(၁)
“အဖေ . . . သားဆိုင်ကယ်လိုချင်တယ်”
ဦးသိန်းတင်တစ်ယောက် သတင်းစာဖတ်နေရာမှ သားဖြစ်သူ၏မျက်နှာကိုလှမ်းကြည့်လိုက်သည်။
“မင့် ဆိုင်ကယ်က စီးလို့မရတော့ဘူးလားကွ”
“စီးလို့တော့ရတာပေါ့အဖေရာ . . ဒါပေမယ့် ရုပ်တော့မထွက်တော့ဘူး”
ထိုတော့မှ ဦးသိန်းတင်လဲ အိမ်ရှေ့သစ်ပင်အောက်တွင်ရပ်ထားသည့် သားဖြစ်သူ၏ ဆိုင်ကယ်ကိုကြည့်လိုက်မိသည်။ ဆိုင်ကယ်မှာ စီးလို့ရနေသည့်တိုင် အမြင်အားဖြင့်တော့ ခေတ်ဟောင်းနေပြီဖြစ်သည်။
“ဟုတ်သားပဲ . . . တော်ပဲ မနှစ်ကတည်းက ဆိုင်ကယ်ဝယ်ပေးမယ်လို့ပြောထားတယ်မဟုတ်လား”
ဇနီးဖြစ်သူက ရေနွေးကြမ်းအိုးလာချရင်း ပြောလိုက်လေသည်။ ကိုသိန်းတင်လဲခေါင်းညိတ်လိုက်သည်။
“မနှစ်က တို့အဆင်မှမပြေတာပဲ . . . အေးပါသားရယ် ဒီနှစ်ပဲဈေးကောင်းရင် သားကိုဆိုင်ကယ်တစ်စီးဝယ်ပေးမယ်”
“အသစ်လား”
“အသစ်ရရင် အသစ်ဝယ်ပေးမှာပေါ့ကွာ”
သားဖြစ်သူက ပျော်ရွှင်သွားပြီးနောက် အိမ်ပေါ်သို့ပြေးတက်သွားလေတော့သည်။ ဦးသိန်းတင်ကတော့ သားဖြစ်သူ၏ ဆိုင်ကယ်အနားတွင် ရပ်ထားသော အရိုးပြိုင်းပြိုင်းကျနေသည့် သူ၏ဆိုင်ကယ်အစုတ်ကြီးကို လှမ်းကြည့်နေရင်း တွေးနေမိသည်။
“အင်းလေ၊ ငါ့သားကလဲ အခုတက()သိုလ်ဒုတိယနှစ်ကျောင်းသားဖြစ်နေပြီဆိုတော့ ဆိုင်ကယ်အသစ်လေး ဘာလေး စီးချင်ရှာမှာပေါ့”
တွေးရင်းဖြင့် ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်လိုက်သည်။ လက်ထဲက သတင်းစာကတော့ ဆက်မဖတ်ဖြစ်တော့ပေ။
(၂)
ပဲတွေပေါ်ပြီ၊ ဇနီးသည်မျက်နှာကလဲ ပြုံးရွှင်နေလေတော့သည်။ ဒီနှစ်တော့ ပဲဈေးကောင်းသလို၊ ဦးသိန်းတင်တို့ယာကလဲ ပဲအထွက်ကောင်းသဖြင့် မျိုးမျိုးမြတ်မြတ်ကျန်လေသည်။ ပဲရောင်းရငွေများကို အိမ်ပေါ်တွင် လင်မယားနှစ်ယောက် ထိုင်ပြီးရေတွက်နေကြသည်။ ပဲမပေါ်ခင်က ချေးသုံးထားသည့်ပိုက်ဆံများပြန်ဆပ်ဖို့၊ အလှူလုပ်ဖို့၊ စုဖို့ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာနေရလေသည်။
“ကိုသိန်းရေ ရှင့်သားဖို့ ဆိုင်ကယ် . . .”
ဇနီးသည်က ပြောချင်သော်လည်း ဦးသိန်းတင်မျက်နှာကိုကြည့်ရသေးသည်။
“မပူပါနဲ့မိန်းမရယ်၊ ငါစဉ်းစားထားပြီးသားပါ”
“ကောင်းတာပေါ့တော်၊ တော့်သားလဲ ဆိုင်ကယ်အစုတ်နဲ့ကျောင်းသွားနေရတာ သူလဲသူငယ်ချင်းတွေကြားထဲ မျက်နှာငယ်ရှာမပေါ့”
“အေးပါမိန်းမရယ်၊ ငါဆိုင်ကယ်အသစ်ဝယ်ပေးပါ့မယ်”
“တော်က ဘယ်မှသွားဝယ်ဖို့ စိတ်ကူးထားတုန်းတော့၊ မဝယ်တတ်ရင် အလိမ်ခံနေရဦးမယ်”
“အေး ငါလဲ စဉ်းစားပြီးသားပါကွ၊ မကွေးက မင်းရဲ့မောင် ဖိုးတာဆီသွားဝယ်မလားလို့၊ တို့အိမ်က ဆိုင်ကယ်တွေအကုန်လုံး ဒီကောင့်ဆီက ဝယ်တာမဟုတ်လား”
“ဒါဆို နက်ဖြန်လောက်သွားလိုက်ပေါ့တော်၊ တော့်သားလဲ ကျောင်းကပြန်မလာသေးလို့ သူသိရင်ပျော်နေမှာ”
ဦးသိန်းတင်လဲ ငွေများကိုရေတွက်နေလိုက်တော့သည်။
“ဖွတ် . . ဖွတ် . . . ဘုန်း”
ဦးသိန်းတင်က သူ့ဆိုင်ကယ်အစုတ်ကြီးကို ခြေနင်းပြီးမနည်းနှိုးလိုက်ရသည်။ ဆိုင်ကယ်က မီးခိုးမဲများထွက်သွားကာ စက်မနိုးချင် နိုးချင်နှင့် နိုးသွားလေသည်။ ထိုအဖြစ်ကို ဇနီးဖြစ်သူက အိမ်ပေါ်မှလှမ်းကြည့်နေသည်။
“တော့်သားအတွက် ဆိုင်ကယ်ဝယ်ပြီးရင်၊ တော်သူ့ဆိုင်ကယ်ယူစီးပေါ့တော် . . . ဒီဆိုင်ကယ်ကြီးကတော့ ရတဲ့ဈေးနဲ့ပြန်ထုတ်လိုက်တော့”
“မင်းကွာ . . . အလကားပေးရင်တော့ ယူမဲ့သူရှိပါ့မလား”
ထိုသို့ပြောရင်း ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့သည်။ မကွေးမြို့နှင့် သူတို့ရွာက သိပ်မနီးမဝေးဖြစ်သည်။ သားဖြစ်သူကတော့ မကွေးမြို့ပေါ်တွင် အဆောင်နေပြီးကျောင်းတက်သည်။ ဦးသိန်းတင်လဲ ငွေထည့်ထားသည့် လွယ်အိတ်ကလေးကို အရှေ့တွင်ပိုက်လျှက် သီချင်းတငြီးငြီးဖြင့် မောင်းလာခဲ့တော့သည်။
နှစ်နာရီခန့်မောင်းအပြီး မကွေးမြို့ပေါ်ရောက်လာခဲ့သည်။ ဖိုးတာမှာ မကွေးမြို့ပေါ်တစ်နေရာတွင် ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ထားသူဖြစ်သည်။ ဦးသိန်းတင်က ဝပ်ရှော့အရှေ့တွင် ရပ်လိုက်သည့်အခါ မီးခိုးမည်းတွေက ဝပ်ရှော့ကို ဖုံးလွှမ်းသွားလေသည်။
ဝပ်ရှော့အတွင်းမှ လူများက ဦးသိန်းတင်ကို ဝိုင်းကြည့်နေကြသည်။ ဦးသိန်းတင်ကတော့ လွယ်အိတ်ကလေးပိုက်ပြီး ဝပ်ရှော့အတွင်းသို့ ဟန်ပါပါဖြင့် ဝင်ခဲ့တော့သည်။ အတွင်းတွင် ဆိုင်ကယ်ပြင်သူများလေးငါးဆယ်ယောက်ခန့် အလုပ်ရှုပ်နေကြသည်။ ဖိုးတာက ခုံတစ်လုံးတွင်ထိုင်ပြီး ဖုန်းကြည့်နေသဖြင့် သူ့ကိုမမြင်ပေ။
“ဟေ့ ဖိုးတာ”
“ဟာ . . . ဦးကြီးပါလား၊ ကျားသားမိုးကြိုး မကွေးကို ဘာလာလုပ်တာတုန်း”
“အိုကွာ မင်းဆီလာပါတယ်ဆိုမှတော့ ဆိုင်ကယ်ဝယ်ဖို့ပေါ့ကွ”
“ဟ . . . ဒါဆို ဒီနှစ်တော့ ဦးကြီး ပဲထွက်ပြီး ငွေခိုင်နေတယ်ထင်ပါ့”
ဦးသိန်းတင်က ဘာမှမပြောတော့ဘဲ ရယ်နေလိုက်သည်။
“ဟေ့ကောင်လေးတွေ လက်ဖက်ရည်သွားဝယ်ကွာ၊ ဘဲသားမုန့်လဲဝယ်ခဲ့ကြ”
ဖိုးတာက ဝပ်ရှော့မှ ကောင်လေးတစ်ယောက်အား လှမ်းအော်ပြီးခိုင်းလိုက်သည်။
(၃)
“ကဲ ဦးကြီးအတွက်လား . . ဘယ်သူ့အတွက်လဲ”
“ငါ့သား သိန်းတန်အတွက်ကွ”
“ဪ . . . ဟုတ်တယ်ဗျ၊ သိန်းတန်ဆိုင်ကယ်သိပ်မကောင်းတော့ဘူး။ ကျွန်တော့်ဆီ သုံးလေးခါလောက်လာပြင်ခိုင်းဖူးတယ်၊ ကျွန်တော်တော် အသစ်ဝယ်ခိုင်းဖို့ပြောနေတာ
-အေးလေ၊ ငါလဲအဲဒါကြောင့် လာခဲ့တာပဲ”
“ဦးကြီး ဘယ်လောက်မှန်းလဲ”
“၈သိန်းဝန်းကျင်ပေါ့ကွာ”
“ဟာ ဦးကြီးကလဲ ၈သိန်းဝန်းကျင်နဲ့ အသစ်ဘယ်ရမတုန်းဗျ။ တစ်လက်ကိုင်ထဲက ကြည့်ပါလား”
“စိတ်ချရပါ့မလားကွ”
“အော် ဦးကြီးရယ်၊ ဖိုးတာပါဗျ၊ စိတ်ချစမ်းပါ။ ဒါနဲ့ ဦးကြီးတို့အခုစီးနေတဲ့ ဘီးတွေအကုန်လုံးလဲ ဖိုးတာဝယ်ပေးခဲ့တဲ့ တစ်လက်ကိုင်တွေပဲမဟုတ်လား”
ဦးသိန်းတင်လဲ ခေါင်းညိတ်လိုက်ပြီး သူစီးလာသည့် ဆိုင်ကယ်အစုတ်ကြီးကိုကြည့်လိုက်သည်။ တစ်လက်ကိုင်ဆိုသော်လည်း ခြောက်နှစ်လောက်ရှိပြီ၊ ရွာထဲ ဒုံးပေကပ်သပ်စီးတာတောင်မှ သိပ်များများစားစားမပြင်ရသေး။
“တစ်လက်ကိုင်ဆိုပေမယ့်လဲလေ နည်းနည်းသန့်ပြန့်တာလေး ရှာပေးပါကွာ၊ မင်းတူစီးမှာဆိုတော့လေ
-စိတ်ချပါဗျ၊ ဒါနဲ့ ဦးကြီးလာတာ ကံကောင်းတယ်ပြောရမယ်၊ ဟိုနေ့ကမှ ပြန်ဝယ်ထားတဲ့တစ်လက်ကိုင်ကလေးတစ်ခုရှိတယ်”
“ဟေ . . ကောင်းရဲ့လား”
“ကောင်းသလားတော့မမေးနဲ့ ကလစ်ဗျ၊ အသစ်နီးပါးသန့်တယ်၊ ဦးကြီးလိုက်ကြည့်မလား”
“အေး တန်ရင်တော့ ကောင်းမယ်”
“တန်သလားတော့မမေးနဲ့ ကလစ်က တစ်ပတ်ရစ်တောင် ၁၀သိန်းလောက်တန်တာ၊ အခုဟာလေးက ၈သိန်းနီးပါးပဲကျမယ်ဗျ”
သို့နှင့် ဖိုးတာကောင်းမှုကြောင့် ကလစ်ဘီးကို သွားကြည့်ကြသည်။ ဘီးကလေးက အပြာရောင်လေးဖြစ်သည်။ ဖိုးတာပြောသလို အသစ်အတိုင်းသန့်ပြန့်နေသည်။ ဖိုးတာက စိတ်တိုင်းကျစမ်းသပ်ပြသည်။ ဦးသိန်းတင်ကတော့ ဆိုင်ကယ်အကြောင်းသိပ်မနားလည်သော်လည်း ထိုဘီးကလေးကိုတော့ သဘောကျနေသည်။
“ဘယ်လိုလဲ ဦးကြီးရဲ့”
“အေး . . . မင်းတူတော့ ကြိုက်မယ့်ပုံပဲ”
“ကြိုက်ရင် ဆွဲထားလိုက်တော့ . . နောက်ကျရင် သူများဦးသွားမယ်”
“အေး . . အေး”
ဦးသိန်းတင်လဲ ငွေချေလိုက်တော့သည်။ ၇သိန်းခွဲကျသည်။ ဖိုးတာကို လက်ဖက်ရည်ဖိုးပေး ဘာပေးနှင့်ဆိုတော့ ၈သိန်းနီးပါးဖြစ်သည်။ ဝယ်ပြီးသွားတော့ ကျောင်းတက်နေသည့် သားဖြစ်သူကို ဖုန်းဆက်လှမ်းခေါ်လိုက်သည်။ သားဖြစ်သူမှာ ထိုဆိုင်ကယ်ကို မြင်ပြီးပျော်လို့မဆုံးတော့။ သားဖြစ်သူပျော်နေတာကိုကြည့်ပြီး ဦးသိန်းတင်ကို အပျော်တွေကူးစက်ကုန်လေသည်။
“အဲဒီလောက်တောင် ပျော်တာလားငါ့သားရယ်”
“ပျော်တာပေါ့အဖေရဲ့ . . . ကလစ်ဗျ . . ကလစ်”
“အေး ပျော်ရင်လဲ မင်းဘီးထားခဲ့၊ ငါအဲဒါနဲ့ ပြန်တော့မယ်။ ရိုရိုသေသေစီးဦးနော်”
“စိတ်ချပါအဖေရဲ့”
ဖခင်ဖြစ်သူဦးသိန်းတင်နှင့်အတူ စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်ပြီး ညနေမရောက်ခင် ဦးသိန်းတင်ပြန်သွားလေသည်။ သိန်းတန်မှာ သူရလိုက်သည့် ဆိုင်ကယ်အသစ်လေးကို ကြည့်လို့မဆုံးတော့။
“အင်းဆိုင်ကယ်ဖွင့်ပွဲအနေနဲ့ သူငယ်ချင်းတွေကိုသွားကြွားမှ”
ဆိုင်ကယ်ကို မကွေးတစ်ပတ်ပတ်စီးလိုက်သည်။ ထို့နောက်တွင်မူ မြို့ထဲက စားသောက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါးစားသောက်လိုက်ကြသည်။ ဒကာခံသူကတော့ သိန်းတန်ဖြစ်သည်။ ဖခင်ဖြစ်သူက မုန့်ဖိုးလဲပေးခဲ့သဖြင့် ငွေရွှင်နေလေသည်။ စားသောက်ပြီး ည ၇နာရီကျော်သွားသည်။ သူငယ်ချင်းများနှင့် နှုတ်ဆက်ပြီးပြန်ခဲ့သည်။
ညလေညှင်းက အေးမြနေလေသည်။ သိန်းတန်လဲ ဆိုင်ကယ်အသစ်ကလေးကို အရသာခံပြီး စီးနေလိုက်သည်။
“ခစ် . . ခစ်”
နားထဲကလေးရယ်သံကလေးကို ကြားလိုက်ရသည်။ သိန်းတန်လဲ ဘေးဘီကိုကြည့်လိုက်သည်။ လမ်းဘေးမှ ကလေးတစ်ယောက် ရယ်သံဖြစ်မည်ဟုတွေးလိုက်ပြီး ဆက်မောင်းလာခဲ့သည်။
“ခစ် . . . ခစ် . . . ခိ”
ကလေးရယ်သံ ထပ်ကြားရပြန်သည်။ သိန်းတန်လဲ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ကားလမ်းက ဖြောင့်ဖြူးနေပြီး လမ်းဘေးတွင် မျက်တောကြီးများသာရှိသည်။ သိန်းတန်လဲ ဆိုင်ကယ်မောင်းရင်း ကျောချမ်းလာသလိုခံစားရသည်။
“ခစ် . . ခစ် . . . ခစ်”
အသံများက ခပ်စိတ်စိတ်ကြားလာရသည်။ သိန်းတန်လဲ ဆိုင်ကယ်ကို အရှိန်မြှင့်ပြီမောင်းလိုက်သည်။ မကြာခင်တွင် အဆောင်ရှေ့သို့ရောက်လာသည်။ အဆောင်အတွင်း ဆိုင်ကယ်ကို သိမ်းခဲ့ပြီး အခန်းထဲသို့ပြေးတက်လိုက်သည်။
“ငါ့စိတ်ထဲထင်နေတာလားမသိဘူး”
သိန်းတန်လဲ အဝတ်အစားများပင်မလဲနိုင်တော့ဘဲ အိပ်ယာထက်တွင် အိပ်ချလိုက်တော့သည်။
(၄)
“သိန်းတန်ရေ . . သိန်းတန် ထပါဦး . . .”
မနက်အစောကြီး အဆောင်အခန်းတံခါးကို လာထုသဖြင့် သိန်းတန်လဲအိပ်ချင်မူးတူးဖြင့် ထလိုက်သည်။
“ဘာဖြစ်တာတုန်းကွ”
“အဆောင်ထဲမှာ မိန်းကလေးတွေ့လို့တဲ့ကွ”
“ဟေ . . ဘယ်ကလဲ”
“အေး ငါတို့လဲ သေချာမသိဘူး၊ အဆောင်မှူးက လိုက်ရှာခိုင်းနေလို့၊ မင်းအခန်းထဲမှာရော မိန်းမရှိသလားလို့”
“အော်ကွာ . . ဝင်သာကြည့်ကြ၊ ဘယ်မလဲမိန်းမ”
“ဟုတ်ပါ့ကွာ အဆောင်မှူး မျက်စိမှားတာပဲဖြစ်မယ်”
သိန်းတန်လဲ ရေမိုးချိုးပြီး ကျောင်းတက်ဖို့ပြင်သည်။ အဆောင်အောက်ဆင်းလာတော့ အဆောင်မှူးကအခြားသူများနှင့် စကားပြောနေသည်ကိုတွေ့လိုက်ရသည်။
“ငါသေချာပါတယ်ကွာ၊ အဲဒီမိန်းမက ဆိုင်ကယ်တွေထားတဲ့နေရာနားမှာ ရပ်နေတာကွ၊ ဒါနဲ့ငါလဲသွားကြည့်လိုက်တော့ မရှိတော့ဘူး”
သိန်းတန်လဲ နားထောင်ပြီး သူ့ဆိုင်ကယ်ကိုအဆောင်ထဲက ထုတ်ကာ ကျောင်းသို့မောင်းထွက်လာခဲ့တော့သည်။
“ခစ် . . . . ခစ်”
ကြားရပြန်ပြီ ရယ်သံ။ သိန်းတန်လဲ ဆိုင်ကယ်ကိုလမ်းဘေးထိုးရပ်လိုက်သည်။ ရယ်သံက သူ့နောက်က ကြားရခြင်းဖြစ်ပြီး သူ့ဆိုင်ကယ်ကလဲ တစ်ယောက်ထဲစီးတာဖြစ်သည်။ အနောက်တွင် လူမပါပေ။ သူလဲ လန့်လန့်ဖြင့် ဆက်မောင်းလာခဲ့သည်။
ကျောင်းသို့ တိုက်ရိုက်မသွားသေးဘဲကန်တင်းများဘက်သို့ လှည့်မောင်းလာခဲ့သည်။ ကန်တင်းတွင် သိန်းတန်၏ သူငယ်ချင်းများ ယခုအချိန်ဆိုလျှင် ဝိုင်းဖွဲ့နေကြပြီဖြစ်သည်။ သိန်းတန်လဲ ကန်တင်းရှေ့ ဗာဒံပင်ကလေးတွင် ဆိုင်ကယ်ကိုအရှိန်သတ်ပြီးရပ်လိုက်သည်။ ကန်တင်းထဲရှိ သူတို့ထိုင်နေကြစားပွဲဝိုင်းကလေးတွင်တော့ သူငယ်ချင်းများက ထိုင်နေကြပြီဖြစ်သည်။ သိန်းတန်က သူငယ်ချင်းတွေကို လက်ပြပြီးလှမ်းအော်လိုက်သည်။
“ဟေ့ကောင်တွေ၊ ငါပထမဆုံးအချိန်သွားတက်လိုက်ဦးမယ်၊ မင်းတို့ငါ့ကိုဒီကစောင့်နေကြနော်”
ထိုအခါ သူငယ်ချင်းများအားလုံးက သိန်းတန်ကိုကန်တင်းထဲမှ လှမ်းကြည့်လိုက်ကြရင်း သူတို့မျက်နှာများမှာ အလွန်အံ့ဩသည့် အမူအရာများဖြစ်နေကြလေသည်။ သိန်းတန်ကိုလဲအထူးအဆန်းဖြင့် ဝိုင်းကြည့်နေကြလေသည်။
“ကဲ ငါသွားပြီဟေ့”
သိန်းတန်လက်ပြပြီး ဆိုင်ကယ်ကို စာသင်ဆောင်များဖက်သို့ မောင်းထွက်ခဲ့တော့သည်။ စာသင်ပြီးတော့ သိန်းတန်က ကန်တင်းရှိ သူငယ်ချင်းများထံသွားလိုက်သည်။ ကန်တင်းတွင် သူငယ်ချင်းများက ဝိုင်းထိုင်နေသည်။ သိန်းတန်လဲ ထိုစားပွဲတွင် ဝင်ထိုင်လိုက်သည်။
“သိန်းတန်၊ မနက်ကတွေ့လိုက်တဲ့သူက ဘယ်သူလဲ”
သိန်းတန် အံ့ဩသွားသည်။
“မနက်က ဟုတ်လား”
“ဟုတ်တယ်၊ မနက်က မင်းငါတို့ကို လက်ပြနှုတ်ဆက်တော့ ဆိုင်ကယ်အနောက်မှာ ထိုင်နေတဲ့ မိန်းမက ဘယ်သူလဲ”
“ဘာ . . . မင်း . . . မင်းတို့ ဘာတွေပြောနေမှန်းငါမသိဘူး”
သူငယ်ချင်းတစ်ချို့က စိတ်ဆိုးကြသည်။
“ဟေ့ကောင် မင်းဗြောင်မငြင်းနဲ့၊ အဲဒီအမျိုးသမီးကို ငါတို့အားလုံးမြင်တယ်၊ ကလေးလေးတစ်ယောက်တောင် ချီထားသေးတယ်”
သိန်းတန် အလွန်ထူးဆန်းနေပြီဖြစ်ပြီး ဆိုင်အပြင်တွင် ရပ်ထားသော သူ့ဆိုင်ကယ်ကိုလှမ်းကြည့်မိလိုက်သည်။
“မသိဘူး . . . မင်းတို့ဘာတွေပြောနေလဲ ငါမသိဘူး”
သိန်းတန်က ထိုသို့ပြောဆိုလိုက်ပြီးနောက် ဆိုင်မှ ထထွက်သွားလေတော့သည်။
“ဟေ့ . . . သိန်းတန်၊ မင်းမှာထားတာတွေ စားမသွားတော့ဘူးလားကွ”
သူငယ်ချင်းများလှမ်းအော်နေသည်ကိုပင် လှည့်မကြည့်တော့ဘဲ ဆိုင်ကယ်ကိုစက်နှိုးပြီး ထွက်လာခဲ့တော့သည်။
ထိုနေ့လဲ စာသင်ဖို့ စိတ်မပါတော့။ သူငယ်ချင်းတွေကလဲ သူ့ကိုတမင် ဇတ်တိုက်ပြီး စနောက်နေသည်ဟု သိန်းတန်က ထင်မိလိုက်သည်။ ထို့နောက် အဆောင်ကိုပြန်ရန် စဉ်းစားလိုက်သည်။ သို့သော် လေအဝှေ့မှာ သိန်းတန်ဆံပင်တွေက လေထဲဝဲပျံနေသည်။
“ငါ့ဆံပင်တွေတောင်ရှည်နေပြီ။ ဆံပင်သွားညှပ်ဦးမှပဲ”
သိန်းတန်က ရေရွတ်လိုက်ကာ မကွေးမြို့ဘက်သို့ မောင်းနှင်လာတော့သည်။
(၅)
သူညှပ်နေကျ မကွေးမြို့ပေါ်ရှိ ယောက်ျားလေးသီးသန့် အဆင့်မြင့်ဆံသဆိုင်သို့လာခဲ့သည်။ နေ့လည်ပိုင်းဖြစ်သဖြင့် ဆိုင်ကလူကျဲနေသည်။ သိန်းတန်က ဆိုင်ကယ်ရပ်ရန် နေရာရှာသော်လည်း နေရာသိပ်မရှိသဖြင့် ဆိုင်ရှေ့နေပူထဲတွင် ဆိုင်ကယ်ကိုရပ်ခဲ့သည်။
“စောင့်ရဦးမလား”
“တစ်ခေါင်းလောက်တော့ စောင့်ရဦးမယ်ဗျ”
သိန်းတန်လဲဆိုင်ထဲဝင်ပြီးတော့ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။ ဆိုင်က အဲယားကွန်းနှင့် အဆင့်မြင့်ဆံသဖြစ်သဖြင့် အတွင်းတွင်အေးမြနေသည်။ ဆိုင်တွင်ချထားသည့် ဂျာနယ်တစ်ခုကိုယူလိုက်ပြီး ဟိုလှန်သည်လှန်နှင့် လှန်နေလိုက်သည်။
၁၅ မိနစ်ခန့်ရှိပြီဖြစ်သည်။ ထိုအခါ ဆိုင်မှကောင်လေးတစ်ယောက်က သူ့နားကိုကပ်လာလေသည်။
“ညှပ်လို့ရပြီလား”
သိန်းတန်က ဆီးမေးလိုက်သည်။ ကောင်လေးက ခေါင်းခါလိုက်သည်။
“အကို့မိန်းမနဲ့ကလေးကို ဆိုင်ထဲဝင်ထိုင်ခိုင်းပါလားဗျာ၊ အပြင်မှာနေတွေက ပူချစ်နေတာပဲ”
သိန်းတန် တစ်ကိုယ်လုံးတုန်တက်သွားသည်။
“ဟေ့ . . . ငါလူပျိုပါဟ၊ ဘယ်ကမိန်းမနဲ့ကလေးရှိရမှာလဲ”
“ဟိုမှာလေ ဆိုင်ကယ်အနောက်ခုံမှာ မိန်းမတစ်ယောက်နဲ့ ကလေးလေးတစ်ယောက်ထိုင်ရင်း ဆော့နေကြတယ်”
ဆိုင်မှကောင်လေးက သူ့ဆိုင်ကယ်ကိုလက်ညှိုးညွှန်ပြလိုက်သော်လည်း သူကြည့်လိုက်သောအခါ နေပူထဲတွင် ရပ်ထားသော ဆိုင်ကယ်ကိုသာတွေ့လိုက်ရသည်။ သိန်းတန်လဲ ဒေါသအလွန်ထွက်သွားပြီးနောက် ဂျာနယ်ကိုပစ်ချလိုက်ကာ ဆိုင်မှထွက်လာခဲ့တော့သည်။ ဆိုင်ကယ်ကို စက်ကုန်ဖွင့်ပြီးမောင်းလာခဲ့တော့သည်။
ဘယ်သွားရမှန်းလဲမသိ။ ထို့ကြောင့် စိတ်ကူးပေါက်ရာ မကွေးမြသလွန်ဘုရားဖက်သို့ မောင်းထွက်လာခဲ့တော့သည်။ နေမှာ ချစ်ချစ်တောက်ပူနေသည်။ သိန်းတန်ခေါင်းက ဆံပင်တွေလဲ လေတွင်လူးလွန့်နေကြသည်။
ဘုရားဖက်သွားသည့် လမ်းမကြီးသို့ ချိုးဝင်လိုက်သည်။ လူက ရှင်းနေပြီး နေကလဲပူသဖြင့် သိန်းတန်ဆိုင်ကယ်ကို အရှိန်တင်လိုက်သည်။
“ခစ် . . . ခစ် . . . ခိ”
ကလေးရယ်သံလေးကို ကြားလိုက်ရပြန်သည်။ သိန်းတန်ခေါင်းနားပန်းကြီးသွားသည်။ ထို့နောက် သူ့အနောက်ကယ်ရီယာခုံသို့ လှည့်ကြည့်လိုက်သည်။
“ဘုရား . . .”
အနောက်ခုံတွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပြီး ထိုအမျိုးသမီးက ကလေးလေးတစ်ယောက်ကို ချီထားလေသည်။ သိန်းတန်ဒီလိုအရှိန်မြှင့်မောင်းလာသည့်အတွက် မည်သူမှ ဆိုင်ကယ်အနောက်ကို ရုတ်တရက်တက်လို့မရတာသူသိသည်။ ဒါဆိုဘာလဲ . . .။ သိန်းတန်တွေးရင်း နေ့ခင်းကြောင်တောင်ကြီး ကျောများချမ်းတက်လာကာ ကြက်သီးများလဲ စူထွက်လာတော့သည်။
ရှေ့တွင် လမ်းကွေ့တစ်ခု၊ သိန်းတန်က ဆိုင်ကယ်ကိုကွေ့ရန်ကြိုးစားလိုက်သည်။ သို့သော် လက်တွေက လှုပ်မရတော့။ ထိုစဉ် အနောက်ထိုင်ခုံမှ အားရပါးရ ရယ်မောသည့်အသံကြီးကိုကြားလိုက်ရပြန်သည်။
“ဟား . . . ဟား . . .”
လမ်းကွေ့ကြီးကိုဆိုင်ကယ်က တည့်တည့်ကြီးမောင်းချသွားပြီးနောက် လမ်းဆုံးမည့်အနားအရောက်တွင် ဘရိတ်ကိုတစ်စုံတစ်ယောက် ဆောင့်အုပ်လိုက်သလိုဖြစ်သွားပြီး သိန်းတန်လဲ လေပေါ်မြောက်တက်သွားတော့သည်။ ထို့နောက် ကျွမ်းတစ်ပတ်ထိုးပြီး လမ်းဘေးချုံပုတ်အတွင်းသို့ ပြုတ်ကျသွားတော့သည်။ သိန်းတန်ခေါင်းတွေမူးဝေလာသည်။ သူနောက်ဆုံးမြင်လိုက်ရသည်မှာ လမ်းဘေးတွင်ရပ်နေသည့် သူ့ဆိုင်ကယ်ဖြစ်ပြီး ဆိုင်ကယ်နောက်တွင် ကလေးချီထားသည့်အမျိုးသမီးမှာ သူ့ကိုကြည့်ကာ ရယ်မောနေသည်ကိုဖြစ်သည်။
(၆)
အေးမြသည့် အထိအတွေ့ကြောင့် သိန်းတန်နိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကောင်းကင်ပြာကြီးကိုတွေ့လိုက်ရသည်။ သူကမြေကြီးပေါ်တွင် အိပ်နေခြင်းဖြစ်သည်။ ကုန်းထလိုက်သောအခါတွင် ကားလမ်းမကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ကားလမ်းမကြီးက ကားတွေရှင်းနေသည်။ လမ်းဘေးတွင်လဲ သစ်ပင်များ၊ တောအုပ်များကိုသာတွေ့လိုက်ရသည်။
သိန်းတန်လဲ လမ်းမကြီးကို ဝဲယာကြည့်လိုက်ပြီး ကားတစ်စီးတစ်လေလာလျှင် တားလိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ထိုစဉ် အဝေးတွင် ဆိုင်ကယ်တစ်စီးမောင်းနှင်လာသည်ကိုတွေ့လိုက်ရသည်။ သိန်းတန်လဲ ထိုဆိုင်ကယ်သူ့အနားရောက်လျှင် တားပြီးစီးမည်ဟု ဆုံးဖြတ်လိုက်သည်။
ဆိုင်ကယ်က အရှိန်ဖြင့်မောင်းလာပြီး သူ့နားမရောက်မီတွင် ဘီးချောပြီး စလစ်ဖြစ်သွားကာ ဘေးတိုက်လဲသွားတော့သည်။ သိန်းတန်လဲ အံ့ဩပြီးကြည့်နေမိသည်။ အရှိန်ကြောင့် ဆိုင်ကယ်မောင်းသူကော၊ ဆိုင်ကယ်အနောက်မှ လိုက်စီးလာသူကော ကားလမ်းပေါ်တွင် တရွတ်တိုက်ပြီး ပါသွားကြသည်။ သိန်းတန်လဲ ထိုသူများကိုပြေးကြည့်လိုက်သည်။ ကားလမ်းမကြီးပေါ်တွင် အမျိုးသမီးတစ်ယောက် ခေါင်းတရွတ်တိုက်ဖြစ်ပြီး ဦးနှောက်များပွင့်ထွက်နေသည်မှာ မြင်မကောင်းပေ၊ ထိုအမျိုးသမီး၏ မလှမ်းမကမ်းတွင်လဲ ကလေးလေးတစ်ယောက် မှောက်ခုံလဲနေသည်ကိုတွေ့ရပြီး သွေးတွေက အိုင်ထွန်းနေလေသည်။
သိန်းတန်အသားများ တဆတ်ဆတ်တုန်လာသည်။ ဆိုင်ကယ်မောင်းသူ ယောက်ျားတစ်ယောက်ကလဲ လမ်းမပေါ်တွင် ငြိမ်သက်နေလေသည်။ သိန်းတန်လဲ လဲကျသွားသည့်အမျိုးသမီးအနားသို့ ကပ်သွားလိုက်သည်။ ထိုအမျိုးသမီးမှာ ဦးနှောက်များပွင့်ထွက်နေပြီး တရွတ်တိုက်ထားသည့် သွေးတွေက စွတ်ကြောင်းကြီးဖြစ်နေသည်။ သိန်းတန်အနီးကပ်ကြည့်လိုက်တော့ ထိုအမျိုးသမီးက မျက်လုံးများပွင့်လာပြီး သိန်းတန်ကို ရယ်ပြနေလေသည်။
(၇)
“အား . . . အား”
သိန်းတန်အော်ရင်း လူးလွန့်နေသည်။ သူ့အားတစ်စုံတစ်ယောက်က တက်ဖိထားသလိုခံစားရသည်။ မျက်လုံးများကို အားယူပြီးဖွင့်ကြည့်လိုက်သည်။
“ဟင် . . . . အဖေ”
သိန်းတန်လည်ချောင်းတွေ ကွဲအက်ပြီးပူလောင်နေ၏။ စကားတစ်ခွန်းကိုပင်မနည်းအားယူပြီး ပြောရန်ကြိုးစားနေရသည်။
“သားနိုးလာပြီလား”
အသံကြားသဖြင့် ခေါင်းကိုအသာကလေး စောင်းကြည့်လိုက်သည်။ သို့သော် လည်ပင်းက မခံမရပ်နိုင်အောင်နာသည်။ အသံကြားရုံဖြင့် သူ့အမေဖြစ်မှန်း သိလိုက်ရသည်။
“မင်းသားကို ရေတိုက်လိုက်ပါဦးကွာ”
သူ့အမေက ရေကိုဇွန်းကလေးဖြင့်ခပ်တိုက်သည်။
“သားအမေပြောတာကြားရလား”
သိန်းတန်ခေါင်းကို အသာညိတ်လိုက်သည်။
“သားဆိုင်ကယ်မှောက်ပြီး သတိလစ်နေတာ နှစ်ရက်လောက်ရှိပြီသားရဲ့။ မသေကောင်းမပျောက်ကောင်းသားလေးရယ်၊ ကံကြီးပေလို့ ဇက်ကျိုးသေဖို့ နဲနဲပဲလိုတာ . . .”
သိန်းတန်ဘာမှမပြောနိုင်တော့။ စကားပြောလို့လဲမရပေ။ ထို့ကြောင့် ဆေးရုံ မျက်နှာကျက်ကိုသာ ငေးကြည့်နေလိုက်မိသည်။
“မင်းကိုကွာ၊ အတန်တန်မှာထားရက်နဲ့၊ ဆိုင်ကယ်ကို သတိထားစီးပါလို့၊ အခုတော့ ဖြစ်ပြီမဟုတ်လား”
သူ့အဖေ၏ ဒေါသဖြင့် ပြောသံများကို ကြားလိုက်ရတော့သည်။
သုံးရက်ခန့်ကြာတော့ အတော်သက်သာလာသည်။ အဖေနှင့် အမေကတော့ ဆေးရုံမှာအနီးကပ်ပြုစုသည်။ အဖေကတော့ ကြုံတိုင်းသူ့ကို ဆိုင်ကယ်သတိထားမစီးသဖြင့် ဆူနေတော့သည်။ သိန်းတန်လဲ ဘာမှပြန်မပြောတော့ ခေါင်းငုံ့နေလိုက်သည်။
“အမေ ဆိုင်ကယ်ဘာဖြစ်သွားသေးလဲ”
“ဘာမှမဖြစ်ဘူး . . . မင်းပဲဖြစ်တာ၊ ဆိုင်ကယ်က ပွန်းတောင် ပွန်းမသွားဘူး”
“အဲဒါပြောတာမဟုတ်ဘူး. . . အခု ဆိုင်ကယ်ကိုဘာဆက်လုပ်မလဲ”
“ဘာဆက်လုပ်ရမလဲ သားရဲ့၊ မင်းနေကောင်းပြီး ကျောင်းပြန်တက်တဲ့အခါ ပြန်စီးပေါ့”
“ဟာ . . . မလုပ်ဘူး၊ ကျွန်တော် အဲဒီဆိုင်ကယ်ကို ပြန်မစီးဘူး”
“ဟဲ့သား . . . မင်းမစီးတော့ ဘာလုပ်ရမှာလဲ”
“ဟို . . . ဟို ပြန်ရောင်းလိုက်တာပဲဖြစ်ဖြစ်၊ အလိုက်ပေးပြီး လဲလိုက်တာပဲဖြစ်ဖြစ်ပေါ့ဗျာ”
“မင်းအဖေသိရင် မင်းကိုပြောနေပါဦးမယ်”
“လုပ်ပါအမေရာ”
သိန်းတန်၏ လုပ်ပါအမေရာ ဆိုသည့်စကားမှာ သူ့အမေအား အားကိုးသည့် လေသံဖြစ်သဖြင့် မိခင်ဖြစ်သူလဲ ခေါင်းညိတ်လိုက်တော့သည်။
မကြာခင် ဆိုင်ကယ်ကို ဖိုးတာဆီ ပို့ပြီး ပြန်လဲလိုက်ရတော့သည်။ နောက်ထပ်ရသည့် ဆိုင်ကယ်သည် အရင် ကလစ်ဘီးလောက် မကောင်း မသန့်သော်လည်း သိန်းတန်ကျေကျေနပ်နပ်ဖြင့်ပင် ယူလိုက်တော့သည်။
နှစ်ပတ်ခန့်နားပြီး ကျောင်းပြန်တက်နိုင်ပြီဖြစ်သည်။ သူငယ်ချင်းများနှင့်တွေ့တော့မှ အကြောင်းစုံကို ပြန်ပြောပြဖြစ်သည်။
“အေးကွ၊ ငါတို့လဲ အဲဒီတုန်းက ငါတို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ၊ မင်းဆိုင်ကယ်နောက်မှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးလေးတစ်ယောက် ထိုင်နေတာကို”
“အေးပါသူငယ်ချင်းတို့ရာ၊ ငါက မင်းတို့ ငါ့ကိုဇတ်တိုက်ပြီး ဝိုင်းစနေတယ်ထင်လို့ ငါမင်းတို့ကို စိတ်ဆိုးမိသွားတာ တောင်းပန်ပါတယ်”
“သူငယ်ချင်းတွေပဲကွာ ဒီလိုပြောစရာလား၊ ဒါနဲ့ မင်းအိပ်မက်ထဲကလို ဒီအမျိုးသမီးနဲ့ ကလေးက ဆိုင်ကယ်မှောက်သေပြီး ဆိုင်ကယ်မှာ စွဲနေတာနဲ့တူတယ်ကွ”
သိန်းတန်ဘာမှမပြောတော့ဘဲ လက်ဖက်ရည်ကိုမော့သောက်လိုက်သည်။
“ဒါဆို မင်းဆိုင်ကယ်ကို နောက်တစ်ခါ ဝယ်သွားတဲ့သူရော အဲဒီသရဲနဲ့တွေ့ဦးမှာလား”
သိန်းတန်လဲ ခေါင်းခါလိုက်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများကို သူနောက်ထပ်သိလဲမသိချင်၊ စဉ်းလဲမစဉ်းစားချင်သောကြောင့်ဖြစ်သည်။
ဈေးသက်သာပြီး ပေါချောင်ကောင်းလိုက်သည့် လူတစ်ချို့ထိုဆိုင်ကယ်ကို ဝယ်မိ စီးမိကြမည်ကတော့ ဧကန်ဖြစ်သည်။ ထိုသို့ ဝယ်မိ၊ စီးမိကြသည့်သူများလဲ သိန်းတန်ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးနှင့် ကလေးလေးတစ်ယောက်ကို မြင်ရမလား၊ သူတို့နှောင့်ယှက်တာ ခံရမလားဆိုတာတော့ သိန်းတန်မသိပါ။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်