စုန်းထီးကြီးဦးဘသာနှင့် သိုက်တစ်ထောင်ငဖီး
(၁) သိုက်ဆိုတာ အစုအဖွဲ့ကိုပြောတာတဲ့ဗျ၊ ရွာဦးကျောင်းဆရာတော်ကတော့ အဲဒီလိုပြောတာပဲ၊ ရတနာတွေစုဖွဲ့နေရင် ရတနာသိုက်ပေါ့၊ လူတွေစုဖွဲ့နေရင် လူသိုက်ပေါ့ဗျာ၊ ကုလားသိုက် ကျားဝင်ကိုက်တယ်ဆိုတဲ့ စာဆိုတောင်ရှိသေးတယ်မဟုတ်လားဗျ၊ ဒါပေမယ့် ကျုပ်တို့ကတော့ သိုက်လို့ပြောလိုက်တာနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ သိုက်နန်းဇာတ်လမ်းတွေကိုပဲမျက်စိထဲ သွားသွားပြီး မြင်တတ်တာဗျ။ တစ်နေ့တော့ ကျုပ်လည်းယာခင်းထဲဆင်းမလို့လုပ်တုန်း အဖေက ကျုပ်ကိုပြောတယ်။ “ဟေ့၊ အလတ်ကောင်၊ ရွာပြင်က ဇရပ်မှာ လူစိမ်းတွေရောက်နေတယ်လို့ပြောတယ်၊ မင်းယာထဲဆင်းရင်း ဘယ်သူဘယ်ဝါတွေလဲ၊ ရွာထဲမှာဘာလို့မတည်းတာလဲဆိုတာကို စုံစမ်းခဲ့စမ်း” ကျုပ်လည်းခေါင်းညိတ်ပြီးတော့ ကျုပ်ညီနဲ့အတူတူထွက်လာခဲ့တာပေါ့ဗျာ၊ ရွာအပြင်ရောက်တော့ အဖေပြောတဲ့အတိုင်း ဇရပ်မှာ လူငါးယောက်လောက် ထိုင်နေကြတယ်ဗျ၊ ခြင်ထောင်တွေ ဘာတွေလည်းထောင်ထားတာဆိုတော့ ညကတည်းကရောက်နေပြီး တစ်ညအိပ်ထားတာဖြစ်နိုင်တယ်ဗျ၊ သူတို့ဘာလို့ ရွာထဲမှာမတည်းခိုတာလည်းဆိုတာကို ကျုပ်လည်းသိချင်နေတာပေါ့ဗျာ၊ ရွာပြင်က ဇရပ်တွေဆိုတာ ပြုပြင်မည့်သူမရှိ၊ သုံးတဲ့လူမရှိလို့ အိုဟောင်းနေပါပြီဗျာ၊ တစ်ချိန်တုန်းကတော့ ဒီဇရပ်တွေက ခရီးသွားတွေ အသုံးများခဲ့တဲ့ဇရပ်တွေပေါ့၊…