(က)
“မိန်းမရေ . . . မိန်းမရေ”
ခပ်အုပ်အုပ်ခေါ်နှိုးသံကြောင့် မချောလန့်နိုးလာလေသည်။ သူ့ယောက်ျားက ကိုစောက အိမ်ရှေ့မှ နှိုးနေခြင်းဖြစ်သည်။ ကမန်းကတမ်းထလိုက်ပြီး နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီတောင်ထိုးတော့မည်ဖြစ်သည်။ မချောက အိမ်တံခါးကိုအမြန်ပြေးဖွင့်ပေးလိုက်သည်။
“မင်းကလဲကွာ ကြာလိုက်တာ”
ကိုစောက ပြောပြီးနောက် အိမ်ထဲသို့ဝင်လာသည်။ လက်ထဲတွင်ဆာလာအိတ်တစ်လုံးကိုကိုင်ထားလေသည်။
“ဘာတွေတုန်းတော့ ငါးတွေလား”
“အေး တိုးတိုးနေကွ၊ ဒီမှာကြည့်စမ်း”
ဆာလာအိတ်ကို ဖွင့်ပြလိုက်သည့်အခါ အတွင်းတွင် အလွန်ကြီးမားသော ငါးခူကြီးများကိုတွေ့လိုက်ရသည်။
“ဟယ် . . ငါးခူကြီးတွေကကြီးလိုက် ထွားလိုက်တာတော်၊ တစ်ကောင်တစ်ကောင်ကို ၂ပိဿလောက်ရှိမယ်ထင်တယ်”
ငါးခူကြီးတွေက ခေါင်းကိုထုရိုက်ထားသော်လည်း တွန့်လိမ်နေကြသေးသည်။
“တိုးတိုးပြောမိန်းမရ ငါငါးဖမ်းတဲ့နေရာတစ်ခုကို တွေ့လာတာ လူတွေကြားလို့ အကုန်သွားဖမ်းနေမှ ငါးမရဘဲဖြစ်နေဦးမယ်”
“ဟုတ်လား၊ ဘယ်နားမှာလဲ”
“ဟို . . . ချောင်းကွေ့နားမှာကွ”
မချောလဲ ဆံပင်ကိုဘီးတစ်ချောင်းဖြင့် ဖြီးလိမ်းပြင်ဆင်ရတော့သည်။ ကိုစောက ခြေလက်ဆေးပြီး အိပ်ယာထက်တွင်လှဲနေပြီဖြစ်သည်။ မချောကတော့ ရလာသည့်ငါးများကို လင်ဗန်းတစ်ခုအတွင်းထည့်ကာ စဥ်းတီတုံး၊ ဓါးမနှင့် ချိန်ခွင်တစ်ခုကိုယူပြီးနောက် ဆွဲခြင်းတစ်လုံးလက်ကဆွဲပြီး ငါးများကို ဆွဲခြင်းထဲထည့်ကာ ဈေးသို့ထွက်ခဲ့တော့သည်။ ငါးများမှာ မနည်းလှ၊ မချောတောင် မနည်းသယ်နေရသည်။
(ခ)
ကိုစောမှ တံငါသည်တော့မဟုတ်။ နေ့လည်ပိုင်းတွင် ဆိုင်ကယ်ကယ်ရီဆွဲလေသည်။ ညနေဘက်၊ ညဘက်ဆိုလျှင်တော့ ဝါသနာအရငါးးဖမ်းထွက်တတ်သည်။ သို့သော် နေ့တိုင်းတော့မဟုတ်ပေ။ စိတ်ကူးရလျှင်ရသလို ငါးဖမ်းလိုက်၊ ငါးရှည့်ဖမ်းထွက်လိုက်၊ ငါးရံ့လိုက်တူးလိုက်နှင့် လုပ်တတ်သည်။ ရလာသည့်ငါးများကိုတော့ မချောက ရောင်းချရသည်။ ငါးမရသည့်နေ့တော့ မချောက အိမ်တွင် အိမ်မှုကိစ္စများသာ လုပ်ရလေသည်။ ကိုစောရေ မနန်းပါ ဘာသာခြားများဖြစ်ကြသည်။
ညက အိပ်ရေးပျက်ထားသည်မို့ ကိုစော အိပ်လိုက်တာ နေ့လည်ပင်ရောက်တော့မည်ဖြစ်သည်။ ပူပြင်းလှသော နေရောင်ခြည်နှင့် သွပ်အပူရှိန်ကြောင့်သာ မခံနိုင်တော့သဖြင့် ထလိုက်ရလေသည်။ မျက်နှာသစ်ပြီးတော့ အိမ်တံခါးကိုဖွင့်သံကြားလိုက်သည်။ မချော ပြန်လာပြီထင်သည်။
အိမ်ရှေ့ထွက်လာတော့ ထင်သည့်အတိုင်း မချောက အိမ်ထဲပြန်ရောက်နေပြီဖြစ်သည်။ ဈေးမှသယ်လာသည့် ပစ္စည်းများကို ဆေးကြောနေပြီးနောက် ရေမိုးချိုးလိုက်သည်။ ကိုစောကတော့ ဖုန်းပွတ်နေလေသည်။
“ယောက်ျားရေ အိမ်ရှေ့မှာ လက်ဖက်ရည်နဲ့ ပဲပလာတာဝယ်လာခဲ့တယ်၊ တော်ကြိုက်တဲ့ ဗမာကြက်လဲ တခြမ်းဝယ်ခဲ့တယ်၊ သောက်ဆမ်းလေး စပ်စပ်ချက်စားမလားလို့”
“အေးကွာ၊ လာပါ အတူတူစားရအောင်”
ရေမိုးချိုးအဝတ်အစားလဲပြီးတော့ မချောလဲ အိမ်ရှေ့ထွက်လာသည်။ လက်ဖက်ရည်က ပါဆယ်မို့ နှစ်ယောက်သောက်ရန်လုံလောက်ပြီး ပလာတာကလဲ ငါးချပ်မို့ အဆင်သင့်လှသည်။ လင်မယားနှစ်ယောက်စားသောက်ရင်း
“ဒီနေ့ငါးခူကြီးက ကြီးလဲကြီး လတ်လဲလတ် အသားတွေကလဲဆူနေတာဆိုတော့ ဈေးကောင်းရတယ်တော့”
“အေး . . ဒါကြောင့် မင်းပြန်လာတာ စောပါတယ်လို့ထင်နေတာ”
“ရှင် ညကျသွားဖမ်းဦးမှာလား”
“ဘာလို့လဲကွ”
“အဲဒီလို ငါးကြီးတွေ နေ့တိုင်းရရင်အဆင်ပြေတယ်တော့၊ ရှင် ဆိုင်ကယ်တောင် မောင်းစရာမလိုတော့ဘူး”
“အိုကွာ . . . မိန်းမကလဲ ငါးဖမ်းတာက ငါဝါသနာပါလို့ဖမ်းတာပါကွ”
“အင်းပါရှင် . . ကျုပ်လဲတွေးမိတာပါ၊ ဒီငါးတွေသာ နေ့တိုင်းရလို့ကတော့ တော့်သားလိုချင်တဲ့ ဖုန်းလေး ဝယ်ပေးနိုင်မှာ”
ကိုစော တွေးနေလိုက်ပြီးနောက် လက်ဖက်ရည်ကို တစ်ကျိုက်မော့သောက်လိုက်သည်။ သားမှာ အသက် ၁၅ နှစ်၊ ကိုးတန်းကျောင်းသားဖြစ်သည်။ သူတို့နှင့်အတူမနေဘဲ ဖွားအေရှိသည့် ရွာတွင်သာနေထိုင်နေလေသည်။ ဖွားအေ အချစ်တော် လက်စွဲမြေးလေးဖြစ်သည်။ မကြာခင်က သားက ဖုန်းလိုချင်သည်ဆိုပြီးတော့ ပူဆာဖူးသည်။ သို့သော် ကိုစောတို့ လင်မယားနှစ်ယောက်က စီးပွားရေးသိပ်မကောင်းသေးသဖြင့် မဝယ်ပေးနိုင်သေးပေ။
မချောက ယခင်က ရပ်ကွက်ထဲ မြို့ထဲက သူဌေးအိမ်များတွင် အဝတ်လိုက်လျှော်လေသည်။ အိမ်မှုကိစ္စများ ဝိုင်းလုပ်ပေးရသည်။ တစ်နေ့တစ်နေ့ လေးငါးထောင်လောက်တော့ အသာကလေးရသည်။ သို့သော် နောက်ပိုင်း ကိုဗစ်တွေဖြစ်တော့ အိမ်တွေဆီမသွားရတော့ပေ။ သို့နှင့် မချော အလုပ်လက်မဲ့ဖြစ်ပြီး ကိုစော၏ ဆိုင်ကယ်ကယ်ရီလုပ်ငန်းသာ အဓိက ဝင်ငွေဖြစ်နေတော့သည်။
နောက်ဆုံးတော့ သားကျွေးမှု မယားကျွေးမှုများကြောင့် ကိုစော မနေနိုင်တော့။ နေ့လည်ဘက် ဆိုင်ကယ်ထွက်ဆွဲပြီး ညရောက်သည်နှင့် ပစ္စည်းကိရိယာများကို ယူကာ ငါးဖမ်းထွက်ခဲ့ရတော့သည်။
(ဂ)
သူတို့နယ်မြို့ကလေးတွင် ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းကန်များက ပေါ်များလှသည်။ မြို့စွန်ရှိ ဆုတောင်းပြည့်စေတီကြီးမှာ ယခင်က လူစည်ကားလှသော်လည်း ယခုတော့ ကိုဗစ်ကပ်ရောဂါကာလဖြစ်သဖြင့် ဘုရားပိတ်ထားသောကြောင့် ဘုရားအစောင့်မှတစ်ပါး ဘုရားဖူးမရှိပေ။ ထိုဆုတောင်းပြည့်စေတီကြီး၏ တောင်ဘက်တွင် မဟာနန္ဒာအမည်ရ ရေကန်ကြီးတစ်ကန်ရှိသည်။ ထိုကန်အလယ်တွင် ရှင်ဥပဂုတ်ဖောင်တောင်ရှိကာ တံတားကလေးထိုးထားလေသည်။ ရေကန်ထဲတွင်လဲ ငါးများများစွာရှိပြီး ငါးကြီးတွေကလဲ အနှစ်နှစ်အလလက မွေးထားသည်မို့ အလွန်ထွားကြိုင်းသန်မာလှသည်။
ကိုစောက ထိုနားမှ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေရင်း သီချင်းနားထောင်လိုက်၊ ဂိမ်းဆော့လိုက်နှင့် ယောင်လည်လည်လုပ်နေလိုက်သည်။ စင်စစ်လက်ဖက်ရည်ဆိုင်မှာလဲ ဘုရားတံတိုင်းနားတွင် ကပ်ပြီးခိုးဖွင့်ထားသည့် ဆိုင်ကလေးဖြစ်သည်။ ည ၇ နာရီထိုးခါနီးတော့ လက်ဖက်ရည်ဆိုင်ကလေး သိမ်းသွားသည်။ ကိုစောကတော့ ကန်ပေါင်နားတွင် ကျန်နေခဲ့သည်။ ကန်ပေါင်ကို အုတ်တံတိုင်းဒူးလောက်ကာထားပြီး သံပန်းများကို လူတစ်ရပ်နီးပါး ကာရံထားလေသည်။
ည ၈ နာရီထိုးသည်နှင့် လူကော၊ ကားဆိုင်ကယ်များပါ ပြတ်သွားတော့သည်။ ဘုရားကြီးမှာ မီးထိန်ထိန်လင်းနေသည်မှ တစ်ပါး တိတ်ဆိတ်နေလေသည်။ ကိုစောက အုတ်တံတိုင်းတစ်ခုကို ကွယ်နေကာ စောင့်နေလိုက်သည်။ သူစောင့်နေသည်က အခြားမဟုတ်၊ ဘုရားစောင့်ပင်ဖြစ်သည်။ ဘုရားစောင့်က ည ၈ နာရီခွဲလျှင် ဓါတ်မီးတစ်လက်ဖြင့် ရေကန်ဘက်သို့လာတတ်သဖြင့် စောင့်နေရခြင်းဖြစ်သည်။ ဘုရားစောင့်က ၈ နာရီခွဲတစ်ချက် ကြည့်ပြီးလျှင် ည ၁၂ နာရီခွဲတွင် တစ်ကြိမ် ဘုရားကိုလှည့်ပတ်ကြည့်ရှုတတ်သည်ကို ကိုစောက လေ့လာထားသဖြင့်သိနေလေသည်။
သိပ်ပင်မစောင့်ရလိုက်။ အမှောင်ရိပ်ကျနေသည့် ကန်ရေပြင်သို့ လက်နှိပ်ဓါတ်မီးရောင်ကျလာပြီး ဝင်းလက်သွားသည်။ ကန်ထိပ်တွင် မီးချောင်းများရှိသော်လည်း ကန်ပတ်လည်တွင် မီးချောင်းများမရှိပေ။ ဘုရားစောင့်က ကန်ထဲကိုလည်းကောင်း ကန်ပတ်လည်ကိုလည်းကောင်း ဓါတ်မီးဖြင့်ထိုးကြည့်သဖြင့် ကိုစောက ငုံ့ရင်း အရိပ်ထဲရှောင်နေလိုက်သည်။ မကြာခင်တွင် ဘုရားစောင့်များက ပြန်သွားတော့သည်။ ကိုစေ လုပ်ငန်းစရန်ပြင်ဆင်လိုက်သည်။
ကန်ကို ကာရံထားသည့် သံပန်းနှင့် အုတ်တံတိုင်းကို ကိုစောက အသာကလေး ခွကျော်လိုက်လေသည်။ ငါးမျှားချိတ် အကြီးကြီးတွင် တီကောင်ကြီးတစ်ကောင်တပ်ဆင်ပြီးနောက် ရေထဲသို့ပစ်ချလိုက်ရင်း လက်ကဆွဲပေးနေသည်။ မကြာလိုက်ပေ။ ထိုချိတ်ကြီးမှာ တစ်ခုခုချိတ်မိပြီးနောက် ကြိုးကလဲတင်းသွားလေသည်။ ထိုအခါ ကိုစောက အသာကလေး ငါးကြီးကိုဆွဲရတော့သည်။ ငါးကြီးက ရုန်းအားကောင်းလှသည်မို့ ကြိုးကိုလျှော့ပေးလိုက် ပြန်ဆွဲလိုက်ဖြင့် ဆွဲရင်း ကမ်းစပ်ရောက်လာသည့်အခါတွင်မှ ထိုငါးကြီးကို အသင့်ယူလာသည့် သစ်သားတုတ်ဖြင့် လေးငါးချက် ခေါင်းကိုထုနှက်ပြီးတော့မှ ဆာလာအိတ်ထဲတွင် ပြန်ထည့်ထားလိုက်သည်။
ကိုစောက သယ်နိုင်သလောက်သာ ဖမ်းသည်မို့ သိပ်မကြာခင်ပင်တွင် ငါးများရရှိပြီး အိတ်လဲလေးလံလာလေသည်။ ထိုအခါ ငါးအိတ်ကို အုတ်တံတိုင်းပေါ်မှ ပစ်တင်လိုက်ပြီးနောက် နာရီကိုကြည့်လိုက်သည်။ ၁၂ နာရီထိုးနေပြီ။ အုတ်တံတိုင်းနားတွင်ပင် ကပ်နေလိုက်ပြီးနောက် စောင့်နေရတော့သည်။ မကြာခင် ဘုရားစောင့်များလာပြီး ဓါတ်မီးနှင့် ဟိုထိုးသည်ထိုးထိုးကာ ပြန်သွားကြတော့သည်။ ထိုတော့မှ မှောင်ရိပ်ထဲမှထွက်ပြီး ဘုရားအနောက်ဘက်အတိုင်းဆင်းသွားကာ ချောင်းကွေ့လေးနားဆီသို့ ချီတက်ရတော့သည်။ မြို့ပေါ်တွင် လူများ၊ ရဲများရှိသဖြင့် အမြင်မခံလိုသဖြင့် ချောင်းထဲသွားရခြင်းဖြစ်သည်။
ချောင်းကွေ့လေးတွင် လှေဆိပ်ရှိသည်။ တစ်ဖက်ကမ်းရှိရွာသို့သွားကြသူများက ထိုနေရာတွင် လှေစီးကြလေ့ရှိသည်။ ချောင်းကွေ့ဆိုသော်လည်း ချောင်းကွေ့နှင့်အလွန်ဝေးကွာလှသည်။ ထိုနေရာတွင် ဆိုင်ခန်းလေးများရှိသည်။ ယခုအချိန်တွင်တော့ ဆိုင်အားလုံးပိတ်ထားကြသည်။
“ဒေါက် . . ဒေါက်”
အရက်ဆိုင်လေးတစ်ဆိုင်ကို တံခါးခေါက်လိုက်သည့်အခါ ကိုစောသူငယ်ချင်း ဆိုင်ပိုင်ရှင် ဦးဝိုင်းက တံခါးဖွင့်ကြိုလေသည်။ ဦးဝိုင်းမှာ ကိုစောတို့ထက်အများကြီး အသက်ကြီးသော်လည်း ကိုစောနှင့်ခင်မင်နေသည်။ ကိုစော ငါးဖမ်းထွက်သည့်အခါများတွင် ဦးဝိုင်းဆိုင်သို့ ဝင်မြဲဖြစ်သည်။ ဆိုင်တံခါးပိတ်ထားသော်လည်း ဆိုင်အတွင်းတွင် သောက်နိုင်ပေသည်။ ညည့်နက်သော်လည်း လှေသမားများ၊ အရက်သမားများမှာ သူ့အစုနှင့်သူ ထိုင်နေကြဆဲဖြစ်သည်။
“ကိုစော ဒီနေ့လဲ စောပါလား”
“ဟုတ်တယ်ဗျာ၊ ငါးနည်းနည်းရလို့ ဆက်မမျှားတော့ဘဲ ပြန်တော့မယ်”
ကိုစောက ဆာလာအိတ်ကို စားပွဲခုံအောက်ထိုးထည့်လိုက်ပြီး အရက်တစ်လုံးမှာလိုက်တော့သည်။
“အရက်သောက်တဲ့လူတွက ကိုဗစ်မဖြစ်ဘူးတဲ့ဗျ”
“အေးကွာ ဒါကြောင့်မို့ထင်တယ်၊ တို့ဆိုင်ထဲမှာ မက်စ်လဲမတပ်ကြဘဲ ထိုင်နေကြတာ တစ်ယောက်မှ ကိုဗစ်ဖြစ်သံမကြားပါဘူးကွာ”
ကိုစောနှင့် ဦးဝိုင်းတို့လဲ စကားစမြည်ပြောဆိုနေရင်း အချိန်တွေ ကုန်လွန်သွားတော့သည်။ အရက်တွေလဲမူးပြီးနောက် အိပ်ပျော်သွားတော့သည်။ မနက် ငါးနာရီထိုးခါနီးမှ နိုးတော့သည်။ ဦးဝိုင်းလဲ အိပ်မောကျနေသည်။ အရက်ဆိုင်ကို မနက်ဖက်တွင် ဦးဝိုင်းမိန်းမကဖွင့်ပြီး ညဘက်တွင်တော့ ဦးဝိုင်းက ဖွင့်လေ့ရှိသဖြင့်သာ တော်သေးသည်။
ကိုစောလဲ ပိုက်ဆံထုတ်ပေးလိုက်ပြီးနောက် ဒယိမ်းဒယိုင်ဖြင့် ဆာလာအိတ်ကြီးထမ်းကာ အိမ်ပြန်သွားတော့သည်။ အိမ်ရောက်လျှင် မိန်းမဖြစ်သူ မချောကိုနှိုးပြီး အထုပ်ချကာ အိပ်ယာထက်တွင် နောက်ထပ်တစ်ရေး ပြန်အိပ်လိုက်တော့သည်။
(ဃ)
နှစ်ရက်ဆက်တိုက် ငါးကြီးများရလာတော့ မချောက မသင်္ကတော့၊ ဈေးကပြန်လာတော့ ယောက်ျားကြိုက်သည့် အုန်းနို့ခေါက်ဆွဲ ဝယ်လာခဲ့သည်။ အိမ်ရောက်တော့ ကိုစောနှင့်အတူစားသောက်ရင်း ကိုစောကို တစ်ချက်အကဲခတ်လိုက်သည်။
“ယောက်ျားရှင့်ငါးတွေက ကြီးလဲကြီးပြီးတော့ အသားတွေလဲဆူတယ် ရှင်ဘယ်ကသွားဖမ်းတာလဲ ကျွန်မကိုမှန်မှန်ပြော”
“မင်းကလဲကွာ ချောင်းကွေ့လေးနားမှာ သွားဖမ်းတာပါဆိုနေ”
“မဟုတ်ဘူးကိုစော၊ ရှင်နဲ့ကျွန်မပေါင်းလာတာလဲကြာပြီ ရှင်လိမ်နေတယ်ဆိုတာ ကျွန်မသိတယ်”
ကိုစောတစ်ချက်စဉ်းစားလိုက်ပြီးတော့ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် မင်းငါပြောတာကို တခြားသူကိုပြောလို့မဖြစ်ဘူးနော်”
မချောက သိချင်စိတ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဆုတောင်းပြည့်ဘုရားဘေးက မဟာနန္ဒာကန်မှာ သွားခိုးဖမ်းလာတာပဲ”
“ရှင် . . . အဲဒါ . . အဲဒါဆို ဘုရားငါးတွေပေ့ါ”
ကိုစောက နှုတ်ဆိတ်နေလေသည်။
“ရှင့်ကို ဘုရားရိုက်ရင် ဘယ်လိုလုပ်မလဲ”
“တော်ပါကွာ၊ မရိုက်လို့ပဲ မနေ့ကကော ဒီနေ့ကော ရလာတာပေါ့ဟ၊ မင်းကလဲ . . နောက်ပြီး အဲဒီဘုရားကလဲ တို့ဘုရားမှမဟုတ်တာ”
မချောက စိတ်ထဲတွင် တွေးကြောက်နေမိတော့သည်။ ကိုစောက သူမည်သို့ မည်ပုံပြုလုပ်သည်များကို မချောကို အသေးစိတ်ပြောပြနေလေသည်။
“ဒါဆို ရှင် ဒီညထပ်သွားဦးမှာလား၊ ရှင်သွားရင် ကျွန်မလဲလိုက်ချင်တယ်”
“မင်းကဘာလိုက်လုပ်မှာလဲ”
“နှစ်ယောက်သွားတော့ နှစ်ယောက်သယ်နိုင်တာပေါ့ရှင်၊ ဒါဆို တစ်ခါထဲနဲ့ များများရတာပေါ့၊ နောက်ညတွေကျတော့ မသွားတော့ဘူးလေ”
မချောပြောတာလဲဟုတ်သည်။ ကိုစောတစ်ယောက်တည်းမို့ မသယ်နိုင်သဖြင့်သာထားခဲ့ရသည်။ ငါးတွေက ကန်ထဲအများကြီးကျန်နေသေးသည်။ လင်မယားနှစ်ယောက်ဆို တော်တော်သယ်နိုင်မည်ဖြစ်သည်။
“အေး ကောင်းတာပေါ့၊ ဒါဆိုလဲလိုက်ခဲ့ကွာ ဒီညဖမ်းပြီးရင် နောက်နေ့တော့ဆက်မဖမ်းတော့ဘူး၊ အခြေအနေကြည့်ပြီးလှုပ်ရှားရမှာပဲ”
လင်မယားနှစ်ယောက် ညနေမိုးချု့ပ်ဖို့အတွက် စိတ်လှုပ်ရှားရင်း စောင့်ဆိုင်းနေကြတော့သည်။
ညမိုးချုပ်ပြီ၊ အိမ်မှ ၇ နာရီခန့်တွင် ထွက်လာသဖြင့် လူပြတ်နေပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်ကလေးတောင် သိမ်းသွားပြီဖြစ်သည်။ လင်မယားနှစ်ယောက် ရေကန်အုတ်တံတိုင်းကိုကွယ်ကာ မှောင်ရိပ်ခိုနေကြရတော့သည်။
“များများရအောင်သယ်မယ်နော်ယောက်ျား . . ဒီတစ်ခါရတဲ့ငွေနဲ့ဆိုရင် လိုတာနည်းနည်းထပ်ဆွဲပြီးရှင့်သားအတွက် ဖုန်းဝယ်ပေးလို့ရပြီတော့”
“အေးပါကွာ . . . ငါက ရတယ်၊ မင်းသာ သယ်နိုင်အောင်သယ်စမ်းပါ”
ည၈နာရီခွဲ ဘုရားစောင့်များရောက်လာကြသဖြင့် လင်မယားနှစ်ယောက် ဝပ်နေလိုက်ရတော့သည်။ ဘုရားစောင့်တွေပြန်သွားပြီးတော့ လုပ်ငန်းစဖို့အချိန်ရောက်ပြီဖြစ်သည်။ မချောက သံပန်းများကို ခက်ခက်ခဲခဲကျော်ခွရတော့သည်။ ထို့နောက် ရေကန်အတွင်းသို့ရောက်တော့သည်။ ရေကန်အတွင်း ငါးမျှားကြိုးချရန်ပြင်ဆင်လိုက်တော့သည်။ ထိုအခါ မချောက ရေကန်ထဲရှိ မီးလင်းနေသည့် ရှင်ဥပဂုတ္တ ကျောင်းဆောင်အနီးသို့ လှမ်းထိုးပြလိုက်တော့သည်။
“ယောက်ျားရေ ကြည့်စမ်း ဟိုနားမှာ လှုပ်လှုပ်နဲ့ဘာလဲမသိ”
ကိုစောက ထိုနေရာသို့လှမ်းကြည့်လိုက်သည်။ ဘာမှတော့မတွေ့။
“ငါးပွက်တာဖြစ်မှာပါကွာ၊ လာပါ လုပ်ငန်းစကြစို့”
ကိုစောက ငါးမျှားကြိုးကို ပစ်လိုက်တော့သည်။ ထို့နောက် ဖြေးဖြေးချင်းပြန်ဆွဲတော့ သူ့နားပြန်ရောက်လာသည်။ ငါးတစ်ကောင်မှ မဟပ်မိချေ။ ထို့နောက် နောက်တစ်ခါ ခပ်ဝေးဝေးရောက်အောင် ပစ်လိုက်ပြန်သည်။ ပြန်ဆွဲတော့ သူ့ထံသာပြန်လာခဲ့သည် ငါးမဟပ်။
“ထူးတော့ ထူးဆန်းနေပြီကွ”
တစ်နာရီခန့် ပစ်လိုက် ဆွဲလိုက်လုပ်တာတောင်မှ ငါးတစ်ကောင်ပါမလာပေ။ ကိုစော ဒေါသထွက်နေပြီဖြစ်သည်။
“ငါxxxx ငါးတွေ ဘယ်သွားသေနေကြသလဲကွ၊ ငါးစာကိုဟပ်ပါဟ”
အချိန်က ဆယ်နာရီကျော်ပြီဖြစ်သည်။ ကိုစောက နောက်တစ်ချက် ငါးမျှားကြိုးကို ပစ်ထည့်လိုက်တော့သည်။ တဖြည်းဖြည်းဆွဲလိုက်ရာ ကန်အလယ်အရောက်တွင် ငါးမျှားကြိုးကို တစ်ခုခုက ဟပ်ထားလေသည်။ ကိုစော အားနှင့်ဆွဲသော်လည်း ချက်ချင်းပါမလာ၊ တဖြေးဖြေးသာ ပါလာနေတော့သည်။ ရုန်းတော့မရုန်းပေ၊ ဆွဲရင်း ဆွဲရင်း ကိုစော ချွေးတွေ ပြိုက်ပြိုက်ကျလာလေသည်။
“မိန်းမရေ လာပါကွ၊ ငါးကအတော်ကြီးတယ်ထင်တယ် ဆွဲမရဘူးဟ”
လင်မယားနှစ်ယောက် ကြိုးကိုဝိုင်းဆွဲကြသည်။ ကြိုးမှာလဲ ကြိုးလုံးကြီးပြီး နိုင်လွန်ကြိုးကြီးဖြစ်သဖြင့် အဆွဲခံသည်။ တော်ရုံနှင့် ပြတ်ထွက်မသွားပေ။ သို့နှင့် ထိုအရာက ရေစပ်အထိရောက်လာလေသည်။ လင်မယားနှစ်ယောက်ရေထဲ ခြေသလုံးလောက်အထိဆင်းလိုက်ကြပြီး ထိုအရာကိုဆွဲလိုက်ကြသည်။ ငါးအမြီးကဲ့သို့ အမြီးကြီးပေါ်လာလေသည်။ သို့သော်အရှည်ကြီးဖြစ်ပြီး အကြေးခွံတွေလဲ ထူထပ်နေလေသည်။
“ယောက်ျား ဘာငါးတုန်းတော့”
ကြည့်နေရင်း ရေအောက်ဆီမှ အနီရောင်အလုံးကြီးနှစ်လုံးက တဖြည်းဖြည်းနီးလာလေသည်။ ထို့နောက်ရေထဲမှ ဗွမ်းကနဲထပြီး ရေပေါ်ပေါ်လာလေသည်။
“ကိုစော . .. ကိုစော”
“အိုး . . မြွေ . . မြွေကြီးဟ”
ရေတွေဝုန်းဒိုင်းကြဲသွားပြီး ထိုမြွေကြီးက တိုက်ခိုက်တော့သည်။ ကိုစောလဲ ချက်ချင်းရေပေါ်မှပြေးတက်ပြီးနောက် သံပန်းကိုလျှင်မြန်စွာခုန်ကျော်လိုက်သည်။ သို့သော် မချောက သံပန်းကို မတက်နိုင်။ ထိုအခိုက်ပင် မြွေကြီးက မချောခြေထောက်ကို ကိုက်ဆွဲပြီးနောက် ရေထဲသို့ ဆွဲချသွားတော့သည်။ ရေကန်မှာ အတော်နက်သည်ဟုထင်ရပြီး ရေအောက်ကို ပေ ၃၀၀ လောက်နက်ဆင်းသွားသည်ဟုထင်ရသည်။ ရေအောက်တွင် အကြေးခွံနှင့် မြွေကြီးများကို မသဲမကွဲမြင်ရလေသည်။
“မလုပ်ပါနဲ့ လွှတ်ပေးလိုက်ပါ”
ပီသသည့် ယောက်ျားသံတစ်ခုကို နားထဲကြားလိုက်ရသည်။ ရေအောက်တွင်မို့ ဘာမှသဲသဲကွဲကွဲမမြင်ရပေ။
“မလုပ်ပါနဲ့ဒကာကြီး ပြန်လွှတ်ပေးလိုက်ပါ”
ထိုအသံကို နားထဲကြားလိုက်ရပြန်သည်။ ထိုတော့မှ သူ့ခြေထောက်ကို တစ်စုံတစ်ခုက ဆွဲယူပြီးနောက် အပေါ်သို့ဆွဲတက်သွားလေသည်။ နောက်တော့မျက်လုံးထဲ မီးရောင်တွေကို မြင်လိုက်ရသည်။ မချောလဲ ယက်ကန် ယက်ကန်ဖြင့် ကူးခတ်နေလိုက်သည်။ သူ့လက်ထဲတွင် ကြိုးတစ်ချောင်းကို ခံစားမိသဖြင့် ကြိုးကိုဆွဲထားလိုက်ရာမှ လူများက သူ့ကိုဆွဲတင်သွားတော့သည်။
ဘုရားစောင့်များ၊ လူများ၊ ရဲများက ဝိုင်းနေပြီး သူ့ကိုဓါတ်မီးတွေနှင့် ထိုးထားသည်။ မချောတစ်ကိုယ်လုံး ရေညှိရေမှော်တွေနှင့် ပတ်နေသည်။
“မိန်းမ . . . မိန်းမ”
ကိုစောက ပြေးလာပြီးနောက် မချောကိုဖက်လိုက်တော့သည်။
ဘုရားဂေါပကများက ငါးခိုးသူများကို မိသည့်အခါတွင် ခံဝန်ထိုးပြီး ပြန်လွှတ်ပေးသဖြင့်သာ ကိုစောတို့ အမှုအခင်းမဖြစ်ချင်းဖြစ်သည်။ သို့သော် ဆက်ပြီးမနေဝံ့တော့သဖြင့် ကိုစောအမေရှိရာ ရွာသို့လင်မယားနှစ်ယောက်လုံးပြန်သွားကြလေသည်။ ယခုတော့ ကိုစောမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိနေပါသည်။
စာရေးသူ၏ ထင်မြင်ချက်။
ကိုစောတို့မှာ ဘုရားငါးတွေခိုးဖမ်းရောင်းချခဲ့ပြီး ကံကောင်းထောက်မသဖြင့် အသက်မသေဘဲရှင်ကျန်နေခဲ့ရသည်။ မချော၏ အတွေ့အကြုံနှင့် ပြောစကားများကိုသုံးသပ်ကြည့်ပါက သာမန်မြွေမဖြစ်နိုင်ဘဲ နဂါးဖြစ်နိုင်သည်ဟု ယူဆရသည်။ ကိုစောတို့မှာ နဂါးကို သဲသဲကွဲကွဲမမြင်ရခြင်းကြောင့်သာ အကောင်ရှည်ရှည်မျောမျောကို မြွေဟု ထင်လိုက်ကြခြင်းဖြစ်သည်။ မချောကြားလိုက်ရသည့်အသံမှာ အရှင်ဥပဂုတ္တကိုယ်တိုင်ပင်လား . . . သို့မဟုတ်လဲ ဒကာကြီးဟုပြောသဖြင့် ဘုန်းကြီးတစ်ပါးပါးဖြစ်နိုင်သည်။ မချောကို ပြန်လွှတ်ပေးလိုက်ခိုင်းခြင်းမှာ နဂါးကို အကုသိုလ်မဖြစ်စေလို၍လား၊ သို့မဟုတ် မချောမှာ သေကံမပါသေးသဖြင့်လဲ ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဘုရားကျောင်းကန်ရှိ ပစ္စည်းများကို ပြစ်မှားခြင်းသည် မပြုလုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း ကိုစောနှင့် မချောတို့ သံဝေဂရလိုက်သလို စာဖတ်သူပရိတ်သတ်အပေါင်းလဲ ဂရုပြုနိုင်ကြစေရန် ရည်ရွယ်၍ ဤဝတ္ထုကို ရေးသားတင်ပြလိုက်ရပါသည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်