စုန်းထီးကြီးဦးဘသာနှင့် ဘို့တစ်ထောင်တိုက်နွား
(၁) နတ်တော်ပြာသို၊ ချေးမတ်တပ်ယို ဆိုတဲ့စာဆိုအတိုင်း ကျုပ်တို့အညာဘက်မှာတော့ ပြာသိုလက အရမ်းချမ်းအေးတဲ့လဗျ၊ ကျုပ်တို့အညာဆိုတာလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ ရာသီဥတုက သိပ်မမျှတဘူးမဟုတ်လားဗျ၊ ပူတဲ့အချိန်မှာ ရေတွေအငွေ့ပျံပြီး ခမ်းအောင်ပူသလို၊ အေးပြီဟေ့ဆိုရင်လည်း စောင်သုံးလေးထပ်ခြုံပေတော့ပဲဗျို့။ ကျုပ်တို့ဘက်မှာ အဲဒီအချိန်က ခြေတံရှည်အိမ်တွေချည်းဆောက်ထားကြတာဗျ၊ ကျုပ်တို့အိမ်ကတော့ အောက်ထပ်မှာ အခန်းဖွဲ့ပြီး ကျုပ်ညီမတွေနေကြတာပေါ့ဗျာ၊ ကျန်တဲ့မြေကွက်လပ်မှာ ထင်းတွေနဲ့မီးပုံကြီးတွေဖိုရတယ်ဗျ၊ မီးပုံက အိမ်အောက်မှာဖိုတာဆိုတော့ အိမ်ပေါ်ကကြမ်းပြင်တွေကို မီးဟပ်ပြီးတော့ ကြမ်းတွေက နွေးနေတာဗျ၊ အဲဒီလိုမီးဖိုတော့မှ နေသာထိုင်သာရှိတာ၊ မဟုတ်လို့ကတော့ ကွင်းထဲကဖြတ်တိုက်လာတဲ့ လေအေးတွေကြောင့် စောင်လေးငါးထပ်ခြုံလည်း အချမ်းမသက်သာဘူးဗျာ၊ အဲ နောက်ပြီး အိမ်မှာမွေးထားတဲ့ ကြက်တွေ၊ နွားတွေ၊ ခွေးတွေဆိုရင်လည်း အဲဒီမီးပုံနံဘေးမှာ လာပြီးအိပ်ကြတယ်ဗျ၊ သူတို့လည်း အသွေးနဲ့အသားနဲ့ပဲမဟုတ်လားဗျာ၊ ချမ်းတတ်ကြတာပေါ့။ ညနေစောင်းပြီဆိုတာနဲ့ ကွင်းထဲက လေတွေတဝူးဝူးနဲ့ဖြတ်တိုက်လာပြီဗျာ၊ ကွင်းအစပ်မှာသွားရပ်နေရင် လေတွေအော်တာကို အတိုင်းသားကြားရတယ်၊…