စုန်းထီးကြီး ဦးဘသာနှင့် နှုတ်ဆက်အိမ်ပြန်
အတွဲ(၂) စာစဉ် (၁၉) (၁) “ပါသွားပြီ၊ ပါသွားပြီ” ကျုပ်လည်း ပါးစပ်ကနေအဲဒီလိုရေရွတ်နေရင်း ရွာထိပ်ကိုပြေးလာခဲ့တာပဲဗျ၊ ဆယ့်မိနစ်လောက်လျှောက်ရတဲ့ရွာထိပ်ကို ဘယ်လိုရောက်သွားမှန်းကိုမသိဘူးဗျာ၊ ကျုပ်အနောက်မှာတော့ ရင်မောင်လည်းပါလာတယ်ဗျ၊ ရင်မောင်က အကြော်ဆိုင်က အဒေါ်ကြီးကိုလှမ်းမေးသေးတယ်။ “အဒေါ်ကြီး၊ နှင်းကြည်တို့ထွက်သွားတာတွေ့လိုက်လား” “အေးဟဲ့” “ကြာပြီလား” “သိပ်မကြာသေးဘူးထင်တာပဲ” ကျုပ်လည်း ရင်မောင်ဘက်ကိုလှည့်လိုက်ပြီး “မကြာသေးဘူးတဲ့ကိုရင်မောင်၊ ကျုပ်တို့လိုက်ရင် မီသေးတယ်” ကျုပ်တို့လည်း တာလမ်းမကြီးပေါ်ကို ပြေးတက်လာတာပေါ့ဗျာ၊ ဒါပေမယ့် စက်ဘီးနဲ့နင်းတာကို ခြေထောက်နဲ့ပြေးလိုက်လို့ရမလားဗျ၊ ကျုပ်တို့လည်း ရွာထိပ်အရက်ဆိုင်နားရောက်တော့ ခြေကုန်လက်ပမ်းကျကုန်တာပေါ့ဗျာ၊ ဒါနဲ့ ကျုပ်က ဘေးဘီကိုကြည့်လိုက်တော့ အရက်ဆိုင်ရှေ့မှာ စက်ဘီးတစ်စီးရပ်ထားတယ်ဗျ။ ကျုပ်လည်း ရင်မောင်ကိုကြည့်လိုက်ရင်း “စက်ဘီးနဲ့ပြေးတာကို ပြေးလိုက်လို့တော့ မီမယ်မထင်ဘူးကိုရင်မောင်” ကျုပ်လည်း အရက်ဆိုင်ဆီကို တစ်ခါတည်းတန်းပြေးတာပဲဗျာ၊ ပြီးတော့ ဆိုင်နံရံမှာထောင်ထားတဲ့စက်ဘီးကို ဆွဲလိုက်တယ်၊ ကံကောင်းတာက စက်ဘီးက သော့မခတ်ထားဘူးဗျ၊ အဲဒီခေတ်က…