အဖော်မဲ့ခရီးသည်
(ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံပြီးရေးဖွဲ့ထားပါသည်) (က) “ဆရာလေးရေ၊ အဲဒီတောင်နှစ်လုံးကို မိုးမချုပ်ခင်ရအောင်ဖြတ်” ထိုစကားကိုပြန်ကြားယောင်ရင်း ကိုလွင်တစ်ယောက် ဆိုင်ကယ်ကိုအရှိန်မြှင့်ပြီးမောင်းနှင်လာခဲ့သည်။ ကိုလွင်မှာ ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်သည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းဝန်ထမ်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်။ ယနေ့လဲ အနီးအနားရှိကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လုပ်စရာရှိသည့်လုပ်ငန်းများ အားလုံး လုပ်ကိုင်ပြီးသည့်အခါ ညနေ ၅နာရီကျော်နေပြီဖြစ်သည်။ “ဆရာလေး ကျွန်တော်တို့ရွာမှာ ညအိပ်သွားဗျာ၊ ဆရာလေးအတွက် အားလုံးစီစဉ်ပေးထားတယ်” “ဒါတော့မရဘူးသူကြီးရဲ့၊ ကျွန်တော်မြို့ကိုပြန်မှဖြစ်မယ်၊ မနက်ဖြန်မနက်ကျရင် ကျွန်တော်တို့ရုံးမှာ အရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိတယ်ဗျ” “ဒါဖြင့်လဲ ဆရာလေးရာ၊ ဒီမှာညအိပ်ပြီး မနက်စောစောထပြန်ပေါ့ မဖြစ်ဘူးလား” “မိုးလဲချုပ်သေးတာမှမဟုတ်သေးတာသူကြီးရာ၊ အခုပြန်လဲ သိပ်မိုးမချုပ်ခင် မြို့ကိုပြန်ရောက်မှာပါ” သူကြီးနှင့် ရွာခံများက မျက်နှာပျက်နေကြသည်။ “အမှန်အတိုင်းပြောရရင် အဲဒီတောင်နှစ်လုံးကြားက မှောင်ရင်မသွားတာအကောင်းဆုံးပဲဗျ” “ရပါတယ်၊ ကျွန်တော်မကြောက်တတ်ပါဘူး” “ပြန်မယ်ဆိုလဲ မြန်မြန်ပြန်ဆရာလေးရာ၊ အဲဒီတောင်နှစ်လုံးကို မိုးအရမ်းမချုပ်ခင် ရအောင်ဖြတ်နော်၊ ဟုတ်ပြီလား”…