စုန်းထီးကြီး ဦးဘသာနှင့် ရွာသူ ခင်နှောင်း
အတွဲ(၃) စာစဉ် (၁၂) (၁) ဘာလိုလိုနဲ့ ကျုပ်အကိုကြီးတော့ မိန်းမနှစ်ယောက်ရတော့မယ်ဗျို့၊ ကျုပ်မရီးကတော့ အကိုကြီးကိုမကျေနပ်ဘူးပေါ့ဗျာ၊ အိမ်ကနေဆင်းမယ်ချည်း တကဲကဲလုပ်နေတာ၊ အမေတို့ပြောထားလို့သာငြိမ်နေတာဗျို့၊ အဲဒီရက်တွေတော့ အကိုကြီးက အိပ်ခန်းထဲဝင်မအိပ်ပါဘူးဗျာ၊ အိမ်ရှေ့မှာပဲ ကျုပ်တို့ညီအကိုနဲ့လာအိပ်တတ်တယ်။ ကျုပ်ရယ်၊ အငယ်ကောင်ရယ်၊ အကိုကြီးရယ်ဆိုတော့ ခြင်ထောင်အကြီးကြီးထောင်ပြီး အိမ်ရှေ့ခန်းမှာ အိပ်ကြရတာပေါ့ဗျာ။ အဖေကတော့ မခင်နှောင်းနဲ့ သေသေချာချာမစီစဉ်ရသေးတဲ့အတွက် မခင်နှောင်းအိမ်ကို သွားမအိပ်ခိုင်းဘူးဗျ။ တစ်ရက်တော့ အကိုကြီးနဲ့ကျုပ်နဲ့ လယ်ထဲမှာ စကားပြောဖြစ်တယ်၊ အကိုကြီးကတော့ သစ်ပင်အောက်မှာထိုင်ပြီးတော့ တွေဝေပြီး ငေးမောနေတာပေါ့ဗျာ။ “အကိုကြီးကို ကျုပ်ယောက်ျားသားချင်းမို့ ပွင့်ပွင့်လင်းလင်းမေးမယ်နော်” အကိုကြီးက ဘာမှပြန်မပြောဘဲ ဆက်ငေးနေတယ်ဗျ။ “အကိုကြီး မခင်နှောင်းကိုတကယ်ချစ်သလား” အကိုကြီးက ခေါင်းညိတ်တယ်ဗျ။ “ချစ်ခဲ့တာပေါ့ကွာ၊ ခင်နှောင်းနဲ့ငါနဲ့ဆိုတာ ငယ်ငယ်ကတည်းက ကစားဖော်၊ ကစားဖက်၊ သွားဖော်၊ သွားဖက် မဟုတ်လားကွ၊ နည်းနည်းအသက်အရွယ်ရလာတော့လည်း…