စုန်းထီးကြီးဦးဘသာနှင့် နွားကျောင်းသား မိုးစွေ
အတွဲ(၄) စာစဉ်(၇) (၁) နောက်နေ့ရောက်တယ်ဆိုရင်ပဲ ကျုပ်မှာခရီးသွားဖို့ ပြင်ရတော့တယ်ဗျ၊ ရွာနီးချုပ်စပ်သွားမှာဆိုတော့လည်း အဝတ်အစားများများမထည်တော့ဘူးပေါ့ဗျာ၊ လွယ်အိတ်တစ်လုံးထဲ အဝတ်အစားသုံးစံံုံလောက်ထည့်လိုက်ရင်ရပြီပေါ့၊ မနက်စာတောင်မစားရသေးဘူး ဦးဘသာကြီးက အိမ်ရှေ့ကိုရောက်ချလာတယ်ဗျ။ “အလတ်ကောင်ရေ၊ နေမမြင့်ခင် စောစောသွားမဟေ့၊ ငါ့နွားကြီးလည်း ခဏထားခဲ့မကွ” ဦးဘသာအိမ်မှာကျန်နေတဲ့ နွားကြီးတစ်ကောင်ကို အိမ်မှာလာထားတယ်ဗျ၊ ကျုပ်လည်းပြင်ဆင်နေတာဆိုတော့ မပြီးသေးဘူးပေါ့ဗျာ၊ အဖေနဲ့ ဦးဘသာနဲ့ကတော့ စကားတွေပြောနေကြတယ်။ အမေကလည်း မီးဖိုချောင်ထဲကထွက်လာတယ်ဗျ။ “ကျုပ်သားလေးကို အပ်ပါတယ်ဦးဘသာရယ်၊ ဒီကောင်လေးက အရူးအပေါလေးဆိုတော့ သေချာဂရုစိုက်ပါတော့” “အေးပါမသန်းရာ၊ ညည်းသားငါနဲ့လိုက်ရလို့ ဘယ်တုန်းက ဘာဖြစ်ခဲ့ဖူးလို့လဲဟ” အမေက ခေါင်းညိတ်တယ်။ “ပြီးတော့ ဒီကောင်လေးကို နွားပညာတွေလည်း သင်ပေးလိုက်ပါအုံးတော့” “အံမယ်၊ ညည်းသားသာ သင်ချင်ဖို့ပဲ အရေးကြီးတာပါဟ၊ ငါက သင်ပေးဖို့ဝန်မလေးပါဘူး” ဦးဘသာက ပြောဆိုရင်း အိမ်ပေါ်ကိုမော့ကြည့်တယ်ဗျ။ “ဟေ့အလတ်ကောင် မပြီးသေးဘူးလားဟ” “ပြီး…