(ဖြစ်ရပ်မှန်)
(၁)
ရေတွေအလွန်ကြီးနေသည်။ မောင်ဆေးဆုံတစ်ယောက် မျက်စိတစ်ဆုံးနီးပါး ကျယ်ပြောလှသည့် ရေပြင်ကြီးကို ငေးကြည့်နေမိသည်။ ကောင်းကင်တစ်ခွင်လုံးလည်း မိုးသားတိမ်လိပ်တွေက အုပ်ဆိုင်းနေကာ မုတ်သုံလေတိုက်ခတ်ရာတစ်လျှောက် လျှင်မြန်စွာခရီးနှင်နေလေသည်။
“ဂျိန်း . . . ဝုန်း”
တစ်ချက်တစ်ချက် ထစ်ချုန်းကာ ခြိမ်းလိုက်သည့် မိုးခြိမ်းသံကြီးများနှင့်အတူ လျှပ်စီးလက်သဖြင့် ဝင်းလက်သွားသည့်အလင်းရောင်များက ရေပြင်ကြီးတစ်ခွင်လုံးကို ထိန်လင်းသွားစေသည်။ မောင်ဆေးဆုံလည်း ကန်ပေါင်အနီးတွင်ပေါက်နေသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်လိုက်ကာ ငါးမျှားကြိုးများကို ကန်ထဲသို့ပစ်သွင်းလိုက်ပြီး ပင်စည်ကိုမှီကာ ထိုင်စောင့်နေလိုက်သည်။
စင်စစ်အားဖြင့် မောင်ဆေးဆုံ၏အမြင်အာရုံတွင် မြင်တွေ့နေရသည်မှာ ပင်လယ်ကြီးတစ်ခုမဟုတ်သလို၊ မြစ်ပြင်ကျယ်ကြိးတစ်ခုလည်းမဟုတ်ပေ၊ သူတို့အိမ်နောက်ဖေးရှိ ကြီးမားသည့် ကန်ကြီးတစ်ကန်၏ အစပ်တွင် ထိုင်နေခြင်းဖြစ်သည်။ အချို့ကလည်း ထိုကန်ကြီးကို အင်းဟုခေါ်ဝေါ်ကြသည်။ ကန်ကြီးမှာ ယခုလောက်သိပ်မကြီးသော်လည်း မိုးကောင်းသဖြင့် ကံအနောက်မှ ရေလျှံကွင်းများကိုပါ ရေများဖုံးလွှမ်းနေသဖြင့် မသိလျှင် မြစ်ပြင်ကျယ်ကြီးအလား ထင်မှတ်နေရခြင်းဖြစ်သည်။
အလွန်ဝေးကွာလှသည့် အတိတ်ကာလတစ်ခုတွင်ဖြစ်ပါသည်။
မောင်ဆေးဆုံကလေးက ထိန်တောရွာကလေးတွင် နေထိုင်သူဖြစ်သည်။ ထိန်တောရွာဆိုသော်လည်း ယခုသူတို့နေသည့် ရွာကလေးတွင် ထိန်ပင်တစ်ပင်မှပင် မရှိချေ၊ ယခင်က သူတို့နေထိုင်သည့်ရွာကလေးမှာ ဧရာ၀တီမြစ်ကမ်းတွင်တည်ရှိပြီး လွန်ခဲ့သည့် လေးငါးနှစ်က မြစ်ကမ်းပါးပြို့ကျသည့်အခါ မောင်ဆေးဆုံကလေး၏ ဇာတိချက်မြှုပ်ထိန်တောရွာကလေးမှာ မြစ်အတွင်းသို့ သက်ဆင်းရလေသည်။ ခိုင်မာစွာတည်ဆောက်ထားသည့် အိမ်ခြေများ၊ ဘုရားကျောင်းကန် စေတီပုထိုးများပါ မြစ်ရေတိုက်စားမှုကြောင့် ပြိုပျက်ခဲ့ရသည်။
ထိန်ကုန်းရွာမှ ရွာသားများမှာ ရွာနေရာကို အပူတပြင်းရှာကြတော့သည်။ ရွာလူကြီးများ၊ ဆရာတော်များနှင့်တိုင်ပင်ပြီး ယခုနေရာကို ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။ ယခုနေရာသစ်ရောက်သည့်တိုင် ရွာအမည်ကို ထိန်တောဟုပင်ခေါ်တွင်ကာ ဆက်လက်နေထိုင်ကြခြင်းဖြစ်သည်။ ရွာသစ်တည်သည့်အခါ ရွာအနောက်ဘက်ရှိ ကြီးမားကျယ်ပြန့်သည့် ရေကန်ကြီးတစ်ကန်အနီးတွင် မောင်ဆေးဆုံတို့ ဆွေမျိုးများက အိမ်ကလေးများဆောက်ကာ နေထိုင်ကြခြင်းဖြစ်သည်။ ထိုရေကန်ကြီးက မောင်ဆေးဆုံတို့အိမ်နောက်ဖေးတွင်တည်ရှိသည်။ ရေကန်ကြီးမှာ သဘာ၀ကန်ကြီးဖြစ်သော်လည်း မောင်ဆေးဆုံတို့ဖက်အခြမ်းကိုတော့ မည်သူများက ကန်ဖို့သွားမှန်းမသိဘဲ ကန်ပေါင်ကြီးတစ်ခုက မြင့်မြင့်မားမားတည်ရှိနေလေသည်။
မိုးရာသီမို့ အိမ်မှမိဘများ၊ အိမ်အနီးမှ ဆွေမျိုးများက လယ်ကွင်းများအတွင်းသို့ လယ်စိုက်ဆင်းကြလေသည်။ မောင်ဆေးဆုံ၏ မိခင်ကလည်း ညီမဖြစ်သူကိုလွယ်ပိုးပြီး ပိလမခေါ် ခမောက်ကြီးကိုဆောင်းကာ လယ်ထဲရောက်နေသည့်အဖေအတွက် နေ့လည်စာသွားပို့ချိန်လည်းဖြစ်သည်။ ထိုအခါ မောင်ဆေးဆုံကလေးက သူဝါသနာပါရာ ငါမျှားရန်အတွက် ကန်ပေါင်ကြီးပေါ်သို့ တက်လာခြင်းဖြစ်သည်။
(၂)
ငါးမြှားတံတွင် တပ်ထားသော ဖော့ဟုခေါ်သည့် ကျူတံအသေးလေးမှာ ငါးမဆွဲသေးသောကြောင့် ရေမျက်နှာပြင်ပေါ်တွင် ငြိမ်သက်စွာတည်ရှိနေသည်။ ကန်ရေပြင်ကျယ်ကြီးကို ဖြတ်တိုက်လာသည့် လေအေးများကြောင့် မောင်ဆေးဆုံတစ်ယောက် တကိုယ်လုံး အေးစိမ့်တက်သွားသည်။ ရေပြင်ကျယ်ကြီးဆီသို့ ငေးကြည့်နေစဉ်မှာပင် လျှပ်ပျက်သည်ကို မြင်တွေ့လိုက်ရပြီး ဝင်းလက်စူးရှလွန်းသည့် လျှပ်ရောင်ကြီးတစ်ခုက ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားလေသည်။ မောင်ဆေးဆုံလည်း ကလေးမို့ လျှပ်ပျက်သည်ကိုကြောက်ရွံ့သည်၊လျှပ်ပျက်သည်ထက် အနောက်ကလိုက်လာမည့် မိုးခြိမ်းသံကို ပိုကြောက်ရွံ့သဖြင့် နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်လိုက်မိတော့သည်။ ဖြူဝင်းသော လျှပ်ရောင်က ဝင်းလက်သွားသည့်အချိန်တွင်၊ သူထိုင်နေသည့် ရေပြင်ကြီးအောက်မှ လှေသင်္ဘောကြီး တစ်စင်းက ဘွားခနဲပေါ်ထွက်လာသည်ကို မြင်လိုက်ရပြီး မောင်ဆေးဆုံတစ်ယောက် အံ့ဩဘနန်းဖြစ်ကာ ငေးကြည့်နေမိသည်။
လှေကြီးမှာ အလွန်ကြီးမားပြီး လှေဦးတွင် ဟင်္သာငှက်ကြီးတစ်ကောင်၏ ဦးခေါင်းပုံစံပြုလုပ်ထားသည်။ ရေထဲမှ ထွက်ပေါ်လာကစတွင် သိပ်မကြီးမားသေးသော်လည်း မောင်ဆေးဆုံမျက်စိရှေ့တွင်ပင် အလွန်ကြီးမားသည့် သင်္ဘောကြီးတစ်စင်းအဖြစ်ပြောင်းလဲသွားသည်။
သင်္ဘောကုန်းပတ်ပေါ်တွင်တော့ အမျိုးသမီးလေးများက အလွန်ချိုသာသောအသံနှင့် သီချင်းများကိုသီဆိုကာ ကခုန်နေကြလေသည်။ ထိုအမျိုးသမီးလေးများ၏ အဝတ်အစားများမှာလည်း ရွှေရောင်တောက်ပနေပြီး ပန်းကုံးများ၊ ရွှေဘယက်များနှင့် ရတနာမျိုးစုံကိုဝတ်ဆင်ထားကြရာ မောင်ဆေးဆုံကြည့်ဖူးသည့် ဇာတ်အငြိမ့်ထဲမှ မင်းသမီးများနှင့်ပင်တူညီနေတော့သည်။
နားပိတ်ထားသည့်တိုင် သီချင်းသံများက နားထဲသို့တိုးဝင်နေလေသည်။ သီချင်းများမှာ ဆွေးဆွေးမြေ့မြေ့သီချင်းမျိုးမဟုတ်ဘဲ ယိမ်းသီချင်းများကဲ့သို့ မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ပျော်မြူးမြူး သီဆိုနေကြသည့် သီချင်းများဖြစ်သည်။ မိန်းကလေးတစ်ယောက်က အရှေ့ကတိုင်ပေးသလိုဆိုပြီး အနောက်မှမိန်းကလေးများက အစုအဖွဲ့နှင့်ဆက်လက်ဆိုကြသည့် အချီ အချသီချင်းမျိုးဖြစ်သည်။
သီချင်းသံမှာ အလွန်မြူးကြွပြီး မောင်ဆေးဆုံတစ်ယောက် ထကချင်သလိုပင် ဖြစ်လာလေသည်။ ထိုစဉ် သင်္ဘောကြီးမှာ သူ့အနီးသို့တိုးကပ်လာလေသည်။ သင်္ဘောပေါ်မှ မိန်းကလေးများကလည်း သင်္ဘောလက်ရမ်းမှတဆင့် မောင်ဆေးဆုံကလေးကိုကြည့်ကာ ပြုံးပြနေကြသည်။
“မောင်လေး၊ မမတို့နဲ့လိုက်မလား”
မောင်ဆေးဆုံလည်း ယောင်ယမ်းပြီး ခေါင်းညိတ်လိုက်သည်။ ထိုအခါ သင်္ဘောကြီးက ကပ်လာသည်။ မောင်ဆေးဆုံစိတ်ထဲတွင်လည်း ထိုမိန်းကလေးများကိုကြည့်ရင်း ပျော်ရွှင်လာသည်မို့ သင်္ဘောကြီးပေါ်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သင်္ဘောကြီးမှာ အနီးရောက်သည့်အခါ သူ့အရပ်ထက် သုံးလေးဆမကမြင့်မားပြီး သင်္ဘောနံရံကြီးမှာ သူထိုင်နေသည့် သစ်ပင်ကြီး၏ အခက်အလက်များထက်ပင် မြင့်မားနေလေသည်။ သင်္ဘောဝမ်းဗိုက်မှ တံခါးတစ်ချပ်ပွင့်သွားပြီး သင်္ဘောပေါ်တက်ရန် ကုန်းဘောင်ခေါ်သည့် ပျဉ်ပြားချပ်ကြီးတစ်ချပ်ကို ကန်ပေါင်ပေါ်တွင် ထိုးတင်လိုက်သည်။ နတ်သမီးတမျှ လှပသည့်မိန်းကလေးများက ကုန်းဘောင်ပြားကြီး ဟိုဖက်မှနေပြီးမောင်ဆေးဆုံကို လှမ်းခေါ်ကြသည်။
“လာလေမောင်လေး၊ မမတို့နဲ့လိုက်မယ်ဆို”
“အဲဒီကုန်းဘောင်ပေါ်ကို တက်လာခဲ့မောင်လေးရာ”
မောင်ဆေးဆုံလည်း စဉ်းစားမနေတော့ဘဲ ကုန်းဘောင်ပေါ်သို့ပြေးတက်လိုက်သည်။ ထိုမိန်းကလေးများက သူ့အားဝိုင်းဆွဲဖက်ကြသည်။ မိန်းကလေးများမှာ သူ့ထက်အသက်ကြီးသည့် မိန်းမပျိုကလေးများဖြစ်သည်။ အသက်နှစ်ဆယ်ခန့်အရွယ်ရှိမည်ဖြစ်ပြီး မိန်းကလေးများအားလုံးမှာ ရွယ်တူတွေချည်းဖြစ်ကြလေသည်။ မောင်ဆေးဆုံကလေး သင်္ဘောပေါ်ရောက်သွားသည့်အခါ သင်္ဘောကုန်းဘောင်ကြီးကိုပြန်သိမ်းလိုက်ပြီး မောင်ဆေးဆုံကလေးကို မိန်းကလေးများက ဝိုင်းဝန်းကျီစယ်နေကြလေသည်။
(၃)
“မောင်လေး ဗိုက်ဆာလား”
မောင်ဆေးဆုံကလေးက မနက်စာမစားရသေးသဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအခါ မိန်းကလေးများက သူ့ကိုချီပိုးပြီး အခန်းကြီးတစ်ခုထဲသို့ခေါ်သွားသည်။ သူရောက်နေသည်မှာ သင်္ဘောဝမ်းဗိုက်အတွင်းရှိ အခန်းကြီးပင်ဖြစ်မည်ထင်သည်။ အခန်းကြီးတစ်ခုလုံးကို သစ်သားပြားများဖြင့် ကာရံထားပြီး ပြတင်းပေါက်မရှိပေ၊ အခန်းအလယ်တွင်တော့ စားပွဲဝိုင်းကြီးတစ်ခုရှိပြီး အမျိုးမျိုးသော စားစရာများနှင့် ပြည့်နှက်နေလေသည်။ မောင်ဆေးဆုံကလေးကို ချီပိုးထားရာမှ ထမင်းစားပွဲဝိုင်းရှေ့တွင်ချပေးလိုက်သည်။ သူတို့ကျွေးသည့်အစားအစာများမှာ ထူးဆန်းပြီး လှပမွှေးကြိုင်လွန်းနေသဖြင့် မောင်ဆေးဆုံမှာ တစ်ခါမှ ထိုအစားအစာမျိုးကို မမြင်ဖူးပေ။
“စားလေ၊ မောင်လေးစား”
စားဟုပြောသဖြင့် မောင်ဆေးဆုံလည်း လက်နှင့်ပင် အားရပါးရစားသောက်တော့သည်။ ဘေးနားတွင်ဝိုင်းထိုင်နေကြသည့် မိန်းကလေးများက သူ့အရှေ့ရှိ ထမင်းထည့်ထားသော စကောနှင့်တူသည့် ဗန်းကြီးထဲသို့ ဟင်းများကိုခပ်ထည့်ပေးကြလေသည်။ ထိုမိန်းကလေးများ ခပ်ထည့်ပေးသော ဟင်းများကြောင့် မောင်ဆေးဆုံကလေးမှာ ဟင်းထပ်ထည့်စရာပင်မလိုပေ၊ သို့သော် မောင်ဆေးဆုံကလေးမှာ အနည်းငယ်သာစားပြီးသောအခါ ဗိုက်ပြည့်သွားလေသည်။
“စားလေ မောင်လေးရဲ့”
“ဗိုက်ပြည့်သွားပြီမမ၊ ထပ်စားမရတော့ဘူး”
“အိုကွာ၊ ဗိုက်ပြည့်သွားရင်လည်း လိုက်ခဲ့ မမတို့နဲ့အတူတူဆော့ကြတာပေါ့”
မိန်းကလေးများက မောင်ဆေးဆုံကလေးကို ချီပိုးသွားကြပြန်သည်။ သင်္ဘောတွင် အခန်းကြီးများ အများအပြားရှိသည်။ ဘေးဘယ်ညာတွင် အခန်းများရှိပြီး အခန်းများအလယ်တွင် လျှောက်လမ်းကြီးတစ်ခုရှိကာ သူ့ကိုလျှောက်လမ်းအတိုင်း ခေါ်ဆောင်သွားကြခြင်းဖြစ်သည်။ အခန်းများမှာ လျှောက်လမ်းအနီးတွင် ကာရံမထားသဖြင့် အခန်းအတွင်းရှိသည့်အရာများကို အတိုင်းသားမြင်နေရသည်။
တစ်ခန်းတွင်တော့ မိန်းကလေးများက ရက်ကန်းများခတ်လုပ်နေကြသည်။ သို့သော် ရက်ကန်းစင်များမှာ ရွာမှရက်ကန်းစင်များကဲ့သို့ သစ်သားဖြင့်ပြုလုပ်ထားသည်မဟုတ်ဘဲ ရွှေရောင်များတောက်ပနေသည့် ရွှေဖြင့်ပြုလုပ်ထားသည့် ရက်ကန်းစင်များဖြစ်သည်။ ထိုရက်ကန်းစင်တွင်လည်း အရောင်အသွေးစုံလင်လှသည့် အဝတ်အထည်များကို ရက်လုပ်နေခြင်းဖြစ်သည်။ မောင်ဆေးဆုံက ရက်ကန်းစင်ကိုကြည့်နေသဖြင့်
“မောင်လေး၊ ရက်ကန်းခတ်တာကြည့်နေပုံထောက်ရင် အဝတ်အစားအသစ်တွေလိုချင်လို့လား”
မောင်ဆေးဆုံလည်း ခေါင်းညိတ်လိုက်မိသည်။ သူဝတ်ထားသည်က စုတ်ပြဲနေသည့် အင်္ကျီကလေးနှင့် အောက်ကလည်း ရွံ့ဗွက်များပေနေသည့် ပုဆိုးတိုတိုကလေးဖြစ်သည်။ ကလေးမို့ အသစ်အဆန်းမြင်တွေ့သည့်အခါ အဝတ်သစ် အစားသစ်များကို လိုချင်၊ ဝတ်ချင်သည်မို့ ခေါင်းညိတ်လိုက်ခြင်းဖြစ်သည်။ ထိုအခါ မိန်းကလေးများက သူ့အားခေါ်ဆောင်သွားပြီး မင်းညီမင်းသားများ ဝတ်ဆင်သည့် အဝတ်အစားများကဲ့သို့ ရွှေရောင်ဝင်းလက်နေသည့် အကျီတစ်ထည်နှင့် သက်တံ့ရောင်တမျှလှပပြီး အရောင်အသွေးစုံသည့် ပုဆိုးတစ်ထည်ကို ဝတ်ဆင်ပေးကြလေသည်။ သူဝတ်ဆင်ပြီးသောအခါ သူ့ကိုယ်သူငုံ့ကြည့်ပြီး ကျေနပ်နေမိသည်။
“ဒီမမတွေက ငါ့ကိုသိပ်ချစ်တာပဲ၊ ငါ ဒီမှာပဲနေရရင် ကောင်းမှာပဲ”
မောင်ဆေးဆုံစိတ်ထဲက ထိုသို့တွေးတောလိုက်မိသည်။
ထိုမိန်းကလေးများက မောင်ဆေးဆုံအား နောက်အခန်းကြီးတစ်ခုထဲသို့ ခေါ်သွားကြလေသည်။ ထိုအခန်းထဲတွင်တော့ ရွှေသားဖြင့်ပြုလုပ်ထားသည့် အရာများစွာရှိသည်။ ရွှေသားအတိဖြင့်ပြီးသည့် အိုးကြီးများ၊ ရွှေအုတ်ချပ်များ၊ ရွှေသားတင်းတောင်းကြီးများဖြင့် အပြည့်ထည့်ထားသည့် ရွှေမန်ကျည်းတောင့်များအပြင် အခန်းတစ်နေရာတွင်တော့ လက်ဝတ်လက်စားရတနာများကို တောင်ကြီးတစ်ခုသဖွယ်ပုံထားလေသည်။ မောင်ဆေးဆုံကလေးထိုအနားသို့ရောက်သည့်အခါ မိန်းကလေးများက ရွှေထည်အပုံကြီးအတွင်းမှ ဆွဲကြိုးဘယက်များ၊ ရွှေလက်စွပ်များကို ယူဆောင်ကာ မောင်ဆေးဆုံကလေးကို ဆင်ပေးကြသည်။ ကျောက်အမျိုးမျိုးစီခြယ်ထားသည့် လက်စွပ်များကို မောင်ဆေးဆုံကလေး၏ လက်ဆယ်ချောင်းစလုံးတွင် ဝတ်ဆင်ပေးသည်။ လည်ပင်းတွင်လည်း ရွှေပုတီးများ၊ နော်ဇာရွှေဆွဲကြိုးများ၊ စပယ်ပွင့်ကလေးများသဏ္ဍာန်ပြုလုပ်ထားသည့် ရွှေပန်းကုံးများကို ဆင်မြန်းပေးကြလေသည်။
ထူးဆန်းသည်မှာ လှေကြီးတစ်ခုလုံးတွင် မိန်းမပျိုကလေးများသာရှိပြီး ထိုမိန်းမပျိုကလေးများမှာ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်းကအစ အားလုံးတစ်ပုံစံတည်း တူညီနေကြခြင်းဖြစ်သည်။
သို့နှင့် မိန်းကလေးများက သူ့အားဆက်ခေါ်လာကြရာ မကြာခင်တွင် သင်္ဘောဦးပိုင်းအနားသို့ရောက်လာသည်။ သင်္ဘောဦးပိုင်းတွင်တော့ ဘုရားခန်းကြီးတစ်ခုရှိပြီး ရွှေရောင်တဝင်းဝင်းနှင့် လူသားနှင့်အရွယ်တူသည့် ဘုရား မတ်ရပ်တော်တစ်ဆူရှိနေလေသည်။ မောင်ဆေးဆုံကလေးလည်း ဘုရားရုပ်ပွားတော်မြင်ပြီး သပါယ်လွန်းလှသဖြင့် လက်အုပ်ချီလိုက်မိသည်။
“မောင်လေးက ဘုရားရှိခိုးချင်လို့လား၊ ရှိခိုးလေမောင်လေးရယ်၊ အဲဒါ မမတို့လှေဦးက ဖောင်တော်ဦးဘုရားပဲ”
မောင်ဆေးဆုံလေးလည်း ဘုရားကိုဦးသုံးကြိမ်ချကာ ကန်တော့ပြီးသည့်အခါ လှေဦးမှ မိန်းမကြီးတစ်ယောက်ဆင်းလာသည်။ မိန်းမကြီးဟုခေါ်ရခြင်းမှာ အခြားအမျိုးသမီးကလေးများထက် အသက်ပိုကြီးပြီး သက်လတ်ပိုင်းအရွယ်ခန့်ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်မှာ အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုးရှိပြီး အခြားမိန်းကလေးများလို ဆံထုံးများထုံးထားခြင်းမရှိဘဲ ဆံပင်ရှည်ကြီးကို ကျောပြင်တွင် ဖျားလျားကြီးချထားသည်။
“ဟဲ့၊ နင်တို့ဘယ်သူ့ကိုခေါ်လာပြန်တာတုန်းဟဲ့”
ထိုမိန်းမကြီးကိုတွေ့သည့်အခါ မိန်းကလေးများက တွန့်ဆုတ်သွားပြီး ကြမ်းပြင်တွင်ထိုင်ချလိုက်ကြလေသည်။ မောင်ဆေးဆုံကလေးက ဘုရားရှေ့တွင် ပုဆစ်တုတ်ထိုင်နေရာမှ မထရသေးပေ။ မိန်းကလေးများက လက်အုပ်ချီလိုက်ပြီး
“အို၊ မမကလည်း၊ ဒီကောင်လေးက ညီမလေးတို့နဲ့ လိုက်ချင်တယ်ဆိုလို့ခေါ်လာတာပါ”
မမဟုခေါ်သည့် မိန်းမကြီးက မိန်းကလေးများ၏ အကြီးအကဲဖြစ်ပုံရသည်။ မောင်ဆေးဆုံကလေးအနားကိုတစ်လှမ်းချင်းလျှောက်လာပြီး မောင်ဆေးဆုံကလေးကိုငုံ့ကြည့်လိုက်သည့်အခါ ထိုမိန်းမကြီးနှင့် မော့ကြည့်သည့် မောင်ဆေးဆုံတို့ မျက်လုံးချင်းဆုံတွေ့သွားသည်။ မောင်ဆေးဆုံကလေးမှာ ထိုမိန်းမကြီးမျက်နှာကိုကြည့်ရင်း ပြောမပြတတ်အောင် ကြောက်ရွံ့သွားလေသည်။
“မင်းက ဒီမှာပျော်ရဲ့လားကွ”
မောင်ဆေးဆုံလည်း ခေါင်းညိတ်လိုက်မိသည်။ ပါးစပ်က ပြောချင်သော်လည်း အသံမထွက်ပေ။
“ဒါဆိုငါမေးမယ်၊ မင်းငါတို့နဲ့ တစ်သက်လုံး ဒီမှာနေမှာလား”
ထိုမိန်းမကြီးအသံက ဩဩကြီးနှင့် အမိန့်သံပါပြီး လှေကြီးတစ်ခုလုံးအတွင်း ဟိန်းထွက်နေလေသည်။ မောင်ဆေးဆုံက အမှန်တကယ်တော့ ယခုလှေကြီးပေါ်တွင် နေထိုင်ရသည်ကို ပျော်ရွှင်သည်။ သို့သော်လည်း သူ့စိတ်ထဲ ပြောမပြတတ်သည့် အကြောက်တရားတစ်ခုဖြစ်နေပြန်သည်။ ထိုအကြောက်တရားကို ဘာမှန်းသူမသိပေ၊ ထိုစဉ် ရုတ်တရက် သူအိမ်သို့လွှမ်းသွားသည်။ သူ့အမေ၊ သူ့ညီမလေး၊ သူ့အဖေ၊ မိသားစုတွေကို သတိရသွားသည်။ သူတစ်ယောက်တည်း ကောင်းကောင်းစားသောက်နေရသည်ထက် သူ့မိသားစုတွေအကုန်လုံးကိုလည်း သူ့လိုစားသောက်နေစေချင်သည်။ ထိုသို့တွေးရင် မိခင်ဖြစ်သူကို အလွန်သတိရသွားလေသည်။
“ငါဒီကိုလိုက်ခဲ့တာ၊ ငါ့အမေလည်းမသိဘူး၊ ဘာမှလည်းမပြောခဲ့ရဘူး၊ အမေသာသိရင် ငါ့ကိုစိတ်ပူနေမှာ”
ထိုသို့တွေးလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။ ထိုအခါ သူ့ကိုခေါ်ဆောင်လာသည့် မိန်းကလေးငယ်များက
“မောင်လေးရယ်၊ ဒီမှာပဲ မမတို့နဲ့နေပါလားကွယ်”
“ဟုတ်သားပဲမောင်လေးရယ်၊ မမကြီးကို ဒီမှာပဲနေမယ်လို့ပြောလိုက်နော်”
“မောင်လေးကို မမတို့ကချစ်တယ်လေ”
ထိုအခါ မမဆိုသည့် မိန်းမကြီးက မိန်းကလေးများကို ဟန့်တားလိုက်သည်။ ထို့နောက်
“မင်းပါးစပ်ကပြော၊ ငါတို့နဲ့ တစ်သက်လုံး အတူတူနေမှာလား”
မောင်ဆေးဆုံက ခေါင်းခါလိုက်ပြီး
“မနေချင်ဘူး၊ ကျုပ်အမေ့ကိုလွမ်းတယ်”
မိန်းကလေးတစ်သိုက်မှာ စိတ်ပျက်သွားဟန်ဖြင့် သက်ပြင်းများချလိုက်လေသည်။ မိန်းမကြီးက မိန်းကလေးတွေကိုကြည့်ပြီး
“နင်တို့မြင်ပြီလား၊ ငါတို့ဆီကို လူတိုင်းလိုက်နေလို့မရဘူးဟဲ့၊ ဒီကောင်လေးမှာ လူ့သက်တမ်းရှိသေးတယ်၊ သွားကြစမ်း၊ သူ့ကိုခေါ်လာတဲ့နေရာကို ပြန်ပို့ပေးလိုက်ကြ”
မမဆိုသူက အမိန့်ပေးလိုက်သည့်အခါ မိန်းကလေးတွေက မောင်ဆေးဆုံအနားသို့ဝိုင်းလာကြပြီး မောင်ဆေးဆုံ၏ လက်များခြေများကိုဖမ်းချုပ်ကာ ဝိုင်းပြီးချီပိုးလိုက်ကြသည်။ ထိုမိန်းကလေးများ၏ မျက်နှာကိုကြည့်လိုက်သည့်အခါ ပျော်ရွှင်နေသည့် မျက်နှာမျိုးမဟုတ်ဘဲ သူ့အားဒေါသတကြီးနှင့် ကြည့်နေကြသည့် မျက်နှာကြီးများဖြစ်သည်။ မျက်ထောင့်ကြီးတွေမှာ အပေါ်သို့သိသိသာသာချွန်တက်နေပြီး နှုတ်ခမ်းကြီးတွေစူထားလေသည်။ မောင်ဆေးဆုံကလေးကိုလည်း မျက်စောင်းထိုးကာ ကြည့်နေကြသည်မှာ ကြည့်ရင်း ကြည့်ရင်း သူတို့ကိုလှပသည်ဟု မမြင်တော့ဘဲ အလွန်ကြောက်စရာကောင်းသည်ဟုသာ မြင်နေရတော့သည်။
“လွှတ်ပေးပါ၊ ကျုပ်ကိုလွှတ်ပေးပါ”
ထိုအခါ ထိုမိန်းကလေးများက ရယ်မောလိုက်ကြသည်။ သူတို့ရယ်သံများက ခပ်စူးစူးနှင့် အသံသေးသေးကလေးများဖြစ်သည်။ မောင်ဆေးဆုံလေးအား ဝိုင်းဖွဲ့နေကာ ဘေးပတ်ပတ်လည်မှ ရယ်မောနေသဖြင့် မောင်ဆေးဆုံတစ်ယောက် အလွန်ထိတ်လန့်နေမိသည်။
မောင်ဆေးဆုံကလေးကို ဖမ်းဆီးကာ တံခါးတစ်ခုဆီသို့လျှောက်လာခဲ့သည်။ လှေကြီးဝမ်းဗိုက်တွင် မှောင်မည်းနေသော်လည်း ထိုတံခါးပေါက်အပြင်ဘက်တွင်တော့ စူးရှသည့်အလင်းရောင်များကိုတွေ့ရသည်။
“ကဲ ငါတို့နဲ့မနေချင်တဲ့ကောင်လေး၊ သွားပေတော့”
မိန်းကလေးများက သူ့အားထိုတံခါးပေါက်ကြီးမှပစ်ချလိုက်သည်။ တံခါးပေါက်ကြီးမှာ အမြင့်ကြီးဖြစ်ပြီး မောင်ဆေးဆုံတစ်ယောက် လေဟာနယ်အတွင်းသို့ ပြုတ်ကျသွားသလို ရင်လှိုက်အေးသွားရလေသည်။ အတော်ကြာအောင်ပြုတ်ကျပြီးတော့မှ အေးမြသောရေမျက်နှာပြင်နှင့် ထိတွေ့သွားသည်။
ရေတွေက မောင်ဆေးဆုံကလေး၏ နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် မောင်ဆေးဆုံကလေးမှာ နစ်မွန်းသွားသောကြောင့် အမြန်ရုန်းကန်လိုက်ရလေသည်။ သူသတိဝင်လာတော့ ရေမျက်နှာပြင်အောက်ရောက်နေခြင်းဖြစ်သည်။ လက်ဖြင့်ယက်ကန် ယက်ကန် ကူးခတ်ရင်း သစ်မြစ်တစ်ခုကိုလက်ဖြင့်စမ်းမိသောကြောင့် သစ်မြစ်နောက်ဆောင့်ဆွဲရင်း လိုက်ပါခဲ့ရာ မကြာမီတွင် ရေပေါ်သို့ ဘွားခနဲပေါ်လာလေသည်။
မောင်ဆေးဆုံတစ်ကိုယ်လုံး ရွံ့နွံများနှင့်ဖုံးလွှမ်းနေလေသည်။ သူ့ခေါင်းပေါ်တွင်လည်း ဒိုက်ဖက်များကပ်နေသည်။ အဝတ်အစားမပါဘဲ ကိုယ်လုံးတီးကြီးဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူငါးမြားခဲ့သည့် သစ်ပင်ကြီးအောက် ရောက်နေခြင်းဖြစ်သည်။
မောင်ဆေးဆုံလည်း အမေ့ကိုပြောပြချင်သဖြင့် ရေကန်ပေါင်ကြီးပေါ်သို့ ပြေးတက်လိုက်သည်။
“အမေရေ၊ ညီမလေးရေ . . .”
(၅)
မောင်ဆေးဆုံ အိမ်နောက်ဖေးသို့ပြေးလာရင်း အိမ်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်ရာ မီးဖိုနေရာတွင် သူ့ဒေါ်လေးက ထိုင်နေရာ မီးဖိုကိုယပ်ခပ်နေလေသည်။
“ဒေါ်လေး . .၊ ဒေါ်လေး”
ဒေါ်လေးက မောင်ဆေးဆုံကိုကြည့်ပြီး အံ့ဩသွားသည်။
“သားပါ ဒေါ်လေးရဲ့၊ ဆေးဆုံပါ”
တစ်ကိုယ်လုံးဗွက်များနှင့်ပေကျံနေပြီး ရေထဲမှတက်လာသည့် မောင်ဆေးဆုံကိုမြင်သောအခါ ဒေါ်လေးက အလွန်ထိတ်လန့်သွားပြီး
“မလာနဲ့၊ မလာနဲ့ဆေးဆုံ၊ ငါ့တူနဲ့ငါက ဘ၀ခြားသွားပြီလေကွယ်”
မောင်ဆေးဆုံနားမလည်တော့ဘဲ အိမ်ပေါ်သို့အမြန်ပြေးတက်ခဲ့သည်။ အိမ်နောက်ဖေးတွင်ရှိနေသည့် ဒေါ်လေးက အိမ်ရှေ့သို့ အော်ဟစ်ကာပြေးထွက်သွားလေသည်။ မောင်ဆေးဆုံနားမလည်နိုင်တော့ဘဲ အိမ်ရှေ့သို့ပြေးထွက်သွားသည့်အခါ အိမ်ရှေ့တွင် လူအများစည်ကားစုရုံးနေလေသည်။ ဘုရားစင်အောက်တွင် သံဃာတော်များက စုရုံးတန်းစီထိုင်နေကြပြီး သံဃာတော်များ၏ အရှေ့တွင်လည်း သူတို့ဆွေမျိုးများက လူစုံတက်စုံထိုင်နေကြလေသည်။
မောင်ဆေးဆုံကလေးကိုတွေ့သည့်အခါ ထိတ်လန့်အော်သူက အော်ဟစ်သလို၊ တံခါး၀နှင့် နီးသူများက အိမ်ပေါ်မှဆင်းကာ ထွက်ပြေးကြလေသည်။ မောင်ဆေးဆုံအမေက သူ့ကိုမြင်တော့ ချုံးပွဲချပြီး ငိုတော့သည်။
“သားရယ်၊ အမေနဲ့သားတို့နဲ့က ဘ၀ခြားသွားပြီလေ၊ သားကသေသွားပြီကွဲ့၊ အမျှအတန်းယူပြီး သွားတော့နော်သားလေး”
မောင်ဆေးဆုံဘာတွေဖြစ်နေမှန်း နားမလည်နိုင်ပေ။
“မဟုတ်ဘူးလေအမေရဲ့၊ သားကမသေပါဘူး၊ သားက လှေကြီးတစ်စီးပေါ် လိုက်သွားတာလေအမေရဲ့”
ဒီတော့မှ ဦးဇင်းတစ်ပါးက သူ့ကိုကြည့်ပြီး
“ဟဲ့ ဒကာကြီးတွေ၊ ဒီကောင်လေးက လူအစစ်ဖြစ်လောက်တယ်၊ သူ့ကိုရေမိုးချိုးပေးလိုက်စမ်း”
ဒီတော့မှ လူကြီးများက သူ့ကိုရေမိုးချိုးပေးရင်း လူအစစ်ဖြစ်မှန်းသိသွားကာ၊ သူ့ကိုလည်း အဝတ်အစားများဝတ်ပေးကြလေသည်။ မောင်ဆေးဆုံပြန်တွေ့ပြီဆိုသည့် သတင်းမှာလည်း တစ်ရွာလုံးကိုပြန့်သွားလေသည်။ မောင်ဆေးဆုံက လက်အုပ်ချီလိုက်သည့်အခါ သူ့လက်တွင်ဝတ်ဆင်ထားသည့် လက်စွပ်ကလေးတစ်ခုကိုတွေ့လိုက်ရလေသည်။ လက်စွပ်ကလေးမှာ ရွှေသားနှင့်ချည်းပြုလုပ်ထားပြီး ကျောက်အနီကလေးတစ်လုံးပါသည့် လက်စွပ်ကလေးဖြစ်သည်။
“ဒါ၊ ဒါ မမတွေ ငါ့ကို ဆင်ပေးလိုက်တဲ့ လက်စွပ်ကလေးပဲ”
သို့နှင့် မောင်ဆေးဆုံကလေးသတင်းမှာ အနီးအပါးရွာများအထိပြန့်နှံ့သွားပြီး မောင်ဆေးဆုံအား တကူးတကလာကြည့်ကာ သိုက်အကြောင်းမေးမြန်းကြလေသည်။ မောင်ဆေးဆုံလေးကလည်း သူတွေ့ခဲ့ရသမျှကို မချွင်းမချန်ပြန်ပြောပြသည်။ မောင်ဆေးဆုံကလေးမှာ လှေသင်္ဘောကြီးပေါ်တွင် ခဏကြာမျှ ရောက်ခဲ့သော်လည်း အပြင်တွင်တော့ ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ခန့်ကြာမြင့်နေပြီဖြစ်သည်။ တစ်ရွာလုံးက နေရာအနှံ့လိုက်ရှာသော်လည်း အလောင်းမတွေ့သဖြင့် နောက်ဆုံးသေဆုံးပြီဟု သတ်မှတ်လိုက်ကာ ရက်လည်ဆွမ်းသွပ်ပြုလုပ်နေကြခြင်းဖြစ်လေသည်။
ထိုရေကန်ကြီးမှာ သိုက်ကန်ဟု အနီးအပါးရွာများက ခေါ်ဆိုကြသည်။ အချို့ကလည်း နတ်ကန်၊ ကန်တော်ကြီးဟုလည်း ခေါ်ဝေါ်ကြသည်။ ထိုကန်ကြီးမှာ ရှေးခတ်ကတည်းက တည်ရှိခဲ့ပြီး ထိုကန်ဝန်းကျင်တွင်လည်း သိုက်နန်းရှင်များနှင့် သရဲများကို မကြာခဏတွေ့ရတတ်ကြောင်း ဒေသခံများက ပြောကြားကြသည်။
အခုတော့ မောင်ဆေးဆုံကလေးလည်း အဘိုးဦးဆေးဆုံဖြစ်ကာ သေဆုံးသွားပြီဖြစ်သည်။ သို့သော်လည်း ထိုဒေသတစ်ဝိုက်တွင်တော့ သိုက်လှေကြီးပေါ်သို့ ရောက်သွားခဲ့သည့် မောင်ဆေးဆုံကလေး၏ အကြောင်းမှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြောပြလာခဲ့သည့် ပါးစပ်ရာဇဝင်တစ်ခုအဖြစ် ပြောဆိုလျှက်ရှိနေပါတော့သည်။
ပြီးပါပြီ။