အပိုင်း(၄) ဇာတ်သိမ်းပိုင်း
“ခင် . . ခင်ဗျားတော်တော်ရက်စက်တဲ့မိန်းမကြီးပဲ”
“ရက်စက်တယ်ဟုတ်သလား . . . ဟား၊ ဟား၊ အရင်တုန်းကတော့ ငါ့ကိုယ်ထဲက စုန်းကဝေက လူသားစားချင်လို့စားခဲ့တာ၊ အခုတော့ ငါကိုယ်တိုင်ကိုက လူသားကလွဲပြီး ဘာသားမှ မစားချင်တော့ဘူးလေ၊ ကဲပါ၊ ဒါတွေနင်တို့သိလည်း အပိုပဲ၊ ဘာလို့လဲဆိုတော့ မနက်ဖြန်မြကြီးရဲ့ ကျန်တဲ့အသားတွေကို ငါစားပစ်မယ်၊ နောက်နေ့ကျရင်တော့ နင်တို့နှစ်ယောက်ကိုအရင်စားမယ်၊ ဟောဒီက ထွားထွားကျိုင်းကျိုင်းနဲ့လူကြီးကိုတော့ ငါ့ဘက်ပါအောင် စည်းရုံးရအုံးမယ်လေ”
မသဲဖြူကပြောလိုက်ကာ ဖိုးထွား၏ ကျစ်လျစ်သန်မာလှသည့် ရင်ဘတ်ကြွက်သားကြီးများနှင့် ဗိုက်ကြွက်သားများကို လက်ဖြင့်ပွတ်သပ်နေသေးသည်။ ထို့နောက် မသဲဖြူက အသံအကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး အိပ်ရာပေါ်တက်သွားလေသည်။
“ငါအိပ်ချင်ပြီ၊ အိပ်တော့မယ်”
မသဲဖြူက ကွေးကွေးကလေးအိပ်သွားလေသည်။ အပြူးနှင့် ဒိုးလုံးတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ဒိုးလုံးက သူ့ခြေထောက်တွင်ချည်နှောင်ထားသည့် ကြိုးများကိုဖြေနေသည်။ ကိုမြကြီးချည်နှောင်ထားခဲ့သည်မို့ ဖြေရခက်နေသည့်အပြင် မသဲဖြူနိုးသွားမည်ကိုလည်း စိုးရိမ်သဖြင့် ခပ်ဖြည်းဖြည်းသာဖြေရသည်။ တစ်နာရီခန့်ကြာသည့်အခါ ဒိုးလုံးခြေထောက်ကြိုးပြေသွားလေသည်။
“ဟေ့ကောင်၊ ငါ့ကိုလည်း ဖြေပေးအုံးလေ”
အပြူးကပြောသဖြင့် ဒိုးလုံးလည်း အပြူး၏ခြေထောက်နှင့် လက်တွင် ချည်နှောင်ထားသည့် ကြိုးများကိုဖြေပေးလိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်လေသည်။
“ငါတို့ချည်းသွားလို့ကောင်းပါ့မလားကွ၊ ဦးဖိုးထွားကျန်ခဲ့ရင် မသဲဖြူက သူ့ကိုပါသတ်စားမှာကွ”
အပြူးကပြောသဖြင့် ဒိုးလုံးလည်းခေါင်းညိတ်လိုက်သည်။ ထို့နောက် ဖိုးထွား၏ ခြေလက်တွင် ချည်နှောင်ထားသည့် ကြိုးများကိုဖြေပေးလိုက်လေသည်။ ဒိုးလုံးက ဖိုးထွားမျက်နှာအနီးသို့ကပ်ပြီး အသာလေးအသံပြုကြည့်သည်။
“ဗျို့ ဦးဖိုးထွား၊ ထစမ်းပါအုံးဗျ”
အပြူးက ကျောက်စက်ရေများကိုပြေးခပ်ပြီး ဖိုးထွားမျက်နှာပေါ်သို့ ပွတ်သပ်လိုက်တော့မှ ဖိုးထွားကလန့်နိုးလာသည်။
“ဟင်၊ ငါ . . ငါဘယ်ရောက်နေတာလဲ”
ဖိုးထွားပါးစပ်ကို ဒိုးလုံးက အတင်းလှမ်းပိတ်သည်။
“တိုးတိုးပြောစမ်းပါဗျ၊ တော်ကြာ ဟိုစုန်းမကြီး နိုးသွားအုံးမယ်”
ဖိုးထွားက သူ့အနီးတွင် ရင်ဘတ်ကြီးပွင့်နေသည့် ကိုမြကြီးအလောင်းကိုကြည့်လိုက်ပြီးနောက် မသဲဖြူကိုတစ်ချက်ကြည့်လိုက်သည်။ မသဲဖြူမှာ တခေါခေါနှင့် အိပ်မောကျနေလေသည်။
“အဲ . . အဲဒါဘယ်သူကြီးလဲ”
“ဘယ်သူရှိရမှာလဲဗျာ၊ ပြောင်းပြာရွာသူ မသဲဖြူလို့ခေါ်တဲ့ လူစားတဲ့စုန်းမကြီးပေါ့”
“အချိန်မရှိဘူး၊ ကျုပ်တို့မြန်မြန်ပြေးရအောင်”
ကလေးနှစ်ယောက်ကပြောသဖြင့် ဖိုးထွားလည်းခေါင်းညိတ်ပြီး မတ်တပ်ထရပ်လိုက်သည်။ အမှောင်ထဲမို့ ဘယ်ကိုပြေးရမှန်းမသိပေ၊ သူတို့သုံးယောက် စမ်းတဝါးဝါးနှင့်ပြေးလာရင်း ဂူပေါက်ဆီသို့ရောက်လာခဲ့သည်။ အပြင်တွင်တော့ အုပ်ဆိုင်းမှောင်မဲနေသည့် တောနက်ကြီးကိုမြင်တွေ့ရသည်။
“ဒီတောထဲကိုပြေးမှရမယ်၊ တော်ကြာမသဲဖြူကြီးနိုးလာပြီး ငါတို့ကိုလိုက်ရှာနေအုံးမယ်”
ဖိုးထွားက ဦးဆောင်ပြီး အမှောင်ထဲ စမ်းတဝါးဝါးနှင့်ပြေးကြသည်။ ညမှောင်သည်မို့ ခလုပ်ကန်သင်းများနှင့်တိုက်မိပြီး ပွန်းပဲ့ဒဏ်ရာများရကုန်သည်။ အမှောင်ထဲသွားလာရသည်မို့ ခရီးကလည်း သိပ်မတွင်လှပေ၊ သူတို့ခပ်လှမ်းလှမ်းကိုရောက်သောအခါ သူတို့အနောက်မှ အသံတစ်ခုကိုကြားလိုက်ရသည်။ မျက်လုံးစိမ်းစိမ်းကြီးလင်းနေသည့် မသဲဖြူက ခွေးတစ်ကောင်ကဲ့သို့ လေးဘက်ထောက်ပြီးပြေးလာလေသည်။
“ဟာ၊ မသဲဖြူကြီးလိုက်လာပြီ၊ ပြေး . . . ပြေးကြဟေ့”
ဖိုးထွားကပြောဆိုရင် ပြေးတော့သည်။ ဒိုးလုံးနှင့်အပြူးလည်း အလွန်ကြောက်လန့်ပြီး ခြေကုန်ပြေးကြသည်။ သို့သော် အပြူးကပြေးနေရင်း အရှေ့တွင်နိမ့်ကျနေသည့် သစ်ကိုင်းတစ်ခုကိုမမြင်ဘဲ ခေါင်းနှင့်တိုက်မိကာ အနောက်သို့ပက်လက်လန် လဲကျသွားသည်။
“အပြူး၊ လာ . . လာ”
အပြူးမှာခေါင်းမူးပြီး ချက်ချင်းမထနိုင်သဖြင့် ဒိုးလုံးကပြေးဆွဲလေသည်။ နှစ်ယောက်တွဲကြီးမို့ပြေးရတာ အားမပါလှပေ။ သို့နှင့် ဖိုးထွားကရပ်လိုက်ပြီး
“ဒီအတိုင်းဆက်ပြေးနေရင် ငါတို့သုံးယောက်စလုံး ဖမ်းမိသွားလိမ့်မယ်ကွ”
“ဒါဆိုဘယ်လိုလုပ်ကြမလဲ ဦးဖိုးထွား”
“မင်းတို့နှစ်ယောက် ညာဘက်တန်းတန်းကိုပြေးကွာ၊ ငါကတော့ ဘယ်ဘက်ကိုပြေးမယ်၊ မသဲဖြူကြီးကို မျှားခေါ်သွားမယ်”
ဒိုးလုံးတို့လည်း ခေါင်းညိတ်လိုက်ပြီး ဖိုးထွားပြသည့်အတိုင်း ညာဘက်သို့ပြေးကြလေသည်။ ဖိုးထွားကတေ့ မသဲဖြူသူ့ကိုမြင်သာစေရန်အတွက် အသံကုန်ဟစ်အော်လိုက်ပြီး ဆက်ပြေးသည်။ ဖိုးထွားမှန်းသည့်အတိုင်းပင်ဖြစ်သည်။ မသဲဖြူက ဒိုးလုံးတို့ပြေးလွှားနေသည့်အနောက်သို့ မလိုက်တော့ဘဲ ဖိုးထွားအနောက်သို့သာ အပြေးလိုက်လေသည်။
မသဲဖြူမှာ စုန်းဝင်နေသဖြင့် အလွန်အပြေးမြန်လေသည်။ ပြေးရာတွင်လည်း လူလိုခြေနှစ်ချောင်းနှင့်မပြေးဘဲ ခွေးတစ်ကောင်လို ခြေလေးချောင်းချပြီး ကုန်းကုန်းကြီးပြေးလေသည်။ ဖိုးထွားမှာ မသဲဖြူလက်ကလွှတ်အောင် မနည်းအားစိုက်ပြေးနေရသည်။
သစ်ပင်များ ခပ်စိပ်စိပ်ပေါက်နေသည့် တောအုပ်အတွင်းသို့ရောက်သည့်အခါ မသဲဖြူက သစ်ပင်ပင်စည်များအပေါ်သို့ လွှားခနဲလွှားခနဲခုန်ကာသစ်ပင်ပေါ်မှလိုက်လေသည်။ မျောက်တစ်ကောင်ကဲ့သို့ တစ်ပင်နှင့်တစ်ပင် ခုန်ကူးလျှက် ဖိုးထွားကိုအပေါ်စီးမှ လိုက်တော့သည်။ မကြာခင် မသဲဖြူက ခုန်အုပ်ထည့်လိုက်ရာ ဖိုးထွားကျောကုန်းပေါ်သို့ကျရောက်ပြီး ဖိုးထွားလည်းအရှိန်ပြတ်ကာ နှစ်ဦးစလုံးမြေပေါ်တွင် ဒလိမ့်ခေါက်ကွေး လဲကျသွားလေသည်။
ဖိုးထွားက ထပြေးမည်လုပ်သော်လည်း မသဲဖြူက ဖိုးထွားလက်ကို ဖမ်းချုပ်ထားသည်။ ဖိုးထွားလည်း မသဲြဖူမျက်နှာတည့်တည့်ကို လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးချလိုက်သည်။ မသဲဖြူမှာ လက်သီးဒဏ်ခံရပြီး ခေါင်းမှာတစ်ဘက်သို့လည်ထွက်သွားသော်လည်း နာကျင်သည့်ပုံမပေါ်ပေ။
“မင်းက ငါ့ကိုများထိုးချင်တယ်ပေါ့၊ ဟုတ်လား”
မသဲဖြူက ဖိုးထွားဆီသို့ပြေးဝင်သွားကာ ဖိုးထွားရင်ဘတ်ကို သူ့လက်ဖျံနှင့် ရိုက်ထည့်လိုက်လေသည်။ ထိုအခါ ဖိုးထွားမှာ အနောက်သို့ဆယ်ပေခန့်လွင့်ထွက်သွားပြီး သစ်ပင်ပင်စည်တစ်ခုနှင့် ဆောင့်မိသွားလေသည်။ မသဲဖြူက ဖိုးထွားအနားသို့လျှောက်လာသည်။ ထို့နောက် ကုန်းကုန်းကြီးဖြစ်နေသည့် ဖိုးထွား၏ နံကြားထဲသို့ ခြေထောက်ဖြင့်ကန်ထည့်လိုက်ရာ ဖိုးထွားမှာ ဘောလုံးတစ်လုံးအကန်ခံရသလို လွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နှင့် တိုက်မိသွားလေသည်။
မသဲဖြူက ဖိုးထွားအား စိတ်တိုင်းကျထိုးကြိတ်နေလေရာ ဖိုးထွားမှာ သဲအိတ်ကြီးတစ်အိတ်အလား မသဲဖြူထိုးသမျှကိုခံနေရလေသည်။ မသဲဖြူထိုးချက်ကလည်း အလွန်အားကောင်းလှပေရာ အားကောင်းမောင်းသန် ဖိုးထွားကြီးပင် တစ်ချက်တစ်ချက် အထိုးခံထိတိုင်း လေပေါ်သို့မြောက်တက်ကာ လွင့်လွင့်ထွက်သွားရသည်။
“မင်း ငါခိုင်းတာကိုလုပ်မလား၊ အသေခံမလား”
ဖိုးထွားက မသဲဖြူကိုအံကြိတ်ကာကြည့်လိုက်ရင်း
“မင်းခိုင်းတာကိုတော့ မလုပ်နိုင်ဘူး၊ မင်းငါ့ကို သတ်ချင်ရင်သတ်ပစ်လိုက်”
ဖိုးထွားပြောသည့်အခါ မသဲဖြူက ဖိုးထွားလည်ပင်းကို လက်တစ်ဖက်ဖြင့် ဖြစ်ညှစ်ဆုပ်ကိုင်လိုက်ပြီးနောက် ဖိုးထွားအား လေပေါ်သို့မြှောက်တင်လိုက်သည်။ ဖိုးထွားလည်း မသဲဖြူ၏လက်ကိုပြန်လည်ဆုပ်ကိုင်ကာ ရုန်းကန်နေသော်လည်း အားချင်းမမျှတော့ပေ၊ မသဲဖြူက ဖိုးထွားကိုကြည့်ကာ ပြုံးလိုက်ပြီးနောက် သစ်ပင်တစ်ပင်ဆီသို့လွှင့်ပစ်လိုက်ရာ ဖိုးထွားမှာ သစ်ပင်နှင့်တိုက်မိပြီး ပြုတ်ကျသွားလေသည်။
“ပြောစမ်း၊ ဒါမင်းအတွက် နောက်ဆုံးအခွင့်အရေးပေးတာပဲ၊ မင်းငါခိုင်းတာကိုလုပ်မလား၊ အသေခံမလား”
ဖိုးထွားပါးစပ်ထဲမှ သွေးတွေက ပွက်ခနဲအန်ကျလာလေသည်။ ဖိုးထွားက ထထိုင်ရန်လုပ်လိုက်သော်လည်း မထနိုင်တော့ပေ၊ မသဲဖြူက ဖိုးထွားရင်ဘတ်ပေါ်ကို တက်ခွထိုင်လိုက်ပြီးတော့
“မင်းငါခိုင်းတာကိုလုပ်မှာလား”
ဖိုးထွားလည်း အသက်နှင့်မို့ တကယ်သေရပြန်တော့မယ်ဆိုတော့လည်း အလွန်ကြောက်ရွံ့နေမိသည်။ မသဲဖြူက သူ့လက်သည်းရှည်ကြီးဖြင့် ဖိုးထွား၏ရင်ဘတ်ကို ထိုးစိုက်ရန်ပြင်နေစဉ်မှာပင်
“မ . . . မသတ်ပါနဲ့၊ ကျုပ် . . . ခင်ဗျားခိုင်းတာလုပ်ပါမယ်”
“ဒီလိုမှပေါ့ . . . ဟား၊ ဟား”
“ကျုပ် . . . ကျုပ်ဘာလုပ်ပေးရမှာလဲ”
မသဲဖြူက ဖိုးထွား၏မျက်နှာကိုကုန်းပြီး နမ်းလိုက်သည်။ လူသွေးများပေကျံနေသည့် မသဲဖြူပါးစပ်ကြီးက သွေးညှီနဲ့နှင့် အပုပ်နံ့တွေပေါင်းပြီး အလွန်အန်ချင်စရာကောင်းလှသည်။ မသဲဖြူက နမ်းရှုံ့နေရင်း ဖိုးထွား၏ ရင်ဘတ်ကိုလျှာဖြင့်ယက်နေသေးသည်။
“ခင်ဗျား ကျုပ်ကိုဘာခိုင်းမှာလဲ”
မသဲဖြူက ပြုံးလိုက်ကာ
“ငါ့ကိုချစ်စမ်းပါ၊ ငါ့ကိုကြင်နာစမ်းပါ၊ ဒါဆို နင့်အတွက်လည်း အကျိုးမနည်းစေရပါဘူးဟဲ့”
မသဲဖြူက ဖိုးထွားရင်ဘတ်ကိုပွတ်သပ်ရင်း တစ်ခုခုကိုမန်းမှုတ်လိုက်ရာ ဖိုးထွားတစ်ကိုယ်လုံးတွင် ရရှိထားသည့် ဒဏ်ရာများမှာ တမဟုတ်ချင်း ပျောက်ကင်းသွားလေသည်။ မသဲဖြူမှာလည်း ယခင်လို စုန်းရုပ်ကြီးမဟုတ်တော့ဘဲ ဖြူဖြူချောချောနဂိုရုပ်သွင်ပြန်ဖြစ်သွားလေသည်။ ဖိုးထွားလည်း မသဲဖြူပွတ်သပ်နေသဖြင့် ရာဂစိတ်တွေ ထကြွလာလေသည်။ ထို့နောက် မသဲဖြူကိုပွေ့ဖက်ကာ ပြန်လည်နမ်းရှုပ်လိုက်လေသည်။
“ဟား . . .ဟား၊ ဒီလိုမှပေါ့ ယောက်ျားရယ် . . .”
(၁၂)
မကြာခင်မိုးလင်းတော့မည်၊ နေထွက်လုစပြုနေပြီဖြစ်သဖြင့် မနက်ခင်းအလင်းရောင်များမှာ တောအုပ်ကြီးအတွင်းသို့ ဖြန့်ကျက်ကာ ကျဆင်းလာလေသည်။ ဒိုးလုံးနှင့် အပြူးတို့လည်း ခြေဦးတည့်ရာကို ပြေးလွှားနေရင်း အလွန်မောပန်းနေပြီဖြစ်သည်။ အရှေ့တွင် စမ်းရေစီးသံကြားသဖြင့် စမ်းချောင်းကလေးအတွင်းသို့ ဆင်းလိုက်ကာ စမ်းရေကို အငမ်းမရ ကုန်းသောက်ကြလေသည်။
“မောလိုက်တာ ဒိုးလုံးရာ”
“မောလည်း သည်းခံလိုက်စမ်းပါ အပြူးရ၊ ငါတို့ ဒီတောကြီးထဲက မထွက်နိုင်သရွေ့ မသဲဖြူကြီးလက်က မလွတ်သေးဘူးမဟုတ်လား”
ထိုစဉ် သူတို့အနောက်တောဘက်တွင် တောတိုးသံများကိုကြားရလေသည်။ အပြူးနှင့် ဒိုးလုံးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် လူကြီးခါးလယ်ခန့်ရေနက်သည့် စမ်းချောင်းကလေးကို အတင်းဖြတ်ကူးကြလေသည်။ စမ်းချောင်းတစ်ဖက်သို့ရောက်ရန် အတော်ကူးယူရသည်။
“နေအုံးကွ၊ အနောက်ကလိုက်လာတာ မသဲဖြူကြီးမဟုတ်ဘဲ ဦးဖိုးထွားကြီးဆိုရင်ရော”
“အေးကွ၊ ဖြစ်နိုင်တယ်၊ ငါတို့ ဒီနားကနေပုန်းပြီးတော့ ချောင်းကြည့်နေကြမယ်”
စမ်းချောင်းအနီးရှိ ကျောက်တုံးများကြားတွင် အပြူးတို့နှစ်ယောက် ပုန်းအောင်းနေကာ အသံကြားရာသို့ချောင်းကြည့်နေကြသည်။ မကြာခင်တွင် တောချုံများကြားမှ ဝုန်းခနဲလူတစ်ယောက်က ထိုးထွက်လာလေသည်။ ထိုလူကိုမြင်သည့်အခါ အပြူးတို့နှစ်ယောက် ပျော်ရွှင်သွားသည်။ လက်တစ်ဖက်တွင် တောခုတ်သည့်ဓါးမကြီးကို ကိုင်ဆောင်ထားသည့် ဖိုးထွားဖြစ်နေသောကြောင့်ဖြစ်သည်။ ဖိုးထွားက စမ်းချောင်းအစပ်တွင် တစ်ခုခုကိုလိုက်ရှာနေလေရာ အပြူးတို့က
“ဝေး၊ ဦးဖိုးထွား . . ဒီမှာ ကျုပ်တို့ဒီမှာ”
မတ်တပ်ရပ်ကာ အော်ခေါ်လိုက်သည်။ ထိုအခါ ဖိုးထွားက သူတို့ကိုကြည့်ပြီး ပြုံးလေသည်။ ထို့နောက် ဖိုးထွားအနောက်မှ မသဲဖြူက ထွက်လာလေရာ အပြူးတို့ပင် အလွန်ထိတ်လန့်သွားသည်။
“ဦးဖိုးထွား၊ ခင်ဗျားအနောက်မှာ . . . ခင်ဗျားအနောက်မှာ မသဲဖြူ”
မသဲဖြူက ဝိုင်းဝန်းအော်ဟစ်နေသည့် ကလေးနှစ်ယောက်ကိုကြည့်ပြီး ရယ်မောလေသည်။
“ဟား၊ ဟား ဖိုးထွားက ငါ့လူဖြစ်သွားပြီ”
အပြူးတို့မှာ ကြောင်ကြည့်နေမိသည်။ မသဲဖြူက ဖိုးထွားအနီးသို့ကပ်လိုက်ပြီး ဖိုးထွားပုခုံးကိုပုတ်လိုက်လေသည်။
“ဖိုးထွား၊ နင်တော်တယ်၊ နင်ကမုဆိုးမို့လို့လားတော့မသိဘူး နင်သူတို့ကိုရအောင်ရှာနိုင်တယ်”
ဖိုးထွားက ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်နေလေသည်။ မသဲဖြူက အပြူးတို့ကိုလက်ညှိုးထိုးလိုက်ပြီး
“ဟဲ့ ဖိုးထွား၊ သူတို့ကိုနင်လိုက်ဖမ်းစမ်း၊ ငါဒီနေရာမှာစောင့်နေမယ်”
ဖိုးထွားက ခေါင်းညိတ်လိုက်ပြီးနောက် တောခုတ်ဓါးကိုဝင့်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်လိုက်ကာ မသဲဖြူ၏လည်ပင်းကို တောခုတ်ဓါးနှင့်ပိုင်းချလိုက်လေသည်။ မသဲဖြူခေါင်းက တိခနဲပြတ်သွားပြီးနောက် လည်ပင်းမှ သွေးများကစီးကျလာလေသည်။ မသဲဖြူလည်း အတော်အံ့အားသင့်နေပြီး ဖိုးထွားကိုငေးကြည့်နေလေသည်။ ဖိုးထွားက သူ့လည်ပင်းတွင်ချိတ်ဆွဲထားသည့် ကျားစွယ်ကိုထုတ်ပြလိုက်သည်။
“ဟောဒီမှာ ကျားစွယ်ဗျ၊ ကျားစွယ်ဆိုတာ စုန်းပြုစားလို့ မရနိုင်ဘူးမဟုတ်လား၊ ဟား၊ ဟား ခင်ဗျားက ကျုပ်ကိုခိုင်းချင်တိုင်းခိုင်းလို့ရပြီလို့ တကယ်ထင်နေတာလား”
ထိုစဉ်မှာပင် မသဲဖြူဦးခေါင်းကြီးက မြေပေါ်သို့ပြုတ်ကျသွားသည်။
“သေစမ်း၊ နင်သေပြီမဟုတ်လား စုန်းမကြီး”
ဖိုးထွားက မသဲဖြူခေါင်းပြတ်ကြီးကိုကြည့်ကာ ခါးထောက်လျှက်ရယ်မောနေလေသည်။ ထိုစဉ် မသဲဖြူခေါင်းပြတ်ကြီးက ဝုန်းခနဲထကာ ပျံသန်းသွားလေရာ ဖိုးထွားရော အပြူးနှင့် ဒိုးလုံးတို့ပါ အလွန်အံ့ဩသွားသည်။
“ဟင် . . . ခင် . . ခင်ဗျား”
ခေါင်းပြတ်ကြီးက ကိုယ်လုံးတွင်ကျန်နေသည့် လည်ပင်းပြတ်ကြီးအပေါ်သို့ ပျံတက်သွားကာ ရပ်နားလိုက်ပြီး လည်ပင်းမှာပြန်ဆက်သွားလေသည်။ ဖိုးထွားမှာ သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်တော့ပေ။
“ခင် . . ခင်ဗျား မသေဘူးလား”
မသဲဖြူက အသံဆိုးကြီးနှင့် ရယ်မောလိုက်ပြီး
“ဟား၊ ဟား နင်ကငါ့ကိုသတ်ချင်တယ်ဆိုရင် ဆယ်နှစ်ဆယ်မိုးလောက် ကြိုးစားလိုက်စမ်းပါ၊ ဟား၊ ဟား”
မသဲဖြူက လေးဖက်ထောက်လိုက်ပြီးနောက် ဖိုးထွားပေါ်သို့ ခုန်အုပ်ထည့်လိုက်သည်၊ ဖိုးထွားလည်ပင်းကို ပါးစပ်နှင့်ကိုက်ရန်ကြိုးစားနေသဖြင့် ဖိုးထွားက ရှိသမျှအားကုန်ထည့်ကာ ရုန်းကန်နေရသည်။ ထိုစဉ် ဖိုးထွားနားထဲတွင် အသံတစ်ခုကြားသွားလေသည်။
“ရွှီ . . . ရွှီ”
ဖိုးထွားက လေတစ်ချက်ချွန်လိုက်သည်။ ထိုအခါ ချုံပုတ်အတွင်းမှ သူ့လက်စွဲတော ခွေးနက်ကြီးမဲလုံးက ခုန်ထွက်လာပြီးနောက် မသဲဖြူကို အတင်းဝင်လုံးထွေးကာ ကိုက်ဖဲ့လေတော့သည်။ မသဲဖြူလည်း အော်ဟစ်ရင်း ခွေးကြီးနှင့် ပြန်ကာနပမ်းလုံးနေလေသည်။ ဖိုးထွားလည်ပင်းတွင် မသဲဖြူကိုက်ခံလိုက်ရပြီး သွေးကြောမကြီးပေါက်သွားကာ သွေးတွေပန်းထွက်နေလေသည်။ ဖိုးထွားက သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း
“ဟေ့ကောင်တွေ၊ သွားကြလေ၊ ပြေးကြတော့”
ထိုတော့မှ ဒိုးလုံးနှင့် အပြူးတို့လည်း တောအတွင်းသို့ ထွက်ပြေးကြလေသည်။
“ဟေ့ကောင်လေးတွေ၊ မပြေးနဲ့”
မသဲဖြူအော်လိုက်သည့် အသံအကျယ်ကြီးကိုကြားလိုက်ရလေသည်။
အပြူးနှင့် ဒိုးလုံးမှာ တောအုပ်အတွင်းသို့ ပြေးလွှားနေကြပြန်သည်။ မကြာခင်တွင် သူတို့အနောက်တွင် မျောက်တစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွနှင့် မသဲဖြူကြီးလိုက်လာသည်ကိုမြင်တွေ့ရသည်။ သစ်ပင်တစ်ပင်မှ တစ်ပင်ပေါ်သို့ လွှားခနဲလွှားခနဲခုန်ကူးပြီး ပြေးလာရာ မကြာမီ ဒိုးလုံးတို့ကို မီသွားလေသည်။ မသဲဖြူက ဒိုးလုံးအပေါ်သို့ခုန်အုပ်လိုက်ရာ ဒိုးလုံးမှာ လဲကျသွားပြီး အရှိန်ဖြင့်သုံးလေးပတ်ခန့်လိမ့်သွားလေသည်။
မသဲဖြူက ဒိုးလုံးအပေါ်သို့ ဖားတစ်ကောင်လိုခုန်တက်လိုက်လေသည်။ ထို့နောက် ဒိုးလုံးမျက်နှာကိုကြည့်သည်။
“ဟဲ့ကောင်လေး၊ နင့်ကိုငါစားမယ်၊ နင့်ရဲ့အသားကို ငါစားမယ်”
အပြူးက ကြောင်အမ်းပြီး မတ်တပ်ရပ်ကာကြည့်နေလေသည်။ မသဲဖြူကြီးက သူ့ပါးစပ်ကြီးကို ဆွဲဖြဲလိုက်ရာ ပါးစပ်အတွင်းမှ အစွယ်ကြီးများကိုဒိုးလုံးမြင်တွေ့လိုက်ရသည်။ ထို့နောက် မသဲဖြူက အသံအကျယ်ကြီးအော်ဟစ်ပြီး ဒိုးလုံးကို ကုန်းကိုက်ရန်ပြင်ဆင်လိုက်သည်။
ဒိုးလုံးကလည်း ကြံရာမရတော့ပေ၊ သို့နှင့် ပုဆိုးကြားတွင်ထိုးထားခဲ့သည့် ဖိုးထွား၏ ဒူးလေးမြားတံကိုသတိရလိုက်ကာ ထိုမြားတံကိုဆုပ်ကိုင်လိုက်သည်။ သူ့ရင်ဘတ်အပေါ်ခွထိုင်ထားသည့် မသဲဖြူမှာ မိုးပေါ်သို့ခေါင်းမော့ပြီး တစ်ချက်ကျွေးကြော်လိုက်သည့်အချိန်တွင် ဒိုးလုံးကလည်း လက်ထဲမှ ဒူးလေးမြားတံဖြင့် မသဲဖြူ၏ ရင်ဘတ်ကို အားကုန်ထိုးစိုက်ချလိုက်သည်။
“ဂါး . . . .”
မသဲဖြူမှာ အော်ဟစ်လိုက်ပြီး အမြင့်ကြီးခုန်ထည့်လိုက်လေသည်။ ထို့နောက် မြေပေါ်သို့ပြန်ကျပြီး သူ့ရင်ဘတ်မှ မြားတံကိုဆွဲနှုတ်လိုက်လေသည်။ မြားတံက မသဲဖြူနှလုံးသားတည့်တည့်ကို စိုက်ဝင်သွားသဖြင့် မသဲဖြူရင်၀မှ သွေးတွေပန်းထွက်လာလေသည်။
မသဲဖြူမှာ လူးလွန့်ရင်း လိမ့်နေလေရာ ကျောက်တုံးများ၊ သစ်ပင်များနှင့်တိုက်မိလေသည်။ ဒိုးလုံးလည်းအလွန်အံ့ဩပြီးကြည့်နေမိသည့်အချိန်တွင် မသဲဖြူတစ်ယောက် ငြိမ်ကျသွားလေတော့သည်။ ဒိုးလုံးနှင့် အပြူးလည်း အမြန်ထပြီး တောအုပ်အတွင်းဆက်လက်ပြေးလွှားလာခဲ့သည်။
“ဟဲ့ . . . တောက် . . .”
ပြေးနေရင်း နွားလှည်းသံကိုကြားလိုက်ရသဖြင့် သူတို့အားတက်သွားသည်။ အသံကြားရာအနောက်သို့ ဆက်လက်ပြေးလွှားလာရင်း မကြာခင်တွင် ရိုးမတောင်တန်းကြီးကို ကွေ့ပတ်ဖောက်လုပ်ထားသည့် လှည်းလမ်းတစ်ခုသို့ရောက်သွားလေသည်။ ရိုးမတွင် သစ်တိုက်သည့် လှည်းတစ်စီးက မောင်းနှင်နေလေသည်။
“ရပ်ပါအုံး။ ကျုပ်တို့ကိုကယ်ပါအုံး”
အသံကြားလိုက်သဖြင့် လှည်းသမားက ဓါးကိုဆွဲယူလိုက်သော်လည်း ကလေးနှစ်ယောက်ဖြစ်နေသဖြင့် ဓါးကိုပြန်ချထားလိုက်သည်။
“မင်းတို့ ဘယ်သူတွေလဲကွ”
“ကျုပ် . . . ကျုပ်တို့ ကိုကယ်ပါ၊ ကျုပ်တို့ကိုရွာပြန်ပို့ပေးပါ”
“အေး၊ ဒါနဲ့ မင်းတို့က ဘယ်ရွာကလဲ”
“ကျုပ်တို့က ပြောင်းပြာရွာကပါ”
“အေးအေး၊ ဒါဆိုလည်းတက်ကြ၊ မင်းတို့ လမ်းပျောက်နေကြတာနဲ့တူတယ်၊ ပြောင်းပြာဆိုတာ အဝေးကြီးလိုသေးတယ်ကွ”
လှည်းသမားကြီးက လှည်းကိုဆက်လက်မောင်းနှင်သွားလေသည်။ အပြူးနှင့် ဒိုးလုံးလည်း တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း အသက်ကိုမနည်းလုရှူနေကြရလေသည်။
(၁၃)
ထိုအဖြစ်အပျက်များဖြစ်ပွားပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
မြို့နယ်ရဲစခန်းအတွင်းသို့ လူသတ်တရားခံတစ်ယောက်ကို နယ်ထိန်းနှင့် တာဝန်ကျရဲများက ဖမ်းဆီးကာ စခန်းအတွင်းခေါ်ဆောင်လာခဲ့ကြသည်။ စခန်းမှူးက ထိုလူငယ်ကိုကြည့်ပြီးနောက်
“ကဲ၊ သူက လူသတ်တရားခံဆို”
ရဲများက စခန်းမှူးအားအလေးပြုကာ အရိုအသေပေးလိုက်ကြသည်။
“ဟုတ်ပါတယ်၊ ဒီလူက ပြောင်းပြာရွာက လူသတ်တရားခံပါပဲ”
စခန်းမှူးက ထိုလူငယ်ကိုအကဲခတ်ကြည့်လိုက်သည်။ အသက်နှစ်ဆယ်ခန့်နီးပါးရှိနေပြီဖြစ်ပြီး ဗလတောင့်တောင့်နှင့် ကျစ်လျစ်သန်မာသည့် လူငယ်တစ်ယောက်ဖြစ်သည်။ စခန်းမှူးက ထိုင်ခုံကိုကြည့်ကာ မျက်စပစ်ပြလိုက်သဖြင့် ရဲများက ဖမ်းဆီးလာသည့် လူငယ်အား စခန်းမှူးအရှေ့ရှိထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။
ထို့နောက် စခန်းမှူးက ရဲတပ်ကြပ်ကိုကြည့်ပြီး
“ဒီလူငယ်က ဘယ်လိုလူသတ်မှုကို ကျူးလွန်ခဲ့တာလဲ”
“ဟုတ်ကဲ့ပါစခန်းမှူး၊ သူက လူတစ်ယောက်ကို သတ်တဲ့အပြင် အဲဒီလူကို အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ ခြေရာလက်ရာတွေ ဖျောက်ခဲ့ပါတယ်”
စခန်းမှူးကလန့်သွားပြီး တရားခံလူငယ်ကိုကြည့်လိုက်သည်။
” မင်းရုပ်ကြည့်တော့ သနားကမားနဲ့လုပ်လိုက်တဲ့ လူသတ်မှုကလည်း ကြောက်စရာကြီးပါလားကွ၊ ဒီအမှုအသွားအလာကိုကြည့်ရင် မင်းက အဲဒီလူကိုသတ်ဖို့ တမင်သက်သက်ရည်ရွယ်ထားခဲ့တဲ့ပုံပဲ”
ထိုလူငယ်က အံကြိတ်လိုက်ပြီး
“ကျုပ်သတ်တာ လူမဟုတ်ဘူး”
စခန်းမှူးက ဟက်ခနဲရယ်ပြုံးလိုက်ကာ လူငယ်ကိုကြည့်လိုက်ပြီး
“လူမဟုတ်တော့၊ အဲဒါက တိရစ္ဆာန်လားကွ”
ထိုလူငယ်က ခေါင်းခါရင်း
“တိရစ္ဆာန်ထက်ပိုဆိုးတယ်ဗျ၊ ဒီလူက မကောင်းဆိုးဝါးတစ်ကောင်ပဲ”
စခန်းမှူးက ရဲတပ်ကြပ်ကိုကြည့်လိုက်ရာ ရဲတပ်ကြပ်က သူ့နားထင်ကို လက်ညှိုးထိုးပြပြီး ထိုလူငယ်ဦးနှောက်မကောင်းသည့် ပုံစံမျိုး ပြုလုပ်ပြလိုက်လေသည်။ ထိုတော့မှ စခန်းမှူးလည်းခေါင်းညိတ်လိုက်သည်။
“ဒါဆိုလည်း ပြောစမ်းပါအုံးကွာ၊ မင်းက ဘာလို့သူ့ကိုမကောင်းဆိုးဝါးလို့ ပြောရတာလဲ”
ထိုလူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး
“ကျုပ်နာမည်ဒိုးလုံး၊ ကျုပ်နေတာ ပြောင်းပြာရွာ၊ ကျုပ်သတ်လိုက်တဲ့လူက မုဆိုးကြီး ဖိုးထွားပဲ”
ဒိုးလုံးက သူ့ဘ၀အဖြစ်အပျက်များအားလုံးကို စခန်းမှူးနှင့်ရဲများအရှေ့တွင် မချွင်းမချန် ပြောပြလိုက်လေသည်။ သို့သော် ဒိုးလုံးပြောသည့်အရာများကို အားလုံးကစိတ်ဝင်တစား နားထောင်နေကြသော်လည်း ဘယ်သူမှမယုံကြည်ကြပေ။
“မင်းဆိုလိုတာက မင်းသတ်လိုက်တဲ့ဖိုးထွားဆိုတဲ့လူက လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက သေသွားပြီးသားပေါ့”
ဒိုးလုံးက ခေါင်းညိတ်လျှက်
“ဒါတင်ဘယ်ကမလဲဗျာ၊ မသဲဖြူနဲ့ သူနဲ့ပေါင်းကြတဲ့အချိန်မှာ ဖြစ်ဖြစ်၊ မသဲဖြူသေပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ် မသဲဖြူကိုယ်ထဲက လူသားစားတဲ့စုန်းက သူ့ကိုယ်ထဲကို ဝင်သွားပုံရတယ်၊ သူတောထဲကနေ အသက်မသေဘဲ ပြန်လာပြီးနောက်ပိုင်း ကျုပ်တို့ရွာမှာ မကြာခဏဆိုသလို လူတွေသေဆုံးနေတာကိုကြည့်ချင်းအားဖြင့် ဒီလူက လူသားစားစုန်းပူးခံနေရတဲ့လူလို့ ကျုပ်သိလိုက်တယ်၊ ကျုပ်သိထားတဲ့အတိုင်းပဲ သူ့ကိုယ်မှာလည်း ဆေးမင်ကြောင်တွေ အများကြီးရှိတယ်”
ဒိုးလုံးပြောလိုက်သည့်အခါ ရဲတပ်ကြပ်က ခေါင်းညိတ်ပြီး
“ဟုတ်ပါတယ် စခန်းမှူး၊ သူသတ်လိုက်တဲ့ဖိုးထွားတစ်ကိုယ်လုံးမှာတော့ ဘာတွေရေးထားမှန်းမသိတဲ့ ဆေးမင်ကြောင်တွေ ပွထနေတာပါပဲဗျာ”
စခန်းမှူးက ရယ်မောလိုက်ပြီးနောက် လက်ခုပ်လက်ဝါးတီးလိုက်သည်။
“မင်းကိုကျေးဇူးတင်ပါတယ်ဒိုးလုံးရာ၊ မင်းကြောင့် ငါတို့စခန်းရဲ့ ပျင်းစရာကောင်းတဲ့ နေ့လည်ခင်းကြီးမှာ ထူးဆန်းတဲ့ပုံပြင်တစ်ပုဒ်ကြားလိုက်ရတာပေါ့”
“ကျုပ်ပြောနေတာ ပုံပြင်မဟုတ်ဘူးဗျ၊ ကျုပ်ကိုယ်တွေ့အဖြစ်မှန်တွေ”
“ဟား၊ ဟား၊ ဥပေဒမှာ သရဲမို့လို့ သတ်လိုက်တာပါလို့ ပြောလို့မရဘူးဗျ၊ နောက်ပြီး ကျုပ်တို့နိုင်ငံက ခေတ်မီတဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်သွားပြီ။ သရဲတို့၊ စုန်းတို့ဆိုတာက ခေတ်မမီတော့တဲ့ အတွေးအခေါ်တစ်ခုပဲ၊ လူကြီးတွေက ကလေးတွေကိုကြောက်အောင်၊ ဂိုဏ်းဆရာတွေက လိမ်စားလို့ကောင်းအောင်လို့ တမင်လိမ်ညာပြောဆိုခဲ့တဲ့ ယုံတမ်းစကားတွေပဲ”
ဒိုးလုံးက ရုန်းကန်လာသဖြင့် ရဲနှစ်ယောက်က ဖမ်းချုပ်ထားရသည်။ စခန်းမှူးက ရဲတပ်ကြပ်ကိုကြည့်လိုက်ပြီး
“ဒီကောင့်ကို အချုပ်ထဲထည့်လိုက်ပါ၊ ပြီးရင်တော့ သူ့ကိုဖြောင့်ချက်ပေးခိုင်း၊ သူလူသတ်တဲ့နေရာမှာ အသုံးပြုခဲ့တဲ့လက်နက်၊ နောက်ပြီးတော့ သူသတ်ပြီးတော့ တစ်စစီလုပ်ပြီး အလောင်းကိုဖျောက်ဖျက်ခဲ့တဲ့ ဖိုးထွားဆိုတဲ့သူရဲ့ အလောင်းကိုလည်း ပြန်ဖော်ပြီးတော့ စုဆောင်းထားလိုက်ပါ”
ထိုအခါ ဒိုးလုံးက မျက်စိမျက်နှာပျက်သွားသည်။
“မဖြစ်ဘူး၊ ခင်ဗျားတို့ သူ့အလောင်းကိုဖော်လို့မရဘူး၊ ပြီးတော့ သူ့ကိုယ်အစိတ်အပိုင်းတွေကိုလည်း အတူတူပြန်ထားလို့မရဘူး”
ဒိုးလုံးက အလွန်ထိတ်လန့်ကြောက်ရွံ့နေသည်။
“သူမသေသေးဘူး၊ ခင်ဗျားတို့အစိတ်အပိုင်းတွေကို ပြန်စုလိုက်ရင် သူပြန်ပြီးတော့ နိုးထလာလိမ့်မယ်”
ဒိုးလုံးက ရုတ်တရက်ထလိုက်ပြီး ရဲတပ်ကြပ်ခါးတွင်ချိတ်ထားသည့် ခြောက်လုံးပြူးlသေနတ်ကို အတင်းဆွဲလုလေရာ ရဲစခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားလေသည်။ ဒိုးလုံးက လျှင်မြန်လှသဖြင့် သေနတ်မှာ ဒိုးလုံးလက်အတွင်းသို့ပါသွားလေသည်။
“ဟေ့ . . . ဒိုးလုံး၊ မင်းစိတ်အေးအေးထားစမ်းပါ၊ မင်းဒီလိုလုပ်စရာမလိုပါဘူး”
ရဲတပ်ကြပ်က ဖြောင်းဖျသော်လည်း ဒိုးလုံးက ခေါင်းခါလိုက်သည်။
“ကျုပ်သေမှဖြစ်မယ်၊ ဒီအစိတ်အပိုင်းတွေကို ဘယ်နားမှာမြှုပ်ခဲ့သလဲဆိုတာကို ကျုပ်တစ်ယောက်ပဲ သိတာမဟုတ်လား”
ဒိုးလုံးက ထိုသို့ပြောလိုက်ပြီး သေနတ်ပြောင်းကို သူ့မေးရိုးအောက်ကိုချိန်ရွယ်လိုက်ကာ သေနတ်မောင်းခလုပ်ကို ဆွဲညှစ်လိုက်လေသည်။
“ဒိုင်း . . .”
ယမ်းပေါက်ကွဲသံက ရဲစခန်းအတွင်းကျယ်လောင်စွာထွက်ပေါ်လာသည်။ မေးရိုးအောက်မှဝင်သွားသည့် ကျည်ဆန်မှာ ဒိုးလုံး၏ ငယ်ထိပ်တွင် ကြီးမားသည့်အပေါက်ကြီးအဖြစ်ဖြစ်ပေါ်သွားပြီး ထိုအပေါက်အတွင်းမှ ဦးနှောက်များက သေးငယ်သောအစိတ်အပိုင်းကလေးများအဖြစ် ပြန့်ကျဲကာလွင့်စင်ကုန်လေသည်။
ဒိုးလုံးမှာ အရုပ်ကြိုးပြတ်လဲကျသွားပြီး တစ်ချက်နှစ်ချက်တွန့်ကာ အကြောဆွဲနေသေးသည်။
“ဘယ်လိုလုပ်မလဲစခန်းမှူး”
“တရားခံလည်းသေပြီဆိုတော့ ဆက်လက်စုံစမ်းစရာရှိတာ စုံစမ်းပြီး အမှုကိုပိတ်လိုက်တာပေါ့ကွာ၊ သူဒီလိုပုံစံနဲ့ မသေလည်း ကြိုးစင်တက်ရမှာပဲ၊ မထူးပါဘူး”
စခန်းမှူးက သူ့မျက်နှာတွင်ပေကျံနေသည့် ဦးနှောက်အပိုင်းအစများကို လက်ကိုင်ပုဝါတစ်ထည်နှင့်သုတ်လိုက်ပြီးနောက် စားပွဲပေါ်တွင်တင်ထားသည့် အမှုတွဲဖိုင်များကို ဆွဲပိတ်လိုက်လေတော့သည်။
ပြီးပါပြီ