မုဆိုးကြီးတောကျော်ပါဝင်သော လင့်စင်ပေါ်က ညတစ်ည
(၁) အိမ်မီးလောင်ပြီးဖြစ်သဖြင့် ဦးတောကျော်တစ်ယောက် ရွာတွင်မနေချင်တော့ပေ၊ စိတ်ပျက်လက်ပျက်ဖြစ်နေသဖြင့် အမဲလိုက်ချင်စိတ်လည်းမရှိတော့၊ သို့နှင့် စိတ်ပြေလက်ပျောက်ဖြစ်စေရန် ခရီးထွက်ရန်အတွက် စိတ်ကူးမိသည်။ ခရီးထွက်ရန်စဉ်းစားသည့်အခါတွင်လည်း မည်သည့်နေရာသို့ သွားလာရမည်မှန်းမသိပေ၊ နောက်ဆုံး စဉ်းစားနေရင်း မုဆိုးခွန်နောင်အား သတိရသွားမိသည်။ မုဆိုးခွန်နောင်မှာ ကြောင်မင်းရပြီးကတည်းက သူနေထိုင်ရာ ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယအနီးသို့ ပြန်သွားခဲ့ပြီဖြစ်လေသည်။ သို့နှင့်် ခွန်နောင်ထသို့ လိုက်သွားရန်စိတ်ကူးမိသည်။ မင်းကြီးတောင်ရတနာသိုက်မှ ရရှိခဲ့သည့် ရွှေပြားကလေးအား ထုခွဲရောင်းချပြီးနောက် ခရီးသွားရန်ပြင်ဆင်ရသည်။ အိမ်ရှိ ပစ္စည်းများကို ပြန်လည်စုဆောင်းသည့်အခါ သစ်ထုတ်စခန်းတွင် သုံးချောင်းထောက်ကျားရဲကြီးအား ပစ်ခတ်စဉ်က သစ်တောဝန်ထောက်မင်းချီးမြှင့်ခဲ့သည့် ဆုတံဆိပ်ကလေးမှာ ကျန်နေသေးသည်။ ဦးတောကျော်၏ အိမ်မှာ သစ်များဝါးများဖြင့် ပြုလုပ်ထားသဖြင့် မီးစွဲလောင်၍ပြာဖြစ်မြန်လေရာ ထိုကဲ့သို့ ငွေထည်ပစ္စည်းတစ်ခုမှာ အကောင်းအတိုင်းကျန်ရှိနေသေးသည်ကပင် အံ့သြဖွယ်ပင်ဖြစ်သည်။ သို့နှင့် အရေးပိုင်မင်းထံသို့သွားကာ ခရီးသွားခွင့်ပြုမိန့်ယူရလေသည်။ အရေးပိုင်မင်း၏ စာရေး မောင်အေးကလည်း…