“အား”
“ဖက် ဖက်ဘာဖြစ်တာလဲ”
နွတ်ကလန့်နိုးသွားပြီး ရဲဝင်း၏ပုခုံးကိုဖက်ကာ မေးလိုက်သည်။ ရဲဝင်းတစ်ကိုယ်လုံး ချွေးတွေနှင့် စိုရွှဲနစ်နေသည်။
“ဘာ . . .ဘာမှမဖြစ်ပါဘူး နွတ်၊ ဖက် အိပ်မက်ဆိုးတွေ မက်နေတာပါ”
ရဲဝင်းကပြောလိုက်ပြီး ဘေးဘီးကိုကြည့်လိုက်သည့်အခါ အခန်းတစ်ခုအတွင်းရောက်နေသည်မဟုတ်ဘဲ အိပ်ရာအတွင်းမှာသာဖြစ်နေလေသည်။ အလွန်ဆိုးဝါးသောအိပ်မက်ကို မက်ခဲ့ရသဖြင့် ဆက်မအိပ်ဝံ့တော့ဘဲ အိပ်ရာမှ ထဖို့ကြံစည်လိုက်သည်။ ကုတင်ဘေးရှိစားပွဲတွင်တင်ထားသော သူ၏ ဖုန်းကိုယူပြီးကြည့်လိုက်သည်။ နံနက် ရှစ်နာရီထိုးတော့မည်။ ရဲဝင်းက ဖုန်းကိုကြည့်ရင်း ထိုစားပွဲလေးတွင်တင်ထားသည့် အရုပ်မလေးကို ကြည့်လိုက်သည်။ အရုပ်မလေးက သူ့ကိုစိုက်ကြည့်နေသည်ဟုထင်ရသည်။
“ငါညကမအိပ်ခင် ဒီအရုပ်ကို တဖက်ကိုလှည့်ထားတာပါ၊ ဧကန္တ နွတ်များပြန်လှည့်ထားတာလား”
ရဲဝင်းက တွေးလိုက်ကာ အိပ်ရာထဲမှမထဘဲ ဖုန်းဆက်ကြည့်နေလိုက်သည်။ နွတ်ကတော့ အိပ်ရာမှ ထသွားပြီး မီးဖိုချောင်ဝင်နေပြီဖြစ်သည်။ တစ်ညလုံးစိတ်ကြိုက်ငိုထားသည့် နွတ်မှာ မနက်လင်းသည့်အခါ စိတ်အနည်းငယ်တည်ငြိမ်သွားပြီဟု ယူဆမိသည်။ ရဲဝင်းက အခန်းထဲတွင် တစ်ယောက်ထဲဖုန်းကြည့်နေရင်း ဘာကြောင့်မှန်းမသိဘဲ ကျောတွေချမ်းစိမ့်တက်လာသည်။ ထို့ကြောင့်အခန်းထဲမှ ထွက်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်လိုက်သည်။ ရေချိုးခန်းအတွင်းရှိ ဘေစင်မှ ရေပိုက်ခေါင်းကိုဖွင့်လိုက်သည့်အခါ ရေပိုက်ခေါင်းအတွင်းမှ နီရဲသောအရောင်ဆင်းရှိသည့် သွေးများပန်းထွက်လာလေသည်။
ရဲဝင်းတစ်ယောက် ထိတ်လန့်သွားပြီး အနောက်သို့ သုံးလေးလှမ်းခန့် ဆုတ်လိုက်မိသည်။ သွေးရောင်ရေများက ဆက်လက်ကျဆင်းနေပြီး နောက်ပိုင်းတဖြည်းဖြည်းနှင့် သံချေးရောင်များ အဖြစ်ပြောင်းလဲသွားလေသည်။
“ရေက မသုံးတာကြာလို့ သံချေးကိုက်နေတာနေမှာ”
ရဲဝင်းကထိုသို့ ဖြည့်တွေးလိုက်ပြီး မျက်နှာမသစ်တော့ဘဲ ရေချိုးခန်းအတွင်းမှ ထွက်လာခဲ့သည်။ နွတ်ကတော့ တစ်ယောက်တည်း မီးဖိုချောင်တွင် မနက်စာကို ပြင်ဆင်နေသည်။ ရဲဝင်းက မီးဖိုချောင်အတွင်းသို့ ဝင်လိုက်ပြီး ထမင်းစား စားပွဲတွင် ထိုင်လိုက်လေသည်။ နွတ်က ချက်ပြုတ်ရင်း ငိုနေသည်ထင်သည်။ ဟင်းအိုးကိုမွှေနေရင်း လက်တစ်ဖက်က မျက်လုံးများကို ပွတ်သပ်နေလေသည်။ ရဲဝင်းလည်း နွတ်ကိုကြည့်ရင်း သနားမိသွားသဖြင့် စားပွဲမှ ထသွားလိုက်ကာ ဟင်းချက်နေသည့် နွတ်၏ ခါးကို အနောက်မှ သိုင်းဖက်လိုက်သည်။
နွတ်က အံ့ဩသွားပြီး ရဲဝင်းကို ကိုလှည့်ကြည့်သည်။ ရဲဝင်းက တစ်ဖက်လှည့်လာသည့် နွတ်၏ လည်ပင်းကို ဖွဖွကလေး နမ်းလိုက်သည်။
“အားလုံးအဆင်ပြေသွားမှာပါ နွတ်ရယ်”
နွတ်က ခေါင်းညိတ်ပြီးနောက် ရဲဝင်းကိုတင်းကျပ်စွာ ပြန်လည်ဖက်လိုက်ပြီး ငိုပြန်သည်။ တသိမ့်သိမ့်တုန်ခါနေသည့် နွတ်၏ ကျောပြင်ကလေးကို ရဲဝင်းက ကြင်နာစွာ ပွတ်သပ်ပေးနေမိသည်။ မကြာခင် မနက်စာ ချက်ပြုတ်ပြီးသွားသည့်အခါ သူတို့လင်မယားနှစ်ယောက် မနက်စာ စားကြသည်။ မနက်စာက အသင့်စားနိုင်သည့် ခေါက်ဆွဲထုပ်များကို ချက်ပြုတ်ထားခြင်းဖြစ်သည်။
“နွတ် ဒီနေ့ဘာလုပ်မယ်စိတ်ကူးသလဲ”
“နေ့လည်ကျရင်တော့ ချင်းမိုင်မြို့ထဲက ဘကြီးတို့ဆီသွားမယ်လေ ဖက်”
“ကောင်းသားပဲ၊ ချင်းမိုင်မရောက်တာကြာတော့ ဘာတွေများပြောင်းလဲသွားသလဲမသိဘူးနော်၊ စားသောက်ပြီးတော့ သွားကြတာပေါ့”
ရဲဝင်းက ရေမချိုးတော့ဘဲ ခြေလက်ဆေးပြီး မျက်နှာသစ်လိုက်သည်။ ထို့နောက် အိပ်ခန်းထဲပြန်ဝင်လာသည်။ နွတ်ကတော့ ရေချိုးနေသည်။ ရဲဝင်းက ခရီးဆောင်အိတ်ထဲမှ အင်္ကျီတစ်ထည်ထုတ်ပြီး အင်္ကျီကိုဝတ်ဆင်လိုက်သည်။ ကြယ်သီးတပ်နေရင်း ကုတင်ဘေးနားရှိ သစ်သားစားပွဲခုံလေးကို အမှတ်မထင်ကြည့်လိုက်မိသည့်အခါ သစ်သားစားပွဲခုံလေးတွင် အရုပ်မကလေးမရှိတော့။ ရဲဝင်းထူးဆန်းသွားသည်။ ကြယ်သီးများပင် ဆုံးအောင်မတတ်နိုင်တော့ဘဲ ဧည့်ခန်းထဲသိုက အမြန်ထွက်လာခဲ့သည်။ ကြိမ်ဆိုဖာပေါ်တွင်ထိုင်ပြီး သတင်းစာအဟောင်းတစ်ခုကိုယူပြီး ဖတ်နေလိုက်သည်။ ရဲဝင်းက ထိုင်းနိုင်ငံတွင်နေထိုင်သည်မှာ အတော်ကြာနေပြီဖြစ်သဖြင့ ယိုးဒယားစာတော့ အတော်အတန်ဖတ်တတ်နေပြီဖြစ်သည်။
သတင်းစာက လွန်ခဲ့သည့်လများက ထုတ်ဝေထားခဲ့သည့် သတင်းစာအဟောင်းတစ်စောင်ဖြစ်သည်။ သတင်းစာတွင် ဘာမှထွေထွေထူးထူးတော့ ရေးမထား၊ ရဲဝင်းတစ်ယောက် သတင်းစာကို ဟိုလျှောက်လှန်ကြည့် ဒီလျှောက်ဖတ်ကြည့် ဖတ်ကြည့်ပြီး သတင်းစာကို ဆက်တီစားပွဲပေါ် သို့ ပစ်တင်လိုက်သည်။
“အောင်မယ်လေးဗျ”
ရဲဝင်း ထိတ်လန့်စွာဖြင့် အော်လိုက်မိသည်။ ဆက်တီစားပွဲပေါ်တွင် အရုပ်မလေးက ငုတ်တုတ် ထိုင်နေပြီး သူ့ကိုစိုက်ကြည့်နေလေသည်။
“ငါတော့ ဒီအရုပ်ကြောင့် လန့်ပြီးသေတော့မှာပဲ၊၊ မဖြစ်ဘူး ဒီအရုပ်ကို လွှင့်ပစ်ရမယ်”
ထိုသို့တွေးနေစဉ် အရုပ်မကလေးက သူ့ကို မျက်ထောင့်နီကြီးတွေဖြင့် စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ ရဲဝင်းတစ်ယောက် အရုပ်မကလေး၏ မျက်လုံးများကိုစိုက်ကြည့်နေရင်း ကျောတွေချမ်းလာပြီး ကြက်သီးတစ်ချက် ဖြန်းခနဲထသွားသည်။ ထိုစဉ် နွတ်က အပြာနုရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ပြီး ထွက်လာသည်။ ငိုထားသောကြောင့် မျက်ကွင်းတွေညိုပြီး မျက်ခွံတွေက လည်း ဖောင်းအစ်နေသည်။ နွတ်က ထိုမျက်လုံးများကာ လူမြင်မခံချင်သဖြင့် နေကာမျက်မှန်တစ်လက်ကို တပ်ဆင်လိုက်သည်။
နွတ်က ယိုးဒယားမလေးပီပီ အသားဖြူဖြူလေးဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ပိန်ပိန်ပါးပါး ကလေးဖြစ်သည်။ လည်တိုင်ရှည်ရှည်လေးနှင့် နက်မှောင်သည့်ဆံနွယ်များရှိသည်။ အပြာရောင်ဂါဝန်ပါးကလေးမှာ နေထိုးသဖြင့် နွတ်၏ သေးသွယ်လှပသည့် ကိုယ်လုံးကလေးက အထင်းသားမြင်နေရသောကြောင့် ရဲဝင်းကလည်း နွတ်ကို ငေးစိုက်ကြည့်နေမိသည်။
“ဖက် သိပ်ကြည့်တာပဲ”
“နွတ်က လှနေလို့ ချစ်ဖို့ကောင်းလို့ ကြည့်တာ၊ နွတ်သာတစ်ယောက်တည်းအပြင်ထွက်သွားမယ်ဆို အိမ်ထောင်သည်ဆိုတာ ဘယ်သူမှယုံမှာမဟုတ်ဘူးနွတ်”
“တော်ပါ ဖက်ရယ် နွတ်နေလို့ သိပ်ကောင်းတာမဟုတ်ဘူး”
“ဒါနဲ့ နွတ်၊ ဒီအရုပ်ကလေးကို လွှင့်ပစ်ကြရအောင်”
“ဘာဖြစ်လို့ လွှင့်ပစ်မှာလဲ”
နွတ်ကပြောလိုက်ပြီး ဆက်တီစားပွဲပေါ်ရှိ အရုပ်ကလေးကို ကောက်ယူလိုက်ကာ သူ့မျက်နှာအနီးသို့တိုးကပ်လိုက်ပြီး သေသေချာချာစိုက်ကြည့်နေလေသည်။
“အရုပ်ကလေးက ချစ်စရာလေးပါ ဖက်ရဲ့၊ မလွှင့်ပစ်ပါနဲ့”
“မသိဘူးနွတ်ရာ၊ ဖက်ကတော့ အဲ့ဒီအရုပ်ကလေးတွေ့ရင် ကျောတွေချမ်းလာသလိုဘဲ”
“ဖက်ကလည် လူကြီးဖြစ်ပြီးတော့ ကြောက်စရာမရှိ ကြောက်နေပြန်ပါပြီ၊၊ ဒီအရုပ်ကလေးက အမေ့ရဲ့ လုထာပ် ကလေးဖြစ်မယ်ထင်တယ်၊ မပစ်ပါနဲ့”
ရဲဝင်းက ထိုစကားလုံးကို အခုမှ ကြားဖူးသည်။
“လုထာပ် . .. ဟုတ်လား၊ အဲဒါဘာလဲ”
“အဲဒါအရေးမကြီးဘူးဖက် ၊ အချိန်တော်တော်တော်လင့်နေပြီ ဘကြီးဆီသွားရအောင်”
ရဲဝင်းက ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်သည်။ ထိုအခါ နွတ်က ရဲဝင်းကိုကြည့်ရင်း
“ကြည့်စမ်းဖက်၊ အင်္ကျီဝတ်တာတောင်မှ ကြယ်သီးကိုသေချာမတတ်ဘူး၊ တကယ်ပဲ ဖက်က တစ်ခါတစ်လေကျရင် ကလေးတစ်ယောက်လိုပဲ”
နွတ်ကပြောလိုက်ပြီး ရဲဝင်းအနားသို့တိုးကပ်လာကာ ရဲဝင်း၏ရှပ်အင်္ကျီ ကြယ်သီးများကို တပ်ပေးလိုက်သည့်အခါ နွတ်၏ နဖူးပြင်ကလေးကို ဖက်က ရွှတ်ခနဲနမ်းလိုက်လေသည်။ နွတ်က ဖက်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် အိမ်အပြင်သို့ထွက်သွားသည်။ အိမ်ကိုတံခါးပိတ်လိုက်ပြီးနောက် သူတို့လင်မယား အိမ်ထဲမှထွက်ခဲ့သည်။ ရဲဝင်းက တက္ကစီတစ်စီးကိုဖုန်းဖြင့် ကြိုခေါ်ထားသည်မို့ တက္ကစီက မကြာခင်ရောက်လာသည့်အခါ နှစ်ဦးသား ကားပေါ်သို့တက်လိုက်ကြသည်။
(ဂ)
ချင်းမိုင်မြို့က အလွန်စည်ကားလှသည်။ သူတို့နေသည့်ရပ်ကွက်မှာ မြို့ဟောင်းဖြစ်သည်မို့ သိပ်မစည်ကားသော်လည်း မြို့သစ်ဧရိယာတွင် အထပ်မြင့်တိုက်များ၊ ဟိုတယ်များ နှင့် ဈေးဝယ်စင်တာကြီးများရှိသည်။ ချင်းမိုင်မြို့ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် နွတ်၏ ဘကြီးက နေထိုင်သည်။ နွတ်တို့ဘကြီးတို့အိမ်ရောက်တော့ ဘကြီးရော၊ သူ့မိန်းမရော ပျော်ကြသည်။
“နွတ်၊ ရောက်လာပြီလား”
နွတ်၏ ဒေါ်လေးက နွတ်ကိုဖက်လိုက်သည်။
“နွတ်ရယ်၊ နင်သိပ်မိုက်တာပဲ၊ နင့်အမေကို နင်တကယ်မဆက်သွယ်ခဲ့ဘူးနော်”
နွတ်က ဆက်ပြီးငိုနေမိပြန်သည်။ ဘကြီးဖြစ်သူက နွတ်၏အခြေအနေကိုသိလိုက်သဖြင့်
“ဖြစ်ပြီးတာတွေကို ထပ်ပြောမနေပါနဲ့တော့ကွာ၊ နွတ်ကရောက်ခဲတယ်ကွ၊ သူတို့လင်မယားကို ထမင်းကောင်းကောင်း၊ ဟင်းကောင်းကောင်းချက်ကျွေးလိုက်စမ်းပါ”
နွတ်ဘကြီး၏ မိန်းမက နွတ်တို့ကို ဟင်းဖွယ်ဖွယ်ရာရာချက်ကျွေးမည်ဖြစ်သည်။ ရဲဝင်းနှင့် ဘကြီးက အရင်က အလုပ်ရှင် အလုပ်သမားဆက်ဆံရေးဖြစ်သည်။ နွတ်နှင့်ညားပြီးသည့်အချိန်တွင် ဘကြီးက ရဲဝင်းကိုသိပ်ပြီးမကြိုက်လှပေ၊ အဆင့်အတန်းကွာခြားလွန်းသည့် အလုပ်သမားက နွတ်ကိုဖျားယောင်းသိမ်းသွင်းသည်ဟုသာထင်သည်။ ယခုတော့ အားလုံရုပ်လုံးပေါ်ခဲ့ပြီ၊ ရဲဝင်းက နွတ်ကိုယသည်မှာ အမွေများ စည်းစိမ်များကို တပ်မက်ခြင်းမဟုတ်ဘဲ တကယ်ချစ်မြတ်နိုးသဖြင့် ပေါင်းသင်းခဲ့ကြကြောင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီ၊ နွတ်ကိုအိမ်မှနှင်ချပြီး ပိုက်ဆံတစ်ပြားမှ မပေးလိုက်သည့်တိုင်အောင် သူတို့နှစ်ဦးကြိုးစားရုန်းကန်ပြီး စားနိုင်သောက်နိုင်သည့် အခြေအနေတစ်ခုရောက်လာခဲ့အောင် ကြိုးစားနိုင်ခဲ့သည်မဟုတ်ပါလော၊ ဘကြီး၏ ရဲဝင်းအပေါ်အမြင်များမှာ လုံး၀ပြောင်းလဲသွားခဲ့ပြီး ယခုတော့ ရဲဝင်းကို ကိုယ့်တူတစ်ယောက်အဖြစ် လက်ခံနိုင်ခဲ့ပြီဖြစ်သည်။
နွတ်က အိမ်နောက်ဖေးကိုဝင်သွားပြီး ချက်ပြုတ်ရာတွင် ဝိုင်းဝန်းကူညီ ချက်ပြုတ်ပေးနေသည်။ ရဲဝင်းနှင့် ဘကြီးက အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်ပြီး ရောက်တတ်ရာရာပြောနေကြသည်။ ဘကြီး၏ မြေးလေးနှစ်ယောက်က အိမ်ထဲတွင် ပြေးလွှားဆော့ကစားနေသည်။ ရဲဝင်းလည်း ဘကြီးနှင့်စကားပြောရင်း မနက်ပိုင်းကကြားခဲ့ရသည့် စကားအသစ်အဆန်းတစ်ခုကို ဘကြီးအားမေးလိုက်သည်။
“ဒါနဲ့ စကားမစပ် လုထာပ် ဆိုတာဘာလဲဘကြီး၊ ဘကြီးရော သိသလား”
ဘကြီးက ခေါင်းညိတ်လိုက်သည်။
“မင်းက မြန်မာလဲမြန်မာ နောက်ပြီး ဒီလိုဓလေ့တွေနဲ့လည်း သိပ်ပြီးအဆက်အဆံမရှိလို့ မသိတာဖြစ်မှာပေါ့ကွာ။ လုထာပ် ဆိုတာ ကလေးနတ်လို့အဓိပ္ပါယ်ရတယ်ကွ၊ နတ်သူငယ်ပေါ့၊ ကလေးမရှိတဲ့သူတွေ၊ တစ်ယောက်ထဲ အထီးကျန်နေတဲ့လူတွေက လုထာပ် တွေကိုမွေးကြတယ်ကွ”
ထို့နောက် ဘကြီးက ရေနွေးကြမ်းတစ်ခွက်သောက်လိုက်လေသည်။
“လုထာပ်က အရုပ်မကိုခေါ်တာမလား၊ ကျွန်တော်ကြားဖူးတာကတော့ ကူမာန်ထုံရ်ဆိုတာလည်း အရုပ်ပဲလေ”
“ကူမာန်ထုံရ် က ယောက်ျားလေးအရုပ်ကိုပြောတာ၊ သားတော်ရုပ်ထုပေါ့ကွာ၊ လုထာပ်ဆိုတာကတော့ မိန်းကလေးအရုပ်ကိုခေါ်တာ၊ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ နတ်မိမယ်ပေါ့၊ အရုပ်မတော့ အရုပ်မပဲကွ၊ ဒါပေမယ့် လုထာပ်ကလေးတွေထဲကို ကလေးဝိညာဉ်လေးတွေ ထည့်ထားပြီး အသက်သွင်းကြတယ်၊ လုထာပ်တွေကို ဝယ်ပြီးတော့ ဘုန်းကြီးကျောင်းကိုခေါ်သွားရတယ်၊ ဆရာတော်တွေက အစီအရင်တွေလုပ်ပြီးတော့ ကလေးဝိညာဉ်လေးတွေကို လုထာပ်ကလေးတွေထဲ ထည့်ပေးလိုက်တယ်။ နာမည်တွေဘာတွေပေးရတယ်၊ အဝတ်အစား၊ အသုံးအဆောင်တွေဆင်ပေးရတယ်။ ဒါပေမယ့် လုထာပ်က ရိုးရိုးအရုပ်မနဲ့မတူတာက ကလေးတစ်ယောက်ကို ယုယရတယ်၊ လုထာပ်ကလဲ အိပ်မက်တွေဘာတွေပေးတယ်၊ သူတို့ပျော်ရင် စီးပွားတွေ ဘာတွေလည်း ပေးတယ်လို့ဆိုတယ်”
“ဒါဆို သရဲမွေးတာပဲပေါ့”
ရဲဝင်းက ထိုသို့ပြောလိုက်သည့်အခါ ဘကြီးက က ဒေါသထွက်သွားပုံရသည်။ သို့သော် စိတ်ကိုပြန်ထိန်းလိုက်ဟန်တူသည်။
“ဒီလိုကွ ငါတို့ယိုးဒယားအယူအရတော့ ဝိညာဉ်ဆိုတာ သရဲနဲ့မတူဘူး၊ သရဲတွေ၊ ဝိညာဉ်တွေဆိုတာကိုလည်း ကြောက်စရာအဖြစ်မသတ်မှတ်ကြဘူး၊ တစ်ချို့တွေဆို ကိုယ့်ဆွေမျိုးသားချင်းတွေ သေသွားလို့ မခွဲနိုင်ရင် ဝိညာဉ်မွေးထားတာမျိုးတွေရှိတယ်၊ ဝိညာဉ်တိုင်း ကြောက်စရာမဟုတ်ပါဘူး”
ရဲဝင်းက ခေါင်းညိတ်လိုက်သည်။ ဘကြီး၏ လေသံကတော့ အနည်းငယ်မာကြောနေသည်။ ရဲဝင်းလဲ သိလိုက်ပြီမို့ ထိုအကြောင်းကိုဆက်မပြောတော့ဘဲ တခြားအကြောင်းအရာများဘက်ကို စကားစလှည့်ခေါ်သွားသည်။
နေ့လည်စာစားပြီးတော့ အိမ်ရှေ့ခန်းတွင်ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ စုပြီးပြောကြသည်။ ဘကြီးက နွတ်ငယ်ငယ်က အကြောင်းတွေကိုပြောပြသည်။ နွတ်က ရယ်စရာရှိရင်လည်း လိုက်ရယ်သည်၊ ငိုစရာရှိရင်လည်း မျက်ရည်တွေကျနေပြန်သည်။ ထိုတစ်နေ့တော့ ဘကြီးအိမ်တွင် အချိန်ကုန်ပြီးညနေ မိုးချုပ်မှ အိမ်သို့ပြန်လာခဲ့သည်။
ညနေ ခုနစ်နာရီကျော်မှ အိမ်ပြန်ရောက်သည်။ ခြံထဲမှာရော အိမ်ထဲမှာပါ မှောင်မဲနေသည်။ ဘကြီးတို့အိမ်က ညစာစားလာသည်မို့ အိမ်ရောက်သည်နှင့် ခြေလက်ဆေးပြီး အိပ်ယာထဲဝင်ကြသည်။ သူတို့ရပ်ကွက်က တောင်ခြေတွင်ဖြစ်သည်မို့ ရာသီဥတုက အေးစိမ့်လာလေသည်။ ရဲဝင်းက ကုတင်ပေါ်တွင် လှဲချလိုက်သည်။ နွတ်က အိပ်ရာပေါ်တက်လိုက်ပြီး ရဲဝင်းကိုဖက်လိုက်ပြီး ရဲဝင်းရင်ခွင်ကို ခေါင်းအုံးလိုက်သည်။
“ဖက်၊ ဖက်ကို နွတ်ပြောစရာရှိတယ်”
“ပြောလေ နွတ်”
“နွတ်တို့ ဒီမှာပဲ အခြေချကြရအောင်”
ပြုံးရွှင်နေသော ရဲဝင်းမျက်နှာမှာ တည်ငြိမ်သွားလေသည်။
“မဲဆောက်မှာ ဆိုင်ရှိသေးတယ်လေ နွတ်ရဲ့”
“အဲ့ဒီဆိုင်ကို ဖက်ရဲ့ကောင်လေးတွေနဲ့ လွှဲထားခဲ့လို့မဖြစ်ဘူးလား”
နွတ်ကပြောသဖြင့် ရဲဝင်း စဉ်းစားလိုက်ပြန်သည်။ ဆိုင်က ကောင်လေးတွေက စိတ်ချပြီး အလုပ်ကိုလည်း ကြိုးစားသည်မို့ လွှဲထားလို့ရသည့်အခြေအနေဖြစ်နေသည်။ သို့သော်ရဲဝင်းက ယခုနေရာတွင် မနေထိုင်လိပေု။ ယခုအိမ်ကြီးကို နွတ်အမွေရလျှင် ရောင်းချပြီး မဲဆောက်တွင် စီးပွားရေးလုပ်ငန်းတစ်ခုခု ရင်းနှီးလုပ်ကိုင်ရန် စဉ်းစားနေသောကြောင့်ဖြစ်သည်။ ရဲဝင်းဆီမှ အဖြေပြန်မရသဖြင့် နွတ်က ရဲဝင်းကိုမော့ကြည့်လိုက်ကာ
“ဖက် နွတ်ကိုတကယ်ချစ်ရဲ့လား”
နွတ်ရဲ့အမေးကို ရဲဝင်းက ပြန်ဖြေစရာမလိုတော့။ နွတ်က ရဲဝင်းကိုချစ်သည့်စိတ်တစ်ခုထဲနှင့်ပင် မိဘရင်ခွင်ကို ခြေစုန်ကန်ထွက်ပြီး ရဲဝင်းအနောက်သို့ လိုက်ခဲ့သည်။ ရဲဝင်းနှင့်အတူ ဘ၀အခက်အခဲများကို အတူတကွ ရုန်းကန်ဖြတ်ကျော်ခဲ့ဖူးသည်။
“ချစ်ပါတယ် နွတ်ရဲ့၊ ကဲပါ နွတ်စိတ်တိုင်းကျဖြစ်စေရမယ်၊ ဟုတ်ပြီလား”
နွတ်က ပျော်သွားပြီး ရဲဝင်းမျက်နှာလေးကိုမော့ကြည့်လိုက်သည်။ ထို့နောက် ရဲဝင်းနှုတ်ခမ်းကို အနမ်းတစ်ပွင့် လက်ဆောင်ပေးလိုက်လေသည်။ ထို့နောက်နွတ်က ကုတင်ဘေးရှိ စားပွဲခုံကလေးကိုကြည့်လိုက်ပြီး
“အို ဖက်ရဲ့၊ လုထာပ် ကလေးကော”
“ဧည့်ခန်းထဲမှာ ထင်တာပဲလေ”
“မဖြစ်ဘူး လုထာပ်ကလေးကို သွားယူရမယ်”
“ဧည့်ခန်းထဲမှာပဲ ထားလိုက်ပါကွာ”
“ဖက်ရဲ့ လုထာပ်က ညအိပ်ရင် အတူခေါ်သိပ်ရတာ၊ နို့မို့ဆို သူတို့ကစိတ်ဆိုးတယ်”
နွတ်က ထိုသို့ပြောပြီး အခန်းအပြင်သို့ထွက်သွားကာ အရုပ်မလေးကို လက်နှစ်ဖက်နှင့် သေချာကိုင်လာသည်။ ရဲဝင်းကတော့ နွတ်ကိုမျက်မှောင်ကြုတ်ကြည့်လိုက်ပြီး
“ခေါ်သိပ်ရင်လည်း နွတ်ဖက်မှာခေါ်သိပ်၊ ဖက်တော့ အဲဒီအရုပ်ကိုတွေ့ရင် တစ်မျိုးဘဲ”
“အောင်မယ်လေး ဖက်ရယ်၊ ဘာတွေဖြစ်နေတာလဲ”
နွတ်က ထိုအရုပ်ကလေးကို သူ့ခေါင်းအုံးအနားတွင် ခေါ်ထားပြီး အိပ်စက်လိုက်သည်။
အိပ်နေရင်း အိပ်ခန်းတံခါးက တဖြည်းဖြည်းချင်း ပွင့်သွားပြန်သည်။ ရဲဝင်းကိုလည်း တစ်စုံတစ်ယောက်က နှိုးလိုက်သလိုဖြစ်ပြီး အလိုလိုနိုးလာမိသည်။ ပွင့်နေသည့်တံခါးရွက်ကိုကြည့်နေရင်း ရဲဝင်းက တံခါးကိုပိတ်ရန်အတွက် အိပ်ရာမှထလိုက်သည်။ ကုတင်ခြေရင်းတွင် ကလေးမလေးတစ်ယောက်က ငုတ်တုတ် ထိုင်နေသည်။ ရဲဝင်းကုတင်ပေါ်ကဆင်းလိုက်သည့်အချိန်တွင် ကလေးမလေးက ရဲဝင်းကိုသေသေချာချာစိုက်ကြည့်ပြီး
“ဖေဖေ”
“ဘာ . . မင်းငါ့ကို ဖေဖေလို့ခေါ်တယ်ဟုတ်လား”
ကလေးမလေးက သူ့ကိုမျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်နေသည်။ ရဲဝင်းက ထိုကလေးမလေးကိုကြည့်ရင်း အိမ်တွင်ရှိသည့် လုထာပ်ဆိုသည့် အရုပ်မကလေးနှင့် ဆင်တူသည်ဟု တွေးမိသည်။ အသားအရေက ပန်းရောင်လေးဖြစ်ပြီး ဆံပင်ကောက်ကောက်ကလေးတွေကို နှစ်ဖက်စီးထားသည်။ ပွပွယောင်းယောင်း ဂါဝန်လေးတစ်ထည်ကိုဝတ်ထားသည်။
“မင်း ငါ့ကိုအဲဒီလိုမခေါ်နဲ့၊ ငါကမင်းအဖေမဟုတ်ဘူး”
ရဲဝင်းက အော်ပြီး ပြောလိုက်လေရော ကလေးမလေးက တစ်ဖက်သို့လှည့်ပြီး ထိုင်လိုက်သည်။
“ဖေဖေ့ကို ပင်ကီ အရမ်းစိတ်တိုတယ်၊ ဖေဖေ”
“လာပြန်ပြီလား ဖေဖေ”
ထိုသို့ပြောလိုက်သည့်အခါ ကလေးမလေးက ငေါက်ခနဲ ထပြီး တံခါးမှ ထွက်သွားသည်။ အိပ်ခန်း တံခါးကိုလည်း ဂျိန်းခနဲ အသံမြည်အောင် ပိတ်သွားလိုက်သေးသည်။ ရဲဝင်းလည်း တံခါးပိတ်စရာမလိုတော့သဖြင့် ကုတင်ပေါ်သို့တက်လိုက်ပြီး စောင်ခြုံကာ အိပ်လိုက်တော့သည်။
မနက်မိုးလင်းပြီ၊ မနက်ခင်းနေရောင်ခြည်များက အိပ်ခန်းပြတင်းပေါက်မှန်တံခါးကိုဖြတ်သန်းကာ အိပ်ရာပေါ်သို့ ထိုးကျနေသည်။ ရဲဝင်းက နိုးနေပြီဖြစ်သော်လည်း အိပ်ရာမှ မထသေးဘဲ ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်တွေးတောနေမိသည်။ အိပ်မက်ပဲလား၊ တကယ်ဖြစ်ပျက်ခဲ့သည်လား ဆိုတာကို ရဲဝင်းမတွေးတတ်တော့၊ နံဘေးသို့ကြည့်လိုက်တော့ နွတ်မရှိတော့၊ ရဲဝင်းလည်း အိပ်ခန်းထဲမှထွက်ကာ မီးဖိုချောင်ဘက်သို့ လျှောက်လာခဲ့သည်။ ထမင်းစားပွဲကို ဝင်ထိုင်လိုက်တော့ လုထာပ်ကလေးက စားပွဲပေါ်တွင် ထိုင်နေလေသည်။
“ဖက်၊ နိုးလာပြီလား ဒီမနက်တော့ ဖက်ကြိုက်တဲ့ ဆန်ခေါက်ဆွဲချက်ထားတယ်၊ အတူတူစားရအောင်လေ”
အိုးခွက်များဖြင့်အလုပ်ရှုပ်နေသည့် နွတ်က ရဲဝင်းကိုကြည့်ရင်း ပြောလိုက်လေသည်။ ရဲဝင်းက ထမင်းစားပွဲပေါ်မှ အရုပ်ကလေးကိုကြည့်လိုက်ပြီး
“နေပါဦး နွတ်ရဲ့ ဒီအရုပ်က ဒီမှာဘာလုပ်နေတာလဲ”
“ဒီအရုပ်လို့မခေါ်နဲ့လေ သူ့နာမည်ပင်ကီတဲ့၊ အရုပ်လို့ပြောရင် မကြိုက်ဘူး”
“ပင်ကီဟုတ်လား နွတ်က ဘယ်လိုလုပ်သိတာလဲ”
နွတ်က အငွေ့တထောင်းထောင်းထနေပြီး မွှေးပျံ့နေသည့် ဆန်ခေါက်ဆွဲပန်းကန်များကို စားပွဲတွင်ချလိုက်လေသည်။
“ဒီလို ဖက်ရဲ့၊ ညက လုထာပ်ကလေးက အိပ်မက်လာပေးတာ သူ့နာမည်က ပင်ကီတဲ့ အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးပဲ”
ရဲဝင်း အံ့ဩသွားမိသည်။ သူလည်း ညက အိပ်မက်ထဲတွင် ပင်ကီနှင့် တွေ့ခဲ့သည်မဟုတ်ပါလား။
“ဪ မေ့လို့ပင်ကီရေ တို့ချည်းပဲစားနေလို့မရဘူး၊ သမီးကိုလည်း ကျွေးရဦးမယ်”
နွတ်က ပြောပြီးနောက် ပန်းကန်စင်ပေါ်မှ ပန်းကန်သေးသေးလေးတစ်ချပ်ကိုယူလိုက်ပြီး ခေါက်ဆွဲဖတ်များကို ထည့်လိုက်သည်။ ထို့နောက် ဇွန်း၊ ခက်ရင်းအသေးလေး တစ်စုံတပ်လိုက်ပြီးနောက် ပင်ကီ ရှေ့သို့ချပေးလိုက်သည်။
“ပင်ကီရေ သမီးလည်းစားနော်”
နွတ်လုပ်သမျှကို ရဲဝင်းက အံ့ဩစွာဖြင့် ကြည့်နေလေသည်။
“နွတ်ကလည်းကွာ အရုပ်ကို ဂရုစိုက်နေပြန်ပါပြီ”
“ဖက်ရယ်၊ ဒီအရုပ်ကလေးတွေကလေ အဖော်မဲ့တဲ့သူတွေကို အဖော်ပြပေးနေကြတာပါ၊ မေမေလည်း ဘယ်လောက်တောင် အဖော်မဲ့နေမလဲ ဖက်ရယ်၊ လုထာပ်တောင် မွေးထားတယ်ဆိုတော့”
ရဲဝင်းက ဘာမှမပြောတော့ပဲ ခေါက်ဆွဲတွေကိုသာ စားနေလိုက်သည်။ စားပွဲပေါ်မှ အရုပ်ကိုမကြည့်ချင်သဖြင့် ဖုန်းကိုထုတ်လိုက်ကာ လက်တစ်ဖက်က ဖုန်းကြည့်ရင်း ဖေ့ဘုတ်သုံးနေမိသည်။ နွတ်ကလည်း သူ့ဖုန်းကိုကြည့်ရင်း ခေါက်ဆွဲ စားနေသည်။
“ဒီမှာလေ ဖက်ရဲ့ နွတ်တောင်မှ၊ ဖေ့ဘုတ်ပေါ်က လုထာပ် မွေးသူများဆိုတဲ့ ဂရုထဲကို ဝင်လိုက်ပြီ”
“မြန်လှချည်လား နွတ်ရဲ့”
“ညက ဝင်လိုက်တာ၊ လုထာပ်လေးတွေကလေ ထင်ထားတာထက် စိတ်ဝင်စားဖို့ပိုကောင်းတယ်၊ ကလေးလေးတွေလိုပဲ ပျော်တယ်၊ စားတယ်၊ စိတ်ကောက်တတ်တယ်၊ သူတို့ပျော်တဲ့အိမ်ဆို စီးပွားတက်တယ်တဲ့ ဖက်ရဲ့”
“စီးပွားက ကိုယ်လုပ်မှ ကိုယ်တက်တာပါ နွတ်ရာ၊ အယူမသည်းပါနဲ့”
ရဲဝင်းက ထိုသို့ပြောလိုက်သည့်အခါ နွတ်က ရဲဝင်းကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
“လုထာပ် ကလေးတွေကလေ တစ်ယောက်ထဲနေရတာထက်စာရင် ဖေဖေမေမေနဲ့ မိသားစုစုံစုံလင်လင် ရှိတဲ့အိမ်ဆိုရင် ပိုပြီးပျော်တယ်ဆိုပဲဖက်ရဲ့၊ အိပ်မက်လည်း ပေးတတ်ကြတယ်”
ထို့နောက် နွတ်က ပင်ကီဘက်သို့ လှည့်လိုက်ပြီး။
“ပင်ကီ ဒါက ပင်ကီ ဖေဖေ၊ သူ့နာမည်က ဖက်တဲ့၊ မေမေနာမည်ကတော့ နွတ်တဲ့ မှတ်ထားနော်”
နွတ်က အရုပ်ကိုကြည့်ရင်းတစ်ယောက်တည်း ပြောနေလေသည်။ ရဲဝင်းလည်း ဖုန်းကြည့်ရင်း အရုပ်ကလေးကို တစ်ချက်ကြည့်လိုက်သည်။ အရုပ်ကလေးက ပြုံးနေသည်ဟု ထင်ရသည်။
“ဒီနေ့ရော ဘယ်သွားမလဲ နွတ်”
နွတ်က စားပြီးသား ပန်းကန်များကို ဘေစင်တွင် ဆေးနေလေသည်။
“ဒီနေ့တော့ မြို့ထဲက ရှေ့နေတစ်ယောက်စီသွားရမယ်၊ မေမေပေးခဲ့တဲ့ အမွေနဲ့ ပက်သက်တာတွေကို လက်လွှဲပြီးယူရမယ်”
ထို့နောက် ရဲဝင်းလည်း အခန်းထဲသို့ဝင်ကာ ဖုန်းသုံးရင်း အချိန်ဖြုန်းနေမိသည်။ နွတ်အခန်းထဲဝင်လာမှ အပြင်သွားရန်ပြင်ဆင်ကြသည်။
မြို့တွင်းရှိအထပ်မြင့် အဆောက်အဦးကြီးတစ်ခုပေါ်တွင် ဥပဒေအကျိုးဆောင်ကုမ္မဏီတည်ရှိသည်။
“ရှင်က နွတ်နော်၊ လုပ်စရာကတော့ ရှင့်အမေရဲ့ ဘဏ်ကပိုင်ဆိုင်မှုတွေအတွက် ကိုယ်စားလှယ်လွှဲစာရမယ်၊ အိမ်နဲ့အခြားပိုင်ဆိုင်မှုတွေအတွက်ကတော့ ပိုင်ရှင်အမည်ပြောင်း မှတ်ပုံတင်ရုံပါပဲ”
နွတ်ကစာရွက်စာတမ်းတွေလုပ်နေသည်။ ထို့နောက် ဘဏ်သို့သွားကြသည်။ ဘဏ်တွင် လည်း စာရွက်စာတမ်းများလုပ်ပြီး ဘဏ်အပ်ငွေများကို လွှဲပြောင်းရယူလိုက်လေသည်။
“ဘတ် တစ်သန်းဆိုပါလား နွတ်ရဲ့”
“အမေက မိသားစုပိုင်ပစ္စည်းတွေကို မစားရက်မသောက်ရက်နဲ့ နွတ်အတွက် စုဆောင်းထားပေးခဲ့တာပေါ့”
နွတ်က ပြောရင်း ငိုနေပြန်သည်။ သူတို့ နေ့လည်စာကို အပြင်တွင်စားပြီးနောက် ညနေတွင် အိမ်သို့ပြန်လာခဲ့ကြသည်။ အိမ်မပြန်ခင် ဈေးကိုဝင်ပြီး ဈေးဝယ်ရပြန်သည်။ အိမ်ပြန်ရောက်တော့ နွတ်က ညစာချက်မည်ဟုပြောသည်။ ရဲဝင်းကတော့ အိမ်ရှေ့တွင် ထိုင်နေလိုက်သည်။ တစ်အိမ်လုံး ဖုန်တွေတက်နေသည်။ ရဲဝင်းက အိမ်နံရံတွင် ချိတ်ထားသော ဓါတ်ပုံများ ပန်းချီကားများကိုကြည့်လိုက်သည်။
လူတစ်ကိုယ်လုံးကိုရေးဆွဲထားသည့် ပန်းချီကားချပ်ကြီးတွင် နှုတ်ခမ်းမွှေးကားကားနှင့် လူကြီးတစ်ဦးက အပေါ်က အနောက်တိုင်းပုံစံကုတ်အကျီအဖြူကိုဝတ်ဆင်ထားပြီး အောက်ကတော့ထိုင်းရိုးရာ ဘောင်းဘီကိုဝတ်ဆင်ထားသည်။ သူ့ရင်ဘတ်တွင်လဲ ဆုတံဆိပ်တွေချိတ်ထားကာ၊ စလွယ်တစ်ခုကိုလည်း လွယ်ထားသေးသည်။ ထိုလူကြီးကို ကြည့်ရသည်မှာ ခန့်ခန့်ချောချောလူတစ်ဦးဖြစ်သည်။
“အဲဒါ နွတ်အဘိုးလေ၊ သူကဘုရင့်အမှုထမ်းပေါ့”
နွတ်က အိမ်နောက်ဖေးမှ ထွက်လာရင်းပြောသည်။ ထို့နောက် နွတ်ကခေါ်သဖြင့် ထမင်းစားခန်းသို့ သွားကြသည်။ ထမင်းစားခန်းတွင်တော့ ပင်ကီက စားပွဲပေါ်တွင် နေရာယူထားပြန်သည်။ ရဲဝင်းက ပင်ကီကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ထိုင်ခုံတွင်ထိုင်လိုက်သည်။
“ဘုရင့်အမှုထမ်းဆိုတော့ နန်းတော်ထဲမှာ အလုပ်လုပ်တာလား”
“မဟုတ်ဘူး ဖက်ရဲ့ ချင်းမိုင်က ဘုရင့်ရုံးမှာ အလုပ်လုပ်ရတာ”
နွတ်က ဟင်းတွေကို ခူးခပ်နေလေသည်။
“နွတ် အိမ်ကလည်း ညစ်ပတ်နေတာပဲ၊ ဖက်တို့နေမယ်ဆိုရင် အိမ်အကူတစ်ယေက်လောက်ရှာရင် ကောင်းမယ်ထင်တယ်”
နွတ်က ဟင်းခွက်တွေကို စားပွဲပေါ်ချလိုက်သည်။ ဟင်းတွေကတော့ ငါးကိုကြော်ပြီး ငရုတ်သီးနှင့် ပြန်နှပ်ထားသည့်ဟင်းတစ်ခွက်၊ မုန်ညင်းရွက်ကြော်၊ ထိုင်းတုံယမ်း ချဉ်စပ်ဟင်းရည်တို့ဖြစ်သည်။ ဟင်းအနံ့တွေက မွှေးကြိုင်နေသည်။ နွတ်က ပင်ကီအတွက် ထမင်းပန်းကန်လေးတစ်ခုကို ခူးပေးလိုက်သည်။
“နွတ်လဲ ပြောမလို့ပဲဖက်၊ အိမ်က အကြီးကြီးဆိုတော့ နွတ်တစ်ယောက်ထဲ သန့်ရှင်းရေးလုပ်နိုင်မှာမဟုတ်ဘူး ဖက်ရဲ့၊ အိမ်အကူ တစ်ယောက်လောက်ခေါ်ရင်ကောင်းမယ်လို့ ဖက်ကိုတိုင်ပင်မလို့၊ ဖက်ပြောတော့ အတော်ပဲဖြစ်သွားတယ်”
“ကိုယ်ရှာကြည့်လိုက်မယ်လေ၊ အမြဲတမ်းအိမ်မှာ နေတဲ့အိမ်အကူထက်စာရင် မနက်သွားညပြန်တဲ့ အိမ်အကူလေး ရှာကြည့်လိုက်မယ်၊ အိမ်မှာညအိပ်မယ်ဆိုရင် လူတွေရှုပ်တာမို့ အကိုမကြိုက်ဘူး”
နွတ်က ခေါင်းညိတ်လိုက်သည်။
“ပင်ကီလေး ထမင်းစားနော်”
နွတ်က ပြောပြီး ဟင်းတစ်ချို့ကိုခပ်ပြီး ပင်ကီပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ထမင်းစားပြီးတော့ အိပ်ခန်းထဲဝင်ခဲ့ကြသည်။ အိပ်ခန်းထဲတွင် တီဗွီတစ်လုံးရှိသည်။ တီဗွီကတော့ နှစ်ဆယ့်လေး လက်မ တီဗွီအသေးလေးဖြစ်သည်။ ရဲဝင်းက ဘာရယ်မဟုတ် ပျင်းပျင်းနှင့် တီဗွီဖွင့်ကြည့်လိုက်သည်။ နွတ်ကတော့ အံဆွဲလေးတွေကို လိုက်ဖွင့်ကြည့်နေသည်။
“ဟယ် လှလိုက်တာ ဖက်ရေ၊ ကြည့်ပါအုံး”
နွတ်ကပြောပြီး အံဆွဲထဲမှ ကလေးအကျီသေးသေးလေးများကိုထုတ်ပြသည်။ ပင်ကီ၏ အဝတ်အစားများကို ထည့်ထားခြင်းဖြစ်မည်။ ရဲဝင်းက သိပ်စိတ်မဝင်စားဘဲ တီဗွီကိုသာကြည့်နေသည်။ နွတ်က အံဆွဲထဲမှ အကျီလေးများ၊ ဖိနပ်လေးများ၊ ကလစ်များနှင့် ဘီးကလေးများကို ထုတ်ပြီး အိပ်ယာပေါ်တင်လိုက်သည်။
“ပင်ကီကို အကျီဝတ်ပေးအုံးမှပဲ”
နွတ်ကပြောလိုက်ပြီး ပင်ကီကို အကျီလေးတွေ ဝတ်ပေးနေသည်။ အကျီလေးတွေက ပြောင်ပြောင်လက်လက်နှင့် ချစ်စရာလေးတွေဖြစ်သည်။ ကျောက်များနှင့် ဆီးကွင့်များစီထားသလို၊ ဖဲပြားလေးများ၊ ဇာပေါက်ထည်ကလေးများနှင့် အလွန်လှပသည်။
“ခေါင်းကလည်း ရှုပ်ပွနေပါလား ခေါင်းဖြီးပေးအုံးမှပဲ”
နွတ်ကပြောပြီး ခေါင်းတွေဖြီးပေးနေသည်။ ခေါင်းဖြီးပြီးတော့ အရောင်စုံ ကလစ်ကလေးတွေ တပ်ပေးနေသည်။
“လှလိုက်တာ ဓါတ်ပုံရိုက်ပြီး ဂရုထဲတင်ရမယ်”
နွတ်က ဓါတ်ပုံရိုက်ပြီး ဂရုထဲတင်နေသည်။ ရဲဝင်းကတော့ တီဗွီမှပြသနေသော ထိုင်းသရဲကားတစ်ကားကို စိတ်ဝင်တစားကြည့်နေလိုက်သည်။ သရဲကားက တဖြည်းဖြည်းကြောက်ဖို့ကောင်းလာသည်။ ရဲဝင်းက သရဲမကြောက်တတ်၊ သို့သော်လည်း အခုတစ်ခါ သရဲကားကြည့်နေရသည်ကိုက ကျောချမ်းနေသည်။ ဆက်မကြည့်ချင်တော့သဖြင့် တီဗွီကိုပိတ်လိုက်ပြီးနောက် အိပ်လိုက်သည်။ ချမ်းသလိုလိုရှိသဖြင့် စောင်တစ်ထည်ကို ကောက်ခြုံလိုက်သည်။
“ဖက် အစောကြီးအိပ်တော့မလို့လား”
“အေးနွတ် ကိုယ်နည်းနည်းပင်ပန်းနေသလားလို့”
ထိုညက ရဲဝင်းက အိပ်မောကျနေသည်။ နွတ်ကတော့ ရဲဝင်းအိပ်တာတော်တော်ကြာမှ အိပ်လိုက်သည်။ ထိုညက ရဲဝင်းထူးဆန်းသည့် အိပ်မက်တစ်ခုမက်သည်။ အိပ်မက်ထဲတွင် နွတ်က ပင်ကီလေးကို ချီထားသည်။ ပင်ကီလေးက အသားအရေက ပန်းရောင်လေးနှင့် မျက်တောင်ကော့ကော့လေးတွေနှင့် အလွန်ချစ်စရာကောင်းနေသည်။
“ပင်ကီလေ မေမေကို သိပ်ချစ်တာပဲ”
“မေမေကလည်း ပင်ကီကိုချစ်ပါတယ်”
“ဒါနဲ့ ဖေဖေက ပင်ကီကို မချစ်သလိုဘဲနော်”
“မဟုတ်ပါဘူးပင်ကီရဲ့၊ ဖက်က အဲဒီလိုပဲအေးစက်စက်နေတတ်တာ သူ့အကျင့်”
“မေမေက အခု ပိုက်ဆံတွေလည်း ရပြီဆိုတော့ စတော့ရှယ်ယာဆော့ပါလား ပင်ကီကူညီပေးမယ်”
“ဟုတ်လား၊ ဆော့တော့ မဆော့ဖူးဘူး ပင်ကီရဲ့”
ထို့နောက် နွတ်က ပင်ကီကို ချီပိုးကာ ပန်းခင်းကြီးတစ်ခုအပေါ် ပြေးလွှားနေလိုက်သည်။ ရဲဝင်းကတော့ နွတ်နှင့် ပင်ကီတို့ ပန်းခင်းကြီးထဲ ပြေးလွှားနေသည်ကို ကြောင်စီစီနှင့်ကြည့်နေမိသည်။
မနက်လင်းပြီ။ ရဲဝင်းက ညက စောစောအိပ်ထားသည်မို့ အစောကြီး နိုးနေလေသည်။ နွတ်ကတော့ မနိုးသေးဘဲ သူ့နံဘေးတွင် ကွေးကွေးကလေးအိပ်နေလေသည်။ ရဲဝင်းဗိုက်ကလည်း ဆာနေသည်မို့ မီးဖိုချောင်ထဲဝင်လာခဲ့သည်။ မီးဖိုချောင်ထဲရှိ ဆန်ပြားခေါက်ဆွဲတစ်ထုပ်ကို ဖောက်ပြီး ပြုတ်လိုက်သည်။ ထို့နောက် ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်တင်လိုက်သည်။
“အမယ်လေး”
ပင်ကီက စားပွဲပေါ်တွင် ရောက်နေသည်။ ရဲဝင်းလည်း ထူးဆန်းသွားမိသည်။ ညက ပင်ကီက အိပ်ခန်းထဲတွင် ရှိနေသည်မဟုတ်ပါလား။
“ပင်ကီ နင်လည်းစားချင်လို့လား”
ဘာရယ်မဟုတ်ပဲ ရဲဝင်းက ခေါက်ဆွဲအချို့ကို ပန်းကန်သေးသေးလေးတစ်လုံးထဲ အနည်းငယ်ထည့်ပေးလိုက်သည်။ စားသောက်နေစဉ် ရဲဝင်းက ပင်ကီအရုပ်ကိုကြည့်နေမိသည်။ ပင်ကီအရုပ်ကလေးက ထိုင်နေရင်း ရဲဝင်းဖက်ကို တဖြည်းဖြည်း လှည့်လာလေသည်။ ထို့နောက် ရဲဝင်းကို နှစ်လိုဖွယ်အပြုံးနဲ့ ပြုံးပြနေလေသည်။ ရဲဝင်းလည်း ကြည့်နေရင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။ ထိုစဉ် သူ့ပုခုံးကို တစ်စုံတစ်ယောက်က လာပြီးထိလေသည်။
“ချွင်”
ရဲဝင်းလန့်သွားပြီး တုန်ယင်သွားလေရာ လက်ထဲတွင်ကိုင်ထားသည့် စတီးတူက ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။
“ဖက်ကလည်း လန့်သွားတာလား”
သူ့ကိုပုခုံးလာပုတ်သူက နွတ်ဖြစ်နေသည်။ ရဲဝင်းက ပင်ကီကိုကြည့်လိုက်သောအခါ အရင်အတိုင်းဘာအမူအရာမှ မဖြစ်ပေ။ ရဲဝင်းလဲ တူကို ကုန်းကောက်လိုက်သည်။
“ဘာလို့ အဲဒီလောက် လန့်သွားရတာလဲ ဖက်”
“မဟုတ်ပါဘူး ကိုယ်အလုပ်ကိစ္စတွေးနေလို့ပါ”
“အလုပ်ကိစ္စဆိုလို့ ပြောရအုံးမယ်ဖက်၊ နွတ်လေ စတော့ရှယ်ယာဆော့ရင် ကောင်းမလားလို့”
“နွတ်က လုပ်ဖူးလို့လား”
“လုပ်တော့ မလုပ်ဖူးဘူးဖက်ရဲ့ ဒါပေမယ့် လေ့လာကြည့်မလို့ မေမေ့ဆီက ရထားတဲ့ ငွေတစ်ချို့ကို ရင်းနှီးကြည့်မယ်လေ”
ရဲဝင်းက စဉ်းစားနေသည်။ စတော့ရှယ်ယာကတော့ သူလည်း မလုပ်ဘူးသဖြင့် မသိ။ သူက နွတ်ကို ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။ နွတ်က ရဲဝင်းကိုကြည့်နေရင်း
“နွတ်လုပ်မယ်နော် ဖက်”
ရဲဝင်းက နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။
“သေချာလေ့လာကြည့်ပေါ့ နွတ်ရဲ့”
ထို့နောက် ရဲဝင်းက အခန်းထဲပြန်ဝင်လာခဲ့သည်။ မဲဆောက်မြို့ဖုန်းဆိုင်မှ ဝန်ထမ်းများနှင့် ဖုန်းပြောနေလိုက်သည်။ ဖုန်းဆိုင်တွင် ပြဿနာ အနည်းငယ်တက်နေသလို ငွေစာရင်းရှင်းဖို့ကလဲ ရှိသေးသည်။ နွတ်က မျက်နှာသစ်ပြီး အခန်းထဲပြန်ဝင်လာသည်။
“နွတ် ကိုယ်မဲဆောက်ကိုပြန်ရအုံးမယ် ဆိုင်မှာပြဿနာနည်းနည်းရှိနေလို့၊ နောက်ပြီးတော့ ကိုယ်တို့ဒီမှာနေမယ်ဆိုရင် ဆိုင်မှာ စီစဉ်စရာရှိတာလေးတွေ ရှိတယ် နွတ်”
နွတ်က ခေါင်းညိတ်လိုက်သည်။
“နွတ်အဖော်မရှိရင် အိမ်အကူတစ်ယောက်လောက် နွတ်ပဲရှာကြည့်လိုက်လေ”
“ဖက် ဘယ်နေ့သွားမှာလဲ”
“ဒီနေ့ပဲသွားလိုက်မယ်၊ နွတ်အဆင်ပြေရဲ့လား”
နွတ်က ခေါင်းညိတ်လိုက်သည်။ ရဲဝင်းက အဝတ်အစားများလဲပြီးတော့ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ခြံထဲမှထွက်ခဲ့သည်။
(ဃ)
မဲဆောက်ပြန်ရောက်တော့ ရဲဝင်းအလုပ်ရှုပ်ပြန်သည်။ မဲဆောက်တွင် လုပ်စရာရှိသည်များလုပ်ရသည်။ ဆိုင်တွင်လည်း ဆိုင်မှလူယုံတစ်ယောက်ကို မှာကြားသင့်သည်များ၊ လုပ်ကိုင်ပုံများကို ပြသရသည်။ နောက်ပိုင်း နွတ်နှင့် ချင်းမိုင်မှာပဲ အနေများမည်ဖြစ်သဖြင့် သေချာကြီးကြပ်ပြီး မှာကြားရလေသည်။ နွတ်နှင့် ညတိုင်းတော့ ဖုန်းပြောဖြစ်သည်။ နွတ်က ရှယ်ယာကုမ္မဏီတစ်ခုနှင့် ချိတ်ဆက်ကာ ရှယ်ယာနှင့်ပက်သက်သည်များကို လေ့လာနေသည်ဟုဆိုသည်။
မဲဆောက်မှာ တစ်ပါတ်ခန့်နေပြီးသည့်အခါ နွတ်ရှိရာ ချင်းမိုင်သို့ ပြန်လာဖြစ်သည်။ ယခုတစ်ခါတော့ မနက်ပိုင်းကားစီးလာသဖြင့် ညနေခင်းတွင် ရောက်သည်။ အိမ်သို့ပြေးဝင်လိုက်ပြီးနောက် နွတ်ကိုရှာဖွေလိုက်သည်။ မီးဖိုချောင်ထဲ ပြေးဝင်သွားလိုက်သည်။ နွတ်က ဟင်းချက်နေသည်။ အစိမ်းရောင် တီရှပ်လေးဝတ်ထားပြီးတော့ အောက်က ဂျင်းဘောင်းဘီလေးကို ဝတ်ဆင်ထားသည်။ ရဲဝင်းက အနောက်ကနေပြေးဖက်လိုက်သည်။
“အို ဘယ်သူလည်း၊ ဘာလုပ်တာလဲ”
နွတ်က အော်လိုက်ကာ ရဲဝင်းကို တွန်းထုတ်လိုက်သည်။ ရဲဝင်းလည်း ထိုတော့မှ အသေအချာကြည့်လိုက်သည့်အခါ ထိုမိန်းကလေးမှာ နွတ်မဟုတ်ဘဲ တခြား ကောင်မလေးတစ်ယောက်ဖြစ်နေသည်။
“ဟို မင်း . . မင်းက ဘယ်သူလဲ”
ထိုစဉ် နွတ်က အိမ်ပေါ်ထပ်မှ ဆင်းလာပြီး မီးဖိုထဲဝင်လာလိုက်သည်။
“ဖက် . . ဖက်ပြန်ရောက်ပြီလား”
“သူ . . သူက ဘယ်သူလဲ နွတ်”
“သူက နန်းလေ၊ နွတ်ခေါ်ထားတာ”
ရဲဝင်းတစ်ယောက် မျက်နှာကြီးနီရဲသွားကာ ရှက်သွားလေသည်။ ထိုကောင်မလေးကိုလဲ အားနာပြီးကြည့်လိုက်လေသည်။
“တောင်းပန်ပါတယ်ဗျာ”
ထိုကောင်မလေး မျက်နှာတွင် ထိပ်လန့်သည့်အရိပ်အယောင်များ မပြေသေးဘဲ ပြန်လှည့်သွားပြီး အလုပ်တွေပြန်လုပ်နေသည်။ ရဲဝင်းလည်း ဧည့်ခန်းဘက်ကိုထွက်ခဲ့သည်။
“ဖက် ပြန်လာတော့ ဖက်ကိုဝမ်းသာစရာပြောစရာရှိတယ်”
“ဘာလဲ နွတ်ရဲ့”
“နွတ်ရှယ်ယာ ဆော့တာ အချီကြီးရလိုက်တယ် ဖက်၊ ဘတ် နှစ်သိန်းခွဲလောက် မြတ်သွားတယ်”
“ကောင်းတာပေါ့ နွတ်ရဲ့”
ထိုစဉ် ကောင်မလေးက ရေသန့်တစ်ဗူးနှင့် ရေခွက်တစ်ခွက်ကိုယူပြီး သူတို့ရှေ့လာချပေးသည်။ ထို့နောက် အနောက်သို့ ပြန်ဝင်သွားသည်။
“သူ့အကြောင်းပြောပါအုံး”
“သူက နန်းလို့ခေါ်တယ်၊ မြန်မာပြည်ကပဲတဲ့၊ နွတ်ထက်လည်း အများကြီးငယ်တယ် အလုပ်လုပ်တာလည်း သေသပ်တယ်၊ ဒါကြောင့် နွတ်ခေါ်ထားတာ”
“ရှမ်းလား မသိဘူး နန်းဆိုတော့”
“ကရင်လို့တော့ ပြောတယ် ဖက်ရဲ့ ဖက်နဲ့လူမျိုးတူတယ်”
“ကရင်ဆိုတော့နန့်ဖြစ်မှာပါ”
“မသိဘူးလေ နွတ်ကတော့ နန်းလို့ပဲခေါ်လိုက်တယ်”
“သူက ဘယ်မှာနေလဲ ချင်းမိုင်မှာပဲလား”
“မဟုတ်ဘူး ဖက်ရဲ့ အိမ်မှာပဲနေမှာ၊ အိမ်အောက်ထက်က အခန်းတစ်ခု သူ့ကိုပေးမလို့လေ”
“နွတ်ကတော့လုပ်ပြီကွာ၊ ဖက်က အဲဒီလို အိမ်မှာလူတွေ ရှုပ်နေတာ မကြိုက်ဘူးဆိုတာ နွတ်လည်းသိရဲ့သားနဲ့၊ နောက်ပြီးတော့ နွတ်ကိုလည်းသေသေချာချာမှာခဲ့တယ်မဟုတ်လား”
“ဖက်ကလည်း ဒေါသချည်းပဲ သူ့ကို အိမ်မှာခေါ်ထားတော့ ညမှုညတာဆိုရင် လူရှိတော့ အဖော်ရတာပေါ့”
ရဲဝင်းလည်း နွတ်ကို ပြိုင်မငြင်းတော့ပဲ အိပ်ခန်းထဲဝင်ခဲ့သည်။
“ဟာ နွတ် ဘာတွေလဲ”
အိပ်ခန်းထဲတွင် စားပွဲတစ်လုံးရှိနေပြီး အရုပ်မနေသည့်အိမ်ကလေးနှင့် ကလေးကစားစရာပစ္စည်းတွေ တင်ထားလေသည်။
“ပင်ကီပိုင်တဲ့ဟာလေ ဖက်ရဲ့”
“ရှုပ်ရှုပ်ယှက်ယှက်ကွာ”
“ဖက်နော် ပင်ကီကိုကောင်းကောင်းမွန်မွန်ဆက်ဆံ ပင်ကီက နွတ်ကို ငွေတွေရှာပေးနေတာ”
“ဘယ်လိုရှာပေးတာလဲ နွတ်”
“ရှယ်ယာ ဘယ်ဟာကို ရင်းနှီးရမလဲဆိုတာ ပင်ကီကပဲအိပ်မက်ပေးပြီးတော့ရွေးရွေးပေးနေတာ ဖက်”
ရဲဝင်းက မယုံချင်တော့သဖြင့် ဘာမှမပြောတော့ဘဲ အကျီလဲနေလိုက်သည်။ အိမ်အကူအတွက်နှင့်လည်း ပြန်လာကတည်းက စိတ်ညစ်နေမိသောကြောင့်ဖြစ်သည်။ လင်မယားနှစ်ယောက်တည်းနေသည့်အိမ်တွင် ညဘက်လူပိုရှိသည်မှာ မလွတ်လပ်ဟု ရဲဝင်းက ခံယူထားသောကြောင့်ဖြစ်သည်။ မကြာမီ ညနေစာ စားချိန်ရောက်လာပြီဖြစ်သည်။
ထမင်းစားပွဲတွင်ထိုင်လိုက်သည်။ ပင်ကီကလည်း ထိုင်နေသည်။ နန်းကတော့ ဟင်းတွေပြင်ဆင်ပေးနေသည်။ နန်းက ဟင်းချက်တော်သည်ထင်သည် ဟင်းတွေကို ဖွယ်ဖွယ်ရာရာချက်ထားလေသည်။ နန်းချက်တဲ့ဟင်းတွေက မြန်မာဟင်းဆန်နေသည်။ ရဲဝင်းက ထိုင်းဟင်းလျှာများကို တစ်သက်လုံးစားလာသည်မို့ မြန်မာဟင်းကို စားချင်နေတာကြာပြီဖြစ်သည်။ စားကောင်းကောင်းနှင့် ရဲဝင်း ထမင်းနှစ်ပန်းကန်စားလိုက်သည်။
“ဖက် ထမင်းတွေစားလှချည်လား နန်းလက်ရာကို အကြိုက်တွေ့နေပြီထင်တယ်”
“မဟုတ်ပါဘူး၊ မနက်က ထမင်းသိပ်မစားလာတော့ ဗိုက်ဆာလို့ပါ”
ရဲဝင်းက လိမ်ပြီးပြောလိုက်သည်။ အမှန်တော့ သူက မြန်မာဟင်းနှင့်စားရသည်မို့ အကြိုက်တွေ့နေခြင်းဖြစ်သည်။
“နန်း ထမင်းတစ်ခါထဲ ဝင်စားလေ”
ရဲဝင်းက နန်းကိုမေးလိုက်သည်။ နန်းကတော့ သူတို့ထမင်းဝိုင်းဘေးနားတွင် မတ်တပ်ရပ်ပြီး ပန်းကန်တစ်ချို့ကိုဆေးကြောနေသည်။ နန်းက ကရင်မလေးဖြစ်ပြီး အသက်က နှစ်ဆယ် စွန်းစွန်းရှိမည်ထင်သည်။ အသားဖြူဖြူလေးနှင့် မျက်နှာလေးတွေက ပြည့်ဖောင်းနေသည်။ ပါးကလေးက အနည်းငယ်ရဲနေသည်။ လက်မောင်းတွေ ပေါင်တံလေးတွေက ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်သည်။
“မစားတော့ဘူး ဖက်၊ နန်းကနောက်မှစားမယ်”
“နန်း မြန်မာဟင်းချက်တာ စားလို့ကောင်းတယ်၊ နောက်လည်း များများချက်နော်”
“ချက်တော့ချက်မယ်၊ နွတ်က နန်းချက်တဲ့ဟင်းတွေကို သိပ်မကြိုက်ဘူးလားလို့”
သူတို့နှစ်ယောက်က မြန်မာလိုပြောနေကြခြင်းဖြစ်သည်။ နွတ်က သူတို့နှစ်ယောက်ပြောတာကို နားမလည်ဘဲ ကြည့်နေလိုက်သည်။ ထမင်းစားပြီးတော့ ထမင်းဝိုင်းမှ ထလိုက်ကြသည်။ အရင်က နွတ်က ပန်းကန်တွေ ခွက်တွေ ဆေးရစမြဲ၊ အခုတော့ နန်းရှိသည်မို့ သက်သာနေသည်။ ပင်ကီလေးကိုယူပြီး အခန်းထဲဝင်လိုက်ကြသည်။
အပိုင်း(၃) တွင်ဆက်လက်ဖတ်ရှုပါ