အင်းသရဲမှုန်ကြီး
(၁) “အဘိုးတို့၊ အဘိုးတို့ကြိုက်တဲ့ ငါးကြော်နဲ့အရက်ပုလင်းဆက်ပါတယ်အဘိုး၊ သားတော်ကြီးတို့ကို အင်းထဲမှာအန္တရာယ်ကင်းအောင်စောင့်ရှောက်တော်မူပါ၊ မြွေဆိုး၊ ပိုးဆိုးတွေကိုလည်း ထိန်းပေးပါအဘိုး၊ ငါးကြီးငါးကောင်းတွေကိုလည်း ပိဿာချိန်များများရအောင် ဆောင်မကြည့်ရှုတော်မူပါ အဘိုးခင်ဗျား” သက်စိုးက အင်းကြီးအတွင်းသို့ကြည့်ကာ အော်ဟစ်ပြောဆိုလိုက်ပြီးနောက် လက်ထဲတွင်ကိုင်မြှောက်ထားသည့် ငါးကြော်နှင့် အရက်ပုလင်းအား အင်းစပ်တွင်တည်ဆောက်ထားသည့် သစ်သားနတ်ကွန်းကလေးအပေါ်သို့တင်လိုက်လေတော့သည်။ “ဟေ့ကောင်သက်စိုး၊ မင်းလုပ်တာပြီးပလား” သက်စိုးက ခေါင်းညိတ်လိုက်သည့်အခါ မှုန်ကြီးက အရှေ့တိုးလာပြီးနောက် နတ်ကွန်းကိုတစ်ချက်ကြည့်လျှက် “အဘိုးတို့က အငွေ့ပဲစား၊ ကျုပ်ကတော့ အတွေ့စားမယ်ဗျာ၊ ကျုပ်ကိုစွန့်နော်အဘိုး” မှုန်ကြီးက ပြောပြောဆိုဆိုနှင့် အရက်ပုလင်းကိုဆွဲယူလိုက်ပြီး ငါးကြော်ကောင်၏ ဂုတ်သားကိုလည်း လက်နှင့်ဖဲ့စားလိုက်လေသည်။ သက်စိုးက မနှစ်မြို့သည့်ဟန်ဖြင့်ကြည့်ကာ “ကိုကြီးမှုန်ရာ၊ အရက်စွန့်သောက်တာ ထားပါတော့၊ ငါးကြော်ကတော့ ထားပေးလိုက်ပါဗျ” “အိုကွာ၊ မင်းတို့အင်းပိုင်က လာစားတာမှမဟုတ်တာ၊ ဒီအတိုင်းတင်ထားရင် ပုရွက်ဆိတ်တွေ၊ အိမ်မြှောင်တွေပဲစားမှာ၊ ဒီတော့ ဒီကောင်တွေမစားခင် ငါစားတယ်ကွာ…