အတွဲ(၃) အပိုင်း (၇)
(၁)
ငခမ်းနှင့် လုံဒီတို့မှာ တတိယမျက်လုံးဟုခေါ်သည့် လှို့ဝှက်အဖွဲ့အစည်းတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ ထို့နောက် မောက်မောက်ကြီး၏ နေအိမ်အောက်ဘက်တွင် တူးထားသည့် လှို့ဝှက်မြေအောက်ခန်းကြီးတွင် ပုန်းအောင်းနေကြရသည်။ ထို မြေအောက်ခန်းတွင်လည်း ကျားမုဆိုးဘတိုးနှင့် ခေါင်းနှစ်လုံးနှင့်ကျား တစ်ဖြစ်လဲ ကလေးငယ်မောင်နှမပါနေထိုင်ကြသည်။
ကျားမုဆိုးဘတိုးမှာ ကလေးနှစ်ယောက်ကို ငခမ်းလက်သို့အပ်ခဲ့ပြီးနောက် ခရီးသွားရန်ပြင်ဆင်လေသည်။ အထုပ်အပိုးများကိုလွယ်ပိုးပြီးနောက် ခမောက်ကြီးတစ်ခုကို ခပ်အုပ်အုပ်ဆောင်းလိုက်လေသည်။
“ခင်ဗျားဘယ်သွားမလို့လဲ ကိုဘတိုး”
“ငါ မိုးဗြဲကိုဆင်းမယ်၊ မိုးဗြဲက တတိယမျက်လုံးအဖွဲ့ဝင်တွေနဲ့သွားတွေ့ရမယ်”
“ဒါဆိုရင် ကျုပ်လည်းလိုက်ခဲ့မယ်”
“ဖြစ်ပါ့မလား ငခမ်းရ”
“ဖြစ်ပါတယ်ဗျ၊ လင်းဆွဲစံအိမ်ထဲမှ ကျုပ်လူတွေရှိတယ်မဟုတ်လား၊ ကျုပ်သူတို့နဲ့ဆက်သွယ်ရင် သူတို့က ကြိမ်းသေ ကျုပ်တို့ကိုကူညီမှာပဲ”
ငခမ်းပြောသည်ကိုစဉ်းစားပြီးနောက် ဘတိုးကခေါင်းညိတ်လိုက်လေသည်။ ထိုအခါ လုံဒီကလည်း ထလာလေသည်။
“ရှင်သွားရင် ကျွန်မလည်းလိုက်မယ်”
ဘတိုးက ခေါင်းခါရင်း
“မဖြစ်ဘူး၊ လူတွေအတော်များနေပြီ၊ လူများရင် လှုပ်ရှားရတာမကောင်းဘူး”
ထိုအခါ ကလေးငယ်နှစ်ယောက်ကလည်း မတ်တပ်ထရပ်လေသည်။
“သားတို့လည်းလိုက်မယ်၊ သားတို့ဒီမှာမနေခဲ့ချင်ဘူး၊ ဒီအိမ်က ဦးကြီးက ကြောက်စရာကောင်းတယ်”
ဘတိုးတစ်ယောက် သက်ပြင်းချလိုက်မိသည်။ ထိုအခါ မောက်မောက်ကြီးက မြေအောက်ခန်းအတွင်းသို့ဆင်းလာလေသည်။
“ခင်ဗျားမရှိဘူးဆိုရင် ကျုပ်လည်း ဒီကလေးနှစ်ကောင်ကို မထိန်းနိုင်ဘူးနော် ဘတိုး၊ ကျုပ်လုပ်စရာတွေလည်းရှိသေးတယ်”
ဘတိုးက ခေါင်းညိတ်လျှက်
“ကောင်းပြီလေ၊ ဒါဆို ငါတို့အခုညပဲ ခရီးစထွက်ကြတာပေါ့”
ငခမ်းအတွက်တော့ ထွေထွေထူးထူးပြင်ဆင်စရာမရှိပေ၊ လူဖြစ်သည့် လုံဒီအတွက်သာ စားစရာ၊ သောက်စရာများကို ထုပ်ပိုးသယ်ဆောင်ရသည်။ ညသန်းခေါင်အချိန်သို့ရောက်သည့်အခါ ဘတိုးက ကလေးနှစ်ယောက်ကို ကျားအသွင်ပြောင်းခိုင်းလိုက်ပြီးနောက် ကျား၏ကျောကုန်းပေါ်သို့ ခုန်တက်သွားလေသည်။
“ငခမ်း၊ ဘာလုပ်နေတာလဲ မြန်မြန်တက်”
ငခမ်းနှင့် လုံဒီလည်း ဘတိုး၏ အနောက်တွင်ဝင်ထိုင်လိုက်ကြသည်။ ထိုအခါ ခေါင်းနှစ်လုံးနှင့်ကျားကလေးမှာ တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက် မိုင်းသောက်မြို့အပြင်ဘက် တောအုပ်အတွင်းသို့ ပြေးလွှားလေတော့သည်။ ကျားကလေးမှာ အတော်မြန်မြန်ပြေးလေရာ ငခမ်းတို့လည်း ပြုတ်ကျမည်စိုးရိမ်သဖြင့် ကျားမွှေးများကို အသေအချာဆုပ်ကိုင်ထားရသည်။ လုံဒီကတော့ ကျားမွှေးကိုမဆုပ်ကိုင်ဘဲ ငခမ်း၏ခါးကိုသာ လက်နှစ်ဖက်နှင့် တင်းတင်းဖက်လျှက် လိုက်ပါလာခဲ့သည်။ ကျားကလေးမှာ တောအုပ်အတွင်း လျှင်မြန်စွာပြေးလွှားနေရာ အနီးပတ်ဝန်းကျင်မှ သစ်ပင်များပင် ရိပ်ခနဲ၊ ရိပ်ခနဲ ကျန်နေခဲ့လေသည်။
တစ်ညလုံး တောအုပ်များ၊ လျှိုမြောင်များ၊ တောင်ကြားကြီးများအတွင်းပြေးလွှားခဲ့ရာ မနက်မိုးလင်းခါနီးအချိန်ရောက်ခါနီးမှ ကျားကလေးမှာရပ်တန့်လိုက်လေသည်။ တောင်ကြောတစ်ခုပေါ်တွင် လူမနေတော့သည့် အိမ်ဟောင်းများကိုတွေ့ရသည်။ ဘတိုးက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးနောက် အတော်အတန်ခိုင်ခံ့သည့် အိမ်ကြီးအတွင်းသို့ ဝင်သွားလေသည်။ ရွာကလေးတွင် အိမ်ဆယ်လုံးခန့်ရှိပြီး လူသူကင်းမဲ့နေလေသည်။ သူတို့လည်း ဘတိုးတက်သွားသည့်အိမ်ပေါ်သို့ တက်ခဲ့ကြသည်။
အိမ်ကြီးမှာ သစ်ကောင်းများဖြင့် ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ထားသည်မို့ ဖုန်တက်နေသည်မှလွဲပြီး အခြားကြီးကြီးများများပျက်စီးမှုမရှိပေ၊ အိမ်ရှေ့ဧည့်ခန်းကျယ်ကြီးအလယ်တွင် မီးဖိုနေရာတစ်ခုရှိလေရာ ဘတိုးက သစ်သားချောင်းများကောက်ယူလိုက်ပြီး မီးမွှေးလိုက်လေသည်။ မီးဖိုခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီး မြေဖြင့်ပြုလုပ်ထားသည့် ရေနွေးကရားအိုးကို ယူထုတ်လာကာ
“ငါတောင်ခြေမှာ ရေနည်းနည်းသွားခပ်လိုက်အုံးမယ်၊ မင်းတို့ဒီမှာပဲစောင့်နေ”
ခေါင်းနှစ်လုံးကျားဖြစ်သည့် ကလေးငယ်နှစ်ဦးမှာတော့ တစ်ညလုံးပြေးလွှားလာရသဖြင့် မောပန်းနေသည့်အတွက် တခူးခူး တခေါခေါနှင့် အိပ်မောကျနေပြီဖြစ်သည်။ လုံဒီက အိမ်ကြီးကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ငခမ်းအနီးတွင်လာထိုင်သည်။
“ငါ့ရဲ့ ရွှေကြာပွင့်လက်နက်ရော ဘယ်ရောက်သွားသလဲလုံဒီ”
လုံဒီက နှုတ်ဆိတ်ကာ ငြိမ်သက်သွားလေသည်။
“မင်းငါ့ကို ဘာတွေလိမ်ပြောဖို့ ကြံစည်နေပြန်တာလဲ”
“ဒီတစ်ခါတော့ ရှင့်ကို ကျွန်မ မလိမ်တော့ပါဘူး အကိုခမ်း၊ ရှင် ကျွန်မအကြောင်းကိုသိဖို့ဆိုရင် ကျွန်မရဲ့ဘ၀နောက်ကြောင်းကို သိထားမှဖြစ်မယ်လို့တွေးမိတာပါ”
ငခမ်းက နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး
“ပြောစမ်းပါအုံးကွာ၊ ကြီးကြီးကျယ်ကျယ်နဲ့ မင်းက ဘာမို့လို့လဲ”
သို့နှင့် လုံဒီက သူ့ဘ၀ဇာတ်ကြောင်းအဖုံဖုံကို ငခမ်းအားပြောပြလေတော့သည်။
(၂)
မြန်မာသက္ကရာဇ် ၁၀၂၀ ပြည့်နှစ်။
တရုတ်ပြည် မင်မင်းဆက်၏ နောက်ဆုံးအချိန်ကို ကျရောက်နေခဲ့ပြီဖြစ်သည်။ မင် မင်းဆက်အားနည်းနေသည့်အချိန်တွင် မြောက်ပိုင်းမှ မန်ချူးလူမျိုးများက မင် အင်ပါယာကြီးကို တိုက်ခိုက်တော့သည်။ အင်အားချိနည့်နေသည့် မင်အင်ပါယာကြီးမှာ စစ်သူကြီး ဝူဆန်ကွေ့ခေါင်းဆောင်သည့် စစ်သည်တစ်သိန်းအား မန်ချူးလူမျိုးများကို မဟာတံတိုင်းကြီးမှ ကာကွယ်ခုခံရန် စေလွှတ်လိုက်သော်လည်း ဝူဆန်ကွေ့မှာ မန်ချူးများ၏ အတွင်းလူယုံဖြစ်နေသဖြင့် မဟာတံတိုင်းတံခါးများကို ဖွင့်ပေးလိုက်ကာ သူ့တပ်မှာလည်း မန်ချူးများနှင့်ပူးပေါင်းလိုက်လေတော့သည်။
မန်ချူးတပ်များမှာ မြို့တော် ပီကင်းသို့ အလျှင်အမြန်ချီတက်လာသဖြင့် မင်မင်းဆက်၏ ဧကရာဇ်မင်းကြီး ယုံလီမှာ ပြန်လည်ခုခံရန်အချိန်မရတော့ပေ၊ သို့နှင့် မြို့တော်အတွင်းရှိ ရွှေငွေရတနာများကို သိမ်းယူပြီးတောက် မူးမတ်များ၊ သားတော် သမီးတော်များနှင့်အတူ မြို့တော်မှ ဆုတ်ခွာထွက်fပြေးရသည်။
မန်ချူးလူမျိုးများကလည်း မင်ဧကရာဇ်ကို အလွန်မပေးဘဲ လိုက်လံတိုက်ခိုက်လာကြရာ နောက်ဆုံး မင်ဧကရာဇ်နှင့် မူးမတ်များမှာ ၎င်းတို့သယ်ဆောင်လာခဲ့သည့် ရွှေငွေရတနာများကို လောင်းလှေကြီးအစီးတစ်ရာတွင် ထည့်သွင်းလျှက် ရွှေလီမြစ်အတိုင်း စုန်ဆင်းကာပြေးလာခဲ့ကြရာ နောက်ဆုံးတွင် မိုင်းမောမြို့သို့ ဆိုက်ရောက်လာခဲ့ကြလေသည်။
မိုင်းမောစော်ဘွား၏ နန်းဆောင်ကြီးအတွင်းသို့ ယုံလီ ဧကရာဇ် စေလွှတ်လိုက်သည့် ပညာရှိအမတ်ကြီး လီတင့်ကော်မှာ လက်ဆောင်များနှင့်အတူ ရောက်ရှိလာခဲ့သည်။ မိုင်းမောစော်ဘွားနှင့် သားတော်မှာ အမတ်ကြီး၏ အခြေအနေကို အကဲခတ်လျှက်ရှိသည်။
“မိုင်းမောပြည်ဟာ ကျွန်ုပ်တို့ ကြားဖူးထားသလို၊ လူသူလေးရပ်စည်ကားပြီး မြို့စည်းပြစည်းလည်းခိုင်မာတောင့်တင်းကြောင်း မျက်မြင်တွေ့ခဲ့ရပါပြီ စော်ဘွားကြီး”
မိုင်းမောစော်ဘွား၏ သားတော်က
“အမတ်ကြီး၊ လိုရင်းသာကို ဆိုပါ”
“ကျွန်ုပ်တို့ မင်အင်ပါယာကြီးမှာ ယခုအခါ အလွန်ဆိုးဝါးတဲ့ ဘေးရန်နဲ့တွေ့ကြုံနေရပါတယ်၊ မြောက်ပိုင်းက မန်ချူးတွေက သစ္စာဖောက်တွေကိုအသုံးချပြီးတော့ ကျွန်ုပ်တို့ မင်အင်ပါယာကို တိုက်ခိုက်နေပါတယ်၊ ကျွန်ုပ်တို့မှာ ရုတ်တရက်မို့ စစ်ပြင်ချိန်မရဘဲ အောက်အရပ်သို့ စုန်ဆင်းကာပြေးလွှားလာရင်း နောက်ဆုံး ရွှေလီမြစ်တစ်ဖက်ကမ်းကို ရောက်ရှိနေကြောင်းပါ”
မိုင်းမောစော်ဘွားကလည်း ခေါင်းညိတ်လေသည်။ အမတ်ကြီးက ဆက်လက်ကာ
“ကျွန်ုပ်တို့ မင်ဧကရာဇ်ဘုရင်ကြီးမှာ ယခုအခါ ကျန်းမာရေးချို့ယွင်းလာသဖြင့် မိုင်းမောမြေတွင် ခဏတာမျှ ခိုလုံနေထိုင်ချင်ပါသည်၊ မိုင်းမောစော်ဘွားကြီးသာ မင်းကြီးကို ခိုလှုံခွင့်ပြုပါလျှင် ကျွန်ုပ်တို့ယူဆောင်လာသည့် ရွှေလှေအစင်းတစ်ရာကို စော်ဘွားကြီးအား ဆက်သပါမည်”
အမတ်ကြီးပြောလိုက်သဖြင့် မိုင်းမောစော်ဘွားကြီးမှာ မျက်လုံးများအရောင်လက်သွားလေသည်။ ထိုအခါ မိုင်းမောစော်ဘွား၏ သားတော်က အမတ်ကြီးကိုကြည့်လျှက်
“ယခုအရေးက အလွန်အရေးပါသည့်အရေးမို့ နေမွန်းတည့်မတိုင်ခင်အထိ စဉ်းစားချိန်ပေးပါ အမတ်ကြီး”
အမတ်ကြီး လီတင့်ကော်လည်း ခေါင်းညိတ်လျှက် ပြန်သွားတော့သည်။ မိုင်းမောစော်ဘွားကြီးမှာ အလွန်ဝမ်းသာအားရဖြစ်ပြီး
“ဒီအတိုင်းဆိုရင် ဗေဒင်ဟူးရားတွေရဲ့ တွက်ကိန်းမှန်တာပဲသားတော်ff၊ ရွှေလောင်းလှေအစီးတစ်ရာဆိုတာ နည်းမှမနည်းတာပဲ၊ ခမည်းတော်ffတော့ သူတို့ကို ခိုလှုံခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီသားတော်”
သားတော်က ခေါင်းခါလျှက်
“မဖြစ်ပါဘူး ခမည်းတော်၊ ဒီရွှေလှေတွေက ရိုးရိုးလှေတွေမဟုတ်ပဲ၊ ဖခမည်းတော်ကို သေရွာပို့မည့် မရဏလှေများသာဖြစ်ပါတယ်”
စော်ဘွားကြီး မျက်မှောင်ကြုတ်သွားလေသည်။ သားတော်က ဆက်ပြောပြန်သည်။
“မင်အင်ပါယာဆိုတာ အလွန်ကြီးကျယ်ခမ်းနားပြီး စစ်သည်အင်အား၊ လူအင်အား ပြည့်တင်းလှတဲ့ တိုင်းပြည်ကြီးတစ်ခုပါ ခမည်းတော်၊ ဒီလိုတိုင်းပြည်ကြီးက မန်ချူးလူမျိုးတွေရဲ့ ကျူးကျော်မှုကို ဘာကြောင့်များ၊ မခုခံနိုင်ပါလိမ့်”
စော်ဘွားကြီးစဉ်းစားသွားသည်။
“ယုံလီဘုရင်က ပြည်သူပြည်သားတွေရဲ့ အရေးကို အလေးမပေးဘဲ အကျင့်ပျက်ချစားမှုတွေနဲ့သာ ပျော်မွေ့နေတဲ့ မင်းတစ်ပါးဖြစ်လို့ ပြည်သူတွေက မကျေနပ်တာ ကြာပါပြီခမည်းတော်ff၊ ဒါကြောင့်မို့ ယုံလီဘုရင်က ပြည်သူပြည်သားတွေရဲ့ ထောက်ခံမှုမရရှိဘဲ ယခုလိုအရေးကြုံချိန်မှာ သူ့ရဲ့သစ္စာရှိတဲ့ အမတ်တွေကတောင် ဖောက်ပြန်ခဲ့လို့ အရေးနိမ့်ခဲ့ရပါတယ်၊ မန်ချူးတွေသာ မင်အင်ပါယာကြီးကို သိမ်းပိုက်ပြီးရင် သူတို့ရဲ့ဓါးဦးက ယုံလီဘုရင်ထံကို လှည့်လာမှာပါပဲ၊ မိုင်းမောမြို့က ရှမ်းကိုးပြည်မှာသာ အင်အားတောင့်တင်းပေမယ့် အင်ပါယာကြီးတစ်ခုလုံးနဲ့တော့ စစ်မက်ဖြစ်ပွားနိုင်ခြင်းမရှိပါဘူးခမည်းတော်f၊ ဒါကြောင့်မို့ သားတော်အမြင်အရတော့ ရွှေလှေတွေကို လက်မခံသင့်တဲ့အပြင် သူတို့ကိုပါ မင်းမိန့်နဲ့နှင်သင်ပါ့တယ်၊ သူတို့သာ မိုင်းမောမြေမှာ ဆက်ရှိနေမယ်ဆိုရင် တစ်ချိန်မှာ မိုင်းမောမြေက စစ်ဘေးစစ်ဒဏ် အကြီးအကျယ်ခံရနိုင်ပါတယ်”
စော်ဘွားကြီးမှာ အတော်စဉ်းစားနေပုံရသည်။
“ခမည်းတော်၊ ရွှေဆိုတာ ပြန်ရှာလို့ရပါတယ်၊ ခမည်းတော် လည်ပင်းပြတ်သွားရင် ပြန်ဆက်လို့မရပါဘူး”
ထိုအခါမှ မိုင်းမောစော်ဘွားကြီးက ခေါင်းညိတ်လိုက်ပြီးနောက်
“ကောင်းပြီသားတော်၊ ဒီအရေးကို သားတော်ဆက်ပြီး ကြည့်ကောင်းသလို စီစဉ်လိုက်ပါ”
သို့နှင့် မိုင်းမောစော်ဘွား၏ ကျမိုင်းတော်ဖြစ်သည့် သားတော်မှာ စစ်သည်အင်အားများစုရုံးကာ ရွှေလီမြစ်ကမ်းနံဘေးတွင် စတည်းချနေထိုင်သည့် ယုံလီဧကရာဇ်ထံသို့ ချီတက်သွားလေသည်။
“မိုင်းမောစော်ဘွားကြီး၏ အမိန့်တော် နာခံကြစေ၊ ဘုရင်ယုံလီနှင့် မင်မင်းဆက်လူအပေါင်းတို့ ယနေ့ညနေမတိုင်ခင် ယခုအရပ်မှ ရွှေ့ပြောင်းထွက်ခွာရမည်၊ မထွက်ခွာသူရှိပါက သေဒဏ်သင့်စေမည်”
ထိုအခါ ယုံလီဧကရာဇ်မှာ ဒေါသတကြီးနှင့် ဓါးကိုပြေးဆွဲလေသည်။ သို့သော် ပညာရှိအမတ်ကြီး လီတင့်ကော်က ဘုရင်ကြီးကိုဖမ်းဆွဲထားသည်။
“သည်းခံတော်မူပါမင်းကြီး၊ သူတပါးမြေရောက်နေသည့်အချိန် သူ့စည်းသူ့ကမ်းကို လိုက်နာရသည်မှာ ထုံးစံဖြစ်ပါသည်၊ ယခုအခါ ကျွန်တော်မျိုးတို့ အင်အားနည်းနေသည့်အချိန် မိုင်းမောနှင့် စစ်ပွဲမဖြစ်သင့်ပါ မင်းကြီး၊ မင်းကြီး သည်းခံတော်မူပါ”
သို့နှင့် အမတ်ကြီးက ရွှေထည်ရွှေချောင်းများကို ရွှေလင်ဗန်းတွင်ထည့်ကာ မိုင်းမောကျမိုင်းထံသို့ ဦးတည်သွားလေသည်။
“စော်ဘွားကြီးအမိန့်ကို နာခံပါမည်၊ အသင့်ကို ယခုရွှေများဆက်သပါသည်၊ အသင်မင်းသားအနေဖြင့် ကျွန်ုပ်တို့အား လက်သင့်ခံနိုင်လောက်သည့် တိုင်းပြည်အရပ်ရှိလျှင် အကြံပြုစေလိုပါသည်”
အမတ်ကြီးက ရိုရိုကျိုးကျိုးပြောလိုက်သဖြင့် မိုင်းမောကျမိုင်းက စဉ်းစားလိုက်ပြီးသည့်နောက်
“အောက်ကိုဆက်ဆင်းသွားရင် အင်း၀အမည်ရ တိုင်းနိုင်ငံတစ်ခုရှိပါသည်အမတ်ကြီး၊ ထိုတိုင်းနိုင်ငံမှာ ကျွန်ုပ်တို့ထက် အင်အားကြီးမားသည့်အတွက် အမတ်ကြီးတို့ကို လက်သံခံမှာ အမှန်ပင်ဖြစ်ပါသည်၊ ဗမာမင်းများမှာ ရွှေထည်များထက် ကြွားဝါခြင်း နှင့် ဂုဏ်ဒြပ်တို့ကို ပိုမိုအလေးထားသည့်အတွက် အမတ်ကြီး သင့်သလို စီစဉ်ဆောင်ရွက်ပါလော့”
ထိုသို့ပြောကြားပြီး မိုင်းမောစော်ဘွား၏ သားတော်fနှင့် စစ်သည်ရဲမက်များမှာ လက်ဆောင်ပဏ္ဍာများကို ယူဆောင်ကာ ပြန်လည်ဆုတ်ခွာသွားကြလေသည်။
သို့နှင့် မင်ဧကရာဇ် ယုံလီနှင့် နောက်လိုက်နောက်ပါများမှာ ရွှေလီမြစ်ကြောင်းအတိုင်း စုန်ဆင်းကာ အင်း၀သို့ခရီးဆက်ခဲ့ကြသည်။
(၃)
အင်း၀ရွှေထီးနန်းတွင် သာလွန်မင်းနတ်ရွာစံပြီး ပင်းတလဲမင်း အုပ်ချုပ်စိုးစံနေသည့်အချိန်ဖြစ်သည်။ ပညာရှိအမတ်ကြီးက ပင်းတလဲမင်းကြီးနှင့် ဝင်ရောက်တွေ့ဆုံလေသည်။
“ဆိုစမ်းပါအုံး မောင်မင်းရဲ့၊ ဘာအတွက်ကြောင့်များ မင်ဧကရာဇ် ယုံလီက အင်း၀ကို စုန်ဆင်းလာရသလဲ”
“မှန်ပါမင်းကြီး၊ ကျွန်ုပ်တို့ဘုရင်ကြီးမှာ ကျန်းမာရေးအရလည်း ချို့ယွင်းလာခဲ့ပြီး၊ သက်တော်လည်းကြီးရင့်ပြီဖြစ်သည့်အတွက် မင်အင်ပါယာကြီးကို တင်းတင်းကျပ်ကျပ်ဖိဖိစီးစီး မအုပ်ချုပ်နိုင်တော့ပါသဖြင် အင်ပါယာကြီးရဲ့ အရှင်သခင်အသစ်ကို ရွေးချယ်ရာ၊ အောက်ပြည်အောက်ဘက်တွင် ဂုဏ်သတင်းကျော်ဇောသည့် ဗမာမင်းအား ကြားသိရသည့်အတွက် အင်ပါယာကြီးကို ဗမာမင်းထံ လက်နက်ချအညံ့ခံဖို့ လာရောက်ရခြင်းဖြစ်ပါသည်”
အမတ်ကြီး၏ လျှောက်တင်ချက်ကို ကြားသည့်အခါ ပင်းတလဲမင်းကြီးမှာ အလွန်ကျေနပ်အားရတော်မူသည်။
“အရှင်မင်းကြီးအနေဖြင့် မင်အင်ပါယာကိုလည်း သိမ်းယူတော်မူပါ၊ ကျွန်ုပ်တို့၏ ဧကရာဇ်ကိုလည်း သူကောင်းပြုတော်မူပါ၊ ကျွန်ုပ်တို့သယ်ဆောင်လာသည့် ရွှေလှေအစီးတစ်ရာကိုလည်း သိမ်းသွင်းတော်မူပါ”
ပင်းတလဲမင်းကြီးမှာ အမတ်ကြီးများဘက်သို့လှည့်ကာ တိုင်ပင်ရသည်။
“မှန်လှပါ၊ ဘုန်းတော်အလွန်ကြီးမြတ်တော်မူပါသောကြောင့် တစ်ပါးသောတိုင်းပြည်တို့က စစ်မက်ခင်းစရာမလိုဘဲ ခြေတော်ရင်းကို ဝပ်ဆင်းလာသည်မှာ စကြ၀တေးမင်းဖြစ်မည့် မင်းကြီး၏ ဘုန်းကံကြောင့်ဖြစ်ပါသည် အရှင်မင်းကြီး၊ အရှင်မင်းကြီး မင်အင်ပါယာကို သိမ်းယူပြီး၊ ရွှေလှေများကိုလည်း လက်ဆောင်ပဏ္ဍာအဖြစ်သိမ်းသွင်းကာ၊ မင်ဧကရာဇ်နှင့် အတူပါလာသည့် မူးမတ်ဆွေမျိုးများကိုလည်း သူကောင်းပြုတော်မူသင့်ပါတယ်”
“ကောင်းလေစွ၊ မောင်မင်းတို့ ဘုရင်ကိုပြောလိုက်၊ ငါကိုယ်တော်မြတ် မောင်မင်းတို့အဆိုကိုလက်ခံပြီး မင်အင်ပါယာကို သိမ်းသွင်းတော်မူမယ်”
သို့နှင့် ပင်းတလဲမင်းမှာ တရုတ်ပြည် မင်အင်ပါယာ၏ ဧကရာဇ်ဟူသည့် ဘွဲ့ကိုခံယူလိုက်ပြီး ဘုရင်ယုံလီကို ဘုရင်ခံအဖြစ်ခန့်အပ်လိုက်ကာ စစ်ကိုင်းဘက်ကမ်းတွင် စံအိမ်နန်းတော်တည်ဆောက်ကာ အခြွေအရံများနှင့်အတူ ချမ်းချမ်းသာသာ စိုးစံခိုင်းလိုက်လေသည်။ တရုတ်မူးမတ် တစ်ထောင့်ခုနစ်ရာကျော်ကိုလည်း ထိုအရပ်တွေ နေထိုင်စေလေသည်။
အမတ်ကြီး လီတင့်ကော်မှာ ဧကရာဇ်ယုံလီ၏ တဲနန်းသို့ ပြန်လည်ရောက်လာသည့်အခါ ဧကရာဇ်ယုံလီမှာ ကျောက်စီဓါးထမ်းလျှက် အမတ်ကြီးကိုစောင့်ကြိုနေလေသည်။
“မောင်မင်းလည်း သစ္စာဖောက် ဝူဆန်ကွေ့နဲ့ အတူတူပဲ၊ ဝူဆန်ကွေ့က မဟာတံတိုင်းကိုဖွင့်ပေးပြီး တိုင်းပြည်ကိုရောင်းစားတယ်f၊ မောင်မင်းကတော့ ငါ့နာမည်ကို ဗမာမင်းကိုရောင်းစားတယ်၊ မောင်မင်းကို ငါမကျေနပ်ဘူး၊ အခုပဲ ကွပ်မျက်မယ်”
အမတ်ကြီးမှာ ဧကရာဇ်ယုံလီအရှေ့တွင် လည်စင်းပေးလိုက်လေသည်။
“အရှင်မင်းကြီး ကျန်းကျန်းမာမာနဲ့နေနိုင်ရန်အတွက် ကျွန်တော်မျိုးမှာ သစ္စာဖောက်ရာထူးကို ခံယူရန်အသင့်ပါ”
ဧကရာဇ်ယုံလီမှာ တကယ်မခုတ်ဝံ့ပေ။ အမတ်ကြီးက ဆက်လက်ပြီး
“အရှင်မင်းကြီးဟာ မင်အင်ပါယာရဲ့ ဧကရာဇ်ဆိုသော်ငြားလည်း ယခုအချိန်တွင် အင်ပါယာကြီး၏ မြေတစ်လက်မကိုပင် ပိုင်ဆိုင်ခြင်းမရှိတော့ပါ၊ သို့အတွက် ဧကရာဇ်ဆိုသည်မှာလည်း အမည်ခံသာကျန်ပါတော့သည်။ ဘာမှမကျန်တော့သည့် အမည်ကို သူများကိုပေးလိုက်ပြီး ကိုယ်က ကောင်းစားရမည့်အရေးကို အရူးအနှမ်းပင် ကောင်းကောင်းရွေးချယ်တတ်ပါမည်မင်းကြီး”
ဧကရာဇ်ယုံလီမှာ ဓါးကိုပစ်ချလိုက်ပြီး အမတ်ကြီးအားဆွဲထူလိုက်လေသည်။
ပင်းတလဲမင်းမှာ မင်မင်းဆက်၏ ဆက်ခံသူ၊ မင်အင်ပါယာ၏ ဧကရာဇ်ဟု အမည်ခံဘွဲ့ခံသည်ကို ညီတော်ဖြစ်သူ ပြည်မင်းက ကြားသိသိချင်း ပြည်မြို့မှ ဆန်တက်လာခဲ့သည်။
“အရှင်မင်းကြီး သေချာစဉ်းစားထောက်ရှုတော်မူပါ”
“တော်စမ်း ညီတော်၊ မင်းကြီးစကားမိုးကြိုးသွား၊ ထွက်ပြီးသောဆင်စွယ် ပြန်ဝင်တယ်လို့မရှိဆိုသလို ဒီအရေးကိုလည်း ငါကိုယ်တော်မြတ် သင့်တယ်ထင်လို့ ဆုံးဖြတ်တာဖြစ်တဲ့အတွက်၊ ညီတော်အနေနဲ့ ဘာမှဝင်မစွက်ဖက်သင့်ပဲ ပြည်မြို့ကောင်းစားရေးကိုသာ အားထုတ်ပါတော့”
ညီတော်ပြည်မင်းမှာ မကျေမနပ်နှင့် ပြည်မြို့သို့ စုန်ဆင်းသွားလေသည်။
ဧကရာဇ်ယုံလီမှာ ဘုရင်ခံရာထူးဖြင့် ဖြစ်သော်လည်း အစားအသောက်အနေထိုင်ကအစ ပင်းတလဲမင်းက ချီးမြှောက်ထားသဖြင့် မပူမပင်နေထိုင်ရလေသည်။ သို့သော် ပညာရှိအမတ်ကြီးမှာ သက်ပြင်းအကြိမ်ကြိမ်ချနေသဖြင့် အမတ်ကြီးနှင့် ခေါ်ယူကာ တိုင်ပင်ရတော့သည်။
“အမတ်ကြီး၊ ခုတစ်လော ဘာတွေများ စိတ်ရှုပ်စရာဖြစ်နေပါသလဲ”
“မှန်ပါ၊ မင်းကြီးအနေနဲ့ သူများတိုင်းပြည်မှာ အနေအစားချောင်တယ်ဆိုသော်ငြား ကိုယ့်တိုင်းပြည်ရပ်ရွာကို မမေ့သင့်ပါမင်းကြီး”
“ငါက ဘုရင်ပဲကွယ့်၊ ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့စိတ်က မင်းတို့ထက်ပိုများတာပေါ့၊ ဒါပေမယ့် အခုအချိန်မှာ လူစုပြီး ချင်းမင်းဆက်ကို တော်လှန်ဖို့ကလည်း မလွယ်သေးဘူးမဟုတ်လား၊ ပြည်သူပြည်သားတွေကိုယ်တိုင်က ငါကိုယ်တော်ဘက်က မရပ်တည်ကြဘူးမဟုတ်လား”
ထိုအခါ အမတ်ကြီးက ရှေးဟောင်းစာအုပ်တစ်အုပ်ကိုထုတ်ယူလိုက်လေသည်။ ထိုစာအုပ်မှာ မင်မင်းဆက်၏ လှို့ဝှက်အရေးတော်များဟူသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ အမတ်ကြီးက ထိုစာအုပ်ကိုလှန်လှောဖွေရှာရင်း စာမျက်နှာတစ်ခုသို့ရောက်သည့်အခါ ဧကရာဇ်ယုံလီကို ပြသလိုက်လေသည်။
“အရိပ်စစ်တပ်များဆိုပါလား”
“မှန်ပါမင်းကြီး၊ ဒီအကြောင်းက မင်မင်းဆက်တည်ထောင်သူမင်းကြီးကိုယ်တိုင် ရေးဖွဲ့ခဲ့တဲ့ အကြောင်းအရာဖြစ်ပါတယ်၊ မွန်ဂိုစစ်တပ်တွေအသုံးပြုခဲ့တဲ့ အရိပ်စစ်တပ်လို့ခေါ်တဲ့ မကောင်းဆိုးဝါး စစတပ်တစ်ခုရှိပါတယ်၊ အဲဒီစစ်တပ်ကို သဲကန်ဒါရထဲက ရှေးဟောင်းဝတ်ကျောင်းတော်တစ်ခုအထဲမှာ သိမ်းဆည်းခဲ့ပါတယ်၊ အရိပ်စစ်တပ်ကို ဆင့်ခေါ်နိုင်တဲ့သူက အခြားစစ်တပ်တွေကို အောင်နိုင်လိမ့်မယ်လို့ ရေးသားထားပါတယ်”
“အရိပ်စစ်တပ်က စစ်သားတွေကိုသာမန်လူတွေ မတိုက်ခိုက်မနှိမ်နင်းနိုင်တဲ့အတွက် အင်ပါယာကြီး အရေးပေါ်ချိန်မှာ ထုတ်ယူအသုံးပြုသင့်တယ်လို့ အကြဲပြုထားကြောင်းပါ”
ဧကရာဇ်ယုံလီမှာ ထိုစကားကိုကြားသည့်အခါ ကျေနပ်စွာပြုံးလိုက်လေသည်။
“ဒါဆို အဲဒီအရိပ်စစ်တပ်ကို သွားခေါ်ပြီးတော့ မန်ချူးတွေကိုတိုက်ထုတ်မယ်၊ ပြီးရင် မင်မင်းဆက်ကိုပြန်လည်တည်ထောင်မယ်”
အမတ်ကြီးက မျက်နှာပျက်သွားပြီး နောက်စာမျက်နှာတစ်ခုကို လှန်ပြလိုက်လေသည်။
“အရိပ်စစ်တပ်ခေါ်ဖို့က အရာနှစ်ခုလိုပါတယ်၊ တစ်ခုကတော့ သုံးပြည်ထောင်ခေတ်က စစ်သူကြီးကျောက်ယွင်ရဲ့ လှံချွန်အသွားပါ၊ နောက်တစ်ခုကတော့ စီးရှဘုရင်ရဲ့ ရွှေကြာပွင့်လက်နက်ပါ”
“ငါတို့ဆီမှာ အဲဒါတွေမရှိဘူးလား၊ ကျောက်ယွင်ရဲ့နဂါးဖြူလှံသွားက မင်မင်းဆက်ရဲ့ နန်းစဉ်ရတနာမဟုတ်လား”
အမတ်ကြီးက ခေါင်းခါသည်။
“နန်းစဉ်ရတနာမှန်ပေမယ့် ပင်းတလဲမင်းက ရွှေလှေတွေနဲ့အတူတူ သိမ်းပိုက်သွားခဲ့ပါပြီ”
ထို့နောက်အမတ်ကြီးက စာအုပ်တစ်ခုကိုယူလိုက်ပြန်သည်။ ယွမ်ခေတ်မှတ်တမ်းများဟု အမည်ရသည့်စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို လှန်လှောလိုက်ပြီးနောက် စာသားတစ်ချို့ကိုဖတ်ပြသည်။
“စီးရှမင်း၏ ရွှေကြာပွင့်လက်နက်ကို တလီပြည်က သွမ့်မျိုးရိုးက ထိမ်းသိမ်းထားကြောင်းပါရှိပါတယ်၊ ဒါပေမယ့် မွန်ဂိုဘုရင် ကူဗလိုင်ခန်ရဲ့ ကျူးကျော်မှုကြောင့် တလီပြည်ကြီး ပျက်စီးချိန်မှာ သွမ့်မျိုးရိုးများဟာ အောက်ပြည်ဘက်ကိုဆက်လက်ပြေးလွှားရင်း မိုးနဲဟုခေါ်သည့် မြို့ကြီးအနီးတွင် ပုန်းအောင်းနေထိုင်လျှက်ရှိသည် လို့ဖော်ပြထားပါတယ် (ထိုအကြောင်းကို နတ်မိစ္ဆာဖမ်းဆရာခမ်း အတွဲ(၁) ငိုသံကြားမောင်နှမတွင် အသေးစိတ်ဖော်ပြခဲ့ပြီးဖြစ်ပါသည်)”
အမတ်ကြီး၏ စကားကိုကြားရသည့်အခါ ဧကရာဇ်ယုံလီမှာ စိတ်ပျက်သွားလေသည်။
“မောင်မင်းအဆိုအရတော့ မဖြစ်နိုင်တော့ဘူးပေါ့”
“မဖြစ်နိုင်တာမဟုတ်သေးပါမင်းကြီး၊ မဖြစ်သေးတာပါ၊ အင်း၀ဘုရင်ရဲ့ရွှေတိုက်တော်ထဲက နဂါးဖြူလှံချွန်ကို လူယုံတစ်ယောက်ကို စေလွှတ်ပြီး ခိုးထုတ်ဖို့ကြံစည်ထားပါတယ်၊ ဒါ့အပြင် မိုးနဲမြို့ကိုလည်း စေလွှတ်ရေးတစ်ဖွဲ့စေလွှတ်ပြီး ရွှေကြာပွင့်လက်နက်ကို ရှာဖွေခိုင်းပါမယ်၊ ဒီလက်နက်နှစ်ခုစလုံးရတဲ့အခါ ကျွန်တော်မျိုးတို့က တရုတ်ပြည်ထဲကို ရုပ်ဖျက်ဝင်ပြီးတော့ သဲကန်ဒါရအတွင်းက ဘုရားဝတ်ကျောင်းကိုရှာဖွေပြီး အရိပ်စစ်တတ်ကို ပြန်လည်နိုးထစေပါမယ်၊ ပြီးရင် မန်ချူးတပ်တွေကို တိုက်ထုတ်ပါမယ်”
“ကောင်းပါတယ်အမတ်ကြီး သင့်သလိုစီစဉ်ပါ”
“ကျွန်တော်မျိုး မိုးနဲမြို့အနီးမှာပုန်းခိုနေတဲ့ သွမ့်မျိုးရိုးတွေကို စုံစမ်းဖို့ အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်ပြီးပါပြီ၊ ဒါပေမယ့် . . .”
အမတ်ကြီးက ခေါင်းငိုက်စိုက်ကျသွားသည်။
“ဒါပေမယ့် ဘာဖြစ်သလဲအမတ်ကြီး”
“ဒါပေမယ့် ဗမာဘုရင်ရဲ့အင်း၀နန်းတော်ကို ဝင်ထွက်သွားလာဖို့ လူယုံမရှိသေးဘူးဖြစ်နေပါတယ်”
“မောင်မင်းမှာအကြံရှိတယ်မဟုတ်လား၊ ပြောမှာသာပြောစမ်းပါ”
“ကျွန်တော်မျိုးကတော့ အရှင်မင်းကြီးရဲ့ သမီးတော့ ယိလင်ကို ပင်းတလဲမင်းထံကို ဆက်သပေးဖို့ပါပဲ”
“ဘာပြောတယ်အမတ်ကြီး”
ဧကရာဇ်ယုံလီမှာ ဒေါသထွက်သွားပြီး စားပွဲခုံကို လက်သီးနှင့်ထုကာ မတ်တပ်ထရပ်လိုက်လေသည်။
“ငါတို့မင်းမျိုးမင်းနွယ်ကို တခြားလူမျိုးနဲ့ ပေးစားရမယ်တဲ့လား”
“ကျွန်တော်မျိုးစဉ်းစားထားသလောက် ဒီနည်းလမ်းက အလွယ်ကူဆုံးပါပဲမင်းကြီး၊ ယိလင်ကို ပင်းတလဲမင်းက မိဖုရာတင်မြှောက်မယ်ဆိုရင် ယိလင်က နန်းတော်အတွင်းမှာ လွတ်လပ်စွာသွားလာနိုင်လိမ့်မယ်၊ ယိလင်က မင်းကြီးရဲ့သွေးသားဖြစ်တာကြောင့် မင်းကြီးကို သစ္စာဖောက်မှာလည်းမဟုတ်ပါဘူးမင်းကြီး၊ မင်းကြီး အသေအချာစဉ်းစားတော်မူပါ”
နောက်ဆုံးတော့ ဧကရာဇ်ယုံလီလည်း ခေါင်းညိတ်လိုက်ရလေသည်။ ချက်ချင်းပင် သမီးတော် ယိလင်ကို ခေါ်ဆောင်ကာ ပင်းတလဲမင်းထံ ဆက်သမည့်အကြောင်းကို ပြောဆိုသည့်အခါ ယိလင်မှာငိုကြွေးတော့သည်။
“မငိုနဲ့သမီးတော်၊ သမီးတော်က မင်မင်းဆက်အတွက် ကိုယ်ကျိုးကို ပေးဆပ်လိုက်ရတယ်လို့ပဲ သဘောထားပါကွယ်၊ သမီးတော် သူရဲ့မိဖုရားအဖြစ်နဲ့ အင်း၀နန်းတော်ထဲကိုဝင်ရလိမ့်မယ်၊ သူတို့ရဲ့ ရွှေတိုက်တော်မှာ သိမ်းဆည်းထားတဲ့ ကျောက်ယွင်ရဲ့နဂါးဖြူလှံသွားကို သမီးတော်ပြန်လည်ခိုးဝှက်ပြီးတော့ ခမည်းတော်တို့ဆီကို ပို့ဆောင်ပေးရလိမ့်မယ်”
သို့နှင့် ယိလင်မင်းသမီးကလေးကို ပင်းတလဲမင်းထံ ဆက်သလိုက်လေရာ ပင်းတလဲမင်းက ကျေနပ်အားရတော်မူပြီး မိဖုရားငယ်အဖြစ်မြှောက်စားလိုက်တော့သည်။
(၄)
သို့သော် အခြေအနေများက ပြောင်းလဲသွားရလေသည်။ မန်ချူးလူမျိုးများမှာ တရုတ်ပြည်တစ်ခွင်အား သိမ်းပိုက်ပြီးသည့်နောက် ချင်းအင်ပါယာနှင့် ချင်းမင်းဆက်ကိုတည်ထောင်လိုက်ကြသည်။ ထိုအခါ မန်ချူးများက မင်မင်းဆက်၏ ဧကရာဇ်ယုံလီမှာ မသေဆုံးသေးသဖြင့် တရုတ်ပြည်သို့တိတ်တဆိတ်ပြန်လည်ဝင်ရောက်လာကာ လူသုစုဆောင်းပြီး ပုန်ကန်မည်ကို စိုးရွံ့နေလေသည်။ ထို့ကြောင့် အင်း၀ဘုရင် ပင်းတလဲမင်းထံသို့သံတမန်စေလွှတ်ကာ ဧကရာဇ်ယုံလီနှင့် မင်းဆွေမင်းမျိုးများအား ပြန်လည်ပေးအပ်ရန် တောင်းဆိုသော်လည်း မပေးအပ်သဖြင့် နောက်ဆုံး သစ္စာဖောက်စစ်သူကြီး ဝူဆန်ကွေ့က စစ်သည်အင်အား တစ်သောင်းငါးထောင်ကို ဦးဆောင်ကာ အင်း၀ကို တိုက်ခိုက်လေတော့သည်။
ရုတ်တရက်တိုက်ခိုက်သည့် မန်ချူးတပ်များကို အင်း၀တပ်များက မခုခံနိုင်ဘဲ မန်ချူးတပ်များမှာအင်း၀မြို့အနီးသို့ပင် နီးကပ်လာကြလေသည်။ သို့သော်လည်း ညီတော်ဖြစ်သူ ပြည်မင်းမှာ ပြည်မြို့မှ လက်နက်လူသူစုဆောင်းကာ အလုံအရင်းနှင့်ချီတက်တိုက်ခိုက်သဖြင့် ဝူဆန်ကွေ့၏ တပ်များပျက်ပြီး ပြန်လည်ဆုတ်ခွာသွားလေသည်။
ထို့နောက် အင်း၀နန်းဆောင်အတွင်းသို့ ပြည်မင်းက ဓါးလွတ်ကိုင်လျှက် ဝင်ရောက်လာခဲ့သည်။
“အကိုတော်မင်းကြီး၊ အဲဒီတရုတ်မင်းနဲ့ သားသမီးတွေကို မန်ချူးတွေလက်ထဲကို ပြန်လည်အပ်နှင်းလိုက်ပါ”
“ညီတော်၊ သူတို့တောင်းတိုင်း ပေးလို့ရမလား၊ ငါက သူတို့ကိုခိုလှုံစောင့်ရှောက်ထားပြီး သူကောင်းပြုထားတာပဲ၊ အဲဒီလိုလူတွေကို သူများတောင်းတိုင်းပေးလိုက်ရင် ငါ့ကိုလူတွေက ဝိုင်းပြောကြမှာပေါ့ ညီတော်ရဲ့”
“မဟုတ်ပါဘူးအကိုတော်၊ ဒီအရေးက သူတို့ တရုတ်အချင်းချင်းဖြစ်တဲ့ အရေးပဲ၊ ဗမာတွေနဲ့ လားလားမျှမဆိုင်ပါဘူးအကိုတော်၊ အခုတော့ စစ်မက်ဖြစ်ပွားပြီး ပြည်သူပြည်သားတွေ သေကြေပျက်စီးရပြီ၊ ဒါက အကိုတော်ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ဓါးခုတ်ရာလက်ဝင်လျှိုသလို အဖြစ်မျိုး ဖြစ်နေရတာပါ”
“တိတ်စမ်းညီတော်၊ သူက ငါ့ရဲ့လူပဲ၊ ငါ့ကို မင်အင်ပါယာကြီးတစ်ခုလုံးကို ဆက်သထားတဲ့လူပဲ၊ ငါ့ကို သစ္စာခံထားတဲ့လူကို ငါက သစ္စာပြန်ဖောက်လို့ ကောင်းပါ့မလားဟဲ့”
ညီတော်ပြည်မင်းမှာ အလွန်ဒေါသထွက်နေလေသည်။
“ညီတော်ကတော့ သူတို့အရေးမှာ ဗမာတွေအလကားနေရင်း အသေခံရတာကို မရှုဝံ့ဘူး၊ နောက်ပြီး အကိုတော်က မင်အင်ပါရဲ့အရှင်သခင်လို့သာ ဘွဲ့ခံထားပေမယ့် မင်အင်ပါယာကြီးရဲ့ ပိုင်နက်နယ်မြေကို တစ်လက်မတောင်မှ ပိုင်ရရဲ့လား”
ထိုအခါ ပင်းတလဲမင်းမှာ အလွန်စိတ်ဆိုးသွားပြီး အနီးတွင်ချထားသည့် လှံတံကိုဆွဲယူလိုက်ကာ ညီတော်ပြည်မင်းထံသို့ ပစ်လွှတ်လိုက်လေသည်။ ညီတော်ပြည်မင်းကလည်း သတိရှိသူမို့ လှံတံကို ဓါးဖြင့်ခုတ်ပိုင်းချလိုက်ရာ လှံတံမှာ ထက်ပိုင်းပြတ်ထွက်သွားတော့သည်၊ ပြည်မင်းလည်း ဘာမှမပြောတော့ဘဲ နန်းတွင်းမှဆင်းခဲ့တော့သည်။
ညီတော်ပြည်မင်းမှာ ပြည်မြို့သို့ရောက်သည်နှင့် လူသူလက်နက် ထပ်မံစုဆောင်းကာ အင်း၀မြို့ကို ချီတက်တိုက်ခိုက်လေရာ အလွယ်တကူပင် ရရှိခဲ့လေသည်။ အင်း၀ဘုရင် ပင်းတလဲမင်းနှင့် သားတော်၊ သမီးတော်များကို ချင်းတွင်းမြစ်အတွင်းသို့ ရေချကွပ်မျက်လိုက်တော့သည်။ ထို့နောက် ပြည်မင်းက အင်း၀ကို စိုးစံအုပ်ချုပ်လေသည်။
ထိုစဉ်မှာပင် အင်း၀ကိုအရေးနိမ့်သွားသည့် ဝူဆန်ကွေ့မှာ မန်ချူးစစ်သည်အင်အား သုံးသောင်းဖြင့် ဒုတိယအကြိမ် ချီတက်တိုက်ခိုက်ပြန်သည်။ သို့သော်လည်း ပြည်မင်းက တရုတ်နှင့်စစ်မက်မဖြစ်ပွားလိုတော့၊ သူတို့တရုတ်အချင်းချင်းဖြစ်သည့်အရေးကို တရုတ်အချင်းချင်းသာ ဖြေရှင်းကြတော့ဟု ဆုံးဖြတ်လိုက်ကာ စစ်ကိုင်းတွင်နန်းစံနေသည့် ဧကရာဇ်ယုံလီနှင့် ဆွေတော်မျိုးတော်များ၊ မူးမတ်ဗိုလ်ပါများကို ဖမ်းဆီးစေလသည်။
အမတ်ကြီးလီတင့်ကော်မှာ ကံကောင်းထောက်မစွာဖြင့် ဈေးဝယ်ထွက်နေသဖြင့် လွတ်မြောက်သွားရသည်။ ပြည်မင်း၏ အမိန့်ဖြင့် မင်မင်းဆက်ဧကရာဇ် ယုံလီနှင့် ဆွေတော်မျိုးတော်များကို ဖမ်းဆီးကာ ဖောင်တွင်တင်လျှက် ဝူဆန်ကွေ့တို့ထံသို့ အပ်နှင်းလိုက်သည်။ ထို့အပြင် ချင်းအင်ပါယာနှင့်လည်း မိတ်ဖွဲ့လိုက်ကာ တရုတ်မြန်မာစစ်မီးကို အဆုံးသတ်လိုက်တော့လေသည်။
ဧကရာဇ်ယုံလီနှင့် မင်းဆွေမင်းမျိုးများ ဖမ်းဆီးခံရသည်ကိုကြားသဖြင့် အမတ်ကြီးလီတင့်ကော်က အင်း၀ဘက်သို့ကူးကာ နန်းတွင်းသို့ချဉ်းကပ်ရလေသည်။ နန်းတွင်းတွင်ရှိနေသည့် ယိလင်မင်းသမီးမှာလည်း အခြေအနေမကောင်းသဖြင့် နန်းတွင်းမှ တိတ်တဆိတ်ထွက်ပြေးလာခဲ့ရာ သူတို့နှစ်ဦး လမ်းတွင်ဆုံတွေ့ကြလေသည်။
ဖောင်ကြီးပေါ်တွင် လိုက်ပါသွားသည့် ဧကရာဇ်ယုံလီနှင့် ဆွေတော်fမျိုးတော်များမှာ လမ်းတစ်လျှောက်ငိုယိုသွားကြသည်။ အမတ်ကြီး လီတင့်ကော်နှင့် ယိလင်မင်းသမိးတို့မှာ ဖောင်တော်ကိုကြည့်လျှက် ရင်လှိုက်သည်းလှိုက်ငိုကြွေးတော့သည်။ မင်မင်းဆက် ဧကရာဇ်ယုံလီနှင့် မင်းဆွေမင်းမျိုးများကို ဝူဆန်ကွေ့တို့က ပီကင်းမြို့သို့ဖမ်းဆီးခေါ်ဆောင်သွားကာ ဆွေမျိုးကိုးဆက်စလုံးကို ကွပ်မျက်လိုက်ရာ မင်မင်းဆက်အဆုံးသတ်သွားလေသည်။
ယိလင်မင်းသမီးမှာ ပင်းတလဲမင်းနှင့်ရသည့် ကိုယ်ဝန်ကျန်ခဲ့လေသည်၊ အမတ်ကြီး လီတင့်ကော်လည်း ဧကရာဇ်ယုံလီတို့ ကွပ်မျက်ခံရသည်ဟုကြားပြီး မကြာခင်မှာပင် သေဆုံးသွားလေသည်။ မသေခင်တွင် ယိလင်မင်းသမီးအား မင်မင်းဆက်ကို ပြန်လည်ထူထောင်နိုင်ရန်အတွက် အရိပ်စစ်တပ်ကိုခေါ်ဆောင်ရန် အသေးစိတ်မှာကြားသွားသေးသည်။
(၄)
နှစ်ပေါင်း နှစ်ရာကျော်f ကြာမြင့်သည်အထိ ယိလင်မင်းသမီး၏ မျိုးဆက်များမှာ ထိုသမိုင်းပေးတာဝန်ကို ဦးထပ်ရွက်ဆင်လျှက် နေထိုင်ခဲ့ကြလေသည်။ သို့နှင့် လုံဒီမှာ ယိလင်မင်းသမီး၏ ကိုးဆက်မြောက် မင်းသမီးဖြစ်ခဲ့သည်။ မင်းတုန်းမင်းတရားကြီးလက်ထက်တွင် တိုင်းတပါးသူအပျိုတော်များအား ခန့်အပ်အမှုထမ်းစေသည်မို့ လုံဒီလည်း မင်းတုန်းမင်းကြီးထံတွင် အပျိုတော်အဖြစ် တာဝန်ထမ်းဆောင်ကာ ရွှေတိုက်တော်အတွင်း သိမ်းဆည်းထားသည့် ကျောက်ယွင်၏ နဂါးဖြူလှံသွားကို ခိုးယူတော့သည်။ လှံသွားကိုခိုးယူပြီး နန်းတွင်းမှထွက်အပြေးတွင် ငခမ်းတို့နှင့်တွေ့ဆုံပြီး ငခမ်းက ငိုသံကြားမောင်နှမထံမှာ ရရှိလာသည့် ရွှေကြာပွင့်လက်နက်ကိုတွေ့ဆုံကာ ထပ်မံခိုးယူကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ (
“ဒါဆို အဲဒီလက်နက်တွေရော . . .”
“ကျွန်မတရုတ်ပြည်ကိုပြန်မယ်အလုပ်မှာ ဆမန်းကောင်တွေနဲ့တွေ့ဆုံမိပြီးတော့ သူတို့နဲ့ရန်ငြိုးဖြစ်ခဲ့တယ်၊ နောက်တော့ ကျားဖြူသခင်မက ကျွန်မကိုဖမ်းဆီးပြီးတော့ လက်နက်တွေကို ကျားဖြူစံအိမ်မှာ သိမ်းထားတာပဲ”
“အဲဒီလက်နက်တွေက အရိပ်စစ်တပ်ကို ဆင့်ခေါ်လို့ရတယ်ဆိုတာ သူတို့သိသလား”
လုံဒီက ခေါင်းခါသည်။
“သူတို့မသိဘူး၊ ကျွန်မကလည်း သူတို့ကိုမပြောပြဘူး”
“အဲဒီတော့ အခုမင်းဘာဆက်လုပ်မယ်စိတ်ကူးလဲ”
“ရှင်တို့နဲ့အတူ ဆမန်းစံအိမ်တွေကို တိုက်ခိုက်မယ်လေ၊ တကယ်လို့ ကျွန်မရဲ့လက်နက်နှစ်ခုကို ပြန်ရပြီဆိုရင် ကျွန်မတို့မျိုးဆက်တစ်ဆက်လုံး လက်ဆင့်ကမ်းလာခဲ့တဲ့ အိပ်မက်ကို ပြန်ပြီးအကောင်အထည်ဖော်ရမယ်”
ငခမ်းက ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီလုံဒီ၊ လက်နက်တွေရပြီဆိုရင် မင်းကိုငါပေးမယ်”
လုံဒီက ပြုံးလိုက်လေသည်။ ထိုအခါတွင် ရေသွားခပ်သည့် ဘတိုးမှာပြန်တက်လာပြီး ရေနွေးကရားအိုးကို မီးဖိုပေါ်သို့တင်လိုက်လေသည်။ ငခမ်းက ဘတိုးကိုကြည့်လိုက်ရင်း
“ဒါနဲ့ ကိုဘတိုးကိုကြည့်ရတာ၊ ဒီရွာကလေးကို သိနေသလိုပဲ၊ ဘယ်နေရာမှာဘာရှိတယ်ဆိုတာကအစသိနေတာဆိုတော့ အရင်က ဒီရွာကလေးမှာများ နေခဲ့ဖူးသလား”
ဘတိုးက ခေါင်းညိတ်လျှက်
“နေခဲ့ဖူးတာတင်ဘယ်ကမလဲကွာ၊ ဒီရွာမှာ ငါမွေးခဲ့တာ၊ ငါ့ရဲ့ဇာတိရွာကလေးပေါ့ကွာ”
လုံဒီက အံ့ဩသွားရင်း
“ဒါဆို ဒီရွာက အခုဘာလို့ လူတစ်ယောက်မှ မနေတော့တာလဲ”
“အကုန်သေကုန်ပြီ”
ငခမ်းလည်းမျက်လုံးပြူးလျှက်
“ဘယ်သူသတ်လိုက်တာလဲ”
“ဆမန်းကောင်တွေ လက်ချက်ပေါ့ကွာ”
ပြီးပါပြီ။
နတ်မိစ္ဆာဖမ်း ဆရာခမ်းနှင့် သင်းကွဲကျားတွင် ဆက်လက်ဖတ်ရှုပါ။