စုန်းထီးကြီး ဦးဘသာနှင့် ဘုရားဒကာ ဦးဘဖြူ
အတွဲ(၃) စာစဉ် (၁၄) (၁) ကျုပ်တို့မြန်မာတွေ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်ဗျ၊ အပြောနဲ့အလုပ်နဲ့ မညီတဲ့သူဆိုရင်တော့ “ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား” လို့ပြောဆိုတတ်ကြတယ်မဟုတ်လားဗျာ။ ကျုပ်တို့ရွာမှာလည်း အဲဒီစကားနဲ့လိုက်တဲ့လူတစ်ယောက်ရှိတယ်ဗျ၊ အဲဒီလူကတော့ ဘုရားဒကာကြီး ဦးဘဖြူပဲ။ ဘုရားတရားနဲ့ပတ်သက်လို့ကတော့ ဦးဘဖြူလောက်သိတဲ့လူ ရွာမှာမရှိဘူးဗျ၊ အသက်ကတော့ ခုနစ်ဆယ်ကျော်ပြီး ရှစ်ဆယ်နားတောင်ကပ်နေပါပြီဗျာ၊ လူက ခပ်ပုပု၊ အညာသားဆိုတော့ အသားကခပ်မဲမဲပေါ့၊ ငယ်နာမည်ကတော့ ဦးဖိုးလှတဲ့ဗျ၊ နာမည်နဲ့လူနဲ့ကတော့ တခြားစီပါဗျာ၊ အသက်ငါးဆယ်ကျော်တော့ ခရုသင်းသမင်ဖြူတွေ တစ်ကိုယ်လုံးပေါက်ပြီးတော့ အသားအရေက ဖြူတက်လာတာ၊ ဒါနဲ့ပဲ ရွာရဲ့ထုံးစံအတိုင်း ငယ်နာမည်ပျောက်ပြီးတော့ ဦးဘဖြူလို့ခေါ်ကြပါရောဗျာ၊ ခရုသင်းတွေနဲ့ တစ်ကိုယ်လုံးဖြူနေတော့ မသိရင် ဘိုကြီးလိုလို၊ တရုတ်ကြီးလိုလိုပေါ့ဗျာ၊ ခရုသင်းဆိုတာကလည်း ဖွေးဖွေးဆွတ်အောင်ဖြူတာဆိုတော့ ဦးဘဖြူဆိုတဲ့နာမည်နဲ့ အံကိုက်ပါပဲဗျာ။ ကျုပ်တို့ခေတ်က သံဃာတွေလည်း ဂိုဏ်းဂဏတွေ ကွဲကြတယ်၊ လူတွေလည်း…