အပိုင်း (၁)
(၁)
ပျံချီက မြင်းကိုဒုန်းစိုင်းမောင်းနှင်လာရင်း မိုးနဲမြို့သို့ပင်မဝင်တော့ဘဲ ရွာတစ်ရွာဆီသို့ ဝင်သွားလေသည်။ ထိုရွာအဝင်ရှိ ခြံတစ်ခြံအတွင်းသို့ မြင်းကိုမောင်းနှင်လျှက် ဝင်ရောက်သွားသည်။ ခြံထဲတွင် အိမ်ကလေးတစ်လုံးရှိပြီး ခြံဝိုင်းကြီးအတွင်း သစ်သားအိမ်ဖြင့်အလုံပိတ်ပြုလုပ်ထားသည့် မြင်းလှည်းအိမ်ကြီးကို မြင်းနှစ်ကောင်ဆွဲထားသည့် လှည်းကြီးတစ်စီးရှိသည်။ ပျံချီက မြင်းကိုရပ်လိုက်ပြီး ငခမ်းကိုပွေ့ချီလိုက်ကာ ထိုမြင်းလှည်းအိမ်ကြီးအတွင်းသို့ ပစ်ထည့်လိုက်သည်။ ထိုအခါ လူတစ်ဦးက တဲအိမ်ကလေးအတွင်းမှ ထွက်လာသည်။
“ဆရာရောက်လာပြီလား၊ ဟောဒီမှာ ဆရာမှာထားတဲ့အတိုင်း အလုံပိတ်မြင်းလှည်းအိမ်လုပ်ပေးထားတယ်၊ ဆရာနှစ်သက်ရဲ့လား”
မြင်းလှည်းအိမ်ကြီး၏ မျက်နှာဝတွင်တော့ သစ်သားတံခါးချပ်ကြိးတစ်ခုရှိပြီး မြင်းလှည်းအိမ်၏ ကျန်သည့်သုံးဖက်နှင့် အမိုးမှာ သစ်သားပျဉ်ချပ်များဖြင့် စေ့နေအောင်ရိုက်ထားလေသည်။ ပျံချီက ငခမ်းကိုမြင်းလှည်းအိမ်တွင်းထည့်လိုက်ပြီး သစ်သားတံခါးချပ်ကိုပိတ်လိုက်ကာ မင်းတုန်းနှစ်ခုနှင့် တံခါးကိုခံပြီးထိုးလိုက်လေသည်။ ထို့နောက် သူ့အနီးသို့ကပ်လာသော သူအား ပြုံးလျှက်ကြည့်လိုက်သည်။
“ဆရာခင်ဗျား၊ နေ့တွင်းချင်း အပြီးလုပ်ခဲ့ရတာဖြစ်လို့ လက်သမားအဖိုးအခ နှစ်ဆကျပါမယ်”
ပျံချီက သူ့ကျောကုန်းတွင်လွယ်ထားသည့် ဓါးအားချွတ်လိုက်ပြီး ထိုလူ၏ လည်ပင်းကိုခုတ်ဖြတ်ထည့်လိုက်သည်။ ထိုလူ၏ မျက်နှာမှာ အံ့သြလျှက်ရှိနေပြီး ဦးခေါင်းကြီးမှာ မြေပေါ်သို့လိမ့်ကျသွားလေသည်။
“အဲဒါမင်းအတွက် အဖိုးအခပဲ”
ထို့နောက် မတ်တပ်ကြီးကျန်နေသည့် ကိုယ်လုံးကြီးအား ခြေထောက်နှင့်ဆောင့်ကန်လိုက်ပြီး မြင်းလှည်းအပေါ်သို့ လွှားခနဲခုန်တက်လိုက်သည်။ သူစီးသည့်မြင်းကို မြင်းလှည်းအနောက်တွင် ချည်နှောင်လိုက်ကာ မြင်းလှည်းကို ခြံဝိုင်းအတွင်းမှ မောင်းထွက်လိုက်လေသည်။ လဲကျသေဆုံးနေသည့်သူ၏ ခန္ဒာကိုယ်ကြီးအား မြင်းလှည်းဖြင့်တက်ကြိတ်လျှက် လမ်းမပေါ်သို့ ဦးတည်မောင်းနှင်ခဲ့သည်။ ထိုအချိန် ပျံချီ၏ အနီးသို့ တဝီဝီးဖြင့် ပျားကြီးတစ်ကောင်ပျံသန်းလာလေသည်။
“သူ့ကိုဖမ်းမိပြီဆိုရင် ကျုပ်ကိုလွှတ်ပေးမယ်ဆို”
ထိုပျားကြီးက လူစကားပြောဆိုနေလေသည်။ ထိုပျားမှာ ပျံချီခိုးယူသယ်ဆောင်လာသည့် ပျားတစ်ထောင်ဘုရင်မဖြစ်သည်။ ပျံချီက မြင်းလှည်းကိုရပ်တန့်လိုက်သည်။ ထို့နောက် ပျားတစ်ထောင်ဘုရင်မအား ဆားနက်များဖြင့် ပက်ထည့်လိုက်ရာ ပျားတစ်ထောင်ဘုရင်မမှာ ရုန်းကန်ပြီး မြေပေါ်သို့ပြုတ်ကျသွားသည်။ ပျံချီက မြေပြင်ပေါ်သို့လျှင်မြန်စွာ ခုန်ဆင်းလိုက်ပြီး မိစ္ဆာနိုင်အင်းကွက်ကို ပျားတစ်ထောင်ဘုရင်မကိုယ်တွင် ကပ်လိုက်တော့သည်။
“အား . . .”
ပျားတစ်ထောင်ဘုရင်မ၏ အော်သံကထွက်ပေါ်လာလေသည်။
“လူယုတ်မာ၊ ငါ့ရဲ့လက်အောက်ငယ်သား ပျားတွေကိုအသုံးပြုပြီး ဒီလူကို လေးလနီးပါး မရပ်မနားတမ်းရှာဖွေပေးနေတာတောင်မှ ငါပြန်ရတာ ဒါပဲလား”
“မင်းက မိစ္ဆာပဲ၊ မိစ္ဆာဆိုတာ ဟောဒီလူ့လောကြီးထဲမှာ မရှိသင့်ဘူးကွ၊ မိစ္ဆာဆိုတာ မိစ္ဆာတိုက်ထဲမှာပဲ ရှိနေသင့်တာ”
“နင်ငါ့ကိုပြောတုန်းက သူ့ကိုဖမ်းမိရင် ငါ့ကိုလွှတ်ပေးမယ်ဆို၊ နင်ယောက်ျားဖြစ်ပြီး နင့်ကတိကို နင်မတည်ဘူးလား”
ပျံချီက ပျားတစ်ထောင်ဘုရင်မ၏ ဦးခေါင်းမှ ဦးမျှင်ကိုကိုင်ဆွဲလိုက်ပြီး
“နင်လွတ်သွားတာကို အတွင်းဝန်မင်းသိရင် ငါ့ကိုသတ်မှာပေါ့ဟ၊ လာစမ်းပါ၊ ငါနဲ့အတူတူပြန်လိုက်ခဲ့စမ်းပါ”
ပျံချီက ပျားတစ်ထောင်ဘုရင်မကို ယွန်းဘူးကလေးနှင့်ချိန်ရွယ်လိုက်သည်။ ထိုအခါ ပျားတစ်ထောင်ဘုရင်မ၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်းသေးငယ်သွားပြီးနောက် ယွန်းဘူးကလေးထဲသို့ သူ့အလိုလိုဝင်သွားသည်။ ပျံချီက ယွန်းဘူးကို လုံနေအောင် အသေအချာပိတ်လိုက်သည်။ ထို့နောက် သူ့ခါးတွင် ချိတ်ဆွဲကာ မြင်းလှည်းပေါ်သို့ ခုန်တက်လိုက်ကာ မြင်းလှည်းကိုဆက်လက်မောင်းနှင်လာခဲ့သည်။
ပျံချီတစ်ယောက်တည်း မြင်းလှည်းမောင်းလာရင်း ယခင်ကအကြောင်းများကို တွေးတောနေမိသည်။
အမရပူရ နေပြည်တော်၊ မြင်ကွန်းမင်းသားကြီး စံအိမ်တော်တွင်ဖြစ်သည်။ ပျံချီက စံအိမ်တော်ရှိ ကြမ်းပြင်ပေါ်တွင် ဒူးတုပ်လျှက်ထိုင်လိုက်သည်။ မြင်ကွန်းမင်းသားကြီးကတော့ အနောက်နိုင်ငံသားများ ထိုင်လေ့ရှိသည့် လှုပ်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်ကာ အနောက်နိုင်ငံဖြစ် ဝိုင်ခွက်ဖြင့် ဝိုင်တစ်ခွက်ကို ဇိမ်ခံသောက်နေလေသည်။
“ကျွန်တော်မျိုး ပျံချီ၊ အခစားရောက်ပါပြီး မင်းသားကြီး”
မြင်ကွန်းမင်းသားကြီးက သျှောင်ထုံးကို ပိုးပုဝါတစ်စဖြင့် ခေါင်းပေါင်းထားသည်။ အနောက်နိုင်ငံသားများဝတ်ဆင်လေ့ရှိသည့် ရှပ်အကျီကိုဝတ်ဆင်ထားကာ ခါးအောက်ပိုင်းတွင် တောင်ရှည်ပုဆိုးကိုဝတ်ဆင်ထားသည်။ ဖိနပ်မှာလည်း အနောက်တိုင်းဖြစ် သားရေရှူးဖိနပ်ဖြစ်ကာ ဖိနပ်မှာအနက်ရောင်ပြောင်လက်နေလေသည်။ လေးထောင့်စပ်စပ်မျက်နှာတွင် ထူထဲလှပြီး အဖျားလိမ်ကာ ကော့တက်သွားသည့် နှုတ်ခမ်းမွှေးကြီးမှာ မင်းသားကြီး၏ အထိမ်းအမှတ်ပင်ဖြစ်သည်။
“မောင်မင်းတို့ကို ဟိုအဘိုးကြီးက လင်းနို့ဖမ်းဖို့ လွှတ်တယ်ဆို”
ပျံချီမှာ စိတ်ထဲထွေပြားသွားသဖြင့် ဘာမှမပြောဘဲနေလေသည်။ မြင်ကွန်းမင်းသားကြီးက ရယ်မောလိုက်ပြီး
“အဘိုးကြီးဆိုတာ ငါ့အဖေ၊ မင်းတို့ရဲ့ ရေမြေ့အရှင် မင်းတုန်းမင်းတရားကြီးကို ခေါ်တာကွ၊ ငါဖြင့် သူ့ကို အဘိုးကြီးလို့ မခေါ်ချင်ဘူးကွာ အရူးကြီးလို့ပဲ ခေါ်ချင်တယ်”
ပျံချီက ဘုရင်မင်းမြတ်ကိုထိုသို့ပြောနေသည့်အတွက် ကြောက်ရွံ့နေမိသည်။
“မှန်ပါ အသင်မင်းသားပြောဆိုရဲသော်လည်း ကျွန်တော်မျိုးက မပြောဆိုရဲပါဘုရား”
မြင်ကွန်းမင်းသားကြီးက ပျံချီကိုမျက်စောင်းထိုးလိုက်သည်။
“ဘုရားတွေ ဖရက်တွေ လုပ်မနေပါနဲ့ကွာ၊ ငါနဲ့ဒီအတိုင်းပဲပြောကြစို့၊ ငါဖြင့် အဲဒီလိုမျိုး ရူးကြောင်ကြောင်စကားတွေပြောရမှာ အလွန်အမြင်ကပ်လှတယ်”
“မှန်ပါ”
“ငါမေးနေတာဖြေအုံး၊ မင်းတို့ဘုရင်အရူးကြီးက လင်းနို့မိစ္ဆာကြီးကို အဖမ်းခိုင်းတယ်ဆိုတာ တကယ်ပဲလားကွ”
“ဟုတ်ပါတယ်မင်းသားကြီး”
မြင်ကွန်းမင်းသားကြီးက ဝိုင်ကိုတစ်ချက်မော့သောက်လိုက်ပြီး ပါးစပ်ထဲ ပလုပ်ကျင်းသလို လုပ်နေသည်။ အတန်ကြာတော့မှ
“ဘာလို့ဖမ်းခိုင်းတယ်လို့ ထင်သလဲကွ”
“ကျွန်တော်မျိုးတော့ ဉာဏ်မမီပါ၊ အတွင်းဝန်မင်းကြီး ပြောတာကတော့ ဘုရင်မင်းကြီးက လင်းနို့ကိုအောင်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ သူ့ကိုယ်သူ ဘွဲ့ခံချင်လို့ အဖမ်းခိုင်းတယ်လို့ ပြောကြောင်းပါ”
မြင်ကွန်းမင်းသားကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။
“လုပ်ပြန်ပြီ၊ ဒါကြောင့် ငါသူ့ကိုအရူးကြီးလို့ခေါ်တာ လွန်သလားကွ၊ တိုင်းပြည်တစ်ဝက်က သူများလက်ထဲရောက်နေပြီ၊ သူက အခုထက်ထိမဟုတ်က ဟုတ်ကတွေ တွေးခေါ်နေပြီး ဘွဲ့ထူးတွေခံချင်နေသေးတယ်”
ပျံချီက တံတွေးမြိုချလိုက်မိသည်။ ထိုစကားများ ဘုရင့်နားတော်သို့ပေါက်ကြားသွားလျှင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားနိုင်သည်။
“ထားပါတော့၊ ငါသိချင်တာက အဲဒီလင်းနို့က တကယ်ရှိတာလား၊ ငါအရင်က ထင်နေတာက မင်းတို့ဘုရင်အရူးကြီးက သူ့ကိုယ်သူဘုန်းကံကြီးတယ်ဆိုပြီး လူတွေထင်အောင်လို့ တမင်လုပ်ဇာတ်ခင်းတယ်လို့ ငါကထင်နေတာကွ”
“မဟုတ်ပါ မင်းသားကြီး၊ မိစ္ဆာဆိုတာတကယ်ရှိပါတယ်၊ အဲဒီလင်းနို့မိစ္ဆာကလည်း တကယ်ရှိပါတယ်၊ သူက အင်အားအလွန်ကြီးမားတဲ့အပြင် တခြားမိစ္ဆာတွေနဲ့မတူတာက လူယောင်ဖန်ဆင်းနိုင်ပါတယ်၊ သူ့ကို ဘယ်လိုသတ်သတ် မသေနိုင်ပါဘူး”
“မင်းပြောလို့သာ ယုံရတာပဲ၊ ကဲပါ အဲဒါအရေးမကြီးပါဘူး၊ မင်းအဲဒီလင်းနို့ကို ဖမ်းမိပါပြီတဲ့၊ မင်းဘာလုပ်မှာလဲ”
“ဘာလုပ်ရမလဲ မင်းသားကြီးရဲ့၊ ဘုရင်မင်းကြီးကိုဆက်သမှာပေါ့”
မြင်ကွန်းမြင်းသားကြီးက ထိုင်ခုံမှနေ၍ မတ်တပ်ရပ်ထလိုက်သည်။
“မင်းဖမ်းမိရင် သူ့ကို မဆက်ဘဲ ငါ့ကိုပေးစမ်းကွာ”
ပျံချီအံ့သြတုန်လှုပ်သွားသည်။
“ဘုရင်မင်းမြတ်က ဖမ်းမိရင် ကျုပ်ကိုဆုတော်လာဘ်တော်တွေ ချီးမြှင့်မှာဗျ၊ မင်းသားကြီးကရော . . .”
ပျံချီက အကျိုးအမြတ်ပိုရလိုရငြား မြင်ကွန်းမင်းသားကြီးကို မေးမြန်းလိုက်သည်။
“ဆုတော်လာဘ်တော်တွေကို မေ့ထားလိုက်စမ်းပါ၊ မင်းသာ ငါ့ကိုအဲဒီလင်းနို့အပ်ရင် ငါကောင်းစားတဲ့အခါ မင်းကို အတွင်းဝန်မင်းကြီးနေရာ ခန့်မယ်”
အတွင်းဝန်မင်းကြီးဆိုသဖြင့် ပျံချီတစ်ယောက် မျက်လုံးများအရောင်လက်သွားသည်။ သို့သော်လည်း သိပ်တော့မယုံရဲသေးပေ။
“မင်းသားကြီးက လင်းနို့ရတော့ ဘာလုပ်မလို့လဲ”
“အေးလေ၊ မင်းကိုပြောပြရသေးတာပေါ့၊ ဒါပေမယ့် ငါတစ်ခုတော့ ပြောလိုက်မယ်၊ မင်းဒီစကားတွေကို အပြင်မှာလျှောက်ပြောရင် မင်းကိုငါအရင်သတ်မှာနော်”
ပျံချီက မဝံ့မရဲနှင့် ခေါင်းညိတ်လိုက်သည်။ မြင်းကွန်းမင်းသားကြီးက ဝိုင်ခွက်ကိုမော့သောက်လျှက်
“ငါ့အဖေအရူးကြီးက စိတ်ရူးပေါက်ပြီးတော့ ရှေးအစဉ်အလာအရ သားတော်ကြီးကို အိမ်ရှေ့စံမအပ်ဘဲ၊ သူ့ညီတော် ကနောင်မင်းသားကြီးကို အိမ်ရှေ့စံအပ်တယ်လေကွာ၊ ဒီတော့ ငါက ငပေါကြီးဖြစ်သွားတာပေါ့ မဟုတ်ဘူးလား”
ပျံချီလည်း နားမလည်သဖြင့် မြင်ကွန်းမင်းသားကြီးကိုသာ မော့ကြည့်နေမိသည်။
“မင်းပဲစဉ်းစားကြီးကွာ၊ ငါ့အဖေအရူးကြီးသေပြီး ကနောင်မင်းသားကြီး နန်းတက်ပါပြီတဲ့၊ အဲဒီအချိန်မှာ သူက ငါ့ကိုအိမ်ရှေ့စံရာထူးအပ်မယ်လို့မင်းထင်နေသလား၊ အပ်ချင်းအပ် သူ့သားတော်အကြီးကိုပဲ အိမ်ရှေ့စံအပ်မှာပေါ့ကွ၊ ဒီလိုလုပ်ရင် ငါရှင်ဘုရင် ဘယ်ဖြစ်တော့မလဲကွ၊ ရာဇဝင်ရိုင်းလိုက်တာကွာ၊ တောက်”
“ဒါဆိုရင် မင်းသားကြီးက ဘယ်လိုလုပ်မယ် ကြံစည်ထားသလဲ”
“ဘာလုပ်ရမလဲကွ၊ ငါအခု လူတွေစုနေတယ်၊ တိုက်ရဲခိုက်ရဲတဲ့သူတွေ စုဆောင်းပြီးတော့ အချိန်အခါပေးတာနဲ့ အဲဒီအိမ်ရှေ့စံဆိုတဲ့ ကနောင်မင်းသားကြီးကိုလည်း သတ်မယ်၊ ပြီးတော့ ငါ့အဖေ ဘုရင်အရူးကြီးကိုလည်း သတ်မယ်၊ ပြီးတော့ ငါကိုယ်တိုင် ရာဇပုလ္လင်ပေါ်တက်ထိုင်ပြီး မင်းလုပ်မှာပေါ့ကွာ၊ ဟား၊ ဟား”
ပျံချီအလွန်ထိတ်လန့်သွားမိသည်။
“မင်းသားကြီးက ဘုရင်မင်းကြီးကိုသတ်မယ်ဆိုတော့ ကိုယ့်အဖေကိုသတ်တဲ့ အဇာတသတ်လိုဖြစ်သွားမှာပေါ့ ဘုရား”
ပျံချီစကားကိုကြားသည့်အခါ မြင်ကွန်းမင်းသားကြီးက ပျံချီအား မျက်စောင်းထိုးလိုက်ပြီး
“အိုကွာ၊ အဖေကိုပြန်သတ်တာ အဇာတသတ်တစ်ယောက်ထဲ ရှိတာမဟုတ်ပါဘူးကွာ၊ ငါတို့တိုင်းပြည်မှာဆိုလည်း သမိုင်းအဆက်ဆက် အဖေကိုသားကသတ်လိုက်၊ သားတွေကိုအဖေက ပြန်သတ်လိုက်၊ ညီအကိုအချင်းချင်းသတ်လိုက်နဲ့ သတ်နေခဲ့ကြတာပဲမဟုတ်လား”
မြင်ကွန်းမင်းသားကြီး၏ စိတ်ထားကိုသိရသဖြင့် ပျံချီပင် ခြေဖျားလက်ဖျားများအေးစက်လာကာ ကြောက်ရွံ့နေမိသည်။
“ငါကတော့ဖြင့် အဲဒီအရူးကြီးကို အဖေလို့လည်း မသတ်မှတ်ဘူး၊ မေတ္တာလဲမရှိဘူးကွာ၊ သူကလည်း ငါတို့တွေကို မေတ္တာမရှိပါဘူးကွာ၊ တစ်ခါတုန်းကဆို လွှတ်တော်ထဲမှာ ပြောဖူးသတဲ့ကွာ၊ သူ့ညီကနောင်မင်းသားကို သူကစိတ်ချပေမယ့် သူ့သားတော်တွေကို စိတ်မချဘူးတဲ့ကွာ၊ ကြားလို့မှကောင်းသေးရဲ့လား၊ ဒီစကားအရ သူကိုယ်တိုင်က သူ့သားတော်တွေကို မေတ္တာမှ မရှိတာကွ၊ သူ့ထီးနန်းကို လုမယ်လို့စိတ်ထင်လာတာနဲ့ ငါတို့ကိုသတ်ဖို့ ဝန်မလေးဘူးဆိုတဲ့ သဘောပေါ့ကွာ”
“ဘုရင်ကြီး ပြောတာဟုတ်လည်း ဟုတ်တာပဲလေ မင်းသားကြီးရဲ့၊ အခုပဲ မင်းသားကြီးက ဘုရင်ကြီးကိုသတ်ပြီး ထီးနန်းလုဖို့ကြံနေပြီမဟုတ်လား”
ပျံချီက ထပြောလိုက်သဖြင့် မြင်ကွန်းမင်းသားကြီးက ပျံချီ၏ မျက်နှာကိုလက်သီးဖြင့်ထိုးနှက်လိုက်လေသည်။
“မင်းတော့ ငါသတ်တာနဲ့သေတော့မယ်၊ ငါသူ့ကိုသတ်မယ်ဆိုတာ သူ့လုပ်ရပ်ကြောင့်ပဲလေ၊ သူသာ ငါ့ကို အိမ်ရှေ့စံအပ်မယ်ဆိုရင် ငါက သူ့ကိုသတ်စရာလိုမလားကွ”
ပျံချီက မျက်နှာမှ လက်သီးချက်ကို ပွတ်သပ်နေမိသည်။
“ကဲ ထားလိုက်ပါကွာ၊ အခု လင်းနို့ရရင် မင်းငါ့ကိုပေးရမယ်၊ ငါ့မှာလည်း တစ်ခါတုန်းက လင်းနို့ဆိုတဲ့လူတစ်ယောက် ရှိခဲ့ဖူးတယ်ကွ၊ သူက သိပ်တော်တဲ့လူတစ်ယောက်ကွာ၊ ဒီတော့ လင်းနို့နဲ့ငါနဲ့ အကျိုးပေးတယ်၊ မင်းပြောတဲ့ လင်းနို့မိစ္ဆာကို ငါ့ဆီခေါ်လာခဲ့၊ ငါသူ့ကိုစည်းရုံးမယ်၊ ပြီးရင် သူ့အကူအညီနဲ့ ငါတို့နန်းတွင်းမှာ ဘုရင်ကြီးကိုလုပ်ကြံကြမယ်၊ ငါ့ကိုဆန့်ကျင်တဲ့လူတွေကို အကုန် ရာထူးဖြုတ်မယ်၊ နန်းတွင်းကနေ ထုတ်မယ်၊ ပြီးရင် မိသားစုပါ အကုန်သတ်မယ်ကွာ၊ ဒီတော့ မင်းကိုလည်းငါကတိပေးတယ်၊ ငါဘုရင်ဖြစ်ရင် မင်းကို အတွင်းဝန်မင်းကြီးရာထူးပေးမယ်”
ပျံချီခေါင်းထဲ တွက်ချက်နေမိသည်။ ငခမ်းအစွမ်းအစနှင့်ဆို မြင်ကွန်းမင်းသားကြီးတို့ အကြံအစည်က အောင်မြင်မှာ မလွဲပေ၊ ငခမ်းအား နန်းတွင်းတွင် တားဆီးနိုင်မည့်သူမရှိပေ။ ငခမ်းအား ဘုရင်မင်းကြီးထံ အပ်မည်ဆိုပါကလည်း အလွန်ဆုံးရမှ မြို့စားရွာစားအဆင့်လောက်သာရမည်။ အကယ်၍သာ မြင်ကွန်းမင်းသားကြီးတို့ အကြံအစည်အောင်မြင်ခဲ့လျှင် ထိုထက်အဆပေါင်းများစွာ ရာထူးကြီးမားသည့် အတွင်းဝန်မင်းကြီးဖြစ်နိုင်ပေသည်။
“ကောင်းပြီဗျာ၊ ကျုပ် လင်းနို့မိစ္ဆာကို ဖမ်းမိရင် ဘုရင့်ကိုမအပ်ဘဲ မင်းသားကြီးဆီကိုအပ်မယ်”
မြင်ကွန်းမင်းသားကြီး၏ မျက်လုံးများက အရောင်လက်သွားတော့သည်။
“အေးကွာ၊ ဒါပေမယ့် သူ့ကိုဖမ်းမိရင် မင်းတစ်ယောက်တည်း ငါ့ဆီတိတ်တိတ်ကလေးလာအပ်ရမယ်၊ ငါတခြားလူတွေသိတာ မလိုချင်ဘူးကွာ၊ လူ့ပါးစပ်တစ်ပေါက်က ဘယ်လောက်ပိတ်ရခက်သလဲဆိုတာ မင်းသိပါတယ်”
မြင်ကွန်းမင်းသားကြီးအိမ်မှ ပြန်လာပြီး နောက်တစ်နေ့တွင် ပျံချီတို့ မိစ္ဆာဖမ်းတပ်များ ခရီးထွက်ကြတော့မည်ဖြစ်သည်။ ပျံချီက ငခမ်းကိုတစ်ယောက်တည်း ဖမ်းရန်အတွက် စိတ်ကူးထားပြီးဖြစ်သည်။ သို့သော် ငခမ်းအား သူတစ်ယောက်တည်းအားဖြင့် ဖမ်းနိုင်မည်ဟု မထင်ထားပေ၊ ထို့ကြောင့် အနက်ရောင်ရဲတိုက်မှ မထွက်ခွာခင်အချိန်တွင် မိစ္ဆာတိုက်ထဲသို့ ခိုးဝင်ခဲ့ပြီး သယ်ဆောင်ရလွယ်သည့် မိစ္ဆာအငယ်စားကလေးများကို ယူဆောင်ခဲ့ခြင်းဖြစ်သည်။
ပျံချီက တွေးနေရင်း သူ့ခါးကြားရှိ ယွန်းဘူးကလေးများကို ကြည့်လိုက်သည်။ ထိုအခါ ယွန်းဘူးကလေးတစ်ဘူးမှာ ပွင့်လျှက်သားဖြစ်နေသည်။
“ဘဝဲမလေး၊ ဘဝဲမလေး သေပြီလားမသိဘူး”
ထို့နောက် တစ်ယောက်တည်း မြင်းလှည်းကိုပုံမှန်မောင်းလျှက် စိတ်ကူးယဉ်နေမိသည်။ အတွင်းဝန်မင်းကြီးဖြစ်သွားလျှင် အိမ်တော်အကြီးကြီးဆောက်မည်၊ လာဘ်လာဘများကို ဘယ်လိုသိမ်းဆည်းမည်၊ မိန်းမဘယ်နှစ်ယောက်ထပ်ယူမည် စသဖြင့် လေထဲတွင်တိုက်ဆောက်ရင်း အတွေးများဖြင့် ပျော်ရွှင်စွာ မောင်းနှင်လာခဲ့လေသည်။
(၂)
ကျောက်နံရံဖြူဖြူလွှလွှကြီးကို လရောင်အောက်တွင် မထင်မရှားမြင်တွေ့နေရသည်။ နန်းလုံက ရှဲန်ဆိုင်၏ အလောင်းကိုထမ်းပိုးလျှက် လက်တစ်ဖက်မှလည်း ဘဝဲမလေးကို ကိုင်ဆောင်ထားသည်။ ကျောက်နံရံကြီးအား လက်ဖြင့်ဟိုနေရာ ဒီနေရာကို လိုက်လံပုတ်ခတ်လိုက်သည့်အခါ ကျောက်နံရံကြီးမှာ ခန်းစီးလိုက်ကာစကြီးသဖွယ် ဘေးဖက်သို့ ပွင့်သွားကာ ကျောက်ဂူကြီးတစ်ခုပေါ်ပေါက်လာသည်။ နန်းလုံလည်း ထိုကျောက်ဂူကြီးအတွင်းသို့ ဝင်လိုက်လေသည်။
အတွင်းတွင် ဆောင်းတွင်းတမျှ အေးမြနေလေသည်။ ရေခိုးရေငွေ့များက ဂူအထဲတွင် မြူများအဖြစ်ရစ်ဆိုင်းကာ မှုန်ဝါးနေလေသည်။ ကျောက်ဂူကြီး၏ နံရံတွင် သလင်းကျောက်သားများရှိပြီး ထိုသလင်းကျောက်များမှာ ပြာလဲ့လဲ့အလင်းရောင်များထွက်ပေါ်နေသဖြင့် မှိန်ပြပြမြင်နေရသည်။ ကျောက်ဂူလျှောက်လမ်းကြီးအတိုင်းဆက်လျှောက်လာလေရာ မကြာမီတွင် ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ခဲ့သည်။ ထိုဂူခန်းမကြီးအလယ်တွင် ကြီးမားသည့် ကျောက်သားစားပွဲကြီးရှိကာ ဆယ့်ခြောက်ကောင်ဟုခေါ်သည့် အကောင်ကြီးက လဲလျှောင်းနေလေသည်။ ထိုအကောင်ကြီးအနီးတွင်တော့ ပေါ်ပေါ်ကြီးက ထိုင်ကာ အိပ်ငိုက်နေလေသည်။
“ပေါ်ပေါ်ကြီး”
နန်းလုံက ပေါ်ပေါ်ကြီးအသားကိုထိလိုက်သည့်အခါ ပေါ်ပေါ်ကြီးက လန့်နိုးလာလေသည်။ နောက်တော့ နန်းလုံကို စိုက်ကြည့်နေသည်။
“နန်းလုံ သမီးလေး၊ ဘာလာလုပ်တာလဲ”
နန်းလုံက ကျောပိုးလာသည့် ရှဲန်ဆိုင်၏ အလောင်းကို ကျောက်စားပွဲကြီးပေါ်သို့တင်လိုက်ပြီး သူ့လက်ထဲမှ ဘဝဲမလေးကိုလည်း ပြသလိုက်သည်။ ပေါ်ပေါ်ကြီးက မတ်တပ်ထပြီး ရှဲန်ဆိုင်၏ အလောင်းကိုအသေအချာကြည့်နေလေသည်။
“တော်တော်လှတဲ့မိန်းကလေးပဲကွာ၊ သေနေတယ်ဆိုပေမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ သိပ်ပြီးမပျက်စီးသေးဘူး”
နန်းလုံက ပျော်ရွှင်စွာဖြင့်
“အဲဒါပြောတာပေါ့ ပေါ်ပေါ်ကြီးရာ၊ အခု သမီးရဲ့ဒီလက်ကြီးကိုဖြုတ်ပြီး ဟောဟိုက သူ့ရဲ့လက်ကိုတပ်ပေးလို့ရမလား”
နန်းလုံက အင်္ကျီကိုလက်မောင်းအထိ မြှောက်တင်လိုက်သည်။ နန်းလုံ၏ ညာဖက်ယောက်ျားလက်ကြီးက ကြွက်သားများအဖုဖုအထစ်ထစ်နှင့် အလွန်သန်မာလှသည်။ နန်းလုံလို သေးငယ်သည့် မိန်းကလေးခန္ဓာကိုယ်နှင့် ထိုလက်ကြီးမှာ နည်းနည်းလေးမှ လိုက်ဖက်ညီခြင်းမရှိဘဲ ကြည့်မကောင်းလှပေ။
“သမီးရဲ့ယောက်ျားလက်ကြီးကိုဖြုတ်ပြီး သူ့ရဲ့လက်နဲ့ လဲပေးပါ ပေါ်ပေါ်ကြီးရာ၊ သမီးကတော့ ဒီလက်ကြီးမြင်တိုင်း စိတ်ဆင်းရဲနေရတယ်”
ပေါ်ပေါ်ကြီးက ခေါင်းကိုဖြေးညှင်းစွာခါလိုက်သည်။
“ဒီတစ်ခါတော့ မရသေးဘူးသမီးရေ၊ ဒီကောင်မလေးကို ငါလုပ်စရာရှိသေးတယ်ကွ”
ထို့နောက် ပေါ်ပေါ်ကြီးက စားပွဲတစ်လုံးတွင်တင်ထားသည့် ဝါးခြမ်းပြားတစ်ခုကို နန်းလုံဆီသို့လှမ်းပြီးပေးလိုက်သည်။
“ငါဘာလို့ အခုနောက်ပိုင်း ဒီဂူထဲကနေမထွက်ဘဲနဲ့ နေ့နေ့ညည ဒီဆယ့်ခြောက်ကောင်ကြီးကို အပြီးသတ်နေရသလဲဆိုတာ သမီးသိလား နန်းလုံ”
နန်းလုံက ခေါင်းခါလိုက်သည်။ ပေါ်ပေါ်ကြီးက ဆေးတံကြီးကိုမီးထည့်လိုက်ပြီး
“ငါတို့ နတ်ဆေးဆရာတွေဟာ အကုန်လုံးကွယ်ပျောက်ကုန်တာမဟုတ်သေးဘူး၊ နယ်အသီးသီးမှာ ဇာတ်မြှုပ်ပြီးတော့ နေထိုင်ရင်း ဆေးသုတေသနတွေကို ဆက်လက်လုပ်ကိုင်နေကြတာကွဲ့၊ ဒါပေမယ့် လေးနှစ်တစ်ကြိမ်ရောက်တိုင်း တစ်လောကလုံးမှာရှိတဲ့ နတ်ဆေးဆရာတွေ စုဝေးကြပြီးတော့ နတ်ဆေးဆရာညီလာခံကြီးကို ကျင်းပလေ့ရှိကြတယ်၊ အဲဒီညီလာခံကြီးမှာ ကိုယ်သုတေသနလုပ်ထားတဲ့ ဆေးပညာတွေကို တင်ပြကြပြီးတော့ ထူးချွန်တဲ့သူတွေကိုလည်း ခေါင်းဆောင်နတ်ဆေးဆရာကြီးတွေက ဘွဲ့ထူးတွေ ချီးမြှင့်ကြတယ်ကွ”
“ဒါဆိုရင် ဒီဆယ့်ခြောက်ကောင်ကြီးဆိုတာက အဲဒီပွဲမှာ ပြသဖို့အတွက် စီစဉ်နေတာလား”
ပေါ်ပေါ်ကြီးက ဆေးတံကိုစုပ်သောက်လိုက်ရင်း
“မင်းလက်ထဲက ဝါးပြားကလေးကိုဖတ်လိုက်စမ်းပါ”
နန်းလုံက ဝါးခြမ်းပြားကလေးအတွင်းကိုလှန်ကြည့်လိုက်သည်။ ထိုအခါ ဝါးအသားဖြူဖြူပေါ်တွင် ကညစ်ဖြင့်ရေးသားထားပြီး ကျပ်ခိုးဖြင့်ပွတ်ထားသဖြင့် မဲနက်နေသည့် ရှမ်းစာလုံးများကိုတွေ့လိုက်ရသည်။
“တပို့တွဲလပြည့်၊ ဒုံတောင်တီရွာမှာ ငါးရာရှစ်ဆယ်ကြိမ်မြောက် နတ်ဆေးဆရာညီလာခံကို ကျင်းပမယ် ဆိုပါလား”
“မှန်တယ်၊ ဒီတစ်ကြိမ်ကျင်းပမယ့်ပွဲက ပိုပြီးစည်ကားမဲ့ပွဲပဲ၊ ဘာလို့လဲဆိုတော့ ဆယ်ပြည့်ပွဲတွေဖြစ်နေလို့ပဲ၊ ကျန်တဲ့အကြိမ်တွေမှာ တချို့နတ်ဆေးဆရာတွေက မလာကြပေမယ့် အနှစ်လေးဆယ်မှာ တစ်ကြိမ်ကြုံတွေ့တဲ့ ဆယ်ပြည့်ပွဲတွေမှာတော့ မလာလို့မရဘူး၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင်လာရတယ်၊ မလာဘူးဆိုရင် အဲဒီနတ်ဆေးဆရာကို အသင်းထဲက ထုတ်ပစ်ပြီးတော့ လက်စဖျောက်လိုက်ကြတယ်”
“တပို့တွဲလပြည့်ဆိုတော့ နီးနေပြီပေါ့၊ ဒီနေ့တောင်မှ လဆန်း သုံးရက်နေ့မဟုတ်လား”
ပေါ်ပေါ်ကြီးက သက်ပြင်းချလိုက်သည်။
“အချိန်ဆယ်ရက်လောက်ပဲရှိတော့တယ်၊ သွားမှာလာမှာနဲ့ဆိုရင် တစ်ကယ်တမ်းအချိန်တစ်ပတ်လောက်ပဲလိုတော့တာပေါ့၊ ဒါပေမယ့် ငါ့ရဲ့ဆယ့်ခြောက်ကောင်ကြီးက အပြီးမသတ်သေးဘူးဖြစ်နေသည်။ တိရစ္ဆာန်တွေက တစ်ကောင်နဲ့တစ်ကောင် အသွေးအသားတည်ဆောက်ပုံချင်းမတူဘူး၊ နောက်ပြီးတော့ အကြောတည်ဆောက်ပုံ၊ ကြွက်သားတည်ဆောက်ပုံတွေကလည်း မတူတဲ့အတွက် သူတို့အကုန်လုံးကို ပေါင်းစပ်လို့မရဘူးဖြစ်နေတယ်”
“ဒါဆိုရင်လည်း ဆယ့်ခြောက်ကောင်ကြီး မပါဘဲနဲ့ သွားလို့မရဘူးလား”
“မဖြစ်ဘူးသမီး၊ ဒီအကောင်ကြီးက ငါလေးနှစ်လုံးနီးပါး ကြိုးစားခဲ့ရတဲ့အကောင်ကြီး၊ ဒီအကောင်ကြီးကို မပြသနိုင်ရင် ငါ့သိက္ခာတွေကျဆင်းတော့မှာ”
နန်းလုံလည်း ပေါ်ပေါ်ကြီးအစား စိုးရိမ်သွားမိသည်။
“ဒါဆို ဘာလုပ်ကြမလဲ ပေါ်ပေါ်ကြီး”
“အခု သမီးက ကောင်မလေးနဲ့ ဘဝဲကောင်နဲ့ယူလာတော့ ပေါ်ပေါ်ကြီး အကြံတစ်ခုရသွားပြီ၊ မပြီးစီးသေးတဲ့ ဆယ့်ခြောက်ကောင်ကြီးကို ထားခဲ့လိုက်ပြီး ဒီကောင်မလေးကို ထူးဆန်းတဲ့ဆေးပညာတွေနဲ့ ဖန်တီးလိုက်မယ်၊ ပြီးရင် ညီလာခံကို သူ့ကိုခေါ်သွားမယ်”
ပေါ်ပေါ်ကြီးက ဆေးတံကို စားပွဲခုံပေါ်သို့ ပစ်ချလိုက်ပြီး
“စွန်ဖြူလေးလာစမ်း”
စွန်ဖြူလေးခေါ် မြင်းခေါင်းနှင့်လူကိုယ်ခန္ဓာအကောင်ကြီးက ကျောက်ဂူအတွင်းမှထွက်လာသည်။
“သမီး နန်းလုံကို ဖမ်းချုပ်လိုက်စမ်း”
စွန်ဖြူလေးက နန်းလုံ၏ လက်နှစ်ဖက်ကိုဆွဲလိုက်ပြီး သူ့လက်မောင်းများနှင့်ညှစ်ထားလိုက်သည်မို့ နန်းလုံမလှုပ်မရှားနိုင်တော့ပေ။
“ပေါ်ပေါ်ကြီး၊ ဒါက ဘာလုပ်တာလဲ”
“တောင်းပန်ပါတယ်သမီးရယ်၊ ဒီအသက်ဆက်ကျောက်လို့ခေါ်တဲ့ ကျောက်တုံးနှလုံးသားက ရှာရဖွေရခက်တယ်ကွဲ့၊ ပေါ်ပေါ်ကြီးမှာ အချိန်မရှိတော့ဘူး၊ ဒီတော့ သမီးဆီက နှလုံးသားကိုပဲ ဖြုတ်ယူရတော့မယ်”
နန်းလုံအလွန်ကြောက်လန့်နေသည်။
“မဟုတ်ဘူးလေ၊ ဒီကောင်မလေးကို ဖန်တီးဖို့အတွက် သမီးကိုသတ်တော့မလို့လား”
“ညီလာခံကပြန်လာရင် ကျောက်နှလုံးသားတစ်ခုဝယ်လာခဲ့ပါမယ်၊ အဲဒီအခါကျရင် သမီးကိုပြန်တပ်ပေးမယ်နော်”
ပေါ်ပေါ်ကြီးက ဓါးချွန်ကလေးတစ်လက်ကိုင်လိုက်ပြီးူ နန်းလုံအနီးသို့တိုးကပ်လာလေသည်။ နန်းလုံမှာ ရုန်းကန်နေသော်လည်း မရုန်းထွက်နိုင်ပေ။
“ပေါ်ပေါ်ကြီး၊ စွန်ဖြူလေးရှိသေးတယ်လေ၊ စွန်ဖြူလေးဆီက ယူလိုက်လို့မရဘူးလား၊ ဘာလို့ သမီးကိုဒီလိုလုပ်ရမှာလည်း”
ထိုအခါ ပေါ်ပေါ်ကြီးက ရပ်တန့်သွားပြီး တစ်ခုခုကိုစဉ်းစားနေသည်။ နောက်တော့ ခေါင်းခါလိုက်ပြီး
“စွန်ဖြူလေးဆီက ယူလို့မရဘူးလေ၊ စွန်ဖြူလေးမှာ ကျောက်တုံးနှလုံးသားမှမရှိတာ”
ထို့နောက် ပေါ်ပေါ်ကြီးက နန်းလုံ၏ ရင်ဘတ်ကိုထိုးခွဲလိုက်သည်။ အရိုးအပြိုင်းပြိုင်းဖြစ်နေသည့် သူ့လက်ကြီးကို နန်းလုံရင်ဘတ်အတွင်းသို့ ဆွဲသွင်းလိုက်ပြီးနောက် နန်းလုံရင်ဘတ်ထဲမှ ကျောက်တုံးတစ်ခုကိုထုတ်လိုက်သည်။ ထိုကျောက်တုံးမှာ နှလုံးသားပုံသဏ္ဍာန်ရှိပြီး အပြာရောင်အလင်းများထွန်းလင်းနေလေသည်။ နန်းလုံလည်း ကြည့်နေရင်း မျက်စေ့များပြာဝေလာကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားလေသည်။
(၃)
“သမီး နန်းလုံ”
နန်းလုံ၏ နားထဲတွင် အသံကြားလိုက်သဖြင့် မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်။ အေးစက်နေသည့် အထိအတွေ့ကို ခံစားလိုက်ရပြီး ကျောက်စက်ပန်းဆွဲများကျနေသည့် ကျောက်ဂူအမိုးကြီးကို မသဲမကွဲမြင်တွေ့လိုက်ရသည်။ ထို့နောက် ပေါ်ပေါ်ကြီးက သူ့ကိုမိုးပြီးလာရပ်ကြည့်သည်။
“သမီး ငါ့ကိုမြင်ရလား၊ ငါဘယ်သူလဲဆိုတာ သိသလား”
“သိ၊ သိပါတယ်၊ ပေါ်ပေါ်ကြီးပါ”
“သမီး ထိုင်နိုင်လား၊ ထိုင်ကြည့်ပါအုံး”
နန်းလုံက ငုတ်တုတ်ထိုင်လိုက်သည်။ သူ့ခေါင်းကြီးက လေးလံနေပြီး လည်ပင်းများက နာကျင်နေလေသည်။ ထို့ကြောင့် သူ့လက်ဖြင့် လည်ပင်းများကို ထိန်းထားလိုက်ရသည်။ လည်ပင်းတွင်ချုပ်ရိုးကြောင်းအရာကြီးတစ်ခုကို ကိုင်မိသည်။ နန်းလုံတစ်ကိုယ်လုံး ဝတ်လစ်စားလစ်ဖြစ်နေသည်။ ကျောက်စားပွဲပေါ်ရှိ သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သူ့ဝမ်းဗိုက်တွင် ကျစ်လစ်ကာ အဖုအထစ်များထနေသည့် ဝမ်းဗိုက်ကြွက်သားများကိုမြင်လိုက်ရသည်။ နန်းလုံလန့်သွားပြီး သူ့လက်ကိုသူပြန်ကြည့်သည်။ သူ့လက်နှစ်ဖက်မှာ ယောက်ျားလက်ကြီးဖြစ်နေလေသည်။ သို့နှင့် နန်းလုံလည်း လန့်သွားပြီး ခန္ဓာကိုယ်အောက်ပိုင်းသို့ ဆက်ကြည့်လိုက်သည့်အခါ ပေါင်ကြားတွင် ယောက်ျားတန်ဆာကြီးကိုမြင်တွေ့လိုက်ရသဖြင့် အလွန်ထိတ်လန့်သွားကာ သူ့မျက်လုံးတွေကိုပိတ်ထားလိုက်သည်။
“ဘာဖြစ်ကုန်တာလဲ ပေါ်ပေါ်ကြီး၊ သမီးဘာဖြစ်သွားတာလဲ”
“သမီးပေးတဲ့အကြံအတိုင်း လုပ်လိုက်တာလေ သမီးရဲ့၊ ကျောက်နှလုံးသားမရှိရင် သမီးရဲ့ခန္ဓာကိုယ်က အသက်မရှင်နိုင်ဘူး၊ ဒါကြောင့်မို့ သမီးရဲ့ခေါင်းကိုဖြုတ်ပြီးတော့ စွန်ဖြူလေးရဲ့ ယောက်ျားခန္ဓာကိုယ်ကြီးမှာ တပ်ပေးလိုက်တာပေါ့”
နန်းလုံငိုကြွေးမိလိုက်သည်။ သူ့စိတ်ထဲလည်း တော်တော်စိတ်မကောင်းဖြစ်နေသည်။ ယောက်ျားလက်တစ်ဖက်ကို မနှစ်သက်လို့ ပြောင်းလဲခိုင်းတော့မှ တစ်ကိုယ်လုံးယောက်ျားကိုယ်လုံးကြီးဖြစ်သွားသည့်အတွက်ကြောင့်ဖြစ်သည်။
“သမီးမလိုချင်ဘူး၊ ဒီကိုယ်လုံးကြီးကိုမလိုချင်ဘူး”
ပေါ်ပေါ်ကြီးက သက်ပြင်းချလိုက်သည်။
“မလိုချင်ရင် သမီးသေသွားမှာ၊ ပေါ်ပေါ်ကြီးမှာလည်း တခြားကိုယ်လုံးမရှိလို့ ဒီလိုပဲလုပ်လိုက်ရတာပါ၊ ဒါပေမယ့် စိတ်မပူပါနဲ့သမီးရယ်၊ သမီးဒီကိုယ်လုံးကြီးနဲ့ တစ်သက်လုံးမနေရပါဘူး၊ အဖေတို့ ဒုံတောင်တီရွာကို ခရီးထွက်တဲ့အခါ လမ်းမှာ သမီးနဲ့လိုက်ဖက်ညီမယ့် ကိုယ်လုံးကိုတွေ့ရင် ပေါ်ပေါ်ကြီးပြန်ပြီး လဲပေးမှာပါ”
သေဆုံးခြင်းကိုတော့ နန်းလုံကမလိုချင်ပေ၊ ပေါ်ပေါ်ကြီးကလည်း ပြန်လည်လဲလှယ်ပေးမည်ဟု ကတိပေးလိုက်သဖြင့် ယောက်ျားကိုယ်လုံးကြီးူနှင့်ပင် ယာယီနေထိုင်ရန်အတွက် ဆုံးဖြတ်လိုက်ရတော့သည်။
“ဒါနဲ့ စွန်ဖြူလေးရော၊ စွန်ဖြူလေး သေသွားပြီလား”
ပေါ်ပေါ်ကြီးက နန်းလုံအား စွန်ဖြူလေး ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများကိုလှမ်းပေးလိုက်ရင်း
“ငါအချစ်ဆုံးမြင်းကလေးကို ငါသတ်ပါ့မလားကွ”
“ဒါဆိုရင် ဘယ်ရောက်သွားသလဲ”
“စွန်ဖြူလေးရေ၊ ထွက်လာခဲ့ဟေ့”
စွန်ဖြူလေးက ကျောက်ဂူကြီးအတွင်းမှထွက်လာခဲ့သည်။ ခန္ဓာကိုယ်အောက်ပိုင်းတွင် နွားကိုယ်လုံးကြီးဖြစ်ပြီး ခေါင်းကတော့ မြင်းခေါင်းကြီးဖြစ်နေသေလည်။ နန်းလုံက ထိုနွားကိုယ်လုံးကြီးကိုကြည့်ပြီး ပေါ်ပေါ်ကြီးအား လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်၊ ငါမချစ်တဲ့လူကို စွန့်လွှတ်လိုက်ပြီပေါ့ကွာ”
“ဒါဆို ပေါ်ပေါ်ကြီးရဲ့မိန်းမခေါင်းကို ဖြုတ်လိုက်ပြီပေါ့”
ပေါ်ပေါ်ကြီးက ခေါင်းညိတ်လျှက် ပုရပိုက်များ၊ စာအုပ်များနှင့် အလုပ်ရှုပ်နေလေသည်။ နန်းလုံကတော့ ပေါ်ပေါ်ကြီးမိန်းမ သေဆုံးသွားသည်ကပင် ဝဋ်ကျွတ်သွားသည်ဟု တွေးလိုက်ရင်း စိတ်ဖြေလိုက်ရသည်။ ကျောက်ဂူခန်းမကြီးအတွင်းဝယ် မှန်သားတစ်ချပ်ကဲ့သို့ ပြောင်လက်နေသည့် သလင်းကျောက်အပြားကြီးရှိသည်။ နန်းလုံက ထိုသလင်းကျောက်ကြီးအရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး သူ့ပုံရိပ်ကိုသူ ပြန်ကြည့်လိုက်သည်။ တစ်ကိုယ်လုံး ကြွက်သားစိုင်များက အဖုဖုအထစ်ထစ်နှင့် သန်မာလှသည့် ယောက်ျားကိုယ်ကြီးဖြစ်ပြီး လည်ပင်းမှစ၍ ခေါင်းအထက်ပိုင်းမှာတော့ နန်းလုံ၏ မိန်းမဆန်သည့်မျက်နှာကိုမြင်တွေ့ရသည်။ ယောက်ျားကိုယ်လုံးကြီးနှင့် မိန်းမမျက်နှာကြီးမှာ လွန်စွာမှ မလိုက်ဖက်လှဟု နန်းလုံကတွေးထင်ပြီး မျက်ရည်များကျနေမိသည်။ ပေါ်ပေါ်ကြီးက သူ့အနောက်တွင်လာရပ်ကာ သူ့ပုခုံးများကိုဆုပ်ကိုင်လိုက်သည်။
“စိတ်မကောင်းမဖြစ်ပါနဲ့သမီးရယ်၊ ဒါက ယာယီပါပဲ၊ အဖေနဲ့သမီးနဲ့ ဒီကောင်မလေးကို ပြန်ပြီးအသက်သွင်းကြမယ်၊ ပြီးရင် ဒုံတောင်တီရွာကို အတူတူသွားကြမယ်၊ အဲဒီမှာ နတ်ဆေးဆရာတွေချည်း ဆုံတွေ့ကြမှာဆိုတော့ သမီးအတွက် လှပတဲ့မိန်းမကိုယ်လုံးကလေးကို ရှာပေးမယ်လို့ ပေါ်ပေါ်ကြီး ကတိပေးတယ်၊ ဟုတ်ပြီလား”
နန်းလုံခေါင်းညိတ်လိုက်သည့်အခါ ပေါ်ပေါ်ကြီးက ကျောက်စားပွဲကြီးပေါ်တွင် တင်ထားသည့် ရှဲန်ဆိုင်၏ အလောင်းအနီးသို့ တိုးကပ်သွားသည်။ ထို့နောက် ဓါးများ၊ ကတ်ကြေးများနှင့် အလုပ်များနေသည်။
“သူ့ကိုယ်တွင်းကလီစာတွေက ဓါးချက်ကြောင့်ပျက်စီးသွားတယ်၊ ဒါပေမယ့် မပူပါနဲ့ ပေါ်ပေါ်ကြီးက သူ့ကလီစာတွေနေရာမှာ တိရစ္ဆာန်ကောင်တွေရဲ့ ကလီစာတွေ တပ်ဆင်ပေးထားတယ်”
ကျောက်ကလပ်တစ်ခုပေါ်တွင်တင်ထားပြီး တဝင်းဝင်းတလက်လက်ဖြစ်နေသည့် ကျောက်တုံးနှလုံးသားကို နန်းလုံက ငေးကြည့်နေလေသည်။ ပေါ်ပေါ်ကြီးက ထိုကျောက်တုံးနှလုံးသားကို ယူလိုက်ပြီး ရှဲန်ဆိုင်၏ရင်ဘတ်အတွင်းသို့ ထိုးထည့်လိုက်လေသည်။ မကြာမီမှာပင် ကျောက်တုံးနှလုံးသားမှာ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
“ဒါနဲ့ သူ့နာမည်က ဘယ်လိုခေါ်သလဲ”
“ရှဲန်ဆိုင်လို့အော်တာတော့ ကြားလိုက်တယ်”
“ရှဲန်ဆိုင်တဲ့လား၊ နာမည်လေးက လှလိုက်တာ၊ ပြီးတော့ အခုမှပဲ နာမည်နဲ့လူနဲ့ လိုက်သွားတော့တယ်”
ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်၏ ရင်ဘတ်ကို ပြန်ချုပ်ပေးနေသည်။
“ရှဲန်ဆိုင်ဆိုတော့ ကြည်လင်တဲ့ကျောက်ကလေးလို့ အဓိပ္ပါယ်ရတယ်မဟုတ်လား၊ အခုသူ့ရင်ထဲမှာလည်း ကြည်လင်တဲ့ သလင်းကျောက်တုံးကလေးတစ်ခု ရောက်နေပြီမဟုတ်လား”
ပေါ်ပေါ်ကြီးပြောလိုက်သဖြင့် နန်းလုံက ခေါင်းညိတ်လိုက်တော့သည်။ ခဏကြာသည့်အခါ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်၏ နားရွက်အနီးသို့ကပ်လိုက်ကာ စကားတစ်ခွန်းကို တိုးတိုးပြောလိုက်လေတော့သည်။
“မင်းနိုးထဖို့အချိန်ရောက်ပြီ သမီး”
ထိုအခါ ရှဲန်ဆိုင်၏ မျက်တောင်များမှာ ပုတ်ခတ် ပုတ်ခတ်ဖြစ်လာလေသည်။
အပိုင်း (၂)တွင် ဆက်လက်ဖတ်ရှုပါ။