ရှစ်ထပ်တိုက်မှာ ဘယ်သူလဲ (စဆုံး)
(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျှက် ရေးသားထားပါသည်) (၁) တိုက်ကြီးအတွင်းကို ဝင်လိုက်သည်နှင့် မို့မို့တစ်ယောက် ဘာကြောင့်မှန်းမသိဘဲ ကျောချမ်းသွားရတော့သည်။ သူ့ယောက်ျားဖြစ်သူ ကိုအောင်ကတော့ လိုက်ထရပ်ကားကလေးအတွင်းမှ အထုပ်အပိုးတစ်ချို့ကိုသယ်ချလိုက်လေသည်။ ညားခါစလင်မယားမို့ အထုပ်အပိုးက သိပ်မများပေ၊ အထုပ်အပိုးများကို တိုက်အောက်ရှိလှေကားခွင်အတွင်းသို့ ထည့်လိုက်ပြီးသည့်အခါ မို့မို့က ကိုအောင်လက်ကို တို့ထိလိုက်သည်။ “ဟုတ်သားပဲ မို့မို့ကိုပြောဖို့မေ့နေတာ၊ ကိုအောင်တို့အခန်းက ငါးထပ်မြောက် ဘယ်ဖက်အခြမ်း” ကိုအောင်က မွှေ့ယာလိပ်ကြီးကိုထမ်းကာ အရှေ့မှတက်သွားသည်။ မို့မို့လည်း အထုပ်အပိုးတစ်ချို့ကိုသယ်လိုက်ကာ ကိုအောင်အနောက်မှ လိုက်တက်သွားသည်။ တိုက်က တိုက်သစ်ကြီးဖြစ်ပြီး နေထိုင်ခွင့်တောင် ကျမကျမသိရပေ၊ တိုက်တစ်တိုက်လုံးတွင် အိမ်အောက်ထပ် မြေညီထပ်တွင်သာ ဆန်ဆိုင်ဖွင့်ထားပြီး ကျန်သည့်တိုက်ခန်းများတွင်တော့ အိမ်ငှားများတင်ထားလေသည်။ သို့သော် အခန်းတိုင်းလူမရှိသေးဘဲ၊ အခန်းလွတ်များကသာများသည်။ မို့မို့လည်း အထုပ်သယ်ရင်း အကဲခတ်ကြည့်သည့်အခါ သူတို့တက်လာသည့်တစ်လျှောက် ပထမထပ်တွင်သာ လူနေခန်းတစ်ခန်းကိုတွေ့ရပြီး ကျန်သည့်အခန်းများတွင် လူမရှိပေ၊…