အပိုင်း (၂) ဇာတ်သိမ်း
(၅)
သေဆုံးသွားသည့် ဖိုးမောင်အမည်ရ နွားကျောင်းသားကလေးကို ရွာမှလူများက ကောက်ယူကာ သဂြိုဟ်လိုက်ကြသလို အဘိုင်၏ အလောင်းကိုလည်း သစ်ထုတ်စခန်းသို့ ပြန်လည်ယူဆောင်လာခဲ့ကြသည်။ နောက်တစ်နေ့ နေ့လည်မှာပင် အမဲလိုက်မုဆိုး အဘိုင်တစ်ယောက်အား သူမြတ်နိုးသည့် တောအုပ်ကြီးအတွင်းမှာပင် မြှုပ်နှံသဂြိုဟ်ပေးလိုက်လေသည်။
“သွားပေအုံးတော့ အဘိုင်ရေ၊ မင်းနဲ့ငါနဲ့က ခဏတာသိကျွမ်းဖို့ပဲ ရေစက်ပါလာတယ်ထင်ပါရဲ့ကွာ”
သစ်ထုတ်လုပ်စခန်း၏ မြောက်ဘက်အကျဆုံး ရွက်ဖျင်တဲစခန်းလေးတွင် ယခုတော့ အဘိုင်လည်းမရှိတော့သလို၊ ကိုမျိုးလည်းမရှိတော့ပေ၊ ကိုမျိုးက လင့်စင်ပေါ်တွင် ကျားကြီးဘဒင်နှင့် ပက်ပင်းတိုးကာ သွေးပျက်ပြီး စိတ်ဖောက်သွားသည်ဟု ဆိုကြလေသည်။ ရွက်ဖျင်တဲသုံးလုံးက မြေပြောင်ပြောင်ကလေးတွင် အတိုင်းသားရှိနေသေးသည်။
ကျားကြီးဘဒင်က မုဆိုး အဘိုင်ကို သတ်ဖြတ်ခဲ့သည့်အပြင် ကိုမျိုးကိုပါ စိတ်ဖောက်သွားအောင်ပြုလုပ်ခဲ့သည်ဆိုသည့် သတင်းမှာ သစ်ထုတ်လုပ်ရေးစခန်းနှင့် အနီးအပါးမှ ရွာများကိုပါ ပျံ့နှံ့သွားသောကြောင့် ထိုဒေသရှိလူများအားလုံးမှာ ကျားကြီးဘဒင်က ယခင်ကထက် ပိုမိုကြောက်ရွံ့သွားကြလေသည်။
ရပ်ရွာများကို ကျားလန်ဟုခေါ်သည့် ဝါးချွန်စိတ်များ၊ ဆူးပင်များဖြင့် လုံခြုံအောင်ကာရံကြသလို ရွာတိုင်းတွင်လည်း ဓါးလှံလက်နက်များကို စွဲကိုင်ထားကြသည့် လူငယ်များက ကင်းစောင့်ကြပ်ကြလေသည်။ ဦးတောကျော်ရောက်ရှိနေသည့် သစ်ထုတ်လုပ်ရေးစခန်းမှာပင် နေ့ခင်းကြောင်တောင်အချိန်သော်မှ လူအများကမထွက်ဝံ့တော့သဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်း ရပ်ဆိုင်းသွားရတော့သည်။
ဦးတောကျော်လည်း တိတ်ဆိတ်နေသည့် ရွက်ဖျင်တဲသုံးလုံးအရှေ့ မြေကွက်လပ်ကလေးတွင် ထိုင်နေလိုက်ကာ သူ့တူမီးသေနတ်ကြီးကို အဝတ်စတစ်ခုဖြင့် သေသေချာချာပွတ်တိုက်နေလေသည်။ အမဲဆီများဖြင့် ပြောင်လက်နေသည့် တူမီးသေနတ်ကြီးကိုကြည့်ရင်း တစ်ချိန်က ဗမာဘုရင်များလက်အောက်ရှိ သေနတ်အစုတွင် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်များကို ပြန်လည်မြင်ယောင်လာမိသည်။ တတိယအင်္ဂလိပ်”မြန်မာ စစ်ပွဲဖြစ်ပွားချိန်တွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းစစ်ပွဲများတွင် မင်းမိန့်အရ မတိုက်ခိုက်ရဟူသော တစ်ချက်လွတ်အမိန့်ကြောင့် ဗမာသူရဲကောင်းစစ်သည်များမှာ မလှိမ့်တပတ်နှင့် လက်နက်ချခဲ့ရသည့်အဖြစ်ကိုပြန်တွေးကာ ရင်နာနေမိသည်။
ထိုစဉ် ရွက်ဖျင်တဲတစ်ခုအတွင်းတွင် တစ်စုံတစ်ခုက လှုပ်ရှားနေလေသည်။ ရွက်ဖျင်တဲများအတွင်း မည်သူမှမရှိမှန်း ဦးတောကျော်သိလိုက်သည့်အတွက် သေနတ်ကိုအဆင်သင့်ပြင်လိုက်ကာ ရွက်ဖျင်တဲအနီးသို့ တဖြည်းဖြည်းချင်းတိုးကပ်လာခဲ့သည်။ ရွက်ဖျင်တဲသုံးခုရှိသည့်အနက် အစွန်ဆုံးကျသည့် အဘိုင်နေခဲ့သည့် ရွက်ဖျင်တဲမှာ အတွင်းမှ လူတစ်ယောက်က လက်ဖြင့်တွန်းနေသကဲ့သို့ လက်ရာများပေါ်ပေါက်နေလေသည်။
ဦးတောကျော်လည်း ရွက်ဖျင်တဲအဝင်အထွက်ဖျင်စကို သေနတ်ပြောင်းနှင့် ထိုးလှန်လိုက်ကာ ရွက်ဖျင်တဲအတွင်းသို့ ထိုးချိန်လိုက်သော်လည်း အတွင်းတွင် မည်သည့်အရာမှ မရှိဘဲ ဟာလာဟင်းလင်းကြီးဖြစ်နေလေသည်။ ဦးတောကျော်က သေချာစေရန်အတွက် အတွင်းသို့လှည့်ပတ်ကြည့်လိုက်သေးသည်။ သို့သော်လည်း အဘိုင်သေဆုံးသွားသဖြင့် ရွက်ဖျင်တဲမှာ အလွတ်သာဖြစ်နေသည်။
ထိုစဉ် ရွက်ဖျင်တဲအပြင်ဘက်မှ လူတစ်ယောက်လမ်းလျှောက်သွားသည့် အရိပ်ကိုလှမ်းမြင်လိုက်ရသဖြင့် တဲအပြင်သို့အမြန်ထွက်ခဲ့သော်လည်း လူရိပ်လူယောင်မတွေ့ရပေ။ ဦးတောကျော်လည်း စဉ်းစားသွားပြီဖြစ်သည်။
“အဘိုင်လား၊ အဘိုင်များမကျွတ်ဘဲ ဝင်ထွက်နေတာများလား”
“ချလွင်”
ထိုစဉ် ခပ်လှမ်းလှမ်းရှိ မီးပုံနံဘေးတွင် ထောင်ထားသည့် ပုလင်းမှာ သူ့အလိုလိုလဲကျသွားလေသည်။ ဦးတောကျော်လည်း ပတ်ဝန်းကျင်ကိုသေချာကြည့်လိုက်ပြီး
“အဘိုင်ရေ၊ မင်းဘာမှမပူနဲ့၊ ဒီဟင်းကောင်ကြီးကို ငါမင်းအတွက် လက်စားပြန်ချေပြီးတော့ သတ်ပေးမယ်ကွ”
ဦးတောကျော်က တစ်ချက်အော်ပြောလိုက်ပြီးနောက် သူနေထိုင်သည့် ရွက်ဖျင်တဲအနီးသို့ ထွက်လာခဲ့သည်။ ထိုအခါ လူတစ်ယောက်က ခြေလှမ်းကျဲကျဲနှင့် ဦးတောကျော်အနီးသို့ လှမ်းလျှောက်လာလေသည်။ ထိုလူမှာ ပုဆိုးတိုတိုကိုဝတ်ဆင်ထားပြီး အပေါ်မှလည်း အနီရောင်ကရင်အင်္ကျီလတ်ပြတ်ကိုဝတ်ဆင်ထားသည်။ အသားအရေဖြူဖြူဖွေးဖွေးနှင့် ပါးစပ်တွင်ဝါးနေသည့် ကွမ်းများမှာလည်း နီရဲနေသည်မို့ ကရင်တစ်ဦးဖြစ်ရမည်ဟု ဦးတောကျော်က ကောက်ချက်ချလိုက်သည်။ ထိုလူက ဒူးလေးကြီးတစ်လက်ကိုလည်း ထမ်းလာသေးသည်။ ဦးတောကျော်ကိုတွေ့သည့်အခါ ပြုံးရွှင်လျှက် အနားသို့လျှောက်လာသည်။
“ခင်ဗျားကြည့်ရတာ မုဆိုးတစ်ယောက်ဖြစ်ရမယ်”
ဦးတောကျော်က ထိုလူအား အရင်လှမ်းပြီးနှုတ်ဆက်လိုက်ရာ ထိုလူက ခေါင်းညိတ်လိုက်လေသည်။ ဦးတောကျော်အရှေ့သို့ရောက်သည့်အခါ သူထမ်းလာသည့် ဒူးလေးကိုမြေကြီးတွင်ထောက်လိုက်ပြီး ပါးစပ်ထဲတွင် ပလုပ်ပလောင်းဝါးနေသည့် ကွမ်းဖတ်များနှင့် ကွမ်းတံတွေးများကို တစ်ဖက်သို့လှည့်ထွေးလိုက်ကာ
“ကျုပ်နာမည် လူနီ၊ ကျုပ်လည်း မုဆိုးပါပဲ၊ ခင်ဗျားကြည့်ရတာလည်း မုဆိုးတစ်ယောက်လို့ထင်ပါတယ်၊ မဟုတ်မှလွဲရော ကျုပ်လိုမျိုး ကျားကြီးရဲ့သတင်းကိုကြားလို့ ဆုငွေရချင်တာနဲ့ လာခဲ့တယ်ထင်ပါ့”
ဦးတောကျော်က ကရင်ကြီးလူနီ၏ စကားကိုကြားလိုက်ရသည့်အခါ မျက်နှာကိုမဲ့လိုက်ပြီး ခေါင်းခါလိုက်သည်။
“ကျုပ်က ဆုငွေအတွက်ရောက်လာတာမဟုတ်ဘူး ဦးလူနီ၊ ကျုပ် ဒီကိုလာခဲ့တာက ဒီဒေသကလူတွေ ဒီဟင်းကောင်ကြီးကြောင့် စိတ်သောကရောက်နေတာတွေကို ချုပ်ငြိမ်းပေးရုံသက်သက်ပဲ”
ကရင်ကြီး ဦးလူနီက ဦးတောကျော်ကိုတစ်ချက်ကြည့်လိုက်ကာ ကွမ်းချိုးများတက်ကာ မဲညစ်နေသည့် သူ၏သွားများကိုပေါ်အောင်ပြုံးပြရင်း
“မွန်မြတ်ပါပေတယ် မုဆိုးကြီးရာ၊ ကျုပ်ကတော့ ကျုပ်နောက်မှာ ကလေးဆယ်ယောက်ရှိသေးတယ်ဝေ့၊ ဒါကြောင် ဒီကောင်ကြီးကို ကျုပ်ရမှဖြစ်မှာ၊ ကုသိုလ်လဲရ၊ ဝမ်းလဲ၀ဆိုတာပေါ့နော့”
“ကျုပ်ကတော့ ဟင်းကောင်ကြီး ရှင်းဖို့အရေးကိုပဲ အားခဲထားတယ်”
“ဒါဆိုရင်လည်း ကျုပ်တို့အတူတူပေါင်းပြီး ဒီကောင်ကြီးကို ပစ်ရင်မကောင်းဘူးလား၊ ဒီကောင်ကြီးသေရင် ခင်ဗျားဖြစ်စေချင်တဲ့ အတိုင်း ဒီဒေသကလူတွေရဲ့ သောကတစ်ခုငြိမ်းသွားပြီပေါ့၊ ဆုငွေရရင်တော့ တစ်ယောက်တစ်ဝက် ခွဲဝေယူကြတာပေါ့နော့”
ဦးတောကျော်က စဉ်းစားလိုက်ပြီးနောက် ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်သည်။
“ဘာပဲပြောပြော အခုလည်းကျုပ်တစ်ယောက်တည်းဖြစ်နေတာဆိုတော့ ခင်ဗျားနဲ့ပေါင်းရမှာပဲလေ၊ ခင်ဗျားစိတ်ချပါ၊ ဆုငွေကို ကျုပ်မမက်ဘူး၊ ဆုငွေရရင် ခင်ဗျားကမိသားစုများတော့ ခင်ဗျားသာအကုန်ယူဗျာ၊ ဟုတ်ပြီလား”
ကရင်ကြီး ဦးလူနီက ဦးတောကျော်ကိုလက်တစ်ဖက်ကမ်းပေးလိုက်သည်။ သို့သော် အနောက်တိုင်းသားများ နှုတ်ဆက်တွေ့ဆုံသကဲ့သို့ လက်ဆွဲနှုတ်ဆက်မည့်ဟန်မဟုတ်ဘဲ ညာဘက်လက်ဝါးကိုဖြန့်ကာ လက်ကိုထောင်လျှက် ပေးခြင်းဖြစ်သည်။ ဦးတောကျော်ကလည်း ဦးလူနီလုပ်သည့်အတိုင်း ညာလက်ဝါးကိုဖြန့်လျှက် လက်မောင်းကိုကောက်ကာ သူတို့နှစ်ဦး လက်ဝါးခြင်းထပ်လိုက်ပြီးနောက် လက်မောင်းချင်း လိမ်လိုက်ကြလေသည်။ ထိုသည်ကတော့ တောအရပ်ဒေသများတွင် တွေ့ရသည့် ရှေးကျသည့် နှုတ်ဆက်နည်းတစ်မျိုးပင်တည်း။
(၆)
ညရောက်ခဲ့ပြီဖြစ်သည်။ နံနက်ခင်းကတည်းက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် သစ်ထုတ်လုပ်ရေးစခန်းကြီးမှာ ညဘက်ရောက်သည့်အခါ ပိုမိုတိတ်ဆိတ်ငြိမ်သက်သွားသည်။ ခပ်လှမ်းလှမ်းရှိ ရိုးမတောင်ကြီးအပေါ်မှ သားကောင်များ၏ အော်ဟစ်ဆူညံသံများကိုသာ တစ်ချက်တစ်ချက်ကြားနေရသည်။
ဦးတောကျော်နှင့် ဦးလူနီတို့မှာ စားပြီးသောက်ပြီးသဖြင့် ထင်းမီးပုံ နံဘေးတွင် ထင်းတုံးကိုဖင်ခုကာ ဝိုင်းဖွဲ့ထိုင်နေကြလေသည်။ ဦးလူနီက ကွမ်းသမားမို့ ယွန်းကွမ်းအစ်အဟောင်းကြီးထဲမှ ကွမ်းရွက်များကိုထုတ်ကာ ကွမ်းယာနေလေသည်။ ဦးတောကျော်ကတော့ ဆေးတံသမားဖြစ်သည့်အတိုင်း ဆေးတံကို ဆေးစာထည့်ပြီး ဖွာရှိုက်နေလေသည်။
ဦးလူနီမှာ ဦးတောကျော်နှင့် အသက်အရွယ်အားဖြင့် မတိမ်းမယိမ်းဖြစ်လောက်ဖြစ်မည်ထင်ရသည်။ သို့သော် ဦးလူနီမှာ အသားပွပွနှင့် ခပ်ဖိုင့်ဖိုင့်ဖြစ်ပြီး ဦးတောကျော်လောက် မကျစ်လျစ်ပေ။
“ကြည့်လှချည်လား မုဆိုးကြီးရ၊ ဘာလည်း ကျုပ်က သားကောင်ကြီးနဲ့များ တူနေလို့လားဝေ့”
“မဟုတ်ပါဘူးဗျာ၊ ခင်ဗျားပုံစံကိုကြည့်ပြီး အကဲခတ်နေတာပါ၊ ဒါနဲ့ ခင်ဗျားမုဆိုးလိုက်တာ အတော်ကြာပြီလား”
ဦးလူနီက ထုံးသုတ်ထားသည့် ကွမ်းရွက်အတွင်းသို့ ဆေးရွက်ကြီးခြောက်များကို ဖဲ့ထဲ့နေရင်း
“ကြာပြီပေါ့ မုဆိုးကြီးရာ၊ ကျုပ်တစ်သက်ပဲပေါ့၊ ကျုပ်အပါးကလည်းမုဆိုးပဲလေ၊ ဒီတော့ ကျုပ်လည်း လူမှန်းသိတတ်စကတည်းက အပါးနောက်လိုက်ရင်း မုဆိုးဖြစ်ခဲ့တာပေါ့”
“ဒါဆိုရင်တော့ ခင်ဗျားက ကျုပ်ထက် သဘာရင့်တာပေါ့ဗျာ၊ ကျုပ်ကတော့ မုဆိုးလုပ်တာ အနှစ်သုံးဆယ်လောက်ပဲ ရှိအုံးမှာပေါ့”
ဦးလူနီက ကွမ်းရွက်အတွင်းသို့ ကွမ်းသီးစိတ်ကလေးများ နှစ်စိတ်သုံးစိတ်ခန့်ထည့်လိုက်ကာ ကွမ်းယာကိုယာနေရင်း
“ဒါနဲ့ ကျုပ်သစ်စခန်းကနေတက်လာတော့ ဒီကောင်ကြီးက မုဆိုးကိုတောင် သတ်လိုက်တယ်ဆို”
ဦးတောကျော်က ဆေးတံကြီးကိုဖွာရှိုက်လိုက်ပြီး
“ဒါပေါ့ဗျာ၊ သတ်လိုက်တာမှ တစ်ယောက်တည်းတောင်မဟုတ်ဘူး၊ ဒီနယ်တကြောမှာ နာမည်ကြီးတဲ့ မုဆိုးထွန်းတောက်ဆိုတဲ့တစ်ယောက်ရယ်၊ ပြီးတော့ ကျားတွေ၊ ဆင်တွေကို နယ်ချဲ့မျက်နှာဖြူအစိုးရ ခိုင်းသမျှ လိုက်ပစ်ပေးနေတဲ့ အဘိုင်လို့ခေါ်တဲ့ကုလားကိုလည်း ကျုပ်မျက်စိရှေ့တင်ပဲ ကိုက်သတ်လိုက်ပါရောလား”
ဦးလူနီက ပါးစောင်ထဲသို့ ကွမ်းယာကိုထိုးထည့်ရင်း
“ခင်ဗျားရှေ့တင်ကိုက်သတ်တာကို ခင်ဗျားက ဘာမှမလုပ်ဘူးလား”
“လုပ်တာပေါ့ဗျာ၊ ကျုပ်လည်း သေနတ်နဲ့ ကျားခေါင်းကို သေသေချာချာချိန်ပြီး ပစ်တာပဲ၊ ဒါပေမယ့် ကျားကရှောင်တာမြန်လို့ ခေါင်းမထိဘဲ အောက်မေးရိုးပဲထိပြီးတော့ အစွယ်တစ်ချောင်း ကျွတ်ကျခဲ့သေးတယ်”
“ကောင်းလိုက်တာဗျာ၊ နားထောင်ရတာနဲ့တင် ကျုပ်အားရလိုက်တာ၊ ကဲ မုဆိုးကြီး ဒီတစ်ခါတော့ အစွယ်ကိုမပစ်နဲ့တော့ ခေါင်းသာထိအောင်ပစ်ဗျာ”
ဦးတောကျော်လည်း မီးခိုးငွေ့တစ်ချို့ကို မှုတ်ထုတ်လိုက်ရင်း
“ဟုတ်ပါပြီဗျာ၊ ကျုပ်ကလည်း ခင်ဗျားအတွေ့အကြုံကို ယူရသေးတာပ၊ ခင်ဗျားရော ကျားပစ်ဖူးသလား”
ဦးလူနီက ခေါင်းညိတ်ရင်း လက်ချောင်းများကိုထောင်ကာ ရေတွက်နေလေသည်။
“ခြောက်ကောင်ပစ်ဖူးတယ်၊ နှစ်ကောင်က အပါးနဲ့အတူတူပစ်ဖူးတာ”
“ဒါဆို ကျုပ်ထက်အတွေ့အကြုံများတာပေါ့၊ ဆိုစမ်းပါအုံးဗျာ၊ အခု ဟင်းကောင်ကြီးကိုရော ခင်ဗျားဘယ်လိုပစ်မယ်စိတ်ကူးသလဲ”
“လူချည်း လေးငါးယောက်စားခဲ့တာဆိုတော့ ကျားက လူသားသိပ်ကြိုက်နေပြီဝေ့၊ ပြီးတော့ ကျားကလည်း နာနေပြီမဟုတ်လား၊ လူဆိုတာက တောရိုင်းသားကောင်းတွေလို အတင်းပြေးလွှားပြီး ဖမ်းစရာမလိုဘူးဆိုတော့ သူက လူပဲဖမ်းစားမှာပဲ၊ ဒီတော့ လင့်နဲ့စောင့်ရင်စောင့်၊ မစောင့်ရင်တော့ လူတစ်ယောက်နဲ့မျှားခေါ်ပြီး ဖမ်းရမှာပေါ့ဝေ့”
“လူနဲ့မျှားခေါ်တယ်ဆိုပါလား၊ ကျုပ်တော့ ဒီနည်းကို တစ်ခါမှ မကြားဖူးဘူး”
“ရှိတယ်ဝေ့၊ တို့အပါးနဲ့ အတူတူ ဒီလိုကောင်ကြီးတစ်ကောင်ပစ်ဖူးတယ်၊ လူငါးယောက်လောက်စားပြီးတော့ အဲဒီကောင်ကြီးက လူသားဘဲစားချင်တော့တာဝေ့၊ ဒါနဲ့ ရွာကိုမလာခင် လူတစ်ယောက်နဲ့မျှားဖမ်းခေါ်ပြီးတော့ တို့သားအဖပစ်ကြရတယ်”
“ကောင်းတယ်ဗျ၊ ဒီအကြံအကောင်းဆုံးပဲ၊ ကျုပ်တို့ဒီမှာထိုင်ပြီး ကျားကိုစောင့်နေမယ့်အတူတူ ကျားရှိတဲ့ဆီကို လိုက်ရှာတာ အကောင်းဆုံးပဲ”
ဦးလူနီက ခေါင်းညိတ်ရင်း
“ဒါဆို တို့တွေနက်ဖြန် လူတစ်ယောက်ရှာပြီးတော့ လိုက်ပစ်ကြစို့ဝေ့၊ ဒီကောင်ကြီး မြန်မြန်သေတော့ တို့လည်း မြန်မြန်နားရတာပေါနော့”
ထိုညက ရွက်ဖျင်တဲအတွင်းဝင်ကာ အိပ်စက်လိုက်ရတော့သည်။ ဦးလူနီက အဘိုင်နေထိုင်သွားသည့် ရွက်ဖျင်တဲတွင် နေထိုင်ရန်ပြင်ဆင်နေသဖြင့် ဦးတောကျော်က ထိုရွက်ဖျင်တဲတွင် မနေထိုင်ခိုင်းဘဲ အခြားရွက်ဖျက်တဲတစ်လုံးတွင်သာ နေထိုင်ခိုင်းလိုက်ရသည်။
ဦးတောကျော် တောနက်ကြီးအတွင်းသို့ရောက်နေသည်။ ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာပေါက်နေသည့် တောနက်ကြီးထဲတွင် ဦးတောကျော်က အသက်လုပြေးနေရသည်။ သူ့အနောက်တွင်တော့ အနက်နှင့် အဝါကြားရှိသည့် ကျားကြီးတစ်ကောင်က သူ့အားပြေးလိုက်နေသည်။ ဦးတောကျော်လက်အတွင်းတွင်လည်း လက်နက်မပါသည်မို့ ထွက်ပြေးနေရခြင်းဖြစ်သည်။
“ဝေါင်း . . .”
ကျားကြီးက ဦးတောကျော်ကိုခုန်အုပ်လိုက်သည်။ ထို့နောက် ဦးတောကျော်၏ လည်ပင်းကို ကိုက်ဖြတ်ရန်အတွက် ပါးစပ်ကြီးကို ပြဲနေအောင်ဟလိုက်လေသည်။ ထိုအခါ ကျားကြီး၏ ပါးစပ်အတွင်းတွင် လူမျက်နှာကြီးကိုတစ်ခုကို မြင်လိုက်ရလေသည်။
“ဟာ . . . အဘိုင်ပါလား”
ကျားပါးစပ်အတွင်းရှိ လူမျက်နှာကြီးမှာ အဘိုင်၏မျက်နှာကြီးဖြစ်သည်။ ဦးတောကျော်ကြည့်နေစဉ်မှာပင် အဘိုင်၏ မျက်လုံးများက ပြူးကျယ်သွားပြီးနောက် ဦးတောကျော်အားကြည့်ရင်း
“မုဆိုးကြီး၊ ကျုပ်ကိုကယ်ပါ . . . ကျုပ်ကိုကယ်ပါ”
ထိုသို့ရေရွတ်လိုက်သည့်အခါ ကျားကြီးက အဘိုင်၏မျက်နှာကြီးကို ကိုက်ချထည့်လိုက်သဖြင့် အဘိုင်၏ မျက်လုံးများမှာ ပေါက်ထွက်သွားကာ သွေးများပန်းထွက်လာလေသည်။
“အား . . . .”
ဦးတောကျော် အိပ်နေရာမှ လန့်နိုးပြီး ငုတ်တုတ်ထထိုင်လိုက်သည်။ ရွက်ဖျင်တဲစပေါ်သို့ နံနက်ခင်းနေရောင်ခြည်နုနုက ထိုးကျနေပြီဖြစ်သည်။ ဦးတောကျော်လည်း အဘိုင်တစ်ယောက် မကျွတ်လွတ်ဘဲ သရဲဖြစ်နေသည်ကို ပိုပြီးယုံကြည်သွားခဲ့လေသည်။
(၇)
“ဦးလူနီ၊ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
ဦးလူနီက ဦးတောကျော်ထက် ကျားပစ်ခတ်ရာတွင် အတွေ့အကြုံရှိသဖြင့် ဦးတောကျော်က အကြံကောင်းယူကာ တိုင်ပင်ရခြင်းဖြစ်သည်။ ဦးလူနီက မျက်နှာသစ်နေရင်း
“ကျားဆိုတာမျိုးက သိပ်ဥာဏ်များတဲ့ကောင်တွေဗျ၊ ဒီကောင်တွေကို ထောင်ဖမ်းမယ့်လူက ဒီကောင်တွေထက် ဥာဏ်များရတယ်ဗျ”
“ဒါဆို ကျုပ်နဲ့ခင်ဗျားနဲ့ သွားထောင်ဖမ်းကြရင်မကောင်းဘူးလား”
ဦးလူနီက ခေါင်းခါလိုက်ကာ သူဝတ်ထားသည့် ကုရင်ပုဆိုး၏ခါးပုံစနှင့် သူ့မျက်နှာကိုသုတ်လိုက်ရင်း
“သာမန်ကျားတစ်ကောင်ဆိုရင်တော့ ကျုပ်တို့မျှားခေါ်လို့ ရရင်ရလိမ့်မယ်၊ ဒါပေမယ့် အခုကျားက နာသွားပြီမဟုတ်လား၊ အရင်မုဆိုးပစ်လို့ ခြေထောက်တစ်ချောင်းကလည်း ထော့နေသေးတယ်၊ ဟိုနေ့က ခင်ဗျားပစ်လိုက်တော့ မေးရိုးလည်းထိသွားသေးတယ်ဆိုတော့ သူက သေချာပေါက် အနိုင်ရမယ့်သားကောင်မျိုးကိုမှ ရှာစားတော့မှာဗျ”
“ဘယ်လိုသားကောင်မျိုးလဲ”
“လူပေါ့ဗျာ၊ လူတွေဆိုတာ လက်နက်မရှိရင် သိပ်ပြီးတိုက်ခိုက်လို့ကောင်းတယ်မဟုတ်လား၊ လူ့အသားကလည်း နူးညံ့တာကိုး၊ ကျားနာတွေက လူတွေထဲကမှ အားနည်းတဲ့လူမျိုးကို တိုက်ခိုက်တတ်ကြတယ်၊ ဒီတော့ ကျုပ်တို့ခင်ဗျားတို့လို အားကောင်းမောင်းသန်ယောက်ျားကြီးတွေဆိုရင် ဒီကောင်ကြီးက ရှောင်မှာပဲ”
“ဒါဆိုရင် ကျုပ်တို့မျှားခေါ်လို့မရတော့၊ ဘယ်လိုလူနဲ့ မျှားခေါ်မှာလဲ”
“ကျားနာက လူကိုကိုက်မယ်ဆိုရင်တောင်မှ မိန်းကလေးတို့၊ ကလေးတို့ကို ရွေးကိုက်လိမ့်မယ်ဝေ့၊ ဘာလို့လည်းဆိုတော့ သူတို့က ပိုပြီးအားနည်းတယ်မဟုတ်လား၊ နောက်ပြီး အရပ်ရှည်တဲ့လူထက်စာရင် အရပ်ပုတဲ့လူကို ရွေးချယ်တတ်တယ်နော့”
ဦးတောကျော်က ခေါင်းညိတ်လိုက်ပြီး
“ဒါဆိုရင်တော့ မိန်းမ၊ အရပ်ပုပု၊ ခပ်ညှက်ညှက်လိုတာပေါ့”
“အမှန်ပဲပေါ့ မုဆိုးကြီးရာ၊ ကျုပ်တို့ သစ်တောဝန်ထောက်မင်းကိုပြောပြပြီးတော့ ဒီလိုမိန်းကလေးတစ်ယောက်လောက် ရှာရင်မကောင်းဘူးလား”
သို့နှင့် ဦးတောကျော်နှင့် ဦးလူနီတို့မှာ သစ်တောဝန်ထောက်မင်းအခြေစိုက်ရာ ရုံးခန်းသို့ရောက်လာခဲ့ကြပြီး သူတို့အစီအစဉ်ကိုပြောပြလိုက်လေသည်။ သစ်တောဝန်ထောက်မင်းက စဉ်းစားနေရင်း ခေါင်းခါလိုက်သည်။
“နိုး၊ နိုး၊ ကျုပ်ကတော့ ခွင့်မပြုချင်ဘူး၊ ခင်ဗျားတို့ထောင်ဖမ်းပေမယ့် ဒီကျားကိုမမိရင် အဲဒီမျှားခေါ်တဲ့မိန်းကလေးကရော မသေဘူးလို့ ခင်ဗျားတို့အာမခံနိုင်လား”
သစ်တောဝန်ထောက်မေးခွန်းကလည်း မှန်နေသဖြင့် ဦးလူနီနှင့် ဦးတောကျော်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
“ခင်ဗျားတို့ ကျားကိုမပစ်မိဘဲ မျှားခေါ်တဲ့မိန်းကလေးသေသွားပြီဆိုရင် လူသေမှုဖြစ်သွားပြီနော်၊ တခြားနည်းလမ်းနဲ့ စဉ်းစားစမ်းပါဗျာ”
ဦးလူနီက အရှေ့သို့တိုးလိုက်ပြီး
“ကျုပ်အတွေ့အကြုံအရ ဒီနည်းလမ်းက အကောင်းဆုံးပါပဲ၊ အခု ဘဒင်ဆိုတဲ့ကျားကြီးက အစာမစားရတာ နှစ်ရက်လောက်ရှိပြီ၊ ဒီတော့ ဒီရက်ပိုင်းအတွင်း သူအစာစားရမှာပဲ၊ တကယ်လို့ ကျုပ်တို့သာ လက်မဦးဘူးဆိုရင် နောက်ထပ်အပြစ်မဲ့တဲ့လူတွေ သေဆုံးရအုံးမှာပဲ၊ ဝန်ထောက်မင်း”
ဝန်ထောက်မင်းမှာလည်း ခေါင်းကုတ်လျှက် အတန်ကြာအောင်စဉ်းစားနေရသည်။
“ခင်ဗျားတို့ ဒီတစ်ခါ ကျားကိုပစ်မိပြီဆိုတာ ကြိမ်းသေရဲ့လား”
“စိတ်ချစမ်းပါ”
“ကောင်းပြီ၊ ဒါဆိုရင် ကျုပ်ခွင့်ပြုမယ်၊ ဒါပေမယ့် ခင်ဗျားတို့ကျားကိုမမိလို့ မျှားခေါ်တဲ့လူသေတယ်ဆိုရင်တော့ ခင်ဗျားတို့နှစ်ယောက်စလုံးကို လူသေမှုနဲ့အရေးယူရလိမ့်မယ်”
ဦးတောကျော်နှင့် ဦးလူနီတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြလေသည်။
သစ်တောဝန်ထောက်မင်း၏ အမိန့်စာလွှာဖြင့် သစ်ထုတ်လုပ်ငန်းတစ်ခုလုံးရှိ ဝန်ထမ်းများကို စုရုံးရတော့သည်။ အနီးအပါးရွာများမှ သူကြီးများနှင့် ရွာဆော်များကိုလည်း စုစည်းလိုက်ပြီးသည့်အခါ ဦးတောကျော်က ထိုသူများကို စကားပြောရတော့သည်။
“အားလုံးပဲ နားထောင်ကြပါ၊ ဒီ သုံးချောင်းထောက် ဘဒင်ဆိုတဲ့ကျားကြီးက တစ်နေ့ထက်တစ်နေ့ လူတွေကို ပိုတိုးပြီး ကိုက်ဖြတ်စားသောက်လာနေပါပြီ၊ ဒီကျားကြီးကို ကျုပ်တို့တွေ အမြန်ဆုံးရှင်းလင်းဖို့လိုအပ်နေပါပြီ”
“ဒီအတွက် ကျားကြီးကို မျှားခေါ်ပြီး ပစ်ခတ်ဖို့အတွက် တည်ကြက်သဖွယ်အသုံးပြုမည့် လူလိုအပ်ပါတယ်၊ လူပုံစံကတော့ မိန်းကလေးဖြစ်ရမယ်၊ အရပ်ပုရမယ်၊ သိပ်မဖွံ့မထွားဘဲ ခပ်ညှက်ညှက်ဖြစ်ရပါမယ်၊ ဒီလောက်ဆို လုံလောက်ပါပြီ၊ ကဲ ဘာမေးစရာများရှိပါသေးသလဲခင်ဗျာ”
ထိုအခါ သစ်လုပ်သားတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး
“ခင်ဗျားတို့ ထောင်ဖမ်းပါပြီတဲ့ အဲဒီကျားက လာမှာတဲ့လား”
ဦးတောကျော်က ခေါင်းညိတ်လိုက်ပြီး
“လာအောင်မျှားရင် လာပါတယ်”
ထိုအခါ နောက်ထပ်မိန်းကလေးတစ်ယောက်က ထလိုက်ပြီး
“ရှင်တို့ပစ်လို့ ကျားကိုမမိဘဲ ထောင်ဖမ်းတဲ့လူ သေသွားတော့ ဘယ့်နှယ့်လုပ်မလဲ”
ထိုအခါ အများက တစ်ယောက်တစ်ခွန်းဖြင့် ပြောဆိုကြလေသည်။
“ဟုတ်တယ်၊ ကျားမမိရင် သက်သက်အချောင်သေမှာ”
“မုဆိုးတွေကိုမယုံနဲ့၊ ဒီကျားကြီးက မုဆိုးနှစ်ယောက်ကိုတောင် သတ်ဖြတ်ခဲ့တာ”
“လုပ်ချင်တဲ့လူလုပ်ကြပေါ့၊ တို့ကတော့ မလုပ်ရဲပါဘူး”
သို့နှင့် တစ်ယောက်တစ်ခွန်းပြောဆိုဆူညံပြီးသော်လည်း မည်သူမှ ကျားကြီးကိုထောင်ဖမ်းရန်အတွက် တည်ကြက်မလုပ်ချင်ကြပေ၊ ဦးတောကျော်နှင့် ဦးလူနီမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း
“ခက်တယ်၊ မုဆိုးကြီးရ”
“ဟုတ်ပါ့ ဦးလူနီရာ၊ ကျုပ်တို့ ဘယ်လိုရှာရပါ့”
ထိုစဉ် မိန်းကလေးတစ်ယောက်က လူအုပ်ကြားထဲမှ တိုးထွက်လာလေသည်။
“ကျွန်မလုပ်မယ် . . .”
အသံအကျယ်ကြီးနှင့် အော်ဟစ်ကာပြောဆိုလိုက်သဖြင့် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည့် လူအုပ်ကြီးမှာ မီးကိုရေနှင့်ဖြန်းလိုက်သည့်အလား တိတ်ဆိတ်သွားလေသည်။ ထိုမိန်းကလေးက အရပ်ပုပု၊ ပိန်ပိန်ပါးပါးဆိုသော်လည်း အခြားမိန်းကလေးများနှင့်မတူဘဲ ကျစ်လျစ်သန်မာလေသည်။ ထဘီကိုတိုတိုဝတ်ထားပြီး ဦးခေါင်းမှဆံပင်များကိုစုကာ ဆံထုံးထုံးထားလေသည်။ ဦးတောကျော်နှင့် ဦးလူနီမှာ ထိုမိန်းကလေးအနီးသို့ တိုးကပ်ခဲ့ကြသည်။
“မင်းတကယ်လုပ်မှာလား”
“တကယ်ပေါ့”
“မင်းနာမည်ဘယ်လိုခေါ်သလဲ”
“ကျွန်မနာမည် ယဉ်ယဉ်၊ ကျွန်မက မုဆိုးထွန်းတောက်ရဲ့ သမီးပဲ”
ထိုအခါမှ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ယဉ်ယဉ်ဆိုသည့်မိန်းကလေးက ဆက်လက်ပြီး
“ကျွန်မအဖေကိုသတ်သွားသွားတဲ့ ကျားဆိုးကို ကျွန်မပြန်ပြီးလက်စားချေချင်တယ်၊ ဒါကြောင့်မို့ မုဆိုးကြီးတို့ ကျားပစ်တဲ့လုပ်ငန်းကို ကျွန်မကူညီပါ့မယ်”
ယဉ်ယဉ်မှာ ဦးတောကျော်တို့လိုအပ်သည့် ပုံစံများနှင့် ကိုက်ညီနေသည့်အပြင် မုဆိုးထွန်းတောက် သမီးဖြစ်သဖြင့် တောနှင့်လည်းသိပ်မစိမ်းလှသည်မို့ ဦးတောကျော်နှင့် ဦးလူနီမှာ ယဉ်ယဉ်ကိုရွေးချယ်လိုက်လေတော့သည်။
“လူတော့ရပြီ ဦးလူနီရေ၊ ကျားကြီးလာဖို့ ဘယ်လိုမျှားခေါ်ကြမလဲ”
ဦးလူနီက ယဉ်ယဉ်ကိုကြည့်ရင်း
“ဒီမိန်းကလေးကို ရေမိုးချိုးစေပြီးတော့ အဝတ်အစားသစ်တွေ ဝတ်ပေးလိုက်ဝေ့၊ ပြီးတော့ တစ်ကိုယ်လုံးကိုလည်း နံ့သာဖြူတို့၊ သနပ်ခါးတို့ အမွှေးအကြိုင်တွေ လိမ်းပေးထားရမယ်၊ ပြီးရင် ခေါင်းမှာလည်း တောပန်းတွေပန်ဆင်ပေးရမယ်”
“ဘာကြောင့်လဲဆိုတာ ပြောပါအုံး ဦးလူနီရဲ့”
“ဒီကောင်ကြီးက ဖိုးမောင်ဆိုတဲ့ကောင်လေးရဲ့အသားကို နောက်ဆုံးစားထားတာမို့လို့ ဆာနေလောက်ပြီ၊ ဒီတော့ လူသားကိုရှာနေမှာပဲ၊ ရွာတွေကိုလှည့်ပတ်ချောင်းနေမှာပဲ၊ သနပ်ခါးလူး၊ နံ့သာလူးခိုင်းတယ်ဆိုတာက လူနံ့ရအောင်လို့ပေါ့၊ တောထဲမှာ ဒီလိုအမွှေးနံ့တွေမရှိဘူးမဟုတ်လား၊ သနပ်ခါးနံ့၊ နံ့သာနံ့က ကျုပ်တို့လူတွေအတွက်သာ သိပ်မမွှေးပေမယ့် အနံ့ခံကောင်းတဲ့ တောကောင်တွေအတွက်တော့ လူနံ့ချက်ချင်းရတယ်မဟုတ်လား၊ ဒီတော့ ကျားကြီးက ဒီအနံ့ရတာနဲ့ လူလာနေတာကိုသိပြီးတော့ ပြေးလာလိမ့်မယ်”
ဦးတောကျော်လည်း ခေါင်းညိတ်လိုက်တော့သည်။ ဦးလူနီက
“ကျုပ်တို့က တောင်ကြောတစ်ခုပေါ်မှ ပုန်းအောင်းနေမယ်၊ ပြီးတော့ ဒီမိန်းကလေးကို တောင်ကြားထဲကနေသွားခိုင်းမယ်၊ ကျားဆိုတာမျိုးက လူတစ်ယောက်ကို မတိုက်ခိုက်ခင် လှည့်ပတ်ချောင်းမြောင်းလေ့ရှိတာဆိုတော့ သူ့ကိုမြင်တာနဲ့ ကျုပ်တို့က သေသေချာချာပစ်ခတ်မယ်”
ဦးလူနီစကားကို အားလုံးက လက်ခံလိုက်ကာ ခေါင်းညိတ်လိုက်ကြလေသည်။ သို့နှင့် ဦးလူနီနှင့် ဦးတောကျော်တို့မှာ တောအုပ်အတွင်းဝင်ရန်အတွက် ပြင်ဆင်ရတော့သည်။ တစ်ကိုယ်လုံးကို ရွံ့စေးနှင့် မြေကြီးများလူးထားပြီးသည့်နောက် မြက်ပင်များကိုလည်း ခြေထောက်၊ လက်မောင်းများတွင် ကြိုးဖြင့်စည်းနှောင်ရလေသည်။ ခါးနှင့် ဝမ်းဗိုက်တွင်လည်း မြက်များကို ကပ်စည်းထားရပြန်သည်။ ထိုသို့ရုပ်ဖျက်လိုက်သည့်အခါ မြက်တောအတွင်းလှဲအိပ်ပုန်းအောင်းနေလျှင် မြက်ပင်များဟုသာ ထင်ရလေသည်။
ဦးတောကျော်နှင့် ဦးလူနီတို့မှာ တောအုပ်အတွင်းသို့ ဝင်ခဲ့သည်။ တောင်ကြောတစ်ခုအပေါ်တွင် နေရာယူလိုက်ပြီးနောက် ဦးလူနီက
“ဒီနေရာက ပစ်ကွင်းကောင်းတယ်၊ ကျုပ်က ဒီဖက်ကနေမယ်၊ မုဆိုးကြီးက ဟိုဖက်နားကနေ၊ တည်ကြက်လုပ်တဲ့ မိန်းကလေးကို ဟောဟိုနားက ထောက်ကြံ့ပင်ကြီးနားမှာ စောင့်ခိုင်းထားလိုက်မယ်”
သူတို့တိုင်ပင်ထားသည့်အတိုင်း မကြာခင်မှာပင် ယဉ်ယဉ်မှာ အဝတ်အစားအဝါရောင်ကိုဝတ်ဆင်လျှက် မျက်နှာနှင့် လက်များတွင် သနပ်ခါး၊ နံ့သာဖြူများကို ပိန်းပိတ်နေအောင် လူးထားပြီး ခေါင်းတွငင်လည်း တောပန်းများကို ဝေနေအောင်ပန်ကာ တောင်ချိုင့်ကြားအတွင်းသို့ ဝင်လာလေသည်။ မုဆိုးကြီးနှစ်ယောက်မှာလည်း သစ်ပင်များအကြားတွင် ပြေးလွှားအကာအကွယ်ယူလျှက် ယဉ်ယဉ်အနောက်သို့လိုက်လာကြသည်။
တောင်ချိုင့်ကြောတစ်နေရာတွင်ရှိနေသည့် ထောက်ကြံ့ပင်ကြီးအနားတွင် ယဉ်ယဉ်က ရပ်တန့်လိုက်လေသည်။ ထို့နောက် သစ်ပင်အောက်တွင် မတ်တပ်ရပ်နေကာ အတန်ကြာအောင် စောင့်ဆိုင်းနေလေသည်။
“ဒီပုံအတိုင်းဆို လာပါ့မလား ဦးလူနီ၊ ညနေတောင်စောင်းနေပြီနော်၊ မကြာခင် မိုးချုပ်တော့မယ်မဟုတ်လား”
“လာပါတယ် မုဆိုးကြီးရ၊ ဆက်သာစောင့်နေစမ်းပါ”
နေလုံးကြီးက တောင်ကြောကြီးအနောက်ဘက်သို့ တိုးဝင်သွားသည့်အခါ ပတ်ဝန်းကျင်တစ်ခွင်မှာ အအေမှာင်လွှမ်းလာလေသည်။ ထိုစဉ် ယဉ်ယဉ်က ငုတ်တုတ်ထိုင်ချလိုက်ပြီးနောက် သီချင်းတစ်ပုဒ်ကိုသီဆိုနေလေသည်။ ယဉ်ယဉ်ဆိုနေသည့်သီချင်းသံမှာ တိတ်ဆိတ်ငြိမ်သက်နေသည့် တောအုပ်အတွင်း တိုက်ခတ်နေသည့်လေနှင့်အတူ ပျံ့လွင့်သွားတော့သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ သီချင်းဆိုနေတော့ လူရောက်နေမှန်း ပိုသိတာပေါ့ကွာ”
ဦးလူနီက ပြုံးလျှက် ပြောဆိုလိုက်လေသည်။ နာရီဝက်ခန့်မျှ ဆက်လက်စောင့်စားပြီးသည့်အခါ ယဉ်ယဉ်အနီးမှ သစ်ပင်များမှာ အနည်းငယ်လှုပ်ခတ်နေသည်ကိုတွေ့လိုက်ရသည်။ သစ်ပင်၊ ချုံနွယ်များမှာ လေတိုက်သဖြင့်လှုပ်ခတ်သည့်ပုံစံမျိုးမဟုတ်ဘဲ တစ်ကောင်ကောင်က တိုးဝင်သဖြင့် လှုပ်ခတ်နေသည့်ပုံစံမျိုးဖြစ်သည်။ ဦးတောကျော်လည်း စကားမပြောတော့ဘဲ ဦးလူနီကို လက်ဖြင့်အချက်ပြလိုက်လေရာ ဦးလူနီကလည်း ဒူးလေးဖြင့်ထိုးချိန်လိုက်လေသည်။
ချုံပင်အလှုပ်တွင် အဝါရောင်စင်းကြားကြီးကို မြင်တွေ့လိုက်ရသည်။ ဦးတောကျော်က ထိုနေရာမှ မလှုပ်ရှားဘဲ သေနတ်ဖြင့်ထိုးချိန်ထားသော်လည်း ဦးလူနီကတော့ ပစ်ကွင်းကောင်းကောင်းရလိုဇောနှင့် တဖြည်းဖြည်းအနီးကပ်သွားလေသည်။ ဦးတောကျော်မှာ တောင်စောင်းပေါ်မှ ချိန်ရွယ်ထားခြင်းဖြစ်သဖြင့် မကြာခင် ယဉ်ယဉ်အားလှည့်ပတ်ချောင်းနေသည့် သုံးချောင်းထောက် ဘဒင်ဆိုသည့် ကျားကြီးကို အတိုင်းသားတွေ့မြင်လိုက်ရလေသည်။ သို့သော် ဦးတောကျော်နေရာနှင့် ကျားကြီးမှာ အတော်ကွာဝေးနေလေရာ မသေချာသေးသဖြင့် သေနတ်ဖြင့်မပစ်ခတ်သေးပေ။
ဦးလူနီမှာ ကျားကြီးအနောက်ဘက်သို့ တဖြည်းဖြည်းဆင်းသွားသည်၊ ကျားကြီးနှင့် ခြေလှမ်းငါးဆယ်ခန့်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်၊ သီချင်းဆိုနေသည့် ယဉ်ယဉ်ကို သဲကြီးမဲကြီးချောင်းနေသည့် ကျားကြီးမှာ ဦးလူနီကို မြင်တွေ့ပုံမရပေ။
ဦးလူနီမှာ တောင်ဆင်းကလေးအတိုင်းတဖြည်းဖြည်းဆင်းချသွားသည်။ ထိုတောင်ကြားတွင် သစ်ပင်ကြီးများသိပ်မရှိဘဲ ကျောက်သားဆန်သည့် မြေများဖြစ်သဖြင့် မြက်ရိုင်းများသာ တောထနေလေသည်။
သို့သော် ကျားကြီး၏ အခြေအနေမှာရုတ်ခြည်းပြောင်းလဲသွားသည်။ ကျားကြီးမှာ ယဉ်ယဉ်ကိုမကြည့်ဘဲ သူ့အနောက်မှချိန်ရွယ်နေသည့် ဦးလူနီကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးသည့်နောက် ဦးလူနီထံသို့ ခုန်အုပ်လိုက်လေသည်။
“ဝေါင်း . . .”
ကျားကြီးက ဦးလူနီအရှေ့ လေးငါးကိုက်ခန့်အကွာတွင် ကျလာလေရာ ဦးလူနီက ဒူးလေးဖြင့် ပတ်ခတ်လိုက်သော်လည်း ကျားကြီးမှာ ဦးခေါင်းကိုမြေနှင့်ကပ်ကာ ဒူးလေးမြားတံကို ငုံ့ရှောင်လိုက်သဖြင့် ကျားကြီးနှင့် လွဲသွားလေသည်။
“ဟာ . . .”
ဦးလူနီက အလွန်အံ့ဩသွားကာ ဟစ်အော်လိုက်လေသည်။ ကျားကြီးမှာ ဦးလူနီအား ခုန်အုပ်ရန်အတွက် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ ကျားကြီး၏ ညာဖက်ရှေ့ခြေထောက်မှာ တွဲလောင်းကျလျှက်သားရှိနေသည်။ ဦးလူနီလည်း ရုတ်တရက်မို့ အံ့အားသင့်နေမိသည်။
“ဂရား . . .”
ကျားကြီးက ဦးလူနီအား ခုန်အုပ်ရန်ပြင်ဆင်လိုက်သော်လည်း အနည်းငယ်တုံ့ဆိုင်းသွားလေသည်။ အကြောင်းမှာ ကျားကြီး၏ အမြီးအား ယဉ်ယဉ်က ပြေးဆွဲထားခြင်းဖြစ်သည်။ ကျားကြီးမှာ စိတ်တိုလျှက် ယဉ်ယဉ်ထံသို့လှည့်လိုက်ပြီး ယဉ်ယဉ်အား လက်နှင့်ပုတ်ထည့်လိုက်ရာ ယဉ်ယဉ်မှာ အနောက်သို့ဖင်ထိုင်လျက်သား လဲကျသွားသည်။
“မုဆိုးကြီးရေ ကယ်ပါအုံး”
ကျားကြီးတစ်ဖက်သို့လှည့်သွားသည်နှင့် ဦးလူနီက တောင်စောင်းပေါ်သို့ ပြေးတက်လာလေသည်။ ကျားကြီးက ယဉ်ယဉ်အားရန်မပြုတော့ဘဲ ပြေးတက်သွားသည့် ဦးလူနီအနောက်သို့ အပြေးလိုက်လာသည်။ ဦးတောကျော်က တောင်စောင်းအပေါ်ရှိ ကျောက်တုံးတစ်တုံးကို အကာအကွယ်ယူလျှက် ကျားကြီးကိုထိုးချိန်ထားလိုက်သည်။
သို့သော် ပစ်ကွင်းက မရှင်းပေ၊ ဦးလူနီမှာ ဦးတောကျော်ဘက်သို့ တက်ပြေးလာလေရာ ကျားကြီးကို သေချာချိန်ရွယ်မရဘဲ ဦးလူနီ၏ ကိုယ်လုံးက အရှေ့တွင် ပိတ်ကာ ကာဆီးနေလေသည်။ ဦးတောကျော်လည်း သေနတ်ကိုအသေအချာချိန်ထားရင်း နဖူးမှ ချွေးများပင် စီးကျလာခဲ့သည်။
တောင်စောင်းပေါ်ပြေးတက်သည့် ဦးလူနီအား လိုက်နေသည့်ကျားကြီးမှာ ခြေလှမ်းအနည်းငယ်တုံ့ဆိုင်းသွားလေသည်။ ထိုသည်မှာ ကျားများခုန်ရန်အတွက် အားယူလိုက်ခြင်းဖြစ်မှန်း ဦးတောကျော်က သိလိုက်လေသည်။ သူထင်သည့်အတိုင်းပင် ကျားကြီးမှာ ရုတ်ခြည်းပင် ဦးလူနီအား ခုန်အုပ်လိုက်လေသည်။
အဝါနှင့်အနက်ရောင် အစင်းကြားရှိသည့် ကျားကြီးမှာ လေပေါ်သို့ လွှားခနဲခုန်ပျံတက်လာသည့်အချိန်တွင် ဦးတောကျော်ကလည်း သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်လေသည်။
“ဒိန်း . . .”
ယမ်းငွေ့များနှင့်အတူ အလွန်မြန်ဆန်သည့်အရှိန်ဖြင့် ပျံသန်းလာသည့် ခဲလုံးကျည်ဆန်ကလေးမှာ ဦးလူနီ၏ ဦးခေါင်းအပေါ်မှကပ်ကာ ဖြတ်သန်းသွားပြီးနောက် လေပေါ်မြောက်တက်နေသည့် ကျားကြီး၏ မျက်စိနှစ်လုံးအကြားသို့ တန်းတန်းမတ်မတ်ဖောက်ဝင်သွားလေသည်။
အရှေ့သို့ခုန်အုပ်နေသည့် ကျားကြီးမှာ သေနတ်ကျည်ဆန်အရှိန်ကြောင့် အရှေ့သို့မရောက်တော့ဘဲ အamနက်သို့ကျွမ်းပြန်လန်ကျသွားကာ တောင်ချိုင့်အကြားသို့ ဒလိမ့်ခေါက်ကွေး လိမ့်ကျသွားလေသည်။ ဦးတောကျော်လည်း ကျောက်တုံးနောက်မှထွက်လိုက်ရင်း သေနတ်ကိုကျည်ဖြည့်လိုက်ကာ တောင်ကုန်းအတိုင်းပြေးဆင်းလာခဲ့သည်။ ဦးလူနီမှာလည်း လဲကျနေရာမှ ထလိုက်ပြီး ဦးတောကျော်အနောက်သို့ ပြေးဆင်းကာ လိုက်လာခဲ့သည်။
တောင်ကြားအောက်ဘက် လျှိုမြှောင်ထဲတွင် ကျားကြီးက ဘေးစောင်းအနေအထားနှင့် စင်းစင်းကြီး လဲကျနေလေသည်။ ဦးတောကျော်က ကျားကြီးကိုသေနတ်ဖြင့်ထိုးချိန်ထားသေးသည်။ ဦးလူနီကတော့ ကျားကြီးအနီးသို့ကပ်လိုက်ရင်း ကျားကြီးကို အကဲခတ်ကြည့်နေလေသည်။ ကျားကြီးမှာ တုတ်တုတ်မျှမလှုပ်တော့ပေ။ ဦးလူနီက ကျားကြီး၏ နံကြားသို့လက်ဖြင့်ထောက်ကြည့်လိုက်ရင်း
“သေပြီဗျ၊ ဟင်းမျိုးကြီး သေသွားပြီ”
ဦးလူနီက ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ပြီး ဦးတောကျော်ဘက်သို့လှည့်ကြည့်လိုက်သည်။
“ခင်ဗျား လက်တော်တော်တည့်တာပဲဗျာ၊ ကျားကြီး နှလုံးမခုန်တော့ဘူးဗျ”
ထိုစဉ်မှာပင် ကျားကြီးမှာ ဝုန်းခနဲထလာပြီး တစ်ဖက်လှည့်နေသည့် ဦးလူနီ၏ နောက်ကျောသို့ ကိုက်ဖြတ်ရန်အတွင်း ကုန်းထလိုက်လေသည်။ ထိုစဉ် သေနတ်ဖြင့်အသင့်ချိန်ထားသော ဦးတောကျော်က သေနတ်မောင်းခလုပ်ကို ညှစ်ချလိုက်သည့်အခါ ယမ်းပေါက်ကွဲသံကြီးတစ်ခုမှာ လျှိုမြောင်အတွင်း ကျယ်လောင်စွာထွက်ပေါ်လာလေသည်။
ကုန်းထနေသည့် ကျားကြီးမှာလည်း ဦးခေါင်းတစ်ခြမ်းပဲ့ထွက်သွားပြီးနောက် အရှေ့သို့ကိုင်းကျသွားလေသည်။ ဦးလူနီမှာ အလွန်ထိတ်လန့်နေလေသည်။
“ကျုပ်မှာ အမေပေးတဲ့အသက်မရှိတော့ဘူး မုဆိုးကြီးရာ၊ ခင်ဗျားပေးတဲ့အသက်ပဲ ကျန်တော့တာ”
ဦးတောကျော်က ထိုတော့မှ သေနတ်ကိုထမ်းလိုက်ပြီး ကျားကြီးအနီးသို့တိုးကပ်သွားလေသည်။ ကျားကြီးမှာ ဦးခေါင်းပွင့်ထွက်လျှက် အတွင်းမှ ဦးနှောက်များက အရည်ပျော်ကာ စီးကျနေလေသည်။
“ကျုပ်လည်း ဒီကောင်ကြီးက ကောက်ကျစ်တယ်ဆိုတာသိလို့သတိကြီးကြီးထားမိလို့ဗျို့၊ ဒီကောင်ကြီးက အတော်စဉ်းလဲတဲ့ ကျားကြီးဗျာ၊ သူ သေကောင်ပေါင်းလဲဖြစ်နေတာတောင်မှ သေချင်ယောင်ဆောင်ပြီး အနီးကပ်လာတဲ့သူကို တိုက်ခိုက်ချင်သေးတာ၊ ကျုပ်သာ သတိမရှိရင် ခင်ဗျားသေလောက်ပြီဗျ ဦးလူနီရ၀”
ကျားကြီးသေဆုံးသွားပြီးသည့်အခါ ယဉ်ယဉ်က သူတို့အနီးသို့ပြေးလာခဲ့သည်။ ယဉ်ယဉ်၏ ထမီများမှာ ကျားလက်သည်းချက်ကြောင့် စုတ်ပြတ်ထွက်နေလေသည်။
“ယဉ်ယဉ်၊ မိန်းကလေး၊ မင်းဘာဖြစ်သွားသေးလဲ”
ယဉ်ယဉ်က ခေါင်းခါပြလျှက်
“ကျားကြီးက လက်နဲ့လှမ်းပုတ်တဲ့အချိန်မှာ ကျွန်မလည်း ကြောက်ကြောက်နဲ့ အနောက်ဆုတ်ရင်း ချော်လဲကျသွားတယ်၊ ဒါကြောင့် ကျားလက်သည်းတွေက ကျွန်မထမီကိုပဲ ရှပ်ထိသွားခဲ့တာ၊ မဟုတ်လို့ကတော့ အခုလောက်ဆို ဗိုက်ပွင့်နေလောက်ပြီထင်တယ်”
ဦးတောကျော်က ယဉ်ယဉ်၏ ပုခုံးကိုလက်နှင့်ပုတ်လိုက်ပြီး
“မင်းတော်တော် သတ္တိကောင်းတဲ့ မိန်းကလေးပဲ၊ ကျားတစ်ကောင်ကိုတောင် အမြီးဆွဲရဲတယ်ဆိုတာ တော်ရုံယောက်ျားမပြောနဲ့၊ တို့လို မုဆိုးတွေတောင်မှ မလုပ်ဝံ့ကြဘူးကွ”
ယဉ်ယဉ်က ရှက်ပြုံးကလေးပြုံးလျှက်
“ကျွန်မလည်း သွေးရူးသွေးတန်းနဲ့ လုပ်မိလုပ်ရာ လုပ်မိသွားတာမို့ပါ၊ အခုပြန်တွေးရင်တောင် ကျွန်မလုပ်ခဲ့တာတွေအတွက် ကြောက်နေမိတုန်းပဲ”
ဦးလူနီက ကျားကြီးကို လက်ဖြင့်တိုင်းကြည့်သည့်အခါ ကျားကြီးမှာ ခုနစ်တောင် ကျော်လေသည်။ အောက်မေးရိုးတွင်လည်း အစွယ်တစ်ချောင်းမရှိတော့ပေ။ ဦးလူနီက ယဉ်ယဉ်ကိုလှည့်ကြည့်လိုက်ပြီး
“ကိုင်း မိန်းကလေး၊ သုံးချောင်းထောက် ဘဒင်ကြီးကို ငါတို့ပစ်သတ်လိုက်ပြီဆိုတာ သစ်ထုတ်စခန်းက လူတွေသိအောင် သွားပြောလိုက်စမ်းပါဟေ့”
ယဉ်ယဉ်လည်း ခေါင်းညိတ်ပြီး တောအုပ်အတွင်းမှ အပြေးအလွှားထွက်ခွာသွားလေသည်။ နေလုံးဝင်သွားသည်မို့ တောအုပ်ကြီးကို တဖြည်းဖြည်းအမှောင်ဖုံးလာခဲ့သည်။ ဦးလူနီက သူကျကျန်ခဲ့သည့် ဒူးလေးကိုသွားကောက်စဉ် ဦးတောကျော်အနီးတွင် လူတစ်ယောက်ရောက်လာခဲ့သည်။ ဦးတောကျော်က ထိုလူအားကြည့်လိုက်ရင်း
“အဘိုင် . . . မင်းအတွက် ငါလက်စားချေလိုက်နိုင်ပြီ”
အဘိုင်ကလည်း ဦးတောကျော်ကိုပြန်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကာ သစ်ပင်များအကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
(၈)
“ဘဒင်ကြီးသေပြီ . . . ဘဒင်ကြီးသေပြီဟေ့”
ကျားကြီး၏ အလောင်းကောင်ကြီးကို ဝါးလုံးဖြင့်ထမ်းလျှိုကာ တောအုပ်အတွင်းမှ သယ်လာကြပြီး သစ်ထုတ်လုပ်ရေးစခန်းအရှေ့တွင် ချထားလိုက်ကြသည်။ စခန်းမှလူများအားလုံး ကျားကြီးကိုထွက်ကြည့်ကြသလို အနီးအပါးရှိရွာမှလူများမှာလည်း ကျားသေကို လာရောက်ကြည့်ရှုကြသည်မှာ ပွဲခင်းကြီးတမျှ စည်ကားနေလှသည်။
“ကဲ အားလုံးဘေးဖယ်ကြစမ်း”
ဝတ်ကောင်းစားလှများဝတ်ဆင်ထားသည့် သစ်တောဝန်ထောက်မင်းက ပြောင်လက်နေသည့် သေနတ်အသစ်တစ်လက်ကို ကိုင်စွဲကာ လူအုပ်ကြားထဲသို့တိုးဝင်လာသည်။ သူနှင့်အတူ ဓါတ်ပုံဆရာတစ်ဦးလည်းပါလာခဲ့သည်။ သစ်တောဝန်ထောက်မင်းက ကျားသေကြီး၏ ဦးခေါင်းအား ခြေထောက်တစ်ဖက်နှင့် နင်းလိုက်ပြီး သေနတ်ကိုပုခုံးပေါ်တွင်ထမ်းကာ ဟန်ပြလိုက်သည့်အချိန်တွင် ဓါတ်ပုံဆရာက သူ့ကင်မရာကြီးဖြင့် ဖြန်းခနဲရိုက်လိုက်လေရာ ကင်မရာမီးအလင်းရောင်မှာ လင်းထိန်သွားတော့သည်။
ပြီးတော့မှ သူတို့နှစ်ဦးဘက်သို့လှည့်လိုက်ကာ
“ခင်ဗျားတို့သိပ်တော်တယ်၊ ဒီကျားကြီးကို ဘယ်သူပစ်လိုက်တာလဲ”
ထိုအခါ ဦးလူနီက ဦးတောကျော်ကိုလှည့်ကြည့်ကာ လက်ညှိုးထိုးလိုက်ရင်း
“ကျားကိုသေချာကြည့်လေနော့၊ ကျားက သေနတ်မှန်လို့သေတာဆိုတော့ သူပစ်တာပေါ့”
သစ်တောဝန်ထောက်က ဦးထုပ်ကိုချွတ်လိုက်ပြီး ဦးတောကျော်ကို လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ကမ်းပေးလိုက်လေသည်။ သို့သော် ဦးတောကျော်က အနောက်တိုင်းသားများနှင့် မရင်းနှီးလိုသည့်အတွက် သေနတ်ကိုပိုက်ထားကာ ကြောင်စီစီနှင့်ကြည့်နေရာ သစ်တောဝန်ထောက်မင်းမှာ ရှက်ရှက်နှင့် လက်ကိုပြန်ချလိုက်လေသည်။
ကျားကြီးသေဆုံးသွားတော့မှ ဒေသခံများမှာ ပျော်ရွှင်ရတော့သည်။ အမြဲတမ်း စိုးတထိတ်ထိတ်ဖြင့်ရှိနေခဲ့သည့် ရွာသူရွာသားများမှာလည်း ယခုမှပင် စိတ်အေးရတော့သည်။ ကျားသေကို မျက်နှာဖြူအရာရှိများက အထက်လူကြီးများအား လက်ဆောင်ပေးမည်ဟုဆိုသည်။ သစ်တောဝန်ထောက်မင်းက သူ့အိတ်ကပ်အတွင်းမှ ကျားစွယ်တစ်ချောင်းကိုထုတ်လိုက်ကာ ဦးတောကျော်ကိုပေးသည်။
“ခင်ဗျားပစ်ခဲ့တာဆိုတော့ ခင်ဗျားပဲ အမှတ်တရ ယူထားလိုက်ပါ”
နောက်တစ်နေ့တွင် သစ်တောဝန်ထောက်မင်းက ဆုကြေးငွေထုတ်ချီးမြှင့်သလို ဒေသခံရွာသားများကလည်း ဦးတောကျော်တို့ကို ထမင်းဖိတ်ကျွေးပြီး ဂုဏ်ပြုပွဲကျင်းပပေးရာ ဟင်းခွက်များပင် ရာနှင့်ချီလျှက်ရှိနေလေသည်။ ဦးတောကျော်က ငွေတစ်ဆယ်တန်ဆယ်ရွက်ကို ရေတွက်လိုက်ပြီးနောက် ငါးရွက်ကို ဦးလူနီအားလှမ်းပေးလိုက်လေသည်။
ဦးလူနီမှာ မကျေမချမ်းဖြစ်နေသည့် မျက်နှာထားဖြင့် ဦးတောကျော်ကိုကြည့်နေလေရာ ဦးတောကျော်က ကျန်သည့်ငွေငါးဆယ်ကို ယဉ်ယဉ်ထံသို့ လှမ်းပေးလိုက်သည့်အခါမှ ဦးလူနီ၏ မျက်နှာမှာ ပြုံးရွှင်သွားလေသည်။
“ဘယ်လိုလဲ ခင်ဗျားကျေနပ်တယ်မဟုတ်လား ဦးလူနီ၊ ကျားကိုပစ်ခဲ့တာ ကျုပ်တို့နှစ်ယောက်တည်း ပစ်ခဲ့တာမှမဟုတ်ဘဲ”
ဦးလူနီက ခေါင်းညိတ်လျှက်
“ကျေနပ်ပါတယ် မုဆိုးကြီးရယ်၊ ကျုပ်အရမ်းကျေနပ်ပါတယ်”
ယဉ်ယဉ်ကလည်း ဦးတောကျော်ကို ကျေးဇူးတင်စကားများဆိုလေသည်။
နောက်နေ့မနက်တွင် ပြန်ကြရတော့မည်ဖြစ်သည်။ ဦးတောကျော်က လွယ်အိတ်ကိုလွယ်လိုက်ကာ သေနတ်ကိုကောက်ယူလိုက်ပြီး သစ်ထုတ်လုပ်ရေးစခန်းအတွင်းမှထွက်လာခဲ့သည်။ စခန်းအရှေ့တွင် သူစီးနင်းရမည့် ကားတစ်စီးက အသင့်စောင့်ဆိုင်းနေလေသည်။ ဦးလူနီမှာ ဦးတောကျော်နှင့် နေရပ်မတူသဖြင့် အပြန်လမ်းမတူတော့ပေ။
ထိုစဉ် သစ်တောဝန်ထောက်မင်းက ကားတစ်စီးဖြင့်ရောက်လာခဲ့သည်။
“မုဆိုးကြီး နေပါအုံး”
ဦးတောကျော်ကို ရပ်ခိုင်းလိုက်ပြီးနောက် သစ်တောဝန်ထောက်မင်းက ကြေးတံဆိပ်ပြားကလေးတစ်ခုကို ကိုင်စွဲလာပြီး ဦးတောကျော်ထံသို့ပြေးလာခဲ့သည်။
“ဘုရင်ခံက ကျားကြီးသေသွားတဲ့အတွက် အလွန်အားရဝမ်းသာလို့ ဟောဒီ ဆုတံဆိပ်ကို မုဆိုးကြီးကို ချီးမြှင့်လိုက်ပါတယ်”
သစ်တောဝန်ထောက်မင်းက ဦးတောကျော်အား လှမ်းပေးသော်လည်း ဦးတောကျော်က မယူဘဲ
“ခင်ဗျားတို့ နယ်ချဲ့မျက်နှာဖြူတွေအတွက် ကျုပ်လုပ်ပေးတာမဟုတ်ဘူး၊ ကျုပ်က ဒီကျားဆိုးကြီးကြောင့် လူတွေအသက်ဘေးကြုံနေရတဲ့အတွက် လာရောက်ကူညီပေးတာပဲ”
သစ်တောဝန်ထောက်မင်း မျက်နှာပျက်သွားလေသည်။ ဦးလူနီက ဦးတောကျော်အနီးသို့တိုးကပ်လိုက်ပြီး
“ယူလိုက်ပါ မုဆိုးကြီးရာ၊ ဒီဆုတံဆိပ်က မုဆိုးကြီးနဲ့ထိုက်တန်ပါတယ်”
ဦးလူနီပြောလိုက်သဖြင့် ဦးတောကျော်လည်း တွေဝေသွားရာ သစ်တောဝန်ထောက်မင်းက ဆုတံဆိပ်တွင်ပါသည့်ကြိုးကလေးကို ဦးတောကျော်၏ လည်ပင်းတွင်ချိတ်ဆွဲပေးလိုက်လေသည်။
“ကဲ၊ ကျုပ်သွားတော့မယ် ဦးလူနီ”
“ခင်ဗျားလည်း အချိန်ရရင် ကျုပ်တို့ရွာကို လာလည်အုံးဝေ့၊ ကျုပ်သားသမီးတွေနဲ့ မိတ်ဆက်ပေးရတာပ”
ဦးတောကျော်လည်း ခေါင်းညိတ်လိုက်ပြီးနောက် အမိုးမပါသည့် ကားကလေး၏ အနောက်ခန်းသို့ လွှားခနဲခုန်တက်လိုက်လေသည်။ ကားမောင်းသည့်ကုလားလေးမှာ ကားကိုအရှိန်နှင့်မောင်းထွက်လိုက်သည့်အခါ ဦးလူနီနှင့် သစ်တောဝန်ထောက်မင်းတို့မှာ ဦးတောကျော်အား လက်ပြနှုတ်ဆက်လျှက် တဖြည်းဖြည်းဝေး၍ ကျန်နေခဲ့ကြတော့သည်။
ပြီးပါပြီ။