အပိုင်း (၂)
ပင်လယ်ကမ်းခြေရှိ သဲသောင်ပြင်ကြီးက ဖြူလွှလွှတည်ရှိနေသည်။ သဲသောင်ပြင်ပေါ်တွင် လူသွားလူလာကင်းမဲ့နေလေသည်။ မနက်ပိုင်းဆိုလျှင် ထိုသဲသောင်ပြင်ကြီးက ကြက်ပျံမကျစည်ကားလှသော်လည်း ယခုအချိန်တွင်တော့ မိုးရွာသည်ကတစ်ကြောင်း ညမှောင်နေသည်က တစ်ကြောင်းမို့ လူတစ်ယောက်မှပင်မရှိတော့ပေ။ မိုးရွာပြီး လေပြင်းတိုက်နေသောကြောင့် ပင်လယ်ပြင်ကြီးကလည်း ဗြောင်းဆန်နေပြီး လှိုင်းလုံးကြီးများက ကမ်းခြေသို့ တဝုန်းဝုန်းနှင့် ရိုက်ခတ်နေလေသည်။ ထိုပင်လယ်ကမ်းခြေ၏ ဘေးဖက်တွင်တော့ ကမ်းနားလမ်းကြီးတည်ရှိပြီး၊ ကမ်းနားလမ်းကြီး၏ ဘေးဖက်တွင် ဆိုင်ခန်းများတည်ရှိသည်။ ထိုဆိုင်ခန်းများထဲတွင် ထွန်းဂယ်လာရီကလည်း အပါအဝင်ဖြစ်သည်။ ဦးမောင်က ဂယ်လာရီရှေ့တွင် ကားကိုထိုးရပ်လိုက်သည့်အခါ ဂယ်လာရီအပေါ်ရှိ ပြတင်းပေါက်မှ လိုက်ကာစများလှုပ်ခတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ဦးမောင်က ကားပေါ်မှဆင်းလိုက်ပြီး ဂယ်လာရီအရှေ့တွင် တပ်ဆင်ထားသည့် လူခေါ်ဘဲလ်ကလေးကို အကြိမ်များစွာနှိပ်လိုက်သည်။ သို့သော် ပြန်လည်တုန့်ပြန်မှုကို မကြားရပေ၊ သို့နှင့် တံခါးမကြီးကို ခပ်ကျယ်ကျယ်ထုရိုက်လိုက်သည်။
“တံခါးဖွင့်စမ်းပါကွ၊ မင်းအထဲမှာရှိတယ်ဆိုတာ ငါသိပါတယ်”
ထိုစဉ် တံခါးဆီသို့ လူတစ်ယောက်လမ်းလျှောက်လာသည့်ခြေသံကိုကြားလိုက်ရသည်။ ခြေသံက မာကျောကျောဖြစ်ပြီး ခပ်ဆတ်ဆတ်လမ်းလျှောက်နေသည်မို့ ယောက်ျားတစ်ဦးဖြစ်မည်ဟု သိလိုက်ရသည်။ ထင်သည့်အတိုင်းပင်
“အဲဒီအရှေ့မှာ ဆိုင်ပိတ်သည်လို့ စာကပ်ထားတာမတွေ့ဘူးလား”
ပြခန်းအတွင်းမှ ယောက်ျားတစ်ယောက်၏ ခပ်သြသြအသံကထွက်ပေါ်လာလေသည်။
“လုပ်စမ်းပါ ငါမင်းနဲ့ပြောစရာတစ်ခုရှိတယ်”
“ဒီအချိန်က စီးပွားရေးကိစ္စ ပြောဖို့အချိန်ကောင်းမဟုတ်ဘူးထင်တယ်မိတ်ဆွေ”
“ငါက စုံထောက်ပါ၊ ငါ့နာမည် စုံထောက်ဦးမောင်”
အိမ်အတွင်းမှ အသံက တိတ်ဆိတ်သွားသည်။
“ငါမင်းနဲ့စကားနည်းနည်းပြောချင်တယ်”
ထိုအချိန်တွင် ပြခန်းတံခါးမှာ ပွင့်သွားပြီးနောက် လူတစ်ယောက်က သေနတ်ကိုင်လျှက် ထွက်လာလေသည်။ ဦးမောင်က သူ့လက်တွေကို မြှောက်ထားလိုက်သည်။
“ခင်ဗျားကိုသတ်ဖို့လည်း ကျုပ်ဝန်မလေးဘူးဆိုတာ ခင်ဗျားသိလား”
ဦးမောင်က သက်ပြင်းချလိုက်သည်။ ထိုလူက အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး ဆံပင်က ဂုတ်ဝဲလောက်အထိရှည်လျားသည်။ နှာတံပေါ်ပေါ် အသားခပ်လတ်လတ်နှင့် ယောက်ျားပီသသည့် လူတစ်ဦးဖြစ်သည်။
“လူတိုင်းက ဘဝမှာတစ်ခါတော့ မှားတတ်ကြတာပဲ၊ ဒါပေမယ့် အဲဒီအမှားကို ထပ်ကာတလဲလဲကျူးလွန်တယ်ဆိုရင်တော့ အဲဒီလူလောက်မိုက်တဲ့လူရှိပါတော့မလား”
ထိုလူက အနည်းငယ်တွေဝေသွားသည်။ ထို့နောက် သူ့မျက်နှာတွင် ဝေခွဲမရသည့် အမူအရာမျိုးဖြစ်လာခဲ့သည်။ တစ်ဖန် ဝမ်းနည်းပြီး စိုးရိမ်ထိတ်လန့်သည့် မျက်နှာအဖြစ်ပြောင်းလဲသွားလိုက်သည်။ သူ့သေနတ်ကိုလဲ အောက်သို့ချလိုက်သည်။
“ခင်ဗျားအကုန်သိထားပြီပေါ့”
ဦးမောင်ဆင်လိုက်သည့် အကွက်ထဲသို့ ထိုလူက တန်းတန်းမတ်မတ်ဝင်လာခဲ့ပြီဖြစ်ရာ
“ဧကရီက ငါ့ကိုအကုန်ပြောပြီးပြီ”
ထိုလူက ငိုင်ကျသွားသည်။
“လုပ်စမ်းပါကွ၊ ငါ့ကိုအထဲဝင်ခွင့်မပေးတော့ဘူးလား၊ မင်းသေနတ်ကိုင်ထားတာကို တစ်ယောက်ယောက်ကမြင်သွားရင် မင်းပိုပြီးအမှုကြီးသွားနိုင်တယ်နော်”
ထိုလူက သေနတ်ကို ဘောင်းဘီခါးကြားထဲသို့ ထိုးထည့်လိုက်ပြီး ဦးမောင်ကိုကြည့်လိုက်သည်။
“ကဲ ကျုပ်ရဲ့ပြခန်းကနေ ကြိုဆိုပါတယ်”
ဦးမောင်လည်း ပြုံးပြီး အထဲသို့လိုက်ဝင်ခဲ့သည်။ အမှန်တော့ ဦးမောင်အနေဖြင့် ဘာမှရေရေရာရာမသိရသေး၊ သို့သော် ထိုလူ၏ ပြောဆိုချက်များအပေါ်မူတည်ပြီး ရိပ်ဖမ်းသံဖမ်းဖြင့် နားလည်လိုက်ခြင်းဖြစ်သည်။ ထိုလူက ကျုပ်ခင်ဗျားကို သတ်ဖို့လည်း ဝင်မလေးဘူးဆိုသည့် စကားအသွားအလာကိုကြည့်ချင်းအားဖြင့် အရှေ့တွင် တစ်ယောက်ယောက်ကိုသတ်ခဲ့သည်ဟု အဓိပ္ပါယ်ကို ကောက်ချက်ချနိုင်လေသည်။
ပြခန်းအတွင်းတွင်တော့ ပန်းချီကားချပ်မျိုးစုံကို နံရံတွင် ချိတ်ဆွဲထားလေသည်။ ထိုပန်းချီကားချပ်များအလယ်တွင် ဆက်တီတစ်စုံရှိသည်။ ဦးမောင်က ဆက်တီထိုင်ခုံတွင်ထိုင်လိုက်သည်။
“ကော်ဖီသောက်တယ်မဟုတ်လား”
“မင်းတိုက်ချင်တယ်ဆိုရင်တော့ ငါသောက်ပါ့မယ်”
ထိုလူက အိမ်နောက်ဖေးသို့ဝင်သွားလေသည်။ ဦးမောင်လည်း စုံထောက်ပီပီအခန်းတစ်ခုလုံးကို အသေအချာကြည့်လိုက်သည်။ ပန်းချီပုံများထဲတွင် လူပုံများက ပို၍များပြားသည်။ လူပုံများမှာလည်း ဓါတ်ပုံတစ်ပုံကို ကြည့်နေရသည့်အလား အလွန်အသက်ဝင်လှသည်။ ဦးမောင်က မတ်တပ်ရပ်လိုက်ပြီး ပန်းချီပုံများကိုအသေအချာလိုက်ကြည့်သည်။ ပြခန်းဘေးနားရှိ အခန်းတံခါးမှာ ပွင့်နေသည်မို့ အသာကလေးတွန်းဖွင့်လိုက်သည်။ ထိုအခန်းတွင် ဆေးရောင်မျိုးစုံ ပေကျံလျှက်ရှိပြီး ပန်းချီကားဘောင်များနှင့် ကန်းဗတ်စ် စများ၊ ဆေးပုံးများ၊ ကားလိပ်များကိုတွေ့ရသည့်အတွက် ပန်းချီအလုပ်ခန်းဖြစ်မှန်း ဦးမောင်ရိပ်စားမိလိုက်သည်။
ထိုအခန်းအလယ်တွင် ပန်းချီကားတစ်ချပ်ကို ထောက်တံဖြင့်ထောက်ထားကာ ပိတ်စိမ်းပါးကလေးအုပ်ထားလေသည်။ ဦးမောင်လည်း ထိုပိတ်စိမ်းပါးကလေးကို လှန်ကြည့်လိုက်ရာ ဦးဇော်ဇော်၏ ပုံတူပန်းချီကားဖြစ်နေလေသည်။ ပန်းချီကားမှာ ရေးဆွဲအပြီးမသတ်ရသေးသော်လည်း ဦးမောင်က ပုံကြမ်းကိုကြည့်ပြီး ဦးဇော်ဇော်မှန်းသိလိုက်ရသည်။
“ဘယ်လိုလဲ ကျုပ်လက်ရာကောင်းတယ်မဟုတ်လား”
အနောက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ထိုလူက ကော်ဖီခွက်ကလေးနှစ်ခွက်ကိုင်ထားပြီး အခန်းထဲသို့ဝင်လာသည်။
“ဒါက သေဆုံးသွားတဲ့ ဦးဇော်ဇော်ရဲ့ပုံမဟုတ်လား”
“ဟုတ်တယ်၊ ရှေ့လမှာ သူ့မွေးနေ့ရှိတယ်၊ သူ့မွေးနေ့အမီ ကျုပ်ကို ရေးဆွဲခိုင်းထားတာပေါ့၊ ဒါနဲ့ စကားမစပ် ကျုပ်နာမည်က ထွန်းမောင်ပါ၊ ကျုပ်က ပန်းချီဆရာတစ်ယောက်ပါ”
ဦးမောင်က ခေါင်းညိတ်လိုက်ပြီး
“ကျုပ်က အနုပညာကိုသိပ်ပြီးတော့ မခံစားတတ်ပေမယ့် ခင်ဗျားလက်ရာတွေ အရမ်းကောင်းတယ်ဆိုတာကိုတော့ ကျုပ်သိပါတယ်”
သူတို့အတူတူအခန်းထဲမှထွက်လာကြပြီး ဆိုဖာခုံတွင်ထိုင်လိုက်သည်။ ဦးမောင်က ကော်ဖီခွက်ကို သောက်ရန်ကြည့်လိုက်လေသည်။
“ကော်ဖီကြမ်းပဲ၊ သကြားတောင်ပါရဲ့လား”
ထွန်းမောင်က ခေါင်းခါလိုက်သည်။
“ဧည့်ဝတ်မကျေသလိုဖြစ်သွားရင် တောင်းပန်ပါတယ်၊ ကျုပ်ဆီမှာ သကြားတို့၊ နို့မှုန့်တို့မရှိဘူး၊ ကျုပ်က ကော်ဖီဆိုရင် ဘာမှမထည့်ထားတဲ့ ကော်ဖီကြမ်းကိုပဲ သောက်လေ့ရှိပါတယ်”
ဦးမောင်ခေါင်းညိတ်လိုက်ပြီး ကော်ဖီခွက်ကိုမော့သောက်လိုက်သည်။
“ကောင်းပါတယ်၊ ငါလည်း မျက်စိကျယ်သွားတာပေါ့ကွာ၊ ကဲ မင်းအကြောင်းအကုန်လုံးကို ငါသိချင်တယ်”
“ခင်ဗျားကိုကျုပ်သေနတ်နဲ့ပစ်သတ်မှာ မကြောက်ဘူးလား”
ဦးမောင်က တစ်ချက်ပြုံးလိုက်သည်။
“မင်းငါ့ကိုသေနတ်နဲ့ထုတ်ပစ်ရင် လူသတ်မှုဖြစ်မယ်၊ ငါက မင်းကိုသေနတ်နဲ့ထုတ်ပြီး ပြန်ပစ်ရင် လူသေမှုပဲကွ၊ ဘာလို့လဲဆိုတော့ ဥပဒေအရ ငါ့မှာ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိတယ်”
ထွန်းမောင်က ခါးကြားမှသေနတ်ကို စားပွဲပေါ်သို့ပစ်ချလိုက်သည်။
“ကျုပ်သူ့ကိုသတ်ချင်ခဲ့တာမဟုတ်ပါဘူးဗျာ”
“ဒါဆိုလည်း ငါသိပါရစေ”
(၆)
ထွန်းမောင်က လွန်ခဲ့သည့် တစ်နှစ်ခန့်အထိ နာမည်မကြီးသေးပေ၊ ကိုယ်ပိုင်ပြခန်းလည်းမရှိဘဲ အခြားပန်းချီပြခန်းများတွင်သာ သူရေးဆွဲထားသည့် ပန်းချီကားများကို ရောင်းချရလေသည်။ သို့သော် ထွန်းမောင်က လူပုံစံ ပုံတူရေးဆွဲလျှင် အလွန်လက်ရာမြောက်လှသည်မို့ လူပုံတူရေးသည့် ဝန်ဆောင်မှုကိုသာ တစိုက်မတ်မတ်လုပ်ဖြစ်သည်။
တစ်နေ့တော့ ဦးဇော်ဇော်က သူ့မိခင်ပုံကို ရေးဆွဲစေလိုသဖြင့် ထွန်းမောင်ကို ငှားရမ်းလိုက်သည်။ ထွန်းမောင် ကလည်း ဦးဇော်ဇော်စိတ်တိုင်းကျရေးဆွဲပေးလိုက်ရာ ဦးဇော်ဇော်မှာ အလွန်နှစ်သက်သွားလေသည်။
“ပုံကတူလိုက်တာကွာ၊ ငါ့အမေအသက်ရှိနေစဉ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ၊ မင်းလက်ရာကိုတော့ ငါကြိုက်သွားပြီ”
“ကျေးဇူးတင်ပါတယ် ဦးဇော်ဇော်”
“ငါမင်းကိုအလုပ်တွေဆက်ပြီးပေးချင်တယ်၊ ရှေ့လမှာ ငါ့မိန်းမရဲ့မွေးနေ့ရှိတယ်၊ ငါသူ့အတွက် အမှတ်တရဖြစ်အောင်လို့ သူ့ပုံစံတူ ကိုယ်လုံးပေါ် ပန်းချီကားကို ပေးချင်တယ်”
“ကောင်းပါပြီ ကျုပ်ဆွဲပေးပါ့မယ်”
“ဒါပေမယ့် မင်းပန်းချီဆွဲနေတယ်ဆိုတာကို သူမသိစေရဘူး၊ သူ့ကိုလုံး၀ အံ့သြသွားစေချင်တယ်”
ထွန်းမောင်မျက်လုံးပြူးသွားသည်။ ထို့နောက် ခေါင်းခါလိုက်သည်။
“ဒါတော့ မဖြစ်ဘူးထင်ပါတယ်၊ ပုံစံတူဆွဲတယ်ဆိုတာ ဓါတ်ပုံကိုကြည့်ဆွဲရင်တော့ လွယ်ပါတယ်၊ ဒါပေမယ့် ကိုယ်လုံးပေါ်ပုံကိုကျတော့ သူ့ရဲ့အချိုးအစားကိုသိမှ ရေးဆွဲလို့ဖြစ်မှာပါ၊ ကျုပ်တိုင်းတာမှုတွေ လုပ်ဖို့လိုအပ်တယ်”
ဦးဇော်ဇော် အကြံအိုက်သွားသည်။ သူ့အမေပုံက မျက်နှာအနီးကပ်ပုံဖြစ်သဖြင့် သိပ်ပြီးတိုင်းတာရန်မလိုအပ်သော်လည်း ကိုယ်လုံးပေါ်ပုံကျတော့ ဧကရီ၏ ကိုယ်လုံးကို တိုင်းတာရမည်ဖြစ်သည်။ ဦးဇော်ဇော် အကြံထုတ်နေလေသည်။
“ဒါဆို ငါတို့ဘယ်လိုလုပ်မလဲ၊ ပန်းချီကားဆွဲနေတယ်ဆိုတာကိုလည်း သူသိလို့မရဘူးလေ”
“တစ်ခုတော့ရှိတယ် ဦးဇော်ဇော်၊ ကျုပ်ကို သူနဲ့ပေးတွေ့ပေးကြည့်ပါ၊ ကျုပ်သူ့အတိုင်းအတာကို အမြင်နဲ့တိုင်းတာကြည့်ချင်တယ်၊ သုံးလေးခါလောက်တွေ့ပြီးရင်တော့ ကျုပ်မှတ်မိမယ်ထင်တာပဲ”
ဦးဇော်ဇော်အကြံရသွားပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို ဒီနေ့ပဲ မင်းငါ့အိမ်ကိုလိုက်ခဲ့ကွာ၊ ငါ့အိမ်မှာ ညစာလာစားရင်း အကဲခတ်ပေါ့”
ထွန်းမောင်လည်း ခေါင်းညိတ်လိုက်သည်။ ဦးဇော်ဇော်က စာအိတ်တစ်ခုကိုဆွဲထုတ်လိုက်သည်။
“ဟောဒါသိန်းတစ်ရာတန် ချက်လက်မှတ်ပဲ၊ မင်းကို ငါစရံချထားလိုက်မယ်၊ ပြီးတော့ မင်းရဲ့လိုအပ်တာမှန်သမျှကို ငါထောက်ပံ့ပေးမယ်”
ထွန်းမောင်အလွန်ပျော်ရွှင်သွားကာ ချက်လက်မှတ်ကိုလှမ်းယူလိုက်သည်။ ညနေရောက်တော့ ဦးဇော်ဇော်နှင့်အတူတူ လိုက်လာခဲ့သည်။ ဦးဇော်ဇော်တို့နေထိုင်သည့် အိမ်ကြီးမှာ အလွန်ကြီးမားပြီး ခမ်းနားလှသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အလွန်ချောမောလှသည့် မိန်းမတစ်ယောက်က ပြေးထွက်လာလေသည်။ ဦးဇော်ဇော်၏ မျက်နှာကိုလက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပြီး ဦးဇော်ဇော်၏ နှုတ်ခမ်းကို ထိုမိန်းမက ထိကာနမ်းလိုက်လေသည်။
“အကိုကြီးပြန်လာပြီလား”
ထိုတော့မှ ထွန်းမောင်က အိမ်ထဲဝင်လိုက်သည်။ ထိုမိန်းမက ထွန်းမောင်ကိုမြင်တွေ့လိုက်ပြီးနောက် ရှက်ရွံ့သွားပုံရသည်။
“သြော်၊ အကိုကြီးက ဧည့်သည်လည်းပါလာတာကိုး”
ဦးဇော်ဇော်က ထွန်းမောင်ကိုလက်ညှိုးထိုးလိုက်ပြီး
“သူ့နာမည်ထွန်းမောင်တဲ့၊ သူက ငါနဲ့အရင်က အလုပ်တွေတွဲလုပ်ဖူးတဲ့သူတစ်ယောက်ပေါ့”
ဧကရီက စူးရှသည့်မျက်ဝန်းများဖြင့် ထွန်းမောင်တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ထွန်းမောင်ပင် စူးရှသည့်အကြည့်များကို မခံနိုင်ဘဲ မျက်နှာလွှဲနေမိသည်။
“ကြွပါရှင်၊ အကိုကြီး ပြီးရင် ညစာစားရအောင်လေ”
“အေးကွာ၊ လာ၊ ထွန်းမောင်၊ ဝင်လာခဲ့လေကွာ”
ကြီးမားလှသည့်ဆက်တီဆိုဖာကြီးပေါ်တွင် ထွန်းမောင်ထိုင်နေလိုက်သည်။ မကြာမီ ဦးဇော်ဇော်က ရေမိုးချိုး၊ အဝတ်အစားလဲပြီးသွားသဖြင့် အောက်ထပ်သို့ဆင်းလာလေသည်။
“လာကွာ၊ တစ်ခါတည်းစားပြီးမှပြန်တော့”
ထွန်းမောင်လည်း ကုပ်ချောင်းချောင်းဖြင့် အနောက်မှလိုက်ခဲ့သည်။ ဧကရီက ပါးလွှာသည့် ညအိပ်ပိုးဝတ်စုံကလေးကို ဝတ်ဆင်ထားလေသည်။ ထွန်းမောင်က ဧကရီ၏ ကိုယ်လုံးကိုစိုက်ကြည့်ကာ မျက်လုံးဖြင့် တိုင်းတာမှတ်သားနေရသည်။ ညစာ စားပွဲတွင်လည်း ထွန်းမောင်က ဧကရီအား စိုက်ကြည့်နေမိသည်။ ဧကရီဆိုသည့် အမျိုးသမီးက ကြည့်လေ၊ ကြည့်လေ လှလာလေလေဟု ထင်ရပြီး ထွန်းမောင်သူ့မျက်လုံးတွေကိုပင် ဧကရီထံမှာ မခွာတော့ပေ၊ ဦးဇော်ဇော်က ထွန်းမောင်အကြာကြီးစိုက်ကြည့်နေသဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။
“အဟမ်း၊ ထွန်းမောင်၊ စားကောင်းရဲ့လား ထည့်စားစမ်းပါကွ”
ထွန်းမောင်လည်း ထိုတော့မှ စိတ်နှင့်လူနှင့် ကပ်သည်။
“ဟုတ်ကဲ့ ကောင်းပါတယ်”
စားသောက်ပြီးသည့်အခါ ထွန်းမောင်က ပြန်သွားတော့သည်။ ဦးဇော်ဇော်က သူ့ဒရိုင်ဘာအား ထွန်းမောင်အိမ်အထိလိုက်ပို့ခိုင်းလေသည်။ ကားထဲရောက်တော့ ဒရိုင်ဘာက ဖိုင်တွဲတစ်ခုပေးလေသည်။
“အဲဒါ ငါတို့သခင်မလေး ဧကရီရဲ့ပုံတွေပဲ၊ သူဌေးကြီးက ဒီလောက်ဆိုရင် တော်လောက်ပြီလို့ ပြောခိုင်းလိုက်ပါတယ်”
အိမ်ရောက်တော့ ပုံတွေကိုဖွင့်ကြည့်သည်။ ဧကရီတစ်ယောက် တစ်ကိုယ်တည်းရိုက်ထားသည့် ကိုယ်လုံးပေါ်ပုံများဖြစ်သည်။ ခမ်းနားလှပသည့် ဂါဝန်များကိုဝတ်ဆင်ထားသည့် ဧကရီမှာ နတ်သမီးလေးတစ်ပါးအလား လှပနေလေသည်။ ဧကရီ၏ ပုံများကိုကြည့်ရင်း ထွန်းမောင်တစ်ယောက် မိန်းမောလာမိသည်။
“မဖြစ်ဘူး၊ အဲဒါ သူများမယားကြီး၊ မင်းစိတ်ကိုထိန်းထားစမ်းထွန်းမောင်”
ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်ရသည်။ ထို့နောက် ဧကရီ၏ ပန်းချီအားဆွဲရန် ပြင်ဆင်ရတော့သည်။ ကန်းဗတ်စ်အစပေါ်တွင် အရင်ဆုံး ခဲဖြင့် ကောက်ကြောင်းကလေးများကို ဆွဲရလေသည်။ ဓါတ်ပုံကိုလည်း ကြည့်ရသလို သူမြင်တွေ့ခဲ့ရသည့် အတိုင်းအတာများကိုလဲ စိတ်မှန်းဖြင့်ရေးဆွဲရလေသည်။
“လှလိုက်တဲ့မိန်းကလေးပဲကွာ”
သို့သော် ထွန်းမောင်ပုံကိုရေးဆွဲရင်းနှင့် ပုံနှစ်ပုံ ရေးဆွဲမိသွားသည်။ တစ်ပုံမှာတော့ ဝတ်ကောင်းစားလှများ၊ ရတနာများဝတ်ဆင်ထားသည့် ဧကရီ၏ ပုံဖြစ်ပြီး နောက်တစ်ပုံမှာတော့ ဧကရီ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို အသားပေးရေးဆွဲထားသည့် ဝတ်လစ်စားလစ်ပုံတစ်ပုံဖြစ်သည်။ နှစ်ပုံစလုံးကို တစ်ပြိုင်တည်းရေးဆွဲနေမိသည်။
သို့နှင့် ဆယ့်ငါးရက်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။
“ဒေါက်၊ ဒေါက်၊ ဒေါက်”
အခန်းတံခါးကို ထုရိုက်သံကြားလိုက်သဖြင့် ထွန်းမောင်အိပ်နေရာမှ ကုန်းထလိုက်သည်။ တစ်ညလုံးလိုလို ပန်းချီရေးဆွဲပြီး မိုးလင်းခါနီးမှ အိပ်စက်ရသည်မို့ အိပ်ရေးမဝဘဲ မကြည်မလင်ဖြစ်နေသည်။
“ဘယ်သူလာတာပါလိမ့်”
ထွန်းမောင်က အိပ်ရာမှထလိုက်ပြီး အိမ်တံခါးကိုသွားဖွင့်လိုက်သည်။ အိမ်တံခါးဖွင့်လိုက်သည့်အခါ ဧကရီကို မြင်တွေ့လိုက်ရသဖြင့် ထွန်းမောင်မျက်လုံးများဝိုင်းစက်သွားသည်။
“ဧ . . ဧကရီ”
ဧကရီက အိမ်အတွင်းသို့လှမ်းဝင်လိုက်သည်။
“ရှင်နဲ့အကိုကြီးနဲ့ ဘာတွေကြံစည်နေသလဲဆိုတာ ကျွန်မသိပြီးပြီ”
ဧကရီက အိမ်အတွင်းလှည့်ပတ်ကြည့်နေသည်။ ထို့နောက် ပိတ်စိမ်းပါးဖြင့်အုပ်ထားသည့် ပန်းချီကားအနီးသို့လျှောက်သွားလိုက်သည်။
“ဒါကျွန်မပုံမဟုတ်လား”
ထွန်းမောင်က လက်ဖျားတွေတုန်ယင်နေပြီး
“မဟုတ်၊ မဟုတ်”
ထိုစဉ်မှာပင် ဧကရီက ပိတ်စိမ်းပါးကို ဆွဲလှန်လိုက်လေသည်။
“အို . . .”
ဧကရီ အံ့သြမှင်တက်သွားပြီး ရေရွတ်မိလိုက်သည်။ သူမြင်တွေ့လိုက်ရသည့်ပုံမှာ သူ့ပုံဖြစ်သော်လည်း အဝတ်အစားများမပါဘဲ ဝတ်လစ်စားလစ်ဖြင့် အိပ်ရာပေါ်တွင် လဲလျှောင်းအိပ်စက်နေသည့် ပုံဖြစ်နေသည်။ သူ၏ ဝင်းဝါသည့်အသားအရေများ၊ တင်းရင်းသည့် သားမြတ်၊ ချပ်ရပ်သည့် ဗိုက်သားများနှင့် လုံးဝင်းပြည့်ဖြိုးနေသည့် ခါးအောက်ပိုင်းအလှနှင့်အတူ ခြေချောင်းကလေးများ ပေါင်တံကလေးများမှာလည်း ဓါတ်ပုံတစ်ခုကိုမြင်နေရသည့်အလား အလွန်လှပနေလေသည်။
“လှ၊ လှလိုက်တာ”
ဧကရီက သူ့ပုံကို သူကြည့်ရင်း အံ့သြနေမိပြန်သည်။ ထို့နောက်ထွန်းမောင်ဘက်သို့လှည့်လိုက်သည်။
“အဲဒီပုံမဟုတ်ပါဘူး၊ ကျုပ်ရေးနေတာက ဟိုဖက်ကပုံပါ”
ဧကရီက ဘေးဘက်မှ ပန်းချီကားကို လှန်လှောကြည့်လိုက်ရာ မင်းသမီးလေးတစ်ပါးအလား လှပတင့်တယ်နေသည့် သူ့ပုံကိုတွေ့လိုက်ရသည်။ ဧကရီက ထွန်းမောင်အနီးသို့လမ်းလျှောက်လာသည်။
“မင်းကဘာလို့ နှစ်ပုံဆွဲထားတာလဲ”
ထွန်းမောင် ဘာမှမပြောနိုင်တော့ပေ။
“ဟိုလေ၊ ဟိုလေ”
“ဘာမှမဖြစ်ပါဘူး၊ အဝတ်အစားပါတဲ့ပုံထက်၊ အဝတ်အစားမပါတဲ့ပုံကို ငါကြိုက်တယ်”
ထွန်းမောင်ရင်တွေခုန်နေမိသည်။
“ဒါနဲ့ ငါတစ်ခုလောက်မေးချင်လို့ အဝတ်အစားမပါတဲ့ပုံမှာ အင်္ဂါမစုံဘူးဖြစ်နေတယ်”
“ဟို၊ ဟိုလေ အဲဒါက ကျုပ်က စိတ်မှန်းနဲ့ရေးဆွဲတာဆိုတော့လေ . . .”
“သြော်၊ မင်းက မမြင်ဖူးဘူးလို့မဟုတ်လား၊ ဘယ်လိုလဲ အင်္ဂါစုံသွားအောင်လို့ ငါမော်လ်ဒယ်ထိုင်ပေးရမလား”
ထွန်းမောင် အံ့သြလွန်းပြီး ငေးကြည့်နေသည့်အချိန်မှာပင် ဧကရီက သူဝတ်ဆင်ထားသည့် ဂါဝန်ရှည်အားချွတ်ချပစ်လိုက်လေသည်။ ထွန်းမောင်မျက်လုံးတွေ အလွန်ပြူးကျယ်သွားသည်။ ဧကရီမှာ အောက်ခံအဝတ်အစားများပါ အားလုံးချွတ်ချလိုက်သည်။
“ပုံကလေးကို အင်္ဂါစုံအောင်တော့ ဆက်ဆွဲပါအုံးကွာ”
ထွန်းမောင်နှလုံးခုန်နှုန်းတွေမြန်လာသည်။ လက်ဖျားခြေဖျားတွေ အေးစက်လာခဲ့သည်။ ထို့နောက် သူ့ရှေ့တွင်ရပ်နေသော ဧကရီအား ဆွဲပွေ့လိုက်တော့သည်။
(၇)
ခမ်းနားကြီးကျယ်လှသည့် ဟိုတယ်ကြီးတစ်ခုတွင် ဧကရီ၏ မွေးနေ့ပွဲကို ကျင်းပလေသည်။ ထွန်းမောင်လည်း ပန်းချီကားလာပေးရင်း ဦးဇော်ဇော်က ဖိတ်ကြားသဖြင့် တက်ရောက်ဖြစ်သည်။ မွေးနေ့ကိတ်မုန့်ခွဲပြီးသောအခါ ဦးဇော်ဇော်က ပိတ်စဖြင့်အုပ်ထားသည့် ဧကရီ၏ ပန်းချီကားကိုဖွင့်ပြလိုက်လေသည်။
“ဟယ်၊ အဲဒါ ဧကရီ့ပုံလား အကိုကြီး”
“ဘယ်လိုလဲ၊ ဧကရီအံံ့သြသွားသလား”
“အရမ်းအံ့သြတာပဲအကိုကြီးရယ်”
အလွန်အံ့သြနေပြီး ဝမ်းသာသည့်ပုံဖြစ်နေသည့် ဧကရီကိုအဝေးမှလှမ်းကြည့်နေရင်း ထွန်းမောင်ရယ်မောလိုက်မိသည်။ ဧကရီက လူရှေ့မှာပင် ဦးဇော်ဇော်နှင့် နမ်းရှုပ်နေကြလေသည်။ ဧည့်ပရိသတ်များကလည်း လက်ခုပ်လက်ဝါးတီးကာ အားပေးနေသည်။ အမှန်တော့ လဝက်အတွင်း ထွန်းမောင်၏ အိမ်သို့ ဧကရီက အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးသည်။ သူတို့အတူတူ ငြိစွန်းခဲ့ကြဖူးသည်။ သို့သော်လည်း ဧကရီက အများရှေ့တွင် ဟန်ဆောင်ကောင်းလွန်းလှသည်။ ထွန်းမောင်လည်း ဟိုတယ်အတွင်းမှပြန်ထွက်ခဲ့သည်။
“သွားပြီဧကရီ၊ မင်းကို ငါအပြီးတိုင်နှုတ်ဆက်လိုက်ပြီ၊ မင်းပျော်တဲ့အရပ်မှာပဲ နေပါတော့ကွာ”
ထွန်းမောင်လည်း ဟိုတယ်အရှေ့တွင် ရပ်ထားသည့် တက္ကစီကိုငှားစီးလိုက်ကာ အိမ်သို့ပြန်လာခဲ့သည်။ နောက်သုံးရက်မြောက်သည့်နေ့တွင် ဧကရီက သူ့ထံသို့ရောက်လာခဲ့သည်။ ထွန်းမောင်အိမ်တံခါးဖွင့်လိုက်သည့်အချိန်မှာပင် ဧကရီက သူ့အားပြေးဖက်လိုက်သည်။ ထွန်းမောင်ထိုစဉ်က ပြခန်းမဖွင့်ရသေးပေ၊ ဆင်ခြေဖုံးရပ်ကွက်မှ ရှစ်ထပ်တိုက်တစ်လုံးတွင် အခန်းငှားရမ်းကာ နေထိုင်ခြင်းဖြစ်သည်။
“မောင့်ကို အရမ်းလွမ်းနေပြီမောင်”
ထွန်းမောင်က ဧကရီအား တွန်းထုတ်လိုက်သည်။ သူ့မျက်နှာကလည်း တည်ကြည်နေလေသည်။ ဧကရီက ရယ်မောနေသည့်မျက်နှာဖြင့်
“ကဲ၊ မောင်က ဘာတွေဖြစ်နေတာလဲ”
“ငါနဲ့မင်းနဲ့ ဒီလောက်နဲ့ရပ်ကြစို့ ဧကရီ”
ဧကရီမျက်လုံးကလေးများ ပြူးကျယ်သွားလေသည်။
“ဘာဖြစ်လို့လဲမောင်ရဲ့၊ ဧကရီ့ကို မောင်မချစ်တော့ဘူးလား၊ ဧကရီကတော့ မောင့်ရဲ့သွယ်လျတဲ့ အနုပညာလက်ချောင်းကလေးတွေကိုလွမ်းနေတာကို”
ပြောရင်း ထွန်းမောင်၏ လက်ချောင်းကလေးများကိုပွတ်သပ်နေလေရာ ထွန်းမောင်က လက်ကို ခါချလိုက်သည်။
“တော်ပြီ ဧကရီ၊ ငါ့ကို မင်းရဲ့အလှအပတွေနဲ့ မဖြားယောင်းပါနဲ့တော့၊ ငါက အနုပညာသမားတစ်ယောက်ပါ၊ ဒါပေမယ့် ကြာကူလီကောင်မဟုတ်ဘူး”
ထွန်းမောင်က တစ်ဖက်သို့လှည့်လိုက်သည်။
“အရင်က ငါမင်းနဲ့မှားခဲ့ဖူးတယ်ဆိုတာ ငါဝန်ခံတယ်၊ ဒါပေမယ့် ရှေ့ဆက်ပြီး မမှားသင့်တော့ဘူးလို့ငါထင်တယ် ဧကရီ၊ ဒါကြောင့်မို့လို့သွားပါတော့၊ ငါတို့ထပ်ပြီး မပတ်သက်ချင်တော့ဘူး”
ဧကရီ၏ မျက်ဝန်းမှ မျက်ရည်များက စီးကျလာလေသည်။
“ရက်စက်လှချည်လားမောင်ရယ်၊ မောင်ပြောတဲ့အတိုင်းဆို ဧကရီက မောင့်အတွက်ဘာမှမဟုတ်ဘူးပေါ့၊ မောင့်အတွက် အမှားတစ်ခုထက် မပိုဘူးပေါ့လေ၊ ပြောစမ်းပါ ဧကရီက ဘာတွေများမှားနေလို့လဲ၊ အကိုကြီးက ဧကရီရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ မောင့်ဆီက နွေးထွေးမှုတွေ လိုချင်ခဲ့မိတာ၊ အဲဒါက အမှားတစ်ခုလား၊ ဧကရီက အမှားတစ်ခုလား မောင်ရဲ့”
ဧကရီက ထိုသို့ပြောရင်း ထွန်းမောင်၏ နောက်ကျောကို လက်သီးနှင့်ထုနှက်နေလေသည်။ မိန်းမသားအားမို့ လက်သီးချက်က အားပျော့သော်လည်း ထွန်းမောင်၏ရင်ထဲတွင်တော့ ဆယ်ပေါင်တူကြီးနှင့် အထုခံရသလို နာကျင်နေမိသည်။ ထွန်းမောင်လည်း မျက်ရည်များကျဆင်းလာသည်။ သို့သော်လည်း သူလက်ခံ၍မဖြစ်တော့။
“မှားတယ်ဧကရီ၊ မင်းက သူများမိန်းမဖြစ်နေတာကိုက ငါ့အတွက်အမှားပဲ”
ဧကရီ ဘာမှမပြောတော့ဘဲ အခန်းထဲမှပြေးထွက်သွားသည်။ ထွန်းမောင်ကတော့ သူ့အိပ်ခန်းနံရံတွင် ချိတ်ဆွဲထားသည့် ဧကရီ၏ အဝတ်အစားမပါသည့် ပုံကြီးကိုငေးကြည့်ရင်း မျက်ရည်တွေကျဆင်းလာခဲ့သည်။ ထို့နောက် ထိုပုံကြီးကို ဆွဲဖြုတ်လိုက်သည်။ ကတ်ကြေးချွန်တစ်ခုကို ဆွဲယူလိုက်ပြီး ထိုပုံကိုထိုးစိုက်ချလိုက်ကာ တစ်စစီညှပ်ထုတ်ပစ်လိုက်သည်။ ထို့နောက် ထိုပုံကြီးကို အမှိုက်ပုံးအတွင်းသို့ ပစ်ထည့်လိုက်ပြီး ထွန်းမောင်လဲ ငိုကျွေးနေမိသည်။
ဦးမောင်ကိုပြောပြနေသည့် ထွန်းမောင်မှာလည်း မျက်ရည်တွေစီးကျလာလေသည်။ ထို့နောက် ထိုမျက်ရည်များကို အမြန်သုတ်ပစ်နေလေသည်။
“ဘာမှရှက်စရာမလိုပါဘူးကွာ၊ ငိုချင်ရင် ငိုလိုက်ပါ၊ ဒီမှာ မင်းနဲ့ငါနဲ့ နှစ်ယောက်ပဲရှိတာမဟုတ်လား”
ဦးမောင်ပြောတော့မှ ထွန်းမောင်က ရှိုက်ကြီးတငင် ငိုကျွေးနေလေသည်။
“ဒါနဲ့ မင်းပြောတာ အဆက်အစပ်မရှိဘူး၊ မင်းနဲ့ ဧကရီနဲ့ပြတ်သွားပြီမဟုတ်လား၊ မင်းကဘာဖြစ်လို့ ဦးဇော်ဇော်ကိုသတ်ပစ်ခဲ့တာလဲ”
ထွန်းမောင်က ဆက်ပြီးငိုကြွေးနေလေသည်။
“ပြောစမ်းထွန်းမောင်၊ မင်းတို့ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာ ထပ်ပြောစမ်းကွာ”
(၈)
ယနေ့ နေ့လည်အချိန်တွင်ဖြစ်သည်။ ထွန်းမောင်က ပန်းချီပြခန်းကိုပိတ်ထားသည်။ ပန်းချီကားတစ်ခုကိုအမြန်လတ်စသတ်နေရခြင်းကြောင့်ဖြစ်သည်။ ထိုပန်းချီကားမှာလည်း ဦးဇော်ဇော်အပ်ထားသည့် သူ့ပုံစံတူပန်းချီကားဖြစ်သည်။ ထိုစဉ်မှာပင် သူ့လက်ကိုင်ဖုန်းက မြည်လာခဲ့သည်။ ဖုန်းကိုကြည့်လိုက်ရာ ဖုန်းခေါ်သူက ဦးဇော်ဇော်ဖြစ်နေသည်။
“ဟဲလို ဦးဇော်ဇော်”
“ဟဲလို ထွန်းမောင်၊ မင်းဒီညနေ အချိန်အားရဲ့လား”
“ဟုတ်ကဲ့ အားပါတယ်”
“ဒါဆို ည (၇) နာရီလောက် ငါ့အိမ်ကိုလာခဲ့ကွာ၊ ငါမင်းကိုစောင့်နေမယ်”
“ဟုတ်ကဲ့ ကောင်းပါပြီ ဦးဇော်ဇော် ကျွန်တော်ညနေကျရင် လာခဲ့ပါ့မယ်”
သို့နှင့် ညနေရောက်သည့်အခါ ဦးဇော်ဇော်အိမ်သို့ထွက်လာခဲ့သည်။ ခြံရှေ့တွင် ဆင်းလိုက်ပြီး လူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်။ လက်မှနာရီကိုကြည့်လိုက်တော့ ည (၇)နာရီ ငါးမိနစ်ဖြစ်နေပြီဖြစ်သည်။ မိုးက တဖွဲဖွဲရွာသွန်းနေလေသည်။ နောက်တော့ ဦးဇော်ဇော်ကိုယ်တိုင် ခြံတံခါးကို လာဖွင့်ပေးလေသည်။
ယခင်က အိမ်တော်ထိန်းများ၊ အိမ်အကူများနှင့် စည်ကားနေတတ်သည့် အိမ်ကြီးမှာ အခုတော့ တိတ်ဆိတ်ခြောက်ကပ်လွန်းနေသည်ဟု ထင်ရသည်။
“လာဟေ့ ငါ့အိပ်ခန်းထဲကို လာခဲ့ကွာ”
ထွန်းမောင်တစ်ယောက် ဦးဇော်ဇော်၏ မိန်းမနှင့် ဖောက်ပြန်ထားဖူးသဖြင့် အလွန်ကြောက်လန့်နေမိသည်။ ဦးဇော်ဇော်ခေါ်သည့်အတိုင်း အပေါ်ထပ်သို့တက်လာပြီး အိပ်ခန်းအတွင်းသို့ဝင်လိုက်သည်။ ဦးဇော်ဇော်က အရက်သောက်ထားပုံရပြီး အနည်းငယ်မူးနေလေသည်။ အိပ်ခန်းကြီးတွင် အကောင်းစား ပရိဘောဂပစ္စည်းများဖြင့်အလှဆင်ထားသည်။ ကော်ဇောကြီးများမှာလည်း သားမွှေးအထူကြီးများဖြစ်သည်။ အိပ်ခန်းအတွင်းသို့ရောက်သည့်အခါ ဦးဇော်ဇော်က ထွန်းမောင်အား နံရံတစ်ခုကိုလက်ညှိုးထိုးပြလိုက်သည်။
“မလှဘူးလား ထွန်းမောင်ရာ”
ထွန်းမောင်လည်း ထိုနံရံကိုကြည့်ပြီး အလွန်အံ့သြသွားမိသည်။ နံရံတွင်ချိတ်ဆွဲထားသည့် ပန်းချီကားကို ကြည့်ကာ အံ့သြသွားမိခြင်းဖြစ်သည်။ ထွန်းမောင်ကိုယ့်ပါးစပ်ကိုပင် လက်နှင့်ပြန်ပိတ်ထားမိသည်။ ထိုပန်းချီကားကတော့ သူရေးဆွဲခဲ့သည့် ဧကရီ၏ ဝတ်လစ်စားလစ် ပန်းချီကားဖြစ်သည်။
“ဦးဇော်ဇော်၊ ခင်ဗျားဘယ်လိုလုပ်ပြီးတော့”
ထိုသို့ရေရွတ်ပြီး သူက ဦးဇော်ဇော်ကို ကြည့်လိုက်မိသည်။ ဦးဇော်ဇော်စိတ်ဆိုးနေမည်ဟုထင်လိုက်သော်လည်း တကယ်တမ်းဦးဇော်ဇော်က ပြုံးလျှက်သူ့ကိုကြည့်နေလေသည်။
“သိပ်လှတဲ့ပန်းချီကားပဲကွာ၊ မင်းက အဲဒီပန်းချီကားကို ဆွဲထားတာကိုတောင် ငါ့ကိုမပြောဘူး”
“မဖြစ်နိုင်ဘူးလေ”
ဦးမောင်က ထပြီးရေရွတ်လိုက်သည်။
“မင်းပြောတော့ အဲဒီပန်းချီကားကို ကတ်ကြေးနဲ့ အပိုင်းပိုင်းအစစ လုပ်လိုက်ပြီဆို”
“ကျုပ်လည်းသိတယ်၊ ကျုပ်ပြောတာကို ဆုံးအောင်နားတောင်ပါအုံးဗျာ”
ဦးမောင်က ခေါင်းညိတ်လိုက်သည်။ ထွန်းမောင်က ဆက်ပြောသည်။
“ဦးဇော်ဇော်သာသိရင် မကြိုက်မှာစိုးတာနဲ့ ကျွန်တော်မပြောခဲ့တာပါ”
ဦးဇော်ဇော်က ထွန်းမောင်ပုခုံးကိုပုတ်လိုက်သည်။
“ငါက အနုပညာကို အတော်စိတ်ဝင်စားတဲ့သူပါကွ၊ ပန်းချီတွေအကြောင်းကို ငါနားလည်ပါတယ်၊ အနောက်တိုင်းမှာဆိုရင် ဒီလိုမျိုး ဝတ်လစ်စားလစ်ပန်းချီတွေက အတော်လက်ရာမြောက်တယ်မဟုတ်လားကွာ၊ ငါမင်းကိုနားလည်ပါတယ်”
ထွန်းမောင်တုန်လှုပ်နေမိသည်။ သို့နှင့် ပန်းချီကားကို အနီးကပ်သွားကြည့်လိုက်သည်။ ပန်းချီကားမှာ သူရေးဆွဲထားသည့်အတိုင်း တစ်ထေရာတည်းတူညီနေလေသည်။ လက်မှတ်မှာလည်း သူရေးထိုးလေ့ရှိသည့် လတ်မှတ်အတိုင်းရေးထိုးထားသည်။ သို့သော် သေချာအနီးကပ်ကြည့်လိုက်တော့မှ စုတ်ချက်တွေကွဲပြားနေသည်။ ပန်းချီဆရာတိုင်းတွင် မတူညီသည့်စုတ်ချက်များရှိသလို မတူညီသည့် ရေးဟန်များရှိသည်။ အခုပန်းချီကားမှာ သူရေးဆွဲထားသည့်ပန်းချီကားမဟုတ်မှန်း စုတ်ချက်များကိုကြည့်ပြီး သိလိုက်ရသည်။
ဦးဇော်ဇော်က စားပွဲခုံအနီးသို့လျှောက်သွားပြီး အံဆွဲကိုဖွင့်လိုက်လေသည်။ ထို့နောက် ငွေရောင်ပြောင်လက်နေသည့် ခြောက်လုံးပြူးကလေးတစ်လက်ကို ထွန်းမောင်အားကမ်းပေးလိုက်သည်။ ထွန်းမောင်က သေနတ်ကိုမြင်တော့ကြောက်လန့်သွားသည်။
“ကျုပ်ကိုမသတ်ပါနဲ့ ဦးဇော်ဇော်၊ ကျုပ်မှားမှန်းသိပါတယ်”
“မင်းကိုငါမသတ်ပါဘူးထွန်းမောင်ရာ၊ မင်းသာ ငါ့ကိုသတ်ပေးရမှာ”
ထွန်းမောင်မျက်လုံးပြူးသွားသည်။
“ကျုပ်၊ ကျုပ်က သတ်ပေးရမှာတဲ့လား”
“မင်းငါ့ရင်ဘတ်ကိုပစ်ထည့်လိုက်”
“မ၊ မလုပ်ပါရစေနဲ့”
“လုပ်စမ်းပါထွန်းမောင်ရာ၊ ငါ့ကိုပစ်ပြီးရင် ဟောဒီသေနတ်ကိုမင်းယူသွားလိုက်၊ ငါမင်းကို နောက်ဆုံးပေးတဲ့လက်ဆောင်အနေနဲ့ မင်းသိမ်းထားလိုက်”
“ကျုပ်ခင်ဗျားကိုပစ်ရင် ရဲတွေက ကျုပ်ကိုဖမ်းမှာပေါ့”
“ဒီအတွက်တော့ ဘာမှမပူနဲ့၊ ဟောဟို အံဆွဲထဲမှာ သိန်းတစ်ထောင်နဲ့ လက်မှတ်ဖြတ်ပိုင်းတစ်ခုရှိတယ်၊ အဲဒီလက်မှတ်ဖြတ်ပိုင်းကိုယူပြီး မြင်းမိုရ်ဟိုတယ်ကိုသွားရင် မင်းကိုသူတို့ဖွက်ထားပေးလိမ့်မယ်၊ မင်းအဲဒီဟိုတယ်မှာ တစ်လလောက် အေးအေးဆေးဆေးအနားယူလိုက်ပေါ့”
“ကျုပ်ကဘာဖြစ်လို့ ခင်ဗျားကိုသတ်ရမှာလည်း၊ ကျုပ်မသတ်နိုင်ဘူး”
ထွန်းမောင်က ဦးဇော်ဇော်ကမ်းပေးသည့် သေနတ်ကိုမယူတော့ဘဲ အိပ်ခန်းအတွင်းမှပြေးရန်ကြိုးစားသည်။ ဦးဇော်ဇော်က သူ့ကိုပိတ်ရပ်နေသဖြင့် ဦးဇော်ဇော်ကို တွန်းလိုက်ပြီး အိပ်ခန်းအတွင်းမှပြေးထွက်လာခဲ့သည်။ အိမ်ကြီးအတွင်းမှ ပြေးထွက်လိုက်ပြီး ခြံကြီးကိုဖြတ်ပြေးခဲ့သည်။ ထို့နောက် သွေးရူးသွေးတန်းဖြင့် လမ်းမအတိုင်း ဆက်လက်ပြေးလွှားနေမိသည်။
ဦးမောင်က မျက်မှောင်ကြုတ်ရင်း အသေအချာနားထောင်နေလိုက်သည်။
“အဲဒီတော့ ဘာဆက်ဖြစ်သွားလဲ”
“ရှစ်နာရီလောက်ကျတော့ ကျုပ်ကို ဧကရီဖုန်းဆက်တယ်၊ ဦးဇော်ဇော်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီတဲ့၊ ဒါက ကျုပ်မသတ်ပေးလို့ သူ့ကိုယ်သူစီရင်သွားခဲ့တာလို့ ကျုပ်ထင်တယ်”
“ဒါဆိုပြောစမ်းပါအုံး၊ ဦးဇော်ဇော်က မင်းကိုဘာလို့သတ်ခိုင်းတယ်လို့ မင်းထင်သလဲ”
“သူ ကျုပ်နဲ့ဧကရီနဲ့ အကြောင်းတွေကို သိသွားပုံရတယ်၊ ဒါကြောင့် သူ့ကိုသတ်ခိုင်းမယ်၊ ပြီးလို့ ကျုပ်ထွက်ပြေးရင် ကျုပ်ကိုရဲတွေကဖမ်းကြမယ်လေ၊ ဒါကတစ်ချက်ပေါ့၊ နောက်တစ်ခုကတော့ ဦးဇော်ဇော်က စိတ်ထားပြည့်ဝတဲ့သူမဟုတ်လား၊ သူက ဧကရီရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့များ ကျုပ်နဲ့ဧကရီကို ဆက်ပြီးပေါင်းသင်းစေချင်လို့ သတ်ခိုင်းတာများလားလို့ပေါ့”
ဦးမောင်သက်ပြင်းချလိုက်မိပြန်သည်။
“သေချာတာတစ်ခုကတော့ ဒီအမှုက တော်တော်ရှုပ်ထွေးနေခဲ့ပြီဆိုတာပဲ၊ အစကတော့ ငါက လူသတ်သမားကိုလိုက်ရှာတယ်၊ အခုမင်းပြောပုံအရဆိုရင်တော့ လူသတ်သမားထက် ဦးဇော်ဇော်က ဘာလို့သေချင်နေရတာလဲဆိုတာ ပိုအရေးကြီးတယ်”
ဦးမောင်က မတ်တပ်ရပ်လိုက်သည်။
“သေချာတာတစ်ခုကတော့ မင်းက ဒီအမှုနဲ့သိပ်ပြီးမဆိုင်တော့ဘူးဆိုတာပဲ၊ ဒါကြောင့် မင်းဒီရက်ပိုင်း ဘယ်ကိုမှမသွားပါနဲ့၊ မင်းကိုရဲတွေစောင့်ကြည့်နေလိမ့်မယ်”
ထွန်းမောင်က ခေါင်းညိတ်လိုက်သဖြင့် ဦးမောင်ပန်းချီပြခန်းအတွင်းမှပြန်ထွက်လိုက်သည်။ ပြခန်းအပြင်ဘက်ရောက်တော့မှ
“ဒါနဲ့ မင်းငါ့ကိုတစ်ခုကူညီမလား”
ထွန်းမောင်က ခေါင်းညိတ်လိုက်လေသည်။
(၉)
မနက် (၃) နာရီထိုးနေပြီဖြစ်သည်။ ဦးမောင်တစ်ယောက် အတွေးများနှင့် အိမ်သို့ပြန်လာခဲ့သည်။ မိုးတွေက တစ်ပြိုက်ပြီးတစ်ပြိုက်ရွာနေဆဲဖြစ်သည်။ အိမ်သို့ဝင်ခဲ့ပြီး ရေစိုနေသည့်အဝတ်အစားများကို လဲလှယ်လိုက်သည်။ ထို့နောက် အိပ်ခန်းထဲသို့ဝင်ခဲ့တော့ သမီးနှင့် သူ့ဇနီးမို့မို့မှာ အိပ်မောကျနေပြီဖြစ်သည်။ ဦးမောင်လည်း အလွန်ပင်ပန်းလာသဖြင့် အိပ်ရာထက်တွင်လှဲချလိုက်သည်။
“အင်း၊ အခုမှပဲ လှဲရတော့တယ်”
လှဲအိပ်လိုက်သော်လည်း သူချက်ချင်းအိပ်မပျော်သေးပေ။
“ပန်းချီကားက ဘယ်လိုလုပ်ပြီးရောက်လာတာရတာလဲ၊ နောက်ပြီး ဦးဇော်ဇော်က ဘယ်လိုလုပ်ပြီးတော့ သေချင်နေရတာလဲ”
ဦးမောင်တစ်ခုကို စဉ်းစားမိလိုက်ပြီးနောက် ကုတင်ပေါ်မှထလိုက်သည်။ အိမ်ရှေ့တွင်ထားသည့် ကြိုးဖုန်းဆီသို့ ပြေးသွားလိုက်ကာ ဖုန်းခွက်ကိုကောက်ယူလိုက်သည်။ ထို့နောက် ရဲစခန်းသို့ဖုန်းဆက်လိုက်သည်။
“ဟဲလို”
“ဟဲလို ငါစုံထောက်ဦးမောင်ပါ၊ မင်းကတာဝန်မှူးမဟုတ်လား”
“ဟုတ်ပါတယ်ဦးမောင်”
“စခန်းမှူးကိုသတင်းပို့လိုက်ပါ၊ သံသယရှိသူတစ်ယောက်ကိုတွေ့ထားပြီ သူ့ကိုအခုဘဲ ဖမ်းချုပ်လိုက်ပါ၊ သူ့နာမည်က ထွန်းမောင်၊ အမှတ် ၂၅၀၊ ကမ်းနားလမ်းမှာ ထွန်းဂယ်လာရီဆိုတဲ့ ပန်းချီပြခန်းဖွင့်ထားတယ်၊ အခုသူ၊ အိမ်မှာပဲရှိလိမ့်မယ်”
“တကယ်ကြီးလား ဦးမောင်”
“မင်းကိုငါမနောက်ဘူး၊ သူ့ကိုဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးထားလိုက်၊ မနက်ရောက်ရင် ငါအားလုံးကိုရှင်းပြမယ်”
“ကောင်းပါပြီဦးမောင်”
ဦးမောင်က ဆက်တီခုံပေါ်တွင် ထိုင်နေပြီး ပြုံးလိုက်မိသည်။
“ငါမင်းကို မိပြီ၊ လူသတ်သမားရေ”
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။