အပိုင်း (၂)
(၄)
ထိုနောက်ပိုင်းရက်များတွင် စည်သူတစ်ယောက် အကျဉ်းခန်းအတွင်း ငေးငိုင်လျှက်ရှိသည်။ အကျဉ်းတိုက်အတွင်းတွင် ပြတင်းတံခါးပေါက်များမရှိဘဲ ခေါင်မိုးပေါ်တွင်ဖောက်ထားသည့် အပေါက်ကလေးများမှသာ အလင်းရောင်ဝင်နေသဖြင့် နေ့အချိန်၊ ညအချိန်ဟု ခွဲခြားနိုင်ခြင်းဖြစ်သည်။ စည်သူ၏ ဘေးနားရှိ အကျဉ်းခန်းတွင်တော့ ဦးသက်ရှည်ဟုခေါ်သည့် အဘိုးကြီးတစ်ဦးရှိသည်။ အဘိုးကြီးဟုခေါ်သော်လည်း အသက်အရွယ်အားဖြင့် ငါးဆယ်ခန့်သာရှိသေးပြီး ခန္ဓာကိုယ်မှာလည်း အလွန်ကျစ်လစ်သန်မာလှပေသည်။ မျက်နှာတွင် နှုတ်ခမ်းမွှေးထူထူကြီးရှိသေးသည်။
“မင်းက စကားမပြောတတ်တော့ မင်းနဲ့ဘယ်စကားပြောလို့ရမလဲကွ”
စည်သူက ဦးသက်ရှည်ဘက်သို့လှည့်လိုက်ကာ သူ့လျှာကိုထုတ်ပြလိုက်သည်။ လျှာမှာအရင်းမှပြတ်နေပြီး အတွင်းသို့လိပ်ခေါက်ဝင်နေလေသည်။
“သြော်၊ လက်စသတ်တော့ မင်းက လျှာဖြတ်ခံထားရတာကိုး၊ မင်းရော ဘယ်လိုဆိုးရွားတဲ့ပြစ်မှု ကျူးလွန်ခဲ့လို့လဲမသိဘူး”
စည်သူက ဦးသက်ရှည်အားမေးငေါ့ပြလိုက်သည်။ ဦးသက်ရှည်က သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး
“ငါလား၊ ငါကတော့ ပြစ်မှုကျူးလွန်ခဲ့တာမှန်ပေမယ့် မကောင်းတာကျူးလွန်ခဲ့တာတော့မဟုတ်ဘူးကွ”
ဦးသက်ရှည်က ခေါင်မိုးပေါ်မှ အပေါက်ကလေးများကိုမော့ကြည့်ရင်း ကြေကွဲနေပုံရသည်။
“ငါ့အဖြစ်ကတော့ ဆန်းပါတယ်ကွာ၊ ငါက ငါတို့ရွာမှာ လူတွေအကုန်လေးစားတဲ့သူကြီးတစ်ယောက်ပါ၊ ဒါ့အပြင် အင်္ဂလိပ်မြန်မာစစ်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့လို့ သွေးသောက်ကြီးဆိုတဲ့ ရာထူးကိုရထားတာပေါ့ကွာ”
“တစ်ညတော့ ငါတို့ရွာကို ဓါးပြအုပ်ကြီးက ဝင်စီးကြတယ်ကွ၊ ဓါးပြအုပ်က အယောက်ငါးဆယ်လောက်ရှိတယ်၊ ဒါနဲ့ ငါနဲ့အတူတူ ရွာက ကာလသားတွေ စုပေါင်းပြီး ဓါးပြတွေကို ပြန်တိုက်တာပေါ့ကွာ၊ အဲဒီမှာ ဓါးပြခေါင်းဆောင်လို့ ထင်ရတဲ့သူကို ငါကသတ်လိုက်တော့ ဓါးပြတွေကြောက်လန့်ပြီး ပြန်ပြေးကုန်ကြတယ်လေ၊ ပြဿနာက အဲဒီကမှစတာကွ၊ ငါသတ်လိုက်တဲ့လူက ငါတို့ရွာကိုအစားရတဲ့ ရွာစားမင်းသားရဲ့ ယောက်ဖဖြစ်နေတယ်ကွာ”
စည်သူအံ့သြပြီးမျက်လုံးပြူးသွားသည်။ ဦးသက်ရှည်က ပြ့ုံးလိုက်လေသည်။
“မင်းလည်းထူးဆန်းသွားတယ်မဟုတ်လား၊ ရွာကိုအပိုင်စားတဲ့မင်းသား ဘာလို့ကိုယ့်ရွာကိုယ်ပြန်ပြီး ဓါးပြတိုက်သလဲလို့ပေါ့၊ အခုနောက်ပိုင်း မင်းတုန်းမင်းကြီးနန်းတက်တော့၊ အိမ်ရှေ့စံကနောင်မင်းသားကြီးနဲ့တိုင်ပင်ပြီးတော့ အခွန်တော်ကောက်တဲ့စနစ်ကို ဒဿမေဓစနစ်ကိုပြောင်းလဲခဲ့တယ်ကွ၊ အရင်တုန်းကဆိုရင် နယ်စား၊ ရွာစားတွေက ကိုယ်ပိုင်တဲ့နယ်မှာ အခွန်ကောက်ခံကြရတယ်၊ ကောက်ခံလို့ရတဲ့အထဲက ဆယ်ဖို့တစ်ဖို့ကို ဘုရင့်ထံကို အခွန်သွင်းကြရတယ်၊ ဒါပေမယ့် နယ်စား၊ ရွာစားတွေက အခွန်ကိုပိုကောက်ကြတာပေါ့ကွာ၊ အခွန်ကိုပိုကောက်ပြီးတော့ ဘုရင့်ထံဆက်သမြဲအခွန်တော်ကို ဆက်သပြီး ကျန်တဲ့အခွန်တွေကိုတော့ သူတို့အပိုင်သိမ်းလိုက်ကြတာပေါ့၊ အခုစနစ်ကတော့ အဲဒီလိုမဟုတ်တော့ဘူး၊ အခွန်တော်ကို အခွန်မှူးတွေက ကြီးကြပ်ပြီးတော့ ရွာတွေ၊ နယ်တွေကို ဆယ်ဖို့တစ်ဖို့ကောက်ခံတယ်ကွ၊ ပြီးတော့ ဘုရင့်ထံတိုက်ရိုက်ဆက်သရတယ်၊ ဘုရင်ကနေပြီး ရလာတဲ့အခွန်ထဲကနေ နယ်စားတွေ၊ ရွာစားတွေကို ပြန်ပြီးခွဲဝေပေးတာဆိုတာ့ ရွာစားတွေအဖို့တော့ စားပေါက်ပိတ်သွားတာပေါ့”
စည်သူက ရှင်းလင်းသွားပြီး ခေါင်းညိတ်လိုက်သည်။
“ဒီတော့ ဘာလုပ်ကြသလဲဆိုရင် ကိုယ့်ရွာကိုယ် ဓါးပြပြန်တိုက်ကြတာပေါ့ကွာ၊ တို့ရွာကို အစားရတဲ့မင်းသားက သူ့ယောက်ဖကိုအမိန့်ပေးပြီး ဓါးပြတိုက်စေတာပေါ့၊ ငါက သူ့ယောက်ဖကိုသတ်လိုက်တော့ မင်းသားကစိတ်ဆိုးပြီးတော့ ငါ့ကိုဖမ်းပြီး နေပြည်တော်ကိုခေါ်လာကာ ခုံရုံးတင်တာပေါ့ကွာ၊ ခုံရုံးက တရားသူကြီးမင်းတွေကို မင်းသားက လဘ်ထိုးထားတာဆိုတော့ ငါအမှုရှုံးပြီး ငါ့ကို သေဒဏ်ပေးလိုက်တာပေါ့”
“အဲဒီမှာ မြို့ပြင်မှာ ငါ့ကို ကားစင်တင်ပြီးသတ်ဖို့လုပ်နေတုန်း ထောင်မှူးကရောက်လာပြီးတော့ ဟောဒီအကျဉ်းခန်းထဲမှာ ချုပ်ထားတာပဲကွ၊ ဘာလို့လဲဆိုတာတော့ ငါလည်းမသိဘူး”
ဦးသက်ရှည်မှာ အကျဉ်းခန်းအတွင်း စည်သူနှင့်အမြဲတမ်း စကားစမြည်ပြောဆိုနေတတ်သည်။ စည်သူကတော့ စကားမပြောနိုင်သဖြင့် ခေါင်းညိတ်၊ ခေါင်းခါသာပြုုလုပ်နိုင်သည်။ ခုနစ်ရက်ခန့်ကြာသည့်အခါတွင်တော့ သူတို့အကျဉ်းခန်းအတွင်းသို့ အဘိုးကြီးတစ်ယောက် ရောက်လာခဲ့သည်။ အဘိုးကြီးမှာ အသက်အလွန်ကြီးရင့်နေပြီဖြစ်ပြီး ရှည်လျားသော မုတ်ဆိတ်မွှေးများက တွဲလောင်းကျနေကာ အချို့မုတ်ဆိတ်မွှေးများမှာတော့ ဖြူနေလေသည်။ အဘိုးကြီးနှင့်အတူ ထောင်စောင့် သုံးလေးယောက်လည်း ပါလာခဲ့သည်။ အဘိုးကြီးက စည်သူ၏ အခန်းထဲသို့ဝင်လိုက်သည်။ စည်သူ၏ ဒဏ်ရာများကိုစစ်ဆေးပြီးနောက်
“မင်းဒဏ်ရာတွေ တော်တော်ပျောက်နေပြီပဲကွ”
ထို့နောက် ဓါးမြှောင်တစ်လက်ဖြင့် စည်သူက သျှောင်ထုံးကို ဖြတ်ချလိုက်သည်။
“ဒီနေ့ကစပြီး မင်းဟာသေသွားပြီ၊ မင်းအရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မင်းအကုန်မေ့လိုက်ရတော့မယ်”
ထို့နောက် ထိုအဘိုးကြီးက စည်သူတို့ခေါင်းကို ပုဆိုးပိုင်းနှင့် ပတ်လိုက်ပြီးနောက် စည်သူနှင့် ဦးသက်ရှည်အား ထောင်စောင့်များမှ သံခြေကျင်းများတပ်ပေးကာ အကျဉ်းခန်းအတွင်းမှ ခေါ်ထုတ်သွားကြလေသည်။ ပုဆိုးအုပ်ထားသဖြင့် အပြင်တွင်ဘာရှိနေမှန်းကိုမသိရပေ။ ညဘက်မို့အလင်းရောင်လည်း မမြင်နိုင်ပေ။ ထောင်စောင့်များဆွဲခေါ်သည့်အတိုင်း လျှောက်လှမ်းလာပြီး မကြာခင်တွင် လူစကားပြောသံတွေဆူညံနေသည့် နေရာတစ်နေရာသို့ရောက်လာခဲ့သည်။ ထို့အပြင် အော်ဟစ်သံများ၊ ကြွေးကြော်သံများကိုလည်းကြားနေရသည်။ စည်သူက ထိုနေရာသည် ထောင်ကျနေသည့်လူများကို ညှင်းပန်းနှိပ်စက်သည့်နေရာဖြစ်လိမ့်မည်ဟုတွေးလိုက်မိသည်။
သွားရင်း လှေကားများကိုဆင်းလာရပြန်သည်။ မကြာခင်တွင်တော့ သူတို့ကို မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ခိုင်းစေပြီး ခေါင်းတွင်ပတ်ထားသည့် ပုဆိုးပိုင်းများကို ဆွဲဖယ်လိုက်ကြသည်။ သစ်လုံးများဖြင့် ကာရံထားသည့် အခန်းတစ်ခုအတွင်းသို့ သူတို့ရောက်နေကြခြင်းဖြစ်သည်။ သူတို့နှင့်အတူ အခြားထောင်သား သုံးလေးဦးလည်းရှိသည်။ သူတို့အရှေ့တွင် မုတ်ဆိတ်ဖြူအဘိုးကြီးက မတ်တပ်ရပ်နေလေသည်။
“မင်းတို့ဒီအချိန်ကစပြီး အမည်မဲ့သမားတွေဖြစ်သွားကြပြီ၊ မင်းတို့နာမည်ဘယ်လိုခေါ်တယ်၊ အရင်က ဘာကောင်တွေဆိုတာကို ငါတို့ သိလည်းမသိချင်ဘူး၊ စိတ်လည်းမဝင်စားဘူး၊ အခုအချိန်က မင်းတို့ ကိုယ့်နာမည်အသစ်ကို ကိုယ်တိုင် ပေးရမယ့်အချိန်ပဲ”
“ဒါပေမယ့် မင်းတို့မှာ လူနာမည်တွေပေးခွင့်မရှိဘူး၊ မင်းတို့ ကိုယ်မင်းတို့ တိရစ္ဆာန်အကောင်နာမည်တွေပဲ ပေးခွင့်ရှိတယ်၊ ကဲ စပေးကြတော့”
ထောင်သားများမှာ အံ့သြနေကြသည်။ ထိုအခါ အဘိုးကြီးက ကြာပွတ်ဖြင့်သူတို့ကိုရိုက်နှက်လေသည်။ ထောင်သားတစ်ယောက်က
“ကျုပ်နာမည် မြွေ”
မုတ်ဆိတ်ဖြူအဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး ထောင်စောင့်တစ်ဦးက အနက်ရောင်မင်ရည်များဖြင့် ထိုထောင်သားဝတ်ဆင်ထားသည့် အကျီအဖြူ၏ နောက်ကျောတွင် မြွေဟု လက်ရေးကြီးကြီးဖြင့် ရေးသားပေးလိုက်လေသည်။
“ဒီကောင်က မြွေဆိုရင် ကျုပ်က နဂါးဗျ”
ထိုအခါ မုတ်ဆိတ်ဖြူအဘိုးကြီးက ထိုလူကို ကြာပွတ်များဖြင့်ရိုက်နှက်လျှက်
“ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုတာ ဒါမျိုးကွ၊ ဟား၊ ဟား သေဒဏ်ကျထားတဲ့ ရာဇဝတ်သားကများ သူ့ကိုယ်သူနဂါးတဲ့၊ ကိုယ့်အဆင့်ကိုယ်သိစမ်း”
“ကြောက်၊ ကြောက်ပါပြီဗျ၊ ကျုပ်နာမည် မျောက်ပါ”
ထိုတော့မှ မုတ်ဆိတ်ဖြူအဘိုးကြီးက ကြာပွတ်ရိုက်ချက်ကို ရပ်တန့်လိုက်ပြီး ထောင်စောင့်များက ထိုလူ၏ ကျောကုန်းတွင် မျောက်ဟု ရေးသားပေးလိုက်သည်။ သို့နှင့် စည်သူအလှည့်သို့ရောက်လာသည်။ ဦးသက်ရှည်ကတော့ ကြောင်ဟု ရွေးချယ်လိုက်သည်။ အဘိုးကြီးက စည်သူအရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
“မင်းကရော ဘာကောင်လဲ”
“အဘား၊ အဘား”
“သြော်၊ ဟုတ်သားပဲ မင်းက စကားမှမပြောတတ်ဘဲကွ၊ မင်းကိုတော့ ငါနာမည်တစ်ခုပေးမယ်”
စည်သူက ခေါင်းခါလိုက်သည်။ ထို့နောက် သူ့အရှေ့မြေပြင်တွင် စာလုံးရေးဖို့ပြင်ဆင်လိုက်သည်။
“ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်ရမလဲ”
စည်သူစဉ်းစားနေသည်။
“ဟုတ်ပြီ၊ ဟောဒီနေပြည်တော်မှာ ဘုရင်ကအစ သူတောင်းစားအဆုံး အကုန်လုံးကြောက်လန့်ကြတာ လင်းနို့ပဲရှိတယ်၊ ဟုတ်ပြီ ငါ့နာမည်ကို လင်းနို့လို့ပေးလိုက်မယ်”
စည်သူက မြေပြင်တွင် လင်းနို့ဟုရေးသားလိုက်သည်။ ထိုအခါ အဘိုးကြီးက ခေါင်းညိတ်ပြီး ထောင်စောင့်ကိုမျက်ရိပ်ပြလိုက်သည်။ မင်ခွက်နှင့်် စုတ်တံကိုင်ထားသည့် ထောင်စောင့်မှာ လင်းနို့ဟု ရေးသားပေးလိုက်သည်။ ထိုသို့ရေးသားပြီးသောအခါ သစ်လုံးတံခါးတစ်ခုပွင့်သွားပြီး သူတို့ကို ထိုတံခါးအပြင်သို့ ဆွဲခေါ်ထုတ်သွားလေသည်။
“ဟေး”
သူတို့ထွက်လိုက်သည်နှင့် ထိန်လင်းနေသည့် ဆီမီးအလင်းရောင်များကို တွေ့လိုက်ရသည်။ ထို့အတူ လူအများက သူတို့ကိုအော်ဟစ်အားပေးနေသည်။ ဆီမီးတိုင်ကြီးများ ပတ်ပတ်လည်ထွန်းထားသည့် မြေပြင်ကြီးအတွင်းသူတို့ရောက်နေသည်။ ထိုမြေပြင်ပတ်ပတ်လည်တွင်တော့ သစ်လုံးများဖြင့်် လူနှစ်ရပ်ခန့် ကာရံထားပြီး ထိုသစ်လုံးများအပေါ်တွင်တော့ လူအများက ထိုင်နေကြလေသည်။ သို့သော် ထိုသို့ ထိုင်နေသည့် လူအားလုံးက မျက်နှာဖုံးများတပ်ထားကြသည်ကိုတွေ့ရသည်။
သူတို့ကို ကွင်းပြင်အလယ်တွင် တန်းစီရပ်တန့်စေလိုက်သည်။ သူတို့စုစုပေါင်း ခြောက်ယောက်ရှိသည်။ ထို့နောက် ထောင်မှူးက တံခါးမှထွက်လာကာ သူတို့အနားတွင်လာရပ်သည်။
“ကဲ လူကြီးလူကောင်းများခင်ဗျာ၊ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ကို အသေအချာကြည့်ရှုပြီး လောင်းကြေးတင်နိုင်ပါပြီ”
စည်သူလည်း ထိုလူများကိုလိုက်လံကြည့်ရှုနေမိသည်။ ထိုလူများမှာ ထိုင်ခုံများတွင်ထိုင်နေကြပြီး အချို့က အနောက်တိုင်းဖြစ်အရက်များကိုသောက်နေကြသည်။ အဝတ်အစားများမှာလည်း ဗမာများပင်မဟုတ်ဘဲ၊ အနောက်တိုင်းဝတ်စုံများ၊ တရုတ်ဝတ်စုံများ၊ အိန္ဒိယလူမျိုးများဝတ်ဆင်သည့် အဝတ်အစားများကိုဝတ်ဆင်ထားလေသည်။
“ငါကတော့ မျောက်ကို အသပြာ တစ်ရာထိုးမယ်”
လူတစ်ယောက်က ပြောလိုက်ပြီး ငွေအသပြာအိတ်ကို ကောင်လေးတစ်ယောက်ဆီပေးလိုက်သည်။ ထိုကောင်လေးက စင်ပေါ်ရှိ လူတစ်ဦးအားပေးလိုက်ရာ ထိုလူက ငွေကိုလက်ခံလိုက်ပြီး ပုရပိုက်တွင် ရေးမှတ်နေလေသည်။ လောင်းကြေးများထိုးပြီးသောအခါမှ ထောင်မှူးက သူတို့ဘက်သို့လှည့်လိုက်သည်။
“မင်းတို့အားလုံးက သေဒဏ်ကျထားပြီးသား အကျဉ်းသားတွေပဲ၊ ဒီတော့ မင်းတို့အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခုပေးမယ်၊ အဲဒါကတော့ မင်းတို့အချင်းချင်းတိုက်ခိုက်ရလိမ့်မယ်၊ ရှုံးတဲ့လူက သေမယ်၊ နိုင်သွားတဲ့လူကိုတော့ သေဒဏ်ကနေ တစ်လ ဆိုင်းငံ့ထားခံရမယ်၊ မင်းတို့မသေချင်ဘူးဆိုရင် မင်းတို့ရဲ့ ပြိုင်ဖက်တွေကို သေအောင်သာ သတ်ကြတော့”
သူတို့အားလုံးအံ့သြနေမိသည်။
“မင်းတို့တိုက်ခိုက်တဲ့အခါ ပထမဆုံးလက်ချည်းတိုက်ခိုက်ရမယ်၊ လက်ချည်းတိုက်ခိုက်ရင်း ပြိုင်ဘက်တစ်ယောက်က လဲကျသွားပြီဆိုရင် ငါတို့ ဓါးကိုပစ်ပေးမယ်၊ အဲဒီဓါးကိုယူပြီး ပြိုင်ဘက်ရဲ့ခေါင်းကို ဖြတ်နိုင်တဲ့သူက အနိုင်ပဲ”
ထောင်မှူးပြောလိုက်သည့်အခါ စင်မြင့်ပေါ်မှလူများက ဝိုင်းဝန်းအော်ဟစ်လိုက်ကြသည်။ ထိုတော့မှ အော်ဟစ်သံများမှာ ထောင်သားများကို နှိပ်စက်ညှင်းပန်းသည့် အသံများမဟုတ်မှန်း သိလိုက်ရတော့သည်။ ထို့နောက် စင်မြင့်ပေါ်မှ စာရေးက သံချောင်းတစ်ခုကို တဒေါင်ဒေါင်ခေါက်လိုက်သည်။ သံချောင်းခေါက်လိုက်သည်နှင့် ပွဲကြည့်သူများအားလုံး ငြိမ်ကျသွားသည်။ ထိုလူက ပုရပိုက်တစ်ခုကိုယူလိုက်ပြီးနောက်
“ပထမဆုံး မျောက်နဲ့ ဆင်၊ ဒုတိယ ကြောင် နဲ့ ခွေး၊ တတိယ မြွေ နဲ့ လင်းနို့”
ထိုသို့အော်လိုက်ပြီးချိန်တွင်တော့ သူတို့လေးယောက်ကို ထောင်စောင့်များက ဆွဲခေါ်လာပြီး ကွင်းအတွင်းတွင်တော့ မျောက်နှင့် ဆင်ဆိုသည့် လူနှစ်ယောက်ကို ချန်ထားပေးခဲ့လေသည်။ သူတို့ကိုတော့ သစ်လုံးအခန်းအတွင်းတွင် ပြန်လည်ချုပ်နှောင်ထားလိုက်သည်။
“ချကြဟေ့၊ တိုက်ကြဟေ့၊ သတ်ကြဟေ့”
အပြင်မှ ပွဲကြည့်သူများက အော်ဟစ်အားပေးနေသည့်အသံများကို ကြားနေရသည်။ မြွေဆိုသည့်သူက စည်သူအား ကြည့်နေလေသည်။
“မင်းကိုငါ အညှာပေးမယ်မထင်နဲ့ကွ၊ မင်းကိုငါရအောင်သတ်ပြမယ်”
စည်သူက ထိုလူ့ကိုမကြည့်ဘဲ ခေါင်းငံုံ့နေလိုက်သည်။
(၅)
မင်းတုန်းမင်းမတိုင်ခင် ပုဂံမင်းလက်ထက်တွင် တိရစ္ဆာန်တိုက်ပွဲများခေတ်စားခဲ့သည်။ ပုဂံမင်းကိုယ်တိုင်ကလည်း ထိုသို့ပြိုင်ပွဲ တိုက်ပွဲများကို အလွန်စိတ်ဝင်စားသဖြင့် ဘုရင့်လူယုံ ဘိုင်ဆပ်ဆိုသူက နေပြည်တော်အတွင်း ကြက်တိုက်ပွဲများ၊ နွားဝှေ့ပွဲများနှင့် တိရစ္ဆာန်တိုက်ပွဲများကို ကျင်းပပေးရသည်။ ဘုရင်နှင့်အတူ မူးမတ်များ၊ မင်းညီမင်းသားများ၊ ပွဲစား၊ သူကြွယ်များတင်မက အနောက်တိုင်းသားများပါ ထိုတိရစ္ဆာန်တိုက်ပွဲများတွင် လောင်းကြပြုကြလေသည်။
ယခု မင်းတုန်းမင်းကြီးက ထိုသို့တိုက်ပွဲများကို အထူးတားမြစ်ထားလေသည်။ ထို့ကြောင့် ဝါသနာကြီးလှသော လူများမှာ လက်မရွံ့ထောင်ကြီးအတွင်း သေဒဏ်ကျ အကျဉ်းသားများဖြင့် လူတိုက်ပွဲကို ခုနစ်ရက်လျှင် တစ်ကြိမ် ကျင်းပကြသည်။ လာကြသူအများစုမှာ မင်းညီမင်းသားများ၊ သူကြွယ်များဖြစ်ပြီး ထိုကိစ္စကို မင်းကြီးသိလျှင် မင်းပြစ်မင်းဒဏ်သင့်မည်စိုးရိမ်သဖြင့် ပွဲတက်ရောက်သူများက မိမိတို့မည်သူမည်ဝါမှန်း မသိနိုင်စေရန်အတွက် မျက်နှာဖုံးများစွပ်ပြီး ပွဲတက်ရောက်ကြလေသည်။
သိပ်မကြာခင်မှာပင် အော်ဟစ်အားပေးသံများဆူညံသွားပြီးနောက် သစ်လုံးအခန်းတံခါးကြီး ပွင့်သွားလေသည်။ ဆင်ဟုရေးထားသည့်လူက အခန်းအတွင်းသို့ပြန်ဝင်လာခဲ့ကာ သူ့ကိုယ်တွင်တော့သွေးတွေ ပေကျံနေလေသည်။ အလားတူ မျောက်ဆိုသည့်သူ၏ ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကြီးကိုလည်း ပြန်လည်ဆွဲယူလာခဲ့ပြီးနောက် အခန်းထောင့်တွင် ပုံထားလိုက်လေသည်။
မုတ်ဆိတ်ဖြူအဘိုးကြီးက ရောက်လာပြီး
“ကဲ တစ်ပွဲတော့ပြီးသွားပြီ၊ နောက်တစ်ပွဲကတော့ ကြောင် နဲ့ ခွေးရဲ့ ပွဲပဲဟေ့”
ထိုသို့ပြောကာ ဦးသက်ရှည်တို့ကို ဆွဲခေါ်သွားလေသည်။ ဦးသက်ရှည်က စည်သူကို တစ်ချက်လှည့်ကြည့်လိုက်ရာ စည်သူက နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အားပေးသံများဆူညံသွားပြီးနောက် စတင်တိုက်ခိုက်ကြပုံရသည်။
“ကြောင်ကွ၊ ချစမ်းပါဟ”
“ခွေးရေ အဲဒီကြောင်ကို ကိုက်လိုက်စမ်းပါဟ၊ ဟား၊ ဟား”
အားပေးသံများနှင့် ဆူညံနေသည်။ ထို့နောက်တော့ အော်ဟစ်သံများကို ကြားလိုက်ရပြန်သဖြင့် ပြိုင်ဘက်တစ်ယောက်တော့ အသတ်ခံလိုက်ရပြီမှန်း စည်သူရိပ်မိလိုက်သည်။
“ဦးသက်ရှည်ကြီး သေပြီလားမသိဘူး”
စည်သူက ဦးသက်ရှည်အား စိတ်ပူနေမိသည်။ မကြာခင်မှာပင် သစ်လုံးတံခါးပွင့်သွားပြီးအလောင်းကြီးတစ်လောင်းကို ဆွဲချလာလေသည်။ အလောင်း၏ နောက်ကျောတွင် ခွေးဟု ရေးထားသည်ကိုတွေ့လိုကရတော့မှ စည်သူစိတ်သက်သာရာရသွားသည်။ ထို့နောက် ဦးသက်ရှည်အား အခန်းအတွင်းသို့ဆွဲခေါ်လာခဲ့သည်။ ဦးသက်ရှည်မှာ ငူငူငိုင်ငိုင်ကြီးဖြင့် ပါလာကာ စည်သူနံဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သွေးစွန်းနေသည့် သူလက်များကိုသူ ပြန်ကြည့်လိုက်သည်။
“သတ္တဝါအချင်းချင်း အသက်လုကြတဲ့ပွဲမို့လို့ မင်းကိုသတ်မိတာ စိတ်မကောင်းပါဘူး ခွေးရေ”
ထိုအခိုက် စည်သူအား ထောင်စောင့်များက ဆွဲခေါ်သွားလေသည်။ သစ်လုံးတံခါးကြီးအတွင်းမှ ထွက်ပြီးသော် ကွင်းအလယ်တွင်သူတို့နှစ်ယောက်ကို ချပေးလိုက်သည်။ ထို့နောက် သံခြေကျင်းများကို ဖြုတ်ပေးလိုက်လေသည်။ ထောင်မှူးက သူတို့အလယ်တွင်ရပ်နေသည်။
“ဒီတစ်ခါ အလှည့်ကျတဲ့သူကတော့ မြွေ နဲ့ လင်းနို့ပဲ ဖြစ်ပါတယ်၊ လောင်းကြေးတွေကို ပွဲမစခင် တင်ပေးကြပါ”
မြွေဆိုသည့်သူက လူကောင်ကြီးကြီး ဗလတောင့်တောင့်နှင့်ဖြစ်ပြီး စည်သူကတော့ လူကောင်ခပ်ညှက်ညှက်ဖြစ်သည်မို့ ပွဲကြည့်သူများက မြွေအား လောင်းကြေးထပ်ကြလေသည်။
“မြေကို အသပြာ ငါးရာလောင်းမယ်”
“ငါလည်း မြွေကို အသပြာ နှစ်ရာလောင်းမယ်”
လောင်းကြေးများထပ်ပြီးသောအခါ လင်းနို့ဘက်တွင် လောင်းကြေးမရှိပေ။ စာရေးက ပုရပိုက်ကို ကိုင်လိုက်ပြီး မတ်တပ်ရပ်ထလိုက်သည်။
“လင်းနို့ဘက်မှာ လောင်းကြေးမရှိတဲ့အတွက် မြွေနိုင်ရင် မိမိလောင်းကြေးကို မိမိပြန်ရမှာပါ၊ လင်းနို့ဘက်မှာ လောင်းကြေးထပ်ကြပါ”
“ဟာကွာ၊ လင်းနို့ကြည့်ရတာ ပိန်ကပ်ကပ်နဲ့ကွ၊ ငါတော့ ဒီကောင်နိုင်မယ် မထင်ပါဘူးကွာ”
ထိုအခါ မျက်နှာဖုံးအနက်တပ်ထားသည့် လူတစ်ယောက်က သူ့အနားမှကောင်လေးကို အသပြာငါးရာထုပ်ပေးလိုက်လေသည်။
“လင်းနို့ဘက်မှာ အသပြာငါးရာထည့်မယ်”
ထိုအခါ ကောင်လေးက စာရေးကို အသပြာထုပ်ပေးလိုက်သည်။ စာရေးက ရေးမှတ်လိုက်ပြီးနောက်
“ကောင်းပါပြီ၊ မြွေနိုင်ခဲ့ရင် မြွေဘက်က လောင်းထားတဲ့သူတွေက လင်းနို့ဘက်က လောင်းထားတဲ့ငွေကို အချိုးကျခွဲဝေယူရမှာဖြစ်ပြီး၊ လင်းနို့ နိုင်ခဲ့ရင်တော့ လင်းနို့ဘက်က လောင်းထားတဲ့သူက မြွေဘက်က လောင်းထားတဲ့ လောင်းကြေးတွေအကုန်လုံးကို ရရှိမှာဖြစ်ပါတယ်”
စာရေးက စကားပြောနေစဉ်
“ဟေ့ကောင်၊ စည်းမျဉ်းကို ငါတို့သိတယ်၊ လျှာရှည်မနေနဲ့၊ ပွဲစ စရာရှိတာ မြန်မြန်စကြကွ”
ပွဲကြည့်သူတယောက်က အော်ပြောလိုက်သဖြင့် အခြားပွဲကြည့်သူများက စာရေးအား ဝိုင်းဝန်းဆဲဆိုကြလေသည်။ စာရေးလည်း ထောင်မှူးကို မျက်ရိပ်ပြလိုက်သည်။ ထောင်မှူးက လက်နှစ်ဘက်ကို လေပေါ်တွင်ဆန့်တန်းလိုက်ပြီး အော်ဟစ်လိုက်သည်။
“ကဲ၊ ဒါဆိုရင်တော့ မြွေ နဲ့ လင်းနို့တို့ရဲ့ တိုက်ပွဲ စတင်ပါပြီခင်ဗျာ”
ထို့နောက် ထောင်မှူးနှင့် ထောင်စောင့်များက သစ်လုံးတစ်ခါးတစ်ခုအတွင်းဆီသို့ ပြေးဝင်သွားကြလေသည်။ ဆီမီးတိုင်များ ပတ်ပတ်လည်ထွန်းထားသည့် ကွင်းအလယ်တွင်တော့ မြွေ နှင့် လင်းနို့ခေါ် စည်သူတို့သာ ကျန်ခဲ့လေသည်။ စည်သူမှာ မြွေကိုကြည့်နေစဉ်မှာပင် မြွေက စည်သူမျက်နှာကို ဖြတ်ထိုးလိုက်သည်။ လက်သီးချက်ပြင်းသဖြင့် စည်သူအနောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်လိုက်ရသည်။
“ဝေး၊ မြွေကွ၊ ဒီလင်းနို့ကို ပေါက်လိုက်စမ်းပါ”
စည်သူ၏ နှာခေါင်းအတွင်းမှ သွေးများစီးကျလာလေသည်။ ပရိသတ်အားပေးမှုရသဖြင့် မြွေက စည်သူအား မတိုက်ခိုက်သေးဘဲ တိုက်ကွက်များကို ဟန်ရေးပြလျှက်ရှိသည်။ ပရိသတ်ကလည်း မြွေအား အော်ဟစ်ပြီးအားပေးနေကြသည်။ ထို့နောက် မြွေက စည်သူအရှေ့တွင်ရပ်လိုက်သည်။
“လုပ်လိုက်လေကွာ၊ ငါ့ကိုတိုက်စမ်းပါဟ”
စည်သူက ခေါင်းခါလိုက်သည်။
“အေး၊ မင်းမတိုက်ရင်တော့ ငါတိုက်မယ်ကွာ၊ ဒီပွဲမှာ ငါတို့နှစ်ယောက်ထဲက တစ်ယောက်သေမှာပဲဟေ့”
မြွေက စည်သူထံသို့ အတင်းဝင်တိုက်ခိုက်တော့သည်။ မြွေ၏ ကန်ချက်များမှာ ပြင်းထန်လှသည်မို့ စည်သူက ပြန်လည်မခုခံဘဲ ရှောင်ရှားနေရလေသည်။ တစ်ချီတွင်တော့ မြွေက စည်သူ၏ နားထင်အား ခြေဖျားနှင့်ပုတ်လိုက်ရာ စည်သူ့ကိုထိမှန်သွားပြီး စည်သူတစ်ပတ်လည်ထွက်သွားကာ မြေပေါ်သို့ကျသွားလေသည်။ သူ့ခေါင်းကြီးတစ်ခုလုံးလည်း မူးဝေနေပြီး ဘာကိုမှ သဲသဲကွဲကွဲမမြင်ရတော့ပေ။ မြွေက သူ့လည်ပင်းကိုဖမ်းချုပ်လိုက်ပြီး လည်ပင်းအားညှစ်နေလေသည်။
“ညှစ်စမ်းကွ၊ မြွေကွ၊ လုပ်လိုက်စမ်းပါ၊ ဒီကောင့်ကိုသတ်လိုက်စမ်းပါ”
စည်သူက ပြန်လည်တိုက်ခိုက်ရန်အချိန်ရောက်ပြီမှန်း သိလိုက်ပြီး မြွေ၏ ငယ်ထိပ်ကို လက်ဖနောင့််နှင့် ရိုက်ချလိုက်သည်။ အားပြင်းလှသည်မို့ မြွေမှာ ဖင်ထိုင်လျှက်သားကျသွားလေသည်။ စည်သူလည်း ဒေါသထွက်နေပြီမို့ နေုာက်ထပ်လက်ဖနောင့်နှင့် ငယ်ထိပ်ကို ထပ်မံရိုက်ပုတ်လိုက်ပြီးနောက် ကိုယ်ကိုတစ်ပတ်လှည့်လိုက်ကာ ခြေဖနောင့်နှင့် ငယ်ထိပ်ကိုပေါက်ချလိုက်သည်။
“ဟာ၊ ဟင်”
မထင်မှတ်ထားသည့် တိုက်ကွက်များကြောင့် ပွဲကြည့်သူများအကုန်လုံး အံ့အားသင့်ကုန်သည်။ စည်သူသုံးချက်တိုက်ခိုက်ပြီးသည့်အခါ မြွေမှာ မလှုပ်နိုင်တော့ဘဲ ငုတ်တုတ်ကြီးထိုင်ကျလျှက် မျက်လုံးတွေက ချာချာလည်နေလေသည်။ ထိုအခါ ဓါးတစ်လက်က ပျံသန်းလာပြီး စည်သူအနီးသို့ကျလာသည်။ စည်သူလည်း ဓါးကို ကောက်ကိုင်လိုက်သည်။
“သတ်ပစ်လိုက်၊ သတ်ပစ်လိုက်”
ကြည့်ရှုသူများက ဝိုင်းပြီးအားပေးနေကြသည်။ စည်သူလည်း မတတ်သာတော့သည်မို့ မြွေ၏လည်ပင်းကို ဓါးနှင့်ပိုင်းချထည့်လိုက်သည်။ ထို့နောက် မြွေ၏ ဦးခေါင်းကို ခြေထောက်ဖြင့်ကနု်လိုက်ရာ ခေါင်းပြတ်ကြီးက ဘောလုံးကြီးတစ်လုံးလို လိမ့်ကာ လိမ့်ကာနှင့် မြေပေါ်သို့ကျသွားသည်။ မြွေ၏ လည်ပင်းမှ သွေးတွေက ပန်းထွက်လာပြီး စည်သူ၏ မျက်နှာကိုပေကျံကုန်သည်။
ပွဲကြည့်နေသူများအားလုံး သူတို့ပိုက်ဆံတွေရှုံးကုန်သဖြင့် အသံတိတ်နေကြသည်။ ထိုစဉ် အနက်ရောင်မျက်နှာဖုံးတပ်ထားသည့် လူကြီးက မတ်တပ်ရပ်လိုက်ပြီး လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်သည်။
“လင်းနို့ကွ၊ ဟား၊ ဟား”
ထိုလူကြီးတစ်ယောက်သာ သူ့ကိုအော်ဟစ်အားပေးနေသည်။ ပွဲပြီးသွားပြီမို့ အသက်ရှင်ကျန်ခဲ့သည့် ဆင်၊ ကြောင်နှင့် လင်းနို့ သုံးယောက်ကို ကွင်းအတွင်းသို့ခေါ်လာခဲ့ကြသည်။ ထောင်မှူးက အားရဝမ်းသာပြုံးနေလျှက်
“ဒါကတော့ ဒီညအတွက် အသက်ရှင်ကျန်ခဲ့တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်၊ အခုအချိန်ကစပြီး ဒီသုံးကောင်ကို ဝယ်ယူနိုင်ပါပြီ”
ထိုအခါ တရုတ်ကြီးတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး
“ဆင်ကိုကျုပ် အသပြာငါးရာနဲ့ဝယ်မယ်”
ထိုအခါ မုတ်ဆိတ်မွှေးအရှည်ကြီးနှင့် ကုလားကြီးတစ်ဦးက ထလိုက်ကာ
“ဆင်ကို ကျုပ်အသပြာတစ်ထောင်ပေးမယ်”
ထိုသို့ဈေးပြိုင်ဝယ်ယူကြရာ နောက်ဆုံးတွင် ကုလားကြီးထက် ဈေးပေးနိုင်သူမရှိသဖြင့် ကုလားကြီးက ဆင်ကိုဝယ်ယူလိုက်လေသည်။ ထို့နောက် ကြောင်ကို ထပ်မံဈေးခေါ်ကြရာ မျက်နှာဖုံး အဖြူရောင်ဝတ်ဆင်ထားသည့် လူတစ်ဦးက အသပြာတစ်ထောင့်နှစ်ရာနှင့် ဝယ်ယူလိုက်ပြန်သည်။ နောက်ဆုံးတော့ လင်းနို့အလှည့်ပင်ဖြစ်သည်။
“ကျုပ် အသပြာတစ်ထောင်ပေးမယ်”
ဆင်ကိုဝယ်ယူလိုက်သည့် ကုလားကြီးက မတ်တပ်ရပ်ပြီးပြောလိုက်သည်။ ထိုအခါ တရုတ်ကြီးက
“ကျုပ် တစ်ထောင့်ငါးရာပေးမယ်”
ထို့နောက် အနက်ရောင် အနောက်တိုင်းဝတ်စုံဝတ်ထားသည့် လူကြီးက
“ကျုပ်၊ သူ့ကို အသပြာနှစ်ထောင်ပေးမယ်”
ဗမာစကား မပီမသနှင့်ပြောလေသည်။ သို့နှင့် စည်သူအား အသပြာများတိုးပြီး ဈေးပြိုင်ပေးကြရာ နောက်ဆုံးတော့ အသပြာသုံးထောင်ပေးနိုင်သည့် အနောက်တိုင်းသားကြီးတစ်ဦး ရရှိတော့မည့်အခြေအနေဖြစ်နေသည်။ ထိုအခါ မျက်နှာဖုံးအနက်ရောင်ဝတ်ထားသည့် လူကြီးက မတ်တပ်ရပ်လိုက်ပြီး
“သူ့ကိုကျုပ် ခုနက နိုင်ထားတဲ့ ငွေတွေအားလုံးပေးပြီး ဝယ်မယ်”
အားလုံးပါးစပ်ပိတ်သွားကြသည်။ အနက်ရောင်မျက်နှာဖုံးနှင့်လူက
“ကဲ၊ စာရေးကြီး၊ ကျုပ် ခုနက ဘယ်လောက်နိုင်ထားသလဲ”
စာရေးကြီးက ပုရပိုက်ကိုယူလိုက်ကာ
“စုစုပေါင်း အသပြာ လေးထောင့်ငါးရာ့နှစ်ဆယ်ပါ”
“ကောင်းပြီ၊ ငါအကုန်ပေးပြီးဝယ်မယ်”
ပရိသတ်များအကုန်မျက်လုံးပြူးနေသည်။ အသပြာလေးထောင်ဆိုသည်မှာ အလွန်များပြားသည့်ပမာဏဖြစ်သည်။ နောက်ဆုံးတော့ ထိုထက်ပိုပေးနိုင်သူမရှိတော့သဖြင့် အနက်ရောင်မျက်နှာဖုံးတပ်ထားသည့်လူကသာ စည်သူကို ရရှိသွားတော့သည်။ ထောင်မှူးက အရှေ့သို့တက်လိုက်ပြီး
“ဒါဆိုရင် ထုံးစံအတိုင်း ရောင်းချလို့ရရှိလာတဲ့ ငွေကြေးရဲ့ ဆယ်ပုံတစ်ပုံကို ဒီတိုက်ပွဲကြီး တည်တန့်နိုင်အောင် ကျုပ်က ယူပါ့မယ်”
ငွေရေးကြေးရေးများ ရှင်းလင်းနေသည့်အချိန်တွင် စည်သူတို့အား ထောင်စောင့်များက ဆွဲခေါ်လာခဲ့သည်။ လက်မရွံ့ထောင်ကြီးအတွင်း အကျဉ်းတိုက်တစ်ခုအတွင်းသို့ သူတို့ကိုခေါ်လာသည်။ ထိုအကျဉ်းတိုက်မှာ သူတို့နေခဲ့သည့် အကျဉ်းတိုက်မဟုတ်ပေ။ အကျဉ်းတိုက်အတွင်းတွင် အကျဉ်းခန်းများရှိပြီး ထိုအထဲတွင်လည်း အကျဉ်းသား အများအပြားရှိသည်။
“ကြောင်က ဒီအကျဉ်းတိုက်ထဲမှာနေ၊ ဒီအကျဉ်းတိုက်ထဲက လူတွေက မင်းတို့ကိုဝယ်ယူခဲ့တဲ့သူ ပိုင်တဲ့အကျဉ်းသားတွေချဉ်းဘဲ ထားတဲ့နေရာကွ”
ထောင်စောင့်များက ဦးသက်ရှည်ကို အကျဉ်းခန်းတစ်ခုအတွင်းသို့ ထည့်လိုက်သည်။ နောက်တော့ စည်သူကိုလည်း အကျဉ်းခန်းတစ်ခုအတွင်းသို့ထည့်လိုက်သည်။
“လင်းနို့၊ ဒါက မင်းနေရမယ့်အခန်း”
အကျဉ်းခန်းကို လေးဘက်လေးတန် အုတ်နှင့်ကာရံထားပြီး ဝင်ပေါက်အနေဖြင့် သစ်လုံးတံခါးတစ်ခုသာရှိသည်။ စည်သူက အကျဉ်းခန်းအတွင်းသို့ဝင်လိုက်ရာ အခြားအကျဉ်းသား နှစ်ဦးကိုတွေ့လိုက်ရသည်။ အကျဉ်းခန်းမှာ အကျဉ်းထောင်နှင့်ပင်မတူဘဲ အိမ်ကြီးတစ်ခုနှင့်ပင်တူနေသည်။ အတွင်းတွင်တော့ အကောင်းစားကော်ဇောများကိုခင်းထားကာ သလွန်များနှင့် စောင်၊ ခေါင်းအုံးများကိုချထားသည်။ သူဝင်လာသည်နှင့် အခြားအကျဉ်းသားနှစ်ဦးက မတ်တပ်ရပ်ပြီးသူ့ဆီလျှောက်လာသည်။
“မင်းကလူသစ်ထင်တယ်၊ ကြိုဆိုပါတယ်ကွာ၊ ငါကတော့ နွား၊ ဟိုတစ်ကောင်ကတော့ ကြက်ဖကွ”
ဗလတောင့်တောင့်နှင့်လူနှစ်ယောက်ဖြစ်ပြီး စည်သူအား ကြိုဆိုကြသည်။ စည်သူက ကော်ဇောပေါ်တွင် ထိုင်ချလိုက်သည်။
“လတ်စသတ်တော့မင်းက စကားမပြောတတ်ဘူးပဲကွ၊ ကောင်းတာပေါ့ကွာ၊ မင်းစကားမပြောတတ်တော့ ငါတို့နားငြီး သက်သာတာပေါ့ကွာ၊ ဟား၊ ဟား”
ထိုလူများရယ်မောနေကြသည်။ မကြာခင်မှာပင် အကျဉ်းတိုက်တံခါးပွင့်လာပြီး အနက်ရောင်မျက်နှာဖုံးဝတ်ထားသည့် လူကြီးတစ်ယောက်ဝင်လာလေသည်။ သူ့အနောက်တွင်လည်း ထောင်မှူးနှင့် ထောင်စောင့်များပါလာသည်။ နွားနှင့်ကြက်ဖမှာ မြေပြင်တွင် ဒူးထောက်ထိုင်ချလိုက်သည်။
“သခင့်ကို ကြိုဆိုပါတယ်”
“အေးကွာ၊ ဘယ်လိုလဲကွ လင်းနို့ရ၊ မင်းဒီအကျဉ်းတိုက်ထဲမှာ နောက်ဆိုရင်နေပျော်သွားမှာပါ၊ မင်းအတွက် ငါအသပြာလေးထောင်ကျော် အကုန်ခံထားရတာနော်၊ မင်းငါ့ကို စိတ်မပျက်စေနဲ့”
ထိုလူကြီးက ပြောလိုက်ရာ နွားနှင့် ကြက်ဖမှာ မျက်လုံးပြူးသွားသည်။
“သခင်ကြီး၊ ဒီမလောက်လေး မလောက်စားအကောင်ကို လေးထောင်တောင် ပေးရတယ်လို့ဗျာ”
ထိုလူကြီးက ထပြောသည့် ကြက်ဖကို ကြာပွတ်ဖြင့်ရိုက်လိုက်သည်။
“ငါမပြောခိုင်းဘဲ မင်းမပြောနဲ့၊ မင်းတို့က တိရစ္ဆာန်တွေလေ၊ တိရစ္ဆာန်က လူစကားမပြောတတ်ဘူးဆိုတာ မင်းနားမလည်ဘူးလား”
ထို့နောက် ထိုလူကြီးက သလွန်တွင်ထိုင်လိုက်သည်။ ထောင်မှူးကိုမျက်ရိပ်ပြလိုက်သောအခါ ထောင်မှူးက လူတစ်ချို့ကိုခေါ်လိုက်သည်။ မိန်းကလေးသုံးယောက်က ဒေါင်းလန်းဗန်းကြီးများကိုင်ကာ အတွင်းသို့ဝင်လာသည်။ ဒေါင်းလန်းထဲတွင်တော့ စားသောက်ဖွယ်ရာများ အပြည့်နှင့်ဖြစ်သည်။
“မင်းတို့အစားလည်းဝအောင်စား၊ ပြီးတော့ ကောင်မလေးတွေကိုလည်း မင်းတို့သဘောကျလုပ်ပေါ့ကွာ၊ အေး၊ ဒါပေမယ့် တစ်ရက်ပဲရမယ်နော်၊ ဒီတစ်ရက်တောင်မှ ငါကစိတ်ကောင်းဝင်နေလို့ မင်းတို့ကို ကျွေးတာ”
နွားနှင့် ကြက်ဖမှာ ကောင်မလေးများကိုဆွဲဖက်လိုက်ကြလေသည်။
“ဒါနဲ့ ကြက်ဖရေ၊ ငါ့ကို ကြက်ဖလိုအော်ပြစမ်းပါအုံးကွ”
ကြက်ဖက လက်နှစ်ဖက်ကို ချိုင်းကြားအတွင်းသို့ထည့်ကာ ကြက်တောင်ပံပုံစံလုပ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်လျှက်
“အောက်၊ အီး ၊ အီး အွတ်”
ထိုသို့အော်ဟစ်လိုက်ရာ ထိုလူကြီးက ပြုံးရယ်နေလေသည်။
“ကဲ ငနွားရော၊ ငါ့ကို နွားလိုလုပ်ပြစမ်းပါအုံးကွာ”
နွားက လက်နှစ်ဖက်ကို ခေါင်းတွင် ဂျိုပုံစံထောင်လိုက်ကာ လေးဖက်ကုန်းလိုက်ပြီး နှာမှုတ်ပြသည်။ အနောက်ခြေထောက်ကိုလည်း ခွာယက်သည့်ပုံစံ ယက်ပြလေသည်။
“ဘွတ်အဲ၊ ဘွတ်အဲ”
နွားလိုလုပ်ပြလေရာ ထိုလူကြီးက လက်ခုပ်လက်ဝါးတီးပြီး အားရပါးရ အော်ဟစ်လိုက်သည်။
“ကဲ၊ ငါ့ရဲ့ လင်းနို့အသစ်ကလေးရော”
စည်သူက ထိုင်နေရာမှ မထဘဲ ငြိမ်နေလေသည်။ ထိုလူကြီး စိတ်ဆိုးသွားပုံရသည်။ ထိုအခါ ထောင်မှူးက အနားသို့ကပ်လာပြီး
“လူကြီးမင်း၊ ဒီလူက စကားမပြောနိုင်ပါဘူး၊ သူ့ကို လျှာဖြတ်ခံထားရပါတယ်”
ထိုအခါ ထိုလူကြီးက စည်သူ့အနားသို့ တိုးကပ်လာကာ စည်သူ၏ ပါးစပ်ကိုဖြဲကြည့်သည်။ ထို့နောက် လျှာအတိုလေးကိုကြည့်ရာ ရယ်မောလေသည်။
“လျှာဖြတ်ခံရတယ်ဆိုတော့ မင်းက တော်တော်စကားများတဲ့ကောင်ပဲဖြစ်ရမယ်ကွ၊ ဟား၊ ဟား”
ထို့နောက် ထိုလူကြီးက ပြန်ထွက်ရန်ပြင်ဆင်သည်။
“နောက်တစ်ပတ်ကျတော့ ကြက်ဖရေ၊ မင်းအလှည့်နော်၊ မင်းငါ့ကို စိတ်မပျက်ရစေနဲ့”
ကြက်ဖက ပလုပ်ပလောင်းစားနေရင်း အောက်အီးအီးအွတ်ဟု ထအော်လိုက်ရာ ထိုလူကြီးရော ထောင်စောင့်များပါ ရယ်မောလျှက် ထွက်သွားကြသည်။ နွာကြီးက စည်သူအနားသို့တိုးကပ်လာသည်။
“မင်းကအခုမှရောက်တာဆိုတော့ အနေရအထိုင်ရ ခက်နေမှာပေါ့ကွာ၊ မပူပါနဲ့ ပျော်ပျော်နေစမ်းပါကွ၊ ငါတို့ဒီလိုသခင်ကြီးမျိုးနဲ့ တွေ့တာ ကံကောင်းလို့ပဲကွ”
ကြက်ဖကလည်း ကောင်မလေးတစ်ယောက်ကို ပွေ့ဖက်ရင်း
“ဟုတ်ပ့ါကွာ၊ ငါတို့အပြင်မှာနေရရင်တောင် ဒီလိုမျိုး စည်းစိမ်မခံစားရဖူးဘူး၊ အခု ဓါးပြမှုနဲ့ သေဒဏ်ပေးခံရတော့မှ ဒီလိုမျိုးလာပြီး ခံစားနေရတယ်ကွာ၊ ဟား၊ ဟား”
နွားကြီးက စည်သူကိုကြည့်ပြီး
“စားစရာရှိတာစား၊ အိပ်စရာရှိတာအိပ်စမ်းပါကွ၊ ငါတို့က ဘယ်တော့သေမယ်ဆိုတာ မသိနိုင်တော့ဘူးမဟုတ်လား၊ ဒီတော့ ကျန်တဲ့အချိန်လေးမှာ သောက်သောက်စားစားနဲ့ ပျော်ပျော်နေစမ်းပါကွာ”
နွားကြီးနှင့် ကြက်ဖတို့မှာ သောက်စားပြီး ကောင်မလေးများနှင့် ပလူးနေကြလေသည်။ စည်သူအနီးတွင်လည်းကောင်မလေးတစ်ယောက်က ထိုင်နေပြီး ဒေါင်းလန်းကြီးကိုလဲ ချထားသည်။ စည်သူက ထိုကောင်မလေးအား အသေအချာကြည့်ပြီးနောက် ကောင်မလေးကို ပွေ့ဖက်လိုက်လေသည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။