စုန်းထီးကြီး ဦးဘသာနှင့် မမျှော်လင့်သောခရီးစဥ်
အတွဲ(၂) စာစဉ် (၁) (၁) အခါပြီးတော့မှ နွေကတော်တော်ကိုပူတက်လာတာဗျ၊ ကျုပ်တို့ရွာထိပ်ကနေလှမ်းကြည့်ရင် လယ်ကွင်းပြင်ကြီးတွေဆိုတာ ခြောက်သွေ့လို့ဗျ၊ လယ်ကွင်းတွေအပေါ်မှာလည်း အပူရှိန်တွေတက်ပြီးတော့ တံလျှပ်တွေထနေတာ မသိရင် ရေချောင်းကြီးတစ်ခု ရှိနေတယ်လို့တောင် ထင်ရတယ်ဗျ၊ ဒါကြောင့်လည်း “တံလျှပ်ကို ရေထင် ရွှေသမင်အလိုက်မှား” တယ်ဆိုတဲ့ စကားတောင်ရှိသေးရဲ့ဗျာ။ ကျုပ်ရွာပြင်ရောက်နေတာကလည်း အကြောင်းရှိတယ်ဗျ၊ အိမ်ထဲမှာနေရတာ ပျင်းတာလည်းပါတယ်၊ နောက်ပြီးတော့ ဦးဘသာကြီးခရီးထွက်တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်နေတာလည်းပါတာပေါ့ဗျာ၊ ရွယာထိပ်က သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးတွေကတော့ ကျုပ်တို့ရွာသားတွေအတွက် ဒီအချိန်မှာ ရွှေပါပဲဗျာ၊ ရွာသားတွေကိုယ့်အစုနဲ့ကိုယ် အပင်အောက်လာထိုင်ပြီး အတင်းတုပ်တဲ့သူနဲ့၊ သန်းတုပ်တဲ့သူနဲ့ပေါ့ဗျာ၊ ကာလသားတွေလည်း ရေနွေးကရားချပြီးတော့ စကားစမြည်ပြောပြီး ပျော်ရွှင်နေကြတဲ့အချိန်ပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်ကတော့မပျော်နိုင်ပါဘူး၊ ဒါနဲ့ နေမညိုခင် ရွာထဲကိုပြန်ဝင်လာတာပေါ့ဗျာ။ ဦးဘသာကြီးအိမ်ရှေ့ကိုဖြတ်လိုက်တော့ အမှတ်မထင်အိမ်ထဲကို လှမ်းကြည့်မိတယ်ဗျ၊ ဒီအချိန်မှာပဲဦးဘသာကြီးက ကျုပ်ကိုလှမ်းခေါ်တယ်။ ဦးဘသာခေါ်တယ်ဆိုတာနဲ့ ကျုပ်ခြေထောက်တွေက သူ့ခြံထဲကို…