မိုးတစ်ပြိုက်ရွာပြီးသည်မို့ အိမ်ခေါင်သက်ကယ်မိုး၏ တံစက်မြိတ်မှ မိုးရေစက်များက တွဲလောင်းခိုကာ တစ်ပေါက်ပေါက်ကျဆင်းနေလေသည်။ မုဆိုးကြီး ဦးတောကျော်လည်း နံနက်ခင်းပိုင်း မိုးရွာသည့်နေ့မျိုးဆိုလျှင် တောမတက်ချင်တော့ပေ၊ ထို့ကြောင့် ယွန်းကွမ်းအစ်အစုတ်ကြီးကိုယူလိုက်သည်။ ဆေးတစ်ဆုံလောက်သောက်မည်ဟုကြံလိုက်ပြီး ကွမ်းအစ်ကိုဖွင့်လိုက်ကာ သောက်နေကျ သစ်သားဆေးတံကြီးကိုထုတ်လိုက်ပြီး ဝါးကြမ်းခင်းတွင်ခေါက်ချလိုက်သည်။ ဆေးတံအတွင်းရှိ မီးလောင်ကျွမ်းပြီးဖြစ်သော ဆေးရွက်ကြီးပြာများက ဝါးကြမ်းပြင်ပေါ်သို့ကျဆင်းသွားတော့မှ ဆေးစာအချို့ကိုယူလိုက်ပြိး ဆေးတံအတွင်းသို့ထည့်ကာ လက်မဖြင့်အသာဖိသိပ်နေလေသည်။
“ဂျိန်း . . . ဂျလိန်း”
ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရာ မိုးက နောက်တစ်ချီခန့် ရွာအုံးမည်ဟု ခန့်မှန်းလိုက်သည်။ ထို့အပြင် မိုးခြိမ်းသံကပါ ထပ်ပေးနေသဖြင့် ဦးတောကျော် ယနေ့တောမလိုက်ရန်အတွက် စိတ်ကိုဒုံးဒုံးချလိုက်ပြီး မီးခြစ်ဆံတစ်ချောင်းကိုခတ်လိုက်ကာ ဆေးတံကိုမီးရှို့လိုက်လေသည်။ ဆေးတံပြောင်းကို သုံးလေးချက်လောက် ခပ်ကြမ်းကြမ်းစုပ်လိုက်တော့မှ ဆေးစာတွေမီးစွဲသွားပြီး အလွန်အနံ့ပြင်းသည့် ဆေးရွက်ကြီးအနံ့က ထွက်ပေါ်လာလေသည်။ မီးခိုးငွေ့များလည်း တထောင်းထောင်းထနေလေတော့သည်။
“ဗျို့ . . . ဦးတောကျော်ရှိသလားဗျို့”
“အေး၊ ဘယ်သူလဲ . . . ဝင်ခဲ့လေကွာ”
ဝါးဖြင့်သေသေသပ်သပ်ပြုလုပ်ထားသည့် ခြံတံခါးလေးပွင့်သွားပြီး ခြံထဲသို့ လူငယ်တစ်ဦးက လှမ်းကြည့်လိုက်လေသည်။
“ဦးတောကျော်၊ ဗျောက်မကိုကြည့်ပေးအုံးနော်”
“အေးပါကွ၊ ဗျောက်မက ဇီးကြီးနဲ့မို့လို့ မင်းကိုမကိုက်နိုင်ပါဘူး၊ လာစမ်းပါ”
ထိုတော့မှ ထိုကောင်လေးလည်း ခြံအတွင်းသို့ ရဲရဲဝံ့ဝံ့ဝင်လာလေသည်။ ထိုကောင်လေးမှာ သူတို့ရွာမှာ နွားကျောင်းသားကလေး ဖိုးအေးဖြစ်သည်။ ဖိုးအေးဝင်လာပြီး သူ့အနောက်တွင် ယောက်ျားကြီးနှစ်ယောက်လည်းပါလာခဲ့လေရာ ဦးတောကျော်က ရှုပ်ပွနေသည့် သူ့အိမ်ရှေ့ကြမ်းခင်းကို တံမြက်စည်းဖြင့် တစ်ချက်နှစ်ချက် ထခတ်လိုက်လေသည်။
“ဆရာကြီးတို့၊ ဒါက မုဆိုးကြီးဦးတောကျော်ပဲဗျာ”
ထိုလူကြီးနှစ်ယောက်က ဦးတောကျော်ကိုတစ်ချက်ကြည့်လိုက်ပြီး ပြုံးပြလိုက်လေရာ ဦးတောကျော်ကလည်း အိမ်ကိုလာသည့်ဧည့်သည်ကို
“ကဲ နောင်ကြီးတို့၊ အိမ်ပေါ်ကိုတက်ကြဗျာ၊ ကျုပ်အိမ်က မုဆိုးအိမ်ဆိုတော့ ဒီလိုပဲ ပြန့်ကျဲနေတာပဲဗျာ၊ စိတ်တော့မရှိနဲ့”
ထိုသို့လောကွတ်လုပ်လိုက်ရာ ထိုလူနှစ်ဦးက အိမ်ပေါ်သို့လှမ်းတက်လာပြီး ဝါးကြမ်းခင်းတွင်ထိုင်ချရင်း
“ရပါတယ်ဗျာ၊ ကျုပ်တို့လာရတာကလည်း ခင်ဗျားနဲ့တွေ့ဖို့ အဓိက ပါပဲဗျာ”
ဦးတောကျော်လည်း မြေရေနွေးကရားအိုးတစ်လုံးကို ထိုလူနှစ်ဦးအရှေ့သို့ချပေးလိုက်ပြီး ရေနွေးခွက်နှစ်ခွက်ကိုလည်းချပေးလိုက်သည်။
“အားတော့နာပါတယ်ဗျာ၊ ကျုပ်အိမ်ကို ဧည့်သည်တွေ လာလေ့လာထမရှိတော့၊ ကျုပ်မှာလည်း ရေနွေးကြမ်းအပြင် ဧည့်ခံစရာမရှိဘူးဗျ”
ဦးတောကျော်က အားနာနာနှင့်ပြောလိုက်ရသည်။ ထိုလူနှစ်ဦးကလည်း ဖော်ရွေစွာပင် ပြုံးပြပြီး
“ရပါပြီကောဗျာ၊ ကျုပ်တို့ကို အားမနာပါနဲ့”
ကြမ်းပြင်မှာထိုင်နေသည့် လူနှစ်ဦးကို ဦးတောကျော်က တစ်ချက်ကြည့်ကာအကဲခတ်လိုက်သည်။ ရှမ်းလွယ်အိတ်လိုလို လွယ်အိတ်အဖြူအနီစင်းကြားကြီးဝတ်ထားပြီး၊ တိုက်ပုံအင်္ကျီကိုဝတ်ဆင်ထားကြကာ ခေါင်းတွင်လည်း ခေါင်းပေါင်းကြီးများကိုယ်စီပေါင်းထားကြသေးသည်။ ထိုလူနှစ်ယောက်အနက် လူတစ်ယောက်က တိုက်ပုံအင်္ကျီအိတ်အတွင်းမှ တစ်ပဲတန်သည့် အကြွေစေ့ကိုထုတ်ယူလိုက်ကာ နွားကျောင်းသားကလေး ဖိုးအေးကိုပေးလိုက်လေရာ ဖိုးအေးလည်း ငွေအကြွေစေ့ကို ပျော်ရွှင်စွာဖြင့်ယူဆောင်ပြီး ခြံအပြင်သို့ပြေးထွက်သွာေးလသည်။ ဦးတောကျော်က ထိုသူများကိုအကဲခတ်ပြီးနောက်
“ဒါနဲ့ ခင်ဗျားတို့ကြည့်ရတာ ဆေးဆရာကြီးတွေနဲ့တူတယ်ဗျ၊ တခြားဆေးဆရာတွေလို တောထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်တွေများ လာရှာကြတာလား”
ထိုလူကြီးနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
“မုဆိုးကြီးပြောတာမှန်သဗျို့၊ ကျုပ်နာမည်က ဦးဘိုးလူပါ၊ ဟောဒါကတော့ ကျုပ်သူငယ်ချင်း ဦးဘဖေတဲ့၊ ကျုပ်တို့က ဆေးတွေဘာတွေကုပါတယ်”
“ကျုပ်ထင်ပြီးသားပါ၊ ကဲပြောပါ၊ ခင်ဗျားတို့ ဘာလိုချင်တာလဲ၊ စပါးကြီးသည်းခြေလား၊ ကျားလက်သည်းတွေ၊ စိုင်ခွာတွေများလား”
ထိုလူကြီးနှစ်ယောက်အနက် ဦးဘိုးလူကပြုံးလိုက်ရင်း
“တစ်ခုမှမဟုတ်ဘူးဗျ၊ မုဆိုးကြီး ကျုပ်တို့ကိုရှာပေးရမှာကတော့ မုဆိုးကြီးတစ်ခါမှ မမြင်တွေ့ဖူးသေးတဲ့ အရာပဲ”
ဦးဘိုးလူပြောတော့ မုဆိုးကြီးဦးတောကျော်က ပြုံးလိုက်ရင်း
“ဒါဆိုလည်း ပြောပြပါအုံးဗျာ၊ ဟောဒီရိုးမတစ်ကြော၊ တောင်ပေါင်းသုံးဆယ်လောက်နီးနီးမှာ ကျုပ်မမြင်ဖူးတဲ့တိရစ္ဆာန်၊ ကျုပ်မတွေ့ဖူးတဲ့အပင်ဆိုတာ မရှိသလောက်ပဲဗျို့၊ ဗဟုသုတ ခေါင်းပါးတဲ့ကျုပ်ကို ခင်ဗျားတို့ ပြောပြစမ်းပါအုံးဗျာ”
“ဒါနဲ့ မုဆိုးကြီးကိုတစ်ခုမေးကြည့်မယ်၊ မုဆိုးကြီး ငါးပြေမ ဂမုန်းဆိုတာကို ကြားဖူးသလား”
ဦးတောကျော်လည်း ဦးဘိုးလူပြောသည့်စကားကိုနားထောင်ရင်း ခေါင်းခါလိုက်သည်။
“အဲဒီနာမည်ကိုတော့ မကြားဖူးဘူးဗျ၊ ဒါပေမယ့် ဒေသတစ်ခုနဲ့တစ်ခုက အခေါ်အဝေါ်တွေ ကွဲပြားတယ်ဆိုတော့ အပင်ပုံစံကို အကြမ်းဖျင်းကျုပ်ကိုပြောပြဗျာ”
အပင်ကတော့ ဂမုန်းအပင်လိုပဲဗျာ၊ မြေအောက်မှာ ဥအုတာပေါ့ဗျာ၊ မြေပေါ်ကိုတော့ အရွက်လေးရွက်ပဲထွက်သဗျ၊ အရွက်လေးရွက်မှာ အောက်ဘက်က အရွက်ကတော့ သစ်ခွရွက်လိုလို အရွက်ပြားပြားပါ၊ အဲ၊ အပေါ်က နှစ်ရွက်ကတော့ ငါးပြေမတစ်ကောင်နဲ့ တော်တော်တူတယ်၊ မသိတဲ့လူတွေကြည့်ရင် ငါးပြေမနှစ်ကောင် ခေါင်းချင်းဆိုင်ပြီးတော့ ချထားသလိုပဲတဲ့ဗျာ”
ဦးတောကျော်လည်း ဦးဘိုးလူပြောစကားများကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
“ခင်ဗျားတို့ပြောပုံအရဆိုရင်တော့ တော်တော်ထူးဆန်းတာပဲဗျာ၊ ဒီအပင်မျိုး ကျုပ်မမြင်ဖူးတာတော့ သေချာသွားပြီ၊ ဒါနဲ့ ခင်ဗျားတို့က ဒီအပင်ကိုဘာလုပ်မလို့လဲဗျ”
ဦးဘိုးလူက ရေနွေးတစ်ခွက်ငှဲ့ပြီးသောက်နေသဖြင့် ဦးဘဖေဆိုသူက ဝင်ပြောပြလေသည်။
“ကျုပ်တို့က ဆေးဆရာတွေဆိုတာထက် အဂ္ဂိရတ် ဆရာတွေလို့ပြောရင်ပိုမှန်မယ်ဗျ၊ ခုနစ်ရက်သားသမီးကို ကယ်တင်တဲ့နေရာမှာ တခြားသူတွေလို ဆေးတွေ၊ ဝါးတွေနဲ့ ကယ်တင်ကုသတာမဟုတ်ဘဲနဲ့၊ ဓါတ်လုံးတွေ၊ ဓါတ်ပြာတွေနဲ့ ကုသကြတာပါ”
“ဪ၊ အဂ္ဂိရတ်ဆရာကြီးတွေပဲကိုး”
“ဟုတ်ပါတယ်မုဆိုးကြီး၊ ကျုပ်တို့အခု အာယုဒီပ ဆေးဓါတ်လုံးတစ်ခုကို ထိုးနေပါတယ်၊ အဲဒီဓါတ်လုံး ဓါတ်ပေါက်ဖို့အတွက်က အဲဒီခုနကပြောတဲ့ ငါးပြေမဂမုန်းရဲ့ ဥကို ဓါတ်လုံးကိုကျွေးဖို့လိုအပ်နေပါတယ်၊ အဲဒီဓါတ်လုံးသာ အောင်မြင်သွားရင် ခုနစ်ရက်သားသမီးတွေကို ဒီထက်ပိုပြီးတော့ ကုသပေးနိုင်တော့မှာပေါ့ဗျာ”
“ကောင်းတာပေါ့ဗျာ၊ နို့ ဒါပေမယ့် ကျုပ်မေးရပါအုံးမယ်၊ ကျုပ်လို ဒီတောင်ကြောမှာမွေးပြီး အနှစ်ငါးဆယ်နီးပါးလောက် နေထိုင်၊ အမဲလိုက်ခဲ့တဲ့ မုဆိုးတောင် ဒီနေရာမှာ အဲဒီဂမုန်းမျိုးကို မတွေ့ဖူးဘူးဗျ၊ ခင်ဗျားတို့ ဒီတောထဲမှာရှိမယ်ဆိုတာ သေရောသေချာလို့လားဗျာ”
ထိုအခါ ဦးဘဖေက
“သိပ်သေချာတာပေါ့ မုဆိုးကြီးရယ်၊ ကျုပ်တို့ကလည်း အလုပ်တစ်ခုကို မသေချာရင်မလုပ်ပါဘူးဗျ၊ အဂ္ဂိရတ်ဆရာတွေဆိုတာ တခြားသူတွေထက်ပိုပြီးတိကျရတယ်ဗျ၊ ပိုပြီးလက်တွေ့ဆန်ရတယ်ပေါ့ဗျာ၊ အဂ္ဂိရတ်လမ်းစဉ်မှာ သွပ်ကိုဘယ်ရွေ့ဘယ်မျှ၊ နာကိုအချိန်ဘယ်လောက်ကျွေးဆိုပြီး စသဖြင့် သူတို့သတ်မှတ်ထားတဲ့အတိုင်း တိတိကျကျလုပ်မှ ဓါတ်လုံးတွေက ပေါက်မြောက်အောင်မြင်မှာမဟုတ်လား”
ဦးတောကျော်လည်း ခေါင်းညိတ်လိုက်သည့်အခါ ဦးဘိုးလူက တစ်ဖန်
“ဒီရိုးမတောင်တန်းကြီးမှာ ဆေးတောင်ဆိုတဲ့နေရာကိုများ မုဆိုးကြီးရောက်ဖူးသလား”
“ရောက်ဖူးတာပေါ့ဗျာ၊ ဆေးတောင်ဆိုတာ အတော်ကြီးတဲ့တောင်ကြီးဗျ၊ အဲဒီမှာ ဂမုန်းတွေ၊ ပမုန်းတွေနဲ့ ဆေးပင်တွေ၊ သစ်ခွတွေပေါက်နေတာပေါ့ဗျာ၊ ဆေးဆရာကြီးတွေဆိုရင် ရှားပါးတဲ့ဆေးဖက်ဝင်ဘယဆေးတွေကို အဲဒီတောင်ကြီးမှာ ရှာကြလွန်းလို့ ဆေးတောင်လို့တောင် နာမည်တွင်နေတာပေါ့”
“ဒါဖြင့် ဟန်ကျသဗျာ၊ ကျုပ်တို့လည်း အဂ္ဂိရတ်ပညာကိုဆည်းပူးရင် မြင်းခြံဘက်က ဆရာကြီးတစ်ယောက်နဲ့ဆွေးနွေးတဲ့အခါ ဆရာကြီးရဲ့ မှတ်စုစာအုပ်ကိုရလိုက်တယ်ဗျ၊ အဲဒီမှာရေးထားတာက ဒီရိုးမပေါ်က ဆေးတောင်လို့ခေါ်တဲ့ တောင်ကြီးမှာ အဲဒီငါးပြေမဂမုန်းပင် ပေါက်ရောက်တယ်တဲ့ဗျာ၊ အတိအကျကိုရေးထားတာဗျ”
“ခင်ဗျားတို့သေချာရဲ့လားဗျ၊ ဆေးတောင်ကို ကျုပ်အခေါက်ခေါက်ရောက်ဖူးပေမယ့် ခင်ဗျားတို့ပြောတဲ့ ငါးပြေမဂမုန်းကို တစ်ခါမှ မတွေ့ဖူးဘူးနော်”
“ဟား၊ ဟား စိတ်ချပါမုဆိုးကြီးရာ၊ ကျုပ်တို့လည်း မပိုင်ဘဲ ရေတွင်းမတူးပါဘူး”
“ကဲ ကောင်းပါပြီဗျာ၊ ဒါနဲ့ ဘယ်နေ့သွားကြမလဲ၊ ဘယ်တော့သွားကြမှာလဲ”
“ဆေးတောင်ကြီးက ဒီကနေဝေးသလားဗျ”
“ဝေးတာတော့ ဝေးတယ်ဗျ၊ ဒီကနေဆိုရင် နေ့တစ်ပိုင်းသာသာလောက်သွားရတယ်၊ ခင်ဗျားတို့ တစ်ရက်လောက်တော့ အချိန်ယူရမယ်ဗျ”
“ဒါဆိုရင်လည်း ကောင်းပြီဗျာ၊ ကျုပ်တို့အခုပဲ သွားကြတာပေါ့”
ဦးတောကျော်က မိုးအခြေအနေကိုကြည့်လိုက်ပြီး
“မိုးလည်းရွာနေတယ်၊ နောက်ပြီးတော့ အချိန်ကလည်းလင့်နေပြီဗျ၊ ကျုပ်တို့အခုနေသွားရင်တောင် ဆေးတောင်ကြီးကို ညနေစောင်းလောက်မှရောက်မှာ၊ ဟိုရောက်တော့ မှောင်နေပြီပေါ့၊ ကျုပ်တို့ဘယ်လိုသွားရှာကြမလဲ”
“မပူပါနဲ့ မုဆိုးကြီးရာ၊ ဒါကြောင့်လည်း ကျုပ်က အခုသွားရအောင်လို့ပြောတာပေါ့ဗျာ၊ ငါးပြေမဂမုန်းဆိုတာ နေ့ဘက်မှာမထွက်ဘူးတဲ့ဗျ၊ မိုးချုပ်ပြီး လူသူကင်းတယ်ထင်တော့မှ ထွက်လာတတ်တာဆိုပဲ”
“ဆန်းပါပေ့ဗျာ”
ထိုအခါ ဦးဘိုးလူက သူ့လွယ်အိတ်ကြီးထဲကို လက်နှိုက်ပြီး ငွေစက်ကူတစ်ချို့ကိုထုတ်လိုက်သည်။ ထို့နောက် ငွေစက္ကူငါးရွက်ကို မုဆိုးကြီးဦးတောကျော်အရှေ့တွင် ချပေးလိုက်ပြီး
“ခရီးမစခင် ငါးကျပ်အရင်ယူထားဗျာ၊ ကျုပ်တို့လိုချင်တာရတဲ့အခါ နောက်ထပ်ငါးကျပ်ထပ်ပေးမယ်”
ဦးတောကျော်လည်း ငွေငါးရွက်ကိုကြည့်ရင်း အတော်စဉ်းစားနေရသည်။ ငွေနည်းခြင်းများခြင်းကို စဉ်းစားခြင်းမဟုတ်ဘဲ ယခုအချိန်တောအုပ်ထဲဝင်လျှင် တွေ့ကြုံရမည့်အခက်အခဲများနှင့် သွားလာရမည့်လမ်းကြောင်းများကို တွက်ချက်ကြည့်နေမိခြင်းဖြစ်သည်။ ထိုအခါ ဦးဘိုးလူက
“ဘယ်နှယ့်လဲ မုဆိုးကြီးရဲ့၊ ငါးကျပ်ကိုများ နည်းတယ်လို့ထင်နေတာလား”
ဦးတောကျော် ကခေါင်းခါလိုက်ပြီး
“မဟုတ်ပါဘူးဗျာ၊ နည်းတယ်လို့မထင်ပါဘူး၊ ကျုပ်က ဘယ်လမ်းကနေ ဘယ်လိုသွားရမလဲဆိုတာ စဉ်းစားမိသွားလို့ပါ”
“ခင်ဗျားက သွားရမယ့်လမ်းတောင် စဉ်းစားနေပြီမဟုတ်လားမုဆိုးကြီးရာ၊ ဒါဆိုကျုပ်တို့တွေ အလုပ်ဖြစ်ပြီပေါ့ဗျ”
ဦးတောကျော်က ငွေငါးကျပ်ကို ကောက်ယူလိုက်ပြီး
“ဒါဆိုရင်လည်း ခဏနေအုံးဗျာ၊ တောထဲမှာ တစ်ရက်၊ နှစ်ရက်လောက်ကြာမှာဆိုတော့ ကျုပ်လည်း စားဖို့သောက်ဖို့ ပြင်ဆင်ရမယ်မဟုတ်လား”
ထိုအခါ ဦးဘိုးလူက ဦးတောကျော်ကိုတားလိုက်ပြီး
“မပူပါနဲ့ဗျာ၊ ကျုပ်တို့မှာ အခြောက်အခြမ်းတွေအကုန်ပါလာခဲ့ပါတယ်၊ မုဆိုးကြီးတစ်ဦးစာအတွက်ပါ ပိုထည့်လာခဲ့ပါတယ်၊ မစိုးရိမ်ပါနဲ့ဗျာ”
ထိုအခါ မုဆိုးကြီးဦးတောကျော်က ရယ်မောလိုက်ရင်း
“အေးဗျာ၊ ခင်ဗျားတို့ပြောသလို အဂ္ဂိရတ်ဆရာတွေက တိကျတယ်၊ ထောင့်စေ့တယ်ဆိုတာ ကျုပ်ယုံလိုက်ပါပြီဗျာ၊ နေအုံး၊ ကျုပ်သေနတ်ယူလိုက်အုံးမယ်”
“အမဲလိုက်တာမှ မဟုတ်တာ၊ သေနတ်လိုလို့လား”
“ဘယ်ဟုတ်မလဲ ကိုဘဖေရဲ့၊ တောထဲမှာ ဘာအနရာယ်တွေ တွေ့ရမလဲဆိုတာ ကျုပ်တို့မသိနိုင်ဘူးမဟုတ်လား၊ သေနတ်ယူတယ်ဆိုတာကလည်း အကာအကွယ်သဘောမျိုးယူသွားတာပါ၊ ကျုပ်အမဲမလိုက်ပါဘူး”
(၂)
ဦးတောကျော်နာမည်အရင်းက ဦးခွေးဖြစ်သည်။ သို့သော် ငယ်စဉ်ကတည်းက ရိုးမတောင်တန်းကြီးတစ်ဝိုက်တွင် သားကောင်များကိုပစ်ခတ်သည့် မုဆိုးအလုပ်ဖြင့်အသက်မွေးခဲ့ရာ နဂိုမူရင်းငယ်နာမည်ပျောက်ပြီး ဦးတောကျော်ဟုသာ နာမည်တွင်သွားလေသည်။ ရိုးမအခြေရှိ ရွာပေါင်းနှစ်ဆယ်ကျော်ရှိသည့်အနက် ဦးတောကျော်ဟုပြောလိုက်လျှင် မသိသူမရှိပေ။
ဦးတောကျော်က အသက်ငါးဆယ်ကျော်ဆိုသော်လည်း မျက်နှာကသာ လူကြီးပုံပေါက်ပြီး ခနာကိုယ်ကတော့ လူငယ်တစ်ဦးနီးပါး ကျစ်လျစ်သန်မာလှလေသည်။ ရင်အုပ်ကားကားကြီးရှိပြီး လက်မောင်းအိုးကြီးများ၊ လက်မောင်းကြွက်သားကြီးများက ဖုထစ်ဖောင်းကားနေကာ အပြိုင်းပြိုင်းထနေသည့် သွေးကြောကြီးများကိုလည်း မြင်တွေ့နိုင်သည်။ ဦးတောကျော်က ချည်သားလက်ပြတ်အင်္ကျီတစ်ထည်ကို ရင်ဘတ်ဖွင့်လျှက်ဝတ်ဆင်လိုက်သည်။ အောက်က ပုဆိုးကိုတိုတိုဝတ်လိုက်ရာ ခြေသလုံးတွင် အကွက်စေ့နေအောင်ထိုးထားသည့် ထိုးကွင်းမင်ကြောင်များကို လှစ်ခနဲတွေ့လိုက်ရသေးသည်။ ကွပ်ကရီးဟုခေါ်သည့် ဓါးကောက်ကြီးတစ်လက်ကိုခါးကြားထိုးလိုက်သည်။
သူကိုင်နေကျလက်စွဲတော် မီးပေါက်တူမီး သေနတ်ကြီးကို ထမ်းလိုက်ပြီး သေနတ်တွင်အသုံးပြုသည့် ယမ်းများထည့်သည့် ကျွဲချိုနှင့် ကျည်ဆန်ခဲဖူးလုံးကလေးများထည့်သည့် သားရေအိတ်ကလေးကို လွယ်အိတ်စုတ်အသေးကလေးတစ်ခုတွင်ထည့်ကာ ကန့်လန့်ဖြတ်လွယ်လိုက်သည်။ ထိုအခါ ဦးတောကျော်မှာ အမဲလိုက်ထွက်ရန် အသင့်ဖြစ်သွားလေသည်။
ဦးဘိုးလူနှင့် ဦးဘဖေတို့မှာလည်း ပုဆိုးကိုခါးတောင်းကျိုက်လိုက်ကြပြီးနောက် လွယ်အိတ်ကိုယ်စီဖြင့် တောတက်ရန်အတွက် အဆင်သင့်ဖြစ်နေကြသည်။ ဦးတောကျော်က ဦးဆောင်ပြီး ခြံဝိုင်းအတွင်းမှထွက်ခဲ့ရာ အမဲလိုက်လျှင် အမြဲလိုက်ပါနေလေ့ရှိသည့် ဗျောက်မဟုခေါ်သည့် ခွေးမက အပြေးထွက်လာလေရာ ဦးတောကျော်က ဗျောက်မဦးခေါင်းကိုပွတ်သပ်လိုက်ပြီး
“ဒီတစ်ခါတော့ ခရီးလည်းဝေးတယ်၊ လမ်းကလည်းကြမ်းတယ်ဆိုတော့ နင်မလိုက်နဲ့ဗျောက်မရေ၊ နင်အိမ်စောင့်နေခဲ့”
ဗျောက်မမှာ သခင်၏စကားကိုနားလည်စွာနှင့် အိမ်ရှေ့တွင်ငုတ်တုတ်ထိုင်လျှက် ကျန်နေခဲ့တော့သည်။
ရွာမှထွက်ပြီး သိပ်မကြာခင်မှာပင် တောစပ်သို့ရောက်လေသည်။ မိုးဦးကျမို့ တောအုပ်က စိမ်းစိုနေသည်။ မိုးရွာသဖြင့် မြက်ပင်၊ ပေါင်းပင်များက စိမ်းလန်းစိုပြေနေပြီး အညွန့်တလူလူနှင့်ရှိနေလေသည်။
“မိုးကတစ်ချီလောက်တော့ ထပ်ရွာအုံးမယ်ထင်တယ်”
“ဟုတ်ပါရဲ့၊ ဒါပေမယ့် စိတ်တော့သိပ်မပူပါနဲ့ မုဆိုးကြီးရာ၊ မိုးရွာမှ ကျုပ်တို့ရှာနေတဲ့ ဂမုန်းက ပျော်တာဗျ”
သူတို့ဆက်လျှောက်လာရင်း တောင်ခြေသို့ရောက်လာခဲ့ပြီဖြစ်သည်။ မိုးရွာထားသဖြင့် တောင်ပေါ်တက်သည့်လမ်းကလေးမှာ ရွံ့ဗွက်များဖြစ်နေကာ မြေပြင်မှာအလွန်ချောနေသည်။ ဦးတောကျောက်က တောတက်နေကြမို့ အလျှင်အမြန်တက်လိုက်နိုင်သော်လည်း ဦးဘိုးလူနှင့် ဦးဘဖေတို့မှာတော့ သွားရလာရအခက်တွေ့နေပုံရသည်။
“ခင်ဗျားတို့နေခဲ့တာမဟုတ်ဘူးဗျာ၊ ကျုပ်ပဲသွားရှာပေးပါ့မယ်၊ ဒီအတိုင်းဆို ညမိုးချုပ်ရင်တောင်မှ ဆေးတောင်ကြီးကိုရောက်မှာမဟုတ်ဘူးဗျ”
“မရဘူး ဦးတောကျော်၊ ကျုပ်တို့မပါဘဲ ခင်ဗျားတစ်ယောက်တည်းရှာလို့မရဘူး၊ ဒီဆေးပင်ကိုရှာမယ်ဆိုရင် အစီအရင်တွေလည်း လိုသေးတယ်ဗျ”
ဦးတောကျော်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝါးရုံပင်ကြီးတစ်ပင်ဆီသို့လျှောက်လှမ်းသွားလိုက်သည်။ ထိုဝါးရုံပင်က ဝါးလုံးဝါးကြီးများမဟုတ်ဘဲ ခပ်ပိန်ပိန်ကျစ်ကျစ် မျှင်ဝါးရုံဖြစ်သည်။ ဦးတောကျော်က ဝါးလုံးရင့်ရင့်အားရှာဖွေလိုက်ကာ ငါးတောင်အရှည်ခန့်ဖြတ်တောက်လိုက်ပြီး ဦးဘိုးလူတို့အနားသို့ပြန်လာခဲ့သည်။ ဦးဘိုးလူတို့မှာ လမ်းကချောချာနှင့်မို့ သစ်ပင်တစ်ပင်အောက်တွင် ထိုင်နားနေကြသည်။
“ရော့၊ တောင်ဝှေးအဖြစ်ယူထားကြဗျာ၊ ရှေ့ဆိုလမ်းက ပိုပြီးမက်စောက်လာတော့မှာ”
ဦးဘဖေက အတော်စိတ်လေးနေပြီဖြစ်သည်။
“မုဆိုးကြီးရာ လမ်းကကြမ်းလိုက်တာ၊ တခြားလမ်းက သွားလို့မရဘူးလား”
“မရဘူးဗျာ၊ ဒီလမ်းက အတိုဆုံးလမ်းကိုရွေးထားတာ၊ ဒီလမ်းကနေဖြတ်သွားမှ မိုးမချုပ်ခင် ဆေးတောင်ကြီးဆီကိုရောက်နိုင်မှာဗျ”
ဦးဘိုးလူက တောင်ဝှေးကိုအားပြုလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ
“ကိုင်း ခရီးဆက်ကြစို့ ကိုဘဖေ၊ ခင်ဗျားမလိုက်နိုင်ဘူးဆိုရင်လည်း ရွာမှာနေရစ်ခဲ့ပေါ့ဗျာ”
ဦးဘိုးလူပြောတော့ ဦးဘဖေက ထိတ်လန့်သွားကာ
“မလုပ်ပါနဲ့၊ ကျုပ်လည်းမြင်ချင်တယ်၊ ဒီငါးပြေမဂမုန်း ဘယ်လောက်စွမ်းသလဲဆိုတာ ကျုပ်မြင်ချင်စမ်းတယ်၊ လိုက်မယ် . . . ရအောင်လိုက်မယ်ဗျ”
သို့နှင့်သုံးယောက်သား ခရီးဆက်ခဲ့ကြသည်။ အရှေ့တွင် ဦးတောကျော်ပြောသလို လမ်းကပိုပြီးမက်စောက်လာသည်။ တောင်တက်သည့်လမ်းများက ချောနေသဖြင့် မလဲကျစေရန်အားစိုက်ပြီးတက်ရသည်။ ဦးတောကျော်ကခြေလှမ်းမြန်သလောက် ဦးဘိုးလူနှင့် ဦးဘဖေတို့နှစ်ယောက်မှာ အနောက်မှပြတ်ကျန်ခဲ့သည်။
“ဗျို့၊ ဦးတောကျော်၊ ကျုပ်တို့ကိုစောင့်ပါအုံး”
ဦးဘဖေက လှမ်းအော်လိုက်ရာ ဦးတောကျော်က ဦးဘဖေထံသို့အပြေးလာခဲ့သည်။ ထို့နောက် ဦးဘဖေကို လက်တွဲရင်း
“ဒီအရှေ့က တောင်ကြားကြီးက အရမ်းမြေကြမ်းတဲ့တောင်ကြီးပဲ၊ ဒီတောင်ကြီးကို ကျုပ်တို့ နေမဝင်ခင် အမြန်ဖြတ်သန်းမှရမယ်၊ မဟုတ်ရင် . . .”
“မဟုတ်ရင်ဘာဖြစ်သလဲ မုဆိုးကြီး”
“မဟုတ်ရင်တော့ မကောင်းတာတွေ ဖြစ်လာနိုင်တယ်ဗျ”
“ဟား၊ ဟား ဒါကိုတော့ မပူပါနဲ့ ဦးတောကျော်ရာ၊ တော်ရုံနာနာဘာ၀တွေလောက်တော့ ကျုပ်တို့ကမကြောက်ပါဘူးဗျာ၊ ကျုပ်တို့မှာ ပြဒါးပြာတွေပါတယ်၊ ဒီဟာကို နာနာဘာ၀တွေက သိပ်ကြောက်တာဗျ”
ဦးတောကျော်က ဆက်မပြောတော့ဘဲ တောင်ပေါ်ဆက်တက်သွားသည်။
“ဒါနဲ့ ခင်ဗျားတို့ကို တစ်ခုပြောထားရအုံးမယ်၊ တောထဲမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် နာမည်မခေါ်ကြနဲ့ဗျ”
ဆက်သွားရင်း မကြာခင်တောင်ဆင်းတစ်ခုသို့ရောက်လာခဲ့လေသည်။ ထိုတောင်ဆင်း၏ အောက်ဘက်တွင်တော့ ဝါးပင်ကြီးများ၊ သစ်ပင်ကြီးများဖြင့်ဖုံးအုပ်နေသည့် တောင်ကြားကြီးတစ်ခုရှိသည်။ ဦးဘိုးလူက ထိုတောင်ကြားကြိးကို လက်ညှီုးထိုးလျှက်
“ခင်ဗျားပြောတာ ဒီတောင်ကြားကြီးလား ဦးတော . . . အဲမေ့လို့ မုဆိုးကြီး”
ဦးတောကျော်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် တောင်ဆင်းတစ်နေရာရှိ ကျောက်တုံးကြီးတစ်တုံးကို မှီလျှက် ရပ်နားလိုက်ကြသည်။
“ကျုပ်တို့ဒီမှာနားမယ်၊ နေမွန်းတည့်တော့မယ်ဆိုတော့ ဒီမှာစားသောက်ပြီးမှ တောင်ကြားကြီးကိုဖြတ်တာကောင်းမယ်”
“မုဆိုးကြီးသဘောပါပဲဗျာ”
ဦးဘိုးလူနှင့် ဦးဘဖေတို့လည်း ထိုင်လိုက်ကြသည်။ ထို့နောက် ဦးဘဖေက စမ်းရေများကို ပိန်းရွက်တစ်ရွက်နှင့်သွားခပ်လာလေသည်။ ထိုပိန်းရွက်မှရေများကို သောက်မည်အလုပ်တွင် ဦးတောကျော်က
“ခင်ဗျားတို့ စမ်းရေတွေကို ဒီအတိုင်းသောက်မလို့လား”
ဦးဘဖေက ရယ်မောလိုက်ပြီး
“မပူပါနဲ့ဗျာ၊ ကျုပ်တို့မှာ ဆေးပါပါတယ်ဗျ”
ဦးဘိုးလူက လွယ်အိတ်ထဲမှ စက္ကူ အထုပ်ကလေးကိုထုတ်လိုက်ပြီးဖြေချလိုက်သည်။ ဖြူဖြူအမှုန်ကလေးများကို ထိုစမ်းရေအတွင်းသို့ခပ်လိုက်ပြီးနောက် ဦးဘိုးလူတို့နှစ်ယောက် မောမောနှင့် စမ်းရေများကိုသောက်လိုက်ကြသည်။
“ဟောဒီဆေးခပ်လိုက်ရင် စမ်းရေက ဘာမှမဖြစ်ဘူး၊ ရော့ မုဆိုးကြီးသောက်ကြည့်ပါအုံး”
ဦးတောကျော်လည်း ရေသောက်လိုက်ရာ ရေကချဉ်ပြုံးပြုံးအရသာရှိသည်။ ထို့နောက် ဦးဘဖေက သူ့လွယ်အိတ်အတွင်းမှ ဖက်ရွက်နှင့်ထုပ်ပိုးထားသည့် အထုပ်ကိုဖြေလိုက်သည်။ အထုပ်ထဲတွင်တော့ ကောက်ညှင်းကွက်ကြော်များကို တွေ့ရသည်။ ဆားဖြူးထားသည့် ကောက်ညှင်းကွက်ကြော်များကို ကိုက်ဝါးလိုက်၊ ထန်းလျက်ခဲကိုဝါးလိုက်နှင့် အရသာတစ်မျိုးထူးခြားသည်။ သူတို့စားသောက်နေစဉ်မှာပင် မိုးက တဝေါဝေါအသံပေးကာ လာချေပြီ၊ ဦးတောကျော်လည်း မိုးကိုတစ်ချက်ကြည့်လိုက်ပြီး
“မဖြစ်ဘူးဗျ၊ ထကြတော့ . . ကျုပ်တို့တောင်ကြားကို အမြန်ဖြတ်ရမယ်”
“ဗြုန်းစားကြီးပါလား မုဆိုးကြီးရဲ့ ဘာဖြစ်တာတုန်း”
ဦးတောကျော်က တောင်ပေါ်ကိုလက်ညှိုးညွှန်ပြလိုက်သည့်အခါ တောင်ထိပ်တွင် တိမ်သားများက ရစ်ဆိုင်းနေသည်ကိုတွေ့ရသည်။
“တောင်ပေါ်မှာ မိုးရွာတော့မယ်၊ မကြာခင် ဒီတောင်ကြားကြီးထဲကို တောင်ကျရေတွေ ဆင်းလာလိမ့်မယ်ဗျ၊ မြန်မြန်လုပ်ကြ”
(၃)
မိုးက တောင်ကြားထဲတွင် တဖွားဖွာသာကျနေသော်လည်း တောင်ပေါ်တွင်တော့ မိုးရွာနေသံ တဝေါဝေါကိုကြားရသည်။ ဦးတောကျော်လည်း တောင်ကြားကြီးကို အသည်းအသန်ဖြတ်ရသည်။ သူတို့အရှေ့တွင် စမ်းချောင်းကလေးတစ်ခုရှိသည်။ ရေက ခြေမျက်စိပင်မရှိပေ၊ စမ်းချောင်းကလေးကို ဦးတောကျော်နှင့် ဦးဘိုးလူတို့က အမြန်ပြေးဖြတ်ကြသည်။ ဦးဘဖေလည်း အနောက်မှပြေးဖြတ်လိုက်စဉ် လွယ်အိတ်ဖင်ကွဲသွားပြီး လွယ်အိတ်အတွင်းမှ အထုပ်အပိုးများက စမ်းချောင်းရေထဲကျကုန်သည်။
“အရေးထဲမှကွာ”
ဦးဘဖေက အထုပ်များကိုပြန်ကောက်နေသည်။ ဦးတောကျော်က ချောင်းစပ်သို့ပြေးဆင်းလိုက်ပြီး
“ဟေ့လူ . . .လာ၊ မြန်မြန်လာတော့”
ဦးဘဖေက သူ့အထုပ်အပိုးများကို ကုန်းကောက်နေသည်။ ကုန်းကောက်နေရင်း ရေစီးကမြန်လာသလို ရေကလည်း ခြေမျက်စိလောက်မှ မျက်စိတစ်မှိတ်အတွင်းပင် ဒူးလောက်ရောက်လာလေရာ ဦးဘဖေမှာ အံ့ဩလျှက် ချောင်းထိပ်သို့လှမ်းကြည့်လိုက်မိသည်။
တောင်ပေါ်မှအရှိန်ပြင်းစွာကျဆင်းလာသည့် တောင်ကျရေများက သစ်လုံးများ၊ ဝါးလုံးများကိုသယ်ဆောင်လျှက် အပြင်းအထန်ကျဆင်းလာလေသည်။ ဦးဘဖေမှာ ကြက်သေ သေသွားပြီး မလှုပ်ရှားနိုင်ဘဲဖြစ်သွားသည်။ ဦးတောကျော်က ချောင်းထဲသို့အမြန်ခုန်ဆင်းလိုက်ပြီး ဦးဘဖေ၏ လက်ကိုဆွဲလိုက်ကာ အလျှင်အမြန်ပြေးရတော့သည်။ သို့သော် ဦးဘဖေမှာ ချော်လဲကျသွားပြီး တန်းလန်းကြီးဖြစ်နေလေသည်။
“ကိုဘဖေ၊ တောင့်ထား၊ ဆွဲထား”
ဦးဘိုးလူက ချောင်းစပ်မှလှမ်းအော်နေသည်။ ဦးတောကျော်က ဦးဘဖေကိုဆွဲနေသည့်အချိန် ရေလုံးကြီးက ဝုန်းခနဲဝင်ဆောင့်လေသည်။ ဦးတောကျော်မှာ ဦးဘဖေကို ကိုင်စွဲထားသည့် လက်လွတ်သွားလေသည်။ လက်တစ်ဖက်က သစ်မြစ်တစ်ခုကိုဆွဲထားသဖြင့်သာ ရေစီးနှင့်ပါမသွားခြင်းဖြစ်သည်။ ဦးတောကျော်လည်း ချောင်းစပ်သို့အမြန်ကူးခတ်လိုက်ပြီး ကမ်းပါးယံကို ကုပ်ဖက်တက်ရလေသည်။ ချောင်းအတွင်းတွင်တော့ ဦးဘဖေက မြုပ်ချည်ပေါ်ချည်နှင့် အော်ဟစ်လျှက် ရေလုံးကြီးနှင့်အတူပါသွားလေသည်။
“ဦးတောကျော် . . . ကိုဘိုးလူ၊ ကျုပ်ကိုကယ်ပါအုံး”
ဦးဘဖေ၏ အသံမှာ တဖြည်းဖြည်းဝေးကွာသွားလေသည်။
“လုပ် . . . လုပ်ပါအုံးမုဆိုးကြီးရာ၊ ကိုဘဖေကို ကယ်တင်ပေးပါအုံး”
“တောင်ကျချောင်းထဲကျသွားရင် အသက်ရှင်ဖို့မလွယ်ဘူးဗျ”
“လုပ်ပါမုဆိုးကြီးရာ၊ တကယ်လို့ သေသွားတယ်ဆိုရင်တောင်မှ ကိုဘဖေအလောင်းကို ကျပ်မြင်ရမှဖြစ်မယ်”
ဦးတောကျော်သက်ပြင်းချလိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး
“ခင်ဗျားကျုပ်နဲ့ သေသေချာချာလိုက်ခဲ့ဗျာ၊ ချောင်းအောက်ဘက်မှာ ချောင်းကွေ့တစ်ခုရှိတယ်၊ တကယ်လို့သာ သူသေသွားတယ်ဆိုရင် အဲဒီချောင်းကွေ့မှာ တင်နေလိမ့်မယ်၊ မသေဘူးဆိုရင်လည်း အဲဒီမှာပဲ ရှိမှာပဲ”
ဦးတောကျော်နှင့် ဦးဘိုးလူတို့နှစ်ယောက်သား ချောင်းအောက်ဘက်သို့ပတ်ကာ ပြေးဆင်းလာခဲ့ကြသည်။ တောင်ကျရေများက စစကျသည့်အချိန်ကထက်တော့ အတော်အားပြော့သွားလေပြီ။
(၄)
ဦးတောကျော်က ပြေးလွှားနေရင်း သူဝတ်ထားသည့်အကျီကိုချွတ်လိုက်လေသည်။ ဦးတောကျော်၏ ရင်ဘတ်နှင့် နောက်ကျောဘက်တွင်တော့ အင်းကွက်များ၊ စမပုံများကို ဆေးမင်ကြောင်ထိုးထားသည်ကိုတွေ့နိုင်သည်။ ဦးတောကျော်က ပြေးရလွယ်စေရန်အတွက် ပုဆိုးကို တင်ပါးပေါ်သည်အထိ ခါးတောင်းကျိုက်လိုက်ရာ ခါးမှစကာ ခြေသလုံးအလယ်လောက်အထိ အကွက်ပြည့်ရေးထိုးထားသည့် ထိုးကွင်းမှင်ကြောင်များကို အတိုင်းသားမြင်တွေ့လိုက်ရလေသည်။
“ဦးတောကျော် . . . ကျုပ်ကိုကယ်ပါအုံး”
အသံတစ်ခုကိုကြားလိုက်သဖြင့် ဦးတောကျော်က ပြေးနေရာမှရပ်လိုက်သည်။ အသံက သူ့ဘယ်ဖက်လျှိုမြှောင်ထဲမှ တက်လာခြင်းဖြစ်သည်။ ဦးဘိုးလူလည်း ထိုအသံကိုကြားပုံရသည်။
“မုဆိုးကြီး၊ အသံက ဟိုအောက်ဘက်က လာတဲ့အသံပဲဗျ၊ ကျုပ်တို့သွားကြည့်ရအောင်”
ဦးတောကျော်က ခေါင်းခါလိုက်ကာ
“သွားမနေနဲ့ အဲဒါ သူမဟုတ်ဘူး”
“ဘာဗျ။ ခင်ဗျားနံမည်ကြီးကို ဒီလောက် တကျော်ကျော်ခေါ်နေတာကို ခင်ဗျားမကြားဘူးလား”
“ကျုပ်ပြောတာယုံစမ်းပါ၊ အဲဒါ ခင်ဗျားရဲ့လူမဟုတ်ဘူးဗျ”
သူတို့ဆက်ပြေးလာခဲ့ကြသည်။ မကြာမီ ချောင်းကွေ့ကလေးအနီးသို့ရောက်လာခဲ့သည်။ ထိုအခါ သူတို့ပတ်ပတ်လည်မှ အော်သံများကိုကြားရသည်။
“ဦးတောကျော်၊ ကျုပ်ကိုလာကယ်ပါ”
“ကိုဘိုးလူ၊ ကျုပ်ဆီကိုလာခဲ့ပါ”
အသံများက သူတို့ပတ်ပတ်လည်မှနေပြီး အမျိုးစုံထွက်နေသဖြင့် ဦးတောကျော်နှင့် ဦးဘိုးလူတို့ ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။ ဦးတောကျော်က ဦးဘိုးလူကို ခေါင်းခါပြလိုက်သည်။
“အနှောင့်တွေဗျ၊ သေချာတာကတော့ တောကကျုပ်တို့ကို လှည့်စားနေပြီ”
“ကိုဘိုးလူ၊ ကျုပ်ကိုကယ်ပါအုံး”
ထိုအခါ ဦးဘိုးလူက မျက်လုံးများအရောင်လက်သွားသည်။
“ဒီအသံပဲ၊ ဒီအသံက ကိုဘဖေအသံပဲဗျ”
ဦးဘိုးလူက ဘာမပြောညာမပြောနှင့် ထိုအသံကြားရာအနောက်သို့ ပြေးလိုက်သွားလေသည်။ ဦးတောကျော်က ဦးဘိုးလူကို လှမ်းခေါ်သေးသည်။
“ဟေ့လူ၊ အရမ်းမသွားနဲ့၊ဟေ့လူ”
ဦးဘိုးလူကတော့ ဦးတောကျော်ခေါ်သည်ကို မကြားဘဲ တောအုပ်အတွင်းသို့ စွတ်တိုးဝင်ပြေးသွားလေသည်။
“တောက်၊ ဒီလူတွေနဲ့တော့ ခက်တော့တာပဲ”
ဦးတောကျော်လည်း ဦးဘိုးလူပြေးသွားသည့်အနောက်သို့ ပြေးလိုက်သွားရတော့သည်။
“ကိုဘိုးလူ . . . ကိုဘိုးလူ”
အသံကြားရာနောက်သို့ ဦးဘိုးလူက အမြန်ပြေးလိုက်နေရင်း
“ကိုဘဖေရေ . . . ကျုပ်လာပြီ၊ ကျုပ်ခင်ဗျားဆီကိုလာပြီ”
“မြန်မြန်လာ ကိုဘိုးလူ၊ ကျုပ်ကိုကယ်ပါအုံးဗျာ”
ဦးဘိုးလူက ပြေးထွက်သွားရင်း မကြာခင်တွင် ဝါးရုံပင်ကြီးတစ်ပင်ဆီသို့ရောက်သွားသည်။ လူသူအရောက်အပေါက်နည်းသည့် ဝါးရုံပင်ကြီးမို့ ကြီးမားကာ အုပ်ဆိုင်းနေလေသည်။
“ကိုဘိုးလူ . . . ကိုဘိုးလူ”
အသံက ဝါးရုံပင်အောက်ခြေမှလာနေခြင်းဖြစ်သည်။
“ကိုဘဖေ၊ ခင်ဗျားဘယ်မှာလဲ”
“ကျုပ်၊ ကျုပ်ဝါးရုံပင်အောက်နားမှာ၊ လာလာ၊ ဒိကိုလာခဲ့”
ဦးဘိုးလူလည်း ဝါးရုံပင်ဆီသို့ပြေးသွားလိုက်သည်။ ဝါးရုံပင်အောက်ခြေတွင် တောင်ပို့တစ်လုံးရှိကာ ထိုနေရာတစ်ဝိုက်တွင် သစ်ရွက်များပင်မရှိဘဲ ပြောင်တလင်းခါနေလေသည်။ ထိုတောင်ပို့အောက်ခြေတွင်တော့ ဂလိုင်ပေါက်အသေးလေးတစ်ခုရှိသည်။ ဖွတ်များက ထိုကဲ့သို့တောင်ပို့များအောက်တွင် ဝပ်ကျင်းတူးကာ နေတတ်သဖြင့် ဦးဘိုးလူက အမှုမဲ့အမှတ်မဲ့နေလိုက်သည်။
“ကိုဘိုးလူ . . . ကိုဘိုးလူ”
အသံကိုသေချာနားထောင်လိုက်သည့်အခါ တောင်ပို့ထဲမှ ထွက်လာသည့်အသံဖြစ်နေသည်။ ဦးဘိုးလူလည်း အလွန်ထူးဆန်းသွားပြီး တောင်ပို့အနားသို့ တစ်လှမ်းချင်းကပ်ခဲ့သည်။
“ကိုဘဖေ။ ခင်ဗျားဘယ်လိုလုပ်ပြီး တောင်ပို့ထဲရောက်နေတာလဲ”
ထိုအခါ တောင်ပို့အောက်ရှိ ဝပ်ကျင်းအတွင်းမှ သစ်ပင်အမြစ်များက ပြေးထွက်လာကြကာ ဦးဘိုးလူခြေထောက်ကို တင်းကြပ်စွာရစ်ပတ်လိုက်သည်။ ဦးဘိုးလူလည်း ထိုတော့မှ ထိတ်လန့်သွားကာ ထွက်ပြေးရန်ကြိုးစားလိုက်စဉ်မှာပင် ခြေထောက်ကိုဆောင့်စွဲလိုက်သဖြင့် ဦးဘိုးလူတစ်ယောက် လဲကျသွားရသည်။
“မုဆိုးကြီး . . . မုဆိုးကြီး”
ဦးဘိုးလူက ထပြေးရန်ကြိုးစားသော်လည်း နောက်ထပ်နွယ်ရှင်များက ဦးဘိုးလူ၏ လက်များကိုပါ ရစ်ပတ်တုတ်နှောင်လိုက်လေသည်။ ဦးဘိုးလူ ဘာမှမတတ်နိုင်တော့ပေ၊ နွယ်ရှင်များက ဦးဘိုးလူကို ဆွဲလေရာ ဦးဘိုးလူက မြေပြင်တွင် တရွတ်တိုက်ပြီး တောင်ပို့အနားသို့ပါသွားလေသည်။
“ကယ်ကြပါ၊ ကျုပ်ကိုကယ်ကြပါ”
တောင်ပို့အောက်ရှိ အပေါက်ကလေးအတွင်းသို့ ဦးဘိုးလူကိုယ်လုံးက မဆန့်ပေ၊ ခြောက်ထောက်များက အပေါက်၀တွင် တစ်နေလေသည်။ သို့သော်လည်း နွယ်ပင်များက အင်အားကြီးစွာဖြင့် ဆောင့်ဆောင့်ဆွဲသည့်အတွက် ဦးဘိုးလူမှာ လက်အဆစ်များ၊ အရိုးများ ပြုတ်ထွက်မလားဟု ထင်ရအောင် နာကျင်ရသည်။
“ကယ်ကြပါ . . . ကယ်ကြပါ”
ဦးဘိုးလူအနောက်သို့ ဦးတောကျော်က ပြေးလိုက်လာရင်း လမ်းစပျောက်သွားလေသည်။ ပတ်ဝန်းကျင်တစ်ခွင်တွင်လည်း ဦးဘိုးလူ၏ အော်သံများ၊ ဦးဘဖေ၏ အော်သံများက ဆူညံနေလေသည်။ ဦးတောကျော်လည်း မျက်လုံးအစုံကို မှိတ်ချလိုက်ပြီး အသေအချာအာရုံခံစားကြည့်သည်။
“မုဆိုးကြီး၊ ကျုပ်ကိုကယ်ပါ”
ထိုအသံတစ်ခုက ထွက်ပေါ်လာသည်။ သို့သော် သေချာနားထောင်ကြည့်သည့်အခါ လှိုဏ်သံပေါက်နေလေသည်။ ဦးဘိုးလူတစ်ကိုယ်စာ ဝင်ရလောက်အောင် ယခုနေရာတွင် လှိုဏ်ဂူမရှိသည့်အတွက် ထိုခေါ်သံလည်းမဖြစ်နိုင်ပေ။
“ဦးတောကျော် . . . ကျုပ်ကိုကယ်ပါ”
ထိုအသံကို အသေအချာနားထောင်ကြည့်သည့်အခါတွင်လည်း အသံမှာ အနည်းငယ်စူးရှနေသည်။ ဦးဘိုလူအသံမှာ မှတ်မိသလောက် အသံလုံးအနည်းငယ်ကြီးသဖြင့် ထိုအသံလည်းမဖြစ်နိုင်ပေ။
“မုဆိုးကြီး . . . အား . . . ကျုပ်ကိုကယ်ပါအုံး”
ထိုအသံကိုနားစွင့်လိုက်သည့်အခါမှ ဦးဘိုးလူအသံနှင့် တော်တော်ဆင်တူနေလေသည်။ ထို့အပြင် အသံတွင် ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းအရိပ်အယောင်များပါဝင်နေပြီး အသံကလည်းအနည်းငယ်တုန်ယင်နေသည်။
“ဒီအသံပဲဖြစ်ရမယ်”
ဦးတောကျော်က ထိုအသံအနောက်သို့ပြေးလိုက်လာခဲ့သည်။ တောင်ဆင်းကလေးအတိုင်းဆင်းလိုက်ရာ အောက်ဘက်တွင် ဝါးရုံပင်တစ်ပင်ကိုမြင်တွေ့လိုက်ရသည်။ ဝါးရုံအောက်ခြေ တောင်ပို့ကြီးတွင်တော့ ဦးဘိုးလူက ကန့်လန့်ကြီးဖြစ်နေပြီး အသံကုန်ဟစ်ကာ အော်ခေါ်နေလေသည်။
“ဟာ . . . ဟေ့လူ”
ဦးတောကျော်လည်း အမြန်ပြေးဆင်းသွားသည်။ ဦးဘိုးလူအနီးသို့ရောက်သည့်အခါမှ ဦးဘိုးလူတစ်ကိုယ်လုံးကို လက်သန်းလုံးခန့်ရှိသည့် အနီရောင်နွယ်ပင်ကလေးများ ရစ်ပတ်ထားသည်ကိုမြင်တွေ့လိုက်ရလေသည်။
“ဒါ . . ဒါ သွေးနွယ်ရှင် . . .”
ဦးတောကျော်ပြောလို့မဆုံးလိုက်ပေ၊ နွယ်ရှင်ပင်နှစ်ပင်က ပျံသန်းထွက်လာပြီး ဦးတောကျော်၏ ခြေသလုံးကိုရစ်ပတ်သွားလေသည်။ ထို့နောက် ဦးတောကျော်ခြေထောက်ကိုဆောင့်ဆွဲလိုက်သဖြင့် ဦးတောကျော်မှာ ဦးဘိုးလူနည်းတူ တရွတ်တိုက်ပြီးပါသွားသည်။
နောက်ထပ်နွယ်ပင်နှစ်ပင်က သစ်ပင်ပေါ်မှ ကြိုးတစ်ချောင်းပြုတ်ကျလာသလိုမျိုး ဦးတောကျော်ထံသို့ ပြုတ်ကျလာရော၊ ဦးတောကျော်လည်း ခါးမှ ဓါးကိုဖြုတ်လိုက်ပြီး ပြုတ်ကျလာသည့် နွယ်ပင်များအား ပင့်ခုတ်ထည့်လိုက်သည်။ နွယ်ပင်များပြတ်တောက်ပြီး နီစွေးစွေးအရည်များက ပက်ခနဲထွက်လာလေသည်။
“ဟေ့လူ၊ ခင်ဗျားဆီးသွားလိုက်”
“ဘာဗျ”
“ဆီးသွားလိုက်လို့ပြောနေတာ၊ အခုမြန်မြန်သွားချလိုက်”
“ဒီနေရာမှာသွားရမှာလား”
ဦးတော်ကျော်က ဦးဘိုးလူကို ဆီးသွားခိုင်းသလို သူကိုယ်တိုင်လည်း ဆီးသွားလိုက်လေသည်။ ဆီးများမှာ ခြေသလုံးမှစီးကျပြီး ခြေထောက်တွင်ပတ်ထားသည့် နွယ်ရှင်များကို စိုသွားသည့်အခါ နွယ်ရှင်များက တီကောင်ကိုဆားနှင့်တို့သကဲ့သို့ တုန်ခါသွားကြလေသည်။
ဦးတောကျော်လည်း ခြေထောက်တွင်ရစ်ပတ်နေသည့် နွယ်ရှင်ပင်များကို ဓါးနှင့်ခုတ်ဖြတ်ရသည်။ ထို့တော့မှ နွယ်ရှင်ပင်များမှာ ပြတ်တောက်ထွက်ကုန်သည်။ ပြတ်တောက်သွားသည့် အပိုင်းမှာလည်း မြေပြင်တွင် မြွေတစ်ကောင်ကဲ့သို့ လူးလွန့်နေလေသည်။
ဦးဘိုးလူလည်း ဦးတောကျော်ပြောသည့်အတိုင်း ဆီးသွားချလိုက်ရာ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည့် နွယ်ရှင်ကြိုးများမှာ ပြေလျော့သွားလေသည်။ ဦးတောကျော်လည်း ဦးဘိုးလူဆီအမြန်ပြေးသွားလိုက်ပြီး နွယ်ရှင်များကို ဓါးနှင့်တအားလွှဲကာ ခုတ်ဖြတ်လိုက်သည်။ နွယ်ပင်များမှ သွေးနှင့်တူသော အရည်များပန်းထွက်ပြီး မြေတွင်လူးလွန့်နေကြသည်။
ကျန်နေသည့် နွယ်ရှင်အပိုင်းများမှာ တောင်ပို့အောက်ခြေတွင်းကလေးထဲသို့ ပြန်လည်ဝင်သွားကြသည်။ ဦးတောကျော်လည်း ထိုအပိုင်းကလေးများအနက်မှ တစ်ခုကိုပြေးကောက်လိုက်သည်။ ထို့နောက် နွယ်ရှင်ကိုပါးစပ်ထဲထည့်ကာ ကိုက်ဝါးလေသည်။ ဦးဘိုးလူက အထူးအဆန်းဖြင့်ကြည့်နေလေရာ
“ခင်ဗျားလည်း အမြန်ကောက်ဝါးဗျာ၊ မြန်မြန်လုပ်၊ ဒီအခွင့်အရေးက ရခဲတယ်”
ဦးဘိုးလူလည်း သုံးလက်မခန့်ရှိသည့် သွေးနွယ်ရှင်အပိုင်းအစကလေးကို အမြန်ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ပစ်ထည့်လိုက်သည်။ လျှာပေါ်ရောက်သည့်တိုင်အောင် နွယ်ရှင်မှာလူးလွန့်နေသဖြင့် သွားဖြင့်အမြန်ကိုက်ဝါးရသည်။ တဖောက်ဖောက်မြည်သံကိုကြားလိုက်ရပြီး ရုန်းကန်နေသည့် နွယ်ရှင်မှာ တဖြည်းဖြည်းငြိမ်သက်သွားသည်၊ ပါးစပ်အတွင်းတွင်တော့ သွေးနှင့်အရသာတူသည့်အရည်များလျှံထွက်လာသည်။ ထိုအရည်များက ညှီစို့စို့လည်းနံနေသေးရာ ဦးဘိုးလူမှာ ဆက်မဝါးနိုင်တော့ဘဲ မြေပြင်ပေါ်သို့ထွေးချလိုက်လသည်။
“ခင်ဗျားဘာလို့ထွေးလိုက်တာလဲဗျာ။ ဆက်ဝါးဗျ”
“ခင်ဗျားကလည်း ညှိစို့စို့၊ ငန်တန်တန်နဲ့ကို ကျုပ်တော့ဆက်မဝါးနိုင်ဘူးဗျ”
“ဝါးစမ်းပါဗျာ၊ ဒီအပင်ကို သွေးနွယ်ရှင်လို့ခေါ်တယ်ဗျ၊ ဒီအပင်ရဲ့အသွေးက ယောက်ျားတွေအတွက်အားကောင်းတယ်ဗျ၊ မိန်းမဆယ်ယောက်လောက်ကိုတောင် မျက်နှာတစ်ချက်မပျက်လဲ လုပ်ကျွေးနိုင်တယ်တဲ့ဗျာ”
ဦးတောကျော်ပြောတော့မှ ဦးဘိုးလူလည်း မြေကြီးတွင်ကျနေသည့် နွယ်ရှင်အပိုင်းလေးကို ပြန်ကောက်ယူကာ ဝါးစားလိုက်လေတော့သည်။ ဦးတောကျော်ခုတ်ထားသည့် နွယ်ရှင်စများအားလုံး တောင်ပို့အတွင်းသို့ ပြန်ဝင်သွားကြရာ သူတို့စားနေသည့် အပိုင်းကလေးနှစ်ပိုင်းသာ ကျန်ရစ်နေခဲ့လေသည်။
“ခင်ဗျားရဲ့လူအတွက်တော့ ကျုပ်စိတ်မကောင်းပါဘူးဗျာ၊ တောထဲတောင်ထဲမှာ နာမည်မခေါ်ရဘူးဆိုတာ အလကားပြောတာမဟုတ်ဘူးဗျ”
“ကျုပ်တို့လည်း လွှတ်ခနဲထွက်သွားမိတာပါဗျာ၊ ဒါနဲ့ ခုနက နွယ်ပင်နဲ့ခင်ဗျားကြုံဖူးသလားဗျ”
“ငယ်ငယ်ကတော့ တစ်ခါကြုံဖူးတယ်ဗျ”
ဦးဘိုးလူက တောင်ပို့ကြီးအနားသို့ကပ်သွားပြီး
“ဒီလို ယောက်ျားတွေရဲ့အားကို တိုးပွားစေတယ်ဆိုရင် ဒီအပင်ကိုရှာပြီး မရောင်းကြဘူးလားဗျ”
ဦးတောကျော်က ခေါင်းခါလိုက်ကာ
“ဒီအပင်က စစခုတ်တဲ့အချိန်မှာပဲ အာနိသင်ရှိတာဗျ၊ ခြောက်သွားရင် အာနိသင်က ဆယ်ဆလောက် ကုန်သွားတယ်၊ ပြီးတော့ ဒီတောင်ပို့ကြီးထဲလည်း ကြည့်မနေနဲ့၊ အခုလောက်ဆိုရင် ဟောဟိုဘက်တောလောက်ကို ရောက်သွားလောက်ပြီ”
ဦးဘိုးလူလည်း အလွန်ထူးဆန်းသွားသည်။
“ဒီနွယ်ရှင်တွေက မြေကြီးအောက်မှာ ပုရွက်ဆိတ်တွေလို လမ်းကြောင်းတွေတူးထားတာဗျ၊ အပင်အမကြီးက တစ်နေရာမှာရှိနေတယ်၊ သူကနေ လမ်းကြောင်းတွေတူး၊ လက်တံတွေဖြန့်ပြီးတော့ လျောက်သွားနေတာပဲ”
“ဒါဆို ဒီနွယ်ရှင်တွေနောက်လိုက်ရင် သူ့အမကြီးကိုတွေ့မှာပေါ့နော်”
“ဒါပေါ့ဗျာ။ ဒါပေမယ့် လိုက်ဖို့တော့မစဉ်းစားနဲ့ဗျာ။ ဒီနွယ်ရှင်က လူတွေတင်မကဘူး၊ တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်တတ်တယ်၊ ခုနကလို တုတ်နှောင်ပြီးရင် နွယ်ရှင်စူးကြီးပေါ်လာတယ်၊ ခင်ဗျားရဲ့ ဦးခေါင်းငယ်ထိပ်ကို အဲဒီအစူးကြီးက ထိုးဖောက်ဝင်ပြီးတော့ ခင်ဗျားရဲ့ဦးနှောက်တွေကို အဲဒီနွယ်ရှင်တွေရဲ့ အမကြီးက စုပ်ယူစားသောက်တော့မှာဗျ”
“ကြောက်ဖို့ကောင်းလိုက်တာဗျာ”
ဦးဘိုးလူက ပြန့်ကျဲနေသည့် သူ့အထုပ်အပိုးများကိုပြန်ကောက်လိုက်သည်။ ဦးတောကျော်က ဦးဘိုးလူကိုကြည့်လိုက်ပြီး
“ခင်ဗျားဆက်သွားမလား၊ ရွာကိုပြန်မလား”
“ဒီကိုရောက်မှတော့ မထူးတော့ပါဘူးဗျာ၊ ခရီးတစ်ဝက်ကျိုးနေပြီဆိုတော့ ခင်ဗျားနဲ့ကျွန်တော်နဲ့ ငါးပြေမဂမုန်းရှာရအောင် သွားကြစို့ဗျာ”
ဦးတောကျော်လည်း ဦးဘိုးလူပုခုံးကိုပုတ်လိုက်ပြီး
“ခင်ဗျားလူအတွက်တော့ စိတ်မကောင်းပါဘူးဗျာ”
“အေးဗျာ၊ ဒါပေမယ့် ဒီလိုတောထဲလာမယ်ဆိုမှတော့ ဒီလိုအနရယ်တွေ ကြံရမယ်လို့ ကျုပ်တို့ဆုံးဖြတ်ပြီးသားပါ”
ဦးတောကျော်နှင့် ဦးဘိုးလူတို့မှာ တောင်ကြားအတွင်းမှ ထွက်ခွာလာခဲ့ကြလေသည်။
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။