စာစဉ် (၃၂)
(၁)
တန်ခူး၊ ကဆုန်ဆိုရင်တော့ တောင်မကြီးပေါ်က ဖြတ်တိုက်လာတဲ့လေတွေထဲမှာ သင်းသင်းပျံပျံရနံ့လေးတွေပါလာတတ်တယ်ဗျ၊ တောင်မကြီးဆိုလို့ မိန်းကလေးတောင်လို့တော့ မထင်လိုက်နဲ့ဗျ၊ ကြီးတဲ့အရာမို့လို့ မလို့တပ်ခေါ်တာဗျ၊ မ ဆိုတာ မိန်းမ ဆိုတဲ့ အဖိုအမကိုပြောတာတင်မဟုတ်ဘဲ ကြီးမားတာဆိုရင်တော့ မ ထည့်ခေါ်ကြတယ်ဗျ၊ ဓါးထဲမှာတောင်မှ အရွက်ကြီးကြီးနဲ့ ဓါးကို ဓါးမတဲ့၊ ခြေချောင်းမှာတောင်မှ အကြီးဆုံးခြေချောင်းကြီးကို ခြေမ၊ လက်ချောင်းကို လက်မတဲ့လေ၊ မြစ်ချောင်းဆိုရင်လည်း ချောင်းကလေးကို ချောင်းသွယ်၊ ချောင်းကြီးကို ချောင်းမကြီးလို့ခေါ်တတ်တာကလား၊ တောင်ဆိုရင်လည်း တောင်ရိုး၊ တောင်ထွဋ်၊ တောင်အကြီးကြီးကျတော့ တောင်မကြီးလို့ ခေါ်ကြတာပေါ့ဗျာ။
ကျုပ်တို့ရွာကနေတက်သွားရင် တောင်ရိုးကလေးပေါ်ကို နေ့တစ်ပိုင်းမကျိုးခင်တက်နိုင်တယ်ဗျ၊ အဲဒီတောင်ရိုးကနေ ဆက်တက်သွားရင်တော့ တောင်မကြီးပေါ်ကို တက်နိုင်တယ်၊ တစ်ရက်လောက်နီးပါးတက်ရတာပေါ့ဗျာ၊ ကျုပ်တို့ရွာအနောက်တောင်ဘက်တစ်ကြောကိုကြည့်လိုက်မယ်ဆိုရင် မှိုင်းပြပြမှုန်ရီရီနဲ့တောင်မကြီးရဲ့အလှကို မြင်တွေ့နိုင်တယ်ဗျ။
ဒီလိုနွေရောက်ရင် တောင်ပေါ်က အင်ကြင်းပင်တွေ ပွင့်ချိန်ပေါ့ဗျာ၊ အင်ကြင်းပင်ဆိုလို့ နှစ်မျိုးရှိသေးသဗျ၊ အောက်ပြည်ဘက်တော့ ပန်းပွင့်အကြီးကြီးတွေပွင့်တဲ့ ပန်းအင်ကြင်းဆိုတာရှိတယ်၊ တစ်နှစ်ပတ်လုံးပွင့်သလို အတော်လည်းမွှေးသဗျ၊ ကျုပ်တို့အထက်ဘက် တောအုပ်ထဲမှာ ပေါက်တဲ့အင်ကြင်းကျတော့ တစ်နှစ်ပတ်လုံးမပွင့်ပါဘူး၊ ပွင့်ရင်လည်း အပွင့်သေးသေး၊ ဝါဝါကလေးတွေနဲ့ ပွင့်တတ်တာကလား၊ သစ်အင်ကြင်းလို့ ခေါ်ရင်မမှားဘူးပေါ့ဗျာ။
အင်ကြင်းပွင့်ကလေးတွေရဲ့ အနံ့က သင်းသင်းကလေးနဲ့ တစ်မျိုးကလေးမွှေးတာဗျ၊ အနီးကပ်နမ်းရင် သိပ်မမွှေးတတ်ဘူး၊ အင်ကြင်းရနံ့က ဝေးလေလေ ကြိုင်လေလေပဲဗျ၊ နွေလေအဝေ့မှာ အင်ကြင်းနံ့မွှေးမွှေးကလေးကို ရှူရှိုက်လိုက်ရတာကလည်း အမောအပန်းကိုပြေရောဗျို့၊ အညာရဲ့ ရနံ့လို့ဆိုရမလားပဲဗျာ။ အင်ကြင်းပွင့်တွေ ဝေနေအောင်ပွင့်ပြီဆိုရင် တောတစ်တောလုံးမွှေး၊ တောင်တစ်တောင်လုံး ကြိုင်သင်းနေလို့ တောင်လုံးကြိုင်လို့ တင်စားပြီးခေါ်ဝေါ်တတ်ကြသဗျ။
(၂)
“ဦးဘသာကြီး ကျုပ်တောင်ရိုးပေါ် တက်အုံးမယ်ဗျာ၊ လိုက်ခဲ့မလား”
ကျုပ်လာခေါ်တယ်ဆိုရင် ဦးဘသာကြီးက သူ့ကိုဘာအသုံးချအုံးမလဲဆိုပြီးတော့ကို ထင်နေတော့တာဗျို့၊ ဒီတစ်ခါ ကျုပ်ခေါ်တော့ အင်တင်တင်နဲ့ပါ။ အိမ်ရှေ့ကွပ်ပျစ်မှာ ရေနွေးပူပူတစ်ခွက်မှုတ်သောက်ရင်း ကျုပ်ကိုမျက်မှောင်ကြီးကြုတ်ပြီးကြည့်နေတာ။
“မင်းက တောင်ရိုးပေါ်ကို ဘာသွားလုပ်မှာတုန်းကွ”
“တခြားမဟုတ်ပါဘူးဗျာ၊ အင်ကြင်းသား သွားရှာမလို့ဗျ၊ အဲဒါ ဦးဘသာကြီးလည်း အသားလိုရင် လိုက်ခဲ့ပေါ့”
ဦးဘသာကြီးက တစ်ချက်စဉ်းစားတယ်ဗျ။
“အေးလေ၊ မဆိုးပါဘူးကွာ၊ ငါလည်း လှည်းဒေါက်ခွလိုနေတာဆိုတော့ ကိုင်းခွကောင်းကောင်းတွေ့ရင် ငါ့ကိုပေးပေါ့ကွာ”
“အချင်းချင်းတွေကို ပြောစရာလားဗျာ၊ ကဲ ဒါဖြင့် ကျုပ်နက်ဖြန်မနက်စောစော တောင်ရိုးပေါ်တက်မယ်ဗျာ၊ ဦးဘသာကြီး အသင့်သာပြင်ထား”
“အောင်မယ်၊ မင်းကများ ငါ့ကိုပြောရတယ်ရှိသေးတယ်၊ မင်းသာနောက်မကျစေနဲ့”
ကျုပ်လည်း ဦးဘသာအိမ်ကနေပြန်ခဲ့တယ်ဗျ၊ အင်ကြင်းသားဆိုတာ သစ်သားအဖြစ်သုံးလို့ သိပ်ကောင်းတာဗျ၊ ကျုပ်တို့အိမ်မှာတော့ လှည်းထောက်ခွ၊ ထယ်ရိုး၊ နောက်ပြီးတော့ လှည်းဝင်ရိုးအဖြစ်သုံးကြတယ်ဗျ၊ ဟိုတစ်ခါ လှည်းဝင်ရိုးကျိုးသွားပြီးတော့ အိမ်မှာ ဝင်ရိုးအပိုမရှိတော့ဘူးလေ၊ ဆွေမျိုးတွေထဲကလည်း ဝင်ရိုးလိုတယ်ဆိုတော့ အင်ကြင်းပင်တစ်ပင်ကောင်းကောင်းလောက်ရှာပြီးတော့ ဝင်ရိုးခွဲယူကြရမှာပေါ့ဗျာ။
ညနေထမင်းစားပြီးတော့ အိပ်ရေး၀အောင် အိပ်မယ်လို့ကြံလိုက်တယ်၊ ဒါပေမယ့် အခုမှထမင်းစားပြီးဆတာဆိုတော့လည်း တန်းအိပ်လို့ဘယ်ဖြစ်မလဲဗျ၊ ဒါနဲ့ ကွပ်ပျစ်မှာဒူးတင်ထိုင်ရင်း တောင်စဉ်းစား မြောက်စဉ်းစားနဲ့ပေါ့ဗျာ၊ ဒီအချိန် တောင်ရိုးဘက်က လေအဝေ့မှာ အင်ကြင်းပန်းနံ့ သင်းသင်းက နာခေါင်းထဲဝင်လာသဗျ၊ မွှေးလိုက် ကြိုင်လိုက်တာဗျာ၊ ရင်ကိုအေးသွားတာပဲ။
“အလတ်ကောင်၊ အလတ်ကောင်”
ခြံထဲကို ဝင်လာတာကတော့ ငစွေနဲ့ ကာလသား သုံးလေးယောက်ဗျ။ သူတို့ဝင်လာပြီး ကျုပ်နားမှာလာထိုင်ကြတယ်၊ ငစွေဆိုတာ မျက်လုံးစွေနေလို့ အဲဒီနာမည်ရထားတာပေါ့ဗျာ၊ သူများတွေလို မျက်လုံးက စုနေတာမဟုတ်ဘဲ ဘယ်ဖက်မျက်လုံးက ဘယ်ဖက်ကိုကြည့်ပြီး ညာဖက်မျက်လုံးက ညာဘက်ကိုစွေနေတာဗျ၊ မသိရင် ပုတ်သင်ကောင်ရဲ့ မျက်လုံးလိုပါပဲဗျာ၊
“ငစွေနဲ့ လမ်းသွားရင် စိတ်ချရတယ်ကွ၊ ဒီကောင်က ဘယ်ဖက်လဲမြင်ရတယ်၊ ညာဖက်လဲ မြင်ပြီးသားဆိုတော့ မြင်ကွင်းကျယ်တာပေါ့”
ဒါက ကျုပ်တို့စနောက်နေကျစကားဗျ၊ ငစွေကတော့ စိတ်မဆိုးတတ်ပါဘူးဗျာ၊ ကျုပ်တို့ဆီမယ်တော့ သူများရဲ့အားနည်းချက်ကို အဲဒီလိုစနောက်တာ ထုံးစံဖြစ်နေပြီလေ၊ ခုခေတ်များဆိုရင်တော့ လူအချင်းချင်းနှိမ်ချတယ်များထင်ကြမလားမသိပါဘူးဗျာ။
“ဘယ်ကလာ စိတ်ချရမှာလဲကွ၊ ငစွေက ဘယ်ညာကိုသာ တစ်ပြိုင်ထဲမြင်ရတာ အရှေ့တော့မမြင်ဘူးဟ၊ လမ်းသွားရင်း အောက်ကငုတ်ကို ခလုတ်တိုက်ပြီးတော့ ချော်လဲမှာကွ”
ကာလသားတစ်ယောက်က အရွန်းဖောက်လိုက်တာမို့လို့ ကျုပ်တို့လည်း ဝိုင်းရယ်လိုက်ကြတာပေါ့ဗျာ၊ ငစွေက ကျုပ်အနားကပ်လာတယ်ဗျ။
“အလတ်ကောင်၊ ငါတို့ဒီည ဂွတ်ထော်တို့အိမ်ကို သွားနှိုက်မလို့ကွ”
“ဟာ ဖြစ်ပါ့မလားငစွေ၊ ကျုပ်က မနက်အစောကြီး တောင်ရိုးပေါ်တက်ရအုံးမှာနော်”
“ဟာကွာ၊ ဖြစ်ပါတယ်ကွ၊ သိပ်ညည့်မနက်ပါဘူး၊ လိုက်ခဲ့စမ်းပါကွာ”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်ဗျ၊ နှိုက်တယ်ဆိုတာက ကျုပ်တို့အရပ်အခေါ်ပေါ့ဗျာ၊ ကျုပ်တို့ဘက်က အိမ်တွေမယ် အိမ်ခန်းကြမ်းပေါက်ကလေးတွေကို လက်တစ်ဝါးစာလောက် ဖွင့်ထားတဲ့နေရာရှိတယ်၊ တစ်ချို့ကျတော့လည်း ကြမ်းကို ပြန်ဖုံးလို့ရအောင်လုပ်ထားတာပေါ့ဗျာ၊ အဲဒီအပေါက်ကနေပြီး အပျိုလူပျိုတို့က အချင်းချင်းနှိုက်တယ်ဗျ၊ နှိုက်တယ်ဆိုလို့ တစ်မျိုးမထင်ပါနဲ့ဗျာ၊ လက်နဲ့နှိုက်ပြီး အချင်းချင်းလက်ကိုင်ကြရတာဗျာ။
တောသူတောင်သားဆိုတာက တစ်နေကုန် အလုပ်နဲ့လက်နဲ့ပြတ်တယ်လို့ မရှိဘူးမဟုတ်လားဗျ၊ ယောက်ျားလည်း ယောက်ျားလေးအလျှောက်၊ မိန်းကလေးလည်း မိန်းကလေးအလျှောက် အလုပ်လုပ်ကြရတာကိုး၊ ဒီတော့ တကူးတကချိန်းတွေ့ဖို့အချိန်မရှိဘူးလေ၊ အခုလို ညဆိုရင် အပျိုလူပျိုတို့က တစ်ယောက်က အိမ်ပေါ်က၊ တစ်ယောက်က အိမ်အောက်က ချိန်းတွေ့ပြီး ချစ်ကြောင်းကြိုက်ကြောင်းပြောကြတယ်၊ ဒီက တစ်ဆင့်တက်လာရင်တော့ အပေါက်ကနေ လက်ချင်းကိုင်ပြီး လွမ်းကြတာပေါ့ဗျာ။
ငစွေက ညမနက်ဘူးသာပြောတာ၊ အရက်သောက်လိုက် သီချင်းဆိုလိုက်နဲ့ဆိုတော့ ဂွက်ထော်တို့အိမ်ကို ကျုပ်တို့ရောက်တော့ ညကိုးနာရီသာသာရှိပြီဗျ၊ ညကိုးနာရီဆိုတာ ကျုပ်တို့ရွာကလူတွေအတွက်တော့ အိပ်ရာဝင်ချိန်ပေါ့ဗျာ၊ ကလေးတွေဆိုရင် တစ်ရေးတောင်ရလောက်ပြီ၊ လျှပ်စစ်မီးမရှိတော့ ညဆိုရင် မီးခွက်မှုတ်ပြီး အိပ်ကြတာပဲလေ၊ မနက်ဆိုရင်လည်း သုံးနာရီ၊ လေးနာရီလောက်ဆို အားလုံးလိုလိုနိုးကြပြီမဟုတ်လား။
ဂွက်ထော်မတို့အိမ်နောက်ခြံစည်းရိုးကို အသာကျော်တက်ပြီးတော့ ဂွက်ထော်မအိပ်တဲ့အခန်းအောက်ကို လာခဲ့တယ်ဗျ၊ ငစွေက ကြိုတင်အချိန်းအချက်လုပ်ထားပြီးသားဆိုတော့ ဘာမှတော့မလိုပါဘူး၊ ကျုပ်တို့ရောက်ပြီးတော့ အိမ်အောက်ကနေ နွားအော်သံလိုလို အသံပြုလိုက်တော့ အိမ်ပေါ်ခန်းမှာ မီးခွက်အလင်းရောင်လင်းသွားတာပဲဗျာ။
ငစွေလည်း စောင့်နေတာပေါ့ဗျာ၊ မကြာပါဘူး ဂွက်ထော်မတို့ ကြမ်းမှာလုပ်ထားတဲ့အပေါက်ကလေး ပွင့်သွားတယ်ဗျ၊ ငစွေလည်း ချစ်သူနဲ့လွမ်းနေတာကြာပြီမို့လို့ အပေါက်ထဲကိုပြေးပြီး နှိုက်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ အပေါ်ကနေအော်သံကြားတယ်ဗျ။
“ဟဲ့သောက်ခွေး . . .”
အော်သံကြားပြီးတော့ မကြာပါဘူး၊ ကြမ်းပေါက်ကနေ ရေတွေကျလာတာဗျ၊ ဒါကလည်း အထာရှိတယ်၊ အပျိုတွေက သူတို့ကိုလာတွေ့တဲ့သူကို ပြန်စေလိုတဲ့အခါကျရင် ရေနဲ့လောင်းချတတ်တယ်၊ တစ်ချို့က မြင်ပြင်းကပ်ရင် ရေနွေးပူနဲ့လောင်းတာဗျာ၊ အခုလည်း ငစွေတစ်ကိုယ်လုံး ရေတွေရွှဲသွားတာပေါ့ဗျာ၊ ကျုပ်တို့ကိုလည်း ရေတွေလာစင်တယ်၊ ရေတွေက ခပ်နွေးနွေးရယ်ဗျ။
“ဟဲ့ မအေလိုးတွေ၊ နင်တို့နှိုက်တာ ငါ့ဖင်ဟဲ့”
ဒီတော့မှ ကျုပ်တို့အပေါ်ကျလာတဲ့ ရေတွေက သေးတွေမှန်းသိပြီးတော့ ကျုပ်တို့ထွက်ပြေးခဲ့ကြပါရောဗျာ၊ ငစွေကတော့ သေးတွေစိုရွှဲပြီး သေးနံ့တွေ မွှန်ထူနေရောပဲဗျို့၊ ကျုပ်ပြောဖို့မေ့ခဲ့တာက အဲဒီအပေါက်က အပျိုလူပျို နှိုက်ရုံတင်မကဘူးဗျ၊ ညဘက်ဆိုရင် အပေါက်ဖွင့်ပြီး ရှူရှူးပန်းချလို့လဲရသေးတယ်ဗျ၊ ခုနက ကြားရတဲ့အသံကတော့ ဂွက်ထော်အမေရဲ့အသံဘဲ၊ ဘွားတော် တရေးနိုးပြီးတော့ အပေါက်ဖွင့်ပြီး သေးထပန်းတာဖြစ်မှာပေါ့ဗျာ၊ အောက်က ငစွေကလည်း နှိုက်တော့ လန့်သွားပုံရမှာ၊ ကျုပ်တို့လည်း ငစွေကိုကြည့်ပြီး ရယ်လိုက်ရတာ ဖတ်ဖတ်မောဗျာ၊
ဒါနဲ့ပဲ အိမ်ပြန်ရောက်တော့ ဆယ်နာရီကျော်၊ ဆယ့်တစ်နာရီထိုးပြီဗျ၊ အချိန်မသိတဲ့ သန်းခေါင်ကြက်တစ်ချို့တောင် ထတွန်နေပြီ၊ ကျုပ်လည်း သေးပေတဲ့နေရာတွေဆေးပြီးတော့ ကမန်းကတမ်းအိပ်ရတော့တာပေါ့ဗျာ၊ မနက်စောစောထရအုံးမယ်မဟုတ်လား။
(၃)
“ဟဲ့ တောတက်မယ့်အကောင်က အိပ်ပုတ်ကြီးနေပါလား၊ နင်တို့တော့ ကြီးပွားအုံးမယ်အေ”
အမေ့ဆူညံသံကြားတော့မှ ကျုပ်လည်းနိုးတယ်ဗျာ၊ နာရီကြည့်တော့ ခုနစ်နာရီထိုးတော့မယ်၊ ဒီတော့မှ အိပ်ရာကနေအမြန်ထပြီး မီးဖိုထဲက ဆားသွားနှိုက်တာပေါ့ဗျာ၊ အမေက မတ်ပဲကြော်လေးတွေကြော်ရင်း ကျုပ်ကို အကြော်မွှေတဲ့ ယောက်မနဲ့ ခေါင်းခေါက်လိုက်သေးတာဗျ။
ကျုပ်လည်း အိမ်ရှေ့ပြေးထွက်ပြီး ဆားနဲ့သွားကိုပွတ်၊ မျက်နှာသစ်ခြေလက်ဆေးပြီးတော့ အမေပြင်ပေးထားတဲ့ ထမင်းကိုအပြေးအလွှားစားရတာပေါ့ဗျာ၊ မတ်ပဲကို ကွင်းလေးတွေလုပ်ပြီးကြော်ထားတဲ့အကြော်ရယ်၊ နောက်ပြီး သရက်သီးကုလားတည်လေးရယ်၊ ထမင်းကို နှမ်းဆီဆမ်းပြီးတော့ အပေါ်က မြေပဲဆန်ကြော်လေးဖြူးလိုက်ရင် ကျုပ်တို့အတွက် မနက်စာပြီးပြီပေါ့ဗျာ၊ စားသောက်ပြီး တောတက်ရင်သုံးတဲ့ ဖျင်ကြမ်းလွယ်အိတ်ထဲ လိုတာတွေ ကမန်းကတန်းကောက်ထည့်ပြီးတော့ အိမ်ပေါ်ကပြေးဆင်းပြီး လှည်းဆင်ရတာပေါ့။
“ချီးပါခါနီးမှ ချီးတွင်းရှာတယ်ဆိုတာ နင်တို့လိုအကောင်တွေကိုပြောတာ”
“ဟာ၊ အမေကလည်း၊ အမေတို့တောင် ချီးပါခါနီး ချီးတွင်းရှာလို့လား ကြုံတဲ့နေရာ ပုံခဲ့တာကိုများ”
ကျုပ်လည်း လှည်းဆင်ရင်း ပြောလိုက်ပြီးတော့ လှည်းပေါ်ခုန်တက်ပြီး အိမ်ကနေအမြန်မောင်းထွက်ခဲ့ရတာပေါ့ဗျာ၊ ဒီတစ်ခါတော့ ကျုပ်တစ်ယောက်တည်းပါ၊ ဦးဘသာကြီးအိမ်ရှေ့ကိုရောက်တော့ ဦးဘသာကြီးက သူ့အိမ်ရှေ့ကွပ်ပျစ်မှာ လွယ်အိတ်ဘေးချပြီး ထိုင်နေပြီဗျ၊ ကျုပ်လည်းရောက်ရော ကျုပ်ကို အကြည့်တစ်မျိုးနဲ့ကြည့်တယ်၊ အထင်သေးတဲ့အကြည့်ပေါ့ဗျာ။
“ဒါလားကွ မင်းရဲ့မနက်စောစော”
ကျုပ်လည်း ဘာမှပြန်မပြောနိုင်တော့ သွားဖြီးနေတာပေါ့ဗျာ၊ ဦးဘသာကြီး လှည်းပေါ်တက်လာတယ်ဆိုရင်ပဲ ကျုပ်က လှည်းကိုအတင်းမောင်းတော့တာပဲဗျ၊ အဲ၊ ရွာထိပ်ကိုလည်းရောက်ရော ကျုပ်ဦးလေးတစ်ယောက်၊ ကျုပ်အကို တစ်ယောက်လိုက်လာသဗျ။ ရွာပြင် နတ်ကွန်းနားရောက်တော့ ငစွေက မျက်နှာကြီးစူပုတ်ပြီးတော့ ထိုင်နေတော့တာပဲဗျာ။
“ဟေ့ အလတ်ကောင်၊ ငါလည်းလိုက်မယ်ကွာ”
“ဟာဗျာ၊ ကျုပ်တို့က တောင်ရိုးပေါ်တက်မှာနော်၊ မိုးချုပ်လောက်မှ ပြန်ရောက်မှာဗျ”
“ရပါတယ်ကွာ၊ ငါလိုက်မယ်ဟေ့ကောင်”
ငစွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လှည်းပေါ်ခုန်တက်လာရောဗျာ၊ ကျုပ်လည်း မငြင်းတော့ဘူးလေ၊ အဖော်လည်းရတာကိုး၊ ပြီးတော့ ငစွေကလည်း ညကသတင်းရွာထဲပြန့်နေပြီဆိုတော့ ရွာထဲမယ် မနေဘဲ ရှောင်ချင်တဲ့သဘောပေါ့ဗျာ။
ကျုပ်တို့တွေထွက်လာကြတာ နေ့လည်မွန်းမတည့်ခင် တောင်ရိုးအခြေကိုရောက်လာတယ်ဗျ၊ နွားတွေကို အရိပ်အောက်ချည်ခဲ့ပြီးတော့ တောထဲတက်ခဲ့တာပဲဗျာ၊ ကျုပ်အကိုတစ်ယောက်ကတော့ လှည်းစောင့်ကျန်နေခဲ့တာပေါ့ဗျာ။ တစ်တောလုံး တစ်တောင်လုံးလည်း အင်ကြင်းရနံ့တွေက သင်းသင်းမွှေးနေရောပဲဗျို့၊
ကျုပ်ကလွယ်အိတ်လွယ်ပြီး ဓါးတစ်လက်နဲ့ အရှေ့က တက်တယ်၊ ဦးဘသာက တောင်းကြီးတစ်လုံးပိုက်ပြီး ကွမ်းအစ်ကလည်းမပါမဖြစ်သယ်တယ်၊ ကျုပ်တို့အနောက်က ငစွေကတော့ ကျုပ်အမေက စားဖို့သောက်ဖို့ထည့်ပေးလိုက်တဲ့ ခံတောင်းကလေးပိုက်ပြီး ပုဆိန်ထမ်းပြီး လိုက်လာတာပေါ့ဗျာ။ ဦးလေးကလည်း ထမင်းဟင်းသယ်လာတဲ့ တောင်းကလေးပိုက်ပြီး ဆက်လိုက်လာကြတာပေါ့။
တောအုပ်ထဲရောက်တော့ ကျောက်ဖျာတစ်ခုပေါ်မှာ ဖက်ခင်းပြီး အိမ်ကထည့်ပေးလိုက်တဲ့ စားစရာတွေထဲက နည်းနည်းစီယူပြီး ထည့်လိုက်တယ်၊ ဦးဘသာကြီးက ကွမ်းယာထည့်တယ်၊ ဆေးပေါ့လိပ်တစ်လိပ်ထည့်ပြီးတော့
“တောပိုင်၊ တောင်ပိုင်များခင်ဗျား၊ သစ်ကောင်းဝါးကောင်းရအောင် ဆောင်မကြပါ၊ ဘေးကင်းအောင်လည်း စောင့်ရှောက်ပါ”
အဲဒီလိုတောပိုင်တောင်ပိုင်ကို မြှောက်ပြီးတော့ ဆက်တက်လာရတာပေါ့ဗျာ၊ တောအုပ်ထဲက သစ်ပင်တော်တော်များများက နွေရဲ့အပူဒဏ်ကိုခံရလို့ အရွက်တွေမရှိဘဲ ခြောက်သွေ့နေပေမယ့် အင်ကြင်းပင်တွေကတော့ အပွင့်ဝါဝါနဲ့ လှိုင်နေအောင်ပွင့်တာဗျို့၊ ဒါတင်မကသေးဘူး အင်ကြင်းရွက်တွေကလည်း စိမ်းစိုနေတာပဲဗျာ။
တောစပ်ကအပင်ကလေးတွေက သေးလည်းသေးတာမို့ သစ်ကောင်းကောင်းသုံးမရဘူးဗျို့၊ ကျုပ်တို့တောလည်ရင်း နှစ်နာရီလောက်ကြာတော့မှ တောင်ချိုင့်ကလေးကိုရောက်လာကြတာ၊ တောင်ချိုင့်ထဲမှာက သစ်ကြီးဝါးကြီးပေါတယ်၊ မကြာပါဘူးဗျာ၊ ကျုပ်တို့ အင်ကြင်းပင်ကောင်းကောင်းတွေ့ပါရော။ အင်ကြင်းပင်က သိပ်ကြီးဖို့မလိုပါဘူးဗျာ။ ထွာဆိုင်လောက်ဆို အဆင်ပြေပါတယ်။ ဒီအပင်ကတော့ ထိပ်မှာ နှစ်ခွခွဲပြီး တက်သွားသေးတာဆိုတော့ ဦးဘသာကြီးအတွက် ဒေါက်ခွလုပ်ဖို့ ပိုအဆင်ပြေတာပေါ့ဗျာ။
ကျုပ်လည်း အင်ကြင်းခုတ်ဖို့လုပ်တာပေါ့ဗျာ၊ ဦးဘသာကတော့ ကျုပ်ကိုထိုင်ကြည့်နေတယ်၊ အဲဒီမှာ ငစွေကစတယ်ဗျ။
“ငါပန်းသွားခူးအုံးမယ်ကွာ၊ ရွာရောက်တော့ ရွာကလူတွေလည်း လိုချင်မှာကွ”
ငစွေအကြံကိုကျုပ်သိပါတယ်၊ ယောက္ခမ လောင်းကိုသွားပြီးချော့ဖို့လည်းပါတယ်၊ ချစ်သူဂွက်ထော်ကိုလည်း ပန်စေချင်မှာပေါ့ဗျာ၊ ဒါနဲ့ ငစွေက တောင်ပေါ်ကိုတက်သွားတယ်၊ ကျုပ်လည်း အပင်ပိုင်ရှင်တွေကို တောင်းပန်စရာရှိတာ တောင်းပန်ပြီးတော့ အပင်ကိုစလှဲပြီပေါ့ဗျာ၊ အပင်ကတော့ သိပ်မကြီးပါဘူးဗျာ၊ ဒါပေမယ့် အင်ကြင်းသားဆိုတာ မာတယ်မဟုတ်လား။
ကျုပ်တို့အပင်ကြီးကိုလှဲပြီးတော့ အတော်မောနေကြပြီဗျ၊ ဦးဘသာက အပင်ပေါ်က အရွက်နုတွေကိုချွေပြီး တောင်းထဲထည့်ခူးနေတယ်၊ ကျုပ်တို့ကလည်း ကိုင်းတွေဖြတ်ပြီးတော့ အပင်ကို ပိုင်းဖို့ပြင်နေတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ငစွေတစ်ယောက် ခြေလှမ်းကျဲကြီးနဲ့ ပြန်လာတယ်ဗျ။
“ဘယ့်နှယ့်လဲငစွေရ၊ မင်းပန်းခူးသွားမလို့ဆို”
ငဆွေက ဘာမှမပြောဘဲ ကျုပ်တို့အနားက ကျောက်တုံးတစ်ခုပေါ်မှာ ဆောင့်ကြောင့်ကြီးထိုင်ပြီး ကျုပ်တို့ကိုကြည့်နေတာဗျ၊ ငူငူငေါင်ငေါင်ကြီး။
“ငါဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်ကွ”
ငစွေက ထအော်ပါရောဗျာ၊ နေကလည်း မွန်းလွဲပြီးလို့ တော်တော်ကြာနေပြီဆိုတော့ ကျုပ်တို့လည်း လုပ်လက်စကို လက်စသတ်ပြီးတော့ ထမင်းစားဖို့ပြင်တာပေါ့ဗျာ၊ အဲဒီတောင်မှာ ကျောက်ဖျာတွေပေါတယ်ဗျ၊ ကျောက်ဖျာကြီးတစ်ချပ်တစ်ချပ်က သင်ဖြူးဖျာတစ်ချပ်လောက်နီးပါးကြီးတယ်၊ ကျုပ်တို့လည်း ကျောက်ဖျာကြီးပေါ်မှာ စုဝိုင်းထိုင်ပြီးတော့ အိမ်ကသယ်လာတဲ့ ထမင်းထုတ်တွေကို ဖွင့်ပြီးစားဖို့လုပ်ကြတာပေါ့ဗျာ၊ ခက်တာက ငစွေက ဘာမှမပါဘူးဆိုတော့ ကျုပ်စားမယ့်ထမင်းထုပ်ထဲက သူ့ကိုခွဲကျွေးရတာပေါ့ဗျာ။
ဦးဘသာကတော့ သူ့လွယ်အိတ်ထဲက ထမင်းထုပ်ကလေးထုတ်ပြီး ဖြေတယ်ဗျ၊ ပဲလှော်လေးရယ်၊ ခရမ်းချဉ်သီးချက်ကလေးရယ်ပဲ ပါတယ်၊ အတူတူစားတာဆိုတော့ ဟင်းတွေဖလှယ်စားတာပေါ့ဗျာ၊ အမေကတော့ ကျုပ်အတွက်ဖွယ်ဖွယ်ရာရာထည့်ပေးလိုက်ပါတယ်၊ သရက်သီးကုလားတည်ကလေးဆိုရင် အနံ့ကိုမွှေးနေတော့တာပဲဗျာ၊ ဒါပေမယ့် ကျုပ်သိပ်မစားရပါဘူးဗျာ၊ ငစွေဆိုတဲ့ကောင်ပေါ့ အစားကြီးချက်ဗျာ၊ သူ့ထမင်းခွဲတမ်းကို သုံးလုပ်လောက်နဲ့ ကုန်အောင်စားသွားရောဗျို့။
(၄)
“စားအုံးမယ်၊ ငါစားချင်သေးတယ်”
ကျုပ်လည်း ကျုပ်ထမင်းထုပ်ထဲက တစ်ဝက်ကိုထပ်ထည့်ပေးလိုက်တာ၊ ကျုပ်ဖြင့် သုံးလုပ်စာလောက်ပဲ ကျန်တော့တာဗျ၊ ငစွေက သူ့လက်ဝါးကြီးနဲ့ ကျုပ်ထည့်ပေးတဲ့ထမင်းတွေကို နယ်တယ်၊ ပြီးတော့ ကျုပ်ဦးလေးသယ်လာတဲ့ ချိုင့်ထဲက ပဲဟင်းတွေကိုဆမ်းပြီးတော့ လက်ထဲမယ် အဆုပ်လိုက်ဖြစ်အောင် လုံးနေတာပဲဗျာ၊ ပြီးတော့ သရက်သီးကုလားတည် တစ်တုံးထည့်ပြီးတော့ အဲဒီတစ်လုပ်ကိုပါးစပ်ထဲ လျှောခနဲသွင်းပြီး မျှောချလိုက်တာဗျာ၊ မြန်လိုက်တာပြောမနေနဲ့။
“ဒီကောင်က ကုလားစားစားတာကွ၊ ဟား၊ ဟား”
ဦးဘသာကြီးရယ်ပေမယ့် ကျုပ်က မရယ်နိုင်ပါဘူး၊ ကျုပ်ငစွေကိုသေချာကြည့်တော့ မျက်လုံးကြီးက အရက်သမားမျက်လုံးလို နီလို့ဗျ၊ အမူအရာတွေကလည်း တော်တော်ပြောင်းသွားတာ၊ စကားပြောတာလည်း ဝဲသွားတယ်။
“စားအုံးမယ်၊ ငါဗိုက်မ၀သေးဘူး”
ကျုပ်ဦးလေးက ထမင်းကိုတောင်းထဲဖက်ခင်းပြီး လိုလိုပိုပိုထည့်လာတာမို့လို့ ငစွေလိုသလောက်စားနိုင်အောင်လို့ ထမင်းတောင်းကိုလှမ်းပေးတယ်ဗျ၊ ငစွေက ဘာမပြောညာမပြောနဲ့ ထမင်းတောင်းထဲကို ပဲဟင်းတွေအကုန်လောင်းထည့်ပြီး အလုံးတွေလုပ်ပြီး စားတော့တာပဲဗျာ၊ ထမင်းတောင်းထဲမှာ ထမင်းနှစ်လုံးချက်လောက် ကျန်သေးမယ်ထင်ပါရဲ့၊ ငစွေက အားရပါးရ တစ်လုံးပြီးတစ်လုံးကို စားတော့တာ။
“ဪ၊ မေ့နေလိုက်ထာကွာ၊ ငါအိမ်ကယူလာတဲ့ ဟင်းထုတ်ဖြေဖို့ မေ့သွားတယ်ဟေ့”
ဦးဘသာကြီးက ပြောလိုက်ပြီးတော့ သူ့လွယ်အိတ်ကိုဖွင့်တယ်ဗျ၊ နောက်ပြီးတော့ လွယ်အိတ်ထဲကနေ ကြက်ပေါင်ကြော် တစ်ချောင်းထုတ်ပြီးတော့ ငစွေအရှေ့ကိုချပေးတယ်၊ ကျုပ်လည်းစားချင်တာပေါ့ဗျာ၊ ဒါပေမယ့် ငစွေကမြန်တယ်ဗျ၊ ကြက်ပေါင်ကိုယူပြီးတော့ အငမ်းမရကို ကိုက်တာဗျာ၊ ကြက်သားတွေဆိုတာ အထွေးလိုက် အထွေးလိုက် သူ့ပါးစပ်ထဲဝင်သွားတာ၊ အံမယ် ကြက်ပေါင်ရိုးကိုတောင်မှ အချောင်းလိုက်ပါးစပ်ထဲထိုးသွင်းပြီး တဂျွတ်ဂျွတ်နဲ့ ဝါးနေသေးတော။
ငစွေကိုကြည့်ပြီး ကျုပ်တို့အားလုံး လန့်နေပြီဗျ၊ ဒါပေမယ့် ထုတ်တော့မပြောသေးဘူး၊ ကျုပ်ဦးဘသာကြီးကိုကြည့်လိုက်တော့ သူလည်းသိနေတဲ့ပုံပါပဲဗျာ။
“ဟေ့ကောင်၊ ငါးကြော် စားအုံမလားကွ”
ငစွေက ခေါင်းကိုဆတ်ခနဲညိတ်တယ်ဗျ၊ ဦးဘသာက လွယ်အိတ်ထဲကနေ လက်တစ်ဝါးလောက်ရှိတဲ့ ငါးတစ်ကောင်ထုတ်လိုက်ပြန်ရောဗျာ၊ ငါးကြော်က ကြွပ်ပြီးတော့ မွှေးနေတာပဲ၊ ငစွေကလည်း ကောက်ပြီး အရိုးပါဝါးစားလိုက်တယ်ဗျ၊ ဒီလိုနဲ့ ဦးဘသာက သူ့အိတ်ထဲကနေ အစားတွေတစ်ခုပြီး တစ်ခုထုတ်ကျွေး၊ ငစွေက ထုတ်သမျှအကုန်ကောက်စားတာပဲဗျာ၊ ကျုပ်တို့လည်း အတော်လန့်နေပြီ၊ ငစွေဖုတ်ဝင်လာသလား၊ သရဲပူးလာသလားပေါ့ဗျာ၊ ကျုပ်ဦးလေးက ကျုပ်ကိုမျက်စပစ်တယ်၊ ကျုပ်ကလည်း ခေါင်းညိတ်ပြရတယ်၊ ပွဲတော့ထကြမ်းလို့မဖြစ်သေးဘူးလေဗျာ။
“ဝပြီလား ငါ့ကောင်ရ၊ စားပါအုံးကွ”
“စားမယ်၊ အကုန်စားမယ်၊ ဟီး၊ ဟီး”
ငစွေကစားမယ်ပြောတိုင်း သူ့လွယ်အိတ်ထဲကနေ ဟင်းတွေထုတ်ပေးနေကတည်းက ဦးဘသာကြီး တစ်ခုခုလုပ်နေမှန်း ကျုပ်သိပါပြီဗျာ၊ သူ့လွယ်အိတ်အစုတ်ထဲ ဟင်းတွေဒီလောက်ထည့်လို့ရမလားဗျ၊ ထည့်လာရင်လည်း အနံ့တွေရမှာပေါ့။ အခုက ထုတ်ပေးလိုက်တာ နည်းတာမှမဟုတ်ဘဲဗျ၊ ငစွေကလည်း စားချည်း စားနေတော့တာ။ ကောက်ညှင်းထုပ်တွေရော၊ ငှက်ပျောသီးတွေရော စုံလို့ဗျ။
နောက်ဆုံးတော့ ဦးဘသာက ကွမ်းတစ်ယာ ရာပြီး ငစွေကိုလှမ်းပေးတယ်၊ ငစွေက အဲဒီကွမ်းယာကို ကိုင်လိုက်တယ်ဆိုရင်ပဲ တစ်ကိုယ်လုံးတုန်တက်ပြီး ဓါတ်လိုက်သလိုဖြစ်နေတာဗျ၊ ဒီတော့မှ ကုလားလိုတွေ အော်ပြောတော့တာ၊ လေသံနားထောင်ရသလောက်ကတော့ အော်ဆဲနေသလိုပဲဗျ၊ ကျုပ်တို့မှ နားမလည်တားကိုး၊ ဒါပေမယ့် လက်ကတော့ ကွမ်းယာကို မလွှတ်ဘူးဗျို့၊ တစ်ကိုယ်လုံးကတော့ ရုန်းကန်နေတာပဲ။
“ဟေ့ကုလား၊ မင်းစားလို့၀ရင် ထွက်တော့လေကွာ”
ဒီတော့မှ ငစွေက ပြန်ငြိမ်သွားတယ်ဗျ၊ နောက်တော့
“ကျုပ်ကုလားမဟုတ်ပါဘူး၊ ကျုပ်ငစွေပါ”
“အေး၊ ဒါဆိုလည်း အစာပိတ်အနေနဲ့ ကွမ်းလေးတော့ဝါးလိုက်ကွာ”
ငစွေက သူ့လက်ထဲက ကွမ်းယာကိုကြည့်ရင်း လက်တွေတဆတ်ဆတ်တုန်လာတာဗျ၊ ကျုပ်အစကတော့ ကုလားသရဲထွက်သွားပြီးတော့ ငစွေပြန်ဖြစ်သွားပြီထင်တာ၊ နောက်တော့မှဘယ်ဟုတ်မလဲဗျာ၊ ကုလားက မထွက်သေးဘဲ ငစွေယောင်ဆောင်နေတာဗျ၊ ဒါပေမယ့် ဦးဘသာကျွေးတဲ့ကွမ်းကိုတော့ လုံး၀မစားရဲဘူးဗျို့။
“စားလို့ပြောနေတယ်ဟေ့ကောင်၊ မင်းမစားရင် ငါခွံ့ကျွေးရမလား”
အဲဒီအချိန်မှာပဲ ကွမ်းယာကိုင်ထားတဲ့ ငစွေလက်က တဖြည်းဖြည်းလှုပ်လာတယ်ဗျ၊ ပါးစပ်အနားကိုတဖြည်းဖြည်းတက်သွားတာ၊ ငစွေမျက်နှာက တော်တော်ကြောက်နေတဲ့ပုံပဲဗျာ၊ ပြီးတော့ ပါးစပ်ကြီးက ဗြုန်းခနဲဟသွားတယ်၊ မျက်နှာကတော့ မလိုချင်တဲ့ပုံမျိုးဗျ၊ ဦးဘသာကြီးပညာနဲ့လုပ်ထားလို့ သူ့လက်ကိုသူမတားဆီးနိုင်တဲ့ပုံပါပဲ၊ နောက်တော့ ကွမ်းယာကို ပါးစပ်ထဲသွင်းလိုက်တယ်ဗျ၊ တစ်ချက်ဝါးချလိုက်တယ်ဆိုရင်ပဲ အသံပြဲကြီးနဲ့ထအော်တော့တာ။
“အဘား . . အဘား”
နှစ်ချက်သုံးချက်လည်း ဝါးပြီးတော့ ငစွေက တရှုံ့ရှုံ့နဲ့ ငိုပါရောဗျာ၊ မျက်ရည်တွေလည်း စီးကျလာတာဗျ၊
“အောင်မယ်၊ မင်းက ငါ့ကိုသရုပ်လာဆောင်ပြနေသေးတယ်”
ဒီတော့မှ ဦးဘသာကြီးက မတ်တပ်ရပ်လိုက်ပြီးတော့ ငစွေရဲ့နားသယ်ကို လက်ဝါးနဲ့ဖြောင်းခနဲအုပ်ချလိုက်တာဗျ။ ဖြောင်းခနဲအသံကြီးနဲ့အတူ ငစွေတစ်ယောက် အရှေ့ကို ငိုက်စိုက်ကျသွားတယ်၊ ခေါင်းလည်းပြန်ထောင်လာရော မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
“ဘာ . . . ကျုပ်ဘာဖြစ်တာလဲ”
“ဘာမှမဖြစ်ပါဘူးကွာ၊ ဝါးဝါး အဲဒီကွမ်းလေးဆက်ဝါး”
ငစွေလည်း ကြောင်တောင်တောင်နဲ့ ကွမ်းဆက်ဝါးတယ်ဗျ၊ ကျုပ်တို့လည်းသိလိုက်ပြီလေ၊ သရဲကုလားထွက်သွားပြီး ငစွေပြန်ဖြစ်နေပြီဆိုတာ၊ ငစွေက ကွမ်းကိုလေးငါးချက်လောက် ဆက်ဝါးပြီးတော့ ပျို့ပျို့တက်လာတာဗျ၊ ဒါနဲ့ သူ့ဘေးနားကို ဝေါ့ခနဲအန်ချတယ်၊ ငစွေပါးစပ်ထဲကနေ အန်သမျှက အင်ကြင်းရွက်နုတွေချည်းပဲဗျို့၊ အရွက်တွေချည်းထွက်လာတာ တစ်ပြည်လောက်တောင် မကဘူးထင်တယ်ဗျ၊ ငါးမိနစ်လောက် စိတ်တိုင်းကျအန်ပြီးတော့မှ အအန်ရပ်သွားတော့တာ။
ဒီတော့မှ ငစွေကိုမေးရတော့တယ်၊ ကျန်တဲ့လူတွေကလည်း သစ်လုံးတွေကိုပိုင်းဖို့ ဆက်လုပ်ကြတာပေါ့ဗျာ။
“ငါ တောင်ပေါ်တက်သွားပြီးတော့ တောင်ထိပ်နားမှာ တစ်ပင်လုံးပွင့်နေတဲ့ အင်ကြင်းပင်ပျိုလေးကိုတွေ့တယ်ကွ၊ ဒါနဲ့အပင်ပေါ်တက်ပြီး ပန်းခူးတော့ သစ်ပင်အောက်ကနေ တစ်ကိုယ်လုံးမည်းနက်ပြီး ဆံပင်တွေလိမ်ကောက်နေတဲ့ ကုလားတစ်ယောက်က ငါ့ကိုလာမော့ကြည့်တယ်ကွ၊ ကုလားမှာ အဝတ်အစားမပါဘူးကွ၊ ခါးမှာတော့ လံကွတ်တီလေးပတ်ထားတယ်၊ ငါလည်း ဘယ်သူလည်းဆိုပြီး အပင်အောက်ဆင်းလာတော့ သစ်ကိုင်းပေါ်က ချော်ကျပြီးတော့ အပင်အောက်ရောက်တော့ ငါဘာဖြစ်သွားမှန်းမသိဘူးကွာ”
ဦးဘသာကြီးက ရယ်တယ်ဗျ။
“ဟား၊ ဟား အစားအသောက်မက်တဲ့ကုလားအငတ်၊ အခုတော့ ၀သွားပြီမဟုတ်လား”
“အဲဒါ ဦးဘသာကြီးပညာနဲ့ လုပ်လိုက်တာမဟုတ်လား”
“အေးလေကွ၊ ဒီကောင်က စားချင်တယ်ဆိုလို့ အင်ကြင်းရွက်ကို ဟင်းလုပ်ပြီးကျွေးထည့်လိုက်တာ၊ ဟေ့ ဖိုးကုလား၊ မင်းတော်တော်၀သွားပြီလားကွ၊ ဟား၊ ဟား”
ဦးဘသာကတော့ ရယ်မောနေပေမယ့် ကျုပ်တို့ကတော့ တော်တော်လန့်နေတာဗျ၊ အစားကြိုက်တဲ့ ကုလားသရဲကတော့ မှတ်သွားပုံရတယ်ဗျ၊ ဦးဘသာကြီးနဲ့တွေ့မှ အင်ကြင်းရွက်တွေကို ဟင်းအမှတ်နဲ့လွေးလိုက်ရတာကိုးဗျာ၊ နောက်မှ ကျုပ်လည်းစိတ်ထဲတွေးတွေးပြီး ကုလားသရဲအဖြစ်ကို ပြုံးပြုံးမိတယ်ဗျာ၊ သူ့မှာတော့ ဟင်းတွေဆိုပြီးစားလိုက်ရတာ ပလုပ်ပလောင်းနဲ့ တကယ်တော့ ဦးဘသာကြီးက ပညာနဲ့လုပ်ထားတဲ့ သစ်ရွက်တွေမှန်းသိရင် သူဒီလိုစားပါ့မလားဗျ၊
ပုံမှန်လုပ်တာထက်ကို သုံးဆလောက်ကို မြန်မြန်လုပ်ပြီးတော့ တောင်ပေါ်ကနေ သစ်တွေထမ်းပြီး ဆင်းလာကြတာပေါ့ဗျာ၊ ညနေ နေမစောင်းခင် တောင်ရိုးကနေ လှည်းနဲ့ပြန်ထွက်ခဲ့ကြတာပေါ့။ အချောသတ်ဖို့နဲ့ လိုအပ်သလိုပုံပြန်ဖော်ဖို့ကတော့ ရွာရောက်မှလုပ်လည်းရတယ်မဟုတ်လားဗျာ။
ငစွေက ဇွဲမလျော့သေးဘူးဗျ၊ တောင်အဆင်းမှာ အင်ကြင်းပန်းတွေခူးလာလိုက်သေးတာ တစ်ပွေ့ကြီးပဲဗျို့၊ ဦးဘသာကြီးကတော့ အင်ကြင်းရွက်တွေ တစ်တောင်းကြီးပဲ။
“ဦးဘသာ၊ အဲဒီသစ်ရွက်တွေဘာလုပ်ဖို့လဲ၊ ကြော်စားဖို့တော့ မဟုတ်ပါဘူးနော်”
“မင်းနှယ်ကွာ၊ ဒီအချိန်ဆိုရင် မြက်စိုမြက်နုရှားသွားပြီမဟုတ်လား၊ နွားတွေကို ပြောင်းရိုးတို့၊ ကောက်ရိုးတို့လို အခြောက်တွေချည်းကျွေးနေရပြီလေ၊ ဒါဆိုရင် အခုလိုအင်ကြင်းရွက်နု စိမ်းစိမ်းလေးတွေကို နုပ်နုပ်စဉ်းပြီး ထည့်ကျွေးရင် နွားတွေတအားစားတာကွ၊ သူတို့လည်း အင်ကြင်းရွက်ကို ကြိုက်ကြတာလည်းပါတာပေါ့ကွာ”
အိမ်ကနွားကတော့ ကောက်ရိုးချည်းကျွေးရင် မစားချင်တော့ဘူးဗျ၊ ကျုပ်လည်း ဒီနည်းစမ်းချင်သေးတယ်၊ ဒါပေမယ့် အင်ကြင်းရွက်တွေခူးလာဖို့တော့ မေ့သွားတယ်ဗျ။ အင်ကြင်းသားတွေသယ်ပြီး၊ အင်ကြင်းပွင့်တွေခူးလာတဲ့ ကျုပ်တို့လှည်းကြီးက နေညိုချိန် လေအဝေ့မှာ မွှေးကြိုင်လို့နေတာပါပဲဗျာ။
ပြီးပါပြီ။