(ဖြစ်ရပ်မှန်)
(၁)
ကျွန်မတို့မြို့ကလေးမှာ ဘော်ဒါဆောင်တွေအများကြီးရှိတယ်ရှင့်၊ တစ်မြို့လုံးလိုလိုမှာ ဘော်ဒါဆောင်တွေက မှိုလိုပေါက်နေတာပဲ၊ အဲဒီဘော်ဒါဆောင်တွေကလည်း ထူးချွန်တဲ့ကျောင်းသားတွေ အများကြီးမွေးထုတ်ပေးနိုင်တာကြောင့်ပေါ့ရှင်၊ ကျွန်မတို့မြို့ကလေးနာမည်က တစ်နိုင်ငံလုံးမှာ နာမည်ကြီးတဲ့ ဘော်ဒါဆောင်တွေ အများကြီးရှိပါတယ်၊ ဒီအထဲကမှ ကျွန်မတို့ရဲ့ဘော်ဒါဆောင်လည်း တစ်ခုအပါအဝင်ပေါ့ရှင်၊ ဒါပေမယ့် မြို့ခံတွေနှုတ်ဖျားမှာတော့ ကျွန်မတို့ဘော်ဒါဆောင်က သတင်းမမွှေးလှပါဘူးရှင်၊ ကျွန်မတို့ဘော်ဒါဆောင်က သရဲအရမ်းခြောက်တယ်လို့နာမည်ကြီးတယ်၊ ဒါကြောင့်လည်း ကျွန်မတို့ဘော်ဒါဆောင်ကို မြို့ခံတွေသိပ်မတက်ကြဘဲ၊ ရပ်ဝေး နယ်ဝေးကလူတွေသာ လာတက်တာများပါတယ်။
ကျွန်မတို့ဘော်ဒါဆောင်က မြို့အပြင်ဘက်ကျပြီး တခြားမြို့ထဲက ဘော်ဒါဆောင်တွေထက်စာရင် လေကောင်းလေသန့်ရပြီး ဆိတ်ငြိမ်တဲ့ဘော်ဒါဆောင်ကလေးပါ၊ အရင်ကတော့ အဲဒီနေရာက အစိုးရဌာနတစ်ခုရုံးစိုက်တဲ့အဆောက်အဦးကြီးပေါ့ရှင်၊ ဘော်ဒါဆောင်ကြီးက ကိုလိုနီခေတ်ပုံစံ အုတ်နီနီကြီးတွေနဲ့ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ နှစ်ထပ်ကျောင်းဆောင်ကြီးပါ၊ ဘော်ဒါဆောင်ပိုင်ရှင်က အဲဒီမြေကို အစိုးရဆီက ငှားတာလား၊ ဝယ်တာလားတော့မသိပါဘူး၊ သူဘော်ဒါဖွင့်ပြီးတော့မှ အနောက်မှာ ထမင်းစားဆောင်တို့၊ အိမ်သာခန်းတို့၊ ရေချိုးခန်းတွဲကြီးတို့ ဆက်ပြီးဆောက်လိုက်တယ်၊ ဘော်ဒါဆောင်ကြီးရဲ့အနောက်မှာတော့ ရေကန်ကြီးတစ်ကန်ရှိတယ်၊ အဲဒီရေကန်ကြီးက တော်တော်ကြီးတဲ့ရေကန်ကြီးတစ်ခုပါ၊ ဘော်ဒါဆောင်ပိုင်ရှင်က ရေကန်အနားကိုအုတ်နဲ့သေသေချာချာပေါင်ကွပ်ပြီးတော့ ခုံတန်းကလေးတွေပါလုပ်ပေးထားတော့ ညနေခင်းဆို လေကလေးတဖြူးဖြူးနဲ့ နေလို့သိပ်ကောင်းတာပေါ့ရှင်။
ဪ၊ မေ့လို့၊ ကျွန်မနာမည်ကတော့ ပြည့်ပြည့်လို့ခေါ်ပါတယ်၊ အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းပြီးထားတာပါ၊ ကျွန်မတို့ရဲ့ဆရာမကြီးလည်းဖြစ်၊ ကျွန်မနဲ့ဆွေမျိုးမကင်းလည်းတော်တဲ့ ဆရာမကြီးက ကျွန်မကျောင်းပြီးတော့ ဒီဘော်ဒါဆောင်မှာ အလုပ်ပြောပေးတာနဲ့ ကျွန်မလည်း လုပ်ဖြစ်သွားတာပေါ့ရှင်။ ဆရာမကြီးကတော့ ဘော်ဒါဆောင်မှာ အမြဲမနေဘဲ အချိန်ပိုင်းနဲ့စာလာသင်ပေးတာပေါ့။ ကျွန်မလည်း ကျောင်းပြီးတဲ့အချိန် အလုပ်မရှိဖြစ်နေတာဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့ရှင်၊ နောက်ပြီးလုပ်ရမှာကလည်း ကျွန်မဝါသနာပါတဲ့ ဆရာအလုပ်မဟုတ်လား။
အဲဒီဘော်ဒါဆောင်မှာ ကျွန်မအလုပ်လုပ်မယ်ဆိုတော့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက တားကြပါသေးတယ်၊ ဒါပေမယ့် ကျွန်မကလည်း လုံး၀ကို အကြောက်အလန့်မရှိတဲ့လူစားမျိုးပါ၊ ကျွန်မအဖေက စစ်သား၊ တိုက်ပွဲမှာဒဏ်ရာရလို့ ဆေးပင်စင်နဲ့ထွက်လာတဲ့သူပေါ့၊ အဖေက ငယ်ငယ်ကတည်းက ကျွန်မတို့မောင်နှမတွေကို သရဲဆို့၊ ဘသက်တို့ဆိုတာ တကယ်မရှိဘဲ လူတွေကိုတမင်ကြောက်အောင်လို့ လျှောက်ပြောကြတဲ့ ဇာတ်လမ်းတွေဆိုပြီးတော့ သင်ထားပေးတယ်၊ ဒီတော့ ငယ်ငယ်ကတည်းက ကျွန်မတို့မောင်နှမတွေ သရဲမကြောက်တတ်ဘူး၊ အခုကြီးလာတော့ ပိုဆိုးတာပေါ့၊ ကျွန်မဆို ဆယ်တန်းတက်တုန်းက ညနက်နက်ကျူရှင်လွှတ်ပြီဆိုရင် အိမ်ကိုပတ်ပြန်ရင်ဝေးလို့ ကျွန်မတို့မြို့ရဲ့ သုသန်ထဲကနေဖြတ်ပြီး ပြန်တတ်တယ်၊ အဲဒီလောက်အထိကို ကျွန်မကမကြောက်တတ်တာ၊ သရဲဆိုတာလဲ မမြင်ဖူးတော့ အဖေပြောသလို တမင်ခြောက်လှန့်ပြီးပြောကြတယ်လို့ပဲ ထင်နေတာပေါ့ရှင်။
(၂)
ကျွန်မတို့ဘော်ဒါဆောင်မှာ မိန်းကလေးတွေကိုထားတာပါ၊ ယောက်ျားလေးတွေကတော့ ကျွန်မတို့ဘော်ဒါဆောင်ရဲ့မျက်စောင်းထိုး ကားလမ်းဘက်ဟိုဘက်ခြမ်းက အိမ်ကြီးတစ်လုံးမှာ ထားပါတယ်၊ ယောက်ျားလေးအရေအတွက်ကနည်းပြီး မိန်းကလေးအရေအတွက်က များတာကြောင့်မို့ပါ၊ ဘော်ဒါဆောင်ကြီးကို နှစ်ခြမ်းကန့်ထားပြီး တစ်ခြမ်းကတော့ အဆောင်သူတွေအိပ်ကြတဲ့အခန်းပါ၊ ခေါင်းရင်းဘက်အခြမ်းကတော့ စာသင်ခန်းတွေနဲ့ရုံးခန်းတွေရှိပါတယ်၊ ဘော်ဒါဆောင်မှာ ဆရာမတွေအများကြီးရှိပေမယ့် ညအိပ်စောင့်မယ့်ဆရာမက သုံးယောက်ပဲရှိပါတယ်၊ ကျွန်မရယ်၊ ချင်းမလေး မဒီလို့ခေါ်တဲ့ တစ်ယောက်ရယ်၊ နောက်ပြီးတော့ တောက်တိုမယ်ရခိုင်းတဲ့ အဒေါ်ကြီး ဒေါ်သေးရယ် သုံးယောက်ပါ၊ ကျွန်မတို့ဘော်ဒါဆောင်ကြီးရဲ့ ဟိုးအစွန်နားမှာတော့ ကျောင်းစောင့်သဘောမျိုးနေကြတဲ့ ဦးလေးကြီးလင်မယားရှိပါတယ်၊ သူတို့တဲကလေးကတော့ ဘော်ဒါဆောင်နဲ့ တော်တော်ဝေးပါတယ်ရှင်၊
ညဘက်ရောက်ပြီဆိုရင် ဘော်ဒါဆောင်ရဲ့ခြံစည်းရိုးတံခါးကိုပိတ်လိုက်ပါပြီ၊ ကျောင်းကနေ ကျောင်းအုပ်နဲ့ အခြားဆရာမတွေပြန်သွားပြီဆိုရင် ကျွန်မတို့ပဲကလေးတွေနဲ့ ကျန်ခဲ့တာပေါ့ရှင်၊ မိန်းကလေးဦးရေ လေးဆယ်လောက်ရှိပြီးတော့ အခန်းကျယ်ကြီးတွေထဲမှာ နေကြရတာပါ၊ အပေါ်ထပ်နှစ်ခန်းမှာ အယောက်နှစ်ဆယ်၊ အောက်ထပ် နှစ်ခန်းမှာ အယောက်နှစ်ဆယ်ပါ။ ကျောင်းသူတွေက ဆယ်တန်းကျောင်းသူတွေဆိုတော့ သူတို့ကစည်းကမ်းကိုလိုက်နာကြပါတယ်၊ သိပ်ပြီးမပင်ပန်းပါဘူး။
ဒီဘော်ဒါမှာလည်း ကျောင်းသူတွေနဲ့အတူတူအိပ်ပေးမယ့် ဆရာမက အတော်ရှားပါတယ်၊ သရဲကြောက်တယ်ဆိုလို့ မအိပ်ရဲကြတာပါ၊ ကျွန်မကလည်းမကြောက်တတ်။ ချင်းမလေးကလည်း သရဲဆိုတာ မယုံတဲ့သူ၊ နောက်ပြီး တောက်တိုမယ်ရခိုင်းတဲ့အဒေါ်ကြီးကလည်း သိပ်မကြောက်တတ်ဘူးဆိုတော့ ကျွန်မတို့ကိုပဲ အားကိုးရတာပေါ့ရှင်။
ဒါပေမယ့် ဘော်ဒါဆောင်မှာ သရဲတွေရှိနေတာကတော့ ကျွန်မကိုယ်တွေ့ပါပဲ၊ ကျွန်မလည်း အဲဒီတော့မှ သရဲဆိုတာကို ကိုယ်တိုင်ကြုံဖူး၊ မြင်ဖူးသွားတာပါ၊ ကြောက်တာတော့ အခုထိမကြောက်တတ်ပါဘူးရှင်။
(၃)
စဖြစ်ပုံကတော့ ကျွန်မကျောင်းမှာတာဝန်ကျပြီး ဒုတိယညပေါ့ရှင်၊ ညနေငါးနာရီဆိုရင် ဘာသာရပ်သင်တဲ့ဆရာမတွေပြန်သွားပါပြီ၊ အဲဒီအခါကျရင် ကျွန်မကဦးဆောင်ပြီးတော့ ခြံဝန်းတံခါးကြီးကိုပိတ်လိုက်ပါတယ်၊ ကျောင်းသူတွေကတော့ အဲဒီအချိန်လွတ်လပ်တဲ့အချိန်ပေါ့ရှင်၊ သူတို့လုပ်စရာရှိတာတွေလုပ်ကြတဲ့အချိန်ပေါ့၊ တစ်ချို့ကလည်း စကားစုပြောကြတယ်၊ တစ်ချို့ကလည်းရေကန်ဘက်ကို လမ်းလျှောက်ထွက်ကြတာပေါ့။
ကျွန်မတို့ကတော့ စာသင်ခန်းတွေဘက်ကိုပြန်လာပြီး အခန်းတွေကိုစစ်ပြီးသေချာပိတ်ရပါတယ်၊ ဒေါ်သေးကိုတော့ အောက်ထပ်က စာသင်ခန်းတွေကိုရှင်းခိုင်းရပါတယ်၊ ဒေါ်သေးက နာမည်ကသာ ဒေါ်သေးဆိုပေမယ့် လူက၀၀ဖိုင့်ဖိုင့်ကြီးပါ၊ ဒူးနာလို့ အပေါ်ထပ်ကိုသိပ်မတက်နိုင်ပါဘူး၊ ကျွန်မကပဲ အပေါ်ထပ်က စာသင်ခန်းတွေကိုတက်ခဲ့တာပေါ့ရှင်၊ အဆောင်မှာ မီးက ညနေခြောက်နာရီမှဖွင့်တာပါ၊ မီးပျက်ရင် မီးစက်နှိုးရပါတယ်၊ အခုလည်း မီးကပျက်နေပြန်ပါပြီ၊ ကျွန်မလည်း စာသင်ခန်းတွေထဲကိုဝင်ပြီး တံခါးတွေလိုက်ပိတ်ရပါတယ်၊ တံခါးတွေကလည်း သစ်သားတံခါးအထူအကြီးကြီးတွေပါ၊ အချိန်ကလည်း ညနေငါးနာရီကျော်နေပြီဆိုတော့ တော်တော်မှောင်နေပါပြီ၊ စာသင်ခန်းတစ်ခန်းထဲက တံခါးကိုပိတ်နေတဲ့အချိန်မှာ ကျွန်မဘေးက စာသင်ခန်းက တံခါးကိုဝုန်းခနဲဆွဲပိတ်တဲ့အသံကိုကြားလိုက်ရပါတယ်၊ ကျွန်မက ဒေါ်သေးတက်လာတယ်လို့ထင်နေတာပါ၊ ဒီလိုနဲ့ ကျွန်မတစ်ခန်းလုံးကို တံခါးတွေပိတ်ပြီးတော့ နောက်ဆုံးတံခါးမကြီးပိတ်ပြီး အဲဒီအခန်းဘက်ကိုကူးလာပါတယ်၊ ဒါပေမယ့် အခန်းတံခါးတွေက ဘာမှမပိတ်ရသေးပါဘူး၊ ဒေါ်သေးရှိမလားဆိုပြီး ကျွန်မရှာကြည့်ပါသေးတယ်၊ ဒေါ်သေးကိုလည်းမတွေ့ပါဘူးရှင်။ ဒါနဲ့ကျွန်မပဲ အခန်းထဲဝင်လိုက်ပါတယ်၊ အဲဒီခေါင်းရင်းဘက်ခန်းက စာသင်ခန်းရဲ့ အပြင်နားမှာ လူသုံးလေးဖက်လောက်ကြီးတဲ့ သစ်ပင်ကြီးတစ်ပင်ရှိပါတယ်၊ သစ်ဆိမ့်ပင်လို့ခေါ်တဲ့ အပင်ကြီးပါ၊ ကျွန်မအခန်းတံခါးတွေပိတ်နေတုန်း အဲဒီသစ်ဆိမ့်ပင်ကြီးက တရှဲရှဲနဲ့လှုပ်နေပါတယ်၊ ကျွန်မလည်း ပြတင်းပေါက်ကနေ အဲဒီသစ်ဆိမ့်ပင်ကြီးကိုကြည့်လိုက်တော့ သစ်ကိုင်းကြီးတစ်ကိုင်းတည်းက တဖြန်းဖြန်းနဲ့လှုပ်နေတာပါ၊ မသိရင် လူတစ်ယောက်ခိုပြီးစီးနေသလိုပါပဲရှင်၊ ကျွန်မက မကြောက်တတ်ဘူးဆိုတော့ တစ်ချက်ပဲကြည့်လိုက်ပြီး ပြတင်းတံခါးတွေအကုန်ပိတ်လိုက်ပါတယ်၊ အခန်းတံခါးကို ပိတ်လိုက်ပြီးတော့ ကော်ရစ်ဒါအတိုင်းပြန်လာခဲ့တဲ့အချိန်မှာ ကျွန်မခုနက ပိတ်ထားတဲ့အခန်းထဲမှာ ခုံရွှေ့သံတွေကိုကြားလိုက်ရပါတယ်၊ သစ်သားကြမ်းပြင်ပေါ်မှာ သစ်သားခုံတွေကို တွန်းရွေ့နေတဲ့အသံက တော်တော်ကျယ်နေတာပါ။ စဉ်းစားသာကြည့်ပါတော့ရှင်၊ အခန်းတစ်ခုလုံးက တံခါးတွေကလည်း သော့ခလောက်တွေနဲ့ခတ်ထားတာ၊ သော့တံတွေကလည်း ကျွန်မလက်ထဲမှာ၊ ဒီအခန်းထဲကို ဘယ်သူရောက်နေမှာလဲပေါ့၊ ကျွန်မကတော့ ဒါသရဲခြောက်နေတာပဲလို့ သိလိုက်တယ်၊ ဒါနဲ့အခန်းတံခါးကိုလက်နဲ့ထုလိုက်ပြီး
“ဟဲ့သရဲ၊ ခြောက်ချင်ရင်လည်း အသံပေးမနေနဲ့၊ ခုံတွေကိုလျောက်ရွေ့မနေနဲ့၊ နားငြီးတယ်”
ကျွန်မပြောလိုက်တော့ အသံကချက်ချင်းတိတ်သွားတယ်၊ ဒါနဲ့ ကျွန်မလည်း အပေါ်ထပ်ကနေပြန်ဆင်းလာခဲ့တာပေါ့ရှင်၊ စာသင်ဆောင်တွေနဲ့ အိပ်ခန်းတွေနဲ့ကတစ်ဆက်တည်းဆိုပေမယ့် လက်သမားတွေခေါ်ပြီးတော့ သံဇကာတွေနဲ့ ဟိုဖက်ဒီဖက် ကူးလို့မရအောင် ပိတ်ထားတာဆိုတော့ လှေကားကပြန်ဆင်းတော့လည်း ဟိုးဘက်အဆောင်ထိပ်က လှေကားကနေပြန်ဆင်းရတာပေါ့ရှင်၊ ဒါနဲ့ ကျွန်မလှေကားဆင်းနေတုန်း ကျွန်မအနောက်က လှေကားပြေးဆင်းလာတဲ့အသံကိုကြားလိုက်ရတယ်၊ ကျွန်မလှည့်ကြည့်တော့ ဖြူဖြူကြီးတစ်ခုက လှေကားကနေပြေးဆင်းသွားပြီး ကျွန်မကိုတောင် ဝင်တိုက်သွားသေးတယ်ရှင်၊ ကျွန်မက လှေကားလက်ရမ်းကို ကိုင်ထားလို့သာ ပြုတ်မကျတာ၊ ကျွန်မလည်း မကျေနပ်တာနဲ့ တောက်ခေါက်လိုက်တယ်။
အောက်ထပ်ရောက်တော့ ဒေါ်သေးက လှေကားနားကိုရောက်နေပြီ၊ လှေကားကနေ ပြေးဆင်းတဲ့အသံတွေ၊ ခုံရွှေ့တဲ့အသံတွေကို သူလည်းကြားရတယ်တဲ့၊ သူ့အထင် ကျွန်မကိုသရဲခြောက်လို့ ကျွန်မက ပြေးဆင်းလာတယ်လို့ ထင်တာဆိုပဲ။ ကျွန်မကတော့ အားရပါးရရယ်လိုက်တာပေါ့ရှင်။
“ဒေါ်သေးရယ်၊ ကျွန်မက သရဲကြောက်ပြီးပြေးရမလား၊ သရဲကပဲ ကျွန်မကိုကြောက်ပြီး ပြန်ပြေးရမှာ၊ ဟား၊ ဟား”
ကျွန်မလည်း တော်တော်ပင်ပန်းနေပြီလေ၊ တစ်နေ့လုံးလည်း အလုပ်လုပ်ထားရတာဆိုတော့ ညနေငါးနာရီခွဲပြီးတော့မှ ရေချိုးဆောင်ဘက်ကိုကူးခဲ့တယ်၊ ရေချိုးဆောင်က အုတ်နဲ့အလုံပိတ်ဆောက်ထားတဲ့အဆောက်အဦးပါ၊ အထဲမှာ အုတ်ရေကန်ရှိပြီးတော့ အဝတ်လျော်၊ ရေချိုးဖို့နေရာတွေလည်းလုပ်ပေးထားပါတယ်၊ ကျွန်မရေချိုးဆောင်ထဲရောက်တော့ အထဲမှာလူတစ်ယောက်မှမရှိပါဘူး၊ ကျွန်မတို့မြို့ရဲ့ ရာသီဥတုက နည်းနည်းအေးတာမို့လို့ တော်ရုံလူက ညနေဆိုရေမချိုးကြပါဘူး၊ ကျွန်မသာ ဒီမြို့မှာနေ၊ ဒီမြို့မှာကြီးတဲ့သူမို့လို့ မချမ်းတတ်တော့တာ။ ညနေငါးနာရီခွဲပြီးပြီ မီးစက်လဲမဖွင့်ရသေးဘူးဆိုတော့ အလုံပိတ်ထားတဲ့အခန်းကြီးထဲမှာ ဘယ်လောက်တောင်မှောင်နေမလဲဆိုတာ တွေးသာကြည့်ပါတော့ရှင်။
ကျွန်မလည်း ဆပ်ပြာတွေထည့်ထားတဲ့ ဆွဲခြင်းကလေးချလိုက်ပြီးတော့ ရေချိုးလိုက်တာပေါ့ရှင်၊ ရေချိုးတဲ့ အုတ်ကန်ကြီးက ရှစ်ပေလောက်ရှည်ပြီး လေးပေလောက်တော့ နက်မယ်ထင်ပါတယ်၊ ကျွန်မရေလောင်းပြီးလို့ ဆပ်ပြာတိုက်နေတဲ့အချိန်မှာ ရေထည့်ထားတဲ့ အုတ်ကန်ကြီးရဲ့တစ်ဖက်စွန်း၊ အမှောင်ကြီးထဲကနေ ရေတွေကိုခပ်ခပ်ပြီး လောင်းနေတဲ့အသံကိုကြားလိုက်ရပါတယ်၊ မှောင်နေတာဆိုတော့ သေသေချာချာတောင်မမြင်ရပါဘူး၊ ကျွန်မရေချိုးတဲ့အနားကတော့ အဝင်တံခါးနဲ့နီးပြီး တံခါးကလည်းဖွင့်ထားတာမို့လို့ အလင်းရောင်မှိန်မှိန်ကလေး လင်းနေတာပေါ့။ ကျွန်မလည်း ဆပ်ပြာတိုက်ရင်းနဲ့ တော်တော်ဒေါသထွက်သွားတယ်။
“ဟဲ့၊ ရေတွေကိုဖြုန်းမနေနဲ့၊ ဒီလောက်တောင်လောင်းချင်ရင် ငါ့ကိုလာလောင်းပေးစမ်း”
ကျွန်မပြောလိုက်တော့ ရေသံတိတ်သွားတယ်f၊ ကျွန်မလည်း ဆပ်ပြာတိုက်ပြီး ရေလောင်းမယ်လည်းလုပ်ရော အမှောင်ကြီးထဲကနေ ကျွန်မကို ရေနဲ့လှမ်းပက်ပါရောရှင်၊ လေးငါးခွက်လောက်ရှိမယ်၊ တဝုန်းဝုန်းနဲ့ကိုပက်တာ၊ ကျွန်မလည်းရေနဲ့ပြန်ပက်လိုက်တော့ ရေက ဘာကိုမှမထိဘဲ ရေချိုးခန်းကြမ်းပြင်ကိုပဲ ထိသွားတဲ့အသံကိုကြားရတယ်၊ ကျွန်မလည်း ရေလဲထမီလဲပြီးတော့ ရေချိုးခန်းထဲက ထွက်လာတော့တာပေါ့။
ညနေခြောက်နာရီထိုးတော့ ချင်းမလေး မဒီက မီးစက်နှိုးလိုက်တယ်၊ ဒေါ်သေးကတော့ စားသောက်ဆောင်ထဲကို ရောက်နေပြီပေါ့၊ ကျွန်မလည်း အဝတ်အစားလဲပြီးတော့ မဒီနဲ့အတူတူ စားသောက်ဆောင်ဘက်ကိုထွက်လာတာပေါ့။ ညနေခြောက်နာရီကနေ ခုနစ်နာရီက ညစာစားတဲ့အချိန်ပါ၊ ကျွန်မတို့ထွက်လာတော့ အခန်းတွေထဲမှာ ကျောင်းသူတွေ တစ်ယောက်မှမရှိတော့ပါဘူး၊ အကုန်လုံး ထမင်းစားဆောင်ထဲကို ရောက်နေပါပြီ၊ ကျွန်မတို့လည်း အဆောင်ကြီးကို အနောက်ဘက်ကနေထွက်ပြီးထမင်းစားဆောင်ကို ကူးလာခဲ့တာပေါ့၊ ထမင်းစားဆောင်ကို သွားတဲ့လမ်းက ကွန်ကရစ်ခင်းထားပြီး အပေါ်က သွပ်ပြားတွေမိုးထားတယ်၊ မိုးရွာရင်လည်း ထီးဆောင်းစရာမလိုအောင်ပေါ့၊ ထမင်းစားဆောင်ဆိုပေမယ့် အဆောင်အနောက်ဘက်အခြမ်းက ထမင်းဟင်းချက်တဲ့နေရာပါ၊ ထမင်းချက်သမားတွေကို ငှားထားတာမို့လို့ သူတို့ကချက်ပြုတ်ပြီး အကုန်အဆင်သင့်ထားခဲ့ပြီးသားပါ၊ ကျွန်မတို့ရောက်တော့ ဟင်းတွေကို လေးထောင့်စတီးဗန်းတွေထဲကိုထည့်ပေးရတယ်၊ ကျောင်းသူတွေက ထမင်းပုံစားတဲ့ ဗန်းကလေးတွေနဲ့ ကိုယ်စားချင်တဲ့ဟင်းကိုထည့်ပြီး စားဖို့ပေါ့ရှင်။
(၄)
“ဆရာမ၊ ဆရာမရေ”
ကျွန်မတို့ထမင်းစားဖို့လုပ်နေတုန်း ကျောင်းသူလေးနှစ်ယောက်က ထမင်းစားဆောင်ထဲကို သုတ်သီးသုတ်ပြာနဲ့ပြေးဝင်လာတယ်၊ တစ်ယောက်က ထမင်းစားဆောင်ထဲရောက်တော့ တက်တော့မလိုဖြစ်နေတာနဲ့ မနည်းနှာနှပ်ယူရတယ်ရှင့်။ သေချာမေးကြည့်တော့မှ
“သမီးတို့ အိမ်ကနေပေးလိုက်တဲ့ ငါးပိကြော်ကျန်ခဲ့လို့ အိပ်ဆောင်ထဲကိုသွားယူတော့ သမီးတို့အနောက်ကနေ မည်းမည်းကြီးတစ်ကောင်က ပုကွကွနဲ့ပြေးလိုက်လာလို့ ဒီကိုအတင်းပြေးလာရတာ။
ကျွန်မလည်း ဒေါသထွက်သွားတာပေါ့၊ ဒီကလေးတွေက ကျွန်မရဲ့တပည့်တွေကိုး၊ ထမင်းစားဆောင်အရှေ့မှာ ထောင်ထားတဲ့ အုန်းတံမြက်စည်းကိုဆွဲပြီးတော့ ကျွန်မသုံးလေးခါလောက် ကြိမ်းဝါးပေးလိုက်တယ်၊ ကျောင်းသူလေးတွေဆိုရင် မျက်လုံးကလေး ပေကလပ်ပေကလပ်နဲ့ ကျွန်မကိုကြည့်နေလိုက်တာ၊ ကျွန်မထမင်းစားဆောင်ထဲကို ပြန်ဝင်လာတော့ သူတို့က ကျွန်မကိုအားကိုးတကြီးနဲ့ကြည့်နေလိုက်ကြတာရှင်။
“ဆရာမက သတိကောင်းတယ်နော်”
“ဆရာမက သရဲမကြောက်ဘူးလား”
ကျွန်မကိုဝိုင်းမေးကြတယ်၊ မိန်းကလေးတွေဆိုတော့လည်း ကြောက်တတ်မှာပေါ့ရှင်၊ သရဲမကြောက်တတ်တဲ့ ကျွန်မက သူတို့ရဲ့ဆရာမဆိုတော့ သူတို့အတွက်အားကိုးရာပေါ့ရှင်။ ဒီလိုနဲ့စားသောက်ပြီးတော့ သိမ်းဆည်းပြီးတော့ ထမင်းစားဆောင်ထဲက ပြန်ထွက်တော့ ကလေးမတွေက မသွားရဲဘူးရှင့်၊ ကျွန်မလာတော့မှ ကျွန်မအနောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်လာရဲတာ၊ ခုနကတွေ့ခဲ့တဲ့ကောင်မလေးနှစ်ယောက်ကလည်း ဒီနေရာမှာတွေ့တာ၊ ဒီလိုလိုက်လာတာဆိုပြီး ပြန်ပြီးတော့ စားမြုံ့ပြန် ပြောကြတာပေါ့ရှင်။
ထမင်းစားပြီးရင် ညဘက်စာကြည့်ချိန်နဲ့ စာသင်ချိန်ပါ၊ ကျွန်မတို့က ကလေးတွေမလိုက်နိုင်တဲ့စာတွေကို ပြန်လိုက်ပေးရတယ်၊ ကလေးတွေကလည်း စာကြည့်ကြ၊ စာကျက်ကြပေါ့၊ စာကြည့်ချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောခွင့်မရှိပါဘူး၊ ကလေးတွေဘယ်လောက်ကြောက်နေသလဲဆို စာသင်ခန်းထဲက ခုံတွေကို ကျွန်မထိုင်တဲ့အရှေ့နားကိုပြောင်းရွှေ့ပြီး ထိုင်ကြတယ်လေ၊ ညရှစ်နာရီခွဲပြီဆိုရင် စာကြည့်ချိန်ပြီးပါပြီ၊ ကိုးနာရီဆိုရင် အိပ်ချိန်ပေါ့၊ စာသင်ခန်းတွေကိုပိတ်ပြီးပြန်လာတော့ ကလေးတွေက ကျွန်မကိုဆွဲနေကြပါရော။
“ဆရာမက သရဲမကြောက်တတ်ဘူး။ သမီးတို့နဲ့လာအိပ်”
“မဟုတ်ဘူးဆရာမ၊ သမီးတို့နဲ့လာအိပ်”
အိပ်ဆောင်က အပေါ်ထပ်မှာတစ်ခန်း၊ အောက်ထပ်မှာတစ်ခန်းဆိုတော့ ကလေးတွေက ကျွန်မကိုလုကြတာပေါ့ရှင်၊ နောက်ဆုံးတော့ ကျွန်မက အောက်ထပ်မှာ
သွားအိပ်ဖို့ တာဝန်ယူလိုက်တယ်၊ အပေါ်ထပ်မှာတော့ ချင်းမလေးက စောင့်အိပ်မှာပေါ့ရှင်၊ ဘာလို့လဲဆိုတော့ အောက်ထပ်က သရဲပိုခြောက်တယ်လို့ ကလေးတွေက ပြောတာကိုး။
အ်ိပ်ဆောင်အခန်းက အကျယ်ကြီးပါ၊ ရှည်လဲ တော်တော်ရှည်ပါတယ်၊ အဲဒီအခန်းကျယ်ကြီးထဲမှာ ကုတင်တွေကို နံရံတစ်ဖက်ဆီကို ဆယ်လုံးစီ စီတန်းထားပြီး နံရံနှစ်ဖက်ဆိုတော့ ကုတင်နှစ်ဆယ်ရှိပါတယ်၊ ကုတင်တွေက တစ်ခုနဲ့တစ်ခု ခြေချင်းပေးထားကြတာပါ၊ ကုတင်တွေအလယ်မှာတော့ လျှောက်လမ်းလေးတစ်ခုရှိပါတယ်၊ အိပ်ချိန်ရောက်ရင် ခြင်ထောင်တွေထောင်ပြီးတော့ အသီးသီးတန်းစီပြီးအိပ်ကြပါတယ်၊ ကျွန်မတို့ကုတင်ကတော့ ကျောင်းသူတွေရဲ့ထိပ်ဘက်မှာရှိပါတယ်၊ စုစုပေါင်း ကုတင်နှစ်ဆယ့်တစ်လုံးပေါ့ရှင်။
ရှစ်နာရီခွဲပဲရှိသေးတာမို့လို့ ကျောင်းသူတွေက ကျွန်မအနားမှာ စုပြီးထိုင်ကြပါတယ်၊ ကျွန်မက ဆရာမအသစ်ဆိုတော့ သူတို့ကြုံခဲ့တဲ့ သရဲဇာတ်လမ်းတွေကို ပြန်ပြီးပြောပြကြတာပေါ့ရှင်၊ အရင်ကနေသွားတဲ့ ဆရာမတစ်ယောက်ဆိုရင် သရဲကိုတွေ့ပြီးတော့ လန့်ပြီးထွက်ပြေးသွားတယ်ဆိုပဲ၊ ကလေးတွေကလည်း တစ်ယောက်တစ်မျိုးတွေ့ကြရတယ်တဲ့၊ ခြောက်တာအကြမ်းဆုံးကတော့ မြေအောက်ထပ် စတိုခန်းထဲပဲတဲ့ရှင်၊ ကလေးတစ်ယောက်ပြောပြတာက စတိုခန်းထဲကို နေ့ခင်းကြောင်တောင်ကြီးတောင် ဘယ်သူမှမသွားရဲဘူးတဲ့၊ နောက်ကလေးတစ်ယောက်ကတော့ တစ်ညနေမှာ သစ်ဆိမ့်ပင်ကြီးအောက်မှာ စာသွားကျက်တာ အပင်ပေါ်ကနေ မည်းမည်းအကောင်ကြီးတစ်ကောင် ဆင်းလာပါရောတဲ့၊ နောက်ပြီးတော့ တစ်ချို့ကလည်းပြောသေးတယ်၊ ကျောင်းနောက်ဘက် ကန်စောင်းမှာလည်း သရဲတအားခြောက်တယ်ဆိုတာပဲ၊ ရေကန်ထဲကနေလည်း မိန်းကလေးတစ်ယောက် တက်လာတတ်တယ်တဲ့၊ သူတို့ပြောတဲ့ သရဲဇာတ်လမ်းတွေက စုံလွန်းလို့ ကျွန်မဖြင့် ခေါင်းကိုမူးသွားတာပါပဲရှင်၊ ဒါနဲ့ ကျွန်မကမေးကြည့်တယ်။
“သမီးတို့ရော မကြောက်ကြဘူးလား”
“ကြောက်တာပေါ့ဆရာမရယ်၊ ကျောင်းသူနှစ်ယောက်ဆို မနေရဲတော့လို့ အိမ်ကိုပြန်ပြေးသွားပြီ၊ သမီးတို့က တစ်နယ်တစ်ကျေးကလဲ လာရတယ်၊ နောက်ပြီးမိဘတွေကလည်း ပိုက်ဆံတွေသွင်းထားရတာဆိုတော့ ဒီလိုပဲ ဘုရားစာရွတ်ပြီး နေရတာပဲ”
ကလေးတွေကို ကျွန်မသိပ်သနားသွားတယ်၊ တစ်ချို့ကျောင်းသူလေးတွေဆို ကြောက်လွန်းလို့ ကိုယ့်အိပ်ရာမှာတောင် ကိုယ်မအိပ်ဘဲ တစ်ယောက်အိပ်ကုတင်လေးမှာ နှစ်ယောက်စုပြုံတိုးဝှေ့ပြီး အိပ်ကြသတဲ့လေ၊ ကျွန်မကသူတို့ကိုသနားသွားတာနဲ့။
“ကဲ၊ ဒီညတော့ ဘာမှမပူနဲ့၊ စိတ်ချလက်ချသာအိပ်၊ ဆရာမရှိတယ်၊ ဆရာမကသရဲကို မောင်းထုတ်ပေးမယ်၊ ဟုတ်ပြီလား”
ကလေးတွေလဲ အားရှိသွားပုံရပါတယ်၊ အဲဒီညတော့ ကိုယ့်ကုတင်ကိုယ်ပြန်အိပ်ကြတယ်၊ ကိုးနာရီခွဲတော့ လူစစ်ပြီးတော့ လူစုံတာနဲ့ မီးကိုမှိတ်လိုက်ပါတယ်၊ မီးပိတ်ချိန်ဆိုရင် ကျောင်းသူတွေအားလုံး အိပ်ကြရတာပေါ့ရှင်။
(၅)
မီးပိတ်ပြီး ကျွန်မလည်း ကုတင်ပေါ်လှဲပြီး အိပ်လိုက်တာပေါ့၊ ရာသီဥတုက နည်းနည်းအေးတော့ စောင်တစ်ထည်ကိုခြုံထားလိုက်တယ်၊ ကျွန်မအိပ်ပျော်နေရင်း ကျွန်မစောင်ကို တစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရတယ်၊ ကျွန်မလည်း နိုးသွားတာပေါ့ရှင်၊ စောင်ကိုအတင်းပြန်ဆွဲတဲ့အချိန်မှာပဲ ခြင်ထောင်ဘေးမှာ ဖြူဖြူကြီးတစ်ကောင်ရပ်နေတယ်၊ ကျွန်မက ကလေးတွေကြောက်မှာစိုးလို့ မသံမထွက်ဘဲ စောင်ကိုဆွဲလိုက်တော့ ကျွန်မအိပ်နေတဲ့ခြင်ထောင်ကြီးကို ဝုန်းဆိုပြီး လှန်တင်လိုက်ပါရော၊ ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ ကုတင်ပေါ်ကထလိုက်တော့ အဲဒီဖြူဖြူကြီးက အခန်းအပြင်ကိုထွက်ပြေးသွားပါရော၊ ချက်ထိုးထားတဲ့တံခါးကိုမဖွင့်ဘဲ ဖောက်ပြီးထွက်ပြေးတာ၊ ကျွန်မလည်း အဲဒီအဖြူကောင်ကြီးအနောက်ကို ပြေးလိုက်ခဲ့တာပေါ့ရှင်။
အခန်းအပြင်ရောက်တော့ အဖြူကောင်ကြီးကိုမတွေ့ရတော့ပါဘူး၊ ကျောင်းဆောင်ကြီးတစ်ခုလုံးက မှောင်မဲနေတယ်၊ ကျောင်းခြံဝန်းထဲမှာတော့ မီးချောင်းရှည်ကြီးတွေ ထွန်းထားတာမို့လို့ လင်းနေတာပေါ့ရှင်၊ ကျောင်းရှေ့ကားလမ်းကြီးမှာ ကားတစ်စီးတစ်လေ ဖြတ်သွားတာကလွဲလို့ ဘာမှမရှိပဘူး၊ ဒီအချိန်မှာ ကျွန်မငိုသံတစ်ခုကိုကြားလိုက်ရတယ်။ ကျွန်မအဲဒီအချိန်မှာ ကြောက်ရမှာထက် စိတ်ပူသွားမိတယ်၊ ကလေးတစ်ယောက်ယောက်များ အပေါ့အပါးထသွားရင်း သရဲနဲ့တွေ့လို့ ငိုနေတာများလားပေါ့။ ကျွန်မတို့အိပ်တဲ့အခန်းရဲ့ ခြေရင်းကအခန်းကတော့ ဒေါ်သေးအိပ်တဲ့အခန်းပါ၊ ခေါင်းရင်းဘက်မှာတော့ အပေါ်ကိုတက်တဲ့လှေကားကြီးရှိတယ်၊ ဒါပေမယ့် လှေကားကြီးကိုသံဇကာတွေနဲ့ ပိတ်ထားတယ်၊ အသံက အဲဒီလှေကားကြီးအနားကနေ ကြားနေရတာ။
“လူရှိလား၊ ဘယ်သူငိုနေတာလဲ”
ကျွန်မမေးလိုက်တော့ အပေါ်ထပ်ကြမ်းပြင်ကနေ လမ်းလျှောက်ဆင်းလာတဲ့အသံကြားရတယ်၊ ကျွန်မရှေ့က လှေကားကြီးက သုံးလို့မရတော့ ဟိုးဘက်အဆောင်ထိပ်နားက လှေကားကနေဆင်းလာတဲ့အသံကြားရတယ်၊ သေချာကြည့်လိုက်တော့မှ ဓါတ်မီးတစ်လက်နဲ့ဆင်းလာတဲ့ ချင်းမလေး မဒီဖြစ်နေတယ်။
“မပြည့်၊ ဘာဖြစ်လို့လဲ”
“ငိုသံကြားတယ်ဟ၊ နားထောင်စမ်း”
ကျွန်မတို့နှစ်ယောက်နားထောင်လိုက်တော့ ငိုသံမှ ငိုသံအစစ်ပါ၊ ငိုတာမှ မိန်းကလေးတစ်ယောက်က တအင့်အင့်နဲ့ ကြိတ်ပြီးငိုနေတဲ့အသံမျိုး၊ ကျွန်မကလည်း မဒီကိုကြည့်လိုက်တယ်၊ ကျွန်မတို့လိုက်သွားမယ်ဆိုတဲ့ သဘောပေါ့၊ မဒီကလည်း မကြောက်တတ်ဘူးလေ၊ နောက်မှပြန်သိရတာက အဲဒီညကလည်း မဒီကိုသရဲတွေက ဝိုင်းခြောက်လို့ အိပ်လို့မရဘူးတဲ့၊ ကျွန်မအသံကြားတော့မှ သူဆင်းလာခဲ့တာတဲ့လေ။
မကြောက်တတ်တဲ့ ကျွန်မတို့နှစ်ယောက် ဓါတ်မီးကလေးတစ်လက်နဲ့ လှေကားကြီးအနားကိုလာခဲ့တယ်၊ လှေကားနားရောက်တော့ အသံက လှေကားပေါ်ကမဟုတ်ဘဲ လှေကားခွင်အောက်နားက တံခါးကနေလာနေတဲ့အသံဖြစ်နေတယ်။
“မပြည့်၊ အဲဒါစတိုခန်းပဲ”
“ငါဝင်သွားကြည့်မယ်၊ နင်လိုက်ရဲတယ်မဟုတ်လား မဒီ”
“လိုက်မယ်မပြည့်၊ မဒီလည်းသိချင်တယ်”
လှေကားအောက်က တံခါးကိုဖွင့်လိုက်တော့ စတိုခန်းကိုဆင်းတဲ့ အုတ်လှေကားကိုတွေ့ရတယ်၊ စတိုခန်းက မြေအောက်မှာလုပ်ထားတာပါ၊ အဲဒီလှေကားကလေးကနေ မဒီနဲ့ကျွန်မနဲ့ ဆင်းလာခဲ့တာပေါ့၊ အထဲမှာတော့ စာသင်ခုံတွေကို စီပြီးထပ်ထားတယ်၊ စာအုပ်စင်ဟောင်းကြီးတွေလည်းရှိတယ်၊ နောက်ပြီးတော့ ဆာလာအိတ်တွေနဲ့ထုပ်ထားတဲ့ အထုပ်တွေလည်းရှိတယ်၊ ကျွန်မထင်တာကတော့ စာအုပ်စာတမ်းတွေဖြစ်မှာပါ၊ အသံက စတိုခန်းထဲက အနောက်ဘက်ချောင်ကလေးထဲက လာနေတာ၊ ကျွန်မနဲ့မဒီလည်း အဲဒီချောင်ကလေးထဲကို ဓါတ်မီးနဲ့ထိုးလိုက်တော့ ဘယ်သူမှမရှိဘူး၊ မဒီကတော့ လှမ်းမြင်တယ်။
“မပြည့်၊ မျက်နှာကျက်မှာ”
မျက်နှာကျက်ကို ဓါတ်မီးနဲ့ထိုးလိုက်တော့ မိန်းကလေးတစ်ယောက်က မျက်နှာကျက်မှာ ငုတ်တုတ်ကြီးထိုင်နေတာ၊ ဇောက်ထိုးကြီးပေါ့ရှင်၊ ဆံပင်တွေက အောက်ကိုတွဲလောင်းကြီးကျနေတာပေါ့၊ ငိုသံကြီးကလည်း ပိုနီးလာလေလေ ကြောက်စရာကောင်းလေလေပါပဲ။ မဒီက မကြောက်ဘူးဆိုပေမယ့် အဲဒီမိန်းကလေးကိုလဲမြင်ရော ကျွန်မလက်မောင်းကို အတင်းဖက်ထားတယ်၊ ကျွန်မကတော့ မကြောက်ပေမယ့် နည်းနည်းတော့လန့်နေတာပေါ့ရှင်။
“ဟဲ့၊ နင်ဘာဖြစ်လို့ငိုနေတာလဲ”
အဲဒီဇောက်ထိုးမိန်းကလေးက လှုပ်သွားတယ်၊ ပြီးတော့ မပြောမဆိုနဲ့ စာအုပ်စင်ကြီးအနောက်ကို ပြေးဝင်သွားတော့တာပါပဲ၊ ကျွန်မတို့လည်း ဆက်လိုက်လို့မရတော့ဘူး၊ စာအုပ်စင်နဲ့ နံရံနဲ့က ခြောက်လက်မလောက်ပဲ ခြားတာဆိုတော့ လူတစ်ယောက်ဘယ်တိုးလို့ရမလဲ၊ ဒါနဲ့ ငိုသံလည်း ရပ်သွားတယ်ပေါ့။
ကျွန်မနဲ့မဒီလည်း စတိုခန်းကနေပြန်တက်ဖို့လုပ်တော့ စတိုခန်းတံခါးက ဖွင့်မရတော့ဘူး၊ ကျွန်မဖြင့် အသက်ရှူတွေတောင်ကြပ်လာတယ်၊ စတိုခန်းက အလုံပိတ်ထားတဲ့ အုတ်တိုက်ကြီးလေ၊ ကျွန်မက သရဲတော့မကြောက်တတ်ပေမယ့် အဲဒီလိုအလုံပိတ်ထားတာကိုတော့ ကြောက်တယ်၊ ကျွန်မနဲ့မဒီနဲ့ တံခါးကိုတဝုန်းဝုန်းနဲ့ တိုက်ဖွင့်ကြတာပေါ့၊ တံခါးအပြင်က ဂျက်ကိုတစ်ယောက်ယောက်က ပိတ်သွားပုံရတယ်၊ တံခါးက လုံး၀ဖွင့်လို့မရဘူး။ ကျွန်မဇောချွေးတွေပြန်လာတယ်၊ ရာသီဥတုကအေးပေမယ့် မြေအောက်ခန်းမှာက လုံလို့လားမသိဘူး ပူလောင်အိုက်စပ်နေတယ်၊ ကျွန်မတို့ကြိုးစားရင်း နာရီဝက်လောက်ကြာတော့ လက်မြှောက်လိုက်ရတယ်၊ ချင်းမလေးလဲ တော်တော်ကိုကြောက်နေပြီ။
“ဘာမှမကြောက်ပါနဲ့မဒီရယ်၊ မနက်မိုးလင်းခါနီး ဒေါ်သေးထလာရင် ငါတို့ကိုလိုက်ရှာမှာပဲ၊ မတွေ့ဘူးဆိုရင် ဒီအခန်းတံခါးကို လာဖွင့်မှာပေါ့”
ကျွန်မဘယ်လိုပြောပြော မဒီကအတော်ကြောက်လန့်နေပြီ၊ သူ့ကိုသာ မကြောက်ဖို့ပြောသာပြောရတယ်၊ ကျွန်မလည်း ခေါင်းတွေမူးပြီး အန်ချင်နေပါပြီ၊ ဒီအချိန်မှာ တံခါးက ဝုန်းဆိုပွင့်သွားတယ်၊ တံခါး၀မှာ ဒေါ်သေးရောက်လာတယ်။
“တံခါးက သော့မှခတ်မထားတာ၊ ဆရာမလေးတို့ ဒီထဲကိုဘာဝင်လုပ်ကြတာလဲ”
ကျွန်မတို့လည်း အမြန်ပြေးထွက်လိုက်တာပေါ့ရှင်၊ တံခါးက ချက်မချထားဘူးဆိုပေမယ့် ကျွန်မတို့တွန်းတော့ ဘာလို့မပွင့်တာလဲဆိုတာ စဉ်းစားရင်း အိပ်ဆောင်ကိုပြန်ခဲ့တယ်၊ မဒီက တော်တော်ကြောက်နေလို့ သူ့ကိုလိုက်ပို့ပြီး သူအိပ်တော့မှ ကျွန်မလည်းပြန်ဆင်းလာခဲ့တာပေါ့ရှင်။ အဆောင်ထဲပြန်ရောက်လို့ နာရီကိုကြည့်လိုက်တော့ မနက်သုံးနာရီဖြစ်နေပါပြီ။
နောက်တစ်နေ့ရောက်တော့ ကျွန်မအိပ်ရေးမ၀ဘူးရှင်၊ ညကလည်း ကောင်းကောင်းမအိပ်ထားရတော့ လူက နုံးချိချိနဲ့၊ ဒီကြားထဲ ညကဖြစ်ခဲ့တဲ့ အကြောင်းတွေပြန်တွေးရင်း အတွေးခေါင်နေပြန်ရော၊ ဒီကျောင်းဆာင်ကြီးက တစ်ခုခုတော့ဖြစ်ခဲ့ရမယ်လို့ ကျွန်မတွေးမိတယ်၊ ဘယ်သူ့ကိုလည်း မေးရမှန်းမသိဘူး၊ မနက်စောစော ကျောင်းစောင့်ကြီးက အမှိုက်တွေလာလှည်းပြီး မီးတွေရှို့နေတာနဲ့သူများသိမလားဆိုပြီး သွားစပ်စုတာပေါ့ရှင်။
“ဦးလေး ဒီမှာနေတာကြာပြီလား”
“နှစ်အစိတ်လောက်တော့ရှိပြီ ဆရာမလေး”
“ဒါဆို ဒီကျောင်းဆောင်ကြီးနဲ့ပတ်သက်ပြီး တစ်ခုခုတော့သိထားမှာပေါ့နော်”
ကျောင်းစောင့်ကြီးက တွေဝေသွားတယ်ရှင့်၊ နောက်တော့ ခေါင်းခါတယ်၊ သူမသိဘူးလို့ ငြင်းတာပေါ့။ ဒါပေမယ့် သူလိမ်နေတယ်ဆိုတာ ကျွန်မသိပါတယ်၊ ကျွန်မလည်း သူ့ကိုရအောင် အစ်ပြီးမေးရတာပေါ့။
“ဘော်ဒါဆောင်ပိုင်ရှင်က ဒီအကြောင်းတွေပြောရင် ကျုပ်တို့ကိုနှင်ချမယ်ဆိုလို့ မပြောခဲ့တာပါ၊ ဆရာမလေး ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ကျုပ်ပြောပြပါ့မယ်”
“ဒီအဆောင်ကြီးက ဟိုးဂျပန်ခေတ်လောက်ကတည်းက ရှိခဲ့တဲ့အဆောင်ကြီးပဲ၊ ကျောင်းသားအရေးအခင်းဖြစ်တော့ ဒီကျောင်းဆောင်ကြီးမှာ ကျောင်းသားတွေ သပိတ်စခန်းဖွင့်ကြတယ်၊ ကျောင်းသားကြီးတွေလဲပါသလို ကျောင်းသားငယ်လေးတွေလဲပါတာပေါ့။ ကျောင်းသားတွေကိုလာဖမ်းကြတယ်၊ အဲဒီအခါ ကျောင်းသူလေးတစ်ယောက်က ကြောက်လန့်ပြီး စတိုခန်းထဲကို ဝင်ပုန်းနေရာက အပြင်ကလူတွေကလည်း စတိုခန်းကို သော့ပိတ်ခဲ့ကြတော့ အဲဒီအခန်းထဲမှာ ပိတ်မိပြီး သေသွားခဲ့တာပဲ ဆရာမလေး၊ ကျောင်းသူလေးရဲ့ မိဘတွေကလည်း သူတို့သမီးအဖမ်းခံရတယ်ထင်ပြီး လိုက်စုံစမ်းတာပေါ့၊ အရေးအခင်းဆိုတော့ ကျောင်းမှာလည်း ဘယ်သူမှမရှိဘူး၊ ကျောင်းကိုပိတ်ထားကြတာပေါ့၊ အဲဒီမှာ တစ်လလောက်ကြာတော့မှ အဖမ်းလည်းမခံရဘူး၊ အပြင်မှာလည်းမရှိဘူးဆိုတာသိလို့ လိုက်ရှာကြရင်း စတိုခန်းကိုဖွင့်လိုက်တော့ အခန်းထဲမှာ ခြောက်သွေ့နေတဲ့အလောင်းကြီးကိုတွေ့ရတယ်တဲ့ ဆရာမလေးရဲ့”
သူပြောတာနားထောင်ပြီး မကြောက်တတ်တဲ့ကျွန်မတောင် ကြက်သီးတွေထသွားတယ်၊ ဒါဆိုရင် ညကပြခဲ့တဲ့ ငိုနေတဲ့ကောင်မလေးက အဲဒီပိတ်မိပြီး သေသွားတဲ့ကောင်မလေးများလား၊ သူခံစားခဲ့ရတာတွေကို သိစေချင်လို့ ကျွန်မတို့ကို ပိတ်ထားခဲ့တာများလား၊ ကျွန်မတွေးနေတုန်း ကျောင်းစောင့်ကြီးက ဆက်ပြောတယ်။
“နောက်ပိုင်းခေတ်ရောက်တော့ မြို့ထဲမှာ ကျောင်းအသစ်ဖွင့်တော့ဒီကျောင်းဆောင်ကြီးကို ဆက်မသုံးတော့ဘူးလေ၊ ဒါနဲ့ အစိုးရရုံးတစ်ရုံးဖြစ်သွားတာပေါ့။ ဦးလေးအဖေက အဲဒီရုံးမှာ ရုံးအကူပြာတာပေါ့၊ နေစရာမရှိတော့ အခုဒေါ်သေးနေတဲ့အခန်းမှာ သူတို့မိသားစုလိုက်နေပြီး ရုံးစောင့်လုပ်ခဲ့တာပေါ့၊ သရဲခြောက်လိုက်တာဆိုလည်း လွန်ပါရောသမီးရယ်၊ ဦးလေးက ဒီကျောင်းဆောင်ကြီးမှာပဲ ကြီးပြင်းခဲ့တာဆိုတော့ သရဲမကြောက်တတ်တော့ဘူး၊ ကျောင်းဆောင်ခေါင်းရင်းနားက သစ်ဆိမ့်ပင်ကြီးကိုတွေ့လား ဆရာမလေး”
ဦးလေးကြီးက လက်ညှိုးထိုးပြတော့ ကျွန်မလည်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်တာပေါ့။
“အဲဒီအပင်ကြီးက တစ်ချိန်က လူသတ်ကုန်းနေရာကြီးပေါ့ ဆရာမလေး၊ ဂျပန်ခေတ်က ဒီအဆောက်အအုံကြီးမှာ ဂျပန်တွေရုံးထိုင်ပြီးတော့ စစ်ကြီးဖြစ်တော့ သတင်းပေးဆိုတဲ့သူတွေကို ဖမ်းခေါ်လာပြီး အဲဒီသစ်ဆိမ့်ပင်ကြီးမှာ ကြိုးနဲ့ချည်ပြီး နှိပ်စက်ကြတာပေါ့၊ နောက်တော့ သတ်ပစ်ကြပြီး ဟောဟိုက ရေကန်ကြီးထဲကို အလောင်းတွေ ပစ်ချခဲ့ကြတယ်ဆိုပဲ”
“ဒါတင်ဘယ်ကအုံးမလဲ ဆရာမလေးရဲ့၊ အစိုးရရုံးစိုက်တော့ အစိုးရဝန်ထမ်းတစ်ယောက်က ရေနစ်ပြီးသေဖူးတယ်၊ ဘယ်လိုသေသလဲဆိုတာတော့ မသိပါဘူး၊ အိမ်သာထသွားမယ်ဆိုပြီး ထွက်သွားပြီးတော့ ပြန်မလာလို့လိုက်ရှာကြတာ၊ နောက်သုံးလေးရက်လောက်နေမှာ ရေကန်တစ်ဖက်ခြမ်းမှာ အလောင်းပြန်ပေါ်တာတဲ့၊ သူဖြစ်ပြီး ငါးနှစ်လောက်ကြာတော့ နောက်ထပ်အစိုးရဝန်ထမ်း ကောင်မလေးတစ်ယောက် သူသေသွားတဲ့အတိုင်း လိုက်ပြီးသေပြန်ရော၊ ဒါနဲ့ရုံးကိုပိတ်လိုက်ပြီး ကျောင်းဆောင်ကြီးကို ဒီအတိုင်းပဲထားလိုက်တာပေါ့၊ ရုံးစောင့်ဖြစ်တဲ့ ဦးလေးတို့အဖေကိုတော့ အစောင့်အနေနဲ့ လစာပေးပြိး ဒီမှာပဲစောင့်ခိုင်းတာ၊ အဖေသေတော့ ဦးလေးက ဆက်စောင့်တာပေါ့ကွယ်”
“ဒါဆို ဦးလေးကိုရော သရဲတွေမခြောက်ဘူးလား”
“ဦးလေးနဲ့တော့ အသိတွေဖြစ်နေကြပါပြီ၊ ဒီသရဲတွေက ဦးလေးငယ်ငယ်တုန်းကလည်းက ကြုံခဲ့ဖူးတာမဟုတ်လား၊ ဒါနဲ့ ဆရာမလေးကို သရဲခြောက်လို့လား”
ကျွန်မလည်း ခေါင်းညိတ်ပြလိုက်တယ်၊ ဦးလေးကြီးက ကြိုသိနေပုံပါပဲ။
“သရဲမခြောက်တဲ့နည်း ဦးလေးပြောပြမယ်၊ သေသွားတဲ့စတိုခန်းက ကျောင်းသူသရဲက ဆရာမဆိုရင်ကြောက်တယ်၊ သူ့ကိုမခြောက်ဖို့ပြောရင်ရတယ်၊ ပြောမရရင် ကြိမ်လုံးသံပေးလိုက်၊ အရင်က ရုံးစိုက်တဲ့လူတွေ အဲဒီလိုလုပ်ကြတယ်”
ကျွန်မလည်းခေါင်းညိတ်လိုက်တယ်။
“ရေကန်နားကိုတော့ ညမိုးချုပ်တဲ့အခါ မသွားတာအကောင်းဆုံးပဲ၊ ကျန်တဲ့သရဲတွေကတော့ ခြောက်တာလှန့်တာမျိုးပဲလုပ်တယ်၊ အဲဒီလိုလုပ်ရင် မမြင်ချင်ယောင်ဆောင်ထားလိုက် ဆရာမလေး၊ သူတို့ကိုလိုက်ကြည့်မနေနဲ့၊ သုံးလေးခါလောက်လုပ်လိုက်ရင် ဆရာမလေးကို သူတို့လိုက်ခြောက်မှာမဟုတ်တော့ဘူး”
“ဒါနဲ့အဆောင်ပိုင်ရှင်တွေက ပရိတ်ရွတ်တာ၊ အမျှဝေတာတွေ မလုပ်ဘူးလား”
“လုပ်တော့လုပ်တယ်ဆရာမလေးရဲ့၊ ဒါပေမယ့် သရဲတွေက ပျောက်မသွားဘူး”
ဖြစ်ကြောင်းကုန်စင်ကို ကျွန်မသိသွားပြီဆိုတော့ နောက်ရက်တွေကျတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ၊ ဟိုကျောင်းသူသရဲမလေးကို ကျွန်မက ခြိမ်းခြောက်ထားလိုက်တယ်၊ ဦးလေးကြီးပြောသလို ဆရာမဆိုရင် ကြောက်တယ်၊ ကျွန်မက ကလေးတွေကိုမခြောက်လှန့်ဖို့ပြောထားတယ်၊ အဲဒီကတည်းက ကျောင်းဆောင်ပေါ်မှပြေးတာတို့၊ လှေကားပြေးတက်တာတို့ မဖြစ်တော့တာ ကိုယ်တွေ့ပါပဲရှင်၊ ဒါပေမယ့် တစ်ခါတစ်လေ နည်းနည်းကြမ်းလာရင်တော့ ကြိမ်လုံးသံပေးလိုက်ရင် တိတ်သွားတာပါပဲ။
သစ်ပင်ကြီးအနားကိုတော့ ဘယ်သူမှမသွားဖို့ သတိပေးလိုက်တယ်၊ ခြောက်ရင်လည်း မသိချင်ယောင်ဆောင်နေကြ၊ လိုက်မကြည့်ကြနဲ့လို့ပြောထားလိုက်ပါတယ်၊ ဒါပေမယ့် သစ်ပင်ကြီးက သူ့အရိပ်အောက်လာမှ ခြောက်တာများပါတယ်၊ ညနေခင်းတို့ ညတို့မှခြောက်တာဆိုတော့ ရှောင်ကွင်းသွားကြတာပေါ့ရှင်။
ကျွန်မကလည်း တစ်ကျောင်းလုံးက သရဲတွေကို ကလေးတွေကိုမခြောက်လှန့်ဖို့ တောင်းဆိုရတာပေါ့၊ သူတို့အတွက်လည်း အမျှအတန်းပေးပါ့မယ်ပေါ့၊ ထူးခြားတာကတော့ အဲဒီလိုလုပ်ပြီး တစ်ပတ်လောက်နေတော့ ခြောက်တာလှန့်တာ နည်းသွားတယ်ရှင်၊ တစ်လလောက်နေတော့ ဘယ်လိုမှကိုမဖြစ်တော့တာ၊ တစ်ခါတစ်ခါမှသာ ရိုးခနဲ ရိပ်ခနဲမြင်ရတာမျိုးပါ၊ အဲဒီမှာ ကျွန်မလက်ခံသွားတာက သရဲဆိုတာ တစ်ကယ်ရှိတယ်၊ သရဲတွေလည်း လူတွေကသေပြီးဖြစ်သွားတာဆိုတော့ လူတွေလိုနားလည်ပါတယ်၊ သူတို့နဲ့ သေသေချာချာပြောဆိုကြည့်ရင်ရပါတယ်၊ နောက်အရေးကြီးတာတစ်ခုကတော့ သူတို့ခြောက်တဲ့အခါမှ မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်နေဖို့ပါပဲ၊ ကျွန်မဘ၀တစ်လျှောက် သရဲအခြောက်ခံရတာ မနည်းတော့ပါဘူး၊ ကျောင်းစောင့်ကြီးပေးတဲ့နည်းနဲ့ မမြင်ချင်ယောင်ဆောင်ထားလိုက်ရင် တကယ်အခြောက်မခံရတော့တာ ကိုယ်တွေ့ပါ။
ကျွန်မအဲဒီအလုပ်မှာ သုံးနှစ်ကျော်ကြာခဲ့ပါတယ်၊ ချင်းမလေးနဲ့ ကျွန်မနဲ့က အဲဒီမှာလုပ်သက်အကြာဆုံး ဆရာမတွေဖြစ်မှာပါ၊ နောက်တော့ ဘော်ဒါဆောင်က ဖျက်သိမ်းသွားတယ်၊ ကျွန်မလည်း မြို့ထဲက နောက်ထပ်ဘော်ဒါဆောင်တစ်ခုမှာ အလုပ်ရသွားတော့ အဲဒီမှာပဲ နေဖြစ်သွားပါရောရှင်၊ အခုထိ အဲဒီအဆောက်အအုံကြီးက ရှိနေပါသေးတယ်၊ ဒါပေမယ့် အဲဒီနေရာတစ်ဝိုက်ကို သွပ်ပြားအပြာကြီးတွေနဲ့ ကာထားလို့ပါ၊ ပရောဂျက်လား၊ ဘာလားတော့မသိပေမယ့် ကျွန်မတော့ အဲဒီအရှေ့ကဖြတ်တိုင်း ဘော်ဒါဆောင်ကြီးကို လည်ပြန်ကြည့်ကြည့်နေမိဆဲပါ၊ ကျွန်မအလုပ်လုပ်ခဲ့တဲ့နေရာနဲ့ ကျွန်မအတွက် အမှတ်တရတွေအများကြီးရှိခဲ့တဲ့ အဲဒီနေရာလေးကိုကြည့်ရင်း စတိုခန်းထဲက ကျောင်းသူလေးနဲ့ တခြားသရဲတွေ ကျွတ်သွား၊ လွတ်သွားကြပြီလား၊ ဒါမှမဟုတ် ဒီအတိုင်းရှိနေဆဲပဲလားဆိုတာကို ကျွန်မအခုထိ တွေးမိနေဆဲပါ။
ပြီးပါပြီ။