“ကို . . . ကိုဒေါန”
မပန်းမွှေးကိုမြင်တော့ ကိုဒေါနကားပေါ်မှခုန်ဆင်းလိုက်သည်။ နိုင်ငံခြားဖြစ်အဝတ်အထည်များကို ဝတ်ဆင်ထားသည့် ကိုဒေါနမှာ မမှတ်မိနိုင်လောက်အောင်ပင် သားနားနေလေသည်။
“အကိုရယ် ကြာလိုက်တာ ပန်းမွှေးနေ့တိုင်း အကို့ကို ရွာထိပ်ကနေသွားမျှော်နေတာ”
မပန်းမွှေးက ထိုသို့ပြောလိုက်သည့်အခါ ဒေါနက မပန်းမွှေးကို ဆွဲဖက်လိုက်သည်။ ထိုစဉ် အနားမှ ရွာသူရွာသားများက ဝိုင်းအုံကြည့်နေကြသည်။ ကိုဒေါနက သူ့လက်ထဲတွင် ကျန်သည့် ပိုက်ဆံများအားလုံးကို မိုးပေါ်သို့ မြှောက်ပြီးကျဲတင်လိုက်ရာ ရွာသူရွာသားများအားလုံး တစ်ခဲနက် အော်ဟစ်ပြီး အလုအယက် ကောက်ကြလေတော့သည်။
တစ်ခါတည်း မပန်းမွှေးကို ဂျစ်ကားပေါ်တင်ကာ မပန်းမွှေးအိမ်သို့ မောင်းလာတော့သည်။ ထို့နောက် အိမ်ပေါ်သို့ တက်လိုက်တော့သည်။ မပန်းမွှေးအဖေက အိမ်ဦးခန်းတွင် ထိုင်နေရင်း ဒေါနကို အလွန်ထူးဆန်းစွာကြည့်နေလေသည်။ မပန်းမွှေးက ဖျာတစ်ချပ်ခင်းပေးလိုက်ပြီးနောက် ထိုဖျာပေါ်တွင် ဒေါနက ထိုင်လိုက်လေသည်။
“မင်း . . . မင်းဒေါနလား”
“ဟုတ်တာပေါ့အဖေရဲ့ . . “
“တောက် မင်းကွာ စော်စော်ကားကား ဘာအဖေလဲ”
ထိုအခါ ဒေါနက ကားဒရိုင်ဘာထံမှ လက်ဆွဲသေတ္တာကလေးတစ်လုံးကိုတောင်းလိုက်လေသည်။ ထို့နောက် ထိုလက်ဆွဲသေတ္တာကလေးကိုဖွင့်ပြီး အထဲက ရတနာသေတ္တာတစ်လုံးကိုထုတ်လိုက်ပြီးနောက် အားလုံးမြင်သာအောင်ဖွင့်ပြလိုက်လေသည်။
“အလို . . .”
အိမ်ပေါ်တွင်ရှိနေသည့် သူများရော ဒေါနနောက်ကလိုက်လာသည့်သူများပါ အားလုံး အံ့အားသင့်ကုန်ကြသည်။ စိန်အပြည့်ဖြင့် စီခြယ်ထားသော ဒေါင်းဘယက်ကြီးတွင် စိန်အကြီးကြီးတစ်လုံးလဲ ပါဝင်လေသည်။ ထိုမျှအရည်အသွေးကောင်းသော လက်ဝတ်လက်စားမျိုးကို ရွာမှလူများ မမြင်ဖူးကြပေ။
“ကဲ ဦးလေး . . . အဲ . . . မဟုတ်ပါဘူး အဖေရေ၊ ဒီဒေါင်းဘယက်နဲ့ စိန်တဆင်စာကတော့ ပန်းမွှေးအတွက်လက်ဆောင်ပါ”
ထိုသို့ပြောပြီး မပန်းမွှေးကို လက်ဆောင်များပေးလိုက်သည်။ မပန်းမွှေးလဲ တစ်သက်နှင့်တစ်ကိုယ် ထိုကဲ့သို့ ပစ္စည်းများကို မမြင်ဖူးသဖြင့် အံ့သြပြီးကြည့်နေမိသည်။ ဒေါနက သူ့လက်ဆွဲအိတ်ထဲမှာ ပတ္တမြားနှင့်ပြုလုပ်ထားသည့် အထည်များကိုထုတ်လိုက်ပြီးနောက် မပန်းမွှေးအမေကို ချပေးလိုက်သည်။
“ဒါကတော့ အမေ့အတွက် တစ်ဆင်စာ”
“တ . . . တကယ်ပြောတာလား သား”
မပန်းမွှေးအမေက ဟန်ပင်မဆောင်နိုင်တော့ဘဲ ထိုပစ္စည်းများကိုကောက်ယူလိုက်ကာ ချက်ချင်းပင် လည်ပင်းတွင်တပ်ကြည့်နေလေသည်။
“အဖေ့အတွက်ကတော့ . . . အဖေ့အတွက်ကတော့ ဟောဒီလက်စွပ်ယူဗျာ”
လေးထောင့်ပုံ မြအကြီးကြီးတစ်လုံးအား စိန်ပွင့်ကလေးများဖြင့် ကွပ်ထားသည့် လက်စွပ်အကြီးကြီးတစ်ခုအား မပန်းမွှေးအဖေကြီးကို ပေးလိုက်ရာ အဖိုးကြီးမှာ ထိုလက်စွပ်က မျက်နှာပင် မခွာနိုင်တော့။ ဆက်လက်ပြီး ဒေါနက ဒရိုင်ဘာဆီမှ နောက်ထပ်ခရီးဆောင်အိတ်ကိုယူလိုက်သည်။ ထို့နောက် ထိုအိတ်ကိုဖွင့်လိုက်ပြီးနောက် အထဲမှအရာများကိုခါချလိုက်သောအခါတွင် ငွေစက္ကူများ အထုပ်လိုက် အထုပ်လိုက် ပြုတ်ကျလာလေသည်။ ထိုမျှများပြားသော ငွေများကို ရွာသားများ မြင်တောင်မမြင်ဖူးပေ။
“ဟောဒီသိန်းငါးဆယ်ကတော့ မပန်းမွှေးကို တင်တောင်းတာဗျာ”
မပန်းမွှေးတို့ တစ်အိမ်လုံးပျော်နေသော်လည်း မပျော်သူတစ်ယောက်ရှိသည်။ ထိုသူကတော့ မပန်းမွှေး၏ အကိုလတ်ပင်ဖြစ်သည်။
“ဟေ့ကောင်သုဘရာဇာ၊ မိန်းမလာတင်တောင်းတယ်ဆိုလဲ ထုံးစံအတိုင်း လူကြီးစုံရာနဲ့ ကန်တော့ပွဲရွက်ပြီး လာတောင်းရတယ်ကွ”
ထိုသို့ပြောလိုက်သောအခါ ဒေါနက တစ်ချက်ပြုံးပြီးကြည့်လိုက်လေသည်။
“ကောင်းပါပြီဗျာ၊ ဒါဆိုလဲ ပြန်ခွင့်ပြု . . .”
ဒေါနက ထိုသို့ပြောပြီးနောက် ဖျာပေါ်မှငွေစက္ကူများကို လက်လှမ်းလိုက်သည်။ ထိုစဉ်ပင် မပန်းမွှေးအဖေကြီးက ထပြီး အကိုလတ်ကို ကြိမ်းမောင်းလိုက်လေသည်။
“ဟေ့ကောင် မင်းနေရာမင်းသိ၊ မင်းဖာသာ အေးအေးဆေးဆေးနေ၊ သားလေးဒေါနကို ငါ ပန်းမွှေးနဲ့ သဘောတူလိုက်ပြီကွ”
ကိုဒေါနက ပြုံးပြီးသာနေလိုက်သည်။ ငွေရဲ့တန်ခိုးကို သူသိလိုက်ရသောကြောင့်ဖြစ်သည်။
“ဒါနဲ့ အကိုက ရွာမှာအိမ်မှ မရှိတာဘယ်မှာနေမှာလဲ”
ထိုအခါ ဒေါနလဲ စဉ်းစားသွားတော့သည်။
“ဒီအိမ်မှာပဲ နေပါလားသားရဲ့”
မပန်းမွှေးအမေက ချက်ချင်းပင်ထပြောတော့သည်။ ထိုအခါ ဒေါနက အိမ်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မပန်းမွှေးအမေကို ကြည့်လိုက်ရင်း။
“အိမ်က သိပ်တော့မကျယ်ဘူးဆိုတော့ သင့်တော်ပါ့မလားအမေရဲ့”
“အိုကွာ . . . ဒါဆိုငါတို့ အိမ်ပေါ်ကဆင်းပေးမယ်လေ”
မပန်းမွှေးအဖေက ကောက်ကာငင်ကာပြောလိုက်သဖြင့် မပန်းမွှေးပင်မျက်လုံးပြူးသွားသည်။
“ဟင် . . . ဒါဆို အဖေတို့က ဘယ်မှာနေမလဲ”
“အဖေတို့တွေက ရွာနောက်ပိုင်းက အရီးဝင်းအိမ်သွားဝယ်မယ်လေ၊ သူ့အိမ်ကလဲ အကျယ်ကြီးပဲမဟုတ်လား”
ဒေါနက ပြုံးရင်း နိုင်ငံခြားဖြစ်စီးကရက်ကို ဟန်ပါပါဖြင့်သောက်ရင်း တွေးနေလိုက်သည်။
“အော် ငွေ . . . ငွေ၊ ငွေရဲ့တန်ခိုးက အံ့မခန်းပါလား၊ အခုကြည့်လေ။ အရင်က မခေါ်ချင်မပြောချင်တဲ့သူတွေတောင် ငွေရဲ့အောက်မှာ ဒူးတွေထောက်ကြ၊ ကုန်းကြနဲ့၊ ပန်းမွှေးမိသားစုတောင် ချက်ချင်းအိမ်ပေါ်က ဆင်းပေးရတဲ့အထိ တန်ခိုးရှိတဲ့ ငွေပါလား”
ထိုသို့ရေရွတ်ပြီး အိတ်ထဲမှာ ကိုးဆယ်တန်အုပ်နှစ်အုပ်ထုတ်လိုက်ကာ မပန်းမွှေးတို့အိမ် အပေါ်ထပ် ဝရန်တာမှနေ၍ ကျဲချလိုက်တော့သည်။ အိမ်အောက်တွင် ရှိနေသည့်ရွာသူရွာသားများ အလုအယက်ကောက်ကြရာ၊ ပုဆိုးကျွတ်၊ ထမီကျွတ်တာတောင် ဝတ်မအားဘဲ ၉၀ တန်များကို ဝိုင်းကောက်ကြလေသည်။ ဒေါနလဲ ထိုသူများကိုကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်မောနေလေသည်။
(ထ)
ညရောက်တော့ အိမ်ကြီးကတိတ်ဆိတ်နေသည်။ ဒေါနနှင့် ပန်းမွှေးမှာ ကုတင်ပေါ်တွင် အတူတူလဲလျှောင်းနေလေသည်။
“ဘယ်လိုလဲ ပန်းမွှေးရဲ့ ပျော်ရဲ့လား”
မပန်းမွှေးက ခေါင်းညိတ်လိုက်သည်။ ပန်းမွှေးမျက်နှာတွင် အပျော်များဖုံးလွှမ်းနေသည်။
“ပျော်တာပေါ့ အကိုရဲ့”
“ပန်းမွှေးက ဘာကိုပျော်တာလဲ မှန်မှန်ဖြေ”
“အကိုနဲ့ တူတူနေရတာကိုလဲပျော်တယ်၊ အခုလိုချမ်းချမ်းသာသာဖြစ်သွားတာကိုလဲပျော်တယ်၊ ဒါနဲ့ နောက်ထပ်အပျော်တစ်ခုရှိသေးတယ်သိလား”
“ဘာများလဲ ပန်းမွှေးရဲ့”
“ပန်းမွှေး ဓမ္မတာ မလာတာ တစ်လကျော်ခဲ့ပြီအကိုရဲ့”
“အဲဒါဘာဖြစ်နိုင်လဲ”
မပန်းမွှေးက ဒေါန၏လက်ကိုအသာယူလိုက်ပြီး သူမ၏ ဆီးခုံပေါ်သို့ လက်ကိုတင်ပေးလိုက်သည်။
“ပန်းမွှေးအထင်တော့ အကို့ရဲ့ ကိုယ်ပွားလေး ဒီထဲမှာရှိနေပြီထင်ပါ့”
ချစ်သူနှစ်ဦးပျော်ရွှင်စွာရယ်မောလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ဖက်ထားလိုက်လေတော့သည်။
ငွေက အရာရာကို ပြောင်းလဲစေသည်။ ယခုဆို ဒေါနကို တစ်ရွာလုံးက ရွှင်ရွှင်ပြပြနှင့်နှုတ်ဆက်ကြသည်။ ယခင်က သုဘရာဇာမို့ မည်သူမျှ မခေါ်ချင်၊ မပြောချင်နှင့် ဖြစ်သော်လည်း ယခုတော့ အိမ်ထဲဝင်ပါ၊ အိမ်ကိုထမင်းစားကြွပါနှင့် အားလုံးက လှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။ ဒေါနနှင့်တွေ့ပြီဆိုလျှင်တော့ ကလေးဆို လေးငါးကျပ်ရသည်။ လူကြီးဆိုလျှင် ကိုးဆယ် တစ်ရာလောက်တော့ အသာကလေးရတတ်သည်။ ဒေါနကလက်ဖွာသဖြင့် တစ်ရွာလုံး၏ အချစ်တုံးကြီးဖြစ်နေလေသည်။ မပန်းမွှေးကိုလဲ ပင်ပန်းမည်စိုးသဖြင့် ဆရာမအလုပ်မှ ထွက်ခိုင်းပြီးနောက် အိမ်တွင်သာနေစေသည်။
ဒေါနက ကြားအဆင့်များကို သူမှတ်သားထားသည့်အတိုင်း တစ်သွေမသိမ်းဆက်လက်လုပ်ဆောင်ခဲ့သည်။ ယခုဆိုလျှင် အဆင့်တော်တော်ပြီးမြောက်ပြီး အစွမ်းလဲ တော်တော်ရနေပြီဖြစ်သည်။ ဒေါန ညအိပ်ချိန်ဆို တစ်အိမ်လုံးကို အိပ်မွေ့ချပြီးနောက် ရွာမှ ထွက်ခွာသွားပြီး နီးစပ်ရာရွာနှင့် မြို့မှ ကံမကောင်းအကြောင်းမလှစွာဖြင့် ပက်ပင်းတိုးသူများကို သတ်ဖြတ်စားသောက်လေသည်။
လမ်းဘေးအိပ်နေသော အရက်သမားများ၊ ညအချိန်မတော်သွားလာသူများ၊ တစ်ယောက်တည်းနေသူများ၊ ခြံစောင့်များ၊ ဒရဝမ်များ ယုတ်စွအဆုံး ညဘက် ပတ္တရောင်လှည့်သည့် ရဲသားများပါမကျန် ဒေါနက လွယ်လျှင် လွယ်သလို သတ်ဖြတ်စားသောက်နေသည်။ အနီးအနားရွာများသာမက အလွန်ဝေးသည့်ရွာများသို့ပါ သွားရောက်ကျက်စားလျှက်ရှိတော့သည်။
မပန်းမွှေးလဲ တဖြည်းဖြည်း ကိုယ်ဝန်ရင့်မာလာပြီးနောက် မီးဖွားရန် ရက်များပင် နီးကပ်လာပြီဖြစ်သည်။
(ဒ)
ထိုနေ့က မပန်းမွှေးမီးဖွားသည့်နေ့။ တိုက်တိုက်ဆိုင်ဆိုင် ဒေါနလဲ နောက်ဆုံးအဆင့်တက်ရမည့်နေ့ဖြစ်သည်။ နောက်ဆုံးတက်ရမည့်နေ့တွင် မွေးကင်းစ ကလေးငယ်ကလေးအား အရှင်လတ်လတ်ပွဲတော်အုပ်တည်ရန်ဖြစ်သည်။ ထိုအဆင့်ပြီးလျှင် ပေါရိသာဒ ကျင့်စဉ်အောင်မြင်သွားပြီဖြစ်ပြီး တစ်သက်လုံ းအစွမ်းများရရှိနိုင်တော့မည်ဖြစ်သည်။
“ကျုပ်ခရီးထွက်မှရမယ် ပန်းမွှေး”
“အကိုရယ် . . . သားဦးလေးမွေးနေချိန်မှာ အကိုတော့ရှိနေသင့်ပါတယ်”
ပန်းမွှေးကို ချစ်သည်မို့ ပန်းမွှေးစကားကိုနားထောင်ခဲ့သည်။
ပန်းမွှေးက မနက်စောပိုင်းတွင် ဗိုက်နာလာသဖြင့် မီးဖွားခန်းဝင်ရသည်။ လက်သည်များအပြင် ပန်းမွှေးဆွေမျိုးများက တစ်အိမ်လုံးတွင် ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြသည်။ ဒေါနနှင့် ပန်းမွှေးအဖေက အိမ်ရှေ့တွင်ထိုင်နေလေသည်။ မိုးသောက်တော့မည်။ ဒေါနလဲ နတ်ပူးသလို တုန်ယင်လာလေသည်။ လက်ဖျားတွေလဲ အေးစက်၍လာနေသည်။ ထို့ကြောင့် ဒေါနက အမူအရာမပျက်စေဘဲ ထိုင်နေရာမှ ထလိုက်ကာ အိမ်ရှေ့တွင် လမ်းလျှောက်နေသည်။
“အမယ် ငါ့သားကတော့ စိတ်တွေလှုပ်ရှားနေတယ်ထင်ပါ့”
မပန်းမွှေးအဖေက ပြောလိုက်ရင်း ရယ်နေလေသည်။ အမှန်တော့ ဒေါနက မပန်းမွှေးမီးဖွားနေသည်ကို ပူပန်နေသည်မဟုတ်ပေ။ သူ့နောက်ဆုံးအဆင့်တက်ရတော့မည်ဖြစ်ပြီး သူ့တစ်ကိုယ်လုံးကလဲ လူသားကို အရမ်းတောင့်တနေပြီဖြစ်သည်။
မကြာမီ ဒေါနတစ်ကိုယ်လုံး ချွေးစေးများထွက်ကာ တုန်ယင်လာသည်။ အခန်းနံရံတွင် အရိပ်ကျနေသည်မို့ သူ့အရိပ်တွေက ဘီလူး၊ သရဲကြီးများဖြစ်သွားသည်ဟုထင်နေရသည်။ သူလဲရပ်နေရင်း သူ့ကိုယ်လုံးကြီးက လှုပ်ယမ်းနေသည်ဟု ထင်လိုက်ရသည်။
“လူသားစားမယ် . . . . စားချင်နေပြီ . . . ငါတို့ကိုကျွေးပါတော့”
သူ့နားထဲလဲ ကြောက်မက်ဖွယ်အသံကြီးများနှင့် အော်သံများကိုကြားနေရလေသည်။
“မွေးပြီတော့ ယောက်ျားကလေး”
မီးဖွားခန်းထဲမှ အသံထွက်လာပြီးနောက် မရှေးမနှောင်းပင် ကလေးငိုသံထွက်လာကာ တစ်အိမ်လုံးသို့ ဖုံးလွှမ်းသွားတော့သည်။
“အူဝဲ . . . . အူဝဲ”
ကလေးငိုသံကြားတိုင်း သူ့စိတ်ထဲကလေးအား စားပစ်ချင်စိတ်များသာ တဖွားဖွားဖြစ်ပေါ်နေသဖြင့် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး သူ့လက်များကို သူချုပ်ထားမိသည်။
“အဲဒါငါ့ကလေး ငါစားလို့မဖြစ်ဘူး”
ကိုယ့်ကိုကိုယ်သတိပေးနေရသည်။ သို့သော် တစ်ချက်တစ်ချက်တွင် စိတ်ကိုထိန်းမရတော့။ ဒေါနလက်တွင် အကြောကြီးများက ထောင်ထလာလေသည်။ မျက်နှာတွင်လဲ မျက်လုံးကြီးများက မည်းနက်သွားပြီးနောက် နီရဲ၍လာလေသည်။
“ကလေးလေးကို သူ့အဖေကို ပြဦးမယ်”
လက်သည်ကပြောလိုက်ကာ အနှီးကလေးပတ်ပြီး ကလေးလေးကို ဒေါနထံယူလာလေသည်။ ဒေါနလဲ ကလေးလေးကို လက်လွှဲယူလိုက်သည့်အခါတွင် သူ့စိတ်များ ထိန်းချုပ်၍မရတော့ပေ။
“အား . . . ဝါး”
ဒေါနက အော်ဟစ်လိုက်ပြီးနောက် တစ်အိမ်လုံးကို အိပ်မွေ့ချလိုက်တော့သည်။ ထိုအခါ သူ့အရှေ့တွင် ထိုင်နေသော လက်သည်သည်လည်းကောင်း၊ မပန်းမွှေးအဖေသည်လည်းကောင်း ငိုက်ကျသွားကာ ငုတ်တုတ်ကြီးအိပ်နေကြလေသည်သာမက တစ်အိမ်လုံးရှိလူများမှာ အလျှိအလျိုအိပ်ပျော်သွားကြလေတော့သည်။
ထိုအခါတွင် ဒေါနသည် မီးဖိုချောင်ထဲမှ စကောတစ်ချပ်ယူလိုက်သည်။ ဘီဒိုထဲမှ အနီရောင်အဝတ်စတစ်စကို ထုတ်ယူကာ ဖျာပေါ်တွင်ခင်းလိုက်သည်။ ထို့နောက် ကလေးလေးအား စကောတွင်ထည့်ကာ နဖူးနားမြှောက်၍ ရေရွတ်နေလေသည်။ ကလေးလေးက စကောထဲတွင် စူးစူးဝါးဝါးအော်ဟစ် ငိုကြွေးနေလေသည်။
မပန်းမွှေးလဲ မီးဖွားခန်းအတွင်းရှိ သူ့အဒေါ်နှစ်ယောက် အိပ်ပျော်သွားသည်ကို သိလိုက်ရကတည်းက တစ်ခုခုထူးခြားနေပြီကို သိလိုက်သည့်အပြင် ကိုဒေါန၏ အော်သံကိုလဲ ကြားလိုက်ပြီး ကလေးကလဲ စူးစူးဝါးဝါးအော်ဟစ်နေသည်မို့ အပြင်ထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် ကလေးမွေးထားသဖြင့် အောက်ပိုင်းက ထုံနေပြီးလှုပ်ရှား၍မရသေး။ သို့သော် အားယူပြီး အခန်းအပြင်သို့ တရွတ်တိုက်ပြီးထွက်ခဲ့သည်။
အိမ်ရှေ့ခန်းအရောက်တွင် အလွန်အံ့သြသွားသည်။ ကိုဒေါနမှာကလေးကို စကောတွင်ထည့်ကာ မြှောက်တင်ထားလေသည်။ အောက်တွင်လဲ အနီရောင် အဝတ်စပေါ်တွင် ထိုင်နေလေသည်။
“ဟင် . . . ဒါ . . . ဒါ ငါတစ်ခါ ဖတ်ပြခဲ့ဖူးတဲ့ ပေါရိသာဒကျင့်စဉ်ကို ကျင့်နေတာပဲ”
“အကိုဒေါန . . . အကိုဒေါန”
မပန်းမွှေးခေါ်နေသော်လည်း ဒေါနမကြားနိုင်တော့။ သူမန္တန်ကိုရေရွတ်ပြီးသည်နှင့် စကောကိုချလိုက်ပြီး ကလေးလေးကို စိမ်းစိမ်းကြီးကြည့်ေနေသည်။ မပန်းမွှေးလဲ တရွတ်တိုက်တွားသွားပြီး ကိုဒေါန၏ ပေါင်ကိုပုတ်လိုက်သည်။
“ကိုဒေါန”
ထိုတော့မှ ဒေါနလဲ လူစိတ်ပြန်ကပ်လေသည်။
“ကိုဒေါန ကလေးလေးကို မစားရဘူး . . . အဲဒါ ရှင့်ကလေးနော်”
“ငါ့ကလေး . . .”
ဒေါနက စကောထဲကိုလှမ်းကြည့်လိုက်သည်။ စကောထဲတွင် ကလေးလေးက အော်ဟစ်နေလေသည်။
“ငါ့ကလေး . . . အဲဒါငါ့ကလေး”
ဒေါနက ထိုသို့ရေရွတ်ပြီးနောက် ထိုင်နေရာမှ ထလိုက်သည်။ ထို့နောက် အိမ်ပေါ်မှ ဒုန်းစိုင်းပြေးဆင်းသွားလေတော့သည်။
“ကိုဒေါန ရှင် . . . ရှင်ဘယ်သွားမလို့လဲ”
ပန်းမွှေးအော်ဟစ်နေသော်လည်း ဒေါနကမကြားနိုင်တော့။ သူသည်အလွန်လျှင်မြန်သောခွန်အားဖြင့် ပြေးထွက်သွားလေရာ သူတို့ရွာကလေးမှာ တရိပ်ရိပ်နှင့်ကျန်နေခဲ့တော့သည်။ ထိုနောက်ပိုင်းကစပြီး ရွာတွင် ဒေါနကို မတွေ့ရတော့ပေ။ တစ်ချို့ကတော့ သူတူးခဲ့သည့် သိုက်၏ ကျိန်စာများမိပြီး သေဆုံးသွားခြင်းဖြစ်မည်ဟု ထင်ကြေးပေးကြသော်လည်း မည်သူမျှ ရေရေလည်လည်မပြောနိုင်ကြပေ။
သုဿန်တွင် သုဘရာဇာ မရှိတော့သဖြင့် ရွာသားများကိုယ်တိုင် ကျင်းတူးကာ မြေချပေးနေရလေသည်။ ဒေါနတို့နေခဲ့သည့် သုဿန်အလယ်မှ ဇရပ်ကလေးမှာလဲ ယိုယွင်းပျက်စီး၍နေလေသည်။ တစ်နေ့တော့ ရွာမှ အသုဘတစ်ခုချသည်။ ရွာသားများက ကျင်းကိုကြိုတင်တူးထားရန်အတွက် တစ်ရက်ကြိုပြီးလာခဲ့လေသည်။ ရွာသားတစ်ယောက်က ဇရပ်ကလေးဆီသို့ အမှတ်မထင်ကြည့်မိရာမှ ထိုဇရပ်ကလေး၏ထောင့်တွင် စောင်အစုတ်ကြီးတစ်ထည်ဖြင့် ဖုံးအုပ်ထားသည်ကိုတွေ့လိုက်ရသည်။ ထို့ကြောင့် လှန်ကြည့်ကြရာ အလွန်ပိန်လှီပြီး ချောက်ကပ်ကာသေဆုံးနေသည့် ဒေါန၏ ရုပ်အလောင်းကိုတွေ့လိုက်ကြရတော့လေသည်။
ကျင့်စဉ်များတွင် ကောင်းသည့် ကျင့်စဉ်ရှိသလို မကောင်းသည့် ကျင့်စဉ်များလဲ များစွာရှိသည်။ ထိုအထဲကမှ မကောင်းသည့်ကျင့်စဉ်တစ်ခုကို ကျင့်မိသည့် ဒေါနနှင့် သူ၏မွေးစားအဖေ ဦးစော၏ ဘဝနိဂုံး အဆုံးသတ်ကတော့ မလှပခဲ့ပေ။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်