ယခုရေးသားသည့်အကြောင်းအရာများသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ရေးသားထားခြင်းဖြစ်ပါသည်။
ဒေးဂျဗူးလ် ဆိုတာကတော့ ဖြစ်စဉ်တစ်ခုကိုပြောတာဗျ၊ အဲဒါကတော့ ကိုယ်အခုဖြစ်နေတဲ့အဖြစ်ကို အရင်ကလဲ ဖြစ်ခဲ့ဖူးတယ်လို့ စိတ်ထဲမှာထင်နေတာပဲ။ စိတ်ထဲမှာထင်နေရုံမက ဟိုလူကလဲ ဟိုဟာလုပ်တော့မယ်၊ ဒီလူကလဲ ဒီဟာလုပ်တော့မယ်ဆိုပြီးတော့ ကြိုသိနေသလိုဖြစ်နေတာပါ။ စိတ်ပညာရှင်တွေရဲ့အဆိုအရတော့ ဒီဖြစ်စဉ်ဟာ ဦးနှောက်ချို့ယွင်းမှုကြောင့်ဖြစ်တာတဲ့။ ဦးနှောက်က ဒီအဖြစ်တွေ အရင်က ဖြစ်ခဲ့ဖူးတယ်လို့ အထင်မှားသွားတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီဖြေရှင်းချက်ကို မယုံကြည်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ဘဝမှာ အဲဒီဒေးဂျဗူးလ်တွေကပဲ ကျွန်တော့်အသက်ကို သုံးခါတိတိကယ်တင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ဦးနှောက်က အမှတ်မှားတယ်ဆိုတာကို အယုံအကြည်မရှိတာ။ ကျွန်တော့်အဖြစ်အပျက်ကတော့ ဒိလိုဗျ။
(က)
ဖိုင်နယ်ဒက်စနေးရှင်းလို့ အမည်ရတဲ့ကားကို လူတော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲဒီကားက အတွဲတွေလဲ အများကြီးထွက်ခဲ့တယ်၊ ကျွန်တော်လဲ အဲဒီကားကို နှစ်ကားလားပဲကြည့်ဖူးတယ်၊ ထားပါတော့ဗျာ။
ကျွန်တော်နာမည်က ကိုပိုင်ပါ။ မိဘတွေကချမ်းသာတဲ့ မိုးကုတ်က သူဌေးတွေ၊ ရန်ကုန်မှာကတော့ ကျွန်တော်တို့ငယ်ငယ်ကတည်းက လာပြီးအခြေချကြတာပေါ့။ ကျွန်တော်က ခေတ်ပညာတတ်တစ်ယောက်၊ ရန်ကုန်မှာ အင်္ဂလိပ်ကျောင်းတက်ပြီးတော့ အင်္ဂလန်မှာ ကျောင်းတက်ခဲ့တယ်၊ ကျောင်းပြီးတော့ ရန်ကုန်ပြန်လာပြီး မိဘလက်ငုတ်လက်ရင်းတွေကို ပြန်လုပ်ကိုင်ပေးနေရတာပေါ့။
အင်္ဂလန်က ပြန်လာတယ်ဆိုတော့လဲ အဲဒီတုန်းက သရဲတွေ၊ စုန်းတွေဆိုတာတွေဟာ အလကား လျှောက်ပြောနေတာ၊ ဇတ်လမ်းတွေဆင်ပြီး လျှောက်လိမ်စားနေတယ်ပဲထင်ခဲ့တာ၊ လူငယ်ကလဲ လူငယ်ဆိုတော့ လုံးဝမယုံဘူးပေါ့ဗျာ၊ အဲဒီမှာ အမေတို့နဲ့ ကွိုင်စတက်တာပဲဗျ၊ အမေတို့ကျတော့ ဟိုဘုန်းကြီးကိုးကွယ်ရတာနဲ့၊ ဒီဘုန်းကြီးကိုးကွယ်ရတာနဲ့၊ ဗေဒင်ဆိုလဲ ယုံလိုက်ကြတာ၊ ယတြာချေဆိုရင်လဲ ချေကြတာပဲ၊ ဒီတော့ သူတို့ကိုမပြောချင်ပေမယ့် သူတို့လုပ်နေတာတွေကိုကြည့်မရဘူးပေါ့။
တစ်နေ့တော့ သူတို့က ကျွန်တော့်ကို မွန်ပြည်နယ်ကိုလိုက်ပို့ခိုင်းပါရော၊ အဖေနဲ့အမေက မွန်ပြည်နယ်က ဘုန်းကြီးတစ်ပါးကို ကျောင်းလှူပေးဖို့သွားကြတာပေါ့၊ အဲဒီဘုန်းကြီးကလဲ စွမ်းတယ်လို့တော့ပြောတယ်၊ ဒါနဲ့ ကျွန်တော်လဲ ငြင်းမရတော့ လိုက်ခဲ့ရတာပေါ့၊ ကားပေါ်မှာ ကျွန်တော်က ကားမောင်းတယ်၊ အဖေက ကျွန်တော့်ဘေးမှာထိုင်တယ်၊ အမေက ကားနောက်ခန်းမှာထိုင်တယ်၊ အိမ်က အကူကောင်မလေးလဲ အနောက်ခန်းမှာလိုက်လာတယ်။
မနက်စောစောထပြီးသွားကြတာပေါ့၊ အမြန်လမ်းပေါ်တက်ပြီးတော့ ဘောနပ်ကြီးလမ်းခွဲကနေ ပြန်ဝင်ပြီး ဝေါမြို့ကိုဖြတ်၊ အဲဒီကနေမှ ဘီးလင်းဘက်ဆက်ကြတာပေါ့၊ အဲဒီဘုန်းကြီးနေတဲ့နေရာက တော်တော်ခေါင်တယ်၊ကားလမ်းမကနေ မြေသားလမ်းတစ်ခုအတိုင်း ဆက်ဝင်ရင်း နောက်ဆုံးတောင်တွေကိုဖြတ်ကျော်ပြီးတော့မှ ရောက်တာ၊ အမေတို့ကတော့ ဘယ်ကဘယ်လိုသိပြီး ကိုးကွယ်သွားဖြစ်လဲတော့မသိပါဘူး။
ကျွန်တော်ကလဲ သိပ်မယုံတဲ့သူဆိုတော့ ခပ်ဝေးဝေးကနေပဲနေတယ်၊ ဒါပေမယ့် ကျောင်းဆောက်ဖို့ပိုက်ဆံလှူတော့ ကျွန်တော်လဲ ဝင်ပြီးကိုင်ရတယ်၊ အဲဒီအချိန်မှာ ဘုန်းကြီးက ကျွန်တော့်ကိုပြုံးပြိးကြည့်နေတယ်။
“မင်းက လူငယ်ဆိုတော့ ဘယ်ယုံပါ့မလဲကွာ၊ ဒါပေမယ့် ငါတစ်ခုတော့ပြောလိုက်မယ်၊ မင်းလက်ကိုငြိမ်ငြိမ်ထား”
အဲဒီလိုပြောလိုက်တော့ ကျွန်တော်လဲ စိတ်တိုသွားမိတယ်၊ ဟုတ်တယ်လေ၊ ဘာမှမလုပ်ပဲနဲ့ လက်ကိုငြိမ်ငြိမ်ထားဆိုတော့ စိတ်ထဲတော့ခံပြင်းသွားတာပေါ့လေ၊ လှူဒါန်းပြီးတော့ ကျွန်တော်တို့ပြန်လာတယ်၊ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာဝင်စားပြီးတော့ ပြန်မောင်းလာခဲ့တယ်၊ မွန်ပြည်နယ်ကလဲမိုးများလိုက်တာဗျာ၊ မိုးကစွေပြီးတော့ ချက်ချင်းရွာချလာတယ်၊ ကားလမ်းကလဲ ခပ်ကျဉ်းကျဉ်းဆိုတော့ ကျွန်တော်လဲ သတိထားပြီးတော့ မောင်းလာရတာပေါ့၊ ဒီလိုနဲ့ မောင်းပြီးသိပ်မကြာဘူး လမ်းကွေ့တစ်နေရာရောက်တော့ ကျွန်တော်အိပ်ချင်သလိုလို မှေးချင်သလိုလိုဖြစ်လာတယ်၊ အဲဒီအချိန်မှာပဲ အဖေက ပျင်းလာလို့နဲ့တူတယ်၊ အခွေတွေရွေးနေပြီးတော့ ကားထဲက အခွေစက်ထဲကို အခွေတစ်ခွေထည့်လိုက်တယ်၊ အခွေကိုကျွန်တော်လှမ်းကြည့်လိုက်တော့ စိုင်းထီးဆိုင်သီချင်းခွေ၊ အနောက်ခန်းမှာ အမေနဲ့ အိမ်အကူကောင်မလေးက စကားတွေပြောလာကြတယ်။
“ဆယ့်ခြောက်နှစ်လီ သုံးဆယ့်နှစ်”
သူတို့တစ်ခုခုကိုရေတွက်နေပုံရတယ်၊ အဲဒီအချိန်မှာပဲ ကျွန်တော်လဲ လမ်းကွေ့လေးအတိုင်း ကားကိုကွေ့လိုက်တော့ ခွေးကြီးတစ်ကောင်က ကားရှေ့မှာ ဘွားခနဲပေါ်လာတယ်။ ကျွန်တော်လဲ ကြံရာမရဖြစ်ပြီးတော့ စတီယာရင်ကို ညာဘက်ကိုဆွဲထည့်လိုက်တော့တယ်။ လမ်းတစ်ဖက်က တောင်နံရံကြီးဗျ၊ အဲဒီတောင်နံရံကြီးနဲ့ ကားနဲ့ပွတ်ပြီးတော့ ကားကမိုးပေါ်ပျံတက်သွားတယ်၊ နောက်တော့ ပက်လက်ကြီးမှောက်ပြီး ပြန်ကျတယ်ဗျာ။
အဲဒီအချိန်မှာပဲ တစ်ယောက်ယောက်က ကျွန်တော့်ကို ပုတ်နှိုးလိုက်သလိုခံစားရတယ်။ သတိကပ်လိုက်တော့ မိုးတွေက စရွာနေတုန်းရှိသေးတယ်၊ အဲဒီအချိန်မှာပဲ အဖေက စီဒီခွေတွေထည့်တဲ့ အယ်လ်ဘမ်ကိုဆွဲယူပြီး အခွေတစ်ချို့ကိုလှန်လှောရှာဖွေနေတယ်။ နောက်သူက စီဒီတစ်ချပ်ကိုဆွဲယူလိုက်တယ်၊ စိုင်းထီးဆိုင်သီချင်းခွေဗျ။
ကျွန်တော်လဲ အတော်လန့်နေပြီ၊ ဒါပေမယ့် စိတ်ထဲကလဲ ဟုတ်ပါ့မလားဆိုတဲ့ စိတ်လဲရှိနေတော့ သိပ်ပြီးမယုံချင်သေးဘူးပေါ့။ နောက်တော့ အနောက်ခန်းက အမေတို့ပြောနေတဲ့ စကားတွေကိုကြားလိုက်ရတယ်။
“ဆယ့်ခြောက်နှစ်လီ သုံးဆယ့်နှစ်”
အဲဒီအသံကြားတော့ ခေါင်းမွှေးတွေထောင်တက်လာတယ်၊ လူကလဲ အသင့်ဖြစ်နေပြီ၊ ဒါပြီးရင်လမ်းကွေ့လေး၊ လမ်းကွေ့လေးမှာ ခွေးများထွက်လာမလားပေါ့။ ဒီအချိန်မှာ မနက်က ဘုန်းကြီးပြောခဲ့တဲ့စကားကို ပြန်သတိရသွားတယ်၊ မင်းလက်ကိုငြိမ်ငြိမ်ထားတဲ့လေ၊ ကျွန်တော်လဲ နောက်တော့ လမ်းကွေ့လေးကိုကွေ့လိုက်တယ်၊ ထင်ထားတဲ့အတိုင်းပဲ ခွေးကြီးတစ်ကောင်က ကားရှေ့မှာ ဘွားခနဲပေါ်လာတယ်၊ ကျွန်တော်လက်တွေကို ကျောက်ရုပ်ကြီးလို ငြိမ်ငြိမ်ထားလိုက်တယ်။ လုံးဝမလှုပ်တော့ဘူး၊ ဒီတော့ ခွေးကိုကားနဲ့တိုက်မိသွားတယ်။
“ဝုန်း . .”
ဆိုတဲ့အသံကြားလိုက်ပြီး အတော်လှမ်းလှမ်းရောက်မှ ကျွန်တော်လဲ ကားကိုရပ်လိုက်တယ်။ လက်တွေက တုန်ယင်နေပြီး ကားစတီယာရင်ကြီးကို သေသေချာချာဆုပ်ကိုင်ထားတုန်းပဲ၊ အဖေက ကျွန်တော့်ကိုကြည့်ပြီး
“ခွေးကိုတိုက်မိတာပါသားရယ်၊ စိတ်အေးအေးထားစမ်းပါ”
ကျွန်တော့်ရုပ်က အလွန်တရာထိတ်လန့်တုန်လှုပ်နေတဲ့ရုပ်ကြီးဖြစ်နေတယ်၊ ချွေးစီးတွေကလဲ နဖူးကနေစီးကျနေတယ်၊ အဖေတို့က ကားပေါ်ကဆင်းပြီးတော့ ခွေးပိုင်ရှင်ကိုရှာတယ်၊ အဲဒီနားမှာ အိမ်ကလေးတွေရှိတော့ အိမ်ကလေးတစ်အိမ်က ခွေးတစ်ကောင်ပါ၊ ခွေးဖိုးငွေလျှော်ပေးခဲ့ပြီးတော့ ကားပေါ်ပြန်တက်လာတဲ့အထိ ကျွန်တော့်လက်တွေက စတီယာရင်ကနေ မခွာနိုင်သေးဘူး၊ နောက်တော့ ကျွန်တော့်စိတ်အခြေအနေကို သိတာနဲ့ အဖေက သူကားဝင်မောင်းတယ်၊ ကျွန်တော် အရမ်းကြောက်နေမိတယ်၊ ကြောက်နေတယ်ဆိုတာလဲ ခွေးကိုတိုက်လို့မဟုတ်ဘဲနဲ့ ကိုယ်ဘယ်လိုဖြစ်မယ်ဆိုတာကို ကြိုမြင်ပြီးသိလိုက်ရတယ်၊ နောက်ပြီး အဲဒီအတိုင်း တစ်ထပ်တည်း ပြန်ဖြစ်တာကို သိလိုက်ရတော့ စိတ်ထဲအရမ်းရှော့ဖြစ်သွားတယ်။
ဆရာတော်ကိုကျေးဇူးတင်တာကြောင့် ဦးတွေချည်းမှန်းပြီးကုန်းချနေမိတယ်။ အမေတို့ကတော့ ကျွန်တော့်ကိုကြည့်ပြီး ထူးဆန်းနေကြတာပေါ့၊ အဲဒီမှာကျွန်တော် စပြီးတော့ လောကီပညာရပ်တွေကို နည်းနည်းယုံကြည်လာခဲ့တာပဲ။
(ခ)
နောက်အဖြစ်ကတော့ မြို့ထဲမှာဖြစ်တာဗျ။ အဲဒီနေ့က ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ဗျ၊ သူဌေးသားတွေဆိုတော့လည်း မွေးနေ့ကို အိမ်မှာမလုပ်ဘဲ ညရောက်တော့မှ ကလပ်မှာသွားပြီးလုပ်ကြတာပေါ့ဗျာ၊ ကြီးကြီးကျယ်ကျယ်လုပ်တာမဟုတ်ပါဘူး သူငယ်ချင်းတွေအတူတူသွားသောက်ကြတာပါ၊ မွေးနေ့ရှင်ကတော့ ဒကာခံတာပေါ့ဗျာ။
ဒီလိုနဲ့ ကျွန်တော်လဲ ကားမောင်းပြီးထွက်ခဲ့တယ်၊ ကျွန်တော်တစ်ယောက်တည်းထွက်လာတာ၊ ကျန်တဲ့သူငယ်ချင်းတွေက ရောက်တဲ့သူက ရောက်နှင့်နေကြပြီ။
ကလပ်ရဲ့ကားပါကင်မှာ ကားကိုရပ်လိုက်တယ်၊ ကားစက်ရပ်ပြီး နာရီကိုကြည့်လိုက်တော့ ည ၉ နာရီ ၁၅ မိနစ်တိတိဗျ။ ကားတံခါးဖွင့်ပြီး ကားပေါ်ကနေဆင်းလိုက်တယ်။ ဆင်းပြီး တစ်လှမ်း နှစ်လှမ်းပဲလျှောက်ရသေးတယ်။ အနောက်ကနေ လူတစ်ယောက်ပြေးလာသံကိုကြားလိုက်ရတယ်၊ ဒါနဲ့ ကျွန်တော်လဲ အမှတ်မထင်လှည့်ကြည့်လိုက်တော့ အကျီအနက်ဝတ်ထားတဲ့လူတစ်ယောက်က ကျွန်တော့်ဆီပြေးလာပြီးတော့ လက်ထဲမှလဲ တုတ်တစ်ချောင်းကိုင်ထားတယ်။ ကျွန်တော်ကြည့်နေတဲ့အချိန်မှာပဲ ကျွန်တော့်ခေါင်းကို တုတ်နဲ့တိန်ခနဲရိုက်ထဲ့လိုက်တာ ခေါင်းကြီးတစ်ခုလုံး ပူထူသွားတယ်။
ကျွန်တော်ဆတ်ခနဲဖြစ်သွားပြီးတော့ သတိပြန်ရလိုက်တယ်၊ အဲဒီအချိန်မှာ ကျွန်တော်က ကားပါကင်ထဲရောက်နေပြီ၊ ကားစက်ရပ်ဖို့လုပ်ရင်း နာရီကိုကြည့်လိုက်တော့ ၉ နာရီ ၁၄ မိနစ်ဗျ၊ ကျွန်တော်ဒီတစ်ခါတော့ ယုံသွားပြီ၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိဆိုပြီးတော့ ကားကိုစက်မရပ်တော့ဘဲ ပါကင်ထဲကနေ ပြန်မောင်းထွက်လာခဲ့တယ်။ အဲဒီညလဲ ကလပ်ကိုမရောက်တော့ဘူး၊ သူငယ်ချင်းတွေက ဖုန်းဆက်ပြီးခေါ်ရှာတယ်၊ ကျွန်တော်ကတော့ ဖျားနေလို့ဆိုပြီးအကြောင်းပြလိုက်သည်။
နောက်နေ့စုံစမ်းလိုက်တော့မှ ကလပ်မှာ လူရိုက်မှုဖြစ်တယ်တဲ့။ အရင်က ရန်ငြိုးရှိခဲ့တဲ့လူတစ်ယောက်ကို ချောင်းရိုက်တာဆိုပဲ၊ ကျွန်တော်အရမ်းထိတ်လန့်သွားသလို စိတ်ထဲလဲကျေနပ်သွားမိတယ်။ ထိတ်လန့်သွားရတာကတော့ ကျွန်တော်မြင်တဲ့ပုံစံအတိုင်းဘဲ ရိုက်တဲ့လူက အနက်ရောင်အဝတ်အစားတွေကိုဝတ်ဆင်ထားတယ်၊ စီစီတီဗွီက ပြန်ကြည့်တော့ လူတစ်ယောက်က ကျွန်တော်ကားရပ်တဲ့နေရာမှာရပ်လိုက်ပြီး ကားပေါ်ကဆင်းလာတယ်၊ အဲဒီလူကိုကြည့်ရတာ ကျွန်တော်နဲ့ကိုယ်လုံးကိုယ်ပေါက်ခြင်းတူနေပြီး ဆံပင်ပုံစံကအစ တော်တော်တူနေတာပါ။ ကျွန်တော် ကားပေါ်ကမဆင်းခဲ့မိတာ အလွန်ကံကောင်းတယ်လို့ မှတ်ယူလိုက်တယ်။ ဆင်းများဆင်းလိုက်လို့ကတော့ လူမှားပြီး ကျွန်တော့်ကို အရိုက်ခံရမှာလေ။
(၃)
နောက်ဆုံးအဖြစ်အပျက်ကတော့ လှေတိုက်တာဗျ။ မှတ်မှတ်ရရ မိုးတွင်းကြီးပေါ့ဗျာ၊ သူငယ်ချင်းတစ်ယောက်က ဖျာပုံဘက်မှာ ဆန်စက်ထောင်ထားတယ်၊ ကျွန်တော်ကလဲ လုပ်ငန်းလေးတစ်ခုလုပ်ချင်တာနဲ့ သူ့ဆန်စက်ကိုသွားကြည့်တာပေါ့။ ဆန်စက်ကိုသွားကြည့်ရင်း သူက အနီးအပါးက အခြားဆန်စက်တွေကိုလဲ လိုက်ပြတယ်။
အဲဒီမှာ ကုန်းလမ်းလဲသုံးသလို ရေလမ်းကိုလဲသုံးကြတယ်၊ ချောင်းရိုးကြီးအတိုင်း လှေနဲ့သွားကြတာပေါ့။ လှေဆိုပေမယ့် စက်တပ်ထားတဲ့လှေတွေသုံးတာပေါ့၊ ကျွန်တော်တို့က လူနည်းတော့ ကျွန်တော့်သူငယ်ချင်းက မော်တော်ဘုတ်ခေါ်မှာပေါ့ စက်တပ်ထားတဲ့ လှေအသေးလေးနဲ့ လိုက်ပို့ကြတာပေါ့။
အပြန်မှာကျတော့ ညနေနည်းနည်းစောင်းနေပြီ၊ မိုးကလဲ တော်တော်ကလေး သည်းနေပြီပေါ့၊ မော်တော်ပေါ်မှာဆိုတော့ ထီးလဲဆောင်းမနေတော့ဘဲ ဆန်စက်ကိုအမြန်ပြန်ခဲ့ကြတာပေါ့ဗျာ။
ကျွန်တော်လဲ ဟိုကြည့်ဒီကြည့်လုပ်နေတုန်းမှာ ကျွန်တော်တို့မော်တော်ကလေးမောင်းလာတဲ့ ချောင်းရိုးဘေးနားမှာ လှေကလေးတစ်စင်းမောင်းနေတယ်၊ အဲဒီလှေကလေးပေါ်မှ ကလေးငယ်နှစ်ယောက်ပါတယ်ဗျ။ ကျွန်တော်လဲ ကျွန်တော့်သူငယ်ချင်းကိုကြည့်လိုက်တော့ သူက မော်တော်မောင်းတဲ့သူနဲ့ စကားတွေပြောနေတယ်။
“မိုးကလည်း သည်းလိုက်တာကွာ”
အဲဒီလိုပြောပြီး ညည်းညူနေတယ်၊ မကြာဘူး ချောင်းကွေ့လေးတစ်ခုရောက်တယ်၊ အဲဒီမှာမော်တော်မောင်းတဲ့သူက ချောင်းရိုးကို ပန်းပြီးအကွေ့မှာ တစ်ဖက်က တည့်တည့်လာတဲ့မော်တော်နဲ့ ခေါင်းချင်းဆိုင်မိတယ်၊ ကျွန်တော့်မျက်လုံးထဲ အဲဒီအဖြစ်က မျက်လုံးထဲကကိုမထွက်သေးဘူးဗျာ၊ တစ်ဖက်က လာတဲ့မော်တော်ရဲ့ဦးခေါင်းအောက်ကို ကျွန်တော်တို့မော်တော်ရဲ့ထိပ်ပိုင်းက ဝင်သွားတော့ တစ်ဖက်က မော်တော်က ကျွန်တော်တို့မော်တော်အပေါ်ဘက်ကနေပြီးတော့ ဖြတ်ချသွားတယ်။ အဲဒီတစ်ဖက်က မော်တော်ရဲ့နောက်မြီးက ရေဒလက်ကြီးက ကျွန်တော့်မျက်နှာနဲ့ ခေါင်းကိုခုတ်ချသွားတာဗျာ၊ ပါးစပ်ထဲ သံအရသာကြီးစွဲနေပြီးတော့ ကျွန်တော်လဲ ပက်လက်ကြီးလဲကျသွားတာပဲ။
အဲဒီလိုမြင်လိုက်ရပြီးတဲ့နောက်မှာတော့ ကျွန်တော့်ခေါင်းတွေပူထူသွားတယ်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တာ့ လှေငယ်ကလေးတစ်စင်းထဲမှာ ကလေးငယ်လေးနှစ်ယောက်က လှေလှော်နေကြတယ်။ ဒါနဲ့ ကျွန်တော်လဲ သိလိုက်ပြီ၊ ပိုသေချာသွားအောင် သူငယ်ချင်းဘက်ကို လှည့်ကြည့်လိုက်တယ်။ သူငယ်ချင်းက မော်တော်မောင်းတဲ့သူနဲ့ စကားတွေပြောနေတာပေါ့။
“မိုးကလည်း သည်းလိုက်တာကွာ”
သူက အဲဒီအတိုင်းရေရွတ်လိုက်တယ်၊ ကျွန်တော် ကြက်သီးတွေ တဖြန်းဖြန်းထသွားတယ်။ အရှေ့ကိုလှမ်းကြည့်လိုက်တော့ ချောင်းကွေ့လေးကိုမြင်နေရပြီ၊ ချောင်းရိုးဘေးမှာပေါက်နေတဲ့ သစ်ပင်တန်းတွေကြောင့် တစ်ဖက်မှာလာနေတဲ့ မော်တော်ကို မမြင်ရဘူး၊ နောက်ပြီး မိုးရွာနေတာကြောင့် အသံတွေကလဲ ဆူညံနေတော့ တစ်ဖက်ကလာတဲ့မော်တော်သံကို မကြားရဘူးဖြစ်နေတယ်။
ကျွန်တော်လဲ မော်တော်မောင်းတဲ့သူကို လှမ်းသတိပေးဖို့ကြိုးစားပေမယ့် အရမ်းနောက်ကျသွားပြီ၊ မော်တော်ဆိုတာက ကားတွေလိုမဟုတ်ဘူး။ ဘရိတ်မပါတဲ့အတွက်ကြောင့် ချက်ချင်းရပ်ဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ဘူးလေ၊ နောက်ပြီး ဒီအရှိန်နဲ့ဆိုရင် နောက်ထပ် မျက်စိတစ်မှိတ်အတွင်းမှာ မော်တော်နှစ်စီးက တိုက်မိတော့မှာဖြစ်တယ်။ ကျွန်တော်လဲ ကြံရာမရတဲ့အဆုံးမှာတော့ မော်တော်ဝမ်းဗိုက်ထဲကို ကုန်းပြီးတော့ ပြားနေအောင်မှောက်ထားလိုက်တယ်။ ကျွန်တော်မှောက်လို့ ပြီးတာနဲ့ မော်တော်မောင်းသူနဲ့ ကျွန်တော့်သူငယ်ချင်းတို့ရဲ့ အော်ဟစ်သံတွေကိုကြားလိုက်ရတယ်၊ နောက်တော့ ဒုန်းခနဲ မော်တော်တိုက်မိသံကြီးကြားလိုက်ရပြီးနောက် တစ်ဖက်မော်တော်က ကျွန်တော်တို့မော်တော်ကို အပေါ်ကနေဖြတ်ပျံသွားတယ်၊ တဝီဝီလည်နေတဲ့ ရေဒလက်ပြားကြီးရဲ့အသံကို ကျွန်တော်အခုထိ နားထဲပြန်ကြားနေတုန်းပဲ၊ ကျွန်တော့်ကိုမထိတဲ့ ရေဒလက်ပြားကြီးက ကျွန်တော့်သူငယ်ချင်းရဲ့ပုခုံးကိုသွားထိတယ်။ သူ့ပုခုံးက အသားတွေဖွာလန်သွားပြီး အရိုးတွေတောင်ပေါ်ကုန်တယ်။ ကျွန်တော်သာ ဆက်ထိုင်နေမယ်ဆိုရင် ကျွန်တော့်မျက်နှာကြီး စုတ်ပြတ်သပ်ထွက်သွားမှာပါ။ အခုတော့ ကျွန်တော်က ဖြစ်တော့မယ်မှန်း ယုံကြည်လိုက်လို့သာ သေကံမရောက် သက်မပျောက်ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းကစပြီး ကျွန်တော် ဒေးဂျဗူးလ်တွေကို ယုံကြည်တတ်လာတယ်။ အဖေနဲ့အမေကိုပြန်ပြောပြတော့ ဒါ နတ်ကောင်းနတ်မြတ်တွေက သားကို သတိပေးတာပဲလို့တော့ပြောကြတယ်၊ တစ်ချို့လူတွေကတော့ မယုံတတ်ကြပေမယ့် ကျွန်တော်ကတော့ စိတ်ထဲ စွဲစွမြဲမြဲကို ယုံကြည်သွားခဲ့ပါပြီ၊ နောက်ပိုင်း အဲဒီလိုအဖြစ်လေးတွေကြုံလာရင်တော့ ကျွန်တော် တတ်နိုင်သလောက်တောင့် ရှောင်ရှားနိုင်ခဲ့ပါတယ်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်