အပိုင်း (၂)
ရှဲန်ဆိုင်၏ မျက်တောင်များက ပုတ်ခတ်ပုတ်ခတ်ဖြစ်လာလေသည်။ ထို့နောက်မျက်လုံးများပွင့်သွားပြီး ကျောက်ဂူအမိုးကြီးကို ငေးမောကြည့်နေလေသည်။ ထို့နောက် ကုန်းထရန်အတွင်အားထုတ်နေသဖြင့် ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်ရင်ဘတ်ကိုဖိထားလိုက်သည်။
“မင်းငါ့ကိုမြင်ရလား၊ ငါ့လက်ချောင်းတွေကိုမြင်ရလား”
ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်၏ မျက်လုံးအရှေ့တွင် သူ့လက်ဝါးကို ဖြန့်ပြလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားပြနေလေသည်။ ထိုအခါ ရှဲန်ဆိုင်က ပေါ်ပေါ်ကြီး၏ လက်ချောင်းများကိုအသေအချာစိုက်ကြည့်နေရင်း ခေါင်းကိုအသာညိတ်လိုက်သည်။ ရှဲန်ဆိုင်၏ ကိုယ်လုံးမှချုပ်ရိုးအကြောင်းကြီးမှာ ပုခုံးမှစတင်ပြီး ချက်အထိရှည်လျားလေသည်။
“ကျွန်မဘယ်ရောက်နေတာလဲ”
“မင်းငါ့လက်ချောင်းတွေကိုမြင်ရသလား၊ လက်ချောင်းဘယ်နှချောင်းရှိသလဲ”
“လက်ချောင်းငါးချောင်းရှိတယ်”
ပေါ်ပေါ်ကြီးက ခေါင်းညိတ်လိုက်သည်။
“မင်းရောက်နေတဲ့နေရာက ငါ့ရဲ့အလုပ်ခန်းပဲ၊ မင်းကိုငါကယ်တင်လိုက်နိုင်ပြီး ငါ့နာမည်က ပေါ်ပေါ်ကြီး၊ အခုမင်းက ငါ့သမီးဖြစ်သွားပြီ”
ရှဲန်ဆိုင်အနီးသို့ နန်းလုံကတိုးကပ်လာလေသည်။ ရှဲန်ဆိုင်က ခေါင်းကိုအသာစောင်းပြီး နန်းလုံကိုကြည့်လိုက်သည်။
“ရှင်၊ ရှင်က ဘယ်သူလဲ”
“ငါ့နာမည် နန်းလုံ၊ အခုတော့ မင်းရဲ့အမပေါ့”
ပေါ်ပေါ်ကြီးက မီးဖိုအပေါ်သို့သွားပြီး ဖယောင်းများနှင့် သစ်ဥသစ်ဖုများကို ရောကျိုချက်နေလေသည်။ ထို့နောက် ငှက်ပျောရွက်တစ်ရွက်ပေါ်သို့ ဖယောင်းရည်များကိုလောင်းချလိုက်သည်။ သစ်ဥသစ်ဖုများနှင့် ရောစပ်ထားသည်မို့ ဖယောင်းက အနက်ရောင်ကြီးဖြစ်နေသည်။ မကြာခင် ဖယောင်းရည်များ အေးသွားပြီး မပျော့မမာလေးရှိနေစဉ်မှာပင် ထိုငှက်ပျောရွက်များကို ရှဲန်ဆိုင်၏ ချုပ်ရိုးကြောင်းကြီးပေါ်တွင် ကပ်ပေးလိုက်သည်။ ပူပြင်းသည့်ဝေဒနာကို ခံစားလိုက်ရသဖြင့် ရှဲန်ဆိုင်က အော်ဟစ်နေမိသည်။
“တောင့်ခံထားလိုက်ပါ၊ မင်းမကြာခင်ကောင်းသွားမှာပါ”
ထို့နောက် ပေါ်ပေါ်ကြီးက နန်းလုံကိုကြည့်လိုက်ပြီး
“သမီးနန်းလုံ၊ သူ့ဒဏ်ရာတွေအသားတက်ဖို့ အသားဓါတ်များများလိုအပ်တယ်ကွဲ့”
နန်းလုံက ဘာကိုဆိုလိုမှန်းသိလိုက်ပြီမို့ ကျောက်ချွန်တစ်ခုတွင် ချိတ်ထားသည့် လေးနှင့်မြားကို ဆွဲယူလိုက်ကာ ဂူအပြင်သို့အမဲလိုက်ရန်အတွက် ထွက်ခဲ့လိုက်သည်။
(၄)
နှစ်ရက်ခန့်ကြာသည့်အခါ ရှဲန်ဆိုင်မှာ မတ်တပ်ရပ်နိုင်ပြီး ထူထူထောင်ထောင်ပြန်ဖြစ်လာသည်။ ထိုအခါ နန်းလုံက ရှဲန်ဆိုင်အား တွဲထူရင်း အတူတူလမ်းလျှောက်ကြည့်ကြသည်။ ကျောက်ဂူကြီးအတွင်းရှိ မှန်ကဲ့သို့ကြည်လင်နေသည့် သလင်းကျောက်ချပ်ကြီးအရှေ့သို့ ရှဲန်ဆိုင်ကိုခေါ်ဆောင်သွားကြသည်။
ရှဲန်ဆိုင်က သူ့ကိုယ်လုံးကိုသူပြန်ကြည့်သည်။ ချုပ်ရိုးကြောင်းကြီးတစ်ခုက သူ့တစ်ကိုယ်လုံးနီးပါးကို ဖြတ်သန်းချုပ်နှောင်ထားလေသည်။ ရှဲန်ဆိုင်က သူ့ဆံနွယ်များကို ကြည့်လိုက်သည့်အခါ အလွန်ထိတ်လန့်သွားသည်။ ထိုအခါ ပေါ်ပေါ်ကြီးနှင့် နန်းလုံက ရှဲန်ဆိုင်ကိုချုပ်နှောင်ထားသည်။
“ကျွန်မဆံပင်တွေ၊ ကျွန်မဆံပင်တွေ ဘာဖြစ်ကုန်တာလဲ”
ရှဲန်ဆိုင်၏ ခေါင်းတွင် နက်မှောင်သန်စွမ်းသည့် ဆံနွယ်များမရှိတော့ဘဲ၊ ပျော့စိစိချွဲချွဲအရာကြီးတစ်ခုက ဦးခေါင်းတွင်ကပ်နေလေသည်။
“မစိုးရိမ်ပါနဲ့သမီးရဲ့၊ ဒါက သမီးရဲ့လက်နက်အသစ်ပဲ”
ရှဲန်ဆိုင်က လက်ကိုအတင်းရုန်းလိုက်ပြီး သူ့ခေါင်းမှ အရာကြီးကိုကိုင်ကြည့်လိုက်ရာ ရှည်လျားသည့် ရေလဝဲလက်တံကြီး ခြောက်ချောင်းကိုတွေ့လိုက်ရသည်။ သူအားဖြင့်ဆွဲခွာသော်လည်း မကွာဘဲ သူ့ဦးရေပြားတွေနှင့်ကပ်နေကာ တစ်သားတည်းဖြစ်နေလေသည်။
“ဘဝဲမလေးရဲ့ကိုယ်နဲ့ မင်းရဲ့စိတ်ကို ဆက်သွယ်ပေးထားတာပဲ၊ မင်းဟာ ဒီတစ်ကြိမ် ညီလာခံမှာ ငါ့အတွက် ဂုဏ်ထူးဆောင်ပေးရမယ့် ဖန်တီးမှုတစ်ခုပဲ”
ရှဲန်ဆိုင်က ငိုကြွေးနေမိသည်။ နန်းလုံက ရှဲန်ဆိုင်ကိုပွေ့ဖက်ပေးထားသည်။
“မင်းအသက်ရှင်နေရတာကိုပဲ ကျေးဇူးတင်စမ်းပါ၊ တစ်ခါတစ်လေတော့ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာမှမဟုတ်တာ”
ရှဲန်ဆိုင်တစ်ယောက် နန်းလုံအားပွေ့ဖက်ရင်း ငိုနေမိသည်။ ပေါ်ပေါ်ကြီးက ရှဲန်ဆိုင်အားစောင်တစ်ထည်ဖြင့် လွှမ်းခြုံပေးလိုက်သည်။
“အစမို့လို့ပါသမီးရယ်၊ ဒီလက်တံတွေက သမီးအတွက်လက်နက်ပဲရှဲန်ဆိုင်ရဲ့၊ နောက်ဆိုရင် သမီးဒီလက်တံတွေကို ချစ်တတ်သွားမှာပါ”
ပေါ်ပေါ်ကြီးက ကျောက်စားပွဲကြီးပေါ်မှ သူ၏ကိရိယာများကို သိမ်းဆည်းနေပြီး ဝါးဖြင့်ပြုလုပ်ထားသည့် ဘီရိုတစ်ခုကိုဖွင့်လိုက်ပြီး ထိုအတွင်းသို့ သူ၏ကိရိယာများကိုထည့်သိမ်းလိုက်သည်။ ထို့နောက် အဝတ်စဖြင့်ထုပ်ပိုးထားသည့် အိတ်ကြီးတစ်လုံးကိုထုတ်ယူလိုက်သည်။ ထိုအိတ်ကြီးကို ကျောက်စားပွဲကြီးပေါ်တွင် ဖြန့်လိုက်သည့်အခါ မိန်းမဝတ် အဝတ်အစားများထွက်ပေါ်လာလေသည်။
“လာသမီး၊ ရှဲန်ဆိုင်၊ မင်းဒီအဝတ်တွေကို ဝတ်ကြည့်စမ်း”
ရှဲန်ဆိုင်ကို နန်းလုံကတွဲခေါ်ပြီး ပေါ်ပေါ်ကြီးထုတ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ကြည့်သည်။ အပြာရောင်နှင့် အနီရောင်အဝတ်စများဖြင့် ချုပ်လုပ်ထားသည့် ဂါဝန်ရှည်ကြီးတစ်ထည်ကို ဝတ်ဆင်လိုက်သည်။ အနီရောင်ပိုးစဖြင့်ချုပ်လုပ်ထားပြီး လည်ပင်းနှင့် လက်အနားတွင် ယုန်မွှေးများတပ်ထားသည့် အပေါ်ဝတ်အင်္ကျီတစ်ထည်ကိုလည်း ထပ်မံဝတ်ဆင်လိုက်သည်။ ငွေဖြင့်ပြုလုပ်ထားသည့် ဘယက်များ၊ လက်ကောက်များနှင့် နားဆွဲများကို ဝတ်ဆင်ပေးလိုက်သည့်အခါ ရှဲန်ဆိုင်မှာ အလွန်လှပသွားတော့သည်။ ပေါ်ပေါ်ကြီး ရှဲန်ဆိုင်ကိုကြည့်ရင်း ခေါင်းညိတ်နေလေသည်။
“ဒါဘယ်ကအဝတ်တွေလဲပေါ်ပေါ်ကြီး”
နန်းလုံကမေးလိုက်သည့်အခါ
“အဲဒါ ငါ့မိန်းမနဲ့ငါနဲ့ မင်္ဂလာဆောင်တုန်းက ဝတ်ဆင်ခဲ့တဲ့အဝတ်အစားတွေပဲ၊ မင်းကိုတွေ့လိုက်တော့ ငါ့မိန်းမကိုတောင် ငါသတိရမိသွားသေးတယ်”
ထိုအဝတ်အစားများအတွင်းမှ အပေါ်ရုံခြုံထည်အနီကြီးတစ်ထည်ကို ပေါ်ပေါ်ကြီးက ယူလိုက်ပြီးနောက် ရှဲန်ဆိုင်၏ ခေါင်းတွင် ခေါင်းပေါင်းကြီးတစ်ခုအဖြစ် ပတ်ပေးလိုက်သည်။ ဘဝဲလက်တံများကို လုံခြုံအောင် ထုပ်ပိုးထားရသည်မို့ ခေါင်းပေါင်းကြီးက သာမန်ထက်ပိုပြီးကြီးမားနေလေသည်။
“ငါ့မိန်းမလည်း ငါနဲ့မယူခင်တုန်းက မင်းလိုလှပခဲ့တာပေါ့၊ ဒါပေမယ့် ယူပြီးတဲ့နောက်ပိုင်းတော့ သူ့စရိုက်တွေကို ငါသိလာရတယ်၊ အမြဲတမ်းငါ့ကိုပွစိပွစိနဲ့ အပြစ်ပြောတယ်၊ တစ်ခုခုဆိုရင်လည်း ငါ့ကိုရန်တွေ့နေတတ်တယ်၊ ငါကပြန်ပြောပြန်ရင်လည်း တစ်ပတ်လောက်ငါနဲ့စကားမပြောဘဲ စိတ်ကောက်နေတတ်တယ်”
ပေါ်ပေါ်ကြီးက ပြောဆိုနေရင်း သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“အင်း၊ မိန်းမတွေဆိုတာ တော်တော်နားလည်ရခက်တဲ့သူတွေပဲ”
ထိုအခါ ရှဲန်ဆိုင်က
“ပေါ်ပေါ်ကြီးက မိန်းမယူခဲ့တယ်ဆိုတော့ သားသမီးမရှိခဲ့ဘူးလား”
ပေါ်ပေါ်ကြီးမျက်နှာက တွေဝေသွားကာ မှိုင်ကျသွားလေသည်။ ဆေးတံကို တဒေါက်ဒေါက်နှင့်ခေါက်နေရင်း
“အရင်က သမီးလေးတစ်ယောက်ရှိခဲ့တယ်၊ အခုလောက်ဆိုရင် မင်းတို့အရွယ်နီးပါးလောက်ရှိနေပြီပေါ့”
“အခုရော၊ သူက ဘယ်မှာလဲ”
ပေါ်ပေါ်ကြီးက ခေါင်းကိုဖြေးညှင်းစွာ ခါလိုက်သည်။
“မရှိတော့ဘူး”
သူတို့အတန်ကြာအောင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဘဲ နှုတ်ဆိတ်နေလေသည်။ ပေါ်ပေါ်ကြီးကတော့ တစ်ခုခုကိုဝမ်းနည်းနေပုံရသည်။ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သည့် ပေါ်ပေါ်ကြီး ဝမ်းနည်းနေသည့်ရုပ်ကို နန်းလုံက အခုမှပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်သည်။ ခဏကြာတော့ ပေါ်ပေါ်ကြီးက
“အထုပ်အပိုးတွေပြင်တော့ဟေ့၊ ငါတို့မှာအချိန်မရှိတော့ဘူး”
နန်းလုံက ခရီးသွားရင်း လိုအပ်မည်ထင်သည့်အရာများကို သိမ်းဆည်းထုပ်ပိုးနေလေသည်။ ထို့နောက် ပေါ်ပေါ်ကြီးက နွားကိုယ်လုံးကြီးနှင့်ဖြစ်နေသည့် စွန်ဖြူလေးအပေါ်သို့ ဘေးတစ်စောင်းတက်ထိုက်လိုက်သည်။ သူ့အထုပ်များကိုလည်း နွား၏ကျောကုန်းပေါ်တွင် တင်ထားလိုက်သေးသည်။ နန်းလုံကတော့ လေးနှင့်မြားကိုလွယ်ထားလေသည်။ သူတို့ ကျောက်ဂူကြီးအတွင်းမှထွက်ခဲ့သည်။
“သမီးနန်းလုံ၊ ရှဲန်ဆိုင်ကို လမ်းမလျှောက်ခိုင်းနဲ့၊ သမီးပွေ့ချီလာခဲ့စမ်း”
နန်းလုံမှာ အံ့အားသင့်သွားသည်။
“သမီးမှာ သန်မာတဲ့လက်တွေရှိပါတယ်၊ သူ့ကိုပွေ့ချီခေါ်လာခဲ့စမ်းပါ”
ပေါ်ပေါ်ကြီးအမိန့်မို့ နန်းလုံက မငြင်းသာတော့ဘဲ ရှဲန်ဆိုင်အား စွေ့ခနဲပွေ့ချီလိုက်သည်။ ရှဲန်ဆိုင်၏ ကိုယ်အလေးချိန်လောက်တော့ သူ့အတွက် မလေးပေ၊ သို့နှင့် ပေါ်ပေါ်ကြီးက အရှေ့မှသွားရင်း နန်းလုံက ရှန်ဆိုင်အားပွေ့ချီလျှက် အနောက်မှလမ်းလျှောက်လိုက်လာခဲ့သည်။ နန်းလုံက သတို့သမီးဝတ်စုံနှင့် လှပနေသည့် ရှဲန်ဆိုင်အားကြည့်လျှက် စိတ်ထဲမှ မနာလိုဖြစ်နေမိသည်။ သူလိုချင်သည့် လှလှပပမိန်းကလေးဘဝကို ရှဲန်ဆိုင်က ရရှိသွားသဖြင့် မကျေမနပ်ဖြစ်နေမိသည်။ သို့သော်လည်း ပေါ်ပေါ်ကြီးကို အထွန့်မတက်ရဲသဖြင့် ရှဲန်ဆိုင်ကိုသာ အားကျရင်း မနာလိုစိတ်များ တဖွားဖွားဖြစ်လာခဲ့သည်။
“သမီးတို့ ဒုံတောင်တီရွာကို သွားကြမှာလား”
ပေါ်ပေါ်ကြီးက စွန်ဖြူလေးကိုစီးနေရင်း ခေါင်းခါပြသည်။
“ငါတို့ တစ်နေရာကို ဝင်စရာရှိသေးတယ်ကွ”
တောလမ်းကလေးအတိုင်းဆက်လာကြရင်း မကြာမီတောင်ကုန်းကလေးတစ်ခုအနားသို့ရောက်လာခဲ့သည်။ တောင်ကုန်းကလေးတွင် စိုက်ပျိုးထားသည့် မုန်ညင်းများမှာ အဝါရောင်အပွင့်များဖြင့် ဖူးပွင့်နေကြလေသည်။ တောင်ကုန်းကလေးပေါ်တွင်တော့ လူသံများကိုကြားနေရသည်။ ရှဲန်ဆိုင်က သူနှင့်ငခမ်းတို့ အတူတူနေခဲ့ဖူးသည့်အဖြစ်ကို ပြန်သတိရသွားသည်။ တောင်ကုန်းကလေးအောက်ခြေမှ ဖြတ်သန်းလာရင်း ပေါ်ပေါ်ကြီးက တောင်ကုန်းပေါ်သို့ကြည့်လိုက်ကာ
“ကြည့်စမ်း၊ ငါတို့အိမ်ဟောင်းကလေးမှာ လူတွေနေနေတယ်ဟေ့”
နန်းလုံက ရှဲန်ဆိုင်အားပွေ့ချီထားရင်း
“မင်းဒီနေရာကိုမှတ်မိတယ်မဟုတ်လား”
ရှဲန်ဆိုင်က ခေါင်းညိတ်လိုက်သည်။
“ကျွန်မရယ် ကျွန်မရဲ့ချစ်သူရယ် အတူတူနေခဲ့ကြတဲ့ အိမ်ကလေးပေါ့”
“မင်းရဲ့ချစ်သူမဟုတ်ပါဘူး၊ မင်းရဲ့ယောက်ျားပါ”
နန်းလုံပြောလိုက်သည့်အခါ ရှဲန်ဆိုင်က မျက်လုံးပြူးသွားသည်။
“ရှင်က အကိုကွမ်ခမ်းနဲ့ သိနေကြတာလား”
နန်းလုံက ခေါင်းသာညိတ်သည်။ ရှဲန်ဆိုင်က နန်းလုံမျက်နှာကိုအသေအချာစိုက်ကြည့်ရင်း
“ကျွန်မသိပြီ၊ အဲဒါရှင်ပဲ၊ အကိုကွမ်ခမ်းနဲ့ ဖောက်ပြန်နေတဲ့လူဟာ ရှင်ပဲ၊ ဒါကြောင့် ကျွန်မရှင့်ကိုတွေ့ဖူးပါတယ်ဆိုပြီး ကြည့်နေမိတာ”
ရှဲန်ဆိုင်က နန်းလုံအားကြည့်ရင်း ဒေါသထွက်လာလေသည်။ ထို့ကြောင့် နန်းလုံလက်အတွင်းမှ မြေပေါ်သို့ခုန်ဆင်းလိုက်သည်။ ထိုအချိန်တွင် တောင်ကုန်းကလေးပေါ်မှ လူများပြေးဆင်းလာပြီး သူတို့အနားသို့ရောက်လာလေသည်။ ထိုလူများမှာ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားကြသည့် ပအို့ဝ်များဖြစ်သည်။ စုစုပေါင်း လူလေးယောက်ရှိသည်။
“ရပ်စမ်းအဘိုးကြီး၊ ဒီမှာနေသွားတဲ့သူတွေ ဘယ်ရောက်သွားသလဲ”
ပေါ်ပေါ်ကြီးက ခေါင်းခါလိုက်ပြီး
“ဒီအိမ်ကလေးက အရင်တုန်းက ငါနေခဲ့တဲ့အိမ်ကလေးပဲ”
ထိုလူလေးယောက်က သူတို့ကို ဝိုင်းလိုက်လေသည်။
“ဒါဆို ဒီမှာနေတဲ့လင်းနို့ကောင်၊ ဘယ်ရောက်သွားသလဲ”
ပေါ်ပေါ်ကြီးက အံ့ဩသွားပြီး
“လင်းနို့ကောင်၊ ဟုတ်လား၊ မင်းတို့လင်းနို့လိုချင်ရင် ညဘက်ဖမ်းမှပေါ့ကွ၊ ဒီအချိန်လင်းနို့က ထွက်မလား”
ထိုလူများက အလွန်ဒေါသထွက်သွားသည်။
“အဘိုးကြီးကတော့ သေချင်ပြီနဲ့တူတယ်”
ထိုအခါ ကျန်သည့်သူသုံးယောက်က နန်းလုံနှင့် ရှဲန်ဆိုင်အနီးသို့ တိုးကပ်လာကြသည်။
“ဟေ့ဒီမှာကြည့်စမ်း၊ ဗလတောင့်တောင့်ကောင်မလေးရယ်၊ ချောမောလှပတဲ့ သတို့သမီးလေးတစ်ယောက်ရယ် ပါသေးတယ်ကွ၊ ဟား၊ ဟား”
ပေါ်ပေါ်ကြီးက
“အဲဒါ ငါ့သမီးတွေပါကွာ၊ ငါတို့က ခရီးသွားတွေပါ၊ ငါတို့ကို ရန်မပြုကြပါနဲ့”
ထိုလူများက ရယ်မောလိုက်ကြသည်။
“ခင်ဗျားတို့သာ အလိုက်သိမယ်ဆိုရင် ရန်မပြုပါဘူးဗျာ၊ ဟေ့ကောင်တွေ အဘိုးကြီးကိုဖမ်းချုပ်လိုက်ကြစမ်း၊ ကောင်မလေးနှစ်ယောက်ကတော့ ငါတို့ကိုအဖော်ပြုပေးပေါ့ကွာ၊ ဟား၊ ဟား”
ထိုလူတစ်ယောက်က ရှဲန်ဆိုင်၏ လက်ကိုဆွဲလိုက်လေသည်။ ရှဲန်ဆိုင်လည်း ဒေါသထွက်ထွက်နှင့် ထိုလူ၏ ပါးကိုလက်ဝါးဖြင့် ဖြန်းခနဲရိုက်လိုက်သည်။ ထိုလူက သူ့ပါးကို လက်ဝါးဖြင့်ပွတ်လျှက် ရှဲန်ဆိုင်အား ပြီတီတီမျက်နှာထားဖြင့်ကြည့်သည်။
“ဒီကညီမလေးကလဲ စွာလိုက်တာ၊ ဟောဒီက အကိုကြီးကလည်း ဒီလိုခပ်စွာစွာမိန်းကလေးတွေကိုမှ ချစ်တာကွ”
ထိုလူက ရှဲန်ဆိုင်၏လက်နှစ်ဖက်ကိုချုပ်ကိုင်လိုက်သည်။ ရှဲန်ဆိုင်က ရုန်းကန်သော်လည်း ထိုလူ၏ အားကိုမလွန်ဆန်နိုင်ပေ။ ထိုစဉ် သူ့ခေါင်းပေါ်မှ ခေါင်းပေါင်းကြီးကျွတ်သွားကာ ခေါင်းပေါင်းစကြီးက လေပေါ်သို့လွှင့်ပျံသွားသည်။ ရှဲန်ဆိုင်၏ ခေါင်းမှ ဘဝဲလက်တံကြီးခြောက်ခုက ထွက်ပေါ်လာလေသည်။ ဘဝဲလက်တံကြီးက ရှဲန်ဆိုင်ကို ဆွဲထားသည့်သူ၏ လက်နှစ်ဖက်ကိုချုပ်ကိုင်လိုက်သည်။ ကျန်သည့် ဘဝဲလက်တံများက ထိုလူ၏ ဦးခေါင်းကိုရစ်ပတ်ပြီး ခေါင်းကိုအားဖြင့် လှည့်ချလိုက်သည်။
“ဂျွတ်”
အရိုးကျိုးသံကြီးမြည်ထွက်သွားပြီး ထိုလူ၏ ခေါင်းကြီးက ကျောဘက်အထိ လည်ထွက်သွားသည်။ ဘဝဲလက်တံများက ထိုလူ၏ ရင်ဘတ်ကို အားဖြင့်ပုတ်ထုတ်လိုက်ရာ ထိုလူမှာ အနောက်သို့လွင့်သွားပြီး ဆယ်တောင်လောက်အကွာသို့ ပြုတ်ကျသွားလေသည်။ ထို့နောက် ထိုလူက မြေပြင်ပေါ်မှ ကုန်းထလိုက်လေသည်။ လည်ထွက်သွားသည့် သူ့ခေါင်းကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အရှေ့ဘက်သို့ ပြန်လှည့်လိုက်လေသည်။ ရှဲန်ဆိုင်လည်း ထိုလူကိုကြည့်ရင်း အလွန်အံ့ဩသွားသည်။
“မင်းက ကြမ်းချင်တယ်ပေါ့ဟုတ်လား၊ သေစမ်း”
ထိုလူက တစ်ချက်အော်ဟစ်လိုက်ပြီး အဝတ်အစားများကိုဆွဲဖြဲလိုက်လေသည်။ ထိုအခါ အမွှေးကြမ်းကြီးများတစ်ကိုယ်လုံးထွက်လာပြီး အဝါနှင့် အနက်စင်းကြီးများလည်းထွက်ပေါ်လာသည်။ မကြာခင် လူတစ်ပိုင်းကျားတစ်ပိုင်းအကောင်ကြီးဖြစ်သွားတော့သည်။ ကျားကြီး၏ လက်များမှာ လက်သည်းကောက်ကောက်ကြီးများက ချွန်ထက်နေလေသည်။ ထို့နောက် ရှဲန်ဆိုင်ဆီသို့ ခုန်ဝင်လာတော့သည်။
နန်းလုံက တိုက်ခိုက်ရန်ပြင်လိုက်စဉ်တွင် ပေါ်ပေါ်ကြီးက နန်းလုံအားတားမြစ်လိုက်သည်။
“မင်းဝင်မပါနဲ့နန်းလုံ၊ ဒီအချိန်က သူဘယ်လောက်စွမ်းတယ်ဆိုတာ စမ်းသပ်ဖို့အခွင့်အရေးပဲကွ”
ကျားကြီးက ရှဲန်ဆိုင်အား ခုန်အုပ်လိုက်ကာ လက်သည်းများဖြင့် ရှဲန်ဆိုင်၏မျက်နှာကို ကုတ်ချလိုက်သည်။ သို့သော် ရှဲန်ဆိုင်၏ ဦးခေါင်းမှ လက်တံများက ကျားကြီး၏ လက်နှစ်ဖက်ကို ရစ်ပတ်ကာ အားဖြင့်ပြန်တွန်းထားလေသည်။ ကျားကြီးကလည်း အားကုန်သုံးပြီး အတင်းဖိနေလေသည်။ ပေါ်ပေါ်ကြီးက ဆေးတံသောက်နေရင်း
“လုပ်စမ်းပါသမီးရဲ့၊ သမီးကိုယ်ထဲမှာလည်း ကျားအသည်းထည့်ပေးထားတယ်မဟုတ်လား”
ရှဲန်ဆိုင်က သူ၏လူလက်များဖြင့် ကျားကြီး၏ ဟာကွက်ဖြစ်နေသည့် မျက်နှာကို ကုတ်ခြစ်လိုက်သည်။ ကျားကြီး၏ မျက်လုံးကို ရှဲန်ဆိုင်၏ လက်သည်းချွန်များက ထိသွားသည်မို့ ကျားကြီးမှာ နာကျင်စွာအော်ဟစ်လေသည်။ တစ်ချိန်တည်းမှာပင် ဘဝဲလက်တံနှစ်ခုက အချင်းချင်းရစ်ပတ်ကာ အလုံးကြီးတစ်ခုအဖြစ်ဖန်တီးလိုက်ပြီး ကျားကြီး၏ မေးရိုးကို ပင့်ထိုးချလိုက်ရာ ကျားကြီးမှာ နောက်ကျွမ်းပစ်ကာ လွင့်ထွက်သွားတော့သည်။
ရှဲန်ဆိုင်က မတ်တပ်ထလိုက်ပြီး ဘဝဲလက်တံများအားလုံးကို စုစည်းလိုက်ကာ ကြီးမားသည့်အလုံးကြီးတစ်ခုအဖြစ်ဖန်တီးလိုက်သည်။ မြေပြင်သို့ကျသွားသည့် ကျားကြီးမှာ ဟိန်းဟောက်မာန်ဖီပြီး ရှဲန်ဆိုင်၏ လည်ပင်းဆီသို့ လှမ်းခုန်ကာ ကိုက်လေသည်။ သို့သော် ရှဲန်ဆိုင်၏ ဘဝဲလက်တံအလုံးကြီးမှာ ရှည်ထွက်သွားပြီး ကျားကြီး၏ ပါးစောင်ကို အားကုန်ထိုးစိုက်ချလိုက်ရာ ကျားကြီးမှာ မြေပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားလေသည်။ ကျားကြီးက အားယူပြီးပြန်ကုန်းထသော်လည်း မထနိုင်တော့သည့်အပြင် ကျားကြီးပါးစပ်ရှိ သွားများနှင့် အစွယ်များက မြေပြင်ပေါ်သို့ ပဲ့ကြွေကျလာခဲ့သည်။
“ဝေး၊ ဒါမှ ငါ့သမီးကွ ဒီကောင်တွေကို ဆော်လိုက်စမ်းပါ”
ပေါ်ပေါ်ကြီးက လက်ခုပ်လက်ဝါးတီးကာ အားပေးနေလေသည်။ ထိုစဉ် ကျန်သည့် ပအို့ဝ်သုံးယောက်မှာလည်း ကျားအဖြစ်သို့ပြောင်းလဲလိုက်ကြပြီး ရှဲန်ဆိုင်အား တိုက်ခိုက်ရန်အတွက် လှည့်ပတ်ကာ ချောင်းနေတော့သည်။ ရှဲန်ဆိုင်၏ ခေါင်းမှ ဘဝဲလက်တံအလုံးကြီးကလည်း လေပေါ်တွင် လှည့်ပတ်ဝှေ့ယမ်းနေကာ အသင့်အနေအထားနှင့် စောင့်ဆိုင်းနေလေသည်။
ကျားကြီးသုံးကောင်အနက် တစ်ကောင်မှာ ရှဲန်ဆိုင်၏ နောက်ကျောဘက်သို့ရောက်သည့်အခါ လွှားခနဲခုန်အုပ်လိုက်လေသည်။ သို့သော် ရှဲန်ဆိုင်၏ ဘဝဲလက်တံများကလည်း မြန်ဆန်လှသည်။ တင်းပုတ်ကြီးနှင့်တူသည့် ဘဝဲလက်တံအလုံးကြီးမှာ ကျားကြီး၏ ဦးခေါင်းကိုအားဖြင့်လွှဲရိုက်ထည့်လိုက်ရာ ထိုကျားကြီးမှာ အနောက်သို့လွင့်ထွက်ပြီး သစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့်ဆောင့်မိသွားကာ ပြန်ထမလာတော့ပေ။
ကျန်သည့် ကျားနှစ်ကောင်မှာလည်း တစ်ပြိုင်နက်တည်း ခုန်အုပ်တိုက်ခိုက်လေသည်။ ရှဲန်ဆိုင်က သု့အရှေ့ဘက်မှ ခုန်အုပ်သည့်ကျားကြီးကို တိုက်ခိုက်နေစဉ်မှာ သူ့နောက်ကျောကို ကျားကြီးတစ်ကောင်က ကုပ်ဖက်လိုက်ပြီးနောက် ရှဲန်ဆိုင်၏ လည်ပင်းကို ပါးစပ်ပြဲကြီးနှင့်ကိုက်ဖြတ်ရန်အတွက်ပြင်ဆင်လိုက်သည်။ ထိုစဉ် နန်းလုံက ပြေးဝင်သွားပြီး ထိုကျားကြီးကို အနောက်မှဆွဲဖက်ကာ နပမ်းဖက်လုံးတော့သည်။
နန်းလုံက ကျားကြီး၏ ဦးခေါင်းကို လက်သီးများဖြင့် တစ်ချက်ပြီးတစ်ချက် အဆတ်မပြတ်ပစ်သွင်းလိုက်လေသည်။ ကျားကြီးမှာ နန်းလုံ၏ အားပြင်းသည့် လက်သီးချက်ကြီးများ ထိမှန်ပြီး မျက်နှာတစ်ခုလုံးရှိ အရိုးများကျိုးကြေကုန်သည်။ နောက်ဆုံးတွင် နန်းလုံက ကျားကြီး၏လည်ပင်းကို လက်မောင်းကြားတွင်ညှပ်လိုက်ပြီး အားကုန်ညှစ်ထည့်ချလိုက်ရာ ကျားကြီး၏ လည်ပင်းရိုးများမှာ ဝါးလုံးများကွဲသလို တဖြောင်းဖြောင်း တဂျွတ်ဂျွတ်ဖြင့် ကွဲအက်ကုန်ကြပြီး ကျားကြီးမှာလည်း ငြိမ်သက်သွားရတော့သည်။
တစ်ဖက်က ရှဲန်ဆိုင်မှာလည်း ကျားကြီးအား ဘဝဲလက်တံ တင်းပုတ်ကြီးဖြင့် စိစိညက်ညက်ကြေအောင် တဘုန်းဘုန်းထုနှက်နေလေရာ ကျားကြီးမှာ တစ်ကိုယ်လုံးရှိ အရိုးအသားတို့ ကြေမွပြီး အိတ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
“ကဲတော်လောက်ပြီ၊ ငါ့သမီးတွေလို့မပြောရဘူး မင်းတို့သိပ်စွမ်းကြတာပဲကွယ်”
ပေါ်ပေါ်ကြီးက ပြောလိုက်ပြီး လက်ခုပ်လက်ဝါးတီးကာ အားပေးနေသည်။ ထို့နောက် စွန်ဖြူလေးအပေါ်မှဆင်းလာပြီး ကျားကြီးများကိုကြည့်လိုက်သည်။
“ဒီကောင်တွေက ဆမန်းကောင်တွေပဲ၊ သူတို့က မင်းတို့တိုက်ခိုက်လိုက်လို့ ခဏလဲကျသွားတယ်ဆိုပေမယ့် မကြာခင် သူတို့ဒဏ်ရာတွေ ပြန်ပြီးကောင်းလာလိမ့်မယ်ကွ”
“ဒီကောင်တွေကို အကုန်သတ်ပစ်မယ်”
စိတ်ဆိုးနေသည့်ရှဲန်ဆိုင်က ကြုံးဝါးလိုက်သည်။
“ဆမန်းကောင်တွေဆိုတာ ကျိန်စာသင့်နေတဲ့ကောင်တွေသမီးရဲ့၊ ဒီကောင်တွေကို သမီးသတ်လို့လည်း သေမှာမဟုတ်ဘူး၊ ဒါပေမယ့် ဒီကောင်တွေ ပြန်ထမလာအောင် လုပ်လို့ရတော့ နည်းလမ်းတော့ရှိတယ်”
ပေါ်ပေါ်ကြီးက သူ့ဆေးအိတ်ကလေးကိုဖွင့်လိုက်ပြီး ငွေအပ်ကလေးများကိုထုတ်ယူလိုက်သည်။ ထို့နောက် ကျားကြီးတစ်ကောင်ကိုစမ်းသပ်လိုက်ကာ ငွေအပ်ကလေးကို ကျားကြီး၏ ရင်ဘတ်တွင် စိုက်ထည့်လိုက်လေသည်။
“ဆမန်းကောင်ရဲ့ သည်းခြေကို ဟောဒီလိုငွေအပ်နဲ့စိုက်လိုက်ရင် ဒီကောင်တွေ မနိုးသောအိပ်ခြင်းနဲ့ အိပ်ပျော်သွားလိမ့်မယ်”
ပေါ်ပေါ်ကြီးက ကျားလေးကောင်ကို ထိုနည်းအတိုင်း အပ်ဖြင့်စိုက်လိုက်ပြီး စွန်ဖြူလေးအနီးသို့ လမ်းလျှောက်သွားလိုက်သည်။
နန်းလုံက ရှဲန်ဆိုင်၏ အနားသို့ကပ်ပြီး ပွေ့ချီလိုက်မည်လုပ်လိုက်ရာ ရှဲန်ဆိုင်က နန်းလုံကိုလက်ကာပြလိုက်သည်။
“ရှင်ကျွန်မကိုထိစရာမလိုဘူး။ ကျွန်မဖာသာလမ်းလျှောက်သွားမယ်”
ထို့နောက် ရှဲန်ဆိုင်က လွင့်ထွက်သွားသည့် ခေါင်းပေါင်းစကြီးကို ပြန်ကောက်ယူလိုက်ပြီး ခေါင်းတွင် ခေါင်းပေါင်းအလုံးကြီးအဖြစ် ပေါင်းလိုက်လေသည်။ ရှဲန်ဆိုင်နှင့် နန်းလုံတို့၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ပေါ်ပေါ်ကြီးက တစ်ခုခုဖြစ်နေပြီမှန်းသိလိုက်သည်။
“သမီးတို့က ညီအမတွေနော်၊ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ်နေကြစမ်းပါ”
ပေါ်ပေါ်ကြီးက စွန်ဖြူလေးအပေါ်သို့တက်ကာ ဆက်သွားလေသည်။ ရှဲန်ဆိုင်က နန်းလုံအား မျက်စောင်းတစ်ချက်ထိုးပြီး ပေါ်ပေါ်ကြီးအနောက်သို့လိုက်သွားလေသည်။ နန်းလုံကတော့ ရှဲန်ဆိုင်ဘာဖြစ်နေမှန်း မသိတော့သဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှဲန်ဆိုင်အနောက်ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့သည်။ ဆမန်းကျားလေးကောင်ကတော့ တောင်ကုန်းအောက်ခြေတွင်ငြိမ်သက်စွာ လဲလျောင်းရင်း ကျန်နေခဲ့ကြသည်။
“ငါ့သမီးရှဲန်ဆိုင်က တော်တော်စွမ်းတယ်၊ သူ့ကိုအဆင့်မြှင့်လိုက်ရင် ပိုပြီးတော့တောင်စွမ်းအုံးမှာ”
ညနေရောက်သည့်အခါ သစ်ပင်ကြီးတစ်ပင်အောက်တွင် သူတို့စခန်းချကြသည်။ နန်းလုံက ထင်းခြောက်များရှာဖွေပြီး မီးမွှေးရန်ပြင်ဆင်နေသည်။ ရှဲန်ဆိုင်ကတော့ သစ်ပင်ကြီး၏ သစ်မြစ်တစ်ခုပေါ်တွင်ထိုင်ကာ အဝေးသို့ငေးကြည့်နေသည်။
“အဆင့်မြှင့်အုံးမယ်ဆိုတော့ ဘယ်လိုအဆင့်မြှင့်မှာလဲ ပေါ်ပေါ်ကြီး”
နန်းလုံကမေးလိုက်သည့်အခါ
“ဒါကတော့ငါမြှင့်လို့မရဘူးကွ၊ ငါ့အမဆီကိုပဲ သွားပြီးအပူကပ်ရမှာပဲ၊ ဒါကြောင့် ဒုံတောင်တီရွာကိုမသွားခင် ငါတို့သူ့ဆီအရင်သွားရမှာ”
ညအမှောင်က တဖြည်းဖြည်းဖုံးလွှမ်းလာသည်။ နန်းလုံက သူတို့သယ်လာသည့် အသားခြောက်များကို မီးကင်လိုက်ပြီး ထမင်းခြောက်များကို ရေနွေးဖြောလိုက်လေသည်။ ထို့နောက် ပေါ်ပေါ်ကြီးကို ပန်းကန်လုံးကလေးဖြင့် တစ်ပန်းကန်ပေးလိုက်ကာ နောက်ထပ်ပန်းကန်လုံးတစ်ခုကိုကိုင်ရင်း သူတို့နှင့်လခပ်လှမ်းလှမ်းတွင် ထိုင်နေသည့် ရှဲန်ဆိုင်အနီးသို့တိုးကပ်လာခဲ့သည်။
ရှဲန်ဆိုင်က ထိုသစ်ပင်ကြီးအောက်တွင် အလေ့ကျပေါက်နေသည့် ဆူးပန်းပင်များကိုကြည့်ရင်း ငေးနေလေသည်။
“ဒီအပင်ကလေးတွေကသေးတယ်နော်၊ မင်းစိုက်ထားတဲ့အပင်တွေဆို တော်တော်ကြီးတာ”
နန်းလုံက စကားပြောရင်း ရှဲန်ဆိုင်အနားတွင် ဝင်ထိုင်လိုက်သဖြင့် ရှဲန်ဆိုင်ကတစ်ဖက်သို့လှည့်သွားသည်။ နန်းလုံက ရှဲန်ဆိုင်အား ထမင်းပန်းကန်ကိုလှမ်းပေးလိုက်သည်။
“စားလိုက်အုံး၊ နောက်နေ့တွေ ခရီးဆက်ရအုံးမှာ၊ မင်းဒဏ်ရာတွေ အသားတက်အောင်လို့ အသားဓါတ်လိုအပ်တယ်”
ရှဲန်ဆိုင်က အင်းမလှုပ်အဲမလှုပ်နှင့် ငူငူကြီးထိုင်နေလေသည်။ နန်းလုံက
“မင်းဘာတွေသိထားသလဲဆိုတာတော့ ငါမသိဘူး၊ ဒါပေမယ့် ငါတစ်ခုတပ်အပ်ပြောရဲတာက မင်းအထင်တွေမှားနေတယ်၊ မင်းယောက်ျားနဲ့ ငါနဲ့ ဘာမှမပတ်သက်ဘူး”
“ရှင်တို့နှစ်ယောက်ပေါင်းပြီး ကျွန်မကိုအခုထိလိမ်ချင်နေသေးတာလား၊ ရှင်တို့နှစ်ယောက်ကို ကျွန်မထင်ခဲ့တာမဟုတ်ဘူးရှင့်၊ ကျွန်မမျက်လုံးနဲ့ အသေအချာမြင်ခဲ့တာ”
“မင်းကဘယ်လိုမြင်ခဲ့လို့လဲ”
“ရှင်တို့နှစ်ယောက် ဂူထဲမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးတော့၊ အကြည်စိုက်နေကြတာမဟုတ်လား၊ အို . . တော်ပါပြီ၊ ကျွန်မဒါတွေပြန်တွေးမိရင် ဒေါသတွေထွက်လာတယ်”
“မင်းမြင်တာမှားနေပြီ၊ မင်းကိုငါပြမယ်”
နန်းလုံက လက်ထဲမှပန်းကန်ကိုချလိုက်ကာ ရှဲန်ဆိုင်အနားသို့ တိုးကပ်သွားပြီး ရှဲန်ဆိုင်၏ အကျီရင်ဘတ်ကို ဆွဲဖွင့်လိုက်သည်။ ထိုအခါ ဖြူဖွေးနေသည့် ရှဲန်ဆိုင်၏ ရင်သားများပေါ်ပေါက်လာလေသည်။ ထိုရင်သားများအောက်တွင် အပြာရောင်အလင်းတစ်ခုကို လင်းလိုက်မှိန်လိုက်ဖြင့် မြင်တွေ့နေရသည်။
“မင်းအဲဒီအလင်းကိုမြင်သလား”
ရှဲန်ဆိုင်အံ့ဩနေမိသည်။
“မင်းမှာ နှလုံးသားမရှိတော့ဘူး၊ မင်းအခုမြင်နေရတဲ့အရာကို ကျောက်နှလုံးသားလို့ခေါ်တယ်၊ အရင်က အဲဒီနှလုံးသားက ငါ့ဆီမှာတပ်ထားတယ်၊ ငါ့ဟာကိုထုတ်ပြီး ပေါ်ပေါ်ကြီးက မင်းဆီမှာတပ်ဆင်ပေးလိုက်တာပဲ၊ မင်းယောက်ျားနဲ့ငါနဲ့ ဂူထဲမှာစကားပြောတော့ ငါကအဲဒီကျောက်နှလုံးသားလေးကို သူမြင်အောင်ပြခဲ့တာ”
ရှဲန်ဆိုင်က အကျီရင်ဘတ်ကို ပြန်ဆွဲစေ့လိုက်ပြီး ပြုတ်သွားသည့် ကြယ်သီးများကို ပြန်တပ်နေရင်း
“ကျွန်မမယုံနိုင်သေးဘူး”
“မင်းယုံတာ မယုံတာက မင်းအပိုင်းပဲ၊ ငါသေချာပြောနိုင်တာကတော့ မင်းယောက်ျားနဲ့ငါနဲ့ ဘာမှမဖြစ်ခဲ့ကြဘူး၊ ငါတို့နှစ်ယောက်က တစ်ချိန်က သိကျွမ်းခဲ့ဖူးကြတာတော့မှန်တယ်၊ ဒါပေမယ့် မင်းယောက်ျားနဲ့ငါနဲ့ လုံးဝမဖောက်ပြားခဲ့ဖူးဘူး”
နန်းလုံက မြေပေါ်တွင်ချထားသည့် ပန်းကန်လုံးကလေးအား ကောက်ပေးလိုက်ရင်း
“ရော့၊ စားလိုက်တော့၊ အေးသွားရင် စားမကောင်းတော့ဘူး”
ရှဲန်ဆိုင်က နန်းလုံလှမ်းပေးသည့် ပန်းကန်လုံးကလေးကိုယူလိုက်သည်။ နန်းလုံလည်း သူ့အနားကနေထွက်ခွာသွားလေသည်။ အလေ့ကျပေါက်နေသည့် ဆူးပန်းပင်ကလေးများက အပွင့်သေးသေးလေးများပွင့်နေလေသည်။ ရှဲန်ဆိုင်က ထိုဆူးပန်းပင်ကလေးများကို ခြေထောက်ဖြင့်နင်းချေလိုက်ပြီး
“မုန်းတယ်၊ ရှင်တို့တွေကို ကျွန်မမုန်းတယ်”
ဟုရေရွတ်လိုက်တော့သည်။
(၅)
မိုင်းသောက်မြို့။
မြင်းရထားငါးစီးက မြို့ကြီးကိုဖြတ်သန်းကလာခဲ့သည်။ မကြာခင် မြို့ပြင်ရှိတောင်ကုန်းကလေးပေါ်သို့ မြင်းလှည်းများတက်လာခဲ့သည်။ တောင်ကုန်းပေါ်ရှိ အိမ်ကလေး၏ ခြံတံခါးအား မြင်းဖြင့်တိုက်လိုက်သဖြင့် ခြံတံခါးပြိုပျက်သွားသလို ခြံစည်းရိုးများလည်း လဲပြိုသွားလေသည်။
“တောက်၊ ဒီကောင်တွေလာပြန်ပြီ”
မောက်မောက်ကြီးက တောက်ခေါက်ပြီး အိမ်ပေါက်ဝသို့ထွက်လိုက်လေသည်။ ထိုအခါ လှည်းပေါ်မှ အကျီအနက်ဝတ်ဆင်ထားသည့် ပအို့ဝ်များက ဆင်းလာကြသည်။
“မင်းတို့တွေ ငါ့ဆီကို ခဏခဏမလာနဲ့ကွ၊ မင်းတို့လာရင် ငါအလုပ်ပျက်တယ်၊ မင်းတို့ကို ငါမကြိုဆိုဘူး”
ထိုအခါ မြင်းလှည်းကြီးတစ်စီးပေါ်မှ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ကျားဖြူသခင်မက ဆင်းသက်လာလေသည်။
“ငါ့ကိုရော မကြိုဆိုဘူးလား မောက်မောက်ကြီး”
မောက်မောက်ကြီးက ခေါင်းငုံ့သွားပြီး
“ကြိုဆိုပါတယ်သခင်မ၊ လာပါ အိမ်ထဲကိုဝင်ခဲ့ပါ”
သခင်က အိမ်ထဲသို့ဝင်လိုက်သည့်အခါ ပအို့လေးဦးက ကျားကြီးတစ်ကောင်ကို လှည်းပေါ်မှဆွဲချကာ အိမ်ထဲသွင်းလိုက်ကြသည်။ မောက်မောက်ကြီး၏ အလုပ်စားပွဲပေါ်သို့ ထိုကျားကြီးကို ပစ်တင်လိုက်ကြလေသည်။
“ဒီတစ်ခါ အရေးကြီးတယ် မောက်မောက်ကြီး၊ ဒီဆမန်းကျားတွေက သေလည်းမသေဘူး၊ ရှင်လည်းမရှုင်ဘူး၊ ဒဏ်ရာတွေရပြီး တစ်ချိန်လုံးအိပ်မောကျသလိုဖြစ်နေတယ်၊ ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲဆိုတာ ငါသိချင်တယ်”
မောက်မောက်ကြီးက ထုံးစံအတိုင်း ဘူးကလေးကိုဖွင့်လိုက်ပြီး တီကောင်များကိုထုတ်လိုက်လေသည်။ ထိုတီကောင်များကို ကျားကြီး၏ ပါးစပ်နှင့် နှာခေါင်းများအပေါ်သို့ တင်ပေးလိုက်သည့်အခါ တီကောင်များက ထိုအပေါက်များမှတဆင့် ကျားကြီး၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။ မောက်မောက်ကြီးက ကျားကြီးကိုလည်း သေချာကြည့်ရှုနေသည်။
“ဒဏ်ရာတွေကြည့်ရတာတော့ တော်တော်ပြင်းထန်တယ်၊ ဒဏ်ရာတွေကိုကြည့်ရတာ အသွားမပါတဲ့ ကျောက်တုံး၊ တင်းပုတ်လိုအရာတစ်ခုခုနဲ့ အားပြင်းပြင်းထုခံခဲ့ရပုံပဲ”
မကြာခင် တီကောင်တစ်ကောင်က နှာခေါင်းအတွင်းမှထွက်လာလေသည်။ မောက်မောက်ကြီးက တီကောင်ကိုပါးစပ်ထဲသို့ထည့်ကာ ကိုက်ဝါးလိုက်သည်။ ကျားဖြူသခင်မမှာ မောက်မောက်ကြီးကိုကြည့်ရင်း ရွံ့ရှာနေပုံရသည်။
“ရှင်က တီကောင်တွေကိုစားတာလား”
“ဒီတီကောင်တွေက ရောဂါတွေရဲ့ ဇစ်မြစ်ကိုရှာပေးတယ်၊ တီကောင်ကိုစားတယ်ဆိုတာ တီကောင်ကပေးချင်တဲ့ သတင်းစကားကို ကျုပ်ကနားထောင်တဲ့သဘောပဲ”
ထို့နောက်မောက်မောက်ကြီးက မျက်လုံးများမှိတ်လိုက်ကာ အာရုံခံနေလေသည်။ နောက်တော့ ဓါးချွန်ကလေးတစ်ခုကိုယူလိုက်ပြီး ကျားကြီး၏ လက်ပြင်အနီးတွင် လှီးဖြတ်လိုက်ကာ အပေါက်တစ်ခုဖောက်လိုက်လေသည်။ ထိုအပေါက်ထဲသို့လက်နှိIက်ပြီး ကျားကြီး၏ ကိုယ်အတွင်းကို စမ်းသပ်နေလေသည်။ မကြာခင် မောက်မောက်ကြီးက လက်ပြန်ထုတ်လိုက်သည့်အခါ သူ့လက်နှစ်ချောင်းထိပ်တွင် သေးငယ်သည့် ငွေအပ်ကလေးတစ်ခုက ပါလာခဲ့လေသည်။
ငွေအပ်ထုတ်ပြီးသည့်အခါ ကျားကြီးမှာ လန့်နိုးလာပြီးနောက် တဖြည်းဖြည်းလူအဖြစ်ပြောင်းလဲသွားသည်။
“ဒီအပ်ကြောင့်လား မောက်မောက်ကြီး”
မောက်မောက်ကြီးက အပ်ကိုစားပွဲပေါ်သို့ချလိုက်ပြီး သူ့လက်တွင်ပေနေသည့် ကျားသွေးများကို အဝတ်တစ်ခုနှင့်သုတ်နေလျှက်
“ဟုတ်တယ်သခင်မ၊ ဒီအပ်က ဆမန်းကောင်တွေရဲ့ သည်းခြေမှာထိုးစိုက်နေတာမို့လို့ ဆမန်းကောင်က မထနိုင်တာပဲ”
“ဒီလိုဘယ်သူလုပ်နိုင်သလဲ”
မောက်မောက်ကြီးက သေချာတွေးရင်း စဉ်းစားနေလေသည်။ ကျားဖြူသခင်မက မောက်မောက်ကြီးအနားသို့ တိုးကပ်သွားသည်။
“လုပ်စမ်းပါ မောက်မောက်ကြီးရဲ့ ရှင့်ရဲ့အတွေ့အကြုံတွေ၊ ရှင့်ရဲ့အသိပညာတွေကိုအသုံးပြုပြီးတော့ ဒီလူဘယ်သူလဲဆိုတာကို မသိနိုင်ဘူးလား”
မောက်မောက်ကြီးက ခေါင်းခါလိုက်သည်။
“ဒီလောကကြီးထဲမှာ ကျုပ်တို့၊ သခင်မတို့ မသိနိုင်တဲ့အရာတွေ အများကြီးရှိနေတယ်ဆိုတာကို သခင်မယုံတယ်မဟုတ်လား”
ကျားဖြူသခင်မက ခေါင်းညိတ်လေသည်။
“ဒီတစ်ခါတော့ မောက်မောက်ကြီးတောင် မသိတော့ဘူးပေါ့”
“ကျုပ်ကအရာအားလုံးကိုသိနေတဲ့သူမဟုတ်ဘူး”
“နည်းနည်းလေးတောင် မခန့်မှန်းနိုင်ဘူးလား”
မောက်မောက်ကြီးက ကျားသွေးများကိုသုတ်ထားသည့် အဝတ်စကို ပြတင်းပေါက်မှလွှင့်ပစ်လိုက်ပြီး
“တောင်းပန်ပါတယ်သခင်မ၊ ဒီတစ်ခါတော့ ကျုပ်မကူညီနိုင်ဘူး”
“ကောင်းပြီလေ၊ ဒီကောင်တွေကိုတော့ အပ်တွေထုတ်ပေးပါ၊ ရှင်မပြောနိုင်ရင်လည်း သူတို့နိုးလာရင်တော့ ကျွန်မတစ်ခုခုသိရမှာပေါ့”
မောက်မောက်ကြီးက ကျားများ၏ သည်းခြေမှ ငွေအပ်များကိုထုတ်ပေးလိုက်သည့်အခါ ကျားများမှာ လူအဖြစ်ပြန်ပြောင်းလဲသွားကြသည်။ သို့သော် သူတို့ရထားသည့် ဒဏ်ရာများကြောင့် မေ့မြောနေသေးသည်။ ကျားဖြူသခင်မက ထိုသူများကို လှည်းပေါ်ပြန်တင်သွားပြီး ကျားဖြူသခင်မကလည်း လှည်းတစ်စီးပေါ်သို့တက်ရန်ပြင်ဆင်လိုက်သည်။ ထို့နောက် မောက်မောက်ကြီးဘက်သို့လှည့်လိုက်ပြီး
“ဘယ်သူပဲဖြစ်ဖြစ်ပါ၊ ကျားဖြူစံအိမ်နဲ့ ဆမန်းကျားတွေကို ရန်ပြုလာပြီဆိုရင်တော့ အဲဒီလူကို အပြတ်ရှင်းပစ်ရမှာပဲ”
ကျားဖြူသခင်မတို့ ပြန်သွားသည့်အခါမှ စားပွဲပေါ်တွင် ကျန်နေခဲ့သည့် ငွေအပ်ကလေး လေးချောင်းကိုသေချာကြည့်လိုက်ပြီး
“အကိုကြီး၊ ဘာတွေလျှောက်လုပ်နေတာလဲ၊ ဆမန်းကောင်တွေနဲ့ အကိုကြီးမပတ်သက်သင့်ဘူး”
မောက်မောက်ကြီးက ထိုငွေအပ်ကလေးများကို အသေအချာသိမ်းဆည်းလိုက်လေသည်။
“မဖြစ်ဘူး၊ အကိုကြီးလုပ်တယ်ဆိုတာကို ကျားဖြူသခင်မနဲ့ ဆမန်းစံအိမ်တော်တွေ သိသွားရင် အကိုကြီးတော့မလွယ်ဘူး၊ ဒီတစ်ခါ ညီလာခံရောက်ရင် အကိုကြီးကို ငါသတိပေးရမယ်”
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။