“အဘွား ဒါဘယ်လောက်လဲခင်ဗျ”
“ဟုတ်ကဲ့ ကျနော် ဒါဆို သုံးထုပ် ယူပါ့မယ်ခင်ဗျ”
ပိုက်ဆံအိတ်ကို ဖွင့်ပြီး တစ်ထောင်တန်တစ်ရွက်ကို ထုတ်ပေးလိုက်တဲ့အခါ အဘွားက သူ့ဝှီးချဲလေးကို ကိုယ်တိုင်တွန်းလို့ ပိုက်ဆံကို လာယူပြီး တစ်ရာ ပြန်အမ်းပါတယ်။
ဟုတ်ပါတယ်၊ အဘွားက လမ်းမလျှောက်နိုင်ဘဲ ဝှီးချဲပေါ်ရောက်နေတာ တော်တော်ကြာနေပါပြီ။
လေဖြတ်သွားတာလို့ သိရပါတယ်။
“အိတ်ထဲထည့်ပေးလိုက်မယ်လေ သားရဲ့”
“ရတယ် အဘွား၊ နေပါ့စေတော့၊ ဒီအတိုင်းပဲ ယူသွားလိုက်ပါတော့မယ်”
“အေး အေး”
“သြော် ဒါနဲ့ အဘိုးရော၊ ဒီနေ့ မတွေ့မိပါလား”
“ဆေးသွားဝယ်နေတာလေ၊ ခဏနေ ပြန်လာတော့မှာပါ”
ဟုတ်ပါတယ်၊ ခါတိုင်းဆိုရင် စျေးဝယ်တွေ လာတဲ့အခါ အဘိုးကပဲ ဒိုင်ခံထိုင်ရောင်းနေကျလေ။
အဘွားကတော့ ဘေးကနေ ဝှီးချဲလေးနဲ့ ထိုင်နေရုံပေ့ါ။
စျေးဝယ်တွေ လာတဲ့အခါ စျေးအတူတူရောင်းပြီး စျေးဝယ်တွေ မရှိတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အဖော်လုပ်ရင်း စကားပြောလိုက်ကြ၊ ရယ်လိုက်ကြ၊ တခါတလေ ပုတီးလေးစိပ်၊ ဘုရားစာလေးရွတ်နဲ့ သူတို့ဘဝလေးက နှစ်ယောက်တည်းနဲ့ကို အိုကေမှာ စိုပြေနေကြတာပါ။
သားတစ်ယောက်ရှိပေမယ့် သူ့အိမ်ထောင်နဲ့သူ အဝေးမှာတဲ့။
တစ်ရက်ကများဆို အဘိုးတို့ဆိုင်မှာ ကြက်ဥသွားဝယ်တော့ ဆိုင်ကြီးက ဖွင့်လျက်နဲ့ အဘိုးရော၊ အဘွားရောကို မတွေ့မိပါဘူး။
ဒါနဲ့ ဘယ်များရောက်နေကြပါလိမ့်ဆိုပြီး အနောက်ထဲ တချက် ဝင်ကြည့်တော့မှ အသံကြားရာကို ကြည့်မိတယ်။
အမယ် အဘိုးက အဘွားကို စိမ်ပြေနပြေကို ရေချိုးပေးနေတာခင်ဗျ။
လက်ကလေးကို မြှောက်လိုက်၊ ရေပတ်ဝတ်လေးနဲ့ တိုက်လိုက်၊ တဘက်လေးနဲ့ သုတ်လိုက်နဲ့ တော်တော့ကို ကြင်ကြင်နာနာနဲ့ပါ။
“သားရေ လိုချင်တာယူပြီး ပိုက်ဆံသာ တင်သွားလိုက်တော့၊ မဟုတ်လည်း နောက်နေ့မှပေး” တဲ့။
ဟော လုပ်ပြီ၊ ဒီအဘိုးနဲ့ အဘွား ရိုဆန်နေလိုက်ကြတာဆိုတာ ပိုက်ဆံကိုတောင် ဂရုမစိုက်ကြတော့ပါလားနော်။
တခါတလေကျတော့လည်း သူတို့က ဆိုင်ဖွင့်ထားတဲ့ အိမ်ရှေ့ဘက်ခြမ်းမှာ ထိုင်လို့ စျေးဝယ်စောင့်ရင်း အဘိုးက အဘွားကို ထမင်းကျွေးနေတာခင်ဗျ။
အဘွားက သူ့ပေါင်ပေါ်မှာ ထမင်းပန်းကန်လေးတင်လို့ အဘိုးက ဘေးကနေ ဟင်းလေးတွေ ထည့်ပေးလို့ ရေနွေးကြမ်းလေး မှုတ်ပေးလို့။
သြော် မြန်မာပြည်ရဲ့ ရိုမီယိုနဲ့ ဂျူလိယက်ပါလားနော်။
ဒီလိုနဲ့ နေရင်း တစ်ရက်ကျတော့ ဇာတ်လိုက်ကျော်အဘိုးကို မုန့်ဟင်းခါးဆိုင်မှာ သွားတွေ့တယ်ခင်ဗျ။
ကိုယ်ကလည်း အိမ်က ဝယ်ခိုင်းလို့ မုန့်ဟင်းခါးထွက်ဝယ်၊ အဘိုးကလည်း ထုံးစံအတိုင်း သူ့မဟေသီ ချင်ခြင်းတပ်လို့ မုန့်ဟင်းခါး လာဝယ်ပေ့ါ။
နှစ်ယောက်သား ပါဆယ်ကို အတူရပ်စောင့်နေတုန်း ကျနော်က အဘိုးကို စကားစပါတယ်။
“ကျနော်လေ အဘိုးနဲ့ အဘွားကို တစ်ယောက်နဲ့ တစ်ယောက် ဒီနေ့အထိ အရမ်းဂရုစိုက်ပြီး ချစ်နေကြတာကို တကယ်လေးစားတယ်ဗျာ၊ အားလည်းကျတယ်”
ဒီတော့ အဘိုးက သူ့မုန့်ဟင်းခါးပါဆယ်ကို အာရုံစိုက်ရင်း ပြောပါတယ်။
“အချစ်တစ်ခုတည်းနဲ့တော့ ဘယ်လုံလောက်မလဲ၊ မေတ္တာတရားလည်း လိုသေးတာပေါ့၊ စာတွေထဲကလို ဆိုရင်တော့ ၁၅၀၀ အပြင်ကို ၅၂၈ မေတ္တာဓာတ်ကိုပါ ထပ်ဆောင်းပေးရတာမျိုးပေါ့ကွယ်”
ကျနော်က အဘိုးပြောတဲ့ အဓိပ္ပာယ်ကို ကျေနပ်သွားရင်း ကြည်နူးမိနေတုန်းမှာပဲ အဘိုးက ပါဆယ်ထုပ်ကို ဆွဲလို့ လှည့်ထွက်ခါနီးမှာ ဥပမာလေးတစ်ခုနဲ့ ပြောသွားပါသေးတယ်။
“နှစ်ယောက်အတူလျှောက်ရမယ့် ဘဝခရီးလမ်းကို မျက်စိထဲမှာ ရထားလမ်းကြီးလို့ မြင်ယောင်ကြည့်လိုက်၊ အဲ့ဒီနေရာမှာ အချစ်ဆိုတာ ရထားစက်ခေါင်းကြီးပေ့ါ၊
ဒါပေမဲ့ လမ်းပေါ်မှာ စက်ခေါင်းကြီးကိုပဲ ဒီအတိုင်းမောင်းသွားရင်တော့ ဘာအဓိပ္ပာယ်မှ မရှိဘူးပေ့ါ၊ သူ့အနောက်မှာ ခရီးသည်တင်တဲ့ တွဲတွေ၊ ကုန်တွဲတွေ အစီအရီပါလာမှ ခရီးတစ်ခုဟာ ပြည့်စုံမယ်လေ၊
ဆိုလိုတာက အချစ်ဆိုတိုင်းလည်း သူ့ချည်းပဲမရဘူး၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ လေးစားမှုတွေ၊ ကိုယ်ချင်းစာမှုတွေ၊ နားလည်မှုတွေ၊ ဆင်ခြင်တုံတရားတွေ၊ ဒါတွေ တွဲပါလာမှ အချစ်တစ်ခုဆိုတာ အဓိပ္ပာယ်ရှိတာ၊ ခိုင်မြဲတာပေါ့ကွယ်၊ မဟုတ်ဘူးလား”
မုန့်ဟင်ခါးပါဆယ်ထုပ်လေးကို ဆွဲရင်း လှည့်ထွက်သွားတဲ့ အဘိုးရဲ့ခြေလှမ်းတွေက ခါတိုင်းထက်ကို ပိုသွက်နေသလိုပါပဲ။
ဟုတ်မှာပေ့ါလေ၊ ဒီအချိန်လောက်ဆို အဘွားလုပ်သူခင်ဗျာ ဗိုက်ဆာနေရှာရောပေ့ါ။