အပိုင်း (၂)
“ဟင် သမီး . . ကဖော”
လငေါရှီးအံ့သြချင်လည်း အံ့သြစရာပင်ဖြစ်သည်။ တစ်ရွာလုံးရှိ မည်သူမျှ လငေါရှီးကို စိန်မခေါ်ရဲကြပေ၊ အခုတော့ သမီးအရင်းဖြစ်သူ ကဖောက စိန်ခေါ်နေပြီဖြစ်သည်။
“ဟဲ့ သမီးရဲ့ နင့်အကိုတွေတောင် ငါ့ကိုစိန်မခေါ်ရဲတာ၊ နင်ကငါ့ကိုစိန်ခေါ်တယ်ပေါ့၊ နင် တော်တော်ခေါင်းဆောင်ဖြစ်ချင်နေတယ်ပေါ့ ဟုတ်လား”
“လာပါအဖေရာ၊ သမီးအဖေနဲ့တိုက်ခိုက်တိုင်း အဖေက အမြဲတမ်းသမီးကို အလျှော့ပေးနေတယ်လို့ထင်လို့ ဒီတစ်ခါတော့ အဖေအလျှော့ပေးလို့မရတော့ဘူးနော်”
“ဟား . . . ဟား”
လငေါရှီးက ကျေနပ်စွာဖြင့် ဝမ်းခေါင်းသံကြီးနှင့် တစ်ခါတည်းအော်ဟစ်ပြီးရယ်မောလိုက်သည်။
“ကောင်းပြီသမီး နင်ကြိုက်တဲ့လက်နက်ရွေး”
“လက်နက်တွေမလိုပါဘူးအဖေရာ လက်နက်မဲ့ ဒီအတိုင်းတိုက်ကြတာပေါ့”
“ကောင်းပြီလေ၊ ဒါဆိုရင်တော့လာထား”
လငေါရှီးကပြောလိုက်ပြီးနောက် ကဖောဆီသို့ အလွန်လျှင်မြန်စွာပြေးသွားလိုက်ပြီး ဒူးခေါင်းနှင့်ရင်ဝကို ဆောင့်တိုက်ချလိုက်တော့သည်။ ထိုအခါ ကဖောကလည်း နောက်တစ်လှမ်းဆုတ်ရှောင်လိုက်ပြီးနောက် ချက်ချင်းပင်ညာခြေဖြင့် ပတ်ကာပြန်ကန်ထည့်လိုက်သည်။ သူတို့သားအဖ တိုက်ခိုက်သည်မှာ အလွန်မြန်ဆန်ပြီး ပြင်းထန်လှသဖြင့် တစ်ရွာလုံးက အံ့သြပြီး ငေးကြည့်နေလေသည်။ လငေါရှီးက ကဖော ပတ်ကန်လိုက်သည်ကို လက်ဖျံဖြင့်တားလိုက်ပြီးနောက် နောက်လက်တစ်ဖက်ဖြင့် ခြေထောက်ကိုဖမ်းဆုပ်ကိုင်လိုက်ပြီး ကိုင်ပေါက်ရန်ကြိုးစားလိုက်တော့သည်။ ကဖောလည်း ဟန်ချက်ပျက်သွားသည်ကို ပြန်ထိန်းလိုက်ပြီး နောက်ခြေထောက်တစ်ဖက်ဖြင့် လငေါရှီး၏ မျက်နှာကို ကန်ထည့်လိုက်သည်။ လငေါရှီးလည်း ခြေထောက်ကိုဖမ်းထားသည့် လက်ကိုလွှတ်လိုက်ပြီးနောက် အနောက်သို့ ခုန်ရှောင်လိုက်ရတော့သည်။
“ဘယ်ဆိုးလို့လဲ သမီးရဲ့ အဖေက အစကတည်းက သမီးတော့ရှုံးပြီလို့ထင်နေတာ”
“အဖေ့သမီးပဲ၊ ဒီလောက်လွယ်လွယ်နဲ့မရှုံးပါဘူး၊ ကဲ ဒီတစ်ခါ သမီးတိုက်အလှည့်”
ကဖောက အဖေဖြစ်သူဆီထံသို့ ပြေးဝင်သွားလိုက်ပြီး အနီးကပ်တိုက်ကွက်များဖြင့် တိုက်ခိုက်နေတော့သည်။ ရွာသားများအားလုံးသာမက ကဖော၏ အကိုများပါ ကဖော၏ ပြင်းထန်လှသည့်တိုက်ကွက်များကို ကြည့်ရင်း အံ့သြနေကြသည်။ အနီးကပ်တိုက်ကွက်များမှာ ဒူး၊ တံတောင်နှင့် လက်တစ်တောင်ခန့် အကွာအဝေးမှ လျှင်မြန်စွာတိုက်ခိုက်ခြင်းဖြစ်ပြီး ရှောင်တိမ်းရန်အလွန်ခက်သည်။ ကဖော၏ လက်သီးချက်များ၊ လက်ဝါးစောင်းချက်များ၊ တံတောင်ရိုက်ချက်များ၊ ဒူးတိုက်ချက်များမှာ အလွန်လျှင်မြန်ပြီးတိကျလှသော်လည်း လငေါရှီးက ကဖော၏ တိုက်ကွက်များကို ကြိုသိသည့်အလား တစ်ချက်မှမထိအောင် ပုတ်ထုတ်လိုက်၊ ကာလိုက်၊ တိမ်းရှောင်လိုက်နှင့် ကာကွယ်နေလေသည်။ ကဖောအတန်ကြာတိုက်ခိုက်ပြီးသောအခါ တိုက်ကွက်က မထိရောက်သဖြင့် တိုက်ကွက်ပြောင်းရန် ပြင်ဆင်လိုက်လေသည်။ ထိုအချိန်တွင် လငေါရှီးက ကဖော၏တိုက်ကွက်မှ ဟာကွက်တစ်ခုကိုတွေ့သွားပြီးနောက် ကဖော၏ လည်မျိုကို လက်သီးနှင့်ထိုးသတ်လိုက်တော့သည်။ သို့သော်သမီးရင်းမို့ လက်သီးက လည်ပင်းကိုမထိဘဲ လက်နှစ်လုံးလောက်အလိုတွင် ရပ်တန့်သွားသည်ကို ကဖောမြင်တော့ အဖေဖြစ်သူ အလျော့ပေးမှန်းသိသွားပြီးနောက် နောက်သို့ကျွမ်းထိုးကာ ဆုတ်ခွာသွားတော့သည်။
“ဟား . . ဟား ငါ့သမီးက ဘယ်ဆိုးလို့လဲကွ၊ ဒီရွာမှာ အဖေနဲ့ဒီလောက်ကြာကြာတိုက်နိုင်တဲ့သူမရှိဘူး”
“အဖေ . . အဖေကဘာဖြစ်လို့ သမီးရဲ့တိုက်ကွက်တွေကို ကြိုသိနေရတာလဲ”
“မှတ်ထားသမီး တိုက်ခိုက်တယ်ဆိုတာ ကျွမ်းကျင်မှုဆိုတာလည်း လိုအပ်သလို၊ အတွေ့အကြုံဆိုတာလည်း လိုအပ်တယ်ကွ၊ သမီးက တိုက်ခိုက်တဲ့နေရာမှ ကျွမ်းကျင်ပေမယ့် အတွေ့အကြုံက ဘာမှမရှိသေးဘူး”
“ကဲ အဖေတိုက်အလှည့်”
“ကောင်းပြီ အဖေနှစ်ဆင့်တိုက်ကွက်တွေ သုံးမယ်နော်”
လငေါရှီးက ခုန်လိုက်ပြီး ကဖောထံပြေးဝင်လာလေသည်။ နှစ်ဆင့်တိုက်ကွက်ဆိုသည်မှာ နှစ်ချက်တစ်ပြိုင်တည်း တိုက်ခိုက်သည့် တိုက်ကွက်များဖြစ်သည်။ လက်သီးနှစ်လုံး တစ်ပြိုင်နက်တည်း နှစ်နေရာသို့ ထိုးနှက်ခြင်း၊ လက်သီးနှင့် တံတောင်ဖြတ်ရိုက်ခြင်း၊ ဒူးနှင့်အောက်ပိုင်းကိုတိုက်ပြီး တံတောင်နှင့် ခေါင်းကိုရိုက်ခြင်း စသည့် တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများဖြစ်ရာ တော်ရုံလူမှာ ထိုတိုက်ကွက်များကို မရှောင်နိုင်ပေ။ အလွန်လေ့လာထားသူမှသာ နှစ်ဆင့်တိုက်ကွက်ကို ခံနိုင်ကြသည်။ ကဖောလည်း အဖေဖြစ်သူ၏ တိုက်ကွက်များကို သတိကြီးကြီးထားပြီး ကာကွယ်နေရသည်။ ကြည့်ရှုနေသည့်သူများလည်း ရင်သပ်ရှုမောစွာ၊ ဟင်ခနဲ ဟာခနဲဖြစ်နေကြလေသည်။
သို့သော် တစ်ချက်တွင် လငေါရှီးက ကဖောအား ဒူးဖြင့် ရင်ဝကိုဆီးတိုက်လိုက်သည်။ ကဖောက လက်တစ်ဖက်ဖြင့်ပုတ်ထုတ်လိုက်ရသည်။ ချက်ခြင်းပင် တံတောင်ဆစ်က နားထင်ကို ဖြတ်ရိုက်ပြန်သည်။ ကဖောလည်း နောက်လက်တစ်ဖက်ဖြင့် ကာကွယ်လိုက်ရသည်။ ထိုအခါ လငေါရှီးက ခေါင်းဖြင့် ကဖောခေါင်းကိုတိုက်ထည့်လိုက်ရာ ကဖောမှာ ခေါင်းချက်ထိပြီး မူးဝေသွားတော့သည်။ ချက်ချင်းပင် လငေါရှီးက ကဖောအား လက်မှကိုင်၍ ဆွဲမြှောက်ပြီး လွှင့်ပစ်လိုက်ရာ ကဖောမှာ လွင့်ထွက်သွားပြီး ခြံစည်းရိုးဝါးတိုင်နှင့် ဆောင့်မိကာ လဲကျသွားတော့သည်။
“ခေါင်းဆောင်ကွ . . ဟေး . . .”
ရွာသားများက အော်ဟစ်ကာ အလံကိုဆွဲယူပြီး ခေါင်းဆောင် လငေါရှီးထံသို့ ပေးလိုက်တော့သည်။ လငေါရှီးက အလံကိုယူြုပီး ကဖောဆီသို့သွားကာ လက်ကမ်းပေးလိုက်သည်။ ကဖောလည်း ဖခင်ပေးသည့် လက်ကိုဆွဲကာ ထလိုက်တော့သည်။
“အဖေ ဘာတိုက်ကွက်သုံးတာလဲ”
“အဲဒါ သုံးဆင့်တိုက်ကွက်ပေါ့ ဟား . .ဟား”
“ဒါပေမယ့် သမီး စိတ်မလျော့သေးဘူးအဖေ၊ တစ်နေ့ကျရင် ကဖောအဖေ့ကို အနိုင်ယူပြမယ်”
“ကောင်းပါပြီသမီးရယ်၊ အဲဒီနေ့ကို အဖေစောင့်နေပါ့မယ်”
သားအဖနှစ်ယောက်ပွေ့ဖက်လိုက်ပြီး အလံကြီးကို ဆွဲမြှောက်လိုက်ကြသည်။ ထိုအခါ ရွာသားများကလည်း အော်ဟစ်ကာ သြဘာပေးကြတော့သည်။
“ကဲ ငါ့သားတွေ နွားနှစ်ကောင်ဖျက်လိုက်ကြ၊ ဒီညတော့ တစ်ရွာလုံးကို အသားကျွေးပြီး ဧည့်ခံမယ်၊ ငါ့သမီးရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို ငါဂုဏ်ပြုမယ်”
ရွာသားများမှာ ပျော်ရွှင်သွားသော်လည်း မပျော်ရွှင်နိုင်သူတစ်ယောက်တော့ရှိသည်။ ထိုသူကတော့ လချေရှီးပင်ဖြစ်သည်။
“ဒီလောက် သိုင်းပညာတော်တဲ့ ကဖောတောင် ခေါင်းဆောင်ကိုမနိုင်ဘူးဆိုတော့၊ အမေပြောသလို ငါခေါင်းဆောင်ကို စိန်ခေါ်ပြီး အနိုင်ယူဖို့ဆိုတာ ဒီဘဝနဲ့ဖြစ်နိုင်ပါ့မလား”
ထိုသို့တွေးက သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
နွားမှာ မခူးတောင်တန်းကြီးပေါ်တွင် ရှားပါးပစ္စည်းဖြစ်သည်။ အဖိုးတန်သည့် အကောင်အဖြစ်သတ်မှတ်ကာ တယုတယမွေးမြူထားကြသည်။ စိုက်ပျိုးရေးမှာ တောင်ပတ်လည်တွင် တောင်ယာစိုက်ခင်းသာ စိုက်သည်မို့ နွားဖြင့်ထွန်ရက်ရန်မလိုအပ်ပေ။ နွားကို အခါကြီးရက်ကြီးများ၊ ဂုဏ်ပြုပွဲများနှင့် ယစ်ပူဇော်သည့် အခမ်းအနားတွင်သာ အသားစားသုံးရန်အတွက် အသုံးပြုကြသည်။ ယခုလည်း နွားနှစ်ကောင်ကို ဖျက်ပြီး ပြောင်းဆန်နှင့်ရောဂါ ယာဂုခပ်ပျစ်ပျစ် ကြိုထားပြီးနောက် ဟင်းသီးဟင်းရွက်များ၊ ခေါင်ရည်များနှင့်အတူတွဲဖက် သောက်ကြကာ ရွာလယ်မြေကွက်လပ်တွင် စားပွဲသောက်ပွဲကြီး ကျင်းပနေကြသည်။ အမျိုးသမီးများကလည်း မီးပုံကြီးကိုပတ်ကာ ကပြဖျော်ဖြေနေကြလေသည်။ အမဲသားများကို အတုံးများတုံးလျှက် တုတ်တံတွင်သီကာ ကင်ထားသည့် အမဲသားကင်မှာ ဂုဏ်သရေရှိလူကြီးများနှင့် အရေးပါသည့် ပုဂ္ဂိုလ်များသာ စားသောက်ရပြီး ကျန်သည့်ရွာသားများကတော့ အမဲသားခပ်ထားသည့် ယာဂုသာ သောက်ကြရသည်။ ကဖောက အသားလေးတုံးခန့် သီထားသည့် အသားကင်ချောင်းကို ကိုင်ထားပြီး ကွင်းပြင်ကျယ်ကြီးအတွင်း တစ်စုံတစ်ယောက်ကို ရှာဖွေနေသည်။ မီးပုံနံဘေးတွင်ကော စားသောက်ပွဲတွင်ကော လချေရှီးကို မတွေ့။
“ဘယ်များရောက်နေသလဲ”
ကဖောက စဉ်းစားလိုက်ရင်း တစ်နေရာကို တွေးမိသွားသည်။ ထိုနေရာကတော့ ရွာအနောက်ဖက်စည်းရိုးအနီးရှိ သစ်ပင်ကြီးတစ်ပင်ဖြစ်သည်။ ထိုသစ်ပင်ကြီးမှာ သစ်ခြောက်ပင်ကြီးဖြစ်ပြီး အရွက်များမရှိတော့။ အကိုင်းများမှာလည်း ကြိုးတို့ကျဲတဲ သာကျန်တော့သည်။ ထိုသစ်ပင်ကြီးအနားတွင် ကဖောနှင့် လချေရှီးအတူတူ ဆော့ကစားခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကဖောလည်း လချေရှီးထိုနေရာတွင် ရှိလောက်မည်ဟု ခန့်မှန်းလိုက်ကာ သစ်ပင်ကြီးဆီထွက်လာခဲ့သည်။
လမင်းကြီးမှာ လပြည့်ကျော်ပြီဖြစ်သဖြင့် ဝါဝါကြီးထိန်လင်းနေသည်။ တောင်ခြေအနီးမို့ သစ်တောကြီးက အုပ်ဆိုင်းနေပြီး ငြိမ်သက်နေလေသည်။ ထင်သည့်အတိုင်းပင် သစ်ပင်ကြီး ခွဆုံပေါ်တွင် လချေရှီးတစ်ယောက် လမင်းကြီးကိုမော့ကြည့်နေကာ ငေးမှိုင်ပြီးထိုင်နေလေသည်။ ကဖောလည်း သစ်ပင်ပေါ်သို့ အသာကလေးကုပ်ဖက်တက်လိုက်တော့သည်။
“နင်က ဒီမှာဘာလာလုပ်နေတာလဲ၊ ငါ့ကို ဂုဏ်မပြုတော့ဘူးလား”
“နင့်ကိုငါ ဂုဏ်ပြုပြီးသားပါ ကဖောရယ်၊ နင်လုပ်နိုင်မယ်လို့လည်း ငါကထင်ပြီးသားပါ”
“ဒါနဲ့များ ဘာလို့ ငေးမှိုင်နေရတာလဲ၊ ရွာကလူတွေနဲ့ အတူတူပျော်ကြမယ်လေ”
လချေရှီးက တစ်ချက်ပြုံးလိုက်သည်။ သို့သော် သူ့အပြုံးက မဲ့ပြုံးလေးဖြစ်သည်။
“ရွာကလူတွေ ငါနဲ့တွေ့ရင် မပျော်နိုင်ကြမှာစိုးလို့ပါဟာ”
လချေရှီးပြောလိုက်တော့မှ ကဖောလည်း သတိရသွားတော့သည်။ ရွာမှ လူများက လချေရှီးကို သိပ်မခင်ကြပေ။ အားလုံးက လချေရှီးကို စကြ နောက်ကြသည်။ လချေရှီးက သူ့ဘဝတစ်လျှောက်လုံး ရွာကလူများ၏ စနောက်ခြင်း၊ ပြောဆိုခြင်းများနှင့်သာ တံတွေးခွက် ပက်လက်မြောနေခဲ့လေသည်။
“ရော့ နင့်ဖို့ အသားကင်ယူလာတယ်၊ နင်စားလိုက်ပါဦးဟာ”
လချေရှီးက မယူချင်သော်လည်း ဆာနေသည့် သူ့ဗိုက်၏ ခိုင်းစေမှုကြောင့် အသားကင်ချောင်းကို လှမ်းယူလိုက်တော့သည်။ ထို့နောက် အသားကင်တစ်တုံးကို အားရပါးရ ကိုက်စားလိုက်တော့သည်။ လတ်ဆတ်သည့်အမဲသားမှာ အရည်ရွှမ်းပြီး ချိုမြနေလေသည်။ ထိုအသားမျိုးကို တစ်နှစ်လျှင် တစ်ခါပင်စားဖို့မဖြစ်နိုင်ပေ။ လချေရှီးစားသည်ကို ကဖောက ပြုံးပြီးကြည့်နေလိုက်သည်။
“နင်ဒီလိုစားတာကို မြင်ရတော့ ငါတို့ ငယ်ငယ်တုန်းက အကြောင်းတွေတောင် ပြန်သတိရသွားတယ်”
(၆)
“ထမင်းမစားရသေးဘူးလားကွ”
“အစားများများစားနော် နို့မို့ဆို မင်းကို ငါတို့စားပစ်လိုက်မယ်”
လချေရှီးမှာ ငယ်စဉ်ကတည်းက အခြား လရှီးမျိုးနွယ်စုများနှင့် မတူပေ။ လရှီးမျိုးနွယ်စုများမှာ အသားညိုညိုမည်းမည်းနှင့် မည်းနက်သောဆံပင်များရှိသည်။ မျက်လုံးမျက်ဆန်မှာလည်း နက်မှောင်နေလျှက်ရှိပြီး ခန္ဓာကိုယ်မှာလည်း ထွားကျိုင်းသန်မာကြလေသည်။ ကလေးငယ်များပင်လျှင် ထွားကျိင်းကြကာ အခြားလူမျိုးများထက် လူကောင်ပိုကြီးသည်။ လူကြီးဖြစ်လျှင် အရပ်ခြောက်ပေကျာ်ရှည်လျားကာ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ကြွက်သားများနှင့် ဖုထစ်ကျစ်လျစ်နေသည့် ခန္ဓာကိုယ်ရှိကြသည်။ ကြွက်သားအဖုအထစ်များသည် လရှီးမျိုးနွယ်စုယောကျာ်းသားများ၏ ယောက်ျားဆန်မှုှု အမှတ်သင်္ကေတတစ်ခုဖြစ်ကာ ယောက်ျားသားများမှာ မိမိတို့ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကြွက်သားများကို လူမြင်နိုင်သမျှ မြင်အောင် ထုတ်ဖော်ပြသလေ့ရှိသည်။
သို့သော်လည်း လချေရှီးကတော့ ထိုသူများနှင့်မတူပေ၊ ဆံပင်က အနက်ဆိုသည်ထက် ကြေးနီရောင်ပေါက်သည်။ အသားမှာလည်း ခပ်ဖြူဖြူ၊ လူပုံစံမှာလည်း မထွားမဘဲ အရပ်ခပ်ပုပုနှင့် ကိုယ်လုံးက ပိန်လှီလှီဖြစ်သည်။ နားရွက်များမှာလည်း လရှီးများကဲ့သို့ ဝိုင်းစက်စက်မဟုတ်ဘဲ အနည်းငယ်ချွန်ကာ အထက်သို့လန်တက်နေလေသည်။ ထို့ကြောင့် ရွာမှလူများက ဝိုင်းဝန်းစနောက် နောက်ပြောင်ကြသည်။ အဖေဖြစ်သူ နတ်ဆရာကြီး လဘေးဝါးတစ်ယောက် သားဖြစ်သူမှာ လရှီးမျိုးနွယ် မစစ်မှန်းကို ရိပ်စားမိသည်။ ထို့ကြောင့် သူတတ်သည့်ပညာဖြင့် သစ်ဥသစ်ဖုများကို ကြိတ်ကာ ဆံပင်နက်မှောင်ဆေးကို ပြုလုပ်ပေးပြီးနောက် လချေရှီးခေါင်းကို လိမ်းပေးထားရသည်။ သို့သော် မိုးမိသည့်အခါ၊ ခေါင်းလျှော်သည့်အခါ ထိုဆေးများ ပျက်တတ်သည်ဖြစ်ရာ လချေရှီးမှာ အထူးသတိထားရသည်။ ကဖောကတော့ လချေရှီးဆံပင် ဝါသည်ကို သိနေသော်လည်း ဘာမှမပြောချေ။
ယခုလည်း တိုက်ခိုက်ရေးသင်တန်းကျောင်းက ရွာသားကလေးများမှာ လချေရှီးကို ဝိုင်းပြီး စနောက်နေကြသည်။ စနောက်နေသည်ဆိုသော်လည်း အနိုင်ကျင့်သည်ဟုပင်ဆိုရမည်။ လချေရှီးက အခြားကလေးများထက် ပိန်လှီနေလေသည်။
“ဘယ်လိုကောင်များ ငါတို့ မျိုးနွယ်ထဲပါလာသလဲမသိပါဘူးကွာ”
“အဲ့ဒီကောင်က မျိုးမစစ်ကွ၊ ငါ့အမေပြောဖူးတယ်”
“ဒီကောင် မျိုးစစ်လား မစစ်လားသိရအောင် ဒီကောင့်ကို ဆော်ကြရအောင်ကွာ၊ မျိုးစစ်ရင် ငါတို့ကို ပြန်ချနိုင်မှာပါ”
ထို့နောက် ကလေးသုံးယောက်က လချေရှီးကို တိုက်ခိုက်တော့သည်။ သို့သော် အင်အားမမျှသဖြင့် လချေရှီးသာ ခံရသည်။ ကလေးများက လချေရှီးအား ပါးတွေရိုက်ကြသည်။ လချေရှီးကို ချုပ်ထားပြီး ဗိုက်ကို ဝိုင်းထိုးကြလေသည်။
“ဟဲ့ နင်တို့တွေ ဘာလုပ်နေကြတာလဲ”
ကဖောက ပြောရင်း သူတို့အနီးသို့ရောက်လာတော့သည်။ လချေရှီးမှာတော့ ဖုန်အလုံးလုံးနှင့် နှာခေါင်းမှလည်း သွေးများက စီးကျနေသည်။
“ဒီမျိုးမစစ်ကောင်ကို ပညာပေးနေတာလေ၊ ဒီကောင်က သုံးစားမရတဲ့အချောင်သမား၊ တိုက်ရည်ခိုက်ရည်ဆိုရင်လည်း တစ်စက်မှကို မရှိဘူး”
“ဘာမျိုးမစစ်လဲ၊ ငါတို့မျိုးနွယ်ဝင်ထဲကလူတွေဟာ ငါတို့အမျိုးတွေပဲပေါ့”
“ကဖော . . နင်ခေါင်းဆောင်ရဲ့သမီးဆိုပြီးတော့ နေရာတကာမပါချင်နဲ့”
“အောင်မာ ပါတော့ဘာလုပ်ချင်လဲ”
ယောက်ျားလေးသုံးယောက်က လက်သီးဆုပ်၍ အသင့်ပြင်လိုက်သည့်အခါ ကဖောကလည်း ပြန်လည်တိုက်ခိုက်ရန် ကိုယ်ကိုအသင့်အနေအထားပြင်လိုက်တော့သည်။
“ဘာလဲ နင်တို့က ငါ့ကိုချမလို့လား၊ နင်တို့ နိုင်မယ်လို့ ထင်လို့လား”
ကဖောစကားမဆုံးခင် ကလေးတစ်ယောက်က ကဖောအား ဝင်ထိုးတော့သည်။ စင်စစ် ထိုကောင်လေးနှင့် ကဖောမှာ အသက် သုံးနှစ်မျှကွာပြီး ကိုယ်လုံးကိုယ်ထည်လည်း ကွာလှသည်။ ကဖောမှာ မိန်းကလေးဖြစ်သဖြင့် ယောက်ျားလေးများလောက် မဖွံ့ထွားပေ။ သို့သော် ကဖောက ထိုကောင်လေး၏ တိုက်ကွက်ကို ခုခံရင်း တန်ပြန်တိုက်ကွက်ဖြင့် မေးအောက်သို့ လက်သီးတစ်လုံးဖြင့် ပင့်ထိုးလိုက်တော့သည်။ မကြာခင် နောက်နှစ်ယောက်က တစ်ပြိုင်နက်ခုန်ဝင်လာရာ တိုက်ကွက်သုံးကွက်ပင် မပြီးလိုက်ပေ။ ထိုနှစ်ယောက်လည်း ကဖောလက်ချက်ဖြင့် မှောက်သွားတော့သည်။
“ကဲ မှတ်ပလား၊ နောက်ထပ် လချေရှီးကို အနိုင်ကျင့်တာတွေ့ရဲတွေ့ကြည့် နင်တို့တွေ မလွယ်ဘူးမှတ်”
ထိုသို့ပြောလိုက်ပြီးနောက် လဲကျနေသည့် လချေရှီးကို ကဖောက လက်ဆွဲလိုက်တော့သည်။
“လာ . . သွားကြမယ်”
နှစ်ဦးသား သွားကြသည့်နေရာက ရွာစည်းရိုးအနီးရှီ သစ်ခြောက်ပင်ကြီးပင်ဖြစ်သည်။ လချေရှီးတစ်ကိုယ်လုံးက ဖုန်များကို ခါထုတ်လိုက်ပြီးနောက် ကဖောက ဆေးပင်များကိုယူကာ သွားနှင့်ကိုက်ဝါးပြီး ထွက်လာသည့် ဆေးရည်များကို လချေရှီး၏ ဒဏ်ရာများကို သုတ်လိမ်းပေးနေလိုက်သည်။
“နောက်နေ့ဆိုရင် ကောင်းသွားမှာပါ”
“ကျေးဇူးတင်ပါတယ်ကဖောရယ်၊ ဒါနဲ့ ငါက သူတို့ပြောသလို အချောင်နေတဲ့ကောင်တစ်ကောင်များ ဖြစ်နေသလား”
“ဘာ၊ အချောင်နေတဲ့ကောင်တဲ့လားဟာ၊ အဓိပ္ပါယ်မရှိတာ”
“ငါက တိုက်ခိုက်တာလည်း ညံ့တယ်၊ နောက်ပြီး ကိုယ်လုံးကလည်း ညှက်တော့၊ ကြီးလာလို့ စစ်ထွက်တဲ့အခါ ငါစစ်တိုက်နိုင်ပါ့မလားဟ၊ ဒီကောင်တွေပြောသလို လူပျော့လူညံ့ အချောင်နေတဲ့ကောင်ကြီးများဖြစ်နေမလား”
“အို . . နင်က မဟုတ်တဲ့စကားတွေ နားထဲထည့်နေပြန်ပြီ၊ အဲဒီလိုပြောတဲ့သူတွေကို ငါလိုက်ချပစ်မယ်”
ကဖော၏ ဒေါသထွက်နေသည့် မျက်နှာလေးကိုကြည့်ပြီး လချေရှီးက ပြုံးလိုက်မိတော့သည်။
ထိုအကြောင်းကို လချေရှီးက သူ့အဖေ လဘေးဝါးကို ပြန်ပြောပြမိသည်။ လဘေးဝါးကလည်း လချေရှီးမှာ မျိုးစပ်ဖြစ်နိုင်မှန်း နဂိုကတည်းက သိပြီးသားပင်ဖြစ်သည်။ ထို့ကြောင့် အတိုက်အခိုက်မတော်သည့် လချေရှီးကို သူ့တပည့်အဖြစ်မွေးလိုက်ပြီး ယစ်ပူဇော်ခြင်းနှင့် ပက်သက်သည့် ပညာများသင်ကြားပေးကာ နတ်ဆရာအဖြစ် သင်ကြားပေးလိုက်တော့သည်။ နတ်ဆရာများမှာ လွတ်လပ်ပြီး မျိုးနွယ်စုများအတွင်း ရန်သူမရှိပေ။ လူမျိုးစု တစ်စုနှင့် တစ်စုကြားသွားလာနိုင်ကြသည်။ နတ်ဆရာကိုသတ်လျှင် နတ်ဘုရားတို့၏ ကျိန်စာသင့်သည်မို့ မည်သူမျှ နတ်ဆရာအား မပြောဝံ့ပေ။ ထို့ကြောင့် လချေရှီးမှာ ယခင်ကထက်စာလျှင် အများကြီး သက်သာခဲ့ရသည်။ သူ့ကိုမကောင်းပြောချင်သည့် သူများရှိလျှင်တောင်မှ နတ်ဘုရားများကို ကြောက်သဖြင့် သိပ်မပြောဝံ့ကြတော့ပေ။ သို့သော်လည်း တစ်ရွာလုံးက လချေရှီးအား ကြည့်မရ၊ အခုလိုကြီးလာတော့ အချောင်သမားဟုသာ သတ်မှတ်ထားကြလေသည်။
“ကျေးဇူးတင်ပါတယ် ကဖောရယ်”
လချေရှီးမှာ အတိတ်ကိုပြန်လည်တွေးတောနေရင်း လက်ရှိအချိန်သို့ အသိစိတ်ပြန်လည်လာလေသည်။ လရောင်အောက်တွင် ကဖောမျက်နှာလေးက ပြောင်ချောနေလေသည်။ လှပနုနယ်သည့် မျက်နှာလေးမှ အောက်သို့ဆက်ကြည့်လိုက်ပါက သန်စွမ်းကြံ့ခိုင်သည့် လည်တိုင်နှင့် ကြွက်သားများ ထနေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ကဖောမှာ ရဲဝံ့စွာနှင့် လှပနေတော့သည်။
“ဘယ်လိုလဲ စားကောင်းရဲ့လား”
“ကောင်းတာပေါ့ ကဖောရယ်၊ အမဲသားဆိုတာက နင်ကျွေးမှ ငါက စားနိုင်တာပါ”
“ဒါနဲ့ နင်ငါ့ကို ဂုဏ်ပြုမယ်ဆို”
ထိုအခါ လချေရှီးက ကြိုးလေးတစ်ခုကို ထုတ်လိုက်သည်။ ထိုကြိုးကလေးတွင် အလုံးလေးတစ်လုံးကို တပ်ဆင်ထားလေသည်။
“ဒါက ငါးမျက်လုံးထဲက မျက်ဆန်ကလေး၊ အရမ်းလည်းရှားပါးသလို အရမ်းလည်း တန်ခိုးရှိတယ်၊ ငါ့အဖေပြောတာကတော့ ငါးမျက်လုံးကိုဆောင်ထားရင် ဆောင်ထားတဲ့လူကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်တယ်တဲ့”
ထိုသို့ပြောပြီး ကျစ်လစ်သန်မာနေသည့် ကဖော၏ ညာဖက်လက်မောင်းတွင် ချည်ပေးလိုက်တော့သည်။ ကဖောက သဘောကျသဖြင့် ရယ်မောနေလေသည်။
လချေရှီးက ပြုံးရင်း ကဖောလက်ကလေးကို ဆုပ်ကိုင်လိုက်လေသည်။ မိန်းကလေးလက်ပင်ဖြစ်သော်ငြား ကဖော၏ လက်ကလေးများသည် ကြမ်းတမ်းပြီး အသားမာတွေတက်နေလေသည်။
“နင့်လက်ကလည်း နုလိုက်တာ လချေရှီးရယ်”
“ကဖော ငါနင့်ကိုတစ်ခုပြောချင်တယ်၊ နင်စိတ်ဆိုးမှာလား”
“ဘာလဲ လချေရှီးရယ် ပြောစရာရှိတာ မြန်မြန်ပြော”
“ငါလေ . . ငါလေ နင်နဲ့အမြဲအတူတူနေချင်တယ်၊ နင့်အဖေခွင့်ပြုရင် ငါနင်နဲ့ပေါင်းချင်တယ်”
ကဖောမျက်နှာကလေးသည် ထိုစကားများကို ကြားသည့်အခါတွင် နီရဲသွားတော့လေသည်။
“ဘာတွေလျှောက်ပြောနေတာလဲ လချေရှီး နင် ရူးသွားပြီလား”
“ရူးနေတာမဟုတ်ဘူး ကဖော၊ ငါတကယ်ပြောတာ၊ ငါနင်နဲ့နေရတဲ့အချိန်တွေဆိုအရမ်းပျော်တယ်၊ နင့်ကိုငါချစ်တာ အခုမှမဟုတ်ပါဘူးဟာ၊ ဟိုးငယ်ငယ်လေးကတည်းက ချစ်ခဲ့တာပါ”
ကဖောခေါင်းညိတ်လိုက်သည်။ လချေရှီးမှာ ကဖောကို ငယ်စဉ်ကတည်းကချစ်ခဲ့မှန်း ကဖောသိသည်။ ကဖောအပေါ် အရိပ်တစ်ကြည့်ကြည့်နှင့် ဂရုစိုက်တတ်သူမှာ လချေရှီးပင်ဖြစ်သည်။ ငယ်ငယ်က ကဖောဖျားနာပြီဆိုလျှင် ကဖောအနားတွင် ညလုံးပေါက်ထိုင်စောင့်နေကာ ဆုတွေတောင်းပေးနေသလို လဘေးဝါးဖော်စပ်ပေးသည့် အထူးဆေးရည်များနှင့် အချိန်ပြည့်ကုသပေးနေတတ်လေသည်။
“ဘယ်လိုလဲဟင် ကဖော”
“အင်းပါ၊ နောက်သုံးလကြာတဲ့အခါ မင်္ဂလာလရောက်ပြီ၊ အဲဒီအခါကျရင် ငါ့အဖေကို နင်ဖွင့်ပြောလိုက်ပေါ့”
လချေရှီးလည်း ပြုံးလိုက်ပြီးနောက် ကဖောကိုယ်လုံးကလေးကို ဆွဲကာ သိမ်းကြုံးဖက်ထားလိုက်တော့သည်။
(၇)
ဂုဏ်ပြုပွဲတွင်တော့ စားပွဲခုံရှည်ကြီးရှိပြီး ဖက်များခင်းထားကာ စားသောက်ဖွယ်ရာများပြင်ဆင်ထားသည်။ ခေါင်ရည်သောက်ပြီး ယစ်မူးပျော်ရွှင်နေသည့် လငေါရှီးအနားသို့ လဘေးဝါးက ကပ်လာခဲ့တော့သည်။
“လဘေးဝါး စားပါ သောက်ပါ ပျော်ရွှင်ပါ . . ပြီးရင် ငါ့သမီးအတွက်လည်း ဆုတွေတောင်းပေးဦးနော်”
“ဒီကိစ္စကို ကျွန်တော် ကန့်ကွက်ချင်တယ်ခေါင်းဆောင်”
လငေါရှီးမျက်လုံးများက ပြူးကျယ်သွားသည်။
“ကဖောကို တိုက်ခိုက်ရေးပညာတွေသင်ပေးတာဟာ အလွန်အန္တရာယ်များတဲ့အလုပ်မို့လို့ ခေါင်းဆောင်ကို ဒီလောက်နဲ့ ရပ်တန်းကရပ်စေချင်တယ်”
“အို . . ခေါင်းဆောင်သမီးပဲ တိုက်ခိုက်တတ်တာ ဘာဆန်းလဲကွာ”
“ဆန်းတာပေါ့၊ ကဖောက သာမန်လူမှမဟုတ်တာ၊ မတော်လို့ တိုက်ခိုက်ရင်း ဓါးကိုင်မိသွားတယ်ဆိုရင် ကျုပ်တို့ တစ်မျိုးနွယ်လုံးရော ကျောက်တုံးမြို့တော်ကြီးပါ ဘေးအန္တရာယ်ကြီး ကျရောက်လိမ့်မယ်လို့ ပုရေဟိတ်ကြီး ဖာရီရန်ပြောထားတယ်ဆိုတာ ခင်ဗျားမမှတ်မိတော့ဘူးလား”
“ထွီ . . တော်စမ်းပါ လဘေးဝါးရယ်၊ မင်းတို့လို့ ပေါ့ပေါ့နေပြီး အချောင်စားတဲ့ နတ်ဆရာတွေကတော့ တိုက်ခိုက်တာကို ဘယ်ကြိုက်ပါ့မလဲ ဟုတ်ရဲ့လား”
လဘေးဝါး စိတ်ထဲဒေါသထွက်သွားလေသည်။
“တော်တော့ လငေါရှီး မင်းမူးနေရင် ငါဆက်မပြောတော့ဘူး”
“လုပ်စမ်းပါကွာ၊ ငါအမှန်တွေပြောလိုက်လို့ မင်းစိတ်ဆိုးသွားတယ်မဟုတ်လား လဘေးဝါး၊ ငါကမင်းကို ငယ်ငယ်ထဲက ပေါင်းလာတဲ့သူမို့လို့မင်းအကြောင်း ငါသိပါတယ်၊ နောက်ပြီး ငါ့အဖေက မှာထားခဲ့လို့သာ ငါမင်းကို အရေးပေးဆက်ဆံနေတာ၊ ငါတို့ မျိုးနွယ်စုက တိုက်ခိုက်စွမ်းရည်နဲ့ ခွန်အားကို အဓိကထားတဲ့ မျိုးနွယ်ကွ၊ မင်းတို့ နတ်ဆရာတွေလို ဗုံလေးတီးလိုက်၊ ကလိုက်ခုန်လိုက် လုပ်ပြီးနေတဲ့ အချောင်သမားတွေလို မဟုတ်ဘူး”
ထိုစကားက လဘေးဝါး၏ ရင်ထဲကို သံနှက်သလို နာကြည်းမိသွားတော့လေသည်။
“ဒီမယ် လငေါရှီး . . ငါဒီမှာ နေချင်လွန်းလို့များ နေနေတယ်ထင်နေလား၊ ငါ့အဖေကလည်း သူမသေခင်င့ါကိုမှာထားခဲ့လို့သာပေါ့ကွ၊ ငါ့မှာ မင်းတို့ မျိုးနွယ်မိသားစုတွေကို စောင့်ရှောက်ဖို့ဆိုပြီး နေခဲ့ရတာကွ”
“ဒီတော့ မင်းက မနေချင်ဘူးလား၊ မင်းငါ့ဆီမှာ မနေချင်ရင်လည်း မင်းကြိုက်တဲ့နေရာကို သွားလို့ရတယ် လဘေးဝါး ငါခွင့်ပြုတယ်”
“အေးသွားမှာပါ၊ ငါကလည်း မင်းတို့လိုခေါင်းမာပြီး တိုက်ဖို့ခိုက်ဖို့ ကြမ်းဖို့ရမ်းဖို့ပဲသိတဲ့ မိုက်မဲတဲ့လူတွေဆီမှာ မနေချင်တာကြာပြီ၊ မင်းတို့တစ်ရွာလုံးက ငါနဲ့ ငါ့သားကို စောင်းမြောင်းပြောဆိုနေတာတွေ ငါအကုန်သိတယ်”
“အေး . . အေး၊ မင်းသွားမယ်ဆိုရင်လည်း ပြောဦးနော်၊ ငါနွားတစ်ကောင်ထည့်ပေးလိုက်မယ်၊ ဒီနွားက မင်းနဲ့ငါနဲ့ သူငယ်ချင်းသံယောဇဉ်ကြောင့် ထည့်ပေးလိုက်တယ်မှတ်ပါ”
လဘေးဝါးလည်း ဒေါသထွက်ထွက်နှင့် ထိုမီးပုံကြီး နံဘေးမှ ထထွက်ခဲ့တော့သည်။
ထို့နောက် မိမိနေထိုင်ရာ တဲသို့ပြန်လာခဲ့တော့သည်။ တဲအတွင်းဝင်လိုက်သည်နှင့် အထဲတွင် ထိုင်နေသည့် လချေရှီးနှင့် သူ့မိန်းမကို တွေ့သွားတော့သည်။
“သားရေ ငါတို့သွားကြရအောင်”
“ဘယ်ကိုသွားမှာလဲ အဖေ”
“ဒီလို မိုက်မိုက်ကန်းကန်း လူတွေ မရှိတဲ့နေရာကိုပေါ့ကွာ၊ ကဲ အထုပ်အပိုးတွေပြင်တော့”
ဓလေ့ထုံးစံအရ ယောက်ျားသားများသာ ရွာမှ ထွက်ခွာခွင့်ရှိပြီး မိန်းမသားများမှာ ရွာတွင်သာ ကျန်နေခဲ့ရသည်။ ထိုယောက်ျားထွက်သွားလျှင် အခြားယောက်ျားတစ်ဦးက ကျန်ခဲ့သည့်မိန်းမကို ယူကာ ဆက်လက်ပေါင်းသင်းနေထိုင်ကြရလေသည်။
“ရှင် ဘာတွေဖြစ်လာတာလဲ လဘေးဝါး”
“ငါ လငေါရှီးနဲ့ ပြသနာတက်လာတယ်၊ သူ ငါ့ကို ဒီရွာကနေ မောင်းထုတ်ချင်နေတယ်၊ ငါလည်း သူတို့နဲ့ ဆက်မနေချင်တော့ဘူးကွာ”
“အဖေရယ်၊ ဘာလို့သွားမှာလဲ၊ အမေနဲ့ ကျွန်တော်နဲ့ ရှိသေးတယ်လေ”
“မင်းပါလိုက်ရမယ် လချေရှီး”
“ဘာ . . ဘာလို့လည်း ကျွန်တော်မလိုက်ချင်ဘူး”
“ဟ ငါ့သားရ၊ ငါထွက်သွားပြီး မင်းတစ်ယောက်တည်း ဒီရွာမှာကျန်နေရင် မင်းဘယ်လိုအသက်ဆက်ရှင်မလဲ၊ ဒီရွာက လူတွေက မင်းကို အမြင်မကြည်မှန်း သိလျှက်သားနဲ့၊ အခုတောင်မှ ငါရှိနေလို့၊ နတ်ဘုရားတွေကို ကြောက်နေလို့ မင်းကို မကြည်ပေမယ့် ကောင်းကောင်းမွန်မွန်ဆက်ဆံနေကြတယ်ဆိုတာ မင်းသိရဲ့လား”
“မသိဘူးဗျာ၊ မသွားဘူး”
ထိုအခါ လချေရှီးအမေက လချေရှီး၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ မျက်လုံးတွင်လည်း မျက်ရည်စများကျဆင်းလာလေသည်။
“လဘေးဝါးပြောတာမှန်တယ်သား . .. သား သူနဲ့လိုက်သွားရမယ်”
“အမေ သား မသွားချင်ဘူး”
“သားထွက်သွားပါသား၊ ဒီမှာနေရင်လည်း သား ကိုအမေပေးထားတဲ့ တာဝန်ကို သားလုပ်နိုင်မှာမဟုတ်ဘူး၊ နောက်ပြီး လဘေးဝါးမရှိလို့ သားဆံပင်တွေ နီကြောင်လာရင် ရွာကလူတွေက သားကို သတ်ကြမှာပဲ”
မိခင်ပြောသည်ကလည်း တရားနည်းလမ်းကျသဖြင့် လချေရှီးတစ်ယောက် မလိုက်ချင်သော်လည်း အထုပ်အပိုးများကို ထုပ်ပိုးရတော့သည်။ ထို့နောက် သန်းခေါင်ယံတွင် ရွာမှ သားအဖနှစ်ယောက် တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။ ရွာလယ်တွင်တော့ မီးပုံကြီးက အရှိန်ညီးညီးတောက်လောင်နေဆဲဖြစ်သည်။
လချေရှီးကတော့ ကဖောကို နှုတ်မဆက်လိုက်ရခြင်း၊ အမေနှင့် ခွဲခွာရခြင်းတို့ကို ခံစားနေရပြီးနောက် မျက်ရည်များကျဆင်းလျှက် လမ်းလျှောက်ထွက်ခဲ့တော့သည်။
မနက်မိုးလင်းပြီ။
“ခေါင်းဆောင် လဘေးဝါးတို့ သားအဖမရှိတော့ဘူး”
အရက်မူးမပြေသေးသည့် လငေါရှီးက ခေါင်းထောင်ကြည့်လိုက်သည်။
“ကောင်းတာပေါ့ကွာ၊ ဆန်ကုန်မြေလေးတွေ ရွာကထွက်သွားတော့ တို့ရွာ သန့်သွားတာပေါ့၊ အလကား ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ကောင်တွေ”
ခေါင်းဆောင်က ထိုသို့ပြောလိုက်သည့်အခါ တစ်ရွာလုံးက ချီးကျူး သြဘာပေးကြတော့သည်။ သို့သော် မပျော်နိုင်သူ တစ်ယောက်တော့ရှိသည်။ ထိုသူကတော့ ကဖောပင်ဖြစ်သည်။ ကဖောက လချေရှီးညက ပေးခဲ့သည့် ငါးမျက်လုံးကြိုးကလေးကို ကြည့်ရင်း မျက်ရည်များကျဆင်းလာတော့လေသည်။
(၈)
အချိန် သုံးလခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကဖောမှာလည်း ဖခင်၏ သင်ကြားပေးမှုဖြင့် လှံတိုက်ခိုက်နည်းများကို တော်တော်ကျွမ်းကျင်နေပြီဖြစ်သည်။ လှံတို၊ လှံရှည် နှင့် အဲမောင်း စသည့်လှံများကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်နေပြီဖြစ်ပြီး၊ လှံတိုပစ်ခတ်ခြင်း၊ လှံဖြင့် အထိုး၊ အအုပ်၊ အကာ၊ အရိုက် စသည့်တိုက်ကွက်များအပြင် လှံသွားဖြင့် အဖြတ်အတောက် များကိုပါ ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သည်။ ကဖောက စိတ်ဓါတ်ကျတိုင်း လှံကစားကျင့်ရာမှ ကျွမ်းကျင်လာလေသည်။ လငေါရှီးလည်း သူ့သမီး၏ အတိုက်အခိုက်စွမ်းရည်တိုးတက်လာသည်ကို ကြည့်ရင်း ပီတိဖြစ်နေလေသည်။
“ဘူ . . . ဘူ”
ရွာလယ်ရှိ ကျွဲချိုမှုတ်သံကြီးက မြည်ဟီးသွားတော့သည်။ ရွာသားများအကုန်လုံး ရွာလယ်မြေကွက်လပ်ကြီးတွင် စုရုံးလိုက်ကြတော့သည်။
“ကဲ မကြာခင်မှာ စစ်တိုက်ထွက်ကြမယ်၊ ဒီကနေတောင်ဘက်ကိုဆင်းသွားရင် ကွင်းပြင်တွေအနားမှာ လမူး မျိုးနွယ်စုရွာရှိတယ်၊ လမူးမျိုးနွယ်စုတွေက ငါတို့နဲ့ ခဏခဏစစ်ဖြစ်ခဲ့ပေမယ့် ငါတို့မနိုင်ခဲ့ဘူး ဒီတစ်ခေါက်တော့ သူတို့ရွာကို တိုက်ခိုက်သိမ်းပိုက်ပြီး လူမျိုးစု ဝါးမြိုနိုင်တဲ့အထိ ငါတို့ ကြိုးစားကြရမယ်”
လငေါရှီးစကားအဆုံးတွင်တော့ ရွာသားများက အော်ဟစ်ကာ ညာသံပေးလိုက်ကြတော့သည်။ ထို့နောက် ရွာသားများအားလုံး စစ်ချီတက်ရန်အတွက် လက်နက်တွေကို အသင့်ပြင်ဆင်နေတော့သည်။
“အဖေ သမီးလည်း စစ်ထဲလိုက်မယ်”
ပြောလာသူကတော့ တခြားသူမဟုတ် ကဖောပင်ဖြစ်သည်။
“ဒီတစ်နှစ်တော့ သမီးမလိုက်ရဘူး၊ နောက်နှစ်ခါကျတော့ လိုက်လို့ရပြီ”
“ဟာ အဖေကလည်း သမီးလည်း တိုက်ခိုက်တတ်နေပါပြီ သမီးလိုက်မယ်”
“မရဘူး ကဖော နင်က ရွာမှာနေခဲ့ ရွာကိုစောင့်ပေါ့၊ ဟုတ်ပြီလား”
ကဖော၏ အကိုကြီးဝင်ပြောတော့မှ ကဖောလည်း ခေါင်းကိုလေးပင်စွာ ညိတ်လိုက်တော့သည်။
လငေါရှီးက စစ်ထွက်ဝတ်စုံကိုဝတ်ဆင်နေသည်။ ထုံးစံအရ ကိုယ်သတ်လိုက်ခဲ့ဖူးသည့် လူ၏ ခေါင်းမှ ဆံပင်မွှေးများကို နှုတ်ပြီး လည်ပင်းနှင့်ရင်ဘတ်တွင် အလှဆင်ချိတ်ဆွဲထားလေ့ရှိသော်လည်း လငေါရှီးမှာ သတ်ခဲ့ဖူးသူများသဖြင့် တစ်ကိုယ်လုံး ဆံပင်မွှေးများဖုံးလွှမ်းနေကာ ဝက်ဝံကြီးတစ်ကောင်လို့ဖြစ်နေလေသည်။ ခေါင်းတွင် စာဝါငှက်၏အမွှေးအတောင်ကို စိုက်ထူထားသောကြောင့် ရွှေရောင်သန်းနေသည့်အမွှေးသည် နေပူထဲတွင် ဝင်းလက်နေတော့သည်။
ထို့နောက် လက်နက်မျိုးစုံ ကိုင်ဆောင်ထားသည့် ရွာသား သုံးရာခန့်မှာ ရွာအတွင်းမှ တန်းစီကာ ချီတက်သွားကြတော့သည်။ ကဖောကတော့ ရွာအဝင်ဝတွင် စစ်ချီတက်သွားသော လူတန်းကြီးကိုကြည့်ပြီး ငေးကာ ကျန်နေခဲ့တော့သည်။ ရွာတွင်တော့ မိန်းမများ၊ ကလေးများနှင့် ရွာစောင့်ရွာသားတစ်ချို့သာ ကျန်နေခဲ့တော့သည်။ ကဖောက ဖခင်မှာကြားခဲ့သည့်အတိုင်း ရွာစည်းရိုးကို အပေါက်မရှိအောင် ပြင်ဆင်ခြင်း၊ ဆူးများ၊ ဝါးချွန်များ ကာရံခြင်းနှင့် ရွာကိုပြုပြင်ခြင်းစသည့်လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ရလေသည်။ အဖေကော အစ်ကို ခုနစ်ယောက်စလုံးပါ စစ်လိုက်သွားသဖြင့် အိမ်ကြီးက ခြောက်ကပ်ပြီး တိတ်ဆိတ်ကာ ကျန်နေခဲ့တော့သည်။
ပွင့်လင်းရာသီမှာ လူမျိုးစုများအချင်းချင်းကြားတွင် စစ်ဆင်နွဲသည့်ရာသီဖြစ်သည်။ များသောအားဖြင့် ရွာတစ်ရွာနှင့် တစ်ရွာ တိုက်ခိုက်ကြခြင်းဖြစ်သည်။ အဓိက တိုက်ခိုက်ရသည့်အကြောင်းမှာတော့ စားနပ်ရိက္ခာရရှိရေးဖြစ်သည်။ တောင်ပေါ်ရှိ ရွာများသည် တောင်ယာစပါးစိုက်ကြပြီး အထွက်နှုန်းမှာလည်း သိပ်မကောင်းလှသဖြင့် စားနပ်ရိက္ခာရရန် အခြားရွာများသို့ တိုက်ခိုက်ပြီး လုယက်လေ့ရှိကြသည်။ တစ်ခါတစ်ရံ ရွာများတွင်နေထိုင်သူများက ထွက်ပြေးကြသည့်အခါတွင် ရွာတွင်ရှိသမျှ ပစ္စည်းအားလုံးကို လုယက်ပြီးနောက် မီးရှို့ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ရွာမှလူများအားလုံးကို မိသွားသည့်အခါတွင်တော့ လူမျိုးစုဝါးမြိုခြင်းပြုလုပ်ကြပြီး ယောက်ျားသားများနှင့် ကလေးများ၊ ကိုယ်ဝန်ဆောင်များကို အကုန်သတ်ဖြတ်ပြစ်ခဲ့ကြပြီး မိန်းမများကိုတော့ လူမျိုးစုအတွင်းခေါ်သွားကာ သိမ်းသွင်းလိုက်ကြခြင်းဖြစ်သည်။ အသတ်ခံရသည့် လူများကို ခေါင်းဖြတ်ကာ ယစ်ပူဇော်ပြီးနောက် ထိုသူတို့၏ ခေါင်းမှဆံပင်များကိုဖြတ်ပြီး လည်ပင်းတွင် သို့မဟုတ် ကိုယ်လုံးတွင် အလှဆင်ကာ ချိတ်ဆွဲထားကြရသည်။
လမူးမျိုးနွယ်စုများနေထိုင်သည့်နေရာမှာ တောင်ခြေကျပြီး မြက်ခင်းပြင်များပေါ်များသည့်အရပ်ဖြစ်သဖြင့် ဆန်စပါးနှင့် ပြောင်းအထွက်ကောင်းလှသည်မို့ ယခုတစ်ခါတွင်တော့ လငေါရှီးတို့က ထိုရွာကို တိုက်ခိုက်ရန် စီစဉ်ပြီးထွက်လာကြခြင်းဖြစ်သည်။
တစ်ညတော့ ကဖော အိပ်မပျော်ပေ။ ရွာကြီးက ကင်းစောင့်နေသည့်လူများမှအပ တိတ်ဆိတ်လျှက်ရှိသည်။ ကဖောလည်း အိမ်မှထွက်ခဲ့ပြီးနောက် သစ်ခြောက်ပင်ကြီးအနားသို့ ထွက်လာခဲ့သည်။ လမင်းကြီးက ဝင်းပစွာ သာနေပြန်သည်။ လမင်းကြီးကို မြင်သည့်အခါ ကဖောတစ်ယောက် လချေရှီးကို သတိရသဖြင့် ငိုကြွေးနေမိသည်။ လချေရှီးပေးထားခဲ့သည့် အဆောင်လေးကိုလည်း ဖြုတ်ပြီး ကြည့်နေမိသည်။ ထိုအချိန်တွင် သစ်ပင်ကြီးအောက်တွင် ချုံတိုးသံ သစ်ရွက်များလှုပ်ခတ်သံကိုကြားလိုက်ရသည်။ သာမန်လေတိုက်သည့်အသံမျိုး မဟုတ်ဘဲ တစ်ယောက်ယောက်တောတိုးနေခြင်းဖြစ်သည်။ ကဖောက သတိထားပြီးကြည့်နေလိုက်စဉ်တွင် သူ့ထံသို့ လှံတိုတစ်ချောင်းက အရှိန်ပြင်းစွာ ပျံသန်းလာလေသည်။ ကဖောက သတိကောင်းသည်မို့ ချက်ချင်းသစ်ပင်ပေါ်မှလျှောချလိုက်ရာ လှံတိုမှာသစ်ပင်စည်တွင် စိုက်သွားလေတော့သည်။
“ဘယ်သူလဲ”
ထိုအချိန်မှာပင် တစ်ကိုယ်လုံး ရွံ့များလိမ်းကျံထားသည့် လူနှစ်ယောက်က ချုံပင်များအကြားမှ တိုးထွက်လာလေသည်။ ထိုလူများသည် ကျွဲချို၊ နွားချိုများကို ဆောင်းထားကြပြီး တစ်ကိုယ်လုံး ရွံ့တွေလိမ်းကြံထားကြကာ လက်ထဲတွင်လည်း တင်းပုတ်နှင့် လှံကို ကိုင်ဆောင်ထားကြသည်။ ကဖော စကားမဆုံးခင်ပင်တွင် လှံနှင့်လူက အတင်းဝင်ပြီး ကဖောအားတိုက်ခိုက်လေသည်။ ကဖောကလည်း ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ပြီး ထိုလူ၏လက်ထဲမှ လှံကိုလုယူလိုက်ပြီးနောက် လှံတံဖြင့် ပြန်ရိုက်လိုက်တော့သည်။
လရောင်အောက်တွင် တိုက်ခိုက်နေသော်လည်း ကဖောက ရွာမှလူများဖြစ်မည်စိုး၍ အသေမတိုက်ခိုက်သော်လည်း ထိုလူနှစ်ဦးက ကဖောအား သေကွင်းသေကွက်များကိုသာ ရွေးပြီးတိုက်ခိုက်လေသည်။ ကဖောလည်း တိုက်ကွက်များနှင့် ဝတ်ဆင်ပုံများကို အကဲခတ်ကြည့်ရာ ရွာမှလူများ မဖြစ်နိုင်ကြောင်းကို သိလိုက်ရသည်။
“ရှင်တို့ ဘယ်သူတွေလဲ၊ ရွာကို ဘာလို့ ခိုးဝင်လာကြတာလဲ”
“ငါတို့က ကျားတွေ”
“ကျား . . . ဟုတ်လား”
ထိုလူနှစ်ဦးက ထပ်မံတိုက်ခိုက်သဖြင့် ဒီတစ်ခါတော့ ကဖောက အလွတ်မပေးတော့။ ထိုလူနှစ်ဦးက ကဖောအား ဘယ်ညာ နှစ်ဖက်ဆီမှပြေးဝင်လာလေသည်။ တင်းပုတ်နှင့်လူက ကဖောအားလွှဲရိုက်သည်ကို ရှောင်တိမ်းလိုက်ပြီး ထိုလူအား လှံနှောင့်ဖြင့် ရင်ဝကို ဆောင့်ထိုးလိုက်သည်။ ထို့နောက် ညာဖက်မှဝင်လာသည့်လူအား လှံသွားဖြင့် လည်ပင်းကို ထိုးစိုက်လိုက်ပြီးနောက် ကဖောက လှံတံအား လက်ဝါးစောင်းဖြင့် ရိုက်ချိုးလိုက်ကာ ညာဖက်ရှိလူ၏ လည်ပင်းတွင် ထုတ်ချင်းပေါက် စိုက်ဝင်နေသော လှံသွားကိုလျှင်မြန်စွာဖြုတ်ယူလိုက်ပြီးနောက် ရင်ဝကိုထိသဖြင့် ကုန်းကုန်းကြီးဖြစ်နေသော လူ၏ လည်ပင်းကို ထိုလှံသွားဖြင့်ပင် ထိုးစိုက်ချလိုက်တော့သည်။ ထိုလူနှစ်ဦးလုံးမြေပြင်ပေါ်တွင်လဲပြိုပြီး သွေးတွေ အိုင်ထွန်းသွားတော့သည်။
“သူတို့က ကျားလူမျိုးတွေပဲဖြစ်မယ် . . ငါရွာကလူတွေကို သတိပေးရမယ်”
ထိုသို့ပြောပြီးနောက် ရွာထဲသို့ ပြေးလာလိုက်တော့သည်။
သို့သော် ကဖောနောက်ကျသွားပြီဖြစ်သည်။ ရွာထဲတွင် တိုက်ပွဲများဖြစ်နေလေသည်။ ကျားလူမျိုးများက အဆမတန်များပြားနေပြီးနောက် ရွာတွင်အစောင့်ချထားသည့် ရွာသားများကို အကုန်ထိုးခုတ် တိုက်ခိုက်နေတော့သည်။ ကဖောလည်း အနားရှိသည့် ကျားလူမျိုးများကို တိုက်ခိုက်တော့သည်။ သို့သော် တိုက်ရင်း တိုက်ရင်း ကျားလူမျိုးများမှာ ကဖောအနားတွင် များလာသည်ကိုတွေ့ရသည်။ နောက်ဆုံးတော့ သူတို့ရွာလူကြီးတဲကြီးမှာ မီးတောက်မီးလျှံတွေ ပေါ်ထွက်လာပြီးနောက် အသံတစ်သံလဲ ထွက်လာတော့သည်။
“မင်းတို့ရွာကို ငါတို့သိမ်းပိုက်လိုက်ပြီ”
ထိုတော့မှ ကဖောလည်း ရပ်လိုက်တော့သည်။ ထိုအခါ ရွာတွင်းတွင် ခုခံသည့်ရွာသားများ တစ်ယောက်မှ မရှိတော့ဘဲ သူတစ်ယောက်သာကျန်တော့လေသည်။ ထိုအခါ ကျားလူမျိုးတစ်ယောက်က ကဖောကို လှံဖြင့်ဝင်ထိုးမည်ဟု ပြုလိုက်ရာ သူတို့ခေါင်းဆောင်ဖြစ်သူက အော်ဟစ်လိုက်တော့သည်။
“တော်စမ်း၊ အဲဒီကောင်မကို အရှင်ဖမ်းခဲ့၊ သူ့ကို ငါပိုင်တယ်”
ကျားလူမျိုးများက မခူးတောင်တန်းကြီး၏ တစ်ဖက်ခြမ်းတွင်နေထိုင်သူများဖြစ်သည်။ သူတို့ဆီသို့ သိပ်ပြီးလာတိုက်လေ့မရှိကြပေ။ ကျားလူမျိုးများသည် ကျားများမှ ဆင်းသက်လာသည့် လူမျိုးများဟု ယုံကြည်ကြပြီး ခန္ဓာကိုယ်တွင် ရွံဝါနှင့် မြေနက်များကို လိမ်းကျံကာ ကျားတစ်ကောင်ကဲ့သို့ အသွင်ဖမ်းထားသည်။ ခေါင်းပေါ်တွင် ရာထူးကြီးသည့်လူက ကျားခေါင်းရိုး၊ မြေခွေးခေါင်းရိုးများ ဝတ်ဆင်ကြသလို ရာထူးငယ်သည့်သူများကတော့ ကျွဲခေါင်းရိုး၊ နွားခေါင်းရိုးနှင့် ဆိတ်ခေါင်းရိုးများကို ခေါင်းတွင်တပ်ထားလေ့ရှိကြသည်။
အရုဏ်တက်တော့မည်။ လရှီးရွာတစ်ရွာလုံး မွစာကြဲနေသည်။ ကျားလူမျိုးများက ရွာမှ ရိက္ခာနှင့် ကျွဲနွားများကို လုယက်ယူဆောင်နေကြပြီး ရွာတွင် ကျန်နေသည့် မိန်းမများနှင့် ကလေးများကိုတော့ ရွာလယ်ကွင်းပြင်ကြီးတွင် ဝိုင်းထားကြလေသည်။
“ငါက ကျားလူမျိုးတွေရဲ့ ခေါင်းဆောင်ဆက်ခံမည့်သူ ဘန်ဝါးပဲ၊ မင်းတို့ တွေထဲက ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေအကုန် အနောက်ကိုဆုတ်လိုက်ကြ”
ကလေးများရော ကိုယ်ဝန်ဆောင်များပါ အားလုံးထိတ်လန့်တုန်လှုပ်ကုန်ကြတော့သည်။ ဘန်ဝါးက လူမျိုးစုဝါးမြိုရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ လရှီးရွာတွင် ခုခံသူလုံးဝမရှိတော့ပေ။
ကလေးနှင့် ကိုယ်ဝန်ဆောင်များကို ကျားလူမျိုးများက ဝိုင်းထားလိုက်ကြပြီးနောက် ကျန်သည့်မိန်းမများသာ အရှေ့တွင် ကျန်နေခဲ့ကြတော့သည်။ ရွာလယ်ကွင်းပြင်ကြီးတွင် မီးပုံအကြီးကြီးတစ်ပုံ ဖိုထားပြီး မီးတောက်များက အရှိန်ပြင်းစွာ တောက်လောင်နေလေသည်။ ကျားလူမျိုးများက မီးပုံကြီးကို ကြီးသထက်ကြီးမားလာစေရန်အတွက် ခြံစည်းရိုးလုပ်ထားသော သစ်သားချောင်းများ၊ ဝါးချွန်များကို မီးပုံထဲ ပစ်ထည့်နေကြလေသည်။ ဘန်ဝါးက ရယ်မောလိုက်ပြီးနောက်
“ကဲ ငါတို့နဲ့လိုက်မည့်သူတွေ အကုန် အဝတ်အစားတွေချွတ်ပြီး မီးပုံထည့်ပစ်ထည့်လိုက်ကြ”
ထိုသို့ပြောလိုက်သည်နှင့် အသက်အသေမခံလိုသည့် ရွာသူများမှာ ကိုယ်လုံးတီးချွတ်လိုက်ကြပြီးနောက် အဝတ်အစားများကို မီးပုံထဲသို့ ပစ်ထည့်လိုက်ကြသည်။ ထိုအယူအဆမှာ ယခင်ကတည်းက ရှိခဲ့ခြင်းဖြစ်သည်။ လူမျိုးတစ်ခုကို ခေါ်ဆောင်လာလျှင် မိန်းမသားများကို ကိုယ်လုံးတီးသာ ခေါ်ဆောင်လေ့ရှိကြသည်။ ဘန်ဝါးက ဟားတိုက်ရယ်မောနေသည်။ ရွာသူများလည်း သေမှာကြောက်သဖြင့် အကုန်လုံးလိုလို ကိုယ်လုံးတီးချွတ်ပြီးနောက် ကျားလူမျိုးများဘက်သို့ လျှောက်လှမ်းသွားလေတော့သည်။ ကျန်နေသည့်သူမှာတော့ ကဖောနှင့် သူ့အမေပင်ဖြစ်သည်။ ဘန်ဝါးက အရှေ့သို့ တိုးလာလေသည်။
“ခင်ဗျားတို့ နှစ်ယောက်ပဲကျန်တယ်ပေါ့၊ ခင်ဗျားကိုကြည့်ရတာ လငေါရှီးမိန်းမပဲဖြစ်ရမယ်၊ ဟား . . ဟား ခင်ဗျားအသက်အရွယ်နဲ့ဆိုတော့ ခင်ဗျားကိုလည်း ဘယ်သူမှ ယူမှာမဟုတ်တော့ဘူး၊ ကဲ ငါ့တပည့်တို့ ဒီအဖွားကြီးကို မီးပုံထဲ အရှင်လတ်လတ် ပစ်ထည့်လိုက်ကြတော့”
ထိုသို့ပြောသည့်အခါတွင် ကျားလူမျိုးနှစ်ယောက်က ကဖောအမေကို ချိုင်းမှ ဆွဲပြီးခေါ်သွားကြတော့သည်။
“နေဦး”
ထိုအသံကြောင့် အားလုံးရပ်တန့်သွားကြတော့သည်။ ပြောလိုက်သည့်သူကတော့ ကဖောပင်ဖြစ်သည်။
“ကျွန်မရှင့်ကို စိန်ခေါ်တယ်”
ထိုသို့ပြောလိုက်သည့်အခါတွင် ဘန်ဝါးက ရယ်မောလိုက်ပြီး ကဖောကို ကြည့်လိုက်တော့သည်။
“ဘယ်သူများလဲလို့ နောက်ဆုံးကျန်တဲ့ ခုခံသူ မိန်းကလေးပါလား”
“ဟုတ်တယ်၊ ကျွန်မရှိသရွေ့ ဒီရွာမှာ ခုခံသူကျန်သေးတယ်၊ ဒီတော့ ကျွန်မရှင့်ကို တစ်ယောက်ချင်း တိုက်ခိုက်ဖို့ စိန်ခေါ်တယ်”
“ဟား . . ဟား မင်းကိုတော့ ငါအသာကလေးနိုင်ပါတယ်ကွာ၊ မင်းပင်ပင်ပန်းပန်းလုပ်မနေနဲ့ ငါနိုင်ရင် မင်းကို ငါ့ရဲ့နှစ်ဆယ့်ခြောက် ယောက်မြောက် မိန်းမလုပ်ခိုင်းမယ်”
“တော်စမ်း ဘန်ဝါး၊ ရှင် မပြိုင်ရဲဘူးလား၊ ရှင် ကျွန်မကို တိုက်ဖို့ကြောက်နေတာလား”
ထိုစကားများကိုကြားသည့်အခါ ဘန်ဝါး၏ ဒေါသစိတ်များမှာ ငယ်ထိပ်သို့ ဆောင့်တက်လာလေသည်။
“ဟား . . . ဟား ကောင်းပြီလေ၊ ဒီတော့ မင်းဘာတောင်းဆိုချင်လဲ”
“ကျွန်မနိုင်ရင် ရှင်တို့ တပ်တွေအကုန်ပြန်ဆုတ်ရမယ်၊ ရွာသားတွေအကုန်လုံးကို ပြန်လွှတ်ပေးရမယ်”
“ဟား . .ဟား ရတယ် . .ရတယ်၊ ဒါပေမယ့် ငါနိုင်ခဲ့ရင်ကော”
ကဖောက အံကိုကြိတ်လိုက်သည်။
“ရှင်လုပ်ချင်တာလုပ်”
ဘန်ဝါးက လက်ခုပ်လက်ဝါးတီးပြီးနောက် သူ့လူများကို လက်နှစ်ချောင်းထောင်ပြလိုက်တော့သည်။ ထိုအခါ သူ့လူများက သူတို့နှစ်ဦးကို ဝိုင်းလိုက်ကြပြီး မီးပုံဘေးတွင် ကွင်းပြင်တစ်ခုဖြစ်သွားစေသည်။ ထိုကွင်းပြင်တွင် ကျားလူမျိုးများက လှံများဖြင့် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်ကြသည်။
“ကောင်းပြီ မင်းကြိုက်တဲ့လက်နက်ပြော”
“ရှင် သတ္တိရှိရင် လက်နက်မဲ့တိုက်ခိုက်ကြမယ်”
“ကောင်းပြီလေ၊ မင်းငါ့ကို စိတ်မပျက်ပါစေနဲ့ကွာ၊ ငါ့ကို စိန်ခေါ်မယ့်သူမရှိတာ ခြောက်နှစ်ကျော်ပြီကွ”
ဘန်ဝါးကပြောပြီး လက်ဆစ်များကို တဖြောက်ဖြောက်မြည်အောင် ချိုးနေလိုက်တော့သည်။
(၉)
စီးချင်းတိုက်ပွဲမှာ လူမျိုးစုများကြားတွင် အထူးအလေးအမြတ်ထားသည့် ကိစ္စတစ်ခုဖြစ်သည်။ မည်သူမဆို မကျေနပ်လျှင် စီးချင်းထိုးရန် စိန်ခေါ်နိုင်ပြီး လောင်းကြေး သို့မဟုတ် စိန်ခေါ်ကြေး တစ်ခုခုကို တင်ရလေသည်။ စီးချင်းထိုးသည့်အခါတွင် စိန်ခေါ်သူက ကြိုက်သည့်လက်နက်ကို ရွေးချယ်ခွင့်ရှိသည်။ စီးချင်းနိုင်သူက လောင်းကြေး သို့မဟုတ် စိန်ခေါ်ကြေးကို ရရှိသည်။ အခုလည်း ကဖောက ဘန်ဝါးနှင့် ရွာသားများအသက်ကို လောင်းကြေးထပ်ခဲ့ပြီဖြစ်သည်။
စီးချင်းထိုးရန်အတွက် ကဖောနှင့် ဘန်ဝါးတို့ အရှေ့သို့ ကပ်လာကြသည်။ တစ်ယောက်လက်သီးနှင့် တစ်ယောက် ထိပြီးလျှင် စီးချင်းထိုးပွဲ စတင်ပြီဖြစ်သည်။ ကဖောက သူ့လက်သီးကို ဘန်ဝါးလက်သီးနှင့်ထိလိုက်သော်လည်း ဘန်ဝါးက ကဖောလက်ကို ဖမ်းဆုပ်လိုက်သည်။
“လက်ကလေးတွေက ကြမ်းကြမ်းလေးနဲ့ ကိုင်လို့သိပ်ကောင်းလိုက်တာ”
ကဖောက နောက်လက်တစ်ဖက်ဖြင့် ဘန်ဝါးမျက်နှာကို ထိုးထည့်လိုက်သည့်အခါ ဘန်ဝါးကလည်း အခြားလက်တစ်ဖက်ဖြင့် ကဖော၏လက်သီးကို ကာလိုက်တော့သည်။
“သိပ်ဆန္ဒမစောပါနဲ့ကွာ ဖြေးဖြေးပေါ့”
ကဖောနှင့် ဘန်ဝါးတို့ စတင်တိုက်ခိုက်ကြပြီဖြစ်သည်။ ရွာသားများကော ကျားလူမျိုးများပါ ရင်သပ်ရှုမောစွာ စောင့်ကြည့်နေရသည့် ပွဲတစ်ခုဖြစ်သည်။ တိုက်ကွက်များက ပြင်းထန်လှသလို လက်ရည်ညီနေသည်မို့ ကြည့်ကောင်းနေပေသည်။
ကဖောက တိုက်ခိုက်သော်လည်း ဘန်ဝါးက အသာကလေး ကာကွယ်ထုတ်နေလိုက်သည်။ ထို့နောက် ဘန်ဝါးတိုက်ခိုက်အလှည့်ဖြစ်သည်။ ဘန်ဝါးက ခြေဖြင့် ကန်လိုက်သည်ကို ကဖောက လက်နှစ်ဖက်ဖြင့် တားလိုက်သော်လည်း ဘန်ဝါးအားကို မခံနိုင်သဖြင့် အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရတော့သည်။
“ဟဲ ဟဲ ငါ့ဇနီးလောင်းလေး နာသွားပြီလား”
ခန္ဓာကိုယ်ကို တိုက်ရိုက်မထိသော်လည်း ကာလိုက်သည့်လက်မှာ တော်တော်နာကျင်သွားလေသည်။ ကဖော ခေါင်းထဲတွင် သူ့ဖခင်သင်ပေးသည့်အကြောင်းများကို ပြန်တွေးနေမိသည်။ ဘန်ဝါးအားက အလွန်ပြင်းထန်သည်မို့ သူ့အနေနှင့် ဘန်ဝါးတိုက်ကွက်များကို ကာကွယ်ရသည်မှာ အချိန်ကြာလျှင် လွယ်မည်မဟုတ်ပေ၊ ထို့ကြောင့် တိုက်ခိုက်ခြင်းဖြင့်သာ ဘန်ဝါးကို ထိုးစစ်ဆင်နေရမည်ဖြစ်ပြီး ကာကွယ်ခြင်းကို အသုံးမပြုသင့်ပေ။
နှစ်ဆင့်တိုက်ကွက်ကို အသုံးပြုသော်လည်း ဘန်ဝါးက အသာကလေး ကာကွယ်နေလေသည်။ ထိုအခါတွင် ကဖော အကြံရလိုက်သည်။ ဘန်ဝါးက သူ့ကိုအပြင်းအထန် ထိခိုက်အောင်လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် သူ့လက်သီးချက်များကို ဖမ်းဆီးရန်ကြိုးစားနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ကဖောက တိုက်ကွက်တစ်ခုပြောင်းလိုက်သည်။ ဘန်ဝါးကို ဘယ်ဖက်မှ ပင့်ထိုးလိုက်သောအခါ ဘန်ဝါးက ညာလက်ဖြင့် သူ့လက်သီးကို ဖမ်းဆုပ်လိုက်သည်။ ကဖောက ညာဖက်မှဝိုက်ထိုးလိုက်သောအခါတွင် ဘန်ဝါးက ဘယ်ဖက်လက်နှင့် ဖမ်းလိုက်ပြန်သည်။ ထိုအခါ ဘန်ဝါးမှာ လက်တွေတုပ်သွားသလိုဖြစ်သွားတော့သည်။ ကဖောက ချက်ချင်းပင် ခေါင်းဖြင့် ဘန်ဝါးနဖူးအား အားကုန်ယူပြီးတိုက်ချလိုက်တော့သည်။
“ဂျွတ် . . . ဖြောင်း”
ဘန်ဝါးခေါင်းပေါ်မှ ကျားခောင်းရိုးကြီးမရှိလျှင် ဘန်ဝါးမှာ မူးမေ့သွားလောက်မည်ဖြစ်သည်။ သို့သော်လည်း မမူးမေ့ပဲ အနောက်သို့ ယိုင်ထွက်သွားတော့သည်။ ကဖော၏ ခေါင်းတိုက်မှု အရှိန်ကြောင့် လေးငါးလှမ်းခန့် အနောက်သို့ ဆုတ်လိုက်ရတော့သည်။ ကြည့်နေကြသူများ အားလုံး အံ့အားသင့်သွားကြသည်။
ကဖောလည်း ခေါင်းမူးသွားသည်။ သို့သော် ချက်ချင်းပင် မီးပုံအနီးသို့ပြေးလိုက်ပြီး မီးပုံထဲမှ မီးစွဲလောင်နေသည့် ဝါးချွန်တစ်ခုကို ခြေထောက်ဖြင့် ဘန်ဝါးဆီသို့ ကန်ထည့်လိုက်တော့သည်။
“ဟာ .. . ဟင်”
အားလုံး အံသြသွားကာ ရေရွတ်လိုက်ကြတော့သည်။ သို့သော် ကဖောက ခေါင်းမူးနေသည်မို့ သူပစ်လွှတ်လိုက်သည့် ဝါးချွန်မှာ ဘန်ဝါးကိုမထိဘဲ မျက်နှာညာဖက်မှနေ၍ ပွတ်ကာသီကာ ဖြတ်သန်းသွားတော့သည်။ သို့သော်လည်း ဘန်ဝါးမျက်နှာကို မီးလောင်နေသည့် ဝါးချွန်က ပွတ်ဆွဲသွားပြီးနောက် ပါးမှာ ပြတ်ရှသွားကာ ဘန်ဝါးမျက်နှာပေါ်မှ ပါးသိုင်းမွှေးများကို မီးများစွဲလောင်တော့လေသည်။ ထိုတော့မှ ရွာသားများအားလုံးက အော်ဟစ်ကြွေးကြော်လိုက်ကြတော့သည်။
“ကဖော . . . ကဖောဟေ့”
ကျားလူမျိုးများလည်း သူတို့ခေါင်းဆောင်ရှုံးနိမ့်သွားသဖြင့် စိတ်ဓါတ်ကျကုန်သည်။ ဘန်ဝါးက မျက်နှာပေါ်ရှိ မီးစများကိုလက်နှင့်ပုတ်ထုတ် ငြိမ်းသတ်နေပြီးနောက် လဲနေရာမှ ထလာလိုက်တော့သည်။
“ကောင်းပြီ . . . ငါရှုံးပြီ၊ ဒီတော့ ငါ့ကတိအတိုင်း ငါလုပ်ပေးမယ်၊ ဟေ့ကောင်တွေ ငါတို့ပြန်ဆုတ်ကြမယ်”
ထိုသို့ပြောလိုက်သည်နှင့် ရွာထဲမှ ကျားလူမျိုးများ အကုန်လုံး လက်ထဲမှ ပစ္စည်းများကို ချခဲ့ပြီးနောက် ပြန်ထွက်သွားကြတော့သည်။ ဘန်ဝါးက ကဖောကို လှည့်ကြည့်လိုက်သည်။
“မင်း ဘာတိုက်ကွက်သုံးလိုက်တာလဲ”
“အဲဒါ သုံးဆင့်တိုက်ကွက်လို့ခေါ်တယ် ကျွန်မအဖေ အသစ်ထွင်ထားတာ”
ဘန်ဝါးက ခေါင်းပေါ်တွင် ကွဲကြေနေသည့် ကျားခောင်းရိုးကြီးနှင့် ကျားသားရေကြီးကို ချွတ်ပြီး လွှင့်ပစ်လိုက်တော့သည်။
“မင်းမှတ်ထားကဖော . . . မင်းကို ငါနောက်တစ်ခါဆို အလျှော့ပေးတော့မှာ မဟုတ်ဘူး”
ထိုသို့ပြောပြီး ကျားလူမျိုးများအားလုံး ဆုတ်ခွာသွားကြတော့သည်။
ထိုတော့မှ ကဖောလည်း မီးပုံဘေးတွင် ထိုင်ချလိုက်တော့သည်။ သူ့အမေက ကဖောအား လာပွေ့ဖက်ကြသလို ရွာမှ ရွာသူများကလည်း ကဖောကို လာဝိုင်းပြီးပွေ့ဖက်ကြသည်။
“တို့လူမျိုးစုကို သမီးကယ်ခဲ့တာပဲ၊ ကဖော . . သမီးကယ်ခဲ့တာပဲ”
အမေက ပြောရင်း မျက်ရည်တွေကျနေလေသည်။ ထိုအခါ ကဖောက ထပြီး မတ်တပ်ရပ်လိုက်တော့သည်။
“အားလုံးပဲ နားထောင်ပါ၊ အခုဒီတစ်ကြိမ် နိုင်ခဲ့ပေမယ့်၊ ကျားလူမျိုးတွေ နောက်တစ်ခါ ရွာကို ထပ်လာနိုင်သေးတယ်၊ ဒီတော့ ရွာကကျန်တဲ့လူတွေ အကုန်လုံး တောင်ကြားကို ထွက်ပြေးပြီး ပုန်းရှောင်နေကြပါ၊ ရွာက ကာကွယ်မဲ့သူမရှိတော့ဘူး၊ စိတ်မချရတော့ဘူး”
နေထွက်လာပြီဖြစ်သဖြင့် အလင်းရောင်က ပတ်ဝန်းကျင်ကို လွှမ်းမိုးလာနေလေသည်။ ရွာမှလူများက ရရာပစ္စည်းများ စုဆောင်းပြီးနောက် ရွာထဲမှထွက်ရန် ပြင်ဆင်နေကြသည်။ သူတို့ကို ဦးဆောင်မည့်သူကတော့ ကဖော အမေဖြစ်သည်။ အမေက ကဖောလက်ကို လာဆွဲကိုင်လေသည်။
“သမီးတစ်ယောက်တည်း ကျန်ခဲ့လို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်အမေ၊ ရွာမှာ ကာကွယ်မဲ့သူ လုံးဝမရှိသေးတာမဟုတ်ပါဘူး၊ သမီးကျန်သေးတယ်၊ သမီးအသက်ရှိနေသရွေ့ ရွာကို ကာကွယ်သွားမယ်”
အမေက ကဖောကို ပွေ့ဖက်လိုက်ပြီးနောက် ရွာမှလူများကို ဦးဆောင်က တောထဲသို့တန်းစီပြီးထွက်သွားကြတော့သည်။ ကဖောက ရွာကိုငေးကြည့်လိုက်တော့ ပြိုပျက်နေသည့် တဲအိမ်များနှင့်် ဟိုတစ်စ ဒီတစ်စ မီးလောင်နေသည့် တဲများနှင့် ပြန့်ကျဲနေသည့် အလောင်းများကိုတွေ့ရတော့သည်။ ကဖောလည်း ပင်ပန်းလွန်းသဖြင့် ထိုင်ပြီး အနီးရှိ တိုင်ကြီးတစ်လုံးကို မှီချလိုက်တော့သည်။ တိုင်အထက်တွင်တော့ အနီရောင်အလံကြီးက မီးခိုးလုံးများကြားတွင် လွင့်ပျံနေလေသည်။
ဘန်ဝါး ခေါင်းဆောင်သော ကျားလူမျိုးများသည် တောင်ခါးပန်းတစ်နေရာတွင် ယာယီတပ်စခန်းချထားသည့် နေရာသို့ ဆုတ်ခွာသွားကြသည်။ ထိုနေရာတွင် ကျားလူမျိုးစုခေါင်းဆောင်နှင့် ကျားလူမျိုးစစ်သည်များက ယာယီတပ်စခန်းချထားခြင်းဖြစ်သည်။ ဘန်ဝါးက သစ်ခက်တဲအတွင်း ဝင်လိုက်သည့်အခါတွင် ကျားလူမျိုးစုခေါင်းဆောင်ကြီးက အံ့သြသွားတော့သည်။
“ဘန်ဝါး၊ သားတော် ဘန်ဝါး ဘာဖြစ်လာတာလဲ”
ဘန်ဝါးပါးပြင်မှာ စုတ်ပြတ်နေသည်သာမက မီးများလောင်ထားသဖြင့် အရေပြားတွေ အရည်ပျော်ကျနေကာ သွေးအလူးလူးနှင့် ဖြစ်နေလေသည်။
“သား . . သားတော် လရှီးတွေကို ရှံးခဲ့တယ်”
လူမျိုးစုခေါင်းဆောင်ကြီးက ဒေါသထွက်သွားပြီး အနီးရှိ တိုင်တစ်တိုင်ကို လက်သီးဖြင့်ထိုးလိုက်တော့သည်။ ထို့နောက် သူ့အနီးတွင်ရပ်နေသည့် လူတစ်ယောက်ကိုလှည့်ကြည့်လိုက်တော့သည်။
“လဘေးဝါး မင်းပြောတော့ ရွာကလူတွေ စစ်ထွက်သွားတယ်ဆို၊ ရွာမှာ ကာကွယ်မည့်သူ သိပ်မရှိတော့ဘူး၊ ရွာကို အသာကလေး အနိုင်ရမှာဆို”
လဘေးဝါးလည်း မျက်နှာပျက်သွားတော့သည်။
“သားတော် အပြစ်ပါ အဖေ၊ သားတော်က အဲဒီရွာကို ဝင်စီးလို့ အနိုင်ရသွားပါပြီ၊ ဒါပေမယ့် အဲဒီက ကဖောလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ စီးချင်းထိုးပြီး ရှုံးခဲ့လို့ ပြန်ဆုတ်ခွာခဲ့ရတာပါ”
“ဘာ . . . ကောင်မလေး . . ဟုတ်လား”
ကျားလူမျိုးခေါင်းဆောင်ကြီးက ထိုသို့ရေရွတ်ပြီး လဘေးဝါးကို လှည့်ကြည့်လိုက်သည်။
“ကျွန်တော့် တွက်ကိန်းမှားသွားတယ်၊ ကျွန်တော်က လငေါရှီးစစ်ထွက်ရင် သူ့သမီး ကဖောကိုပါ ခေါ်သွားမယ်လို့ ထင်ခဲ့မိတာ”
“နေစမ်းပါဦး အဲဒီကဖောက တကယ်ပဲ အဲဒီလောက်စွမ်းလား”
“ဒါကတော့ အရှင့်သား ဘန်ဝါး အသိဆုံးဖြစ်မှာပါ”
လဘေးဝါးဆိုလိုက်တော့ လူမျိုးစုခေါင်းဆောင်ကြီးက ဘန်ဝါးကိုလှည့်ကြည့်လိုက်သည်။ ကဖော ဘယ်လောက်စွမ်းသလဲဆိုတာတော့ ဘန်ဝါးပြောစရာမလိုပေ။ သူတို့ကျားလူမျိုးတွေရဲ့ ခေါင်းဆောင်ဆက်ခံမည့်သူ၊ ကျားလူမျိုးတွေရဲ့ အတော်ဆုံးတိုက်ခိုက်သူဖြစ်သည့် ဘန်ဝါးမှာ မျက်နှာတစ်ခြမ်းစုတ်ပြတ်သပ်နေသည်ကို ကြည့်ချင်းအားဖြင့် ကဖော မည်မျှစွမ်းကြောင်းကို သိမြင်နိုင်လေသည်။
“တောက်”
“ဒီကောင်တွေကို ငါခွင့်မလွတ်နိုင်ဘူး၊ အခုချက်ချင်း စခန်းက စစ်သည်တွေ အကုန်စု၊ ငါကိုယ်တိုင် သူတို့ရွာကို တိုက်ခိုက်ချီတက်ပြီး ရှိသမျှ အရာအားလုံးကို အမှုန့်ချေပစ်မယ်၊ အဲဒီ ကဖောဆိုတဲ့ ကောင်မလေးကိုလည်း ငါကိုယ်တိုင်သတ်ပြီး သူ့လည်ချောင်းသွေးကိုဖောက်ပြီး ငါသောက်ပစ်မယ်”
ကျားလူမျိုးခေါင်းဆောင်ကြီး ဒေါသအလွန်ထွက်နေပြီဖြစ်သည်။ သူ့အမိန့်အတိုင်း ကျားလူမျိုးစစ်သည်တွေကို စုစည်းပြီး စစ်ချီတက်ရန်ပြင်ဆင်နေသည်။ လူမျိုးစုခေါင်းဆောင်ကြီးကိုယ်တိုင် ကျွဲနက်ကြီးစီးပြီး ကျားလူမျိုးစစ်သည် နှစ်ရာခန့်နှင့်အတူ လရှီးရွာကလေးဆီသို့ ဒုတိယအကြိမ် စစ်ချီတက်လာခဲ့ကြတော့သည်။
(၁၀)
ကဖောက ရွာထိပ် ရွာအဝင်တံခါးရှေ့ရှိ လမ်းမပေါ်တွင် ထိုင်နေလေသည်။ သေဆုံးနေသည့် နွားတစ်ကောင်၏ ပေါင်ကိုကင်ထားပြီးနောက် ခေါင်ရည်တစ်အိုးကိုလည်း အနားတွင်ချကာ သောက်စားနေလိုက်သည်။ မကြာခင်တွင် ကျားလူမျိုးများက ချီတက်လာပြီး ကဖောကို တွေ့တော့ အနားသို့ကပ်လာကြတော့သည်။ လူမျိုးစုခေါင်းဆောင်ကြီးက ခေါင်ရည်သောက်လိုက် နွားပေါင် ကိုက်လိုက်နှင့်လုပ်နေသည့် ကဖောကို ကြည့်လိုက်ပြီး လက်ညိုးထိုးလိုက်သည်။
“မင်းလားကွ ကဖောဆိုတာ”
“ဟုတ်တယ်”
ကဖောက ပြောရင်း ခေါင်ရည်ကို မော့သောက်လိုက်သည်။
“ဘယ်မှာလဲ မင်းတို့ရွာကလူတွေ”
“မရှိတော့ဘူး ကျွန်မတစ်ယောက်ထဲပဲ ကျန်တယ်”
“ဟား . . .ဟား . . . မင်းတစ်ယောက်တည်းနဲ့ တို့တစ်တပ်လုံးကို ခုခံနိုင်မယ်ထင်လို့လား”
“လာပါ သိချင်ရင် စမ်းကြည့်ပေါ့”
“ဟား . . ဟား ကဲ ငါ့စစ်သည်တွေ တိုက်ကြတော့၊ ဒီကောင်မလေးကို အသေရရ အရှင်ရရ ငါလိုချင်တယ်”
လူမျိုးစုခေါင်းဆောင် အမိန့်ပေးလိုက်သည်နှင့် ကျားလူမျိုးများက ကဖောဆီသို့ ညာသံပေးပြီး ပြေးတက်လာကြတော့သည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။
မီးလျှံကြားကပန်းတစ်ပွင့် ၃ထိပဲ ရေးတာလားဆရာ
အပြီးထိတင်ပေးလိုက်ပါပြီ . အားပေးလို့ကျေးဇူးပါဗျ