စုန်းထီးကြီး ဦးဘသာနှင့် အနိဋ္ဌထမင်းဝိုင်း
အတွဲ(၅) စာစဉ်(၂) (၁) တစ်နေကုန်နွားကျောင်းပြီးရင်တော့ ညနေစောစောအိမ်ကိုပြန်လာခဲ့တယ်ဗျ၊ လယ်ကွင်းတွေထဲကို နွားကျောင်းထွက်ရင်း ပီလောရွက်ကလေး၊ မှိုနတိုရွက်ကလေး ချိုးယူလာခဲ့သဗျာ၊ အိမ်ကိုရောက်တော့မိုးတောင်ရွာနေပါပြီ၊ ဒါနဲ့ မီးမွှေးပြီးတော့ ထမင်းလေးတစ်အိုးတည်လိုက်တယ်၊ ပီလောရွက်နဲ့ မှိုနတိုရွက်ကလေးကို ရေကလေးနည်းနည်းနဲ့သောက်ဆမ်းလေးချက်ပြီးတော့ ငရုတ်သီးဆားထောင်းကလေးတစ်ခွက်ထောင်းတယ်၊ ငါးခြောက်ကလေးမီးဖုတ်လိုက်တယ်ဆိုရင်ပဲ ကျုပ်အတွက်ထမင်းတစ်နပ်က ပြီးပြည့်စုံသွားပါပြီဗျာ၊ ရေနွေးဆူဆူထဲကို လောက်သေရွက်နဲ့ လက်ဖက်ခြောက်ရောထားတဲ့ အရောလေးခပ်လိုက်ပြီး ကျအောင်စောင့်ရင်း ထမင်းစားဖို့ပြင်နေလိုက်ပါတယ်၊ ကျုပ်တို့အညာဘက်တော့ လက်ဖက်ခြောက်ရှားတဲ့ခုလိုမိုးရာသီဆိုရင် အခြောက်ခံထားတဲ့ လောက်သေရွက်ကို လက်ဖက်ခြောက်နဲ့ရောသောက်ကြတယ်ဗျ၊ တစ်ချို့ကလည်း ရွှေကူသန်လျက်လို့ခေါ်ကြတယ်၊ အဲဒီအရွက်က ဆေးဖက်လည်းဝင်တဲ့အပြင် လက်ဖက်ခြောက်ထဲရောသောက်ရင် အရောင်လည်းလှသလို အရသာကလည်း လက်ဖက်ခြောက်နဲ့သိပ်ထူးမခြားမို့လို့ အဲဒီလိုထည့်သောက်နေကြပေါ့ဗျာ။ ဆန်ကြမ်းထမင်းကလေးပေါ်ကို ငါးခြောက်ကလေးတစ်ဖဲ့တင်၊ ငရုတ်သီးထောင်းကလေး လက်တစ်တို့လောက်ထည့်ပြီး ပါးစပ်ထဲကိုအသာသွင်း၊ ပြီးတော့ ပီလောဟင်းချိုချွဲချွဲကလေးနဲ့ လည်ချောင်းထဲမြှောချပြီး ပူပူနွေးနွေးစားရတာက အရသာတစ်ခုပါပဲဗျာ၊ စားလို့ကောင်းနေတုန်း မကြာပါဘူးဗျာ၊ အိမ်ရှေ့က ခေါ်သံကြားပါရော။…