စုန်းထီးကြီးဦးဘသာနှင့် တောခြောက်သောနေ့
(၁) ဦးဘသာအကြောင်းပြောရင်း တော်တော်ရောက်လာခဲ့ပြီစာရေးဆရာ၊ ဒီတစ်ခါတော့ ကျုပ်တို့ကိုယ်တွေ့ကြုံခဲ့ရတဲ့ တောထဲက အမှတ်တရတွေပြောပြမယ်ဗျာ။ ကျုပ်တို့ဆီမှာက တစ်သီးပဲစိုက်တာဆိုတော့ လယ်တွေရိတ်သိမ်းပြီးသွားရင် အလုပ်အားသွားရောဗျ၊ တစ်ချို့တွေက ပဲတွေနှမ်းတွေစိုက်တတ်ကြပေမယ့် စီးပွားဖြစ်မဟုတ်ပါဘူးဗျာ၊ အကြောင်းကတော့ ရေမရတာရယ် ရာသီဥတုရယ်ကြောင့်ဗျ။ ဒီလိုလယ်ပြီးသွားတဲ့အချိန်ဆို ကျုပ်တို့အားသွားပြီလေ၊ အဲဒီအခါကျရင်တော့ ရွာရှေ့ဘက်က တောအုပ်ထဲကိုဝင်ပြီးတော့ ရစ်ထောင်၊ တောကြက်တောင်၊ ယုန်ထောင်ပေါ့ဗျာ၊ ပြောရရင်တော့ အမဲလိုက်ကျတာပေါ့ဗျာ၊ ကျုပ်တို့ရွာရဲ့အရှေ့နားကို တစ်ခေါ်လောက်ထွက်လိုက်ရင် တောအုပ်ကြီးတစ်ခုရှိတယ်ဗျ၊ အဲဒီတောကနေဆက်သွားရင်တော့ အနောက်ရိုးမတောင်တန်းကြီးနဲ့ဆက်နေတဲ့ တောင်တွေကိုရောက်သွားလိမ့်မယ်၊ အဲဒီတောင်ကြီးတွေကလည်း တောနက်ကြီးတွေဖုံးအုပ်ထားတာဗျ။ ကျုပ်တို့ရွာက တစ်ရွာလုံး ထင်းသုံးတာဆိုတော့ အရင်က ထင်းလိုရင် ရွာအရှေ့ဘက်တောစပ်ကိုထွက်လိုက်တယ်ဆိုရင်ပဲ ထင်းတစ်ထမ်းလောက်ကတော့ အသာကလေးရတယ်ဗျို့၊ ကျုပ်တို့ဘိုးစဉ်ဘောင်စဉ် အဲဒီတောထဲကပဲ ထင်းခွေသုံးလာကြတာ၊ အဲ အခုတော့ တောမရှိတော့ဘူးဗျို့၊ တောစပ်ကိုရောက်ဖို့ဆိုရင် အရှေ့ဘက်အတိုင်း ခုနစ်မိုင် ရှစ်မိုင်လောက်သွားပြီးတော့ တောင်ခြေကိုရောက်မှသာ တောကိုတွေ့ရတာ၊…