကာ တပ်မှူးအား လွှင့်ပစ်လိုက်တော့သည်။ တပ်မှူးမှာ သစ်ပင်တစ်ပင်နှင့်ဆောင့်မိပြီး ပြုတ်ကျတော့သည်။ ဘန်ဝါးလည်း သူ၏ခြေထောက်မှ သံကြိုးကို ဆွဲဖြုတ်လိုက်ပြီးနောက် တပ်မှူး၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ညှစ်ကိုင်လိုက်ပြီး လက်ဖနောင့်အားကိုအသုံးပြုပြီး ခေါင်းကိုညှစ်လိုက်တော့သည်။ ထိုအခါ တပ်မှူး၏ ဦးခေါင်းသာမက ဆောင်းထားသည့် ကြေးခေါင်းဆောင်းဦးထုပ်ပါ ပိန်လိန်ကာ ပြားချပ်သွားတော့သည်။
တပ်မှူးမရှိသဖြင့် ဗိုလ်မှူးမှာ အလွန်ကြောက်လန့်သွားတော့သည်။ ထိုအခါ ဘန်ဝါးဆီသို့ အခြားမျိုးနွယ်ခေါင်းဆောင်များက ပြေးလာကြတော့သည်။
“ခင် . . ခင်ဗျားတို့ ဘယ်လိုရောက်လာကြတာလဲ”
“ကျုပ်တို့လည်း ကျားလူမျိုးတွေဆီက သတင်းတွေကြားလို့ အမြန်လိုက်လာကြတာပဲဗျ”
“တော်သေးတာပေါ့၊ ကျုပ်တို့မျိုးနွယ်စုလေးတစ်ခုပဲဆိုရင် ဒီတိုက်ပွဲ နိုင်မနိုင် မသေချာဘူးဗျ”
“ကျုပ်တို့အားလုံးက တစ်ယောက်ထဲပဲမဟုတ်လား၊ ကဲ လာ ဘန်ဝါး ငါတို့အတူတူ တိုက်ကြတာပေါ့”
ဘန်ဝါးနှင့် အခြားခေါင်းဆောင်များမှာ အော်ဟစ်ပြီးနောက် မြင်းတပ်ဆီသို့ပြေးဝင်သွားကြသည်။ သို့သော် ဘန်ဝါးက ပြေးရင်းလဲကျသွားတော့သည်။ သူ့ခြေထောက်တစ်ဖက်က ပေါင်မှစပြီး လှုပ်ရှား၍မရတော့ပေ။ ဘန်ဝါးကို ခေါင်းဆောင်များက တွဲထူလိုက်ကြတော့သည်။
“ရရဲ့လားဘန်ဝါး . . မင်းနားဖို့လိုမယ်ထင်တယ်”
“ရတယ် ကျုပ်ဒီကောင်တွေကို တိုက်ရဦးမယ်”
ဘန်ဝါးက ခြေထောက်ထော့နဲ့ထော့နဲ့နှင့်ပင် တိုက်ခိုက်နေတော့သည်။
ကဖောလည်း တပ်နောက်ဘက်တွင် တစ်ယောက်တည်းတိုက်ခိုက်နေတော့သည်။ ကဖောအနောက်တွင် လူသေ၊ မြင်းသေတွေက လူတစ်ယောက်အရပ်မျှမက ပုံနေတော့သည်။ မြင်းတပ်သားများ ကဖောဆီသို့ မလှမ်းရဲတော့ပေ။ ထိုအခါ ကဖောက လှံကိုမိုးပေါ်ထောင်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။
“အားလုံးပဲ ရပ်လိုက်ကြတော့၊ လက်နက်ချတဲ့သူ အသက်ရှင်မယ်”
ကဖောအော်သံကြောင့် မြင်းတပ်က ရပ်တန့်သွားတော့သည်။ ထို့နောက် လက်နက်များကို မြေတွင်ချလိုက်ကြကာ မြင်းပေါ်မှလူများဆင်းပြီး ဒူးထောက်လိုက်ကြတော့သည်။
တိုက်ပွဲပြီးပြီ။ မျိုးနွယ်စုများက သူတို့မျိုးနွယ်စု အလောင်းများကို ပြန်ကောက်နေကြတော့သည်။ ဘန်ဝါးနှင့် မျိုးနွယ်စုခေါင်းဆောင်များ ကဖောဆီသို့ရောက်လာကြတော့သည်။
“ကဖော ဘယ်လိုလုပ်လိုက်တာလဲ”
ဘန်ဝါးက နားမလည်သလိုနှင့် မေးလိုက်တော့သည်။
“ဒီလူတွေက ကျုပ်တို့ကို သတ်ဖို့၊ ကျုပ်တို့မျိုးနွယ်တွေကို မျိုးတုံးအောင်လုပ်ဖို့လာတာ၊ သူတို့ကို တစ်ယောက်မကျန် အကုန်သတ်ပစ်နိုင်မှ ကျုပ်ကျေနပ်နိုင်မယ်”
ထိုအခါ ကဖောက ခေါင်းခါလိုက်တော့သည်။
“ကျွန်မငယ်ငယ်က ပုရွက်ဆိတ်တွင်းတွေကို လိုက်တူးဖူးတယ်၊ ကျွန်မက ပုရွက်ဆိတ်တွင်း ပတ်ပတ်လည်ကို ဖျက်ဆီးထားလိုက်တော့ ပုရွက်ဆိတ်တွေက အကုန်လုံးဝိုင်းထားပြီးခုခံတော့ ကျွန်မ ပုရွက်ဆိတ်ဥတွေကို နှိုက်ရတာမလွယ်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်တွေက ကျွန်မကို အသေခံပြီး ဝိုင်းကိုက်ကြလို့ပဲ”
“ဒါပေမယ့် ကျွန်မအဖေက တစ်ခုသင်ပေးတယ်၊ ပုရွက်ဆိတ်တွင်းကို အကုန်ဝိုင်းမဖြိုပဲနဲ့ နေရာကလေးတစ်နေရာကို လွတ်ပေးထားလိုက်တယ်၊ အဲဒီအခါမှာတော့ ပုရွက်ဆိတ်တွေဟာ သူတို့ဥတွေကို သယ်ဆောင်ပြီးတော့ အဲဒီလမ်းကလေးထဲကနေ ထွက်လာကြတယ်၊ ဒီတော့ ပုရွက်ဆိတ်တွေရော ဥတွေကိုရော အဲဒီလမ်းကြောင်းကလေးကနေ အလွယ်လေးဖမ်းမိလိုက်တယ်”
ဘန်ဝါးက ခေါင်းညိတ်လိုက်တော့သည်။
“မင်းဆိုလိုချင်တာ ငါသိပြီကဖော၊ မင်းက ဒီလူတွေအားလုံးကို သတ်မယ်ဆိုရင် သူတို့က ငါတို့ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြန်ခုခံနေမှာပဲ၊ အခုလွတ်လမ်းပေးလိုက်တော့ မင်းဆီအညံ့ခံလာကြပြီ၊ မင်းက သူတို့ကို အသုံးချမလို့ပေါ့”
“ဒါပေါ့ ဘန်ဝါးရယ်၊ ကျွန်မတို့က တော်လှန်နေတယ်ဆိုတာ အကျင့်ယုတ်တဲ့ဘုရင်ကြီးကိုတော်လှန်နေတာ၊ သူတို့ကိုသတ်လိုက်လို့လည်း ကျွန်မတို့ ဘာမှထူးခြားမလာဘူး၊ ဒီတော့ သူတို့ကို စည်းရုံးသိမ်းသွင်းပြီးတော့ ကျွန်မတို့နဲ့ပူးပေါင်းပြီး သူတို့ရဲ့ အင်အားကိုလည်း အရယူရမယ်”
ဘန်ဝါးက ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက် ဘန်ဝါးမှာ စိတ်လျှော့လိုက်သဖြင့် လဲကျသွားတော့သည်။
“ဘန်ဝါး . . ဘန်ဝါး . .”
ညမှောင်ခဲ့ပြီ၊ ကျားလူမျိုးရွာကလေးက ငြိမ်သက်နေသည်။ ထိုစဉ် မြင်းခွာသံများကိုကြားလိုက်ရသဖြင့် မီးပုံကြီးနံဘေးတွင် ထိုင်နေကြသည့် မိန်းမများနှင့် ကလေးများက မတ်တပ်ထရပ်လိုက်ကြတော့သည်။ ထို့နောက် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး မီးပုံကြီးဆီ တဖြည်းဖြည်းလမ်းလျှောက်သွားကြတော့သည်။
“နေပါဦး၊ မလုပ်နဲ့ဦး”
အသံကြားလိုက်သဖြင့် အားလုံးရပ်တန့်လိုက်သည်။ ထိုအခါ ရွာတံခါးပေါ်ရှိ ရွာသားတစ်ယောက်က အော်ဟစ်လိုက်တော့သည်။
“ဟိုမှာ . . ဟိုမှာ မျိုးနွယ်စုတွေ ပြန်လာကြပြီ”
ထိုတော့မှ ရွာတံခါးဖွင့်ပြီး ကြိုဆိုကြသည်။ မျိုးနွယ်စုပေါင်းစုံက ရွာအတွင်းဝင်လာကြတော့သည်။ ဘန်ဝါးက သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသဖြင့် ခန်းမဆောင်ကြီးအတွင်းသို့ ထမ်းပြီးခေါ်လာရတော့သည်။
“ဘန်ဝါး . . ရှင်ဘာဖြစ်တာလဲ”
လချေရှီးက ဘန်ဝါးအား စမ်းသပ်ကြည့်နေလေသည်။
“အဆိပ်တစ်မျိုးသင့်နေတာပဲ၊ သူ့ရဲ့ လက်က အကြောတွေကို ကြည့်ရတာ၊ သွေးကြောတွေက မည်းနက်နေပြီဆိုတော့ အဆိပ်က ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီထင်တယ်”
“တစ်ခုခုလုပ်ပါဦး လချေရှီးရယ်”
လချေရှီးလည်း စဉ်းစားမရတော့။ သို့သော် သူ့ကို လိပ်ဘိုးဘိုးပေးလိုက်သည့် ပုလင်းလေးကို သတိရသွားတော့သည်။ ထိုပုလင်းလေးထဲမှ အရည်အနည်းငယ်ကို ဘန်ဝါးပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်တော့သည်။
သို့သော် ဘာမှမထူးပေ၊ ဘန်ဝါးမှာ တစ်ကိုယ်လုံးချေျွးစေးများထွက်နေပြီဖြစ်သည်။ ထိုစဉ် ဘန်ဝါးမျက်လုံးကြီး ပြူးလာတော့သည်။
“ကဖော . . ကဖော”
“ငါဒီမှာရှိတယ် ဘန်ဝါး”
“ကဖော ငါ . . ငါမင်းကို မမြင်ရတော့ဘူး၊ ရော့ ငါ့လည်ပင်းက လည်ဆွဲလေးကို မင်းယူလိုက်”
ဘန်ဝါးကပြောလိုက်ပြီး သူ့လည်ပင်းမှ ကျားစွယ်များဖြင့်ပြုလုပ်ထားသည့် လည်ဆွဲကလေးကို ဖြုတ်ကာ ကဖောလက်ကိုစမ်းပြီး ထည့်ပေးလိုက်တော့သည်။
“ကဖော . . ငါ . . ငါမရတော့ဘူး၊ ဒီတော့ ဒီအချိန်ကစပြီး မင်းငါတို့ မျိုးနွယ်စုကို ဦးဆောင်ပေးပါ”
ကဖော မျက်ရည်တွေ စီးကျလာတော့သည်။
“မသေရဘူး ဘန်ဝါး . . ရှင်မသေရဘူး”
“ကျားလူမျိုးအပေါင်းတို့ ဒီအချိန်ကစပြီး ငါတို့မျိုးနွယ်စုကို ကဖော ခေါင်းဆောင်လိမ့်မယ် . . မင်းတို့ကဖောကို ခေါင်းဆောင်အဖြစ်နဲ့ ရိုရိုသေသေဆက်ဆံကြပါ”
ထိုသို့ပြောလိုက်သည့်အခါ ကျားလူမျိုးများက ဒူးတစ်ဖက်ထောက်ပြီး အရိုအသေပေးလိုက်ကြတော့သည်။
“ကဖော . . ငါဒီခရီးကို မင်းနဲ့အတူသွားချင်ပေမယ့် ငါမလိုက်နိုင်တော့ဘူး၊ ဒီတော့ မင်းပဲဆက်လုပ်ပါကဖော၊ ငါမင်းကိုယုံတယ်၊ မင်းလုပ်နိုင်မယ်လို့ ငါယုံတယ်၊ တစ်နေ့ ငါတို့မျိုးနွယ်စုတွေအကုန် လွတ်လွတ်လပ်လပ် သင့်သင့်မြတ်မြတ်နဲ့ နေထိုင်နိုင်တော့မယ်ဆိုတာကို ငါယံုံကြည်တယ် ကဖော”
ဘန်ဝါးက စကားတွေသိပ်မပီတော့ဘဲ မောဟိုက်နေလေသည်။ ထို့နောက် ပြုးကြောင်သောမျက်လုံးကြီးဖြင့် မျက်နှာကျက်ကိုကြည့်နေလေသည်။
“အဖေ . . ကျွန်တော်လာပြီ . .အဖေ”
ထိုသို့ပြောကာ လက်ကိုဆန့်တန်းပြီးနောက် ထိုလက်မှာ ပြုတ်ကျသွားတော့သည်။ ကျားလူမျိုးတို့၏ ခေါင်းဆောင်၊ ကဖောနှင့် တစ်ချိန်က ရန်သူတော်ကြီးဖြစ်ခဲ့သည့် ဘန်ဝါးမှာ၊ မြင့်မြတ်သောသေခြင်းနှင့် လောကကြီးကို ကျောခိုင်းထွက်ခွာသွားပြီဖြစ်သည်။
“ဘန်ဝါး . . ဘန်ဝါး”
ကဖောက အသံကုန်ဟစ်ပြီးအော်ဟစ်လိုက်တော့သည်။ ထို့နောက် ဘန်ဝါးပေးသည့် ကျားစွယ် လည်ဆွဲကလေးကို လည်ပင်းတွင် တပ်ဆင်လိုက်တော့သည်။
“စိတ်ချဘန်ဝါး၊ ကျွန်မ ကျားလူမျိုးတွေအတွက်ရော၊ မခူးတောင်တန်းကြီးပေါ်က မျိုးနွယ်စုတွေအတွက်ရော ကျွန်မအောင်မြင်အောင်လို့ ဦးဆောင်ပေးမယ်”
ကဖောက ထိုကဲ့သို့ကြုံးဝါးလိုက်တော့သည်။
အပိုင်း (၁၀) တွင် ဆက်လက်ဖတ်ရှုပါ။