စာဖတ်ရတာနည်းနည်းရှည်တယ်
အချိန်ပေးပြီးဖတ်ကြည့်စေချင်ပါတယ်
“မောင်ဘုန်း . . .မင်း တော်တော်အသုံးမကျတဲ့ကောင်…”
အဲ့ဒီစကားကို ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ စိုင်းကျော်ထူးက ပြောတယ်။
သူက အလွန်ချမ်းသာတဲ့ သူဌေးတစ်ယောက်…။ တောင်ကြီးမှာ နေတယ်။ မန္တလေးကိုလာရင် တည်းခိုခန်းမှာ လချီပြီးတော့ တည်းတတ်တယ်။ အိမ်ထောင်မရှိတဲ့ မုဆိုးဖို…။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ သူ့သားသမီး (၂) ယောက်စလုံးက ကျွန်တော့်ရဲ့တပည့်တွေ…။
သား အကြီးကောင်က ဂျပန်မှာ အလုပ်လုပ်နေတယ်။
သမီးအငယ်မက အင်္ဂလန်မှာ ကျောင်းသွားတက်နေတယ်။
နှစ်ယောက်စလုံးက ဆရာဝန်တွေ…။
သူ့သမီးအငယ်မက ကလေးအထူးကုဆရာဝန် ဖြစ်ချင်တယ်။ ဆရာဝန်ထဲမှာ ကလေးအထူးကုက ဝင်ငွေ ပိုကောင်းတယ်လို ဆိုတာကြောင့် အင်္ဂလန်မှာသွားပြီး ကျောင်းတက်တယ်။
တစ်နေ့မှာ စိုင်းကျော်ထူး လေဖြတ်သွားတယ်။ အဲ့ဒီနေ့က မန္တလေးမှာ အပူလှိုင်းဖြတ်နေတဲ့အချိန်။
မန္တလေးကိုလာရင်း သူနေတဲ့ တည်းခိုခန်းထဲမှာ မူးလဲရာကနေ လေဖြတ်မှန်း သိခဲ့ရတယ်။
ကျွန်တော့်ကို အကြောင်းကြားလို့ သူ့ကို ‘မြို့တော်ဆေးရုံ’ မှာ တင်လိုက်ရတယ်။ တစ်လလောက်ကြာမှ ဆေးရုံံက ဆင်းလာခဲ့ရတယ်။
ဆေးရုံတက်နေချိန်မှာ သူ့သားနဲ့သမီးတွေဆီကို ကျွန်တော်က အဆက်အသွယ် လုပ်ပေးရတယ်။
ဂျပန်မှာ ရောက်နေတဲ့ သားအကြီးကောင်က ပြောတယ်။
အလုပ်ခွင်ထဲမှာ ခွင့်ယူလို့ မရတဲ့အတွက် မလာနိုင်ဘူးတဲ့။ အဖေ ပိုက်ဆံလိုရင် ပို့ပေးလိုက်မယ်တဲ့။ လိုအပ်ရင်လည်း သူနာပြု ဆရာမ ငှားပါတဲ့။
ဒီလိုပဲ. . .
အင်္ဂလန်ရောက်နေတဲ့ သူ့သမီး အငယ်မကလည်း ကျောင်းစာတွေက အရေးကြီးနေလို့ ပြန်မလာနိုင်ဘူးတဲ့။ အကောင်းဆုံး ဆေးရုံကိုတက်ပြီး ကုသပါတဲ့။
အဲဒီလို. သိရတဲ့အချိန်မှာကျွန်တော့်သူငယ်ချင်းတစ်ယောက် မျက်ရည်လည်ရှာတယ်။
သူက သူ့မိန်းမ ဆုံးပြီးကတည်းက နောက်အိမ်ထောင် မပြုခဲ့ပါ။ သားနဲ့သမီးရဲ့ အနာဂတ်ရေးမှာ ခံစားချက်တွေ မဖြစ်စေချင်လို့ … တဲ့။
သူက ပြောတယ်။
“ငါကသာ…သားနဲ့သမီးကို ချစ်ရတာပါ။ သူတို့က ငါထင်သလောက် ငါ့ကို မချစ်ကြဘူး”
သူ ဆေးရုံက ဆင်းတယ်။
ကျွန်တော့်အိမ်မှာ လိုက်နေတယ်။
ကျွန်တော်ကလည်း သူ အားငယ်နေမှာဆိုလို့ သူ့ကို ပြုစုပေးရတယ်။
ကျွန်တော့်အိမ်ကိုရောက်ပြီး တစ်ပတ်လောက်နေတော့ ကျွန်တော့်ကို ဒီကောင်က ‘တော်တော်အသုံးမကျတဲ့ လူတစ်ယောက်’ လို့ စွပ်စွဲတော့တယ်။
ကျွန်တော့်အိမ်ရဲ့ လမ်းထိပ်မှာ အကြော်ဖိုလေးတစ်ခု ရှိတယ်။ ကောက်ညှင်းပေါင်းနဲ့ အကြော်ရောင်းတဲ့ နေရာကလေး…။ အဲဒီဆိုင်ပိုင်ရှင်မှာ သားသမီး (၅) ယောက် ရှိတယ်။
အကြီးမ (၂) ယောက်က ကျောင်းမနေကြတော့ဘူး။
အငယ်ကောင် ယောကျာ်းလေး (၃) ယောက်က ကျွန်တော့်ရဲ့ တပည့်တွေ…။
တစ်ယောက်မှ (၁၀) တန်း မအောင်ကြပါ။ အငယ်ဆုံးကောင်က ဒီဇယ်အင်ဂျင် မီးစက်တွေကို လိုက်ပြီးပြုပြင်တဲ့အလုပ်လုပ်တယ်။
ကျန် (၂) ယောက်က ‘ကျောက်ဝိုင်း’ ဆင်းတယ်။
သူ့အဖေကြီးက ဆိုက္ကားနင်းတယ်။
ပြီးခဲ့တဲ့ (၄) ၊(၅) ရက်လောက်တုန်းက သူတို့အဖေကြီး လေဖြတ်ပြီး မန္တလေး ဆေးရုံကြီးမှာ တင်ရတယ်။
သူ့အဖေ ဆေးရုံလည်းတက်ရော သူ့အဖေအတွက်… အကြီးမ (၂) ယောက်က ဆန်ပြုတ်တွေ ပို့ပေးတယ်။ ကြက်စွပ်ပြုတ်တွေ လုပ်ပြီး ကျွေးမွေးတယ်။
အငယ်ကောင် (၃) ယောက်ကလည်း သူ့အဖေကြီးကို ဂရုစိုက်ကြတယ်။ နင်းပေးတယ်။ နှိပ်ပေးတယ်။ ဝိုင်းပြီးပြုစုကြတယ်။
သူတို့က ဆေးရုံနဲ့အိမ် အဆက်အသွယ်ရဖို့ ကျွန်တော့်အိမ်မှာရှိတဲ့ တယ်လီဖုန်းကို အသုံးပြုကြရတယ်။
တယ်လီဖုန်းဆက်သံကြားရတာကြောင့် ကျွန်တော့်သူငယ်ချင်း စိုင်းကျော်ထူးက အကြော်သည် မိသားစုအကြောင်းကို သိနေတယ်။
ဒီလိုနဲ့. . .
နွေပူပူ တစ်ညနေမှာ စိုင်းကျော်ထူးနဲ့ ကျွန်တော် စကားပြောဖြစ်ကြတယ်။
“ဟေ့ကောင်. . . စိုင်းကျော်ထူး၊ မင်းက ငါ့ကို အသုံးမကျဘူးလို့ မစွပ်စွဲပါနဲ့”
“သူများတွေ အတွက်တော့ မပြောတတ်ဘူး။ ငါ့အတွက်တော့ မင်းက အလကားကောင်ပဲ…”
“ဟ . . .ကောင်ရ၊ မင်းကို ငါ့အိမ်ပေါ်ခေါ်ပြီး ငါက ပြုစုနေတာလေ။ ဒါတောင်မှ အသုံးမကျဘူး ဆိုတော့. . .”
“အေး . . .ဟုတ်တယ်၊ မင်းက ဆရာတစ်ယောက် ဖြစ်တဲ့အတွက် မင်းကို ငါက ပိုပြီးအားကိုးတယ်။ ဒါပေမယ့် မင်းက ငါထင်သလောက်ကြီး အရည်အချင်း မရှိဘူး”
ကျွန်တော့်သူငယ်ချင်းက တိုင်းရင်းသားပီပီ ရိုးသားတယ်။ စကားပြော ရှင်းတယ်။ သွယ်ဝိုက်မပြောတတ်။
“ကဲ . . .ဒါဆိုလည်း ပြောစမ်းကွာ”
“ငါ့သားနဲ့ ငါ့သမီးကို မင်းက စာတွေပဲ တတ်အောင် သင်ပေးလိုက်တယ်။ မိဘကို ချစ်တတ်အောင် မင်းက သင်မပေးဘူး။ အခု ကြည်စမ်း၊ ငါ့သားနဲ့သမီးက ထူးထူးချွန်ချွန်နဲ့ (၁၀) တန်းကို အောင်ကြပါတယ်။ All D တွေနဲ့တော့ အောင်ခဲ့ကြပါတယ်။ ငါ ဒီလို ဆေးရုံတက်နေရတောင် သူတို့မှာ ခံစားချက် မရှိသလိုပဲ ။ အဲဒီတရားခံက မင်း…”
စိုင်းကျော်ထူးက ခံစားချက်အပြည့်နဲ့ ပြောနေပုံရတယ်။
လူကလည်း အိပ်ရာပေါ်မှာပက်လက်ကြီးဆိုတော့ ကျွန်တော်ကလည်း အချေအတင် ဘာမှ မပြောချင် …။
သူ စိတ်ချမ်းသာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငြိမ်ပြီးနားထောင်ပေးနေရတယ်။
“မင်းပဲ စဉ်းစားကြည့်စမ်း၊ ငါ့သားနဲ့သမီးက ငါ့ကို မချစ်ကြဘူး။ ဟို လမ်းထိပ်က ဆိုက္ကားသမားနဲ့ အကြော်သည်ရဲ့ သားသမီးတွေကတော့ သူတို့မိဘတွေကို ချစ်လိုက်ကြတာ …။ အဲဒီ ဆိုက္ကားသမားလည်း ငါ့လိုပဲ အဖေတစ်ယောက်ပါ”
“ဆိုက္ကားသမားဆိုတာ လမ်းထိပ်က ကိုသောင်းကို ပြောတာလား”
“အေး ကိုသောင်းလား၊ကိုဆောင်းလာတော့ ငါမသိဘူး။ မင်းအိမ်က တယ်လီဖုန်းကို သူတို့မိသားစု လာပြီးအသုံးပြုတိုင်း သူတို့အဖေကို သူတို့ ဘယ်လောက်ချစ်တယ်ဆိုတာ ငါ ခံစားလို့ရတယ်။ ငါ့ဆီကိုတော့ ငါ့သားနဲ့သမီးက ဖုန်းဆက်ဖော်တောင် မရဘူး”
“နေပါဦး၊ မင်း သားနဲ့ သမီးက မင်းကို ဖုန်းမဆက်တာနဲ့ မပြုစုတာနဲ့ ငါက အလကားကောင် ဖြစ်ရရောလား”
“ဟုတ်တယ်…မောင်ဘုန်း။ မင်းကို ငါမေးမယ်။ ပညာသင်ပေးတဲ့ရည်ရွယ်ချက်ကဘာလဲ”
“မင်းပဲ ပြော…”
“ငါ့အထင်တော့ မိဘကိုမှ မချစ်တတ်တဲ့သားသမီးဟာ ပညာတကယ်မတတ်လို့ပဲ။ ဘယ်လောက်ပဲ ဘွဲ့တွေရရ၊ ဘယ်လိုစည်းစိမ်ချမ်းသာပဲ ရှိရှိ၊ မိဘကို တန်ဖိုးမထား တတ်တာဟာ ပညာမတတ်လို့။ မိဘကို မချစ်တဲ့သူဟာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ဖို့လည်း မလွယ်ဘူး။ အခုတော့ . . .ဘွဲ့တွေ၊ ဒီဂရီတွေရဖို့က မိဘကိုပြုစုဖို့ထက် ပိုပြီးအရေးကြီးနေတဲ့ ငါ့သားနဲ့သမီးတွေက မင်းရဲ့ တပည့်တွေလေ”
သူခံစားချက်က အပြည့်….။
“ငွေတွေ၊ ပိုက်ဆံတွေ၊ ရွှေတွေ၊ စိန်တွေ ပိုင်ဆိုင်ဖို့က မိဘထက်ပိုပြီး အရေးကြီးတယ်လို့ ခံယူထားကြတဲ့ ငါ့သားနဲ့ ငါ့သမီးက မင်းရဲ့ တပည့်တွေလေ။ မင်းက ထူးချွန်အောင်၊ ဂုဏ်ထူးထွက်အောင်သာ သင်တတ်တာပါ။ အတ္တကြီးအောင် သင်ပေးတတ်တဲ့ကောင် … ။ ပြိုင်ဆိုင်ခြင်းအပေါ် အခြေပြု ပြီး မာနကြီးအောင် ပြုစုနေတဲ့အကောင် …။ အလကားကောင် …။ တကယ်တော့ မိဘကို ချစ်တတ်အောင်၊ ပတ်ဝန်းကျင်ကို ချစ်တတ်အောင်၊တိုင်းပြည်ကိုချစ်တတ်အောင်၊နိုင်ငံကို ချစ်တတ်အောင်၊နိုင်ငံသားစိတ်ဓာတ်အပြည့်အဝရှိအောင်… သင်ပေးနိုင်မှ ဆရာလို့ ငါကတော့ သတ်မှတ်တယ်”
ကျွန်တော် ရေရေလည်လည် ခံနေရတယ်။
ဒီကောင်က တကယ့်ကို ဆွေးဆွေးမြည့်မြည့်ကြီး ပြောနေရှာတာကိုး။
“ငါ ပြောမယ် မောင်ဘုန်း၊ ငါတို့လည်း အသက်တွေ ကြီးကြပြီ။ ဒီအချိန်မှာ သားသမီးရဲ့ မေတ္တာကို ပြန်ပြီး မျှော့်လင့်နေမိတယ်။ နောင်တစ်ချိန်မှာ သူတို့လည်း ငါတို့လို မိဘတွေဖြစ်လာကြဦးမှာ။ မိဘကို မချစ်တတ်တဲ့ သားသမီး…၊ ကိုယ့်ကိုယ်ကိုယ် ကိုယ်လွတ်ရုန်းဖို့ အတ္တကြီးတဲ့ သားသမီး…။ အဲဒီလို လူငယ်တွေကို ပြု ပြင်ပေးဖို့တာဝန် မင်းမှာ ရှိတယ်။
အခုတော့ ‘စာတော်လူမိုက်’တွေ မွေးထုတ်ပေးနေတဲ့ မင်းကို ငါ အထင်မကြီးဘူး။ အမှတ်ကောင်းပြီး စိတ်ကောင်းမရှိတဲ့ လူမိုက်တွေ မွေးထုတ်ပေးနေတဲ့မင်းကို ငါက အလကားကောင်လို့ ပြောချင်တယ်။ မင်းက ငါ့သူငယ်ချင်းအရင်းကြီးဆိုတော့ စိတ်ဆိုးရင်လည်း ဆိုးတော့ … ။ ငါကတော့ ပြောလိုက်ပြီ။ ငါ့သားနဲ့သမီးက ‘စာတော်လူမိုက်ကြီး’တွေ…”
အဲဒီနေ့ညက ကျွန်တော် အိပ်မပျော်ခဲ့ပါ။
စာတော်လူမိုက်’ ..?..တဲ့။
‘စာတော်လူညံ့’ …..တဲ့။
‘အမှတ်ကောင်းပြီး စိတ်ကောင်းမရှိတဲ့သူ’ …တဲ့။
သူ့စကားက အဓိပ္ပါယ်ပါတယ်။
ပညာရေးကို ရိုးရိုးကလေးတွေးပြီး ရိုးရိုးပြောတယ်။ ခံစားတယ်။
ကျွန်တော်တို့တစ်တွေ…..
ဘာကြောင့်များ သားသမီးတွေကို ပညာသင်ပေးနေကြရတာလဲ။
ဘာရည်ရွယ်ချက်နဲ့ ထူးချွန်စေချင်ကြတာလဲ။
ဘယ်လိုမျှော်လင့်ချက်တွေနဲ့ သူတို့ကို ထက်မြက်စေချင်နေကြတာလဲ။
ဘာပဲဖြစ်ဖြစ် မိဘကို တန်ဖိုးထားရမှန်း မသိတဲ့ လူတစ်ယောက်ဟာ ဘယ်လိုပဲ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ၊ ဒီဂရီတွေပဲ ရှိရှိ၊ ဘယ်နိုင်ငံမှာပဲ နေနေ….တကယ့်ပညာတတ်ဟုတ်ရဲ့လား ဆိုတာ . . .ကျွန်တော် တွေးနေမိတယ်။
တကယ်တော့
မိဘကို မချစ်တတ်သူ……၊
မိမိပတ်ဝန်းကျင်ကို မချစ်တတ်သူ…….၊
မိမိတိုင်းပြည်ကို မချစ်တတ်တဲ့သူ…….၊
မိမိနိုင်ငံကို မချစ်တတ်သူ….၊
နိုင်င်ငံသားစိတ်ဓာတ် မရှိသူတွေဟာ…
စာတော်…လူမိုက်…..
စာတော်…..လူညံ့ တွေပါလား ။
တွေး ဆ ကြည့် စေ ချင် ပါ တယ်။
ဦးဘုန်း (ဓာတု)မန္တလေး
၂၀၀၃ ကရေးခဲ့တဲ့စာ
သံစဉ်များနဲ့ကမ္ဘာ အတွေးရသစာစု စာအုပ်မှ
Credit…….