စုန်းထီးကြီး ဦးဘသာနဲ့ သရဲတွေနေတဲ့လယ်
(၁) ကျုပ်တို့ရွာကလယ်ကွင်းတွေက တစ်မျှော်တစ်ခေါ်ကြီးပဲဗျာ၊ လယ်စိုက်ချိန်ဆိုရင်လည်း စပါးပင်တွေနဲ့ စိမ်းစိုနေပြီးတော့ စပါးတွေမှည့်ပြီဆိုရင်လည်း ရွှေဝါရောင်စပါးခင်းကြီးက မျက်စိတစ်ဆုံးကြည့်လို့သိပ်ကောင်းတာပေါ့ဗျာ၊ လယ်ကွင်းတွေအလယ်ခေါင်မှာတော့ ဘကြီးပေါတို့ရဲ့ သီးပင်စုက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ညှို့မှိုင်းနေတယ်။ သစ်ရွက်ကြေတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်ဆို အမြဲတမ်းသစ်ပင်တွေ၊ ချုံနွယ်တွေနဲ့ အုပ်ဆိုင်းနေတာပေါ့ဗျာ။ ဘကြီးပေါတို့ကို ဓါးပြဘမော်သတ်သွားတဲ့အကြောင်းကို ကျုပ်တစ်ခါပြောပြပြီးပြီထင်တယ်ဗျ။ အခုလိုမိုးလယ်ကာကရောက်ရင် ကျုပ်တို့လယ်တွေစိုက်ပြီပေါ့ဗျာ၊ အညာဖက်ကျတော့ မိုးကနည်းတာမို့လို့ မိုးဦးကျချိန်မှာပျိုးထောင်ထားပြီး မိုးနည်းနည်းမှန်ပြီဆိုတော့မှ လယ်တွေစိုက်ရတာမဟုတ်လားဗျာ၊ ကျုပ်တို့လယ်စောင့်တဲတွေနားမှာ စပါးတွေပျိုးထားတာ တော်တော်အရွယ်ရောက်နေပြီဗျာ၊ နောက်တစ်ပတ်ဆိုရင် ကောက်စိုက်ရတော့မှာပေါ့။ စပါးစိုက်တဲ့အကြောင်းပြောရရင်တော့ ကျုပ်တို့စိုက်သလို စပါးတွေပျိုးပြီး စပါးတွေအရွယ်နည်းနည်းရောက်တော့မှ ကောက်စိုက်တဲ့နည်းလမ်းက စပါးအထွက်ဆုံးပဲဗျို့၊ နောက်တစ်နည်းကတော့ စပါးကိုကျဲပြီးစိုက်တာပေါ့ဗျာ၊ ကျုပ်တို့အခေါ်တော့ သဏ္ဍန်ကျဲတယ်ခေါ်တယ်၊ စပါးမျိုးစေ့တွေကို ထွန်ထားတဲ့လယ်ထဲကို ကျဲချရတာပေါ့၊ ကျဲခင်းက စပါးကျဲတဲ့လူရဲ့ပညာလည်းလိုအပ်သေးတယ်ဗျ၊ မကျဲတတ်ရင် စပါးက ညီညီညာညာမရှိဘဲ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ဖြစ်နေတတ်တယ်၊ ဒါပေမယ့်…