(၁)
အလွန်ချမ်းသာသည့် လူကုံထံများသာ နေထိုင်ကြသည့် ဆိပ်ငြိမ်ရပ်ကွက်တစ်ခုတွင် နာရေးတစ်ခုဖြစ်နေလေသည်။ နာရေးဖြစ်သူမှာ မြို့ထဲတွင် လူချမ်းသာတစ်ယောက်ဟု အများက သတ်မှတ်ကြသည့် တရုတ်သူဌေးတစ်ဦးဖြစ်သည်။ ထိုသူမှာ ဦးဝမ်တိန်ဖြစ်သည်။
ဦးဟုတ်လျှံမှာ သူစီးလာသည့် ကားအကောင်းစားကို နာရေးခြံရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် ကားပေါ်မှဆင်းလိုက်ကာ နာရေးအိမ်ထဲဝင်သွားလေသည်။ ဦးဟုတ်လျှံက အကောင်းစား အနက်ရောင်ဝတ်စုံကို ဝင်ဆင်ထားသည်။ သူ့လက်တွင် ရိုးရွိုက်နာရီက ဝင့်ကြွားနေလေသည်။ ဦးဟုတ်လျှံမှာ ယခုသေဆုံးသွားသော ဦးဝမ်တိန်နှင့် အတော်ပင်ခင်မင်ရင်းနှီးသည်။ ဦးဟုတ်လျှံကိုတွေ့တော့ နာရေးဖြစ်သူ၏ မိသားစုဝင်တွေက ကြိုဆိုလိုက်ကြသည်။
သေဆုံးသူမှာ ဘာသာခြားဖြစ်သဖြင့် ဘာသာခြားနည်းလမ်းဖြင့် နာရေးပြုလုပ်နေကြခြင်းပင်ဖြစ်သည်။ ထိုသူဌေးကြီး၏ သမီးဖြစ်သူက ညိုးငယ်စွာဖြင့် မတ်တပ်ရပ်နေလေသည်။
“သမီးရယ်၊ ဦးဖြင့် ယုံတောင်မယုံနိုင်ဘူး”
”ဟုတ်တယ်ဦး။ ဖေဖေက အဲဒီမနက်ကမှ အကောင်းကြီးရှိသေးတာ၊ ညနေရောက်တော့ တရေးတစ်မောအိပ်မယ်ဆိုပြီး အိပ်လိုက်တာ ပြန်မနိုးလာတော့တာဘဲ”
နာရေးရှင်က ပြောလိုက်ပြီးနောက် မျက်ရည်များတဖြိုင်ဖြိုင်ကျလာလေသည်။ ဦးဟုတ်လျှံလဲ ဘာပြောရမှန်းမသိတော့။
” ဒါနဲ့ သမီးမေမေကလဲလွန်ခဲ့တဲ့ ခြောက်လလောက်မှ ဆုံးသွားတာမဟုတ်လား”
နာရေးရှင်က မျက်နှာကိုလက်ကိုင်ပုဝါဖြင့် သုတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
ဦးဟုတ်လျှံလဲ လှပစွာပြင်ဆင်ထားသည့် အလောင်းကောင်ကြီးကိုကြည့်ရင်း စုတ်သပ်မိလိုက်သည်။ ဦးဝမ်တိန်ကတော့ ပန်းပွင့်မျိုးစုံဖြင့် ခင်းကျင်းထားသည့် ကုတင်ထက်တွင် ငြိမ်သက်စွာ လဲလျှောင်းနေပြီဖြစ်သည်။ ခဏကြာတော့ ဦးဟုတ်လျှံလဲ အိမ်သို့ပြန်ရင် ပြင်ဆင်လိုက်သည်။ ထိုစဉ် အိမ်ရှေ့ဧည်းခန်းတွင် စားပွဲခုံပုကလေးနှင့် တင်ထားသည့် အလှဆင် ဘွန်ဇိုင်းအပင်ကလေးကို ဦးဟုတ်လျှံကတွေ့သွားလေသည်။
”သမီး အဲဒီအပင်ကလေးက သိပ်လှတာပဲနော်”
နာရေးရှင်က အပင်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။
”ဖေဖေက အဲဒီအပင်ကို သိပ်မြတ်နိုးတာ၊ မေမေကောပဲ အဲဒီအပင်ကို တယုတယနဲ့ စိုက်ပျိုးထားကြတာ”
ဦးဟုတ်လျှံလဲ ဘွန်ဇိုင်းပင် စိုက်ရတာဝါသနာပါသည်။ ငွေရှိသည့် လူကုံထံအသိုင်းအဝိုင်းတွင်တော့ အိမ်တွင်ရှိသည့် အိမ်ထောင်ပရိဘောဂများကို အပြိုင်အဆိုင် အလှဆင်ကာ ထားကြသည်။ ထိုအထဲတွင် အပင်သေးသေးလေးများ ပြုလုပ်ထားသည့် ဘွန်ဇိုင်းပင်သည်လဲ တစ်ခုအပါအဝင်ဖြစ်သည်။ ဘွန်ဇိုင်းပင်ကို သူဌေးများက ဂုဏ်တုဂုဏ်ပြိုင်အဖြစ် ဧည့်ခန်းတွင် အလှစိုက်ပျိုးလေ့ရှိသည်။
”စိတ်တော့မရှိနဲ့သမီး၊ ဖြစ်နိုင်ရင် အဲဒီအပင်ကလေးကို ဦးကိုရောင်းပါလား”
နာရေးရှင်က အပင်ကိုကြည့်ရင်း မျက်ရည်များ ကျလာလေသည်။
”ဖေဖေကော မေမေကော တန်ဖိုးထားခဲ့တဲ့အပင်လေးပဲ၊ အင်းလေ အခုလဲ သူတို့ရှိတော့တာမှ မဟုတ်တော့တာ။ ရောင်းမနေတော့ပါဘူး ဦးကိုအလကားပေးလိုက်မယ်”
ဦးဟုတ်လျှံက ထိုအခါ မျက်နှာပျက်သွားသည်။ အားလဲအလွန်အားနာသွားသည်။ နာရေးရှင်က အပင်ကလေးကို ပန်းအိုးမှကိုင်ကာ ဦးဟုတ်လျှံလက်ထဲကို ထည့်ပေးလိုက်သည်။ ဦးဟုတ်လျှံလဲ အားနာနာဖြင့်ပင် ပန်းအိုးကလေးကို ကိုင်ပြီး အိမ်ပြင်ထွက်ခဲ့တော့သည်။ အိမ်ပြင်ရောက်တော့ ကားပေါ်တက်လိုက်ပြီး ပန်းအိုးကလေးကို ကားရှေ့ခန်းတွင်တင်ကာ ခါးပတ်ဖြင့် ပတ်ထားလိုက်သည်။ ထို့နောက် ဦးဟုတ်လျှံက ပန်းအိုးကိုကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ဖြင့် ပြုံးလိုက်တော့သည်။
”တော်တော်လှပပြီး အရည်အသွေးကောင်းတဲ့ ပန်းအိုးကလေးပဲ၊ အပြင်မှာဝယ်ရင် သိန်းဆယ်ချီတန်မှာ”
ထိုသို့ရေရွတ်ပြီးနောက် ကားပေါ်တက်ကာ မောင်းထွက်သွားပါတော့သည်။ စီးပွားရေးသမားတစ်ယောက်ဖြစ်သူ ဦးဟုတ်လျှံကတော့ ဘုရားလဲဖူးရင်း လိပ်ဥလဲတူးရင်းဆိုသလို နာရေးအိမ်သွားပြီး တန်ဖိုးကြီး ပန်းအိုးတစ်လုံးအား လက်ဆောင်ရခဲ့ပြီ မဟုတ်ပါလား။
(၂)
”ရှင်ကလဲ အပင်တွေယူလာပြန်ပြီ။”
ဦးဟုတ်လျှံပြန်ရောက်လာသည်နှင့် အပင်အိုးကလေးပါလာသည်ကို သူ့မိန်းမဖြစ်သူက ဆီးပြောလိုက်တော့သည်။ ဦးဟုတ်လျှံက ဘာမှမပြောဘဲ ဧည့်ခန်းအတွင်းသို့ဝင်လိုက်ကာ သူ့ဧည့်ခန်းတွင်ရှိသော ဘွန်ဇိုင်းအပင်ကလေးကို ခုံပုလေးပေါ်မှ ချလိုက်ကာ သူယူလာသော အပင်ကလေးကို တင်လိုက်လေသည်။
”ဒီအပင်က လှလဲလှသလို သက်တမ်းလဲ တော်တော်ရင့်နေပြီကွ။ မင်းသေချာဂရုစိုက်နော်။”
ဦးဟုတ်လျှံက တစ်နေကုန် အလုပ်များနေပြီးတော့ မအားမလပ်ဖြစ်နေသည်။ ညနက်တော့မှသာ အချိန်ရလေသည်။ နိုင်ငံခြားဖြစ်ဈေးအလွန်ကြီးသည့် ဝီစကီကို ခွက်အတွင်းတွင် ထည့်လိုက်ပြီးနောက် ရေခဲကလေးများထည့်လိုက်ကာ ဧည့်ခန်းဆိုဖာတွင် ထိုင်နေတော့သည်။ အရက်သောက်ရင်း သူမနက်က ယူလာသည့် အပင်ကလေးကို ကြည့်မိလိုက်လေသည်။
အပင်ကလေးက ညောင်ကြပ်ပင်ကို ဘွန်ဇိုင်းပြုလုပ်ထားတာဖြစ်သည်။ ပင်စည်နှင့် အကိုင်းအခက်များက မိန်းကလေးတစ်ယောက်ကနေသလိုမျိုး ငြိမ့်ငြောင်းစွာဖြင့် ထွက်ပေါ်နေသည်။ ဘွန်ဇိုင်းလောကတွင်တော့ အလွန်တန်ဖိုးကြီးပြီး အနုလက်ရာမြောက်သည့် အပင်တစ်ပင် ပင်ဖြစ်ပေသည်။
ထိုစဉ် ထိုအပင်ကလေးမှာ လေမတိုက်ပဲ ပျော့ပြောင်းကာ အကိုင်းအခက်အလက်တွေ လှုပ်ရှားနေလေသည်။ ဦးဟုတ်လျှံလဲ သူ့မျက်လုံးကိုပင် သူမယုံနိုင်ဖြစ်နေသည်။
“ဟုတ်လျှံ . . . . ဟုတ်လျှံ”
သူ့နာမည်ခေါ်သံများကိုလဲ ကြားလိုက်ရသည်။ ဧည့်ခန်းထဲတွင် မည်သူမျှမရှိပေ။
“ငါတော်တော်မူးနေပြီထင်တယ်”
ဦးဟုတ်လျှံကရေရွတ်လိုက်ပြီးနောက် အိပ်ခန်းအတွင်းသို့ ဝင်သွားတော့သည်။
ဦးဟုတ်လျှံမှာ မျိုးနှင့်ရိုးနှင့်ချမ်းသာသော တရုတ်နွယ်ဝင် သူဌေးတစ်ယောက်ဖြစ်သည်။ သူ့တွင် မိန်းမနှင့် သားသမီးနှစ်ယောက်ရှိသည်။ သားသမီးများမှာ ဆယ်ကျော်သက်တွေဖြစ်သဖြင့် နိုင်ငံခြားတွင် ပညာသွားသင်ယူနေကြလေသည်။ အိမ်တွင်တော့ အိမ်အကူကောင်မလေးနှစ်ယောက်ရယ် ဦးဟုတ်လျှံရယ်၊ သူ့မိန်းမရယ်၊ ခြံစောင့်အဘိုးကြီးရယ်သာ နေထိုင်ကြသည်။ လူချမ်းသာရပ်ကွက်ရှိ ခြံအကျယ်ကြီးအတွင်းတွင် တိုက်အကြီးကြီးတစ်လုံးဆောက်ကာ အေးချမ်းစွာ နေထိုင်လေသည်။
ထိုနောက်ပိုင်းမှစပြီး ဦးဟုတ်လျှံ စိတ်ထဲ နေရထိုင်ရတာ တစ်မျိုးကြီးဖြစ်နေသည်။ စိတ်ထဲတွင်လဲ ဒေါသထွက်သလိုလို ကြောက်ရွံ့သလိုလိုစိတ်များဖြစ်ပေါ်နေလေသည်။
သုံးရက်ခန့်အကြာတွင် ဦးဟုတ်လျှံ ပိုင်ဆိုင်သည့် စက်ရုံတစ်ခု မီးအကြီးအကျယ်လောင်တော့သည်။ စက်ရုံတစ်ခုလုံးလိုလိုပြာဖြစ်ပြီး စက်မှုဇုန်အတွင်း အခြားစက်ရုံတစ်ရုံကိုပါ မီးစွဲသွားဖြင့် တော်တော်လျော်လိုက်ရသည်။
ဒါတင်မျှမကသေး သူဆောက်လုပ်နေသည့် ကွန်ဒိုတစ်ခုမှာလဲ အစိုးရ၏ မူဝါဒအပြောင်းအလဲ တစ်ခုကြောင့် ရပ်တန့်လိုက်ရတော့သည်။ ပထမတော့ လပိုင်းမျှ ရပ်တန့်ရသည်ဟု ထင်ရသော်လည်း တစ်နှစ်ကြာသည်အထိ ပြန်လုပ်ကိုင်ခွင့်မရသေးပေ။
နောက်ပြီး သူ့မိန်းမပိုင်ဆိုင်သည့် ရွှေဆိုင်မှာလဲ ဖောက်ထွင်းခံလိုက်ရသဖြင့် ရွှေထည်များ ပိသာနှင့်ချီပြီး ပျောက်ဆုံးကုန်သည်။ ထိုတော့ ဦးဟုတ်လျှံ စိတ်ညစ်ရလေပြီ။
(၃)
ထိုနေ့တော့ စိတ်ပျက်လက်ပျက်ဖြင့် ဧည့်ခန်းတွင်ထိုင်နေသည်။ မကြာမီ သူ့မိန်းမလဲ သူ့နားတွင်လာထိုင်လေသည်။
”ခုတစ်လောကွာ ငါးလလောက်ရှိပြီ ဘာလုပ်လုပ်ကိုအဆင်မပြေဘူးဖြစ်နေတာ”
သူ့မိန်းမကလဲ ခေါင်းညိတ်လိုက်သည်။
”ကျွန်မလဲ အိမ်မှာ ထူးဆန်းတာတွေ တစ်ခုခုဖြစ်နေတယ်လို့ထင်တယ်၊ ရှင်သတိထားမိလား”
ဦးဟုတ်လျှံက ခေါင်းခါလိုက်သည်။
”ဘာတွေထူးဆန်းနေတာတုန်း”
”ဒီလိုရှင့် ကျွန်မအိမ်မှာနေရင် တစ်ယောက်ယောက်က အနောက်ကနေလိုက်ပြီး ကြည့်နေတယ်လို့ စိတ်ထဲမှာ ထင်နေတယ်။ တစ်နေ့တော့ ကျွန်မဟင်းချက်နေတုန်း အခန်းထောင့်ကနေ တစ်ယောက်ယောက်က စူးစိုက်ကြည့်နေတယ်လို့ စိတ်ထဲမှာထင်နေလို့ လှည့်ကြည့်လိုက်တော့ လူအရိပ်တစ်ခုက လှစ်ကနဲ ပျောက်သွားတာကို တွေ့လိုက်ရတယ်”
ဦးဟုတ်လျှံက မျက်မှောင်ကြုတ်လိုက်သည်။
”မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ၊ အိမ်ဖော်ကောင်မလေး ကြည့်နေတာဖြစ်မှာပေါ့”
” မဖြစ်နိုင်ဘူးရှင့် အဲဒီနေ့က အိမ်ဖော်ကောင်မလေးက အိမ်ပေါ်ထပ်မှာ သန့်ရှင်းရေးလုပ်နေတာတဲ့”
ဦးဟုတ်လျှံက မယုံသေးပေ။
”နောက်တော့ကော”
”နောက်တစ်ခုကတော့ ဧည့်ခန်းထဲမှာ လူတွေမရှိတဲ့အချိန် ဧည့်ခန်းထဲကနေ စကားပြောသံလိုလို၊ ရယ်သံလိုလိုတွေ ကြားရတတ်တယ်။ သွားကြည့်ရင် ဘယ်သူမှ မရှိဘူး။ ပိုပြီးထူးဆန်းတာက တစ်နေ့တော့ကျွန်မ ကော်ဖီခွက်ကလေး စားပွဲပေါ်တင်ခဲ့ပြီး ကိတ်မုန့်ပန်းကန် အိမ်နောက်ဖေးမှာ သွားယူတာ အိမ်ရှေ့ပြန်ရောက်လာတော့ ကော်ဖီတွေကုန်နေတာပဲ”
”မင်းကွာ ဟုတ်ကော ဟုတ်ရဲ့လား”
ဦးဟုတ်လျှံက ထိုသို့ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ကြောက်စိတ်က လွှမ်းမိုးနေပြီဖြစ်သည်။ သူ့မိန်းမဆီက အဖြစ်အပျက်များကြားသိပြီးတော့မှ ဦးဟုတ်လျှံလဲ ဧည့်ခန်းတွင်နေထိုင်ရသည်ကို ကျောမလုံတော့။ အိမ်ထဲတွင်လဲ ဘာကြောင့်ရယ်မသိ တစ်မျိုးကြီး မသိုးမသန့်ဖြစ်နေလေသည်။
တစ်နေ့တော့ ဦးဟုတ်လျှံအိပ်နေတုန်း လူတစ်ယောက်က သူ့ခြေရင်းကနေ သူ့ကိုလာကြည့်နေလေသည်။ ထိုလူမှာ ကုတင်ခြေရင်း ကုလားကာအနီးတွင်ရပ်နေကာ ဦးဟုတ်လျှံကိုကြည့်နေသည်။ အခန်းအတွင်းအမှောင်ချထားသဖြင့် မီးလုံးအသေးလေးအလင်းသာရှိသဖြင့် ဝိုးတဝါးသာ မြင်နေရလေသည်။
”မင်း . . . မင်းဘယ်သူလဲ”
” ငါပါ သူငယ်ချင်းရဲ့”
ထိုသို့ပြောပြီး ထိုသူမှာ အမှောင်ထဲက ထွက်လာလေသည်။ ထိုသူမှာအခြားမဟုတ် လွန်ခဲ့သည့် ငါးလကျော်က သေဆုံးခဲ့သည့် သူ့သူငယ်ချင်း ဦးဝမ်တိန်ပင်ဖြစ်သည်။
”အေး သူငယ်ချင်း၊ မင်း . . . မင်းက သေပြီမဟုတ်လား”
”သေတော့ သေပြီ။ ဒါပေမယ့် ငါတို့က မင်းတို့အိမ်ရှေ့ကထားတဲ့ ဘွန်ဇိုင်းပင်မှာ စွဲနေတယ်ကွ”
ဦးဟုတ်လျှံ ချွေးသီးချွေးပေါက်များ ပြန်လာသည်။
”ငါနဲ့ ငါ့မိန်းမနဲ့ ဘာလို့သေရတာလဲ မင်းသိလား”
”ဘာ . . ဘာလို့လဲကွ”
”ဘွန်ဇိုင်းပင်ကြောင့်ပဲကွ၊ အဲဒီအပင်မှာ မကောင်းတဲ့အကောင်ကြီးတစ်ကောင်နေတယ်။ ဒီဘွန်ဇိုင်းပင်ကို ပိုင်ဆိုင်တဲ့အိမ်က အိမ်သားတွေဟာ ခြောက်လတစ်ခါလောက် သေဆုံးကြရသတဲ့။ ငါလဲ ဒါကိုသတိမထားမိဘူး၊ ဒီတော့ငါ့မိန်းမက အရင်သေပြီး အပင်မှာသရဲဖြစ်နေတယ်။ ငါကလဲ နောက်ထပ်ခြောက်လကြာတော့ သေသွားခဲ့တာပဲ”
”သူငယ်ချင်း . . . မင်းပြောတာတွေက . . . တ. . .တကယ်လား”
”ဒါပေါ့ကွ။ အဲဒီအကောင်ကြီးက သူသတ်ခဲ့တဲ့လူတွေကို ဖမ်းဆီးထားတယ်။။ ငါတို့ကို သူကခိုင်းချင်ရာခိုင်းတယ် ငါတို့ကလဲ လုပ်ပေးရတယ်။ မလုပ်ပေးရင် ငါတို့ကို နှိပ်စက်တယ်ကွ၊ ငါတို့ဒီမှာ လူ ၅၀ ကျော်ရှိတယ်။ ဒီအကောင်ကြီးက သတ်ခဲ့တဲ့လူတွေပေါ့”
”မင်းကွာ၊ ဘာလို့ ငါကို စောစောလာမပြောတာလဲကွ”
”အဲဒီအကောင်ကြီးမသိတဲ့အချိန်၊ သူလစ်တဲ့အချိန်ကိုကြည့်ပြီးလှုပ်ရှားရတာကွ၊ ဒီတော့ ခြောက်လပြည့်တော့မယ်ဆိုတော့ မင်းလဲသတိထားပေါ့”
”မင်း . . . မင်းပြောတာ ဟုတ်မဟုတ် ငါဘယ်လိုသိနိုင်မလဲကွ”
”မင်းဒီအပင်ကြီးရှိနေသရွှေ့ မကောင်းတဲ့အဖြစ်အပျက်တွေ အမြဲဖြစ်ပျက်နေလိမ့်မယ်။ နောက်ပြီးတော့ ဒီအပင်ကြီးကို ရေနွေးပူနဲ့ လောင်းကြည့်ကွ၊ ငါပြောတာတကယ်ဟုတ်မဟုတ် မင်းသိရမှာပေါ့”
ထိုသို့ပြောပြီးနောက် ဦးဟုတ်လျှံလဲ လန့်နိုးလာသည်။ ခြေရင်းဘက်ကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိတော့။
ဦးဟုတ်လျှံလဲ သံသယဖြစ်သွားခဲ့သည်။
”မိန်းမရေ ထ . . .ထ”
အိပ်နေသည့် မိန်းမကို လှုပ်နှိုးလိုက်သည်။
”ဘာလုပ်မလို့တုန်းတော်”
”နေစမ်းပါ မင်းကိုငါတစ်ခုလုပ်ပြမယ်”
ဦးဟုတ်လျှံက မီးဖိုချောင်ထဲဝင်သွားကာ ဓါတ်ဗူးကိုယူလိုက်သည်။ ထို့နောက် သူ့မိန်းမကိုပါခေါ်ကာ ဧည့်ခန်းအတွင်းသို့ လာခဲ့သည်။ ဧည့်ခန်းထဲရောက်သည်နှင့် ဓါတ်ဗူးကိုအဖုံးဖွင့်လိုက်ပြီး အပင်နားသို့ တိုးသွားလေသည်။
”ရှင်ဘာလုပ်နေတာလဲ”
”အသာနေစမ်းပါကွာ၊ မင်းပါးစပ်ပိတ်ပြီး သေချာကြည့်နေနော်”
ဦးဟုတ်လျှံက ပြောပြီး ရေနွေးပူများဖြင့် အပင်ကိုလောင်းချလိုက်သည်။
”စူး . . . ဝါး . . . ဝါး”
အပင်မှ အသံကြီးတစ်မျိုးမြည်ပြီးနောက် အပင်ကလေးမှာ တွန့်လိမ်လှုပ်ရှားနေတော့သည်။ ထိုအဖြစ်အပျက်များကို လင်မယားနှစ်ယောက်ကြည့်ပြီး အံ့ဩမဆုံးတော့။
”အဲ . . . အဲဒါဘာကြီးလဲ”
”မိန်းမရေ၊ အဲဒီအပင်မှာ မကောင်းဆိုးဝါးတစ်ကောင်နေတာပဲ။ ဒီအပင်ကြီးကြောင့် တို့တစ်တွေ မကောင်းတာတွေ ဖြစ်နေတာပဲကွ”
အပင်က တွန့်လိမ်နေဆဲဖြစ်သည်။ မြွေတစ်ကောင်လို နွယ်ရှင်တစ်ခုလို လှုပ်ရှားနေလေသည်။
”ဒါဆို ကျွန်မတို့ဘာလုပ်ကြမလဲ”
ထိုအခါ ဦးဟုတ်လျှံက မျက်မှောင်ကြုတ်လိုက်ကာ စိတ်ကိုဆုံးဖြတ်လိုက်တော့သည်။
”ငါ . . . ဒီအပင်ကို ဖျက်ဆီးပစ်မယ်”
(၄)
အပင်က တွန့်လိမ်နေပြီးနောက် ရုန်းကန်ပြီး ခုံပုလေးပေါ်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
”ခွမ်း”
ကြမ်းပြင်ပေါ်သို့ ကျပြီး ပန်းအိုးကွဲသွားလေသည်။ အပင်က မြွေတစ်ကောင်လိုဖြစ်သွားပြီးနောက် အိမ်ရှေ့ခန်းအတွင်းတွင် လည့်ပတ်သွားနေတော့သည်။ ဦးဟုတ်လျှံက ထိုအပင်ကို ပြေးပြီးခြေထောက်နှင့် တက်နင်းလေသည်။ ဦးဟုတ်လျှံခြေထောက်များကို အပင်က ပြန်ပြီး ရစ်ပတ်ကာ တိုက်ခိုက်လေသည်။
”အောင်မာ ဒီအပင်ကတော့”
ဦးဟုတ်လျှံက ကားဂိုဒေါင်အတွင်းသို့ ဝင်သွားပြီးနောက် ဒီဇယ်ဆီပုံးကို ဆွဲပြီးထွက်လာလေသည်။ ထို့နောက် ဒီဇယ်များဖြင့် ဧည့်ခန်းအတွင်း လျှောက်သွားနေသော အပင်အား ပက်ဖြန်းတော့သည်။ ဧည့်ခန်းတစ်ခုလုံး ဒီဇယ်များဖြင့် ရွှဲစိုကာ အိုင်ထွန်းနေလေသည်။
”မိန်းမရေ . . . ဘာလုပ်နေတာလဲ မီးနဲ့ရှို့စမ်းပါ”
”မဖြစ်ဘူး ကိုဟုတ်လျှံ မီးရှို့လို့မဖြစ်ဘူး”
ဦးဟုတ်လျှံစိတ်မရှည်တော့ဘဲ ဧည့်ခန်းအတွင်း စာအုပ်တစ်အုပ်မှ စာရွက်ကိုဖြဲဆုတ်လိုက်ပြီးနောက် မီးရှို့ကာ ဒီဇယ်ဆီများရွှဲနေသည့် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ကြမ်းပြင်ပေါ်တွင် မီးက ဟုန်းကနဲတောက်လောင်သွားသည်။ ဒီဇယ်မို့ မီးစွဲအားက ပြင်းထန်လှသည်။ ဘွန်ဇိုင်းပင်က မီးစွဲနေရင်း လှည့်ပတ်ပြေးနေသည်။ ထို့နောက် အိမ်ရှိ ပြတင်းပေါက်တစ်ခုမှ ထွက်ပြေးရန်အတွက် ကုတ်တက်နေတော့သည်။ ဦးဟုတ်လျှံလဲ ဒေါသအလွန်ထွက်သွားသည်။
”အောင်မာ မင်းက ပြေးချင်သေးတယ်ပေါ့ဟုတ်လား”
ဦးဟုတ်လျှံက အပင်ကိုပြေးဆွဲလိုက်ပြီးနောက် မီးတောက်များအတွင်းသို့ ထည့်လိုက်လေသည်။ သို့သော် အပင်က ဦးဟုတ်လျှံ၏ လက်ကို ရစ်ပတ်ထားသည်မို့ ဦးဟုတ်လျှံကိုယ်လုံးကို မီးတွေ စွဲတော့သည်။ မကြာခင်မှာ ဦးဟုတ်လျှံတစ်ကိုယ်လုံးကို မီးစွဲသွားလေသည်။ ဦးဟုတ်လျှံက အပင်ကို အလွတ်မပေးဘဲ ရင်ဘတ်ထဲဆွဲသွင်းထားပြီးနောက် ကြမ်းပြင်ပေါ်သို့ လှဲချလိုက်တော့သည်။
”မိန်းမရေ . . . ပြေး . . . ပြေးတော့”
ဧည့်ခန်းကြမ်းပြင်တွင် အိုင်ထွန်းနေသော ဒီဇယ်များက အလွန်ပြင်းထန်စွာ တောက်လောင်နေတော့သည်။ ဦးဟုတ်လျှံမိန်းမလဲ အသက်ဘေးမို့ ထွက်ပြေးတော့သည်။ အိမ်ရှိလူများလဲ မီးလောင်သဖြင့် လွတ်ရာသို့ ကိုယ်လွတ်ရုန်းပြီး ပြေးရတော့သည်။ အိမ်ကြီးကတော့ မီးတောက်မီးလျှံများက ဝါးမြိုလျှက်ရှိသည်။
(၅)
မနက်အာရုံတက်ခါနီးတွင် မီးငြိမ်းသွားပြီဖြစ်သည်။ မီးသတ်သမားများက ငြိမ်းယူသောကြောင့်သာ တစ်အိမ်လုံး မီးမစွဲဘဲ အိမ်ရှေ့တခြမ်းသာ မီးထဲပါသွားလေသည်။ မီးသတ်သမားများက အိမ်ရှေ့ဧည့်ခန်းမှ မီးလောင်ပြီးသေဆုံးနေသော ဦးဟုတ်လျှံရုပ်အလောင်းကို ထုတ်လာကြသည်။ ဦးဟုတ်လျှံ ရုပ်အလောင်းက တစ်ခုခုကိုပိုက်ရင်း သေဆုံးနေလျှက်ရှိသည်။ ထိုအပင်သည် မီးလောင်ပြီး ပြာဖြစ်သွားသလား၊ ဒါမှမဟုတ် လွတ်မြောက်သွားသလားဆိုတာကိုတော့ မည်သူမျှ တပ်အပ်ပြောနိုင်မည်မဟုတ်ပေ။
ပြီးပါပြီ
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်